အောင်မြတ်သာနှင့်နေဓါးလဓား

“အောင်မြတ်သာနှင့်နေဓါးလဓား ”
ရေးသားသူ—ဇေယန(ရာမည)
– – – – – – – – – – –
အချိန်ကာလကား မင်းတုန်းမင်းတရားကြီးနဲ့ ညီတော်ကနောင်မင်းတို့မှ လူသူလက်နက်စုဆောင်းပြီး နေပြည်တော်ကိုပြန်လည်ရယူဖို့ကြိုးစားနေသလို မင်းနေပြည်တော်မှာလဲ မင်းတုန်းမင်းကိုနန်းတင်ချင်တဲ့သူနဲ့ လက်ရှိဘုရင် ပုဂံမင်းကိုထောက်ခံသူတွေအကြား ပဋိပက္ခတွေ ဖြစ်နေကြတဲ့အချိန် နေပြည်တော်အတွင်းမှာရှိတဲ့ ပန်းပဲဆရာတွေထဲကမှ မင်းတုန်းမင်းတရားကြီးကိုထောက်ခံတဲ့ ပန်းပဲဆရာတစ်ယောက်ရှိခဲ့တယ်။
သူ့နာမည်က မင်းလှသူရ ၊ နေပြည်တော်တစ်ခွင်မှာ မင်းလှသူရထုလုပ်တဲ့ ဓါးလှံလက်နက်တွေက အရည်အသွေးကောင်းလွန်းလို့ နယ်မြေရပ်ခြားတွေက ကုန်သည်တွေ စော်ဘွားတွေကအစ လာရောက်ဝယ်ယူကြရတယ်။ ဒါပေမယ့် သူက မင်းတုန်းမင်းနဲ့ ညီတော်ကနောင်မင်းကိုထောက်ခံသူဖြစ်တဲ့အတွက် စီးပွားရေးနောက်ကိုမလိုက်ပဲ မင်းတုန်းမင်းနဲ့ညီတော်ကနောင်မင်းတို့ရဲ့အနောက်တော်ပါးကိုသစ္စာရှိစွာလိုက်ရင်း လိုအပ်တဲ့လက်နက်တွေကိုထုလုပ်ပေးခဲ့တယ်။
မင်းတုန်းမင်းနဲ့ညီတော်ကနောင်မင်း နေပြည်တော်ကိုရတော့ မင်းလှသူရကို လက်ထောက်ပန်းပဲဝန်အဖြစ်ခန့်အပ်ခဲ့တယ်။ ဘွဲ့တော်ကိုလဲ နေမျိုးမင်းလှသူရဆိုပြီးချီးမြှင့်ခဲ့တယ်။ မင်းလှသူရလဲ မင်းတုန်းမင်းရဲ့လက်နက်တိုက်မှာအလုပ်လုပ်ရင်း မြတ်စုဆိုတဲ့အမျိုးသမီးနဲ့အိမ်ထောင်ကျခဲ့တယ်။ အိမ်ထောင်သက်အနည်းငယ်ရလာတော့ မြတ်စုမှာကိုယ်ဝန်ရလာခဲ့တယ်။ ကိုယ်ဝန်ရပြီးသိပ်မကြာခင်မှာ ထူးဆန်းတဲ့အိမ်မက်တစ်ခုကို မင်းလှသူရမြင်မက်ခဲ့တယ်။ အိမ်မက်ထဲမှာ နေမင်းနဲ့လမင်းက နေ့အချိန်အခါထွန်းလင်းနေပြီး နေမင်းထဲကနေ ကလေးတစ်ယောက် လမင်းထဲကနေ ကလေးတစ်ယောက် ပြုတ်ကျလာတာကို မြင်တော့ ဟူရားဖြူ ဟူရားညို တို့ကိုမေးမြန်းတဲ့အခါ သားကောင်းရတနာနှစ်ပါးထွန်းကားလိမ့်မယ် သားနှစ်ယောက်ကလဲ ဖခင်ဖြစ်သူရဲ့ခြေရာကိုနင်းနိုင်လိမ့်မယ်ဆိုပြီး ဟောခဲ့ကြတယ်။
ကိုးလလွယ်လရောက်တော့ ရုပ်ချင်းအလွန်တရာတူညီတဲ့ ယောင်္ကျားလေးနှစ်ယောက်ကိုဖွားမြင်ခဲ့တယ်။ အိမ်မက်ထဲကအကြောင်းအရာနဲ့တိုက်ဆိုင်ပြီး သားနှစ်‌ယောက်ကိုမင်းလှသူရိန်နဲ့ မင်းလှစန္ဒာဆိုပြီးအမည်ပေးခဲ့ကြတယ်။
သားနှစ်ယောက်ထဲမှာ အငယ်ဖြစ်သူက စိတ်ဆတ်တယ် ထစ်ခနဲရှိ ဒေါသထွက်လွယ်တယ်။ သားအကြီးကတော့ တည်ငြိမ်ပြီး အေးအေးဆေးဆေးနေတတ်တယ်။ အဖေဖြစ်သူကတော့ သူတတ်တဲ့ပညာတွေကို သားနှစ်ယောက်ကို ဆရာစားမချန်သင်ပေးခဲ့သလို ပါရမီပြည့်တဲ့သားနှစ်ယောက်ကလဲ အဖေဖြစ်သူရဲ့လက်ရာကိုအမှီလိုက်နိုင်ခဲ့ကြတယ်။ တစ်နေ့မှာတော့ အဖေဖြစ်သူက သားနှစ်ယောက်ကိုခေါ်ပြီး –
” ငါ့သားတို့က ငယ်တော့တဲ့အရွယ်မဟုတ်တော့ဘူး အခုဆိုရင် ငါတို့ပိုင်တဲ့နယ်မြေတစ်ချို့ကို နယ်ချဲ့ကိုလိုနီတွေထံပေးခဲ့ရပြီးပြီး သိပ်မကြာခင် ဒီနေပြည်တော်ကို နယ်ချဲ့တွေမရောက်လာဘူးလို့မဆိုနိုင်ဘူး ဒါကြောင့် ငါ့သားတို့ရဲ့ ကိုယ်စောင့်သက်စောင့်အဖြစ် ဓါးနှစ်လက်ကို ထုလုပ်ရလိမ့်မယ် ငါ့သားတို့ရဲ့ဇာတာက တစ်ခြားသူတွေထက် ထူးခြားနေတာမို့ အခုထုလုပ်မဲ့ဓါးနှစ်လက်ကလဲ ထူးခြားနေလိမ့်မယ် ငါ့သားတို့ရဲ့ဖိုးဘေးတွေလက်ထက်ထဲက ပန်းပဲအတတ်ပညာနဲ့အသက်‌မွေးခဲ့တာဖြစ်လို့ ပန်းပဲပညာရဲ့ အတိမ်အနက်ကို ငါ့သားတို့မပြောနဲ့ အဖေကိုယ်တိုင်ခန့်မှန်းမရနိုင်သေးဘူး ဒါကြောင့် ရှေးယခင်ဘိုးဘေးတွေလက်ဆင့်ကမ်းလာတဲ့ အမွေကိုငါ့သားတို့လုပ်နိုင်ကြမယ်လို့ယုံကြည်တယ် “လို့ပြောပြီး သေတ္တာတစ်လုံးကို ညီအကိုနှစ်ယောက်ထံပေးလိုက်တယ်။
ညီအကိုနှစ်ယောက်က သေတ္တာနှစ်လုံးကိုဖွင့်ကြည့်လိုက်တော့ ပုရပိုက်တွေပေါ်မှာရေးထားတဲ့ စာအချို့ကိုမြင်လိုက်ရတယ်။
” ဖခင် ဒီစာတွေက အရမ်းလေးနက်လွန်းတယ် ဒီမှာရေးထားတဲ့အချက်တွေထဲ ကိုယ့်အသက်ဝိဉာဉ်ကို မြုပ်နှံပြီး ထုလုပ်ပါဆိုတဲ့စာသားကို သဘောကျမိတယ်”
“ဟုတ်တယ်ငါ့သားတို့ အဖေတို့ရဲ့ဘိုးဘေးတွေလက်ထက်ထဲက လက်ဆင့်ကမ်းလာတဲ့ ဒီလျှို့ဝှက်ချက်ကိုဘယ်သူမှအောင်မြင်အောင်မလုပ်နိုင်သေးဘူး ငါ့သားတို့ကြိုးစားပြီး အောင်မြင်အောင်လုပ်ကြပါ ငါ့သားတို့ရဲ့ ဉာဏ် ပါရမီ နဲ့ အောင်မြင်အောင်ဖန်တီးကြပါ ”
ဖခင်ဖြစ်သူရဲ့စကားကြောင့် ညီအစ်ကိုနှစ်ယောက် ပုရပိုက်စာတွေကိုယူပြီး နေ့ရောညပါ ကြိုးစားအဓိပ္ပါယ်ဖော်ခဲ့ကြတယ်။ ပုရပိုက်စာထဲကအဓိပ္ပါယ်ကို စာဖတ်သူများသိစေရန်ဖော်ပြပေးလိုက်ပါတယ်။
” နေရောင်အောက်မှာ သံရိုင်းတစ်တုံးထွက်ပေါ်လာချိန် လရောင်အောက်မှာလဲ သံရိုင်းတစ်တုံးထွက်ပေါ်လာလိမ့်မယ် နေရောင်လရောင် လွှမ်းခြုံပြီးထုဆစ်တဲ့အခါ သံရိုင်းနှစ်တုံးတစ်သားထဲဖြစ်လိမ့်မယ် သံရိုင်းနှစ်တုံးတစ်သားထဲဖြစ်တဲ့အခါ ဇမ္မူတစ်ခွင်တုယှဉ်မရတဲ့ ဓါးကောင်းနှစ်လက်ထွက်ပေါ်လာအံ့ ဤဓားနှစ်လက်သည်ကား နေဓါးလဓား”
ညီအကိုနှစ်ယောက်ကြိုးစားဖော်ထုတ်ထားတဲ့ အနက်အဓိပ္ပါယ်ကိုဖခင်ဖြစ်သူမြင်တော့
” အဖေတို့လက်ထက်ကလဲ ဒီအဓိပ္ပါယ်အထိ ဖော်နိုင်ခဲ့တယ် ဒါပေမယ့် အလိုအလျောက်ထွက်ပေါ်လာမဲ့ သံရိုင်းနှစ်တုံးကိုရှာမတွေ့ခဲ့ဘူး ငါ့သားတို့ဘုန်းကံကြောင့် သံရိုင်းနှစ်တုံးရှာတွေ့ခဲ့တဲ့အခါ ပုရပိုက်မှာပါတဲ့အတိုင်း ဉာဏ်ရှိသလိုထုဆစ်ကြပါ” လို့မှာခဲ့တယ်။
ညီအစ်ကိုနှစ်ယောက်လဲ ဓါးနှစ်လက်ဖြစ်တည်ရာ သံရိုင်းနှစ်တုံးကို ဘယ်မှာရရမလဲမသိဖြစ်နေခဲ့တယ်။ အချိန်တွေကြာလာခဲ့ပြီး သံရိုင်းနှစ်တုံးအကြောင်းမေ့မေ့လျော့လျော့ဖြစ်နေတဲ့အချိန် နေပြည်တော်မှာအချိန်မဟုတ်အခါမဟုတ် မိုးငည်းထန်စွာရွာပြီး မိုးကြိုးတွေပစ်ခဲ့တယ်။ ဖြစ်ချင်တော့ ညီအစ်ကိုနှစ်ယောက်နေတဲ့ အိမ်အနောက်ဘက်က ကျောက်တုံးတစ်ခုကို မိုးကြိုးထိမှန်ခဲ့တယ်။ မိုးကြိုးပစ်တာရပ်တော့အပျက်အစီးတွေကိုလိုက်ကြည့်တဲ့အခါ အိမ်အနောက်ဘက်မှာတစ်စစီပြိုကွဲနေတဲ့ကျောက်တုံးတွေကြားထဲမှာ မဲနက်နေတဲ့ သံရိုင်းနှစ်တုံးကို အံ့အာသင့်ဖွယ်တွေ့ရှိခဲ့တယ်။
သဘာဝအရဖြစ်တည်နေတဲ့ သံကျောက်ကြီးကိုမိုးကြိုးပစ်လို့ထွက်လာတဲ့သံရိုင်းနှစ်တုံးကိုရခဲ့ပေမယ့် နေရောင်လရောင် တစ်ပြိုင်ထဲရမဲ့အချိန်ကိုစောင့်ရပြန်ရော။
သံရိုင်းနှစ်တုံးကိုလုံခြုံစွာသိမ်းထားရင်း စေယင့်နေခဲ့တာ တစ်ရက်မှာတော့
” အနောက်မှာနေမဝင်သေးဘူး အရှေ့မှာလထွက်နေတာထူးဆန်း‌တယ်ဟေ့”ဆိုပြီး ကလေးတွေအော်နေတဲ့အသံကြောင့် ညီအစ်ကိုနှစ်ယောက် အိမ်ရှေ့ထွက်ကြည့်လိုက်တော့ အနောက်ဘက်ကိုနေဝင်လုဆဲဆဲ အရှေ့ဘက်မှာ လမင်းက ထွက်နေချိန် နေရောင်လရောင် နှစ်မျိုးဆုံနေတာကိုမြင်တော့ ချက်ချင်းဆိုသလို ပန်းပဲဖိုထဲဝင်ပြီး အမိုးတွေကိုဖျက်ချလိုက်တယ် အမိုးဖျက်ချလိုက်တော့ နေရောင်ရောလရောင်ပါ ပန်းပဲဖိုပေါ်ရောက်လာတဲ့အချိန် သံရိုင်းနှစ်တုံးကို အပူပေးပြီး ထုဆစ်ပါလေရော။
