အသူရကယ်ဘုံ

အသူရကယ်ဘုံ(စ/ဆုံး)
မူရင်းရေးသားသူ — ဆရာတာတေ
+++++++++++

ဒီဘိုးတော်ကြီးနာမည်က ဦးစုံတဲ့ဗျ။
ကျုပ်တို့ကတော့ ဘိုးစုံလို့ခေါ်ကြတယ်။
အသက်အရွယ်က ရှစ်ဆယ်ကျော်ပြီ။
လူကတော့ သန်သန်မာမာပဲ ရှိသေးတာဗျ။
အခုအရွယ်အထိ နွားနောက်ကပြေးလိုက်တုံး
ရှိသေးတာ။မန်ကျည်းရွက်ခူးတာတို့ မန်ကျည်းသီး
ဆွတ်တာတို့ဆိုရင် ဘိုးစုံက ဘယ်သူ့ကိုခိုင်းတာမဟုတ်ဘူးဗျ
သူကိုယ်တိုင်အပင်တက်တာ။
ဟိုတလောကလည်း အုန်းသီးတက်ခူးလို့
သူ့သားတွေက မနည်းကို ပြောထားရတာ။
အသက်ငါးဆယ်ကျော် ခြောက်ဆယ်ကျော်ရှိနေတဲံ့
သူ့သားတွေကမှ အိုစာကြသေးတယ်။
ဘိုးစုံကကြည့်လိုက်ရင် အသက်ငါးဆယ်ကျော်လောက်ပဲ
ရှိသေးတယ်လို့ ထင်ရတာ။
လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဘိုးစုံကို
ကာလသားတွေက မခံချင်အောင် စကြတာဗျ
ဒါနဲ့ဘိုးစုံက ကာလသားတွေကို စိန်ခေါ်လိုက်သဗျ။
“ဟေ့ကောင်သာညို မင်းတို့ကြိုက်တဲ့မြင်းတစ်ကောင်ရှာလိုက်
ပြီးတော့ မြင်းစီးကောင်းတဲ့ကောင်လည်းခေါ်လာခဲ့
ငါအဲဒီမြင်းနဲ့ ပြိုင်ပြေးမယ် ။ငွေငါးရာကြေး
အေး တစ်ခုတော့ ရှိတယ် ငွေတော့ တစ်ခါတည်း
ထပ်ထားရမယ်နော် ။ငါလည်း ငါတစ်ခါတည်းထပ်မယ်
ကဲ မင်းတို့ ဘယ်လိုသဘောရတုံး”
“ဟာ ဘိုးစုံရာ စဉ်းစဉ်းစားစားလည်း ပြောပါဗျာ။
မြင်းနဲ့ပြိုင်ပြေးနိုင်တဲ့ လူဆိုတာ ရှိခဲ့ဘူးတာမှ မဟုတ်တာ
ပြီးတော့ ဘိုးစုံ အသက်က ရှစ်ဆယ်ကျော်နေပြီနော်”
“အောင်မာသာညို ဒါတွေ ငါလာမပြောနဲ့
မင်းငွေမလိုချင်ဘူးလား
ငွေလိုချင်ရင် လောင်းလေကွာ”
ကာလသားတွေ ခေါင်းချင်းရိုက်တိုင်ပင်ကြတယ်ဗျ
နောက်ဆုံးတော့ လောင်းကစားပွဲက ဖြစ်သွားတာဗျာ
ယာထဲမှာပြိုင်ကြတာဗျ။ကျုပ်တို့ရွာက တစ်ရွာလုံး
ထွက်ကြည့်ကြတာ။ကာလသားတွေထပ်တဲ့ငွေငါးရာရော။
ဘိုးစုံထပ်တဲ့ငွေငါးရာရော ဘိုးရုံက ကိုင်တာဗျို့။
မြင်းကတော့ ဦးမြဒင်မြင်း တိမ်ညိုကြီးဗျ။
တိမ်ညိုဆိုတာ လွှတ်ပြေးတဲ့မြင်းဗျ။
ဒီမြင်းကို ကျုပ်ကောင်းကောင်းစီးဖူးတယ်။
‘ကျောက်တလားချောင်း’ဝတ္ထုထဲမှာ
ကျုပ်စီးသွားတဲ့ မြင်းကြီးလေဗျာ။
စီးမှာကလည်း ကျုပ်တို့ရွာမှာ မြင်းစီးနာမည်ကြီးတဲ့
ကိုမိုးသီးဗျ။
ကိုမိုးသီးက ကျုပ်တို့ရွာက ရွှေတောင်ဦးဘုရားပွဲမှာ
ဦးရွှေရိုးအမြဲကရတဲ့သူလေဗျာ။
မြင်းစီးလည်း လွှတ်ကောင်းတာဗျ။
ရွှေတောင်ဦး ဘုရားပွဲမှာ မြင်းပွဲလည်း ပါတယ်လေဗျာ။
အဲဒီ့ပွဲမှာ ကိုမိုးသီးက တိမ်ညိုကြီးပြီး ဆုယူနေကျဗျ။
“ဒီအဘိုးကြီး သူငယ်ပြန်ပြီး လျှောက်ပြောနေတာပါကွာ
မြင်းနဲ့ပြိုင်ပြေးမလို့တဲ့ ။ အမောစို့ပြီး သေသွားရင်
အမှုပတ်နေကြပါဦးမယ်ဗျာ”
ရွာထဲက လူတွေက တစ်ယောက်တစ်ပေါက်ပြောနေကြတာဗျ
ဘိုးစုံရဲ့သားတွေက သူတို့အဖေကို ဘယ်လိုမှ တားလို့
မရတော့ စကားမပြောဘဲ တခြားကို သွားပြီ
ရှောင်နေကြတယ်။ပန်းတိုင်ကို ဘိုးရုံတို့
ဘိုးပုတို့ ကိုယ်တိုင် သတ်မှတ်တာဗျ။
ယာနှစ်ကွက်ပြေးရမှာ။
ပြိုင်တော့မယ်ဆိုတော့ ဘိုးစုံက
ခါးတောင်းလေးမြှောက်အောင်ကြုက်လိုက်လို့ဗျ
ပေါင်မှာထိုးထားတဲ့ ထိုးကွင်းတွေက အထင်းသားပေါ့ဗျာ။
ထိုးကွင်းမှ ဒူးကျထိုးထားတာဗျို့။
ထိုးကွင်းကို ဒူးခေါင်းအထိ ထိုးတယ်ဆိုတာ
တော်တော်သတ္တိကောင်းတဲ့လူတွေမှ ထိုးကြတာဗျ။
ဘိုးရုံက ပြေးဖို့ ခရာတွတ်လိုက်တာနဲ့ ဘိုးစုံက
လေထဲမှာပျံသလိုကို ပြေးတာဗျ။
ယာတစ်ကွက်ကျော်တာနဲ့ တိမ်ညိုကိုကျော်သွားတာဗျို့။
ဘိုးစုံပန်းကိုင်တော့ တိမ်ညိုကနှစ်လံ
သုံးလံလောက် ကွာသေးတယ်။
“ဟာ ဘိုးစုံကြ ဘိုးစုံကြ”
လို့ရွာသားတွေက လက်ခုတ်တီးပြီး
အော်ကြတော့ ဘိုးစုံက ပြုံးပြုံးကြီး။
အပြန်ကျတော့ မိုးသီးက ဘိုးစုံကို
မြင်းပေါ်တင်ပြီး ပြန်ခေါ် လာတယ်။
ကာလသားတွေဆိုတာ အဲဒီ့နေ့ကစပြီး
ဘိုးစုံကို ဦးကျိုးသွားတာဗျို့။နောက်ဆိုရင်
ဘိုးစုံကို စတောင် မစရဲတော့ဘူးဗျ။
ဘိုးစုံက သူနိုင်တဲ့ ငွေငါးရာကို ရွာထဲမှာ
အလှူလုပ်ပြီး ကျွေးမွေးပစ်လိုက်တာဗျ။
ဒီအကြောင်းကို ကျုပ်တို့ရွာသားတွေဆိုတာ
ပြောလို့မဆုံးနိုင်အောင် ဖြစ်ခဲ့တာပေါ့ဗျ။
တစ်နေ့ ကျုပ်ယာထွန်တဲ့နေရာကို
ဘိုးစုံကြီး ရောက်လာတယ်ဗျို့။
“ဘိုးစုံ ဘယ်ကပြန်လာတာတုံး”
လို့ ကျုပ်က လှမ်းပြီးနှုတ်ဆက်လိုက်တယ်။
“သံခနောက်ကို သွားတာကွ တာတေရေ
သံဒနောက်မှာ ငါ့ငယ်ရည်းစာ မယ်ပုံဆိုတာ
ရှိတယ်ကွ ဒုတလော သူ့ကို ခဏခဏ
သတိရတာနဲ့ သွားတွေ့တာကွ”
“ဟာ ဘိုးကတော့နောက်ပြီ”
ဟာ မနောက်ဘူးတာတေရ တကယ်ပြောတာ”
“နို့ တွေ့ခဲ့လားဘိုးရဲ့”
“တွေ့တော့တွေ့ပါရဲ့ကွာ ဒါပေမယ့် မယ်ပုံက
သတိမကောင်းတော့ ငါ့ကိုဘယ်သူမှန်းကို
မသိတော့တာကွဲ့”
ဘိုးစုံက ပြောပြောဆိုဆိုနဲ့ ဘန့်ဘွေးပင်အောက်က
ကျုပ်ခင်းထားတဲ့ ဖျာကြမ်းလေးမှာဝင်ထိုင်တယ်
ကျုပ်က ပါလာတဲ့ ရေနွေးအိုးထဲက ရေနွေးကြမ်းကိုငှဲ့ပြီး
ဘိုးစုံကိုတိုက်တယ်။ပြီးတော့ နဂါးဆေးပေါ့လိပ်ကလေး
တစ်လိပ်ကို မီးညှိပြီး ဘိုးစုံကိုတည်လိုက်တယ်။
ဘိုးစုံက ရေနွေးကြမ်းလေးသောက်လိုက်
နဂါးဆေးပေါ့လိပ်ကလေးဖွာလိုက်နဲ့
စကားပြောတော့တာပဲဗျို့။
“ဘိုး ဘိုးက အသက်ရှစ်ဆယ်ကျော်ပေမယ့်
မြင်းထက်မြန်အောင်ပြေးနိုင်တာ အကြောင်းတစ်ခုခုတော့
ရှိမယ်ထင်တယ်ဗျ”
ဘိုးစုံက ပြုံးပြီးခေါင်းညိတ်တယ်။
ပြီးတော့မှ ကျုပ်ကိုပြောတာဗျ။
“ဘိုးအသက်သုံးဆယ်လောက်က
အသူရကာယ်ဘုံကို ရောက်သွားဖူးတယ်
တာတေရဲ့”
“ဗျာ အသူရကာယ်ဘုံကို ဟုတ်လားဘိုး”
“လူတွေပြောပြောနေတဲ့ ကျတ်ရွာပေါ့ကွယ်”
“ဟာ ကျတ်ရွာဆိုတာ တကယ်ရှိတာလားဘိုးရဲ့”
“ဟကောင်တာတေရဲ့ တကယ်ရှိတာပေါ့ကွာ။ကျတ်ဆိုတာ အသူရကာယ်ဘုံသားတွေကွဲ့။
တကယ်တော့ အသူရကာယ်ဘုံဆိုတာ
လူ့ဘုံနဲ့တစပ်တည်းရှိနေတာကွဲ့”
“ဘိုးကဘယ်လိုများ အဲဒီကို ရောက်သွားတာတုံးဗျ”
“ဘိုးကငွေတွင်းကုန်းကလှည်းနဲ့ပြန်လာတာကွဲ့။
မိုးကလည်း ချုပ်နေတော့ နွားတွေကိုငေါက်ငေါက်ပြီး
မောင်းလာတာပေါ့ကွယ်။နွားတွေလည်း
အပြေးသွားကြတာပေါ့လေ ။ တာတေရေ ဘိုးက
ဦးတည်ပြီးမောင်းတာက မီးလောင်ကုန်းကိုကွဲ့။
ဒါပေမယ့် မီးလောင်ကုန်းကို တွေ့ကိုမတွေ့ဘူး
ဖြစ်နေတာဟေ့။ တာတေစဉ်းစားကြည့်လေကွာ။
ငွေတွင်းကုန်းနဲ့မီးလောင်ကုန်းက
လှည်းကိုသွက်သွက်မောင်းရင် နာရီဝက်ဝက်
ပိုမလားကွယ်။ဘိုးမောင်းနေတာ တစ်နာရီမက
ကြာနေတာတောင် မီးလောင်ကုန်းက
မီးရောင်တောင် မတွေ့ရဘူးကွဲ့။
ငွေတွင်းကုန်းနဲ့မီးလောင်ကုန်းကလည်း
လှည်းလမ်းလေးတစ်လမ်းပဲ ရှိတာပဲကွယ်။
မှားစရာရှိပါ့မလား ။ဘိုးစိတ်ထဲ သာယာကုန်းဘက်ကိုများ
မှားပြီးသွားနေတာလားလို့တွေးနေတုံး
ရှေ့တည့်တည့်မှာ ထနောင်းပင်ကြီးတစ်ပင်ကို
ဘွားကနဲတွေ့လိုက်ရတာဟေ့။
လှည်းလမ်းကြောင်းပေါ်မှာ ဘယ်လိုလုပ်ပြီး
သစ်ပင်ရှိမှာတုံးကွယ်။နွားတွေကလည်း
အပြေးကို ဆွဲနေတာဟေ့။ဘိုးလည်း
ဘာလုပ်ရမှန်းမသိအောင်ဖြစ်သွားပြီး
ကြောင်ကြည့်နေတုန်းမှာပဲ နွားတွေက
ထနောင်းကုန်းပင်ကြီးတည့်တည့်ကို
ပြေးဝင်သွားတာဟေ့။
“အောင်မလေးဗျ”
လို့ဘိုးရဲ့ ပါးစပ်က ယောင်ပြီးအော်လိုက်မိတာပေါ့ကွယ်
လှည်းအိမ်ထဲကိုနောက်ပြန်လှဲချလိုက်ပြီး
မျက်စေ့ကိုမှိတ်ထားလိုက်မိတာပေါ့ကွယ်။
ဒါပေမယ့် တာတေရေ တိုက်မိခိုက်မိတဲ့
အသံဘာမှမကြားရဘဲ နွားတွေက
ဆွဲမြဲဆွဲပြီး သွားနေတော့ ဘိုးလည်း
အံ့အားသင့်ပြီးထထိုင်လိုက်တယ်။
မျက်စေ့ဖွင့်ကြည့်လိုက်တော့
“ဟာ”
ယောင်ပြီးအော်လိုက်မိတဲ့အထိကို ဖြစ်သွားတာဟေ့။
“ဟင် ဘာဖြစ်လို့တုံးဘိုးရဲ့”
“ဟာ တာတေရယ် ဘာဖြစ်ရမှာတုံးကွယ်
ကျုပ် လှည်းရှေ့မှာရွာကြီးတစ်ရွာကွဲ့။
မီးတွေမှလင်းထိန်နေတာ။
တစ်ရွာလုံးအောက်လင်းဓါတ်မီးတွေထွန်းလို့
နည်းတဲ့ ရွာကြီးမဟုတ်ပါဘူးကွယ်
ဒါ သာယာကုန်းတော့ မဟုတ်ဘူးလို့
တွေးရင်း လှည်းကိုဆက်မောင်းလာလိုက်တာ
ပွဲခင်းကြီးနဲ့ တည့်တည့်တိုးပါလေရောလားကွယ်
ပွဲမထွက်သေးလို့ ဆိုင်းသံဗုံသံမကြားရသေးတာကွဲ့။
အောက်လင်းဓါတ်မီးတွေ ထိန်ထိန်လင်းနေတာဟာ
ဒီပွဲခင်းကပဲကို့။ပွဲခင်းရဲ့တောင်ဘက်မှာက ရွာကြီးကွဲ့။
ဒီတော့မှ ဘိုးက သေသေချာချာကြည့်မိတာ။
ရွာကလည်း အတော်လေးကြီးသားကွဲ့။
ဘိုးက လှည်းကို ရပ်လိုက်ပြီး အကဲခတ်တာပေါ့ကွယ်။
ပွဲစျေးတန်းမှာ လူတွေမှ ကြိတ်ကြိတ်ကိုတိုးနေတာ
တာတေရေ။သဘော့ဖျာရောင်းတဲ့ဆိုင်တွေ
သင်ဖျူးဖျာရောင်းတဲ့ဆိုင်တွေ မြေအိုးတွေရောင်းတဲ့ဆိုင်တွေ
အထည်အလိပ်ရောင်းတဲ့ဆိုင်တွေ အစာအသောက်ရောင်းတဲ့
ဆိုင်တွေ အကြော်စုံရောင်းတဲ့ဆိုင်တွေ။
အိုး စျေးဆိုင်တွေမှ စည်းကားလိုက်တာကွယ်။
လူတွေကလည်း တိုးခွေ့ပြီး ဝယ်ကြ စားကြ
သောက်ကြ။တစ်ယောက်နဲ့တစ်ယောက်ရယ်စရာပြောကြ။
နောက်ကြ။ပြောင်ကြနဲ့ ဘိုးဖြင့် သူတို့ကို
ကြည့်ပြီးစိတ်ထဲမှာ တော်တော်ပျော်လာတာကွဲ့။
ခဏနေတော့ ဆိုင်းဝိုင်းက ဆိုင်းထတီးတယ်ကွဲ့။
နောက်ဇာတ်ခုံပေါ်က ကန့်လန့်ကာပွင့်သွားပြီး
အပျိုတော်တွေကတယ်။ သူတို့ဆိုတဲ့သီချင်းတွေ
ကျုပ်ဖြင့် တစ်ခါမှမကြားဖူးပါဘူးကွယ်။
နောက် မင်းသား မင်းသမီး နှစ်ပါးသွားကတယ်။
ဘိုးလည်း ပွဲကြည့်ကောင်းနေတုန်း
လူတစ်ယောက်ဘိုးဆီ ရောက်လာတယ်။
ဘိုးက လှည်းပေါ်မှာထိုင်ပြီး ဆေးပေါ့လိပ်ကလေး
ဖွာနေတာကိုးကွဲ့။
“နောင်ကြီး မီးတစ်တို့လောက်”
လို့မီးတောင်းတာနဲ့ ဘိုးက အိတ်ထဲကမီးခတ်ကလေး
ထုတ်ပေးလိုက်တယ်။သူက မီးခတ်ကိုယူပြီး
ခတ်လိုက်တော့ တောက်သွားတဲ့
မီးတောက်မှာ ဆေးလိပ်မီးညှိရင်း ဒီလူက
ဘိုးမျက်နှာကို ကြည့်တယ်။ဘိုးကလ ည်း
သူ့မျက်နှာကိုကြည့်တာပေါ့။ဒီလူက ဘိုးကို
ကြည့်ပြီး မျက်နှာပျက်သွားတယ်။
ဘိုးက
“မိတ်ဆွေ ဒါဘာရွာတုံးဗျ”
လို့မေးလိုက်တော့ သူက ပြုံးပြီး
“မြင်းမနားရွာ”
လို့ခေါ်တယ်လို့ပြောတော့ ဘိုးက
“ကျုပ်ဖြင့် ဒီရွာနာမည်ကို တစ်ခါမှ မကြားဖူးပါဘူးဗျာ”
လို့ပြောတော့ သူကလည်း ဘိုးကိုပြန်မေးတယ်။
“မိတ်ဆွေကရော ဘယ်ရွာကလာတာတုံး”
တဲ့။ဘိုးက
“ကျုပ်က ထနောင်းကုန်းကပါ”
လို့ပြောတော့ ဒီလူကမျက်မှောက်ကြုပ်ပြီးစဉ်းစားတယ်ကွဲ့။
ပြီးတော့မှ
“ထနောင်းကုန်း”
ဆိုတဲ့ရွာကို ကျုပ်တစ်ခါမှမကြားဖူးဘူးလို့ပြောတယ်။
ဘိုးက ဘန့်ဘွေးကုန်း မီးလောင်ကုန်း ငွေတွင်းကုန်း
ဆပ်သမြှောင်ဆိုတဲ့ရွာတွေကို ပြောပြတော့
သူကတစ်ရွာမှ မကြားဖူးဘူးလို့ ပြောတယ်။
နောက်တော့သူက ဘိုးကို ရွာထဲကိုခေါ်လာတယ်။
ဒီလူနဲ့ဘိုးနဲ့က ဘဝရေစက်ရှိသလားတော့မသိဘူးတာတေရဲ့။
တွေ့တာနဲ့ကို ခင်သွားကြတာကွဲ့။
သူ့နာမည်ကလည်း ခပ်ဆန်းဆန်းပဲ။
ကိုတုံပတဲ့။ဘိုးနာမည်ကို ကိုစုံလို့ပြောတော့ သူက
နည်းနည်းအံ့သြနေတယ်။
အဲဒီညက ဘိုးကိုတုံပရဲ့အိမ်မှာ အိပ်ဖြစ်တယ်။
သူ့မိန်းမက မရေကန်တဲ့။
သားသမီးတော့ မရှိကြဘူးပြောတယ်။
ဘိုးကို ပွဲစျေးတန်းက ဝယ်လာတဲ့မုန့်တွေကျွေးကြတယ်။
သူတို့မုန့်တွေက စားလို့တော့ကောင်းသားကွဲ့။
ဒါပေမယ့် ဘိုးတစ်ခါမှ မစားဘူးတဲ့မုန့်တွေဘဲတာတေရဲ့။
သူတို့တစ်ရွာလုံး ကျုပ်တို့ရွာလိုပဲ ယာလုပ်ကြတာတဲ့။
သူတို့ဆီမှာ ယာထွန်တာ နွားမသုံးဘူးဆိုပဲ။
နွားဆိုတာ မြင်တောင်မမြင်ဘူးကြဘူးတဲ့ကွ။
မြင်းတွေနဲ့ပဲ ယာထွန်ကြတာတဲ့။
ဘိုးကတော့ တစ်ခါမှ မကြားဘူးတဲ့ရွာမှာတစ်ခါမှမမြင်ဘူးတဲ့လူတွေနဲ့ တွေ့နေတာပေါ့ကွယ်။
ရောက်တုန်းရောက်ခိုက် တစ်ရက်နှစ်ရက်လောက်
နေပါဦးလို့ ပြောသကွဲ့။ဒါနဲ့
ဘိုးလည်း နေမယ်လို့ ဆုံးဖြတ်လိုက်တယ်။
ကိုတုံပတို့ ယာထဲကို ဘိုးလိုက်သွားတယ်။
အကုန်လုံးမြင်းတွေနဲ့ပဲ ယာထွန်ကြတယ်။
ထယ်ထိုးကြတယ်ကွဲ့။ဘိုးတို့လိုဘဲ
နှမ်းတွေ ပဲတွေ ပြောင်းတွေစိုက်တာပါပဲ။
အာလူးစိုက်တဲ့လူလည်း စိုက်တယ်။
ဆန်ကတော့ ဘိုးတို့လိုပဲ အောက်ပြည်က
လာရောင်းတာလို့ပြောတယ်။
ကိုတုံပက ယာထွန်ပြီးလို့ ထွန်တုံးဖြုတ်လိုက်တဲ့
အချိန်လည်းကျတော့ သူ့မြင်းကြီးက
စွတ်ပြေးပါလေရောကွယ်။ဒီမှာတင်
ကိုတုံပက ကိုစုံ ခဏနေဦးနော်
ကျုပ် မြင်းလိုက်ဖမ်းလိုက်ဦး လို့ပြောပြီး
မြင်းနောက်ကို ပြေးလိုက်သကွဲ့။
ဘိုးက ပြုံးမိတာပေါ့ကွယ်။
ရှေ့ကဒုန်းဆိုင်းပြေးနေတဲ့ မြင်းနောက်ကို
လူက လိုက်လို့ ဘယ်လိုလုပ် မှီမှာတုန်းကွယ်
ဒါပေမယ့် ဘိုးထင်သလို မဟုတ်ဘူးကွဲ့
မောင်တာတေရဲ့။ကိုတုံပပြေးတာ
မြန်လိုက်တာမှ မပြောနဲ့တော့ကွယ်။
ရှေ့ကပြေးနေတဲ့ သူ့မြင်းကြီးကိုတောင်
ကျော်သွားလိုက်သေးတယ်။
ဘာပြောကောင်းမလဲကွယ်။
ကိုတုံပက မြင်းဇက်ကြိုးကို ဆတ်ခနဲ
လှမ်းဆွဲပြီး မြင်းပေါ်ကို လွှားကနဲ ခုန်တက်လိုက်သကွဲ့။
ပြီးတော့ ဘိုးဆီကို အသားကျပြန်စီးလာတာဟေ့
ဒီတော့ဘိုးက။
“ကိုတုံပရေ မြင်းကိုတောင် ကျော်အောင်ပြေးနိုင်တဲ့လူကို
ကျုပ်ဖြင့် ဒီတစ်ခါပဲမြင်ဖူးသေးတယ်ဗျာ”
လို့ ပြောလိုက်တော့ ကိုတုံပက
“ဘာလဲ ကိုစုံလည်း ကျုပ်လို ပြေးနိုင်ချင်လို့လား”
လို့ ဘိုးကိုပြန်မေးတယ်။ဘိုးကလည်း
“ပြေးနိုင်ချင်တာပ ကိုတုံပရယ်”
လို့ပြန်ပြောတော့
“ကောင်းပြီကိုစုံ ကျုပ်လိုပြေးနိုင်လွှားနိုင်အောင်
ကျုပ်လုပ်ပေးလိုက်မယ်။ကျုပ်နဲ့ တွေ့ခဲ့ဆုံခဲ့တဲ့
အမှတ်တရပေါ့ဗျာ”
လို့ပြောသကွဲ့တာတေရဲ့။ဘိုးကတော့
သူဘာပြောမှန်း မသိဘူးပေါ့ကွယ် ။အိမ်ပြန်ရောက်တော့
ကိုတုံပအိမ်ဝိုင်းထဲမှာ ရွာသားတွေ အုံလို့ကွယ်။
“ဟာ ကိုတုံပ ဘာများဖြစ်လို့တုံးဗျာ။
ခင်ဗျားဝိုင်းထဲ လူတွေ များလှချေလား”
“ဟား ဟား ဟား ဟား ဘာမှမစိုးရိမ်နဲ့
ကိုစုံရေ ဒီကောင်တွေ နွားမမြင်ဘူးလို့
ခင်ဗျားနွားတွေကိုလာကြည့်နေကြတာဗျ။
မရေကန်က ခင်ဗျားနွားကြီးတွေကို
အစာကျွေး ရေတိုက် လုပ်နေမှာပေါ့ဗျာ။
ဒါကို ဒီကောင်တွေ လာကြည့်နေကြတာဗျ။
ဒီရွာက ကောင်တွေက ဘယ်ကိုမှ
ရောက်ဖူးကြတာ မဟုတ်ဘူးဗျ။
ကျုပ်တစ်ယောက်ပဲ နေရာအနှံသွားဖူးလာဖူးတာကိုစုံရဲ့။
ဒါကြောင်လည်း သူတို့မသိတာတွေကို
ကျုပ်ကသိနေတာပေါ့ဗျာ”
(စာဖတ်သူကို ဝေမျှကူးပေးသူ လက်ခ)
ဒီလူတွေ ဘိုးကိုတွေ့တော့ မျက်လုံးကျွတ်မတတ်
စိုက်ကြည့်ကြတာကွဲ့။ဘိုးကတော့ သူတို့ကို
ပြုံးပြီနှုတ်ဆက်ပါတယ်။ဒီလူတွေထဲက
တစ်ချို့ကတော့ ဘိုးကိုပြန်ပြီးပြုံးပြကြတယ်ကွဲ့။
အိမ်မှာ ထမင်းစားပြီးတာနဲ့ ကိုတုံပက
ဘိုးကို ခါးတောင်းမြှောက်အောင်ကြိုက်ခိုင်းပြီး
ထိုးကွင်းတွေ စထိုးတော့တာပဲကွယ်။
“ဟာ …ဘိုးမနာဘူးလားဗျ”
“ဟာ နာပါပြီလားတာတေရယ် ။ ဒါပေမယ့်
စိတ်ကိုတင်းပြီးခံရတာပေါ့ကွယ်။
ပထမတစ်ရက်ထိုးတာ ညရောက်မှ တစ်ပေါင်ပဲ
ပြီးတာကွဲ့။နောက်နေ့ကျတော့ ကိုတုံပက
ယာထဲမဆင်းဘဲကို ထိုးပေးတာ
နောက်တစ်ပေါင် ပြီးသွားတယ်။
စုစုပေါင်းဘိုးက ‘မြင်းမနား’ရွာမှာ
သုံးညအိပ်ခဲ့တာကွဲ့။
နောက်တစ်နေ့မနက်အစောကြီးထပြီး
ကိုတုံပတို့လင်မယားက ကောက်ညှင်းပေါင်းကျွေးတယ်။
ဘိုးကိုလည်းလှည်းကောက်ခိုင်းပြီး
မိုးမလင်းခင် ရွာက ထွက်ခိုင်းသကွဲ့။
ဘိုးပြန်တော့ ကိုတုံပက ရွာထိပ်အထိ
လိုက်ပို့တယ်။ဟိုညက ပွဲစျေးတန်းလုပ်တဲ့
နေရာကို လှည်းဖြတ်မောင်းပြီးတာနဲ့
လှည်းရပ်ခိုင်းပြီး ကိုတုံပကလှည်းပေါ်ကဆင်းတယ်
“ဒီမှာကိုစုံ ခင်ဗျားနဲ့ ကျုပ်နဲ့ နောက်ဘယ်တော့မှ
တွေ့ရမှာ မဟုတ်တော့ဘူးဗျ”
ဟင်…ဘာဖြစ်လို့တုံး ကိုတုံပရဲ့ ခင်ဗျားတို့လင်မယား
ကျုပ်တို့ရွာကိုလာလည်ဦးလေဗျာ”
“ဘယ်နှယ်လုပ် လာမှာတုံးကိုစုံရဲ့့ ခင်ဗျားတို့နဲ့ကျုပ်က
ဘဝချင်း မတူဘူး ဟုတ်လား ခင်ဗျားတို့လည်းလူ
ကျုပ်လည်းလူပဲဟာ ဘာလို့ ဘဝချင်း မတူရမှာတုံး”
“ဟား ဟား ဟား ကိုစုံခင်ဗျားတော်တော်ကို
ရိုးတဲ့အတဲ့လူပဲဗျာ။ဘာတုံးခင်ဗျားက
ကျုပ်တို့ကို လူတွေလို ထင်နေလို့လား”
“ဗျာ…ခင်ဗျားတို့က လူမဟုတ်လို့ ဘာတုံးဗျ
ကိုတုံပရဲ့”
လို့ ဘိုးကတအံတသြမေးလိုက်တော့ ကိုတုံပက
ရယ်ရင်းကနေပြန်ပြောတယ်။
“ကျုပ်တို့က လူတွေမဟုတ်ဘူးဗျ
အသူရကာယ်တွေဗျ”
“ဗျာ…”
“ဟုတ်တယ် ကိုစုံရဲ့။ ခင်ဗျားတို့လူတွေပြောပြောနေတဲ့
ကျတ်ဆိုတာ ကျုပ်တို့ပဲပေါ့ဗျာ။
လူတွေက ကျုပ်တို့ကို ကျတ်လို့ခေါ်ပေမယ့်
တကယ်တော့ ကျုပ်တို့က အသူရကာယ်တွေပါ”
“ဟာ ဒါပေမယ့် ခင်ဗျားတို့လည်း ကျုပ်တို့လိုပဲ
ရွာနဲ့ရပ်နဲ့ အိုးနဲ့အိမ်နဲ့ ယာတွေဘာတွေနဲ့
တောင်သူလုပ်ကြတဲ့သူတွေပဲဗျာ။
ကျုပ်တို့ လူတွေလိုပဲ ပွဲလမ်းသဘင်တွေကြည့်လို့
ဆိုကြကကြလို့ပဲ မဟုတ်လား😌
“ဒါတော့ ဟုတ်တယ်ဗျ။ဒါပေမယ့် ခင်ဗျားတို့ကို
ကျုပ်တို့က မမြင်နိုင်သလို ခင်ဗျားတို့ကလည်း
ကျုပ်တို့ကို မမြင်ရဘူးဗျ။ခင်ဗျားတို့နေတဲ့ ရွာတွေ
မြို့တွေကို ကျုပ်တို့က မြင်ခွင့်မရှိဘူး။
မြင်လည်း မမြင်နိုင်ဘူး”
“နို့ ခုတော့ ခင်ဗျားနဲ့ ကျုပ်နဲ့ မြင်နေရတာပဲ
မဟုတ်လား ကိုတုံပရဲ့”
“ဒါက အင်မတန်ထူးဆန်းတဲ့ အကြောင်းတစ်ခုကြောင့်
ခင်ဗျားက ကျုပ်တို့ဆီကို ရောက်လာတာကို ကိုစုံရဲ့။ဒါမျိုးက အင်မတန်မှကို ဖြစ်ခဲတာကလားဗျာ”
“နေပါဦးဗျ ခင်ဗျားတို့ရွာက အသူရကာယ်တွေက
ကျုပ်ကို လူမှန်းသိကြသလား”
“သိပါသကော ကိုစုံရာ သိလို့ပဲ ခင်ဗျားကို
ဝိုင်းကြည့်နေကြတာပေါ့။ဒါပေမယ့် ဒီရွာကြီးမှာ
အသူရကာယ်တွေက ကျုပ်ကို သိပ်ကြည်ညိုကြတာဗျ။
ဘာဖြစ်လို့တုန်းဆိုတော့ ကျုပ်က ဒီရွာမှာရှိတဲ့
တစ်ဦးတည်းသော ဆေးဆရာလေဗျာ။
သူတို့ဘာရောဂါဖြစ်ဖြစ် ကျုပ်က ပျောက်အောင်
ကုသပေးနိုင်တဲ့သူဗျ ကိုစုံရ။
ဒါကြောင့် ကျုပ်ဆီလာတဲ့ ဧည့်သည်ကို ဒီကောင်တွေ
လက်နဲ့ထိဖို့နေနေသာသာ
စိတ်နဲ့တောင် မပစ်မှားရဲကြဘူးဗျ”
“ကျုပ်ဖြင့်အံ့သြလိုက်တာ ကိုတုံပရယ်။
ခင်ဗျားတို့ ကျွေးတဲ့ ထမင်းဟင်းတွေ
မုန့်သရေစာတွေ ကျုပ်ဖြင့် စားလို့ကောင်းလိုက်တာဗျာ။
ကျုပ်က စိတ်ကူးနေတာက ခင်ဗျားတို့လင်မယားကို
ကျုပ်တို့ရွာ လာဖို့ အလည်ခေါ်ပြီးတလှည့်
ပြန်ကျွေးမွေးမလို့ဗျ”
“ကျုပ်တို့ဒီရွာရဲ့အပြင်ကို ထွက်သွားလည်း
ကျုပ်တို့ကို ဘယ်သူမှ မြင်နိုင်မှာမဟုတ်တာ
ကိုစုံရယ် ။ ပြီးတော့ ခင်ဗျားတို့လူတွေကိုလည်း
ကျုပ်တို့ကမြင်ရတာ မဟုတ်တာ။
ဒီမှာကိုစုံဟိုရှေ့မှာ မြင်နေရတဲ့
ရေကန်လေးတွေ့လား။
အဲဒီရေကန်လေးကျော်သွားတာနဲ့
ခင်ဗျား နောက်ကိုလှည့်ကြည့်လိုက်
ကျုပ်ကိုရော ကျုပ်တို့ရွာကိုရော ခင်ဗျား
တွေ့ရမှာမဟုတ်တော့ဘူး။
ခင်ဗျားစိတ်မကျေနပ်လို့ ကျုပ်တို့ကို
နောက်တစ်ခေါက်ပြန်လာပြီးရှာလည်း
ကျုပ်တို့ကို တွေ့မှာမဟုတ်တော့ဘူး”
“ဟင်…အဲဒါဘယ်လိုဖြစ်လို့တုန်း ကိုတုံပရယ်”
“ခင်ဗျားနဲ့ ကျုပ်တို့နဲ့တွေ့ရမယ် ကံကကုန်သွားပြီလေဗျာ”
ဒါနဲ့ဘိုးလှည်းမောင်းပြီးထွက်လာခဲ့တယ်။
ခဏနေတော့ ကိုတုံပပြောတဲ့ရေကန်လေး
ကျော်လာတော့ လှည်းကိုရပ်ပြီး ဘိုးက
နောက်ကိုလှည့်ကြည့်လိုက်တယ်။
“ဟာ”
ဘိုးပါးစပ်က ယောင်ပြီးတောင်အော်လိုက်မိတယ် တာတေရေ။
အခုလေးတင်ကမှ ဘိုးထွက်လာခဲ့တဲ့ မြင်းမနားရွာကြီးကို
လုံးဝမတွေ့ရတော့ဘူးဟေ့။
မျက်စေ့တစ်ဆုံးယာခင်းတွေချည်းပဲ။
ခပ်လှမ်းလှမ်းမှာ သာယာကုန်းကို
လှမ်းမြင်နေရတယ်။မီးလောင်ကုန်းကိုလည်း
မြင်နေရတယ်ကွ။ဒါနဲ့ဘိုးလည်း မီးလောင်ကုန်းဘက်ကို
ဦးတည်ပြီး လှည်းကိုမောင်းချလာခဲ့တော့တာပေါ့ကွယ်။
မီးလောင်ကုန်းပြီးတော့ ထနောင်းကုန်း
ရောက်တော့တာပေါ့ကွာ။
ဘိုးရဲ့မိန်းမက ဘိုးကိုမယားငယ်ယူပြီး
ထွက်သွားပြီမှတ်လို့ ငိုဟယ်ရယ်ဟယ်တွေ
ဖြစ်နေတော့တာပေါ့ တာတေရယ်။
ဒီအကြောင်းတွေကို ဘိုးရဲ့ သူငယ်ချင်းတွေကို
ပြောပြပေမယ့် ဘယ်သူကမှ မယုံကြဘူးကွဲ့။
သူတို့က ဘိုးကို တစ်ရွာရွာသွားပြီး ဖဲချနေတယ်လို့
ထင်တာကွဲ့။တကယ်တမ်း ဘိုး အသူရကာယ်ရွာမှာ
အိပ်ခဲ့တာ သုံးညပဲကြာတာ။
ဒီမှာက ဘိုးပျောက်တာ ဆယ်ရက်လောက်ရှိပြီတဲ့ဟေ့။
ဒီတော့ ရွာတစ်ရွာက အသုဘမှာဝင်ပြီး

ဖဲချနေတယ်လို့ ထင်တော့တာပေါ့ကွယ်။
အသုဘရက်လည်မှ ဘိုးပြန်လာတာလို့ ထင်ကြတာ။
ဘိုးပေါင်က ထိုးကွင်းတွေပြလည်း
မယုံကြဘူး။ဒီထိုးကွင်းမျိုးကို ဘယ်ရွာမှာထိုးထိုး
ရတာပဲလို့ ထင်ကြတာ။
ဒါပေမယ့် ဒီထိုးကွင်းတွေကြောင့်
ဘိုးလူတွေထက် အဆပေါင်းအများကြီး
မမောမပန်းနဲ့ အလုပ်လုပ်နိုင်တာကို
ဘယ်သူမှမသိကြဘူးကွဲ။
သူများတွေက မြို့ကိုလှည်းနဲ့သွား။
ကားနဲ့သွားလုပ်နေကြချိန်မှာ ဘိုးက
ကုန်းကြောင်းချည်းသွားတာကွဲ။
တာတေတောင် ဘိုးပြောရင် ယုံမှာ မဟုတ်ဘူး။
ဘိုးတို့ ထနောင်းကုန်းနဲ့မြို့ကို
ဘိုးလမ်းလျှောက်ရင် နာရီဝက်ပဲကြာတယ်။
တာတေတို့လှည်းနဲ့မောင်းရင်တောင်
တစ်မနက်သွားရတာ မဟုတ်လား။
အသူရကာယ်ဘုံက အသူကာယ်ကြီး
ကိုတုံပထိုးပေးလိုက်တဲ့ ဟောဒီထိုးကွင်းတွေရဲ့
အစွမ်းကြောင့် ဘိုးအခုအသက်အထိ
အုန်းပင်ရော ပေါ့ပေါ့လေးတက်နိုင်တာ
တာတေမြင်ပဲလေကွယ်”
ဘိုးစုံက ဖြတ်ကနဲ မတ်တပ်ရပ်ပြီး
သူ့ပေါင်က ထိုးကွင်းတွေမြင်အောင်
ခါးတောင်းကြိုက်ပြသဗျ။
ကျုပ်လည်း အသူရကာယ်ဘုံက
ထိုးလာတဲ့ ဘိုးစုံပေါင်က ထိုးကွင်းတွေကို
အံ့သြပြီးငေးကြည့်နေမိတာပေါ့ဗျာ။

ပြီးပါပြီ။

Leave a Comment