ဆယ့်နှစ်ကြိုးခင်သုန် (ဇာတ်သိမ်းပိုင်း)

” ဆယ့်နှစ်ကြိုးခင်သုန် ” (ဇာတ်သိမ်းပိုင်း)
+++++++++++++++++++++

(၇)
“ဘယ်လိုပြောလိုက်တာလဲ ခက်ဇော်ရယ်… စုန်းပညာ ဆိုတာ အပါယ်လားဖို့ ကျိန်းသေအာမခံထားတဲ့ ပညာရပ်ပါလို့ မမ ခုနက ပြောခဲ့ရဲ့သားနဲ့….မင်းက ဘာလို့သင်ချင်ရတာလဲ”
“မဟုတ်ဘူး–မမ–ကျွန်တော်ဒီကိုလာတဲ့ရည်ရွယ်ချက် နံပါတ်(၁)က အဲ့ဒီ စုန်းပညာကိုသင်ချင်လို့ပဲ– နံပါတ်(၂)ကတော့ မမခင်သုန် ကို တွေ့ချင်လို့ပဲ–မမ–ကျွန်တော့်ကို စုန်းပညာ သင်ပေးလို့ရလား–မမ”
“မမ— မင်းကို လုံး၀ မသင်ပေးနိုင်ဘူး —ခက်ဇော်— ဒီအကြောင်း မင်းဆက်ပြောမယ်ဆိုရင် မမ အိမ် မင်းဘယ်တော့မှ မလာနဲ့တော့….ဒါ….မမ မင်းကို သံယောဇဉ်ရှိလွန်းလို့ ပြောရတာပါ…သိလား”
“ကျွန်တော်က စုန်းပညာကို စိတ်ဝင်စားတယ်…ပြီးတော့…အဝိစိ ဆိုလည်း ဘာဖြစ်လဲ..မမသုန် ပါတာပဲ…နှစ်ယောက်အတူတူ သွားကြတာပေါ့ဗျာ……မမသုန်ပါရင် ကျွန်တော် အဝီစိလည်း မကြောက်ဘူး”
ခက်ဇော် ၏ စကားလုံးတွေကြောင့် ခင်သုန်တစ်ကိုယ်လုံး နွေးထွေးသွားသလို..အရင်လို တစ်ကောင်ကြွက် ခင်သုန် မဟုတ်တော့ပါလား ဆိုသည့် အတွေးမျိုးကြောင့် အားရှိသွားမိသည်ကတော့ အမှန်။
ထိုနေ့ကစပြီး ခက်ဇော် နှင့် စကားအတိုက်အခံမပြောချင်သဖြင့် ခင်သုန်တစ်ယောက် ရှောင်နေခဲ့သည် ။ ခြေထောက်ကလည်း သက်သာလာပြီဖြစ်သဖြင့် စက်ဘီးဖြင့် တစ်ဖက်ရွာက စာရင်းငှားချထားသည့် လယ်တွေဆီ တစ်နေကုန် လျှောက်သွားနေမိသည်—–။
“မမခင်သုန်— လို ဘ၀ မျိုး မင်းမရောက်ချင်ပါနဲ့— ခက်ဇော်ရယ်—။ အဝိစီအထိလည်း အတူမလိုက်ချင်ပါနဲ့”
သို့သော်ငြား
ခင်သုန့် ဆုတောင်းမပြည့်ခဲ့ပါ—–။
+++++++++
ခက်ဇော် က ဝင်းထိုက်အဖေနှင့်အတူ နွားမွေးသည့် စားကျက်များဆီ ခြေဦးလှည့်နေသည်။
ဝင်းထိုက် အဖေ ၏ နွားများကို ထိန်းကျောင်းရသည့် ဘကြီးမိုး နှင့် ခက်ဇော်တို့ စကားလက်ဆုံကျရင်း ရှေ့မှီနောက်မှီ ဘကြီးမိုး ကို တချိန်က ထိုနယ်တွင် မှော်ပညာထွန်းကားခဲ့သည့်အကြောင်းများ မေးမြန်းမိသည်–။
“ဘကြီးတို့ခေတ်တုန်းက…ဒီဒေသသားဆိုရင် အောက်ပြည်က တော်ရုံမှော်ပညာရှင် တွေ စုန်းတွေ..အမှောက်ပယောဂ တွေ က လေးစားကြတယ်ကွ.. အဲ့ဒီလို လေးစားအောင်လည်း ဆရာတွေက ပညာတွေကို စနစ်တကျအမွေပေး အမွေခံ ထိန်းသိမ်းခဲ့ကြတာကိုး.”
