ဝိဉာဉ်လဲသောကာမကဝေ

” ဝိဉာဉ်လဲသောကာမကဝေ ”
+++++++++++

” အောက်—အီး—အီ—အွတ်—”
အာရုံခင်ကျင်းလို့ လင်းကြက်တွန်ပြီဆိုတာနဲ့ ကိုဆုံတစ်ယောက် တောသူတောင်သားတို့ သဘာ၀ လယ်ယာလုပ်ငန်းခွင်ဆီကို ဝင်ရောက်ဖို့ အသင့်ဖြစ်နေခဲ့ပါပြီ။
” ကိုဆုံ…ထမင်းကြမ်းစားလို့ရပြီနော်…”
ဇနီးသည် အေးလှ ပြင်ပေးတဲ့ မနက်စာကို စားပြီးတော့ ကိုဆုံ ယာထဲကို ထွက်လာခဲ့တယ်။
ယာထဲရောက်တော့ စားပင်တွေကို ပေါင်းနှုတ်တန်နှုတ်၊ မြေတောင်မြှောက်တန်မြှောက်နဲ့ ကိုဆုံတစ်ယောက် ဇယ်ဆက်သလို မနားရဘူး။
ဆွမ်းခံဝင်ချိန်ရောက်လို့ ရွာဘက်ကနေ အေးလှတစ်ယောက် ထမင်းတောင်းနဲ့ လှမ်းလာနေတာကို မြင်တော့မှ ကိုဆုံ အခင်းထဲကနေ တက်ခဲ့ပြီး
မြေစိုက်တဲကလေးဆီမှာ ချွေးသိပ်လို့ ဝင်နားလိုက်တယ်။
” ဗျို့—ဒီက တဲရှင် ကျုပ် ခင်ဗျားတဲဆီမှာ ခဏဝင်နားချင်လို့ ရမလား…”
အသံကြောင့် ကိုဆုံ ကြည့်မိတော့ အစက်ငါးဆယ်အရွယ် လူကြီးတစ်ယောက်။ ပိုးကွက်ထောက်နဲ့ တိုက်ပုံကို ဝတ်ထားတယ်။
” ဪ…ရပါတယ်ဗျ။ ဝင်နားလှည့်ပါ ဦးကြီး…”
လူကြီးက တဲအတွင်းဆီကို ဝင်လာတယ်။ ကိုဆုံလည်း လူကြီးကို ဧည့်ခံစကားပြောရင်း အဝေးဆီက လှမ်းလာနေတဲ့ အေးလှကို စောင့်နေမိတယ်။
သိပ်မကြာပါဘူး။
အေးလှသူတို့တဲဆီကို ရောက်လာခဲ့တယ်။
” ဟောတော် ဧည့်သည်လည်း.ရောက်နေတာကိုး…”
ထမင်းတောင်းကို ချရင်း အေးလှဆိုတော့ ဧည့်သည်လူကြီးက အေးလှကို စူးစူးစိုက်စိုက်ကြည့်လာတယ်။
အဲ့ဒီ့အကြည့်ကြောင့် အေးလှရင်ထဲ ဘာကြောင့်ရယ်မသိ၊ စိမ့်ခနဲဖြစ်သွားကြတယ်။
” သူငယ်မက လှပေသားပဲကွ။ မောင်ရင်တို့ အိမ်ထောင်ကျတာ ကြာပြီလား…”
လူကြီးက မေးလာတယ်။ ကိုဆုံက သူ့ဇနီးကို လှတယ်ပြောတော့ သဘောတွေ ခွေ့ရပြီး…။
” မနှစ်ကမှ ကျုပ်တို့က အိမ်ထောင်ကျကြတာရယ်ဗျ…”
” ဪ…မကြာသေးဘူးပဲ။ ကောင်းတာပေါ့။ နှစ်သက်စရာ ကောင်းလိုက်လေရဲ့…”
လူကြီးရဲ့ စကားမှာ ရည်ရွယ်ချက်တစ်ခု ပါနေတယ်။ ဒါကို ကိုဆုံတို့ လင်မယားက မသိကြဘူး။
အေးလှက ထမင်းပွဲ ပြင်ပေးတယ်။ ပြီးတော့ လူကြီးအတွက်ပါ ပြင်ပြီး ထမင်းစားခေါ်တော့—။
” နေပါစေတော့ ငါက မစားတော့ဘူး။ မင်းတို့ဘာသာပဲ ဝအောင်စားကြတော့…”
အကြိမ်ကြိမ် ခေါ်ပေမယ့်လူကြီးက ငြင်းဆန်တယ်။
ဒါနဲ့ပဲ ကိုဆုံတို့ လင်မယားနှစ်ယောက်ပဲ ထမင်းစားလိုက်ကြရပြီး ထမင်းစားနေချိန်မှာ လူကြီးက အေးလှကို တွင်တွင်ကြီး
စိုက်ကြည့်နေတာကို ကိုဆုံ သတိထားလိုက်မိတယ်။ ဒါကို ကိုဆုံ ဘဝင်မကျဖြစ်မိရတယ်။
” အေးလှ…ထမင်းစားပြီးရင် ရွာကို ချက်ချင်းပြန်တော့…”
ကိုဆုံက မချိမခံသာနဲ့ အေးလှကို ဘောက်ဆတ်ဆတ်ပြောလိုက်တယ်။ အေးလှကတော့ သဘောရိုးနဲ့ပဲ—။
” ဟင်…ဘာဖြစ်လို့လဲ။ ခါတိုင်းဆို တော့် အလုပ်ကို ကျုပ် ကူပြီးမှ အတူပြန်နေကျလေ…”
ကိုဆုံက အေးလှကို စိုက်ကြည့်ပြီး လူကြီးဆီကို မသိမသာ မျက်ရိပ်ကဲပြလို့…။
” ဒီနေ့တော့ မကူနဲ့တော့။ ငါလည်း စောစောသိမ်းပြီး ပြန်လာမှာ။ နင်က အစောပြန်နှင့်၊ ရွာကိုရောက်ရင် အမေတို့အိမ်က ို ချက်ချင်းသွားပြီး ဓားမတစ်ချောင်း ငါ့ကို ယူခဲ့ပေးချေ…”
ဘာရယ်မဟုတ်၊ ကိုဆုံ ပါးစပ်ထဲရှိရာကို လုပ်ကြံပြီး ပြောလိုက်တယ်။ အေးလှကလည်း သူ့ယောက်ျားရဲ့ မျက်နှာရိပ်မျက်နှာကဲကြောင့် အလိုက်သင့်ပဲ…။
” အင်းပါ…ကျုပ် ဒါပြီးရင် ပြန်လိုက်မယ်။ တော်လည်း အလုပ်ထဲ ဂရုစိုက်ဦး…”
ထမင်းစားပြီးတော့ အေးလှ အိုးခွက်ပန်းကန်တွေကို သိမ်းပြီး ရွာဘက်ကို ပြန်သွားခဲ့တယ်။
လူကြီးကတော့ ကိုဆုံကိုတောင် ဂရုမထားနိုင်ဘူး။ အေးလှကိုပဲ မျက်စိတစ်ဆုံး လိုက်ကြည့်နေတော့တာ။
” အဟမျး…အဟမျး…”
ကိုဆုံ တမင်လုပ်ပြီး ချောင်းဟန့်သံပေးလိုက်တော့ လူကြီးရဲ့ မျက်နှာက ကွက်ခနဲပျက်သွားတယ်။ ပြီးတော့ ကိုဆုံ့ကို ဒေါသပုန်ထနေတဲ့ မျက်နှာနဲ့ ကြည့်လာပြီး…။
” မင်းနေရာကို ငါ လိုချင်သွားပြီ…”
လူကြီးရဲ့ စကားကြောင့် ရုတ်တရက်တော့ ကိုဆုံ ကြောင်သွားမိတယ်။
” ခင်ဗျား ဘာကို ပြောချင်တာလဲ…”
” မင်းနေရာကို ငါ ပိုင်ချင်လို့ ပြောနေတာ။ မင်း မိန်းမကို ငါယူမလို့—”
” ဟာ…ဘာဗ်…”
ကိုဆုံ အလွန် ဒေါသထွက်သွားရတယ်။
” ဟုတ်တယ်…မင်း မိန်းမကို ငါ ယူချင်တယ်…”
ကိုဆုံ သည်းမခံနိုင်တော့ဘူး။
စိတ်မြန်လက်မြန်သမားပီပီ လက်သီးတစ်လုံးကို မြန်မြန်ဆန်ဆန်ပဲ လူကြီးဆီကို ပစ်သွင်းလိုက်မိတယ်။
” ဟာ…”
ကိုဆုံ အံ့အားသင့်မိသွားတာ။
သူ့လက်သီးက ပုံစံမပျက် ထိုင်နေမြဲဖြစ်တဲ့ လူကြီးကို မထိဘူး။ လေထဲမှာပဲ ဝဲသွားခဲ့တာ။
သေချာပြောရမယ်ဆိုရင် ထိုင်နေတဲ့ လူကြီးရဲ့ ခန္ဓာကိုယ်ကို လက်သီးက လေဟာနယ်ထဲ ထွင်းဖောက်သလို ပေါက်ထွက်သွားခဲ့တာ။
” ဟား…ဟား…ဟား…”
လူကြီးက ကိုဆုံ့ကို ကြည့်ပြီး ခြောက်ကပ်ကပ်အသံကြီးနဲ့ ဟားတိုက်ရယ်နေတယ်။
” ငါ့နာမည်က ကဝေရာဇာ၊ ခန္ဓာကနေ နာမ်ခွာလာခဲ့တာမို့ မင်းငါ့ကို ဘာမှ လုပ်လို့မရဘူး။ အေး…ငါကတော့ လုပ်ချင်တာ လုပ်လို့ရတယ်။ မင်း မိန်းမကို ငါ ယူမယ်…”
” ခင်ဗျားဘာသာ…ခင်ဗျား ဘာကောင်ပဲ ဖြစ်နေပါစေ ကျုပ် ဂရုမစိုက်ဘူး၊ ခင်ဗျားကို သေအောင် ကျုပ် သတ်ပြမယ်…”
ကိုဆုံက ဒေါသတကြီးပြောပြီး နံဘေးက တုတ်ကို ကောက်လို့ လူကြီးဆီကို လှမ်းရိုက်လိုက်တယ်။
ဒါပေမယ့် သူ့လက်က လေထဲမှာပဲ တန့်သွားခဲ့ရပြီး ခန္ဓာကိုယ်တစ်ခုလုံး လှုပ်မရတော့ဘူး။
လူကြီးက ထိုင်ရာကနေ ထရပ်လာတယ်။
” မင်း ခန္ဓာကို ငါယူပါရစေကွာ…”
” ခင်…ခင်ဗျား…”
လူကြီးရဲ့ ညာလက်က ကိုဆုံ့ နဖူးကို ထိကိုင်လာတယ်။ ပြီးတော့ ပါးစပ်ကနေ ကိုဆုံ နားမလည်နိုင်တဲ့ စကားလုံးတချို့ကို ရွတ်လိုက်တယ်။
ကိုဆုံတစ်ယောက် ခေါင်းဆီက မခံမရပ်နိုင်လောက်အောင် မူးဝေလာတယ်။ သတိတွေက ကပ်တစ်ချက်၊ မကပ်တစ်ချက်နဲ့။
မြင်နေရတဲ့ လူကြီးရဲ့ ပုံရိပ်တွေက အရိပ်တွေ ကွဲထွက်လာသလိုဖြစ်ပြီး ဝေဝါးလာတယ်။
နောက်တော့ ကိုဆုံ့ ခေါင်းထဲမှာ မိုက်ခနဲဖြစ်ပြီး အရာရာက အမှောင်အတိကျနေတဲ့ နေရာကြီးတစ်ခုဆီကို လွင့်စင်ထွက်သွားသလို ခံစားလိုက်ရတော့တယ်။
+++++++++
” ဘဘ—ငိုသံ –ကွားမိသလိုပဲ…”
ဒိုးလေးရဲ့ စကား။
ဦးသိဒ္ဒိနဲ့အတူ သူတို့ညီနောင်နှစ်ယောက် တောတန်းကလေးတစ်ခုကို ဖြတ်ကျော်ပြီးချိန် ငိုသံတစ်ခုကို ကြားမိကြရတယ်။
” အင်း…တစ်စုံတစ်ယောက်တော့ ဒုက္ခတွေ့ပြန်ပြီ ထင်ပါ့…”
ဦးသိဒ္ဒိက ပြောပြီးတော့ ပတ်ဝန်းကျင်ကို လိုက်လံကြည့်မိလိုက်တယ်။
အတော်လှမ်းလှမ်းဆီက ညောင်ပင်တစ်ပင်အောက်မှာ ထိုင်ပြီးငိုနေတဲ့ ဝိဉာဉ်တစ်ကောင်ကို မြင်လိုက်ရလေရဲ့။
” လူလေးတို့ ဟိုးက ညောင်ပင် အောက်ကို ကြည့်လိုက်ချေစမ်း…”
” ဟင်…လူတစ်ယောက် ငိုနေတာပါလား…”
” အဲ့ဒါ လူမဟုတ်ဘူး ညီလေးရ၊ ဝိဉာဉ်တစ်ကောင်ကွ၊ သေချာကြည့်လေ၊ သူ့ရဲ့ ကိုယ်ရောင်ကိုယ်ဝါက လူတွေလို ထင်းထင်းကြီး ရှိမနေဘူး…”
ဒိုးငယ်ရဲ့ အမှတ်တမဲ့ ပြောစကားကို ဒိုးကြီးက ဝင်ထိန်းပေးလိုက်တယ်။
” ဟုတ်တယ်၊ ဒိုးကြီးပြောတာ အမှန်ပဲ၊ အဲ့ဒါက ဝိဉာဉ်တစ်ကောင်၊ ဒါပေမယ့် လူလေးတို့ မသိသေးတာက သူဟာ သေလွန်ပြီးတဲ့
ဝိဉာဉ်မဟုတ်ဘူးဆိုတာပဲ။ သေချာတာကတော့ သူဟာ တစ်စုံတစ်ယောက်ရဲ့ပယောဂကြောင့် ဒုက္ခရောက်နေတဲ့သူပဲ ဖြစ်ရမယ်။ ကဲ…ဘာဖြစ်လဲဆိုတာ
သွားမေးကြည့်ရအောင်၊ ကူညီသင့်တာဆိုလည်း ကူညီရတာပေါ့…”
သုံးယောက်စလုံး ဝိဉာဉ်ကောင်ငိုနေတဲ့ ညောင်ပင်ဆီကို သွားလိုက်ကြတယ်။
” တူမောင်ကြီး…ဘာများဖြစ်လို့ ရှိုက်ကြီးတငင်နဲ့ ငိုနေရတာတုန်း…”
ဦးသိဒ္ဒိရဲ့ အမေးကြောင့် ခေါင်းငုံ့ပြီး ငိုနေတဲ့ ဝိဉာဉ်က မော့ကြည့်လာတယ်။ ပြီးတော့ တအံ့တသြနဲ့…။
” ဒီ…ဒီက ဆရာကြီးက ကျုပ်ကို မြင်နိုင်တယ် ဟုတ်စ…”
” ဆရာကြီးတင် မဟုတ်ဘူး။ ကျုပ်တို့လည်း မြင်ပါတယ်ဗျ…”
နှုတ်သွက်လျှာသွက်နဲ့ ဒိုးငယ်က ဝင်ပြောတယ်။
” ဒါ…ဒါဖြင့်ရင်တော့ ကျုပ်ကို ဘုရား၊ သိကြား မ’တာပဲဗျာ။ ဟို…ကျုပ် ကျုပ် ဒီနေရာမှာ ဒီလိုဘဝကြီးနဲ့ နေနေရတာ ဆယ်ရက်ရှိပြီ။
ကျုပ် ဒုက္ခရောက်နေတာပါဗျာ။ ဆရာကြီးတို့ ကျုပ်ကို ကယ်နိုင်ရင် ကယ်ပေးပါ။ ကျုပ် အနူးအညွတ်တောင်းပန်ပါတယ်။ ကျုပ်ကို ကယ်တင်ပေးပါဗျာ…အီး…ဟီး…ဟီး…”
သစ်ပင်အောက်က ဝိဉာဉ်က ကြေကြေကွဲကွဲနဲ့ ပြောပြီးငိုတော့ ဦးသိဒ္ဒိတို့ သုံးယောက်စလုံး ဂရုဏာသက်ကြရတယ်။
” ဟုတ်ပါပြီ ဒီက တူမောင်ကြီး မငိုပါနဲ့တော့။ ဆရာကြီးတို့က တူမောင်ကြီးကို ကူညီနိုင်မယ် ထင်ပါတယ်။ နောက်ကွယ်မှာ
ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုတော့ ဆရာကြီးတို့ကို တစ်ချက်ပြောပြပါ…”
” ဟုတ်…ဟုတ်ကဲ့ ဆရာကြီး၊ ကျေးဇူးတင်ပါတယ်ဗျာ။ ဒီလိုပါ…ကျုပ်နာမည်က ကိုဆုံ လို့ ခေါ်ပါတယ်။ နေတာကတော့ ချောင်းဦးကျေးရွာမှာပါ။ အခုဖြစ်ခဲ့တာက…”
ကိုဆုံဆိုတဲ့ ဝိဉာဉ်က သူ့အဖြစ်အပျက်တွေရဲ့ အလုံးစုံကို ပြန်ပြောပြလာတယ်။
အားလုံးကို နားထောင်ပြီးတော့ ဥိးသိဒ္ဒိက တစ်စုံတစ်ရာကို တွေးတောလိုက်ပြီး…။
” ကဝေရာဇာ…နာမ်ခွာပြီး ရောက်လာတယ်လို့ ပြောတယ်။ ဒါဖြင့်ရင်တော့ ဆရာကြီး အထင်အရဆို သာမန်ကဝေအဆင့်ထက်တော့ မကတဲ့သူပဲ။
ဒါနဲ့ အခုကော အဲ့ဒီ့သူက ဘယ်ရောက်သွားခဲ့သလဲ တူမောင်ကြီး သိရင် ပြောပြပါ…”
” သူက ကျုပ်ခန္ဓာကိုယ်ထဲဝင်ပြီး ကျုပ်အဖြစ်နဲ့ ကျုပ်မိန်းမ အေးလှကို ပေါင်းသင်းနေတာပါ။ သူ ကျုပ်ရဲ့ ရွာမှာပဲ ရှိနေပါတယ်။
အစကတော့ ကျုပ် အိမ်ကို ဝင်ပြီး အေးလှကို ပြောပြဖို့ အကြိမ်ကြိမ်ကြိုးစားမိတယ်။ နောက်တော့ အဲ့ဒီ့လူက ကျုပ်ကို အဝေးကို ရောက်အောင် ရိုက်လွှတ်တော့တာပဲ။
အဲ့ဒါနဲ့ ကျုပ်လည်း ခြေဦးတည့်ရာသွားရင်း ဒီနေရာကို ရောက်နေရတာပါ…”
” ကောင်းပြီလေ။ အခုကစပြီး တူမောင်ကြီး စိတ်မဆင်းရဲပါနဲ့တော့။ ဆရာကြီးတို့ တူမောင်ကြီးကို ရေဆုံးမိုးဆုံး ကူညီပေးမယ် ဟုတ်ပြီလား…”
ကိုဆုံဆိုတဲ့ ဝိဉာဉ် အလွန်ပဲ ဝမ်းသာသွားတယ်။
” ဒါပေမယ့် ဆရာကြီးမေးလိုတာရှိတယ်…”
” ဟုတ်ကဲ့ မေးပါ ဆရာကြီး။ ကျုပ် အားလုံး ဖြေပါ့မယ်…”
” တကယ်လို့ ဒီကိစ္စတွေ ဖြေရှင်းပြီးတဲ့အခါကျရင် တူမောင်ကြီးရဲ့ မိသားစုအတွက် ဘယ်လိုဆက်လုပ်မယ် စဉ်းစားထားလဲ၊ ပြိုကွဲမလား၊
ပေါင်းစည်းမလား။ ဒီစကားကို ဆရာကြီးက မေးတယ်ဆိုတာ ကိုယ်တွေရဲ့မ်းစဉ်နဲ့တော့ မအပ်စပ်ပါဘူး။ ဒါပေမယ့် တူမောင်ရဲ့ မိသားစုအတွက် တွေးပူမိလို့ မေးရတာပါ…”
” အို…ဆရာကြီးရယ်။ ကျုပ် မိသားစုကိုတော့ ဘယ်အပြိုကွဲခံပါ့မလဲ။ ကျုပ် ပေါင်းစည်းမှာပေါ့။ အခု ဟိုလူက ကျုပ် မိန်းမကို
ပေါင်းသင်းနေတယ်ဆိုတာကလည်း ကျုပ်ခန္ဓာကြီးနဲ့ ကျုပ်အဖြစ် ပေါင်းသင်းနေတာလေ။ ဒါကြောင့်မို့ ဘာကိုမှ တွေးပူမနေပါနဲ့တော့ ဆရာကြီးရာ။
ကျုပ် ခန္ဓာကို ကျုပ်ပြန်ရအောင်ပဲ ဆရာကြီးတို့ အနေနဲ့ အမြန်ဆုံး ကူညီပေးပါ။ ကျေးဇူးကို ကျုပ် ဒီတစ်သက် မမေ့ပါဘူး…”
” ဟုတ်ပြီလေ။ ဒါဖြင့်ရင်တော့ တူမောင်ကြီး ဒီနေရာကနေ ဘယ်ကိုမှ မသွားဘဲ စောင့်နေပါ။ သိပ်မကြာခင် ရက်ပိုင်းမှာ အကြောင်းတစ်စုံတစ်ရာ ထူးလာပါလိမ့်မယ်…”
ကိုဆုံက ခေါင်းညိတ်တယ်။
” တူမောင်ကြီးကို အန္တရာယ် အထွေထွေက စိတ်ချရအောင် ဒီက ဆိုင်ရာ ပုဂ္ဂိုလ်ဆီမှာ ဆရာကြိး အပ်ခဲ့ပေးမယ်။ ဒီနေရာ ဒီဋ္ဌာနေကို
အပိုင်စားတဲ့ ပုဂ္ဂိုလ်ကို ကျွန်ုပ် သိဒ္ဒိ ဖိတ်ခေါ်အပ်ပါတယ်။ မြန်မကြာဘဲ အမြန်ကြွရောက်ပေးပါ…”
ဥိးသိဒ္ဒိရဲ့ စကားသံအဆုံး ညောင်ပင်ထက်ဆီက ကိုယ်ရောင်ကိုယ်ဝါ ပြိုပြိုးပြက်ပြက်နဲ့ ပုဂ္ဂိုလ်တစ်ဦးဆင်းလာတယ်။
” အရှင်သိဒ္ဒိကို အရိုအသေပြုပါတယ်။ ကျွန်ုပ် ဒီညောင်ပင်ကို အပိုင်စိုးတဲ့ ရုက္ခစိုးပါ။ ကျွန်ုပ်ကို ဖိတ်ခေါ်ရတဲ့ အကြောင်းရင်းကို ပြောပါ…”
ဦးသိဒ္ဒိက ညောင်ပင်ပေါ်က ဆင်းလာတဲ့ ရုက္ခစိုးမင်းကို ကြည့်လိုက်ပြီး…။
” အသင် ရုက္ခစိုးမင်းဆီမှာ ကျွန်ုပ် သိဒ္ဒိ အကူအညီတောင်းခံချင်လို့ပါ…”
” ပြောပါ အရှင်သိဒ္ဒိ…”
” ဟော့ဒီက ဝိဉာဉ်ကို အသင့်ဆီမှာ ကျွန်ုပ်တို့ ခေတ္တခဏ အပ်နှံထားခဲ့ချင်လို့ပါ…”
” အို…ရပါတယ် အရှင်သိဒ္ဒိ။ ကျွန်ုပ် သူ့ကို စောင့်ကြည့် ကူညီပေးထားပါ့မယ်…”
” ကောင်းပါပြီ၊ ဒါဖြင့်ရင် ကျွန်ုပ်တို့ကို သွားခွင့်ပြုပါဦး…”
” ကောင်းပါပြီ အရှင်သိဒ္ဒိ…”
ရုက္ခစိုးမင်းရဲ့ ပုံရိပ်က ဖျတ်ခနဲ ပျောက်ရှသွားခဲ့တယ်။
အဲ့ဒီ့နောက်မှာတော့ ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ဟာ ကိုဆုံရဲ့ ရွာဆီကို သွားရမယ့် လမ်းကိုမေးမြန်းပြီး ထွက်ခဲ့ကြပါတော့တယ်။
+++++++++
ညက မှောင်မိုက်တိတ်ဆိတ်လွန်းနေတယ်။
မအေးလှတစ်ယောက် တစ်ရေးနိုးချိန် ခင်ပွန်းဖြစ်သူက နံဘေးမှာ ရှိမနေဘူး။
” အပေါ့အပါးများ ထသွားနေတာထင်တယ်…”
မအေးလှ အလွယ်တကူပဲ တွေးပြီး ပြန်အိပ်စက်ဖို့ ကြိုးစားလိုက်တယ်။
” အူး…ဝူး…ဝူး…”
ခြံဝိုင်းရဲ့ အရှေ့ဆီက ခွေးအူသံ တချို့ကြောင့် မအေးလှ ထိတ်လန့်သွားမိတယ်။ ခွေးအူသံတွေက တိတ်မသွား အဆက်မပြတ် ထပ်ပြီး ထွက်ပေါ်လာနေတယ်။
ခင်ပွန်းဖြစ်သူကလည်း အခုအချိန်ထိ ပြန်မလာသေးဘူးဆိုတော့ မအေးလှ ခွေးအူသံတွေကို နားထောင်ရင်း သို့လောသို့လောတွေးလို့
ကြက်သီးတွေ တဖြန်းဖြန်း ထနေမိတယ်။
” ကျွတ်…ကိုဆုံရယ် တော် ဘယ်ကိုများသွားနေပါလိမ့်…”
မအေးလှ တီးတိုးရေရွတ်မိလိုက်တယ်။
အချိန် အတော်ကြာထိ ဆက်စောင့်နေပေမယ့် ကိုဆုံကတော့ ပေါ်မလာခဲ့ဘူး။
” မကြာခင်မှာ ငါ့ဆီကို ဆရာလိုလို၊ ဂိုဏ်းလိုလိုနဲ့ လူတချို့ ရောက်လာလိမ့်မယ်။ အဲ့ဒီလူတွေကို ရွာထဲ မဝင်နိုင်အောင် မင်းတို့ တားမြစ်ကြ၊ လိုအပ်ရင် အသက်ပါ နုတ်ပစ်လိုက်…”
အိမ်ရဲ့ အနောက်ဘက်ဆီက မအေးလှ နားနဲ့ဆတ်ဆတ်ကြားလိုက်ရတဲ့ အသံ။ စကားသံက ရက်စက်ကြမ်းတမ်းမှုအပြည့်နဲ့ဆိုတော့ ခင်ပွန်းသည်များ
အန္တရာယ်ဖြစ်ရော့သလားဆိုပြီး မအေးလှ စိတ်ပူသွားရတယ်။
မအေးလှ ခြေကိုဖွပြီး အိမ်အနောက်ဘက် ထရံပေါက်ကနေ ချောင်းကြည့်လိုက်တော့…။
” အမလေး…”
မအေးလှ ပါးစပ်အဟောင်းသားဖြစ်သွားရတယ်။
သူမြင်ရတာက အလင်းဖြာနေတဲ့ လရောင်အောက်မှာ ကိုဆုံတစ်ယောက် ခါးစောင်းလောက်မြင့်တဲ့ လေပေါ်မှာ ရပ်နေပြီး သူ့ပတ်ဝန်းကျင်မှာလည်း
အရိပ်မည်းမည်းတချို့က ယိမ်းထိုးယှက်ငင်နေတယ်။
အော်သံကို ကိုဆုံက ကြားမိတယ်ထင်ရဲ့ ချက်ချင်းပဲ လူလှည့်မလာဘဲ ခေါင်းကြီးလည်လို့ လှည့်ကြည့်လာတယ်။
မြင်ကွင်းက ထိတ်လန့်စရာကောင်းလွန်းလှတာမို့ မအေးလှ သူ့ပါးစပ်သူ လက်နဲ့ အုပ်မိရင်း ဘာဆက်လုပ်ရမယ်မသိဘူး။
” သွား…မင်းတို့ သွားကြတော့၊ ကိုယ့်တာဝန်ကိုယ် ကျေကြပါစေ…”
အရိပ်မည်းတွေ ထွက်ခွာသွားကြတယ်။
ကိုဆုံလည်း တဖြေးဖြေး မြေပေါ်ကို ပြန်ကျလာခဲ့တယ်။
မအေးလှလည်း အလျင်အမြန်ပဲ အိပ်ရာထဲကို ပြန်ပြေးရင်း စောင်ခေါင်းမြီးခြုံလို့ ဘုရားစာတွေကိုပဲ ကျိတ်ရွတ်နေမိတော့တာ။
ခဏကြာတော့ ကိုဆုံတစ်ယောက် အိမ်ပေါ်ကို တက်လာခဲ့ပါတယ်။
မအေးလှ အိပ်ချင်ယောင်ဆောင်ပြီးနေလိုက်တဲ့အချိန် ရုတ်တရက် ကိုဆုံရဲ့ လက်တစ်ဖက်က သူမရဲ့ နဖူးကို လာပြီး ထိကိုင်တာကို ခံလိုက်ရတယ်။
ချက်ချင်းဆိုသလိုပဲ မအေးလှတစ်ယောက် မျက်လုံးဖွင့်လျက်နဲ့ တောင့်တောင့်ကြီးဖြစ်သွားပြီး မျက်လုံးဆီက အရောင်တချို့ လက်ထလာခဲ့တယ်။
ပြီးတော့ မျက်ဝန်းများကို မှိတ်လို့ အိပ်ပျော်သွားခဲ့တော့တာ။
အဲ့ဒီ့နောက်မှာတော့ ကိုဆုံလည်း ကျေနပ်သွားဟန်နဲ့ မအေးလှကို ပြုံးပြုံးကြီးတစ်ချက်စိုက်ကြည့်ပြီး နံဘေးဆီမှာ လှဲအိပ်လိုက်လေတော့တယ်။
+++++++++
နောက်တစ်နေ့ ညနေ နေဝင်ရီတရောအချိန်…။
ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို ချောင်းဆုံရွာထိပ်ဆီကို ရောက်လာခဲ့ကြတယ်။
” ဟို ဝိဉာဉ်ပြောတာ ဒီရွာပဲ ဖြစ်မယ်…ဘဘ…”
” ဟုတ်တယ် လူလေး ဒီရွာပဲ…”
” ဒါဖြင့် သွားကြမယ်လေ ဘဘ…”
ဒိုးလေးက ပြောပြီးတော့ အရှေ့ကနေ လှမ်းသွားဖို့ ပြင်လိုက်တယ်။
အဲ့ဒီအခိုက်မှာပဲ ဦးသိဒ္ဒိဆီကို မမြင်ရတဲ့ လှိုင်းတစ်ခုက ရိုက်ခတ်လာခဲ့တယ်။
” လူလေးတို့ ခဏနေဦး…”
ဦးသိဒ္ဒိက ဒိုးညီနောင်ကို လှမ်းတားလိုက်တယ်။
ဒိုးညီနောင်တို့လည်း တစ်ခုခုတော့ ထူးပြီဆိုတာ သိလိုက်တာမို့ ခြေလှမ်းတွေကို ရပ်လိုက်ကြတယ်။
အဲ့ဒီအခိုက်မှာပဲ ရွာဘက်ဆီကနေ သူတို့ရှိရာဆီကို မာန်ဖီပြီး ပြေးလာနေတဲ့ ခွေးနက်သုံးကောင်။
” ရှေ့ပြေးကောင်တွေပဲ၊ အင်း…မင်းဘက်ကစပြီး တိုက်ခိုက်လာတယ်ဆိုရင်လည်း မင်းကောင်တွေကို သရုပ်အမှန်တော့ ပြခိုင်းသင့်တာပေါ့…”
ဦးသိဒ္ဒိက ပြောလိုက်တယ်။
ချက်ချင်းဆိုသလိုပဲ ပြေးလာတဲ့ ခွေးသုံးကောင်က ရုတ်ခြည်း ကြောက်မက်ဖွယ်ရာအဆင်းနဲ့ တစ္ဆေကောင်တွေအဖြစ် ပြောင်းလဲသွားလေရဲ့။
ဒါပေမယ့် ဦးသိဒ္ဒိက မန္တာန်တစ်ပုဒ်ကို ရွတ်လို့ လက်ကို ဝှေ့ရမ်းလိုက်ချိန်မှာတော့ ပြေးလာနေတဲ့ တစ္ဆေကောင်တွေရဲ့ ပုံရိပ်က ချက်ချင်းပဲ လွင့်ပြယ်ပျောက်ကွယ်သွားခဲ့တယ်။
” ရွာစောင့်နတ်ကို ချုပ်နှောင်ပြီးတော့ သူ့ရဲ့ ကဝေစက်တွေနဲ့ ရွာကို လွှမ်းထားတာပဲ။ ဒါတွေကို ဖျက်ဆီးပြီး ကဝေကောင်ကို အပြင်ခေါ်ထုတ်မှဖြစ်မယ်…”
ရွာတခွင်ကို မည်းငွေ့ငွေ့ အရိပ်တို့ လွှမ်းထားတယ်။
ဦးသိဒ္ဒိက လွယ်အိတ်ထဲက မဟော်ဂနီသားနဲ့ ထုလုပ်ထားတဲ့ အရုပ်ဆိုးဆိုးနဲ့ အရုပ်ကလေးတစ်ခုကို ထုတ်ယူပြီးတော့ မန္တာန်ရွတ် အသက်သွင်းလိုက်တယ်။
ပြီးတော့ လက်ဖဝါးပေါ်တင်လိုက်ပြီး ရွာဆီကို စေလိုက်တယ်။
အရုပ်ကလေးက ဦးသိဒ္ဒိရဲ့ လက်ဖဝါးပေါ်ကနေ ရိပ်ခနဲ ပျောက်သွားတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ အရုပ်ကလေးက ဦးသိဒ္ဒိဆီကို ပြန်ရောက်လာခဲ့ပြီး
ရွာဘက်ဆီက ကျယ်လောင်လွန်းတဲ့ ရယ်မောသံနဲ့အတူ လင်မယားနှစ်ယောက် ထွက်လာတာကို မြင်လိုက်ရတယ်။
“အခြေအနေကတော့ ပြောင်းလဲသွားပြီ လူလေးတို့ရေ။ ကိုဆုံ့ကိုယ်ထဲက ဝိဉာဉ်ကဝေကောင်က စက်ဖြတ်ကဝေရုပ်ကိုတောင် တွန်းလှန်နိုင်တယ်။ ပြီးတော့
မအေးလှဆီကိုလည်း သူ့ရဲ့ ပညာဗူးတချို့ ဆင့်ကမ်းလိုက်ပြီပဲ။ လူလေးတို့ ဘဘကို ကူပေးမှရတော့မယ်…”
” ဟုတ်ကဲ့ ဘဘ…”
” ဟုတ်ပြီ။ ဘဘက အချက်ပြတာနဲ့ လူလေးတို့ အနားကနေ မသိမသာ ဖယ်ခွာပြီး ရှောင်နေလိုက်ကြ၊ ပြီးရင် သူတို့နဲ့ ဘဘ တိုက်နေတဲ့အချိန်
နံဘေးကနေ ဖြန့်ခွဲတက်ပြီး အင်းချပ်နဲ့ ပစ်လိုက်ပါ…”
ဒိုးညီနောင်တို့ ချက်ချင်းဖယ်ခွာလိုက်ကြတယ်။ ပြီးတော့ မသိမသာနဲ့ တစ်ဖက်တစ်ချက်ဆီကို ဖြန့်ခွဲသွားကြတယ်။
” ဪ…ရွာအပြင်ကနေ ငါ့ကို စိန်ခေါ်နေတယ်ဆိုတော့ ငယ်ငယ်ရွယ်ရွယ် မနူးမနပ်ဆရာကောင်လို့ ထင်ထားခဲ့တာ။ အခုကျတော့
သေကာနီးပြုတ်မနူးကြီးဖြစ်နေပါပေါ့လား…အဟတ်ဟတ်…ဟား…ဟား…”
ကဝေကောင်က ဥိးသိဒ္ဒိကို နှုတ်ကြမ်းကြမ်း စကားကြမ်းကြမ်းနဲ့ ပြောလာတယ်။
” ဟုတ်ပါပြီ…ကျုပ်က ပြုတ်မနူး သေကောနီးပါ။ ဒါပေမယ့် ကျုပ်လို အိုမင်းမစွမ်းက ခင်ဗျားကိုတော့ နှိမ်နင်းနိုင်ဦးမယ်လို့ ထင်ပါသေးတယ်…”
” ဘာကွ…မင်းကများ ရာရာစစ။ ငါလို အဆင့်မပြောနဲ့ ငါ့ရဲ့ မယားကိုပဲ မင်းအနေနဲ့ နိုင်အောင် တိုက်ကြည့်စမ်းပါဦး…”
တစ်ဖက်က ကဝေကောင်က ပြောလိုက်ပြီးတာနဲ့ နံဘေးဆီက အေးလှက ထဘီခြုံလိုက်တယ်။
ရုတ်တရက် ဠင်းတကြီးတစ်ကောင်ဖြစ်သွားပြီး အပေါ်ဆီ ပျံတက်လို့ ဦးသိဒ္ဒိရဲ့ ခေါင်းပေါ်မှာ ဝဲပြီး စက်တွေနဲ့ ချုပ်နှောင်ဖို့ကြိုးစားတယ်။
ဒါကို ကြိုသိတဲ့ ဦးသိဒ္ဒိက ယာလက်ကို ပါးစပ်ဆီမှာ ကပ်ပြီး မန္တာန်အုပ်လို့ ပျံဝဲနေတဲ့ ဠင်းတကြီးကို လှမ်းရိုက်ချလိုက်တယ်။
ချက်ချင်းဆိုသလိုပဲ ဠင်းတကြီးက မြေဆီကို ထိုးကျပြီး အေးလှအသွင်ပြန်ပြောင်းလို့ လူးလှိမ့်နေတော့တာ။
” တောက်…ငါ့အကြောင်း ပြရသေးတာပေါ့…”
မရှုမလှဖြစ်သွားတဲ့ အေးလှအဖြစ်ကို ကြည့်ပြီး ကဝေကောင်က ဒေါသတကြီး ကြိမ်းမောင်းလို့ ဦးသိဒ္ဒိဆီကို ကဝေစက်တချို့ လွှတ်လာတယ်။
ဦးသိဒ္ဒိက အခုနကလိုပဲ မန္တာန်အုပ်ထားတဲ့ လက်နဲ့ ကဝေစက်တွေကို ရိုက်ဖယ်တော့ နံဘေးဆီကို စင်ပြီး တဝုန်းဝုန်းအသံတွေ ထွက်ပေါ်လာတယ်။
ဦးသိဒ္ဒိက မန္တာန်တစ်ပုဒ်ကို ထပ်ရွတ်ပြီး ကဝေကောင်ကို လှမ်းရိုက်လိုက်ပြန်တယ်။
ဝုန်းဆိုတဲ့အသံနဲ့အတူ ကဝေကောင်ဟာ အနေုာက်ဆီကို လွင့်စင်သွားလေရဲ့။
” မင်းကို ငါမနိုင်ဘူး…”
ကဝေကောင်က ဒယီးဒယိုင်နဲ့ ထရပ်လာပြီး ပြောလာတယ်။ ပြီးတော့ ချက်ချင်းပဲ ကောင်းကင်ကို လက်ညှိုးညွှန်လိုက်တယ်။
” လူလေးတို့ သူထွက်ပြေးတော့မယ်။ စိတ်ညွှတ်ပြီး သူ့ကို အာရုံစူးစိုက်ထား။ မောင်ဆုံရဲ့ ကိုယ်ထဲက သူထွက်လာတာနဲ့ လူလေးတို့ဆီက အင်းနဲ့ သူ့ကို ပစ်ကြချေ…”
ဦးသိဒ္ဒိစကားတောင် မဆုံးသေးဘူး။ ကိုဆုံရဲ့ ကိုထဲက ကဝေကောင်ရဲ့ ပုံရိပ်က ခွာထွက်လာတယ်။
ဒါကို မြင်လိုက်တာနဲ့ ဒိုးညီနောင်တို့ နံဘေးတစ်ဖက်တစ်ချက်ဆီက ပြိုင်တူပဲ အင်းနဲ့ ပစ်ခတ်လိုက်တော့တယ်။
” ဝေါ…ဝေါ…ဝုန်း…”
တော်လှဲသံကြီးနဲ့အတူ ကဝေကောင်ဆီကို ထိမှန်သံက ထွက်ပေါ်လာခဲ့ပြီး အပေါ်မှာတင် မီးတောက်တစ်ခုဖြစ်ပေါ်လာတယ်။
” သူ့လမ်းသူမြန်းပြီး ဇီဝိန်ချုပ်သွားပြီ။ ကျန်တာကိုတော့ ဆက်ရှင်းရဦးမယ်…”
ဦးသိဒ္ဒိက ပြောပြီးတာနဲ့ မြေဆီမှာ လူးလှိမ့်နေတဲ့ မအေးလှဆီကို လှမ်းသွားတယ်။ ပြီးတော့ ဦးခေါင်းအပေါ်ကနေ လက်နဲ့ မထိအောင် အုပ်ကိုင်ပြီး မန္တာန်ရွတ်လိုက်တယ်။
မည်းမည်းအခိုးအငွေ့တွေ မအေးလှကိုယ်ဆီက ထွက်ပေါ်လာလေရဲ့။
ပြီးတဲ့နောက်မှာတော့ မအေးလှဟာ မြေဆီမှာ ပြန်လည်ပြီး ပျော့ခွေလဲကျသွားလေတော့တယ်။
” ဘဘ…သူက ပုံမှန်အတိုင်း ကောင်းသွားပြီလား…”
ဒိုးညီနောင်တို့ အနားဆီကို ရောက်လာကြတယ်။
” အင်း…ကောင်းသွားပြီ။ ဒါပေမယ့် ဘဘတို့ ဆက်ပြီးလုပ်စရာရှိသေးတယ်…”
” ဘာများလဲ ဘဘ…”
” အရင်ဆုံးတော့ မောင်ဆုံရဲ့ ဝိဉာဉ်ကို သူ့ခန္ဓာဆီ ပြန်သွင်းပေးရမယ်။ ပြီးရင်တော့ ကျန်ရှိနေသေးတဲ့ ကဝေကောင်ရဲ့ ခန္ဓာကိုယ် ရုပ်ကြွင်းကို ရှာရလိမ့်မယ်…”
” ဟင်…ဘာကြောင့်များလဲ။ သူက သေသွားပြိမဟုတ်လား ဘဘ…”
” မှန်တယ် လူလေးတို့ရဲ့။ ကဝေကောင်က သေသွားပြီဆိုပေမယ့် ကဝေတချို့ဟာနာမ်နဲ့ ခန္ဓာနှစ်ခုစလုံး သေသွားခဲ့ရင် ကိစ္စမရှိပေမယ့် အခုက
နာမ်ပဲသေသွားတာဆိုတော့ သူ့ခန္ဓာက သေးငယ်သွားပြီး ကဝေရုပ်ကြွင်းအဖြစ် ကျန်ရှိနေလိမ့်ဦးမယ်။ ဒါကို ဘာနဲ့တူလဲဆိုတော့ ဇော်ဂျီဖိုလ်ဝင်လိုပဲ၊
မအပ်စပ်သူလက်ကို ရောက်သွားရင် မကောင်းတာတွေ ဖြစ်လာတတ်တယ်…”
” ဪ…”


ဒိုးညီနောင်တို့ နှုတ်ဆိတ်သွားကြတယ်။
” ကဲ…ကဲ…လူလေးတို့ ကဝေကောင်သေပြီဆိုတော့ အခုနက အိပ်မွေ့ချခံထားရတဲ့ ရွာထဲက လူတွေလည်း ပြန်နိုးလောက်ပြီ။
သူတို့ကို သွားခေါ်ပြီး ဒီက မောင်ဆုံတို့ လင်မယားကို ပြန်သယ်ခိုင်းရအောင် လူလေးတို့ သွားခေါ်ချေကြစမ်း…”
” ဟုတ်ကဲ့ ဘဘ…”
ဒိုးညီနောင်တို့ ရွာဘက်ကို ထွက်သွားကြတယ်။
အဲ့ဒီ့အချိန်မှာပဲ ဦးသိဒ္ဒိက လဲကျနေတဲ့ ကိုဆုံရဲ့ ဦးခေါင်းကို ထိကိုင်လို့ မန္တာန်တစ်ပုဒ်ကို တီးတိုးရွတ်လိုက်တယ်။
ခဏအတွင်းမှာပဲ အဝေးဆီကနေ လှမ်းလာနေတဲ့ ညောင်ပင်စောင့်ရုက္ခစိုးနဲ့ ကိုဆုံတို့ကို ဦးသိဒ္ဒိတွေ့မြင်လိုက်ရလေရဲ့။
အဲ့ဒီနေုာက်မှာတော့ ကိုဆုံရဲ့ဝိဉာဉ်ဟာ ဦးသိဒ္ဒိရဲ့ ကူညီမှုနဲ့ ခန္ဓာကိုယ်ဆီကို ပြန်လည်ဝင်ရောက်သွားခဲ့တော့တာ။
+++++++++
နောက်တစ်နေ့ မနက်။
” အား…ကျွတ်…ကျွတ်…”
ကိုဆုံတစ်ယောက် ဦးခေါင်းတစ်ခုလုံး လေးလံကိုက်ခဲရင်းနဲ့ သတိရ နိုးထလာရတယ်။
” ကို…ကိုဆုံ သတိရလာပြီ…”
အသံနဲ့အတူ မျက်စိဖွင့်ဖွင့်ချင်း ကိုဆုံမြင်လိုက်ရတာက နံဘေးမှာ ပြုံးပြီး သူ့ကို ကြည့်နေတဲ့ ဇနီးသည် အေးလှရဲ့ မျက်နှာ။
” အေး…အေးလှ ငါ ငါ မသေဘူးနော်…”
ကိုဆုံ့စကားကြောင့် အေးလှ ထိတ်ပြာသွားရတယ်။
” အိုတော်…မဦးမချွတ် ဘာအတွက်ကြောင့်များ တော်က သေရမှာလဲ။ အမလေးနော်…ရွာအပြင်မှာ လှည်းမှောက်လို့ နှစ်ယောက်စလုံး
သတိလစ်သွားတာလေးပဲဟာကို သေစရာလားတော့…”
” ဟေ…လှည်းမှောက်တာ ဟုတ်လား”
ကိုဆုံ တအံ့တသြနဲ့ မေးမိတယ်။
” ဟုတ်တယ်လေ ကျုပ်တို့ တလင်းထဲက အပြန် ရွာအဝင်မှာ လှည်းမှောက်တာ။ တော်က နွားပိပြီး သတိလစ်နေတာ၊ ကျုပ်ကတော့
လယ်ခင်းထဲ စင်ကျပြီး သတိလစ်သွားတာ။ ရွာကလူတွေ ရောက်လာတာမြန်လို့ တော်ကော ကျုပ်ကော ဘာမှ မဖြစ်ဘူး…”
ကိုဆုံ ပြန်စဉ်းစားကြည့်လိုက်တယ်။ အေးလှပြောတာတွေကို သူဘာတစ်ခုမှ ပြန်စဉ်းစားမရခဲ့ဘူး။
တကယ်တော့ ဒီအဖြစ်အပျက်မှာ ဦးသိဒ္ဒိက ကိုဆုံ ဝိဉာဉ်အဖြစ်နဲ့တုန်းက ပေးခဲ့တဲ့ ကတိကြောင့် တမ္ပဒီပမြို့ဟောင်းမှာတုန်းကလို
ဝေါဿဇ္ဇမည်တဲ့ ကိုးတန်သစ္စာ မန္တာန်ကို ရွတ်လို့ အရာအားလုံးကို မေ့ပျောက်စေခဲ့တာ။
ဒါကြောင့် အဖြစ်အပျက်တွေနဲ့ ပက်သက်ပြီး တစ်ရွာလုံးကကော ကိုဆုံတို့လင်မယားကော ဘာတစ်ခုမှကို မမှတ်မိကြဘူး။
ဒါကလည်း ကောင်းစေချင်တဲ့ စိတ်ကြောင့်ဆိုတာ သိသာ ထင်ရှားလွန်းပါတယ်။
အဲ့ဒီ့အချိန်မှာ ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ကတော့ သွားနေရတဲ့ ခရီးလမ်းကနေ ဖယ်ခွာပြီး ကဝေရုပ်ကြွင်းကိုရှာဖွေဖို့ ရိုးမတောထဲဆီကို ခရီးဆက်နေခဲ့ကြပါပြီ။
ဒီလိုခရီးဆက်နေရင်းနဲ့ ကဝေရုပ်ကြွင်းကို လိုချင်ကြတဲ့ အခြားသော ပညာသည်များနဲ့ ဦးသိဒ္ဒိတို့ ရင်ဆိုင်ခဲ့ကြရပါတယ်။

ပြီးပါပြီ။

နောင်ရိုး(ဆေးတပ်)

Leave a Comment