လူစားသည့်ချောင်း

* လူစားသည့်ချောင်း *(စ/ဆုံး)
ရေးသားသူ—အောင်ဓူဝံ
+++++++++++

ရွာနာမည်သည်ကားဇရပ်အိုရွာဟု
အမည်တွင်လေသည်။
အိမ်ခြေတစ်ရာကျော်ရှိသည့်
ရွာတစ်ရွာလည်းဖြစ်သည်။
လယ်ယာမြေစိုက်ပျိုးရေးနှင့်မွေးမြူရေးကို
အဓိကထားပြီးလုပ်ကိုင်သည့်
ရွာလည်းဖြစ်သည်။

ဇရပ်အိုရွာအားအုပ်ချုပ်သည့်
သူကြီးနာမည်မှာဦးညီပုဖြစ်သည်။
သဘောလည်းကောင်း အပြောလည်းကောင်းသလောက်
စေတနာသိပ်ကောင်းသည့်သူကြီးတစ်ဦး
ဖြစ်သည်။
ရွာသူရွာသားများအပေါ်တန်းတူညီမျှ
ထားကာဆက်ဆံတတ်လေသည်။
ထို့ကြောင့်သူကြီးဦးညီပုအား
ဇရပ်အိုရွာမှရွာသူရွာသားများက
ချစ်ကြောက်ရိုသေကြလေသည်။

ဇရပ်အိုရွာ၏မြောက်ဘက်တွင်တော့
တသွင်သွင်စီးဆင်းနေသည့်ချောင်း
တစ်ခုလည်းရှိလေသည်။
ဇရပ်အိုချောင်းဟုအများကခေါ်ဆိုကြ
လေသည်။
နှစ်စဉ်ဝါဆိုလရောက်တိုင်းဇရပ်အိုချောင်းထဲမှာလူတစ်ယောက်အမြဲရေနစ်သေဆုံးတတ်လေသည်။

မိဘများလည်းဝါဆိုလရောက်တိုင်း
သားသမီးများအားဇရပ်အိုချောင်းသို့
မသွားရန်လူငယ်များအားအမြဲသတိပေး
ကြလေသည်။
လူကြီးများသတိပေးနေသည့် ကြားကပင်
ဝါဆိုလရောက်တိုင်း
ဇရပ်အိုချောင်းထဲ၌လူတစ်ယောက်
အမြဲရေနစ်သေဆုံးကြပြန်သည်။

ဝါဆိုလရောက်တိုင်းလူစားတတ်သည့်
ဇရပ်အိုချောင်းကြီးထဲ၌ သေဆုံးသွား
သည့်ဝိညာဉ်များမည်မျှအထိ
ရှိလိမ့်မည်မသိနိုင်ချေ။

ဒေါ်စိန်ပုနှင့်ဦးခင်အေးတို့လင်မယား
သားဖြစ်သူကျော်ကျော်အား ရှင်ပြုပေး
ရန်အတွက်အလုပ်ရှုပ်နေကြလေသည်။

ချက်ရေးပြုတ်ရေးအတွက်စီမံရ
အိမ်ကိုလာသည့်ဆွေမျိုးများကိုလည်း
ဧည့်ခံရ၊လိုအပ်သည့်ပစ္စည်းများအား
ထွက်ဝယ်ရဖြင့် မအားလပ်နိုင်ကြပေ။

“သားကျော်ကျော်…”

“ဗျာအမေ”

“လာပါဦး အမေတို့သားကိုမှာစရာရှိတယ်”

“ဟုတ် ဘာမှာမှာလဲအမေ”

“ဒီလိုသားရဲ့ ရှင်ပြုတော့မည့်
လူတစ်ယောက်ဟာ အစစအရာရာ
သတိထားရတယ်သားရဲ့၊
အမြင့်တွေလည်းတက်မဆော့ရဘူး၊
မြစ်တွေချောင်းတွေဆီကိုလည်းသွားပြီး
ရေမဆော့ရဘူးနော် သားကြားလား”

“ဟုတ်အမေ သားသိပါတယ်ဗျ”

“အေးသားသိရင်ပြီးတာပဲ
လျှောက်မသွားနဲ့နော် သား”

“မသွားပါဘူးအမေရ’

“စိန်ပု ညည်းသားကအချောပဲအေ့
ညည်းသားကြီးလာရင် ရွာထဲက
မိန်းကလေးတွေဝိုင်းဝိုင်းလည်နေတော့
မှာပဲ—”

“ဖအေတူသားဆိုတော့
ဒီလောက်တော့ရှိမှာပေါ့ မတင်အောင်ရေ”

“ဟား ဟား ဟားဟား”

