တောင်ကျရေ

” တောင်ကျရေ ” (စ/ဆုံး)
မူရင်းရေးသားသူ — ဆရာတာတေ
+++++++++++++++++++++

ကျုပ်တို့ရွာက ရွှေတောင်ဦးဘုရားပွဲလေ။
မနေ့ကပဲ ပြီးသွားတာဗျ။လွှတ်စည်တာဗျို့။
ရွာကနေ တခြားကို ပြောင်းသွားတဲ့ လူတွေတောင် ဘုရားပွဲ လာကြတယ်။ ငယ်ပေါင်းတွေ ပြန်ဆုံကြတဲ့ပွဲပေါ့ဗျာ။ တချို့
လည်း သားတွေ၊ သမီးတွေ၊ မြေးတွေတိုးလို့တွဲလောင်းနဲ့ဗျို့။
ကျုပ်တို့လို ကာလသားအဖွဲ့ကတော့လွှတ်ပင်ပန်းတာဗျ။ ဘုရားပွဲ မရောက်ခင် နှစ်လလောက်ကတည်းက ရုပ်စုရုပ်စုနဲ့ လုပ်နေကြရတာ။
ဇာတ်တိုက်တဲ့လူကလည်း တိုက်ပေါ့ဗျာ။ ပြဇာတ်
တွေကလည်း ပါသေးသဗျ။ ဟိုရွာကပြဇာတ်၊ ဒီရွာကပြဇာတ်နဲ့ အပြိုင်ကကြတာဗျို့။ ဒိုးပတ်ပြိုင်ပွဲ၊ ဦးရွှေရိုးအက၊ လက်ဝှေ့စိန်ခေါ်ပွဲ၊ အို…
စည်ချက်ကတော့ဗျာ။
ဘုရားပွဲပြီးသွားမှပဲ ကျုပ်တို့လည်းဟင်းချနိုင်တော့တာပေါ့ဗျာ။ တစ်နှစ်တစ်နှစ်ဆိုရင် ဘာများဖြစ်မလဲဆိုတာရင်မနေရတာဗျ။
ဇာတ်တွေကလည်းနှစ်ဇာတ်လောက်ပါတာဗျ။ အနီးအနားရွာတွေအားလုံး ပြိုကြလာတာဆိုတော့ပွဲက တော်တော်ကို ထိမ်းရတာကလားဗျာ။
ဘုရားပွဲပြီးတော့လည်း ဇာတ်ခုံတွေဖျက်၊ ဆိုင်ခန်းတွေဖျက်နဲ့ လုပ်
ကြရပြန်ရောဗျို့။
ဒါပေမဲ့ အားလုံးပျော်နေကြတာပါဗျာ။ကျုပ်နဲ့ ရွာက ကာလသားတွေက ရွှေတောင်နဲ့ စေတီမှာ ဆင်ထားတဲ့ အလှမီးသီးတွေကို
စနစ်တကျ ဖြုတ်ပြီးသိမ်းနေကြတယ်။လှေကားထောင်ပြီး စေတီ
က မီးသီးတွေကို ကျုပ်ဖြုတ်နေတာဗျ။
“တာတေရေ – ဟေ့ကောင် – တာတေ”
ကျုပ်နာမည်ခေါ်သံကြားလို့ ဘုရားပေါ်တက်နေရာကနေ အောက်ကို
ငုံ့ကြည့်လိုက်တယ်။ ကိုကျင်မောင်နဲ့ ကိုဘကျော်ပါလား။ ဆန်းတော့
ဆန်းသားဗျ။ ကိုကျင်မောင်က ငွေတွင်းကုန်းသားက၊ ကိုဘကျော်က
မီးလောင်ကုန်းကဗျ။ဘယ်လို ဘယ်လို တွေ့ပြီး ကျုပ်ဆီရောက်လာကြ
တယ် မသိပါဘူးဗျာ။
“တာတေ မင်းအလုပ်တွေများနေလား၊ငါတို့ မင်းတို့အိမ်တောင် ရောက်ခဲ့သေးတယ်၊ မင်း ဘုရားမှာရှိတယ်လို့ အရီး
ပြောလို့ လိုက်လာတာကွ၊ခဏလောက်ဆင်းခဲ့ပါဦးကွ တာတေရ”
ကိုကျင်မောင်ကြီးက အသံသြသြကြီး
နဲ့ ကျုပ်ကို လှမ်းခေါ်တယ်။
“ကိုကြီးတာတေ ဧည့်သည်တွေလာ
တာထင်တယ်၊ သွားလေဗျာ၊ ကျုပ်တို့
ဆက်လုပ်လိုက်မှာပေါ့၊ သွား သွား”
ကျုပ်နဲ့ အတူတူ လုပ်နေတဲ့ သိန်းဇော်
တို့လူကျော်တို့က ပြောတာနဲ့ ကျုပ်လည်း
ဘုရားပေါ်က ဆင်းလာခဲ့တယ်။ ကိုကျင်
မောင်နဲ့ ကိုဘကျော်က ကျုပ်ကိုပြုံးပြီး
နှုတ်ဆက်ကြတယ်။ ကျုပ်လည်း ခါး
တောင်းကြိုက်ထားတဲ့ ပုဆိုးကို ဖြေချ
လိုက်တယ်။
“ဘယ်က လှည့်လာကြတာတုံးဗျ၊
ငွေတွင်းကုန်းသားနဲ့ မီးလောင်ကုန်းသား”
“ဟား ဟား ဟား ဘယ်ကမှ လှည့်မလာ
ဘူးကွ တာတေရ၊ ငါက မင်းဆီကို လာ
တာ၊ ဟောဒီ ကိုဘကျော်ကြီးကလည်း
မင်းဆီကိုလာတာတဲ့ဗျာ။ထနောင်းကုန်း
ရောက်ကာနီးမှာ သွားဆုံတာကွ၊ ဒါနဲ့
တို့နှစ်ယောက် မင်းဆီကို အတူတူ
ရောက်လာကြတာဟေ့”
“ဟင် တိုက်တိုက်ဆိုင်ဆိုင်ဗျာ၊ကဲ လာ
လက်ဖက်ရည်သွားကြရအောင် ဦးသိန်း
ရွှေရဲ့ သိန်းမင်းလက်ဖက်ရည်ဆိုင်က
မဖျက်သေးဘူးဗျ၊ ဒီမှာ အလုပ်လုပ်နေ
ကြတဲ့ ကျုပ်ကို ကာလသားတွေ စားရ
သောက်ရအောင် ဖွင့်ပေးထားတာဗျ”
တောဓလေ့ပေါ့ဗျာ။ မြက်ခင်းပေါ်မှာ
ခုံပုကလေးတွေချပြီး ရောင်းတဲ့ဆိုင်ဗျ။
ကိုကျင်မောင်ရယ်၊ ကိုဘကျော်ရယ်၊
ကျုပ်ရယ် သိန်းမင်း ဆိုင်ထဲကို ဝင်
လိုက်တယ်။ သူတို့လည်း ဆိုင်နောက်
ပိုင်းတွေက အားလုံးဖျက်ထားပြီးဗျ။
ရှေ့ပိုင်းလေးပဲ ချန်ထားပြီး ဖျော်ခုံ
ကလေးနဲ့ အလုပ်လုပ်နေတာပေါ့ဗျာ။
“ထိုင်ဟေ့ တာတေ- ဘာသောက်ကြ
မလဲ”
“ကျုပ်ကတော့ ချိုပေါ့ဗျာ၊ ကဲ ကိုကျင်
မောင်တို့ ကိုဘကျော်တို့မှာလေဗျာ၊
ဘယ်လိုသောက်မှာတုံး”
“ချိုပေါ့ပဲ- ချိုပေါ့ပဲ”
ကိုကျင်မောင်က ပြောလိုက်တယ်
“ငါလည်း ချိုပေါ့ပဲကွ”
ကိုကြီးဘကျော်ကလည်း ပြောတယ်။
“အားလုံးချိုပေါ့ပဲ၊ ဦးလေးသိန်းရေ”
“အိုကေ- အိုကေ- အားလုံးအဆင်
ပြေစေရမယ်”
ဦးလေးသိန်းက လက်ဖက်ရည်ဖျော်
အားကြီးကောင်းတာဗျ၊ လူကလည်း
အမြဲတမ်း ပျော်ပျော်နေတာ။ရွာက
လူငယ်တွေက သူ့ဆိုရင် လွှတ်ခင်
ကြတာ၊ ရွာထဲမှာလည်း သူ့ဝိုင်းထဲ
မှာပဲ ဆိုင်ဖွင့်ထားတာလေ၊ ခုဟာ
က ဘုရားပွဲမို့ ဒီမှာလာပြီး ဆိုင်ဖွင့်
တာဗျ။လက်ဖက်ရည်ခွက်တွေ လာ
ချတော့ ဦးလေးသိန်းက မေးတယ်။
ဘိန်းမုန့် စားဦးမလားတဲ့။ဟုတ်တယ်
ဗျ။ ဦးလေးသိန်းရဲ့ ဘိန်းမုန့်ကလည်း
တော်တော်ကို ကောင်းတာဗျ။ ဘိန်း
မုန့်ထဲကို ငှက်ပျောသီး ထည့်လုပ်
ထားတာ။ ကျုပ်တို့ရွာမှာတော့ သူ့
ဘိန်းမုန့်ကို ကလေးရော လူကြီးရော
ကြိုက်ကြတာဗျို့။
“ကိုကြီးဘကျော် ဘာကိစ္စများရှိလို့တုံး”
လက်ဖက်ရည်သောက်နေတဲ့ ကိုကြီး
ဘကျော် ကျုပ်က မေးလိုက်တယ်။
“အေး ပြောရမှာတော့ ခပ်ဆန်းဆန်းပဲ
တာတေရ”
ကျုပ်တို့ ပြောနေတုန်းမှာ ဦးလေးသိန်း
က ဘိန်းမုန့်တစ်ပွဲနဲ့ နဂါးဆေးပေါ့လိပ်
တစ်ပွဲ လာချတယ်။ကျုပ်ရော ဧည့်သည်
နှစ်ယောက်ရော နဂါးဆေးပေါ့လိပ်တစ်
ယောက် တစ်လိပ်စီ ကောက်ယူပြီး မီး
ညှိကြတယ်။
“စားကြဗျ- ဦးလေးသိန်းရဲ့ ဘိန်းမုန့်
ပူပူလေးစား ကိုကျင်မောင်”
နဂါးဆေးပေါ့လိပ်ကလေးတွေ ဖွာရင်း
လက်ဖက်ရည်ကလေး ဇိမ်ခံသောက်
ကြတာပေါ့ဗျာ။
“ဒီလို တာတေရေ၊ ငါတို့ မီးလောင်ကုန်း
မှာ ထူးထူးဆန်းဆန်းတွေ ဖြစ်နေလို့ကွ”
“ဟင် ဟုတ်လားဗျ၊ ကိုကြီးဘကျော်၊
ဘယ်လိုများတုံးဗျ၊ တာတေဆိုတဲ့ကောင်
ကလည်း ထူးဆန်းတာဆိုရင် လွှတ်စိတ်
ဝင်စားတဲ့ကောင်ဗျ”
“အေး အဲဒါကြောင့် ငါ မင်းဆီကို လာ
ခဲ့တာပေါ့ကွ၊ ဒီလိုဟေ့၊ လွန်ခဲ့တဲ့ နှစ်ည
လောက်က ညဆယ့်တစ်နာရီလောက်
မှာက ငါတို့ရွာထဲကို လူအုပ်ကြီး ဝင်
လာတယ်”
“ဗျာ – လူအုပ်ကြီး ဟုတ်လား၊ ဘယ်
လောက်များလို့တုံးဗျ”
“အနည်းဆုံး လူနှစ်ဆယ်၊ အစိတ်
လောက်တော့ ရှိမယ်ကွ၊ ဒါကတော့
မှန်းပြောရတာလေကွာ၊ ကြားရတဲ့
အသံတွေကို မှန်းပြီး ပြောရတာကွ”
“မတွေ့လိုက်ဘူးကွ၊ အကုန်လုံး
အိပ်နေတဲ့ အချိန်လေကွာ၊ ပြီးတော့
လူနှစ်ဆယ်၊ အစိတ် စကားပြောလာ
တဲ့ အသံဆိုတော့ နိုးတော့ နိုးသွား
ကြတာပေါ့။ ဒါပေမဲ့ တစ်ခါမှလည်း
ဒါမျိုးမကြားဘူးတော့ ဘာသံတွေ
တုံး၊ ဘယ်မှာ ဘာဖြစ်လို့တုံးဆိုပြီး
နားစွင့်ရုံပဲ စွင့်ကြတာပေါ့ကွာ”
“ကိုကြီးဘကျော်တို့ ရွာထဲကလူတွေ
မဟုတ်ဘူးလား၊ ရွာထဲက တစ်ယောက်
ယောက်များ နေထိုင်မကောင်းလို့လား
မှ မသိတာ”
“အေး -မင်းပြောသလို မဟုတ်ဘူး
ကွ တာတေရ၊နောက်နေ့မနက်ရောက်
မှ ဒီသတင်းက ရွာထဲကိုပျံ့သွားတာ၊
တို့ရွာမှာက ညဆိုရင် မီးကင်းငါးခုရှိ
တယ်ကွ၊ အဲဒီကင်းစောင့်တဲ့ကောင်
တွေ ပြန်ပြောတော့မှ ရွာကလူတွေ
သိကြတာပေါ့ကွာ”
“ဟင် ဘာတဲ့တုံးဗျ”
“လူတွေ မဟုတ်ဘူးတဲ့ကွ၊ သရဲတွေ
တဲ့ဟေ့”
“ဗျာ-သရဲတွေ၊ ဟုတ်ရဲ့လား ကိုကြီး
ဘကျော်ရာ”
“ဟာ တာတေရာ ဟုတ်ပါတယ်ဆိုမှ
ကွာ၊ ဒီကောင်တွေလည်း လူသံတွေ
ကြားလို့ဆိုပြီး ထထိုင်နေကြတာတဲ့
ဟေ့၊အသံတွေက တဖြည်းဖြည်းသာ
နီးလာတာတဲ့၊ လူလည်း မတွေ့ရဘူး
တဲ့ကွ။ နောက်ဆုံး သူတို့ကင်းတဲရှေ့
က ဖြတ်လျှောက်သွားကြတာတောင်
ဘာမှမမြင်ရဘူးတဲ့ကွ၊ စကားပြောတဲ့
အသံတွေကတော့ ကျွက်စီ ကျွက်စီနဲ့
ပေါ့ကွာ၊ဒါပေမဲ့ ထူးဆန်းတာက စကား
သံတွေသာ ကြားနေရတာတဲ့၊ ဘာတွေ
ပြောမှန်း သိကိုမသိဘူးတဲ့၊ သူတို့လည်း
နားထောင်တာပဲတဲ့ကွ၊ ဘာမှကိုနားမ
လည်တာတဲ့ဟေ့၊ ဘာတွေပြောနေမှန်း
ကို မသိကြတာဆိုပဲ”
“ဟင် တစ်မျိုးပါလားဗျ”
ကျုပ်လည်း ကိုကြီးဘကျော် ပြောတာ
ကို တော်တော်စိတ်ဝင်စားသွားတယ်ဗျို့။
“ဟာ နေဦးကွ၊ တာတေရ၊ နောက်
တစ်ခု ရှိသေးတယ်၊ အဲဒီလူအုပ်ကြီး
ရွာထဲဝင်မလာခင် ညနေစောင်း က
တည်းက တို့ရွာထဲကခွေးတွေတအီ
အီနဲ့အော်ပြီး အိမ်အောက်တွေမှာ
ကုတ်နေကြတာကွ၊ အစကတော့
ဘာဖြစ်တယ် မသိဘူးပေါ့ကွာ၊ ည
ရောက်လို့အဲဒီလူတွေကျွက်စီ ကျွက်
စီနဲ့ စကားတွေပြောပြီး ရွာထဲဝင်လာ
တော့ ခွေးတွေဆိုတာကွာ နေစရာကို
မရှိတာဟေ့၊ အိမ်တံခါးကိုလက်သည်း
နဲ့လာပြီးကုတ်တဲ့အကောင်ကကုတ်၊
တအီအီနဲ့ကို ဖြစ်နေတာ၊ လူတွေက
လည်း အိပ်ပျော်နေရာက နိုးလာကြ
တော့ ဘာသံတွေမှန်းလည်းမသိ၊
ဒီခွေးတွေက ဘာဖြစ်နေမှန်း မသိ
ပေါ့ကွာ၊ မနက်ရောက်လို့ ကင်း
သမားတွေ ပြန်ပြောတော့မှ ညက
အုပ်လိုက်ကြီး ရွာထဲကို ဝင်လာတာ
လူတွေမဟုတ်ဘဲ သရဲတွေမှန်း သိ
ကြတော့တာပေါ့ကွာ”
“နို့ နေပါဦးဗျ ကိုကြီးဘကျော်ရဲ့၊ဒီ
အုပ်စုက ဘယ်ကိုသွားကြတာတုံးဗျ”
“ရွာထဲမှာ ဟိုလမ်းဝင်လိုက်၊ ဒီလမ်း
ဝင်လိုက် လျှောက်လုပ်နေတာတဲ့ကွ၊
ဘာလုပ်ကြတာမှန်းတော့ မသိဘူး၊
ငါတို့ရွာမှာ ကင်းတဲ ငါးခုရှိတာ၊ ငါး
ခုစလုံးရှေ့က ဖြတ်သွားတာတဲ့ကွ”
“ဟင် ဒါဆိုရင်တော့ ရွာထဲမှာ
လျှောက်လှည့်ပတ်နေတာ
ထင်တယ်ဗျ”
“အေး – ရွာကလူတွေက ညဘက်
တုန်းကတော့ အိပ်ရာက ဗြုန်းစား
ကြီး နိုးလာတော့ လူသံတွေကြား
တယ်ပဲ ထင်တာပေါ့ကွာ၊ ရွာထဲမှာ
ဘယ်သူများ ဘာဖြစ်လို့တုံးပေါ့၊
အသံတွေကလည်း တဖြည်းဖြည်း
ဝေးသွားတော့ ပြန်အိပ်ပျော်သွား
ကြတာပေါ့ကွာ၊ မနက်ကျတော့
ကင်းသမားတွေ ပြောတော့မှာပဲ
ဒါ နာနာဘာဝတွေဆိုတာ သိကြ
ပြီး ကြောက်လိုက်ကြတာကွာ
တာတေရာ၊ ဒီတော့မှာပဲ ခွေးတွေ
ဘာဖြစ်တယ်ဆိုတာ သိကြတော့
တာပေါ့ကွာ၊ အခုတော့ ညအိပ်ရာ
ဝင်ကာနီးရင် လန့်နေကြတာပေါ့
ကွာ၊ နာနာဘာဝတွေများ ရွာထဲ
ဝင်လာဦးမလားဆိုပြီး လန့်နေ
တာဟေ့”
“နို့ ကိုကြီးဘကျော်ရော ကြား
လိုက်လား”
“ဟာ ကြားတာပေါ့ တာတေရ၊
ဒါပေမဲ့ စကားတွေက မကွဲပြားဘူး
ကွ၊ စကားတွေ ပြောပြီး ရွာထဲဝင်
လာကြတာပဲသိတာ၊ ဘယ်လိုပဲ
နားထောင် နားထောင် ဘာပြော
တယ်ဆိုတာတော့ သိကို မသိ
တာကြ”
“အင်း – တော်တော်တော့ ထူးဆန်း
တာပဲဗ်”
ကျုပ်လည်း နဂါးဆေးပေါ့လိပ်ကလေး
ကို ဖွာရင်း တွေးနေတာပေါ့ဗျာ၊ သူတို့
နှစ်ယောက်လည်း ကျုပ်လိုပဲဗျ၊ ဆေး
ပေါ့လိပ်ကလေးတွေ ဖွာနေကြတယ်
ဗျို့။
“နို့ ကိုကျင်မောင်ကကော ကျုပ်ဆီကို
လာတာ ဘာကိစ္စများတုံးဗျ”
ဒီတော့မှ ကိုကျင်မောင်က ပြုံးပြီး
ခေါင်းညိတ်တယ်ဗျ။
“အေး တာတေရေ၊ လူ့လောကကြီး
မှာ ထူးဆန်းတဲ့ အကြောင်းကိစ္စတွေ
ရှိနေတယ်ဆိုတာ ခုမှာပဲ ငါယုံသွား
တော့တယ်ကွာ”
“ဟင် ဘာများတုံးကွ၊ ကျင်မောင်ရ”
ကိုဘကျော်နဲ့ ကိုကျင်မောင်ကလည်း
လူခင်တွေကိုးဗျ၊ ကိုကျင်မောင်ကို
ကိုဘကျော်က မေးတယ်။
“ကျုပ်က တာတေနဲ့တွေ့ဖို့ ထနောင်း
ကုန်းကိုလာတယ်၊ကိုဘကျော်ကလည်း
တာတေနဲ့တွေ့ဖို့ဒီကိုလာတယ်၊ထနောင်း
ကုန်း ဝင်ကာနီးမှာ နှစ်ယောက်သား ဆုံ
ကြတယ်၊ အခု ကိုဘကျော်လာတဲ့ ကိစ္စ
ကို တာတေ့ကို ပြောပြတယ်။ ကျုပ်ဖြင့်
အံ့သြလွန်းလို့ဗျာ၊ဘာပြောရမှန်းတောင်
မသိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့
ကျုပ်တာတေဆီကို လာတာလည်း အဲ
ဒီကိစ္စပဲဗျ။ ကျုပ်တို့ငွေတွင်းကုန်းမှာ
လည်း ဖြစ်သွားတယ်ဗျ။ ကျုပ်တို့က
အခုညကမှဖြစ်တာ”
“ဟေ ဟုတ်ရဲ့လားကွ၊ ကျင်မောင်ရ”
“ဟာ ကိုဘကျော်ရာ ဟုတ်ပါတယ်
ဆိုမှဗျာ”
“ကိုကြီးဘကျော် ပြောသလို လူအုပ်
ကြီး ဝင်လာတာပဲလားဗျ”
ကျုပ်က မေးလိုက်တော့ ကိုကျင်မောင်
က ပြောတာဗျ။
“ဟုတ်ပါ့ကွာ၊ အဲဒီအတိုင်းကိုဖြစ်တာ”
“နို့ ကိုကျင်မောင်ရာ၊ အဲဒီနာနာဘာ
ဝတွေ ပြောသွားတဲ့ စကားတွေကို
သေသေချာချာ ကြားလိုက်လားဗျ”
“ဟာ ကြားသွားပါပြီကွာ၊ ဒီလိုကွာ၊
ကိုဘကျော်တို့ မီးလောင်ကုန်းမှာ
ဒီလို ဖြစ်သွားတာတော့ ငါတို့ရွာက
သတင်းမကြားကြဘူးကွ၊ညက ဆယ့်
တစ်နာရီလောက်မှာစကားတွေဆူညံ
ဆူညံ ပြောပြီး လူနှစ်ဆယ်လောက်
အုပ်လိုက်ကြီး တို့ရွာထဲကို ဝင်လာ
တာကွ၊ ကိုဘကျော်ပြောတဲ့အတိုင်း
ပါပဲကွာ၊ ညဦးကတည်းက ခွေးတွေ
တအီအီဖြစ်နေကြတာ၊ အဲဒီအုပ်စု
ကြီးလည်း ရွာထဲဝင်လာရော ခွေး
တင်မကဘူးဟေ့၊ တင်းကုတ်ထဲက
နွားတွေပါ တဖူးဖူးနဲ့ နှာမှုတ်နေကြ
တာဟေ့၊ တချို့နွားတွေက ခွာတွေ
လည်း ယက်နေကြတာပေါ့ကွာ”
“နို့ ငွေတွင်းကုန်းမှာရော ကင်းသ
မားတွေ ရှိတယ်မို့လား”
“ဟာ ရှိတာပေါ့ကွ တာတေရ၊ ကိုဘ
ကျော်ကြီး ပြောသလိုပေါ့ကွာ။ အဲဒီ
ကင်းသမားတွေ ပြန်ပြောလို့အားလုံး
သိကြရတာကွ၊ ကင်းတဲရှေ့ကနေ
့ ဖြတ်သွားကြတာ၊ စကားသံတွေသာ
ကျွက်စီနဲ့ကြားနေရတာတဲ့၊ ဘာမှမြင်
ရတာ မဟုတ်ဘူးတဲ့ကွ၊ရွာထဲမှာ တစ်
လမ်းထွက် လျှောက်သွားကြတာဆို
ပဲ၊ တစ်ရွာလုံးနှံ့သွားတော့မှ ရွာထဲက
နေ ပြန်ထွက်သွားကြတာတဲ့ကွ”
“ဘယ်လိုဟာတွေများတုံးဗျာ၊ သရဲ၊
တစ္ဆေဆိုတာ တစ်ကောင်လောက်ပဲ
တွေ့ဖူးကြတာပါ၊အခုလိုအုပ်စုလိုက်
ကြီး သွားလာနေတာမျိုး ကျုပ်ဖြင့်
တစ်ခါမှကို မကြားဖူးပါဘူးဗျာ”
“အေး -မင်းလို နှံ့စပ်တဲ့လူတောင်
မကြားဖူးရင် ငါတို့လို ရွာထဲက ရွာပြင်
မထွက်တဲ့လူတွေက ပိုဆိုးတော့မှာပေါ့
တာတေရ”
ကျုပ်လည်း ဘာပြောရမှန်းကို မသိတာ
နဲ့ နဂါးဆေးလိပ်ကလေးကိုပဲ ဖိပြီးဖွာနေ
ရတော့တာပေါ့ဗျာ၊ အဲဒီနေ့က ကိုကျင်
မောင်နဲ့ ကိုဘကျော် ပြန်သွားတော့
သိမ်းစရာ ရှိတာတွေသိမ်း၊ ဖျက်စရာ
ရှိတာတွေ ဖျက်ပေါ့ဗျာ၊ အလုပ်ဆက်
လုပ်နေရတာပေါ့။
ကိုကျင်မောင်နဲ့ ကိုဘကျော်ကလည်း
ကျုပ် ဘာမှမပြောတတ်တော့ သူတို့
လည်း ကျုပ် ဘာမှမပြောတတ်တော့
သူတို့လည်း ဒီအတိုင်း ပြန်သွားကြရ
တာပေါ့ဗျာ။ဘုရားပွဲပြီးရင် အားလုံး
ရှင်းရလင်းရတာက သုံးရက်လောက်
ကြာတာဗျို့။ ဒီနေ့တော့ ကျုပ်လည်း
ထမင်းကြမ်းကလေးစားပြီးတာနဲ့သွား
တော့မယ်လို့ ပြင်နေတာဗျ။
“တာတေ နိုးပြီလားကွ”
ဝိုင်းဝက ကျုပ်နာမည်ခေါ်သံကြားလို့
လှမ်းကြည့်လိုက်တယ်။ သြော် ဘန့်
ဘွေးကုန်းက လှထွေးပါလား၊လှထွေး
က ကျုပ်နဲ့ ရွယ်တူဗျ။ ဒီကောင်က မြို့
ကျောင်းမှာ ကျုပ်နဲ့အတူတူနေဖူးတယ်။
ဒါပေမဲ့ လှထွေးက ငါးတန်းအောင်ပြီး
ဆက်မတက်တော့ဘူးဗျ။ကျုပ်ကသာ
ဆယ်တန်းအထိ ဆက်နေတာ။
“ဟာ ဟေ့ကောင်လှထွေး လာလေ
ကြ”
“အေး အေး ငါက မင်းဘုရားရောက်
သွားပြီလားလို့ကွ၊ ဘုရားရောက်သွား
ရင်လည်း လိုက်ခဲ့မလို့ပါပဲ”
“ငါလည်း သွားမလို့ပဲကွ”
“ဟေ ဟုတ်လား၊ ဒါဆိုလည်း လုပ်လေ၊
သွားကြတာပေါ့၊ ငါလည်း လိုက်ခဲ့မှာပေါ့၊
နို့ မင်းအဘနဲ့ အမေရော နေကောင်းကြ
ရဲ့လား”
“အေး ကောင်းပါတယ်ကွ”
“ဟဲ့ တာတေ ဘယ်သူ လာတာတုံး”
အမေက လှထွေးအသံကြားလို့
လှမ်းမေးတာဗျို့။
“ဘန့်ဘွေးကုန်းက လှထွေးပါ အမေရ”
“သြော် လှထွေးလား၊ စောစောစီးစီး
ပါလား၊ အိမ်ပေါ်တက်ခိုင်းလေ တာတေ”
“လှထွေးက ကျုပ်နဲ့ ဘုရားလိုက်မှာတဲ့
ဗျ၊ သွားတော့မယ်အမေ”
“သြော် အေးအေး၊ သွား သွား”
ကျုပ်နဲ့လှထွေး ရွှေတောင်ဦးဘုရားကို
လာခဲ့ကြတယ်။
“လှထွေး စောစောစီးစီးပါလား၊
ဘယ်သွားမလို့တုံး”
“မင်းဆီ လာတာကွ၊ တာတေရ၊ညက
ငါတို့ရွာမှာ ထူးထူးဆန်းဆန်းတွေ
ဖြစ်လို့ ”
လှထွေးဆိုတဲ့အကောင်က အရပ်ပု
ပုကလေးဗျ၊ မျက်လုံးပြူးပြူးနဲ့။ ဒါ
ကြောင့် ကျောင်းတုန်းက ဒီကောင့်
ကို ဂျပုလှထွေးလို့ ခေါ်ကြတာ။
ဘာဖြစ်လို့တုံးဆိုတော့ ကျောင်းမှာ
က အရပ်ရှည်ရှည်နဲ့ လှထွေးတစ်
ယောက် ရှိသေးတာကိုဗျ။
ဟိုကောင့်ကိုတော့ လောရှည်လှ
ထွေးလို့ ခေါ်ကြတယ်။
“ဘာတုံး- ညက မင်းတို့ရွာထဲကို
ဆူညံ ဆူညံနဲ့ စကားတွေ ပြောပြီး
သရဲတွေ အုပ်လိုက်ကြီး ဝင်လာ
လို့လား”
“ဟေ မင်း ဘယ်လိုလုပ် သိတာ
တုံး ဟေ့ကောင်”
လှထွေး တော်တော်ကို အံ့သြ
သွားတာဗျို့။ ကျုပ်ဖြင့် ရယ်ချင်
လိုက်တာဗျာ။ ဒီကောင်က အား
ကြီးရိုးတာဗျ။ ကျုပ် မဟုတ်တာ
တွေ လျှောက်ပြောရင်လည်း ဒီ
ကောင် ယုံမှာ။ ဒါကြောင့် ကျုပ်
မပြောတော့ပါဘူးဗျာ။
“မနေ့က ငါ့ဆီကို ကိုကျင်မောင်နဲ့
ကိုဘကျော် လာသွားတယ်ကွ၊ ငွေ
တွင်းကုန်းနဲ့မီးလောင်းကုန်းကိုလည်း
အဲဒီသရဲအုပ်စုကြီး ဝင်သွားကြပြီကွ၊
ဒါကြောင့် ငါ အဲဒါများလားလို့ မေး
တာပါကြာ”
“အေး ဟုတ်တယ်၊ ဒါဆိုရင် အဲ့ဒါတွေပဲ
ပေါ့၊ ညက ငါတို့ရွာကို ဝင်သွားတာကွ”
“ရွာထဲက ခွေးတွေက တအီအီ လုပ်နေ
တယ်မို့လား၊ နွားတွေက တဖူးဖူးနဲ့ နှာ
မှုတ်ကြရောမို့လား”
“ဟာ ဟုတ်ပါ့ကွာ၊ တချို့လည်း ညက
အိပ်မပျော်သေးတော့ ထွက်ကြည့်ကြ
တယ်တဲ့ကွ၊ ရွာထဲမှာ တစ်ယောက်
ယောက်များ နေထိုင်မကောင်းဖြစ်သ
လား ဆိုပြီးတော့ပေါ့ကွာ။ ဒါပေမဲ့ အ
သံတွေပဲ ကြားတာတဲ့ဟေ့၊ ဘာမှမြင်
ရတာ မဟုတ်ဘူးတဲ့ကွ၊ တစ်ချက်
တစ်ချက်တော့ ခြေသံတွေ ကြားရ
တယ်ဆိုပဲ၊ အကောင်အထည်တော့
မမြင်ဘူးတဲ့ကွ”
“နို့ နေပါဦး လှထွေးရ၊ မင်းတို့ရွာက
ကင်းစောင့်တဲ့လူတွေရော တော်တော်
မှ လန့်သွားရဲ့လား”
“ညက ကင်းကျတဲ့အထဲမှာ ငါ့အစ်
ကို လှအေး ပါတယ်လေကွာ”
“ဟေ ဟုတ်လားကွ၊ လှအေးရော
ဘာမြင်လိုက်တုံးကွ”
“မြင်တော့ မမြင်ဘူးတဲ့ကွ၊ ဒါပေမဲ့
လှအေးက အရဲစွန့်ပြီး ဓါတ်မီးနဲ့ထိုး
ကြည့်တော့ လမ်းပေါ်မှာ ဖုန်တွေ
တထောင်းထောင်းထနေတာကို
မီးရောင်ထဲမှာ တွေ့ရတယ်တဲ့ကွ၊
လူတွေ လမ်းလျှောက်သွားတာ
တော့ သေချာတာပေါ့ကွာ”
အဲဒီနေ့က လှထွေး ကျုပ်တို့နဲ့အ
တူတူ အလုပ်တွေ ကူလုပ်သွား
တာဗျို့။ ညနေစောင်းမှ ပြန်သွား
တာ။ ဒီကောင်တွေ လက်သမား
နည်းနည်းလုပ်တတ်တော့ ဇာတ်
စင်ဖျက်တဲ့နေရာမှာ ဝင်ကူလုပ်
ပေးတာဗျ။တော်တော်အဆင်ပြေ
သွားတယ်။ ညရောက်လို့ ထမင်း
စားပြီးရေ ကျုပ်လည်း အမေနဲ့
အဘနားမှာ ကျုပ် ဝင်ထိုင်လိုက်
တယ်။
“ဟဲ့ တာတေ- နင် သတင်းပလင်း
လေးများ မကြားဘူးလား”
ဒီတော့မှ ကျုပ်က အဘနဲ့ အမေရဲ့
မျက်နှာတွေကို ကြည့်မိတာဗျ။တစ်
ခုခုကို စိုးရိမ်နေကြတဲ့ပုံပဲ။
“ဘာတုံးဗျ၊ အမေရ”
“ဟာ ရွာထဲကလူတွေ ပြောဆိုနေ
တာ နင် နည်းနည်းမှ မကြားဘူးလား”
“ဟာ အမေကလည်း ကျုပ်က အခု
ရက်ထဲမှာ မိုးလင်းကတည်းက ရွာပြင်
ရောက်နေတာကိုးဗျ။ ဘာသတင်းတုံး
အေမရ”
“ဟဲ့ ညဘက် ညဘက် ရွာတွေထဲကို
မကောင်းဆိုးဝါးတွေ အုပ်လိုက်ကြီး
ဝင်လာလို့ဆိုပဲ။ ဒီအနီးအနားက ရွာ
တွေမှာ အကုန်ဖြစ်နေတာတဲ့၊ အဲဒါ
မျိုးက မကောင်းဘူး တာတေ၊ ရွာ
တွေမှာ ရောဂါဘယတွေ ကျတတ်
တယ်”
“သြော် အဲဒါတော့ ကျုပ်ကြားပါတယ်
ဗျ၊ မနေ့က မီးလောင်ကုန်းက ကိုဘ
ကျော်တို့ ငွေတွင်းကုန်းက ကိုကျင်
မောင်တို့ လာပြောသွားတယ်၊ ဒီနေ့
လှထွေး အစောကြီးရောက်လာတာ
လည်း အဲဒီ ကိစ္စလာပြောတာပဲ အ
မေရ၊ ကျုပ်က ဒီကိစ္စတော့ အမေ
မကြားလောက်သေးဘူး ထင်နေ
တာ၊ တခြားကိစ္စများလားလို့ပါ”
“အခုညက စပြီး ရွာထဲမှာ ကင်းတိုးချ
မယ်လို့ဆယ်အိမ်ခေါင်း ငပု ပြောသွား
တယ်”
“အင်း ကင်းတိုးချလို့လည်း အဲဒါတွေ
ရွာထဲဝင်လာရင် မြင်ရမှာ မဟုတ်ပါ
ဘူးဗျာ”
“ဒီအနီးအနားက ရွာတွေအကုန်လုံး
လန့်နေကြတယ်တဲ့ တာတေရဲ့၊ အဲ
ဒီလို ရွာလန့်တာ မကောင်းဘူး”
အမေပြောတာကို ကျုပ်သေသေ
ချာချာ တွေးနေတာဗျ။ဒီသတင်းက
ကျုပ်တို့တစ်ရွာလုံးကို ပျံ့သွားပြီပဲကိုး။
“ဂျပန်ခေတ်ရောက်ကာနီးတော့
ရွာတွေ အရမ်းလန့်တာကွ၊ ရွာထဲ
ကို လူနီကြီး ဝင်လာလိမ့်မယ်လို့
ပြောလိုပြော၊ ခေါင်းဖြတ်တဲ့လူက
ရွာဘေးကပတ်ပြီး ချောင်းမြောင်း
နေသလို ပြောလိုပြောနဲ့ လူတွေ
က အလကားနေရင်းကို လန့်နေ
တာဟေ့”
အဘက သူကြုံခဲ့ရတာကို ပြော
ပြတယ်။ အမေက အဘကို ပြန်
ပြောတယ်။
“ကိုရင်ဥာဏ်ရေ၊တော်ပြောတာက
လန့်တာကိုပြောတာ၊ အခုဟာက
လန့်တာမဟုတ်ဘူးတော့၊ တကယ်
ဖြစ်တာ၊ရွာတွေထဲကို တကယ်ဝင်
လာတာတော့။လူတွေမှ အုပ်လိုက်
ကြီးတဲ့။ အဲ အဲ လူမဟုတ်ဘူး။ နာ
နာဘာဝ၊ နာနာဘာဝ အုပ်လိုက်
ကြီး ဝင်လာတာတဲ့၊ စကားတွေ
ပြောလာလိုက်ကြတာတဲ့ တော်
ရေ၊ ကျွက်ကျွက်ကို ညံနေဆိုပဲ။
ဒါပေမဲ့ ဘာတွေပြောမှန်းတော့
မသိဘူးတဲ့”
“အင်း ငါတော့ သရဲတွေ အုပ်စုဖွဲ့ပြီး
သွားလာနေတာ တစ်ခါမှ မကြားဖူး
ပါဘူးဟာ”
အဘနဲ့ အမေနဲ့ ပြောနေကြတာကို
ကျုပ်က နားထောင်ရင်း တွေးနေမိ
တာဗျို့။ နောက်ထပ် ဘယ်ရွာတွေ
ကို ဝင်မလဲလို့ တွေးနေတာ။
“အရီး- အရီး- အရီးငွေစိန်”
“ဟဲ့ ဘယ်သူ ခေါ်နေတာတုံး”
“ကျုပ်ပါတော့- တောင်ဘက်ဝိုင်း
က ခင်စိန်ပါ”
“ဟေ ခင်စိန် ဘာတုံးဟဲ့၊
ဘာထူးလို့တုံး”
“အရီးရေ ကျုပ်တို့အိမ်က ခွေးတွေ
ရော၊ ရွာထဲက ခွေးတွေပါ၊တအီအီ
နဲ့ အော်နေကြတယ်တော့၊ကျုပ်တို့
အိမ်က ခွေးနီကြီးက ကြောက်ပြီး
အတင်းအိမ်ပေါ်တက်လာလို့ အိမ်
ထဲ ထည့်ထားရတယ်တော့”
” ဟေ- ဟုတ်လား၊တံခါးပိတ်ထားစမ်း
ခင်စိန်၊ နင့်ကလေးတွေရော အိမ်မှာ
ရှိကြရဲ့လား”
“ရှိတယ် အရီး၊ ရှိတယ်၊ တစ်အိမ်လုံး
အိမ်မှာရှိတယ်”
“အေး အေး၊ ဒါဆိုရင် တံခါးတွေပိတ်
တော့၊ ဝိုင်းတံခါးပါ ပိတ်ဟေ့”
“ဟုတ်ကဲ့၊ အရီး၊ ဟုတ်ကဲ့”
“ရှူး၊ ရှူး၊ ဖူး၊ ဖူး”
“ဟဲ့ တာတေ၊ ဒါ ဘာသံတုံး”
“ကျုပ်တို့နွားတွေဗျ၊ နှာမှုတ်နေတာ၊
တဖူးဖူးနဲ့”
“ဟေ ဒါဆိုရင် တစ်ခုခုတော့ ဖြစ်တော့
မယ်ထင်တယ်”
အမေက မျက်နှာပျက်ပျက်နဲ့ ပြော
တယ်ဗျ။ ကျုပ်ကတော့ ကျုပ်အကြံ
နဲ့ ကျုပ်ပေါ့ဗျာ။ကျုပ်အခန်းထဲဝင်ပြီး
မျက်ကွင်းဆေးကိုသွေးပြီးကွင်းလိုက်
တယ်။ ဒါဆို ကျုပ်မြင်ရပြီပေါ့ဗျာ၊ သ
ရဲဖြစ်ဖြစ်၊ တစ္ဆေဖြစ်ဖြစ်၊ နာနာဘာဝ
မှန်သမျှ ကျုပ်တွေ့ရပြီလေ၊ သစ်စုန်း
ဆေးတော် ထည့်ထားတဲ့ ကတ္တီပါအိတ်
ကလေးကို လည်ပင်းမှာ ဆွဲထားလိုက်
တယ်။ ပြီးတော့ အိမ်ရှေ့ခန်းကို ထွက်
လာခဲ့တယ်။
“ဟာ ဒါက ဘယ်တုံး”
အမေက ကျုပ်ကိုမေးတယ်။အဘက
တော့ ကျုပ်ကိုပြုံးပြီးကြည့်နေတယ်ဗျ။
“ငွေစိန်ရယ် – တာတေပါဆိုမှ စပ်စု
တော့မှပေါ့ဟာ”
“စပ်စုတာက အရေးမကြီးဘူး
ကိုရင်ဥာဏ်ရဲ့၊ ခုဟာက ဘာတွေ
မှန်း သိတာမဟုတ်ဘူး၊ ပြီးတော့
အုပ်စုလိုက်ကြီး လာမှာ”
“အမေ ဘာမှမစိုးရိမ်နဲ့၊ ကျုပ်စုံစမ်း
ရုံပဲဗျ၊ ဘာမှလုပ်မှာ မဟုတ်ဘူး”
ပြောပြောဆိုဆိုနဲ့ ဝိုင်းထဲကို ဆင်း
လာခဲ့တယ်။ အမေကတော့ တံခါး
ထပိတ်လိုက်တယ်။ကျုပ်ကမန်ကျည်း
ပင်ကြီးအောက်က သစ်သားကွပ်ပျစ်
ပေါ်မှာထိုင်ပြီးနဂါးဆေးပေါ့လိပ်က
လေးကို မီးညှိလိုက်တယ်။ဆေးလိပ်
ကလေးဖွာရင်း ဟိုတွေး သည်တွေး
တွေးနေမိတာပေါ့ဗျာ။ လူခြေတိတ်
သွားပြီ။
“အီ- အီ- အီ- အီ”
ဟော ဒါ တောင်ဘက်ဝိုင်းက ခွေးကြီး
ကြောက်ပြီး တအီအီနဲ့ အော်နေတဲ့အ
သံဗျ။
“ဖူး ဖူး ဖူး ဖူး”
ဟော ဒါက ကျုပ်တို့နွားနီကြီးတွေ
နှာမှုတ်နေတာဗျ။ မကောင်းဆိုးဝါး
တွေရဲ့ အငွေ့အသက်ကို ကြိုရနေ
လို့နဲ့ တူပါရဲ့ဗျာ။ တိရစ္ဆာန်မှာလည်း
သူ့သဘာဝနဲ့သူ ရှိတာဗျ။ လူတွေ
မခံစားနိုင်တဲ့ အာရုံကို သူတို့ကရ
ကြတာ။ ညဆယ်နာရီလောက်ရှိ
ပြီထင်တယ်။
“ဖျန်း- ဖျန်း- ဖျန်း- ဖျန်း- အား-
အား- အား- အား”
ဟော အိပ်တန်းတက်နေတဲ့ ကျီးတွေ
ပျိုတာဗျ။ ကျုပ်တောင် ကြက်သီးတွေ
ထသွားတယ်။ ကင်းတဲတွေမှာ ကင်း
စောင့်နေတဲ့ ကောင်တွေတော့ ခု
လောက်ဆို အတော်ကြောက်နေပြီ
ဗျ။ ကျုပ်ဆေးပေါ့လိပ်ကလေးကို
မီးငြိမ်းလိုက်တယ်။ ပြီးတော့ ဝိုင်းဝ
ကို ထွက်လိုက်တယ်။ ဝိုင်းဝက မန်
ကျည်းပင်နောက်မှာ ကျုပ်အသာ
ကပ်ရပ်နေလိုက်တယ်။
ဟော လာကြပြီဗျို့၊ အို- လူသံတွေမှ
ဆူညံနေတာပဲဗျာ။ ခြေသံတွေလည်း
ကြားနေရတာပဲကိုး။ ဟော ဟော အ
သံတွေ ဝေးသွားကြပြီဗျ။
ရွာရှေ့ပိုင်းကို ရောက်သွားတယ်ထင်
တယ်။ကျုပ်အသာကလေးငြိမ်ပြီးစောင့်
နေလိုက်တယ်။အသံတွေပျောက်သွား
တာဗျ။ ကျုပ်တို့ တောင်ဘက်လမ်းက
နေ သွားတာ ထင်တယ်။ ဟော ကြား
ပြီ။ကြားပြီ။ ဟာ ဒီတစ်ခါတော့ ကျုပ်
တို့လမ်းထဲကို ဝင်လာတာဗျို့။
ဟော ခြေသံတွေ ကြားနေရပြီ။ အို-
စကားတွေ ပြောသံတွေက ပိုပိုကျယ်
လာတယ်ဗျို့။ ကျုပ် သေသေချာချာ
နားစိုက်ပြီးထောင်ကြည့်တယ်။ဘာ
တွေပြောနေကြမှန်း မသိဘူးဗျ။အသံ
သာ ကြားနေရတာ။ ဘာတွေပြောနေ
မှန်းကို မသ်ိတာဗျ။ဟာ ဖုန်တထောင်း
ထောင်းထအောင်ကို လျှောက်နေတာ
ဗျို့။ ကျုပ်တို့ဝိုင်းနဲ့ နီးလာပြီ။ ကျုပ်က
မန်ကျည်းပင်ကြီးကွယ်ပြီး သေသေ
ချာချာကို ကြည့်နေတာဗျ။
ှုဟာ မြင်ပြီ။ မြင်ပြီ။ ဟင် ဘယ့်နှယ်
တွေတုံးဗျ။ ရှေ့ဆုံးက မိန်းမကြီးဗျ။
ကန်တော့ပွဲတစ်လုံးရွက်လို့ပါလား။
ဟင် လူတွေအားလုံးက ဝတ်ကောင်း
စားလှတွေ ဝတ်လို့ဗျ။ အကုန်လုံး
သစ်သစ်လွင်လွင်တွေ ဝတ်ထား
ကြတာ။
လူအစိတ်လောက် ရှိမယ်ထင်တယ်။
စကားတွေ တဖောင်ဖောင်ပြောပြီး
ကျုပ်တို့ဝိုင်းရှေ့က လျှောက်သွား
ကြပြီဗျို့။ ယောက်ျားဆယ်ယောက်၊
မိန်းမ ဆယ်ယောက်နဲ့ ကလေး လေး
ငါးယောက်ပါတယ်ဗျ။
ကျွက်စီ ကျွက်စီနဲ့ပြောပြီး သွားလေရဲ့၊
ရွာထဲကို ဘယ်လောက်ကြာအောင်
လှည့်ပတ်နေကြမလဲတော့ မသိဘူး
ဗျို့။ ရှေ့ဆုံးက မိန်းမကြီးကလည်း
ကန်တော့ပွဲကြီး ရွတ်လို့ဗျ။ကျုပ်လည်း
ဘာဆိုတာ မတွေးတတ်တော့ဘူးဗျို့။
ပုံစံကြည့်ရတာတော့ အလှူတို့
မင်္ဂလာဆောင်တို့ လာတာပဲဖြစ်
မယ် ထင်တယ်။
သရဲမင်္ဂလာဆောင်လို့တော့ ကျုပ်
ဖြင့် တစ်ခါမှ မကြားဖူးပါဘူးဗျာ။
နောက်နေ့ရောက်တော့ ရွာထဲမှာခေါင်း
ချင်းဆိုင်ပြီး တိုးတိုးနဲ့ လုပ်ကြတော့တာ
ပါဗျာ။ ကျုပ်ဆီကိုလာပြီး မေးကြမြန်းကြ
နဲ့ ကျုပ်လည်း ကြည့်ပြောရတော့တာပေါ့
ဗျာ။ ကျုပ်မြင်တာ တွေ့တာတွေကို အ
ကုန်ပြောလို့တော့ ဘယ်ဖြစ်မလဲဗျာ။
ရွာထဲမှာတော့ ကျုပ် ဘာပဲခိုင်းခိုင်း
မငြီးမငြူ လုပ်ကိုင်ပေးတဲ့ ကျောက်
ခဲနဲ့ သံမဏိကို ကျုပ်သွားခေါ်လိုက်
တယ်။ ပြီးတော့ ဒီည ကျုပ်လုပ်မဲ့
အစီအစဉ်ကို သူတို့နှစ်ယောက်
အကူအညီနဲ့ ကြိတ်ပြီး လုပ်ရတာ
ပေါ့ဗျာ။ အမေကတော့ ကျုပ်တစ်
ခုခု လုပ်နေပြီဆိုတာကို သိတာ
ပေါ့ဗျာ။ ညနေစောင်းတော့ ကျုပ်
တို့မှာ တစ်ပိဿာကျော်ကျော်
လောက်ရှိတဲ့ ကြက်တစ်ကောင်
ချက်ပြီးပြီဗျ။ ထမင်းက ဆန်တစ်
ပြည်ချက်ထားပြီး ထမင်းထုပ်ဖို့
ငှက်ပျောဖက်တွေကလည်း အ
ဆင်သင့်ဗျ။
ဒီလောက် ထူးဆန်းတဲ့ကိစ္စကြီး
ဖြစ်နေတာ မဖဲဝါက လွဲရင် ဒီအ
ကြောင်းကို ဘယ်သူသိမှာတုံးဗျာ။
မိုးချုပ်စမှာ ကျောက်ခဲ ပြန်ရောက်
လာတယ်။ ငွေတွင်းကုန်းက နတ်
ဝင်သည် ဒေါ်ထွန်းကို ကို ခေါ်ခိုင်း
လိုက်တာဗျ။
“ဘယ်လိုတုံးကွ၊ ကျောက်ခဲရဲ့၊
အဆင်ပြေရဲ့လား”
ကျုပ်က ဆီးကြိုမေးလိုက်တယ်။
ကျောက်ခဲက ကျုပ်အနားရောက်
မှပြောတယ်
“ပြေတယ်ဗျ ကိုကြီးတာတေ၊ဒေါ်ထွန်း
က သူ့အသိအိမ် ခဏဝင်ဦးမယ်ဆိုပြီး
ဝင်နေခဲ့တယ်၊ ပြီးရင် လာလိမ့်မယ်”
“ဟေ ဟုတ်လား၊ ဘယ်သူ့အိမ်တုံးကွ”
“မြောက်ဘက်ခရိုးကို ကျောပေးပြီး
ဆောက်ထားတဲ့အိမ်လေဗျာ”
“ကိုစံမောင်တို့အိမ်ပါကွ၊ အေး ဟုတ်
သားပဲ၊ ကိုစံမောင်မိန်းမ မလုံးတင်က
ဒေါ်ထွန်းတူမကွ၊သြော် ဟုတ်ပြီ၊ဟုတ်
ပြီ၊ ဒါဆို ငါတို့ ထမင်းထုပ် ထုပ်တော့
မွေဟ့”
ကျုပ်နဲ့ ကောင်လေးနှစ်ယောက်နဲ့ ထ
မင်းထုပ် ထုပ်ကြရတာပေါ့ဗျာ။ ဆန်
တစ်ပြည်ချက်ထမင်းကို ငှက်ပျော
ဖက်မှာပုံပြီး အပေါ်က ကြက်သား
တစ်အိုးလုံး လောင်းထည့်လိုက်ပြီးမှ
ငှက်ပျောဖက်ကို သေသေချာချာထုပ်
ပြီး ထမင်းတောင်းထဲ ထည့်ရတာပေါ့
ဗျာ။ ဒေါ်ထွန်း ရောက်လာတော့ အိမ်
ပေါ်တက်ပြီး အမေတို့၊ အဘတို့နဲ့ စ
ကားပြောသေးတာဗျ။
ညရှစ်နာရီလောက် ရောက်တော့
ကျုပ်ရယ်၊ ကျောက်ခဲနဲ့ သံမဏိရယ်
ဒေါ်ထွန်းရယ် ထနောင်းကုန်းသင်္ချိုင်း
ထဲကို ရောက်လာခဲ့ကြတယ်။ ကျုပ်
က အုတ်ဂူအကြီးကြီးပေါ်မှာ ထမင်း
ထုပ်ကို ဖြန့်ခင်းတယ်။ သံမဏိယူ
လာတဲ့ ကြေးဖလားကြီးကို ဂူပေါ်
တင်လိုက်တယ်။
ဖလားကြီးထဲမှာ ရေကအပြည့်ဗျ။
ဂူရှေ့မှာ မြက်ခင်းကလေးပေါ်မှာ
ဒေါ်ထွန်းက ကြုံ့ကြုံ့ကလေးထိုင်
လိုက်တယ်။ ပြီးတော့ ဆံပင်ဖား
လျားကြီးချလိုက်တယ်။ ကျုပ်မဖဲ
ဝါကို ပင့်ပြီဗျို့။
“ထနောင်းကုန်းရွာသား ကျုပ်တာတေ
က အကြောင်းပြုလိုက်ပါတယ်၊ဒီနေရာ
အနီးတစ်ဝိုက်မှာ ရှိကြတဲ့မဖဲဝါရဲ့ အရိပ်
မှာ ခိုလှုံကြတဲ့ သရဲ၊ တစ္ဆေတို့ သင်တို့ရဲ့
အရှင်မ မဖဲဝါကိုအမြန်ဆုံး အကြောင်း
ပြုကြပါ၊ ကျုပ်က စားပွဲသောက်ပွဲနဲ့ ကြို
ပါတယ်ဆိုတာ အမြန်ဆုံး အကြောင်း
ကြားပေးကြပေတော့ ”
“ဝူး- ဝူး- ဝူး- ဝူး- အီး- အီး”
ဟော ဒီတစ်ခါ အတော်ကိုမြန်တာပဲ
ဗျ။ ချက်ချင်းကို ကြွလာတာဗျို့။ ကျုပ်
စိတ်ထဲထင်တော့ မဖဲဝါ ဒီအနီးအနား
မှာ ရှိနေပုံရတယ်ဗျ။ လေအေးကလေး
တစ်ချက် ဝေ့တိုက်သွားတယ်။ကျုပ်
တောင် ကျောထဲမှာ စိမ့်ကနဲ ဖြစ်သွား
တယ်ဗျ။
“ဟီး ဟီး ဟီး ဟီး”
ဟော ရောက်ပြီဗျို့။ ရောက်ပြီ။
မဖဲဝါ ဒေါ်ထွန်းကို ဝင်ပူးလိုက်ပြီဗျ။
ဒေါ်ထွန်းက လက်ကြီးတွေ ကွေး
ကောက်ပြီး မတ်တတ်ကြီး ထရပ်
တယ်။ ကျုပ်ကို တစ်ချက်ကြည့်
တယ်။ ကျုပ်က ဂူပေါ်မှာပြင်ထား
တဲ့ ထမင်းပွဲကို လက်ညှိုးထိုးပြ
လိုက်တယ်။ ဟာ ခုန်တက်သွား
ပြီဗျို့။ လွှားကနဲ နေတာပါပဲဗျာ။
စားပြီ၊ စားပြီ။ ဆံပင်ဖားလျားကြီး
နဲ့ ထမင်းနဲ့ ဟင်းတွေ အားရပါး
ရကို စားတာဗျို့။
“ခလွပ်- ခလွပ်- ခလွပ်”
ဟော ကြက်သားတွေကို အရိုးရော၊
အသားပါ၊ ဝါးစားပစ်တာဗျို့။ထမင်း
ပုံကြီး တစ်ဝက်လောက် လျော့သွား
တော့မှမဖဲဝါကြီးက ဆံပင်ဖားလျား
ကြီးကြားကနေ ကျုပ်ကို မော့ကြည့်
တယ်ဗျ။ကျုပ်ချက်ချင်းပြောပြတယ်။
“မဖဲဝါ ဒီအနီးတစ်ဝိုက်က ရွာတွေမှာ
အခုတလော ညဘက်ရောက်ရင် နာ
နာဘာဝတွေ အုပ်လိုက်ကြီး ရွာထဲကို
ဝင်လာကြတယ်၊ စကားတွေ ဆူညံနေ
အောင်ပြောပြီး ရွာထဲကို တစ်လမ်းဝင်
တစ်လမ်းထွက် လျှောက်သွားကြတယ်
ဗျ။ကျုပ် ဆေးကွင်းပြီးကြည့်တော့ ရှေ့
ဆုံးက မိန်းမကြီးတစ်ယောက်က ကန်
တော့ပွဲတစ်လုံးရွက်ထားတယ်။အားလုံး
အဝတ်အစားတောက်တောက်ပြောင်
ပြောင်တွေ ဝတ်ထားကြတာ အားလုံး
လူအစိတ်လောက်ရှိမယ် အဲဒါ ဘာဖြစ်
တာတုံးဗျ။ရွာတွေအားလုံး လန့်နေကြပြီ”
“အဲဒါ မြောက်ဘက် ထီးဂလိုင်ရွာက
လူတွေ ပေကုန်းက မိုးညိုရဲ့သမီး
ထားကြည်နဲ့ နားဖောက်ဖို့ အလာမှာ
ယင်းချောင်းကြီးကို လှည်းသုံးစီးနဲ့
အဖြတ် တောင်ကျရေတွေ ဗြုန်းစား
ကြီး ကျလာလို့ လှည်းရော၊ နွားရော၊
လူရော ပါသွားပြီး အားလုံး သေကုန်
တာ။ ယောက်ျား၊ မိန်းမ၊ ကလေး၊
အားလုံး နှစ်ဆယ့်သုံးယောက်။
လာတဲ့ကိစ္စကို စိတ်စွဲပြီး တစ္ဆေတွေ
ဖြစ်ကုန်တာ။ သတို့သားလည်း ပါ
တယ်။ ကန်တော့ပွဲရွက်ထားတာ
သတို့သားရဲ့ အမေ မယ်ရင်”
“ဟာ စိတ်မကောင်းစရာပါပဲဗျာ၊
ကျုပ် ဘာလုပ်ပေးလို့ရမလဲ မဖဲဝါ”
“သူတို့က ပေကုန်းကို လိုက်ရှာနေတာ၊
ရှာလို့မရဘူး ဖြစ်နေတယ်။ သူတို့ကို
ပေကုန်းခေါ်သွား၊နားဖောက်ခိုင်းလိုက်
ပြီးတော့မှ တရားနာခိုင်း၊ နားဖောက်
တဲ့ ကိစ္စကို စိတ်စွဲသွားလို့ တစ္ဆေတွေ
ဖြစ်နေကြတာ၊ အားလုံးကျွတ်သွားကြ
လိမ့်မယ်”
ဟာ ကြွသွားပြီဗျို့။ မဖဲဝါက စား
သောက်ပြီး ရေခွက်ကြီးကို မော့
သောက်ပြီးမှ ထွက်သွားတာ။ကျုပ်
လည်း ဒေါ်ထွန်းကို သတိရအောင်
လုပ်ပေးပြီး ရွာကို ပြန်ခဲ့ကြတာပေါ့
ဗျာ။
နောက်နေ့ရောက်တာနဲ့ ကျောက်
ခဲနဲ့ သံမဏိကိုခေါ်ပြီး မြောက်ဘက်
က ပေကုန်းကို ကျုပ်တို့ထွက်လာခဲ့
တယ်။ ပေကုန်းရောက်တော့ ဦးမိုး
ညိုအိမ်ကို ရှာရတော့ပေါ့ဗျာ။
ကျုပ်လည်း အကြောင်းစုံ ရှင်းပြလိုက်
တော့ အိမ်ထောင်မပြုခဲ့ရတဲ့ မထား
ကြည်က ငိုတော့တာပေါ့ဗျာ။
“မောင်တာတေရယ်၊ ကျေးဇူးတင်ပါ
တယ်ကွယ်၊ ကျုပ်တို့ ဘာလုပ်ပေးရ
မလဲ ပြောပါ၊ ကျုပ်တို့လည်း သူတို့
တွေ ဒီလိုဖြစ်နေတာ မသိပါရပါဘူး
ကွယ်”
ကျုပ်လည်း အားလုံးစီစဉ်ခဲ့ရတာပေါ့ဗျာ။
ဦးမိုးညိုတို့ကလည်း ကျုပ်စီစဉ်တဲ့အတိုင်း
အားလုံးပြင်ဆင်ပေးမယ်လို့ ပြောကြပါတယ်
ရွာပြန်ရောက်တော့ ကျုပ် စုံစမ်းရတာပေါ့ဗျာ
ထီးဂလိုင်သား တစ္ဆေတွေ၊ ဘယ်ရွာက
ဝင်ပြီးပြီလဲ၊ဘယ်ရွာတွေ ကျန်သေးလဲ
ပေါ့ဗျာ။
ဟာ ကျုပ် စုံစမ်းကြည့်တော့မှ
အံ့သြသွားတာဗျို့။
သူတို့တွေ ရွာအားလုံး ဝင်သွားပြီးပြီ။
တစ်ရွာပဲ ကျန်တော့တာဗျ။ အဲဒါက
ဝက်စုဗျ။ ကျုပ်တို့ရွာ မြောက်ဘက်ပဲ။
တကယ်က ပေကုန်းက ကျုပ်တို့ရွာအုပ်စု
မဟုတ်ဘူး။ မြောက်ရွာစုထဲက ရွာတစ်ရွာဗျ။
ထီးဂလိုင်တစ္ဆေတွေ ဘယ်လိုဖြစ်ပြီး
မျက်စိလည်သွားတယ် မသိဘူးဗျ
ကျုပ်တို့တောင် ရွာစုထဲမှာ လာပြီး
လည်နေကြတာ။
ကျောက်ခဲနဲ့ သံမဏိကလည်း ကျုပ်နဲ့
လိုက်မှာတဲ့ဗျ။ နေခဲ့ခိုင်းတာ မရဘူးဗျို့။
ညနေစောင်းတော့ ကျုပ်တို့သုံးယောက်
ဝက်စုကို လာကြတယ်။ ဝက်စုမှာ
ကျုပ်အသိ ကိုကြီးသာခင် ရှိတယ်ဗျ
ကိုသာခင်တို့အိမ်မှာ ကျုပ်တို့ရောက်တော့
ညခုနှစ်နာရီ ထိုးပြီ။
ကျုပ်က ကိုသာခင်ကို အကျိုးအကြောင်း
ပြောပြလိုက်တယ်။ ဒီသတင်းတွေကို
သူတို့လည်း ကြားပြီးသားပေါ့ဗျာ။
ဒီည သူတို့ရွာကို မကောင်းဆိုးဝါးတွေ
ဝင်လာမှာကိုလည်း သူတို့သိပြီးသားဗျ။
ဘာဖြစ်လို့တုံးဆိုတော့ ကျုပ်တို့ရောက်နေတဲ့
အချိန်မှာ ဝက်စု တစ်ရွာလုံးက ခွေးတွေ
တအီအီ ဖြစ်နေပြီလေဗျာ ။ နွားတွေလည်း
တဖူးဖူးနဲ့ နှာမှုတ်နေကြပြီဗျ။
ညဆယ်နာရီကျော်ကျော်လောက်ရောက်တော့
ဝင်လာပြီဗျို့ ။ ကျုပ်က မျက်ကွင်းဆေး အဆင်သင့်
ကွင်းထားတာဆိုတော့ ကျုပ်ကလည်း သူတို့ကို
တွေ့ရမယ်။ သူတို့ကလည်း ကျုပ်ကို
တွေ့ရမယ်ပေါ့ဗျာ။
ဟော လာကြပြီဗျို့။ ကျွတ်စီ ကျွတ်စီနဲ့ကို
ပြောဆိုပြီး ဝင်လာတာဗျို့။ ဟာ ကိုသာခင်တို့
လမ်းအတိုင်းကို ဝင်လာတာဗျ။ ကျုပ်နဲ့ ကောင်လေး
နှစ်ယောက် အဆင်သင့်ပြင်ထားကြတာပေါ့ဗျာ။
ကျုပ် ကိုသာခင်တို့မိသားစုကို တစ်ခါတည်း
နှုတ်ဆက်လိုက်တယ်။ ကိစ္စပြီးရင်
ရွာတန်းပြန်မှာကိုးဗျ။
“သြော် တာတေ၊ တာတေ၊ ဒါကြောင့်လည်း
ငါ့တို့တောင်ရွာတွေမှာ မင်းနာမည်က
ကျော်ပေတာပဲ ”
ကိုသာခင်က ကျုပ်ပခုံးကို ပုတ်ပြီး ပြောတယ်
ဟော ထီးဂလိုင်သား တစ္ဆေတွေ ကိုသာခင်တို့
ဝိုင်းရှေ့ကို ရောက်ပြီ ။ ကျုပ်က ဝိုင်းထဲက
အပြင်ကို ထွက်လိုက်ပြီး ရှေ့ဆုံးက ကန်တော့ပွဲ
ရွက်လာတဲ့ မိန်းမကြီးကို ပြောလိုက်တယ်
“အရီးမယ်ရင် ဒါက ပေကုန်း မဟုတ်ဘူး
ဝက်စုဗျ၊ဒါ မြောက်အုပ်စု မဟုတ်ဘူး၊
ခင်ဗျားတို့ တောင်အုပ်စုရွာကိုရောက်နေ
တာ၊ ကျုပ် ခင်ဗျားတို့ကို လာကြိုနေတာ၊
ပေကုန်းကို ကျုပ် ခေါ်သွားမယ်၊ ဟိုမယ်က
ဦးမိုးညိုရော သတို့သမီး မထားကြည်ရော
စောင့်နေကြပြီ၊ ကဲ ကဲ လာ ကျုပ်နောက်က
လိုက်ခဲ့ကြ ”
ကျုပ်ပြောပြနေတာကို အားလုံးနား
ထောင်နေကြတာဗျ။ ကျုပ်လည်း ပြော
ပြီးရော ကျွတ်စီ ကျွတ်စီနဲ့ ပြောကြ
ပြန်ရောဗျို့။ ဒါပေမဲ့ ကျုပ်နောက်က
အားလုံးလိုက်လာကြတာဗျ။
ရွာပြင်ထွက်ပြီး ယာခင်းထဲကနေ
ပေကုန်းကို တိုက်ရိုက် ဖြတ်ချတာပေါ့ဗျ။
ကျောက်ခဲနဲ့ သံမဏိကလမ်းတွေ ကျွမ်းပြီး
သားမို့ တော်တော်တာပေါ့ဗျာ။
“ဒီအတိုင်း တည့်ဖြတ်ချရင် နာရီဝက်
မကြာဘူးဗျ ပေကုန်းကိုရောက်မှာ ”
ကျောက်ခဲက ရှေ့က လမ်းပြပေါ့ဗျာ
ကျုပ်နဲ့ သံမဏိ သူ့နောက်ကပေါ့
တစ္ဆေတွေကတော့ ကျုပ်တို့နောက်
ကနေ ဆူညံ ဆူညံနဲ့ စကားတွေ ပြောပြီး
ကျုပ်တို့နောက်ကလိုက်ချလာကြတာဗျို့။
ဖုန်ကို တထောင်းထောင်းဖြစ်နေတာဗျာ။
တွေးကြည့်ရင်တော့ တော်တော်ကို
ကျောချမ်းစရာပေါ့ဗျာ။
ကျုပ်တို့နောက်က တစ္ဆေနှစ်ဆယ့်သုံးကောင်
ပါလာတာဗျို့။ အဆင်သင့်ပါပဲဗျာ။ ကျုပ်တို့
ပေကုန်းရောက်တော့ ရွာထဲ တန်းဝင်ကြတာပေါ့ဗျာ။
ရွာထဲမှာတော့ ချက်ချင်းကို ရုတ်ရုတ် ရုတ်ရုတ်
ဖြစ်ကုန်ရောဗျို့။ ခွေးတွေကလည်း တအီအီနဲ့။
နွားတွေကလည်း နှာတွေ တဖူးဖူးမှုတ်ပေါ့ဗျာ
ဦးမိုးညိုနဲ့ ပေကုန်းသားတွေက ကျုပ်တို့လာမှာကို
ကြိုသိနေတော့ ဦးမိုးညိုရဲ့ ဝိုင်းထဲမှာ
ချက်ချင်းပဲ အောက်လမ်းဓါတ်မီးတွေ
ထွန်းကြတာပေါ့ဗျာ။ ဝိုင်းတစ်ခုလုံး
လင်းထိန်နေတာဗျ။
ဖျာကြမ်းတွေလည်း အားချင်းခင်းပစ်တာဗျ။
ဟော ဒေါ်မယ်ရင်က ပြုံးပြုံး ပြုံးပြုံးနဲ့
ဝိုင်းထဲဝင်ရောဗျ။ သတို့သားရော ကျန်တဲ့
လူတွေရော ဝင်ကြတာပေါ့ဗျာ။
ကျုပ် ကြိုစီစဉ်ထားသလိုပါပဲဗျာ
ပေကုန်းသားတွေကလည်း ဝတ်
ကောင်းစားလှတွေဝတ်ပြီး ကြိုကြလို့ဗျ။
နေရာထိုင်ခင်းတွေခပ်တည်တည်နဲ့
ပေးကြလို့ပေါ့ဗျာ။
သရုပ်ပြအောင်ကို လုပ်ကြတာပေါ့ဗျာ။
ထီးဂလိုင်က တစ္ဆေတွေကို ကျုပ်
အကဲခတ်နေတာဗျ။
သူတို့လည်း အခုမှ ကျေနပ်သွားတဲ့ပုံပဲဗျ။
ဦးမိုးညိုကလည်း ကျုပ်ပြောထားတဲ့အတိုင်း
ပေကုန်းဆရာတော်ဆီကို လူလွှတ်ပြီး
ချက်ချင်း ပင့်ခိုင်းတယ်။ ဆရာတော်ကလည်း
ချက်ချင်းကြွလာတယ်ဗျ။
အားလုံး ကြိုတင်စီစဉ်ထားရတာပေါ့ဗျာ
ဆရာတော်ကို ဦးမိုးညိုက သင်္ကန်းတွေ
လှူတယ် ပြီးတော့ ကျောင်းဆောက်တဲ့
အထဲမှာ ငွေလှူတယ်ဗျ –
ပြီးတော့မှ အဲဒီကုသိုလ်ကို ဆရာတော်
က တရားဟောပြီးရေစက်ချပေးတယ်၊
ကျုပ်ကြည့်နေတာဗျ။ အမျှဝေတော့
အားလုံး သာဓုခေါ်ကြတယ်ဗျို့။
တရားကိုလည်းသေသေချာချာ
နာကြပါတယ်။
ဟာ တကယ့်ကို အံ့သြစရာပါပဲဗျာ ။ ထိုင်ပြီး
တရားနာနေတဲ့ ထီးဂလိုင်သားတစ္ဆေတွေ
ဖြုတ်ကနဲ ဖြုတ်ကနဲ ပျောက်သွားတာဗျို့။
အားလုံးပဲဗျာ။ တစ်ယောက်မှကို မကျန်ခဲ့တာဗျ။
ကျုပ်ဖြင့် ဝမ်းသာလိုက်တာဗျာ။ ဦးမိုးညိုနဲ့
မထားကြည်က ကျုပ်ကို လှမ်းကြည့်တယ်။
ပေကုန်းသားတွေကလည်း ကျုပ်ကို
ကြည့်ကြတာပေ့ါဗျာ။
‘ဘယ်လိုတုံးကွ ‘ဆိုတဲ့ သဘောပေါ့ဗျာ ။


“သွားပြီဗျို့၊ သွားကြပြီ၊ အားလုံး
ကျွတ်သွားကြပြီ၊တစ်ယောက်မှကို
မကျန်ဘူး။ နှစ်ဆယ့်သုံးယောက်
စလုံး ကျွတ်လွတ်သွားကြတာဗျို့”
ကျုပ်က ဝမ်းသာအားရနဲ့ အော်ပြော
လိုက်တော့မှဦးမိုးညိုရော၊ ပေကုန်းသား
တွေရော ပြုံးပြုံးကြီးတွေဖြစ်သွားကြတာပေါ့ဗျာ။
ဆရာတော်ကြီးကိုယ်တိုင်လည်း ပြုံးနေရှာတာပေါ့ဗျာ။ မထားကြည်ကတော့ဝမ်းနည်းပန်းနည်း ငိုတော့တာပေါ့။
ကိစ္စအားလုံးပြီးတော့ ကျုပ်ရယ်၊ ကျောက်ခဲရယ်၊
သံမဏိရယ် ထနောင်းကုန်းကို ပြန်ခဲ့ကြတယ်
ပေကုန်းသားတွေက ကျေးဇူးတင် စကားကို
အထပ်ထပ် အခါခါ ပြောကြရင်း ပေကုန်းမှာ
ညအိပ်ဖို့ ပြောကြပါတယ်။
ဒါပေမဲ့ ကျုပ်တို့ မအိပ်ကြပါဘူးဗျာ ။
ညတွင်းချင်း ပြန်ခဲ့တာပါ။ ကျုပ်စိတ်ထဲမှာမဖဲဝါကြီးကို ကျေးဇူးတင်ကြောင်း ပြောလိုက်မိတာကို ဘယ်သူမှမသိဘူးပေါ့ဗျာ။

ပြီးပါပြီ။

Leave a Comment