ထူးဆန်းတာက သံရိုင်းနှစ်တုံးကိုထုဆစ်နေတဲ့အချိန် နေမင်းရော လမင်းရော နေရာမရွေ့ပဲ တန့်နေခဲ့တယ်။ သံရိုင်းနှစ်တုံးကို အောင်အရည်ကြိုပြီးပုံစံခွက်ထဲထည့်လိုက်တဲ့အချိန်ရောက်မှ နေကအနောက်ဘက်ကိုဝင်သွားခဲ့ပြီး လက ပိုမိုထွန်းလင်းလာခဲ့တယ်။ သံအရည်အသွေးကောင်းတာရယ် ပန်းပဲပညာထူးချွန်ကြတဲ့ညီအစ်ကိုနှစ်ယောက်ထုလုပ်တာတွေကြောင့် ပါးလွှာပြီး အလွန်တစ်ရာထက်မြက်တဲ့ ဓါးနှစ်လက်ရလာခဲ့တယ်။ ဓါးနှစ်လက်ရဲ့ အနှောင့်မှာတော့ နေပုံစံ လပုံစံထွင်းလုပ်ခဲ့တယ်။ ဓါးအိမ်ကိုတော့ သစ်မင်းကို အမွှေးနံ့သာရေနဲ့ခုနှစ်ရက်စိမ်ပြီး ပြုလုပ်ခဲ့ကြတယ်။ ဓါးကိုရွေးချယ်တဲ့အခါ အကိုဖြစ်သူကလဓါးကိုရွေးချယ်ခဲ့ပြီး ညီဖြစ်သူက နေဓါးကိုရွေးခဖချယ်ခဲ့တယ်။
နေဓါးရဲ့အစွမ်းက ဘယ်လောက်ထုထည်ကြီးမားတဲ့အရာဖြစ်ပစေ အားကုန်မသုံးရပဲ ပြတ်အောင်ဖြတ်နိုင်စွမ်းရှိသလို လဓါးရဲ့အစွမ်းကတော့ ခဲနေတဲ့ရေခဲတုံးကို ဓါးရာမပေါ်ပဲပြတ်အောင်ခုတ်နိုင်တဲ့အစွမ်းရှိတယ်။
သိပ်မကြာခင် အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲဖြစ်ပွားတဲ့အတွက် ညီဖြစ်သူက နေဓါးကိုယူကာ မင်းတုန်းမင်းတရားကြီးရဲ့စစ်တပ်ထဲဝင်ကာအမှုတော်ထမ်းခဲ့တယ်။ ပင်ကိုယ်အရည်အသွေးထက်မြက်တဲ့အပြင် ထူးခြားတဲ့ဓါးကိုပိုင်ဆိုင်ထားတဲ့ မင်းလှသူရိန်ကို မင်းတုန်းမင်းတရားကြီးက ဗလမင်းထင်ဆိုတဲ့ဘွဲ့ကိုပေးအပ်ခဲ့တယ်။ မင်းလှသူရိန်တစ်ဖြစ်လဲ ဗလမင်းထင်က နေဓါးကိုကိုင်စွဲပြီး အမှုတော်ထမ်းခဲ့ပေမယ့် အကိုဖြစ်သူကတော့ ပုရပိုက်ထဲမှာပါတဲ့အတိုင်း ဓါးကိုမထုတ်ပဲ ငြိမ်းချမ်းစွာနေခဲ့ကြတယ်။
ညီဖြစ်သူက မင်းတုန်းမင်းလက်ထက်နဲ့ သီပေါမင်းလက်ထက်တော်မှာအမှုတော်ထမ်းခဲ့ပြီး တတိယကျူးကျော်စစ်ပွဲ ရွှေတိဂုံကုန်းတိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ရင်း ကျဆုံးခဲ့တယ်။ သူသေတော့ နေဓါးကို အင်္ဂလိပ်စစ်ဗိုလ်တစ်ယောက်ရသွားခဲ့တယ်။ နေဓါးကိုစွဲပြီးသေသွားတဲ့ ဗလမင်းထင်ကတော့ သူ့ဓါးကိုစွဲကပ်ကာ သူ့အခွင့်မရှိပဲ ကိုင်ဆောင်တဲ့သူတွေကို မကျွတ်မလွတ်တဲ့ဘဝနဲ့ လိုက်လံခြောက်လှန့်ကာသတ်ခဲ့တယ်။ နောက်ဆုံး အောင်မြတ်သာနဲ့တွေ့ကာမှ မယှဉ်နိုင်တော့ပဲ သူ့ရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့ အကိုဖြစ်သူကိုင်ဆောင်တဲ့လဓါးကိုရှာပေးဖို့ မေတ္တာရပ်ခံခဲ့တယ်( ဗလမင်းထင်နဲ့အောင်မြတ်သာတို့ ဆုံခဲ့တဲ့အကြောင်းကိုဖတ်ရှုချင်ရင်ဝောာ့ အောင်မြတ်သာနှင့်သွေးသောက်ဓါးဆိုတဲ့ဝတ္တုလေးမှာဖတ်ရှုနိုင်ပါသည်)။
ညီဖြစ်သူ ဗလမင်းထင်တိုက်ပွဲကျပြီဆိုတဲ့သတင်းကြောင့် အကိုဖြစ်သူလဲ လဓါးကိုယူကာ ရှမ်းပြည်ဘက်ကိုတိမ်းရှောင်ခဲ့တယ်။ အကိုဖြစ်သူ မင်းလှသူရိန်လဲ ရှမ်းပြည်နယ်ဘက်မှာ ကုန်ရောင်းကုန်ဝယ်လုပ်ရင်း နောက်ဆုံးအချိန်ထိဘဝကိုဇာတ်မြှုပ်နေခဲ့တယ်။

– – – – – – – – –

“နောင် ဝေ ဝေ
နောင် ဝေ ဝေ
နောင် ဝေ ဝေ”ဆိုတဲ့ကြေးစည်ထုသံကြောင့် အောင်မြတ်သာမျက်လုံးထဲမှာမြင်နေရတဲ့အတွေးပုံရိပ်တွေ ရုတ်တရက်လွင့်ပျောက်ကုန်တယ်။
အောင်မြတ်သာလဲ ထိုင်နေရာမှ ထလိုက်တဲ့အချိန် ဘေးမှာရှိနေတဲ့ သက်ခိုင်က
” ဆရာ ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ ”
” ရှမ်းပြည်ဘက်ကိုခရီးဆက်ကြတာပေါ့ လဓါးက ရှမ်းပြည်နယ်ထဲမှာရှိနေတယ် ဓါးနှစ်လက်ဆုံအောင်လုပ်ပေးမယ်လို့ပြောထားတဲ့ကတိအတွက် ခရီးဆက်ကြရအောင်”လို့ပြောပြီး ထွက်လာခဲ့လိုက်ကြတယ်။
ကားတစ်တန် လှည်းတစ်တန်ဖြင့် ခရီးဆက်ခဲ့ကြပြီး တောတောင်တွေနဲ့စိမ်းလန်းစိုပြေနေတဲ့ ရှမ်းတို့ဌာနေကိုရောက်လာခဲ့တယ်။ မြူခိုးတွေဝေချင်တိုင်းဝေနေပြီး အေးမြလတ်ဆတ်တဲ့လေနုအေးတွေကြောင့် ပင်ပန်းလာသမျှ အမောတွေ ပြေပျောက်ခဲ့ရတယ်။ ခရီးဆက်လာရင်း တစ်နေရာရောက်တော့
” သက်ခိုင် လဓါးကိုရှာဖို့ ကိုးမြို့ရှင်နတ်နန်းကိုသွားရမယ် ရှမ်းပြည်ကိုစဝင်လာထဲက နှာခေါင်းထဲမှာ အမွှေးနံ့တွေရနေတယ် ”
” ဒါဆိုရင်ဓါးက နတ်နန်းမှာရှိနေတာလား”
” အတိအကျတော့ပြောလို့မရသေးဘူး ကိုးဓါး ကိုးဖလား ကိုးခရိုင်အပိုင်စားရတဲ့ဒေသဆိုတော့ ဓါးနဲ့ပတ်သတ်လာရင် ကိုးမြို့ရှင်နဲ့ဆက်နွယ်နေလိမ့်မယ် သူ့နတ်နန်းရောက်သွားရင် အကြောင်းစုံသိရလိမ့်မယ်”
သက်ခိုင်တို့လဲ အောင်မြတ်သာပြောတဲ့စကားအတိုင်း ကိုးမြို့ရှင်နတ်နန်းရှိရာကိုထွက်လာခဲ့လိုက်တယ်။ ခရီးဆက်လာရင်း ရွာတစ်ရွာကိုရောက်တော့ ရွာထိပ်မှာ ကိုးမြို့ရှင်နတ်နန်းတစ်ခုကိုတွေ့လိုက်ရတယ်။
နတ်နန်းထဲကိုဝင်လိုက်တော့ ကိုးမြို့ရှင်ရုပ်တုနဲ့ သားနှစ်ပါးဖြစ်တဲ့ခွန်ချို ခွန်သာရုပ်တုကိုတွေ့တော့အောင်မြတ်သာက
” ရှမ်းပြည်တစ်ခွင်အပိုင်စားရတဲ့ ကိုးမြို့ရှင်အဖိုး အားပင့်ဖိတ်ပါတယ် ကျုပ်အနေနဲ့ အကူညီတောင်းစရာရှိလို့ အခါသင့်ရင် ကြွရောက်ပေးပါ”လို့ပြောလိုက်တဲ့အချိန် နတ်ကွန်းဘေးမှာ အနက်ရောင်ဝတ်စုံနဲ့ပုဂ္ဂိုလ်တစ်ယောက် ရုတ်တရက်ပေါ်လာခဲ့တယ်။
အရပ်ရှစ်ပေလောက်မြင့်ပြီး ကျောမှာခါးမောက်တစ်လုံးကိုလွယ်ကာ ဓါးနှစ်လက်ကိုသိုင်းထားတာကိုမြင်တော့ သက်ခိုင်က ကိုးမြို့ရှင်ရောက်လာပြီဆိုပြီး အောင်မြတ်သာကိုလှမ်းပြောလိုက်တယ်။
အောင်မြတ်သာက ကျောပေးရပ်နေတဲ့ပုဂ္ဂိုလ်ကိုကြည့်ပြီး
” သင်ဟာကိုးမြို့ရှင်မဟုတ်ဘူး ကျုပ်က ကိုးမြို့ရှင်ကိုခေါ်တာ သူ့ကိုယ်ပွားကိုခေါ်တာမဟုတ်ဘူး ဒါကြောင့် ကိုးမြို့ရှင်ကိုယ်တိုင်ကြွလာပါ”လို့ထပ်ပြောလိုက်တဲ့အချိန် နတ်ကွန်းဘေးမှာရပ်နေတဲ့ ပုဂ္ဂိုလ်ပျောက်သွားပြီး အရပ်ကိုးပေလောက်မြင့်တဲ့ပုဂ္ဂိုလ်တစ်ယောက်ထပ်ပေါ်လာခဲ့တယ်။
ဒီတစ်ခါတော့ ကြိုင်လှိုင်နေတဲ့အမွှေးရနံ့တွေနဲ့အတူ ရှမ်းအိုးစည်သံသဲ့သဲ့ကိုပါကြားလိုက်ရတယ်။ ဓါးနှစ်လက်ကို စလွယ်သိုင်းထားတဲ့ပုဂ္ဂိုလ်က အောင်မြတ်သာကိုကြည့်ပြီး ရှမ်းစကားနဲ့ပြောလိုက်တယ် အောင်မြတ်သာကလဲ ရှမ်းစကားနဲ့ပြန်ပြောလိုက်တယ်။
တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ပြောရင်းခဏနေတော့ အနက်ရောင်ဝတ်စုံနဲ့ပုဂ္ဂိုလ်ပျောက်သွားတယ်။ အနက်ရောင်ဝတ်စုံနဲ့ပုဂ္ဂိုလ်ပျောက်သွားတော့မှ အောင်မြတ်သာက သက်ခိုင်တို့ဘက်လှည့်ပြီး
” လဓါးက ……မြို့က အိမ်တစ်အိမ်မှာရှိနေတယ်ပြောတယ် ငါတို့အဲဒီအိမ်ကိုရောက်အောင်သွားပြီး လဓါးကိုယူရမယ် အချိန်မရှိတော့ဘူး ငါတို့ရောက်လာတာ အချိန်မှီလေးပဲ”
” အရေးကြီးနေလို့လားဆရာ”
“ဟိုရောက်ရင်သိရလိမ့်မယ် သွားကြစို့”လို့ပြောပြီး အရှေ့ကနေ ထွက်သွားခဲ့တယ်။ တစ်နာရီလောက်လျောက်လာတော့ အိမ်တစ်အိမ်ရှေ့မှာ လူတွေစုရုံးစုရုံးဖြစ်နေတာကိုမြင်လိုက်ရတယ်။
အောင်မြတ်သာက လူတွေစုရုံးနေတဲ့အိမ်ရှေ့ကိုသွားကြည့်လိုက်တော့ လူတစ်ယောက်က ဓါးတစ်လက်ကိုကိုင်ကာ ‌အိမ်မှာရှိတဲ့သူတွေအကုန်လုံးကို ကြိမ်းဝါးနေတာမြင်လိုက်ရတယ်။
“ဓါးကိုကိုင်ထားတဲ့သူက တစ်စုံတစ်ခုပူးကပ်နေသလို တစ်ဆတ်ဆတ်တုန်နေပြီး အိမ်ထဲမှာရှိတဲ့သူတွေကို ဓါးနဲ့လိုက်ခုတ်ဖို့လုပ်နေတာမြင်တော့ အောင်မြတ်သာက အရှေ့ကိုထွက်သွားပြီး
” ပူးကပ်နေတဲ့အစောင့်အရှောက်တွေ ခေတ္တဖယ်ပေးဖို့မေတ္တာရပ်ခံပါတယ် ဘယ်လိုအမှားတွေရှိခဲ့ရှိခဲ့ ခွင့်လွှတ်ပေးပါ”လို့ပြောလိုက်တော့ ဓါးကိုင်ထားတဲ့သူက
” မရဘူး ဒီဓါးကသွေးသောက်ချင်နေပြီ သူတို့စည်းဖောက်တယ် စည်းဖောက်တဲ့သူတွေအကုန်လုံးရဲ့သွေးကိုသောက်မှရမယ်”
ပူးကပ်နေတဲ့သူလဲအောင်မြတ်သာရဲ့စကားကိုနားမဝင်ပဲ ဒေါသတစ်ကြီးအော်ဟစ်နေတာကြောင့် အောင်မြတ်သာလဲ ပူးကပ်နေသူရဲ့ မျက်နှာကို လက်ညှိုးနဲ့ထောက်လိုက်တယ်။
အောင်မြတ်သာရဲ့လက်ညိုးနဲ့ထိလိုက်တဲ့အချိန်မှာပဲ ပူးကပ်နေတဲ့သူရဲ့ကိုယ်ထဲကနေ တစ်စုံတစ်ယောက်ပြေးထွက်သွားတာမြင်လိုက်ရတယ်။
ကိုယ်မှာကပ်နေတဲ့ပုဂ္ဂိုလ်ထွက်သွားတာနဲ့ ရပ်နေတဲ့သူလဲ အရုပ်ကြိုးပြတ်လဲကျသွားတယ်။ အိမ်သားတွေလဲ လဲကျသွားတဲ့သူကို ထူရင်း အောင်မြတ်သာတို့ကိုအိမ်ထဲခေါ်ခဲ့ကြတယ်။
အိမ်ထဲရောက်ဝောာ့ အောင်မြတ်သာက
” ဘယ်လိုဖြစ်ဝာာလဲ ဒီဓါးက ဘာကြောင့်ဒီကိုရောက်နေတာလဲ”
အောင်မြတ်သာရဲ့စကားကြောင့် အသက်ငါးဆယ်ကျော်အရွယ်ရှိတဲ့ ရှမ်းအမျိုးသမီးက-
” ဒီဓါးက ဒီအိမ်ရဲ့ဖိုးဖွားအမွေပါ ဘာကြောင့်ဖြစ်ဖြစ် ဓါးကိုမထုတ်ဖို့ မျိုးရိုးစဉ်ဆက်မှာခဲ့ကြတယ် ဒါပေမယ့် ကျွန်မလက်ထက်မှာ ဒီကတိကိုမတည်နိုင်ခဲ့ဘူး မနေ့ညက အိမ်က ‌သားနဲ့တစ်ခြားသူတွေရန်ဖြစ်ကြတယ် သားဖြစ်သူကအမူးလွန်ပြီး ဓါးကိုထုတ်လိုက်တဲ့အချိန် သူ့အသိစိတ်လွတ်သွားတာပဲ ”
” ဒီဓါးကြောင့် တစ်ခြားသူတွေသွေးထွက်သံယိုဖြစ်ခဲ့သေးလား”
” တစ်ခြားသူတွေဘာမှမဖြစ်ခင် လှမ်းဆွဲလိုက်တဲ့ ကျွန်မညီမတော့ လက်ထိသွားတယ်”
” အိမ်း ဒီလိုပစ္စည်းမျိုးဆိုတာ အိမ်မှာမရှိသင့်ဘူး ဆိုင်ရာပိုင်ရာကိုအပ်လိုက်သင့်တယ်”
” ဒီဓါးက ကျွန်မအဖိုးဖြစ်သူရဲ့ဓါးပါ သူမသေခင် ဒီဓါးနဲ့ပုံစံတူဓါးတစ်လက်ရှိတယ်လို့ပြောဖူးတယ် ဓါးနှစ်လက်ဆုံတဲ့အချိန်မှာ ထူးခြားတာဖြစ်လိမ့်မယ်လို့လဲပြောတယ်”
အမျိုးသမီးရဲ့စကားကိုကြားတော့အောင်မြတ်သာက သက်ခိုင်ဘက်ကိုလှည့်ပြီး –
” ငါတို့ယူလာတဲ့ဓါးကိုထုတ်ပြလိုက်ပါ”


သက်ခိုင်လဲအောင်မြတ်သာစကားကြောင့် လုံချည်နဲ့ပတ်ထားတဲ့ဓါးကိုထုတ်ပြလိုက်တဲ့အခါ အရွယ်အစားရော ပုံစံပါတစ်ထပ်ထဲကျနေတာကိုမြင်လိုက်ရတယ်။
” ကျုပ်တို့က ဒီဓါးနှစ်လက်ကို ကိုးမြို့ရှင်နတ်နန်းမှာလှူစေချင်တယ် ခုနကဝင်ပူးတာက ဒီဓါးကိုစောင့်တဲ့ပုဂ္ဂိုလ်ပဲ “ဆိုပြီးဓါးနှစ်လက်ရဲ့သမိုင်းကြောင်းကိုပြောပြလိုက်တော့ ပိုင်ရှင်အမျိုးသမီးက သူ့မှာရှိတဲ့ ဓါးကိုအောင်မြတ်သာတို့ဆီကိုပေးခဲ့တယ်။
အောင်မြတ်သာတို့လဲ ဓါးနှစ်လက်ကို အံဝင်အောင် ထပ်လိုက်တဲ့အချိန်မှာတော့ အိမ်တစ်ခုလုံးရုတ်တရက်လှုပ်ခါသွားခဲ့တယ်။
အောင်မြတ်သာကတော့ ဓါးနှစ်လက်ကိုကြည့်ပြီး
” ယခုအချိန်ကစပြီး ဒီဓါးနဲ့သင်တို့မသက်ဆိုင်တော့ဘူး ဒါကြောင့်ဤအိမ် ဤနေရာကနေ ထွက်သွားပေးကြပါ”လို့သုံးကြိမ်တိတိပြောလိုက်တဲ့အချိန် အိမ်ရှေ့မှာရှိနေတဲ့ခွေးတွေက လမ်းတစ်လျောက် အူပြီးတစ်စုံတစ်ယောက်နောက်ကိုလိုက်သွားတာကိုလဲမြင်လိုက်ကြရတယ်။
အောင်မြတ်သာတို့လဲ လဓါးပိုင်ရှင်ဖြစ်တဲ့အမျိုးသမီးနဲ့အတူ ကိုးမြို့ရှင်နတ်နန်းကိုသွားပြီး ဓါးနှစ်လက်ကို အပိုင်စားပေးအပ်ခဲ့တယ်။ နတ်နန်းကနေထွက်လာခဲ့လိုက်တယ်။
နတ်ကွန်းကနေထွက်လာပြီး မလှမ်းမကမ်းရောက်တော့ အောင်မြတ်သာအနောက်ပြန်လှည့်ကြည့်လိုက်တဲ့အချိန် နတ်ကွန်းပေါ်မှာတင်ထားတဲ့ ဓါးနှစ်လက်မရှိတော့ပဲ မလှမ်းမကမ်းမှာ နေဓါးနဲ့လဓါးကိုလွယ်ပြီး ခမောက်ဆောင်းထားတဲ့ပုဂ္ဂိုလ်တစ်ယောက်ကိုသာမြင်လိုက်ရတယ်။
အောင်မြတ်သာတို့လဲ နေဓါးလဓါးကို လှူခဲ့ပြီးနောက်ပိုင်း ရှမ်းပြည်နယ်ကနေပြန်လာခဲ့ကြတယ်။
– – – – – – – – –
အောင်မြတ်သာတို့ရှမ်းပြည်နယ်ကနေပြန်လာပြီး နောက်ပိုင်း ဘယ်ဆရာမှအဖြေရှာမရတဲ့ကိစ္စတစ်ခုကို ကူညီခဲ့ကြသေးတယ်။ ဒီအကြောင်းကိုတော့ အောင်မြတ်သာဝတ္တုလေးမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment