ခေါင်းရိုက်သံ

ခေါင်းရိုက်သံ(စ/ဆုံး)
ရေးသားသူ—တာတေ
+++++++++++

တပို့တွဲလဆိုရင် တာတေတို့ရွာမှာ ထမနဲပွဲ ရှိ
တယ်ဗျ။ ထမနဲပွဲမှ တစ်ပွဲမဟုတ်ဘူးဗျို့။ တစ်
ရွာလုံးမှာ အနည်းဆုံး ဆယ်ပွဲ၊ ဆယ့်ငါးပွဲ
လောက်ကို ရှိတာ။ ထမနဲထိုးတဲ့ ရက်တွေဆို
ရင် တာတေတို့ ကာလသားတွေ မနက်လင်း
အားကြီးမှပဲ အိမ်ပြန်ကြရတာဗျ။ တစ်အိမ်၊တစ်
အိမ်ကို အနည်းဆုံးတော့ ဆယ်ဒယ်လောက်
ထိုးကြတာ။
ဘုန်းကြီးကျောင်းတွေပို့၊ အိမ်တွေလိုက်ဝေ၊ အ
နီးအနားရွာတွေ ပို့သဗျာ။ကျုပ်တို့ရွာမှာကလည်း
ထမနဲပွဲဆိုတာ ညရောက်မှ ထိုးကြတာဗျ။ နေ့
ခင်းဘက်ကျတော့ ယာထဲဆင်းတဲ့ လူကဆင်း၊
တောထဲ တောင်ထဲသွားတဲ့လူက သွားနဲ့ဆိုတော့
ရွာမှာ လူမစုံဘူးလေ၊ ညရောက်မှ အားလုံးပြန်
ဆုံကြတာဗျ။
ဒီတော့မှ ဝိုင်းထဲမှာ မီးဖိုတွေဖိုကြ၊ အောက်လင်း
ဓါတ်မီးတွေ ထွန်းကြပြီးပျော်ပျော်ပါးပါးကို ထမနဲ
ပွဲ နွှဲကြတာဗျို့။ ထမနဲဆိုတာကလည်း ထိုးတဲ့လူ
ထက် ဖျင်တဲ့လူက ပိုပြီးအရေးကြီးတယ်လေဗျာ။
ကျုပ်တို့ရွာမှာက ထမနဲဖျင်ကောင်းတဲ့လူတွေ ရှိ
ပါ့ဗျာ။ အဲ အဲဒီအထဲမှာ ဟောဒီကောင် တာတေ
လည်း ပါတာပေါ့။
ကျုပ်တို့ရွာ ထမနဲပွဲဆိုတာ အားကြီးပျော်ဖို့ကောင်း
တာဗျ။လက်ဖက်သုတ်၊ငါးခြောက်ဖုတ်၊ ဆတ်သား
ခြောက်ဖုတ်၊ ရေနွေးကြမ်းဆိုတာ ပြတ်တယ်လို့ကို
မရှိတာဗျ။ ထမနဲပွဲ အလှူရှင်တွေကလည်း လွှတ်
ပြီး စေတနာကောင်းကြတာ။ ထမနဲထိုးပေးတဲ့လူ
တွေဆိုရင် အားကြီးကျွေးချင်မွေးချင်ကြတာဗျို့။
ခင်ဗျားနှယ် တချို့ဝိုင်းတွေထဲများဆိုရင် ဘင်ဂျို
တီးတဲ့လူတွေ၊ မယ်ဒလင်တီးတဲ့လူတွေတောင်
ပါသေးသဗျ။ တကယ်ကို ပျော်စရာကြီးပါဗျာ။ ဒီ
တော့လည်း ကာလသားတွေဆိုတာ တစ်ညလုံး
ချွေးတလုံးလုံးနဲ့ မအိပ်ချင်အောင် ပျော်ပြီး ထမ
နဲ တစ်ဒယ်ပြီးတစ်ဒယ် ထိုးကြတော့တာပေါ့ဗျာ။
ပြီးတော့ ရှိသေးသဗျ။ ကာလသားတွေက တ
ပျော်တပါး ထမနဲ ထိုးနေကြတဲ့အချိန်မှာ လက်
ဖက်ပွဲ ထပ်ပြင်ပေး၊ ရေနွေးကြမ်း ထပ်ဖြည့်ပေး
ကြတာက ရွာထဲက အပျိုချောတွေလေဗျာ။
သူတို့လည်း ထမနဲပွဲ မပြီးမချင်း အိပ်ကြတာ
မဟုတ်ဘူးဗျ။ ဒီတော့လည်း ကာလသားတွေက
ပိုပြီးပျော်တော့တာပေါ့ဗျာ။ မောလို့မောရမှန်း မ
သိ၊ ပန်းလို့ ပန်းရမှန်း မသိကို ဖြစ်နေတော့တာ
ပေါ့ဗျာ။ ပြီးတော့ ပြောရဦးမယ်ဗျို့။ ကျုပ်တို့ထိုး
တဲ့ ထမနဲတွေက အရသာကလည်း ကောင်းပါ့
ဗျာ။ ဘာဖြစ်လို့တုံးဆိုတော့ မြေပဲတို့၊ နှမ်းတို့၊
ဆီတို့ ဆိုတာ ကျုပ်တို့ ဒေသထွက်တွေလေဗျာ။
ဂျင်းတို့၊ အုန်းသီးတို့ ဆိုတာလည်း ပေါပေါ့ဗျာ။
ကောက်ညှင်းဆန်တစ်ခုပဲ ကျုပ်တို့ ဝယ်ရတာ
လေဗျာ။ ကျန်တာက ကျုပ်တို့ယာတွေထဲက
ထွက်တာတွေချည်းပဲပေါ့။ ထမနဲတွေ အားလုံး
ဒယ်စုံအောင် ထိုးပြီးလို့ အိမ်ပြန်ရောက်တော့ပဲ
မိုးလင်းစပြုပြီဗျ။ ကျုပ်ကလည်း အိမ်ပြန်ရောက်
ရင် ချက်ချင်းအိပ်တတ်တဲ့ကောင် မဟုတ်ဘူး
ဗျ။ အိမ်မှာ လုပ်စရာရှိတာတွေ ဆက်ပြီးလုပ်
နေရောဗျ။ မနက်စာ ထမင်းစားပြီးရင်တော့
မျက်စိ စဉ်းလာရောဗျို့။
သောက်နေကျ နဂါးဆေးပေါ့လိပ်ကလေးလည်း
လက်ကြားညှပ်ပြီး ဖွာလိုက်ရော ကျုပ်မျက်စိတွေ
က မဖွင့်ချင်အောင်ကို လေးလာတာဗျို့။ ကျုပ်တို့
အညာနေကလည်း တပို့တွဲလောက် ကတည်းက
ပူချင်ချင်ဗျ။ကျုပ်လည်း ပုဆိုးဟောင်းကလေ တစ်
ထည် ပခုံးပေါ်တင်ပြီး ဝိုင်းထဲက မန်ကျည်းပင်ကြီး
အောက်ကို ဆင်းလာခဲ့တယ်။
သစ်သားကွပ်ပျစ်ပေါ်မှာ အဆင်သင့်ချထားတဲ့
ဝါးဘိုးခြမ်းခေါင်းအုံးကလေးပေါ်ကို ပုဆိုးကလေး
ခေါက်တင်လိုက်တယ်။ နဂါးဆေးပေါ့လိပ်ကလေး
တစ်ဖွာ နှစ်ဖွာ ဖွာလိုက်ပြီးတော့ ဆေးလိပ်တိုကို
ပြာခံခွက်ထဲ ချထားလိုက်တယ်။ မရတော့ဘူးဗျ။
မျက်စိတွေက ပိတ်ကျလာပြီ။ ကျုပ်ကွပ်ပျစ်ပေါ်
ကို လှဲချလိုက်တယ်။ ကျုပ်ချက်ချင်း အိပ်ပျော်
သွားတယ်။ အိပ်ရေးပျက်ပျက်နဲ့ အိပ်လိုက်တာ
ဘယ်လောက်ကြာသွားတယ်တော့ မသိဘူးဗျ။
“တာတေ၊ တာတေ၊ အိပ်လို့လားကွ”
ကျုပ်နားထဲမှာ ကျုပ်ကို ခေါ်သလိုလို ကြားနေ
တာဗျ။ ကျုပ်မျက်ခွံတွေက မ,လို့ကို မရအောင်
လေးနေတာဗျို့။
“တာတေ၊ ဟေ့ တာတေ၊ အိပ်ပေါ့ကွာ”
ကျုပ်ကိုခေါ်တဲ့ အသံကို ကျုပ် ထပ်ကြားနေရ
တယ်။
“ဟဲ့ တာတေ၊ ထဦးဟဲ့၊ ဝိုင်းဝက နင့်ကိုခေါ်လို့၊
ဘယ်သူတုံး ထကြည့်စမ်း”
အမေက ကျုပ်ကို လှုပ်နှိုးနေတယ်၊ ဒီတော့မှ
ကျုပ် နိုးသွားတာဗျို့။
“တာတေ၊ နိုးပြီလား”
ကျုပ် ချက်ချင်းခေါင်းထောင်ကြည့်လိုက်တယ်။
ဝိုင်းဝမှာ တောင့်တောင့်ကြီး ရပ်နေတာ ကိုဖိုး
တောက်ကြီးပဲဗျ။ ကျုပ် ချက်ချင်းပဲ လူးလဲထ
လိုက်တယ်။
“ဟာ ကျုပ်တို့ဝိုင်းမှာ ဘာခွေးမှ မရှိပါဘူးဗျ။
ဒီအိမ်မှာ ကိုက်တတ်တာဆိုလို့ ကျုပ်ပဲ ရှိတာ
ပါ ကိုကြီးဖိုးတောက်ရ”
“ဟား ဟား ဟား မင်းကတော့ အရွှန်းကလေး
ကလည်း ပါသေးဗျား”
ကိုကြီးဖိုးတောက်က ပြောရင်းဆိုရင်း ဝိုင်းထဲကို
ဝင်လာတယ်၊ ကိုကြီးဖိုးတောက်ဆိုတာ ဟိုဘက်
ရွာ၊ ဘန့်ဘွေ့ကုန်းကဗျ။ သူက ဖိုးတောက်၊ သူ
ညီက ဖိုးကောက်တဲ့။ ညီကိုနှစ်ယောက်လုံးက
ကျုပ်ဆို လွှတ်ခင်ကြတာ။ ဒါပေမဲ့ ကျုပ်အိမ်ကို
တော့ တစ်ခါမှ လာလည်ကြဖူးတာ မဟုတ်ဘူး
ဗျ။ သူတို့မိဘတွေက ဘန့်ဘွေးကုန်းမှာ နာမည်
ရှိတဲ့ လူချမ်းသာတွေပေါ့ဗျာ။ကိုဖိုးတောက်တို့မှာ
မွေးချင်းက သူတို့ညီကိုနှစ်ယောက်ပဲ ရှိတာဗျ။
“ကိုကြီးဖိုးတောက် လာဗျ၊ ထိုင်၊ ကျုပ်က ညက
ထမနဲပွဲမှာ တစ်ညလုံးလေဗျာ”
“ဘယ်သူ့အိမ်က ထမနဲပွဲတုံးကွ တာတေရ”
ကိုကြီးဖိုးတောက်က ကွပ်ပျစ်ပေါ် ဝင်ထိုင်တယ်။
“ဟား ဟား ဟား အရီးငွေစိန် ကျုပ်ကို မမှတ်မိ
ဘူးပဲကို၊ ကျုပ်က မှတ်မိတယ် ထင်နေတာ”
” ဘယ်မှတ်မိလိမ့်မတုံး ဖိုးတောက်ရဲ့၊ နင်တို့က
လူကြီးတွေ ဖြစ်ကုန်ကြပြီလေ၊ ဒါ့ထက် နင့်အမေ
ဝိုင်းကြည်ရော နေကောင်းရဲ့လား”
“ကောင်းပါတယ် အရီးရဲ့”
“နင့်အဖေ ကိုဘချစ်ရော နေကောင်းရဲ့လား၊
အလုပ်တွေ ဘာတွေ လုပ်နိုင်သေးရဲ့လား”
“ကောင်းတယ် အရီးရဲ့၊ အလုပ်တွေလည်း လုပ်
နေတုန်းပါဗျာ၊ ကျုပ်နဲ့ ဖိုးကောက်က အဘကို
နားစေချင်ပြီဗျ၊ အဲဒါ ဘယ်လိုပြောလို့မှ မရပါ
ဘူးဗျာ၊ ခုထက်ထိ လှည်းမောင်းတို့၊ ယာထဲ
လည်း ဆင်းပြီး ဇွတ်ထွန်နေတော့တာဗျ”
“သြော် ကိုဘချစ်က ငယ်ငယ်ကတည်းက အား
ကြီးစိတ်မြန်တာဟဲ့။ သွားပြီဟေ့ဆိုရင် နင့်အဘ
က ဝိုင်းဝရောက်နေတဲ့လူဟေ့ ဖိုးတောက်ရေ”
“ဟုတ်ပါ့ဗျာ၊ အခုထက်ထိကို အဲဒီစိတ်က မ
လျော့သေးဘူးဗျ။ ဟိုရွာ ဒီရွာ သွားမယ်ဆိုရင်
လှည်းထကောက်ပြီး ချက်ချင်းကို မောင်းထွက်
သွားတာဗျ။ ကျုပ်တို့ ညီအစ်ကို လိုက်မောင်းပို့
မယ်လို့ ပြောလည်း နည်းနည်းမှကို လက်မခံဘူး
အရီးရဲ့”
“အေး အေး သည်းခံကြဟေ့၊ အသက်ကြီးလာ
ရင် ဒီအတိုင်းချည်းပဲ ဖိုးတောက်ရေ၊ ဒီအိမ်က
ဟာလည်း ဒီလိုပဲဟေ့၊ မနည်းဘရိတ်အုပ်နေရ
တာ၊ သူတို့ကိုယ်သူတို့ အသက်ကြီးတယ်လို့ကို
မထင်ကြတာဟေ့၊ ကဲ ကဲ နင်တို့ညီအစ်ကိုတွေ
စကားပြောကြဦး၊ အရီး အိမ်ပေါ်တက်ပြီး လက်
ဖက်သုပ်လိုက်ဦးမယ်”
“ဟာ မလုပ်နဲ့ အရီး၊ မလုပ်နဲ့ ”
ကိုကြီးဖိုးတောက်က အမေ့ကို အားနာလို့ဗျ။
“မဟုတ်တာ ဖိုးတောက်ရယ်၊ ကိုယ့်တူကိုယ်
သားတွေ လာလည်တာ အရီးက ကျွေးချင်
မွေးချင်တာပေါ့ဟဲ့”
အမေက အိမ်ပေါ်တက်သွားတယ်။ ကျုပ်က ကို
ကြီးဖိုးတောက်ကို နဂါးဆေးပေါ့လိပ်ကလေး မီး
ညှိပြီး ကမ်းပေးလိုက်တယ်။ ကိုကြီးဖိုးတောက်
ကလည်း ဆေးပေါ့လိပ်ကလေးကို လှမ်းယူပြီး
အမောပြေ ဖွာနေတယ်ဗျ။
ကျုပ်တို့နယ်ကတော့ ဆေးပေါ့လိပ်ဆိုရင် နဂါး
ပဲ သောက်ကြတာပေါ့ဗျာ။ ဆေးလိပ် သုံးလေး
ဖွာ ဖွာပြီးတော့မှ ပြာခံခွက်ထဲကို ဆေးလိပ်ချ
ထားတယ်။
“ကိုကြီးဖိုးတောက် ထနောင်းကုန်းကိုလာတာ
ဘယ်သူ့ဆီ လာတာတုံး”
ကျုပ်က ကိုကြီးဖိုးတောက်ကို မေးလိုက်တယ်။
“ဟ တာတေရ၊ ဘယ်သူဆီမှ လာတာ မဟုတ်
ဘူးကွ။ မင်းဆီကို သက်သက်လာတာ”
“မဟုတ်ဘူးကွ တာတေရ၊ မင်းဆီကို တန်းလာ
တာ၊ ကိစ္စနည်းနည်းရှိလို့ကွ”
ကိုကြီးဖိုးတောက်က လေသံခပ်တိုးတိုးလုပ်ပြီး
ပြောတယ်။ ကိုကြီးဖိုးတောက်ရဲ့ အမူအယာနဲ့
လေသံကို နားထောင်ရတာ အရေးကြီးတဲ့ကိစ္စ
တစ်ခုတော့ ရှိနေတာ သေချာတယ်ဗျ။
“ဘာကိစ္စများတုံး ကိုကြီးဖိုးတောက်ရဲ့”
ကိုကြီးဖိုးတောက်က ပြောမလို့ ပါးစပ်ပြင်နေ
တုန်းမှာ အမေက လက်ဖက်အစ်နဲ့ ရေနွေးဗန်း
ကြီး မ,လာတာ တွေ့တော့ ကိုကြီးဖိုးတောက်
ကွပ်ပျစ်ပေါ်ကနေ ကပျာကယာဆင်းပြီး အမေ့
လက်ထဲက လင်ဗန်းကို လှမ်းယူလိုက်တယ်ဗျ။
“ကဲ ညီအစ်ကိုတွေ စကားပြောကြဦးဟေ့၊ ငါ
တော့ မြောက်ပိုင်း သွားလိုက်ဦးမယ်၊ မြောက်
ပိုင်းက ထွန်းပွင့်တို့ဆီမှာ ဝက်သားဆုံဖို့ ပြော
ထားတာ ရမလား၊ ဘာလား သွားမေးလိုက်ဦး
မယ်၊ ရရင်လည်း မနက်ကို ဆွမ်းချိုင့်ပို့မလို့
ဟေ့”
အမေက အဘရဲ့ပုဆိုးလေးတစ်ထည် ခေါင်း
ပေါ်အုပ်ပြီး ဝိုင်းထဲက ထွက်သွားရောဗျို့။
“နို့ မင်းအဘ ဘိုးဥာဏ်တစ်ယောက် မမြင်ပါ
လားကွ တာတေရ”
“အဘမြို့သွားတယ်ဗျ ကိုကြီးဖိုးတောက်ရ။
ညနေစောင်းမှ ပြန်လာလိမ့်မယ်”
“သြော်…မနက်က တို့ဘန့်ဘွေးကုန်းက ကိုဖိုး
တောတို့ ကားထွက်သွားတာ တွေ့လိုက်တယ်
အဲဒီကားနဲ့ လိုက်သွားတယ် ထင်တယ်”
“ဟုတ်တယ် ဟုတ်တယ် ကိုကြီးဖိုးတောက်ရေ”
ကိုကြီးဖိုးတောက်က လက်ဖက်တစ်ဇွန်းခပ်ပြီး
စားလိုက်တယ်၊ ကျုပ်က ရေနွေးကြမ်းတစ်ပန်း
ကန် ငှဲ့ပေးလိုက်တယ်။ လက်ဖက်စားပြီးတော့
ကိုကြီးဖိုးတောက်က ရေနွေးကြမ်းကို ဖူးကနဲ
ဖူးကနဲ မှုတ်ပြီး သောက်နေတယ်ဗျ။
“နို့ …စောစောက ပြောတဲ့ကိစ္စကို ဆက်ပါဦး”
“အေး…အေး၊ ဒီလိုဟေ့၊ ငါတို့ဒွေးလေး ဝိုင်းစိန်
ကို မင်းသိတယ်မို့လား”
“ဟာ အရီးလေးဝိုင်းစိန်ကို မသိရှိမလား ကိုကြီး
ဖိုးတောက်ရဲ့”
“အေး မင်းအရီးလေးဝိုင်းစိန်တို့အိမ်မှာ ပြဿနာ
တက်နေလို့ ငါ လာခဲ့တာဟေ့”
“ဟင် ပြဿနာတက်လို့ ဟုတ်လား၊ ဘယ်လို
ပြဿနာတုံးဗျ”
“ရွာထဲက လူတွေပြောနေကြတာကတော့
ပုဏ္ဏား ကားတိုက်တယ်ဆိုလားပဲကွ”
“ဟာ ကိုကြီးဖိုးတောက်ကလည်း ဘယ်ကလာ
ပုဏ္ဏား ကားတိုက်ရမှာတုံးဗျ၊ ပုဏ္ဏာက တိုက်
တာပါဗျ”
“ဟေ ဟုတ်လား၊ အဲဒါကို ငါက မခေါ်တတ်
တာကွ၊ ငါ သိတာကတော့ ဒွေးလေးဝိုင်းစိန်
တို့ အိမ်မှာ သရဲခြောက်တာပဲလို့ သိတာကွ”
“နေပါဦးဗျ၊ ဘာတွေဖြစ်လို့တုံး”
“အိမ်ပေါ်ထပ်မှာ ဖြစ်တာကွ၊ လူတစ်ယောက်
ခုန်ချလိုက်သလို အုန်းဆိုမြည်သွားတာ။ ပြီး
တော့ ပစ္စည်းတွေကို တွန်းလှဲပစ်တဲ့အသံတွေ
ကွ၊ ဝုန်း၊ ဒုန်း၊ ဂလွမ်း၊ ဂလွမ်းနဲ့ ဆူညံနေတာ၊
လူတွေက လှေကားက ပြေးတက်ပြီး ကြည့်
တော့လည်း အပေါ်ထပ်မှာ ဘာမှလည်း ကွဲ
နေတာတွေ မရှိဘူးကွ”
“ဘယ်အချိန် ဖြစ်တာတုံးဗျ”
“ဟာ စဖြစ်တုန်းက ညဘက်ကွ၊ ညသန်းခေါင်
လောက်ကြီး’အုန်း’ ဆိုခုန်ချလိုက်တာတဲ့အေ၊
အဲဒါ ဒွေးလေးယောက်ျားက အိမ်ပေါ်ကို သူခိုး
ဝင်နေပြီဆိုပြီးတော့ ငှက်ကြီးတောင်ဓါးဆွဲပြီး
အိမ်ပေါ်ထပ်ကို ပြေးတက်တာတဲ့ဟေ့၊ အပေါ်
ထပ်ရောက်တော့ ဓါတ်မီးနဲ့ တစ်အိမ်လုံး လိုက်
ထိုးကြည့်တော့လည်း ဘာမှ မတွေ့ဘူးတဲ့။ ပြ
တင်းပေါက်တွေလည်း အားလုံးပိတ်ထားတာ
ဆိုပဲ၊ ဒါနဲ့ ဒွေးလေးယောက်ျား ကိုဘထွားက
ဓါးကြီးကိုင်ပြီး အောက်ပြန်ဆင်းလာရောတဲ့
ဟေ့၊ ကိုဘထွားကြီး အောက်ရောက်တယ်ဆို
ရင် နောက်တစ်ခါ ထပ်ပြီး ခုန်ချပြန်ရောတဲ့ကွ
‘အုန်း’ကနဲကို နေတာတဲ့ကွ၊ ဒါနဲ့ ကိုဘထွားက
ချက်ချင်းပြေးတက်ပြီး ကြည့်ပြန်ရောတဲ့ဟေ့”
“ကြည့်တော့ ဘာတွေ့တုံးဗျ”
“ဘာမှမတွေ့ဘူးတဲ့ တာတေရေ”
“ဟင် တယ်လည်းထူးဆန်းပါလားဗျ”
“အဲဒီညက တစ်ညလုံးကို မအိပ်ကြရဘူးတဲ့
ဟေ့၊ အုန်းဆို ခုန်ချလိုက်၊ ပစ္စည်းတွေ တွန်း
လှဲတဲ့အသံတွေ ကြားလိုက်နဲ့ မနက်မိုးလင်း
ကာနီးမှ ငြိမ်သွားတာတဲ့ကွ၊ မိုးလင်းတာနဲ့
ဒွေးလေးနဲ့ သူ့သမီးတွေ ငါတို့အိမ်ကို ပြောင်း
လာကြတာပေါ့ကွာ၊ ကိုဘထွားနဲ့ သူ့သားနှစ်
ယောက်ကတော့ အိမ်မှာ နေခဲ့တာကွ”
“အဲဒီတော့ ဘာဖြစ်သေးတုံးဗျ”
“တစ်နေ့လုံး ဘာမှမဖြစ်တော့ဘူးကွ၊ အေး
ညသန်းခေါင်ရောက်တာနဲ့ ခုန်ချပြန်ရော
တဲ့ဟေ့၊ ပစ္စည်းတွေ လဲပြိုပြီး ကျကွဲတဲ့အသံ
တွေ ကြားရပြန်ရောတဲ့ကွာ၊ အိပ်ရေးပျက်
တော့ ဘယ်သူမှ ဆက်ပြီး မနေနိုင်တော့ဘဲ
ကိုဘထွားတို့ သားအဖတွေလည်း ငါတို့အိမ်
ရောက်လာကြတာပေါ့ကွာ”
ကိုကြီးဖိုးတောက်က စကားစပြတ်ပြီး နဂါး
ဆေးပေါ့လိပ်ကို ဓနုဖြူမီးခတ်ကလေးနဲ့ ခတ်
ပြီး မီးညှိတယ်ဗျ။ ဆေးလိပ်ကို အားရပါးရ
နှစ်ဖွာ သုံးဖွာ ဆက်တိုက်ဖွာလိုက်ပြီးမှ စကား
ကို ဆက်တယ်။
ကျုပ်ကလည်း သူစကားမဆက်ခင် သိချင်တာ
ကို မေးလိုက်မိသဗျ။
“နေပါဦး ကိုကြီးဖိုးတောက်ရဲ့၊ အဲဒီအသံတွေ
ကို အိမ်နီးနားချင်းတွေရော ကြားကြသလား”
“ဟာ ကြားပါပြီလားကွာ၊ လေးငါးအိမ်ကျော်
လောက်ကကို ကြားရတာ၊ ရွာထဲက လူတွေ
ဆိုရင် ညတိုင်း သွားစောင့်ပြီး ကြည့်ကြတာ၊
တချို့လည်း အိမ်ပေါ်ထပ်ထိ တက်ကြည့်ကြ
တာဟေ့၊ တချို့ထိုင်ကို စောင့်နေကြတာ၊
တုတ်တွေ၊ ဓါးတွေနဲ့ပေါ့ကွာ”
“ဟင် အဲဒီတော့ ခုန်ချတာပဲလားဗျ”
“ဘယ်က ခုန်ချမှာတုံးကွာ၊ လူတွေ အကုန်လုံး
အောက်ထပ်ပြန်ရောက်တော့မှ အုန်းကနဲ ခုန်
ချတာကွ”
“ကိုကြီးဖိုးတောက်တို့ရော အိမ်ပေါ်ထပ်ကို
တက်ကြည့်သလား”
“ဟာ ကြည့်တာပေါ့ တာတေရ၊ ဘာမှကို မ
တွေ့ပါဘူးဆို၊ လဲပြိုနေတာတွေ၊ ကွဲနေတာ
တွေ ဘာမှကို မရှိပါဘူးကွာ”
“ဒါဆိုရင်တော့ ပုဏ္ဏကတိုက်တာ ဖြစ်မယ်ဗျ”
“ဟေ ဟုတ်လား တာတေ၊ မင်းက ဒီကိစ္စတွေ
မှာ အတွေ့အကြုံ တော်တော်များထားတာဆို
တော့ မင်းသိတာတွေ ပြောပါဦးကွ”
“ဟာ ကိုကြီးဖိုးတောက်ရ၊ ကျုပ်လည်း ပုဏ္ဏ
ကတိုက်တာကို ကြားဖူးတာပဲ ရှိတာဗျ။ တစ်
ခါမှ မကြုံဖူးသေးဘူး၊ နို့ နေပါဦး ကိုကြီးဖိုး
တောက်ရဲ့၊ ကိုဘထွားတို့ အရီးလေးဝိုင်းစိန်
တို့မှာ လူမုန်းများ ရှိသလားဗျ”
“အင်း…တာတေရေ၊ မင်းမေးတော့လည်း
ပြောရတော့မှာပေါ့ကွာ၊ ငါ့ဒွေးလေးလင်မ
ယားက ပြောရရင်တော့ ဘန့်ဘွေးကုန်းရွာ
တစ်ဝက်လောက်ကကို မုန်းတာဟေ့”
“ဗျာ……ဟုတ်ရဲ့လား ကိုကြီးဖိုးတောက်ရဲ့”
“ဟုတ်တာပေါ့ကွာ၊ လင်မယားနှစ်ယောက်
က စီးပွားရေးဥစ္စာကလည်း ဖြစ်ကြတော့
အင်မတန် ဘဝင်မြင့်ကြတာကွ၊ တော်ရုံလူ
ကို ဆေးဖော်ကြောဖက် လုပ်ချင်ကြတာ မ
ဟုတ်ဘူးကွ၊ အခုကိစ္စဖြစ်တော့ ရွာထဲက
လူတွေ တချို့တလေပဲ သွားကြည့်ကြတာ
တော်တော်များများက သူတို့နဲ့ မတည့်ကြ
တော့ ကြိတ်ပြီး ဝမ်းသာနေကြတာ၊ သွား
တောင် မကြည့်ကြဘူး”
“ဒါကြောင့် ဖြစ်တာဗျ”
“ဟေ ဘာကြောင့်ဖြစ်တာတုံးကွ တာတေရ”
“ဒါ လူကိုမုန်းလို့ တိုက်တာဗျ၊ သူတို့ကို မုန်းတဲ့
လူတစ်ယောက်ယောက်က သူတို့အိမ်ကို သေ
သေချာချာ စီရင်ပြီး တိုက်ထားတာ၊ နို့ ဆရာ
တွေ ဘာတွေ မရှာကြဘူးလားဗျ”
“အေး ငါ အခုလာတာ ဒီကိစ္စပဲကွ၊ ကိုဘထွား
စစ်ကိုင်းဘက်မှာ ဆရာ သွားရှာတယ်၊ မနက်
က ပြန်ရောက်တော့ ဆရာကြီးတစ်ယောက်
ပါလာတယ်ကွ၊ ဆရာကြီးက အသက်ခြောက်
ဆယ်ကျော်လောက်ရှိပြီကွ၊ ကြည့်ရတာတော့
တော်တော်ကို သမာဓိရှိတဲ့ပုံပဲကွ၊ ဒါပေမဲ့ အဲဒီ
ဆရာကြီးက ဒီအိမ်ကို သူရှင်းတဲ့အခါ လူတွေ
ဝင်လာလို့ မရဘူးလို့ ပြောတယ်၊ သတ္တိကောင်း
တဲ့လူငယ်တစ်ယောက် ရှာပေးပါလို့ ပြောတယ်
ကွ၊ အဲဒါ ငါတို့ရွာက လူတွေအားလုံးက မင်းကို
တန်းမြင်ကြတာပေါ့ကွာ၊ အဲဒါကြောင့် ငါလာခဲ့
တာကွ တာတေရ”
“နို့ ကျုပ်က ဘာလုပ်ပေးရမှာတုံးဗျ”
“ဆရာကြီး ပြောတာကတော့ သူ့ကို ကူဖို့ဆိုပဲ
ဆန်မန်းတွေ ဘာတွေ ကြဲပေးရမှာဆိုပဲကွ၊
လုပ်တော့လည်း ညဘက်မှာ လုပ်မှာဆိုတော့
သတ္တိကောင်းမှ ရမှာလို့ ပြောတယ်ကွ၊ ရွာထဲ
က လူတွေတော့ သူ အလုပ်လုပ်နေတဲ့အချိန်
မှာ ရွာလမ်းပေါ်ကို မထွက်ရဘူးလို့ ပြောတယ်
တာတေရေ၊ တိုက်ထားတာက တော်တော်
လေး ကြမ်းတယ်ဆိုပဲ”
“နို့ ဘယ်တော့လုပ်မှာတဲ့တုံးဗျ”
“မနက်ဖြန်ည အလုပ်လုပ်မယ်လို့ ပြောတယ်
ကွ၊ မင်းလာမယ်မို့လား”
“ဟာ ကိုကြီးဖိုးတောက်ရာ၊ တာတေပါဆိုမှ
ဒါမျိုးကို ဘယ်လက်လွတ်ခံမှာတုံးဗျာ၊ ကျုပ်
လည်း ခုတလော ဘာအကြောင်းမှ မပေါ်လို့
ပျင်းနေတာဗျ။ ကျုပ် မနက်ဖြန် နေ့လည်
ဘက် အရောက် လာခဲ့မယ်”
“ဟာ နေရာကျပြီပေါ့ကွာ၊ ကဲ ဒါဆိုရင် ငါပြန်
မယ်ကွာ၊ အရီးငွေစိန်ကို ငါ နှုတ်ဆက်သွား
တယ်လို့ ပြောလိုက်ကွာ”
ကိုကြီးဖိုးတောက်က ထိုင်နေရာကနေ ချက်
ချင်းထတော့တာပဲဗျို့။ သူဆောင်းထားတဲ့ ဝါး
ဖတ်ဦးထုပ်ကလေးကိုဆောင်းပြီး ကျုပ်တို့ဝိုင်း
ထဲကနေ သုတ်သုတ် သုတ်သုတ်နဲ့ ထွက်သွား
ရောဗျို့။ ကျုပ်လည်း ဝါးဘိုးခြမ်း ခေါင်းအုံးက
လေးပေါ်ကို ပြန်လှဲလိုက်တယ်။ ဒါပေမဲ့ အိပ်
လို့တော့ မပျော်တော့ပါဘူး။ ကိုကြီးဖိုးတောက်
ပြောသွားတာတွေကို ပြန်ပြီး စဉ်းစားနေတာ
ပေါ့ဗျာ။ ပုဏ္ဏကတိုက်တယ်ဆိုတာ သူပြော လူ
ပြောတော့ ကျုပ်ကြားဖူးတာပေါ့ဗျာ။
အခုလို နဖူးတွေ့ ဒူးတွေ့တော့ တစ်ခါမှ မကြုံ
ဘူးသေးပါဘူး၊ ပြီးတော့ အခုလို အိမ်ပေါ်မှာ
တအုန်းအုန်းနဲ့ ခုန်ချတဲ့ သရဲ တစ္ဆေမျိုးလည်း
ကျုပ် တစ်ခါမှ မကြားဖူးပါဘူး။ ဘာပဲပြောပြော
မနက်ဖြန်တော့ ကျုပ်တွေ့ရတော့မှာပေါ့ဗျာ။
သိပ်မကြာဘူးဗျ။ အမေလည်း ပြန်ရောက်လာ
တယ်။
“အမေ ဝက်သား မရခဲ့ဘူးလားဗျ”
ကျုပ်က လက်ချည်းပြန်လာတဲ့ အမေ့ကိုလှမ်း
မေးလိုက်တယ်။
“မရပါဘူးဟာ၊ သူတို့ မလုပ်ဖြစ်ဘူးပြောတယ်
နို့ ဖိုးတောက် ပြန်သွားပြီလား၊ ဘာတွေဖြစ်ကြ
လို့တုံး တာတေရဲ့”
ကျုပ်က ကိုကြီးဖိုးတောက် ပြောတာတွေ အ
မေ့ကို ပြန်ပြောပြလိုက်တယ်။ အမေက ကွပ်
ပျစ်မှာ ဝင်ထိုင်ပြီး လက်ဖက်စားပြီး အကြမ်း
သောက်တယ်။ ကျုပ်ပြောတာတွေကို သေ
သေချာချာ နားထောင်တယ်။ ပြီးတော့မှ…
“ဖိုးတောက်ပြောတာ အမှန်ဟဲ့၊ ဝိုင်းစိန်တို့လင်
မယားက အားကြီးမောက်မာတယ်လို့ လူပြော
များတယ်၊ ဒါ မုန်းတဲ့လူ တစ်ယောက်ယောက်
က သူတို့ကို တိုက်တာဖြစ်မှာပေါ့ဟယ်၊ ဒါဆို
နင် မနက်ဖြန်သွားမှာပေါ့”
“သွားမယ် အမေ၊ မနက်ဖြန်ညတော့ ကျုပ်ဘန့်
ဘွေးကုန်းမှာ အိပ်ရမှာ”
“အေးလေ၊ နင်ကတော့ ဒါမျိုးဆိုရင် လာမခေါ်
တာတောင် ကြားရင် ရောက်အောင်သွားမယ်
ကောင်ပဲလေ၊ အခုလို အိမ်အထိလာခေါ်မှ
တော့ ဘယ်နေလိမ့်မလဲလေ”
အမေက သူ့သားတာတေ ဆိုတဲ့ကောင်ဟာ
နေရာတကာ စပ်စုတဲ့ကောင်ဆိုတာ သိနေ
တော့ ကျုပ်ကို မသွားဖို့ တားမနေတော့ဘူး
ပေါ့ဗျာ။ကျုပ်ကလည်း အိမ်ရှေ့တံခါးပိတ်ထား
ရင်တောင် နောက်ဖေးတံခါးဖွင့်ပြီး ရောက်
အောင် သွားစပ်စုတဲ့ကောင်ဗျ။
ကျုပ်ဘန့်ဘွေးကုန်းကို ရောက်တော့ နာရီပြန်
နှစ်ချက်တီးလောက်ရှိပြီ။ ကိုကြီးဖိုးတောက်တို့
အိမ်ကြီးက ရွာမြောက်ပိုင်းမှာဗျ။ မြောက်ခေါင်း
ကိုအောင်ပေါ်တို့ဝိုင်းနဲ့ ကပ်လို့လေ။ အဲ ကျုပ်
တို့ အညာဓလေ့နဲ့ ခေါ်တာပေါ့ဗျာ။ ရပ်ရေး ရွာ
ရေးတွေ ဆော်သြတဲ့သူပေါ့။ သူတို့ရွေးတာက
ရွာမှာရှိတဲ့ ကာလသားတွေရဲ့ ဆန္ဒနဲ့ ရွေးရတာ
ဗျ။လူကြိုက်များတဲ့လူက မြောက်ခေါင်းဖြစ်တာ
ပေါ့ဗျာ။ အဲ အဲ ဒီလိုဗျ။ သူတို့ရွာမှာက အဲဒီကာ
လသားခေါင်းကို ရွေးရင် မြောက်ပိုင်းက လူက
ရတော့ မြောက်ပိုင်းခေါင်းဆောင်လို့ ခေါ်တဲ့သ
ဘောပေါ့ဗျာ။
ဒါကို အတိုပဲ ခေါ်တဲ့ဓလေ့ ဖြစ်နေတော့
မြောက်ခေါင်းလို့ပဲ ခေါ်ကြတာပေါ့၊ အဲ ပြော
ရဦးမယ်ဗျ။ လူဆိုတာလည်း ခေါ်ပါများတော့
နှုတ်ကျိုးသွားတယ်ဆိုတာ ရှိတာနော၊ ခေါ်နေ
ကျ ပြောနေကျဆိုတော့လည်း နှုတ်ကျိုးတော့
တာပေါ့နော။ နောက်တော့ အဲဒီကာလသား
ခေါင်းနေရာကို ရွာလယ်ပိုင်းကလူ အရွေးခံရ
ရင်လည်း မြောက်ခေါင်းပဲ ခေါ်ကြတော့တာဗျို့။
အခု ကျုပ်ပြောတဲ့ မြောက်ခေါင်း ကိုအောင်ပေါ်
ကတော့ တကယ့်မြောက်ခေါင်း အစစ်ဗျ။ သူက
ရွာမြောက်ပိုင်းမှာ တကယ်နေတာ။
ဟောဒီဘန့်ဘွေးကုန်းမှာက ရွာလယ်ပိုင်းနဲ့
မြောက်ပိုင်းမှာ အိမ်ကြီးအိမ်ကောင်း လွှတ်ပေါ
တာဗျ။ မြောက်ခေါင်းတို့ အိမ်ဆိုရင် ပိုတောင်
ကြီးသေးဗျ။ဝိုင်းကြီးကလည်း လွှတ်ကျယ်တာ။
သစ်ပင်ကြီးတွေလည်း စုံလို့ဗျ။
နွေဆိုရင် မြောက်ခေါင်းတို့ဝိုင်းကြီးက ဇိမ့်ပေါ့
ဗျာ။ လွှတ်အေးတာဗျ။ မြောက်ခေါင်းတို့မိဘ
တွေက သူတို့ဘိုးဘွား  လက်ထက်ကတည်းက
လူချမ်းသာတွေဆိုပဲ။သုံးမွေခံ၊ လေးမွေခံတွေဗျ
ကျုပ် ကိုကြီးဖိုးတောက်တို့ ဝိုင်းဝကိုရောက်တော့
“ဟာ တာတေ လာပြီဟေ့၊ လာဟေ့ တာတေ၊
ငါတို့ မင်းကို မျှော်နေတာကွ”
ကျုပ်ဝိုင်းဝကနေ လှမ်းကြည့်လိုက်တော့ ကို
ကြီးဖိုးတောက်တို့အိမ်ကြီးအောက်ထပ်မှာ လူ
လေးယောက် ထိုင်နေတာ တွေ့တယ်ဗျ။ အား
လုံး ကျုပ်ကို လှမ်းကြည့်လို့ဗျို့။
“တာတေရေ၊ အရီးလေးဝိုင်းစိန်တို့ သတင်း
တော့ ကြားပြီးရောပေါ့၊ တတ်သလောက် စွမ်း
သလောက် လုပ်ပေးပါဦး ငါ့တူရယ်”
ဟင်……အရီးလေးဝိုင်းစိန်ပါလား၊ ထိုင်နေတဲ့
ယောက်ျားတွေရဲ့နောက်မှာ အရီးလေးက ထိုင်
နေတာကိုးဗျ။ကျုပ်က ဗြုန်းစားကြီးဆိုတော့ သူ့
ကို မမြင်တာ။ ကျုပ် အိမ်ပေါ်ကို ဝင်ထိုင်လိုက်
ရင်းက…
“အရီးလေးရယ်၊ ဒီလောက်လည်း စိတ်မညစ်
ပါနဲ့ဗျာ။ ကျုပ်လည်း ဝိုင်းကူပြီး လုပ်ပေးမှာပေါ့
နော”
“အေးကွာ တာတေရာ၊ စဖြစ်တဲ့ညတုန်းကဆို
ရင် ငါ့မှာ ရူးသွားမလားတောင် ထင်တာကွ
တာတေရ”
ဒါ ဘယ်သူပါလိမ့်။ ကျုပ် သူ့ကို လှမ်းကြည့်
တယ်။ ဟာ ကိုဘထွားကြီးပဲ။ ဟင် ပိန်နေပါ
လား။ ကိုဘထွားကို မမြင်တာ ကြာတော့
ကျုပ်မှာ မှတ်တောင် မမှတ်မိဘူးဗျာ။ စိတ်
လည်း တော်တော်ဆင်းရဲနေပုံပဲဗျ။ ဒါကြောင့်
လည်း ပိုပြီးပိန်နေတာ ဖြစ်မယ်ထင်တယ်။
“ဘထွေးလေးကို ကျုပ်က မြင်မြင်ချင်း မှတ်ကို
မမှတ်မိတာဗျ။
ကျုပ်က ကိုဘထွားကို သေသေချာချာ ကြည့်
ပြီး ပြောလိုက်တာဗျ။
“ဘယ်မှတ်မိလိမ့်မတုံး တာတေရ၊ လူတွေ
လည်း ညမအိပ်ရ၊ နေ့မအိပ်ရနဲ့ စိတ်တွေ
ညစ်ပြီး အစားလည်း မစားနိုင်အောင်
ဖြစ်နေတာကွ”
“မစိုးရိမ်ပါနဲ့ဗျာ၊ နို့ နေပါဦး၊ ဘိုးတော်တို့ ဘွား
တော်တို့ကော မမြင်ပါလား”
ကျုပ်က ကိုကြီးဖိုးတောက်ကို ကြည့်ပြီး မေး
လိုက်တာဗျ။ ဘိုးဘချစ်နဲ့ အရီးဝိုင်းကြည်ကို
မမြင်လို့ မေးလိုက်တာ။
“တောင်ဘက် နှစ်ဝိုင်းကျော်က ဘိုးစိန်ပွင့်တို့
ဝိုင်းကို သွားကြတယ်၊ အဲဒီမှာ ငါ မင်းကိုပြော
တဲ့ ဆရာကြီး တည်းတယ်လေကွ တာတေရ”
“ဟင် ဆရာကြီးက ဒီမှာ မတည်းဘူးလားဗျ”
“ဒီလိုကွ၊ ဘိုးစိန်ပွင့်က အဲဒီဆရာကြီးရဲ့ တ
ပည့်တဲ့ကွ၊ သူငယ်ငယ်က အဲဒီဆရာကြီးဆီမှာ
ဂိုဏ်းတက်ဖူးတယ်ဆိုပဲ၊ အခုလည်း ဘိုးစိန်ပွင့်
ကြီး လိုက်ပင့်ပေးတာကွ၊ ဒါကြောင့် ဘိုးစိန်ပွင့်
က သူ့ဆရာ လာသခိုက်မှာ သူပြုစုပါရစေဆိုပြီး
သူ့အိမ်မှာ ခေါ်ထားတာဟေ့”
ကိုကြီးဖိုးတောက်ရဲ့ညီ ကိုကြီးဖိုးကောက်က
ဝင်ပြောပြတာဗျ။
“သြော် ဒီလိုလား၊ နို့ နေပါဦးဗျ၊ ဆရာကြီးနာ
မည်က ဘယ်သူတဲ့တုံး”
“ဆရာကြီးနာမည်က ဦး အဲ နေဦးကွ”
ကိုကြီးဖိုးကောက်က ပြောမလို့လုပ်ပြီးမှ မေ့
နေရောဗျို့။
“ဟာ ဦးစက်အောင်ပါကွာ၊ ဖိုးကောက်ရာ”
ကိုကြီးဖိုးတောက်က ဝင်ပြောလိုက်တယ်ဗျ။
“အေး ဟုတ်တယ်၊ ဟုတ်တယ်၊ ဦးစက်အောင်
ဦးစက်အောင်၊ တော်တော်တော့ သမာဓိရှိတဲ့
ပုံပဲကွ တာတေရ”
ကိုကြီးဖိုးကောက်က ကျုပ်ကို ပြောပြတယ်။
ဒါပေမဲ့ ဒီအကြောင်းတွေကို မနေ့က ကတည်း
က ကျုပ်သိပြီးသားလေဗျာ။ ကိုကြီးဖိုးတောက်
ကျုပ်ကို ပြောပြခဲ့တာပဲမို့လား။ အဖြစ်အပျက်
တွေ ကိုဘထွားရော၊ အရီးလေးရော၊ ကိုကြီး
ဖိုးကောက်ရော၊ သူတို့နဲ့ အတူတူထိုင်နေတဲ့
ရွာထဲက ကာလသား အောင်သိန်းနဲ့ ထွန်းပေါ်
ရောက ကျုပ်ကို ပြောကြတာပေါ့ဗျာ။
သူတို့ပြောပုံအရဆိုရင် တော်တော်ကို ကြမ်း
တာပဲဗျ။ အိမ်အပေါ်ထပ်မှာ ထုတ်တန်းပေါ်
တက်ပြီးတော့ကို ခုန်ချတာဆိုပဲ။ တစ်ညလုံး
တအုန်းအုန်းနဲ့ကို ခုန်ချနေတာတဲ့ဗျို့။ ဒုန်း၊
ဒိုင်း၊ ဂလွမ်း ဂလွမ်း ဆိုတဲ့ အသံတွေကလည်း
ဆူညံနေတာဆိုပဲ။ ကိုဘထွားတို့နဲ့ ဝိုင်းချင်း
ကပ်လျက်က လူတွေတောင် ညဘက် အိပ်
ရေးပျက်လွန်းလို့ တခြားအိမ်တွေမှာ ပြောင်း
အိပ်ကြရတယ်ဆိုပဲဗျာ။ တစ်နာရီလောက်ကြာ
အောင် စကားပြောကြပြီးတော့ ကိုကြီးဖိုး
တောက်က ပြောတယ်ဗျ။
“ကဲ မင်းတို့ ဒီမှာ နေခဲ့ကြဦး၊ ငါ တာတေကို
ဆရာကြီးဆီကို လိုက်ပို့လိုက်ဦးမယ်။ ဆရာ
ကြီးလည်း တာတေကို စောင့်နေမှာ၊ လာ တာ
တေ၊ မင်းနဲ့ ငါ တောင်ဘက်က ဘိုးစိန်ပွင့်တို့
ဝိုင်းကို သွားကြရအောင်”
ကျုပ်နဲ့ ကိုကြီးဖိုးတောက်တို့ ဘိုးစိန်ပွင့်တို့ဝိုင်း
ဝရောက်တော့ ကိုကြီးဖိုးတောက်က ဝိုင်းထဲ
တန်းဝင်သွားရောဗျ။ ကျုပ်လည်း သူ့နောက်
က ကပ်လိုက်ခဲ့ရတာပေါ့ဗျာ။
“ဟာ တာတေပါလား၊ အဘရေ ကိုကြီးဖိုး
တောက်နဲ့ တာတေ လာတယ်ဗျို့”
ဘိုးစိန်ပွင့်ရဲ့သား အငယ်ကောင် အောင်ဗလ
က အော်ပြောလိုက်တယ်။ ဘိုးစိန်ပွင့်တို့က
အိမ်ကြီးရဲ့ အပေါ်ထပ်မှာဗျ။
“ဟေ တာတေ လာပြီလားကွ၊ လာဟေ့
တာတေရေ၊ အိမ်ပေါ်ထပ်ကို တက်ခဲ့ဟေ့”
ဘိုးစိန်ပွင့်ကြီးရဲ့ အသံဗျ။ ကျုပ်နဲ့ ကိုကြီးဖိုး
တောက်လည်း အိမ်ပေါ်ထပ်ကို တန်းတက်
ခဲ့တာပေါ့ဗျာ။ဘိုးစိန်ပွင့်တို့ ဘုရားခန်းက အ
ကျယ်ကြီးဗျ။ ဘုရားစင်ရှေ့မှာ သျှောင်တ
စောင်းထုံးပြီး ပုဝါဖြူလေး ခေါင်းပေါင်းထား
တဲ့ ဘိုးတော်ကြီးတစ်ယောက်က တည်တည်
ငြိမ်ငြိမ် ထိုင်နေတယ်ဗျ။
ဆရာကြီး ဦးစက်အောင်ဆိုတာ ထင်ရဲ့လို့
ကျုပ် တွေးလိုက်တယ်။ ဆရာကြီးနဲ့ အတူ
တူထိုင်နေကြတာက ဘိုးဘချစ်၊ ဘိုးစိန်ပွင့်၊
ပြီးတော့ ဘွားတော်ဝိုင်းကြည်နဲ့ ဘိုးစိန်ပွင့်
ရဲ့မိန်းမ ဒေါ်မယ်ခကြီးတို့ဗျ။ ကျုပ်နဲ့ ကိုကြီး
ဖိုးတောက်က သူတို့နားမှာ ကပ်ထိုင်လိုက်
တယ်။ ကိုကြီးဖိုးတောက်က ဘုရားကို ဦး
တိုက်တယ်။ ပြီးတော့ ဆရာကြီး ဦးစက်
အောင်ကို ဦးတိုက်တယ်။ ကျုပ်လည်း သူ
လုပ်သလို လိုက်လုပ်လိုက်တယ်။
“မောင်တာတေလားကွဲ့”
ဆရာကြီး ဦးစက်အောင်က တည်ငြိမ်အေး
ဆေးတဲ့ မျက်နှာနဲ့ ကြည့်ပြီး ကျုပ်ကို မေး
တယ်။
“ဟုတ်ပါတယ် ဆရာကြီး”
“အေး အေး မောင့်အကြောင်းတွေတော့ ဒီရွာ
က လူတွေ ပြောပြလို့ ကျုပ် အတော်အတန်
သိထားပါပြီ၊ အခု ကိစ္စကလည်း ညဘက်မှ
လုပ်ရမှာဆိုတော့ ဒီလိုမကောင်းဆိုးဝါးတွေ၊
နာနာဘာဝတွေက အင်အားအပြည့်ရှိတဲ့ အ
ချိန်ဖြစ်နေတာပေါ့ မောင်တာတေရဲ့၊ ဒီတော့
အန္တရယ်ပိုများတာပေါ့ကွယ်၊ ကျုပ်တို့ အိမ်
ထဲဝင်ပြီး ရှင်းတာလင်းတာတွေ လုပ်ပြီဆိုက
တည်းက ပိုပြီးကြမ်းတမ်းလာကြမှာပဲ၊ ပြီးတော့
အိမ်ထဲကို ဝင်နေတဲ့ မကောင်းဆိုးဝါးက တစ်
ကောင်တည်းလား၊ တစ်ကောင်ထက် ပိုသ
လားဆိုတာ ကျုပ်တို့က မြင်ရ တွေ့ရတာ မ
ဟုတ်ဘူးလေကွာ”
“ဒီအတွက်တော့ ဆရာကြီး မစိုးရိမ်ပါနဲ့ဗျ၊
ကျုပ်က ဒီကောင်တွေကို မြင်ရပါတယ်”
“ဟေ ဟုတ်လား၊ ဒါဆိုရင် ဟန်ကျတာပေါ့
ကွယ်၊ မောင်တာတေက တယ်လည်းထူးတာ
ကိုး၊ ဒါတွေကို မြင်ရတာက မွေးရာပါ သတ္တိ
ကြောင့်လား”
“မဟုတ်ပါဘူး ဆရာကြီး၊ ကျုပ်ရဲ့ ဆရာကြီး
တစ်ယောက်က ကျုပ်ကို မျက်ကွင်းဆေး ပေး
သွားလို့ မြင်ရတာပါ”
“သြော် ဒီလိုကိုး၊ ဒါကြောင့်လည်း ဒီနယ်တစ်
လွှားမှာ မောင်တာတေရဲ့ နာမည်က ကျော်
ကြားပေတာကိုး”
“ဒါထက် ကျုပ်မသိလို့ မေးပါရစေ ဆရာကြီး”
“ဟင် မောင်တာတေ၊ ဘာများသိချင်လို့တုံးကွဲ့”
“ပုဏ္ဏကတိုက်တယ်ဆိုတာ ဘယ်လိုဖြစ်တာ
တုံး ဆရာကြီးရဲ့”
“ဒီလိုကွဲ့ မောင်တာတေရဲ့၊ လူတွေနေတဲ့အိမ်
တွေ၊ အဆောက်အဦးတွေအထဲကို မကောင်း
ဆိုးဝါး အကောင်တွေ ဝင်လို့မရဘူးကွဲ့၊ လူရဲ့
အရောင်အဝါတွေကို ဒီကောင်တွေ လွှတ်
ကြောက်ကြတာ၊ ဒါပေမဲ့ ဒီအိမ်ကလူတွေကို
မုန်းတဲ့လူက သင်္ချိုင်းကိုသွားပြီး အဲဒီက မ
ကောင်းဆိုးဝါး တစ်ကောင်ကို ကြက်သွေး
တိုက်ပြီး ခေါ်လာလို့ရတယ်၊ ပြီးတော့ အဲဒီ
အိမ်ကို သင်္ချိုင်းကမြေ လာမြှုပ်တာတို့ ဘာ
တို့ပေါ့ကွယ်၊ စီရင်တာကတော့ နည်းအမျိုး
မျိုး ရှိတာပေါ့လေ၊ အဲဒီလို လုပ်လိုက်ရင်
စောစောက ခေါ်လာတဲ့ မကောင်းဆိုးဝါး
ကောင်က အိမ်ထဲကို ဝင်လို့ရသွားရောဟေ့။
ဒါဆိုရင် အခုလိုမျိုး အိမ်ထဲမှာ ခြောက်လှန့်
တော့တာပေါ့ကွာ၊ ဒီနေရာမှာလည်း ခေါ်လာ
တဲ့အကောင်ရဲ့ အစွမ်းကြီးရင် ကြီးသလို
ခြောက်နိုင် လှန့်နိုင်တာပေါ့ကွာ၊ အခု ဘထွား
တို့ ဝိုင်းစိန်တို့ အိမ်မှာ ခြောက်လှန့်နေတဲ့ အ
ကောင်က အစွမ်းသိပ်နည်းပုံ မပေါ်ဘူးကွ
မောင်တာတေရဲ့”
“သြော် ဒီလိုလား၊ ကျုပ်ဘက်က ဆရာကြီး
ကို ကူညီလုပ်ကိုင်ပေးဖို့ အဆင်သင့်ပါပဲ ဆ
ရာကြီး”
“အေး အေး၊ သာဓု၊ သာဓု၊ မောင်တာတေ
သာဓု”
” ကဲ အဘ ဒါဆိုရင် ကျုပ် တာတေကို အိမ်ကို
ပဲ ပြန်ခေါ်သွားမယ်၊ ညကျမှပဲ ဒီကိုလာခဲ့မယ်”
“ဟာ ရတယ်၊ ရတယ်၊ မောင်တာတေ၊ လွတ်
လွတ်လပ်လပ်နေပါ၊ ညကိုးနာရီထိုးမှ ကျုပ်နဲ့

မောင်တာတေနဲ့ ဘထွားတို့အိမ်ကြီးထဲကို ဝင်
ကြမှာပါ”
ဆရာကြီး ဦးစက်အောင်က ကျုပ်ကို ပြော
လိုက်တယ်။ ဒီတော့ အရီးမယ်ခက ဝင်ပြော
ပြန်တယ်ဗျ။
“ဟာ ဖိုးတောက် နင်နဲ့ တာတေနဲ့ ညစာ ဒီမှာ
လာစားကြလေ၊ အရီး ချက်ပြုတ်ထားတယ်”
“ဟာ နေပစေ အရီး၊ ကျုပ်တို့အိမ်မှာပဲ တာ
တေကို ထမင်းကျွေးလိုက်မယ်၊ ဟိုမှာ ရွာထဲ
က ကာလသားတွေလည်း ရှိသေးတယ်ဗျ၊
သူတို့လည်း တာတေနဲ့ လူခင်တွေပဲ၊ တာ
တေကို တွေ့ချင်လို့ လာကြတာဗျ”
“သြော် ဒီလိုလား၊ ဒါဆိုလည်း ပြီးရောလေ၊
ဟင်းတွေ၊ ထမင်းတွေ လိုရင်တော့ ဒီမှာ လာ
ခူးခပ်ယူနော ဖိုးတောက်”
“ဟုတ်ကဲ့ပါ အရီး၊ ဟုတ်ကဲ့ပါ”
ကိုကြီးဖိုးတောက်က အရီးမယ်ခကို ရိုရိုသေ
သေ ပြန်ပြောတယ်ဗျ။ ကျုပ်နဲ့ ကိုကြီးဖိုး
တောက်လည်း သူတို့ဝိုင်းထဲကို ပြန်လာတာ
ပေါ့။ ဘန့်ဘွေးကုန်းက ကာလသားတွေနဲ့
ကျုပ်နဲ့ စကားဝိုင်းဖွဲ့ကြတာပေါ့ဗျာ။ညကိုးနာ
ရီမထိုးခင် ကျုပ် မျက်ကွင်းဆေး ကွင်းတယ်။
ဘိုးစိန်ပွင့်တို့ အိမ်ကိုရောက်တော့ ဘိုးစိန်ပွင့်
တို့အိမ်ကိုရောက်တော့ ကိုးနာရီထိုးကာနီးနေ
ပြီ။ ဘန့်ဘွေးကုန်းသူကြီးက ကိုးနာရီထားတာ
နဲ့ လမ်းပေါ် လူမထွက်ရ အမိန့်ထုတ်ထားသ
ဗျ။ ဘန့်ဘွေးကုန်းသားတွေကလည်း စိတ်ချ
ရပါ့ဗျာ။ လမ်းပေါ်မထွက်ရုံ မကဘူး။
အိမ်တံခါးတွေပါ ပိတ်ထားကြတာဗျို့၊ ဆရာ
ကြီး ဦးစက်အောင်နဲ့ ကျုပ်နဲ့ ကိုဘထွားတို့
အိမ်ကို ထွက်လာတဲ့အချိန်ရောက်တော့ ဘန့်
ဘွေးကုန်းတစ်ရွာလုံး တိတ်ဆိတ်လို့ဗျ။ ကိုဘ
ထွားတို့အိမ်ကို ရောက်တော့ အိမ်စောင့်ထား
တဲ့ လူနှစ်ယောက်က ကြိုတင်မှာထားတဲ့ အ
တိုင်း အောက်လင်းဓါတ်မီးကြီး ထွန်းထားပြီဗျ။
သန်းခေါင်မကျော်မချင်း ဘာမှလုပ်တာ မဟုတ်
တော့ သူတိုနှစ်ယောက်လည်း အေးအေးဆေး
ဆေးပဲ အိမ်စောင့်နေကြတာဗျ။
တစ်ယောက်က အရပ်ပုပြတ်ပြတ် ဂင်တိုတိုနဲ့
ဗလကောင်းကောင်း၊ သူနာမည်က ကိုဝတဲ့ဗျ၊
နောက်တစ်ယောက်က အရပ်ရှည်ရှည် ခါး
ကိုင်းကိုင်းနဲ့ သူ့နာမည်က ကိုညိုတဲ့ဗျ။ ကိုဘ
ထွားတို့အိမ်ကို ရောက်တာနဲ့ ဆရာကြီးဦးစက်
အောင်က ဘုရားစင်မှာ ဖယောင်းတိုင်တွေ
ထွန်း၊ အမွှေးတိုင်တွေ ထွန်းပြီး ဘုရားရှိခိုး
တော့တာပဲဗျို့။ ဘုရားကို ကျကျနန ရှိခိုးပြီး
မေတ္တာပို့တယ်။ ပြီးတော့ ဆရာကြီးက သူ့ရဲ့
လက်စွဲပုတီးကြီးကို ထုတ်ပြီး စိတ်ပုတီးစိပ်
တော့တာပေါ့ဗျာ။ ဆရာကြီး ဦးစက်အောင်
ဟာ တော်တော်ကို တည်ငြိမ်အေးချမ်းတဲ့
ပုဂ္ဂိုလ်တစ်ယောက်ပါဗျာ။
ကျုပ်လည်း ဆရာကြီးကို လေးစားပါတယ်။ ည
ဆယ့်တစ်နာရီလောက်ရောက်တော့ ဆရာကြီး
က ကိုဝကို လင်းဗန်းသေးသေးတစ်ချပ် ယူခိုင်း
တယ်။ သူ့မှာ အဆင်သင့်ပါလာတဲ့ ဆန်ထုပ်က
လေးထုပ်ပြီး လင်ဗန်းထဲကို ထည့်တယ်။ ဆန်
က နို့ဆီဗူးတစ်ဝက်လောက်ပဲ ရှိတာပါ။
ဆရာကြီးက ဆန်တွေကို ကိုင်ပြီး မန္တန်တွေ
ရွတ်တယ်ဗျ။ တော်တော်ကြာအောင် ရွတ်
ဖတ်ပြီးတော့မှ ကျုပ်ဘက်ကို လှည့်ပြော
တယ်။
“ကဲ မောင်တာတေ အိမ်ပေါ်ထပ်ကစပြီး နည်း
နည်း နည်းနည်း နှံ့အောင် ကြဲပေတော့ကွာ၊ အ
ပေါ်ထပ်ပြီးရင် အောက်ကို ဆင်းလာပြီး မီးဖို
ချောင်ကစပြီး အိမ်ရှေ့ကို ကြဲပေတော့၊ ပြီးရင်
ဝိုင်းထဲဆင်းကြဲကွာ၊ ကိုညို အဖော်လိုက်သွား”
“ဟုတ်ကဲ့ ဆရာကြီး”
ကျုပ် အပေါ်ထပ်ရောက်တော့ အိမ်ကြီးအနှံ့
လိုက်ကြည့်တယ်။ ကိုညိုက ကျုပ်ကို ဓါတ်မီး
ထိုးပြတယ်လေဗျာ။ ဘာမှကို မတွေ့ဘူးဗျ။
ကျုပ်က မျက်ကွင်းဆေး ကွင်းလာတာလေ။
နာနာဘာဝရှိရင် တွေ့မှာပေါ့။
ကျုပ်လည်း ဆန်စေ့လေး နှစ်စေ့ သုံးစေ့ ယူ
လိုက် ပက်လိုက်နဲ့ အပေါ်ထပ်ကို နှံ့အောင်
ဆန်မန်းကြဲလိုက်တယ်။ ပြီးတော့ လှေကား
မှာ ကြဲတယ်။ ပြီးတော့ အောက်ထပ်မှာ အ
နှံ့ကြဲပြီး ဝိုင်းထဲ ဆင်းကြဲလိုက်တယ်။ ဝိုင်းထဲ
ကြဲပြီးတော့ ဆန်လည်း ကုန်ရောဗျ။
“အားလုံး ကြဲပြီးပြီ ဆရာကြီး”
“အေး အေး မောင်တာတေ၊ မျက်ကွင်းဆေး
ရှိတယ်ဆို ကွင်းလိုက်ပါလား”
“ကျုပ် ကွင်းခဲ့ပြီးပြီ ဆရာကြီး”
“ဟင် ဟုတ်လား၊ မောင်တာတေကတော့
တော်တော်ကို စေ့စပ်ပါပေတယ်၊ နို့ အပေါ်
ထပ်မှာခုန်ချတဲ့အကောင် တွေ့ခဲ့သလား”
“ကျုပ် သေသေချာချာကို လိုက်ကြည့်တာဗျ။
ဘာမှကို မတွေ့ဘူး ဆရာကြီး”
“အင်း ဒါဆိုရင် ဒီကောင် ဒီမှာနေတာ မဟုတ်
ဘူးကွ၊ ညသန်းခေါင်မှာ အိမ်ထဲကို ဝင်လာ
တာဖြစ်မယ်၊ ကဲ ကြဲထားတဲ့ ဆန်စေ့တွေကို
သတိထားပြီး လိုက်ကြည့်စမ်း မောင်တာတေ၊
ထူးတာတွေ့ရင် ကျုပ်ကို ပြောကွ”
ကျုပ်ရယ်၊ ကိုဝတို့ ကိုညိုတို့ရယ် ဆန်မန်းတွေ
ကို လိုက်ကြည့်တယ်၊ ကိုဝမှာက ငါးတောင့်ထိုး
ဓါတ်မီးပါတယ်ဗျ။ ဓါတ်မီးနဲ့ ထိုးပြီး လိုက်ကြည့်
ကြတာ။
“ဟင် ဆန်စေ့တွေ မတွေ့တော့ပါလား”
ကိုညိုက ပြောတာဗျ။ သူနဲ့ ကျုပ်နဲ့ ကြဲထား
တာလေဗျာ
“အေးကွ၊ ငညို ဆန်မန်းတွေ တစ်စေ့မှ မတွေ့
တော့ဘူး၊ လာကွာ အပေါ်ထပ်ကို တက်ကြည့်
မယ်”
ကျုပ်တို့သုံးယောက်စလုံး အပေါ်ထပ်ကို တက်
ကြည့်တယ်။ ဟုတ်ပါ့ဗျာ။ စောစောကလေး
တင်ကျုပ်ကြဲခဲ့တဲ့ ဆန်မန်းတွေ တစ်စေ့မှကို
မရှိတော့တာဗျ။ ကျုပ်တို့သုံးယောက် အောက်
ထပ်ကို ပြန်ဆင်းပြီး ဝိုင်းထဲမှာ ဆင်းကြည့်ကြ
သေးတယ်။ ဆန်မန်းတွေ မတွေ့တော့ဘူးဗျ။
ကိုဝက ဓါတ်မီးထိုးပြ၊ ကျုပ်နဲ့ ကိုညိုက လိုက်
ကြည့်ပေါ့ဗျာ။
“ဟာ ဟိုမှာကွ၊ ဟိုမှာ”
ကိုညိုက အလန့်တကြားနဲ့ပြောပြီး လက်ညှိုး
ထိုးပြတယ်ဗျ။
“ဟ…ဘာတုံးကွ ငညိုရ၊ မင်းဟာက အလန့်
တကြားနဲ့ ”
“ဆန်တွေလေကွာ၊ ဟိုမှာကွ၊ လှေကား
အောက်မှာ ”
“ဟေ…ဟုတ်သားပဲကွ၊ ဆန်တွေ ဘယ်လိုဖြစ်
ပြီး ဒီမှာ ရောက်နေတာတုံးကွ”
“ဒါကတော့ ဆရာကြီးရဲ့အစွမ်းနေမှာပေါ့ကွ၊
ငဝရ”
“ကဲ ဒါဆိုရင် ကျုပ် အိမ်ပေါ်တက်ပြီး ဆရာ
ကြီးကို ပြောလိုက်မယ်”
ကျုပ် အိမ်ပေါ်တက်လာတော့ ဆရာကြီးက
ပုတီးလေး တချောက်ချောက် စိမ်လို့ဗျ။
“ဘာထူးလို့တုံး၊ မောင်တာတေ”
“ထူးတယ် ဆရာကြီး စောစောက ကျုပ်နဲ့
ကိုညိုနဲ့ ကြဲထားတဲ့ ဆန်မန်းတွေ တစ်အိမ်
လုံးမှာ ဘယ်နေရာမှ မရှိတော့ဘဲ လှေကား
အောက်မှာ စုနေတယ် ဆရာကြီး”
“ဟင် ဟုတ်လား မောင်တာတေ၊ ဒါဆိုရင် အဲ
ဒီ နေရာကို တူးရတော့မှာပေါ့၊ ကဲ ကဲ ကျုပ်
လာပြီ၊ မောင်ညိုကို တူးရွင်းလေး ဘာလေး
ရှာခိုင်းကွာ”
ကိုဘထွားတို့အိမ်က အောက်ထပ်ကတင်
မြင့်တော့ လှေကားသုံးထစ်နဲ့ တက်ရတာဗျ။
အဲဒီအိမ်ပေါ်တက်တဲ့ လှေကားအောက်မှာ
ဆန်တွေက အပုံလိုက် စုနေတာ။ ကျုပ်တစ်
သက်မှာတော့ ဒါမျိုး တစ်ခါမှ မကြုံဖူးသေးပါ
ဘူးဗျာ။ ဆရာကြီး ဦးစက်အောင် တော်တော်
ကို စွမ်းတာဗျ။ ကိုညိုက တူရွင်းတစ်ချောင်း
ယူပြီး ဆန်တွေပုံနေတဲ့ နေရာကို စပြီးတူး
တော့ပေါ့ဗျာ။ ကျုပ်တို့အညာဆိုတာ သဲမြေ
ပဲဗျာ။ သိပ်ပြီးတူးစရာ မလိုပါဘူး။
ကျင်းကြီး ဖြစ်လာတာပေါ့။ ဒါပေမဲ့ ဘာမှမ
တွေ့ဘူးဗျ။ ဆရာကြီးလည်း မျက်နှာပျက်
သွားတယ်။ ဘာမှမတွေ့တော့ ဘာလုပ်ရ
မှန်း မသိတော့ဘူးပေါ့ဗျာ။
“အုန်း၊ ဂလွမ်၊ ဂလွမ်၊ ဂလွမ်”
ဟော အပေါ်ထပ်က ခုန်ချပြီဗျို့။ နဲတဲ့အသံ
ကြီးမှ မဟုတ်တာ။ ကျုပ် အိမ်ပေါ်ထပ်ကို
ချက်ချင်း ပြေးတက်တယ်။ ကိုဝက ဓါတ်မီး
ကြီး ကိုင်ပြီး ကျုပ်နောက်က ပြေးလိုက်လာ
တယ်။ ဟာ နဲတဲ့အကောင်ကြီးမှ မဟုတ်တာ
ထုတ်တန်းပေါ်မှာ ထိုင်နေတာဗျို့။
ခြေထောက်ကြီးနှစ်ချောင်း တွဲလောင်းကြီး
ချလို့ဗျ။ ဆံပင်ကြီးက ဖားလျားကြီးနဲ့ဗျ။ မျက်
နှာကြီးကကို လင်ဗန်းကြီးတစ်ချပ်လောက် ရှိ
တာ။ မျက်လုံးကြီး နှစ်လုံးက နီရဲနေတာဗျို့။
လက်ဖက်ရည်ကြမ်းသောက်တဲ့ ပန်းကန်
လောက် ရှိမယ်။ အို…ပါးစပ်ကြီး ဖြဲထားတာ
အထဲက လျှာနီနီကြီးက တစ်တောင်လောက်
တွဲလောင်းကြီး ကျနေတာဗျို့။ ကိုယ်မှာ ဘာ
အဝတ်အစားမှ မရှိဘူး။ အမွေးရှည်ကြီးတွေ
တစ်ကိုယ်လုံး ဖုံးနေတယ်။
ဟော ဟော ခုန်တော့မယ်။ ခုန်ပြီ။ ခုန်ပြီ။
“အုန်း၊ ဂလွမ်၊ ဂလွမ်၊ ဂလွမ်”
သူ ခုန်ချလိုက်တာနဲ့ အဲဒီအသံတွေ မြည်
တော့တာပဲဗျို့။ဟော ဟော တိုင်ကနေ ဖက်
ပြီး တက်သွားပြန်ပြီဗျ။ထုတ်တန်းပေါ်မှာ ခြေ
ထောက်ကြီး တွဲလောင်းချပြီး ထိုင်နေပြန်ရော
ဗျ။ လျှာကြီးကတော့ တွဲလောင်းကြီးကျလို့ပေါ့
ဗျာ။ ကိုဝက ကျုပ်ကို ဓါတ်မီးထိုးပြထားတာ။
သူတော့ ဘာမှ မမြင်ရဘူးပေါ့ဗျာ။ ကျုပ်နဲ့ ကို
ဝ အောက်ပြန်ရောက်တော့ ဆရာကြီးက မေး
တယ်။
“ဘာမြင်ခဲ့တုံး မောင်တာတေ”
“မြင်တယ် ဆရာကြီး၊ နဲတဲ့အကောင်ကြီး
မဟုတ်ဘူးဗျ။ ကိုယ်လုံးတင် ရေတိုင်ကီ နှစ်
လုံးစာလောက်ရှိမယ်။ တိုင်ကနေ ဖက်တက်
ပြီး ထုတ်တန်းကနေ ခုန်ချတာဗျ”
“နို့ ဂလွမ်း၊ ဂလွမ် ဆိုတဲ့ အသံက ဘယ်က
မြည်တာတုံးကွ”
ကိုညိုက မျက်နှာကလေး ဇီးရွက်လောက်နဲ့
မော့ပြီး ကျုပ်ကို မေးတာဗျ။
“ဘယ်ကမြည်မှန်းတော့ မသိဘူးဗျ၊ ကိုညိုရ၊
အဲဒီကောင်ကြီး ခုန်ချလိုက်ရင် အုန်းဆိုပြီး
မြည်သွားပြီးရင် ဂလွမ်၊ ဂလွမ်ဆိုတဲ့ အသံ
တွေ မြည်လာရောဗျ”
“ကဲ မောင်တာတေ၊ ကျုပ်လည်း ဆန်မန်းစု
တဲ့နေရာကို တူးတာ ဘာမှမတွေ့ဘူးကွဲ့။
မောင်တာတေမှာ အတွေ့အကြုံရှိရင် ကြံ
စမ်းပါဦးကွယ်”
“ဆရာကြီး ဒီမှာပဲ စောင့်နေပါ၊ ကျုပ် မဖဲဝါ
ကို သွားမေးပေးမယ်”
“ဟင် ဘယ်လို ဘယ်လို မောင်တာတေ၊
ဘယ်သူ့ကို မေးမယ်”
“မဖဲဝါကို မေးမှာပါ ဆရာကြီး၊ သင်္ချိုင်းရှင်မ
မဖဲဝါကို မေးမှာပါ”
“ဟာ မောင်တာတေ၊ မဖဲဝါက သရဲမလေ”
“ဟုတ်ပါတယ် ဆရာကြီး၊ ဒါပေမဲ့ မဖဲဝါက ရိုး
ရိုးသရဲတော့ မဟုတ်ဘူးဗျ၊ သူ့မှာ အစွမ်းရှိ
တယ်။ ကဲ ကျုပ် သွားမေးလိုက်ပါ့မယ်ဗျာ”
ကျုပ်က ပြောပြောဆိုဆိုနဲ့ ဝိုင်းထဲက ထွက်ခဲ့
တယ်။ ကိုဝကလည်း ငါးတောင့်ထိုးဓါတ်မီး
ကြီးနဲ့ ကျုပ်နောက်က ပါလာတယ်ဗျ။ ဘန့်
ဘွေးကုန်းသင်္ချိုင်းကို ရောက်တော့ ကျုပ်နေ
ရာလေးတစ်ခု ရွေးပြီး မဖဲဝါကို ပင့်ရတော့
တာပေါ့ဗျာ။
“သင်္ချိုင်းရှင်မကြီး မဖဲဝါ၊ တာတေက ပင့်ဖိတ်
ပါတယ်၊ ဒီတစ်ခါတော့ အရေးတကြီးဖြစ်နေ
လို့ စားပွဲသောက်ပွဲ မပါခဲ့တာ ခွင့်လွှတ်ပါ မ
ဖဲဝါ၊ ဘန့်ဘွေးကုန်းက အိမ်တစ်အိမ်မှာ ပုဏ္ဏ
တိုက်နေလို့ပါ မဖဲဝါ၊ ဆရာကြီး ဦးစက်အောင်
ကို ကျုပ် ကူညီချင်လို့ပါ၊မဖဲဝါ ကြွပြီး ဘာလုပ်
ရမယ်ဆိုတာကို ပြောပြပါဗျာ၊ အမြန်ကြွခဲ့ပါ
မဖဲဝါ”
“ဝူး- ဝူး- ဝူး- အီး- အီး- အီး”
ဟာ ဒါ မဖဲဝါရဲ့ ခွေးကြီးအူတဲ့အသံပဲ။ မဖဲဝါ
လာပြီထင်တယ်။ ဟော လာပြီဗျို့၊ ဂူတွေအ
ပေါ်က ရွေ့လာတာ မဖဲဝါကြီးပဲဗျ။ အရပ်ကြီး
ဆယ်ပေလောက် ရှိတယ်ဗျို့။ ဆံပင်ဖားလျား
ကြီးနဲ့ဗျာ။ ကျုပ် ကြည့်နေတုန်းမှာ ဖြုတ်ကနဲ
ပျောက်သွားတယ်ဗျ။
“အီး၊ အီး၊ ဟင်း၊ ဟင်း၊ ဟင်း”
ကျုပ်နောက်က အသံကြီးဗျ။ ကျုပ် ချက်ချင်း
နောက်လှည့်ကြည့်လိုက်တယ်။ ဟာ ကိုဝ
ကိုဝ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေပါ
ရောလား။ မဖဲဝါ ကိုဝကို ဝင်ပူးလိုက်တာပဲဗျ။
ဟော ငြိမ်သွားပြီ၊ ငြိမ်သွားပြီ။ ကိုဝ တုန်နေ
တာ ရပ်သွားပြီဗျို့။
“ဟဲ့ တာတေ၊ လှေကားထစ် သုံးထစ်ရဲ့ အ
ပေါ်ဆုံးထစ်မှာ ခေါင်းရိုက်သံ ရိုက်ထားတယ်
အဲဒီသံကို နှုတ်ပစ်လိုက်၊ ပြီးရင် ဘုန်းကြီး
ကမ္မဝါစာဖတ်၊ ဟီး၊ ဟီး၊ ဟီး၊ အီး၊ အီး”
ဟာ ကိုဝ ခွေကျသွားပြီဗျို့။ မြက်ခင်းပေါ်
ကိုခွေပြီး လဲကျသွားတာ။ ကျုပ် ပွေ့ထူ
လိုက်တယ်
“ကိုဝ- ကိုဝ- ကိုဝ”
ကျုပ်က ကိုဝကို လှုပ်ပြီးနှိုးတယ်။
ကိုဝ မျက်စိ ဖွင့်ကြည့်တယ်။
“ဟင် ငါ ဘာဖြစ်လို့တုံး တာတေ”
“ကိုဝ ခေါင်းမူးသွားတာ ထင်တယ်ဗျ”
“အေး ဟုတ်မယ်ကွ၊ ငါ ခေါင်းထဲမှာ နောက်
တောက်တောက်ဖြစ်နေတယ်”
ကိုဝက ပြောရင်းနဲ့ ထရပ်တယ်။ လေကို ပြင်း
ပြင်းရှူလိုက်တယ်။
“အေး ကောင်းသွားပါပြီကွာ၊ နို့ မင်း မဖဲဝါ
မလာသေးဘူးလားကွ”
“လာပြီးသွားပြီဗျ၊ ကျုပ်ကိုလည်း ပြောသွားပါ
ပြီ၊ ကဲ ရွာထဲ ပြန်ဝင်ကြရအောင်”
ကျုပ်နဲ့ ကိုဝ ရွာထဲ ပြန်ဝင်ခဲ့တယ်။ ကျုပ် ကို
ဝကို မဖဲဝါ ဝင်ပူးသွားတာကို ဘယ်တော့မှ မ
ပြောဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ကျုပ်တို့ပြန်
ရောက်တော့ ဆရာကြီး ဦးစက်အောင်က မေး
တယ်ဗျ
“အကြောင်းထူးလား မောင်တာတေ”
“ထူးတယ် ဆရာကြီးရေ၊ ဆရာကြီးရဲ့ ဆန်
မန်းတွေ စုတဲ့နေရာက ဝအမှန်ပဲဗျ၊ ဒါပေမဲ့
ကျုပ်တို့က မြေကို တူးရှာတော့ လွဲကုန်တာ
ဗျ။ တကယ်က လှေကားအပေါ်ဆုံးအထစ်မှာ
ခေါင်းရိုက်တဲ့သံ ရိုက်ထားတာတဲ့ဗျ”
“ဟေ ဟုတ်လား၊ ရှာကြကွာ၊ ဒါဆိုရင်”
ကျုပ်ရော ကိုဝတို့နှစ်ယောက်ရော လှေကား
ထစ်မှာ သံရှာကြတာပေါ့ဗျာ။
“ဟာ တာတေရေ၊ ဒီမှာကွ၊ လှေကားထစ် အ
လယ်မှာ အသားလွတ်ကို ရိုက်ထားတာကွ၊
လှေကားဆိုတာ သုံးလက်မခွဲ လေးလက်မသံ
ပဲ ရိုက်တာ မဟုတ်လား၊ ဒီတစ်လက်မခွဲသံက
လှေကားရိုက်တဲ့သံမှ မဟုတ်တာ၊ သတ်သတ်
ကို တာတေရ”
“ဘယ်မှာတုံး ပြစမ်း၊ ကျုပ် ကြည့်စမ်းဦးမယ်”
ဆရာကြီး ဦးစက်အောင်ကိုယ်တိုင် ကြည့်
တယ်ဗျ။
“အင်း မောင်ဝ ပြောတာ ဟုတ်တာပေါ့ကွာ၊
ဒီသံက ခေါင်းရိုက်တဲ့သံပဲ၊ ကဲ နှုတ်ကြပေ
တော့ကွာ”
ကိုဝနဲ့ ကိုညိုက သံကလော်တွေ၊ တူတွေနဲ့
သံကို နှုတ်ကြတာပေါ့ဗျာ၊မကြာပါဘူး နှုတ်
လို့ရသွားတယ်၊ ဟုတ်ပါ့ဗျာ၊ တစ်လက်မခွဲ
သံဗျ။ ကိုညိုက သံကို ယူပြီး ဝိုင်းထဲ လွှင့်ပစ်
မယ်လုပ်လိုက်တယ်။
“ဟေး ဟေး မောင်ညို မပစ်နဲ့၊ အောင်မယ်
လေး ဒီသံကို ပေါ့သေးသေးများ ထင်နေလား
အဲဒီသံကို သင်္ချိုင်းကုန်းမှာ သွားလွှင့်ပစ်လိုက်
ကြ”
ဆရာကြီး ဦးစက်အောင်က ပြာပြာသလဲ
ပြောလိုက်တာဗျို့။ ကျုပ်တောင် အံ့သြသွား
တယ်။ ကျုပ် သံကို ကိုညို့ဆီက ယူလိုက်ပြီး
ချက်ချင်း ဝိုင်းထဲက ထွက်လာတယ်။ ကျုပ်
နောက်က ကိုညိုလည်း ကပ်ပြီး ပါလာတယ်
ဗျ။ ကိုညိုက ဓါတ်မီးထိုးပြတာပေါ့ဗျာ။ ဘန့်
ဘွေးကုန်းသင်္ချိုင်းရောက်တော့ ကျုပ် သံကို
မြေမြှုပ်ပစ်လိုက်တယ်။
ကျုပ်နဲ့ ကိုညို ဝိုင်းထဲ ပြန်ရောက်တော့

အိမ်ကြီးက ငြိမ်နေပြီဗျ။ တအုန်းအုန်းနဲ့ ခုန်ချတဲ့
အသံရော၊ ဂလွမ်း၊ ဂလွမ် ဆိုတဲ့ အသံရော
မကြားရတော့ဘူးဗျ။
ဒါနဲ့ ကျုပ်နဲ့ ကိုဝ အပေါ်ထပ်ကို တက်ကြည့်
ကြတယ်။ ဟာ သွားပြီဗျို့။ မရှိတော့ဘူး။ ဘာ
ကောင်မှကို မတွေ့တော့တာ။ ဒီတော့မှ ကျုပ်
လည်း သက်ပြင်းချနိုင်တော့တာပေါ့ဗျာ။ ကျုပ်
တို့လည်း ညတွင်းချင်းပဲ ကိုဘထွားတို့ကို သွား
ခေါ်ပြီး အိမ်ပေါ် ပြန်တင်ပေးခဲ့တယ်။
နောက်နေ့မနက်ပဲ ဘုန်းကြီးငါးပါးကို နေ့ဆွမ်း
ကပ်ပြီး ဘုန်းကြီးတွေက အန္တရာယ်ကင်းပရိတ်
ရွတ်တယ်။ ကမ္မဝါဖတ်ပေးကြတယ်ဗျ။အားလုံး
ပြီးသွားပြီပေါ့ဗျာ။ အဲဒီနေ့ပဲ ကျုပ် ရွာပြန်ခဲ့တာ။
အိမ်ရောက်တော့ အဘနဲ့ အမေကို ဒီအကြောင်း
ပြောပြတော့ အဘရော အမေရော အံ့သြလိုက်
ကြတာ မပြောပါနဲ့တော့ဗျာ။

ပြီးပါပြီ
မူရင်းရေးသူ— ဆရာ တာတေ

Leave a Comment