အောင်မြတ်သာနှင့်ကိုယ်ပျောက်မှင်စာ

” အောင်မြတ်သာနှင့်ကိုယ်ပျောက်မှင်စာ ”
ရေးသားသူ—ဇေယန(ရာမည)
– – – – – – – – – – –
အောင်မြတ်သာတို့ဆရာတပည့်တွေ ကေသလာတောင်ကနေထွက်လာခဲ့ပြီးနောက်ပိုင်း ကိုယ်ပျောက်ပဝါကို ယူသွားခဲ့တဲ့ မှင်စာနေထိုင်ရာ ထုံးကျောက်တောင်ရှိရာဘက်ကို ခြေဦးလှည့်ခဲ့ကြတယ်။
ထုံးကျောက်တောင်ဆိုတာက အလွန်မတ်စောက်ပြီး မြင့်မားတဲ့အတွက် ဘယ်သူမှအပေါ်ကိုမရောက်ဖူးကြဘူး။ ဒေသခံတွေရဲ့ပြောစကားအရ ထုံးကျောက်တောင်မှာ မှင်စာသိုက်ရှိတယ်လို့ကြားသိခဲ့ရတယ်။ မှင်စာသေးသေးလေးတွေက လပြည့်လကွယ်နေ့တွေဆိုရင် ထုံးကျောက်တောင်ပေါ်ကနေ တန်းစီပြီးဆင်းလာပြီး တောင်ခြေမှာ ခုန်ပေါက်ဆော့ကစားတတ်တယ်လို့လဲ ပြောစမှတ်ရှိခဲ့ကြတယ်။
အောင်မြတ်သာတို့ထုံးကျောက်တောင်ခြေနားကိုရောက်တော့ ညနေစောင်းနေပြီမို့ ‌ထင်းခုတ်သမားတွေဆောက်ထားတဲ့ဝါးတဲလေးမှာ ညအိပ်အခြေပြုခဲ့ကြတယ်။
မနက်အာရုံတက်ချိန်မှာတော့ အောင်မြတ်သာက
” သက်ခိုင်နဲ့ တောက်ရ ထစမ်း ငါတို့အနားမှာ မှင်စာနှစ်ကောင်ရောက်နေပြီ ”
အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့ တောက်ရကပျာကယာလူးလဲထလိုက်ပြီး
” ဆရာစကားအရဆိုရင် ဒီကောင်တွေ ကျွန်တော်တို့ကိုစုံစမ်းဖို့ရောက်နေတာဖြစ်မယ် ဘယ်လိုလုပ်မလဲဆရာ”
” လောလောဆယ် ဒီနှစ်ကောင်ကို အရင်ဖမ်းပြီး သူတို့အခြေအနေကိုမေးရမှာပဲ တောက်ရက ဟောဒီအင်းစမကို ကိုင်ပြီး တဲရဲ့အနောက်ဘက်က မာလကာပင်အောက်မှာစောင့်နေ သက်ခိုင်က တဲအရှေ့ဘက်မှာရှိတဲ့ မြေပြင်မှာ အချုပ်အင်းဆွဲပြီးစောင့်နေ တောက်ရဘက်ကနေ ပြေးလာတဲ့ မှင်စာနှစ်ကောင်ဒီအချုပ်အင်းထဲရောက်ရင်ရပြီ ”
အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့တောက်ရက တဲပေါ်ကနေ အသာဆင်းပြီး နေရာယူလိုက်ကြတယ်။
တောက်ရက တဲအနောက်ဘက်မှာရှိတဲ့ မာလကာပင်အောက်မှာထိုင်စောင့်နေတဲ့အချိန် မာလကာပင်နဲ့မလှမ်းမကမ်းမှာရှိတဲ့ ကနစိုးပင်ရဲ့အကိုင်းက လေမတိုက်ပဲအလိုလိုလှုပ်ရမ်းလာတာကိုမြင်လိုက်ရတယ်။
တောက်ရက လှုပ်နေတဲ့သစ်ကိုင်းကို စူးစိုက်ပြီးကြည့်လိုက်တဲ့အချိန်မှာတော့ သစ်ကိုင်းပေါ်မှာ တွဲလဲခိုပြီး ဆော့ကစားနေတဲ့ တစ်တောင်လောက်အရွယ်အစားရှိတဲ့မှင်စာနှစ်ကောင်ကိုမြင်လိုက်ရတယ်။
ဆံပင်တွေက ကျောလယ်လောက်ရှည်ကျနေပြီး ပြူးကျယ်ကျယ်မျက်လုံးတွေနဲ့မှင်စာနှစ်ကောင်က တောက်ရကိုသတိမထားမိပဲ ဆော့ကစားနေပြီးမှ
” ငပြူး ဟိုတဲကလူတွေကို သွားခြောက်ကျမလား သူတို့ကငါတို့ကိုတွေ့ရင် လန့်ပြီးပြေးတဲ့ပုံကိုကြည့်ချင်သေးတယ်”
” ဟေ့ကောင်ဆံရှည် ငါတို့အလုပ်က ဒီတောင်နားကိုရောက်လာတဲ့သူတွေရဲ့အခြေအနေကို စုံစမ်းဖို့လာတာ အခုလိုဆော့နေတာတောင် အရှင်သိရင် အပြစ်ပေးခံရမှာနော်”
” သူမသိပါဘူးကွာ ငါတို့လဲဒီလိုမခြောက်လှန့်ရတာ ကြာနေပီမဟုတ်လား လာပါကွာ သွားခြောက်ရအောင်”
မှင်စာနှစ်ကောင်က အောင်မြတ်သာတို့ကို ခြောက်လှန့်ဖို့ အချင်းချင်းပြော‌ပြီး ကနစိုးပင်ပေါ်က ခုန်ဆင်းလာတဲ့အချိန် မာလကာပင်အောက်ကနေ
” ဝေါင်း “ဆိုတဲ့အသံနဲ့အတူ ကျားဖြူတစ်ကောင်ခုန်ထွက်လာခဲ့တယ်။
ကိုးတောင်လောက်ကြီးတဲ့ကျားဖြူကိုမြင်တော့ မှင်စာနှစ်ကောင် လန့်ဖြန့်သွားပြီး သက်ခိုင်ရှိရာဘက်ကို သုတ်ခြေတင်ကာပြေးပါလေရော။
မှင်စာနှစ်ကောင်ပြေးလာတာမြင်တော့ သက်ခိုင်က ဘေးကခြုံပုတ်အကွယ်ထဲကိုဝင်ပြီးအခြေအနေကိုကြည့်နေလိုက်တယ်။
ပုပုလုံးလုံးနဲ့ပြေးလာတဲ့မှင်စာနှစ်ကောင်က သက်ခိုင်ဆွဲထားတဲ့ အချုပ်အင်းထဲကို ရောက်တော့ ဆက်ပြေးလို့မရတော့ပဲ ခြေထောက်တွေက မြေကြီးထဲကိုနစ်ဝင်သွားခဲ့တယ်။
” ငပြူး လုပ်ဦး ငါ ငါပြေးလို့မရတော့ဘူး”
” ငါလဲပြေးမရတော့ဘူး ခြေထောက်တွေကမြေကြီးထဲဝင်နေပြီ ”
မှင်စာနှစ်ကောင်ကြောက်လန့်တကြားပြောနေတဲ့အချိန် အောင်မြတ်သာက စည်းဝိုင်းအနားကို တစ်လှမ်းချင်းလျောက်လာခဲ့လိုက်တယ်။
အနားရောက်တော့
” ကဲ မင်းတို့ကို ငါဖမ်းထားပြီးပြီ ငါ့အမိန့်မရပဲ မင်းတို့ဒီစည်းဝိုင်းထဲကအပြင်ကိုထွက်လို့မရဘူး အခုငါမေးတာတွေကို အမှန်တိုင်းဖြေရင် မင်းတို့ကိုလွှတ်ပေးမယ် ”
အသံအေးအေးနဲ့တစ်လုံးချင်းပြောလိုက်တဲ့စကားကြောင့် မှင်စာနှစ်ကောင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး
” ကျွန်တော်တို့ကိုလွှတ်ပေးပါဗျာ ဘာမေးမေးအမှန်တိုင်းဖြေပါမယ် “ဆိုပြီး
မျက်လုံးပြူးပြူးနဲ့မှင်စာက ရုန်းကန်ရင်း လှမ်းပြောတာကိုကြားတော့ တောက်ရက
” ခုနက မင်းတို့ပဲ ငါတို့ကိုခြောက်လှန့်မလို့ဆို အခုတော့ဘယ်လိုဖြစ်လို့ ကြောက်နေရတာလဲ ဟားဟား”
” တောက်ရ တော်ပြီ သူတို့ကိုကြည့်ရတာ ကလေးတွေပဲရှိဦးမယ် ဘာမှနားလည်ဦးမှာမဟုတ်သေးဘူး”
အောင်မြတ်သာစကားကြောင့် တောက်ရအနောက်ဆုတ်သွားပြီး အဝေးကနေ မှင်စာတွေနှစ်ကောင်ကို ကြည့်နေလိုက်တယ်။
” ကဲ မင်းတို့သိပ်လဲမကြောက်ကြနဲ့ အခုငါသိချင်တာက မင်းတို့ရဲ့သိုက်ကိုဘယ်လမ်းကနေသွားရလဲဆိုတာပဲ”
အောင်မြတ်သာစကားကြောင့်မှင်စာနှစ်ကောင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး
” ဒီလိုပြောပြလိုက်ရင် အရှင်က ကျုပ်တို့ကိုသတ်မှာ သူ့ကိုကြောက်တယ်”
မှင်စာနှစ်ကောင်က တုန်တုန်ရီရီနဲ့ ကြောက်လန့်နေတာမြင်တော့ အောင်မြတ်သာက
” မကြောက်ပါနဲ့ သင်တို့ဘာအန္တရာယ်မှမဖြစ်စေရဘူး ကျုပ်တို့မေးတာကိုပဲ အမှန်တိုင်းဖြေပါ”
” သိုက်ကိုသွားတဲ့လမ်းကနှစ်ခုရှိတယ် ပထမလမ်းကြောင်းက ဒီတောင်ရဲ့အောက်ခြေ နွယ်ရှင်ဂူထဲကနေသွားရတာ နောက်လမ်းကြောင်းက တောင်ဘေးပတ်လမ်းကနေသွားရတာ ဘေးပတ်လမ်းကအန္တရာယ်များလို့ သိုက်ကသူတွေထဲကတောင် လမ်းအရမ်းကျွမ်းကျင်တဲ့သူတွေပဲသွားကြတယ် နွယ်ရှင်ဂူကတော့ ဂူပေါက်ထဲကနေ အပေါ်ကိုကျောက်လှေကားအတိုင်းတက်သွားရုံပဲ ”
“လမ်းခရီးမှာရော အစောင့်တွေရှိသေးလား”
” အစောင့်တွေကတော့ သုံးနာရီတစ်ခါ လဲတယ် ညနေ နေဝင်ရီတရောအချိန်ဆိုရင် အရှင်ဆီကို မှင်စာတွေအကုန်လုံးခစားရတယ် အဲဒီအချိန်ဆိုရင် လမ်းမှာအစောင့်နှစ်ယောက် သုံးယောက်လောက်ပဲရှိတယ် ”
” တကယ်လို့ အပြင်လူတွေဝင်လာတာမြင်ရင် သို့ဘယ်လိုအချက်ပြကြလဲ”
” အပြင်လူတွေ့ပြီဆိုရင် သူတို့ကိုယ်မှာဆွဲထားတဲ့ ဆိတ်ဂျိုကိုမှုတ်ပြီးအချက်ပေးတယ် ”
” နောက်ဆုံးတစ်ခုမေးစရာရှိသေးတယ် မင်းတို့ရဲ့အရှင်မကြာသေးခင်က ပဝါတစ်ထည်ယူလာတာမြင်ဖူးလား”
အောင်မြတ်သာစကားကြောင့် ဆံပင်ရှည်ရှည်နဲ့မှင်စာက
” လွန်ခဲ့တဲ့ ရက်ပိုင်းကတော့ ပဝါတစ်ထည်ရလာတယ်လို့ပြောသံကြားတယ် သူ့ဆီခစားတဲ့ နားကားမှင်စာပြောတာကတော့ အဲဒီပဝါကိုခြုံလိုက်ရင် အရှင်ကိုမတွေ့ရတော့ဘူးလို့လဲပြောတယ် ကျုပ်တို့ကတော့ တကယ်ဟုတ်မဟုတ်မမြင်ဖူးတော့ အသေချာမပြောတတ်ဘူး”
” အခုလိုပြောပြတဲ့အတွက် သင်တို့ကိုပေးထားတဲ့ ကတိအတိုင်း ပြန်လွှတ်ပေးလိုက်မယ် ပြန်ကြတော့” လို့ပြောပြီး စည်းကိုပြန်ဖျက်ပေးလိုက်တယ်။
မှင်စာနှစ်ကောင်လဲ အချုပ်ကနေလွတ်ပြီဆိုတာနဲ့ အနားမှာရှိတဲ့သစ်ပင်တွေပေါ်ကို ခုန်တက်ပြီး တစ်ပင်နဲ့တစ်ပင်ကူးကာ တောင်ပေါ်ကိုပြန်တက်သွားကြတယ်။
မှင်စာနှစ်ကောင်ပြန်တက်သွား‌တော့ အောင်မြတ်သာက
” ငါတို့က နွယ်ရှင်ဂူကနေ တောင်ပေါ်ကိုတက်ကြရအောင် အခုပြန်လွှတ်ပေးလိုက်တဲ့ မှင်စာနှစ်ကောင်က ငါတို့ရောက်နေကြောင်းကို သူတို့အရှင်ဆီသတင်းပို့လိမ့်မယ် အဲလိုသတင်းပို့တော့မှ ကိုယ်ပျောက်ဝတ်ရုံကိုဝတ်ပြီး ငါတို့တောင်ပေါ်ကိုမရောက်အောင် နှောက်ယှက်လိမ့်မယ် မင်းတို့နှစ်ယောက်က မှင်စာခေါင်းဆောင်ကိုဖမ်းဖို့ပြင်ထား ငါကအယောင်ပြပြီး သူထွက်လာအောင်လုပ်မယ်”
အောင်မြတ်သာတို့ဆရာတပည့်တွေလဲ တစ်ယောက်နဲ့တစ်ယောက်တိုင်ပင်ပြီး နွယ်ရှင်ဂူကိုလိုက်ရှာဖို့ထွက်လာခဲ့လိုက်တယ်။ ကြီးမားကျယ်ပြန့်တဲ့‌ထုံးကျောက်တောင်ရဲ့တစ်နေရာမှာရှိနေတဲ့လျှို့ဝှက်ဂူပေါက်ကိုရှာတွေ့ဖို့ဆိုတာ သာမန်လူတွေအဖို့ခက်ခဲသလို အောင်မြတ်သာတို့လဲ ကျင့်ကြံစွမ်းအားကိုအားကိုးပြီးထွက်လာခဲ့ပေမယ့် နေထန်းတစ်ဖျားကျော်တဲ့အထိ နွယ်ရှင်ဂူကိုရှာမတွေ့ခဲ့။
” ဆရာ ဟိုနှစ်ကောင် ကျွန်တော်တို့ကိုလိမ်ပြီးပြောခဲ့တာလားမသိဘူး အခုလဲအနီးအနားက အစောင့်အရှောက်တွေကိုခေါ်မေးတော့လဲ သူတို့မသိဘူးလို့ပြောကြတယ် ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ”
သက်ခိုင်အမေးကြောင့် အောင်မြတ်သာ ခဏစဉ်းစားလိုက်ပြီး
” မှင်စာနှစ်ကောင်ကတော့ လိမ်ပြောရဲမှာမဟုတ်ဘူး ငါ့စိတ်ထင်ပြောရရင် ဒီဂူပေါက်ကရှိကိုရှိရမယ် ဘယ်သူမှမသိအောင်လျှို့ဝှက်ထားတာပဲဖြစ်ရမယ် မင်းတို့လဲအားအင်ကုန်ခမ်းနေပြီထင်တယ် အမောပန်းပြေအောင် ခဏအနားယူပြီးမှ ဆက်ရှာကြတာပေါ့”
အောင်မြတ်သာက သက်ခိုင်နဲ့တောက်ရကိုအားပေးစကားပြောပြီး လွယ်အိတ်ထဲကနေ ဖီးကြမ်းငှက်ပျောသီးသုံးလုံးကိုထုတ်ကာပေးလိုက်တယ်။
သက်ခိုင်နဲ့တောက်ရလဲ အောင်မြတ်သာပေးတဲ့ ငှက်ပျောသီးကိုစားပြီးတာနဲ့ ကုန်ခမ်းသွားတဲ့ အားအင်တွေပြန်လည်ပြည့်ဖြိုးလာသလိုခံစားလိုက်ရတယ်။
ငှက်ပျောသီးစားပြီးတော့ တောက်ရက
” ဆရာ ကျွန်တော်ရေသောက်ချင်တယ် ဒီအနီးနားမှာစမ်းချောင်းတစ်ခုလောက်ရှိမလားမသိဘူး ခုနက ဂူပေါက်ရှာတော့ ရေသံတွေကြားရတယ် ”
” အဲဒါဆိုလဲ ရေသံကြားရာဘက်ကိုသွားကြတာပေါ့ “လို့ပြောပြီး ထွက်လာခဲ့လိုက်တယ်။
တောက်ရက ရေသံကိုမြေကြီးနဲ့ကပ်ပြီးနားထောင်ရင်း ခရီးဆက်ခဲ့တာ သိပ်မကြာခင် တောင်ပေါ်ကနေ တသွင်သွင်စီးဆင်းနေတဲ့ သဘာဝရေတံခွန်စမ်းတစ်ခုကို‌တွေ့လိုက်ရတယ်။
ရေတံခွန်ကိုမြင်တော့ တောက်ရက လွယ်အိတ်ကိုပစ်ချကာ ရေထဲကိုခုန်ချသွားပါလေရော။
” ဆရာ ရေကအေးနေတာပဲ အမောအပန်းကိုပြေသွားတာပဲ ”
” သက်ခိုင် မင်းရော ရေချိုးချင်ချိုးလေ အဝတ်အစားနဲ့လွယ်အိတ်တွေဒီမှာချထားခဲ့”
” ဆရာရော ကိုယ်လက်မသန့်စင်ဘူးလား”
” ငါမဆင်းတော့ဘူး ဒီနေရာကိုစိတ်ထဲသိပ်ပြီး မကြိုက်ချင်ဘူး ”
” ဒါဆိုကျွန်တော်လဲ မဆင်းတော့ဘူးဆရာ တောက်ရရေချိုးပြီးရင် ခရီးထပ်ဆက်ကြတာပေါ့ဆရာ”
အောင်မြတ်သာက သက်ခိုင်စကားကို ခေါင်းငြိမ့်ရုံသာပြန်ဖြေလိုက်ပြီး ရေတံခွန်ကိုသာစူးစိုက်ကြည့်နေတာကိုမြင်လိုက်ရတယ်။
တောက်ရကတော့ ရေကြိုက်သူပီပီ စိတ်ကြိုက်ကူးခတ်နေတဲ့အချိန် ခြေထောက်ကိုတစ်စုံတစ်ခုက လာရောက်ရစ်ပတ်တာကိုခံလိုက်ရတယ်။
သတိရှိသူပီပီ ခြေထောက်ကိုလာပတ်တာကိုသိတာနဲ့
” ဆရာ ရေအောက်မှာ တစ်ခုခုရှိနေပြီ ကျွန်တော်ခြေထောက်ကိုလာပတ်ထားတယ်”
တောက်ရအော်သံကြောင့် ရေတံခွန်အစပ်မှာရပ်နေတဲ့အောင်မြတ်သာက
” လာပတ်တဲ့အရာကို မလွှတ်အောင်ကိုင်ထား သူဘယ်ကိုပြန်ဝင်သွားလဲ သေချာကြည့်ထား” လို့လှမ်းပြောလိုက်တယ်။
ရေကူးကျွမ်းကျင်တဲ့တောက်ရက အောင်မြတ်သာစကားကိုကြားတော့ ရေအောက်ထဲကိုငုံ့သွားခဲ့ပြီး အချိန်အတန်ကြာမှ ရေပေါ်ကိုပြန်ပေါ်လာခဲ့တယ်။
” ဘယ်လိုလဲတောက်ရ ထူးခြားတာတွေ့ခဲ့လား”
” တွေ့တယ်ဆရာ အပေါ်ရောက်မှဆရာကိုပြစရာရှိတယ်” လို့ပြောပြီး အပေါ်ကိုပြန်တက်လာခဲ့တယ်။
အပေါ်ရောက်တော့ ခါးကြားထဲမှာထိုးထားတဲ့အရာကိုထုတ်လိုက်ပြီး
” ဆရာ ခုနက ခြေထောက်ကိုလာပတ်တာ ဘာကောင်မှမဟုတ်ဘူး ဒီကောင်ကအသက်ဝင်နေတာ”
အောင်မြတ်သာက တောက်ရ ပြတဲ့အရာကိုကြည့်လိုက်တော့ လူကြီးလက်ကောက်ဝတ်လောက်ရှိပြီး သက်ရှိတစ်ကောင်အလားလှုပ်နေတဲ့ နွယ်ရှင်တစ်ချောင်းကိုတွေ့လိုက်ရတယ်။
” ဒါကနွယ်ရှင်ပဲ ဘယ်ကဆင်းလာတာလဲမြင်ခဲ့လားတောက်ရ”
” ဒီကောင်က ရေတံခွန်အနောက်ဂူပေါက်ထဲကနေ လူငွေ့ရလို့ဆင်းလာတာ ကျွန်တော်လဲသူ့လက်တံကိုဆွဲဖြတ်လိုက်ဝောာ့ ရေတံခွန်အနောက်ထဲပြန်ဝင်သွားတယ်”
” လတ်စသတ်တော့ နွယ်ရှင်ဂူက ဒီရေတံခွန်အနောက်မှာရှိနေတာကိုး”
” ဟုတ်တယ်ဆရာ ရေတံခွန်က ဂူပေါက်ကိုကျော်ပြီးကျနေတာ ရေထဲကိုဝင်သွားတာနဲ့ အနောက်မှာဂူပေါက်ရှိနေတယ် ကျွန်တော်တို့ဝင်ကြတော့မလား”
” အချိန်ကလဲလင့်နေပြီမို့ ဝင်ကြရအောင် အထဲရောက်ရင်သတိတော့ထား နွယ်ရှင်တွေက ဂူပေါက်ထဲမှာအောင်းနေလိမ့်မယ် ”
အောင်မြတ်သာက တပည့်နှစ်ယောက်ကိုသတိပေးပြီးရေတံခွန်ရှိရာဘက်ကို ပတ်သွားပြီး အထဲကိုဝင်ခဲ့လိုက်တယ်။
ထူးဆန်းတာက အောင်မြတ်သာရေတံခွန်ထဲကိုဖြတ်ပြီးဝင်သွားပေမယ့် ရေတစ်စက်မှမစိုတာကိုပဲ။
ရေတံခွန်အထဲကိုရောက်တော့ သဘာဝအလျောက်ဖြစ်ပေါ်နေတဲ့လှိုဏ်ခေါင်းက လူလေးယောက်လောက်လက်ဆန့်ပြီးနေလို့ရအောင်ကျယ်ဝန်းနေခဲ့ပြီး ရေတံခွန်ကကျတဲ့ ရေခိုးရေငွေ့တွေကြောင့် အအေးဓါတ်ကသာမန်ထက်ပိုအေးစိမ့်နေခဲ့တယ်။
ရေတံခွန်လှိုဏ်ဂူအထဲမှာတော့ အလင်းရောင်မရတဲ့အတွက်မဲမှောင်နေပေမယ့် အောင်မြတ်သာကိုယ်ထဲကနေထွက်နေတဲ့ အဖြူရောင်အလင်းရောင်တွေကြောင့် လမ်းကိုကောင်းမွန်စွာမြင်နေရတယ်။
‌အောင်မြတ်သာတို့ဆရာတပည့်တွေလှိုဏ်ဂူထဲဖြေးဖြေးချင်းဝင်လာခဲ့ပြီး လှိုဏ်ဂူရဲ့တစ်နေရာအရောက်မှာတော့ နင်းထားတဲ့ကျောက်ပြားတွေပေါ်ကနေ တစ်ရွေ့ရွေ့လှုပ်ရှားလာတဲ့အရာတွေကြောင့် ခြေလှမ်းတွေကိုရပ်လိုက်ကြတယ်။
” ဆရာ နွယ်ရှင်တွေအများကြီးပဲ ”
တောက်ရရဲ့အော်သံကြောင့် အနောက်ကိုခြေတစ်လှမ်းဆုတ်ပြီးကြည့်လိုက်ရာ ဘေးနံရံတွေပေါ်မှာကပ်နေတဲ့နွယ်ရှင်တွေက လူအနံ့ရလို့ အသက်ဝင်လှုပ်ရှားလာတာကိုမြင်လိုက်ရတယ်။
” သတိထားကြ ဒါသွေးစုပ်နွယ်ရှင်တွေပဲ လူ့သွေးမသောက်ရတာကြာလို့ ခြောက်ကပ်နေကြတာ ”
အောင်မြတ်သာစကားအဆုံးမှာ နွယ်ရှင်တွေက လမ်းတစ်ခုလုံးပြည့်သွားပြီး ရှည်လျားတဲ့လက်တံတွေက အောင်မြတ်သာတို့သုံးဦးထံ တိုးဝင်လာခဲ့တယ်။ အဲဒီအချိန်
” ဒေါင် ဒေါင် ဒေါင် ဒေါင်” ဆိုတဲ့ကြေးလင်ဗန်းတီးသံက လှိုဏ်ဂူအတွင်းကနေထွက်လာခဲ့တယ်။ ကြေးလင်ဗန်းတီးသံလဲကြားရော နွယ်ရှင်တွေက လမ်းပေါ်ကနေနံရံတွေဆီကို အလုအယက်ပြေးတက်ကြပါလေရော။
သက်ခိုင်နဲ့တောက်ရလဲ အံ့အားသင့်နေတဲ့အချိန် ကြေးလင်ဗန်းနှစ်ချပ်ကို တုတ်နဲ့တီးပြီးဝင်လာတဲ့ မှင်စာနှစ်ကောင်ကိုတွေ့လိုက်ရတယ်။
” ဟာ ဟိုနှစ်ကောင်ပါလား”
တောက်ရစကားကြောင့် သက်ခိုင်ကြည့်လိုက်တော့ တောင်ခြေမှာပြန်လွှတ်ပေးလိုက်တဲ့ မှင်စာနှစ်ကောင်ဖြစ်နေခဲ့တယ်။
မှင်စာနှစ်ကောင်က ကြေးလင်ဗန်းကိုတီးရင်း
” ဒီနွယ်ရှင်တွေက ကြေးသံကိုကြောက်ကြတယ် ခင်ဗျားတို့ဒီလမ်းကလာရင် နွယ်ရှင်တွေကြောင့် လာမရမှာသိလို့လာကူညီတာ ”
မှင်စာနှစ်ကောင်စကားကြောင့် အောင်မြတ်သာပြုံးလိုက်ပြီး
” သင်တို့က ကျုပ်တို့လာတာကို သင်တို့အရှင်ကိုမပြောပြဘူးလား”
” ကျုပ်တို့အခုလိုကူညီတာအကြောင်းရှိတယ် ခင်ဗျားတို့အလုပ်ပြီးရင် ကျုပ်တို့ကိုတစ်ခုကူညီပေးရမယ် ဘာလဲဆိုတာကိုတော့ နောက်မှပြောမယ် သဘောတူတယ်ဆိုရင် ကျုပ်တို့နောက်လိုက်ခဲ့”
မှင်စာနှစ်ကောင်လဲ ကြေးလင်ဗန်းကို တဒေါင်ဒေါင်တီးပြီး ပြန်ထွက်သွားခဲ့တယ်။ အောင်မြတ်သာတို့လဲ မှင်စာနှစ်ကောင်အနောက်ကို လိုက်သွားခဲ့တယ်။
မှင်စာနှစ်ကောင်လဲ နွယ်ရှင်တွေမရှိတဲ့နေရာရောက်မှ ကြေးလင်ဗန်းတီးတာကိုရပ်လိုက်ပြီး
” ကျုပ်တို့ကူညီခဲ့တာ ဘယ်သူ့ကိုမှမပြောပါနဲ့ ခင်ဗျားတို့အလုပ်ပြီးရင်ဒီလမ်းကပဲပြန်လာခဲ့ ကျုပ်တို့စောင့်နေမယ် တစ်ခုတော့သတိပေးလိုက်မယ် ဒီနေရာကစပြီး သတိထားတော့”
အောင်မြတ်သာတို့လဲမှင်စာနှစ်ကောင်ကိုကျေးဇူးတင်ကြောင်းပြောပြီး တောင်ပေါ်ကိုဆက်တက်လာခဲ့လိုက်တယ်။
တောင်ပေါ်တက်လာတဲ့လမ်းတစ်ဝက်လောက်အရောက်မှာ ဆိတ်ဂျိုအော်သံတွေက တစ်တောင်လုံးဆူညံသွားခဲ့တယ်။
အခြေအနေကိုရိပ်စားမိတဲ့အောင်မြတ်သာက သက်ခိုင်နဲ့တောက်ရကိုလှည့်ကြည့်ပြီး
“ငါတို့တက်လာတာ သူတို့သိသွားပြီ ဘယ်လိုရန်မူလာမလဲမသိတဲ့အတွက် သတိထားနေကြဦး” လို့ပြောပြီးတဲ့အချိန်မှာတော့ တောင်နံရံစွန်းတွေဆီကနေ မှင်စာအကောင်ပေါင်းများစွာဇောက်ထိုးဆင်းလာတာကိုတွေ့လိုက်ကြရတယ်။
” ဆရာ မှင်စာသေးသေးလေးတွေ အများကြီးပဲ ကျွန်တော်တို့ဆက်သွားလို့မရအောင်လုပ်မလို့နဲ့တူတယ်”
သက်ခိုင်က အောင်မြတ်သာကိုခပ်တိုးတိုးလေးပြောလိုက်တဲ့အချိန် တောက်ရက
” ဆရာ မှင်စာသွားခေါဆိုတဲ့ကောင်ကိုခုထိမတွေ့ရသေးဘူး ဒီကောင်ကိုယ်ပျောက်ဝတ်စုံဝတ်ပြီး ထွက်ပြေးပြီနဲ့တူတယ်”
” ထွက်ပြေးလဲ သူ့မှာပြေးစရာမြေမရှိဘူး သူဒီတောင်မှာပဲရှိရမယ် အခုလောလောဆယ် ဒီအကောင်လေးတွေကိုအရင်မောင်းထုတ်ကြရအောင်”
အောင်မြတ်သာက တောက်ရကိုပြောပြီး ဘေးပတ်လည်ကိုလှည့်ကြည့်လိုက်တော့ မရေမတွက်နိုင်တဲ့မှင်စာပေါက်စလေးတွေက အောင်မြတ်သာတို့ကို ပြောင်ပြလိုက် တောင်ပေါ်ပြေးတက်လိုက် ပြန်ဆင်းလိုက်ဖြစ်နေတဲ့အချိန် အလင်းတန်းတစ်ခုကိုဖြတ်ခနဲမြင်လိုက်ရတယ်။
” တောက်ရ ဟိုဘက်တောင်စွန်းကိုကြည့်လိုက် ငွေမျှင်ရောက်အလင်းတန်းတစ်ခု တစ်ချက်တစ်ချက်ပေါ်နေတာတွေ့ရလား”
သက်ခိုင်လဲအောင်မြတ်သာစကားကြောင့် တောင်ဘက်ထိပ်မှာရှိနေတဲ့ တောင်စွန်းကိုကြည့်လိုက်တော့ နေရောင်ကြောင့်ဖြိုးခနဲဖျတ်ခနဲထွက်ပေါ်နေတဲ့ အလင်းတန်းကိုတွေ့လိုက်ရတယ်။
” တွေ့တယ်ဆရာ ထုံးကျောက်တောင်ကထွက်တဲ့ အလင်းတန်းမဟုတ်ဘူးလား”
” ရုတ်တရက်ကြည့်ရင်တော့ အဲလိုထင်ရတာပဲ သေချာတာက တောင်စွန်းပေါ်မှာ ကိုယ်ပျောက်ဝတ်စုံဝတ်ထားတဲ့ကောင်ထိုင်နေတာပဲ ခုနကတွေ့တဲ့အလင်းတန်းက သူ့ကိုယ်မှာခြုံထားတဲ့ ငွေမျှင်ရောင်ပိုးချည်မျှင်ကနေထွက်လာတဲ့အလင်းရောင်ပဲ ဒါပေမယ့် ဘာမှမသိသလို ဟန်ဆောင်နေလိုက် ငါနဲ့သက်ခိုင်က မှင်စာတွေနဲ့ ယောက်ယက်ခတ်နေတဲ့အချိန် တောက်ရက အနောက်ဘက်တောင်စွန်းဘက်ကနေပတ်တက်ပြီး အလင်းတန်းထွက်နေတဲ့နေရာကိုဆွဲချလိုက် ကြားလား”
” ဟုတ်ကဲ့ဆရာ ဘယ်သူမှသတိမထားမိတဲ့အချိန် အဲကောင်ကိုရအောင်ဖမ်းဦးမယ် မင်းငါ့လက်ကလွတ်အောင်ပြေးစမ်း”
တောက်ရကကြိမ်းဝါးပြီး တောင်စောင်းပေါ်ကို မျက်စောင်းထိုးကြည့်လိုက်တယ်။
အောင်မြတ်သာ၊သက်ခိုင်နဲ့တောက်ရတို့လဲ တစ်ယောက်နဲ့တစ်ယောက်ကျောချင်းကပ်လိုက်ပြီး ဘက်ပေါင်းစုံကဝင်လာမယ့် မှင်စာတွေကို သတိထားနေတဲ့အချိန် တောင်ပေါ်ကနေ ကျောက်ခဲလုံးတွေကျလာခဲ့တယ်။
“ဆရာ သတိထား ကျောက်ခဲတွေနဲ့ပစ်နေပြီ”
သက်ခိုင်ရဲ့စိုးရိမ်တကြီးအော်သံကြောင့် အောင်မြတ်သာက အပေါ်ကိုလက်ဝါးနဲ့ကာလိုက်ရာ အောင်မြတ်သာတို့ခေါင်းပေါ်မှာ ထီးပွင့်ပုံသဏ္ဍာန် အဟန့်အတားတစ်ခုပေါ်လာခဲ့တယ်။
တောင်ပေါ်ကနေပစ်ချတဲ့ ကျောက်တုံးကျောက်ခဲတွေက ထီးပွင့်ပုံအမိုးကိုထိပြီး တောင်အောက်ကို ကျသွားတာကိုမြင်တော့ မှင်စာလေးတွေက အောင်မြတ်သာတို့ရှိရာပြေးဆင်းလာပြီး ဘေးပတ်ပတ်လည်မှာ ဝိုင်းထားလိုက်ကြတယ်။
အောင်မြတ်သာတို့ကဘေးပတ်လည်မှာရှိနေတဲ့ မှင်စာတွေကိုသတိထားနေတဲ့အချိန် တောင်အောက်ကနေ ရုတ်တရက်ထွက်လာတဲ့ လက်တစ်စုံက တောက်ရကို ဆွဲချသွားခဲ့တယ်။
ရုတ်တရက်ဖြစ်သွားတဲ့အဖြစ်အပျက်ကြောင့် တောက်ရက တောင်အောက်ကိုပါသွားတဲ့အချိန် အောင်မြတ်သာနဲ့ သက်ခိုင်တို့က အနောက်ကိုခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကြတယ်။
တောင်အောက်ကိုကျသွားတဲ့ တောက်ရရဲ့အော်သံက တစ်စစနဲ့ပျောက်ကွယ်သွားတာမြင်တော့ တောင်စွန်းဖျားတွေမှာ ကြည့်နေကြတဲ့ မှင်စာတွေက လက်သီးလက်မောင်းတန်းကာ အော်ဟစ်ကြပါလေရော။
သက်ခိုင်က တောက်ရအဖြစ်ကိုမြင်တော့ အောင်မြတ်သာကိုကြည့်ပြီး တစ်စုံတစ်ခုပြောဖို့ပြင်လိုက်တဲ့အချိန် အောင်မြတ်သာက လက်ကာပြပြီး ဟန့်တားလိုက်တယ်။
အခြေအနေတွေကရှုပ်ထွေးလာတာနဲ့အမျှ အောင်မြတ်သာတို့လဲ ထွက်ပေါက်ပျောက်တဲ့အထိ မှင်စာတွေဝိုင်းထားတာကိုခံနေကြရတယ်။ အရွယ်မျိုးစုံ ပုံစံမျိုးစုံနဲ့မှင်စာတွေကလက်ထဲမှာ ဓါးဦးချွန်သေးသေးလေးတွေကိုင်ပြီး အနားကို ကပ်လာတဲ့အချိန် အောင်မြတ်သာက ဘယ်ဘက်လက်ထဲကနေ အင်းချပ်သုံးရွက်ကိုမှင်စာအုပ်ထဲပစ်ထည့်လိုက်တယ်။
အင်းချပ်သုံးချက်က လေအဝှေ့မှာ မှင်စာအုပ်ရဲ့အရှေ့နားကိုကျပြီး အဖြူရောင်မီးခိုးလုံးတွေထွက်ပေါ်လာခဲ့တယ်။ မီးခိုးလုံးတွေပျောက်သွားတဲ့အချိန်မှာတော့ ညာလက်ထဲမှာပိုက်ကွန်၊ ဘယ်လက်မှာ ကြိမ်လုံးအနီရောင်ကိုင်ထားတဲ့ ဂန္ဓဗ္ဗနတ်သူငယ်တွေထွက်ပေါ်လာခဲ့တယ်။
တောင်လုံးပြည့်များပြားတဲ့ မှင်စာလေးတွေက ဂန္ဓဗ္ဗနတ်တွေကိုမြင်တော့ ဆောက်တည်ရာမရခြေဦးတည့်ရာထွက်ပြေးတဲ့အချိန် တောင်ပေါ်ကနေ တစ်စုံတစ်ယောက် လိမ့်ကျလာတဲ့အသံကိုကြားလိုက်ရတယ်။
အောင်မြတ်သာတို့လဲ လိမ့်ကျလာတဲ့အရာကိုကြည့်လိုက်တော့ ရှေ့သွားနှစ်ချောင်းကအဆမတန်ကြီးမားနေတဲ့ မှင်စာတစ်ကောင်ဖြစ်နေတယ်။ ဂန္ဓဗ္ဗနတ်တွေကလဲ မြင်သမျှတွေ့သမျှ မှင်စာတွေကို ကြိမ်လုံးနဲ့ရိုက်နှိက်ဖမ်းဆီးပြီး ပိုက်ကွန်ထဲကောက်ထည့်နေတဲ့အချိန်
” ဖောင်း ဖောင်း ဖောင်း”ဆိုတဲ့အသံနဲ့အတူ အောင်မြတ်သာအရှေ့မှာလဲကျနေတဲ့ မှင်စာက အရှေ့ကိုလွင့်ထွက်သွားလိုက် ဘေးကိုလွင့်ထွက်လိုက်ဖြစ်နေတာမြင်တော့ အောင်မြတ်သာက
” တောက်ရ စိတ်လိုက်မာန်ပါမလုပ်နဲ့ ကိုယ်ပျောက်ဝတ်စုံကိုလဲချွတ်ထားလိုက်ပါ ဒီကောင်လဲသူ့အပြစ်သူခံရမှာပါ ” လို့ပြောလိုက်တော့မှ လဲကျနေတဲ့မှင်စာဘေးကနေ တောက်ရပေါ်လာခဲ့တယ်။
တောက်ရက ကိုယ်ပျောက်ဝတ်စုံကို အောင်မြတ်သာလက်ထဲအပ်ပြီး
” ဒီကောင်က တကယ်တော့ဘာအစွမ်းမှဟုတ်တိပတ်တိရှိတာမဟုတ်ဘူး သူတစ်ပါးပစ္စည်းကို ခိုးရဖွက်ရမှ နေသားကျတဲ့ကောင် ဒီလောက်ဆုံးမတာနည်းနေသေးတယ် ”
“စိတ်လျော့လိုက်ပါတောက်ရ မင်းတောင်ပေါ်ကပြုတ်ကျတာဘာမှမဖြစ်ဘူးဟုတ်လား”
” ကျွန်တော်ဘာမှမဖြစ်ပါဘူး ကျွန်တော်ကိုဆွဲချသွားတာကလဲ ဟိုနှစ်ကောင်ဖြစ်နေတယ် သူတို့ကူညီလို့ ဒီသူခိုးကောင်မရိပ်မိတာ ဒါနဲ့ အဲဒီနှစ်ကောင်ပျောက်နေတယ်”တောက်ရက ပြောရင်းဆိုရင်း သူ့ကိုကူညီခဲ့တဲ့ မှင်စာနှစ်ကောင်ကို လိုက်ရှာတော့ ဂန္ဓဗ္ဗနတ်တွေရဲ့ ပိုက်ကွန်ထဲမှာ ယက်ကန်ယက်ကန်နဲ့ ပါသွားတာကိုမြင်လိုက်ရတယ်။
” ဆရာ လုပ်ပါဦး ဟိုနှစ်ကောင် ဖမ်းခံထိသွားပြီ”
တောက်ရစကားကြောင့် အောင်မြတ်သာကမှင်စာလိုက်ဖမ်းနေတဲ့ ဂန္ဓဗ္ဗနတ်သူငယ်တွေကိုပြန်ခေါ်ကာ တောင်ပေါ်ရောက်အောင်ကူညီပေးခဲ့တဲ့ မှင်စာနှစ်ကောင်ကိုပြန်ထုတ်လိုက်ပြီး မလှမ်းမကမ်းမှာ လဲကျနေတဲ့ မှင်စာခေါင်းဆောင်ကို ပိုက်ကွန်ထဲထည့်သွားဖို့ပြောလိုက်တယ်။
ပိုက်ကွန်ထဲကနေလွတ်လာတဲ့ မှင်စာနှစ်ကောင်က အောင်မြတ်သာအရှေ့ရောက်တော့
” တော်ပါသေးရဲ့ဗျာ ခင်ဗျားတို့ပြန်လွှတ်ပေးလို့ ဒါနဲ့ ကျုပ်တို့ကိုကတိပေးထားတာမှတ်မိသေးလား”
မှင်စာနှစ်ကောင်စကားကြောင့် အောင်မြတ်သာက ပြုံးလိုက်ပြီး
” ကျုပ်တို့ကတိတည်လို့ သင်တို့ပြန်လွှတ်လာတာလေ ကဲ အခုကျုပ်တို့ဘာကူညီရမလဲ”


” ကျုပ်တို့လူ့ဘဝပြန်သွားချင်တယ် အရင်ဘဝမှာကျုပ်တို့နှစ်ယောက်ကကိုရင်ပေါက်စလေးတွေ ဖြစ်ခဲ့ဖူးတယ် ကိုရင်ဘဝမှာ ကျောင်းအနောက်ဘက်က ဥစ္စာစောင့်နတ်သမီးရေကန်မှာ ရေဆင်းကူးမိလို့ သူတို့ကရေနှစ်သတ်ခဲ့တာ ”
” ဘယ်သူကရေနှစ်သတ်တာလဲ ”
” ဥစ္စာစောင့်နတ်သမီးသုံးယောက်ကရေနှစ်သတ်တာ သူတို့ရေကန်မှာရေဆင်းကူးလို့တဲ့ အဲဒီဘဝကသေတော့ မှင်စာလာဖြစ်နေတာပဲ ကျုပ်တို့အရင်ဘဝပြန်သွားချင်တယ် ကူညီပေးပါ”
” သင်တို့ကိုကျုပ်တို့က ဘယ်လိုကူညီပေးရင် လူပြန်ဖြစ်မလဲ”
” ဒီအနားတစ်ဝိုက်မှာ ကန်သုံးကန်ရွာဆိုတာရှိတယ် ကန်သုံးကန်ရွာရဲ့အလယ်မှာ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိသေးတယ် အဲဒါ ကျုပ်တို့နေခဲ့တဲ့ကျောင်း ၊ ကျောင်းအောက်က ကျွန်းတိုင်ကိုးတိုင်မြောက်ထဲမှာ ကိုရင်ဘဝက စုထားတဲ့ငွေတွေထည့်ထားတယ် ၊ အဲဒီငွေတွေနဲ့ ဆရာတော်ကိုသင်္ကန်းလှူပေးပါ ဒါဆိုကျုပ်တို့လူပြန်ဖြစ်ပြီ ”
အောင်မြတ်သာတို့လဲ မှင်စာနှစ်ကောင်ရဲ့အကူညီတောင်းမှုကိုလက်ခံခဲ့ပြီး –
” သင်တို့အခုလောလောဆယ် ဂန္ဓဗ္ဗနတ်သူငယ်တွေရဲ့အစောင့်အရှောက်အောက်မှာနေခဲ့ဦး ကျုပ်တို့သင်တို့ကိုခေါ်ပြီးအမျှဝေတဲ့အခါ ဂန္ဓဗ္ဗနတ်တွေပြန်လွှတ်ပေးလိမ့်မယ် ” လို့ပြောကာ မှင်စာနှစ်ကောင်ကို ဂန္ဓဗ္ဗနတ်သူငယ်တွေလက်ထဲကိုသေချာအပ်နှံပေးခဲ့တယ်။
ဂန္ဓဗ္ဗနတ်သူငယ်တွေလဲ ဖမ်းမိထားတဲ့မှင်စာတွေထည့်ထားတဲ့ပိုက်ကွန်ကိုထမ်းပြီး ပျောက်ကွယ်သွားချိန်မှာတော့ အောင်မြတ်သာတို့ဆရာတပည့်တွေလဲ တောင်ပေါ်ကနေပြန်ဆင်းလာခဲ့ကြတယ်။
ဒီတစ်ခါမှာတော့ သက်ခိုင်နဲ့ တောက်ရက ကြေးလင်ဗန်းတစ်ယောက်တစ်ချပ်စီဖြင့်—။
အောင်မြတ်သာတို့လဲ ကိုယ်ပျောက်ပဝါကိုသိမ်းယူခဲ့ပြီးနောက်ပိုင်းမှင်စာနှစ်ကောင်ကိုပေးထားတဲ့ကတိကိုတည်စေဖို့ ကန်သုံးကန်ရွာကို ရှာဖွေခဲ့ကြတယ်။
နောက်ဝတ္တုမှာတော့ မှင်စာနှစ်ကောင်လွတ်မြောက်ဖို့အတွက် ဘယ်လိုကူညီပေးကြဦးမလဲဆိုတာကိုတော့ အောင်မြတ်သာဝတ္တုလေးမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment