အင်ကု မှင်စာ – အပိုင်း(၁၂)

အင်ကု မှင်စာ – အပိုင်း(၁၂)
ရေးသားသူ— ပီပီ(မန္တလေး)
+++++++++++

အခန်း ၂၆။

နတ်ကတော် ဒေါ်မိန်းကလေးသည် အချဉ်မဟုတ်။
နတ်နဲ့ ပတ်သက်ရင် အတွင်း၃၇မင်း အပြင် ၃၇မင်းတို့ နတ်သမိုင်းများသာမက ၊ တခြားသောအထင်ကရမဟုတ်သည့် တိုလီမုတ်ဆ နတ်သေးနတ်မွှားကြောင်းကစ မကျန်စေရ အတွင်းသိ အစင်းသိဖြစ်၏။
သဘောကတော့ သူ့အသက်မွေးဝမ်းကျောင်း နတ်အဟောပညာတွင် တတ်သိကျေပွန်သူဖြစ်၏။
သို့ပေမဲ့- ယခုလောလောဆယ် သူမ၏ ရွာအတွင်း ပေါ်ပြူလာဖြစ်နေသော အင်ကု နတ်သူငယ်၏အကြောင်းကိုတော့ တလုံးတပါဒမျှ ရင်းနီးကျွမ်းဝင်ခြင်း မရှိသေးပေ။ အဲ့ဒီတော့ အင်ကုအကြောင်း သူမ သိထားမှ ဖြစ်လိမ့်မည်။
တလောကပင် သူမ၏ နတ်မေး ဖေါက်သည်များက အင်ကုအကြောင်း သူတို့သိထားသမျှ သူ့ရှေ့ ဖေါက်သည်ချပြောဆိုနေကြပြီ။ သု့ခမျာ တခွန်းမျှ ဝင်မပြောနိုင်ခဲ့ချေ။
သူမက အဲ့ဒါကို အစာမကြေ။ထို့ကြောင့် အင်ကု အ‌ကြောင်းကို ကံဆောင်ထံ စပ်စုမေးမြန်းလေ၏။
ကံဆောင်ဆိုတာကလည်း အင်ကုနှင့် ပတ်သက်လာလျင် သိတော်မူကြသည့်အတိုင်း။ ပိုပိုသာသာလေး ပြောတတ်သူ ဖြစ်၏။
” ဒေါ်မိန်းကလေးပဲ စဉ်းစားကြည့်ပေါ့ ၊ ကြက်တကောင်လောက် ပူဇော်တာတောင် အင်ကု က ဒီလောက် ‘မ’စ နေရင် ၊ တခြား ကြက်ထက် ကြီးမယ့် အကောင်နဲ့သာ ပူဇော်လိုက်မယ်ဆိုရင် — ”
ကံဆောင်က သာသာထိုးထိုး ပြောလိုက်ခြင်း ဖြသ်သည်။
ကံဆောင်တို့က ကိုယ့်ကိုယ်ကိုယ် လည်လှပြီ အောက်မေ့တာ ။ ဘယ် … နတ်ကတော် ဒေါ်မိန်းကလေးဆိုတာက ကံဆောင်လည်တာလောက်တော့ ‘နေသာသပါ့ လေညာကဟေ့ ‘ ဆိုတာမျိုး။
နတ်ကတော်ပါဆိုနေ ရှစ်စပ်က ဂျင်‌ခြေလည်ပြီးသား။ ကံဆောင့်ပါးစပ်က ထွက်တဲ့စကားထက် သူသိချင်ရာကိုသာ အစ်အောက်မေး၏။
” ဟဲ့ ကံဆောင် ၊ အင်ကုက လူပျိုနတ်လား လူအိုနတ်လား—”
ဟင် ဒါတော့ ကံဆောင်လည်း မသိ။ နတ်ကတော် ခဒါ်မိန်းကလေး မေးပုံအရဆို ကံဆောင့်ခမျာ အင်ကုဆီသွားပြီး ပုံစံ ၁၀ အိမ်ထောင်စုဇယား တောင်ကြည့် ရမည့်ပုံပင်။ သို့ပေမယ့် ကံဆောင်က ဘယ်သိမှာလဲဗျလို့ ‌‌‌ ဖြေလို့ မဖြစ်။ သူ့ကို နတ်ကတော် ဒေါ်မိန်းကလေးက အထင်သေး အထင်လွဲသွားမှာကို ‌ကြောက်လေတော့။
” အင်ကုက နတ်သူငယ်ပါဆို လူပျိုပေါ့ဗျ ။နေပါအုံးဘာကိစ္စ ခင်များက သိချင်ရတာလဲ ”
ဒေါ်မိန်းကလေးက မချိုမချဉ် ပြုံးပြသည်။ သူမ အပြုံးက ငါ့မေးခွန်းအ‌‌ကြောင်း ငါပဲသိတယ်ဆိုတဲ့ စတိုင်။
” ဟယ် နင်ကလဲ ၊ ဒါလေး မေးတာ ဘာဖြစ်လို့တုန်း- ငါက စပ်စုကြည့်တာပါ ”
နတ်ကတော်ဒေါ်မိန်းကလေးက အသက်အားဖြင့် ၄၀စွန်းပြီ။ ၄၀ရဲ့ ဟိုဘက်ကို လက်တစ်ဖက်မက စွန်းတာနော်။ သဘောက ၄၅နှစ်ကျော်ပြီပေါ့။
အသားညိုညို ၊ ကိုယ်လုံးကိုယ်ဖန် ခပ်တောင့်တောင့်။ မျက်နှာမှာ တင်းတိတ်အညိုအမည်းတွေ စွဲနေ၏။ နှာတံပေါ်၏။ မျက်လုံးက အနည်းငွေ စွေချင်သည်။ သိုပေမဲ့ ရင်းနှီးသူများသာ သိနိုင်၏။ အထူးခြားဆုံးက ဒေါ်မိန်းကလေးရဲ့ နုတ်ခမ်း။
လှတယ်ဆိုတာထက် ဆွဲဆောင်မှုအားကောင်း၏။လေကိုင်းသဏ္ဍာန် နုတ်ခမ်းအထက်၌ စံပယ်တင်မှဲ့နက်ကလေးက ပါသေး၏။ အကယ်၍ တင်းတိတ်များသာ မရှိလျင် အတော်လေး ကြည့်ကောင်း ရှု့ကောင်းမည် မျက်နှာပင်။
ဒေါ်မိန်းကလေးက စောစောက ပြောခဲ့သလို လူလည်ပတ်ကား။ နတ်သူငယ်မှင်စာအကြောင်းကို ကံဆောင်ထံမှ မေးရသည်မှာ အကြောင်းရှိလေ၏။
