အောင်မြတ်သာနှင့်လောင်မီးကျိန်စာ

” အောင်မြတ်သာနှင့်လောင်မီးကျိန်စာ ”
+++++++++++++++++++++

အောင်မြတ်သာလည်း အဖွားစိမ်းတို့ရွာကနေ ညဘက်သန်းခေါင်အချိန်ထွက်လာခဲ့ပြီး ခရီးဆက်ခဲ့တယ်။ ခရီးဆက်လာရင်း အချိန်အတန်ကြာတော့ မလှမ်းမကမ်းမှာ မီးရောင်ပြပြလေးတစ်ခုကိုတွေ့လိုက်ရတယ်။
ထိုမီးရောင်လာတဲ့နေရာကိုဆက်လျောက်သွားလိုက်တော့ ယာတဲလေးဘေးမှာ မီးလှုံနေတဲ့ အသက်ခြောက်အရွယ်အဖိုးအဖွားလင်မယားကိုမြင်လိုက်ရတယ်။ အောင်မြတ်သာလည်း ယာတဲလေးဘေးမှာ ခဏဝင်ထိုင်လိုက်တဲ့အချိန် အဖိုးအိုက
“လူလေး ညဘက်သန်းခေါင် ဘယ်သွားမလို့လဲ”
“အရှေ့ဘက်ကရွာသွားမလို့ပါအဘ မီးရောင်လေးတွေ့တာနဲ့ ခဏဝင်လာတာပါ”
“အေး အေး ညဘက်ကအေးတော့ ရေနွေးလေးသောက်လိုက်ဦး ပြီးမှ ခရီးဆက်ပေါ့ ”
အောင်မြတ်သာလည်း အဖိုးအိုကမ်းပေးတဲ့ရေနွေးခွက်ကိုယူပြီး တစ်ကျိုက်မော့လိုက်တယ် –
“ငါ့တူက ဘယ်ကနေလာတာလဲ”
“ဟိုဖက်ရွာကပါ အဖိုး”
“ကန်စွန်းရိုးရွာကလား အဲဒီရွာဆိုအဖိုးသိတာပေါ့ ငယ်ငယ်က အဲဒီရွာမှာ သူရင်းငှားလုပ်ခဲ့တာလေ သူရင်းငှားလုပ်ရင်း ဒီအမယ်အိုနဲ့ ဖူးစာပါခဲ့တာ”
“ဒါဆို ကန်စွန်းရိုးရွာအကြောင်း အဖိုးကပိုသိမှာပေါ့”
“သိပ်သိတာပေါ့ကွယ် ငါ့တူက ဘာကိစ္စသိချင်လို့လဲ”
အဖိုးအိုရဲ့စကားကိုကြားတော့ အောင်မြတ်သာက –
” ကန်စွန်းရိုးရွာက အဖွားစိမ်းအကြောင်းသိချင်လို့ပါ”
အဖွားစိမ်းဆိုတဲ့အသံကြားတော့ အဖိုးအိုလင်မယား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြတယ်။
“လူလေးက မိစိမ်းအကြောင်း ဘယ်လိုသိတာလဲ ”
“ဘာရယ်မဟုတ်ပါဘူးအဖိုး ရွာကနေဖြတ်ခဲ့တော့ အဖွားစိမ်းအကြောင်းနားစွန်နားဖျားကြားခဲ့မိလို့ အဖိုးကလဲ ဟိုဘက်ရွာမှာနေခဲ့ဖူးတယ်ဆိုလို့ စကားစပ်မိလို့မေးလိုက်တာပါ”
“အော် အဲလိုလား လူလေးသိချင်ရင်တော့ ပြောပြပါ့မယ် “ဆိုပြီး ရေနွေးခွက်ကို ကောက်ကာတစ်ကျိုက်သောက်လိုက်တယ်။
“ကန်စွန်းရိုးရွာမှာ မိစိမ်းဆိုရင် မသိတဲ့သူမရှိဘူး ဘာကြောင့်လဲဆိုတော့ မိစိမ်းဆိုတာက မွေးရာပါ ပညာသည်ကလေးတစ်ယောက်ဖြစ်နေလို့ပဲ မိစိမ်းကိုယ်ဝန်ရတဲ့အချိန်မှာသူ့အ‌မေမြင်မက်ခဲ့တဲ့အိမ်မက်က ကောင်းကင်ကနေ နီရဲတောက်နေတဲ့ မီးလုံးကြီးတစ်လုံးက ဗိုက်ထဲကိုဖောက်ဝင်သွားတယ်ဆိုပဲ ရွာမှာ တတ်သိနားလည်တဲ့သူတွေက ဒီကလေးကိုဖျက်ချဖို့ပြောပေမယ့် သူ့အမေကမဖျက်ချခဲ့ပဲ မိစိမ်းကိုရအောင်မွေးခဲ့တယ်”
“ဒါဆို အဖွားစိမ်းက မွေးရာပါပညာသည်ပေါ့”
“အဲဒီထက်ထူးဆန်းတာရှိသေးတာက
အကြောင်းတရားတိုက်ဆိုင်မှုကြောင့်လား ကံတရားကြောင့်လားတော့မသိဘူး မိစိမ်းမွေးပြီးခုနှစ်ရက်အတွင်း သူ့အမေဆုံးသွားခဲ့တယ် တစ်ရွာလုံးကတော့ သူ့အမေသေတာ မိစိမ်းကြောင့်လို့ ပြောကြပေမယ့် တစ်ဦးတစ်ယောက်ကတော့ မိစိမ်းဘက်က မားမားမတ်မတ်ရပ်တည်ပေးခဲ့တယ်သူကတော့ မိစိမ်းရဲ့အဖိုးဖြစ်သူ အဖိုးသာခင်ပဲ
တစ်ရွာလုံးက မိစိမ်းကိုရွာထဲမှာမထားဖို့ပြောတော့ အဖိုးသာခင်က မိစိမ်းကိုခေါ်ပြီး ရွာအပြင်မှာတဲလေးထိုးပြီး နေထိုင်ခဲ့ကြတယ်မိစိမ်းကလဲ ခေသူမဟုတ်ဘူးစကားမပြောတတ်ပြောတတ်အရွယ်ထဲက တစ်ခွန်းဆိုတစ်ခွန်း ပြောသမျှ ဖြစ်တယ် ကောင်းတဲ့ဘက်လားဆိုတော့ မဟုတ် မကောင်းတဲ့ဘက်ကကြီးဖြစ်တာ ဒါကြောင့် ရွာကလည်းမိစိမ်းဆိုရင် ခပ်ဝေးဝေးကရှောင်ကြတယ်
မိစိမ်းကတော့ သိတတ်နားလည်တဲ့အရွယ်ကစပြီး ရွာထဲကကလေးတွေနဲ့ ကစားချင်ရှာတယ် ဒါပေမယ့် ကလေးတွေက မိစိမ်းလာပြီဆိုရင် မကစားကြတော့ဘူး မိစိမ်းမှာအဖော်ဆိုလို့ ရွာအပြင်မှာ ကျင်လည်ကျက်စားတဲ့ ခွေးတွေပဲရှိတယ် အဖိုးသာခင်ကလည်း အသက်အရွယ်ရလာတော့ အရင်လိုမသန်မာတော့ဘူး ဒီတော့မိစိမ်းကပဲ တောတက်ထင်းခုတ်ပြီး အဖိုးသာခင်ကိုရှာကျေွးခဲ့တယ်တစ်နေ့မှာတော့ မိစိမ်းသတင်းက ရွာနီးချုပ်စပ်တွေကို ပျံ့သွားခဲ့တယ် ဘာကြောင့်လဲဆိုတော့ တောထဲမှာမတော်မတရားကျင့်ဖို့ကြံတဲ့ ယောင်္ကျားသုံးယောက်ကို ရူးအောင်လုပ်လိုက်လို့တဲ့ ဘယ်လိုလုပ်လဲဆိုတာကိုတော့ မတော်မတရားကျင့်တဲ့သူတွေနဲ့အတူတူပါသွားတဲ့ ကောင်လေးတစ်ယောက်ကိုစစ်မေးရင်းထွက်လာတာ”
အဖိုးအိုရဲ့စကားကိုကြားတော့ အမယ်အိုက
“ကျုပ်မှတ်မိတယ် အဲဒီကောင်လေးက မကြာသေးခင်ကဆုံးသွားတဲ့ ညွန့်တင်မဟုတ်လား”
“ဟုတ်တယ်လေ သူပြောလို့ မိစိမ်းအကြောင်းအကုန်သိကုန်ကြတာပေါ့”
“ဆက်ပြောပြလိုက်ဦး အဖိုးကြီး ကျုပ်ကနည်းနည်းပဲသိတာ”
“အဲဒီနေ့က စစ်မေးတော့ ပါသွားတဲ့ကောင်လေးကကျုပ်ရယ် ကိုကြီးဘစိန်ရယ်၊ ကိုကြီးအောင်သာရယ်၊ ကိုကြီးလှတင်ရယ် လေးယောက် တောထဲမှာ ဟင်းစားရလိုရငြား လိုက်ရှာရင်း အဲဒီအမျိုးသမီးကိုတွေ့လိုက်တယ် တောနက်ထဲမှာ တစ်ယောက်ထဲ ထင်းရှာနေတဲ့ မိန်းကလေးကိုမြင်တော့ ကိုကြီးဘစိန်က အရင်သွားပြီး စတယ် ကျုပ်ကမလုပ်ဖို့ပြောပေမယ့် မရခဲ့ဘူး သူတို့သုံးယောက်က အမျိုးသမီးကိုဆွဲလှဲပြီး မတော်မတရားလုပ်ဖို့ကြံတဲ့အချိန် အဲဒီမိန်းကလေးက ကိုကြီးဘစိန်ကို ဂုတ်ကနေကိုင်ပြီး လွှင့်ပစ်လိုက်တာ ကိုကြီးဘစိန်ဆိုတာ လူကောင်ထွားထွားဗျ ရွယ်တူတွေတောင် ချီမနိုင်ဘူး ပြီးတော့မျက်ထောင့်နီကြီးနဲ့စိုက်ကြည့်ပြီး ဟက်ဟက်ပက်ပက်ရီပါလေရော သူရီတာကိုကြည့်ပြီး ကျန်တဲ့သုံးယောက်က လိုက်ရီကြတာ ရီနေရင်းနဲ့သူတို့တွေအသိစိတ်ပျောက်ကုန်ပြီး ရူးကုန်ကြတယ်”
“အကြည့်နဲ့တင်ရူးစေတယ်ဆိုထဲက ပညာကသာမန်မဟုတ်လောက်ဘူးနော်အဖိုး”
“အဲဒါကိုပြောတာပေါ့ကောင်လေးရဲ့စကားကိုကြားရပြီးနောက်ပိုင်း မိစိမ်းအနားကိုဘယ်သူမှမကပ်ရဲကြတော့ဘူး ဖိုးသာခင်လဲ အချိန်တန်တော့ လူကြီးရောဂါနဲ့ဆုံးပါးသွားတယ် ဖိုးသာခင်ဆုံးပြီးနောက်ပိုင်း မိစိမ်းလဲ ရွာကနေပျောက်ချင်းမလှပျောက်သွားခဲ့တယ် မိစိမ်းပျောက်သွားတာမှ တော်တော်ကိုကြာတာ ဆယ်နှစ်လောက်ရှိမယ်ထင်တယ်”
“သူပြန်လာတော့ရော ဘာဆက်ဖြစ်သေးလဲအဖိုး”
“သူပျောက်တဲ့အချိန်က အသက်၁၆နှစ်လောက်ရှိပီဆိုတော့ ပြန်လာတဲ့အချိန်မှအသက်၂၆ဝန်းကျင်လောက်ရှိပြီ အဲဒီအချိန် အဖိုးက အိမ်ထောင်ကျနေပြီလေ မိစိမ်းက သူအရင်နေခဲ့တဲ့ နေရာမှာပဲ တဲထိုးပြီးပြန်နေတာ အရင်က မိစိမ်းအနားမကပ်ရဲကြတဲ့ကာလသားတွေက အဲဒီတုန်းက မိစိမ်းတဲရှေ့ကနေ ခေါက်တုန့်ခေါက်ပြန်ဖြတ်နေကြတာ”
“ဗျာ – ဘာဖြစ်လို့တုန်းအဖိုး”
“ဘာဖြစ်ရမလဲ မိစိမ်းက ပြန်ရောက်လာတဲ့အချိန်မှာ အရမ်းကိုလှတာ သူ့ကိုကြောက်ပေမယ့် မိစိမ်းကိုခိုးပြီးကြည့်နေကြတဲ့ ကာလသားတွေကတော့ရှိတယ် အဲဒီထဲကမှ မောင်ညိုလှ ဆိုတဲ့ ကာလသားက မိစိမ်းမှမိစိမ်းဖြစ်နေရှာတာ နောက်ဆုံးပြောရရင် မိစိမ်းနဲ့ မောင်ညိုလှညားပါလေရော”
“အဖွားစိမ်းအကြောင်းကိုသိရဲ့သားနဲ့ သူကကပ်ရဲတာပေါ့လေ”
