အောင်မြတ်သာနှင့်ဖိုဝင်ဇော်ဂျီ

” အောင်မြတ်သာနှင့်ဖိုဝင်ဇော်ဂျီ ”
———————
လူသူအရောက်ပေါက်နည်းတဲ့ မဟာဝန်တောကြီးထဲမှာ အလေ့ကျပေါက်နေတဲ့ သစ်ပင်ကြီး၊ သစ်ပင်ငယ်တွေက စိတ်ထင်တိုင်းကြီးမားနေကြတယ်။
တစ်ချက်တစ်ချက် တောကောင်ကြီးများရဲ့ ဟိန်းဟောက်သံ၊ တောကောင်ငယ်လေးများရဲ့ မြည်တွန်သံတွေက မဟာဝန်တောကြီးထဲက ထွက်ပေါ်လာခဲ့တယ်။
တောတွင်းတစ်နေရာမှာတော့ တောင်ဝှေးတစ်ချောင်းနဲ့ နေရာအမှတ်အသားတွေလုပ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးရှိနေတယ်ဆိုတာ သာမန်လူတွေဘယ်လိုမှ မသိရှိနိုင်ခဲ့ဘူး။
ဧကထောင်ပေါင်းများစွာကျယ်ဝန်းတဲ့ မဟာဝန်တောကြီးထဲမှာ စိတ်ဝင်စားဖွယ်ရာကောင်းလှတဲ့ သဘာဝဖြစ်ရပ်ဆန်းတွေများစွာဖြစ်ခဲ့ဖူးတယ်။
ရှေးအစဉ်အဆက် ဖိုဝင်ခဲ့ကြတဲ့ ဇော်ဂျီတွေရဲ့ အောင်မြင်ခြင်းအမှတ်အသား ကျောက်တုံးတွေ၊ စေတီတွေ၊ ရုပ်ထုတွေက သာမန်သူတွေမရောက်နိုင်တဲ့
တောရဲ့အလယ်ဗဟိုတည့်တည့်မှာ အစီအရီ ထုလုပ်ပူဇော်ခဲ့ကြတယ်။
အခုလဲ ထိုနေရာမှာ ဖိုဝင်ဖို့အတွက် ပြင်ဆင်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးကတော့ တစ်စုံတစ်ယောက်ကို စောင့်မျှော်ရင်း မိမိလုပ်ရမယ့် အမှုကိစ္စတွေကို ဆောင်ရွက်နေခဲ့တယ်။
မြေပြန့်တဲ့နေရာတစ်ခုမှာ လက်ငါးလုံးလောက်ရှိတဲ့ မြောင်းလေးတစ်မြောင်းကို တူးရင်း တောရဲ့ဘေးဘီဝဲယာကို လိုက်ကြည့်နေခဲ့တယ်။
မြောင်းတူးပြီးတာနဲ့ အနီရောင်အကျႌအိပ်ကပ်ထဲမှာ ကတ္တီပါအိတ်လေးနဲ့ထည့်ထားတဲ့ ဆေးလုံးသုံးလုံးကို ထုတ်ပြီး လက်ဖဝါးပေါ်တင်လိုက်တဲ့အချိန်
တောတွင်းတစ်နေရာကနေ တောတိုးတဲ့အသံကို ကြားလိုက်ရတယ်။
တောတိုးတဲ့အသံကိုကြားတော့ ဆေးလုံးတွေကို အိပ်ကပ်ထဲပြန်ထည့်ပြီး တောင်ဝှေးကိုထောက်ကာ ခုန်လိုက်တယ်ဆိုရင်ပဲ လူသုံးရပ်စာလောက်မြင့်တဲ့ ပိန္နဲပင်ပေါ်ကို ရောက်သွားတယ်။
အပင်ပေါ်ရောက်တာနဲ့ တောတိုးသံကြားတဲ့နေရာကို လှမ်းကြည့်လိုက်တာ လူသုံးယောက် တောတွင်းတစ်နေရာကနေ ထွက်လာတာကို မြင်လိုက်ရတယ်။
တောင်ဝှေးကိုင်ထားတဲ့ပုဂ္ဂို်လ်လဲ ထိုလူသုံးယောက်ကို မြင်တော့မှ ပိန္နဲပင်ပေါ်ကနေ ဘုတ်ခနဲ ခုန်ဆင်းလာပြီး “ဆရာတို့ကို စောင့်နေတာ
အခုရောက်လာတော့မှ စိတ်အေးသွားတယ်
သိပ်မကြာခင် နက္ခတ်တိုက်တော့မှာမို့လို့
ဖိုဝင်ရတော့မယ် ဒီဖိုဝင်တာအောင်မြင်တာနဲ့
တစ်နိုင်ငံလုံးပတ်ပြီး ဘုရားတည်ဖို့ရည်စူးထားတယ်
လိုအပ်တဲ့အကူအညီတွေကို ဆရာတို့ကပေးမယ်ဆိုလို့ စောင့်နေတာ”လို့ပြောတော့
ယောဂီဝတ်စုံဝတ်ထားတဲ့ အသက်ငယ်ငယ်လူငယ်က
“အသင် လုပ်စရာရှိတဲ့အမှုကိုပြီးဆုံးအောင်လုပ်ပါ
ကျွနု်ပ်တို့တာဝန်က သင်ဖိုဝင်တာကို ပြီးဆုံးအောင်ကူညီပေးဖို့ဆိုတော့ ကျွန်ုပ်တို့သင့်ဘေးမှာရှိနေပါမယ် သင်ဆောက်ရွက်ပါတော့”လို့ပြောလိုက်ရင်ပဲ
တောင်ဝှေးကိုင်ထားတဲ့ပုဂ္ဂိုလ်က အိပ်ကပ်ထဲကနေ ဆေးသုံးလုံးကို ထုတ်ပြီး
“ဒီဆေးလုံးသုံးလုံးကိုဆရာတို့ယူထားရမယ်
ကျုပ်ဖိုဝင်ပီဆိုတာနဲ့ ဆေးသုံးလုံးထဲက အနီရောင်ဆေးလုံးကို ဟောဒီမြောင်းရဲ့ထိပ်မှာ တင်ပေးပါ ဆေးလုံးတင်ပီးတာနဲ့ မိုးရွာတာကို စောင့်ရပါမယ်
သဘာဝမိုးရေနဲ့ ဆေးလုံးထိပြီး မြောင်းကနေလိမ့်ဆင်းလာလိမ့်မယ် လိမ့်ဆင်းလာတဲ့ဆေးလုံးနဲ့ ကျုပ်အသားကိုထိမှ ပထမအဆင့်အောင်မှာဖြစ်တယ်
ပထမဆေးလုံးအောင်ရင် ဒုတိယဖြစ်တဲ့ အစိမ်းရောင်ဆေးလုံး၊ ဒုတိယအောင်ရင် တတိယဖြစ်တဲ့ အဖြူ ရောင်ဆေးလုံးကိုထားရမှာပါ ဆေးသုံးလုံးအောင်ရင်
ကျုပ်ဖိုဝင်တာအောင်မြင်ပီ ဖိုအောင်ဖို့အတွက် သဘာဝမိုးရေနဲ့လုပ်ရမှာဖြစ်လို့ အချိန်ဘယ်လောက်ကြာမယ်ဆိုတာ ခန့်မှန်းလို့မရဘူး ကျုပ်ဖိုဝင်တဲ့အချိန်အတွင်း
ဖိုဝင်သားကိုယူဖို့ အဖျက်အဆီးအဟန့်အတားတွေလာနိုင်တဲ့အတွက် ဆရာတို့်ကိုအကူညီတောင်းရခြင်းဖြစ်ပါတယ်”လို့ပြောတော့ ယောဂီဝတ်လူငယ်က
“သင်စိတ်ဖြောင့်ဖြောင့်လုပ်ပါ သင်ဖိုဝင်တာက သာသနာအတွက်ဖြစ်လို့ ကျွန်ုပ်တို့အစွမ်းကုန်ကူညီပေးပါ့မယ်”လို့ကတိပေးလိုက်တော့ တောင်ဝှေးကိုင်ထားတဲ့
ပုဂ္ဂိုလ်ရဲ့မျက်နှာဝင်းလက်သွားတယ်။
ဖိုဝင်မယ့်ပုဂ္ဂိုလ်က ယောဂီဝတ်လူငယ်ရဲ့ လက်ထဲကို တောင်ဝှေးအပ်ရင်း
“ဒီတောင်ဝှေးက ကျုပ်တို့ရဲ့ဒုတိယအသက်ဆိုလဲမမှားဘူး ဒါကြောင့်သင့်ကိုယုံကြည်လို့ ဒီတောင်ဝှေးကို အပ်ခဲ့မယ် ကျုပ်တစ်ခုခုဖြစ်သွားခဲ့ရင် ဒီတောင်ဝှေးကိုသင်ယူလိုက်ပါ
ဒီတောင်ဝှေးနဲ့တို့လိုက်ရင် အသီးမသီးတဲ့အပင် ပန်းမပွင့်တဲ့အပင်တွေတောင် ချက်ချင်းသီးပွင့်လာနိုင်တဲ့အစွမ်းရှိတယ် ဒီတောင်ဝှေးကိုမြေကြီးပေါ်ဆောင့်ချလိုက်ရင်
မြေစောင့်နတ်နဲ့ မြေဖုတ်ဘီလူးတို့တောင် ထွက်ပြေးကြရတယ် သင်တို့ကိုယုံကြည်ပါတယ် ကျုပ်ဖိုဝင်တော့မယ်”လို့ပြောပြီး မြောင်းရဲ့အောက်ဘက်အစွန်ဆုံးနေရာမှာ
ထိုင်ချပြီး မျက်လုံးကိုစုံမှိတ်လိုက်တယ်။
မျက်လုံးမှိတ်ပြီး နှုတ်ကနေ မန္တာန်တစ်ပုဒ်ကိုရွတ်လိုက်ရင်ပဲ ခန္ဓာကိုယ်ထဲကနေ စူးရှတဲ့အလင်းတန်းတစ်ခု ထိုးထွက်လာပြီး ခန္ဓာကိုယ်ကတစ်ဖြေးဖြေး သေးငယ်လာခဲ့တယ်။
စူးရှတဲ့အလင်းတန်းတွေပျောက်ဆုံးသွားချိျန်မှာတော့ တစ်တောင်လောက်ရှိတဲ့ အသားတုံးကြီးအဖြစ်ပြောင်းလဲသွားတာကိုထူးဆန်းစွာမြင်တွေ့လိုက်ရတယ်။
အသားတုံးအပေါ်မှာ ကျန်နေတဲ့ အဝတ်အစားတွေကို ယောဂီဝတ်လူငယ်ရဲ့ဘေးမှာပါလာတဲ့ လူငယ်နှစ်ယောက်က ချွတ်ယူပြီး လွယ်အိတ်ထဲမှာ ထည့်ထားလိုက်တယ်။
ယောဂီဝတ်လူငယ်(အောင်မြတ်သာ)လဲ ဖိုဝင်မယ့်ပုဂ္ဂိုလ်မှာခဲ့တဲ့အတိုင်း အနီရောင်ဆေးလုံးကို မြောင်းရဲ့ထိပ်ဝမှာ တင်လိုက်တယ်။
ပထမဆေးလုံးတင်ပြီးတဲ့အချိန် ဘေးကပိန္နဲပင်ရဲ့ ပင်စည်ကနေ ထွက်လာတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်ရတယ်။ ပိန္နဲပင်ထဲကထွက်လာတဲ့ပုဂ္ဂိုလ်က ယောဂီဝတ်လူငယ်ကိုကြည့်ပြီး
“ကျုပ်က ပိန္နဲပင်စောင့်နတ်ပါ သင်တို့ကို အကူအညီတောင်းတဲ့ ပုဂ္ဂိုလ်က လွန်ခဲ့တဲ့နှစ်ဘဝက ကျုပ်ရဲ့ သားတော်စပ်ခဲ့ပါတယ် ခုနက သူ့နောက်ဆုံးဖိုဝင်မယ့်အချိန်
ကျုပ်နတ်သဘင်အစည်းအဝေးသွားနေလို့ မမှီလိုက်ဘူး
ကျုပ်ရှိတဲ့နေရာမှာ ဖိုဝင်မယ်ဆိုတာ ကျုပ်ကိုအစထဲက ပြောခဲ့တယ် အခုကျုပ်နည်းနည်းနောက်ကျသွားလို့ ကျုပ်သားမှာထားတဲ့အရာပေးဖို့မမှီလိုက်ဘူး”ဆိုပြီး
စိတ်မကောင်းတဲ့မျက်နှာနဲ့ပြောတော့ အောင်မြတ်သာက “အသင်စိတ်ကျေနပ်အောင်
ကျုပ်တို့ဘာလုပ်ပေးရမလဲ”လို့မေးလိုက်တော့ ပိန္နဲပင်စောင့်နတ်ရဲ့မျက်နှာတစ်ချက်ထဲဝင်းသွားပြီး
“ကျုပ်သားရဲ့ ကိုယ်ပွားရှိတဲ့နေရာမှာ ဒီအမွှေးန့ံသာလေး ဖြန်းပေးရုံပါပဲ ဒီအမွှေးနံ့သာကိုသူအရမ်းကြိုက်တာ”လို့ပြောပြီး လက်ထဲမှာကိုင်ထားတဲ့ န့ံသာရည်ဘူးလေးကိုပြလိုက်တယ်။
အောင်မြတ်သာက ပိန္နဲပင်စောင့်နတ်လုပ်ချင်တဲ့အတိုင်း လုပ်ဖို့ခွင့်ပြုလိုက်ပြီး ဘေးကနေ ကြည့်နေလိုက်တယ်။
ပိန္နဲပင်စောင့်နတ်လဲ ဝမ်းသာအားရ ဖြစ်ပြီး ဖိုဝင်နေတဲ့နေရာကို အသွား ဝုန်းခနဲအနောက်ကိုလွင့်ထွက်သွားတယ်။
ပိန္နဲပင်စောင့်နတ်လွင့်ထွက်သွားတော့ အောင်မြတ်သာက မချိပြုံးလေးပြုံးပြီး
“သင်ကျုပ်ကိုဒီလိုစမ်းလို့ဘယ်ရမလဲ သင်မလာခင်ထဲက ကျုပ်ကဖိုဝင်မယ့်နေရာတစ်ဝိုက်ကို စည်းချထားပြီးပြီ ကျုပ်တားတဲ့စည်းက မကောင်းမှုအကြံအစည်ရှိသူမှန်သမျှဝင်လို့မရဘူး
တကယ်လို့သင်ရိုးသားမယ်ဆိုရင် သင်ဝင်လို့ရမှာဖြစ်တယ် သင့်ရဲ့အကြံကို ကျုပ်မသိဘူး မှတ်နေလား ဟမ်”ဆိုပြီး အော်ငေါက်လိုက်တော့ ပိန္နဲပင်စောင့်နတ်က –
“ကျုပ်ကိုခွင့်လွှတ်ပါ ကျုပ်ဆရာတို့အစွမ်းကို အထင်သေးခဲ့မိပါတယ် ကျုပ်ဇော်ဂျီဖိုဝင်သားကို လိုချင်လို့ တမင်လိမ်ညာပြောခဲ့တာပါ ကျုပ်ကိုခွင့်လွှတ်ပါ “ဆိုပြီး
ငိုငိုယိုယိုနဲ့တောင်းပန်တော့ အောင်မြတ်သာက
“ကောင်းပြီ သင်အမှားအတွက် သင့်ကိုအခွင့်အရေးတစ်ခုပေးမယ် ဒီဖိုဝင်တာပြီးဆုံးတဲ့ထိ သင်ကျုပ်တို့ကို ကူညီရမယ် သင့်လိုပဲဇော်ဂျီဖိုဝင်သားကို
လိုချင်တဲ့သူတွေလာခဲ့ရင် သင်ခြောက်လှန့်မောင်းထုတ်ပါ တောကောင်သတ္တဝါတွေ မျက်စိလည်လမ်းမှားပြီး ဒီကိုမရောက်အောင် သင်လုပ်ပေးပါ
ဒါဆိုသင့်အပြစ်တွေကို ခွင့်လွှတ်ပေးမယ်”လို့ပြောတော့ ပိန္နဲပင်စောင့်နတ်က
“ကျုပ်ကူညီပါ့မယ် ကျုပ်ကိုအပြစ်မပေးရင်ရပါပြီ ကျုပ်နောက်ဒီလိုမလုပ်တော့ပါဘူး”လို့ပြောပြီး ပိန္နဲပင်အနောက်ကိုဝင်သွားခဲ့တယ်။
ပိန္နဲပင်စောင့်နတ် ပျောက်သွားတော့ သက်ခိုင်က
“ဆရာ ဒီဖိုဝင်သားကို ဘာကြောင့်လာယူချင်ကြတာလဲ”လို့မေးတော့ အောင်မြတ်သာက
“ဖိုဝင်သားဆိုတာ ရခဲတဲ့အသားတစ်မျိုးပဲ ဇော်ဂျီတွေက သူတို့ဖိုဝင်တဲ့အခါ အခုလိုအသားတုံးမျိုးဖြစ်အောင် လုပ်ကြတယ် သူတို့စီမံထားတဲ့ဆေးလုံးတွေနဲ့
ဖိုဝင်အသားမထိတော့ရင် ဒီအသားတုံးအတိုင်း တစ်သက်လုံးနေသွားရတော့တာပဲ ဖိုဝင်သားကိုစားမိရင် စားမိတဲ့သူဟာ မြေလျှိုးမိုးပျံနိုင်တယ်
ဆင်ပြောင်ဆယ်စီးခွန်အားနဲ့လဲပြည့်စုံတယ် သုဝဏ္ဏဘူမိသထုံပြည်မှာ ဗျတ်ဝိ၊ ဗျတ္တဆိုတဲ့ ညီနောင်ဟာ ဇော်ဂျီဖိုဝင်သားစားလို့ လူစွမ်းကောင်းတွေဖြစ်ခဲ့တယ်
ဒါကြောင့် အစွမ်းထက်တဲ့ဇော်ဂျီဖိုဝင်သားကို လိုချင်တဲ့သူတွေများကြတာပဲ ဒါကြောင့်တစ်ချို့ဇော်ဂျီတွေက သမာဒေဝနတ်မြတ်နတ်ကောင်းတွေသာရှိတဲ့
တောတောင်တွေမှာပဲ ဖိုဝင်ကြတယ် အခုလိုအချိန်အခါကျလို့မဖြစ်မနေ ဖိုဝင်ရမယ့်အချိန်မျိုးမှသာ သူတို့ကံတရားကိုအလဲအထပ်လုပ်ပြီး ဖိုဝင်ကြရတယ်-
ဖိုဝင်တဲ့အခါ ဆေးလုံးတွေ ဖိုဝင်သားနဲ့မထိခင် အကြောင်းအမျိုးမျိုးကြောင့် လွဲချော်ခဲ့ရင် သူတို့ရဲ့ဘဝက ဒီအသားတုံးအဖြစ်နဲ့ပဲ အဆုံးသတ်သွားရတယ်
ဇော်ဂျီတွေက သစ်ဥသစ်ဖုဆေးမြစ်တွေသာ စားသုံးတဲ့အတွက် သူတို့ရဲ့အသားက အမြဲတမ်းမွှေးကြိုင်နေတတ်တယ် အဲဒီအမွှေးရနံ့ကြောင့်
တောရဲတိရိစ္ဆာန်တွေကမျက်စိလည်ပြီး ဖိုဝင်သားရှိရာကို ရောက်လာတတ်ကြတယ် ရောက်လာတဲ့အခါ ဖိုဝင်သားကို စားသွားတာပဲဖြစ်ဖြစ်
ဆေးလုံးတွေကိုနေရာရွေ့အောင်လုပ်မိရင်ပဲဖြစ်ဖြစ် ဖိုဝင်နေတဲ့ဇော်ဂျီဟာ အရင်ဘဝကို ပြန်မရောက်ကြတော့ဘူး ဒါကြောင့်ငါတို့အခု ကူညီပေးနေရတာ”လို့ပြောတော့မှ
သက်ခိုင်နားလည်သွားတယ်။
အောင်မြတ်သာတို့လဲ ဖိုဝင်တဲ့နေရာအနားမှာရှိတဲ့ သစ်ပင်တွေအောက်မှာ တရားမှတ်ရင်း မိုးရွာမယ့်အချိန်ကို စောင့်မျှော်နေခဲ့တယ်။
ရက်အနည်းငယ်ကြာတဲ့အထိ မိုးကမရွာလာခဲ့ဘူး သက်ခိုင်တို့လဲ တောထဲမှာရှိတဲ့သစ်သီးသစ်ဖုတွေကိုရှာဖွေစားရင်းနေလာခဲ့တာ ၅ရက်မြောက်နေ့မှာတော့
မိုးရိပ်တွေတက်လာတာကိုမြင်လိုက်ရတယ်။ မိုးရိပ်တွေတက်လာတာမြင်တော့ အောင်မြတ်သာက
“မကြာခင်မိုးရွာလာနိုင်တယ် မိုးရွာရင်နေဖို့တဲလေးတစ်လုံး ဆောက်ကြရမယ်”လို့ပြောတော့ တောက်ရနဲ့ သက်ခိုင်တို့လဲ တောထဲမှာရှိတဲ့ သစ်ဝါးတွေကိုခုတ်ပြီး
ယာယီတဲတစ်လုံးထိုးလိုက်တယ်။
တဲထိုးပြီးနောက်တစ်နေ့မှာတော့ ပထမအကြိမ်မိုးရွာချပါလေရော။ သည်းကြီးမဲကြီးရွာချနေတဲ့မိုးရေတွေက ဆေးလုံးတင်ထားတဲ့မြောင်းထဲကို စီးကျလာခဲ့တယ်။
စီးကျလာတဲ့မိုးရေနဲ့အတူ ပထမဆေးလုံးအနီကလိမ့်ဆင်းလာပြီး ဖိုဝင်နေတဲ့အသားကို သွားထိတဲ့အချိန် ဖိုဝင်အသားကနေ အနီရောင်အလင်းတန်းတွေ ထွက်လာခဲ့တယ်။
သည်းကြီးမဲကြီးရွာချနေတဲ့မိုးကတစ်ဖြေးဖြေးတိတ်သွားတဲ့အချိန်မှာတော့ ဒုတိယဆေးလုံးဖြစ်တဲ့ အစိမ်းရောင်ဆေးလုံးကို မြောင်းအဝမှာ တင်လိုက်တယ်။
အောင်မြတ်သာတို့လဲ ဒုတိယအဆင့်အောင်ဖို့ နောက်တစ်ကြိမ်မိုးရွာတာကို စောင့်ကြရပြန်တယ်။
မိုးတွင်းကာလကိုဝင်စအချိန်မို့လို့ မိုးကသိပ်မရွာသေးဘူး။ သစ်ပင်တွေထူထပ်စွာပေါက်နေတဲ့အတွက် သာမန်မိုးရွာတဲ့အချိန် ရေကမြောင်းထဲကိုမရောက်တာများတယ်။
ဒါကြောင့်နောက်တစ်ကြိမ်မိုးသည်းထန်စွာရွာဖို့ စောင့်မျှော်နေရတယ်။
အောင်မြတ်သာတို့လဲ ဒုတိယအဆင့်အောင်မြင်ဖို့အတွက် စောင့်ဆိုင်းနေတဲ့တစ်ညမှာတော့
“အူးဝူးဝူး……”
“အူးးးး”
စွဲစွဲငင်ငင်အူလိုက်တဲ့ခွေးအူသံကြောင့် သက်ခိုင် လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။
အောင်မြတ်သာကတော့ တည်တည်ငြိမ်ငြိမ်ပဲ တဲအောက်ကိုဆင်းလိုက်တယ်။ တဲအောက်ရောက်တော့ ပိန္နဲပင်စောင့်နတ်က ဆင်းလာပြီး
“ဆရာလေး ဖိုဝင်သားကိုယူဖို့ မြေခွေးယောင်ဆောင်ပြီး လာနေကြပီ သူတို့ကိုခိုင်းတဲ့သူက ဗန္နကလို့ခေါ်တဲ့ ဇော်ဂျီတစ်ပါးပဲ သူ့ကို ကျုပ်မတားနိုင်ဘူး
ဆရာလေးတို့တားမှာဖြစ်မယ် “လို့ပြောတော့ အောင်မြတ်သာက –
“ကျုပ်တို့ဒီနေရာကနေ ခွာလို့မရဘူး သူတို့လာရင်လဲ ဒီနေရာကနေ ကာကွယ်ရမှာပဲ သင်လဲ သင့်နေရာသင်ပြန်ပြီးစောင့်ကြည့်နေ”လို့မှာပြီး ပတ်ပတ်လည်ကို
စည်းအထပ်ထပ်ချလိုက်တယ်။ အောင်မြတ်သာတို့ဆရာတပည့်တွေက ဖိုဝင်နေတဲ့နေရာကို ဖိုခနောင့်ဆိုင်ထိုင်ပြီး စောင့်နေကြတယ်။
အောင်မြတ်သာက ဖိုမဝင်မီပေးခဲ့တဲ့ တောင်ဝှေးကို ကိုင်ပြီး ခွေးအူသံကိုနားစွင့်နေလိုက်တယ်။ ခွေးအူသံတွေက တစ်ဖြေးဖြေးနီးကပ်လာခဲ့တယ်။
အမှောင်ထုတောထဲကနေ ရဲရဲနီနေတဲ့ မျက်လုံးပေါင်းများစွာက အောင်မြတ်သာတို့ကို ကြည့်နေခဲ့တယ်။
မာန်ဖီသံတွေကကြောက်မက်ဖွယ်ကောင်းအောင် ကျယ်လောင်လာတဲ့အချိန် အောင်မြတ်သာတို့နဲ့မလှမ်းမကမ်းကို မြေခွေးသုံးကောင်ခုန်ချလာတယ်။
သွားရည်တွေတမြားမမြားကျနေတဲ့ မြေခွေးသုံးကောင်က အောင်မြတ်သာတို့ကိုစိုက်ကြည့်ပြီး စွဲစွဲငင်ငင်အူလိုက်တယ်ဆိုရင်ပဲ တောထဲကနေ ခုန်ထွက်လာတဲ့
မြေခွေးပေါင်းများစွာကို မြင်လိုက်ရတယ်။
အကောင်ပေါင်းများစွာသော မြေခွေးတွေက အောင်မြတ်သာတို့ရှိရာတစ်ဖြေးဖြေး တိုးလာပြီး ခုန်အုပ်လို့ရတဲ့ အနေအထားရောက်တော့ အရှေ့ဆုံးမှာရှိနေတဲ့
မြေခွေးက အသံတိုတစ်ချက်အူလိုက်တယ်ဆိုရင်ပဲ အနောက်မှာရှိနေတဲ့ မြေခွေးအုပ်တွေက အောင်မြတ်သာတို့ဆီခုန်ဝင်လာခဲ့တယ်။
အောင်မြတ်သာက ခုန်ဝင်လာတဲ့ မြေခွေးတွေကို လက်ထဲမှာကိုင်ထားတဲ့ တောင်ဝှေးနဲ့ ရိုက်ထုတ်လိုက်တဲ့အချိန် ထူးဆန်းတဲ့မြင်ကွင်းကိုမြင်လိုက်ရတယ်။
အောင်မြတ်သာတောင်ဝှေးနဲ့ရိုက်ခံထိတဲ့ မြေခွေးတွေက မြေခွေးအသွင်ကနေ လူအသွင်ပြောင်းသွားပြီး ခပ်လှမ်းလှမ်းကနေ အောင်မြတ်သာတို့ကို အော်ဟစ်ဆဲဆိုနေကြတယ်။
အောင်မြတ်သာလဲ စည်းအပြင်ကနေ ခုန်ဝင်လာတဲ့ မြေခွေးတွေကိုတောင်ဝှေးနဲ့ရိုက်ချရင်း ကောင်းကင်ကိုမော့ကြည့်လိုက်တယ်။
ကောင်းကင်တစ်ခုလုံးမိုးသားတွေမဲမှောင်လာတာနဲ့အမျှ မြေခွေးအုပ်ကတစ်ဖြေးဖြေးများလာခဲ့တယ်။ တောင်ဝှေးနဲ့ထိတဲ့မြေခွေးတွေက မြေခွေးအသွင်ပြန်မဖြစ်တော့ပဲ
အဝေးကနေ တုတ်တွေ၊ ခဲတွေနဲ့ လှမ်းပစ်ရင်း အော်ဟစ်နေကြတယ်။
အောင်မြတ်သာလဲ ကောင်းကင်ကိုမော့ကြည့်လိုက် မြေခွေးအုပ်ကိုကြည့်လိုက်လုပ်နေရင်းကနေ ဘေးနားမှာကျနေတဲ့ သစ်ရွက်တစ်ရွက်ကိုကောက်ပြီး သစ်ရွက်ကို
နှုတ်ခမ်းနားမှာတေ့ကာ ငါးရံ့မင်းပရိတ်ကို ကိုးခေါက်တိတိရွတ်လိုက်တယ်။
ငရံ့မင်းပရိတ်ရွတ်အပြီး သစ်ရွက်ပေါ်မှာ အင်းကွက်တစ်ကွက်ဆွဲပြီးကောင်းကင်ပေါ် ပစ်တင်လိုက်တယ်။ သစ်ရွက်က ကောင်းကင်ပေါ်ကိုလွင့်တက်သွားပြီး
ကောင်းကင်ပေါ်မှာ မဲမှောင်နေတဲ့ တိမ်တိုက်တွေကြားထဲကို တိုးဝင်သွားတယ်။
သိပ်မကြာခင်မဲမှောင်နေတဲ့တိမ်တိုက်တွေက တစ်ဖြေးဖြေးပြိုဆင်းလာပြီး မိုးသီးမိုးပေါက်တွေ တောအုပ်ထဲကို အရှိန်အဟုန်နဲ့ကျဆင်းလာခဲ့တယ်။
ကောင်းကင်ပေါ်ကနေ ကျလာတဲ့မိုးသီးမိုးပေါက်တွေက မြေခွေးအုပ်အပေါ်ကျတဲ့အချိန် မြေခွေးတွေကနေ လူအဖြစ်ပြောင်းသွားတာကို တွေ့လိုက်ရတယ်။
လူအဖြစ်ပြောင်းသွားတဲ့ သူတွေက မိုးရေထဲမှာ ငရဲမီးတွေပါလာသည့်အလား အော်ဟစ်ပြေးလွှားကြပါလေရော။ မြေခွေးအုပ်တစ်ဖြစ်လဲ လူအုပ်ကြီးက
မိုးရေမထိတဲ့နေရာဆီကိုပြေးလွှားကြရင်း အောင်မြတ်သာတို့နဲ့ ဝေးရာကိုတစ်ဖြေးဖြေးရောက်သွားတယ်။
မိုးသီးမိုးပေါက်တွေကျလာတဲ့အချိန် ရေမြောင်းပေါ်မှာတင်ထားတဲ့အစိမ်းရောင်ဆေးလုံးက မိုးရေနဲ့တစ်ဖြေးဖြေးလိမ့်ဆင်းလာပြီး ဖိုဝင်နေတဲ့နေရာကိုသွားထိတဲ့အချိန်
အစိမ်းရောင်အလင်းတန်းတွေ ဖြာခနဲထွက်ပေါ်လာခဲ့တယ်။
အောင်မြတ်သာလဲ မိုးရေထဲကနေ မတ်တပ်ရပ်လိုက်ပြီး တတိယဆေးလုံးဖြစ်တဲ့ အဖြူ ရောင်ဆေးလုံးကို ရေမြောင်းပေါ်မှာတင်ပြီးတဲ့အချိန်မှာတော့
သဲကြီးမဲကြီးရွာနေတဲ့ မိုးကချက်ချင်းဆိုသလို တိတ်သွားတယ်။
မိုးတိတ်သွားတော့ ပိန္နဲပင်စောင့်နတ်က ဆင်းလာပြီး
“ဆရာလေးတို့သတိထားကြဦး
ဗန္နကဇော်ဂျီက အရမ်းအငြိုးကြီးတာ
သူ့လွှတ်လိုက်တဲ့သူတွေကို ပြန်ပြေးအောင်
လုပ်လိုက်ထဲက ဆရာလေးတို့ကို သူအခဲကြေမှာ
မဟုတ်ဘူး သူပြန်လာနိုင်တယ် “လို့ပြောတော့ အောင်မြတ်သာက
“နောက်ဆုံးအဆင့်ရောက်ပီဆိုတော့ ပိုသတိထားရတော့မှာပေါ့ နောက်တစ်ကြိမ်မိုးရွာမယ့်အချိန်ကို စောင့်ကြည့်ရမယ်”လို့ပြောလိုက်တော့ ပိန္နဲပင်စောင့်နတ်က
“ကျုပ်လဲနိုင်သလောက်ကူညီပါ့မယ် တစ်ခုခုသိတာနဲ့ လာပြောပေးပါ့မယ်”လို့ပြောပြီးပိန္နဲပင်ပေါ်ပြန်တက်သွားတယ်။
အောင်မြတ်သာတို့လဲ တတိယအကြိမ်ရွာမယ့်မိုးကိုစောင့်မျှော်ရင်း နေလာလိုက်တာ တစ်လတိတိကြာသွားခဲ့တယ်။ တစ်လတိတိပြည့်တဲ့နေ့မှာတော့
လွန်စွာသာယာနာပျော်ဖွယ်ကောင်းတဲ့ စောင်းသံသဲ့သဲ့ကို ကြားလိုက်ရတယ်။ တောကြီးမျက်မဲထဲမှာ ကြားလိုက်ရတဲ့ စောင်းသံကြောင့် သက်ခိုင်နဲ့တောက်ရ
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိတယ်။
အောင်မြတ်သာကတော့
“အကြမ်းနည်းမရတော့ အနုနည်းနဲ့လာပြီထင်တယ်
အနုနည်းက အကြမ်းနည်းထက် ရင်ဆိုင်ဖို့ခက်ခဲလိမ့်မယ် သတိထားကြ”လို့ပြောပြီး ဖိုဝင်နေတဲ့နေရာကို ဆင်းသွားခဲ့တယ်။
သက်ခိုင်တို့လဲ အောင်မြတ်သာအနောက်က လိုက်သွားပြီး ဖိုဝင်နေရာရဲ့ဘေးမှာ နေရာယူလိုက်ကြတယ်။ အောင်မြတ်သာတို့နေရာယူပြီးမကြာခင်မှာ
သာယာလှတဲ့စောင်းသံနဲ့အတူ မိန်းမပျိုလေးများရဲ့ ခိုးခိုးခစ်ခစ်ရယ်သံတွေကိုပါ ကြားလိုက်ရတယ်။
များမကြာမီ တောအုပ်ထဲကနေ ထွက်လာတဲ့ မိန်းမပျို၅ယောက်ကိုတွေ့လိုက်ရတယ်။ တူရိယာမျိုးစုံကိုင်ဆောင်ထားပြီး အလွန်တရာချောမောလှပတဲ့
မိန်းမပျိုလေးတွေက အောင်မြတ်သာတို့နဲ့ မလှမ်းမကမ်းကနေ ချွဲ့နွဲ့တဲ့ရီသံများ၊ ညှင်သာတဲ့တူရိယာသံတွေနဲ့ မြူ စွယ်ပါတော့တယ်။
အောင်မြတ်သာက မိန်းမပျိုလေးများကိုကြည့်ပြီး
“သင်တို့ရည်ရွယ်ချက်အောင်မြင်မှာမဟုတ်လို့ လာလမ်းအတိုင်းပြန်လိုက်ပါ သင်တို့ဘယ်လိုမြူ စွယ်မြူ စွယ် ကျုပ်တို့ကိုအောင်နိုင်မှာမဟုတ်တဲ့အတွက်
နောက်ဆုတ်ကြပါ ရှေ့ဆက်တိုးမယ်ဆိုရင် ကျုပ်တို့အဆိုးမဆိုပါနှင့်”လို့ပြောလိုက်တယ်။
မိန်းမပျိုလေးတွေက အောင်မြတ်သာ ပြောတဲ့စကားကို ဂရုမစိုက်ပဲ မလုံတလုံအဝတ်အစားတွေကို ဆွဲတင်ရင်း ညုတုတုအသံများဖြင့် အောင်မြတ်သာတို့ကို တိုက်ခိုက်ပြန်တယ်။
သက်ခိုင်နဲ့တောက်ရလဲ မျက်စိကိုစုံမှိတ်ကာ စိတ်ကိုတည်ငြိ်မ်အောင်ထားပြီး မိန်းမပျိုလေးတွေကိုကြည့်လိုက်တာ မျက်စိအရှေ့မှာလှုပ်ယမ်းကခုန်နေတဲ့
မိန်းမပျိုလေးတွေက သူယောင်သီးတွေဖြစ်နေတာကို မြင်လိုက်ရတယ်။
အောင်မြတ်သာတို့ဆရာတပည့်တွေလဲ သူယောင်မယ်တွေမှန်းသိတော့ ဒါဟာ ဗန္နကဇော်ဂျီလက်ချက်ဆိုတာ ချက်ချင်းသိလိုက်ကြတယ်။
ဗန္နကလက်ချက်မှန်းသိတာနဲ့ အောင်မြတ်သာက ဘေးမှာကျနေတဲ့ သစ်ကိုင်းခြောက်တစ်ခုကိုကောက်ပြီး မိန်းမပျိုလေးတွေဆီကိုပစ်လိုက်တယ်။
သစ်ကိုင်းခြောက်က မိန်းမပျိုလေးတွေအရှေ့ကိုရောက်တာနဲ့ အလွန်ခန့်ငြားလှပတဲ့ ယောကျၤားတစ်ယောက်အသွင်ပြောင်းသွားခဲ့တယ်။
မိန်းမပျိုလေးတွေလည်း သစ်ကိုင်းခြောက်ကနေ ဖြစ်လာတဲ့ လုလင်ပျိုလေးအပေါ်တပ်မက်သွားကြပြီး တောနက်ထဲကို လုလင်ပျိုလေးနဲ့အတူ တိုးဝင်ပျောက်ကွယ်သွားကြတယ်။
မိန်းမပျိုလေးတွေပျောက်ကွယ်သွားတာနဲ့ ကောင်းကင်တစ်ခွင်မှာ မိုးရိပ်မိုးချည်တွေသမ်းလာခဲ့တယ်။ သက်ခိုင်နဲ့တောက်ရလည်း မိုးရွာတော့မယ်ဆိုတာသိတော့ ဝမ်းသာနေကြတယ်။
မိုးသားတွေက တစ်ဖြေးဖြေးများလာခဲ့ပြီး ကောင်းကင်တစ်ခွင်မဲမှောင်လာခဲ့ပေမယ့် မိုးတစ်ပေါက်မှမကျလာခဲ့ဘူး။ သက်ခိုင်နဲ့တောက်ရလည်း ကောင်းကင်ကို
ကြည့်လိုက် အောင်မြတ်သာကိုကြည့်လိုက်နဲ့ ဝေခွဲမရဖြစ်နေတဲ့အချိန် အောင်မြတ်သာက


“တောက်… သဘာဝတရားကိုတောင်လွန်ဆန်ခိုင်းနေပါလား တော်တော်ယုတ်မာတဲ့ကောင်ပဲ”လို့ပြောတော့ သက်ခိုင်က
“ဘာဖြစ်တာလဲဆရာ မိုးကရွာရတော့မှာကို ခုထိမရွာသေးဘူး”
“ဗန္နကဆိုတဲ့ကောင်က ရွာမယ့်မိုးတွေကို သူ့အစွမ်းနဲ့ တားထားတာပဲ ဒါဟာသဘာဝတရားကို ဖောက်ပြန်အောင်လုပ်တာ အပြစ်အရမ်းကြီးတယ်
သူ့အပြစ်ကို သူပြန်ပေးဆပ်ရလိမ့်မယ်”လို့ပြောပြီး တောင်ဝှေးကိုကောင်းကင်ပေါ်ထောင်လိုက်တယ်။
တောင်ဝှေးကိုကောင်းကင်ပေါ်ထောင်လိုက်တာနဲ့ ကောင်းကင်ပေါ်ကနေ လျှပ်စီးတွေဝင်းခနဲ လက်ခနဲဖြစ်လာပြီး မိုးချုန်းသံတွေက ကြောက်မက်ဖွယ်ထွက်ပေါ် လာခဲ့တယ်။
မိုးကြိုးလျှပ်စီးတွေလက်နေပေမယ့် မိုးစက်တွေက တစ်ပေါက်မှမကျပဲဖြစ်နေတဲ့အချိန် “ဒလိမ်းဂျိမ်း”ဆိုတဲ့မိုးကြိုးပစ်သံနဲ့အတူ ကောင်းကင်ပေါ်ကနေ
တစ်စုံတစ်ယောက်ပြုတ်ကျလာတာကို မြင်လိုက်ရတယ်။
ကောင်းကင်ပေါ်ကနေ ကျလာတဲ့အရာကို သေချာကြည့်လိုက်တော့ အနီရောင်အကျႌဝတ်ထားတဲ့ ဇော်ဂျီတစ်ယောက်ဖြစ်နေခဲ့တယ်။
မြေကြီးပေါ်ရောက်တော့ ခန္ဓာကိုယ်တစ်ခုလုံး ကြေမွနေပြီး အသက်မရှိတော့တာကိုစိတ်မကောင်းဖွယ်ရာ မြင်လိုက်ရတယ်။
ခဏနေတော့ မိုးသီးမိုးပေါက်တွေကျလာပြီး မိုးသည်းထန်စွာရွာချပါလေရော။ မိုးရွာချလာတာနဲ့ ရေမြောင်းထဲက ဆေးလုံးလေးက ရေစီးနဲ့အတူ မျောပါပြီး ဖိုဝင်သားကိုထိလိုက်တာနဲ့တစ်ပြိုင်နက်
“အောင်ပြီ
အောင်ပြီ
အောင်ပြီ”ဆိုတဲ့အသံနဲ့အတူ အဖြူ ရောင်အလင်းတန်းြ်းကြားထဲကနေ ရွှေရောင်ဝတ်စုံဝတ်ထားတဲ့ ဇော်ဂျီတစ်ပါးခုန်ထွက်လာခဲ့တယ်။
ဖိုဝင်တာအောင်မြင်သွားတဲ့ ဇော်ဂျီက အောင်မြတ်သာကို သူ့ရဲ့တောင်ဝှေးကိုလက်ဆောင်အဖြစ်ပေးခဲ့ပြီး သူကတော့ ဘုရားပေါင်း၁၀၈ဆူတည်ဖို့
ခရီးထွက်ရတော့မယ်ဆိုတဲ့အကြောင်း ပြောပြီး ကောင်းကင်ခရီးနဲ့ တောအုပ်အပေါ်ကိုပျံတက်သွားခဲ့တယ်။
အောင်မြတ်သာတို့လည်း မိုးတိတ်တာကိုစောင့်ပြီး မိုးတိတ်တာနဲ့ မဟာဝန်တောထဲကနေပြန်လည်ထွက်ခွာခဲ့တယ်။ တောထဲကနေဖြေးဖြေးချင်းထွက်လာရာရင်း သက်ခိုင်က
“ဆရာ ခုနက ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့ ဇော်ဂျီက ဘာလို့ပြုတ်ကျလာတာလဲ”
“ဘာလို့လဲဆိုတော့ သဘာဝတရားကိုလွန်ဆန်တဲ့အတွက် နတ်ကောင်းနတ်မြတ်တွေအပြစ်ပေးတယ်လို့ပဲသိထားပါ နောင်တစ်ချိန် ကိုယ်တိုင်အစွမ်းအစရှိလာခဲ့ရင်
မိုးတားတာကို ဘယ်တော့မှမလုပ်မိစေနဲ့ “လို့ပြောပြီး မဟာဝန်တောထဲကနေ ဆက်ထွက်လာခဲ့တယ်။
အောင်မြတ်သာလည်း ဆရာသခင်တို့ရဲ့ စေခိုင်းမှုကို ကျေပွန်အောင်ဆောင်ရွက်ခဲ့ပြီး ခြေဦးတည့်ရာကို ဆက်လက်ထွက်ခွာခဲ့တယ်။ ခြေဦးတည့်ရာလျောက်သွားနေရင်း
ဧရာဝတီတိုင်းထဲက ရွာတစ်ရွာအရောက်မှာတော့ ထူးဆန်းတဲ့ဖြစ်ရပ်တွေကို မြင်တွေ့ခဲ့ရတယ်။
ဘယ်လိုဖြစ်ရပ်လဲဆိုတော့ ရွာမှာရှိတဲ့ချောင်းကနေ လပြည့်လကွယ်နေ့တွေဆိုရင် မကောင်းဆိုးဝါးတစ်ကောင်ထွက်လာပြီး အိမ်မွေးတိရစ္ဆာန်တွေကို သတ်စားတယ်ဆိုတဲ့ဖြစ်ရပ်ပဲ။
အောင်မြတ်သာတို့လဲ ရွာခံတွေရဲ့စကားကိုကြားပြီး မကောင်းဆိုးဝါးရှိတယ်ဆိုတဲ့ချောင်းကိုသွားကြည့်တော့ ချောင်းတစ်ခုလုံးအညှီအဟောက်အနံ့တွေလှိုင်နေတာကိုသတိထားမိခဲ့တယ်။
အောင်မြတ်သာတို့ဆရာတပည့်တွေ ဒီမကောင်းဆိုးဝါးကို ဘယ်လိုနှင်ထုတ်မလဲ။
ဒီမကောင်းဆိုးဝါးကလဲ ရွာသားတွေကို ဘယ်လိုဒုက္ခပေးခဲ့သလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်ရေသရဲဆိုတဲ့ဝတ္တုလေးမှာ စောင့်မျှော်ဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment