အတိတ်ကံထူး ထိုအရူး

အတိတ်ကံထူး ထိုအရူး(စ/ဆုံး)
+++++++++++++++++++++

ပျဉ်းမပင်ရွာဆီမှာ အရူးယောက်ရှိတယ်။ နာမည်က ကံကောင်းတဲ့—။
သူ့အသက်က ၂၀ ကျော်ကျော်—။
လူပုံက ပိန်ရှည်ရှည်၊ ခါးကိုင်းကိုင်းနဲ့။ ရုပ်သွင်ကတော့ ကြည့်ပျော်ရှုပျော်ဆိုပေမယ့် ခေါင်းကတော့ အမြဲတမ်းကတုံးပြောင်နေအောင် တုံးထားတတ်တာ။
သူရဲ့ အတိတ်အကြောင်းကို ဘယ်သူမှ ရေရေရာရာတော့ မသိကြဘူး။
သိမှီသမျှကို ပြောရရင်တော့ ကံကောင်းဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ပျဉ်းမပင်ရွာကို သူ့အဖေနဲ့အတူ ရောက်လာတာ။
သူတို့ သားအဖနှစ်ယောက်က ခရီးသွားတွေဖြစ်ဟန်တူပြီး အထုပ်အပိုးတွေလည်း ပါရဲ့။
ပျဉ်းမပင်ရွာကို ရောက်တော့ သားအဖနှစ်ယောက် ရွာထိပ်က စေတီကလေးဆီမှာ ခဏတာ၀င်နားရင်း ဖခင်ဖြစ်သူက အသက်မီးစာကုန်ခမ်းခဲ့ရလေတယ်။
ဒီတော့ ရပ်ရွာက မနေသာဘဲ ကံကောင်းရဲ့ ဖခင်ကြီး နာရေးကိစ္စစီမံဆောင်ရွက်ပေး။ ပြီးတော့ လူမမယ်အရွယ်၊ အဲ့ဒီ့တုန်းကတည်းက စိတ်မနှံ့သူ ကောင်လေးကိုလည်း
ကံကောင်းလို့ နာမည်ပေးပြီး
စောင့်ရှောက်ဖို့ တာ၀န်ကို ယူပေးခဲ့ရတော့တာရယ်။
အစကတော့ ကံကောင်းလေးကို ရပ်ရွာထဲမှာပဲ ခေါ်ထားကြတယ်။ ဒါပေမယ့် ကံကောင်းက သိပ်ကို အစွဲအလန်းကြီးတယ်ပြောရမယ်။
ရပ်ရွာထဲက ဘယ်သူ့အိမ်ဆီမှာမှ သူ လိုက်မနေခဲ့ဘူး။ သူ့ဖခင် နောက်ဆုံး ခေါင်းချခဲ့ရာ ရွာဦးထိပ်က စေတီကလေးဆီမှာပဲ သူအဆင်ပြေသလို သွားနေတယ်။
စေတီကလေးဆီမှာ နေပြီး မနက်မိုးလင်းတာနဲ့ ပတ်၀န်းကျင်တဝုိက်ကို သန့်ရှင်းရေးလုပ်။ ပြီးတာနဲ့ စိတ်ထင်ရာ သီချင်းတို့ကို သီဆိုလို့ ကခုန်လို့ ရွာထဲကို သူ၀င်လာတတ်တယ်။
ပြီးရင်တော့ ရပ်ရွာက ပေးစာကမ်းစာကို စားသောက်ပြီး ညနေစောင်းရင်တော့ စေတီကလေးဆီ ပြန်သွားတတ်လေရဲ့။
ထင်ရှားတဲ့ သူ့ရဲ့ အမှတ်သညာကိုပြောပါဆိုရင်တော့ ရွာကိုစ’ရောက်လာကတည်းက သူ့လည်မှာ ဆွဲထားခဲ့တဲ့ သူငယ်တော်လည်ဆွဲလို ကြေးပြားအဝိုင်းကြီးတစ်ခုပဲ။
ဒီကြေးပြားကြီးကိုတော့ ကံကောင်းတို့ ဘယ်လိုအခါမှာမှ မချွတ်တတ်ဘူး။သူ့ဘ၀မှာ တန်ဖိုးအရှိဆုံး အရာတစ်ခုလို သတ်မှတ်ပြီး အမြဲလိုလို အမြတ်တနိုးထား၊ အရိပ်တကြည့်ကြည့်နဲ့ပဲ။
တစ်ပါးသူတို့က ထိကိုင်ကြည့်ရင်တောင် သူမကြိုက်ဘူး။ အဲ့ဒီ့သူကို ရန်ရှာပြုမူတဲ့အထိကိုပါပဲ။
အခုလည်း ကံကောင်းတို့ ထုံးစံအတိုင်း မနက်အစောကြီးရှိသေးတယ်။ ရွာထဲကို ကခုန်ပြီး ၀င်လာခဲ့လေရဲ့။
” အောင်စေ—အောင်စေ— ပိုင်စေ—ပိုင်စေ—အောင်စေဟဲ့ – အောင်စေ—ပိုင်စေဟဲ့—ပိုင်စေ—”
ဘာကို အာရုံရနေတယ်တော့မသိဘူး။ သူ့ ပါးစပ်က “အောင်စေပိုင်စေ” ကို ထပ်ဖန်တလဲလဲ သီချင်းလုပ်ဆိုလို့ ကနေတာများ ကွေးလို့ရယ်။
ကရင်းခုန်ရင်းနဲ့ ရွာအလယ်ပိုင်းက အကြော်ဆိုင်ရှေ့ကို ကံကောင်းရောက်လာတယ်။
အကြော်ဆိုင်မှာက မနက်ခင်းပိုင်း အလုပ်သွားကြမယ့်သူတွေက ကောက်ညင်းပေါင်းနဲ့ အကြော်စုံကို မနက်စာအဖြစ် ၀င်ရောက်စားသုံးနေကြချိန်ဆိုတော့ လူစုံတက်စုံရှိနေတဲ့အချိန်…။
” ကံကောင်းရေ…အောင်ခြင်းရှစ်ပါးလေး တစ်ပုဒ်လောက်…”
ဆိုင်ထဲက အကြော်စားနေတဲ့ ကို၀င်းတင်က ကံကောင်းကို လှမ်းပြောတာ။
” အောင်ခြင်းရှစ်ပါးလား…ဟုတ်ပြီ ရမယ်…”
ကံကောင်းက ပြောပြီးတာနဲ့ ချက်ချင် ဟိတ်ဟန်ကို ပြောင်းလဲလိုက်တယ်။ ပြီးတော့ ဇာတ်မင်းသားလိုဟန်နဲ့ ခြေလက်တို့ကို ချိုးလိုက်ပြီး—။
” အို…မာရ်နတ်မင်းမှာ လက်ရုံးတစ်ထောင် ရှိသည်…အဲ…ငါ့မှာကျတော့ နှစ်ချောင်းထဲရှိသည်…”
အဟုတ်မှတ်လို့ နားထောင်နေကြသူတို့ ဝေါခနဲ ထရယ်ကုန်ကြတယ်။
ကံကောင်းကတော့ ဒါကို အမှုမထားနိုင်ဘူး။ သူ့သီချင်း သူ့ကခြေနဲ့ အဟုတ်ကို ကနေတော့တာပဲ။
ဘာပဲဖြစ်ဖြစ် မနက်ခင်းလေးတစ်ခုကတော့ ကံကောင်းရဲ့ ဆောင်မမှုကြောင့် လူတိုင်း စိတ်ကြည်လင်ခဲ့ကြရတယ်။ သူ့ကိုလည်း အကြော်၊
ကောက်ညှင်းပေါင်း ၀ယ်ကျွေးသူကျွေးနဲ့။
အဲ့ဒီ့ကနေ နောက်ပိုင်းမှာတော့ မှတ်မှတ်ထင်ထင်ကိုပဲ ကံကောင်းတစ်ယောက် ရွာထဲကို ရောက်မလာခဲ့တာ တစ်ပါတ်တိတိရှိခဲ့လေတယ်။
တစ်ရက်မှာတော့…။
+++++++++
” ဒူ…ဒူ…ဒူ…”
သူကြီးအိမ်ဆီက မောင်းထုသံ။
မကြာခင် ရွာသူရွာသားတို့ ခပ်သုတ်သုတ်ပဲ သူကြီးအိမ်ရှိရာဆီကို ရောက်ရှိလာကြတယ်။
အိမ်အောက်က တန်းလျားဆီမှာတော့ သူကြီးဖြစ်သူတို့ အသိုင်းအဝိုင်းနဲ့အတူ ရွာစွန်က ပေတိုးဆိုတဲ့ နွားကျောင်းသားလေးလည်း ရှိနေခဲ့ရဲ့။
” သူကြီး…ဘာအရေးရှိလို့လဲဗျ…”
အရင်ရောက်နေသူတစ်ယောက်က စိတ်စောလျင်ပြီး မေးတာ။ သူကြီးက လက်ကာပြပြီး…။
” အေး…ကိစ္စကတော့ အရေးကြီးတယ်ဆိုတာထက် တို့ရွာအတွက် ကောင်းခြင်းမင်္ဂလာတွေ ဆောင်ယူလာတယ်လို့ ယူဆစရာပဲ။ လူစုံအောင်ခဏစောင့်ချေ၊ လူစုံမှ ပြောပြမယ်—”
ရွာသားတို့ တဖွဲ့ဖွဲ့ရောက်လာကြတယ်။ အချိန်အနည်းငယ် အကြာမှာတော့ လူစုံတက်စုံ ရှိလာခဲ့ပြီ။
” အဟမ်း…”
သူကြီးက ချောင်းဟန့်သံကို ပြုလိုက်ပြီး တစ်ယောက်တစ်ပေါက် ပြောဆိုနေကြတဲ့ ရွာသူရွာသားတို့ရဲ့ အာရုံကို သူ့ဆီရောက်အောင် စုစည်းလိုက်တယ်။
စကားသံတွေတိတ်ပြီး အကြည့်တွေက သူ့ဆီရောက်ရှိလာချိန်မှာတော့ သူကြီးက…။
” ကဲ…အခုလို အားလုံးကို စုစည်းရတဲ့ အကြောင်းကတော့ ရွာဦးစေတီကလေးရဲ့ တစ်ဖက်ဆီက ခင်တန်းကလေးဆီမှာ ကြေးဘုရားတစ်ဆူပေါ်တယ်တဲ့—”
” ဟာ…ဘုရားပေါ်တယ်…”
” ဟုတ်ပါ့ အံ့သြလိုက်တာ…”
” အမလေး ကြားရတာနဲ့ကို ကြည်နူးပီတိရှိလိုက်တာ…”
ရွာသူရွာသားတို့ မျက်နှာမှာ ပီတိအပြုံးပန်းတွေ ဝေကုန်ကြရရင်း စကားသံတွေက တစ်ယောက်တစ်ခွန်းနဲ့ကို ကျွတ်စီညံနေလေတယ်။
” ဟုတ်တယ်…မြေထဲကနေ ထိုးထွက်နေတဲ့ ဘုရားရဲ့ ဦးခေါင်းတော်ကို ဖူးတွေခဲ့ရတာကတော့ ဟော့ဒီက ပေတိုးရယ်…”
” သူကြီး…ဘုရားပေါ်တယ်ဆိုတော့ ကျုပ်တို့ အမြန်ဆုံးပဲ သွားပင့်ကြရအောင်လေဗျာ…”
တစ်ယောက်က ၀မ်းသာကြည်ညိုလိုစိတ်ကို မထိန်းနိုင်ဘဲ အလောတကြီး ပြောလာတယ်။ သူကြီးက ခေါင်းကို အသာခါရမ်းလိုက်ပြီး…။
” သွားပင့်ဖို့က ကံကောင်းကြောင့် ခက်နေတယ်…”
” ကံကောင်းကြောင့်…ဘယ်လိုဖြစ်ရတာလဲ…”
ရွာသားတွေက ပြန်မေးကြချိန် သူကြီးက စိတ်မသက်မသာနဲ့ သက်ပြင်းကို ချလိုက်ပြီး…။
” ကံကောင်း စိတ်ဖောက်နေတယ်လို့ ယူဆရတယ်။ ပေတိုးကိုတောင် တုတ်နဲ့ အသေလိုက်ရိုက်ဖို့ ကြိုးစားတယ်တဲ့…”
” ဟာ…”
အားလုံးဆီက အာမေဋိတ်သံတွေ ထွက်ပေါ်လာခဲ့တယ်။
ကံကောင်းက သူတို့ရွာကို ရောက်လာပြီးကတည်းက စိတ်ဖောက်ကြမ်းတမ်းတာမျိုး မကြုံခဲ့ဖူးဘူး။ သူက ရူးတယ်ဆိုပေမယ့် သူ့ဘာသာ ကရင်းခုန်ရင်း
နေတာလောက်ပဲရှိတာ။ သူတစ်ပါးကို ရန်မူရန်ပြုတာမျိုးကို တစ်ခါမှ မရှိခဲ့ဘူး။
” ဟုတ်ပါ့မလား သူကြိးရယ်။ ကျုပ်တို့တော့ ယုံရခက်ခက်ပဲ…”
” တကယ်ကို ဖြစ်နေတာ။ ငါတို့သွားကြည့်တော့လည်း ဒီလိုပဲ။ ငါ့အထင် ဒီဘုရားကို ကံကောင်းက အရင်ဆုံးဖူးတွေ့ထားတဲ့ပုံပဲ။ အဲ…မင်းတို့ မြင်သာအောင် အသေအချာပြောပြရရင် မနက်က ဟော့ဒီ့
ပေတိုးက နွားတွေလှန်ရင်း အဲ့ဒီဘက်ကို ရောက်တော့ မြေထဲကနေ ထိုးထွက်နေတဲ့ ဘုရားကို ဖူးတွေ့မိတာ။ ဒါပေမယ့် သေချာတောင် မဖူးလိုက်ရသေးဘူး၊ ဘယ်က ဘယ်လိုရောက်လာမှန်းမသိတဲ့
ကံကောင်းက အဲ့ဒါ ငါ့ဘုရား၊ မင်းတို့နဲ့ မဆိုင်ဘူးဆိုပြီး တုတ်နဲ့အတင်း လိုက်ရိုက်လို့ ပေတိုး အသဲအသန် ပြန်ပြေးခဲ့ရတယ်တဲ့။ အဲ့ဒီကနေ ဒီကလေးက ငါတို့ကိုလာပြောတယ်။ ဒါနဲ့ ငါလည်း ပေတိုးနဲ့
အတူတူ
ပြန်သွားပြီး ကံကောင်းကို ချော့မော့ပြောလို့ ကြည့်မယ်လုပ်တာ။ မရဘူး မောင်—။ ကံကောင်းက ငါတို့ကို အဲ့ဒီ့အနားကိုတောင် အကပ်မခံဘဲ တမ်းရန်မူနေတာပဲ။ ဘာမှတောင် မပြောနိုင်ဘူး
နောက်ကြောင်းပြန်ဆုတ်ခဲ့ရတယ်…”
” ဟာ—”
” ကံကောင်းက အရင် ဒီလို မဟုတ်ပါဘူး။ သိပ်ကို သဘောကောင်းတာ။ အခုမှ ဒီကောင်…ဘယ်လိုဖြစ်ပြီး စိတ်ဖောက်သွားတာလဲ…”
” ဒါကြောင့်ထင်တယ်။ သူ ဒီရက်ပိုင်း ရွာထဲကို ရောက်မလာတာ သတိထားမိတယ်…”
အသံတွေက ထပ်မံပြီး ကျွတ်စီညံလာပြန်တယ်။
သူကြီးက ချောင်းသံကို ထပ်ပြုပြီး ဟန့်တားတော့ ပြန်ငြိမ်သွားကြပြန်ရဲ့။
“အေး အဲ့ဒါကြောင့်မလို့ မင်းတို့ကို အသိပေးပြီး ဒီကိစ္စကို စီစဉ်ချင်တာ…”
အားလုံး တစ်ခဏတာ တိတ်ဆိတ်ကုန်ကြတယ်။ အတန်ကြာတော့ ကာလသားခေါင်း ပါကြီးက…။
” ကျုပ်တို့ ကာလသားတွေ စုပြီး သူ့ကို ဝိုင်းထိန်းကြမယ် သူကြီးရာ။ ပြီး သူစိတ်ငြိမ်မှ အေးအေးဆေးဆေး ချော့ပြောကြတာပေါ့…”
သူကြီးဆီက သက်ပြင်းချသံ ထွက်ပေါ်လာတယ်။
” အင်းလေ…ဘုရားပေါ်တော်မူတယ်ဆိုတာက ရွာအတွက်ကောင်းပေမယ့် ကံကောင်းကိုလည်း မထိခိုက်စေချင်ဘူး။ ဒါကိုတော့ မင်းတို့ သေချာလုပ်ကွာ…”
အစီအစဉ်အတိုင်း ချက်ချင်းလူစုပြီး ရွာအပြင်ကို ထွက်လာကြတယ်။
စေတီကလေးဆီမှာတော့ ကံကောင်းရဲ့ အရိပ်အယောင်ကိုတောင်မှ မတွေ့ရဘူး။
ခင်တန်းကလေးဘက်ဆီကို လှမ်းကြည့်တော့ ကံကောင်းတစ်ယောက် ကုန်းကမူလေးတစ်ခုအရှေ့မှာထိုင်ပြီး အကြိမ်ကြိမ် ဦးချကန်တော့နေတာရယ်။
” ကဲ…မင်းတို့ သူ့ဆီ တိတ်တိတ်သွားပြီး ထိန်းထားချေကွာ…”
ကာလသားတစ်သိုက် ကံကောင်းအနားကို ချဉ်းကပ်ပြီး လျှပ်တပြက်ဝိုင်းထိန်းကြတယ်။
ရုတ်တရက်ဆိုတော့ ကံကောင်း အလစ်အငိုက်မိသွားရပြီး ကာလသားတို့ချုပ်နှောင်တာ ခံရလေတော့တာ။
+++++++++
” မထိကြနဲ့ အဲ့ဒါ ငါ့ဘုရား။ မင်းတို့နဲ့ မဆိုင်ဘူး…”
ကံကောင်းတစ်ယောက် သူ့ကို တုပ်နှောင်ထားတဲ့ ကြိုးတွေဆီက ရုန်းကန်ရင်းက အသံကုန်အော်ဟစ်နေတယ်။
သူကြီးနဲ့ အဖွဲ့ကတော့ ပေါ်တော်မူဘုရားကို တူးဖော်နေခဲ့ကြလေပြီ။
လူတွေကလည်း အဲ့ဒီ့အ၀န်းမှာ မနည်းမနောကိုပဲ စည်းကားနေတယ်။
ကံကောင်းက ရုန်းကန်အော်ဟစ်နေပေမယ့် ဘယ်သူကမှ သူ့ကို အာရုံမထားနိုင်ကြဘူး။ ဘုရားကို တူးဖော်နေကြတဲ့ဆီမှာပဲ လူတွေက စုပြုံတိုးဝှေ့နေတော့တာ။
အထိအခိုက်မရှိအောင် ဂရုစိုက်တူးကြရင်းနဲ့ ဥာဏ်တော် နှစ်တောင်ခန့်ရှိတဲ့ ကြေးဆင်းတုတော်က မြေပေါ်ဆီကို ကိန်း၀ပ်လာနိုင်ခဲ့ပြီ။
” ဟာ…ဘုရားက ကျောကုန်းတော်မှာ အပေါက်ကြီးနဲ့…”
သူ့ထက်ငါ အလုအယက် ဖူးမြှော်ကြရင်းနဲ့ ဘုရားရဲ့ ကျောကုန်းတော်ဆီမှာ လက်တစ်ဝါးစာသာသာ ချိုင့်ခွက်နေတာကို မြင်ကြရတယ်။
ကိုးကွယ်ဆည်းကပ်ရာမို့ ဒီမြင်ကွင်းက အားလုံးရဲ့ရင်ကို နင့်ခနဲပဲ ခံစားရစေလေရဲ့။
” ဘာပဲဖြစ်ဖြစ် တို့ရွာနဲ့ ကိုးကွယ်ထိုက်လို့ ပေါ်တော်မူလာတာ။ ဒါကို ပြစ်ချက်မဖြစ်အောင် လုပ်ဆောင်ရမှာက တို့တွေရဲ့ တာ၀န်ပဲ—”
” ဟုတ်တယ်။ တို့တစ်တွေ ဘုရားရဲ့ ချိုင့်နေတဲ့ နေရာကို ပြန်ဖြည့်ပြီး သွန်းလောင်းကြတာပေါ့…”
သူကြီးရဲ့ ပြောစကားနဲ့ လူကြီးသူမတချို့ရဲ့ ဆုံးဖြတ်ချက်က ကြည်ညိုသဒ္ဒါစိတ်တွေနဲ့ ယိုဖိတ်နေကြရဲ့။ ရွာသူရွာသားအားလုံးကလည်း ဒီအစီအစဉ်ကို
ကန့်ကွက်သူမရှိ တစ်ညီတစ်ညွတ်ထဲ ထောက်ခံကြလေတာ။
အဲ့ဒီ့နေ့ကစလို့ ရွာဦးစေတီကလေးဆီမှာ မဏ္ဍာပ်ကြီးကို အကြီးကြီးနဲ့ ဘုရားကို အနေကဇာတင်လှူပွဲလုပ်ဖို့ကို တိုင်ပင်ကြတယ်။
ပြီးတော့ အလှူခံပြီး ဘုရားရဲ့ ချိုင့်ခွက်နေတဲ့နေရာကို ကြေးသွန်းဖြည့်စွက်ဖို့အတွက်ကိုပါ တပြိုင်နက်ထဲ လုပ်ဆောင်ဖို့ စီစဉ်၊ ပြင်ဆင်ကြတော့တာ။
အဲ့ဒီ့လို ပြင်ဆင်လုပ်ဆောင်နေချိန်မှာတော့ သူကြီးရဲ့ အိမ်ဆီမှာတော့ ကံကောင်းကို ထိပ်တုံးခတ်လို့ ထိန်းသိမ်းထားကြတယ်။ မဟုတ်ရင် ကံကောင်းက
ဘုရားပွဲဆီကို လာပြီး နှောက်ယှက်နိုင်တယ်လေ။
” ဟေ့…ပါကြီး။ ကံကောင်းကို မလွတ်စေနဲ့နော် သေချာချုပ်ထားချေ…”
ကံကောင်းလွတ်သွားမှာစိုးလို့ ရွာအကြီးအကဲတို့က အစောင့်အကြပ်တို့ကို အကြိမ်ကြိမ် သတိပေးနေကြတယ်။
ထိန်းသိမ်းခံထားရချိန်မှာ ကံကောင်းပါးစပ်က စကားတချို့ကို အဆက်မပြတ်ရေရွတ်နေတယ်။
အနားမှာ စောင့်ကြပ်သူတို့က သူဘာပြောလဲ နားထောင်ကြပေမယ့် သေချာသဲကွဲအောင် မကြားကြရဘူး။ သွားမေးဖို့ကျပြန်တော့လည်း
ကံကောင်းစိတ်ဖောက်နေတယ်လို့ ယူဆတာမို့ အနားကို မကပ်ရဲကြဘူးရယ်။
ဒီတော့လည်း နောက်များမှာတော့ မကြားရင်း အတူတူ ဘယ်သူကမှ ကံကောင်းပြောနေတာတွေကို ဂရုစိုက်ပြီး နားထောင်မနေတော့ပါဘူး။
တကယ်တော့ ကံကောင်း အကြိမ်ကြိမ် ရေရွတ်နေတဲ့စကားက…။
” အဲ့ဒါက ငါ့ဘုရား။ ငါကို ဝိဇ္ဇာဓိုရ်ဘဘက ပေးခဲ့တာ…”
ဆိုတဲ့ စကားတစ်ခွန်းကိုပါပဲ…။
+++++++++
” သူကြီး…ကြေးတွေသွန်းပြီးဖြည့်တာလည်း ပိဿာချီပြီး ကုန်နေပြီ။ ချိုင့်နေတဲ့နေရာက ပြည့်မလာဘူး—”
” ဟေ…”
ကြေးသွန်းလုပ်ငန်းကို စတင်တဲ့နေ့မှာပဲ ပြဿနာက မထင်မှတ်ဘဲ ဖြစ်ပေါ်လာခဲ့တယ်။
” ဒါ ဘယ်လို ဖြစ်ရတာလဲ…”
” မပြောတတ်ဘူးဗျာ- ဖြည့်တုန်းခဏပဲ- ပြီးရင် ပြန်ခွက်သွားတာ—”
သူကြီးဖြစ်သူ ခေါင်းကုတ်ရပြီ။
ရွာဆီက ဆရာတော် အရှင်သူမြတ်တို့ကို လျှောက်တင်ကြည့်တော့လည်း အဖြေက ရှိမလာ။ ရပ်မိရပ်ဖတို့ ဝိုင်း၀န်းတွေးတောကြသော်လည်း အဖြေက မရ။ ခက်တော့ခက်ရကုန်ပြီ။
” ဘုရားဆီမှာ ကြေးသတ္တုကို ချေစားနိုင်တဲ့ အရာများ ရှိနေလို့လား…”
” ဒီ့ထက်မကတဲ့ အကြောင်း တစ်စုံတစ်ရာတော့ ရှိနေမယ်ထင်တယ်…”
အားလုံးက အမျိုးအဖုံဖုံ စဉ်းစားကြပေမယ့်လို့ ဒီကိစ္စက ပြေလည်မသွားခဲ့ဘူး။
ဒီလိုနဲ့ သုံးရက်မြောက်တဲ့နေ့ မနက်မှာတော့ ရွာဆီကို ယောဂီ၀တ်ကိုယ်စီဆင်မြန်းထားတဲ့ လူကြီးတစ်ယောက်နဲ့ ရုပ်ရည်ချင်း ကလေးနှစ်ယောက်လာခဲ့တယ်။
သူတို့က ရွာထဲကို ၀င်ရောက်လာကြရင်း ရွာသူရွာသားတို့ မျက်နှာမကောင်းကြတာကို သတိထားမိကြရလေရဲ့။
ဒီလိုနဲ့ အိမ်တစ်အိမ်အရှေ့ရောက်တဲ့အခါမှာတော့ အိမ်အောက်မှာ ထိပ်တုံးအခတ်ခံထားရတဲ့ သူရူးလို့ ယူဆရတဲ့ လူတစ်ယောက်က စကားတချို့ကို
တတွတ်တွတ်ရေရွတ်နေတာကို သူတို့ကြားလိုက်ရတယ်။
” အဲ့ဒါ ငါ့ဘုရား…ငါ့ကို အရင်ဘ၀တုန်းက ဝိဇ္ဇာဓိုရ်ဘဘက ပေးသွားတာ…”
အဲ့ဒီသူရူးက တိုးတိုးတိုးတိုးနဲ့ တတွတ်တွတ်ရေရွတ်နေတာဖြစ်ပေမယ့် သူ့စကားကို လူကြီးက ရှင်းရှင်းလင်းလင်း ကြားမိပြီး ပြုံးမိသွားတယ်။
ဒါကိုမြင်တော့ နံဘေးက ကလေးနှစ်ယောက်က…။
” ဘဘ ဘာဖြစ်လို့ ပြုံးတာလဲ…”
လူကြီးက ကလေးနှစ်ယောက်ကို မကြည့်ဘဲ…။
” ဘဘအထင်တော့ ဒီရွာမှာ ဘုရားဆင်းတုတော်တစ်ဆူနဲ့ ပက်သက်ပြီး ထူးဆန်းတာတွေ ဖြစ်နေတယ်လို့ ထင်မိလို့ပါ…”
” ဟုတ်လား ဘယ်လိုမျိုးလဲ ဘဘသိဒ္ဒိရဲ့…”
ဘဘသိဒ္ဒိဆိုတဲ့ လူကြီးက ထပ်ပြီးပြုံပြန်တယ်။
” ဘယ်လိုကိစ္စလဲဆိုတာတော့ တို့သိရအောင် သူတို့ကိုပဲ မေးမြန်းကြည့်တာပေါ့…”
သူတို့ ရွာလမ်းအတိုင်း ဆက်လာခဲ့ကြတယ်။
ရွာအလယ်လောက်ဆီက အကြော်ဆိုင်လေးဆီရောက်တော့ လူရှင်းနေတာမို့ ဆိုင်ထဲကို သူတို့၀င်ထိုင်လိုက်ကြတယ်။
ဆိုင်ရှင်မိန်းမကြီးက သူတို့ကို မြင်တော့ အကြော်ဗန်းထဲက အကြော်တချို့ယူလာပြီး ချပေးလာတယ်။
သိဒ္ဒိဆိုတဲ့ လူကြီးက အကြော်ပန်းကန်ကို လှမ်းယူပြီး…။
” ဒီက တူမကြီးကို တစ်ခုလောက်မေးစမ်းကြည့်ချင်တယ်။ ရမလား…”
ဆိုင်ရှင်မိန်းမကြီးက သူတို့ကို ပြန်လှည့်ကြည့်လာတယ်။ ပြီးတော့ ယောဂီတွေဖြသ်တာမို့ တရိုတသေနဲ့…။
” ရပါတယ် အဘ၊ မေးပါရှင့်…”
” ဘာရယ်တော့မဟုတ်ပါဘူး။ ဒီရွာရဲ့ နာမည်နဲ့ ပြီးတော့ ရွာကို ၀င်လာတုန်းက ရွာကလူတွေ မျက်နှာမသာမယာဖြစ်နေတာ သတိထားမိလို့ပါ…”
မိန်းမကြိးရဲ့ မျက်နှာက ချက်ချင်းညှိုးငယ်သွားတယ်။ ပြီးတော့ သက်ပြင်းရှည်ရှည်ကို ချလိုက်ပြီး…။
” ပျဉ်းမပင်ရွာပါ အဘ။ မျက်နှာမကောင်း ဟို… အဲ့ဒါကတော့ ဒီလိုရယ်ပါ။ လွန်ခဲ့တဲ့ ဆယ်ရက်လောက်က ရွာဦးစေတီကလေးအနားမှာ
ကြေးဘုရားဆင်းတုတော်တစ်ဆူ ပေါ်တော်မူခဲ့ပါတယ်။ ဒါပေမယ့်…”
မိန်းမကြိးက စကားပြောရင်း စိတ်မကောင်းဖြစ်ဟန်နဲ့ တန့်သွားတယ်။
” အင်း…ဆက်ပါဦး တူမကြီးရ…”
” ပေါ်တော်မူလာတဲ့ ဘုရားဆင်းတုရဲ့ ကျောကုန်းတော်ဆီမှာ အချိုင့်ကြီးတစ်ခုပါလာတယ်။ အဲ့ဒါကို ရွာက အလှူငွေတွေနဲ့ စုပေါင်းပြီး
ပြန်လည်ပြုပြင်ဖို့ လုပ်ကြတာမှာ ဟို…ကြေးသားတွေ ဘယ်လောက်ပဲ ပြန်ဖြည့်ဖြည့် အဲ့ဒီ့အချိုင့်ကြီးက ပြည့်မလာခဲ့ဘူး။ အဲ့ဒါအတွက်
ရွာသူရွာသားအားလုံးက ကျွန်မတို့ရွာအနေနဲ့ ကုသိုလ်မပြုထိုက်တာဖြစ်မယ်လို့ ယူဆကြပြီး စိတ်လက် မချမ်းမသာ ဖြစ်နေကြရတော့တာပါပဲ ဦးကြီးရယ်…”
ယောဂီ၀တ်နဲ့ ကလေးနှစ်ယောက် အံ့သြသွားကြတယ်။ ပြီးတော့ ဦးသိဒ္ဒိဆိုတဲ့ လူကြီးကို ပြိုင်တူလှမ်းကြည့်ကြတယ်။
ဦးသိဒ္ဒိဆိုတဲ့ လူကြီးကတော့ ခေါင်းကို တဆတ်ဆတ်ညိတ်ရင်းက အဖြေကို သိနှင့်ထားသူ တစ်ယောက်လိုပဲ အေးအေးဆေးဆေးနဲ့…။
” ဒီအတွက်ကို အဖြေတစ်ခုကတော့ ရှိနှင့်နေပါလိမ့်မယ် တူမကြီးရယ်…”
” ဦးကြီးကသာ အဖြေရှိနေလိမ့်မယ်ပြောတာ။ ကျွန်မတို့ရွာကတော့ အဲ့ဒီ့အဖြေကို မတွေ့နိုင်ဘူး ဖြစ်နေတော့တာ…”
” အင်း…ဒါအတွက်ကို ဦးကြီးတို့ ကူညီနိုင်မယ်ထင်တယ်…”
ဦးသိဒ္ဒိက ပြောလာတာ။
ဆိုင်ရှင်မိန်းမကြီး အံ့အားသင့်သွားတယ်။ ပြီးတော့ ချက်ချင်းဆိုသလိုပဲ ၀မ်းသာအားရဖြစ်သွားရပြီး…။
” ဦး…ဦးကြီး တကယ်ပြောတာလား…”
ဦးသိဒ္ဒိက ခေါင်းကို ညိတ်ပြလိုက်တယ်။
အဲ့ဒီနောက်မှာတော့ အကြော်ဆိုင်ရှင်မိန်းမကြီးက ဦးသိဒ္ဒိနဲ့ အမွှာယောဂီကလေးတို့ကို ရွာဦးစေတီဆီမှာ ယာယီမဏ္ဍာပ်နဲ့ ကိန်း၀ပ်စံပါယ်တော်မူနေတဲ့
ပေါ်တော်မူကြေးဆင်းတုတော်ဆီကို ခေါ်ဆောင်သွားခဲ့တော့တာ။
+++++++++
မဏ္ဍာပ်အတွင်းမှာ…။
ရွာသူရွာသားတွေက ယောဂီ၀တ်နဲ့ ဦးသိဒ္ဒိတို့ သုံးယောက်ကို အသေအချာ စူးစမ်းနေကြတယ်။
ဦးသိဒ္ဒိတို့ကတော့ ဘယ်သူ့ကိုမှ ဂရုမထားနိုင်။ ပေါ်တော်မူကြေးဆင်းတုတော်ရဲ့ အရှေ့ဆီမှာ လက်အုပ်ချီ၊ ခြေစုံရပ်ပြီး မျက်၀န်းတွေ ကိုယ်စီမှိတ်လို့
မတ်တပ်အနေအထားနဲ့ အာရုံခံ ဖူးမြှော်ရင်း မန္တာန်တချို့ကို တီးတိုးရွတ်ဆို နေမိကြတယ်။
အချိန်အတော်ကြာတဲ့အထိ သူတို့က ကျောက်ရုပ်ကြီးတွေလို ရပ်တန့်နေကြတဲ့အခါ ကျေးရွာသားတွေအဖို့တေည့ အမြင်ဆန်းပြီး ပိုလို့တောင် အံ့သြနေမိကြလေရဲ့။
တစ်နာရီသာသာလောက်ကြာပြီးတဲ့အခါမှသာ ဦးသိဒ္ဒိတို့ သုံးယောက်စလုံး ပြန်လည်ပြီး အသက်၀င်လှုပ်ရှားလာကြတယ်။ ပြီးတော့ ချက်ချင်းဆိုသလိုပဲ…။
” ကဲ…ဒိုးကြီးနဲ့ ဒိုးငယ်။ လူလေးတို့အနေနဲ့ ဘာတွေမြင်ကြသလဲ…”
ဦးသိဒ္ဒိကမေးလာတော့ ရုပ်ချင်းဆင်တူလှတဲ့ ကလေးနှစ်ယောက်ထဲက တစ်ယောက်က သွက်လက်စွာနဲ့ပဲ…။
” အခုနက ဘဘအရှေ့မှာ ဘီလူးတစ်ကောင် ရပ်နေတယ်…”
အဲ့ဒီ့ကလေးရဲ့ စကားအဆုံးမှာတော့ ကျန်တဲ့နောက်တစ်ယောက်က…။
” ဝိဇ္ဇာဓိုရ်တစ်ပါးလည်း ပါတယ်။ သူတို့အတူတူရပ်နေကြတာ…”
ဦးသိဒ္ဒိက ဒိုးကြီးနဲ့ ဒိုးငယ်မည်တဲ့ ကလေးတို့ရဲ့ စကားတွေကို နားထောင်ပြီး ပြုံးတယ်။ ပြီးတော့…။
” အင်း…ဟုတ်တယ်။ ဘီလူးကတော့ ဂတသတ္တမည်တဲ့ အသက်မရှိ ပုံရိပ်သပ်သပ်ပဲ။ ဝိဇ္ဇာဓိုရ်ကတော့ ဇီ၀၊ ဇီဝိတိ ရှည်လွန်းတဲ့အသက်နဲ့ အခုထိ တည်ရှိနေဆဲပဲ…”
” ဟုတ်ကဲ့ ဘဘ…”
” ဒီဘီလူးနဲ့ ဝိဇ္ဇာဓိုရ်က အတိတ်ဘ၀က သိပ်ကို ရင်းနီးတဲ့ မိတ်ဆွအရင်းအချာအဖြစ် တော်စပ်ခဲ့ကြတယ်။ သူတို့နှစ်ယောက် ပြန်ဆုံချိန်မှာ ကြေးနဲ့သွန်းတဲ့
ဘုရားဆင်းတုတော်တစ်ဆူကို အတူတူသွန်းလောင်းပြီး ကိုးကွယ်ဖို့ အကြံဖြစ်ကြတယ်။ အဲ့ဒီ့အတွက် နှစ်ယောက်စလုံးအတူတူ ဘုရားကို သွန်းလုပ်ဖို့ သန့်ရှင်းတဲ့
ကြေးပိဿာတို့ကို ညီတူမျှတူ ရှာဖွေဖို့ ဆုံးဖြတ်ပြီး ရှာဖွေကြတဲ့အခါ ဘီလူးရှာဖွေလာတဲ့ ကြေးတွေဆီမှာ မစင်ကြယ်တဲ့ ကြေးတချို့ပါသွားခဲ့တယ်။
ဒါကို ဘီလူးကိုယ်တိုင်လည်း မသိခဲ့ဘူး။ ဒီလိုနဲ့ပဲ သူတို့နှစ်ဦး အဓိဋ္ဌာန်ပြုလို့ ဆင်းတုသွန်းကြတယ်။ ဆင်းတုတော်ပြီးတဲ့အခါမှာတော့ ဘီလူးရှာဖွေလာခဲ့တဲ့
မစင်ကြယ်တဲ့ ကြေးသတ္တုတို့က ဆင်းတုဆီကနေ ကွယ်လေရဲ့။ ဒါကြောင့်…ဆင်းတုဆီမှာ အချိုင့်အခွက်အဖြစ်နဲ့ ကြွင်းရစ်သွားရတယ်…”
ဦးသိဒ္ဒိတို့ ပြောနေကြတဲ့ စကားကို နားထောင်မိနေကြတဲ့ ရွာသူရွာသားတွေ အံ့သြဘနန်းနဲ့ ဖြစ်ကုန်ကြပြီး အာမေဋိတ်တွေကေကြာင့်
ဝေါခနဲ အသံကြီးတောင် ထွက်ပေါ်လာရတယ်။
” နောက်တော့ ဘာကြောင့်ဆိုတဲ့ အဖြစ်အပျက် အမှန်ကို ဘီလူးနဲ့ ဝိဇ္ဇာဓိုရ်က သိသွားခဲ့တယ်။ ဘီလူးက အဲ့ဒီ့စိတ်နဲ့ပဲ နေရာမှာတင်
နှလုံးအိမ်ကြေကွဲရပြီး စုတေသွားခဲ့တယ်။ ဝိဇ္ဇာဓိုရ်ကလည်း သူ့မိတ်ဆွေကို သိပ်သံယောဇဉ်ကြီးတာဆိုတော့ နှစ်ယောက်အတူ ကိုးကွယ်မယ့်
ဆင်းတုတော်ကို သူတစ်ယောက်ထဲ မကိုးကွယ်လိုတော့ဘဲ ဝှက်ကွယ်ထားလိုက်တော့တယ်။ နောက်တော့ သူ့ရဲ့ မိတ်ဆွေဘီလူးကို ဘယ်ဘ၀ဆီပြန်၀င်စားနေမလဲဆိုပြီး
လိုက်ရှာရင်း မကြာခင်ကမှ လူသားတစ်ယောက်အဖြစ်နဲ့ ပြန်တွေ့ခဲ့တယ်။ ဒီအတွက် ဝိဇ္ဇာဓိုရ်က လူသားတစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ သူ့မိတ်ဆွေဆီကို
ဆင်းတုတော်ပြန်လည်ထုတ်ဖော်ပေးခဲ့ပြီး ချိုင့်ခွက်နေတဲ့ နေရာကို ပြန်လည်ဖြည့်စွက်ဖို့ ပြောထားတယ်။ ဒီအတွက်ကြောင့် အဓိဋ္ဌာန်နဲ့ သွန်းခဲ့တဲ့
ဆင်းတုတော်ဆီက အချိုင့်အခွက်ကို ဖြည့်စွက်ဖို့ ဘီလူး၀င်စားသူမှတစ်ပါး အခြားသူအနေနဲ့ ဆောင်ရွက်လို့မရဘူး။ တပေါင်းလပြည့်နေ့ကို
ရောက်တဲ့အခါမှာတော့ အတိတ်ကလိုပဲ သူတို့နှစ်ဦး ပြန်လည်ဆုံကြပြီး ဘီလူးပြန်၀င်စားတဲ့သူက ဆင်းတုတော်ဆီက အချိုင့်အခွက်ကို သူ့လက်နဲ့ ကိုယ်တိုင်ကိုယ်ကျ
ပြန်လည်ဖြည့်စွက်ပေလိမ့်မယ်…”
ဦးသိဒ္ဒိက သူ့စကားကို အဆုံးသတ်လိုက်ချေပြီ။
ရွာသားတို့ဆီက အသံဗလံတွေ တီးတိုးတီးတိုးနဲ့ ထွက်ပေါ်လာတယ်။
ဒိုးကြီးနဲ့ ဒိုးငယ်တို့ကတော့ ဘီလူးနဲ့ ဝိဇ္ဇာဓိုရ်တို့ရဲ့ ကလျာဏမိတ္တဆန်လှတဲ့ သံယောဇဉ်တရားကို တွေးတောရင်း အတွေးကိုယ်စီနဲ့ရယ်။
ဒီအချိန် လူအုပ်ရဲ့ အရှေ့ဆုံးမှာ ရပ်နေတဲ့ ရွာလူကြီးက ဦးသိဒ္ဒိကို တရိုတသေနဲ့ပဲ မေးလာတယ်။
” ဒီက ဆရာကြီး ဟို…ဟို…ကျုပ် မေးစရာရှိလို့ပါ။ မေးခွင့်ပြုပါ…”
” ရပါတယ် မေးပါ…”
” ဟို…ကျုပ် သိချင်တာက အဲ့ဒီ့ဘီလူး၀င်စားသူဆိုတာက ဘယ်သူလဲလို့ပါ။ ကျုပ်အထင်တော့ ဟို…ကံ ကံကောင်းများလားလို့…”
သူကြီးရဲ့ စကားအဆုံး ဦးသိဒ္ဒိက ပြုံးလိုက်ပြီး ခေါင်းကို ညိတ်ပြလိုက်လေတယ်။
ဒီအခါမှာတော့ သူကြီးဖြစ်သူ ထိတ်ပြာသွားတယ်။ ပြီးတော့ ချက်ချင်းပဲ ကာလသားတချို့ကို ခေါ်လိုက်ပြီး ချုပ်နှောင်ထားတဲ့ ကံကောင်းကို မြန်လွှတ်ပေးဖို့ ပြောခိုင်းချေတော့တာ။
+++++++++
တပေါင်းလဆန်း ၁၄ ရက်၊ ညပိုင်းအချိန်…။
ကောင်းကင်ယံဆီမှာ ပြည့်လုပြည့်ခင် လပြည့်၀န်းကြီးက ထင်းထင်းသားနေလေရဲ့။
အဲ့ဒီ့အချိန် အောက်လင်းမီးတို့ ထိန်ထိန်ညီးနေတဲ့ ပျဉ်းမပင်ရွာထိပ်ဆီက ပေါ်တော်မူဆင်းတုတော် ယာယီကိန်းစပ်စံမြန်းရာ မဏ္ဍာပ်ကြီးဆီမှာတော့
ညဉ့်နက်လာတာနဲ့အမျှ လူသူတွေက တဖြေးဖြေး ပိုမိုသိပ်သည်းပြီး စည်ကားလာခဲ့တယ်။
အဲ့ဒီ့အခိုက်အတန့်အချိန်မှာ ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ကတော့ ရွာဦးစေတီကလေးရဲ့ ရင်ပြင်တော်အပေါ်ဆီမှာတော့ သမထတရားကို ကျင့်ကြံထိုင်နေကြလေရဲ့။
ဒါပေမယ့် ဒိုးညီနောင်တို့မှာတော့ စိတ်တွေက သမထတရားဆီမှာ နစ်မ၀င်နိုင်ဘဲ လှုပ်ရှာိးာမ်းခါနေကြပြီး မတည်မငြိမ်ဖြစ်နေကြရလေတယ်။
” လူလေးတို့…စိတ်ကို တည်ငြိမ်အောင် ထားကြပါ…”
ရုတ်တရက် ဒိုးညီနောင်တို့ရဲ့ အကြားအာရုံဆီမှာ ပဲ့တင်လာတဲ့ ဦးသိဒ္ဒိရဲ့ အသံ။ ဦးသိဒ္ဒိက သူတို့ကို မနောဗန္ဓမည်တဲ့ စိတ်အာရုံနဲ့ ဆက်သွယ်မှု ပြုလာခဲ့တာ။
” ကျုပ်တို့ စိတ်ပူနေမိတယ် ဘဘ…”
ဦးသိဒ္ဒိရဲ့ စကားကို ဒိုးကြီးက ပြန်လည်ဖြေကြားလိုက်တယ်။
” ဘာအတွက် စိတ်ပူနေကြတာလဲ လူလေးတို့…”
ဦးသိဒ္ဒိက ထပ်မေးလာချိန် ဒိုးငယ်က…။
” မဏ္ဍာပ်ထဲမှာ လူသူတွေသိပ်ကို များလွန်းနေတယ်။ ဒီပုံအတိုင်းဆို ဝိဇ္ဇာဓိုရ်က လာမယ်မထင်ဘူး ဘဘ…”
ဒိုးငယ်ရဲ့ စကားအဆုံးမှာတော့ ဦးသိဒ္ဒိက…။
” အဲ့ဒီ့အတွက်တော့ စိတ်မပူပါနဲ့ လူလေးတို့ရယ်။ ဒီအတွက်ကို ဝိဇ္ဇာဓိုရ်က စီမံပါလိမ့်မယ်။ လူလေးတို့သာ ကိုယ့်အလပ်ြကိုပဲ စိတ်နှစ်လုပ်ပါ…”
ဒိုးညီနောင်တို့ စိတ်ကို ဒုန်းဒုန်းချလိုက်ပြီး အာရုံကို သမထဆီမှာပဲ ပြန်နှစ်လိုက်မိကြတယ်။
တအောင့်ကြာတော့ သူတို့နှစ်ယောက် သမထရေယာဉ်ကြောဆီမှာ နစ်၀င်စိမျောနေခဲ့ကြလေပြီ။


+++++++++
သန်းခေါင်ယံကျော်လို့ တပေါင်းလပြာ့်နေ့ဆီကို ကူးပြောင်းပြီဆိုတာနဲ့ မဏ္ဍာပ်ကြီးအထဲဆီက လူသံသူသံတွေ ရုတ်ခြည်းတိတ်ဆိတ်သွားတယ်။
” အချိန်ကျပြီပဲ လူလေးတို့။ ဘဘတို့ မဏ္ဍာပ်ထဲကို သွားကြစို့ရယ်…”
ချက်ချင်းပဲ သူတို့သုံးယောက် မဏ္ဍာပ်ဆီကို ဆင်းလာခဲ့ကြတယ်။
မဏ္ဍာပ်ဆီကိုရောက်တော့ ရွာသူရွာသားတို့အားလုံး မိန်းမောပြီး ကျောက်ရုပ်ကြီးတွေလိုဖြစ်နေတာကို တွေ့လိုက်ကြရတယ်။
” သူတို့နှစ်ယောက် ရောက်နေကြပြီ…”
ဦးသိဒ္ဒိပြောတဲ့အတိုင်းပါပဲ။
ဆင်းတုတော်ရဲ့ အရှေ့ဆီမှာတော့ ၀တ်ဖြူစင်ကြယ်နဲ့ အသက်ကြီးကြီးလူကြီးတစ်ယောက်နဲ့အတူ ဆင်းတုတော်ကို လက်အုပ်ချီလို့ မျက်တောင်မခတ်တမ်း
တစိုက်မတ်မတ် ဖူးမြှော်နေတဲ့ အရူးကံကောင်းတို့ကို ဒိုးညီနောင်တို့ တွေ့လိုက်ကြရတယ်။
” ရောင်းရင်း ယက္ခတိံဒ၊ သင့်ရဲ့ အတိတ်ဘ၀က မပြီးပြတ်ခဲ့တဲ့အမှုကို အခုပဲ အသင်ကိုယ်တိုင် အပြီးသတ်ချေပါတော့…”
ဝိဇ္ဇာဓိုရ်က ကံကောင်းကို ပြောလိုက်တယ်။
အရူး ကံကောင်း သက်၀င်လှုပ်ရှားလာတယ်။ ပြီးတော့ သူ့လည်ပင်းဆီက ကြေးပြာကြီးကို သူကိုယ်တိုင် ချွတ်ယူလိုက်ပြီး ဝိဇ္ဇာဓိုရ်ကို လှည့်ကြည့်တယ်။
ဝိဇ္ဇာဓိုရ်က ခေါင်းညိတ်ပြတော့ ကံကောင်းက ဆင်းတုတော်ဆီကို ချဉ်းကပ်သွားခဲ့ပြီး ချိုင်ခွက်နေတဲ့ နေရာဆီကို ကြေးပြားကြီးနဲ့ ဖိကပ်လိုက်တယ်။
အံ့သြစရာကောင်းလွန်းပါရဲ့…။
ကံကောင်းဖိကပ်လိုက်တဲ့ ကြေးပြားကြီးက ဆင်းတုတော်ရဲ့ ကိုယ်လုံးတော်ဆီကို တစ်စတစ်စပျော်၀င်ပြီး အသားကျသွားခဲ့လေတယ်။
မြင်ကွင်းကို ကြည့်ပြီး ဒိုးညီနောင်တို့ ပါးစပ်အဟောင်းသားဖြစ်သွားကြရတယ်။ ဥိးသိဒ္ဒိကတော့ ပြုံးနေတယ်။
ပြီးတော့ သုံးယောက်စလုံး ပြိုင်တူ လက်အုပ်ချီရင်း ဆင်းတုတော်ကို ဖူးမြှော်မိကြတယ်။
အရူး ကံကောင်းကလည်း ၀မ်းသာကြည်နူးလွန်းနေတဲ့ မျက်နှာနဲ့ သူ့နေရာကို ပြန်ဆင်းလာပြီး ဒူးတုပ်ထိုင်လို့ ဆင်းတုတော်ကို အြိကမ်ကြိမ် ဦးခိုက်ကန်တော့နေတော့တာ။
ဝိဇ္ဇာဓိုရ်က ဦးသိဒ္ဒိဆီကို လှမ်းကြည့်ပြီး နှုတ်ဆက်လာတယ်။ ဦးသိဒ္ဒိက ခေါင်းကို အသာညိတ်ပြပြီးချိန်မှာတော့ ဝိဇ္ဇာဓိုရ်ရဲ့ ပုံရိပ်က တဖြေးဖြေး
မှေးမှိန်ပြီး ပျောက်ကွယ်သွားလေရဲ့။
ဝိဇ္ဇာဓိုရ်ရဲ့ ပုံရိပ် လုံးလုံးလျားလျားကွယ်သွားချိန်မှာတော့ မိန်းမောနေကြတဲ့ ရွာသူရွာသားတွေအားလုံး ချက်ချင်းပဲ ပြန်လည် လှုပ်ရှားသက်၀င်လာခဲ့ကြပြီ။
သူတို့အားလုံး ကိုယ့်ကိုကို ဘာဖြစ်မှန်းမသိ ပြန်လည်ဆန်းစစ်နေကြရင်း ဆင်းတုတော်ကို အကြိမ်ကြိမ်ဦးခိုက်ကန်တော့်နေတဲ့ ကံကောင်းကို မြင်သွားကြတယ်။
ပြီးတော့ ဆင်းတုတော်ဆီက ပြည့်ဝနေလေပြီဖြစ်တဲ့ ချိုင့်ခွက်နေရာကိုလည်း သွားရေညက်ကြည့်ကြပြီး တအံ့တသြတွေညဖြစ်ကုန်ကြလို့…။
အဲ့ဒီ့အချိန် ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ကတော့ လရောင်ထင်းထင်းကို အဖော်ပြုပြီး မဏ္ဍာပ်ကြီးကို ကျောခိုင်းလို့ မြောက်အရပ်ဆီကို ဦးတည်လို့ ထွက်ခွာခဲ့ကြပြန်ပါတော့တယ်။
ဒီအဖြစ်အပျက်ပြီးတဲ့နောက်မှာတော့ ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ဟာ အင်းချောင်းဆိုတဲ့ရွာဆီကို ရောက်ခဲ့ကြပြီး အဲ့ဒီ့ရွာဆီမှာ ကြုံတွေနေရတဲ့ အမှောင့်ပယောဂ
ပြဿနာတစ်ခုကို ဖြေရှင်းကြရပြန်ပါတော့တယ်။

နောင်ရိုး(ဆေးတပ်)

Leave a Comment