“နင့်တူရင်မီးသွေးခဲမိုးကြိုးပစ်သလို
ဖြစ်နေမှာပေါ့ ခင်အေးရယ်။

“ဟာ ခင်ဗျားဘာသိလို့လဲ
ညိုမှချောတာဗျ၊ညိုချောတွေချောရင်
ဘယ်သူမှလိုက်မမှီဘူးနော် ခင်ဗျား”

အလှူအိမ်၌ တဝါးဝါးတဟားဟားဖြင့်
ပွဲဆူနေတော့သည်။

+++++++++

“မနက်ဖြန်အလှူကြီးနေ့နော်သား
အမေမှာထားတာမမေ့နဲ့”

“မမေ့ပါဘူးအမေရ စိတ်ချပါ”

“မိန်းမရယ် သားကသိတတ်လိမ္မာပြီးသားပါကွာ။
အထူးတလည်ပြောနေဖို့ မလိုပါဘူး”

“ကျုပ်ကမိခင်လေတော်
ဝမ်းနဲ့လွယ်ပြီးမွေးထားရတာဆိုတော့
စိုးရိမ်ပူပန်တတ်တာပေါ့ရှင်။
ပြီးတော့အခုဟာကဝါဆိုလကြီး
ချောင်းကလည်းအခုထိလူစားသံမကြားရသေးတော့ သားအတွက်စိတ်ပူမိတယ်လေ”

“မင်းပြောမှငါလည်းသတိရတယ်
ချောင်းကလူမစားသေးဘူးကွ။
အခုဟာကဝါဆိုလဆိုတော့ သတိတော့
ထားရမယ်”

“အဲ့ဒါကြောင့်ပြောတာပေါ့ရှင်”

ကျော်ကျော်တစ်ယောက် အလှူလာသည့်
ဆွေမျိုးများထဲမှ ကလေးတစ်ယောက်နှင့်
အတူဆော့ကစားနေလေသည်။

“ကျော်ကျော်”

“ဘာလဲစည်သူ”

“ငါလေမင်းတို့ရွာကချောင်းမမြင်ဖူးလို့
ငါ့ကိုလိုက်ပြပါလားကွာ”

“ဟာမပြပါဘူး
အမေကသေချာမှာထားတယ်
အဲ့ဒီချောင်းကိုမသွားရဘူးတဲ့။
လူစားလဲခံရလိမ့်မယ်တဲ့………”

“ကျော်ကျော်ကလည်းကွာ
ငါကအလှူပြီးရင် ပြန်ရတော့မှာကွ။
ငါမပြန်ခင်မင်းတို့ရွာချောင်းကို
ကြည့်ချင်လို့ပါကွာ နော် နော်”

“အေးဒါဆိုပြီးရော
ကြည့်ရုံပဲကြည့်နော် ရေထဲမဆင်းရဘူး”

“ကတိပေးတယ် ရေထဲမဆင်းဘူးကွာ”

“ပြီးရော ငါအမေ့ကိုဘုထော်အိမ်
သွားမယ်ဆိုပြီး လိမ်ပြောလိုက်မယ်
အမှန်အတိုင်းပြောလိုက်ရင်
လွှတ်မှာမဟုတ်ဘူးကွ။

“အေးဟုတ်တယ် ဟုတ်တယ်
မြန်မြန်သွားပြောချေကွာ…”

ကျော်ကျော်လည်း အိမ်ထဲဝင်လာခဲ့သည်။
မိခင်ဖြစ်သူဒေါ်စိန်ပု တစ်ယောက်အိမ်ထဲ၌ အလုပ်ရှုပ်နေသည်။

“အေမ…”

“ဟေး ဘာလဲသား”

“သားဘုထော်အိမ် ခဏသွားချင်လို့
အမေ့ကိုလာပြောတာ”

“ဘာလုပ်ဖို့သွားမှာလဲ သားရဲ့”

“သားသူ့ကိုမနက်ဖြန်အလှူ
လာဖြစ်အောင်လာဖို့ သွားပြောမလို့။
စည်သူရောလိုက်မှာဗျ”

“အေးအေး ပြီးရောမြန်မြန်သွား
မြန်မြန်ပြန်လာခဲ့ ကြားလားသား”

“ဟုတ်အမေ”

ကျော်ကျော်လည်းမိခင်အား
လိမ်လည်ခွင့်တောင်းပြီး စည်သူနှင့်အတူ
ရွာအပြင်သို့ထွက်လာခဲ့သည်။

“ဟာ…ချောင်းပြင်ကြီးကအကျယ်ကြီးပဲကွာ။
လှလိုက်တာ ကြည့်စမ်း တို့ဆီမှာဒီလို
မရှိဘူးကျော်ကျော်ရ။

“ဟုတ်လား ငါတို့ရွာရဲ့ချောင်းလေ
လှသလောက်ကြောက်ဖို့ကောင်းတယ်ကွ။

“ကြောက်စရာမရှိပါဘူး ကျော်ကျော်ရာ”

“ဟာဟိုမှာငါးလေးတွေ ကျော်ကျော်မင်းမြင်လား ……”

“ဘယ်မှာလဲ စည်သူရငါတော့မမြင်ပါဘူး”

“ဟိုချောင်းအစပ်မှာလေကွာ
လာလာငါပြမယ်”

“ဟာဟေ့ကောင် စည်သူ မသွားနဲ့လေ”

“ဟာဒီကောင်တော့ ဇွတ်ရောအတင်းရောသွားနေတာပဲ။

ကျော်ကျော်လည်းစည်သူနောက်မှ
ပြေးလိုက်လာခဲ့သည်။
စည်သူကရေထဲမှ ငါးများအားလက်ခုပ်နှစ်ဖက်ဖြင့်လိုက်လံ
ဖမ်းဆီးနေလေသည်။

“စည်သူ အပေါ်ပြန်တက်ခဲ့တော့
ရေစီးကသန်နေတယ်ကွ။

“ငါငါးလေးတစ်ကောင်လောက်
ဖမ်းချင်လို့ပါကွာ ခဏလေးပါ”

“မင်းငါ့ကိုကတိပေးထားတယ်
ရေထဲမဆင်းပါဘူးလို့ လာပါအပေါ်
ပြန်တက်ခဲ့ စည်သူ စည်သူ”

ကျော်ကျော်စကားအား
စည်သူကအဖက်မလုပ်ပဲ ငါးကိုသာ
ရအောင်ဖမ်းနေတော့သည်။

“ဝုန်း”

“အား—”

“စည်သူ—”

စည်သူတစ်ယောက် ခြေချော်ပြီး
ရေထဲလဲကျသွားတော့သည်။
ကျော်ကျော်လည်း ချောင်းထဲပြေးဆင်းကာ စည်သူအားဆွဲထားလေသည်။

ချော်ကျသွားသည့်အရှိန်နှင့်
ချောင်းရေအစီးသန်မှုကြောင့်
စည်သူတစ်ယောက်ချက်ချင်း
ပြန်မထနိုင်ပဲရှိနေသည်။

ကျော်ကျော်ကစည်သူလက်အား
ဆွဲထားလေသည်။

“စည်သူသတိထား”

“ငါ့လက်ကိုဆွဲထား စည်သူ”

“ငါ့ကိုကယ်ပါဦး ကယ်ပါဦး ကျော်ကျော်”

“ဟာဟေ့ကောင် စည်သူ ငါ့ကိုအတင်းဆွဲမထားနဲ့လေ
ငါပါရေနစ်လိမ့်မယ်”

“ဟာ…ဝုန်း”

ကြောက်အားလန့်အားဖြင့်
အတင်းဆွဲကုတ်ထားသဖြင့်
ကျော်ကျော်တစ်ယောက်ရေထဲပစ်ကျ
သွားတော့သည်။

စည်သူကရေအတိမ်ဘက်ရောက်သွားပြီး
ကျော်ကျော်မှာ ချောင်းရေစီးနှင့်အတူ
မျောပါသွားလေသည်။

“ကျော်ကျော် …ကျော်ကျော်”

“ကယ်ပါဦး ကယ်ပါ”

ကျော်ကျော်တစ်ယောက်ရေထဲတွင်
နစ်လိုက်ပေါ်လိုက်ဖြင့် မျောပါနေ
လေသည်။
စည်သူလည်းငယ်သံပါအောင်
အော်ဟစ်ပြီးအကူအညီတောင်းလိုက်
သည်။

“ကယ်ကြပါဦး ကျွန်တော့်သူငယ်ချင်း
ရေနစ်နေလို့ ကယ်ကြပါဦး”

“ဟာ…ရေနစ်လို့ဆိုပဲ”

“အေးကွ ငါလည်းကြားတယ်
လာသွားကယ်ရအောင်”

ဇရပ်အိုချောင်းနံဘေးမှ
ဖြတ်သွားသောရွာသားနှစ်ယောက်က
ကြားသိသဖြင့်အတင်းပြေးလွှားကာ
ရောက်လာကြသည်။

“ဦးလေး သားသူငယ်ချင်း
ရေနစ်လို့ ကယ်ပါဦး”

“အေးငါတို့ဆယ်ထားလိုက်မယ်
မင်းကအိမ်ပြန်ပြီး သူ့မိဘတွေကို
သွားအကြောင်းကြားချေ။

“ဟုတ်ကဲ့ ”

စည်သူလည်းရွာထဲပြေးပြီး
ပြန်လာခဲ့တော့သည်။

“အန်တီ စိန်ပု ဦးလေးခင်အေး
ကျော်ကျော်ချောင်းရေထဲမျောပါသွားလို့”

“ဘာ……”

“ဟင်”

“ဘာပြောတယ် ငါ့သားချောင်းရေထဲ
မျောပါသွားလို့ ဟုတ်လား”

“ဟုတ် ဟုတ်တယ်
သားကိုကယ်ရင်း ကျော်ကျော်ရေထဲ
ပါသွားတာဗျ။

“အောင်မယ်လေး ဖြစ်မှဖြစ်ရလေ
ငါ့သားလေး လုပ် လုပ် လုပ်ပါဦး
ကိုအေးခင် သား သားလေးရေနစ်
လို့တဲ့”

“လာ လာ ငါတို့လိုက်သွားကြအောင်”

“သားလေးရေ သားလေး”

ဦးခင်အေးတို့လင်မယားနှင့်အတူ
အလှူအိမ်တွင်ရှိနေကြသော
ဆွေမျိုးများလည်း ဇရပ်အိုချောင်းရှိရာသို့
ပြေးလာကြသည်။

သတင်းကြားသည့်ရွာသူရွာသား
တွေလည်းရွာလုံးကျွတ်ချောင်းစပ်သို့
လိုက်လာကြလေသည်။

“ရေငုပ်ကျွမ်းတဲ့သူတွေ ရေထဲဆင်းပြီး
လိုက်ရှာကြဟေ့’

“ဟုတ်ကဲ့ရွာလူကြီး”

ဇရပ်အိုရွာသားများလည်း
ချောင်းထဲဆင်းပြီးရေငုပ်ရှာကြလေသည်။
ချောင်းရေမြင့်တက်နေသည့်
အချိန်ကာလဖြစ်သဖြင့် ရေစီးလည်းသန်ပေသည်။

ထို့ကြောင့်ရင်တမမဖြင့်
လိုက်လံရှာဖွေနေကြသည်။
အချိန်တော်တော်ကြာသည်အထိ
ကျော်ကျော်အားရှာမတွေ့ကြပေ။

မိဘများနှင့်ဆွေမျိုးများလည်း
မျက်ရည်ဆက်လက်ဖြစ်ကာ
မျှော်လင့်တကြီးဖြစ်နေရလေသည်။

“ဟာ…တွေ့ပြီဗျို့ တွေ့ ပြီ”

“ဟာတွေ့ပြီတဲ့”

ရွာသားတစ်ယောက်ကချောင်းအစွန်
အဖျားကနေကျော်ကျော်အလောင်းအား
တွေ့သဖြင့်ပွေ့ချီလာသည်။

“သား သားလေး”

“ဖြစ်မှဖြစ်ရလေ သားရဲ့
အီးဟီးဟီး မနက်ဖြန်အလှူပွဲကို
သားမရှိပဲဘယ်လိုလုပ်ရတော့မလဲ
သားရဲ့ ”

“ကျော်ကျော် သားအတန်တန်မှာထားတဲ့ကြားကနေ
ဖြစ်ရတယ်လို့ကွာ။

“သားကြောင့်ကျော်ကျော်သေရတာ
သားကြောင့်သေရတာ”

“မဟုတ်တာ စည်သူရာ
ဦးလေးတို့သားကံက အခုလို
ဖြစ်ဖို့ပါလာတာကိုးကွာ”

“သားရယ် ရှင်လောင်းဝတ်ကြီးဝတ်ပြီး
မြင်းကြီးစီးချင်တာပါဆို အခုတော့
ဘယ်လိုဖြစ်ကုန်ပြီလဲ သားရဲ့”

“ဟင်…မစိန်ပု မစိန်ပု

“သတိမေ့သွားတာပဲ လုပ်ကြပါဦးဟ”

“လူတွေဝိုင်းအုံမနေကြနဲ့လေ
သတိလည်အောင်လုပ်ကြပါဟ”

သားဇောဖြင့်သတိလစ်မေ့လဲသွားသည့်
ဒေါ်စိန်ပုအားသတိရအောင်ပြုစု
ပေးနေကြသည်။

ရွာသူရွာသားများလည်း
ဦးခင်အေးတို့မိသားစုအဖြစ်ကို
ကြည့်ပြီးမျက်ရည်ကျနေကြသည်။

သားမရှိသည့်အလှူ ရှင်လောင်းမရှိသည့်
အလှူပွဲကြီးကတော့ ရက်စက်စွာပျက်စီး
သွားခဲ့လေပြီ။

အစာဝသွားသည့် ဇရပ်အိုချောင်းကြီးကတော့သူမဟုတ်
သည့်အတိုင်းလှပစီးဆင်းနေစမြဲပင်။

ပြီးပါပြီ။
{အောင်ဓူဝံ}

Leave a Comment