မှန်ထဲက တာတေ

” မှန်ထဲက တာတေ ” (စ/ဆုံး)
မူရင်းရေးသူ— ဆရာတာတေ
+++++++++++

တာတေတို့နေတဲ့ ထနောင်းကုန်းကနေ
ဆရာမနိုင်ကို သွားတဲ့အခါ လှည်းလမ်းကြောင်းမှာ
ကုက္ကိုခွတို့ ၊ သစ်ရာတောတို့ သီးတောတို့၊
ထိန်ကုန်းတို့ ၊ ညံတောတို့ဆိုတဲ့ ရွာတွေကို
ဖြတ်သွားရတာဗျ။ ညံတောဆိုတာ ရှေးရွာဟောင်းကြီးဗျ။
ဘယ်လောက်တောင် ရှေးကျတယ်တော့
အတိအကျ မပြောတတ်ဘူးဗျ။
ဒါပေမဲ့အဲဒီဘက်က ယာတောတွေထဲမှာ
ရှေးခေတ်က အုတ်ခဲအကြီးကြီးတွေနဲ့
တည်ထားတဲ့ ဘုရားပျက်တွေ အတော်များများ
ရှိတယ်၊ အဲဒီက ယာတောတွေကိုခေါ်တာတောင်
ဘုရားငုတ်တိုအကွက်တို့၊ဘုရားပျက်ကုန်းတို့ ၊ ဘုရားအိုယာကွက်တို့၊
ဥစ္စာသိုက်ကုန်းတို့ ခေါ်တာဗျ။
ညံတောမှာ ယာထွန်ရင်း ရှေးဟောင်းဒင်္ဂါးတွေရဖူးတဲ့ သူတွေ ရှိတယ်။
ရှေးခေတ်က အိုးတွေ၊ခွက်တွေကတော့ ခဏ ခဏကို
တွေ့ကြတာဗျ။
ရွာထဲမှာ ဆိုရင်လည်း ရှေးခေတ်က
အိမ်ဟောင်းတွေ၊ အိမ်ပျက်တွေ ပေါမှပေါဗျာ။
ပြီးတော့ သူတို့ရွာထဲမှာ တစ္ဆေလိုလို၊
ဥစ္စာစောင့်လိုလို၊ သရဲလိုလိုတွေလည်း မကြာမကြာ
မြင်ကြရတယ်ဆိုပဲ။
ညံတောက ဘုန်းကြီးကျောင်းကြီးတွေဆိုရင်
တော်တော်ကို ရှေးကျတဲ့ ကျောင်းကြီးတွေဗျ။
ကျောင်းဝိုင်းကြီးတွေကလည်း ကျယ်ပါ့ဗျာ။
အုတ်ပုံကြီးတွေ ဖြစ်ပုံနေတဲ့ ဘုရားပျက်တွေလည်း
ရှိသဗျ၊ ညံတောကို ကျုပ်ရောက်သွားတဲ့အခါတိုင်း
စိတ်ထဲမှာ ထိုင်းထိုင်းမှိုင်းမှိုင်းကြီးကို ဖြစ်ရောဗျ။
ဟိုဟာ လွမ်းသလို၊ ဒီဟာလွမ်းသလိုနဲ့ ဘယ်လိုကို
ပြောရမှန်းမသိတော့ပါဘူးဗျာ။ အခုလည်း
ကျုပ် ညံတောမှာ ရောက်နေတာဗျ။
လူတွေနဲ့ ဒိုးတူပေါင်ဖက် အလုပ်လုပ်ခဲ့ကြတဲ့
နွားကြီးတွေ အသက်ကြီးလာပြီဆိုရင်
ဘေးမဲ့ပေးမဲ့ အစဉ်အလာဗျ၊ နှစ်တိုင်းရှိတာတော့လည်း
မဟုတ်ဘူး၊ အိုမင်းမစွမ်းဖြစ်လာတဲ့ နွားကြီးတွေ
ရှိလာမှ ဘေးမဲ့ပွဲ လုပ်ကြတာ၊ တစ်ခါတလေများဆိုရင်
သူ့အိမ်က တစ်ကောင်၊ ငါ့အိမ်က တစ်ကောင်နဲ့
ငါးကောင်၊ ခြောက်ကောင်တောင် ဖြစ်သွားတာဗျို့။
ဒီနှစ် ညံတောမှာ ဘေးမဲ့ပွဲရှိသတဲ့ဆိုရင်
အနီးအနားက ရွာတွေက လှည်းတွေနဲ့
သွားကြသဗျ၊ အနည်းဆုံး ဆိုင်းပွဲတော့
ပါတာဗျ။ နွားဘေးမဲ့လွှတ်တဲ့သူတွေက
ငွေကို မတည်ပြီး ရွာထဲက တတ်နိုင်တဲ့
လူတွေကလည်း ငွေတွေ ဝိုင်းထည့်ကြတာပေါ့ဗျာ။
ရှင်ပြုပွဲလိုပဲဗျ။ ရုံထိုးပြီးတော့ကို
ထမင်း၊ ဟင်း ကျွေးတာဗျ။ ဒါပေမဲ့
ဘေးမဲ့ပွဲမှာ ကျွေးတာက သက်သက်လွတ်ချည်း
ကျွေးတာဗျို့၊ ကျွေးမွေးတဲ့ ရည်ရွယ်ချက်ကတော့
ဘေးမဲ့လွှတ်တဲ့ နွားကြီးတွေအတွက်
ကုသိုလ်လုပ်တာဗျ၊ ရွာထဲက ငွေကြေး
မတတ်နိုင်တဲ့ လူတွေလည်း သူတို့စိုက်ခင်းထဲက
ခရမ်းခေါင်သီးတွေ၊ ခရမ်းချဉ်သီးတွေ၊
ကြက်သွန်၊ ငရုတ်သီး၊ ပဲ စတဲ့ သီးနှံတွေ
ထည့်ကြသဗျ။
တချို့ကလည်း ချက်ဖို့ ပြုတ်ဖို့ ထင်းတွေ
လာပို့ကြတယ်။ ဟိုရွာ ဒီရွာက လာတဲ့
လူတွေကလည်း လက်ချည်းလာတာ
မဟုတ်ဘူးဗျ။ ငွေကြေးက စပြီး ဆန်တို့၊
ပဲတို့၊ ဆီတို့၊ အသီးအနှံတို့ ပါအောင် ယူလာကြတာ။
တစ်ခါတလေကျတော့လည်း သူတို့ရွာက
ဘေးမဲ့ပေးမယ့် နွားတွေပါ ဆွဲလာပြီး
ညံတော ဘေးမဲ့ပွဲမှာ တစ်ခါတည်းပေါင်းပြီး
ဘေးမဲ့ပေးကြတာဗျို့။
ဘေးမဲ့ပေးပြီးရင်တော့ အဲဒီနွားအိုကြီးတွေကို
အိမ်မှာပဲ ကျကျနန ကျွေးမွေးစောင့်ရှောက်ကြတာ၊
ဘာမှ မခိုင်းတော့ဘူးဗျို့၊ သေသွားရင်လည်း
အသားပေါ်ပြီး မစားကြဘူးဗျ။ ကောင်းကောင်း
မွန်မွန် မြေထဲမြှုပ်ကြတာ။
အဲ…ပြောရဦးမယ်ဗျို့၊ မသမာတဲ့သူတွေက
ညဘက်လာပြီး နွားသေကို ဖော်ယူပြီး အသား
ဖျက်မှာစိုးလို့ မြေမြှုပ်တဲ့အခါ ရေနံဆီလောင်းပြီးမှ
မြှုပ်ကြတာ၊ ညံတောသားတွေ နွားချစ်ပုံကတော့
ထူးချက်ဗျာ။ ဒီအစဉ်အလာကလည်း ဘယ်တုန်း
ကတည်းက ရှိမှန်းကို မသိတာဗျ။ညံတောဘေးမဲ့ပွဲက
ကဆုန်လပြည့်နေ့မှာ လုပ်ကြတာဗျ။
ကျုပ်ငယ်ငယ်ကတော့ အဘတို့၊ အမေတို့နဲ့
တစ်ခါနှစ်ခါ ရောက်ဖူးသားဗျ။မရောက်တာတော့
ကြာပါပြီ။ ဒီနှစ်တော့ ကျုပ်အကောင် နှစ်ကောင်
ပူစာတာနဲ့ ရောက်လာတာဗျို့။ ကျောက်ခဲနဲ့
သံမဏိလေ။
“ကိုကြီးတာတေ— ညံတောဘေးမဲ့ပွဲ သွားကြရအောင်ဗျာ၊
ဒီနှစ် နွားဆယ့်ငါးကောင်တောင် ဘေးမဲ့ပေးမှာတဲ့ဗျ။
ဆိုင်းပွဲကလည်း ကောင်းမှာလို့ ပြောတယ်ဗျ”
ကျုပ်လည်း ဒီကောင်နှစ်ကောင် လွှတ်သွားချင်
နေမှန်းသိလို့ မငြင်းတော့ပါဘူးဗျာ။
“အေးလေ—ဒါဆိုလည်း သွားကြတာပေါ့ကွာ”
ဒီကောင်တွေ တော်တော်ပျော်သွားတာဗျ။
ကျောက်ခဲနဲ့ သံမဏိက ကလေးသာသာ အရွယ်တွေမို့လား။
ညံတောပွဲသွားရမယ်ဆိုတော့ ပျော်တာပေါ့ဗျာ။
ညံတောမှာက ကျုပ်နဲ့ လူခင်တွေ ရှိတယ်ဗျ။
ကိုမင်းယာတို့ ညီအစ်ကိုတွေ၊ ကိုဖိုးဆန်းတို့
ညီအစ်ကိုတွေ၊ ပြီးတော့ ကိုရင်မောင်တို့၊
ကိုရင်ကောင်တို့ ညီအစ်ကိုတွေ။ အဲ—
ပြောရဦးမယ်ဗျို့။ကိုရင်ကောင်ဆိုလို့။
ညံတောဘေးမဲ့ပွဲကို အမြဲတမ်း ဦးဆောင်ပြီး
လုပ်ပေးတဲ့ အလှူ့ဒကာကြီး ဦးဘိုးပရဲ့သားတွေဗျ။
အကြီးက ကိုရင်မောင်တဲ့။ အငယ်က ကိုရင်အောင်တဲ့၊
ဒါပေမဲ့ ညံတောသားတွေက ချစ်စနိုးနဲ့ ရင်အောင်ကို
ရင်ကောင်ပဲ ခေါ်ကြတာဗျို့။ ရင်မောင်ညီ ရင်ကောင်လို့
နောက်ရင်းပြောရင်းကနေ ရင်ကောင်ပဲ ခေါ်နေကြတာ။
သူတို့အဖေ ဦးဘိုးပက လူချမ်းသာကြီးဗျ၊
ယာတွေမှ လက်ညှိုးထိုးလို့ကို မလွဲဘူးဆိုပဲ၊
ထန်းတောကြီးလည်း ပိုင်တယ်တဲ့ဗျ၊
ပြီးတော့ အမွေကလည်း နှစ်မွေခံဆိုလား၊
သုံးမွေခံဆိုလားဗျာ၊ လူဆိုတာကလည်း
အမျိုးမျိုးရှိတာဗျ။လူချမ်းသာတိုင်း
လှူကြတန်းကြတာ မဟုတ်ဘူးလေဗျာ။
ကိုရင်မောင်တို့ အဖေ ဦးဘိုးပကတော့
အားကြီးလှူတာ၊ တန်းတာဗျို့။
စီးပွားကလည်း လှူလေ တက်လေဆိုပဲ။
ဦးဘိုးပရဲ့မိန်းမ ဒေါ်ဖွားအိဆိုတာကလည်း
သူ့ယောင်္ကျား ဦးဘိုးပလိုပဲ အလှူအတန်း
အားကြီးရက်ရောသတဲ့ဗျာ။
ဒါပေမဲ့ လူ့ဘဝဆိုတာ ဘုန်းကြီးတွေ တရားဟောသလိုပဲဗျ၊
ဒုက္ခဘုံကြီးဆိုတာလေ၊ အဲဒါ ဟုတ်မယ်ဗျ၊ ဦးဘိုးပတို့မှာ
စိတ်ထားရော၊ ဥစ္စာဓနရော ဘာမှကို ပြောစရာမရှိတာ၊
ဒါပေမဲ့ သူတို့မိသားစုမှာလည်း ဒုက္ခတော့
မကင်းပါဘူးဗျာ။ ကျုပ်စောစောက ပြောတဲ့
ကိုရင်မောင်ရဲ့ညီ ကိုရင်ကောင်က ရူးနေတာဗျ။
ရူးတာမှ သွက်သွက်လည်အောင်ကို ရူးတာဗျို့၊
အစက အကောင်းပါဗျာ၊ ညီအစ်ကိုနှစ်ယောက်လုံး
အရပ်ထောင်ထောင်မောင်းမောင်းနဲ့ လူခန့်တွေဗျ။
ညံတောက အပျိုတိုင်းကြိုက်တဲ့ ညီအစ်ကိုပေါ့ဗျာ။
လွန်ခဲ့တဲ့ လေးနှစ်လောက်ကမှ ရူးသွားတာဗျ။
အကောင်းကနေ ရုတ်တရက်ကြီး ဖြစ်သွားတာတဲ့။
ကိုရင်ကောင် ရွာကနေ နှစ်ရက်လောက်
ပျောက်သွားသတဲ့၊ ရွာလည်း ပြန်ရောက်လာရော
သွက်သွက်လည်အောင် ရူးနေတာတဲ့ဗျို့။
ဒီကနေ့ အထိကို ဘာဖြစ်မှန်း မသိကြဘူး။
အမျိုးမျိုးတော့ ပြောကြတာပေါ့ဗျာ။
ကိုရင်ကောင် ဆေးခတ်ခံရတာလို့ ပြောလိုပြော၊
ပြုစားခံရတယ်လို့ ပြောလို့ပြောဗျ၊
ကိုရင်မောင်ဆိုတာလည်း နယ်တကာလှည့်ပြီး
ဆရာရှာလိုက်၊ သူ့ညီကို ကုလိုက်နဲ့ အားရတယ်ကို
မရှိပါဘူးဗျာ၊ ကဆုန်လပြည့်မတိုက်ခင်
အဖိတ်နေ့ မနက်အစောကြီး ကျောက်ခဲနဲ့
သံမဏိကိုခေါ်ပြီး လှည်းမောင်းထွက်ခဲ့တယ်။
လှည်းမောင်းတယ်သာဆိုတာပါဗျာ၊
အဘနွားကြီးနှစ်ကောင်က မောင်းရတယ်
မရှိပါဘူးဗျာ၊ လှည်းလမ်းကြောင်း
ရောက်တာနဲ့ တန်းသွားတော့တာဗျ၊
“ကိုကြီးတာတေ— ပေး၊ ကျုပ်မောင်းမယ် ”
ကျောက်ခဲက ကျုပ်လက်ထဲက ကြိုးနဲ့
နှင်တံကို တောင်းတယ်။
“နေပါ ကျောက်ခဲရာ၊ ဒီကောင်ကြီးတွေက
မောင်းတာမှ မဟုတ်တာကွာ ”
“ဟာ -ကိုကြီးတာတေကလည်း၊
ကျုပ်ကို ပေးမှာသာ ပေးစမ်းပါဗျာ၊
ကျုပ်တစ်လှည့်၊ သံမဏိတစ်လှည့် မောင်းမှာပါ၊
ကိုကြီးတာတေ အေးအေးသာ ထိုင်လိုက်ပါဗျာ”
ကျောက်ခဲက ဇွတ်ဗျ။ ကျုပ်လက်ထဲက
လှည်းကြိုးနဲ့ နှင်တံကို ဇွတ်ဆွဲယူတာဗျို့၊
ကျုပ်လည်း အားသွားတော့ လှည်းရံတိုင်ကို
မှီထိုင်ပြီး နဂါးဆေးပေါ့လိပ်ကလေး မီးညှိ
ဖွာတာပေါ့ဗျာ၊ ညံတောကိုရောက်တော့
၈ နာရီလောက် ရှိသေးတာဗျ။ ရွာတောင်ပိုင်းက
ကိုမင်းယာတို့ဝိုင်းကို တန်းမောင်းခဲ့တယ်။
ကိုရင်မောင်တို့ဝိုင်းကို သွားလည်းရပါတယ်။
ဒါပေမဲ့ ဒီရက်မျိုးမှာ သူတို့အိမ်က လူဝင်လူထွက်
သိပ်များမှာဗျ၊ ဒါကြောင့် ကိုမင်းယာတို့ဝိုင်းပဲ
လာခဲ့တာ၊
“ဟာ-ထူးထူးဆန်းဆန်းပါလားကွ တာတေရ ”
ဝိုင်းထဲဝင်တာနဲ့ ကိုမင်းယာနဲ့ အသံသြသြကြီးကို
ကြားရတော့တာဗျို့။
“ဟေ — ထနောင်းကုန်းက တာတေကလားကွ ”
အိမ်ပေါ်က အသံတစ်သံ ကြားလိုက်တယ်။
ဘယ်သူ့ အသံမှန်းတော့ မသိဘူးဗျ။
“ဟုတ်ပဗျာ၊ ညံတောဘေးမဲ့ပွဲ မရောက်တာ
ကြာလို့ သက်သက်ကို လာခဲ့တာဗျ။
ဟောဒီမှာ ကျုပ်ညီနှစ်ယောက်လည်း ပါသဗျ”
“ဟာ – ကောင်းတာပေါ့ တာတေရ၊
ဒီနှစ် လွှတ်စည်မှာဗျ၊ လွှတ်နွားချည်း
ဆယ့်ငါးကောင်ဗျ၊ ငါတို့ အိမ်က တစ်ကောင်
ပါတယ်ကွ ”
“ဟာ ဟုတ်လားဗျ”
“ဟေ့ကောင် တာတေ။ မမြင်တာကြာပေါ့ ”
ကိုမင်းယာရဲ့ညီ ကိုမင်းဒင်ဗျ၊ သူတို့ညီအစ်ကိုတွေက
ကျုပ်ထက်တော့ လေးငါးနှစ် ကြီးကြတယ်ဗျ။
ဒါပေမဲ့ ကျုပ်မြို့ကျောင်းမှာတက်တုန်းက
ကိုမင်းဒင်နဲ့ အတူတူဗျ၊ သူက ကျုပ်ထက်
နှစ်တန်းကြီးတယ် ။
“ဟုတ်တယ် ကိုမင်းဒင်ရေ။ ယာထဲ အဘနဲ့ လိုက်တဲ့
အခါလိုက်၊ ရပ်ရေးရွာရေးလုပ်နဲ့
အချိန်ကုန်တာပါပဲဗျာ”
“ဟုတ်လား – တာတေရ၊ ငါကြားတာတော့
ဒါလောက် မကဘူးနော်။တစ္ဆေ ၊ သရဲတွေတောင်
မင်းက နှင်ထုတ်နိုင်နေတယ်ဆို ”
“ဟာ …မဟုတ်ပါဘူးဗျ၊ ကျုပ်က ဘာမှ
တတ်တာမဟုတ်ပါဘူး ကိုမင်းယာရယ်၊
ဆရာတွေနဲ့ လိုက်ပြီး အကူအညီ ပေးတာပါဗျာ”
ကျုပ်တို့ လှည်းပေါ်က ဆင်းတာနဲ့ ကိုမင်းယာက…
“ကျော်မိုးရေ …ဒီကိုလာပါဦးဟေ့၊ ကိုကြီးတာတေတို့
လှည်းကို ဖြုတ်ကွာ၊ နွားတွေကို နောက်ထောင့်က
စားခွက်မှာ သီးသန့်ကျွေးဟေ့၊ တော်တော်ကြာ
ဒီကကောင်တွေနဲ့ ရန်လုပ်နေကြဦးမယ် ”
“ဟုတ်ကဲ့ ကိုကြီးမင်းယာ ”
“တာတေ …မင်း ကျော်မိုးကို သိလား ”
“မသိဘူး ကိုမင်းယာရဲ့၊ ကျုပ်လည်း သူ့ကို
ကြည့်နေတာ၊ မျက်နှာပေါက်ကတော့ ခင်ဗျားတို့
ညီအစ်ကိုနဲ့ တူသားဗျ”
“ဟား…ဟား တူဆို တူအရင်းကိုကွ တာတေရ၊
ငါတို့အစ်မ မမယ်လှရဲ့သားလေကွာ”
“ဟာ …ဟုတ်လား၊ နို့ …အစ်မမယ်လှတို့ရော
ကျန်းမားကြရဲ့လားဗျ”
“အေး အေး၊ ကျန်းမာကြပါတယ်ကွ တာတေရ၊
ကဲ-ကဲ ၊ အိမ်ပေါ်တက်ပြီး နားကြရအောင်။
ကလေးတွေလည်း ခေါ်ခဲ့ဟေ့ ”
ကိုမင်းယာက အိမ်ပေါ်တက်သွားတော့ ကျုပ်ရော၊
ကလေးနှစ်ယောက်ရော တက်ရတာပေါ့ဗျာ။
“တာတေ – နွားတွေအတွက်တော့ ဘာမှမပူနဲ့။
ငါ့တူကျော်မိုး ကြည့်လိမ့်မယ်ဟေ့ ”
ကိုမင်းဒင်က အိမ်ပေါ်ထပ်ကို လှေကားက
တက်နေဆဲ ကျုပ်ကို နောက်ကနေ လှမ်းပြောတာဗျ။
“ဟာ …ကိုစံမိုးကြီးပါလား ”
အိမ်ပေါ်ရောက်တော့ ကိုစံမိုးကို သွားတွေ့တာဗျ။
ကိုစံမိုးဆိုတာက ကိုမင်းယာသူငယ်ချင်းလေ၊
ဒီညံတောသားပါပဲ။ ဒါပေမဲ့ မြို့ကို ပြောင်းသွားပြီ
မြို့မှာပဲ အိမ်ထောင်ကျနေတာဗျ။ အခု ညံတော
ဘေးမဲ့ပွဲကို ပြန်လာတာဖြစ်မယ် ။
“စောစောက မင်းကို လှမ်းမေးတာ ငါလေကွာ”
“သြော် ဒါကြောင့် ကျုပ်စဉ်းစားနေတာဗျ။
ဒီအသံ ကြားဖူးပါတယ်လို့ ”
မတွေ့တာ ကြာနေကြတော့ ဟို့လူ့သတင်းမေး၊
သတင်းမေးနဲ့ စကားဝိုင်းက စည်နေပြန်ရောဗျို့။
ကျောက်ခဲနဲ့ သံမဏိကတော့ ကိုမင်းယာတို့
ညီအစ်ကို ချကျွေးတဲ့ မုန့်ဆီကြော်တွေကို
အားရပါးရ စားတော့တာဗျို့။ ကျုပ်တို့အညာမှာက
ဒီလို အလှူအတန်းများရှိလို့ကတော့
မုန့်ဆီကြော်က တန်းကြော်တော့တာဗျို့။
“နို့ —ကိုမင်းယာတို့ အဘနဲ့ အမေရော
မမြင်ပါလား ”
“ဟာ -တာတေကလည်း၊ ဒီလိုရက်မျိုးမှာ
ဘယ်မြင်လိမ့်မတုံး ။ ဘေးမဲ့ပွဲလုပ်မယ့်
ရှေးကျောင်းကြီးမှာ ထမင်းဟင်းတွေ
ချက်နေပြီလေကွာ၊ ဒီမနက်စာကစပြီး
ထမင်းကျွေးရတာကွ ”
“သြော် …ဟုတ်သားကွ”
“ဒီည ဆိုင်းက မန္တလေးက စိန်ဟန်မောင်ဆိုင်းလေကွာ၊
နာမည်ကြီးကွ တာတေရ၊ ဒီနှစ် ဘေးမဲ့ပွဲက
လူတော်တော်လာမှာကွ။ စောစောက
မင်းဒင် ပြန်လာတော့ ရှေးကျောင်းကြီးမှာ
လှည်းဝိုင်းချထားတာ မနည်းဘူးဆိုပဲ”
“ဟင်…ကောင်းတာပေါ့ဗျာ”
ကျုပ်တို့လည်း စကားပြောကြဆိုကြနဲ့
ထမင်းစားချိန်ရောက်တော့ ကိုမင်းဒင်နဲ့
ကျော်မိုးက ထမင်းပွဲကြီး ပြင်ရောဗျ။
“တာတေရေ …ဟင်းကတော့ သက်သက်လွတ်ပဲကွ၊
ဒီရက်တွေဆိုရင် တို့တစ်ရွာလုံး သတ်သတ်လွတ်
စားကြတာလေကွာ ”
“ဟာ …ကိုမင်းဒင်ကလည်း၊ ကျုပ်သိပါတယ်ဗျ။
ကဲ …လာဟေ့…ကျောက်ခဲနဲ့ သံမဏိ”
ကျုပ်တို့လည်း လှည်းစီးလာရတာဆိုတော့
ဗိုက်ဆာတာပေါ့ဗျာ၊ သီးစုံဟင်းကလည်း
ကောင်းပါ့ဗျာ၊ ငံပြာရည်ချက် စပ်စပ်ကလေးနဲ့၊
သရက်သီးစိတ်ကလေးနဲ့ စားကောင်းလိုက်တာ
မပြောပါနဲ့တော့ဗျာ ။ ထမင်းစားသောက်ပြီးတော့
ကျုပ်တို့အညာဓလေ့ပေါ့ဗျာ။
လက်ဖက်သုတ်နဲ့ ရေနွေးကြမ်း၊ ထန်းလျက်ခဲ၊
မြေပဲကြော်၊ နဂါးဆေးပေါ့လိပ်ကလေး ဖွာလို့လေဗျာ။
ဗိုက်ကလေးကလည်း တင်းသွားတော့ ဆေးလိပ်ကလေး
ဖွာလိုက်တာနဲ့ မျက်စိကလေးကလည်း စင်းလာရောဗျာ။
ဒါပေမဲ့ တစ်ခါတလေမှ တွေ့ရတဲ့သူတွေဆိုတော့
စကားကလေး တပြောပြောနေကြတာပေါ့ဗျာ။
“တာတေ …တာတေ…မင်းရောက်နေတယ်ဆို”
“ဟင် …ဘယ်သူတုံးဗျ၊ ကိုမင်းယာ၊ ကျုပ်ကို
ခေါ်နေတာ ”
ပြောပြောဆိုဆို ကိုမင်းယာက
အိမ်ရှေ့ပြတင်းပေါက်ကနေ ငုံ့ကြည့်တယ် …
“ဟာ …ဟေ့ကောင်တွေ၊ အထူးအဆန်းပဲကွ ”
“ဟေ …ဘာဖြစ်လို့တုံးဟ မင်းယာရဲ့ ”
ကိုစိန်မိုးက ကိုမင်းယာကို မေးတာဗျ။
“တာတေ့ကို လာခေါ်တာ ဘယ်သူလို့ထင်တုံး”
“ဟာ …မသိဘူးလေကွာ၊ ဘယ်သူခေါ်တာတုံး”
“ရင်ကောင်ဗျ၊ ရင်ကောင် ”
“ဟေ – ရင်ကောင် ဟုတ်လား၊ ရင်မောင်ညီ
ရင်ကောင်မို့လား၊ ဟ …ဒီကောင် ရူးနေတယ်ဆို ”
ကိုစိန်မိုးက အံ့သြသွာသဗျ၊ ကျုပ်ကလည်း
အံ့သြတာပေါ့ဗျာ၊ ကျောက်ခဲနဲ့ သံမဏိကလည်း
အရူးလာခေါ်တာဆိုတော့ အံ့သြနေကြတာပေါ့ဗျာ။
“ဒါဆို ခေါ်လိုက်ဗျာ ”
ကျုပ်က ကိုမင်းယာကို ပြောတော့ ကိုမင်းယာက…
“ဟာ…တာတေ၊ ရင်ကောင်က ဘယ်သူ့အိမ်မှ
တက်တာမဟုတ်ဘူးကွ၊ ငါခေါ်လည်း လာမှမဟုတ်ဘူး၊
လာ…မင်းလာကြည့် ”
ကျုပ် ကိုမင်းယာဘေးကနေ ရပ်ပြီး ငုံ့ကြည့်လိုက်တယ်
ဆံပင်ရှည်ကြီးနဲဗျ၊ ဆံပင်တွေက ပခုံးပေါ်မှာ
ဝဲကျနေတယ်။ မျက်တွင်းက ဟောက်ပက်နဲ့။
နှုတ်ခမ်းမွေးကလည်း တော်တော်ရှည်နေပြီ။
“ဟာ …ကိုရင်ကောင်ကို ကျုပ် လုံးဝမမှတ်မိတော့ဘူးဗျ၊
ပုံပျက်ပန်းပျက်ကို ဖြစ်နေတာပါလား ”
“သြော်…တာတေကလည်း၊ ရူးနေပါတယ်ဆိုမှကွာ၊
ဘယ်မှာ နဂိုရုပ် ရှိတော့မှာလဲကွာ”
ကျုပ်တို့ကို ဝိုင်းဝကနေ မော့ကြည့်နေတာဗျ။
ဝိုင်းထဲလည်း ဝင်မလာဘူး၊ ပုဆိုးက ဒူးခေါင်းလောက်
ဝတ်ထားတာ၊ အပေါ်က ဖျင်ကြမ်းအင်္ကျီအဖြူ
လက်ရှည်ကို အပြင်ချပြီး ဖားလျားကြီး
ပတ်ထားတယ်။
“တာတေ …အောက်ဆင်းခဲ့ဦး”
သူ ကျုပ်ကို လှမ်းခေါ်နေတာ။ကျုပ် ချက်ချင်းပဲ
လှေကားက ဆင်းခဲ့တယ်၊
“ကိုကြီးတာတေ — သတိထားနော် ”
ကျောက်ခဲက ကျုပ်ကို လှမ်းပြီး သတိပေးတယ်
ကျုပ်ဝိုင်းထဲရောက်တော့ ကိုရင်ကောင်က
ကျုပ်ကို ပြုံးပြုံးကြီး ကြည့်နေတယ်ဗျို့။
သူ့ကို ကြည့်ရတာ ဝမ်းသာအားရ ဖြစ်နေပုံပဲဗျ။
“တာတေ …မင်းက ဒီပုံအတိုင်းပါပဲလားကွ”
ကျုပ် ကိုရင်ကောင်ကို ပြုံးပြီး နှုတ်ဆက်လိုက်တယ်
“ကိုရင်ကောင် တော်တော်ပိန်သွားတာပဲ ”
ကျုပ်က စိတ်ထဲမကောင်းဖြစ်သွားပြီး
ပါးစပ်က လွှတ်ခနဲ ပြောလိုက်မိတယ်။
“ဟကောင် တာတေရ၊ ငါက ရူးနေတာလေကွာ၊
ထမင်းမှန်း၊ ဟင်းမှန်းမသိအောင်ကို ရူးနေတာဆိုတော့
ပိန်တော့တာပေါ့ကွာ”
“ဗျာ—”
ကျုပ်တော်တော်အံ့သြသွားတယ်ဗျ၊
ကိုရင်ကောင်အကြည့်တွေ၊ ပြီးတော့ ပြောတဲ့
စကားတွေက အရူးပုံစံမဟုတ်ဘူးဗျ
“မင်း ငါနဲ့ခဏလိုက်ခဲ့ကွ တာတေ၊ ငါ မင်းကို
ပြောစရာတွေ ရှိနေလို့ကွ၊ ဒီရက်မှာမှ မင်းရောက်လာတာ
ငါတော်တော်ကို ဝမ်းသာနေတာကွ ”
“ကိုရင်ကောင် ခင်ဗျားနေကောင်းနေတာလား ”
“အေး…ဟုတ်တယ် တာတေ၊ ငါ နေကောင်းသွားတာ
တစ်ရက်၊ နှစ်ရက်လောက်ပဲ ရှိသေးတယ်ကွ၊
ဘယ်သူမှတောင် မသိကြသေးဘူး၊ မသိဆို
အိမ်မှာလည်း ဘယ်သူမှ မရှိကြဘူးလေကွာ၊
ဘေးမဲ့ပွဲကိစ္စနဲ့ အဘတို့ ၊ အမေတို့ ရော၊
ကိုကြီးရင်မောင်ရော အလုပ်များနေကြတာမို့လား၊
ငါပြန်ကောင်းနေတာ သူတို့တောင် မသိသေးဘူးကွ”
“ကိုရင်ကောင် ဘယ်လိုဖြစ်သွားတာတုံးဗျ”
“ငါ အဲဒီအကြောင်းတွေ မင်းကို ပြောပြချင်လို့
လာခေါ်တာကွ၊ ငါတို့အိမ်ကို ခဏလိုက်ခဲ့ကွာ။
အိမ်မှာ ဘယ်သူမှမရှိကြတော့ဘူးကွ၊ ဘုန်းကြီးကျောင်းမှာ
ညကတည်းက သွားအိပ်ကြတာ။ အိမ်မှာက
ငါတစ်ယောက်ပဲ ကျန်နေတာ၊ ဒါကြောင့်
မင်းနဲ့ လွတ်လွတ်လပ်လပ် စကားပြောချင်လို့
လာခေါ်တာကွ ”
“နို့ …ကျုပ်ရောက်နေတာ ကိုရင်ကောင် ဘယ်လိုသိတုံး”
“ငါတို့ဝိုင်းရှေ့က စျေးဆိုင်မှာ မင်းယာရဲ့တူ
ကျော်မိုး နဂါးဆေးပေါ့လိပ်တို့၊ လက်ဖက်တို့
လာဝယ်ရင်း ပြောနေတာ ကြားလိုက်လို့ကွ။
ထနောင်းကုန်းက ဧည့်သည်ရောက်လို့ ဆိုတော့
ဆိုင်ရှင်က ဘယ်သူလဲလို့ မေးတယ်၊ ကျော်မိုးက
ကိုတာတေတဲ့ဗျလို့ ပြန်ပြောတာ ငါကြားလိုက်လို့
မင်းရောက်နေမှန်း ငါသိတာကွ”
“ကိုမင်းယာရေ…ကျုပ် ကိုရင်ကောင်တို့အိမ်ကို
ခဏလိုက်သွားဦးမယ်ဗျို့”
ကျုပ်က ပြတင်းပေါက်မှာ ရပ်ပြီး ကြည့်နေတဲ့
ကိုမင်းယာကို မော့ပြီး ပြောလိုက်တယ်
ပြီးတော့ ကိုရင်ကောင်နဲ့ လိုက်လာခဲ့တယ်။
လမ်းမှာတွေ့တဲ့ လူတွေက အရူးနဲ့ စကား
တပြောပြောလုပ်ပြီး လျှောက်လာတဲ့
ကျုပ်ကို အထူးအဆန်း ဖြစ်နေကြတာပေါ့ဗျာ။
ဟိုလူကြည့်၊ ဒီလူကြည့်နဲ့ဗျ။
ကိုရင်ကောင်တို့အိမ်က အကြီးကြီးဗျ။
လူချမ်းသာရဲ့အိမ်ကိုဗျ။
“ရော့ …သောက်ဟေ့ တာတေ၊ မင်းက နဂါးဆေးပေါ့လိပ်
ကြိုက်တယ်ဆိုတာ စောစောက ကျော်မိုးပြောလို့
ငါသိတာ၊ ကိုရင်မောင်ကလည်း နဂါးဆေးပေါ့လိပ်
သောက်တယ်လေကွာ”
ကျုပ်က နဂါးဆေးပေါ့လိပ်ကို မီးညှိပြီး ဖွာလိုက်တယ်
မီးခိုးတွေကို အားရပါးရ မှုတ်ထုတ်လိုက်ပြီး …
“ကဲ …ကိုရင်ကောင် ပြောဗျာ၊ ခင်ဗျား ဘာဖြစ်တာလဲ
ဆိုတာ၊ ကျုပ်က တော်တော်ကို သိချင်နေပြီဗျ”
ကိုရင်ကောင်က သက်ပြင်းတစ်ချက် ချလိုက်တယ်
“အင်း …မနက်ဖြန် ကဆုန်လပြည့်နေနော် တာတေ”
“ဟုတ်တယ်လေ ကိုရင်ကောင် ”
“အဲဒီလို လပြည့်ညမှာ ငါရူးသွားတာပေါ့ကွ တာတေရဲ့”
“ဟာ …ဟုတ်လား ကိုရင်ကောင် ”
“ဒီလိုကွ တာတေရ၊ ငါတို့ရွာရဲ့ မြောက်ဘက်က
ယာတောတစ်ခုထဲမှာ အိမ်ဝိုင်းကြီးတစ်ခု ရှိတယ် ”
“ဘယ်လိုဗျ ကိုရင်ကောင်ရဲ့၊ အိမ်ဝိုင်းက
ရွာပြင်မှာ ဟုတ်လား၊ ရွာထဲမှာ မဟုတ်ဘူးလား ”
“ဟုတ်တယ် တာတေ၊ ရွာပြင်မှာကွ။
ဝိုင်းက အကျယ်ကြီးပဲ၊ အထဲမှာ
တိုက်ပျက်ကြီးတစ်လုံးရှိတယ်၊
ပြီးတော့ ဝိုင်းအနောက်ဘက်မှာ ပြိုကျနေတဲ့
တန်းလျားလိုလို တစ်ခုလည်း ရှိသေးတယ်။
ဝိုင်းကြီးတစ်ခုလုံးကတော့ မရမ်းပင်တွေ၊
သရက်ပင်တွေ ခွေးချိုပင်တွေနဲ့ ပြည့်နေတာကွ၊
အပင်ကြီးတွေမှ နည်းတဲ့ လုံးပတ်ကြီးတွေ
မဟုတ်ဘူးဟေ့၊ အသီးတွေဆိုတာလည်း
သီးလိုက်သမှ ပြွတ်ခဲနေတာကွ၊ တစ်ဝိုင်းလုံးမှာ
ချုံတွေကလည်း ပြည့်နေတာပေါ့ကွာ။
လူသူအသွားအလာမှ မရှိတာ ”
“ဟင် …အဲဒီအထဲမှာ သစ်သီးဝလံတွေကို
သွားပြီးမခူးကြဘူးလားဗျ”
“ဟာ …ဒါတော့ ခူးကြတာပေါ့ကွ။ နေ့ဘက်ကို
လူစုပြီး သွားကြတာပေါ့၊ မှောင်လာရင်တော့
အဲဒီဝိုင်းကြီးနားကို ဖြတ်လျှောက်ရဲတဲ့လူတောင်
မရှိဘူးကွ ”
“ဘာဖြစ်လို့တုံး ကိုရင်ကောင်ရဲ့ ”
“အို …ဘာဖြစ်ရမှာတုံး တာတေရဲ့၊ အင်မတန်
သရဲခြောက်တယ်လို့ ဒီအနီးအနားတစ်ဝိုက်က
လူတိုင်းသိတာကွ ”
“ဟင် …ဟုတ်လား၊ တကယ်ခြောက်တာရော
ဟုတ်ရဲ့လားဗျ”
“တကယ်ခြောက်တာပေါ့ကွ။ ခြောက်လို့
ငါရူးသွားတာလေ”
“ဗျာ …ကိုရင်ကောင်ရူးသွားတာ အဲဒီဝိုင်းထဲက
သရဲခြောက်လိုက်လို့ ဟုတ်လား ”
” ဟုတ်တယ် တာတေ၊ ငါပြောပြမယ်။ အဲဒီဝိုင်းကြီးက
ချစ်တီးကုလားကြီး ပိုင်တဲ့ဝိုင်းကွ၊ အဲဒီဝိုင်းထဲမှာ
အစက ဆီကြိတ်တဲ့ စက် ရှိတယ်တဲ့၊ ငါတို့တော့
ဘယ်မီမလဲ၊ လူကြီးတွေ ပြန်ပြောကြတာပေါ့ကွာ။
ချစ်တီးက ဗမာမနဲ့ ညားတာတဲ့ဟေ့၊ အဲဒီ
ချစ်တီးသေသွားတော့ ဗမာမက ဒီမှာပဲ ဆက်နေတာတဲ့၊
သူ့အမျိုးအဆွေတွေနဲ့ပဲ ဆီဆုံကို ဆက်လုပ်နေတာဆိုပဲ။
အခုလို ကဆုန်လပြည့်ညမှာ သူ့အိမ်သားတွေက
ရှေးကျောင်းကြီးက ဘေးမဲ့ပွဲမှာ အငြိမ့်သွင်းတော့
တစ်အိမ်လုံး ပွဲသွားကြည့်ကြတာတဲ့။
အိမ်မှာ အဲဒီ ချစ်တီးမိန်းမကြီးပဲ ကျန်ခဲ့တာဆိုပဲ။
ဒီမှာတင် ဓါးမြတိုက်ခံရတာတဲ့ဟေ့။
ဓါးမြက ပစ္စည်းတွေတောင်းမှာပေါ့ကွာ၊
ဒီမိန်းမက မီးခံသေတ္တာသော ဝှက်ထားတဲ့နေရာကို
မပြောဘူး ထင်ပါတယ်။ ဓါးမြက ဆန်ကောကို
ဖောက်ပြီး စိန်လည်ဂျာ လှည့်တော့တာပေါ့ကွာ။
ရွာထဲမှာကလည်း ရွာလုံးကျွတ် ပွဲသွားကြည့်နေကြတာ
ဆိုတော့ အော်သံဟစ်သံလည်း ဘယ်သူမှ မကြား
ကြဘူးပေါ့ကွာ၊ နောက်တော့လည်း ဒီမိန်းမကြီးက
မခံနိုင်တော့ သော့ပေးလိုက်ရမှာပေါ့ကွာ။
မနက်မိုးလင်းခါနီးလောက် သူ့အိမ်သားတွေ
ပြန်လာတော့ မီးခံသေတ္တာလည်း ဟောင်းလောင်းကြီး
ပွင့်လို့တဲ့၊ မိန်းမကြီးလည်း စိန်လည်ဂျာလှည့်ထားတဲ့
လည်ပင်းက သွေးထွက်လွန်ပြီး ခေါင်းငိုက်စိုက်ကြီး
ကျပြီး သေနေရောတဲ့ကွ၊ သူ့ကို စိန်လည်ဂျာ
လှည့်တဲ့ နေရာက ဒီမိန်းမကြီးအိပ်တဲ့
အိပ်ခန်းကြီးမှာတဲ့ကွ။
ကုလားထိုင်မှာ ထိုင်ခိုင်းပြီး ကြိုးနဲ့တုပ်ပြီးမှ
လှည့်တာတဲ့ဟေ့၊ အဲဒီရှေ့တည့်တည့်မှာ
ကိုယ်လုံးပေါ် မှန်ကြီးတစ်ချပ်ကလည်း
ရှိတယ်တဲ့။ထူးဆန်းတာက အဲဒီမှန်ကြီးမှာ
အက်ကြောင်းတွေ ထင်နေသတဲ့ကွ။
လူတွေက ထင်တာကတော့ ဒီမိန်းမကို
ဓါးမြက ရိုက်ပုတ်မေးရင်းမြန်းရင်းနဲ့
တစ်ခုခုနဲ့ ထိမိသွားတာ ဖြစ်မယ်လို့
ထင်ကြတာပေါ့ကွာ။ ဒါပေမဲ့ ထူးဆန်းတာက
အဲဒီမှန်ကြီးက အဲဒီအချိန်က စပြီး
အရိပ်မပေါ်တော့ဘူးကွ ”
“ဗျာ-ဘယ်လို -ဘယ်လိုဗျ ကိုရင်ကောင်”
“အဲဒီမှန်မှာ ဘာပုံရိပ်မှ မပေါ်ဘူးကွ တာတေရ။
မှန်ရှေ့မှာ မင်းရပ်ရင်လည်း မင်းပုံမပေါ်ဘူး၊
ငါရပ်ရင်လည်း ငါ့ပုံမပေါ်ဘူးကွ၊ ဒါကိုပြောတာ …”
“ဟာ …ဟုတ်ရဲ့လားဗျာ၊ မှန်ပါဆိုနေမှတော့
ပုံမပေါ်ဘဲ ရှိပါ့မလားဗျ”
“ဟုတ်တယ် တာတေ၊ ငါတို့ငယ်ငယ်ကလေးတည်းက
လူစုပြီး အဲဒီတိုက်ပျက်ကြီးကို သွားကြတာ၊
အိမ်ပေါ်ထပ်ကို တက်ပြီး အက်ကြောင်းတွေ
ပြည့်နေတဲ့ မှန်ကြီးရှေ့မှာ ရပ်ရပ်ပြီး ကြည့်ကြတာ
ဘယ်သူ့အရိပ်မှ မပေါ်ဘူးကွ ”
“ဟင် …အဲဒီမှန်ကြီးက အခု ဘယ်ရောက်သွားတုံးဗျ”
“ဘယ်မှ မရောက်ဘူးလေကွာ၊ အဲဒီအိမ်ပျက်ကြီးရဲ့
အပေါ်ထပ်မှ အခုထိ ရှိနေတာပဲလေ”
“နို့ …ကိုရင်ကောင် ရူးသွားတာက ဒီအိမ်ကြီးနဲ့
ဘယ်လိုပတ်သတ်တာတုံးဗျ”
“အဲဒီနှစ်က ဘေးမဲ့ပွဲက ဒီနှစ်လိုပဲ လွှတ်စည်တာကွ၊
ကဆုန်လပြည့်ညမှာ ပွဲလာကြည့်တဲ့ ထိန်ကုန်းက
ငါ့သူငယ်ချင်း အောင်သန်းကို ရွာပြင်ဘက်
လိုက်ပို့တာပေါ့၊ အောင်သန်းကို ပို့ပြီးတော့
ပြန်လာတဲ့အချိန်မှာ အဲဒီအချိန်မှာ အဲဒီဝိုင်းကြီး
ဘက်ကို လှမ်းကြည့်လိုက်မိတာကွ ”
“ဟင် … ကိုရင်ကောင် ဘာတွေ့လို့တုံး”
“မီးရောင်ဟေ့ …မီးရောင်၊ တိုက်ပျက်ကြီး
အပေါ်ထပ်က ပြတင်းပေါက်မှာ လင်းနေတာကွ၊
ဒါနဲ့ ငါလည်း အဲဒီတိုက်ပျက်ကြီးဆီ သွားကြည့်မယ်လို့
ဆုံးဖြတ်လိုက်တာ ”
“နို့ …ကိုရင်ကောင် မကြောက်ဘူးလား ”
“ငါမကြောက်တတ်ဘူးကွ တာတေရ။
ငယ်ငယ်တည်းကကို ငါမကြောက်တတ်တာ။
ငါ သစ်သားလှေကားကြီးကနေ အိမ်ပေါ်ထပ်ကို
တက်ခဲ့တာ။ လှေကားကြီးကလည်း
ဟောင်းနေတော့ လှုပ်တုတ် လှုပ်တုတ်နဲ့ကွ၊
အပေါ်ထပ်ရောက်တော့ အလင်းရောင်က
အိပ်ခန်းထဲက ထွက်နေတာကွ။
ငါလည်း အိပ်ခန်းထဲ ဝင်ကြည့်တာပေါ့”
“ဟင်…ဘာတွေ့တုံးဗျ”
“ဖယောင်းတိုင်ကြီးတစ်တိုင် ထွန်းလို့ကွ။
ဖယောင်းတိုင်မှ သေးသေးမဟုတ်ဘူးဟေ့။
ဝါဆိုဖယောင်းတိုင်ကြီးကွ။ ဘယ်သူများ ရှိနေတုံးဆိုပြီး
ငါအိမ်ကြီးထဲမှာ လှည့်ပတ်ကြည့်တယ်။
လူရှိလားဗျို့လို့ ငါ့အသံပြုကြည့်သေးတယ်။
ဘာသံမျှ မကြားဘူးကွ၊ ရွာထဲက ပွဲက
ဆိုင်းသံကလည်း ဆူနေတော့ ငါ့အသံပဲ
မကြားလို့လားဆိုပြီး သုံးလေးခါ အော်ကြည့်တာကွ ”
“နို့ …နေပါဦးဗျ၊ ဖယောင်းတိုင်က ဘယ်မှာ ထွန်းထားတာတုံးဗျ”
“အက်ကြောင်းတွေ ထနေတဲ့ မှန်ကြီးရှေ့မှာကွ
သံပြားကလေးခံပြီး ထွန်းထားတာ။ အဲဒီမှာ
ငါလန့်သွားတာပေါ့ ”
“ဟင် …ဘာကိုတုံးဗျ”
“ငါတို့ငယ်ငယ်ကလေးတည်းက လာလာကြည့်နေတဲ့
မှန်ကြီးက ဘယ်တုံးကမှ ပုံရိပ်ပေါ်တာ မဟုတ်ဘူးကွ။
အခုကြည့်လိုက်တော့ မှန်ကြီးထဲမှာ ငါ့ပုံက
အထင်သားကြီး ပေါ်လို့ဟေ့ ”
“ဟာ …ဟုတ်လားဗျ”
“ငါ အံ့သြပြီး ကြည့်နေတုန်းမှာကွာ မှန်ထဲက
ငါ့ပုံက ပါးစပ်ကိုဖြဲပြီး ပြုံးပြုံးကြီးလုပ်ပြတယ်ကွ ”
” ဟင် …ခင်ဗျားပြုံးလို့ မှန်ထဲက ပြုံးတာနေမှာပေါ့ဗျ။
မှန်ပါဆိုမှ ကိုရင်ကောင်ရာ…”
“ဘယ်က ပြုံးရမှာတုံးကွာ၊ ငါအရမ်းအံ့သြသွားပြီ
မှန်ထဲက ငါ့ပုံကို သေသေချာချာကြည့်မိတယ်ကွ။
ပါးစပ်က ပြုံးနေရာကနေ တဖြည်းဖြည်းနဲ့
ဟလာရောဟေ့။ သွားတွေ တဖြည်းဖြည်း
ရှည်ထွက်လာလိုက်တာကွာ အစွယ်ကြီးတွေ
ဖြစ်လာရောဟေ့၊ မျက်လုံးကြီးတွေကလည်း
အကြီးကြီးတွေ ဖြစ်လာတယ်။ ငါကြက်သေသေပြီး
ကြည့်နေတာ။ လှုပ်ကို မလှုပ်မိဘူး။ နောက်တော့
လည်ပင်းပတ်ပတ်လည်မှာ အနီစင်းကြီး
ပေါ်လာပြီး သွေးတွေ စီးကျလာတာ ဒလဟောပါပဲကွာ၊
ဟာ…ဒီတော့မှ ငါ ချက်ချင်းသတိရသွားတာပေါ့၊
ဒါ လူကြီးတွေ ပြောဖူးတဲ့ စိန်လည်ဂျာ
အလှည့်ခံရတဲ့ ချစ်တီးမိန်းမကြီးပဲလို့
ငါလှည့်ပြေးမယ် လုပ်တော့ ငါ့တစ်ကိုယ်လုံး
တောင့်တောင့်ကြီး ဖြစ်နေတာက လှုပ်လို့တောင်
မရဘူး တာတေ”
“ဟင် – ဟုတ်လား ”
“ဒီတုန်းမှာပဲ မှန်ထဲကနေ လက်ကြီးဖောက်ထွက်လာပြီး
ငါ့ကို ဆွဲတော့မယ်အလုပ်မှာ ငါ တအားလန့်ပြီး
အသံကုန် အော်လိုက်မိတာကွ။ ဒီမှာတင် ငါလှုပ်လို့
ရသွားပြီး ချာခနဲ လှည့်ပြေးတော့တာပေါ့။
လှေကားကြီးကနေ ပြေးအဆင်းမှာ ခြေချော်ပြီး
ပြုတ်ကျသွားတယ်။ ခေါင်းကို ဘာနဲ့ဆောင့်လိုက်တယ်
မသိပါဘူးကွာ။ သတိလစ်သွားတယ်။ သတိပြန်ရတော့
ငါဝိုင်းကြီးထဲကနေ ပြေးထွက်လာတာကွ။
ဒါပေမဲ့ ငါမှာ သတိမရှိတော့ဘူး။
ဘယ်ဘက်ကို ပြေးနေမှန်းကို မသိတာ။
နောက်တော့ ငါ့ခေါင်းတွေမူးပြီး လဲကျသွားရောဟေ့၊
ငါသတိရတော့ အနောက်ဘက်က တောထဲ
ရောက်နေတာကွ၊ ငါတောထဲမှာ ဘယ်လောက်
ကြာအောင် သတိမေ့နေလဲတော့ မသိဘူး၊
ရွာကိုပြန်ရောက်တော့ ငါ့ရွာကလူတွေကို
တစ်ယောက်မှကို ငါမမှတ်မိတော့ဘူး၊
ငါမြင်ခဲ့တာတွေကိုလည်း ဘာမှ သတိမရဘူး၊
ငါ့အိမ်ကိုတောင် ငါမမှတ်မိဘူးကွ၊
အဲဒီကတည်းကစပြီး ငါသွက်သွက်လည်အောင်
ရူးသွားတာပေါ့ကွာ။ ပြန်ကောင်းသွားတာ။
တစ်ရက် နှစ်ရက်ပဲ ရှိသေးတာ၊
ငါ့အိမ်က လူတွေတောင် ငါကောင်းသွားတာ
သိပ်မသိသေးဘူး တာတေ”
“မနက်ဖြန် လပြည့်ညပဲဗျ၊ ကိုရင်ကောင်ရဲ့ ”
“အဲဒါကြောင့် မင်းရောက်လာတာ ငါဝမ်းသာသွားတယ်
လို့ ပြောတာကွ”
“နို့ …ကိုရင်ကောင်က ဘာများလုပ်ချင်လို့တုံး ”
“ငါ အဲဒီမှန်ထဲက သရဲမကြီးကို ရှင်းပစ်ချင်တယ်
ဒီလိုမလုပ်ရင် ဒီရွာကလူတွေ တစ်ယောက်မဟုတ်
တစ်ယောက် ငါ့လို ထပ်ဖြစ်ကြလိမ့်မယ် တာတေ”
“သြော်…ဒီလိုကြောင့်လား ”
“ဟုတ်တယ် တာတေ။ ဒါပေမဲ့ ငါနားမလည်တာက
မှန်ထဲကို ဒီသရဲမကြီး ဘယ်လို ရောက်နေတာတုံး
ဆိုလာပဲကြ ”
“ဒါက ဖြစ်နိုင်တယ် ကိုရင်ကောင်ရ၊ ကျုပ်ကို
ကျုပ် ဆရာကြီး စိုင်းနွံဖ ပြောပြဖူးတယ်။
သေခါနီး လူတစ်ယောက်ဟာ မှန်ထဲက သူ့ပုံကို
စိုက်ကြည့်ရင်းနဲ့ သေသွားရင် အဲဒီမှန်မှာ
ဖျတ်ခနဲ အက်ကြောင်းတွေ ထပြီး ဝိညာဉ်က
မှန်ထဲကို ဝင်သွားရောတဲ့ဗျ။ ဒါကြောင့် သိတဲ့
လူတွေက အိမ်မှာ လူတစ်ယောက်သေတော့မယ်ဆိုရင်
အိမ်မှာ ရှိတဲ့ မှန်တွေကို အဝတ်တွေနဲ့ လိုက်ပြီး
အုပ်ကြတာပေါ့ဗျ”
“ဟေ …အဲဒီလိုလားကွ တာတေရ၊ ငါက
ဒါတွေကို သိမှမသိတာ ”
“ကိုရင်ကောင်တို့ ငယ်ငယ်က ဒီမှန်ကြီးကို
သွားသွားကြည့်ကြတာ အရိပ်မပေါ်ဘူးဆို ”
“အေးလေ …ဟုတ်တယ် ”
“အဲဒီကတည်းက ဒီမှန်ကြီး ထူးနေပြီဆိုတာ သိရမှာဗျ”
” ဟာ …ထူးနေတာတော့ သိတာပေါ့ တာတေရ၊
ဒီမှန်ထဲမှာ သရဲမကြီးရှိနေမယ်လို့တော့ ဘယ်သူမှ
မတွေးမိဘူးလေကွာ။နို့ …ဖယောင်းတိုင်က
ဘယ်သူလာထွန်းတာတုံးကွ”
“အဲဒါကတော့ တော်တော်ကို ထူးဆန်းနေတာဗျ။
ကျုပ်အထင်ပြောရရင်တော့ ဒီမိန်းမကြီး လူ့ဘဝတုန်းက
ညံတောက ဘေးမဲ့ပွဲမှာ ကုသိုလ်အမြဲလုပ်ဖူးတယ်နဲ့
တူတယ်ဗျ၊ ဒီကုသိုလ်ကြောင့် ဒီလို ဘေးမဲ့ပွဲလုပ်တဲ့
ကဆုန်လပြည့်ညမှာ ဖယောင်းတိုင်တစ်တိုင်
အလိုလိုပေါ်လာတာနဲ့ တူတယ်၊ ပြီးတော့
မှန်ထဲကနေ အပြင်ကို ဒီတစ်ညမှာ
ထွက်လို့ရတယ်နဲ့ တူတယ်ဗျ”
“ဘာပဲဖြစ်ဖြစ် တာတေရာ၊ မနက်ဖြန်
ကဆုန်လပြည့်ညမှာ မင်းနဲ့ငါ အဲဒီမှန်ကြီးကို
သွားပြီး ရိုက်ခွဲပစ်လိုက်ကြရအောင်ကွာ၊
ဘယ့်နှယ်တုံး …”
“ဒီကိစ္စကို မနက်ဖြန်ညမှာ ကျုပ်လုပ်မှာပါ၊
ဒါပေမဲ့ ရမ်းလုပ်လို့တော့ မဖြစ်ဘူးဗျ၊
တော်တော်ကြာ အဲဒီမှန်ထဲကနေ ထွက်သွားပြီး
ရွာထဲက တခြားမှန်တွေထဲ လျှောက်ဝင်နေမှ
ဒုက္ခတွေ ဖြစ်ကုန်မှာ ကိုရင်ကောင်ရဲ့ ”
“ဟေ …ဒါဆိုရင် မင်းဘယ်လိုလုပ်မှာတုံး”
“ကျုပ်လုပ်မယ် ကိုရင်ကောင်။ မနက်ဖြန်
ညတော့ ခင်ဗျားဘယ်မှမသွားနဲ့၊ ဒီအိမ်ကပဲ
ကျုပ်ကိုစောင့်နေ၊ ကျုပ်လာခေါ်မယ်
ကျုပ်လာမခေါ်မချင်း ခင်ဗျားဘယ်မှမသွားနဲ့နော်
ကိုရင်ကောင် ”
” အေးပါကွာ ”
“သြော် …နေဦးဗျ၊ ခင်ဗျားကောင်းသွားတာကိုလည်း
ဘယ်သူ့မှ မသိစေနဲ့ဦး။ ဒီအတိုင်းသာ ဆက်နေဦး
ကိုရင်ကောင် ”
“အေး အေး၊ ငါသဘောပေါက်တယ် တာတေ”
“ကဲ …ဒါဆိုရင် ကျုပ် ကိုမင်းယာတို့ အိမ်ကို
ပြန်ဦးမယ် ”
ကိုမင်းယာတို့ ဝိုင်းထဲကို ကျုပ်ပြန်ရောက်တော့
အားလုံးက ကျုပ်ကို စောင့်နေကြတာဗျို့။
“ဟာ …တာတေရာ၊ ငါတို့မှာ မင်းအတွက်
စိတ်ပူနေကြတာကွ၊ မင်းကလည်း အရူးရင်ကောင်
ခေါ်တာပဲ လိုက်သွားရတယ်လို့ကွာ”
ကိုမင်းဒင်က ကျုပ်ကို ပြောသဗျ။ ကျုပ်က
အဖြစ်အပျက်တွေကို ခပ်တိုတိုပဲ သူတို့ကို
ပြောပြတယ်။ သူတို့လည်း တော်တော်ကို
အံ့သြနေကြတာပေါ့ဗျာ။
“တာတေ…မင်းသတင်းကိုတော့ ငါတို့ ကြားပြီးသားပါ
ဒါပေမဲ့ မင်း ဒီကိစ္စ နိုင်ပါ့မလား ”
“ဟာ…ရတယ် ကိုမင်းယာ၊ ကျုပ်စောစောက
ပြောသလို ကြက်တစ်ကောင်သာ ရှာပေးဗျာ၊
ပြီးရင် ထမင်းတစ်အိုး ချက်မယ်ဗျာ ”
“ဟာ — ဒီအတွက် မင်းဘာမှ မပူနဲ့၊
မင်းစောစောက ပြောပြီးကတည်းက မင်းဒင်နဲ့၊
ကျော်မိုးနဲ့ ရွာထဲသွားကြပြီ၊ မင်းလိုတာတွေအားလုံး
ငါတို့ အဆင်သင့်လုပ်ပေးမယ်။ မင်းဒင်က
ငှက်ပျောဖက်ပါ တစ်ခါတည်း ခုတ်လာမှာကွ၊
မပူနဲ့ တာတေ”
ကိုစိန်မိုးကလည်း ဝင်ပြောတယ်ဗျာ။
ကျုပ်ကောင်တွေ ကျောက်ခဲနဲ့ သံမဏိကတော့
ပျော်နေကြတာပေါ့ဗျာ။ ဒီကောင်တွေက
ဒီပွဲမျိုးတွေ သိပ်ကြုံချင်ကြတာမို့လား။
အခုတော့ တည့်တည့်ကို တိုးနေပြီလေ။
ညရောက်တာနဲ့ ကျုပ်လိုချင်တာတွေ
အားလုံးရောက်လာတာဗျို့။
ထမင်းတောင်းထဲမှာ ငှက်ပျောဖက်နဲ့ ထုတ်ထားတဲ့
ထမင်းထုပ်ကြီးဗျ။ ကြက်သားဟင်းနံ့ကတော့
ငှက်ပျောဖက်ကို ပေါက်ထွက်နေတာဗျို့။
မွှေးချက်ဗျာ…။
ည ၉နာရီလောက်ရောက်တော့ ကျော်မိုးက နတ်ဝင်သည်ကြီး
ခေါ်ပြီး ရောက်လာရောဗျ။ နတ်ဝင်သည်ကြီးက
ထိန်ကုန်းကလို့ ပြောတယ်။ နာမည်က ဒေါ်လုံးကြည်တဲ့။
ကျုပ်က ဒေါ်လုံးကြည်ကို အကျိုးအကြောင်းတွေ
ရှင်းပြလိုက်တော့ ဒေါ်လုံးကြည်ကလည်း
စိတ်ပါလက်ပါပဲဗျာ။ သူကူညီမယ်လို့ ပြောပါတယ်။
ဒါနဲ့ ကိုမင်းယာရယ်၊ ကျောက်ခဲနဲ့ သံမဏိရယ်၊
ကျုပ်ရယ်၊ ဒေါ်လုံးကြည်ရယ် ညံတောသင်္ချိုင်းထဲကို
ရောက်လာရောဗျို့။ ညံတောသင်္ချိုင်းက အကျယ်သားဗျ။
ရှေးဟောင်းရွာကြီးရဲ့ သင်္ချိုင်းဆိုတော့လည်း
အုတ်ဂူတွေက များသားဗျ။ ဂူပျက် ဂူဟောင်းတွေရော
ဂူသစ်တွေပါ မနည်းပါဘူးဗျာ။
ကျောက်ခဲက ကျုပ်ကို ဓါတ်မီးနဲ့ ထိုးပြတယ်။
ကျုပ်က ခပ်ကြီးကြီး ဂူတစ်လုံးကို ရွေးလိုက်တယ်
ရှေ့မှာက မြက်ခင်းကလေးနဲ့ ဆိုတော့ ဒေါ်လုံးကြည်
အတွက် ထိုင်လို့ပြုလို့ ကောင်းတာပေါ့ဗျာ။
ကျုပ်က သံမဏိဆီက ထမင်းတောင်းယူပြီး
ဂူပေါ်မှာ ဖြန့်ခင်းလိုက်တယ်။ ဒေါ်လုံးကြည်ကတော့
ဂူရှေ့က မြက်ခင်းပေါ်မှာ ဆံပင်ကို ဖားလျား
ဖြန့်ချပြီး လက်အုပ်ကလေးချီနေတယ်။
ကျုပ်က ရေဖလားနဲ့ ရေတစ်ခွက်လည်း
ဂူပေါ်တင်လိုက်တယ်။ ပြီးတော့ ဂူထိပ်မှာ
ဖယောင်းတိုင်တစ်တိုင် ထွန်းပြီး စိုက်လိုက်တယ်။
မဖဲဝါကို ကျုပ်ပင့်ပြီပေါ့ဗျာ။
“အရှေ့နေထွက်၊ အနောက်နေဝင် ၊တောင်တံငါကွန်၊
မြောက်ဓူဝံအတွင်း မည်သည့်နေရာတွင်
ရောက်ရှိလို့နေသည်ဖြစ်စေ၊ ကျုပ်တာတေက
ပင့်ဖိတ်ပါတယ်၊ ထမင်းပွဲ၊ ဟင်းပွဲများနဲ့
ကြိုနေပါတယ်၊ အမြန်ဆုံးသာ ကြွခဲ့ပါ
သင်္ချိုင်းရှင်မကြီး မဖဲဝါဗျာ ”
ကျုပ်က မဖဲဝါကို နောက်တစ်ခေါက်
ထပ်ပင့်တယ်။ပြီးတော့ နောက်တစ်ခေါက် —
“ဟီး…ဟီး …ဟီး…ဟီး”
ဒေါ်လုံးကြည် လက်ကြီးတွေ ကွေးကောက်လာပြီး
ပါးစပ်ကလည်း တဟီးဟီးနဲ့ အသံကြီးထွက်လာတယ်ဗျို့။
တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေတယ်။ ဖားလျားချထားတဲ့
ဆံပင်ကြီးတွေ ကြားကနေ အုတ်ဂူပေါ်မှာ ပြင်ထားတဲ့
ထမင်းတွေ၊ ဟင်းတွေကို ကြည့်နေတယ်ဗျ။
ဟော …ခုန်ပြီဗျို့၊ခုန်ပြီ၊ မဖဲဝါ ဂူပေါ်ကို
လွှားခနဲ ခုန်တက်သွားပြီ။ ဟာ…စားပြီဗျို့။
ကြက်သားဟင်းနဲ့ ထမင်းကို ပြိုက်ခနဲ ပြိုက်ခနဲ
ကုန်အောင်ကို စားနေတာဗျ။ စားရင်းနဲ့
ကျုပ်ကို မျက်လုံးပြူးကြီးနဲ့ စိုက်ကြည့်နေတယ်။
“ဒီလိုပါ မဖဲဝါ။ ညံတောရွာပြင်က တိုက်ပျက်ကြီးထဲမှာ
မှန်ကြီးတစ်ချပ်ရှိတယ်။ မှန်က ကွဲအက်နေတယ်လို့
ပြောတယ်။ ကျုပ်တော့ မရောက်သေးပါဘူး။
အဲဒီမှန်ထဲမှာ မကောင်းဆိုးဝါးရှိနေတယ်လို့
ညံတောက ကိုရင်ကောင်က ပြောလို့
လူတွေ အန္တရာယ်မဖြစ်အောင် ရှင်းပစ်ချင်လို့ပါဗျာ ”
“အရူးရင်ကောင် ပြောတာမို့လား။ဟုတ်တယ်…။
ဒီကောင်မ ရင်ကောင်ကို ခြောက်လိုက်တာ။
ရင်ကောင် သွက်သွက်လည် ရူးသွားတယ်
အဲဒါ ချစ်တီးမယား သရဲမ။ ဓါးမြက လည်ပင်းကို
စိန်လည်ဂျာလှည့်ပြီး သတ်သွားတာ။
ဒီကောင်မ မှန်ထဲမှာ အောင်းနေတယ်။
မှန်ရှေ့မှာ လာရပ်လို့ ပုံပေါ်တဲ့ လူရဲ့
ပုံရိပ်ထဲကို သူဝိညာဉ်ဝင်ပူးပြီး ခြောက်လှန့်တာ။
တာတေ…နင်ရှင်းချင်ရင် သိမ်ဝင်အပ်ချည်နဲ့
မှန်ကို နာနာပတ်ပြီး မှန်ကို ငါ့ဆီယူခဲ့။
ဒီအတိုင်း မှန်ကို ရိုက်ခွဲလိုက်လို့ကတော့
ရွာထဲမှာ မှန်တွေထဲဝင်ပြီး သောင်းကျန်းမှာ
သေချာတယ်။ကြားလား …”
“ကြားပါတယ် မဖဲဝါ ။ဒါဆိုရင် …မနက်ဖြန်ည
သန်းခေါင်ကျော်ရင် ကျုပ် အဲဒီမှန်ကို ဒီညံတော
သင်္ချိုင်းထဲ ယူခဲ့ပါ့မယ် ။သင်္ချိုင်းရှင်မကြီးကိုယ်တိုင်
ဒီသရဲမကို ရှင်းပေးပါ ”
မဖဲဝါက ခေါင်းညိတ်တယ်ဗျ၊ ထမင်းတွေလည်း
ကုန်သွားပြီဆိုတော့ ရေခွက်ထဲက ရေတွေကို
သောက်ပြီး အပေါ်ကို မော့ကြည့်တယ်။
ဟော…မဖဲဝါ သွားပြီဗျို့။ ဒေါ်လုံးကြည်
နောက်ကို လန်ကျသွားပြီ။ ကျုပ်နဲ့ ကိုမင်းယာက
ဒေါ်လုံးကြည်ကို ပြေးပွေ့ပြီး လှုပ်နိုးရတယ်။
ကျော်မိုးက ဒေါ်လုံးကြည်ကို ညတွင်းချင်း
ထိန်ကုန်းကို လှည်းနဲ့ ပြန်ပို့တယ်။ ကျုပ်က
ဒေါ်လုံးကြည်သုံးစွဲဖို့ ပေးလိုက်ပါတယ်။
ကိုမင်းယာက သိမ်ဝင်အပ်ချည်တစ်လုံး
ပေးတယ်ဗျ။ သိမ်ဝင်အပ်ချည်လုံးဆိုတာက
ရဟန်းလောင်းသိမ်ဝင်ရင် ထည့်ပေးလိုက်တဲ့
အပ်နဲ့ အပ်ချည်ပေါ့ဗျာ။
ကဆုန်လပြည့် ၁၀ နာရီထိုးတော့ ကျုပ်ရယ်၊
ကိုရင်ကောင်ရယ်၊ ကိုမင်းယာရယ်၊ ကျုပ်ကောင်
ကျောက်ခဲနဲ့ သံမဏိရယ် ရွာပြင်က တိုက်ပျက်ကြီးရှိတဲ့
ဝိုင်းကြီးကို လာခဲ့ကြတယ်ဗျ။ ကျုပ်တို့ ဝိုင်းထဲကို
ချက်ချင်းမဝင်ဘူးဗျ၊ အပြင်ကပဲ အရိပ်အခြည်
ကြည့်နေကြတာ။ ၁၂ နာရီထိုးတော့မှ…
“ဟာ …ကိုကြီးတာတေ၊ ဟိုမှာ…ဟိုမှာ”
ကျောက်ခဲက ခပ်တိုးတိုး ပြောရောဗျ။
“ဘာတုံး ကျောက်ခဲ ”
“ဟိုမှာ …ဟိုမှာ အိမ်ပျက်ကြီးက မီးလင်းသွားပြီဗျ”
ဟာ…ဟုတ်သားဗျ၊ တိုက်ပျက်ကြီးအပေါ်ထပ်
ပြတင်းပေါက်က အလင်းရောင်ထွက်လာတယ်
“ကဲ …ဒါဆို သွားကြစို့ ”
ကျုပ်တို့အုပ်စု ဝိုင်းထဲဝင်ပြီး တိုက်ပျက်ကြီးထဲကို
ဝင်ခဲ့ကြတယ်။ လှုပ်စိလှုပ်စိဖြစ်နေတဲ့ လှေကားကြီး
ပေါ်ကို တစ်ယောက်ချင်း ထွက်လာခဲ့တယ်။
အိမ်ပေါ်ထပ်ရောက်တော့ အလင်းရောင် ထွက်နေတဲ့
အိပ်ခန်းကြီးထဲ ဝင်ခဲ့တယ် ။ဟာ …ကိုရင်ကောင်
ပြောတဲ့အတိုင်းပဲဗျို့။ ဝါဆိုဖယောင်းတိုင်ကြီး
တစ်တိုင် သံပြားကလေးပေါ်မှာ ထွန်းထားတယ်။
ဘယ်သူထွန်းထားတာလဲ ဆိုတာတော့ ကျုပ်လည်း
စဉ်းစားလို့ မရဘူးဗျို့။ သူတို့လေးယောက်
မှန်ရှေ့မှာ တစ်ယောက်ပြီးတစ်ယောက်
သွားရပ်ကြတယ်။ ဘယ်သူမှ အရိပ်မပေါ်ဘူးဗျ။
ကျုပ်က နောက်ဆုံး၊ ကျုပ်မှန်ရှေ့မှာ
သွားရပ်တယ်။ ဟာ …ကျုပ်ပုံကြီးက
မှန်ထဲမှာ ထင်းလို့ဗျ။ မှန်က ကိုယ်လုံးပေါ်ဗျ။
နံရံမှာ ဒီအတိုင်း ထောင်ထားတာ။
အက်ရာတွေကတော့ မှန်ပေါ်မှာ
အပြည့်ပဲဗျို့။
“ကဲ— နောက်ဆုတ်ကြ ”
ကျုပ်ကပြောတော့ အားလုံး ဘေးတစ်ဖက်စီ
ဆုတ်သွားကြတယ်။ မဖဲဝါပြောတဲ့ သိမ်ဝင်အပ်ချည်လုံးကို
အိတ်ထဲက အဆင်သင့် ထုတ်ယူလိုက်တယ်။
ဟော …စပြီဗျို့။ ကျုပ်က ဘယ်လိုပဲလှုပ်လှုပ်
မှန်ထဲက တာတေက တောင့်တောင့်ကြီး ရပ်လို့ဗျ။
ဘာမှ မလှုပ်ဘူး။ ကျုပ်က ခြေထောက်မြှောက်တယ်။
သူက မမြှောက်ဘူးဗျ။ ကျုပ်က လက်မြှောက်တယ်။
မှန်ထဲက တာတေက မမြှောက်ဘူးဗျ။
ကျုပ်က နောက်ဘက်ကို လှည့်လိုက်တယ်။
မှန်ထဲက တာတေက မလှည့်ဘူးဗျို့။
“ဟာ— ”
ဒီတော့မှ ကိုမင်းယာတို့၊ ကျောက်ခဲတို့၊ သံမဏိတို့
တော်တော်ကို အံ့သြသွားကြတာပေါ့ဗျာ။ ကျုပ်က
ပုဆိုးကို ခါးတောင်းကျိုက်လိုက်တယ်။ ဟာ…
မှန်ထဲက တာတေက ခါးတောင်းမကျိုက်ဘူးဗျို့။
“ကဲ…မြင်ပြီမို့လား တာတေ။သတိထားနော် ”
ကိုရင်ကောင်က ကျုပ်ကို သတိပေးပြီဗျ။
ဟော …လုပ်ပြီဗျို့။ လုပ်ပြီ။ ပါးစပ်ကြီးဟပြီး
အစွယ်တွေထုတ်ပြနေပြီဗျ။ ကျုပ် မှန်ရှေ့ကို
လွှားခနဲ ခုန်ဝင်လိုက်တယ်။ လက်ထဲက သိမ်ဝင်
အပ်ချည်ကို ဆွဲယူပြီး မှန်ကို ခပ်သွက်သွက်ပတ်တယ်။
တစ်ပတ်၊ နောက်တစ်ပတ်၊ပြီးတော့ …နောက်ထပ်၊
နောက်ထပ်။ ကျုပ်ဘယ်နှပတ်တောင် ပတ်လိုက်မှန်း
မသိပါဘူးဗျာ။ မှန်တောင် ပျောက်သွားတာဗျို့။
ဒီတော့မှ ကျုပ်က ကိုယ်လုံးပေါ်မှန်ကြီးကိုလှဲပြီး
ပခုံးပေါ်တင်ထမ်းတယ်၊ ကိုရင်ကောင် ပြေးလာပြီး
တစ်ဖက်က ဝင်ထမ်းတယ်ဗျ။
ကျောက်ခဲနဲ့ သံမဏိက သူတို့ထမ်းမယ် ပြောပါတယ်
ဒါပေမဲ့ ကိုရင်ကောင်က —
“ဖယ်ကြစမ်း ကောင်လေးတွေ။ ငါ့ကို ရူးအောင်
လုပ်တဲ့ ဟာမကို မဖဲဝါလက်ထဲ ငါကိုယ်တိုင်
အပ်မယ်ကွ”
လို့ အော်ပြောတယ်။ ဒီတော့မှ မှန်ထဲက
သရဲမက ကျုပ်တို့ အကြံကို သိသွားပုံပဲဗျ။
” ဝုန်း -ဒုန်း -ဒုန်း ”
ဟာ …မှန်ထဲက ထွက်လာတဲ့ အသံတွေဗျ။
ကြမ်းပြင်ပေါ်မှာ ခုန်ပေါက်နေတဲ့ အသံမျိုးဗျို့။
“ဂလွမ်း -ဂလွမ်း -ဒုန်း -”
အို…ဘာတွေများ တွန်းလှဲနေသလဲ မှတ်ရတယ်
မှန်ထဲကနေ အသံမျိုးစုံ ထွက်လာတာဗျို့
ဒါပေမဲ့ သိမ်ဝင်အပ်ချည်ကို ဖောက်ပြီး
ထွက်နိုင်ပုံ မပေါ်ဘူးဗျ။ ကျုပ်နဲ့ ကိုရင်ကောင်က
မှန်ကြီးထမ်းပြီး ညံတောသင်္ချိုင်းရောက်အောင်
ပြေးကြတာပေါ့ဗျာ။
ကိုမင်းယာတို့ကလည်း နောက်က
ပြေးလိုက်လာကြရတာပေါ့။ ရွာဦးက
ရှေးကျောင်းကြီးက ဆိုင်းသံကလည်း
ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းထားတာပေါ့ဗျာ။
သင်္ချိုင်းထဲရောက်တော့ ကျုပ်က မှန်ကို
ထနောင်းပင်ပျိုကလေးမှာ ထောင်ထားလိုက်တယ်
ပြီးတော့ ကျုပ်မှာ အသင့်ပါလာတဲ့ မျက်ကွင်းဆေးကို
ကျုပ်ယူလာတဲ့ ကျောက်ပြားလေးမှာ
ရေပုလင်းလေးဖွင့်ပြီး ရေထည့်လိုက်တယ်။
ပြီးတော့ မျက်စိတွေကို ကွင်းလိုက်တာပေါ့ဗျာ။
ဒီပွဲမျိုးကို ကျုပ် ဘယ်လက်လွတ်ခံမှာတုံးဗျာ။
ဒီပစ္စည်းတွေက ကျုပ်လွတ်အိတ်ထဲမှာ
အမြဲပါနေကျဗျ။
“သင်္ချိုင်းရှင်မကြီး မဖဲဝါခင်ဗျာ။မှန်ချပ်ကြီးကို
ကျုပ်ယူလာပါပြီ ။ အမြန်ဆုံး ကြွလာခဲ့ပါခင်ဗျား ”
“ဝူး …ဝူး …ဝူး …အီ …အီ…အီ…”
ဟော …မဖဲဝါက ကျုပ်တို့ကို စောင့်နေပုံပဲဗျ။
ချက်ချင်းကို ရောက်တာ။ ဟော…ဟော …လာပြီဗျို့။
ဂူတွေအပေါ်က ရွေ့လာတာ။ သူ့ခွေးကြီးကတော့
နွားပေါက်လောက်ရှိတဲ့ ကောင်ကြီးဗျ။
ဂူတွေကြားက လျှောက်လာတာဗျို့။
မဖဲဝါက မှန်ကို စိုက်ကြည့်နေတယ်။
ပြီးတော့ ကျုပ်ကို တစ်ချက် လှမ်းကြည့်တယ်။
သူကြည့်တာကို ကျုပ်ချက်ချင်းသဘောပေါက်တယ်။
မှန်မှာ ကျုပ်ပတ်ထားတဲ့ သိမ်ဝင်ကြိုးတွေကို
ဖြတ်ခိုင်းတာလေ။ ကျုပ်လွတ်အိတ်ထဲက
ဓါးကလေးထုတ်ပြီး ချက်ချင်းပြေးဖြတ်ပစ်လိုက်တယ်။
ကြိုးတွေအားလုံး ပြတ်သွားပြီး ထနောင်းပင်
ပျိုကလေးမှာ ထောင်ထားတဲ့ လက်ရာတွေနဲ့
မှန်ချပ်ကို မဖဲဝါက စိုက်ကြည့်နေတယ်။
ဂူပေါ်မှာ ရပ်နေတဲ့ မဖဲဝါက ဆယ်နှစ်ပေ၊
ဆယ့်သုံးပေလောက် မြင့်နေတာဗျို့၊
ဆံပင်ဖားလျားကြီး ချထားတာကလည်း
အရှည်ကြီးဗျ။ မျက်လုံးကြီးတွေကလည်း
လက်ဖက်ရည်ပန်းကန်လောက်ရှိမှာ။
နီရဲပြီး မှောင်ထဲမှာ အရောင်တွေ
တောက်နေတာဗျို့။
ဟော …မဖဲဝါ လက်တစ်ဖက် ရှေ့ကို ဆန့်ထုတ်လိုက်တယ်
မှန်ဘက်ကို စိုက်ကြည့်ပြီး လက်ယပ်ခေါ်နေတာဗျ။
ကျုပ်လည်း မှန်ကို သေသေချာချာ ကြည့်နေတာပေါ့ဗျာ။
ဟာ …မှန်ထဲက ထွက်လာပြီဗျို့။ ခြေထောက်ကြီးဗျ၊
ခြေထောက်ကြီး လှမ်းထွက်လာတာ။


ဟော …နောက်ထပ် ခြေထောက်တစ်ဖက်၊
ဟာ…တစ်ကိုယ်လုံး ထွက်လာပြီဗျို့။
ဆံပင်ဖားလျားကြီးချထားတဲ့ မိန်းမကြီး။
ထဘီက ဒူးခေါင်းအပေါ်လောက်အထိ
တိုတိုကြီးဝတ်ထားတာဗျို့။
“ဝူး -ဝူး -ဝူး -အိ -အိ-”
မဖဲဝါရဲ့ ခွေးကြီးက ရုတ်တရက် ထအူလိုက်တာ
ကျုပ်တောင် လန့်သွားတာဗျို့။ ကြက်သီးတွေဆိုတာ
ဖြန်းခနဲ နေအောင် ထသွားတာ။ မဖဲဝါက မှန်ထဲက
ထွက်လာတဲ့ သရဲမကို တစ်ချက်စိုက်ကြည့်ပြီး
လှည့်ထွက်သွားတယ်။ သရဲမကြီးက မဖဲဝါနောက်ကို
လိုက်သွားပြီဗျို့။
“ဝူး …ဝူး …ဝူး …ဝူး …”
မဖဲဝါရဲ့ ခွေးနက်ကြီးက သရဲကြီးရဲ့နောက်
ခပ်လှမ်းလှမ်းက အူပြီး လိုက်သွားတယ်။
ကျုပ်လည်း မျက်စိတစ်ဆုံး လိုက်ကြည့်နေတာဗျို့။
ေ ဟာ …ပျောက်သွားပြီဗျ။ အားလုံးပျောက်သွားကြပြီ။
ကျုပ်တို့လည်း သင်္ချိုင်းထဲမှာ မြေကျင်းတစ်ကျင်း
တူးပြီး မှန်ချပ်ကို ထုခွဲမြှုပ်ပစ်လိုက်တယ်။
နောက်တစ်နေ့ ဆိုရင် ကိုရင်ကောင်
နေကောင်းသွားတဲ့သတင်းဟာ ညံတော
တစ်ရွာလုံးကို ပြန့်သွားတော့မှာပေါ့ဗျာ။
ကျုပ်တို့လည်း ညံတောဘေးမဲ့ပွဲကို
ရောက်တယ်ဆိုရုံပါပဲဗျာ။ မနက် ဝေလီဝေလင်းမှာ
လှည်းကောက်ပြီး ထနောင်းကုန်းကို
ပြန်မောင်းလာခဲ့ကြတယ် ။

မှတ်ချက် (စိန်လည်ဂျာဆိုတာ ဆန်ပြာတဲ့ ဆန်ကောကို
အလယ်ကောင်က အပေါက်ဖောက်၊ ခေါင်းကနေ
စွပ်ချလိုက်ပြီးတော့ လည်ပင်းကို ဆန်ကောနဲ့
လှည့်တာ လည်ပင်းက သွေးကြောတွေ
ပြတ်ကုန်တာပေါ့ဗျာ။ အင်မတန်မှ
ရက်စက်တဲ့ ဓါးမြတွေသုံးလေ့ရှိတဲ့
နည်းတစ်ခုပေါ့ဗျာ)

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ

Leave a Comment