အင်ကု မှင်စာ အပိုင်း(၁၀)

အင်ကု မှင်စာ အပိုင်း(၁၀)
ရေးသားသူ— ပီပီ(မန္တလေး)
+++++++++++

အခန်း ၂၀။

နောက်တနေ့ မိုးလင်းတော့ နာရေးအိမ်မှာ အုတ်အော်သောင်းနင်း ဖြစ်ပါလေရော။
ဦးစံလွင် ဆုံးပြီး နောက်တရက်မှာ အေးအေးချို တယောက် ပျောက်ချင်းမလှ ပျောက်သွား၏။
သူမ အခန်းထဲမှာ သရေပင်ဖြင့် စည်းထားတဲ့ ဆံစုတခုသာ တွေ့ကြရသည်ဟု ဆို၏။ ဒါ့အပြင် အေးအေးချို နေသွားသည့်အခန်းမှာ လူသေကောင်ပုပ် ရှိသည့်အလား အပုပ်နံ့ကြီးက ပြင်းစွာ နံဟောင်နေသည်ဟုလည်း ဆိုကြ၏။
အနံ့ပျောက်စေရန် ထိုအခန်းကို ရေဆေးချရ၏။ တရော် ကင်ပွန်း နံ့သာအမွှေးရည်တို့ဖြင့် ပက်ဖျန်းရ၏။ ထိုမှသာ အနံ့ဆိုးကြီးက သက်သာရာ ရသွားသည်။
အမှုစစ်ဆေးသူ ရဲတပ်ဖွဲ့က ဦးစံလွင်သည် မိမိကိုယ်ကို မိမိ သတ်သေသွားသည်ဟု ကောက်ချက်ချကာ အမှုပိတ်သိမ်းပေးလိုက်သည်။
ဦးစံလွင် သေပြီး နေ့မကူးပဲ အသုဘချသည်။ ထို့နေ့ ညနေ၌ပဲ ဦးစံလွင်၏ နှမ မစန်းစန်းအေးသည် သူမ၏ နေရပ်ဇာတိ ဖြစ်သော ကျောက်မြောင်းသို့ ပြန်သွားလေ၏။
အခင်းဖြစ်မည့် ညဦးက ဦးစံလွင်နှင့်အတူ မစန်းစန်းအေး စကားပြောနေကြသည်ကို နာရေး ညစောင့်လာ ကာလသားများက မြင်တွေ့ခဲ့ကြသည်။
ဒေါ်စန်းစန်းအေးက ရဲထံ အစစ်ခံရာ၌ —
” အစ်ကိုက ကျမကို ဘာပြောလဲ ဆိုတော့ —
‘ ငါ သိတယ် ငါ့နှမ –
ငါ့မိန်းမ မြစိန်လည်း အသတ်ခံရတာ — ငါ့သား စိန်သောင်းလဲ အသတ်ခံရတာပဲ’ တဲ့ ။ အဲ့ဒါနဲ့ ကျမက ဘယ်သူက သတ်တာလဲ မေးတော့ မဖြေဘူးရှင့်။ မျက်လုံးပြူးကြီးနဲ့ အေးအေးချိုကို ကြည့်လိုက်
ကျမကိုကြည့်လိုက် သူ့သားအငယ်ကောင် မြသောင်းကို ကြည့်လိုက် လုပ်နေတာ။
နောက်တော့ သက်ပြင်းချလိုက်ပြီး …
‘ဒီတခါ ငါ့အလှည့်များလား’လို့ အေးအေးချိုကို သေသေချာချာ စူးစိုက်ကြည့်ပြီး မေးတယ်။ အဲ့ဒီမှာ အေးအေးချိုက ‘ မပြောစကောင်း ဦးကြီးရာ ၊ ဦးကြီးက ဘာအပြစ်လုပ်ထားလို့လဲ ။ အပြစ်လုပ်ထားရင်လဲ ဝန်ခံလိုက်ပေါ့ ။ ဘယ်သူက လာသတ်ရဲမှာလဲ ။ အိမ်ထဲမှာ နာရေး လာစောင့်တဲ့ ရွာသားတွေအများကြီး ရှိတာပဲဟာ ။ ကြောက်မနေစမ်းပါနဲ့’ လို့ ပြောလိုက်မှ အစ်ကိုစံလွင်က သက်ပြင်းချပြီး ငြိမ်သွားတယ် ။ အဲ့ဒီနောက်တော့ မြသောင်းက အပြင်ထွက်သွားတယ်။ ဖဲဝိုင်းဘက် ထင်တာပဲ၊ နောက်တနာရီလောက်ကြာတော့ ကျမတို့ စကားဝိုင်းဘက်ကို မြသောင်း ပြန်လာတယ်။ ခုနကလို မဟုတ်တော့ဘူး။ မျက်လုံးတွေက ဟိုကြည့်ဒီကြည့်၊ လုံးဝ ဂဏှာမငြိမ်ဘူး ။ လက်ထဲမှာလည်း ကိုင်းခုတ်ဓါးကြီးကိုင်လို့ —
ရောက် လာလာချင်း သူ့အဖေကို ‘ ခင်များကြီးကို သတ်မယ် ခင်များက ကျုပ်အဖေ မဟုတ်တော့ဘူး ။ သရဲကြီး’ ဆိုပြီး အော်ဟစ်တယ်။ ဓါးကိုလည်း သူ့အဖေဘက် ထိုးချိန်ပြီး ‘ဒီည ခင်များကို သတ်ပြီးရင် သရဲမ အေးချိုကို သတ်မယ်။ ပြီးမှ အမေ့ဝိဉာဉ်ကို ကယ်ရမယ်’လို့ တောင်ရောက်မြောက်ရောက် မူးကြောင်ကြောင်စကားတွေ ပြောတယ်။ အဲ့ဒီအချိန် ညဘက် နာရေး ကူစောင့်ပေးနေကြတဲ့ ဖိုးလှနဲ့ ကာလသားတွေ ရောက်လာပြီး မြသောင်းကို အတင်း ဝိုင်းချုပ်ကြတယ်။
နောက်တော့ ကာလသားခေါင်း ကံဆောင်ရောက်လာပြီး မြသောင်းကို သူကြီးအိမ်ခေါ်သွားကြတာပါပဲ —”
ဒါက ဦးစံလွင် သတ်သေမယ့် ညက အဖြစ်အပျက်ကို သူ့နှမ ဒေါ်စမ်းစမ်းအေးက ပြန်ပြောပြတာ။
ရဲကတော့ ထွက်ချက်တခုအနေနဲ့ ယူပြီး ၊ ဦးစံလွင်ဟာ စိတ်ကျရောဂါဝေဒနာ ခံစားနေရသူလို့ ထင်မှတ်သွားခဲ့၏။ မိန်းမနဲ့သားကြီးက ရှေ့နောက် ဆင့်သေ။ သားအငယ်က သူ့အသက်ကို ရန်မူတော့ ဦးစံလွင် လောကကြီးမှာ ဆက်မနေလိုတော့ဟု ထင်မှတ်ခဲ့ကြပုံပင်။
ထို့ကြောင့် နောက်ဆုံးတွင် ဦးစံလွင်သည် မိမိကိုယ်ကို သတ်သေသည်ဟု ဆုံးဖြတ်ချက် ချလိုက်ဟန်တူ၏။
အဲ့သလိုပဲ သူကြီးကလည်း မြသောင်းကို တညပဲ ချုပ်ပြီး ပြန်လွှတ်ပေးလိုက်ရ၏။မလွှတ်လို့မှ မဖြစ်ပဲ။ ဦးစံလွင်က ဆုံးပြီလေ။ မိသားစု၄ယောက်ရှိတဲ့အိမ်မှာ တယောက်ပြီး တယောက် ရှေ့ဆင့်နောက်ဆင့် ဆုံးသွားကြတာက ခုဆို ၃ယောက်ရှိနေပြီ။ အဲ့ဒီတော့ မြသောင်းက လူ့လောကမှာ တယောက်တည်း ခဲ့သော ကျန်ရစ်သူမိသားစုဝင်။ သူ့အဖေ သင်္ဂြိုလ်ချိန် သူပဲ ဦးဆောင်ရမှာမဟုတ်လား။
အံဩစရာကောင်းတာက မြသောင်း ကိုယ်ပေါ်က နတ်ဆိုးဟာ မနေ့ညကတည်းက မြသောင်းကိုယ်ပေါ်မှာ မရှိတော့ဘူးလို့ အင်ကုက ကံဆောင်အား ပြောပြသည်။ ဘယ်ရောက်သွားလဲဆိုတာ အင်ကုလည်း ရှာမတွေ့ဘူးတဲ့။
မြသောင်းကိုယ်ပေါ်က နတ်ဆိုးဟာ ရွာအုပ်ချုပ်ရေး အာဏာပိုင်ဖြစ်တဲ့ သူကြီးအိမ်မှာကတည်းက မရှိတော့တာဆိုတော့ တွေးစရာ ရှိလာ၏။
ဘယ်ရောက်သွားတာလဲ။
တခြားတယောက်ပေါ်များ ရောက်သွားသလား။
ဒါပေမဲ့ နတ်ဆိုး ကလဲ့စားချေချင်တဲ့ ကိစ္စကတော့ အထမြောက်သွားခဲ့လေပြီ။
သူသတ်ချင်နေတဲ့ ဦးစံလွင် သေပြီမဟုတ်လား။
နတ်ဆိုးဟာ သူ့ရန်သူကို လက်စားချေခွင့်ရရန် စုန်းမ မိညိုနဲ့များ အပေးအယူ လုပ်ခဲ့လေသလားဟု ကံဆောင် ဇဝေဇဝါ ဖြစ်နေမိသည်။
သူ့စိတ်ထဲ စုန်းမ မိညို ဖန်ဆင်းထားတဲ့ အေးအေးချိုက ခုလောလောဆယ်မှာ ဦးစံလွင်ကို သတ်စရာ အကြောင်းမှ မရှိတာလေ။
သူ ကြိုးဆွဲရာ ကနေရသည့် လူသားမဟုတ်လော။ အေးအေးချို အရင်ဦးဆုံး သတ်ချင်းသတ် ၊ မြသောင်းကိုသာ သတ်လိမ့်မည်ဟု ကံဆောင်ထင်မြင်မိသည်။
ဒီတော့ ကံဆောင်သည် သူ ဉာဏ်မမှီတဲ့ကိစ္စကို သူ့ဆရာသမားဖြစ်တဲ့ သုဘရာဇာကြီးဆီ သွားမေးဖို့ ဆုံးဖြတ်လိုက်၏။
” အင်ကုရေ ငါ ရွာကို တပတ်ပတ်ပြီး ဆိုင်ကယ်စီးမယ်။ မင်း မျက်စိရှင်ရှင်ထားပြီး နတ်ဆိုးကို ရှာပေးဦးနော် ” ဟု ပြောကာ ရွာထဲသို့ ဆိုင်ကယ်ဖြင့် တပတ်ပတ်ပြီးသော်လည်း၊ မထူးခြားသည့်အခါ အင်းကုန်း သုသာန်သို့ ဆက်မောင်းခဲ့လေ၏

+++++++++

အခန်း ၂၁။

ကံဆောင် ပြောပြတဲ့အထဲမှာ အေးအေးချို အခန်းထဲက ဆံစု တခုဆိုတာကို ဦးဘသာကြီးက စိတ်ဝင်စားသွား၏။
” အင်း စုန်းမ မိညိုရဲ့ ပညာက တကယ် အဆင့်မြင့်နေပြီပဲ ။ လူတယောက်က်ရဲ့ ပဉ္စငါးပါးထဲက တပါးကို ယူပြီး နာနာ ရုပ်အသက်သွင်းပညာ တတ်မြောက်ပြီဆိုကတည်းက မိညိုဟာ စုန်းအဆင့် မကတော့ဘူး။ ကဝေ လို့တောင် ခေါ်ထိုက်နေပြီ ကံဆောင်။
မိညိုက ရေထဲကျသေတဲ့ အေးအေးချိုရဲ့အလောင်းကနေ ဆံစ ဖြတ်ယူခဲ့လိမ့်မယ်။ အဲ့ဒီ ဆံစနဲ့သူ့ပညာ ပေါင်းစပ်ပြီး မူရင်းရုပ်ကို နောက်တကြိမ် မွေးဖွားပေးလိုက်တာကွ ။ ပရံနဝါ ချောင်းထဲကျသွားတဲ့ အေးအေးချိုအလောင်းက ကျောက်တုံးနဲ့ ဆောင့်မိပြီး ပျက်စီးနေပြီ မဟုတ်လား။ သူ သုံးလို့ရမယ့်ဟာ ဆံစပဲ ကျန်တာကိုး။
အေး … ငါတို့ အခုဆိုရင် တခုတော့ သတိထားရတော့မယ် ကံဆောင် ။
စုန်းမ မိညိုဟာ ငါတို့ကို အငြိုးအတေး ထားသွားပြီ။ သူ့ပိုင်နက်ထဲ နောက်ထပ် အေးအေးချိုလို သားကောင်တယောက်က် ထပ်ပြီး မရောက်ပါစေနဲ့လို့ ဆုတောင်းရလိမ့်မယ် ”
အကယ်၍ ရောက်သွားခဲ့ရင် အေးအေးချိုလိုပဲ သူက ပြုစားသတ်ဖြတ်ပြီး၊ ခန္ဓာ အငှါးမြှောင်လိမ့်အုံးမယ်ကွ ”
ဦးဘသာက ချင့်ချင့်ချိန်ချိန်နဲ့ တွေးဆ ပြောလိုက်ခြင်း ဖြစ်သည်။
ကံဆောင်က —
” ကျုပ်ပြောတာရော ၊ ဘယ်လို သဘောရလဲ ဦးဘသာ ၊ စုန်းမ မိညိုနဲ့ နတ်ဆိုးတို့ နှစ်ယောက်ဟာ၊ ဦးစံလွင် အသတ်ခံရတဲ့ ကိစ္စမှာ အပေးအယူ လုပ်သွားခဲ့သလားဆိုတာလေ .”
“ဖြစ်နိုင်တာပဲ ကံဆောင်ရ ၊ သူတို့နှစ်ယောက်စလုံးက ဒီရွာအပေါ် အငြိုးကြီးကြတဲ့ မိစ္ဆာဆိုးတွေပဲဟာ ၊ မင်း ပြောသလို အပေးအယူ တခုခု လုပ်သွားခဲ့လိမ့်မယ် ။
ငါ့စိတ်အထင်တော့ သူတို့ ပူးပေါင်းသွားတာ ဖြစ်နိုင်တယ် ။
နတ်ဆိုးက သူ့တန်ခိုးထွားအောင် ဦးစံလွင်ကို စတေးတာပဲ ဖြစ်မယ်။ စုန်းမ မိညိုကလည်း ဦးစံလွင်ကို လိုမှ မလိုတော့တာ၊ ဒါကြောင့် သူ့အကြောင်း သိနေတဲ့ ဦးစံလွင်ကို ထိုးကျွေးတာလဲ ဖြစ်ချင်ဖြစ်မပေါ့။
ခုလောလောဆယ်မှာတော့ စုန်းမ မိညိုက ရွာထဲ ဝင်လို့ ရအုံးမှာ မဟုတ်ဘူး။ ဒါကြောင့် ရွာထဲကို ဝင်ထွက်လို့ ရနေတဲ့ နတ်ဆိုးရဲ့ တန်ခိုးပါဝါ ထပ်မတိုးအောင် မင်းတို့ ငါတို့က အထူး ဂရုစိုက်ရလိမ့်မယ်။ ဆိုလိုတာကကွာ … နတ်ဆိုးကြောင့် နောက်ထပ် လူမသေစေနဲ့ ”
ဦးဘသာသည် တဲအတွင်း ဝင်သွား၏။ ခဏအကြာ လက်ထဲမှာ လွယ်အိတ်တလုံးကိုင်၍ ထွက်လာသည်။
ထိုလွယ်အိတ်ထဲမှ ဝါးဖြင့် ပြုလုပ်ထားသော ဓါးအိမ်နှင့် သံသေဓါး ပါ၏။ ထိုသံသေဓါးကို ယူ၍ ကံဆောင်အား လှမ်းပေးသည်။
” ရော့ ဒါကို ဆောင်ထား ကံဆောင် ၊ ဒီဓါးက သချၤိုင်းတကာ လှည့်ပြီး သုသာန်ဓုတင် ဆောက်တည်ခဲ့တဲ့ ငါ့အဖဆရာကြီးက ပေးသွားခဲ့တဲ့ သံသေဓါးပဲ။
ဒီဓါးနဲ့ ခုတ်ရင် ဘယ်လိုမိစ္ဆာမှ ဒဏ်မခံနိုင်ဘူး ။ အပိုင်းပိုင်း ပြတ်ကျတာပဲ ။ ဒီဓါးနဲ့ သူတို့ နှလုံးကို ထိုးမိရင် ပြာကျတယ်။ တကယ်စွမ်းတဲ့ သံသေဓါးကွ ။
အဓိက ကတော့ ၊ မင်းက မိစ္ဆာနဲ့ လူကို ခွဲမြင်နိုင်ရမယ်။ လူကို ထိုးမိခုတ်မိလို့ မဖြစ်ဘူး ။
ဒီဓါးက သွေးစွန်းရင် အစွမ်းသတ္တိ ပြယ်တတ်တယ်။ လူမှာ သွေးရှိတယ်။ မိစ္ဆာမှာ အသွေးဓာတ် အသားဓာတ် ရယ်လို့ မရှိဘူး။ အသက်ဓာတ်ပဲ ရှိတယ်။ သူ့အသက်က သူ့နှလုံးသားနေရာမှာ တည်တယ် ။ သူ့ကို အပြီးသတ်ချင်ရင် ချက်ကောင်းသာ အမိအရ ထိုး ဖို့ လိုတယ်။