သူက အရင်က မင်းကြီးမင်းလေးနဲ့ လက်ထပ်ထားသည်ဟုဆို၏။
နတ်ကတော်ဆိုတာ နတ်ရေစင်သောက်ပြီး နတ်နဲ့လက်ထပ်ထားသူကို ဆို၏။
နတ်က ချစ်၍ ရေစင်တိုက်၍ တော်ကောက်ခံရသည်ဟုလည်း ဆို၏။ ဆိုင်ရာ နတ်ပွဲတွေမှာ ယင်းခေတ် ၁၉၉တခုနှစ်ကပင် ငွေထောင်သောင်းချီ အကုန်အချခံကာ ၊ တက်ပွဲတက်ပြီးမှ စာရင်းဝင် နတ်ကတော်ဖြစ်နိုင်လေ၏။ နန်းတက်ပွဲဟုလည်း ခေါ်ကြ၏။ ယခုခေတ်၌ ပို၍ ကုန်ကျလိမ့်မည်ဖြစ်သည်။
တောင်ပြုံး မင်းညီနောင်နဲ့ လက်ထပ်ထားတဲ့ နတ်ကတော်က တောင်ပြုံးနတ်ပွဲ ကျင်းပချိန်မှာ အမိအရ နန်းတက်ရ၏။ တပြည်လုံး၌ နတ်ကတော်အရေအတွက်ကား ထောင်သောင်းချီလျက်ရှိရာ၊ နန်းတက်ပွဲကို တိုကင်ယူ၍ အလှည့်ကျ တန်းစီတက်ရ၏။ ထိုကာလသည် နတ်ကတော်တို့၏ အပြိုင်အဆိုင်ကာလ ဖြစ်လေ၏။ ဒိုးကြေး ဟုခေါ်သော နတ်ကန္နားဆိုင်းတီးသူတို့အား မတန်တဆ နင့်နေအောင် ပေးရသော်လည်းဆိုင်းဆရာတို့က နတ်ကတော်တယောက်လျင် ၇မိနစ် ၈မိနစ်ထက် ပို၍မတီးပေးကြချေ။ နောက်လူတွေ အဲ — နောက်မှာ အလှည့်ကျ နန်းတက်မယ့် နတ်ကတော်တွေက အများသား မဟုတ်လား။ ထားတော့ ဒါတွေက နတ်ကတော်ဖြစ်ဖို့ မလွယ်ကူတဲ့အကြောင်း ရှင်းပြတာ။
အခုလည်း ဒေါ်မိန်းကလေးက အင်ကု မှင်စာကို လူပျိုနတ်လား မေးသည်မှာ သူက အပျိုကြီးလေ။ အဲ့ဒီတော့ အင်ကု နတ်သူငယ်ကို ဘယ်သူမှ လက်မထပ်ခင် သူက ဦးဦးဖျားဖျား လက်ထပ်ထားချင်၏။ဒေါ်မိန်းကလေးက လည်တော့ လည်ပါသည်။သို့သော် တပတ်မပြည့် ။ တပတ်ပြည့်အောင် မလည်သည့် နာရီလက်တံလိုပင်။
တိမ်လိုက်သည့်အတွေး။ ချာလိုက်သည့် စိတ်ကူး။ အင်ကုကို ဒေါ်မိန်းကလေးက ဦးစွာ လက်ထပ်လိုပါသည်တဲ့။
ဒါကြောင့် သူ့ဘက်သား အပေါင်းအဖေါ်တသိုက်ကို ခေါ်၍ ရွာအပြင်က အင်ကုရဲ့ နတ်နန်းမှာ ဆိတ်တကောင်ရဲ့ လည်ချောင်းသွေးနဲ့ လာပူဇော်တာ။ သူ့သဘောက ရှင်း၏။ သူများတွေ အင်ကုကို ကြက်တကောင်နဲ့ ပူဇော်တာတောင် လိုရာဆု ပြည့်တယ်ဆိုရင် ဆိတ်နဲ့ဆိုရင် သူ့ဆန္ဒ ပိုပြီး ပြည့်စုံရမယ်ဆိုတဲ့သဘော။
ယဇ်သွေး အပူဇော်ခံရတဲ့ အင်ကုက အဲ့ဒီအချိန် သူ့သခင်ထံ သူသိထားတာတွေ သွားပြီး အစီရင်ခံမလို့လေ။
ဒါပေမဲ့ အင်ကု မှင်စာတွေရဲ့ သဘောသဘာဝက ယဇ်ပူဇော်သူကို ဦးစားပေးရရိုး ထုံးစံ ရှိသတဲ့။ ယဇ်သွေး ပူဇော်သူရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ နတ်ကွန်းဆီ အရောက်ပြန်လာရတဲ့သဘော။
နတ်ကတော် ဒေါ်မိန်းကလေးက သူ လိုသော ဆုကို အင်ကု မှင်စာရုပ်တုထံမှာ အတိအလင်း ဖွင့်ဟ တောင်းခံ၏။
– ပရံနဝါ ချောင်းရိုးပျော် အင်ကုသခင် အရှင်နတ်မင်းဘုရား ၊အင်းကုန်းရွာသူ အချောအလှ ဟောဒီက ကျွန်တော်မျိုးမ ‘မမိန်းကလေး’ မှ သခင့်ထံပါး အလုပ်အကျွေး ပြုရန် ခစားရောက်ရှိကြောင်းပါ —
– သခင့်တန်ခိုး ဆထက်တိုးအောင် ဆိတ်တကောင်၏ လည်ချောင်းသွေးနဲ့လည်း ယဇ်ပူဇော်ပြီးကြောင်းပါ။
– အင်ကုသခင် နတ်မင်းအား ဤမျှနဲ့ ပူဇော်ရတာ ဟောဒီက မမိန်းကလေး မရောင့်ရဲနိုင်ပါ။ ဒါကြောင့် နတ်မင်းအလိုကျ အလိုရှိသလို အသုံးချဖို့ ကျွန်တော်မျိုးမ၏ ကိုယ်အား အပ်နှင်းပါ၏။
-အရှင်နတ်မင်း … အသွေးကို ယူလိုက ယူပါ။ အသားကို ယူလိုက ယူပါ။ နှမတော် မမိန်းကလေးမှ သဘောတူမျှ ကြည်ဖြူစွာ ပေးအပ်ကြောင်းပါ အင်ကုနတ်မင်း ”
ကဲ — အင်ကုတော့ ချောက်ချပြီ။ ချောက်မှ နည်းနည်းနောနော ချောက်မဟုတ်။