“နေပါအုံး ဘကြီးမိုးရဲ့ စုန်းပညာသင်တဲ့နေရာမှာ သွေးသာရင်းဆိုရင် ဘူးသွင်းပြီး ပညာလက်ဆင့်ကမ်း တယ်လို့ ကျွန်တော်ကြားဖူးတယ်..သွေးသားမတော်စပ်တဲ့သူကိုကျတော့ရော ပညာသင်ပေးလို့မရဘူးလား”
“အင်း…စုန်း က ဆန္ဒရှိလို့ရှိရင် သူ ပေးချင်သူကို ပညာသင်ပေးလို့ရတယ်…နောက်တစ်ခုက စုန်းပညာသင်ယူချင်တဲ့သူဟာ စုန်းပညာသင်ချင်တယ်ဆိုရင် လပြည့် နေ့ ညနေနေဝင်ရီတရောမှာ စုန်းရှိတဲ့ခြံဝန်းရဲ့ အနောက်ထောင့်ဘက်ကနေ နနွင်းနယ်ထားတဲ့ ဆန်တစ်ဇလုံ ထဲမှာ ကြွက်မြီးမပါတဲ့ အုန်းသီးကိုထည့်..ဝါးနဲ့လုပ်ထားတဲ့ စက္ကူတံခွန်တိုင်လေးချောင်းကို ထိုးပြီး..ခေါင်းပေါ်ရွက်သွားရတယ်.. သူ အနောက်ထောင့်ဘက်ကနေ စုန်းပညာသည်ရဲ့ ခြံရှေ့တည့်တည့်ကို ရပ်မိပြီဆိုရင်…စုန်းပညာသည်ဟာ သူ့ကို ပညာအမွေခံ တပည့်အဖြစ် ပညာမဖြစ်မနေသင်ပေးရတော့မယ်ကွယ်…..ဒါ မြန်မာ့ရိုးရာစုန်းအတတ်ပညာရဲ့ ရှေးစည်းကမ်းပဲ—–
ဒီစည်းကမ်းဓလေ့ရဲ့ အဓိပ္ဖါယ်က ဘာကိုဆိုလိုတာလဲဆိုတော့ လပြည့်နေ့တွေဟာ စုန်းတွေရဲ့ ပညာအဆင့်တတ်တဲ့နေ့..တစ်ခါတစ်ရံ စုန်းအချင်းချင်း ပညာပြိုင်ရာနေ..စုန်းတောက်စားရာနေ့တွေပဲ…
ဒီလိုနေ့မျိုးမှာ နနွင်းနယ်ထားတဲ့ဆန်နဲ့ ကြွက်မြီးမပါတဲ့အုန်းသီးကို သယ်လာသူက စုန်းရှေ့ရောက်လာတာ ဟာ စုန်းရဲ့ ပညာခန်းကို ရှေ့တစ်ဆင့်တက်ဖို့လိုအပ်တဲ့ ဒီအစီအရင်တွေနဲ့ လာကူညီပါတယ်ဆိုတဲ့ အဓိပ္ဖါယ် နဲ့ အတူ အဲ့ဒီလိုကူညီသူကို စုန်း က သူ့ပညာအခြေခံကို ကျေးဇူးဆပ်တဲ့အနေနဲ့ သင်ပေးရမယ်လို့ ရှိသကွဲ့…”
“အဲ့ဒီလို မိမိနဲ့ သွေးမတော်သားမစပ်လူမျိုးကို စုန်းပညာသင်ပေးမယ်ဆိုရင်လည်း ဘူးသွင်းသလိုမျိုး ဘူးသီးစိတ်ထဲ ပညာရပ်ထည့်ပြီး ကျွေးရုံနဲ့ စုန်းပညာကို မရဘူး….. အဲ့ဒီလပြည့်ညပြီးလို ပထမဆုံး လကွယ်ည မှာ အရမ်းကို အောက်တန်းကျ ညစ်ညမ်းလှတဲ့ အစီအရင်တွေပါတဲ့ အခြေခံတွေ ကိုစသင်ပြီး အဆင့်ဆင့် ခက်ခက်ခဲခဲသင်ယူရတယ်…. အဲ့ဒီအစီရင်တွေကို သင်ယူသူကိုယ်တိုင်က ချိုးဖောက်ခွင့်မရှိသလို… သင်ပေးတဲ့ စုန်းကလည်း ချိုးဖောက်ခွင့်မရှိဘူး……. အစကနေ အဆုံးအထိသင်ပေးရတယ်…. အစီအရင်တွေက အရမ်းကို ကြောက်စရာကောင်းပြီး ညစ်ညမ်းတဲ့အတွက် ဆက်မသင်ချင်လို့မရဘူး..အဲ့လိုပဲ..စုန်းပညာရှင်ကလည်း ဆက်မသင်ပေးချင်လို့မရဘူး…ဖောက်ဖျက်တဲ့သူကို ဇော်ဂနက်မယ်တော်ကြီးရဲ့ အစေအပါးကဝေတွေက ဝိညာဉ်နုတ်ပစ်တယ.. ဒါကြောင့် ဒီပညာဟာ အရမ်းကြောက်စရာကောင်းတဲ့ ကျိန်စာတစ်မျိုးပါပဲ…လူလေး”
ဘကြီးမိုး ထံမှ ပြန်လာပြီးနောက် ခက်ဇော် စဉ်းစားနေသည်။
သဘက်ခါသည် လပြည့်နေ့ည…
+++++++++
(၈)
ခြံရှေ့တွင်……ဆန်ဇလုံးကို ရွက်လျက် မတ်တပ်ရပ်နေသည့် ခက်ဇော် ကို ကြည့်ပြီး ခင်သုန် ပါးစပ် အဟောင်းသားဖြစ်သွားသည်—–။
“ခက်ဇော်—–မင်း—–မင်း…မင်းကွာ—”
“ဟုတ်တယ် မမသုန်…. ကျွန်တော့်ကို ဒီနေ့ကစပြီး တပည့်အဖြစ်လက်ခံပါတော့”
“မင်းကို မမ အတန်တန်တားရက်နဲ့…အေး မင်းထိုက်နဲ့မင်းကံပဲ မင်းက လူမိစ္ဆာဖြစ်ချင်နေမှတော့…
အေး နောက်ဆယ့်ငါးရက်တိတိ လကွယ်ည(၁၁)နာရီကျရင် မင်း..ဒီအိမ်ရှေ့ကို ပြန်လာခဲ့….
ငါ မင်း ဆရာဖြစ်သွားပြီ………….မင်းကို ငါ့ဆယ့်နှစ်ကြိုးပြီးတဲ့အထိ…ပညာဂိုဏ်းတက်ရတော့မယ်”
“မမသုန်…….ကျွန်တော့်ကို ခွင့်လွှတ်ပါဗျာ”
ခင်သုန်က ခြံဝန်းတံခါးကို ဝုန်းခနဲ့ ဆောင့်ပိတ်ပစ်လိုက်သည်။
ခင်သုန် ခြံရှေ့ ဗာဒံပင် အောက်က ခုံတန်းလေးမှာ ခက်ဇော် ခေါင်းငိုက်စိုက်ချ ထိုင်နေလိုက်သည်..။
“မမသုန် ရေ——— ခွင့်လွှတ်ပါဗျာ။
ကျွန်တော် ဒီပညာတတ်မှ ဖြစ်မှာပါ…. ဒီပညာတတ်မှ ကျွန်တော့်အမေကို အပင်းသွင်းပြီး ပြုစားခဲ့ တယ်ဆိုတဲ့…. လူတွေကို ကလဲ့စားချေနိုင်မှာ……ကျွန်တော်…..မမသုန် စေတနာကို နားလည်ပါတယ်.. ဒါပေမယ့်..ကျွန်တော် ကိစ္စတွေပြီးရင်တော့…….မမသုန် ရှိရာ ကျွန်တော်ပြန်လာပြီး..ဒီအိမ်လေးမှာ.. ကျွန်တော်တို့——”
ခက်ဇော် က ခင်သုန်ရှိနေမည့် အိမ်ပြတင်းလေးအား ငေးပြီး တွေးနေခိုက်—
မခင်သုန်၏ ခြံဝန်းအတွင်းမှ ” ဝုန်း ” ဆိုသည့် အသံအုပ်အုပ်ဖြင့် မီးလုံးကြီးတစ်လုံး ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်ကို မြင်လိုက်ရသည်..။
ခက်ဇော် ပါးစပ်အဟောင်းသားဖြင့်ကြည့်နေခိုက်… မီးလုံးကြီးက ဟိုးအမြင့်ကြီးကို အ ရှိန်ဖြင့် ထိုးတက် သွားရာမှ..ခက်ဇော်ထိုင်နေသော ဗန်ဒါပင် တည့်တည့်သို့ အရှိန်ဖြင့် ထိုးဆင်းလာသည်။
ခက်ဇော်ကြောက်လန့်ပြီး ဗန်ဒါပင်အောက်က ပြေးထွက်တော့မှ မီးလုံးကြီးက ကောင်းကင်ပေါ်ပြန်ထိုး တက်သွားသည်။
မီးလုံးကြီး ထိုးတက်သွားသည့်အရပ်က ရွာအရှေ့ဘက်ကောင်းကင်ဆီသို့ဖြစ်သည်..
အရှေ့ဘက်ကောင်ကင်ကို ခက်ဇော်လိုက်ကြည့်နေခိုက်……………အခြားမီးလုံးတစ်လုံးလည်း ထပ်တက်လာပြီး မီးလုံး(၂)လုံး ကောင်းကင်တွင် လှည့်ပတ်နေကြသည်။
လပြည့်ည၏ အလင်းရောင်အောက်ဝယ်.. မီးလုံး ကြီးတွေ (၄)(၅)လုံးဖြစ်လာသည်ကို ခက်ဇော် အံသြတကြီး ငေးမောနေမိတော့သည် ။
အိမ်ရောက်တော့ ဝင်းထိုက်အဖေကို သူ မမခင်သုန်ထံ ဆန်ဇလုံထမ်းသွားသည့် ကိစ္စကိုမပြောဘဲ မီးလုံးကြီး တွေကိစ္စကို ပြောပြလိုက်သည်…။
“အေး…ငါ့တူပြောပုံအရဆို မီးလုံးကြီး(၄)(၅)လုံးဆိုတော့ မကြာခင် စုန်းပညာသည်အသစ်တစ်ယောက် ပေါ်လာဖို့များပြီကွာ.. တို့ရွာကလူ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပေါ့”
“ဦးလေး နည်းနည်းရှင်းပြပါအုံး..အဲ့မီးလုံးတွေနဲ့ စုန်းတစ်ယောက်ပေါ်မှာနဲ့ ဘာဆိုင်လို့တုန်း”
“အဲဒါကို စုန်းတောက်တယ်လို့ခေါ်တယ်.. လပြည့်ညတွေဆို (၁၂)ကြိုးကဝေအဆင့် စုန်းတွေက ကောင်းကင်တိမ်ညွန့်တက်စားရင်း စုန်းတောက်ကြသလို အောက်အဆင့်စုန်းဖြစ်တဲ့ စုန်းတွေက မစင်တွင်းတွေထဲ.. အိမ်ကြို အိမ်ကြားတွေ..တောတောင်တွေထဲ စုန်းတောက်ကြရတယ်”
“တစ်ခါတစ်ရံ (၁၂)ကြိုးစုန်း အချင်းချည်း မတည့်တဲ့ အခါတို့ နယ်လုတဲ့အခါမျိုးဆို.. ကောင်းကင် မှာ စုန်းတောက်ရင်း ပညာပြိုင်ကြတယ်…. ပညာခန်းဖလှယ်ကြတယ်… အဲ အခုလို စုန်း (၄)(၅)ယောက် စုဝေးပြီး စုန်းတောက်တာကတော့… နယ်အတွင်းမှာရှိတဲ့ အဆင့်မြင့် ၁၂ ကြိုးစုန်းအချင်းချင်း တွေ့ပြီးတော့.. ငါ့ (၁၂)ကြိုးအဆင့်ကို လူတစ်ယောက်ကို ပညာခန်းတက်ပေးတော့မယ် ဆိုတာကို အသိပေးညှိနှိုင်းတဲ့ သဘော ကွ—– ဒီနယ်တဝိုက်မှာတော့ ဦး ကြားဖူးသလောက် ဆယ့်နှစ်ကြိုးအဆင့်ဆိုလို ဒီနယ်တစ်ဝိုက်မှာ ဦးတို့ရွာက မယ်ပန်းအိသမီး ခင်သုန် နဲ့ တောင်ဘက်ပိုင်းရွာတွေက (၃)ယောက်လောက်သာရှိတာ… အေးကွာ.. ငါ့တူလည်း မိုးချုပ်ပြီ..အိပ်တော့..ခင်သုန် ဆီ စိတ်စွဲနေရင်တော့..တိမ်ညွှန့်စားနိုင်အောင်ကြိုးစားပေါ့ ငါတူရာ”
ဝင်းထိုက် အဖေက နောက်ပြောင်ပြောသော်လည်း ညနေက သူ ဆန်ဗန်း ရွက်တာကို သိများ သိသွားသလားဆိုပြီး ခက်ဇော်တွန့်သွားသည်.. ။
(၉)
လမိုက်ည—
ခက်ဇော် နှင့် ခင်သုန် တို့အတွက် — ပိုမှောင်နေသည့်ည—။
(၁၁)နာရီတိတိတွင် ခင်သုန် ခြံတံခါးပွင့်လာသည်…..
“လာ..ခက်ဇော်…..မသုန် နောက်လိုက်ခဲ့”
လမိုက်ညအမှောင်ထဲတွင် ခင်သုန်က ရေနံဆီမီးတုတ်ကို ကိုင်ရင်း အိမ်ခြံအနောက်ဘက်သို့ သွားသည်။
ရေနံဆီမီးတုတ် အလင်းရောင် အောက်တွင် ဆံပင်ဖားလျားချပြီး သူ့ရှေ့က သွားနေသော ခင်သုန် ကို ကြည့်ပြီး ခက်ဇော်.. စိတ်တွေ နည်းနည်းရွံ့လာသည်…
သူ ဒီညက စပြီး စုန်းပညာ သင်ရတော့မှာပါလား..။
နောက်ဘေးခြံကွက်လပ်ရှိ စားပွဲခုံတစ်လုံးရှေ့တွင် ခင်သုန် က ရပ်လိုက်သည်..။
မီးတုတ်ကို မြေကြီးမှာ စိုက်လိုက်ပြီး… ..စားပွဲခုံပေါ်က ရေခွက်ကို ယူလိုက်သည်..။
“ခက်ဇော်.. မင်း ဟို အိမ်နောက်ဘက်က တံစက်မြိတ် နားမှာ မတ်တပ်သွားရပ်ပါ”
ခက်ဇော် က မီးတုတ်အလင်းရောင်ဖြင့် ခပ်ရေးရေးမြင်နေရသော ခင်သုန် အိမ်တံစက်မြိတ်တွင် မတ်တပ်သွားရပ်နေလိုက်သည်….
ခင်သုန် က စားပွဲခုံရှေ့တွင် ဒူးထောက်ပြီး ရေခွက် ကို ခေါင်းပေါ်တင်ပြီး တစ်စုံတစ်ရာကို ရွတ်ဆိုနေ သည်..။
ပြီးနောက် ခက်ဇော် ဆီ လျှောက်လာပြီး ရေခွက်ကို ကမ်းပေးသည်—
“ကဲ….ခက်ဇော်.. မင်း ဒီရေခွက်ကို ကိုင်ပြီး တံစက်မြိတ်ပေါ် ရေကို နောက်ပြန် ပက်တင်လိုက်..
ပြီးရင် ပြန်ကျလာတဲ့ ရေကို မင်းဒီခွက်နဲ့ ပြန်ခံပြီးတာနဲ့ ချက်ခြင်း မော့သောက်ရမယ်..”
“ဒါဟာ စုန်းပညာရဲ့ အခြေခံဖြစ်တဲ့ တံစက်ပြန်ရေသွင်းတဲ့ အစီအရင်ပဲ.. တံစက်ပြန်ရေ ဟာ မင်းကို တစ်ခြား ပညာသည် စုန်းကေ၀ တွေကို ပညာသည်မှန်း သိနိုင် မြင်နိုင်ပြီး အပင်းသွင်းခြင်း အမှောက် အတိုက် ပြုစားခြင်းကနေ ခံနိုင်ရည်ရှိအောင် ကူညီပေးလိမ့်မယ်..ကဲ..စတော့..။
ရေတွေကို မြိုချပြီးသည့်အခါ……ခက်ဇော်မျက်စိထဲ….ပြာဝေသွားသည်။
ပတ်ဝန်းကျင်ကလည်း အရင်လောက် မမှောင်တော့သလို ခံစားလာရသည်။
မီးတုတ်အလင်းရောင်က ပြာလဲ့လဲ့ဖြစ်နေသည်ဟု လည်း ခံစားလိုက်ရ၏။
ခင်သုန့် ကိုကြည့်လိုက်သည့်အခါ မီးရောင်လဲ့လဲ့အောက်တွင် ခင်သုန်၏ ခန္ဓာကိုယ်မှာ စိမ်းပုပ်ပုပ်အရောင်တွေထွက်နေသည်ကို မြင်လိုက်ရသည်။
“ကဲ..အခြေခံအဆင့် ရပြီ…. ဒုတိယ အဆင့်အနေနဲ့ မင်း ဇော်ဂနက် မျက်ကွင်း လိမ်းရမယ်”
“လာ အိမ်ပေါ်လိုက်ခဲ့……….”
မမသုန် အိမ်လှေကားတစ်လျှောက် ဖယောင်းတိုင်မီးတွေ ထွန်းထားသည်။
အိမ်ပေါ်ရောက်ရောက် ခြင်း သူတွေ့လိုက်သည်က မမသုန်အိမ် ပထမဆုံးအကြိမ်စရောက်တုန်းက သူမြင်လိုက်ရသည့် မိန်းမရုပ်ထု။
သူနေ့ခင်းဘက်တွေ့တုန်းက မိန်းမရုပ်ထုက မဲနက်လို့နေသည်… အခု ညမှာတော့ မိန်းမရုပ်ထုက စိမ်းဖန့်ဖန့်အလင်းတွေထွက်နေသည်ကို တွေ့ရသဖြင့် ခက်ဇော် အံသြနေသည်..။
“မင်း အံသြနေသလား ငါ့မောင်….. မင်းအရင်တစ်ခေါက်လာတုန်းက ဇော်ဂနက်မယ်တော်ကြီး ရုပ်ထု ကို တွေ့သွားတာ ငါသိတယ်…အခု မယ်တော်ကြီးက အစိမ်းရောင်ဖြစ်နေလို့ မင်းအံသြနေတာမဟုတ်လား.. မအံ့သြပါနဲ့ကွာ… သာမန်လူတွေကြည့်လို့သာ အနက်ရောင်ဖြစ်တာ…စုန်းပညာသည်ခြင်းကြည့်ရင်.. အရောင်မတူဘူး… မင်းက ပညာသင်ဆိုပေမယ့် ခုန တံစက်ပြန်ရေအစွမ်းနဲ့ ဒီလိုမြင်ရတာပါ..”
ခင်သုန်ရှင်းပြမှ ခက်ဇော် သဘောပေါက်သွားသည်။
ဒါဆို ခင်သုန်ကို သူစိမ်းပုပ်ပုပ်အရောင်ကြီး မြင်နေတာ တံစက်ပြန်ရေတန်ခိုးပေါ့—။
“လာ ဒီရှေ့မှာ ဒူးထောက်—–”
ဇော်ဂနက်မယ်တော်ရုပ်ထုရှေ့မှာ ခက်ဇော် ဒူးထောက်လိုက်သည်။
ခင်သုန်က သူ့တွင်ပါလာသော တံခွန်တိုင်လေးများကို ဇော်ဂနက်မယ်တော်ရုပ်ထုရှေ့ရှိ အမွှေးတိုင် အိုးတွင်ထိုးစိုက်လိုက်သည်။
ပြီးနောက် လောပန်အမွှေးခဲ(၁)ခဲကို မီးရှို့ပြီး အိုးထဲ ပစ်ထည့်လိုက်သည်..။
ခင်သုန်က ဇော်ဂနက်မယ်တော်ကြီးရုပ်ထု၏ အောက်ပိုင်းတွင် ပက်ထားသော ထမီစ အား ဖြဲယူလိုက်သည်။
“မင်း မျက်စိမှိတ်ထား……ခက်ဇော်
မင်းရဲ့မျက်စိ နှစ်လုံးကို အခုချိန်က စပြီး ဇော်ဂနက်မယ်တော်ကြီးရဲ့ ထမိန်နားအောက်ကို ပို့ဆောင်လိုက်ပြီ…………. မင်း မျက်စိ နှစ်လုံးဟာ ဇော်ဂနက်မယ်တော်ကြီးရဲ့ ပိုင်ရှင်ဖြစ်သွားပြီ…”
ခင်သုန်က ပြောရင်းဖြင့် ထမီစကို ခက်ဇော်မျက်လုံးနှစ်ဖက်တွင် ပတ်စည်းလိုက်သည်..။
ထမီစပတ်စီးခံလိုက်ရသဖြင့် ခက်ဇော်စိတ်ထဲ တစ်မျိုးတော့ဖြစ်သွား၏။
“ကဲ..အခုမှတော့ ဘာမှမတွေးနဲ့တော့ ငါ့မောင်…မသုန် အတန်တန်တားတဲ့ကြားက မင်းဒီလမ်းကို ရွေးခဲ့တာ…မင်းစခဲ့ပြီးပြီ .ဆက်မလျှောက်ရင်တော့………မင်းဒုက္ခတွေ့လိုက်မယ်”
မျက်လုံးကို ထမီစ အစီးခံပြီးနောက် အခန်းထဲမှာ တိတ်ဆိတ်သွားသည်။
ခက်ဇော် မျက်လုံးတွေကို ဖွင့်ကြည့်လိုက်သည်။
ဇော်ဂနက်မယ်တော်ကြီးက သူ့ကို စိုက်ကြည့်နေသည်။
သူ့ညာဘက်ဘေးတွင် နဖူးမောက်မောက် နှင့် လူ(၁၀)ယောက်။
.သူတို့မျက်နှာတွေမှာ နဖူးတွေကမောက်ထွက်နေပြီး မျက်လုံးတွေက အထဲသို့ပင် ဝင်နေသည်။
အင်္ကျီအဝတ်အစားမပါသော်လည်း ကိုယ်လုံးက ဘာမှမရှိဘဲ ပြောင်ချောကြီးတွေဖြစ်နေသည်။
အရောင်က ညှိပုပ်ပုပ်….။
ဘယ်ဘက်ဘေးတွင်တော့ နဖူးပြင်ပြားချပ်နေသည့် ကြောက်မက်ဖွယ်မျက်နှာမှာ မညီမညာသွားများ ခေါထွက်နေသည့် လူ(၅)ယောက်လောက်ကို တွေ့ရပြန်သည်။
ခက်ဇော်က ခင်သုန်မျက်နှာကိုလှမ်းကြည့်လိုက်သည်။
ခင်သုန်၏ မျက်နှာက ချောမောလှပနေသာ်လည်း မျက်လုံးတွေက အဖြူဆံတွေချည်းဖြစ်နေ၏။
ခင်သုန့်ဘေးတွင် ခင်သုန်ကဲ့သို့ မျက်လုံး အဖြူဆန်နှင့် အမျိုးသမီး(၃)ယောက် နှင့် ပိန်ပိန်ပါးပါးလတ်လတ်ယောင်္ကျားတစ်ယောက်..ရပ်နေသည်။
သူတို့အကြည့်တွေအားလုံးက ခက်ဇော် မျက်လုံးတည့်တည့်ကို ကြောက်မက်ဖွယ်ရာ စိုက်ကြည့်နေကြသည်…။
ခက်ဇော် စိတ်ကို တင်းနေအောင်ထားပြီး..သူတို့အားလုံးကို ခပ်စိမ်းစိမ်းပြန်စိုက်ကြည့်လိုက်သည်….။
“မင်းတော်တယ် ခက်ဇော်”
မမခင်သုန်က အခုမှ သူ့မျက်လုံးတွေစီးထားသော ဇော်ဂနက်ထမီစကို ဖြည်ပေးလိုက်ခြင်းဖြစ်သည်.. ဒါဆိုခုနက…
“အေး ဒီအဆင့်ကတော့ ဇော်ဂနက်မျက်ကွင်းလိမ်းတာပဲ..ဇော်ဂနက်မယ်တော်ကြီးရဲ့ ထမီစမှာ အစီအရင်အင်းတစ်ခုကို ရေးထားတယ်.. ပြီးတော့ မင်းမျက်နှာကို စည်းလိုက်တဲ့အချိန်မှာ… မသုန် တို့ စုန်းလောကရဲ့ သက်ဆိုင်ရာနယ်မြေအပိုင်အဆင့်တွေအကုန်လုံးကို မင်းမြင်ရတယ်.. သူတို့က မင်းကို စုန်းပညာ သင်ပေး ဖို့ အရည်အချင်းရှိ မရှိ လာအကဲဖြတ်တာပဲ….
မင်းမြင်ခဲ့တာက အဆင့်မြင့်စုန်းပညာရှင်တွေဖြစ်တဲ့ မောက်လုံး မောက်ပြား နဲ့ ဆယ့်နှစ်ကြိုးကဝေ တို့ရဲ့ မူလပညာပရမတ်ရုပ်တွေပဲ…..မင်းလည်း ဒီပညာခန်းအဆင့်ဆင့်ကို (၆)နှစ်အတွင်းလေ့ကျင့်ပြီး (၁၂)ကြိုးအဆင့်ရောက်ရင် မသုန် တို့လို မူလပညာပရမတ်ရုပ်တွေ ဖြစ်လာလိမ့်မယ်”
“ကဲ—– ဘယ်လိုလဲ..စုန်းဖြစ်ချင်သေးလား..ငါ့မောင်…”
.ခင်သုန်က စကားတင်းတင်းပြောနေသော်လည်း ခက်ဇော်ကို စိုက်ကြည့်နေသည့်မျက်လုံးများက အရည်လဲ့နေသည်။
“မင်း…မိုက်လိုက်တာ မောင်လေးရယ်…”
ခင်သုန့် အသံက ရှိုက်သံပါလာသည်။
ခက်ဇော်က ခင်သုန်ကို စိုက်ကြည့်နေမိသည်။
ခင်သုန် ရင်ခွင်ထဲ ခက်ဇော် ကလေးလေးတစ်ယောက်လို တိုးဝင်မိသည်။
ကြုံရသည့်အဖြစ်များက သူ့ကို သွေးပျက်စေသည်မဟုတ်လား။
“မင်း..မင်း..စုန်းမဖြစ်ရဘူး…မောင်….
မင်းကို မမသုန် လူမိစ္ဆာဖြစ်ခွင့် မပေးနိုင်ဘူး”
“ဟာ မမသုန်.. အဲ့လိုမလုပ်နဲ့လေ.. စည်းကမ်းကို ဖောက်ဖျက်တဲ့ စုန်း ပညာသင်ကို ချိုးဖောက်တဲ့ စုန်း ဟာ ဝိညာဉ်နှုတ်ခံရတယ်ဆို…မမ မလုပ်ပါနဲ့ဗျာ..ကျွန်တော့်ဘာသာ ဘာဖြစ်ဖြစ်..မမ ဘာမှမဖြစ်ဖို့လိုတယ်.. နော်..မမသုန်……ကဲ့ ပညာရပ်နောက်တစ်ခန်း ဆက်တက်မယ်..ကျွန်တော့်အတွက် စခဲ့ပြီးပဲ..ခုန မမသုန်ပြောသလိုပေါ့”
ခင်သုန်က မျက်ရည်တွေကို သုတ်လိုက်သည်…။
“မငိုနဲ့ မမသုန်..ကျွန်တော်တို့ အတူတူ ကျော်ဖြတ်ကြတာပေါ့”
ခင်သုန်က မျက်ရည်တွေကို သုတ်လိုက်သည်။
အိမ်လှေကားအတိုင်း ဆင်းလာပြီးနောက်……..ခင်သုန် အိမ်နောက်ဘေးခြံဝန်းဘက်သို့ ပြန်လျှောက် သွားသည်။
အိမ်ခြံဝန်းအနောက်ဘက်တွင် တံခါးတစ်ပေါက်ရှိနေသေးသည်…..
ခင်သုန်က တံခါးကို ဖွင့်လိုက်တော့ ဟို လယ်ကန်သင်းတော တစ်မျှော်တစ်ခေါ်ကြီးကို မြင်ရသည်..
“ကဲ…မောင်လေး…အခုည(၂)နာရီထိုးပြီ……ဟိုးအနောက်ဘက်တည့်တည့်ကိုတွေ့လား..လယ်ကွင်းတွေ.. အဲ့ဒီ လယ်ကွင်း တွေအတိုင်း အနောက်ဘက်တည့်တည့်ကို ရောင်နီမပြို့ခင် မင်းပြေးရမယ်.. ဟော့ဒီတံခွန်တိုင်လေးချောင်းကို မင်းလက်ကလည်း ကိုင် သွားရမယ်… လမ်းမှာ ဘာတွေ့တွေ့ ဘာမြင်မြင် မင်းမရပ်ရဘူး…ရပ်တာနဲ့ မင်းအတွက် အန္တရာယ်ရှိတယ်…အနောက်ဘက်တည့်တည့်ပြေးရင်း တစ်နေရာမှာ ဖယောင်းတိုင်ခုနှစ်တိုင်ထွန်းထားတဲ့ ဇကောတစ်ချက်တွေ့ရလိမ့်မယ် ..အဲ့ဒီဇကောထဲမှာ မင်းဟိုတစ်နေ့က….မသုန်အိမ်ရှေ့ကိုလာပေးသွားတဲ့ ဇလုံနဲ့ စားဖွယ်သောက်ဖွယ်တွေတွေ့ရမယ်….
ဒီတံခွန်တိုင်လေး (၄)ချောင်းကို အဲ့ဒီ ဇကောရဲ့ အရပ်လေးမျက်နှာမှာ မင်းစိုက်ပြီးတာနဲ့… ဇလုံထဲက ထမင်းကို မင်းကုန်အောင်စားရမယ်.. ဒီပညာရပ်ဟာ စုန်းပညာရဲ့ ပထမကြိုးပဲ ပထမအဆင့်ပေါ့ကွာ.. ဒီလကွယ်နေ့ရဲ့ နောက်ဆုံးသင်ခန်းစာလည်းဖြစ်တယ်.. နောက်လကွယ်နေတွေမှာမှ ဒုတိယကြိုးအဆင့်တွေ တက်မယ်….ကဲ…………..ပြေးတော့..မောင်လေး….”
လမိုက်ည အမှောင်ထဲတွင် ခင်သုန်လက်ညှိုးထိုးပြရာလယ်ကွင်းတွေဘက်သို့ ခက်ဇော် အပြေးထွက် သွားသည်…..။
တစ်ရေးရေး ဝေးသွားသော ခက်ဇော် ၏ ကျောပြင်ကို ရီဝေသော မျက်လုံးအစုံဖြင့်စိုက်ကြည့်ကာ ခင်သုန် သက်ပြင်းချလိုက်သည်……….။
(၁၀)
မှောင်မဲနေသည့် လယ်ကွင်းတွေထဲ ခက်ဇော် ပြေးလာတာ အတော်ခရီးပေါက်ပြီ..
တစ်နေရာအရောက်တွင် အမေက မတ်တပ်ရင်းရင်း ခက်ဇော်ကို လှမ်းခေါ်နေတာတွေ့ရသည်.. ခက်ဇော် အမေ့ဆီ သွားဖို့ ပြင်လိုက်သည်။
“ဟင်..အမေက သူများပြုစားလို့ ဆုံးသွားတာကြာပြီပဲ”
သတိပြန်ဝင်လာပြီး ဆက်ပြေးသည်။
အမေသည် ရုတ်တရက် ခွေးနက်ကြီးဖြစ်သွားပြီး ခက်ဇော် နဘေးက ပြေးလိုက်လာသည်။
တစ်ချက်တစ်ချက် ခက်ဇော် လက်မောင်းကို လှမ်းဟပ်မလို လုပ်သေးသည်။
ခက်ဇော် မျက်စိမှိတ်ပြီး အနောက်ဘက်ကို မှန်းကာ ဆက်ပြေးသည်။
မောနေပြီ….ချွေးများရွှဲနစ်နေပြီ—–။
ပြေးနေရင်း ခက်ဇော်ရှေ့တွင် အမွှေးများဖြင့် ထူပိန်းနေသော ထန်းပင်အမြင့်ရှိ ခြေထောက်မဲမဲအရှည်ကြီးတစ်ချောင်း ကို တွေ့ရသည်။
ခက်ဇော် မော့မကြည့်ရဲ…….ခြေထောက်ခွကြားမှ ဝင်ပြေးသည်… နောက်က ခြေတံရှည်ကြီး လိုက်လာ သံကြားရသည်—
ခြေတံရှည်ကြီး အသံက တဖြည်းဖြည်း ဝေးဝေးကျန်ခဲ့သည်။
ပြေးနေရင်း သူ့ရှေ့တွင် ထမိန်စတစ်ခု တလွှလွှလွင့်လာသည်ကို မြင်ရပြန်သည်။
မိန်းမတစ်ယောက်…..လေထဲတွင် ထမီတလူလူ ဆံပင်ဖားလျားဖြင့် ပျံသန်းနေသည်။
မိန်းမ က သူနှင့်အနီးကပ်ပျံသန်းနေသဖြင့် မိန်းမ၏ ထမီစများက သူ့မျက်နှာကိုတစ်ချပ်ချပ် လာရိုက်ခတ်သည်..ညှီစို့စို့ပုပ်အက်အပ်အနံ့ဆိုးကြီးလည်း ထိုမိန်းမ ဆီက ရနေသည်။
ပြေးနေရင်း သူ့အပေါ်က ကပ်လျက် လိုက်ပျံနေသော မိန်းမကိုကြည့်လိုက်သည်။
“ဟင်…”
သူ မမသုန် အိမ်ပေါ်တွင် တွေ့ရသော ဇော်ဂနက်မယ်တော်ကြီး။
ခက်ဇော်မျက်စိမှိတ်ဆက်ပြေးသည်။
တွေ့ပါပြီ……………ရှေ့က ကုန်းကမူလေးတွင် ဖယောင်းတိုင်….ထွန်းထားသည့် စကောတစ်ချပ်။
ခက်ဇော် တော်တော်မောနေပြီ။
စကောထဲတွင်တော့……..မွှေးပျံနေသည့် ထမင်း နှင့် ကြက်ကောင်လုံးကြော် ၊ ဝက်သားတုံးကြီးများ စားချင်စဖွယ်။
ခက်ဇော် ရေဆာလာသည်………ရေမရှိ…..။
ဗိုက်ဆာလာသည်။
လက်ထဲတွင် ကိုင်လာသည့် တံခွန်တိုင်(၄)ချောင်းကို ဇကောပတ်လည်တွင် ထိုးစိုက်လိုက်သည်…။
ပြီးနောက်…….ဇလုံထဲက ထမင်းကို စားရန်ပြင်လိုက်စဉ်—–
“မောင်လေး—–မစားနဲ့”
“ဝုန်း”
ဘယ်ကနေပေါ်လာမှန်းမသိသော ခင်သုန်က ဇကောရှေ့တည့်တည့်မှ ပေါ်လာကာ ခက်ဇော်ကို လက်ညှိုးထိုးအော်လိုက်သည်။
ခက်ဇော် တံခွန်တိုင်လေးချောင်းထောင်ထားသော စည်းဝိုင်းအတွင်းမှ လွင့်ထွက်သွား၏။
ရုတ်တရက် တံခွန်တိုင်လေးတိုင်သည် ကောင်းကင်ပေါ်မြောက်တက်သွားပြီး မီးလုံးကြီးတွေအဖြစ် ပြောင်းသွားသည်။
.
“မောင်လေး….ရှေ့ဘက်ကို ပြေး…..နောက်လှည့်မကြည့်နဲ့…ပြေး”
ခင်သုန်အသံကြောင့် ခက်ဇော် သတိဝင်လာကာ ခင်သုန်လက်ညှိးညွှန်ရာဘက်သို့ ဆက်ပြေးတော့ သည်။
ရုတ်တရက် မီးခိုးငွေ့များ ခင်သုန့်ခန္ဒာကိုယ်မှ ထွက်လာကာ မီးလုံးကြီးအဖြစ်ပြောင်းသွားသည်…။
ခင်သုန် စည်းဖောက်ပြီ။
ဇော်ဂနက်မယ်တော်ကြီး၏ အစေအပါးပါးကွက်သားများက ခင်သုန့်ကို ဝိညာဉ်ကို ဝိုင်းနုတ်ယူနေကြသည်။
ခင်သုန် ကလည်း စုန်းတောက်အဖြစ်ပြောင်းပြီး ပြန်တိုက်ခိုက်သည်။
လမိုက်ညကောင်းကင်ယံတွေ မီးလုံးကြီး(၅)လုံး လုံးထွေးနေကြသည်။
မီးလုံးကြီး (၂)လုံး မြေပြင်ပေါ်သို့ ထိုးကျသွားသည်.။
မီးလုံး (၁)လုံးနောက်သို့ ကျန်သည့် မီးလုံး(၂)လုံးက အရှိန်ဖြင့်လိုက်လာသည်။
မကြာမီ—–
အစိမ်းရောင်တောက်ပနေသော ဧရာမမီးလုံးကြီးတစ်လုံး ကောင်းကင်ပေါ်ထိုးတက်လာပြီး…ခင်သုန် အသွင်ပြောင်းထားသော စုန်းတောက် မှာ…….မီးလုံး(၃)လုံး ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် မြေကြီးပေါ်ထိုးကျသွားလေသည်—။
(၁၁)
ရောင်နီပြို့ပြီ—–
ထနောင်းရိပ်လမ်းလေး၏ ရှေ့တွင် မှောက်ခုံလဲ သတိမေ့နေသော ခက်ဇော် အား ရွာလူငယ်တစ်ချို့က လှည်းဖြင့် တင်လာပြီးဝင်းထိုက် တို့အိမ်ကို ပို့ပေးကြသည်…
အာကာ ရဲဖြိုး ဝင်းထိုက်တို့ တစ်မိသားစုလုံးနှင့် ရွာသူရွာသားတစ်ချို့..ခက်ဇော် ဘေးတွင် ဝိုင်းနေကြသည်။
ညက ဘာဖြစ်ခဲ့သည် မသိကြ….။
“မမခင်သုန်…မမ”
ခက်ဇော် သတိရလာသည်—–
“မမသုန်..မမသုန်ရော”
“ဟေ့ရောင် ခက်ဇော်..မင်း ဘာဖြစ်တာလဲ..ညက ဘယ်သွားတာလဲ”
“မမခင်သုန်…မမခင်သုန်”
ခက်ဇော် ထပြီး ပြေးသည်။
သူ့နောက်က ဝင်းထိုက်တို့နှင့် ရွာသားများလည်း ပြေးလိုက်ကြသည်။
ခင်သုန်တို့အိမ်ခြံဝင်းတံခါးက ပွင့်နေသည်။
ခက်ဇော်အိမ်ထဲဝင်လိုက်တော့ အနောက်ကလူတွေ တန့်သွားကြသည်။
ဝင်းထိုက်က ဦးဆောင်ဝင်လိုက်သည့်အခါမှ ကျန်တဲ့သူများလည်း လိုက်ဝင်ကြသည်။
ခက်ဇော်က ညက သူပြေးခဲ့သော အိမ်နောက်ဘေးအပေါက်ဆီသို့ သွား၏။
ထို့နောက် အနောက်ဘက်တန်းတန်းသို့ ပြေးတော့သည်။
ရောက်ပါပြီ—–ည က သူ အသဲအသန်ပြေးခဲ့၇သော ပန်းတိုင်နေရာ။
သို့သော် ညကနှင့်မတူတော့။
ညက သူရောက်ခဲ့သောနေရာမှာ မှတ်တိုင် ကျို့တို့ကျဲတဲများနှင့် သင်္ချိုင်းတစ်ခုဖြစ်နေသည်။
မြေပုံမို့မို့တစ်ခုထက်တွင်……….ဇကောတစ်ချပ်..ပြီးတော့ ဇလုံတစ်လုံး။
ဇလုံးထဲတွင် မစင်တုံးများ… ပက်ကျိများ……လောက်ကောင်တွေတဖွားဖွားနှင့်။
ဒါဆို ညက ညက သူမြင်ခဲ့တာတွေက။
သူစားမလို့လုပ်ခဲ့တာတွေက—။
ခက်ဇော် ကြာကြာမတွေးနိုင်———။
ဇကောနှင့် ခပ်လှမ်းလှမ်းတွင် ခင်သုန် လဲကျနေသည်ကို မြင်လိုက်ရသည်။


ခင်သုန်ကို ခက်ဇော်ပြေးပွေ့လိုက်သည်။
သွားပြီ——ခင်သုန်က ပြုံးပြုံးလေး လဲကျနေသည်။
ခက်ဇော်အတွက်— သူ ဝိညာဉ်အနှုတ်ခံလိုက်ရသည်ကို ကျေနပ်နေသလိုပင်။
“မမ ခင်သုန်———”
ခက်ဇော်က ပါးချင်းကပ်ပြီး အကျယ်ကြီး အော်ပစ်လိုက်သည်..။
ပြန့်ကျဲနေသော.ဇကောတစ်ချပ်ထဲမှ မစင်များ…. လောက်ကောင်များ ကို တစ်လှည့်….
မြေကြီးပေါ်တွင် လဲနေသော ဆယ့်နှစ်ကြိုးကဝေစုန်းမလေး ခင်သုန် ကို တစ်လှည့်..
ခင်သုန်ကို ဖက်ပြီး ငိုနေသော မန္တလေးတက္ကသိုလ်ကျောင်းသား ခက်ဇော် ကိုတစ်လှည့်…….
ရွာသားများက နားမလည်နိုင်စွာ ကြည့်နေကြသည်။
ရုတ်တရက်—–
ခင်သုန်….. မျက်စိပွင့်လာသည်…..
သို့သော်….ခင်သုန်၏ မျက်စိသည် မျက်စံမပါ..အဖြူထည်ကြီးမို့………။
“အားး———”
ရွာသားများ လန့်ပြီး နောက်ဆုတ်လိုက်ကြသည်။
မျက်လုံးများ ပြန်မှိတ်ပြီးနောက်..ခင်သုန် ဇာတ်ကျိုးကျသွားတော့၏။
+++++++++++++++++++++
ပြီးပါပြီ ။
ခက်ဇော်

Leave a Comment