မင်းက ဒါကို နောကြေအောင် သိထားဖို့ လိုတယ် ။
သံသေဓါး ကိုင်ဆောင်မယ့်ယ့်သူက နဝင်းဓာတ် ကျေဖို့ လိုအပ်တယ်။ အဲ့ဒီတော့ မင်း ဒီက ပြန်ရင် ရွာဦးက ကိုးကျောင်းဆရာတော်ဆီမှာ နဝင်္ဂသီလ ၊ ကိုးပါးသီလ ဝင်ယူခဲ့ ။
ဒီည ကိုးနာရီ မထိုးခင်မှာ ငါ့ဆီ အရောက်လာက်လာခဲ့ပါ။ ၉နာရီ ထိုးတာနဲ့ မင်း ငါ့ဆီက ပညာသင်ယူရမယ် ။ လောလောဆယ် ကိုးညတိုင်တိုင် သင်ကြားရလိမ့်မယ် ကံဆောင်။
ကိုးည ပြည့်ရင်တော့ မင်းနဲ့ အဲ့ဒီသံသေဓါး တထပ်တည်းကျပြီလို့ အောက်မေ့လိုက်တော့ ”
ကံဆောင် သံသေဓါးကို ဓါးအိမ်မှ အသာအယာ ချွတ်ကြည့်သည်။ ဓားသည် တပေခွဲခန့့်သာရှိမည်။ ဓါးအိမ်မှ မချွတ်ပဲ အမှတ်တမဲ့ ကြည့်လျင် ဝါးဆစ်တိုကလေးနဲ့တူ၏။
ချွတ်လိုက်ရင် အရောက်ာက်တလက်လက် ထနေသော ဓါးသွားကို မြင်ရ၏။ ဓါးပြားပေါ်တွင် ကံဆောင် နားမလည်သော အင်း ၊ စမ များ ရေးထိုးထား၏။
ဓါးလွတ်ကြည့် ကိုင်ရသည်မှာည်မှာ လက်ထဲတွင် စီးပိုင်နေပါ၏။အလွန်ကိုင်လို့ ကောင်းသည်။
ကံဆောင်သည် ရွာထဲက မြန်မာသိုင်းဆရာကြီး ဦးဆန်းဝင်းထံ ဓါးသိုင်း သင်ခဲ့ဖူးရာ ၊ ဓါးကို ကျင်လည်စွာ ကိုင်တွယ်တတ်လေ၏။
ကံဆောင်က ဓါးကို အိမ်ထဲ ပြန်သွင်း ထည့့်လိုက်ပြီး
” နေပါအုံး ဦးဘသာရ၊ ကျုပ်က ဒီသံသေဓါးကို ကိုင်ရပြီတော့ ဟုတ်ပါတယ်။ ကျုပ်က ခင်များလို မိစ္ဆာနတ်ဆိုးကိုမှ မမြင်နိုင်တာ ၊ ဘယ်လို ထိုးခုတ်ရမလဲ ”
” အေးလေ ခုလောလောဆယ် မင်း မိစ္ဆာနတ်ဆိုးကို မမြင်နိုင်ဘူးဆိုတာ ငါသိပါတယ်။
မင်း ငါ့ဆီမှာ ကိုးညတိတိ ပညာသင်ယူပြီးရင် အဲ့ဒီ မိစ္ဆာကို မြင်နိုင်သိနိုင်လိမ့်မယ် ကံဆောင် ”
” ဟင်! ဒါတိုရင် ဒီ ကိုးညအတွင်းမှာရော ၊ ကျုပ်က သူ့ကို ဘယ်လို တုန့်ပြန် ရမှာလဲ ။ သူ ပြုသ၍ ငြိမ်ခံရတော့မှာလားဗျ ၊ အဲ့သလိုတို မဟုတ်သေးပါဘူးဗျာ ”
” ဟကောင်ရ ၊ မင်းမှာ မင်းကို ကူညီစောင့်ရှောက်နေတဲ့ အင်ကု မှင်စာ ရှိတယ်လေ ၊ မင်း မမြင်နိုင်ပေမဲ့ အင်ကုက မိစ္ဆာနတ်ဆိုးကို မြင်နိုင်တယ်ကွ ၊ အင်ကု အကူအညီနဲ့ မိစ္ဆာကို တိုက်ခိုက်ရမှာပေါ့ ”
ထိုအခါမှ ကံဆောင့် မျက်နှာပြုံးလာပြီး
” အင်း ဟုတ်သားပဲ ၊ ကျုပ် အင်ကုက ကျုပ်ကို ကူညီမှာပါ ”
ကံဆောင် မူလ အေးအေးချို၏ အလောင်းကောင်ကို အင်ကုအား အရှာှာခိုင်းလိုက်စဉ်က အင်ကုသည် ပရံနဝါ ချောင်းရိုးအတိုင်း လိုက်ရှာခဲ့သည်။
ထိုစဉ်က အင်ကုသည် စုန်းမ မိညို မွေးထားသော သရဲကောင်များ ရန်မှ လွတ်အောင် မနည်းပင် ပြေးခဲ့ရသေး၏။
မိညို မွေးထားော သရဲသဘက်များမှာ ဤလောက၌ မည်မျှ ကြာမြင့်အောင် ကျင်လည် နေကြသည်မသိ။ အချို့ အကောင်ကြီးများသည် နတ်သူငယ် မှင်စာ အင်ကုအား ကြောက်ရွံခြင်း မရှိကြချေ။
နောက်တခုက အင်ကုသည် ယခုထိ ကံဆောင် တယောက်က်တည်းက ယုံကြည်သူ ရှိသေးသည်က တကြောင်း၊ တန်ခိုးပါဝါ တက်စေမည့့် ယဇ်ပူဇော်မှုက တကြိမ်သာ အပူဇော်ခံရသေးသည်ကတကြောင်း ၊ ထိုထိုသော အကြောင်းရင်းခံတို့ကြောင့် ခမျာမှာ တန်ခိုး စွမ်းအင် နည်းပါးနေသေး၏။
ထို့ကြောင့် အင်ကုသည် နတ်သူငယ်အမည်ခံ မှင်စာဖြစ်သော်လည်း အဆင့်နိမ့်သော သရဲသဘက်များကို အနိုင်မယူနိုင်သေးခြင်း ဖြစ်သည်။

+++++++++

အခန်း၂၂။

သူကြီးအမိန့်နဲ့ နတ်ရုပ်တုကို ရေထဲကန်ချခဲ့သော ပေါက်ကြီးအိမ်သို့ ကံဆောင် ရောက်နေပါ၏။
ပေါက်ကြီး၏ ညာခြေထောက်မှာ ဆင်ခြေထောက်ပမာ ယောင်ကိုင်းနေပါ၏။ ခြေဆင်း ထားသော ညာဘက်ခြေထောက်သည် ခြင်တလောင်းလောင်းနှင့် ရွံရှာဖွယ်ရာ ကောင်းလေ၏။
ပေါက်ကြီး ခမျာ အပေါ့အပါးပင် ထ၍ မစွန့်နိုင်၊ ဆီးခွက် အနားထားနေရ၏။ သူ၏ ခြေထောက်ကို သူပင် မသတီတော့။ ဖြစ်နိုင်လျင် မြို့ကဆေးရုံသို့သွား၍ ဖြတ်တောက်ချင်နေမိသည်။
ထိုအခြေအနေမျိုးတွင် ကံဆောင်သည် ပေါက်ကြီးအား နားချရန် အသင့့်တော်ဆုံးဟု ယူဆသဖြင့် —
” ငါ လိမ်မပြောဘူး ပေါက်ကြီး ၊ မင်းက ငါ့သူငယ်ချင်းအရင်းကြီးမို့ မင်းကို ငါလာပြီး အသိပေးတာ ၊ မင်း ကန်ချလိုက်တဲ့ နတ်ရုပ်က နတ်သူငယ်မှင်စာရုပ်တုကွ။သူ့ကို ကန်ချလို့ မင်းကို မကျေမနပ်ဖြစ်ပြီး သူက ပြုစားထားတာလို့ ငါ့ကို အိမ်မက်ပေးပြီး လာပြောလို့ ၊ မင်းကို ငါလာအသိပေးတာ ”
ပေါက်ကြီးက ကံဆောင်အား ယုံရနိုးနိုး မျက်နှာငယ်လေးနဲ့ ကြည့်နေ၏။ ကံဆောင်က ဆက်၍ ပြောသည်။
” ဒါနဲ့ ငါလည်း သူ ပြုစားထားတာကို ဘယ်လိုလုပ်ရင် ရောဂါပျောက်နိုင်မလဲ မေးကြည့်တော့ …. ”
ကံဆောင်က လူလည်။ သူ့
စကားကို ပေါက်ကြီးက ယုံကြည်ရဲ့လားဆိုတာ အ
ကဲခတ်၏။
ပေါက်ကြီးက သူ့ဝဋ်ဒုက္ခကြီးသဖွယ် ခံစားနေရတဲ့ ခြေထောက်ကို ဖြစ်နိုင်ရင် ဖြတ်တောင် ပစ်ချင်တာလေ။ အခု ကံဆောင်က ဒီလိုတွေ လာပြောတော့ ၊ နတ်ရုပ်တုကို ဘယ်လိုတောင်းပန်ရ တောင်းပန်ရ တောင်းပန်မယ်လို့ စိထဲကနေ ဆုံးဖြတ်ပြီးသား။
ကံဆောင်က စကားဆက်၏။
” သူ့ကို ယုံကြည်ပါတယ်လို့ ဝန်ခံပြီး ၊ ကြက်တကောင်ရဲ့ လည်ချောင်းသွေးနဲ့ ပူဇော်မယ်ဆိုရင် ၊ မင်းရဲ့ခြေထောက် ပြန်ကောင်းလာမယ်တဲ့ ၊ ကဲ မင်း ဘယ်လိုသဘောရလဲ ပေါက်ကြီး ၊ မင်း လုပ်ချင်လား ”
ပေါက်ကြီး မျက်နှာက မအီမသာနဲ့။ ဒါပေမဲ့ ချက်ချင်း ခေါင်းငြိမ့်ပြရှာ၏။ ပါးစပ်ကလည်း
“အခုလုပ်လို့ရရင် အခုတောင် ယဇ်ပူဇော်လိုက်ချင်တယ်ကွာ ၊ ငါ့ခြေထောက်က ဖြတ်ရပြီလို့ အောက်မေ့ထားတာ ၊ အဲ့ဒီလို တောင်းပန်လို့ရရင် တောင်းပန်မယ် သူငယ်ချင်းရာ ”
” အဲ့သလိုတော့ မရဘူး ပေါက်ကြီးရ။ သူက ညဉ့်နက်သန်းခေါင်မှ ပူဇော်လို့ရတာ ”
” အေးပေါ့လေ၊ ဒါဆိုလဲ ငါ ပိုက်ဆံပေးလိုက်မယ် ၊ မင်း ငါ့အတွက် ကြက်တကောင် ဝယ်လာပေးပေါ့ ”
” မင်းက မထနိုင်တဲ့ အကောင်ဆိုတော့ ငါပဲ မင်းဆီ လာခဲ့မယ် ပေါက်ကြီး ၊ ဓါးတချောင်းနဲ့ ပန်းကန်လုံး တလုံးတော့ ယူထားကွာ ၊ ကြက်လည်ချောင်းသွေး ခံရအောင်လို့ ”
” အေး စိတ်ချ သူငယ်ချင်း၊ ငါ ယူထားလိုက်မယ်၊ ဒါပဲ မဟုတ်လား ”
ကံဆောင် က စဉ်စားဟန်ပြုသည်။ လက်ဖျစ်တချက်တီးလိုက်ပြီး …
” အော် … ငါမေ့နေတာ ၊ တခု ကျန်သေးတယ်ကွ ၊ အဲ့ဒီ မှင်စာနတ်ရုပ်က မင်းကို ကတိ တခုပေးရမယ်လို့ တောင်းလိုက်သေးတယ်ကွ ”
ပေါက်ကြီးက စိတ်မရှည်ဟန်ဖြင့် ၊
” ဟမ် ! ဘာကတိလဲ ၊ ပြောကွာ ကံဆောင် ”
” မင်း ခြေထောက်ကောင်းသွားလို့ရှိရင် ဟိုအရင်လို ရွာသားတွေအပေါ် သဟောက်သဟမ်း မလုပ်ရဘူး။ အနိုင်မကျင့်ရဘူးတဲ့။ အကယ်၍ မင်း သူပြောတာ နားမထောင်ပဲ အနိုင်ကျင့်မယ် ဟိန်းမယ်ဟောက်မယ်ဆိုရင် ခြေထောက်က ပြန်ဖြစ်မှာတဲ့ ”
ဒါကတော့ အင်ကုက တောင်းဆိုတာမဟုတ်၊ ကံဆောင်က တမင် အကွက်ထွင်၍ အပို တောင်းဆိုလိုက်ခြင်း ဖြစ်၏။
ကံဆောင် လူလည်ကျခြင်းသာ။ နောက်ဆုံးတော့ ပေါက်ကြီးခင်မျာ ကံဆောင်တောင်းသော ကတိပါပေးလိုက်ရလေ၏။
ဤသို့ဖြင့် ကံဆောင်သည် သူ၏ အင်ကု မှင်စာကို တန်ခိုးထွားစေရန် ကူညီပေးခဲ့သည်။
သုဘာရာဇာကြီးထံ ညကိုးနာရီမှ ၁၁နာရီအထိ ပညာသင် တပည့်ခံပြီး၊ သန်းခေါင်ယံအချိန်၌ ပေါက်ကြီးအိမ်ကို သွား၍ ကူညီ၏။
အင်ကုအား ကြက်တကောင်၏ လည်ချောင်းသွေးနဲ့ ယဇ်ပူဇော်ပြီး၊ ရက်တပတ်အတွင်း ပေါက်ကြီးသည် ခြေထောက် ပြန်ကောင်းလာ၏။ ဒီသတင်းကို သိုသိုသိပ်သိပ် လုပ်ခဲ့ပေမယ့် တဖြည်းဖြည်း လူသိများလာ၏။
အင်ကု ကြောင့် စကားမပြောနိုင်သေးသော မပူတူးလည်း ဒီသတင်း ကြားသွားသည်။ အဲ့ဒီတော့ ကံဆောင်ထံ ပေါက်ချလာတော့တာပေါ့။ မပူတူးကိုလည်း ကံဆောင် ကူညီ ပေးလိုက်ပါသည်။ အခုဆို မပူတူးလည်း စကား ပြန်ပြောနိုင်ပြီ ဖြစ်၏။ ကံဆောင်ကား ရွာထဲတွင် အမျိုးမျိုး နာမည်ကြီးနေလေ၏။
ညဘက် ကံဆောင် အင်းကုန်းသုသာန်ထဲသွားသွားနေသည်မှာ ထူးဆန်းသောလောကီပညာရပ်တခုကို
ဝိဇ္ဇာတပါးထံမှ လေ့လာသင်ယူနေပါသည်ဟူ၍၎င်း၊ ကံဆောင်အား ဝိဇ္ဇာထိုတပါးက ရှေးရေစက်ပါသောကြောင့် ကူညီပေးနေပါသည်ဟူ၍၎င်း — အမျိုးမျိုးအထွေထွေ သတင်းပျံ့နှံ့နေလေတော့၏။
ထိုသတင်းကြောင့် ကံဆောင်အား မယုံရဲ ယုံရဲ ဖြစ်နေရသူ တယောက် ရှိလေ၏။
ထိုသူကတော့ တခြားမဟုတ်၊ အင်ကု ဆောင်မမှုကြောင့် ရွယ်တူတန်းတူတွေ ကျော်၍ သူမထက် အသက် ၁၀နှစ်ခန့် ကြီးသော ကံဆောင့်ကို ရူးရူးမူးမူး ချစ်နေမိသော အင်းကုန်းရွာသူ ကွမ်းတောင်ကိုင် အပျိုမလေး နှင်းနုပင် ဖြစ်လေသည်။

+++++++++

အခန်း၂၃။

ကံဆောင် အိမ်ရှေ့တန်းလျားခုံပေါ် လှဲလျောင်းရင်း သုဘာရာဇာကြီးရဲ့ ညကျောင်းမှာ သူ ပညာသင်ရပုံကို ပြန်လည်စဥ်းစား သုံးသပ်နေမိသည်။
” ဒီညက စပြီး မင်းအတွက် သင်္ခန်းစာ (၁) ကတော့ ‘ သမာဓိ သင်္ခန်းစာပဲ ကံဆောင် ၊ ဒီသင်္ခန်းစာကို မင်း ၃ရက်တိတိ တရက်ကို တနာရီကြာအောင် လေ့ကျင့်ရလိမ့်မယ် ။ မင်း ရွာဦး ကိုးကျောင်းဆရာတော်ဆီမှာ ဒုလ္လဘ ဝတ်ဖူးတယ်မဟုတ်လား ။ အဲ့ဒီတုန်းက တရားထိုင်ခဲ့ဖူးလား ကံဆောင် ”
ကံဆောင် ခေါင်းငြိမ့်ပြလိုက်သည်။
” အေး အခုလည်း တရားထိုင်ရမယ် ၊ အရင်လို ကိုရင်တွေ ဦးဇင်းတွေ ကြားထဲတော့မဟုတ်ဘူး ။
ဟိုး ညောင်ပင်အောက်က အပြာရောင်နုနုလေး သုတ်ထားတဲ့ အုတ်ဂူမှာ စပြီး မင်း တယောက်တည်းတရားထိုင်ရမယ် ။
အဲ့ဒီ အုတ်ဂူက မင်းသိပါတယ်။ အသစ်စက်စက်ကြီးပဲဟာ ”
ကံဆောင် စဥ်းစားမရ။ ဘယ်သူ့ အုတ်ဂူပါလိမ့်နော်ဟု အပြင်းအထန် စဥ်းစား၏။
ဦးဘသာက သူ့ကို ထိုအုတ်ဂူဆီ ခေါ်သွား၏။ အုတ်ဂူပေါ်က ကဗျည်းစာကို ဖတ်မှ ကံဆောင် ကျောစိမ့်သွားလေ၏။
ဦးစံလွင် အသက် (…) တဲ့။
ဟိုက်! ကြိုးဆွဲချသေသွားတဲ့ အစိမ်းသေ ဦးစံလွင်ရဲ့ အုတ်ဂူပါလား …
ညာဘက်တွင် သူထိုင်ရမည့် အုတ်ဂူနှင့် အရောင်တူ တလုံး။ မောင်စိန်သောင်း ၊ အသက် ၂၂နှစ်တဲ့ ။
ဟင်! ဒါဆိုရင် ဘယ်ဘက်က အုတ်ဂူကရော …
ပြေးကြည့်တာမှ လွဲဦးမယ်။ ဘယ်ဘက်အခြမ်းက အုတ်ဂူကလည်း ဒေါ်မြစိန် ဆိုပါလား ။
” မြသောင်း လာစီစဥ်ပေးသွားတာကွ ၊ သူ့အဖေ အမေနဲ့အစ်ကိုကို တတန်းတည်း အုတ်ဂူ ပြန်လုပ်ပေးပါဆိုလို့ ၊ ငါ ပြန်လုပ်ပေးထားတာ ၊ ဘယ်လိုလဲ ခမ်းနားတယ်မဟုတ်လား ကံဆောင် ဟီးဟီး”
” ထွီ! သေမှတော့ မခမ်းနားချင်တော့ပါဘူး ဦးဘသာရာ ၊ အဲ့ဒီကောင် အမွေတွေ တယောက်တည်း ရတယ်ဆိုပြီး သူ ထင်ရာ ရှောက်လုပ်နေတာပါဗျာ ”
ဦးဘသာက တဟီးဟီးနှင့် ရယ်၏။ ပြီးလေမှ
” ကဲ … ကဲ ကိုးနာရီ ထိုးတော့မယ် ကံဆောင် ၊ စပေတော့ စပေတော့ ”
ကံဆောင် အလယ်တည့်တည့်က အုတ်ဂူအပြာပေါ် တက်၍ တင်ပလ္လင်ခွေ ထိုင်လိုက်သည်။
” ဆယ်နာရီထိုးရင် ငါ လာခေါ်လှည့်မယ် ကံဆောင်၊ အော် မေ့လို့ ၊ အင်ကုကို ငါနဲ့ အတူ ထည့့်ပေးလိုက်ပါ ကံဆောင်။ ဘယ်သူ့မှ အဖေါ်ါ်ခေါ်ခွင့် မရှိလို့ပါနော်။ပထမဆုံး သင်္ခန်းစာကို ငါ့တပည့်အသစ်ချတ်ချွတ်ကြီး မောင်ကံဆောင် ကောင်းမွန်စွာ ကျော်လွှားနိုင်ပါစေကွာ ”
ကံဆောင့်ရှေ့က အုတ်ဂူတလုံးပေါ် မီးအိမ်တလုံး တင်ပေးပြီး သုဘရာဇာကြီးသည် တရွေ့ရွေ့ ထွက်ခွါသွားလေ၏။ သုဘရာဇာကြီးနောက်က အင်ကု လိုက်ပါသွား၏။
တယောက်က်တည်း ကျန်ခဲ့သော ကံဆောင် မျက်စိနှစ်လုံးကို မှိတ်၍ ဝင်လေထွက်လေ ရှု့မှတ်သည်။ ထိသိကို တလုံးချင်း လိုက်မှတ်လေ၏။
ငြိမ်သက် တိတ်ဆိတ်ခြင်းသည် သုသာန်တစပြင်ပေါ်၌ ကြီးစိုးထားလေ၏။
ကံဆောင်၏ နားထဲတွင် ယင်မမဲဲတကောင် တဝီဝီ ပျံနေတာကို ကြားနေရသည်ည်။
သူ ကြားရာကို မလိုက်ပဲ ၊ ဝင်လေ ထွက်လေကို နှာသီးဖျားက သိမှတ်နေလိုက်၏။
ဝီ … ဝီ …
အသံက သူ့နှာခေါင်းနားက လာနေသလိုပင် ၊ ယင်မမဲဲသည် သူ့မျက်နှာရှေ့ ပျံနေပုံရ၏။
‘ ကံ … ဆောင် … ဆောင် ”
နားထဲကို အသံတခု အက်ကိုးသံ (လိုဏ်သံ)ဆန်ဆန် ဝင်လာပြန်သည်။ မျက်လုံးကို ဖွင့်မကြည့်ဖြစ်အောင် သတိချပ်နေရသည်။
” ကံဆောင် ! …”
အသံက ပိုပီပြင်လာသည်။ ယောက်ကျားကြီးတယောက်က်အသံ ဖြစ်၏။
” ကံဆောင် … ငါပါ ”
” ငါ စံလွင်ရယ်လေကွာ ၊ ဒေါ်မြစိန် ယောက်ကျားလေ .”
” ငါ့ကို ကယ်ပါအုံး ကံဆောင်ရာ ၊ ငါ ငရဲမင်းကြီး ထံမှာ အစစ်ဆေးမခံရခင် ကုသိုလ်ကောင်းမှုလေး တခုလောက် ကုသိုလ် အမျှ ရချင်လို့ပါကွာ …၊ ငါ့ကို ရည်စူးပြီး ကုသိုလ် လုပ်ပေးဖို့ မြသောင်းကို ပြောပေးပါလား ”
အုတ်ဂူပေါ် တင်ပလ္လင်ခွေ ထိုင်လျက် တရားရှု့မှတ်နေသော ကံဆောင် တွန့်ခနဲ ဖြစ်သွား၏။
သူ့နှာခေါင်းထဲ လွန်စွာမှ ပုပ်သိုးနံ့ဟောင်နေသော အပုပ်ရနံ့ကြီး တိုးဝင်လာသောကြောင့် ဖြစ်သည်။
လူ့ဘဝက ကာမေသုကံ ၊ မုသာဝါဒကံ ကံနှစ်ပါးကို အကြိမ်ကြိမ် ချိုးဖေါက်ကျုးလွန်ခဲ့သော ယခုလက်ရှိ တမလွန်က ဦးစံလွင်သည် အလွန်ပင် နံ့ဟောင်လွန်းနေ၏။
ကံဆောင် ၏ သိမှတ်စိတ်ပင် လွတ်ထွက်သွားမတတ်ပင်။ ကံဆောင် သမာဓိအားကို ပြန်ဖြည့်၏။ အသက်ကိုခပ်ပြင်ပြင်း ရှုမှတ်သည်။
ဒါပေမဲ့ မရပါ။ ဦးစံလွင်၏ ဝိဉာဉ်သည် ကံဆောင့်အား အဆက်မပြတ် နားပူနားစာ လာတိုက်နေပါ၏။
သို့ဖြင့် ကံဆောင်သည် ဒေါသထွက်လာ၏။ ဒေါသသည် ကံဆောင်၏ သမာဓိအားကို လျော့ကျလာစေတော့၏။
” သွား သွား ခင်များလို တနှာှာရူးကြီးကို ဘယ်သူကမှ ကူညီမှာ မဟုတ်သလို ၊ ကျုပ်လဲ မကူညီူညီနိုင်ဘူး။ ထွက်သွား ထွက်သွားစမ်း ”
ထိသိ မှတ်စိတ်သည် ဘယရောက်သွားမှန်းမသိတေ့ာ။သူ၏ သမာဓိစွမ်းအားသည် ဆယ်မိနစ်မျှပင် မခံ။ ကျရှံံးသွားလေ၏။
ကံဆောင် မျက်လုံးကို ဖွင့်ကြည့်တော့ သူ့ရှေ့တည့့်တည့့်တွင် ဆရာသမား ဦးဘသာက သူ့အား မျက်မှောင်ကုတ်၍ ကြည့်နေသည်ကို တွေ့လိုက် လေ၏။
ဦးဘသာကြီးသည် ကံဆောင်အား မကျေမနပ်ပ်ဖြင့်၊
” ဆယ်မိနစ်တောင် ပြည့်ဏရဲ့လား ကံဆောင်၊ ဒီလိုသာဆို မင်း မိစ္ဆာကို ဘယ်လို ရင်ဆိုင်မှာလဲ ။ မင်း မလုပ်နိုင်ရင် ဒီမှာ ရပ်လိုက်ပါလား ။ ငါ စိတ်မဆိုးဘူး ကံဆောင် ”
ကံဆောင်ကိုယ်က တင်းခနဲ ဖြစ်သွား၏။ သူ၏ ယောက်ကျားမာနကို ဦးဘသာကြီးက ဒဲ့ စော်ကားလိုက်လေခြင်းဟု ထင်မှတ်မိသည်။
” ရတယ် … ဦးဘသာ ၊ ကျုပ် အခု ဆက်ပြီး သမာဓိအားကို လေ့ကျင့်မယ်။ ဒီတခါမှ ကျုပ် ကျရှုံးမယ်ဆိုရင် ခင်များပြောသလို ကျုပ် နောက်ဆုတ်ပါ့မယ်။ ကျုပ်ကို နောက်တကြိမ် အခွင့်အရေးပေးပါ ဦးဘသာ ”
ဦးဘသာ ဘာမှပြန်မပြော၊ ဒီတခါ ဦးဘသာသည် ကံဆောင်အား မီးအိမ်အလင်းရောင်ပင် ချန်ထားမပေးတော့ပါ။
ကံဆောင့်ရှေ့က အုတ်ဂူပေါ်က မီးအိမ်ပါ ယူ၍ ထွက်သွားလေ၏။
ကံဆောင် ခါးကို မတ်လိုက်သည်။ အသက်က်ု ဝလင်အောင် အားပါးတရ ရှုသွင်းလိုက်၏။


ပြီးနောက် သမာဓိအားကို စတင် ထူထောင်ကြည်လြိုက်လေတော့သည်။
တဖျောက်ဖျောက်နှင့် သစ်ရွက် ျင်း ပွတ်တိုက်သံက သူ့ခေါင်းပေါ်က အပင်ကြီးမှ ထွက်ပေါ်နေ၏။
တခါတရံ အုတ်ဂူဖြူဖြူတွေအကြား အငွေ့သဏ္ဍာန် ရှည်မျောမျော အရိပ်ကြီးအချို့က ဝင်ရောက် ပျောက်ကွယ်သွားတတ်သည်။
တခါတရံတော့ ထိုအုတ်ဂူလေးတွေပေါ် တိရစ္ဆာန်လိုလို ၊ လူလိုလို အရိပ်တခုက ငုတ်တုတ်ထိုင်နေတတ်ပြန်၏။ ထိုအရိပ်သည် အငြိမ်မနေ အုတ်ဂူ တဂူမှ တဂူသို့ ခုန်ကူးနေတတ်သည်။
” အော့ … အဲ့ ၊အော့ …အဲ့ ”
သစ်ပင်မှာ ကပ်လျက် အစိမ်းရောင်ဟ တောက်တဲ့ကောင်ကြီးက အသံပေးနေ၏။ ထိုခဏ တောက်တဲ့သူ လူတယောက်က်က တုတ်နဲ့ရိုက်သည့့်ပမာ သစ်ပင်ပေါ်မှ ဘုတ်ခနဲ မြေပြင်သို့ ကွာကျသွားသည်။
အံဩစရာ သစ်ပင်ပေါ်မှ ပြုတ်ကျသော တောက်တဲ့သည် မြေပြင်ပေါ်ရောက်သည့့်အခါ …
မြန်မာ ဝတ်စုံအစိမ်းရောင် ဝမ်းဆက်နှင့် အမျိုးသမီးငယ်လေးအဖြစ် ပြောင်းလဲ သွား၏။
ထိုအမျိုးသမီးသည် ကံဆောင် တရားမှတ်ရာ အုတ်ဂူဘက်သို့ လှည်လာသည်။
ထိုအခါ ထိုအမျိုးသမီးငယ်လေး၏ မျက်နှာက ထင်ရှားစွာ ပေါ်လွင်လာ၏။
သူမကား တခြားသူမဟုတ် ၊ ကံဆောင် ချစ်ခင်စုံမက်သော နှင်းနုပင် ဖြစ်နေတော့လေ၏။
အု ဝု ဝူး —-
ဒီလို အချိန် ဒီလို အနေအထားနဲ့ …
သင်္ချိုင်းကုန်းထဲက ခွေးအူသံလောက် ကြောက်စရာကောင်းတာ ၊ ရင်ခုန်စရာကောင်းတာ၊ ချောက်ချားစရာကောင်းတာ ဘာရှိအုံးမှာတုန်းလေ –။

ပီပီ (မန္တလေး)
အပိုင်း(၁၁)ဆက်လက်ဖတ်ရှုပါရန်-

Leave a Comment