‘ အွန် … ဘာကြီးတုန်းဟ ၊ ဒီမိန်းမက ငါ့ကို ယဇ်ပူဇော်ပြီး လင်တော်ခိုင်းနေတာလား ၊ ဘုရား ဘုရား ငါ ဒါကြီးနဲ့ နှစ်ပါးသွားရမှာလား ။ ဘယ်သူကများ ချွန်လိုက်ပါလိမ့်နော်။
ငါတော့ ဒုက္ခပါပဲ ”
အပျိုကြီးက ဝတ်ကောင်းစားလှနဲ့ နတ်ရုပ်တုရှေ့မှာ မခိုတရို့လေး ရပ်လို့ ။ အနည်းငယ်စွေချင်တဲ့ မျက်လုံးက အရည်လဲ့လို့။ အင်ကု ရုပ်တုကို ခပ်စိုက်စိုက်လေး ကြည့်နေတာများ လခထုတ်ရက် အိမ်ကို စောပြန်လာတဲ့ လင်ကို ကြည့်နေတဲ့ မယားလိုပဲ။ ကလူ၏သို့ မြူ၏သို့။
အင်ကုခမျာ ရင်ခုန်တာမဟုတ်။ ရင်တုန်နေရှာ၏။ အင်ကုလည်း သူ့ဒေသမှာတော့ နတ်သူငယ်စာရင်းဝင်မဟုတ်လား။ ဂျပန်မင်းသမီး ငယ်ငယ်ချောချောလေးနဲ့ တွဲချင်ရှာမပေါ့ ။ အခုတော့ စာရေးသူက မြန်မာပြည် ဇွတ်အတင်းခေါ်ပြီး အသက်၄၀ကျော် နတ်ကတော် မည်းညိုကြီးနဲ့ ပေးစားနေတော့ ဒေါသထွက်နေရှာ၏။
ဒါပေမဲ့လို့ အင်ကုခမျာ ဘာမှ မတတ်နိုင်။ သူ့အထက်က 神 အို နို ကာနိ(Oဲ no kami )ဆိုတဲ့ နတ်မင်းကြီး က အမိန့်ချထားတယ်လေ။
– အင်ကု သင့်အား သာမန်ထက်ပို၍ ချစ်ခင်ယုံကြည်မြတ်နိုးသောသူ၏ ယဇ်သဘင်နှင့် ဆန္ဒအား သွေဖယ်ခြင်း မပြုလင့်။
-လာဘ်ဦးကို ပယ်က၊ တန်ခိုးစွမ်းအင် ယုတ်တတ်လေ၏။လာဘ်ဦးကို မပယ်စကောင်း။
-လာဘ်ဦးကို ယူလေ။ ပူဇော်သူအား ချီးမြှောက်လေ တဲ့။
အင်ကု သူ့ရှေ့က မခို့တရို့ရပ်နေသော အပျိုကြီး ဒေါ်မိန်းကလေးအားကြည့်၍
ငိုချင်လာ၏။ တခြားသော ဆုကို တောင်းပါလားဟု ပြောလိုက်ချင်သည်။
ခက်တာက၊ အပျိုကြီးကလည်း ဒါဆိုမှဒါ ဖြစ်နေတော့ အင်ကု သက်ပြင်းရှည်ကြီး ချလိုက်သည်။
နတ်ကတော်က သူ့ကို ဘယ်လို လက်ထပ်ကန္နား ကျင်းပမည်မသိ။ ထိုအတောအတွင်းတော့ သူ မီးစင်ကြည့်ကရုံဟု ဆုံးဖြတ်လိုက်သည်။
” နှမတော် ရဲ့ ဆန္ဒပြည့်ဝပါက ဤကန်တော့ပွဲ ‘မ’ မရအောင် ကျောက်တုံးကျောက်ခဲပမာ လေးလံပါစေသား ”
နတ်ကတော် မမိန်းကလေးက သူမရှေ့က ကန်တော့ပွဲကို အချီအချပြုရန် ပုံ့ပုံ့လေးထိုင် ကန်တော့၏။
မမိန်းကလေးသည် ကန်တော့ပွဲအခြေကို ‘မ’ဟန်ပြင်၏။ အင်ကု ခမျာ ပျာယိပျာယာနဲ့ ထိုကန်တော့ပွဲပေါ် ငုတ်တုတ်ပြေးထိုင်ရ၏။
ကန်တော့ပွဲမှာ မ, မရ။ လေးလံနေ၏။ နတ်ကတော်သည် ရင်သိမ့်သိမ့်ခုန်စွာ ပြုံးပျော်သွား၏။ ၃ကြိမ် ၃ခါ ထိုသို့ ပြု၏။ အကြိမ်တိုင်း မ၍ မရချေ။
” အို အင်ကု သခင် ၊
ဟောဒိက အချောအလှ နှမ မမိန်းကလေး၏ လင်သားအဖြစ် သဘောတူပါက ကန်တော့ပွဲသည် ငှက်တောင်မွှေးပမာ ဝါဂွမ်းပမာ ပေါ့ပါးပါစေသား ”
အင်ကု ကန်တော့ပွဲပေါ်က ခုန်ဆင်းရပြန်၏။ ကန်တော့ပွဲအခြေကိုလည်း ဝင်ကူ မ,ရပြန်၏။
ကန်တော့ပွဲကိုင်ထားသည့် အပျိုကြီး၏ လက်နှင့် အင်ကုလက်တို့သည် ထိတွေ့သွား၏။ အင်ကု ဓာတ်လိုက်သည့်ပမာ တုန်ရင်သွား၏ ။ အပျိုကြီး၏ လက်နှင့် ထိတွေ့မိသောအခါ ဆန့်ကျင်ဘက် လိင်၏ ဖောဌပ္ပအတွေ့အာရုံက သူ့ရင်ကို တဒိန်းဒိန်း ဖြစ်သွားစေ၏။
ကန်တော့ပွဲအား ဝါဂွမ်းစလေးပမာ မ,ယူလိုက်သော အပျိုကြီး မမိန်းကလေး၏ မျက်နှာကို အင်ကု စိုက်ကြည့်လိုက်မိသည်။
” ဂလု ”
အင်ကု တံတွေးကို မြိုချလိုက်မိသည်။ သူ့အတွေး၌ …
– အင်း ရုပ်အဆိုးကြီးတော့ မဟုတ်ပါဘူးလေ။ မျက်နှာပေါ်က တင်းတိတ် မှဲ့ခြောက်တွေ မရှိရင် အတော်လေး ကြည့်ကောင်းမှာပါ … ”
ထိုသို့ တွေးရင်း မမိန်းကလေး၏ နုတ်ခမ်းဆီသို့ အကြည့်ရောက်သွား၏။
အင်ကု ဒီတခါ ရင်ခုန်သွားသည်။ လေးကိုင်းသဏ္ဍာန် ကော့ညွှတ်လှပသည့် မမိန်းကလေး နုတ်ခမ်းက သူ့ရင်ကို ခုန်နိုင်စွမ်းလွန်း၏။ဆွဲဆောင်နိုင်လွန်းနေ၏။
အင်ကု ကြာကြာရင် မခုန်နိုင်။ သူ့နားထဲသို့ သခင်ဖြစ်သူ ကံဆောင်၏ အသံ ဝင်လာ၏။
– အင်ကုရေ အင်ကု
လာဘ်ဦးကိုလည်း လက်ခံပြီးပြီ။ ယစ်ပူဇော်သူ၏ ဆန္ဒကိုလည်း ဖြည့်ဆည်းပြီးပြီ။ အင်ကု ဒီနတ်ကွန်းမှ ခွာလို့ရလေပြီ။
သခင့် ခေါ်သံကြားသည်နှင့် အခါတိုင်းဆို ဝှစ်ခနဲ အရောက်ပြေးသည့် အင်ကု ။
အခု မမိန်းကလေးအား နောက်ဆံတငင်ငင် ကြည့်ရင်း လေးလံသည့် ခြေလှမ်းများနှင့် သခင်ကံဆောင်ထံ ထွက်ခွါသွားလေ၏။
အင်ကု မမိန်းကလေးကို ကြွေနေပြီလားမသိနိုင်။
မမိန်းကလေးကတော့ သူ့အကြံအောင်လေပြီဆိုပြီး အဖေါ်အသင်းတသိုက်နဲ့ ဟီးဟီးဟားဟားလုပ်ကာ ရွာသို့ ပြန်ကြရန် ပြင်ကြလေတော့၏။

+++++++++

အခန်း၂၇။

ကံဆောင် ဘာပြန်ပြောရမှန်းမသိ။ နှင်းနုကိုသာ ကြောင်ငေးငေး ကြည့်နေရှာသည်။
ကရားရေလွှတ် မပြတ်စတမ်း နှင်းနုကသာ ရန်တွေ့နေခြင်း ဖြစ်ပါ၏။
” စဥ်းစားကြည့်လေ၊ အစ်ကိုကံဆောင် ဒီကြားထဲ နှင်းနုဆီကို တခေါက်လာသလား၊
အိမ်ကို မလာလို့ဆိုတာ ထားတော့၊ အိမ်ရှေ့ကရော တခေါက် ဖြတ်သလား။
နှင်းနုတို့အိမ်က ယူဇနာတရာ ဝေးကွာနေလို့လား။ မီးပင်လယ်ခြားနေလို့လား ။
အစ်ကို ကံဆောင် ချစ်တာ ကျမ ဘယ်လို ယုံရမလဲ။ ကိုယ့်ချစ်သူကို တခေါက်တခါတောင် လာမတွေ့နိုင်လောက်အောင် အစ်ကိုကံဆောင် အလုပ်က ဘယ်လောက်များနေလို့လဲ။
လယ်ထဲဆင်းနေရလို့ပါ၊ စပါးခြွေလှေ့နေရလို့ပါလို့ လိမ်ဦးမို့လား ။ အစ်ကို ဒီရက်ပိုင်း နေမြင့်မှ ထတယ်တဲ့
အိပ်ရာကနိုးရင် ထမင်းကမန်းကတန်းစားပြီး ဆိုင်ကယ်နဲ့ အပြင်ထွက်တယ်တဲ့။ အိမ်အလုပ် တခုမှ ကူမလုပ်ဘူးတဲ့။ မေးလည်း မဖြေဘူးတဲ့။
ကျမ အရီးလေးဆီ မေးပြီးပြီး ၊ ဒီရက်ပိုင်း အစ်ကိုကံဆောင် ညဉ့်နက်သန်းခေါင်မှ အိမ်ပြန်လာတတ်တယ်တဲ့။ မှန်မှန်ပြောပါ အစ်ကို။
အစ်ကို ဘယ်မိန်းမအိမ် အလည်သွားနေလို့ အိမ်ပြန်ချိန် အဲ့သလောက် နောက်ကျတာလဲ။ အဲ့ဒီမိန်းမနဲ့ရော ညားနေကြပြီလား ။ ပြောလေ ၊ ကျမမေးတာကို ပြန်ဖြေလေ။ လူတွေ့ရင် အဲ့သလို တုံဏိဘာဝေ လုပ်နေတာကိုက မုန်းချင်စရာကြီး ။
အစ်ကို ကျမကို တကယ် မချစ်ဘူးမဟုတ်လား။ မချစ်ရင်လည်း ပြတ်ပြတ်သားသားဆိုလေ။ အခုတော့ ကျမက အစ်ကို့ကို ဘယ်လို ယုံကြည်ပြီး ချစ်ပါတယ် အဖြေ ပြန်ပေးရမှာလဲ ။ ကျမ ဘက်လည်း အစ်ကို ဝင်စဥ်းစားကြည့် ၊ မြင်းက မလှုပ်ုပ်၊ ခုံက လှုပ်ရုံမကဘူး။ အိမ်အထိ လိုက်လာနေရတယ်။ ဒါကောင်းလား။ အစ်ကို ကျမကို အထင်သေးလို့ ဒီလိုလုပ်တာမို့လား ။ ပြောစမ်းပါ ပွင့်ပွင့်လင်းလင်း ပြောလိုက်စမ်းပါ ”
ကံဆောင်က ဘာပြန်ဖြေရမည် တကယ်မသိ။ ဘယ်ကစ ဘယ်လို ရှင်းပြရမလဲဆိုတာလည်း မတွေးတောတတ်။ ခက်နေ၏ ။ ပြောချင်တာတွေ၊ ဖြေရှင်းပြချင်တာတွေ များနေ၏။
စကားတွေက ရင်ထဲကနေ လုံးအရင်းလိုက် ဆန်ကန်တက်လာပေမယ့့်၊ နှင်းနုရဲ့ ဒေါသထွက်နေတဲ့ မျက်နှာကို မြင်ရတော့ ကြောက်ပြီး ထစ်ထစ်ငေါ့ငေါ့တွေ ဖြစ်ကုန်ပါလေရော။
” မ — မ ဟုတ်ပါဘူး နှင်းနုရယ် ”
အဲ့သလို ကဘောက်တိကဘောက်ချာ ပြောတော့ နှင်းနုက ပို ဒေါသထွက်တာပေါ့။ ဒေါသပိုထွက်လာတော့ အသံက ကျယ်၏။
” ဘာကို မဟုတ်တာလဲ!
ဘာကို မဟုတ်ပါဘူး ပြောနေတာလဲ ”
ကံဆောင် ဟိုကြည့်ဒီကြည့် လုပ်သည်။ တော်ပါသေး၏ ။ ဒီကနေ့က အဖိတ်နေ့မို့ ၊ အဘရော အမေရော ၊ နှမဖြစ်သူ ရွှေမိရော ဘုန်းကြီးကျောင်းသို့ သွားကြသည်။
မနက်ဖြန် လကွယ်ဥပုသ်နေ့တွင် ကံဆောင်တို့အိမ်က သီလကန်တော့ပွဲ တာဝန်ယူထား၏။
သီလ လာယူသူတွေကို မနက်စာ ကုသိုလ်အဖြစ် ကြာဆံဟင်းခါး ချက်ကျွေးမည့်အ​​ကြောင်း ၊ သီလ ယူအပြီး သီလပေးဇရပ်ကအဆင်း၌ သီလ လာယူသူတိုင်းကို ထောပတ်ပဲ နို့ဆီဘူးတဘူး၊ ဆန်တပြည် ၊ ဆုံဆီ (မြေပဲဆီ)အစိပ်သားဆီ ဝေငှ လှုဒါန်းမည် ဖြစ်ကြောင်း ဆရာတော်အား သွားလျှောက်ကြ၏။ ထို့ကြောင့် အိမ်၌ ကံဆောင် တယောက်က်တည်း ရှိနေချိန် ဖြစ်သည်။
” ဟိုလေ မဟုတ်ဘူးဆိုတာက ၊ ကိုကံဆောင် နှင်းနုကို ချစ်တယ်ဆိုတာ လိမ်ညာပြီး ပြောခဲ့တာ မဟုတ်ပါဘူးလို့၊ ပြီးတော့ ညဘက် အိမ်ပြန်နောက်ကျတာလည်း ဘယ်မှသွားပြီး သဝေထိုးတာ မဟုတ်ရဘူးလို့ ။ ကိုကံဆောင်မှာ နှင်းနုက လွဲပြီး တခြား ချစ်ရမယ့်သူ မရှိပါဘူးကွယ် ”
နောက်ဆုံးအချက်က နှင်းနု ဒေါသကို တဝက်မက လျော့ပါးသွားစေ၏။ ဒါပေမဲ့ နှင်းနုက ကျေနပ်သေးဟန်မရှိ ။ သူမ သိလိုသည်ကို ထပ်မေးပြန်၏။
” ချစ်တယ်လည်း ပြောသေး၊ ဒါဖြင့် နှင်းနုကို ဘာလို့ လာမတွေ့တာလဲ ။ ညဉ့်နက်သန်းခေါင်ထိ ဘယ်မှာ၊ ဘယ်သူနဲ့ ရှိနေတာလဲ ”
” အဲ့ဒါကလေ … နှင်းနုကို ပြောရင် ယုံပါ့မလားလို့ပါ။
အစ်ကို ညကိုးနာရီကနေ ၁၁နာရီအထိ အင်းကုန်းသူသာန်က သုဘရာဇာကြီးရဲ့ ညကျောင်းမှာ ပညာသင်နေရလို့ ညဉ့်နက်နေရတာပါ နှင်းနုရယ်။ ပြီးတော့ နေ့ဘက်တွေ မအားဘူးဆိုတာက အင်ကု … အင်ကုကို စွမ်းအင်တိုးအောင် အပြုစားခံရသူူတွေကို လိုက်ပြီး စည်းရုံးပြောဆိုပေးနေရလို့ပါ ”
နှင်းနုက နားမလည်ဟန်ဖြင့်
” သုဘရာဇာကြီးရဲ့ ညကျောင်း ဘာကြီးလဲ အစ်ကိုရယ်။ ရင်ထိတ်စရာကြီး ။ ပြီးတော့ အင်ကု ။ အင်ကုဆိုတာကရော ဘာလဲ။ အစ်ကိုက သူ့စွမ်းအင် တိုးပွားအောင် လုပ်ပေးနေရအောင် အင်ကုက အစ်ကိုနဲ့ ဘယ်လိုပတ်သက်နေတာလဲ။ နှင်းနုဖြင့် တခုမှ နားမလည်ဘူး။ ရှင်းအောင် ပြောစမ်းပါ။ ”
ကံဆောင်က အစကနေ ရှင်းပြ၏။ အင်ကု နတ်ရုပ်တုကို ပရံနဝါချောင်းမှာ စတွေ့ပုံ။
အပြစ်ပြောသူ၊ ကန်ချသူတို့ ဒုက္ခရောက်ပုံ၊ အင်ကုက သူ့အား အိမ်မက်ပေး၍ လာဆယ်ခိုင်းပုံ။ အင်ကုက သူ့အား စော်ကားထားသူများအပေါ် ကျိန်စာတ်ိုက်ပုံ။ ပြုစားပုံ။ ကျိန်စာပျယ်ရန် သွေးဖြင့် ယဇ်ပူဇော်ရသည့်အကြောင်း။
ထိုအကြောင်းအရာများအပြင်၊ မယ်ညိုကမ်းပါးက စုန်းမ မိညိုက အေးအေးချို၏ ကိုယ်ခန္ဓာအား အသုံးချ၍ ဒေါ်မြစိန်နှင့် သူ့သား စိန်သောင်းကို သတ်ခဲ့သည့့်အကြောင်း။
အင်းကုန်းရွာမတည်ခင်က ရှိခဲ့သော ကျတ်တစ္ဆေမကြီးဟာ အခုအခါ မိစ္ဆာနတ်ဆိုးအဖြစ် တန်ခိုးထွားကာ အင်းကုန်းရွာအပေါ် ရန်ငြိုးထား၍ ကလဲ့စားချေ ဖျက်ဆီးမည့့်အကြောင်း ။ ဦးစံလွင်အား နတ်ဆိုးက သတ်ဖြတ်ခဲ့ကြောင်း။ မြသောင်းကိုယ်ပေါ်မှာ ဝင်စီးနေကြောင်း၊ ထွက်သွားပြီး ပျောက်ကွယ်နေကြောင်း။
သူ့အား အင်ကု မှင်စာနှင့် လောကီပညာရှင် သုဘရာဇာကြီး ဦးဘသာက ကူညီနေကြကြောင်း ရှည်လျားစွာ ရှင်းပြလေ၏။
အဲ့ဒီမှာ နှင်းနုက စပ်စုတော့၏။ သုဘရာဇာကြီးကိုတော့ အသုဘချသည့့်အခါ သင်္ချိုင်းသို့ လိုက်သွားဖူး၍ မြင်ဖူးနေ၏။
အင်ကုကိုတော့ တခါမှ မမြင်ဖူးသေး။ အစ်ကိုကံဆောင် မြင်ဖူးလျင် သူလည်း မြင်ဖူးချင်ကြောင်း ပူဆာလေတော့၏။ မိန်းကလေးဆိုတော့ စပ်စပ်စုစု သိချင်တာ မဆန်း။ ကံဆောင်က မကြည့်ချင်ပါနဲ့လို့ ချော့မော့ပြောပေမယ့့်၊ နှင်းနုက မရတော့ပေ။
” အဲ့ဒါဆို အစ်ကိုကံဆောင် ကျမကို လိမ်နေတာလို့ပဲ ယုံကြည်မိလိမ့်မယ်နော်။ မရဘူး မရဘူး ။ ကျမ အင်ကုကို မြင်ရမှ ကျေနပ်နိုင်မယ်။ အစ်ကို ကံဆောင် ပြမလား မပြဘူးလား ဒါပဲပြော”
နောက်ဆုံးမှာ ကံဆောင်တယောက်က် ချစ်သူကို ဘယ်လိုမှ ပြောမရသည့်အဆုံး
” အင်ကုရေ — အင်ကု ” ဟု ခေါ်ပေးလိုက်ရလေတော့၏။
အင်ကု ရောက်လာကြောင်း ကံဆောင် သိလိုက်သည်။ သူ့ပခုန်းတဖက် လေးသွားသည်မဟုတ်လား ။
” အင်ကုရေ … ဟောဒီမှာ ငါ့ချစ်သူက မင်းကို မြင်ချင်လို့ပါတဲ့ကွယ်။ မင်းကို မမြင်ရရင် ငါ့ကို ပြသနာဆက်လုပ်နေမတဲ့။ ငါ့ကို ကူညီတဲ့အနေနဲ့ မင်းရှိနေကြောင်း အရင်င်ပြပေးပါလားကွယ် ”
အင်ကု နှင်းနုကို ကြည့်လိုက်သည်။ နှင်းနုသည် သူ့အား မမြင်။ မြင်ရမလားလို့ ဟိုဟိုဒီဒီ လိုက်ကြည့်နေ၏။
နှင်းနု ကိုယ်ပေါ်က ရှပ်အင်္ကျီ အိတ်ထောင်ကို မြင်သွားသည်။ အင်ကုသည် ထိုအိတ်ထောင်ထဲထဲမှ စာရွက်ခေါက်ကို ဆွဲယူ၍ ပထမ လေထဲမှာ စာရွက်ကို ရပ်တန့့်ပြ၏။ ပြီးလျင် ထိုစာရွက်ခေါက်ကို ဖြန့်၍ ဝဲပြသည်။
နောက်ဆုံး စာရွက်ကို စားပွဲပေါ် ချလိုက်လေ၏။
နှင်းနုခမျာ အံဩလွန်းရုံမက၊ ထိတ်လန့့်လာသဖြင့် ကံဆောင့်ဘက်သို့ အသားချင်းထိသည်အထိ ပူးကပ်ရင်း ကံဆောင့်လက်မောင်းကို အတင်းဆုပ်ကိုင်ထားမိလေသည်။
” ကဲ … ယုံပြီလား နှင်းနု ”
နှင်းနု ပါးစပ်ကပင် မဖြေနိုင်။ ခေါင်းကိုသာ ငြိမ့်ပြလေ၏။ကံဆောင်က နှင်းနု နားလေးအနီး တိုးကပ်ပြီး
” အင်ကုကို မြင်ဖူးချင်သေးလား ”
ကြောက်ရွံနေသော နှင်းနုက ခေါင်းကို ငုံ့လျိုးလျက်
ဟင့့်အင်း တော်ပါပြီ ၊ နှင်းနု ကြောက်တယ် အစ်ကို ဟု အဖြေပေးလိုက်လေ၏။
ကံဆောင်က စားပွဲပေါ်က စာရွက်ကို ယူ၍ ပြန်ခေါက်ရင်း ဖတ်ကြည့်လိုက်သည်။
နှင်းနုလည်း ကံဆောင့်နည်းတူ ထိုစာကို အသံထွက် ဖတ်လိုက်သည်။
ဟိတ်ကောင်ဟန်ဇော် …
မင်း ငါ့ကို ပေးစရာရှိတဲ့ ကြက်လောင်းကြေးငွေ ၁သောင်းကို လကွယ်ညမှာ ငါ လာယူမယ်။
မပေးလို့ကတော့ ဓါးဖိုးထွေးအကြောင်း မင်း သိပြီးသားပါ။
ငါက ငွေမရရင် မင်းအသက်ပဲ ယူသွားရလိမ့်မယ်နော်။
ငါ့ပိုက်ဆံ ၁သောင်း၊ တကျပ်မှ မလျော့ပဲ ဆက်ဆက် လာပေးပါ။
ပုံ / ဓါးဖိုးထွေး
နှင်းနု အံဩသွားသည်။ အဲ့ဒီခေတ် ၁၉၉၂ခုနှစ်က ငွေတသောင်းဆိုတာ သူတို့ဘက်နယ်မှာ လယ်တဧက ဝယ်လို့ရသည်မဟုတ်လား။
ဒီလောက်များပြားသည့့်ငွေကို အစ်ကိုလေး ဟန်ဇော်ထွန်းသည် လောင်းကစားလုပ်ခြင်းဖြင့် ဖြုန်းတီးပစ်သည်ဆိုတော့ …
သူမ ဒေါသက ကံဆောင်ထံမရှိတော့ ၊ စာရွက်ကို ကိုင်ကာ ဘောက်ဆတ် ဘောက်ဆတ်နှင့် ထွက်သွားလေ၏။
ဒီကိစ္စကို အဘနဲ့အမေအား တိုင်ပြောမှ ဖြစ်မည်မဟုတ်လား။ သိကြသေးတာပေါ့ အစ်ကိုလေးရာ ဟု နှင်းနု ကြိမ်းဝါးရင်း … ။

+++++++++

အခန်း၂၈။

အဖိတ်နေ့ည။
နောက်ဆုံး အရည်အချင်းစစ် စာမေးပွဲ ဖြေရမည့် ည။
ကံဆောင် ည၈နာရီကတည်းက ကြိုရောက်နေပါ၏။ ကြိုရောက်ရသည့်အကြောင်းမှာ အင်ကု ထံမှ သိရသော သူတို့၏ ဘုံရန်သူ စုန်းမ မိညို နှင့် နတ်ဆိုးတစ္ဆေ တို့အကြောင်း ပြန်လည် ဖေါက်သည်ချရန် ဖြစ်သည်။
” ဒီလိုဆို နတ်ဆိုးက မင်းတို့ရွာထဲမှာပဲ ရှိနေတဲ့ သဘောပေါ့။ သူ ဘယ်သူ့ဆီမှာ ဝင်ပူးနေလဲ မင်း သိလား ကံဆောင် ”
” နတ်ဆိုး ဘယ်သူ့ဆီမှာဆိုတာ အင်ကုလည်း ရှာမတွေ့ဘူး ဆရာဦးဘသာ။ နတ်ဆိုးက ကျနော်နဲ့အတူ အင်ကု အတူရှိနေတာ သိနေတော့ တမင် ရှောင်ပုန်းနေတာလဲ ဖြစ်နိုင်တယ် ”
သုဘရာဇာကြီးက တခဏ၌ တွေဝေသွား၏။ သူ စဥ်းစားမရတာက အင်ကုသည် မည်သည့့် မိစ္ဆာမျိုးမဆို မြင်နိုင်စွမ်း၏။ သို့တိုင်အောင် နတ်ဆိုးသည် အင်ကုအား ရှောင်ပုန်းနေသည်ဆိုတော့ …
” ကံဆောင် မင်း မြသောင်းကို ဒီကြားထဲ မြင်မိတွေ့မိသေးလား ”
ကံဆောင် စဥ်းစားသည်။ ဒီရက်ပိုင်း မြသောင်းကို မမြင်မိတာတော့ သေချာ၏။
” ဟုတ်တယ်ဗျ ၊ ဒီကောင့်ကို ကျနော် သူကြီးအိမ် ပို့ပြီးနောက်ပိုင်း မတွေ့ဖြစ်တော့ဘူး။ တခု ထူးခြားတာက စုန်းမ မိညို ထွက်ပြေးပြီးနောက် ၊ ဒေါ်မြစိန်လည်း သဘက်ကြီး ၃ကောင် လက်ကလွတ်မြောက်သွားခဲ့တယ်ဆိုတော့ … ”
ကံဆောင် ဖိုးလှပြောတာကို သတိရသွား၏။ မြသောင်းသည် နတ်ဆိုး သူ့အပေါ် ဝင်ပူးကပ်နေစဥ်က ရေတိုင်မှာရှိသော စမြိန်ထုပ်တွေအနီးမှာ ပြောသွားခဲ့၏။
” သရဲကြီး စံလွင်နဲ့ သရဲမ အေးချိုကို သတ်ပြီး အမေ့ဝိဉာဉ်ကို ကျနော် လာကယ်လှဲ့မယ် ”
အထက်ပါစကားစုကို ဝေဘန်ကြည့်လျင် ၊ မြသောင်းကိုယ်ပေါ် သို့ နတ်ဆိုး ပြန်လည် ပူးကပ်နိုင်အောင်၊ စုန်းမ မိညိုက ကူညီပေးခဲ့ဟန်တူ၏။
ထို့ကြောင့်သာ ဦးစံလွင် သေဆုံးပြီး ၊ စုန်းမ မိညိုလည်း မူလပြန်ခဲ့ရ၏။
နတ်ဆိုးသည် မြသောင်းကိုယ်ပေါ်၌ အစဥ်အမြဲ ရှိနေဟန်မတူ ။ ဝင်ချည်ထွက်ချည် လုပ်နေဟန်တူ၏။
နတ်ဆိုး ဝင်ရောက်သည့့်အခါ ကံဆောင်နှင့် သုဘရာဇာကြီးတို့ကို ရှောင်ရှားနေလိမ့်မည်။
ဒါ့ကြောင့်လည်း နတ်ဆိုး မပူးကပ်သည့့်အချိန်၌ မြသောင်းသည် သေဆုံးသွားကြသော မိခင် ဖခင်နှင့် အစ်ကိုတို့အတွက် ၊ အုတ်ဂူများ ပြုလုပ်ပေးခြင်း၊ ကောင်းမှုကုသိုလ်များ ပြုလုပ်၍ အမျှဝေပေးခြင်းများ လုပ်ခဲ့နိုင်ခြင်း ဖြစ်မည်။
ဒါပေမဲ့ ခွေးမြီးကောက် ကျည်တောက် စွပ်လို့ ဖြောင့်ရိုးလားလေ။ မြသောင်းက ရှေးက ဆိုခဲ့သလို ၊ မိန်းမ အပျော်အပါး လိုက်စားခြင်း၊ လောင်းကစား ပြုလုပ်ခြင်းတ်ို့၌ ပျော်မွေ့သူ ဖြစ်လေ၏။
အခုဆို မြသောင်းသည် ဘာအလုပ်မှ မယ်မယ်ရရ မလုပ်ပဲ သုံးဖြုန်းနေ၏။
ဒါပေမဲ့ မြသောင်းမှာ ဝင်ငွေရပေါက်ရလမ်း တခု တွေ့ထားလေ၏။ အဲ့ဒါကတော့ မြသောင်းသည် တဖက်ရွာက နွားခိုးဂိုဏ်းခေါင်းဆောင် ဓါးဖိုးထွေးနှင့် ပေါင်းမိနေခြင်း ဖြစ်သည်။
အဲ့ဒီတော့ ကုသိုလ်ဘယ်လောက်လုပ်လုပ် ၊ သီလမရှိသူ မြသောင်းအား နတ်ဆိုးသည် အချိန်မရွေး ဝင်နိုင်ထွက်နိုင်နေခြင်း ဖြစ်မည်မည်။
” ဟုတ်တယ် ဆရာဘသာ၊ ကျနော် သဘောပေါက်ပြီ၊ မြသောင်းကိုယ်ပေါ်မှာ နတ်ဆိုးက ဝင်လိုက်ထွက်လိုက် လုပ်နေတာ ဖြစ်မယ် ”
” အေး ငါ ဖိုးလှဆီက သတင်းတခု ရထားတယ် ကံဆောင် ၊ မင်း သိထားမလားတော့ မပြောတတ်ဘူး ”
” ဘာကိုလဲ ဆရာဘသာ ၊ ကျုပ် မသိသေးဘူးဗျ ”
” မြသောင်း အမေ ဒေါ်မြစိန် လက်ထက်က အပေါင်ဆုံး ရထားတဲ့ ထန်းနှစ်ပင် လယ်တောမှာ မြသောင်းနဲ့ ဟိုဘက်ရွာက နခိုး(နွားခိုး) ဓါးဖိုးထွေးတို့ ချိန်းတွေ့လေ့ရှိသတဲ့ ”
” သရဲ အခြောက်ကြမ်းတယ်လို့ နာမည်ကြီးနေတဲ့ ထန်းနှစ်ပင် လယ်တောကို ပြောတာလား ဆရာဘသာ ”
” အေးလေကွာ၊ သရဲ ခြောက်တာ ကြမ်းလွန်းလို့ ဘယ်သူမှ မစိုက်ပျိုးိုက်ပျိုးရဲတဲ့ ပလပ်မြေလယ်တောကြီးဟာလေ၊ မြက်ရိုင်းတွေ ခြုံတွေ ဒင်းးကြမ်းခတ်နေတာ သူတို့အတွက် နွားခိုးသတ်ဖို့ သိပ်ကောင်းတဲ့ နေရာပေါ့ ”
သိသည်။ ကံဆောင် မသိပဲလား။ ထန်းပင်၂ပင် ထီးထီးကြီး ပေါက်နေတဲ့ ၃ဧကခွဲလောက်ရှိမည့့် ခြုံရိုင်းတောကြီးသဖွယ် ပလပ်မြေ။ မြေကြမ်းသည်ဟု နာမည်ကြီး၏။ သို့ပေမဲ့ ထိုပလပ်မြေသည် မိုးကုတ်-မန္တလေးန္တလေး ကားလမ်းနှင့် နီး၏။ တချိန် ကားလမ်းချဲ့ထွင်ပါက ဈေးကောင်းရနိုင်သည်ဟု တွက်ဆကာ ဒေါ်မြစိန်က အပေါင်ခံခဲ့ခြင်း ဖြစ်၏။
သုဘရာဇာကြီးနှင့် ကံဆောင်တို့သည် မြသောင်းအား နတ်ဆိုး ဝင်ရောက် ပူးကပ်သည့်အခါ မြသောင်း ရှိနေနိုင်မည့့် နေရာကိုပါ သိရှိသွားလေပြီ ဖြစ်၏။
ဆရာဘသာက နာရီကို ကြည့်၍ —


” ကဲ … ကံဆောင် ၊ အင်ကုကို ထားပြီး ၊ ညောင်ကြပ်ပင် အောက်က မြေပုံတွေကြား သွားဖို့ အချိန်ရောက်ပြီ …
လိုအပ်တဲ့အခါ မင်းလက်ထဲက သံသေဓါးကိုသော်၎င်း၊ မင်း တတ်မြောက်ထားတဲ့ ပညာရပ်တွေကိုသော်၎င်း အသုံးပြုနိုင်ပါတယ်ငါ့တပည့် ၊ အောင်မြင်ပါစေကွယ်”
ဦးဘသာကြီး ပြောမှ ကံဆောင် သတိရသွားသည်။ သူ့ပခုန်းထက်ဝယ် အင်ကု ပါမလာခဲ့ချေ။
” သခင် … ဒီတညတော့ ကျွန်တော်မျိုး အင်ကုကို အခွင့်ပေးပါ ၊ တိုးပွားလာတဲ့ တန်ခိုးစွမ်းအားကို ဘယ်အထိ အသုံးချနိုင်မလဲ စမ်းသပ်ချင်လို့ပါ ” ဟုဆိုကာ ရွာမှာ ကျန်ရစ်ခဲ့သည်။
ကံဆောင် … အင်ကု ပါမလာကြောင်းပြော၍ ၊ မြေပုံမို့မို့လေးတွေထံ ထွက်သွားရင်း အင်ကု အကြောင်း တွေးလိုက်မိသည်။
အင်ကုသည် ဒီကနေ့ ခါတိုင်းနဲ့မတူ။ စွမ်းအင်တိုးပွားနေ၍လား မပြောတတ်။
လူတွေလိုဆိုရင် ခါတိုင်းထက်ကြည့်ကောင်းနေပါ၏။ သန့့်ရှင်းသပ်ရပ်နေပါ၏။ကြည်လင် မွှေးကြိုင်နေပါ၏။
အပျိုအိမ်ကို သွားလည်မည့့် လူပျိုကာလသားပမာ ရှိသည်ဟုပင် ဆိုလိုက်ချင်တော့သည်။

လေးစားစွာဖြင့်
ပီပီ (မန္တလေး)
အပိုင်း(၁၃)ဆက်လက်ဖတ်ရှုပါရန်-

Leave a Comment