အင်ကု မှင်စာ အပိုင်း(၁၆)ဇာတ်သိမ်း

အင်ကု မှင်စာ အပိုင်း(၁၆)ဇာတ်သိမ်း
ရေးသားသူ— ပီပီ(မန္တလေး)
+++++++++++

အခန်း၃၆-

အင်းကုန်းရွာပြင်၊ ပရံနဝါချောင်းနံဘေးရှိ အင်ကု နတ်နန်းငယ်တွင် အင်ကု မှင်စာသည် နေမထိထိုင်မသာ ဖြစ်နေပါ၏။
သခင့် အသံကြားသော်လည်း သူ့ခမျာ နတ်နန်းမှ မထွက်ခွါသာ။ ပြသနာ တခုကို ဖြေ ရှင်းနေရပါ၏။
အင်ကု၏ နတ်နန်းသို့ ယနေ့ညတွင် 神 အို နို ကာနိ(Oဲ no kami ) ဆိုသည့် နတ်သူငယ်မှင်စာတို့၏ အချုပ် နတ်မင်းကြီးသည် နောက်ပါ အခြွေအရံ ဘော်ဒီဂတ်တို့ဖြင့် အပူတပြင်း ရောက်လာပါ၏။
မှင်စာငယ် အင်ကုခမျာ နတ်မင်းကြီးအရှေ့က မြေပြင်မှာနှောင်ကြိုးတည်းခံထားရပြီး ပြားပြားဝပ်လျက် ကြောက်ရွံတုန်လှုပ်စွာ ခစားလျက်ရှိပါသည်။ မကြောက်ပဲလားလေ။နတ်မင်းကြီး၏ မျက်နှာက ဒေါသဖြင့် ရဲရဲနီလျက် ရှိသည်မဟုတ်ပါလား။
နတ်မင်ကြီး ဒေါသ မထွက်ပဲ နေပါ့မလား။ သူ ချမှတ်ထားတဲ့ စည်းကမ်းချက်များထဲက မှင်စာတိုင်းက မဖြစ်မနေ လိုက်နာရမည့် , (တပါးသော အိမ်ထောင်အား မဖျက်ဆီးရ)ဟူသည့် စည်းကမ်းချက်ကို အင်ကုက ချိုးဖေါက်သည်ဟု တိုင်ကြားခံရသည်မဟုတ်လား။
ယခု သူ အုပ်ချုပ်ရသော မှင်စာငယ် အင်ကုသည် ထိုပြစ်မှုကို ကျုးလွန်ထားသော တရားခံ အဖြစ် သူ့ရှေ့တွင် ရှိနေ၏။
နတ်မင်းကြီးသည် လက်ထဲက ကိုင်ဆောင်ထားသော နှင်တံကို တဆဆနှင့် ဒေါပွနေပါ၏။ သူ၏ အရှေ့က ကြိုးဖြင့် အတုပ်ခံထားရသော တရားခံ မှင်စာအား စူးစူးရဲရဲ ကြည့်ရင်း …
” မင်းအပြစ်ကို မင်းသိရဲ့လား အင်ကုငယ်။ ဒီအပြစ်ရဲ့ ပြစ်ဒဏ်ဟာ ဘယ်လောက်ကြီးလေးတယ်ဆိုတာရော သိပါလေစ၊ သင့် အပြစ်ကို ဝန်ခံပါသလား အင်ကုငယ် ”
အင်ကုက ခေါင်းကို မော့မကြည့်ဝန့်။ ငုံ့လျက်သားနှင့် ဖြေရှင်းလေ၏။
” အရှင်နတ်မင်းကြီး ကျွန်တော်မျိုးသည် ကာယကံရှင် မမိန်းကလေး၏ ဆုတောင်းဆန္ဒကိုသာ ဖြည့်ဆည်းပေးခြင်း ဖြစ်ပါတယ်။
နတ်မင်းကြီး အမိန့်ရှိသလို လာဘ်ဦးကိုသာ မလွဲလိုပါသဖြင့် လက္ခံခဲ့ခြင်း ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ကျွန်တော်မျိုးမှာ အပြစ်ရှိသည်ဟု မမှတ်ယူသင့်ကြောင်းပါဘုရား”
နတ်မင်းကြီးသည် မျက်လုံးပြူးသွား၏။ အင်ကု လျှောက်တင်ချက်အတိုင်းဆို သူလည်း အမှုတွဲထဲ ပါနေသယောင်ပင်။ အင်ကုအား ဒေါသဖြင့် လှမ်းကြည့်ရင်း၊
” အံမယ် အံမယ် … မောင်မင်း လျှောက်သလိုဖြင့် ငါလည်း အပြစ်မကင်း ဖြစ်နေရော့မယ် အင်ကုငယ်။
ငါ ပြောတဲ့ လာဘ်ဦးကို သင် မလွဲမရှောင် လက်ခံရမည်ဆိုပေမယ့် ၊ စည်းလွတ်ဘောင်လွတ် လက်ခံခိုင်းခဲ့လို့လားကွဲ့ ။
ဆုတောင်းသူမှာ အိမ်ထောင်ရှိ/မရှိ စုံစမ်းဖို့တော့ မောင်မင်းမှာပဲ တာဝန်ရှိတော့မပေါ့။ ဘယ့်နှယ် ငါ့ကိုပါ အမှုတွဲထဲ ထည့်ပြီး တရားခံဖြစ်အောင် လုပ်နေသလဲ အင်ကုငယ်။အပြစ်ကို လုပ်တုန်းက နင်လုပ်တာလေ။ နင် လုပ်တာ နင်ခံပေါ့ဟဲ့ ”
နတ်မင်းကြီးထံမှ ဒေါသစွက်နေသော ငြီးငြူသံကြောင့် အင်ကုသည် အနည်းငယ် အရဲကိုးစွာ လျှောက်တင်ပြန်၏။
” မှန်ပါ နတ်မင်းကြီး၊
နတ်မင်းကြီး ထင်သလို ကျွန်တော်မျိုးသည် မမိန်းကလေးအပေါ် မဆင်မခြင် ဆန္ဒဖြည့်ခဲ့ခြင်း မဟုတ်ပါဘုရား။ အထင်လွဲမှားခြင်းပါ ဘုရား ”
” သယ်! အင်ကုငယ် လယ်ပြင်မှာ ဆင်သွားသလို သင့်ပြစ်မှုက ထင်ရှားနေတာကို ၊ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးချင်ရော့သလား။ ကာမပိုင်ရှိသော မမိန်းကလေးအား သင် ဖြားယောင်းသွေးဆောင် ပေါင်းသင်းကြောင်း ငါ့ထံသို့ ဒေသခံနတ်ညီတော်နောင်တော်နှစ်ပါးမှ တိုင်ကြားထားတယ်။ ဒီအရေးကို
ကျေနပ်လောက်သည်အထိ အရေးယူခြင်း မပြုပါက ဘိုးတော် သိကြားမင်းအထိ တိုင်မယ်ဆိုပါလား။ ငါ့အနေဖြင့် အပျက်ပျက်နဲ့ နှာခေါင်းသွေး မထွက်စေလို။ ဤအမှု၌ သင် ကျုးလွန်​ကြောင်း ထင်ရှားပါက င့်အား ပြင်းစွာ အရေးယူမည်။ သင့်မှာ မမိန်းကလေးအား မြူဆွယ်ဖျားယောင်းခြင်း မဟုတ်ကြောင်း သက်သေရှိလို့လားဟဲ့ ”
” မှန်ပါ ကျွန်တော်မျိုး လျှောက်တင်ချက်ကို ခေတ္တမျှ သည်းခံတော်မူပြီး ဝေဘန် ဆန်းစစ်ပေးတော်မူပါဘုရား။
ကျွန်တော်မျိုးဟာ မမိန်းကလေး၏ ဆုတောင်းအား ဖြည့်ဆည်းပေးရန် အတွက် သူမအိမ်ကို ကိုယ်ပွား စေလွှတ်ခဲ့ပါတယ်ဘုရား။
မမိန်းကလေးနဲ့ တွေ့ဆုံရာမှာ အ-သာမိကော ၊ သာမိကော သူမ၌ ကာမပိုင်လင်သားရှိ/မရှိ ဦးစွာ ပထမ မေးမြန်းခဲ့ကြောင်းပါဘုရား။
ထိုစဥ်က မမိန်းကလေးမှာ ယင်ဖိုတောင် မသမ်းဖူးတဲ့ အပျို ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်ဘုရား ။ ဒါကြောင့် ကျွန်တော်မျိုးဟာ မမိန်းမကလေးနဲ့ စိတ်ချလက်ချ အတူနေခဲ့မိပါတယ် ဘုရား ။
နောက်အရေးကြီးဆုံး အချက် တချက်က်ိုလည်း အရှင်နတ်မင်းကြီး ဆင်ခြင်သုံးသပ်နိုင်စေရန် လျှောက်တင်ပါရစေဘုရား ။
ဗမာနတ်ကတော်တို့သည် နတ်များနဲ့ လက်ထပ်ရာ၌ ထိုနတ်ကို ကာမ ပေးလှုလို၍ လက်ထပ်ခြင်း မဟုတ်ဟု ကျွန်တော်မျိုး လေ့လာတွေ့ရှိရပါတယ် ဘုရား။ ၎င်းတို့ လက်ထပ်ခြင်းမှာ ၎င်းတို့၏လူသား ဝိဉာဥ် လှပ၍ နတ်တို့မှ နှစ်သက်ကြခြင်းကြောင့်သာ တော်ကောက်ခြင်းခံယူရသူများ ဖြစ်ပါတယ်တဲ့ဘုရား။
ထို့ကြောင့် နတ်ကတော်နှင့် လက်ထပ်ထားသော နတ်သည်အငွေ့ကိုသာ စားသုံးနိုင်သောကြောင့် ကာမပိုင်ဟု မခေါ်ဆိုနိုင်ပါ။ လူသားတို့၏ ကာမပိုင်ဆိုတာ ထိမ်းမြားလက်ထပ်ပြီး စိတ်တူကိုယ်တူ ကိုယ်ချင်းနှီးနှောနိုင်သူ၊ သံဝါသ ပြုနိုင်သော၊ ပြုခွင့်ရှိသော သူကိုသာ ဆိုခြင်း ဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ ကျွန်တော်မျိုးအား တမင်သက်သက် အမှုဆင် ၊ အမှု လာတိုင်ကြားသူများမှာ မမိန်းကလေး၏ ကာမပိုင် ဆိုပါလျင် ထိုအချက်များကို ထည့်သွင်းစဥ်းစားရန် လိုပါတယ် အရှင်နတ်မင်းဘုရား ”
နတ်မင်းကြီးသည် အင်ကု၏ ချက်ကျလက်ကျ လျှောက်တင်ချက်ကြောင့် တိုင်ကြားသူများဘက်ကို လှည့်ကြည့်လိုက်၏။ အကယ်၍ မမိန်းကလေးသည် ကာမပိုင် မရှိပါက၊ အပျိုဖြစ်လေ၏။
တိုင်ကြားသူတရားလိုများမှာလည်း အင်ကု၏ လျှောက်လဲချက်ကြောင့် တဦးမျက်နှာ တဦးကြည့်၍ ဇဝေဇဝါ ဖြစ်သွားကြသည်။
ထိုစဥ် တရား အဆုံးအဖြတ်ကို ပြုမည့် နတ်မင်းကြီးသည်
တရားလိုများဘက်သို့ လှည့်ကာ၊
” ဤအမှု၌ မမိန်းကလေးဟူသော မိန်းမသား၌ ကာမပိုင်လင်သား တရားဝင်ရှိမှာသာ တရားစွဲဆိုထိုက်သည်။ မမိန်းကလေးသည် အင်ကုငယ် ပြောသလို ကာမပိုင်လင်သား မရှိပါက ၊ စွဲချက်အားကျွန်ုပ်မှ လက်ခံဖွယ်ရာမရှိ ။ သင်တို့၌ ကာမပိုင်လင်သားဖြစ်ကြောင်း သက်သေ တင်ပြနိုင်ပါသလော။ ”
တရားလိုများဘက်မှ ဆိတ်ငြိမ်သွား၏။ ဘာပြန်ဖြေရမည်မသိ။ တခဏအကြာ သက်ပြင်းကိုယ်စီချ၍ ထိုင်နေရာမှ ပျောက်ကွယ်သွားကြလေ၏။
ထိုသောအခါမှ ပြားပြားဝပ်နေသော အင်ကုငယ်သည် နတ်မင်းကြီးအား မော်ကြည့်၍ နှစ်လိုဖွယ်ရာ ပြုံးပြလေ၏။
နတ်မင်းကြီးလည်း သူ့လက်အောက်ငယ်သားတို့အား အချက်ပြလိုက်၏။
အင်ကုငယ်အား တုတ်နှောင်ထားသော ကြိုးတို့သည် သူ့အလိုလို ပြေလျော့သွားကြလေ၏။ နတ်မင်းကြီးသည် အင်ကုအား မျက်စောင်းထိုးလိုက်ပြီး
” နင်တော့ သတိထားနော် အင်ကု။ အလျှောက်ကောင်းလို့ အထောင်းသက်သာတယ်မှတ်ပါ ။ နောက်တခါ ရှုပ်ရှုပ်ရှက်ရှက် အသံ ထပ်မကြားရပါစေနဲ့ ။ ကိစ္စပြီးပြီဆိုတော့ ငါတို့လည်း ပြန်တော့မယ် ”
ထိုအခါ အင်ကုသည် လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး၊
” နတ်မင်းကြီး မပြန်ခင်မှာ ကျွန်တော်မျိုးကို အခွင့်တခု ပေးသနားခဲ့ပါ ဘုရား၊ ဒီတညတည်းသာ အဲ့ဒီ အခွင့်အရေးကို ကျွန်တော်မျိုး အား ပေးသနားပါရန် အသနားခံပါတယ် အရှင်နတ်မင်းကြီး ”
နတ်မင်းကြီးက ဘာလဲဟု သဘောဖြင့် အင်ကုအား မျက်မှောင်ကုတ်၍ ကြည့်လေ၏။
အင်ကုသည် သူ့လိုအင်ကို နတ်မင်းကြီးအား နတ်မင်းကြီးထံ အမြန်လျှောက်ထားလိုက်သည်။
နတ်မင်းကြီးသည် ခေတ္တမျှ စဥ်းစားဟန်ပြုအပြီး၊
” ကောင်းပြီလေ၊ သင့့်အား ဒီတညဖြင့် ငါ အခွင့်ပေးတယ် အင်ကုငယ် … ၊ အမှား တစုံတရာ မရှိစေလင့် ”
နတ်မင်းကြီးနှင့် အခြွေအရံတို့လည်း တရားခွင် ပြီးဆုံးပြီ ဖြစ်သဖြင့် ထိုနေရာမှ ပျောက်ကွယ်သွားကြသည်။
အင်ကုလည်း ထိုအခါမှ လွတ်လပ်ပေါ့ပါးသွားလေတော့၏။
တရားစီရင်ခြင်းသည် ညဉ့်ဦးယံကို ကောင်းစွာ ကျော်လွန်သွားခဲ့ပြီ ဖြစ်လေ၏။

+++++++++

အခန်း၃၇-

ဆိုက်ကယ်ကို စီးရသည်အထိ တရကြမ်း စီးလာခဲ့ပြီးနောက်၊ မိညို ကမ်းပါးချောက် မရောက်ခင်မှာ ကံဆောင် ရပ်တန့်လိုက်သည်။ ရှေ့ဆက် စီးရန် မဖြစ်တော့ချေ။ သံသေဓါးကို လက်မှာ ကျစ်ကျစ်ပါအောင် ကိုင်ဆောင်၍ ကိုင်းတောထဲ ပြေးဝင်လိုက်သည်။
သူ ကိုင်းတော၏ အဆုံး ကမ်းပါးယံ မြေသားလွင်ပြင် ရောက်သည့်အခါမှာတော့ သူ့အား အသင့်စောင့်ကြိုနေကြသော နတ်ဆိုးနှင့် စုန်းမ မိညိုကို တွေ့လိုက်ရသည်။
ထို၂ဦး အရှေ့တွင် သူ ချစ်ရပါသော နှင်းနုနှင့် သူ လုံးဝ မမြင်ဖူးသော နိုင်ငံခြားသား လူငယ်တစ်ဦးကိုပါ မြင်လိုက်ရ၏။
နှင်းနုသည် စုန်းမ မိညို၏ အနီးတွင် ရှိပြီး၊ တာကာရှီနိုသည် နတ်ဆိုးနှင့် အနီးဆုံး၌ ရှိလေ၏။
မည်သူ့ကို သူ အရင်တိုက်ခိုက်ရမည်နည်း။ သံသေဓါးကို ဓါးအိမ်မှ ချွတ်ယူ လိုက်သည်။ကောင်းကင်၌ ကြယ်ရောင်တို့သာ ရဇိလေ၏။
ညဉ့်အမှောင်၌ ကံဆောင်၏သံသေဓားသည် ထူးခြားစွာ ပြာလဲ့လဲ့ အလင်းရောင်ကို ဆောင်ယူ တောက်ပနေ၏။
နတ်ဆိုးရော၊ မိညိုပါ ထိုသံသေဓါးကို မြင်တွေ့သွားကြသည့်အခါ မျက်နှာပျက်သွားကြလေ၏။
နတ်ဆိုးက .. မိညိုအား တီးတိုး လှမ်းပြောလိုက်သည်။
” ဟင်! ဒီအကောင့် လက်ထဲမှာ မိစ္ဆာနိုင် သံသေဓါးပါလား မိညို ၊ ဒင်း ဘယ်က ရတာလဲ”
မိညိုမှာ ဉာဏ်ကောင်းသူဖြစ်ရာ၊ ချက်ချင်း အဖြေပေးနိုင်လေ၏။
” ဒင်းက သုဘရာဇာဘသာနဲ့ အတူတွဲနေတာမို့လား ။ ဘယ်က ရရမှာလဲ။ ဘသာဆီကပဲ ဖြစ်မှာပေါ့ ။ ဟိုအကောင် သုဘရာဇာက သင်္ချိုင်းမှာ အနှစ်၃၀မက နေလာတာ ကြာပြီဟဲ့။ သင်္ချိုင်းထဲက ရှေးဟောင်း လောကီရတနာတွေအပြင်၊ သူ့သင်္ချိုင်းကို လေလွင့်လာတဲ့ ဝိဉာဥ်တွေဆီက ရှားပါး ဂမ္ဘီရပစ္စည်းတွေပါ သိမ်းဆည်းထားတာ နည်းမှ မနည်းပဲ ။အဲ့ဒီ သံသေဓါးက ဘသာ က ပေးလိုက်တာပဲ ဖြစ်လိမ့်မယ် ”
” ဒါဆို ငါတို့ ဘာလုပ်ကြမလဲ မိညို ။ သူ့ဓါးနဲ့ ငါ့တို့ ထိလို့ မရတာ နင်လည်း အသိသား ”
” ဟင်းဟင်း နတ်ဆိုးရယ်။ နင်ကလည်း အကြောက်တတ်သားနော်။ ငါ့တို့လက်ထဲမှာ သူ့ချစ်သူ နှင်းနုနဲ့ သူ့ကို ကူညီနေတဲ့ အင်ကုမှင်စာပါ ရောက်နေပြီပဲ။ ဒင်း လက်လွတ်စပယ် လုပ်ရဲပါ့မလား။ လုပ်တာနဲ့ ငါက ဒင်း ချစ်သူကို ဝိဉာဥ် နုတ်ပြီးသားပါ့ ”
ထိုသို့ ပြောအပြီးမှာ စုန်းမ မိညိုသည် သူ့ပညာနှင့် နှင်းနုအား ပြုစားလိုက်၏။ နှင်းနုသည် သူမ၏ လည်ပင်းကို လက်နှစ်ဖက်ဖြင့်ကိုင်၍ …
” အစ် … အစ် … အစ်ကို ကံဆောင် နှင်းနုကို ကယ်ပါအုံး”
နှင်းနုသည် အသက်ရှုရခက်ခဲနေဟန်တူသည်။ မျက်နှာမှာ ပြာနှမ်းလာ၏။ လည်ပင်းကိုလည်း အတင်း ဖျစ်ညှစ်နေသည်ကို ကံဆောင် မြင်တွေ့လိုက်သည်။
ကံဆောင် လက်ထဲက သံသေဓါးကို စုန်းမ မိညိုထံ ပစ်လွှတ်ရန် မြှောက်ကိုင်လိုက်ရာ ၊
” နင့်ဓါးကို ချထားလိုက်စမ်း ကံဆောင် ၊ နင် ဓါးကို မချရင်၊ နင့်ချစ်သူ နှင်းနုကို ငါ အရင်သတ်ပြမယ်ဟေ့ ”
ရှေ့တိုးဟန် ပြင်နေသော ကံဆောင် တုန့်ခနဲ ရပ်သွား၏။ ဓါးကို ကိုင်၍ ရှေ့တိုးရအခက် နောက်ဆုတ်ရအခက် ချီတုံချတုံ ဖြစ်နေလေ၏။
ထိုအခါ နတ်ဆိုးကလည်း၊
” ဟုတ်တယ်။ ဓါးကို ဝေးဝေးလွှင့်ပစ်လိုက် ကံဆောင်။ ငါတို့ ပြောတဲ့အတိုင်း မလုပ်ရင်၊ မင်းချစ်သူအပြင် ၊ ဟောဒီ ငါ့လက်ထဲက အင်ကု ကိုပါ သတ်ပစ်ရလိမ့်မယ် ။ အခု ချက်ချင်း ဓါးကို လွှင့်ပစ်လိုက်ပါ ”
ဟင်! အင်ကု ဆိုပါလား
ကံဆောင်သည် နတ်ဆိုး မြသောင်းအရှေ့က တာကာရှီနိုကို လှမ်းကြည့်လိုက်၏။ သူ, မမြင်ဖူးသော နိုင်ငံခြားသား ကိုလူချောသည် အင်ကု ဖြစ်နေသည်ဆိုပါလား။ အင်ကုသည် အဘယ်ကြောင့် လူသားကဲ့သို့ တန်ခိုးစွမ်းအင် ယုတ်လျော့နေရပါသနည်း။ ကံဆောင် မည်သို့မျှ ဆက်စပ်စဥ်းစား မရနိုင်ချေ။
ကံဆောင်က လှမ်းအော်ပြောလိုက်သည်။
” ငါ့ လာမလိမ်နဲ့ မြသောင်း၊ အဲ့ဒါ ဘယ်နည်းနဲ့မှ အင်ကု မဖြစ်နိုင်ဘူး ”
နတ်ဆိုးမြသောင်းက လှောင်ရယ်ဟန်ပြုသည်။
” ဟင်းဟင်းဟင်း မင်းက မယုံဘူးပေါ့ ကံဆောင်။ ဟောဒီ တာကာရှီနိုဆိုတာ မင်းကို ကူညီနေတဲ့ အင်ကုက ဖန်ဆင်းထားတဲ့ ဒုတိယကိုယ်ပွားပဲကွ။ ပထမ အင်ကုက သူ့နတ်နန်းကနေ ဘယ်မှ ခွာလို့ မရဘူးလေ။ ခွာလို့ မရအောင်လည်း ငါ ကြိုတင် စီမံထားခဲ့တယ် ကံဆောင်ရေ။ အခုချိန်ဆို မင်းရဲ့အင်ကု ရွာပြင်က လက်ပံပင် နတ်နန်းမှာ ဘယ်လောက် ခေါင်းမီးတောက်နေမလဲ မသိရှာဘူး။ ဟောဒီ သူ့ရဲ့ ကိုယ်ပွား တခုခု ဖြစ်ရင် သူ့ထံ ဒဏ်ပြန်မှာ မဟုတ်လား … ဟားဟားဟား ”
နတ်ဆိုးက တာကာရှီနို၏ ခေါင်းကို သူ့လက်တစ်ဖက်ဖြင့် ဖိကိုင်ပြလိုက်ရာ …
ဟင်! အင်ကု
နတ်ဆိုး လက်ထဲတွင် တာကာရှီနိုသည် အင်ကု ဖြစ်သွားလိုက် ၊ တာကာရှီနို ဖြစ်သွားလိုက်နှင့် သဏ္ဍာန်ရုပ်နှစ်ခုမှာ တကိုယ်မှ တကိုယ် ပူးတုံခွာတုံ ဖြစ်နေတော့၏။ ကံဆောင် ယုံကြည်သွားသည်။
စုန်းမ မိညိုက ဒုတိယအကြိမ် ထပ်မံ သတိပေးလိုက်ပြန်သည်။
” ကံဆောင် … နင့်လက်ထဲက ဓါးကို အခုချက်ချင်း ဝေးဝေး ပစ်လိုက်စမ်း ။ ငါ စိတ်တိုရင် နင့်ချစ်သူကို တခါတည်း ဝိဉာဥ် နုတ်ပစ်လိုက်မယ်ဟေ့ ”
ကံဆောင်ကား သက်ပြင်းကို လေးလံစွာ ချလိုက်၏။ သူ ဘာမှ မတတ်နိုင်။ သံသေဓါးကို ခပ်လှမ်းလှမ်းသို့ ပစ်ပေးလိုက်ရင်း …။
” မင်းတို့ နှင်းနုနဲ့ အင်ကုကို ဘာဒုက္ခမှ မပေးပါနဲ့ ။ ငါ မင်းတို့ ခိုင်းတာ လုပ်ပေးပါ့မယ် ”
နတ်ဆိုးသည် ကံဆောင်၏ အားမတန်မာန်လျော့သည့့် လေသံကို သဘောကျစွာ ရယ်မော၏။
သံသေဓါးသည် အရှင်မဲ့စွာ မြေပေါ်၌ စင်းစင်းကြီး လှဲလျောင်းလျက်ရှိလေ၏။
နတ်ဆိုးသည် သူ၏ အစွမ်းဖြင့် သံသေဓါးကို ဖျက်ဆီးရန် ကြိုးစားသည်။
နတ်ဆိုးထံမှ ပြာလဲ့လဲ့ အလင်းတန်းတခုသည် သံသေဓါးပေါ်သို့ ဖျောင်းခနဲ ကျသွား၏။
သံသေဓါးသည် မီးထတောက်သည်။ တခဏအကြာ မီးညွန့်ကျိုး၍ ငြိမ်းသွား၏။
သံသေဓါးသည် အရာမပျက်၊ အပွန်းအစင်းပင်မထင်၊ ပကတိ တည်ရှိနေမြဲပင်။
နတ်ဆိုးသည် ခုနက ပစ်လွှတ်လိုက်သော မီးတောက်ထက် ပြင်းသော မီးညွန့်မီးတန်းဖြင့် ထပ်ပစ်လွှတ်ပြန်၏။
သံသေဓါးသည် အရှိန်တညီးညီးဖြင့် မီး တောက်လောင်ပြန်၏။ သို့သော် မီးငြိမ်းသည့်အခါ ၊ ဓါးရောင်သည် ယခင်ကထက်ပင် ပိုမို တောက်ပြောင်လျက် ရှိနေပြန်၏။ သံသေဓါးသည် မည်သို့ ဖျက်ဆီး ဖျက်ဆီး မပျက်စီးပေ။
ထိုအခါ စုန်းမ မိညိုသည် သူ၏ ပညာခန်းဖြင့် သံသေဓါးကို ပရံနဝါချောင်းရေထဲ ပစ်လွှတ်ရန် ကြိုးစားပြန်၏။
ကံဆောင်နှင့် သံသေဓါးကို ခွဲထုတ်ရန် ကြံရွယ်ကြခြင်း ဖြစ်သည်။
ပထမ၌ ဓါးသည် မြေမှ ကြွလာ၏။ ထို့နောက် မိညို ခိုင်းစေသည့်အတိုင်း ဓါးသည် ပရံနဝါ ချောင်းရှိရာသို့ တဖြည်းဖြည်း ရွေ့လျားပြန်၏။
သံသေဓါး၏ ပင်ကိုယ်အစွမ်းနဲ့ စုန်းမ၏ ပညာ ပြိုင်နေသည်လား မဆိုတတ်။ ဓါးသည် ပရံနဝါချောင်းသို့ လျောလျောရှုရှု မလိုက်။ ရုန်းကန်နေသည့့်အလားပင်။
စုန်းမ မိညိုသည် သံသေဓါးအပေါ် အာရုံစိုက်နေသည်ဖြစ်ရာ၊ နှင်းနုအား ဂရုမစိုက်ိုက်အားပေ။
နှင်းနုသည် သူမ မြင်ရသော ထိတ်လန့်ဖွယ်ရာ မြင်ကွင်းကြောင့် ကြောက်ရွံစိတ် ကြီးစိုးလာသည့့်အခါ သတိလစ် မေ့မြောသွားလေ၏။ နှင်းနု မြေပေါ်သို့ ခွေခွေလေး လဲကျသွားသည်။
ထိုအခါ ကံဆောင်သည် နှင်းနုအတွက် စိုးရိမ်စိတ်ဝင်ကာ စုန်းမ မိညို အနီးက နှင်းနု ထံသို့ ပြေးလာလေ၏။
နတ်ဆိုးသည် ကံဆောင်၏ အရိပ်အခြေကို မျက်ခြေမပြတ် ကြည့်နေသည်ဖြစ်ရာ၊ ကံဆောင် နှင်းနုထံသို့ မရောက်မီ၊ အနီရောင် မီးလုံးတခုကို ပြေးနေသည့် ကံဆောင်ထံ ပစ်လွှတ်လိုက်၏။
” ဝုန်း ”
မီးလုံးသည် ကံဆောင်၏ အရှေ့တည့်တည့့်သို့ ကျ၍ ပေါက်ကွဲလေ၏။ ပေါက်ကွဲမှုကြောင့် ကံဆောင် ခပ်ဝေးဝေးသို့ လွင့်စင်သွားသည်။
မြေပေါ်၌ ကံဆောင် လဲကျသွား၏။ ပါးစပ်မှလည်း သွေးတို့ ပွက်ခနဲ ယိုစီးကျလာသည်။ တီရှပ်အဖြူ ရင်ဘတ်တခုလုံး နီစွေးသွားလေ၏။
တာကာရှီနို(အင်ကု)သည် သူ၏ သခင် ကံဆောင် ထိခိုဒဏ်ရာရသည်နှင့် ကူညီရန်မတ်တတ်ထရပ်လိုက်သည်။
သို့သော် နတ်ဆိုးမြသောင်းက ချက်ချင်းပဲ တာကာရှီနိုအား လက်ဖြင့် ဝှေ့ရမ်း ပစ်လိုက်၏။
အစွမ်းတို့ ပျက်ပြယ်နေသောတာကာရှီနိုလည်း နတ်ဆိုး၏ ရိုက်ချက်ကြောင့် လဲကျလွင့်စင်သွားပြန်၏။
နတ်ဆိုး၏ အရှိန်ပြင်းပြင်း ရိုက်ချက်ကြောင့် တာကာရှီနိုခမျာ ပြန်ထ မလာတော့ချေ။
နတ်ဆိုးသည် သူ လုပ်ချင်တိုင်း လုပ်ခွင့်ရနေသည့်အခါ သဘောကျစွာ ရယ်မောလေ၏။
ကံဆောင်မှာ ဒစ်ရာ ရနေသည့်အကြားက အင်ကု(တာကာရှီနို)အတွက် ထပ်မံ စိုးရိမ်ပူပင်စိတ် ဖြစ်ပေါ်သွားလေ၏။ သို့သော် သူ့ခမျာလည်း ဒဏ်ရာကြောင့် မထနိုင်သေးချေ။
စုန်းမ မိညိုသည် သံသေဓါးက သူ့အား အံတုနေသည့်အခါ ဒေါသထွက်လာပြီး တောက် ခေါက်လိုက်၏။
” တောက်! ”
အသံသည် ကမ်းပါးယံကို ရိုက်ခတ်၍ လိုဏ်သံပင် ထွက်ပေါ်လာ၏။
သံသေဓါးသည် မြေပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျသွား၏။
နတ်ဆိုးမြသောင်းသည် လေ၌ ဝဲပျံ၍ စုန်းမ မိညိုအနီး ရောက်သွား၏။
” မိညို … တို့နှစ်ယောက် အတူပူးပေါင်းပြီး သံသေဓါးကို ပရံနဝါချောင်းထဲ ပစ်ကြရအောင် ”
ထိုအခါ မိညိုက သဘောတူဟန် ခေါင်းငြိမ့်ပြလေ၏။ သူတို့ နှစ်ဦးသည် သံသေဓါး ရှိရာသို့ အတူ လှည့်ကြည့်လိုက်သည်။
ဟင်!
ဟာ!
နှစ်ယောက်စလုံးထံမှ အံအားသင့့်သွားသော အသံများ ပြိုင်တူ ထွက်ပေါ်လာ၏။
သူတို့ အံဩကြသည်မှာက …
သံသေဓါးသည် မြေ၌ တရွတ်တိုက်လျက် ကံဆောင်လာခဲ့သော ကိုင်းတောအစပ်သို့ ထွက်ပြေးသွားသောကြောင့့်ပင်။
နတ်ဆိုးသည် လေ၌ ဝဲပျံ၍ အမြင့်တနေရာ၌ ရပ်တည်ကာ ပြေးနေသော သံသေဓါးထံ မီးအလင်းတန်းများဖြင့် ပစ်ပေါက်လေ၏။
ဝုန်း
ဝုန်း
သံသေဓါး ပြေးရာ လမ်းတလျောက်၌ နတ်ဆိုးထံမှ ပစ်လွှတ်လိုက်သော မီးအလင်းတန်းများကြောင့် ဗုံးကွဲသည့့်အလား တဝုန်းဝုန်း တအုံးအုံးနှင့့် ပေါက်ကွဲကာ မီးတောက်မီးလျံများ ဖြစ်ပေါ်လာ၏။
ထိုအခိုက် ကိုင်းတောအစပ်မှ လူတယောက်က် ထွက်လာပြီး ၊ သံသေဓါးကို ဆင့့်ခေါ်သံ ကြားလိုက်ရလေ၏။
” ဟဲ့ သံသေဓါး … ဆရာသခင်ဆီ အခု အမြန် လာခစားစမ်းဟေ့ … ”
စုန်းမ မိညိုနှင့် နတ်ဆိူးတို့သည် ထိုလူအား မြင်တွေ့လိုက်သည့်အခါ အလွန်အမင်း အံဩသွားကြလေ၏။ ထိုလူကား တခြားမဟုတ်။ ကံဆောင်၏ ဆရာသခင် သုဘရာဇာကြီး ဦးဘသာပင် ဖြစ်လေ၏။
သုဘရာဇာကြီး၏ အနောက်က ကိုင်းတောထဲမှ ခုန်ဆွခုန်ဆွနှင့် ယုန်ဖြူလေးတကောင်ပါ ထွက်လာလေ၏။ ယုန်ဖြူလေးသည် ဦးဘသာနှင့် ယှဥ်လျက် ရပ်လိုက်လေ၏။
ထိုအခါ ယုန်ဖြူလေးမှသည် တဖြည်းဖြည်းချင်း ဖိုးသူတော် တပါးအသွင်သို့ ပြောင်းလဲသွားလေ၏။
စုန်းမ မိညို အံအားသင့့်သွားသည်မှာ သူမပါးစပ်က အသံထွက်သွားသည်အထိပင်။
” ဟင် အရူးသူတော် ”
ဦးသူတော်သည် သူ့ခါးမှာ ချိတ်လာသော ဘူးသီးခြောက်ရေဘူးကို ဖြုတ်ယူ၍ စုန်းမ မိညိုအား မြှောက်ပြလိုက်သည်။ ဦးသူတော်၏ မျက်နှာက စပ်ဖြဲဖြဲ မျက်နှာပေး။
နတ်ဆိုးသည် ချက်ချင်းပဲ မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး ၊
” ငါ သူတို့ကို ထိမ်းထားလိုက်မယ် ၊ နင် နှင်းနုကို ဝိဉာဥ်နုတ်တော့ …”
မိညိုသည် နတ်ဆိုးက သတိပေးသော် နှင်းနုထံသို့ ပြေးသွားလေ၏။
သို့သော် ကောင်းကင်မှ အဖြူရောင် အလင်းတန်းတခု နှင်းနုအနီး ကျလာပြီး ၊ မိညိုထက် စောလျင်စွာ နှင်းနုအား ပွေ့ချီသွားလေ၏။
ထိုအလင်းတန်းသည် ကံဆောင်၏ အနီးသို့ ရောက်လာပြီး၊ နှင်းနု၏ ကိုယ်ခန္ဓာအား အသာအယာ ချပေးလိုက်သည်။ ကံဆောင်သည် အလင်းတန်းကို ကြည့်၍ …
” အင်ကု … ”
အင်ကုသည် ကံဆောင်အား ပြုံးရယ်ပြသည်။ အင်ကုသည် ဒီကို မလာခင်လေးမှာ နတ်မင်းကြီးထံ အခွင့်တခု တောင်းခံခဲ့သည်။
” ဒီတညတော့ ကျွန်တော်မျိုးအား သခင်မြင်ခွင့် တညတာ ပေးသနားပါ အရှင်နတ်မင်းကြီး ”
နတ်မင်းကြီးက အင်ကုအား ထိုအခွင့် ပေးသနားခဲ့သည်။ထို့ကြောင့် အင်ကုအား ကံဆောင်မြင်ခွင့် ရခြင်း ဖြစ်သည်။
ကံဆောင့်ရှေ့မှ အဖြူရောင်အလင်းတန်းသည် ဝှစ်ခနဲ ထွက်သွား၏။ အလင်းတန်းသည် လဲကျ သတိလစ်နေသော တာကာရှီနိိုကိုယ်ထဲထံသို့ ပြေးဝင်သွားခြင်း ဖြစ်၏။
တာကာရှီနို နိုးထလာလေပြီ။ သူ၏ မျက်လုံးများသည် ရဲရဲနီလျက် ရှိလေ၏။ နတ်ကတော် မမိန်းကလေးိန်းကလေး ဆိတ်တကောင်နှင့် ယဇ်ပူဇော်ခဲ့စဥ်က အားပြည့်နေသော မျက်လုံးများသဖွယ်ပင်။
အင်ကုသည် သူ၏ သခင်အား စောင့်ရှောက်ရန် အရန်သင့် ရှိနေလေပြီ။
စုန်းမ မိညိုထံသို့ အရူးသူတော်ထံမှ မီးလုံးတန်းကြီးက ပြေးဝင်လာလေ၏။
မိညို ကြောက်လန့့်တကြားနှင့် စုန်းမီးလုံးများကို ပြန်လွှတ်လိုက်သည်။
မီးလုံးများသည် တဖက်နှင့်တဖက် အရှိန်ပြင်းစွာ တိုက်ခတ်ပြီး လေ၌ တဝုန်းဝုန်းဖြင့် ဆင့့်ကဲဆင့့်ကဲ ပေါက်ကွဲ ကုန်ကြလေ၏။
သို့သော် ပိုမို အရောင်တောက်ပသော မီးလုံးများကို အရူးသူတော်က ပစ်လွှတ်သည့့်အခါ စုန်းမ မိညိုသည် ခုခံရင်း နောက်သို့ တဆုတ်တည်း ဆုတ်နေရ၏။
တကြိမ်တွင် အရူးသူတော်က မီးလုံးများစွာကို ပစ်လွှတ်၍ ၎င်းရပ်နေရာမှ ပျောက်ကွယ်သွား၏။
စုန်းမ မိညိုမှာ မီးလုံးများကို အသေအလဲ ခုခံကာကွယ်နေရသည်ည်ဖြစ်ရာ အရူးသူတော် ပျောက်သွားတာကို မမြင်မိလိုက်ချေ။
မီးလုံးများကို ခုခံကာကွယ်အပြီးမှာ စုန်းမ မိညိုသည် ထွက်ပြေးရန် နောက်သို့ လှည့်လိုက်၏။
သို့သော် သူ လှည့်လိုက်သည့့် တည့့်တည့့်၌ အရူးသူတော်သည် ပြုံးဖြီးဖြီးလုပ်ကာ အသင့့် စောင့်ကြိုနေသည်ကို မြင်လိုက်ရသည်ည်။ အရူးသူတော်၏ လက်ထဲ၌ ဘူးသီးခြောက် ရေဘူးကို အဖုံးဖွင့် ကိုင်ထား၏။
မိညို နောက်ပြန်လှည့်ရန် ပြင်သည်။ သို့သော် အရူးသူတော်က ဂါထာတပုဒ်ဒ်ကို ရွတ်၍ ဘူးသီးခြောက် အပေါက်ဝကို စုန်းမ မိညိုထံ လှည့်လိုက်ရာ …
” အား! အံမယ်လေး …”
မိညို၏ ဝိဉာဥ်သည် မပြေးသာတော့ချေ။ အရူးသူတော်၏ ဘူးသီးခြောက်က ဆွဲငင် ခေါ်ဆောင်ဖမ်းဆီးခြင်းကို ခံရလေ၏။
စုန်းမ ၏ ဝိဉာဥ် ဘူးသီးခြောက်ထဲသို့ ရောက်သည်နှင့် အရူးသူတော်က အဖုံးကို ပိတ်ပစ်လိုက်သည်။
အရူးသူတော်က စုန်းမ မိညိုအား ဆုံးမနေချိန်တွင်၊ သုဘရာဇာကြီး၏ အမိန့်နှင့်သံသေဓါးကလည်း နတ်ဆိုးအား အပြင်းအထန် တိုက်ခိုက်နေလေ၏။ နတ်ဆိုးသည် ယနေ့ည၌ လူသား ၄ဦးကို စတေးထားသည် ဖြစ်ရာ၊ ခွန်အား ပြည့်လျက်ရှိ၏။ သံသေဓါးကို အတော်ပင် ခုခံနေနိုင်သည်ကို တွေ့ရ၏။
အင်ကုသည် နတ်ဆိုး၏ ခုခံနိုင်စွမ်းကိုကြည့်၍ ၊ ကြာလျင် နတ်ဆိုး လွတ်မြောက်သွားနိုင်သည်ကို တွေးမြင်သွားလေ၏။ အဘယ်ကြောင့်ဆိုသော် သုဘရာဇာကြီးသည် ပညာစွမ်းထက်သော်လည်း သီလအားနည်းခြင်း၊ ကိုယ်ခံစွမ်းရည်သက်လုံအား နည်းလာခြင်းတို့ကြောင့် နွမ်းလျနေပြီ ဖြစ်၏။ အင်ကု သူကူမှ ဖြစ်မယ်ဟု တွေးကာ …
နတ်ဆိုးရှိရာသို့ အဖြူရောင် အလင်းတန်းသည် ပြေးဝင်လာ၏။ အလင်းတန်းသည် လျင်မြန်သော အရှိန်နှုန်းဖြင့် နတ်ဆိုး၏ နောက်ကျောကို ဖေါက်ထွင်းသွားသည်။
တဖန် ပြန်လှည့်လာပြီး ရင်ဘတ်ကို ထွင်းဖေါက်သွားပြန်၏ ။ ထိုသို့ နတ်ဆိုး၏ ကိုယ်အနှံ့အပြားကို အကြိမ်ကြိမ် ထိုးဖေါက် ပစ်လိုက်သည်။ မကြာခင် နတ်ဆိုးကိုယ်မှ ပြာလဲ့လဲ့ အလင်းတန်းများ ဖြာဝေလာ၏။
ဖောင်း ဖောင်း ဖောင်း
နတ်ဆိုးကိုယ်အနှံ့အပြားသည် တဖောင်းဖောင်းတဒိုင်းဒိုင်းနှင့် ပေါက်ကွဲသံများ ဆူညံလာပြီး မီးပွင့်လေးများ ဖြာဝေလာသည်။
နတ်ဆိုးသည် တအံတဩနှင့် သူ၏ ကိုယ်ခန္ဓာကို ငုံ့ကြည့်သည်။နေရာအနှံ့ နာကျင်လာသည်။ တခဏအကြာ …
” ဝုန်း ”
မြသောင်းကိုယ်မှာ ပူးကပ်နေသော နတ်ဆိုး၏ ဝိဉာဥ်သည် ပြင်းထန်သော အပူဒဏ်ကြောင့် ကိုယ်မှ ခွာ၍ တစစီ လွင့်ထွက် ပေါက်ကွဲသွားလေ၏။
မြသောင်း၏ အတ္တဘောကိုယ်ကြီးသည်လည်း ထိုအခါမှ မြေပေါ်သို့ ဘုန်းခနဲ လဲကျသွားတော့လေ၏။
နတ်ဆိုးကား အခိုးအငွေ့အဖြစ်တောင် တည်ရှိမနေနိုင်တော့ချေ ။ နိတ္ထိတံရှာလေပြီ။

+++++++++

(ဇာတ်သိမ်း)

အင်းကုန်းရွာလေးသည် ယခုအခါ၌ ငြိမ်းချမ်းလျက် ရှိလေ၏။
မြသောင်းအား ဓါးဖိုးထွေးနှင့် သူ၏ တပည့်၃ဦးအား သတ်ဖြတ်သည့်အမှု၊ နှင်းနုအား ပြန်ပေးဆွဲသည်အမှု၊ နွားခိုးသည့့်အမှုတို့ဖြင့် ဖမ်းဆီး အရေးယူလိုက်သည်။ မြသောင်းကတော့ သူ ဘာမှ မသိဟု အရူးတယောက်က်ပမာ အတင်းငြင်းဆိုနေပါ၏။
ဟန်ဇော်ထွန်းနှင့်နှင်းနုတို့ မောင်နှမက ကံဆောင်အား အသက်သခင် ကျေးဇူးရှင်အဖြစ် လာရောက် ကန်တော့ကြသည်။ ဟန်ဇော်က ပြန်ခါနီးတွင် ၊ ကံဆောင်အား တရင်းတနှီးဖြင့် ,
” ယောက်ဖကြီး — ကျုပ်ညီမကို ခင်များလက်အပ်ပါတယ်ဗျာ။ အနေအထိုင် မတော်တာရှိရင် ရိုက်နှက်ဆုံးမစမ်းပါ ” ဟု စပ်ဖြဲဖြဲနှင့် အပ်နှံသွားလေ၏။
အရင်က သုဘရာဇာကြီးကို ရွာထဲ အဝင်မခံလိုကြသောသူများသည် ယခုအခါ သုဘရာဇာကြီးထံ သွားရောက် လည်ပတ်ကုန်ကြပြီ ဖြစ်လေ၏။
ပို၍ ထူးဆန်းအံဩဖွယ်ရာ ကောင်းသည်မှာ ရွာတောင်ဖျားက အပျိုကြီး၏ မင်္ဂလာဆောင် ပင် ဖြစ်လေ၏။
သတို့သားမှာဂျပန်နိုင်ငံသားဖြစ်ပြီး အပျိုကြီးထက် အသက် အရမ်းငယ်သည်။ဒါ့အပြင် နတ်သားတပါးလိုလည်း ချောမွေ့တည်ကြည်ခန့့်ငြားနေသောကြောင့်ပင်။ ရွာထဲက မိန်းမငယ်တို့မှာ အပျိုကြီးအား မနာလိုာလိုကြဟန်တူ၏။ မလိုက်ဖက်ဟု ကဲ့ရဲ့အတင်းဆိုကြလေ၏။
ထို လူငယ် တာကာရှီနိုနဲ့ ညားမှ ၊ အပျိုကြီး မမိန်းကလေးိန်းကလေး၏ မျက်နှာပေါ်က တင်းတိတ် အညိုအမည်းကွက်များမှာ လုံးဝ အရှင်းး ပျောက်ကွယ်သွားသည်မှာလည်း တရွာလုံး၏ ဟိုးဟိုးကျော် သတင်းတစ်ခု ဖြစ်နေလေ၏။ ယခုအခါ အပျိုကြီးသည် အလွန်ပင် ကြည့်၍ ကောင်းနေ၏။ ချောလာသည်ဟုပင် ဆိုကြလေ၏။
တာကာရှီနိုသည် အပျိုကြီး မမိန်းကလေးိန်းကလေး အပေါ် အတော်ပင်ချစ်ခင်မြတ်နိုးရှာသည်ဟု သတင်းမွှေးသည်။
ချိုးရေ အတွက် တွင်းရေ ငင်ပေးခြင်း ၊ ခြေဆုံးခေါင်းဆုံး လိမ်းရန် သနပ်ခါး သွေးပေးခြင်း ၊ မမိန်းကလေးိန်းကလေး ဆောင်ရွက်ရမည့် တာဝန်များကို ဒိုင်ခံ ဆောင်ရွက်ပေးခြင်း စသဖြင့် မယားအပေါ် အလွန် တာဝန်ကျေပွန်လေ၏။
သို့သော် ထိုသို့ မမိန်းကလေးိန်းကလေးအပေါ် အလွန် ချစ်မြတ်နိုးပါသည်ဆိုသော တာကာရှီနိုသည် ၂၁ရက် ပြည့်မြောက်သော နေ့၌ ရွာမှ ပျောက်ခြင်းမလှ ပျောက်သွားလေ၏။
သို့ပေမဲ့ မမိန်းကလေးိန်းကလေး၏ အခန်းထဲ၌ ဂျပန်ခေတ်က ဟု ယူဆရသော သံသေတ္တာငယ်တလုံးကို ထားသွားခဲ့ပါ၏။
ထိုသေတ္တာထဲ၌ ရွှေချောင်း အနည်းငယ်၊ ဂျပန်စစ်က် အရာရှိငယ် ဝတ်စုံ တစုံနှင့် လက်ဖတင်နင် တာကာရှီနို ဟူသော နေ့စဥ်ဒိုင်ယာရီ စာအုပ်တအုပ် ထားသွားခဲ့၏။
ထူးဆန်းသည်မှာ

ထိုစာအုပ်ထဲမှ ဓာတ်ပုံဖြစ်လေ၏။ဓာတ်ပုံထဲ၌
တာကာရှီနိုနှင့် မမိန်းကလေးကလေးတို့သည် ဂျပန်ရိုးရာဝတ်စုံကိုယ်စီနှင့် လက်ထပ်ပွဲ ဆင်နွဲနေသော ဓာတ်ပုံ ဖြစ်နေပါ၏။
ပို၍ ပို၍ ထူးဆန်းသည်မှာ
ရွာပြင်က လက်ပံပင် အင်ကုနတ်နန်းမှ အင်ကု နတ်ရုပ်တုသည် တာကာရှီနိုနဲ့အတူ ပျောက်ဆုံးသွားခြင်းသာ။
မမိန်းကလေးကတော့တနေ့ပြီးတနေ့ ဆူဖြိုးစပြုလာတဲ့ သူမရဲ့ ဝမ်းဗိုက်ကို လက်ဖြင့် အသာပွတ်ရင်း အရူးမကြီးတယောက်လိုပါပဲ။ မျက်ရည်လေး တလည်လည်နဲ့ သီချင်းတပုဒ်ကို ထပ်ခါထပ်ခါ ညီးတွားတတ်လေ၏။
” ပရံနဝါ ချောင်းရိုးတလျောက်မှာ ပျော်တဲ့ မယ့်သခင် ချစ်လင်ရေ —
လွမ်းစာခွေ အရောက်ာက်ပါးချင်ရဲ့ —
မယ့်ဝမ်းကြာတိုက်မှာ သခင့်သွေးကို လွယ်ထားပြီမို့၊
မယ့်သားကို — ဟောဒီက မယ့်သားကို ‘အဖေ’ ခေါ်ခွင့် ပေး ဟေး ဟေး ”
အချစ်ရူးမကြီး မမိန်းကလေးရဲ့ လွမ်းတေးက ပရံနဝါချောင်းရိုးအတိုင်း စီးမျောသွားခဲ့မယ်ဆိုရင် —
အင်ကု တယောက်တော့ဖြင့် ကြားနိုင်မယ်ထင်ပါရဲ့လေ။

ပြီးပါပြီ။
ပီပီ(မန္တလေး)

Leave a Comment