“အချစ်ကမျက်စိမပါဘူးတဲ့လူလေးရ မောင်ညိုလှကိုလဲမိစိမ်းကချစ်ရှာပါတယ် အဲလိုနဲ့ မောင်ညိုလှနဲ့မိစိမ်းရွာအပြင်မှာနေကြတယ် တစ်နေ့ကျတော့ မောင်ညိုလှရော မိစိမ်းရော ထပ်ပျောက်သွားပြန်ရော အဲတုန်းက နှစ်တော်တော်ကြာပျောက်သွားသေးတာ ကျုပ်အသက် ငါးဆယ်ကျော်မှ မိစိမ်းပြန်ရောက်လာတယ် မောင်ညိုလှတော့ပြန်မပါလာတော့ဘူး သူတို့ဘာတွေလုပ်ခဲ့တယ်ဆိုတာတော့ ဘယ်သူမှကိုမသိတာ အသက်အရွယ်ကြီးလာတော့ သူလဲအရင်လိုမစွမ်းတော့ဘူးထင်တယ် – သူ့ဆီမှာရှိတဲ့ ပစ္စည်းတွေကို အမူးသမားတွေလာလုတာတောင် ပြန်မလုပ်နိုင်တော့ဘူး ”
“သူကမလုပ်ချင်တော့လို့လား ဒါမှမဟုတ် သူ့ပညာတွေမရှိတော့လို့လားအဖိုး”
“သူ့စိတ်အရဆိုရင် တစ်ခုခုတော့ပြန်လုပ်မှာ ပြန်မလုပ်ဘူးဆိုထဲက သူ့မှာရှိတဲ့ပညာတွေ တစ်ခုခုကြောင့် ပျက်ကုန်တာလို့ရွာထဲကလူတွေပြောကြတယ်”
“နောက်တော့ဘာဆက်ဖြစ်သေးလဲအဖိုး”
” အဲဒီနောက်ပိုင်းသူလဲသာမန်လူတွေလိုပဲနေသွားတာ -သူဆုံးသွားတော့ မကျွတ်ဘူးလို့ပြောကြတယ် ရွာထိပ်က သူ့အိမ်နေရာမှာ အမြဲလိုလိုတွေ့ရတယ်ပြောတယ် ရွာမှာဓါးမြဝင်တိုက်မယ့်ညမှာ မိစိမ်းက အိမ်မက်လာပေးတယ်လို့လဲကြားတယ် အဲဒီနောက်ပိုင်းရွာမှာတစ်ခုခုဖြစ်တော့မယ်ဆိုရင် မိစိမ်းက တစ်ယောက်ယောက်ကိုအိမ်မက်ပေးတယ် အဲဒါကြောင့်လဲ သူ့အတွက် နေရာတစ်ခုရွာထိပ်မှာလုပ်ပေးထားကြတာ”
“သူ့အကြောင်းကတော့ စိတ်ဝင်စားစရာပဲနော် သူရွာကနေထွက်သွားပြီး ဘာဆက်ဖြစ်ခဲ့လဲဆိုတာတော့ ဘယ်သူမှမသိဘူးပေါ့”
“အဖိုးတို့လဲ အဲလောက်ပဲသိတာ အဲဒီနောက်ပိုင်း ဒီဘက်ရွာမှာအခြေချဖြစ်တော့ အတွင်းရေးတွေ သိပ်မသိတော့တာလဲပါတယ်”
“ကျေးဇူးပါအဖိုး အခုလိုပြောပြပေးတာက တော်တော်လေးသိခဲ့ရပါတယ် ကျွန်တာ်လဲ ခရီးဆက်ရဦးမှာမို့ခွင့်ပြုပါဦး”
အောင်မြတ်သာလည်း အဖိုးနဲ့အဖွားကို နှုတ်ဆက်ပြီး ခရီးထပ်ဆက်ခဲ့တယ်။ အမှောင်ထုကိုလရောင်နဲ့ကျော်ဖြတ်ရင်း မနက်အာရုံတက်ချိန်ရောက်လုဆဲဆဲမှာတော့ နှာခေါင်းထဲကို မီးလောင်ညှော်နံ့တစ်ခု တိုးဝင်လာခဲ့တယ်။
လူတစ်ကိုယ်လုံးမီးလောင်နေတဲ့ညှော်နံ့က အော်ဂလီဆန်ချင်စရာကောင်းလှပေမယ့် အဖွားစိမ်းပြောတဲ့စကားကိုပြန်ကြားယောင်ပြီး မီးလောင်ညှော်နံ့ရှိတဲ့နေရာကို လျောက်လာခဲ့လိုက်တယ်။ လရောင်ကမှိန်ပျပျနဲ့မို့ အရာဝတ္တုတွေကို သေချာမမြင်ရပဲဖြစ်နေတဲ့အချိန် မလှမ်းမကမ်းက သစ်ငုတ်တိုပေါ်မှာ မဲမဲကောင်တစ်ကောင် ငုတ်တုတ်ထိုင်နေတာ မြင်လိုက်ရတယ်။
အောင်မြတ်သာလည်း သစ်ငုတ်ရှိရာအနားကို တိုးသွားတော့ မီးလောင်ညှော်နံ့က ပိုဆိုးလာတယ်။ အနားရောက်တော့ကြည့်လိုက်ရာ တစ်ကိုယ်လုံးမီးလောင်ထားတဲ့အတိုင်း မဲနက်နေတဲ့လူတစ်ဦး ကျောပေးပြီးထိုင်နေတာကိုမြင်လိုက်ရတယ်။
အောင်မြတ်သာလည်း အဖွားစိမ်းပြောတာဒီလူပဲဖြစ်မယ်ဆိုပြီး
“သင်ကိုကျုပ်ရန်မမူပါဘူး သင့်အခက်အခဲတွေကို ကူညီဖို့လာတာပါ “လို့ပြောလိုက်တော့
” မလာနဲ့ ငါ့အနားကထွက်သွား ငါ့ကိုလွတ်အောင် ဘယ်သူမှမလုပ်ပေးနိုင်ဘူး နင်လဲလုပ်ပေးနိုင်မှာ မဟုတ်ဘူး” ဆိုပြီးဒေါသတကြီးနဲ့အော်ပါလေရော။
“သင်ဆီလာဖို့ ကျုပ်ကိုလမ်းပြခဲ့တဲ့သူကိုသိရင် သင်လက်ခံမယ်ထင်ပါတယ်”
“ဘယ်သူလဲ ငါဒီလိုဖြစ်တာကိုသိတဲ့သူနှစ်ယောက်ပဲရှိတယ် အဲဒီနှစ်ယောက်ကလည်း အခုဒီလောကမှာမရှိတော့ဘူး နင်လိမ်နေတာ”
“ကျုပ်သင့်ကိုမလိမ်ပါ သင့်ဆီကိုလမ်းပြခဲ့တဲ့သူက အဖွားစိမ်းဆိုတဲ့ သူပါ”
အဖွားစိမ်းဆိုတဲ့အသံကြားတော့ သစ်ငုတ်ပေါ်ထိုင်နေတဲ့သူက လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး
” မိစိမ်းလား မိစိမ်းလွှတ်လိုက်တာလား သူအသက်ရှင်နေသေးလား”
” အဖွားစိမ်းလွှတ်လိုက်တာဟုတ်ပါတယ် သူကတော့လူ့လောကမှာမရှိတော့ပါဘူး ဒါပေမယ့် ကန်စွန်းရိုးရွာမှာတော့ သူရှိနေပါသေးတယ်”
အောင်မြတ်သာရဲ့စကားကိုကြားတော့ သစ်ငုတ်ပေါ်ကလူက
“မိစိမ်း နင်က အခုထိအဲဒီရွာကိုစွဲနေတုန်းပဲလား အဲဒီရွာအတွက်နဲ့ နင်ရောငါရော အခုလိုဖြစ်ခဲ့တာတောင် နင်စိတ်မနာရက်ဘူးလား” လို့ပြောပြီး ငိုပါလေရော။
အောင်မြတ်သာလည်း
“သင်တို့ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျုပ်ကိုပြောပြပါ ဒါမှသင့်ကိုကျုပ်ကူညီနိုင်မယ်”လို့ပြောတော့
“သင့်ကိုကျုပ်ပြောပြမယ် ဒါပေမယ့်ကျုပ်တို့ကို ကူညီနိုင်ဖို့ကအရမ်းအန္တရာယ်များတယ် သင့်အတွက်ကျုပ်စိုးရိမ်မိတယ်”
” ကျုပ်ကကတိပေးထားပြီဖြစ်တဲ့အတွက် ကတိတည်အောင်လုပ်မှာပါ သင်ယုံကြည်စိတ်ချစွာပြောပြပေးပါ”
အောင်မြတ်သာရဲ့စကားကိုကြားတော့ သစ်ငုတ်ပေါ်ကပုဂ္ဂိုလ်က –
“ကျုပ်နဲ့ မိစိမ်းညားပြီးသိပ်မကြာခင်မှာ ကျုပ်တို့ရွာကနေထွက်လာခဲ့ကြတယ် သူပြောတာက သူ့ခင်ပွန်းဖြစ်ရင် သူတတ်တဲ့ပညာတွေတတ်ရမယ်လို့ပြောတယ် ကျုပ်လဲ သူ့ကိုချစ်တဲ့စိတ်နဲ့ သူသင်ပေးတဲ့ပညာတွေကို ကြိုးစားသင်ယူခဲ့တယ် သာမန်လူတစ်ယောက်ကနေ အောက်လမ်းဆရာတစ်ယောက်ဖြစ်အောင် အခက်အခဲပေါင်းများစွာဖြတ်ကျော်ခဲ့ရတယ် မစင်တွေကို ပညာနဲ့စီမံလိုက်တဲ့အခါ စားကောင်းသောက်ဖွယ်တွေဖြစ်သွားတယ် အဲဒီအရာတွေကိုစားပြီး ကျင့်ခဲ့ရတာလဲရှိတယ် ပြောရရင်တကယ်ကိုခက်ခဲကြမ်းတမ်းတဲ့ နေ့ရက်တွေပါပဲ အဲလိုနဲ့ ဆယ်နှစ်လောက် ကြိုးစားသင်ယူခဲ့ပြီးတဲ့အချိန် ကျုပ်က အောက်လမ်းဆရာတစ်ယောက်ဖြစ်ခဲ့တယ် မိစိမ်းမှာ ရည်ရွယ်ချက်တစ်ခုရှိတယ် အဲဒီရည်ရွယ်ချက်ကို အောင်မြင်အောင်လုပ်ဖို့ ကျုပ်ကိုဒီလိုပညာတွေသင်ပေးခဲ့တယ်ဆိုလဲမမှားဘူး”
” သင်တို့ရဲ့ရည်ရွယ်ချက်ကဘာများလဲ”
“မိစိမ်းက သူ့ရွာအပေါ်အရမ်းသံယောဇဉ်ရှိတယ် သူ့ရွာကလူတွေသူ့အပေါ်ဘယ်လောက်ငြိုငြင်ခဲ့ပစေ သူ့ရွာကိုချမ်းသာစေချင်တယ် အဲဒီအတွေးကြောင့် မဖြစ်သင့်တာတွေဖြစ်ခဲ့ရတယ်”
“ဆက်ပြောပါဦး အဲဒီနောက်ပိုင်းသင်တို့ဘယ်လိုဖြစ်ခဲ့ကြလဲ”
“ကျုပ်လဲ ပညာအတန်သင့်တတ်မြောက်ခဲ့တဲ့အချိန် မိစိမ်းနဲ့ကျုပ် ဒီနယ်ထဲမှာရှိတဲ့ ပညာသည်တွေဆီသွားပြီး ပညာပြိုင်ခဲ့ကြတယ် အောက်လမ်းလောကဆိုတာ သူ့နယ်နဲ့သူ အပိုင်စားရှိကြတယ် ဒီတစ်နယ်လုံးမှာ ကျုပ်တို့ကိုယှဉ်နိုင်တဲ့သူမရှိရင် ကျုပ်တို့ကဘုရင်ပဲ လိုတာမှန်သမျှ စေခိုင်းလို့ရတယ် မိစိမ်းက မွေးရာပါပညာသည်လဲဖြစ်တယ် ကျင့်ကြံအားလည်း ကောင်းတော့ တော်ရုံဘယ်သူမှသူ့ကိုမနိုင်ကြဘူး ဒါပေမယ့် ဒီနယ်ရဲ့သခင်ဆရာကြီးဒိဗ္ဗကိုတော့ သူမယှဉ်နိုင်ပဲ ရှုံးနိမ့်ခဲ့တယ် သူမနိုင်မှန်းသိတော့ ကျုပ်နဲ့သူကိုယ်လွတ်ရုန်းပြေးရင်း ဒီနေရာကိုရောက်လာခဲ့တယ် ဒီနေရာက ယခင်သုသာန်မြေနေရာအဟောင်းကြီးပဲ ကျုပ်နဲ့မိစိမ်းလည်း သုသာန်ထဲမှာပုန်းရင်း ဦးဒိဗ္ဗကိုပြန်လည်ရင်ဆိုင်ဖို့ ကြိုးစားခဲ့တယ် တစ်နေ့မှာတော့ သုသာန်ထဲကို လွယ်အိတ်တစ်လုံးလွယ်ထားတဲ့ လူတစ်ယောက်ရောက်လာခဲ့တယ် သူကတစ်နေကုန် သုသာန်ထဲက ဇရပ်မှာထိုင်ပြီး စာရွက်ပေါ်မှာ အက္ခရာတွေထိုင်ရေးနေတာ ကျုပ်တို့ကလည်း ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ်ဆိုတော့ သူ့ကိုဒီနေရာမှာ မရှိစေချင်ဘူး ဒါကြောင့် မိစိမ်းက သူ့ကိုအရင်စခြောက်လှန့်ခဲ့တယ် ဒါပေမယ့်သူက အထက်လမ်းဆရာတစ်ယောက်ဖြစ်နေခဲ့တာကျုပ်တို့မသိခဲ့ဘူး ကျုပ်တို့တိုက်တဲ့စက်တွေကို ထိုင်ရာကနေ မထပဲ ဖြတ်ပစ်ခဲ့တယ် တကယ်ကိုစွမ်းတဲ့သူပါ တစ်ခါမှဒီလောက်စွမ်းတာမမြင်ဖူးဖူး ကျုပ်တို့ရဲ့ပညာတွေကို စက္ကူတစ်ရွက်ထဲနဲ့ အကုန်ဖျက်ပစ်ခဲ့တယ် မိစိမ်းနဲ့ကျုပ်ကအဲဒီလူဆီမှာ အောက်လမ်းဆရာဒိဗ္ဗကို နိုင်ခဲ့ရင် သူ့ပညာတွေရော ကျုပ်ပညာတွေရော စွန့်လွှတ်ပါမယ်ဆိုပြီး သစ္စာဆိုခဲ့တယ် ဖောက်ဖျက်မိခဲ့ရင် သူပေးတဲ့အပြစ်ဒဏ်ကိုခံမယ်လို့ပြောခဲ့တယ်”
“သင်ပြောတဲ့ လူက ရင်ဘတ်မှာ အင်းစမကွက်တွေ ထိုးထားလား”
“ဟုတ်တယ် သူ့ရင်ဘတ်မှာ အင်းစမကွက်တွေ ထိုးထားတယ် သူ့နာမည်က ဦးတိက္ခတဲ့”
သစ်ငုတ်ပေါ်ကပုဂ္ဂိုလ်ရဲ့စကားကိုကြားတော့ အောင်မြတ်သာဟက်ဟက်ပက်ပက်ရယ်လိုက်မိတယ်။
“သင်တို့က ကျုပ်ဆရာဦးတိက္ခနဲ့တွေ့ခဲ့တာကိုး (ဦးတိက္ခဆိုတာက အောင်မြတ်သာ ငယ်ဘဝမှာပညာသင်ပေးခဲ့တဲ့သူ ၊ သူ့အကြောင်းကိုတော့ ဘုံဘဝမှာဖြင့်ဝတ္တုတွင်ဖတ်ရှုနိုင်ပါသည်) သင်အခုလိုဖြစ်တာ သူနဲ့ပတ်သတ်နေလား”
“ကျုပ်အခုလိုဖြစ်သွားတာ ကျုပ်တို့အပြစ်တွေပါ ကျုပ်တို့က အောက်လမ်းဆရာဒိဗ္ဗကိုနှိမ်နင်းပြီးရင် ပညာတွေစွန့်ပါ့မယ်လို့ ကတိပေးခဲ့ကြတယ် အဲဒီမှာသူက ကျုပ်တို့ကို အင်းစမတစ်ရွက်ကို ရေဖျော်တိုက်တယ် ပြီးတော့ ကျုပ်တို့ကိုလူမသတ်ဖို့ကတိအထပ်ထပ်တောင်းခဲ့တယ် ကျုပ်တို့လဲ ကတိပေးပြီး အောက်လမ်းဆရာဒိဗ္ဗကို ပညာသည်တွေအားလုံးရှေ့မှာ ယှဉ်ပြိုင်ခဲ့တယ် မိစိမ်းရဲ့ဆန္ဒက ဦးဒိဗ္ဗကိုနိုင်ရင် သူပိုင်တဲ့ပစ္စည်းတွေအားလုံးကိုယူမယ် ပြီးရင်သူ့ရွာကို တိုးတက်အောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်တစ်ခုပဲရှိခဲ့တယ်”
“ဒါနဲ့သင်တို့ကို ရေဖျော်တိုက်တဲ့အင်းက ကဝေနိုင်အင်းလား”
” ဟုတ်တယ် သင်ကဒါတွေဘယ်လိုသိနေတာလဲ ”
” ကျုပ်နောက်မှပြောပါ့မယ် သင်ဖြစ်ခဲ့တာကိုအရင်ပြောပါ”
“ကျုပ်တို့နဲ့ဦးဒိဗ္ဗ ရေကုန်ရေခမ်းယှဉ်ပြိုင်ခဲ့တယ် သူ့တပည့်တပန်းတွေအရှေ့မှာ ကျုပ်တို့ကိုမရှုံးအောင် ပညာစုံထုတ်သုံးခဲ့တယ် ဒါပေမယ့် ကျုပ်တို့သောက်ခဲ့တဲ့ အင်းရဲ့အစွမ်းကြောင့်လားမသိဘူး သူ့ပညာတွေက ကျုပ်တို့အပေါ်ထိရောက်မှုမရှိခဲ့တာပဲ နောက်ဆုံးကျုပ်တို့ကိုမယှဉ်နိုင်တဲ့အချိန် သူထွက်ပြေးတယ် ကျုပ်ကသူ့အနောက်လိုက်တဲ့အချိန် မိစိမ်းက အနောက်မှာကျန်ခဲ့တယ် ကျုပ်လဲ ဦးဒိဗ္ဗကို မှီလာတော့ သတိလွတ်ပြီးအနောက်ကနေ ဇက်ပိုးကိုလက်ဖဝါးဇောင်းနဲ့ အားကုန်ရိုက်ချခဲ့မိတယ် ကျုပ်ရဲ့လက်ဝါးချက်ကြောင့် ဦးဒိဗ္ဗနေရာမှာပဲ သေခဲ့တယ် ကျုပ်လဲ ကတိကိုဖောက်ဖျက်မိသွားတယ် ကျုပ်ပြန်လာတော့ မိစိမ်းက ဦးတိက္ခရဲ့ခြေထောက်အောက်မှာ ငိုယိုပြီး တောင်းပန်နေတာကိုတွေ့လိုက်ရတယ် ဦးတိက္ခကတော့ ကျုပ်ကိုဒေါသတစ်ကြီးကြည့်ပြီး မင်းတို့ကို ယုံကြည်ခဲ့လို့ ကူညီခဲ့တာ ငါ့ယုံကြည်မှုကိုအလွဲသုံးစားလုပ်တယ်ဆိုပြီး ကျုပ်ကို ကျိန်စာတိုက်ခဲ့တယ်”
“သင့်ကိုဘယ်လိုကျိန်စာတိုက်ခဲ့တာလဲ ”


” အင်းစမတစ်ရွက်ကိုကျုပ်ခေါင်းပေါ်တင်ပြီး ဒီစာရွက်ကိုဖြုတ်နိုင်တဲ့သူမပေါ်မချင်း သင့်ခန္ဓာကိုယ်လောင်ကျွမ်းပါစေသားလို့ပြောပြီး ကျုပ်ကိုကျိန်စာတိုက်ခဲ့တယ် ”
” ဦးတိက္ခက စိတ်ကြီးတယ် ဒါကြောင့်လဲ ပညာပြည့်ခါနီးမှာ အလွဲလွဲအချော်ချော်တွေဖြစ်နေတာကိုး ဒီကျိန်စာက အရမ်းကြောက်ဖို့ကောင်းလို့ အထက်ဆရာကြီးတွေက တားမြစ်ထားခဲ့တာ သူကရော ဘာဆက်ဖြစ်သွားလဲ”
“ကျုပ်ကိုကျိန်စာတိုက်ပြီး ဒီနေရာကနေ တစ်ဖဝါးမှခွာလို့မရအောင်လုပ်ခဲ့တယ် သူကတော့ အပြစ်တွေကျေအောင်လို့ အဓိဌာန်ဝင်ဖို့ထွက်သွားတာပဲသိတယ် အဲဒီအချိန်ကစပြီး ကျုပ်ဒီနေရာမှာ အခုလိုဝဋ်ကြွေးပေးဆပ်နေရတော့တာပဲ”
” သင်နောက်ဘဝရောက်တဲ့အခါ ဒီလိုမကောင်းတဲ့ အရာတွေထပ်မလုပ်ပါနဲ့တော့ သင့်ကိုကျိန်စာတိုက်ခဲ့တဲ့သူက ကျုပ်ရဲ့လက်ဦးဆရာပဲ ဒါကြောင့် သင့်ကျိန်စာကိုကျေအောင်လုပ်ပေးလို့ရတယ် ”
” ကျုပ်လွတ်တော့မှာလား ကျုပ်တကယ်ဒီနေရာက ကျွတ်တော့မှာလား”
” ကံတရားက သင့်နဲ့တွေ့စေချင်လို့ ကျုပ်ကိုဒီနေရာရောက်အောင်လမ်းပြခဲ့တာ သင်ဝဋ်ကြွေးကုန်ပါပြီ”လို့ပြောပြီး ဦးခေါင်းထိပ်မှာ ကပ်နေတဲ့ အင်းစမစာရွက်ကိုဆွဲခွာလိုက်တယ်။
အောင်မြတ်သာဆွဲခွာလိုက်တဲ့အချိန်မှာတော့ သစ်ငုတ်ပေါ်ကပုဂ္ဂိုလ်ရဲ့အသားစတွေက တစ်ဖြေးဖြေးပဲ့ကြွေကုန်ပြီး အမှုန့်ဖြစ်သွားခဲ့တယ်။
အောင်မြတ်သာလည်း လက်ထဲက အင်းစမစာရွက်လေးကိုကြည့်ပြီး ဆရာဖြစ်သူဦးတိက္ခအကြောင်းတွေးလိုက်မိတယ်။
နောက်လာမယ့်ဇာတ်လမ်းမှာတော့ အောင်မြတ်သာရဲ့ဆရာဖြစ်သူ ပြန်ဆုံတွေ့ပြီး ဘယ်လိုအရာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ အောင်မြတ်သာ ဝတ္တုလေးမှာ ဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment