အင်းကြီးတစ္ဆေ

အင်းကြီးတစ္ဆေ (စ-ဆုံး)
ရေးသားသူ—ဆရာတာတေ
+++++++++++

ကျုပ်တို့အညာမှာတော့ အင်းမရှိဘူးပေါ့ဗျာ။
အဲ– မန္တလေးမှာတော့ တက်သေးအင်းတို့ တောင်သမန်အင်း
တို့ရှိတာပေါ့ဗျ။တာတေ အောက်ပြည်ကအင်းတွေရှိတဲ့
ဒေသကိုသွားတုန်းကပေါ့။ ကျုပ်က ကိုဆိပ်ဖွားနဲ့လိုက်
သွားတာဗျ။လေးလေးဆိတ်ဖွားအကြောင်းကို ကျုပ်
ရေးခဲ့တဲ့ ပင်လယ်စုန်းဝတ္ထုမှာ ဖတ်ကြည့်ရင် သိမှာပါ။
လေးလေးဆိပ်ဖွားက အောက်ပြည်က ငပိ ငါးခြောက်
တွေယူပြီး ကျုပ်တို့ဘက်က အညာရွာတွေမှာရောင်းတာ
လေဗျာ။ငပိဖိုး ငါးခြောက်ဖိုးတွေကို အောက်ပြည်ဆင်း
ခါနီးတော့မှာလိုက်သိမ်းတာဗျ။ဒီတော့လည်း လူတိုင်းက
ဝယ်ကြတာပေါ့။တချို့ကလည်းလက်ငင်းပေးကြတာပါ။
လေးလေးဆိပ်ဖွားက ငပိ ငါးခြောက်အဝယ်သွားတော့
ကျုပ်ကလိုက်သွားတာဗျ။ရွာနာမည်ကိုက အင်းရွာကြီး
တဲ့ဗျ။ရွာလည်မှာ လယ်လုပ်သူတွေက များပါတယ်။
ဒါပေမယ့် အင်းကြီးတွေ ငါးအင်း ခြောက်အင်းရှိတယ်ဗျ
ဗျက်ကြီးအင်း ကုလားပုအင်း ရိုးကြီးအင်း ရေပြန်အင်း
ဇောင်းတလားအင်း ခေါင်းပြတ်အင်းတဲ့ဗျို့။
အင်းတအင်းစီမှာ အင်းသူကြီး တစ်ယောက်ဆီရှိတာပေါ့
ဒီအင်းတွေကို နှစ်တိုင်းအစိုးရဆီမှာလေလံဆွဲယူကြရတာ
လေလံအောင်မှ အင်းလုပ်ခွင့် ရတာလေဗျာ။
ဒီနယ်တွေမှာတော့ အင်းသူကြီးဆိုတာ လူချမ်းသားတွေ
ချည်းပဲဗျ။အင်းသူကြီးသား အင်းသူကြီးသမီးဆိုရင်
မျက်နှာပွင့် လိုက်ကြတာလွန်ရောဗျာ။ ဒါပေမယ့်
တောင်သူလယ်လုပ် ဝါးခုတ်သူတွေကတော့ သူတို့ကို
ရှောင်ကြတယ်ဗျ။အကုသိုလ်ကြောက်ကြလို့ပေါ့။
သူတို့ပြောတဲ့ အင်းသူကြီး ဇာတ်လမ်းတွေကများသား။
ဘုရားမမြင်တော့လို့ အင်းတိုင်ကိုရွှေချပြီး ရှိခိုးတဲ့အင်း
သူကြီးတို့ ဘာတို့ပေါ့ဗျာ။ တကယ်ဟုတ် မဟုတ်တော့
ကျုပ်လည်းမသိဘူးဗျ။
အင်းရွာကြီးကိုရောက်တော့ လေးလေးဆိပ်ဖွားကသူ့
မိတ်ဆွေတစ်ယောက်အိမ်မှာတည်းတယ်ဗျ။သူတို့ကတော့
လယ်သမားတွေပါ ယောင်္ကျားက ကိုဘမောင်တဲ့။
မိန်းမက မဒေါင်းတဲ့။လွှတ်သဘောကောင်းတဲ့ လင်မယား
ပါဗျာ။သားသမီးလည်း မရှိကြဘူး။ တူတွေ မောင်တွေကိုပဲ။
သားသမီးလို သဘောထားပြီး ကျွေးမွေးနေကြတာ။
ကိုဘမောင်ဆိုတာက အရပ်ရှည်ရှည်ကြီး နှုတ်ခမ်းမွှေး
ကုတ်ကုတ်ကြီးနဲ့ သူ့မိန်းမ မဒေါင်းက အသားခပ်လတ်
လတ် ရုပ်ကလည်း ရွက်ကြမ်းရေကြိုပဲဗျ။နေတာကတော့
အိမ်ကောင်းယာကောင်းနဲ့။လယ်ပိုင် ချောင်းပိုင်ဆိုပဲဗျ။
လေးလေးဆိပ်ဖွားက အင်းသူကြီးတွေအိမ်မှာ ငါးခြောက်
တွေ ငါးပိတွေဝယ်တာပေါ့ဗျာ။ ကိုဘမောင်ကပဲဦးဆောင်
ပြီး လိုက်ပို့တာဗျ။ ကျုပ်လည်းတကောက်ကောက်ပေါ့ဗျာ
လှိုင်းကြပ်ခွပ်လေးတွေ တဖျပ်ဖျပ်ထနေတဲ့ အင်းရေပြင်
ကျယ်ကြီးကို မြင်ရတာနဲ့တင် ကျုပ်ပျော်နေတာဗျို့။
တစ်ခုပြောရဦးမယ်။ကိုဘမောင်က လေးလေးဆိပ်ဖွားကို
နာမည်အရင်းပဲ ခေါ်တာဗျ။လေးလေးဆိပ်ဖွားရဲ့
နာမည်အရင်းက ကိုသောင်းလေဗျာ။
“ဟေ့ကောင် ငသောင်းငါ့တို့ဒီနေ့ ဇောင်းတလားအင်းမှာ
သွားဝယ်မယ် ဇောင်းတလားအင်းသူကြီးက ဦးစံခိုတဲ့ကွ
ငါနဲ့တော်တော်ရင်းနှီးတယ်။ သူ့မိသားစုစားဖို့ရော သူ့အလုပ်
သမားတွေစားဖို့ပါ တစ်နှစ်စာ ငါ့ဆီမှာ ဆန်ပိုစားအပ်
ထားတာကွ။နှစ်လတစ်ခါလောက်ဘောက်တူနဲ့
မြို့ကဆန်စက်တွေမှာ ဆန်ပိုစားကြိတ်ရတယ်”
“ဟေ ဟုတ်လား အင်းသူကြီးနဲ့မင်းနဲ့က လူခင်တွေဆိုတော့
ကောင်းတာပေါ့ကွ ဘမောင်ရ သွားကြမယ်လေ”
ကျုပ်က ခင်ဗျားနားလည်အောင် ပြောချင်တာတစ်ခု
ရှိတယ်။ဆန်ပိုစားဆိုတာက အောက်ပြည်အောက်ရွာ
တွေရဲ့ဓလေ့တစ်ခုပေါ့ဗျာ။ ဒီလိုဗျ။ဆန်ပိုစားကြိတ်တဲ့သူ
ဆိုရင် ခင်ဗျားမှာဘောက်တူဖြစ်ဖြစ် သမ္ဗန်ဖြစ်ဖြစ်ရှိရတဲ့
ရွာထဲက ခင်ဗျားနဲ့ရင်းနှီးတဲ့လူတွေက ခင်ဗျားဆီမှာ
ဝမ်းစားအတွက် ဆန်ပိုစား အပ်ထားကြတယ်။သူတို့
မိသားစုမှာ ဆန်လိုပြီဆိုရင် ခင်ဗျားက ဆန်ပိုစားအပ်
ထားတဲ့ လူတွေရဲ့အိမ်ဆိပ်မှာ လှေကြီးကပ်ပြီး စပါးအိပ်
တွေ ထမ်းတင်ရတယ်။အဲ့ဒီလိုတအိမ်ပြီး တစ်အိမ်လိုက်
ပြီး စပါးတွေတင်ပြီး သွားကြိတ်ခွဲပေးရတယ်။
ကြိတ်ခွဲပြီးရင် ဆန်ကိုသွားပြန်အပ်ပေးရတယ်။စပါးဆယ်
တင်းကိုဆန်လေးတင်းပြန်အပ်ရတယ်။ပိုတဲ့ဆန်နဲ့
ဆန်ကွဲတွေကို ခင်ဗျားရောင်းစားလို့ရတယ်။အဲဒါကြောင့်
ဆန်ပိုစားလို့ခေါ်တာလေဗျာ။ကျုပ်ရယ် ကိုဘမောင်ရယ်
လေးလေးဆိပ်ဖွားရယ် ဇောင်းတလားအင်း ကိုရောက်တော့
အင်းသူကြီးဦးစံခိုက ခင်ခင်မင်မင်နဲ့ကြိုဆိုတယ်ဗျ။
ကိုဘမောင်နဲ့က တော်တော်ခင်သလိုပဲ။
အင်းသူကြီးက အသက်သိပ်မကြီးသေးဘူး။ကျုပ်စိတ်
ထင်တော့ ငါးဆယ်တောင်ကျော်မယ် မထင်ဘူးဗျ။
“ဟာ ကိုဘမောင်လာဗျ- -ထိုင်ကြပါ”
စားပွဲခုံမည်းမည်းကြီးရဲ့တစ်ဘက်တစ်ချက်မှာ ခုံတန်း
လျားကြီးနှစ်လုံးချထားတာဗျ။အင်းသူကြီးကတစ်ဘက်မှ
ထိုင်လို့။ကျုပ်တို့သုံးယောက်က ဒီဘက်တန်းလျားမှာ
ထိုင်လို့ပေါ့ဗျာ။
“အင်းသူကြီး ဒါကျနော်သူငယ်ချင်းမောင်သောင်းပါ
ဒါက မောင်သောင်းနဲ့ပါလာတဲ့သူငယ် မောင်တာတေတဲ့
ဗျ။သူတို့က ထနောင်းကုန်းကပါ ငါးပိ ငါးခြောက်လေးတွေ
ဝယ်ချင်လို့တဲ့ အဲဒါကျနော်က အင်းသူကြီးဆီကိုလိုက်
ပို့တာ”
“သြော်— အညာကလာကြတာကိုး ရှိပါတယ်ဗျာ
ရှိပါတယ် ငါးပိကောင်ဆိုရင်လည်း ငါးဖယ်ငပိကောင်
ငါးခူငပိကောင် ငါးရံ့ငပိကောင် ကြိုက်တာရပါတယ်
ငါးခြောက်ဆိုရင်လည်း ငါးခုံးမခြောက်ကစပြီး ငါးရံ့
ခြောက်ကြီးတွေအထိ အစုံရှိပါတယ် စျေးကတော့
အစားစားပေါ့ဗျာ ကျုပ်ဆီမှာ ဝယ်လို့ကတော့ စျေး
မများစေရဘူး အခုဟာက ကိုဘမောင်လည်း
ပါလာတာဆိုတော့ တတ်နိူင်သလောက် ကျုပ် လျော့
ပေးပါ့မယ်”
လေးလေးဆိပ်ဖွားကိုငပိတွေ ငါးခြောက်တွေပြတယ်
စျေးညှိကြ စျေးဆိုကြနဲ့အရောင်းအဝယ်စကားပြောကြ
တာပေါ့ဗျာ။နောက်ဆုံးတော့ လေးလေးဆိပ်ဖွားက
သူ့မှာပါလာသမျှ ငွေတွေ အကုန်လုံးနဲ့ ဝယ်လိုက်ရောဗျို့
အင်းသူကြီး ဦးစံခိုရဲ့ငပိ ငါးခြောက်တွေကို လေးလေး
ဆိပ်ဖွားတော်တော်သဘောကျသွားရတယ်။အင်းသူကြီး
ရဲ့အလုပ်သမားတွေက ရာဇူကြီးနဲ့ချိန်တာပေါ့ဗျာ။
ရာဇူဆိုတာ သစ်သားမောင်းတံမည်းမည်းကြီးနဲ့ချိန်
ခွင်အကြီးကြီးကိုပြောတာဗျ။တောင်းတစ်လုံးထည့်ပြီး
ချိန်နိူင်တာပေါ့။အလေးဆိုရင်လည်း ငါးပိဿာအလေး
ဆယ်ပိဿာအလေးတင်နိူင်တယ်ဗျ။ကျုပ်က ငပိ
ငခြောက်တွေချိန်တုန်းရှိသေးတယ်ဗျ။
“အင်းသူကြီး–အင်းသူကြီး–ငထော်ဘာဖြစ်မှန်းမသိလို့ဗျ”
အသက်သုံးဆယ်လောက်ရှိတဲ့လူတစ်ယောက်
မျက်လုံးပြူး မျက်ဆန်ပြူးနဲ့အင်းသူကြီးရဲ့တိုက်ခံအိမ်ကြီး
ထဲကို အပြေးအလွှားဝင်လာတာဗျ။အပေါ်ပိုင်းမှက
ဘာအင်္ကျီမှ ဝတ်မထားဘူး။အလုပ် လုပ်ရင်းနဲ့ပြေးလာ
တဲ့ပုံပဲ။ကျုပ်တို့သုံးယောက်လည်း လှည့်ကြည့်ကြတာပေါ့ဗျာ။
“ဟေ့ကောင် –ငရွဲ့ရှင်းရှင်းပြောစမ်း ငထော်ကဘယ်လို
ဖြစ်တာတုံး”
ငရွဲ့ဆိုတဲ့လူက မျက်လုံးကြီးပြူးပြီးအလန့်တကြားနဲ့
ပြောတာဗျို့။
“ကျုပ်ရယ် ငထော်ရယ် စံမြတို့ညီအစ်ကိုရယ် အင်းကြီး
မြောက်ဘက်က ငမုတောဘက်မှာ ပိုက်ဆွဲနေကြတာဗျ
ငထော်ကလှေကိုပဲ့ကိုင်ပေးနေတာ။အကောင်းသားကနေ
အောင်မလေးဗျ သေပါပြီလို့ အသံနက်ကြီးနဲ့ ထအော်ပြီး
လှေပေါ်ကနေ ရေထဲကိုပြုတ်ကျသွားတာဗျ။
ကျုပ်တို့လည်း
လန့်ပြီး ဆွဲလက်စပိုက်ကိုပစ်ချ ငထော်ကိုရေထဲဆင်းစမ်း
ပြီး လှေပေါ်ကိုဆွဲတင်ကြရတာဗျ။လှေပေါ်ရောက်ကတည်းက
ပါးစပ်ကအမြှုပ်တွေ ထွက်ပြီးဆန့်ငင်ဆန့်ငင်ဖြစ်နေတာ
သူကြီးရဲ့”
“ဟေ– အခု ဘယ်မှာတုန်း”
အင်းသူကြီးဦးစံခိုက ထိုင်နေရာကနေ ချက်ချင်းဝုန်းကနဲ
ထတော့တာဗျို့။
“ဟိုနားမှာ လှေဆိုက်ထားတယ်သူကြီး
ကုလားမန်ကျီးပင်ကြီးအောက်မှာဗျ”
အင်းသူကြီးကရှေ့ကနေ ပြေးထွက်သွားတယ်။
လာပြောတဲ့ငရွဲ့ဆိုတဲ့လူက နောက်ကလိုက်တယ်
အဲ့နောက်က ကိုဘမောင်ကပြေးလိုက်သွားတယ်။
ကျုပ်နဲ့လေးလေးဆိပ်ဖွားလည်းပြေးလိုက်ခဲ့ကြတာပေါ့
ဗျာ။ကျုပ်တို့နောက်မှာ ရာဇူချိန်နေတဲ့ အလုပ်သမား
နှစ်ယောက်လည်း ပါလာကြတယ်။ကုလားမန်ကျီးပင်
အောက်ရောက်တော့ ပိုက်ဆွဲတဲ့လှေကြီးပေါ်မှ စန့်စန့်
ကြီးလဲနေတဲ့လူရဲ့ဘေးမှာ လူနှစ်ယောက်ထိုင်ပြီး
ကြည့်နေကြတယ်။
“ဟေ့ကောင် စံမြ ငထော်လှုပ်သေးလား”
အင်းသူကြီးက လှေဘေးကိုဆင်းပြီး ငထော်ဆိုတဲ့လူကို
ငုံကြည့်တယ်။ကျုပ်တို့လည်း ဝိုင်းကြည့်နေတာပေါ့ဗျာ။
“မင်းတို့ဟာက မဟုတ်သေးပါဘူး ငထော်က အသက်မှ
မရှိတော့တာဟ နေပါဦးကွ ဒီကောင့်ဗိုက်ကြီးက ဘယ်
လိုဖြစ်လို့ ပြားချပ်နေတာတုန်း”
“ကျုပ်တို့လည်း မသိဘူးဗျ သူကြီးရ အကောင်းသား
ကြီးလှေလှော်နေရင်းကနေ အသံနက်ကြီးနဲ့အော်ပြီး
ရေထဲကိုဝုန်းကနဲပြုတ်ကျသွားတာပဲဗျ”
“ဟေ့ကောင် ငရွဲ့လှေထဲကဓါးသွားယူစမ်း ငါမင်္ကာဘူး”
အင်းသူကြီးရဲ့အမိန့်နဲ့ ငထော့်အလောင်းကိုမြေပေါ်ချပြီး
အင်းသူကြီးကိုယ်တိုင်ဗိုက်ခွဲကြည့်တယ်ဗျ။
အင်မတန်ခေါင်တဲ့ဒေသက အင်းကြီးတစ်အင်းထဲမှာဗျာ
ကိုယ်ကြိုက်တာကိုလုပ်လို့ရတာပေါ့။ပုလိပ်တွေ
ရဲတွေ ဘယ်ရှိမတုန်း
“ဟာ— ”
ဒီအသံကအင်းသူကြီးဦးစံခိုရဲ့အသံဗျ။
“ဟာ – ဟာ – ဟာ – ဟာ ”
ဒီအသံတွေကတော့ ကျုပ်တို့ဝိုင်းကြည့်နေကြတဲ့လူတွေ
ရဲ့အံ့သြတဲ့အသံတွေပေါ့ဗျာ။ အံ့သြမယ်ဆိုရင်လည်း
အံ့သြစရာပဲလေ။ငထော့်ဗိုက်ကိုခွဲကြည့်တော့
ဗိုက်ထဲမှာ အူတွေ အသည်းတွေဟာ ဘာမှမရှိတော့ဘူးဗျ
ဒါကြောင့် ငထော့်ရဲ့ဗိုက်ကပြားချပ်နေတာကိုး။
အင်းသူကြီးက မျက်မှောင်ကြုပ်ပြီး ခေါင်းရမ်းတယ်။
ပြီးတော့ ပုဆိုးဟောင်းတစ်ထည်ယူပြီး ငထော့်အလောင်း
ရဲ့ဗိုက်မှာတင်းတင်းစီးလိုက်တယ်။
နောက်တော့အင်းသူကြီးရဲ့က အနောက်ဘက်က
သဘော့တောထဲမှာ
ကျင်းနက်နက်တူးပြီး ငထော့်အလောင်းကို သဂြိုလ်
လိုက်ကြတယ်။ သဘော့တောဆိုတာ သဘော့ပင်တွေ
ချည်းပေါက်တဲ့နေရာလေဗျာ။ဘဘော့ပင်ဆိုတာ
အောက်ပြည်မှာ ဖျာကြမ်းကြီးတွေရက်တဲ့အပင်ပေါ့ဗျ။
“သနားပါတယ်ဗျာ ငထော့်ဆိုတဲ့ကောင်လေးက
ဆွေမျိုးမရှိ တစ်ကောင်ကြွက်ဗျ။ဟို — ပင်လယ်ဘက်နေ
ကျုပ်အင်းကိုရောက်လာပြီး အလုပ် လုပ်နေတာ”
အင်းသူကြီးက ငထော့်အတွက်စိတ်မကောင်းဖြစ်ပြီး
ပြောတာဗျ။ကျုပ်ဖြင့်ဒီအဖြစ်မျိုးကိုတစ်ခါမှ မမြင်ဘူးတာ
ပါ။လူတစ်ယောက်အကောင်းကနေ အသံနက်ကြီးနဲ့။
အော်ပြီးသေသွားတယ်။သေတော့ ဗိုက်ထဲမှာ အူတွေ
အသည်းတွေ နှလုံးတွေ ဘာမှ မရှိတော့ဘူးဖြစ်သွားတယ်။
ငထော်ကိုသဂြိုလ်ပြီးတော့ အင်းသူကြီးက သူ့အလုပ်
သမားတွေအားလုံးကိုစုလိုက်တယ်။အလုပ်သမား
တွေနေတဲ့တဲကြီးက အကြီးကြီးဗျ။ခြေတံရှည်ဆောက်ထား
တာ။ဒါမှမိုးတွင်းဘက် ရေဝင်ရင်ရေလွတ်မှာပေါ့ဗျာ။
အလုပ်သမားတွေ အားလုံးစုံတော့ အင်းသူကြီးက
သူ့လူတွေကိုမေးတယ်။
“မင်းတို့ငါ့ကို အမှန်အတိုင်းပြောကြစမ်းကွာ ညက
ငထော်ဘာလုပ်တုန်း”
အင်းသူကြီးမေးတာကို ဘယ်သူမှမဖြေကြဘူးဗျ။
“ဝုန်း ဝုန်း”
“ကျွိ ကျွိ ကျွိ”
“ဝုန်း ဝုန်း ဝုန်း”
“ဟာ — ဘာဖြစ်တာတုန်း အောင်မလေး ငလျင်လှုပ်တာ
များလား”
ခြေတံရှည်တဲအိမ်ကြီးက သွက်သွက်ခါအောင်ကိုရမ်း
နေတာဗျို့။အလုပ်သမားတွေဆိုတာလန့်ပြီးအော်တာ
ကျွတ်ကျွတ်ကိုညံ့ရော။
“ဟေ့ကောင်တွေ မြန်မြန်ပြော မပြောရင်း မင်းတို့တဲပြို
ကျလိမ့်မယ်”
အင်းသူကြီးက ဒေါသနဲ့အော်ပြောတယ်ဗျ။
“ငထော်ညက အင်းသူကြီးတင်ထားတဲ့လမုတောက
ကြက်ကြော်နဲ့အရက်ပုလင်းကိုသောက်ပစ်လိုက်တယ်
ဗျ။ကျုပ်တားတာ ကျုပ်ကိုထိုးမယ်ကြိတ်မယ်လုပ်လို့
မပြောတော့ဘဲ ကြည့်နေလိုက်ရတာဗျ။ကြက်ကောင်လုံး
ကြော်ကြီးလည်း ကုန်ကော အရက်ပုလင်းလဲကုန်ကော
ပဲဗ်”
“ဘာကွ— ငရွဲ့ ငထော်က ငါအင်းကြီးတစ္ဆေတင်ထား
တဲ့ကြက်ကောင်လုံးကြော်ကြီးကို အကုန်စားပစ်ပြီး
အရက်တစ်ပုလင်းလုံးကုန်အောင် သောက်ပစ်တယ်
ဟုတ်လား ။ဖြစ်မှဖြစ်ရလေကွာ..”
“ဝုန်း– ဝုန်း– ဝုန်း ကျွိ – ကျွိ”
ခြေတံရှည်တဲအိမ်ကြီးက သွက်သွက်ခါနေတော့တာပဲဗျို့
နေခင်းကြောင်တောင်ကြီးမှာ ဒီလိုမျိုးဖြစ်တာ
ကျုပ်မကြုံသေးပါဘူးဗျာ။
“တစ္ဆေကြီးကျုပ်တောင်းပန်ပါတယ်။ကျုပ်လူတွေက
တစ္ဆေကြီးကို စော်ကားသလို ဖြစ်သွားတဲ့အတွက်
တောင်းပန်ပါတယ်ဗျာ ဒီနေ့ညနေနွားရိုင်းသွင်းချိန်
ကျရင် ကြက်နှစ်ကောင်ကြော်ပြီး အရက်ပုလင်းနဲ့
နှစ်ဆတင်မြှောက်ပါ့မယ်။ကျေနပ်ပါဗျာ..ကျေနပ်ပါ
အင်းကြီးတစ္ဆေခင်ဗျား”
ဟော — ငြိမ်သွားပြီဗျို့။တဲအိမ်ကြီးကိုကိုင်ပြီးမလှုပ်တော့
ဘူးဗျ။ကျုပ်တို့လည်း အင်းသူကြီးနဲ့အတူတူပဲ
သူ့ရဲ့တိုက်ခံအိမ်ကြီးကိုပြန်လာခဲ့ကြတယ်။
အိမ်ရောက်တာနဲ့ သူ့လူတွေကိုကြက်ကြီးကြီးနှစ်ကောင်
ဝယ်ပြီးကြော်ခိုင်းတယ်ဗျ။အရက်ကလည်းကောင်း
ကောင်းနှစ်ပုလင်းဝယ်ခိုင်းတယ်ဗျ။
“ကျုပ်ဒီအင်းကိုမရခင်ကတည်းက ဒီတစ္ဆေဒီဇောင်းတ
လားမှရှိနေတာဗျ။ကျုပ်ကိုအိပ်မက်ပေးတယ်။
သူ့ကိုတစ်လတစ်ခါ အရက်နဲ့ကြက်ကြော်ကြွေးပါတဲ့သူ
ဒီအင်းကြီးကို စောင့်ရှောက်ပါ့မယ်တဲ့ဗျာ။
ကျုပ်ဖြင့်ဒီတုန်းက အိပ်မက်မို့သာပေါ့ ကြောက်လိုက်တာ
ကိုဘမောင်ရာ အိပ်မက်ထဲမှာ မြင်ရတဲ့အင်းကြီတစ္ဆေ
ဆိုတဲ့ကောင်ကြီးက နည်းတာကြီးမဟုတ်ဘူးဗျ”
“အဲဒါနဲ့သူကြီးက အမြဲတင်နေရတာပေါ့”
“ဒါပေါ့ဗျ– ကျုပ်ကသူ့ကိုစေတနာနဲ့ကျွေးတာပါဗျာ
ခုချိန်ထိတစ်လမှကို မပျက်သေးဘူး ကျုပ်တို့ကိုလည်း
စောင့်ရှောက်ပါတယ်။ကျုပ်တို့မှာ သူစောင့်ရှောက်ပေးလို့
စီးပွားဆိုတာတက်လိုက်တာ မပြောနဲ့ဗျာ”
“နို့ — နေပါဦး သူကြီးရဲ့ သေသွားတဲ့ကိုထော်ကအူတွေ
အသဲတွေမရှိတော့တာ ဘာဖြစ်လို့တုန်းဗျ”
ကျုပ်က အင်းသူကြီးကိုမေးလိုက်တာဗျ။ဒီတော့
ကိုဘမောင်က မျက်နှာပျက်သွားပြီး အတင်းပြာပြာသလဲ
ဝင်ပြောတယ်ဗျ
“ဒါက ဟော့ဒီငပိကုန်သည်မောင်သောင်းနဲ့ပါလာတဲ့
မောင်တာတေပါအင်းသူကြီး မောင်တာတေကဆရာ
သမားတွေနဲ့မကြာမကြာလိုက်ဖူးတော့ ဒီကိစ္စတွေမှာ
ဗဟုသုတရှိသင့်သလောက်ရှိတဲ့သူပါသူကြီး ပြီးတော့
သူက ဒါမျိုးတွေကို
တော်တော်စိတ်ဝင်စားတာဗျ သူကြီးရ”
အင်းသူကြီးက ကျုပ်ကိုသေသေချာချာကြည့်ပြီးပြောတာဗျ။
“သြော် ဒီလိုကွဲ့မောင်တာတေရဲ့ အင်းကြီးတစ္ဆေက
တော်တော်ကြမ်းတဲ့နာနာဘာဝကောင်ကြီးကွ
သူ့ကိုတင်မြှောက်ကျွေးထားတဲ့ အစားအသောက်တွေ
ကို ယူပြီးစားပစ်လိုက်တော့ ငထော့်ရဲ့အူတွေ အသဲတွေ
နှလုံးသားတွေကို ဆွဲနှုတ်ပြီးစားပစ်လိုက်တယ်တာကွဲ့
မောင်တာတေရဲ့”
“ဗျာ..အူတွေ အသဲနှလုံးတွေကိုဆွဲနှုတ်စားလိုက်တယ်
ဟုတ်လား”
“အင်း– ဟုတ်တယ်မောင်တာတေ ဒီလိုအင်းကြီးတွေမှာ
နေတဲ့ အင်းကြီးတစ္ဆေတွေက အလွန်ရိုင်းစိုင်းကြတာ
ကွဲ့ နဲနဲမှကို အမှားမခံကြဘူး မှားတာနဲ့ အသေသတ်
ကြတာပဲ”
“ဟာ..တယ်လည်းကြောက်စရာကောင်းပါလား”
ကျုပ်ဖြင့် အင်းသူကြီးပြောတာနဲ့ ကြားတာနဲ့တင်
ကြက်သီးဖြန်းဖြန်းထမိတာဗျို့။အဲဒီနေ့က ကျုပ်အကြောင်း
ကိုလေးလေးဆိပ်ဖွားကထပ်ပြီးပြောလိုက်တော့ အင်းသူကြီး
ဦးစံခိုက ကျုပ်ကိုပြောတယ်ဗျ။
“နေရာကျလိုက်လေ မောင်တာတေရယ်— ဦးလည်း
ဒီအကောင်ကြီးကို ကျွေးမွေးနေတာ ကြောက်တော့
ကြောက်သားကွ မောင်တာတေဒီညနေ ကျုပ်နဲ့အဖော်
လိုက်ခဲ့နိုင်ရင်တော့ ကောင်းသားကွာ”
လေးလေးဆိပ်ဖွားကော ကိုဘမောင်ကောတိုက်တွန်း
တာနဲ့ကျုပ်အဲဒီ့ညနေမှာ အင်းသူကြီးဦးစံခိုနဲ့အင်းကြီးရဲ့
မြောက်ဘက်မှာရှိတဲ့ လမုတောကို လိုက်ခဲ့တယ်ဗျို့။
မျက်ကွင်းဆေးတော့ ကွင်းခဲ့တာပေါ့ဗျာ။


“ကျိ-ကျိ -ကျိ”
တကျွိကျွိနဲ့ ဖောက်တူလေးက လမုတောမှလှေဦးထိုးပြီး
ကပ်လိုက်တယ် ။ဖောက်တူခတ်တာ ကိုရွဲ့ဗျ။
လမုတောကြီးထဲမှာ ဇကောကြီးတစ်ချပ်နဲ့ ထည့်ထားတဲ့
ကြက်ကြော်နှစ်ကောင် အရက်နှစ်ပုလင်းနဲ့ ထမင်းဖြူတွေ
ကို တင်နေကျသစ်သားခုံတန်းမှာတင်ပြီး အင်းသူကြီးက
အင်းကြီးတစ္ဆေကို ပင့်ဖိတ်ပြီးကျွေးတာဗျ။
“ဖျောင်း -ဖျောင်း- ဖျောင်း-ဝုန်း-ဝုန်း”
သစ်ကိုင်းချောက်တွေကိုနင်းပြီး
ရေစပ်ထဲကိုဖြတ်လျှောက်လာတဲ့ အင်းကြီးတစ္ဆေ
ကိုကျုပ်မြင်လိုက်ရတယ်။
“ဟာ–”
ကျုပ်လိုတစ္ဆေ သရဲတွေကို မြင်နေကျကောင်တောင်
လန့်သွားမိတယ်ဗျ။နည်းနည်းနှောနှောအကောင်ကြီးမှ
မဟုတ်တာဗျာ။ကျုပ်စိတ်ထင်တော့ အရပ်ကြီးကဆယ်ပေ
တော့ရှိမယ်ထင်တယ်။ကိုယ်လုံးက
စပါးပုတ်ကြီးလောက်ရှိတယ်
တကိုယ်လုံးအမွှေး မည်းမည်းကြီးတွေ အုပ်နေတာဗျ
ပါးစပ်ကြီးက ပြဲပြီး အစွယ်ကြီးတွေမှ ဖွေးနေတာပဲ။
ဟာ — စားပြီဗျို့။ကြက်ကောင်လုံးကြော်ကြီးကို
ကောက်ကိုင်ပြီးမော့လိုက်တာ တမော့ပဲဗျို့။
ထမင်းတွေကိုလည်း လက်ခုတ်ကြီးနဲ့ကျုံးပြီး
သူ့ပါးစပ်ကြီးထဲကို ထည့်တော့တာဗျို့။အင်းကြီးတစ္ဆေ
စားသောက်နေတာ ကျုပ်တစ်ယောက်ပဲ မြင်တာဗျို့
အင်းသူကြီးနဲ့လှေခတ်နေတဲ့ကိုရွဲ့က ဘယ်မြင်မတုန်း
ဗ်။
“သူကြီးသွားစို့ဗျာ”
ကျုပ်က လှုံဆော်ပြီးလှေကို ကိုရွဲ့ကခတ်ပြီး
ပြန်ခဲ့ကြတယ်။
“မောင်တာတေဘယ်လိုတုန်း အင်းကြီတစ္ဆေလာရဲ့လား”
“ဟာ— သူကြီးရယ် လာတာမှ နည်းတဲ့အကောင်ကြီး
မဟုတ်ဘူး ”
“စားရော စားရဲ့လားကွဲ့”
“အို..စားလိုက်တာမှ သူကြီးရာ ဂျိုးဂျိုးဂျွတ်ဂျွတ်နဲ့
တောင် နေရောဗျ။သောက်လိုက်တာလည်းဂွပ်ကနဲ့။
ဂွပ်ဂနဲကိုဖြစ်နေတာဗျ။”
“ဟား—ဟား—ဟား—”
အင်းသူကြီးဦးစံခိုရဲ့ရယ်သံကြီးက အင်းရေပြင်ကြီး
တစ်ခုလုံးကိုဖုံးလွှမ်းသွားတာပေါ့ဗျာ – – –

ပြီးပါပြီ။

Leave a Comment