” အောင်မြတ်သာနှင့်ဘီလူးလက်ပြတ် “(စ/ဆုံး)
ရေးသားသူ—ဇေယန(ရာမည)
+++++++++++
“ ကျွီ ကျွီ ကျွီ” —
အိမ်ရှေ့မြေကွက်လပ်ကနေ ထွက်ပေါ်လာတဲ့ ရေဘော်ထိုးသံကြောင့် နေ့လည်ခင်းတစ်ရေးတစ်မောအိပ်ဖို့လုပ်နေတဲ့ ဒေါ်မမကြီး မျက်နှာကိုရှံ့မဲ့ကာ အိမ်အောက်ကို ဆင်းလာခဲ့လိုက်တယ်။
“ ဦးမောင်လေး— ရေဘော်ထိုးတာ ဘယ်လောက်ကြာဦးမှာလဲ”
“ ခဏနေဆိုပြီးပါပြီ… ဘာဖြစ်လို့လဲ အစ်မ”
“ ဘာမှမဟုတ်ပါဘူး… ဒီတိုင်းမေးလိုက်တာ”
မျက်နှာထိမျက်နှာထားနဲ့ပြောပြီး ပြန်တက်သွားတဲ့ အိမ်ရှင်မိန်းမကြောင့် လက်သမားဆရာတွေအချင်းချင်းကြည့်လိုက်ပြီး
“ ဒီမိန်းမမျက်နှာက တစ်လောကလုံး သူ့လုပ်စာ စားထားသလိုပဲနော်”
“ ဟေ့ကောင် သူများအကြောင်းမပြောနဲ့ ကိုယ့်အလုပ်သာကိုယ်လုပ်စမ်းပါ”
ဦးမောင်လေးစကားကြောင့် ဝိုင်းကူလုပ်ပေးနေကြတဲ့သူတွေ ငြိမ်သွားပြီး ကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေခဲ့ကြတယ်။
“ အစ်မ .. ခုနက ဦးမောင်လေးကို ဘာသွားမေးနေတာလဲ”
“ ရေဘော်ထိုးတာ ဘယ်အချိန်ပြီးမလဲလို့ မေးတာလေ”
“ အစ်မရယ် သူတို့အလုပ်သူတို့လုပ်နေတာ အဲလိုလိုက်မမေးနေပါနဲ့”
“ အငယ်မ နင်က ဘာသိလို့လဲ… လက်သမားတွေက သူတို့လုပ်ခပိုရအောင် အချိန်ဆွဲပြီးလုပ်တတ်ကြတယ်၊ ဒီလိုမဖြစ်အောင် ငါကလိုက်ပြောနေတာဟဲ့”လို့ပြောပြီး အိမ်ပေါ်ကို ခြေသံပြင်းပြင်းနဲ့ တက်သွားခဲ့လိုက်တယ်။
—–
“ အစ်မ အစ်မ”
“ ဟေ ဘယ်သူတုန်း”
“ ကျွန်တော် လက်သမားအဖွဲ့ကပါ”
“ ဘာကိစ္စရှိလို့လဲ”
“ ရေလေးတစ်ခွက်လောက်သောက်ချင်လို့ ခွင့်တောင်းတာပါ”
“ နင်တို့ကလဲ အလုပ်လုပ်တာ ရေဘူးမယူလာဘူးလား…”
ဒေါ်မမကြီးက အပြစ်တင်တဲ့လေသံနဲ့ပြောပြီး သောက်ရေအိုးထဲကရေတစ်ခွက်ခပ်ကာ ကမ်းပေးလိုက်တယ်။
“ ကျေးဇူးတင်ပါတယ်အစ်မ”
“ အင်း အင်း… ဒါနဲ့ နင်တို့အိမ်ပြင်တာ ဘယ်ရက်လောက်ပြီးမှာလဲ”
“ အတိအကျတော့မသိသေးဘူးအစ်မ… ဆရာက တစ်ပတ်ဆယ်ရက်လောက်ကြာဦးမယ်လို့ပြောသံတော့ကြားတယ်”
“ နင်တို့ပြောတော့ လဆန်း၁၃ရက်နေ့ အမှီပြီးမယ်ဆို အခုပဲ ၁၀ရက်ရောက်နေပြီ.. အလုပ်ကိုဘယ်လိုလုပ်နေကြလဲမသိဘူး၊ ဒါကြောင့် နင်တို့တွေ ဒီဘဝကနေမတိုးတက်တာ”
မမကြီးစကားကြောင့် ရေလာသောက်တဲ့ ကောင်လေးမျက်နှာပျက်သွားပြီး လှည့်ထွက်ဖို့အလုပ်
“ လဆန်း၁၃ရက်နေ့ အပြီးလို့ပြောခဲ့တယ်ဆိုပေမယ့် ကြားထဲမှာ မှာထားတဲ့သစ်တွေမရောက်ခဲ့တာမို့ အခုလိုကြာသွားတာပါ…” ဆိုတဲ့အသံနဲ့အတူ လက်သမားဆရာဦးမောင်ငယ် အနားကိုရောက်လာခဲ့တယ်။
“ ဦးမောင်လေးတို့က ပြောလိုက်ရင် ဒီအတိုင်းကြီးပဲ.. ဆင်ခြင်ဆင်လက်ကအပြည့်”
“ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်… ဒါပေမယ့် အစ်မညီမက လှေကားကိုပါအသစ်ပြန်ပြင်ချင်တယ်ဆိုလို့ တစ်ပတ်ဆယ်ရက်ကြာမယ်လို့ပြောလိုက်တာ”
“ လှေကားကနောက်မှလုပ်မယ်… အိမ်ကိုပဲအရင်ပြီးအောင်လုပ်ပေး”
“ ဒါဆိုလဲ ကျုပ်တို့အိမ်ကိုအရင်ပြီးအောင်လုပ်ပေးပါ့မယ်”
ဦးမောင်လေးက အောက်လေနဲ့ပြောပြီး အလုပ်လုပ်နေတဲ့ဘက်ကိုထွက်သွားခဲ့လိုက်တယ်။
“ စံသိန်း… လှေကားအတွက် လုပ်နေတာတွေ ရပ်လိုက်တော့… ကျန်တဲ့သူတွေလဲ အိမ်ပြီးဖို့ပဲ ဦးစားပေးပြီးလုပ်ကြ”
“ အခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့ ဘယ်လို မိန်းမလဲမသိဘူး… ဒါကြောင့် လင်မရတာ”
အဖွဲ့ထဲက အလုပ်သမားတစ်ယောက်ရဲ့စကားကြောင့် ကျန်တဲ့သူတွေအကုန် ပြုံးစိစိဖြစ်ကုန်ကြတယ်။
—–
လဆန်း(၁၃)ရက်နေ့
“ ဆွေးနေတဲ့ယက်မတွေ တိုင်တွေအကုန်လဲပြီးပါပြီ. အိမ်နောက်ကရေကပြင်ကိုလဲ အသစ်ရိုက်ထားပေးပါတယ် အစ်မ”
“ တော်သေးတာပေါ့ လပြည့်နေ့အမှီပြီးသွားပေလို့၊ ဒါနဲ့ လက်ခက ဘယ်လောက်ပေးရမလဲ”
“ အရင်ကပြောထားတာက အပြီးစီး နှစ်သောင်းဆိုပေမယ့် ရေကပြင်အသစ်ရိုက်ပေးထားရလို့ သုံးထောင်လောက်ပိုပေးလေအစ်မ”
“ နည်းနည်းလျော့ပေးလေ… ရေကပြင်ရိုက်ခက သုံးထောင်ဆိုတော့ များတာပေါ့”
“ မများပါဘူးဗျာ… သူများတွေဆိုရင် ခြောက်ထောင်လောက်ယူတာ”
“ ကဲ… နှစ်သောင်းနှစ်ထောင်ယူလိုက်”
“ တကယ်မရလို့ပါအစ်မ… တစ်ထောင်လောက်ကို ဈေးမဆစ်ပါနဲ့ဗျာ၊ ကျွန်တော်တို့လဲ သေချာလေးလုပ်ထားပေးပါတယ်”
“ နှစ်သောင်းနှစ်ထောင်ထားလိုက်ပါ.. နောက်လဲ လှေကားလုပ်ဖို့ရှိနေတာပဲ”
ဦးမောင်လေးလဲ ငွေတစ်ထောင်ကို မရမကဆစ်နေတာကြောင့် စိတ်ထဲထောင်းခနဲဖြစ်သွားပြီး-
“ ကျွန်တော်တို့က စေတနာပါပါနဲ့ ဈေးသက်သက်သာသာယူထားပေးတာတောင် မရမကလိုက်ဆစ်နေတာပဲ… ကဲ ထားပါ နှစ်သောင်းနှစ်ထောင်ပဲပေးလိုက်”
ဒေါ်မမကြီးလဲ ပိုက်ဆံအိတ်ထဲက ငွေအချို့ကိုထုတ်ပြီးကမ်းပေးလိုက်တဲ့အချိန်
“ ကျွန်တော် ပြင်ထားတဲ့ နေရာတွေပြန်စစ်ကြည့်လိုက်ဦးမယ်…နောက်နေ့မှ တစ်ခုခုလိုရင် ဒီအထိပြန်လာရမှာစိုးလို့ပါ”
“ ဒါဆိုလဲ သေချာလေးစစ်ပေးဦး”
ဒေါ်မမကြီးစကားကြောင့် ဦးမောင်လေးက လက်သမားအိတ်ကိုလွယ်ကာ ပြုပြင်ထားတဲ့နေရာတွေဘက်ကို ထွက်သွားခဲ့လိုက်တယ်။
ခဏနေတော့ ဦးမောင်လေး ပြန်ရောက်လာပြီး
“ အကုန်လုံးအဆင်ပြေတယ်အစ်မ… အိမ်ကတော့ အတော်ခိုင်ခန့်သွားတာပဲ”
“ အခုလို လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်”
“ ရပါတယ်… ဒါကကျွန်တော်တို့အလုပ်ပဲလေ၊ အခုတော့ခွင့်ပြုပါဦး”
ဦးမောင်လေးတို့အဖွဲ့လဲ ဒေါ်မမကြီးကို နှုတ်ဆက်ပြီး မိမိတို့ဇာတိဖြစ်တဲ့ ကျွန်းလှရွာဆီကိုပြန်လာခဲ့လိုက်တယ်။
—–
လပြည့်နေ့ညသန်းခေါင်ယံအချိန်
ဘုရားရှိခိုးပြီးပေမယ့် အိပ်မပျော်သေးတဲ့အတွက် မမလေးတစ်ယောက် တောင်တွေးမြောက်တွေး စဉ်းစားနေတဲ့အချိန်
“ ဒုန်း….”
အိမ်အောက်ကနေ ထွက်လာတဲ့အသံကြောင့် မမကြီးနဲ့မမလေးတို့ ငုတ်တုတ်ထထိုင်လိုက်ကြတယ်။
“ အငယ်မ အိမ်အောက်မှာ ဘာသံကြီးလဲမသိဘူး”
“ တစ်ခုခုပြုတ်ကျတဲ့အသံပဲ ကြောင်တွေသောင်းကျန်းပြန်ပီလားမသိဘူး”
ညီအစ်မနှစ်ယောက် ခြင်ထောင်ထဲကနေထွက်ပြီး ဓါတ်မီးကိုယူကာ အိမ်အောက်ကိုထိုးကြည့်လိုက်တော့ ဘာမှမတွေ့။
“ ဘာပစ္စည်းမှလဲ ပြုတ်ကျတာမတွေ့ပါဘူး”
“ ဒါပေမယ့် အသံက အိမ်အောက်ထပ်ကနေ ထွက်လာတာတော့သေချာတယ်လေ”
နှစ်ယောက်သား လှေကားရင်းကနေ ဆင်းလာပြီး မီးအိမ်ကိုမီးညှိလိုက်တယ်။
“ ဘာမှလဲမရှိပါဘူး… အခြားအိမ်က လာတဲ့အသံများလား”
မမကြီးက ဇဝေဇဝါအတွေးနဲ့ပြောလိုက်တဲ့အချိန် အိမ်ခန်းဝမှာချိတ်ထားတဲ့ လိုက်ကာစက ဖျတ်ခနဲ လှုပ်ရှားသွားတာမြင်လိုက်ရတယ်။
“ အငယ်မ… လိုက်ကာအနောက်ကိုကြည့်စမ်း”
“ လိုက် လိုက်ကာအနောက်မှာ လူတစ်ယောက် မတ်တပ်ရပ်နေသလိုပဲ…”
“ မဖြစ်နိုင်ပါဘူး…လူရပ်နေတယ်ဆိုရင် အောက်မှာ ခြေထောက်ပေါ်နေမှာပေါ့”
ညီအစ်မနှစ်ယောက်လဲ လိုက်ကာအနားကို အသာလေးကပ်သွားပြီး ဆွဲဖယ်လိုက်ရာ အငယ်မစက်ချုပ်တဲ့အခါသုံးတဲ့ ဖော့အရုပ်ဖြစ်နေတာကိုမြင်လိုက်ရတယ်။
“ အမလေး လန့်လိုက်တာ အငယ်မရယ်… နင်က အရုပ်ကို လိုက်ကာအနောက်ထားစရာလား”
“ ညနေက အခန်းထဲထည့်မယ်ဆိုပြီး မေ့သွားတာ….”
“ သွား အခုထည့်လိုက်”
မမကြီးစကားကြောင့် အငယ်မလဲ ဖော့အရုပ်ကိုမကာ အခန်းထဲယူလာတဲ့အချိန် အလင်းရောင်မရှိတဲ့ အခန်းထောင့်မှာ မတ်တပ်ရပ်နေတဲ့လူရိပ်တစ်ခု။
“ အား———”
“ အငယ်မ ဘာဖြစ်တာလဲ”
မမကြီးလဲ အခန်းထဲပြေးဝင်လာပြီး ဓါတ်မီးနဲ့ထိုးကြည့်လိုက်ရာ ဘာမှမတွေ့။
“ အငယ်မ … ဘာလို့အော်တာလဲ”
“ ခုနက ခုနက အဲဒီထောင့်မှာ မတ်တပ်ရပ်နေတာ မြင်လိုက်တယ်… အရိပ်မဲမဲကြီး ရပ်နေတာ”
“ နင်စိတ်ထင်တာဖြစ်မှာပါဟယ်… အခုဘာရှိလို့လဲ”
“ တကယ်မြင်လိုက်တာ… မလိမ်ဘူး”
“ စိတ်အေးအေးထား… ဘာမှမရှိတော့ဘူး”
ညီအစ်မနှစ်ယောက် အခန်းထဲကနေပြန်ထွက်လာပြီး အိမ်ပေါ်ထပ်ကို တက်သွားတဲ့အချိန် အောက်ထပ်အိမ်ခန်းဝကနေ ဆင်သားရည်လိုကြမ်းထော်နေတဲ့အသားရည်ရှိတဲ့လက်တစ်ဖက်ထွက်လာခဲ့တယ်။
—–
“ ညက အော်တဲ့အသံကြားလိုက်တယ်… ဘာဖြစ်ကြတာလဲအစ်မ”
အထည်လာယူတဲ့ ကောင်မလေးစကားကြောင့် စာအုပ်ဖတ်နေတဲ့ မမကြီးက
“ ဘာမှမဖြစ်ပါဘူး… လှေကားပေါ်က ချော်ကျမလိုဖြစ်လို့ အော်လိုက်တာ”
“ အော်.. ဟုတ်ကဲ့.. သမီးလဲ အဲဒီအချိန်မအိပ်သေးတော့ ဘာများဖြစ်လဲဆိုပြီး စိတ်ပူသွားတာ”
မမကြီးရဲ့ စကားကြောင့် မမလေးက စကားလမ်းကြောင်းလွှဲလိုက်ပြီး
“ ယုမေ… အင်္ကျီက နင်နဲ့ကွက်တိပဲ.. ထဘီကတော့ မနက်ဖြန်မှယူ… ဒီညအပြီးချုပ်ထားပေးမယ်”
“ ရပါတယ် မမလေးရဲ့… ယုမေက နောက်အပတ်မှ ဝတ်မှာ အားမှချုပ်ပေး”
“ ဟိုကလေးမ… ချုပ်ပြီးရင် ချုပ်ခတော့အပြည့်ပေးရမယ်နော်…”
“ ဟာ မမကြီးကလဲ သူများကို အားနာစရာ… ယုမေက ချုပ်ခအမြဲတမ်းပေးပါတယ်”
“ အေးပါ… အေးပါ… ပေးရင်လဲပြီးရော”
မမကြီးစကားကြောင့် ယုမေ မျက်နှာပျက်သွားပေမယ့် ဟန်မပျက်ထိန်းလိုက်ပြီး
“ ဒါဆို ယုမေ ပြန်လိုက်ဦးမယ်နော် မမလေး… ထဘီရမှပဲ လာယူတော့မယ်” လို့ပြောကာ ပြန်ထွက်သွားခဲ့တယ်။
“ မမကြီးပြောလိုက်တာ ယုမေကို အားနာစရာကြီး”
“ ဘာကို အားနာရမှာလဲ ငါကအမှန်တိုင်းပြောတာကို. နင်က အားနာတတ်လို့ ဟိုလျော့ ဒီလျော့လုပ်နေကြတာ ငါမသိဘူးထင်နေလား”
“ မမကြီး ပြောပုံနဲ့ ဘယ်သူမှအထည်လာအပ်မှာမဟုတ်ဘူး”
“ ငါက နင့်ဘက်ကလိုက်ပြောပေးတာကို နင်က အပြစ်မြင်တယ်ပေါ့… နောက်နေ့ကစပြီး ငါဘာမှဝင်မပြောဘူး”
မမကြီးက စာအုပ်ကို ဘုန်းခနဲပစ်ချပြီး အိမ်ခန်းထဲကိုဝင်သွားခဲ့လိုက်တယ်။
“ လူတိုင်းကိုလိုက်သနားနေတဲ့ကောင်မ… နောက်မှ ဟိုလူဆီက ချုပ်ခမရလို့ ဒီလူဆီက ချုပ်မရလို့နဲ့ နားလာငြီးဦးမယ်”
မမကြီးလဲ ပွစိပွစိရေရွတ်ရင်း ခေါင်းအုံးကိုယူကာ လှဲချလိုက်တယ်။ မနက်ကအစောကြီးထထားတာမို့ အချိန်ခဏလေးအတွင်း မှေးခနဲဖြစ်သွားတဲ့အချိန် ကျောအနောက်ဘက်ကနေ တစ်ယောက်ယောက် ကြည့်နေတဲ့ ခံစားချက်တစ်ခုဝင်လာခဲ့တယ်။
အိပ်ချင်နေတဲ့စိတ်ကို ပယ်လိုက်ပြီး ဖျတ်ခနဲလှည့်ကြည့်လိုက်ပေမယ့် ဘယ်သူမှမရှိ။
“ ငါ ဒီရက်ပိုင်း ဘာတွေဖြစ်နေပါလိမ့်”
မမကြီးလဲ တစ်ယောက်ထဲရေရွတ်ပြီး ပြန်အိပ်လိုက်တဲ့အချိန် အခန်းထဲကို တစ်ယောက်ယောက်ဝင်လာတဲ့ခြေသံကိုကြားလိုက်ရတယ်။ ဒါပေမယ့် အငယ်မဝင်လာတယ်ထင်ပြီး မျက်လုံးမဖွင့်ကြည့်ပဲနေတဲ့အချိန် ခြေသံက ခေါင်းရင်းမှာရပ်သွားတာကို သတိထားမိလိုက်တယ်။
“ အငယ်မက ငါ့ခေါင်းရင်းမှာတစ်ခါမှမနေပါဘူး…” လို့တွေးမိပြီး မျက်လုံးဖွင့်ကြည့်လိုက်ရာ မီးကျီခဲလို နီရဲနေတဲ့ မျက်လုံးနှစ်လုံးက အပေါ်ကနေ စိုက်ကြည့်နေတာကိုမြင်လိုက်ရတယ်။
မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် သွေးပျက်မတတ်ဖြစ်ပြီး အသံကုန်အော်လိုက်ပေမယ့် အသံကမထွက်လာပဲ လည်ချောင်းဝမှာတင်ပျောက်သွားခဲ့တယ်။ အဲဒီအချိန် ဆောင့်ကြောင့်ထိုင်ကာ သူ့ကိုငုံ့ကြည့်နေတဲ့အကောင်က ပါးစပ်ကို နားရွက်ထိရောက်အောင် ရယ်လိုက်ရာ ချွန်မြပြီးရှည်လျားတဲ့အစွယ်တွေ ပြူးထွက်လာခဲ့တယ်။
“ အဟီး အဟီး .. အဟက်”
ငှက်ဆိုးထိုးသံလို ကျက်သရေမရှိတဲ့ရယ်သံအဆုံးမှာ ကြမ်းတမ်းတဲ့လက်တစ်ဖက်က သူ့လည်ပင်းကို ဆုပ်ကိုင်လိုက်တာ ခံစားလိုက်ရတယ်။
“ အစ် အစ် အစ်… ကယ် ကယ် ကြ ပါဦး”
ညှစ်ထားတဲ့လက်တစ်ဖက်က ပြုတ်တူတစ်ချောင်းလို မြဲမြံနေတာကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တွန့်လိမ်ပြီး အသက်ရှုဖို့ ရုန်းကန်နေတဲ့အချိန်
“ မမကြီး… မမကြီး… ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ” ဆိုတဲ့အငယ်မရဲ့အသံကို ကြားလိုက်တော့မှ လူကသတိပြန်ရလာခဲ့တယ်။
“ ငါ့ ငါ့ကို လည်ပင်းလာညစ်တယ်…”
“ ဘယ်သူက လည်ပင်းလာညှစ်လို့လဲ… မမကြီး အိမ်မက်မက်နေတာဖြစ်မှာပါ”
“ မဟုတ်ဘူး… ငါအိပ်နေတာကို လည်ပင်းလာညှစ်တာ… နင်သာမလာရင် ငါသေနေပြီ”
“ ကျွန်မရောက်လာတော့ မမကြီး ကိုယ့်လည်ပင်းကိုယ်ကိုင်ပြီး ရုန်းနေတာ၊ အဲဒါကြောင့် လှုပ်နှိုးလိုက်တာလေ၊ အနားမှာ ဘယ်သူမှမရှိပါဘူး”
“ ဟုတ်လား… ဘယ်သူမှ နင်မမြင်ဘူးလား”
“ မမြင်ဘူးလေ… မမကြီးက ဘာမြင်လို့လဲ”
“ မျက်လုံးပြူးပြူး အစွယ်တွေနဲ့ … သူက ငါ့ကို ဟောဒီလို…”
မမကြီးက သူ့လည်ပင်းကိုကိုင်ပြီး အဝတ်ဗီဒိုကမှန်ကိုကြည့်လိုက်ရာ အနောက်မှာ လျာတန်းလန်းကျပြီး ငုတ်တုတ်ထိုင်နေတဲ့ကောင်ကိုမြင်လိုက်ရတယ်။
“ အမေရေ… သရဲ သရဲ မှန်ထဲမှာ မှန်ထဲမှာ..”
“ ဘယ်မှာလဲ မှန်ထဲမှာ ဘာမှမရှိပါဘူး”
“ နင်မမြင်ဘူးလား… ငါ့အနောက်မှာ ငါ့အနောက်မှာ ထိုင်နေတာ”
မမကြီးရဲ့အသံက ချက်ချင်းနစ်ဝင်သွားပြီး အငယ်မလက်ပေါ်မှာတင် သတိလစ်မေ့မျောသွားခဲ့တယ်။
“ လာကြပါဦး လာကြပါဦး… မမကြီး သတိလစ်သွားလို့”
အငယ်မရဲ့အော်သံကြောင့် အိမ်နီးနားချင်းတွေ ရောက်လာပြီး ဝိုင်းဝန်းပြုစုကြတော့မှ သတိပြန်လည်လာခဲ့တယ်။
“ ရုတ်တရက်ကြီး ဘယ်လိုဖြစ်တာလဲ ငါ့တူမတို့ရယ်”
“ ဦးလေး ဒီအိမ်မှာ ဒီအိမ်မှာ သရဲရှိနေပြီ… မျက်လုံးပြူးပြူးအစွယ်တွေနဲ့ အရမ်းကြောက်ဖို့ကောင်းတာပဲ”
“ ငါ့တူမ စိတ်ထင်တာဖြစ်မှာပါကွယ်…”
အိမ်နီးချင်းလဲဖြစ် ငယ်စဉ်ထဲက ထိန်းကျောင်းလာခဲ့သူလဲဖြစ်တဲ့ ဦးဝင်းကျော်ရဲ့စကားကြောင့် မမကြီးမျက်စောင်းထိုးလိုက်ပြီး
“ ဒီအဖိုးကြီး ငါက မြင်လို့မြင်တယ်ပြောတာ… ဘာမှမသိပဲ လိုက်ပြောမနေနဲ့”
“ မမကြီး ဦးလေးကို ဘယ်လိုပြောလိုက်တာလဲ”
“ ဘယ်လိုပြောပြောအေ… ငါ ငါ ဒီအိမ်မှာ မနေရဲတော့ဘူး ငါတို့ အခြားနေရာပြောင်းနေကြကအောင်နော်”
မမကြီးပုံစံက ရယ်လိုက်ငိုလိုက်နဲ့ မူမမှန်ဖြစ်နေတာကြောင့် ဦးလေးဝင်းကျော်က အငယ်မကိုအပြင်ခေါ်ထုတ်ပြီး
“ မကြီးအခြေအနေက မူမမှန်ဘူးသမီး… ဦးလေးအမြင်ပြောရရင် သမီးတို့ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ပြသင့်တယ်လို့ထင်တယ်”
“ မနက်ဖြန် အဖေဘက်ကအမျိုးတွေရှိတဲ့ မြို့ကိုသွားပြီး ဆေးခန်းပြဖို့ စီစဉ်လိုက်ပါမယ်.. ဒီညတော့ ဦးလေးတို့မိသားစု အိမ်မှာ လာနေပေးပါလား၊ မမကြီး စိတ်က ပုံမှန်မဟုတ်တော့ သမီးလဲ မနေရဲဘူး”
“ ဦးလေးရော နင့်အဒေါ်ရော လာနေပေးပါ့မယ်… သမီးတို့ သွားဖို့သာပြင်ဆင်ကြ”
အငယ်မလဲ ဦးလေးဝင်းကျော်တို့ မိသားစုလာနေပေးမယ်ဆိုတာကြောင့် အားတက်သွားပြီး အိမ်ထဲကိုပြန်ဝင်လာခဲ့လိုက်တယ်။
—–
ညဦးပိုင်းရောက်တော့ ဦးလေးဝင်းကျော်ရဲ့မိန်းမ မစောက အပေါ့ပါးသွားချင်တာကြောင့် အိမ်နောက်ဘေးကိုသွားဖို့ မီးဖိုချောင်းထဲကနေ ဖြတ်လာတဲ့အချိန်
“ ဘုတ် ဘုတ် ဘုတ်”
ထမင်းစားစားပွဲကို လက်နဲ့ပုတ်တဲ့အသံကြောင့် ဓါတ်မီးနဲ့ထိုးကြည့်လိုက်ရာ ညိုညစ်ညစ်ပွယောင်းယောင်းလက်တစ်ဖက်ထဲ လှုပ်ရှားနေတာမြင်လိုက်ရတယ်။
ရုတ်တရက်မို့ မစောလဲ ကြက်သေသေပြီး တစ်ကိုယ်လုံးကြက်သီးမွှေးညှင်းတွေထလာကာ အော်ဖို့တောင် မေ့တဲ့ထိကို ကြောက်လန့်သွားခဲ့တယ်။
ထမင်းစားပွဲကိုရိုက်နေတဲ့လက်တစ်ဖက်က လေပေါ်မှာရွေ့လျားပြီး ပန်းကန်စင်ပေါ်မှာတင်ထားတဲ့ ဒန်အိုးတစ်လုံးကိုဆွဲယူကာ မစောရှိတဲ့ဘက်ကို ပစ်ထည့်လိုက်ချိန်မှာတော့
“ အမလေး… ကိုဝင်းကျော်ရေ သရဲ သရဲ” လို့အော်ကာ အိမ်ရှေ့ကိုပြေးထွက်လာခဲ့တယ်။
တစ်အိမ်လုံးလဲ မစောအော်သံကြောင့် ကြောက်လန့်သွားပြီး အသံကြားတဲ့ဘက်ကို ကြည့်လိုက်ရာ ဒန်အိုးဒန်ခွက်တွေ လေပေါ်မှာဝဲပျံနေတာကိုမြင်လိုက်ရတယ်။
“ အားလုံး အိမ်ပြင်ထွက်ကြတော့… အိမ်ထဲမှာနေရင် အကုန်သေကုန်လိမ့်မယ်”
ဦးဝင်းကျော်က မမကြီးနဲ့ မမလေး မောင်နှစ်မနှစ်ယောက်ကို အိမ်ပြင်ထွက်ခိုင်းပြီး သူကိုယ်တိုင်ကလဲ အကြောက်လွန်ကာ တုန်ရီနေတဲ့ မိန်းမဖြစ်သူကို တွဲကာထွက်လာခဲ့လိုက်တယ်။
အခြားအိမ်နီးနားချင်းတွေရောက်လာတဲ့ချိန်မှာတော့ အိမ်ထဲမှာ ပစ္စည်းတွေပစ်ချသံ၊ တောက်ခတ်ကြိမ်းဝါးသံတွေအပြင် အိမ်ပေါ်ထပ်မှာ လှုပ်ရှားနေတဲ့ အရိပ်အယောင်တွေကို မြင်လိုက်ကြရတယ်။
“ ဒီလိုမျိုး ခြောက်လှန့်တာ တစ်သက်နဲ့တစ်ကိုယ် မမြင်ဖူးဖူးဗျာ”
“ ဟုတ်ပါ့တော်… ကြည့်နေရင်း ကြက်သီးတွေပါထလာတယ်”
ရပ်ကြည့်နေတဲ့သူတွေဆီကနေ စကားသံတွေ တီးတိုးထွက်ပေါ်လာခဲ့တယ်။ ဒီလိုနဲ့ သန်းခေါင်းယံအချိန်ရောက်တဲ့ထိ သောင်းကျန်းပြီးချိန်မှာတော့ အိမ်က နဂိုအတိုင်း ပြန်လည်ငြိမ်သက်သွားခဲ့တယ်။
ဒီဖြစ်ရပ်ကြောင့် မမကြီးတို့ညီအစ်မနှစ်ယောက်လဲ မနက်မိုးလင်းတာနဲ့ ယူသင့်တဲ့ပစ္စည်းတွေယူကာ အိမ်ကိုသော့ပိတ်ပြီးအမျိုးတွေရှိတဲ့မြို့ကိုပြောင်းရွှေ့သွားခဲ့ကြတယ်။
—–
ဒီကိစ္စတွေဖြစ်ပြီး နှစ်လခန့်အကြာမှာတော့ ဦးဝင်းကျော်နေတဲ့အိမ်ကို သားသားနားနားဝတ်စားထားတဲ့ လူတစ်ယောက် ရောက်လာခဲ့တယ်။
“ ဒါက ဦးဝင်းကျော် အိမ်လားဗျ”
“ ဟုတ်ပါတယ်… ကျွန်တော်က ဝင်းကျော်ပါ”
“ မမလေးတို့ အိမ်သော့က ဦးဝင်းကျော်ဆီအပ်ထားတယ်ဆို”
“ အိမ်သော့အပ်ထားတာတော့ဟုတ်ပါတယ်၊ ဘာကိစ္စရှိလို့လဲဗျ”
ဦးဝင်းကျော်စကားကြောင့် လူစိမ်းက သားရေလွယ်အိတ်ထဲကနေ စာချုပ်တစ်စောင်ထုတ်ပြပြီး
“ ကျွန်တော်က ဒီအိမ်ကိုဝယ်လိုက်တဲ့သူပါ… ဒါက အရောင်းအဝယ်စာချုပ်”
“ ဟေ… မောင်ရင်က ဒီအိမ်ကိုဝယ်လိုက်တာ ဟုတ်လား… ဟိုလေ…”
“ အိမ်မှာအခြောက်အလှန့်ရှိတဲ့အကြောင်း ပြောမလို့လား”
“ မောင်ရင်က သိနေတာလား”
“ အရင်အိမ်ပိုင်ရှင်တွေက ဖြစ်ကြောင်းကုန်စင်ပြောပြထားပြီးပါပြီ၊ ကျွန်တော်က သရဲတစ္ဆေတွေကို မကြောက်တတ်တာမို့ဝယ်လိုက်တာ၊ နောက်ပြီး အိမ်ကဈေးအရမ်းတန်နေတယ်လေ”
ထီမထင်တဲ့မျက်နှာထားနဲ့ပြောနေတဲ့ လူရွယ်ကိုကြည့်ပြီး ဦးဝင်းကျော် ဘာမှဆက်မပြောတော့ပဲ အိမ်ပေါ်မှာသိမ်းထားတဲ့ သော့တွဲကိုယူကာ ကမ်းပေးလိုက်တယ်။
“ ကျေးဇူးတင်ပါတယ် ဦးလေး… ကျွန်တော်ကို ခွင့်ပြုပါဦး”
လူရွယ်က နှုတ်ဆက်ပြီး သော့ကိုယူကာ ပြန်ထွက်သွားခဲ့တယ်။
—–
နောက်တစ်နေ့ မနက်ရောက်တော့ ဦးဝင်းကျော်လဲ မမကြီးတို့အိမ်မှာ ဆူညံဆူညံအသံတွေကြားလို့ အောက်ဆင်းပြီး ကြည့်လိုက်ရာ တစ်အိမ်လုံးမှာရှိတဲ့ ပစ္စည်းပစ္စယတွေကိုကားတစ်စီးပေါ်တင်နေတာကို
မြင်လိုက်ရတယ်။
ပတ်ဝန်းကျင်ကလူတွေကလဲ ဒီအိမ်ကိုဝယ်ရဲတဲ့ ပိုင်ရှင်ကိုစိတ်ဝင်စားတာကြောင့် မသိမသာချောင်းကြည့်နေခဲ့ကြတယ်။
“ ဦးလေး… မနက်စာစားပြီးပြီလား”
တစ်ဖက်အိမ်ကနေ လှမ်းနှုတ်ဆက်လိုက်တဲ့အသံကြောင့် ဦးဝင်းကျော် အလိုက်သင့်ပြုံးပြရင်း
“ စားပြီးပြီ ငါ့တူရ… ဦးလေးတို့ ဘာကူညီပေးရမလဲ”
“ ရပါတယ်ဗျ… အရင်အိမ်ရှင်တွေက သူတို့ပစ္စည်းတွေပြန်ပို့ပေးပါဆိုလို့ ကားပေါ်တင်ပေးနေတာ”
“ အော်… ဒါနဲ့ မောင်ရင်က ဘယ်ဇာတိလဲ.. ဒီအနီးနားမှာအရင်ကမမြင်ဖူးလို့”
“ ကျွန်တော်က ဒီကိုရောက်တာ တစ်နှစ်လောက်ပဲရှိဦးမယ်၊ ဇာတိကတော့ ပဲခူးဘက်ကပါ၊ နာမည်က ရှိန်းဝဏ္ဏလို့ခေါ်ပါတယ်”
“ ဒါနဲ့ မောင်ရင်က တစ်ယောက်ထဲနေမှာလား”
“ တစ်ရက်နှစ်ရက်တော့ တစ်ယောက်ထဲပဲနေရဦးမယ်၊ အလုပ်သမားတွေက နောက်သုံးလေးရက်မှ လာနေကြမှာ”
“ အေးအေး… တစ်ယောက်ထဲဆိုတော့ နေလို့အဆင်ပြေပါ့မလား”
“ အဆင်ပြေပါတယ်… ကျွန်တော်က တစ်ယောက်ထဲနေရတာပိုကြိုက်တယ်လေ”
သွက်သွက်လက်လက်ရှိပြီး အကြောက်အလန့်ကင်းတဲ့လူရွယ်ရဲ့စကားကြောင့် ဦးဝင်းကျော် ခေါင်းတငြိမ့်ငြိမ့်လုပ်ပြီး နှုတ်ဆက်ကာ အိမ်ထဲပြန်ဝင်သွားခဲ့တယ်။
—–
အလုပ်သမားတွေပြန်သွားတဲ့အချိန်မှာတော့ ရှိုင်းဝဏ္ဏတစ်ယောက် မီးမွှေးလိုက်ပြီး ညစာအတွက်ပြင်ဆင်ခဲ့လိုက်တယ်။ ညစာ စားပြီးချိန်မှာတော့ ကော်ဖီတစ်ခွက်ဖျော်ပြီး အိမ်ရှေ့ဝရန်တာမှာ ထိုင်နေတဲ့အချိန် လှေကားပေါ်ကို တက်လာတဲ့ခြေသံတစ်ခုကြားလိုက်ရတယ်။
ငယ်ငယ်လေးထဲက အကြောက်အလန့်မရှိတဲ့ ရှိုင်းဝဏ္ဏက ဖယောင်းတိုင်မီးအလင်းရောင်နဲ့ လှေကားကိုလှမ်းကြည့်လိုက်ရာ ဘယ်သူကိုမှမတွေ့တာကြောင့်
“ ခြေသံပေးတာတို့ အရိပ်ပြတာတို့ လုပ်လဲ ငါက ကြောက်မှာမဟုတ်ဘူး… နင်တို့ရှိတယ်ဆိုရင် ကိုယ့်နေရာကိုယ်နေ ငါ့ကိုလာမနှောက်ယှက်နဲ့” လို့ပြောပြီး ကော်ဖီသောက်နေလိုက်တယ်။
“ ဒုန်း ဒုန်း ဒုန်း…”
“ ဘာအသံတုန်းဟ”
အိမ်အောက်ထပ်ကနေ ထွက်လာတဲ့အသံကြောင့် ရှိုင်းဝဏ္ဏတစ်ယောက် ကော်ဖီခွက်ကိုယူပြီးဆင်းလာတဲ့အချိန် ဖုန်တက်နေတဲ့ကြမ်းပြင်မှာ သာမန်ခြေဖဝါးနှစ်ခုစာလောက်ကြီးတဲ့ ခြေရာတွေကိုမြင်လိုက်ရတယ်။
စစရောက်တဲ့နေ့မှာပဲ ထူးခြားမှုတွေစနေတာမို့ ရှိုင်းဝဏ္ဏတစ်ယောက် ကော်ဖီခွက်ကို ထမင်းစားစားပွဲပေါ်တင်ပြီး မှောင်ရိပ်ရှိတဲ့နေရာတွေကို ဓါတ်မီးနဲ့ထိုးကြည့်လိုက်ရာ နံရံထောင့်မှာ ကျောပေးပြီးရပ်နေတဲ့ လူတစ်ယောက်၊ အဲဒီလူရဲ့ခြေထောက်နှစ်ဖက်က သာမန်ထက်ကြီးနေပြီး လက်ကလဲ တစ်ဖက်ပဲပါတာကိုသတိထားမိခဲ့တယ်။
အခုလိုအကောင်အထည်လိုက်ကြီးမြင်လိုက်တာမို့ မကြောက်တတ်တဲ့ ရှိုင်းဝဏ္ဏတောင် ကြက်သီးမွှေးညှင်းတွေထလာခဲ့တယ်။
“ ဟိတ်… ဘယ်သူလဲ”
ဓါတ်မီးနဲ့ထိုးပြီးလှမ်းမေးလိုက်ပေမယ့် ကျောပေးထားတဲ့သူက တုတ်တုတ်မျှမလှုပ်။
“ ငါမေးနေတယ်လေ ဘယ်သူလဲလို့… မင်းက သရဲလား တစ္ဆေလား”
ရှိုင်းဝဏ္ဏလဲ သူမေးတာကိုဘာမှပြန်မဖြေတဲ့အတွက် လှေကားအတက်ဆင်းမှာ ထောင်ထားတဲ့ သံတူရွင်းကိုကိုင်ပြီး ခပ်လှမ်းလှမ်းကနေ ရပ်ကြည့်နေလိုက်တယ်။
“ ငါ့နေရာကနေ ထွက်သွား”
အသံဩဩကြီးနဲ့ပြောလိုက်တာကြောင့် ရှိုင်းဝဏ္ဏ အနောက်ကိုပြန်ဆုတ်လိုက်ပြီး
“ ဒီအိမ်ကို ငါဝယ်ထားတာလေ… သွားစရာရှိ နင်ပဲသွားရမှာ” လို့ပြောလိုက်ရာ ကျောပေးထားတဲ့သူရဲ့ မျက်နှာတစ်ခုထဲ တစ်ဖြေးဖြေး အနောက်ကိုလှည့်လာခဲ့တယ်။
တောဝက်စွယ်လိုကော့တက်နေတဲ့အစွယ်နှစ်ချောင်း၊ အပေါ်ကိုလန်နေတဲ့နှုတ်ခမ်း၊ ပြူးကျယ်နေတဲ့မျက်လုံးနှစ်လုံအပြင် သွေးစုနာလို အနာရည်တွေတရွှဲရွှဲကျနေတဲ့ မျက်နှာက အတော်ကိုကြောက်မက်ဖွယ်ကောင်းနေခဲ့တယ်။
“ ငါ့အနားမလာနဲ့ သွားစမ်း…”
ရှိုင်းဝဏ္ဏက သံတူရွင်းနဲ့မွှေ့ရမ်းပြီး ပြောလိုက်ပေမယ့် မျက်နှာကကျောဘက်ကိုရောက်နေတဲ့သူက သူ့ဆီကိုနောက်ပြန်လမ်းလျောက်လာကိုမြင်လိုက်ရတယ်။
ဒီတစ်ခါတော့ ရှိုင်းဝဏ္ဏ တည်ပြီးရပ်မနေနိုင်တော့ပဲ အနောက်ကိုဆုတ်နေခဲ့မိတယ်။ ရင်ဘတ်ထဲမှာလဲ တစ်ခါမှမဖြစ်ဖူးတဲ့ကြောက်စိတ်တွေက လှိုက်ခနဲ လှိုက်ခနဲတက်လာတာကို ခံစားနေမိတယ်။
“ အီး ဟီး ဟီး ဟီး…”
ကျောဘက်ရောက်နေတဲ့ခေါင်းကို လှုပ်ရှားပြီး အနားကပ်လာတာကြောင့် ရှိုင်းဝဏ္ဏလဲ
ရှိသမျှသတ္တိတွေကိုစုစည်းပြီး ကိုင်ထားတဲ့ သံတူရွင်းနဲ့ ခေါင်းကိုရိုက်ချလိုက်တယ်။
“ ဒုတ်…ဖောက်”
သံတူရွင်းက ခေါင်းတည့်တည့်ကိုကျသွားပေမယ့် ရော်ဘာတုံးနဲ့ထိသလို ပြန်ကန်ထွက်လာတာကို မြင်တော့ ထိတ်လန့်သွားပြီး အနောက်ကိုဆုတ်လိုက်ရာ ခြေထောက်ချော်ပြီး လဲကျသွားခဲ့တယ်။
ရှိုင်းဝဏ္ဏလဲကျသွားတာကိုမြင်တော့ ကျောပေးပြီးလမ်းလျောက်လာတဲ့ကောင်က မွဲခြောက်ခြောက်အသားအရည်ရှိတဲ့လက်တစ်ဖက်ကိုဆန့်တန်းပြီး အနားကပ်လာတဲ့အချိန်
“ ယံဒုန္နိ မိတ္တံ အဝမင်္ဂလဉ္စ
ယောစာမနာပေါ သကုဿသဒ္ဒေါ
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ
ဗုဒ္ဓါနုဘာဝေန ဝနသမေန္တု” အစချီတဲ့ ပုဗ္ဗဏှသုတ် ပရိတ်တော်ကို ရွတ်လိုက်တော့မှ အနားကပ်လာတဲ့ကောင်က မျက်နှာကိုလက်နဲ့အုပ်ပြီး အိမ်နောက်ဘေးဘက်ကို ဝင်ပြေးသွားခဲ့တယ်။
ရှိုင်းဝဏ္ဏလဲ အဲဒီတော့မှ ကုန်းရုန်းထပြီး ဦးဝင်းကျော်အိမ်ဘက်ကို ပြေးလာခဲ့လိုက်တယ်။ အိမ်ရောက်တော့ ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်ရာ
“ ကံသီပေလို့ပဲ ငါ့တူရေ… ဦးလေးပြောသားပဲ ဒီအိမ်က အတော်ကြမ်းပါတယ်လို့”
“ ကျွန်တော်လဲ သရဲခြောက်တဲ့နေရာအတော်များများ နေဖူးပါတယ်၊ ဒါပေမယ့် အခုလို အကောင်အထည်လိုက်ရန်မူတာမျိုးတော့ မကြုံဖူးဖူး…”
“ ဒီညတော့ ငါ့တူ ဦးလေးတို့အိမ်မှာပဲ အိပ်လိုက်တော့၊ မနက်ကျမှ ဘာဆက်လုပ်မလဲ စဉ်းစားပေါ့”
“ ကျွန်တော် ဘာဆက်လုပ်သင့်လဲ ဦးလေး၊ အိမ်ဝယ်ပြီးပထမရက်မှာတင် ပြန်ပြေးလာတယ်ဆိုတာကြီးက အဆင်တော့ပြေမနေဘူးထင်တယ်နော်”
“ အဲလိုတော့လဲ ဘယ်ဟုတ်မလဲငါ့တူရာ၊ ဒါကလဲ အတွေ့အကြုံတစ်ခုရတာပေါ့၊ ဘာမှမစဉ်းစားနေနဲ့ အိပ်ပျော်အောင်အိပ်လိုက်”
“ ဟုတ်ကဲ့ ဦးလေး”
—–
“ ဦးဝင်းကျော် … ဦးဝင်းကျော်”
“ ဟေ… ဘယ်သူလဲကွ”
“ ကျွန်တော် ထွန်းမင်းပါဗျ”
“ အိမ်ပေါ်တက်လာလေကွာ…ထမင်းကြော်စားသွား ဦး”
“ မစားတော့ဘူးဦးလေး… ဒါနဲ့ ညီလေးက မမကြီးတို့အိမ်ကိုဝယ်လိုက်တဲ့သူလား”
“ ဟုတ်ပါတယ် ဘာကိစ္စများရှိလို့လဲ”
“ မနက်က ကျွန်တော် ဟင်းရွက်တွေသွားပို့ပြီးပြန်လာတော့ ဒီညီလေး တယ်ထားတဲ့အိမ်ရှေ့မှာ လူသုံးယောက် မတ်တပ်ရပ်နေတာတွေ့တယ်၊ ကျွန်တော် ဟင်းရွက်ပို့တဲ့အချိန်က အရုဏ်တက်ခါနီးဆိုတော့ သူခိုးသူဝှက်တွေထင်တာပေါ၊ အနားရောက်မှကြည့်လိုက်တာ သုံးယောက်လုံး ယောဂီဝတ်စုံဝတ်ထားကြတာ”
“ အဲဒီတော့ မင်းကဘာကိုပြောချင်တာလဲ ထွန်းမင်းရ”
“ အဲဒီလူသုံးယောက်က ကျွန်တော်ကိုမြင်တော့ အနားကိုလာပြီး အိမ်ပိုင်ရှင်ကို မနက်ကျရင် လမ်းထိပ်ကဇရပ်ကိုလာဖို့ပြောပေးပါတဲ့”
“ အဲဒီလူတွေကိုအရင်က မြင်ဖူးလား”
“ ဟအင်း… မမြင်ဖူးဖူးဗျ…”
“ မောင်ရင်သဘောကရော ဘယ်လိုရှိလဲ”
“ ကိုထွန်းမင်းစကားအရ သွားကြည့်လိုက်တာအကျိုးမယုတ်ဘူးထင်တာပဲ”
“ ဒါဖြင့် ဦးလေးလဲ လိုက်လာခဲ့မယ်၊ တူတူသွားကြတာပေါ့”
—–
ရှိုင်းဝဏ္ဏတို့ဇရပ်ရှေ့ကိုရောက်တော့ ယောဂီဝတ်စုံ ဝတ်ထားတဲ့လူသုံးယောက် အောက်ကိုဆင်းလာခဲ့တယ်။
“ ရောက်လာကြပြီလား အပေါ်တက်ကြပါဦး”
“ ကဲ အပေါ်တက်ကြရအောင်”
ရှိုင်းဝဏ္ဏတို့ဇရပ်ပေါ်ရောက်တော့ နက်မှောင်တဲ့ဆံပင်ကို သပ်ရပ်စွာထုံးထားတဲ့ လူက
“ နှစ်ထပ်ပျဉ်ထောင်အိမ်ပိုင်ရှင်က ဘယ်သူများလဲ”
“ ကျွန်တော်ပါ..”
“ အဲဒီအိမ်မှာ တစ်ခုခုထူးခြားနေတယ်မဟုတ်လား”
“ ခင်ဗျားတို့က ဘယ်လိုသိတာလဲ”
“ မနက်က ကျုပ်တို့အိမ်ရှေ့ကနေဖြတ်သွားတဲ့အချိန် အိမ်ရှေ့ဝရန်တာမှာ လူတစ်ယောက်မတ်တပ်ရပ်နေတာမြင်လိုက်ရတယ်၊ အစကတော့ လူလို့ပဲထင်တာ၊ နောက်မှ သေချာကြည့်လိုက်တော့ လက်တစ်ဖက်ပြတ်နေတဲ့ ဘီလူးတစ်ကောင်ဖြစ်နေတယ်၊ လူနေတဲ့အိမ်မှာ ဒီလိုဘီလူးသဘက်တွေရှိနေတယ်ဆိုတာက မဖြစ်သင့်တဲ့အရာမို့ ဟောဒီက မိတ်ဆွေကို အကူအညီတောင်းလိုက်ရတာပါ”
“ ဆရာတို့ပြောတာမှန်ပါတယ်…. ကျွန်တော်လဲ ညကမှနဖူးတွေ့ဒူးတွေ့ကြုံခဲ့ရတာ၊ ဒီကောင်ကို ဘယ်လိုမောင်းထုတ်လို့ရနိုင်မလဲ”
“ ဒီလိုမျိုးဖြစ်တာ ဘယ်လောက်ကြာပီလဲ”
“ မှတ်မိသလောက်ကတော့ လွန်ခဲ့တဲ့နှစ်လလောက်ကမှစဖြစ်တာ”
“ ခွင့်ပြုမယ်ဆိုရင် အိမ်ထဲဝင်ကြည့်ပါရစေ”
“ ရတာပေါ့ဗျာ သိပ်ရတာပေါ့… အခုပဲသွားကြမလား”
ရှိုင်းဝဏ္ဏလဲ တက်ကြွစွာနဲ့ ဆရာသုံးယောက်ကို ခေါ်ဆောင်လာခဲ့လိုက်တယ်။ အိမ်ရှေ့ရောက်တော့ သျောင်တစ်စောင်းနဲဆရာက အင်းစမအချို့ရေးဆွဲထားတဲ့ မိုင်းကိုင်စက္ကူတစ်ရွက်ကိုအောက်ခံပြီး ဖယောင်းတိုင်တစ်တိုင်ထွန်းလိုက်တယ်။
ဖယောင်းတိုင်မီးစွဲတာနဲ့ အိမ်ထဲကနေ ပစ္စည်းတွေလွှင့်ပစ်တဲ့အသံတွေထွက်ပေါ်လာခဲ့တယ်။
“ ဆရာ… မြင်တဲ့အတိုင်း အတော်ကိုသောင်းကျန်းတာဗျ”
“ အင်းဖယောင်းတိုင်ထွန်းလိုက်တော့ သူနေလို့မရတော့ဘူးလေ၊ ဒါကြောင့် ကြောက်လန့်အောင်လုပ်နေတာ”
အိမ်ထဲရောက်တော့ ဆရာသုံးယောက်က ဖိုခနောက်ဆိုင်ထိုင်လိုက်ပြီး အလယ်မှာ အင်းဆွဲထားတဲ့သပိတ်ကွဲတစ်ခုကို ချကာ ဖယောင်းတိုင်စိုက်ထားလိုက်တယ်။ ပြီးတာနဲ့ ဘုရားကျောင်းဆောင်ရှိတဲ့ဘက်လှည့်ကာ ငါးပါးသီလခံယူကာ ဖယောင်းတိုင်ကို မီးညှိလိုက်တယ်ဆိုရင်ပဲ အိမ်နောက်ဖေးခန်းထဲမှာ အိုးခွက်ပန်းကန်တွေကို ပစ်ခွဲနေတဲ့အသံတွေရပ်သွားခဲ့တယ်။
“ ဒီကောင်က လက်တစ်ဖက်မရှိတဲ့ ဘီလူးပဲ”
“ ဟုတ်တယ် ဟုတ်တယ်… ကျွန်တော်တွေ့တာလဲ လက်တစ်ဖက်မပါဘူး၊ အစွယ်နှစ်ချောင်းက ပါးစောင်ထဲကနေ အပေါ်ကို ကော့တက်နေတာ”
“ သူက မီးဖိုခန်းထဲကနေ အပြင်ကိုမထွက်လာဘူးဆိုတော့ သူ့နေရာကလဲ မီးဖိုခန်းထဲမှာရှိမယ်ထင်တယ်၊ ဆန်လက်တစ်ဆုပ်လောက်ရနိုင်မလား”
“ ခဏလေးစောင့်ပေးဆရာ၊ အခုသွားယူပေးပါမယ်”
ဦးဝင်းကျော်က ကမန်းကတန်းပြေးသွားပြီး အိမ်ကနေ ဆန်ကိုပန်းကန်လုံးနဲ့ထည့်ယူလာခဲ့တယ်။ ဆန်ရတော့ သျောင်တစ်စောင်းနဲ့ဆရာက လက်နဲ့အုပ်ပြီး ဂါထာတစ်ပုဒ်ကို ၃၇အုပ်ရွတ်ကာ မီးဖိုခန်းထဲကို ကျဲလိုက်တဲ့အချိန် ဆန်စေ့တွေက ကြမ်းပြင်တစ်ခုပေါ်မှာ အစုလိုက်ဖြစ်နေတာကိုမြင်လိုက်ရတယ်။
“ အဲဒီပျဉ်ပြားကို ခွာကြည့်လိုက်”
ရှိုင်းဝဏ္ဏလဲ ပျဉ်ပြားကို သံတူးရွင်းနဲ့ကလပ်ထုတ်လိုက်ရာ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အကုန် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့တယ်။
“ ဘီလူးပုံကိုကြမ်းအောက်က ဆင့်မှာ ထုထားပါလား”
“ လက်စသတ်တော့ ဒီကောင်က ဒီနေရာမှာအသက်ဝင်နေတာကိုး”
သျောင်တစ်စောင်းနဲ့သူရဲ့စကားကြောင့် ဦးဝင်းကျော်က
“ ဒီဆင့်တွေက လွန်ခဲ့တဲ့နှစ်လလောက်ကမှ လဲထားတာ၊ အဲ ခဏနေဦး … အခုကြုံနေရတဲ့ပြဿနာကလဲ အိမ်ပြင်ပြီးတော့မှဖြစ်လာတာ”
“ ဘီလူးရုပ်က လက်တစ်ဖက်လဲမပါဘူး…”
ရှိုင်းဝဏ္ဏစကားကြောင့် ငုံ့ကြည့်လိုက်ရာ ဘီလူးရုပ်မှာ လက်တစ်ဖက်မပါတာကိုမြင်လိုက်ရတယ်။
“ ကျွန်တော်အမြင်ပြောရရင် ဒီပြဿနာက လက်သမားဆရာတွေပညာပြသွားတာလို့ယူဆလို့ရတယ်”
“ ဟင်.. “
“ ဟုတ်တယ်. ဘီလူးရုပ်ကိုစစ်ကြည့်တဲ့အခါ အခြားပညာရပ်နဲ့စီရင်ထားတာမတွေ့ရပဲ၊ ဘီလူးနက္ခတ်နဲ့ကိုက်ညီတဲ့အချိန်ထုသွားတာလို့ထင်တယ်”
“ အခု ဒီအရုပ်ကို ဘယ်လိုလုပ်ရမလဲဆရာ”
“ အရုပ်ပါတဲ့နေရာကို ပိုင်းဖြတ်ပြီး မီးရှို့လိုက်ပါ၊ နောက်နောင်အခုလိုမျိုးထပ်မဖြစ်တော့ဘူး”
“ ဟုတ်ကဲ့ဆရာ အခုပဲ လုပ်လိုက်ပါမယ်၊ ဒါနဲ့ ဒီကိစ္စဘယ်သူလက်ချက်လဲဆိုတာ ကျွန်တော်သိတယ်ဆရာ”
“ အချို့အရာတွေက အကြောင်းရှိလို့ အကျိုးဖြစ်လာတာပါ၊ အခုတော့ ဒီရုပ်ပုံကိုဖျက်ဆီးလိုက်ဦး”
ဦးဝင်းကျော်တို့လဲ ဘီလူးပုံပါတဲ့ ဆင့်ကို ပိုင်းဖြတ်ပြီး ဓါတ်ဆီလောင်းကာ မီးရှို့လိုက်ကြတယ်။ အဲဒီနောက်ပိုင်း အိမ်ထဲမှာ ဘာသံမှမကြားရတော့သလို ကူညီပေးခဲ့ကြတဲ့ဆရာတွေကိုလဲ ထပ်မတွေ့ကြရတော့ပေ။
—–
အောင်မြတ်သာတို့လဲ ဒီပြဿနာကို ခရီးသွားဟန်လွှဲကူညီပေးပြီးတဲ့နောက်မှာတော့ မြန်မာပြည်အထက်ပိုင်းကဝေးလံခေါင်ဖျားတဲ့ ရွာတစ်ရွာဆီကို ရောက်လာခဲ့ကြတယ်။
အဲဒီရွာမှာ ဩဇာအရှိဆုံး နတ်ဆရာကြီးရဲ့ မှားယွင်းတဲ့အယူအဆတွေနောက်ကို လိုက်နေကြတဲ့ရွာသားတွေကို အောင်မြတ်သာတို့ ဘယ်လိုတည့်မတ်ပေးကြမလဲဆိုတာကိုတော့ အောင်မြတ်သာခါဝတ္တုမှာ ဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)