အောင်မြတ်သာနှင့်ဝိဉာဉ်လေးကောင်

” အောင်မြတ်သာနှင့်ဝိဉာဉ်လေးကောင် ”
စာရေးဆရာ -ဇေယန(ရာမည)
+++++++++++++++++++++

“အရှေ့ကိုလျောက်ပါလို့
အနောက်ကိုတဲ့ မျှော်လိုက်ရင်
တံခွန်တိုင် ရွှေကုက္ကားနဲ့
ဘုရားလေးတွေ ဘုရားလေးတွေ”
ရှင်လောင်းလည့်လာတဲ့အချိန် ဖွင့်လာတဲ့ သီချင်းသံက ကိုပျော့ရဲ့ထန်းတောထဲအထိ ရောက်လာခဲ့တယ်။
“မောင်ဝိ ဘယ်ကရှင်လောင်းလှည့်လာတာလဲ”
“ဟိုဘက်ရွာကဖြစ်မှာပေါ့ကွာ ဒီအချိန်က ရှင်ပြုတဲ့အချိန်ပဲကို”
“ငါလဲ ငါ့သားတွေကိုရှင်ပြုပေးချင်လိုက်တာကွာ”
“မင်းကြိုးစားပေါ့ကွ အားနေရင် ထန်းရည်ဆိုင်ပဲပြေးနေတဲ့ကောင်က ဘယ်ကပိုက်ဆံနဲ့ရှင်ပြုပေးမလဲ”
“ဟေ့ကောင် မောင်ဝိ ငါ့ကိုအဲလိုတော့မပြောပါနဲ့ ငါနောက်နေ့ကစပြီး အလုပ်ကြိုးစားတော့မှာပါ မင်းမယုံရင် ကြည့်နေ နောက်နှစ်ကျရင် ငါ့သားနှစ်ယောက်ကို ငါရှင်ပြုပေးမှာ အဲဒီအခါကျရင် မင်းက ဦးရွှေရိုးလုပ်ကွာ မင်းသဘောကျနေတဲ့ အပျိုကြီးမိနှောင်းကို ဒေါ်မိုးလုပ်ပေးဖို့ ငါစည်းရုံးပေးမယ်”
“ဟားဟား အဲလိုဆိုတော့ လုပ်ရချည်သေးရဲ့ အခုတော့ တစ်ခွက်တစ်ဖလား‌မော့လိုက်ကြရအောင်”
“ရယ်ဒီ ဝမ်း တူး သရီး ချကွာ”
ကျွန်းတုံးရွာမှာ မောင်ဝိ ကျော်ကြီး ဖိုးလူ ထွန်းလှ ဆိုတဲ့ သူငယ်ချင်းလေးယောက်ရှိတယ်။ ငယ်ငယ်ထဲက ပခုံးဖက်ပြီးပေါင်းလာတဲ့သူတွေဖြစ်လို့ တစ်ယောက်အကူအညီလိုရင် တစ်ယောက်ကကူညီပေးကြတယ်။ သူတို့လေးယောက်ရဲ့ အကြိုက်ဆုံးကတော့ အရက်နဲ့ထန်းရည်ပဲ ။ အရက်နဲ့ထန်းရည်သာရလို့ကတော့ ငရဲပြည်အထိသွားမယ်ဆိုတဲ့ကောင်မျိုးတွေ။
လေးယောက်ထဲမှာ ကျော်ကြီးတစ်ယောက်ပဲ အိမ်ထောင်ကျပြီး သားနှစ်ယောက်မွေးထားတယ်။ ကျန်တဲ့သူတွေက လူလွတ်တွေ။ မူးလာရင်တော့ တစ်ရွာလုံးကိုပတ်ရမ်းပြီး အော်ဆဲနေကြ။ အမူးပြေသွားရင်တော့ သူတို့မဟုတ်သလို ဘာသိဘာသာနေတတ်တဲ့ကောင်တွေ။
“ကျော်ကြီးရှိလား ကျော်ကြီး”
“ဘယ်သူလဲဗျို့ ”
“ငါပါ မှတ်ကြီးပါဟ”
“အေး မှတ်ကြီး ပြော ဘာကိစ္စလဲ”
” ငါတို့အိမ်ကရေတွင်းအဟောင်းဆယ်မလို့ လူလိုက်ရှာနေတာ မင်းတို့လုပ်မလားဆိုပြီးအရင်လာမေးတာ”
“ဈေးကရော ဘယ်လောက်လဲ”
“ဈေးက တစ်တွင်းလုံးအပြီးစီး သုံး‌ထောင်ယူလိုက်”
“သုံး‌ထောင်တော့မလုပ်နဲ့ ငါတို့ကလေးယောက်ဆိုတော့ လေးထောင်တော့ပေးကွာ မင်းရေတွင်းက အနက်ကြီး ငါတို့အကုန်ဆယ်ရမှာ”
“အေးကွာ ထားလိုက် မင်းတို့လုပ်မှာသေချာရင် ငါလူထပ်မခေါ်တော့ဘူးနော် မနက်ဖြန်မနက်စောစော အိမ်ကိုလာခဲ့ကြတော့”
“အေး အေး ငါဟိုကောင်တွေကိုခေါ်ပြီးလာခဲ့မယ်”
မှတ်ကြီးထွက်သွားပြီးတဲ့အချိန်
“မိန်းမ မနက်ဖြန် ငါ့ကို လက်ဖက်နဲ့ကွမ်းရှာထားပေးဦး မှတ်ကြီးအိမ်က ရေတွင်းမတူးခင် ဆိုင်ရာတွေကိုပသရဦးမယ်”
“ကျုပ်ညနေဝယ်ထားပေးမယ် မနက်ဖြန်အလုပ်မလုပ်ခင်မမူးနေနဲ့ဦး သတိလဲထားကြဦး”
“အေးပါမိန်းမရယ် ငါတို့ကအလုပ်ပြီးမှ သောက်ကြတာပါ”
မိန်းမဖြစ်သူရဲ့ သံသာချိုအေးအသံလေးကို နားထောင်ရင်း အိမ်အောက်က ကွပ်ပြစ်လေးမှာ ကျော်ကြီး‌ခဏမှေးလိုက်တယ်။
အိပ်ပျော်လုဆဲဆဲဖြစ်နေတဲ့အချိန်
“ဟဲ့ကောင် ကျော်ကြီး ထစမ်း” ဆိုတဲ့အသံကိုကြားတော့ ကျော်ကြီးမျက်လုံးဖွင့်ကြည့်လိုက်ပြီး
“ဘယ်သူလဲ ငါ့ကိုခေါ်နေတာ အသံပဲကြားပြီး လူလဲမမြင်ရဘူး”
“ဟေ့ကောင် ငါကသစ်ပင်ပေါ်မှာ အပေါ်ကိုမော့ကြည့်”
ကျော်ကြီးလဲအသံကြားရာသစ်ပင်ကိုမော့ကြည့်လိုက်တော့ လူဝံလိုလို မျောက်ဝံလိုလို အမွှေးထူထူနဲ့ အကောင်တစ်ကောင် ကျောပေးပြီး ထိုင်နေတာကိုမြင်လိုက်ရတယ်။
“သစ်ပင်ပေါ်ကအကောင် မင်းက ဘာကောင်လဲ လူဝံလိုလို မျောက်ဝံလိုလိုနဲ့”
“မင်းစကားမများနဲ့ကျော်ကြီး မနက်ဖြန် မင်းတို့တူးမယ့်ရေတွင်းနေရာက အရင်သချႋုင်းအဟောင်းနော် ရေတွင်းဆယ်တဲ့အခါ သံသေတ္တာတစ်လုံးကိုတွေ့လိမ့်မယ် တွေ့ရင် ဖွင့်မကြည့်နဲ့ ဖွင့်ကြည့်တာနဲ့ မင်းတို့ဒုက္ခရောက်လိမ့်မယ်”
” သေတ္တာထဲဘာပါလို့လဲ ကျုပ်တို့ဘာသာ ကြည့်ချင်ကြည့်မှာပေါ့ ခင်ဗျားနဲ့ဘာဆိုင်လို့တုန်း”
” ဟေ့ကောင် ကျော်ကြီး မင်းအဲဒီရေတွင်းအကြောင်းဘယ်လောက်သိလို့လဲ အဲဒီရေတွင်းက ဒီရွာစမတည်ခင်ထဲကရှိနေတာ အရင်ဒီရွာက သချႋုင်းကုန်းဖုန်းဆိုးမြေနေရာဖြစ်ခဲ့တာ လူသေတွေအသုဘချရင် အဲဒီရေတွင်းထဲက ရေနဲ့ ချိုးပေးရတာ တစ်နေ့မှာ ဟိုဘက်ရွာကို ဓါးမြတိုက်လာတဲ့ကောင်တွေက ရေတွင်းထဲကို သူတို့ရဲ့ပစ္စည်းသေတ္တာကိုပစ်ချပြီး နောက်မှလာဆယ်ယူမယ်လို့ တိုင်ပင်ခဲ့ကြတယ် အဲလိုတိုင်ပင်ပြီးနောက်ပိုင်း တစ်ယောက်အပေါ် တစ်ယောက်သစ္စာဖောက်ပြီး အချင်းချင်းပြန်သတ်ကြတာ အကုန်သေကုန်ရော အားလုံးကသေတ္တာကို စွဲတဲ့စိတ်နဲ့ မကျွတ်သေးပဲ ရေတွင်းနားမှာရှိတဲ့ အပင်တွေပေါ်မှာနေကြတယ် မင်းတို့ဒုက္ခရောက်မှာစိုးလို့ငါလာပြောတာ ငါသွားတော့မယ်”
“ဟေ့ နေဦးလေ ခင်ဗျားက အဲဒီအကြောင်းတွေ ဘယ်လိုသိနေတာလဲ ခင်ဗျားကဘယ်သူလဲ”
“ငါက အဲဒီဓါးမြအဖွဲ့ရဲ့ခေါင်းဆောင်လေ”ဆိုပြီး ကျောပေးနေရင်း ခေါင်းကိုအရှေ့ဖက်လှည့်လာခဲ့တာ မျက်နှာမှာ ဓါးခုတ်ရာအတိုင်းသားနဲ့ အသားဖတ်တွေကွာကျနေတာကို မြင်လိုက်ရတဲ့အချိန်
“အောင်မလေး – သရဲ သရဲ ”
” ကိုကျော်ကြီး ကိုကျော်ကြီး ရှင့်မလဲ မကြီးမငယ်နဲ့ အိမ်မက်‌မက်ပြီး ထအော်ရတယ်လို့ ဘာဖြစ်တာလဲ”
“မိန်းမ အိမ်မက်တွေမကောင်းဘူး မနက်ဖြန်ရေတွင်းတူးဖို့ကိစ္စ မလုပ်ရင်ကောင်းမလားလို့”
“ရှင့်စိတ်ထဲက စွဲနေလို့ဖြစ်မှာပါ ရှင်လုပ်တာကလဲ ရှင့်သားနှစ်ယောက်ကို ရှင်ပြုပေးမလို့ရည်စူးထားတာပဲဟာ ကုသိုလ်ရေးပဲတော် ဘာမှမဖြစ်ပါဘူး”
ကျော်ကြီးလဲ မိန်းမဖြစ်သူရဲ့စကားကိုကြားတော့ စိတ်အနည်းငယ်သက်သာသွားတယ်။
မနက်ရောက်တော့
“ဟေ့ကောင်တွေ ပေါက်တူးတွေ ကြိုးတွေ အကုန်ပါပီလား ”
“ပါတယ်လေ အကုန်စုံပြီ လုပ်ငန်းစကြရအောင်”
မောင်ဝိရဲ့စကားကိုကြားတော့ ကျော်ကြီးက ရေတွင်းနှုတ်ခမ်းမှာ အိမ်ကပါလာတဲ့ လက်ဖက်နဲ့ကွမ်းယာကိုတင်ပြီး အနှောက်အယှက်တွေမရှိအောင် ဆုတောင်းလိုက်တယ်။
“မောင်ဝိနဲ့ ထွန်းလှက အရင်ဆင်းပြီး ခဲတွေသဲတွေကို ထည့်ပေး ငါနဲ့ ဖိုးလူက အပေါ်ကနေဆွဲတင်မယ် မင်းတို့မောရင် ငါတို့ဆင်းမယ် ”
“ရတယ် ငါတို့အရင်ဆင်းပြီ”ဆိုပြီး ရေတွင်းထဲကို ဆင်းသွားခဲ့တယ်။
မောင်ဝိနဲ့ ထွန်းလှ တင်ပေးတဲ့ ခဲနဲ့သဲတွေကို ဆွဲတင်ရင်း ဆယ်နေလိုက်တာ အချိန်အတော်ကြာသွားတယ်။
“ကျော်ကြီး ရေတွင်းအောက်မှာ သံသေတ္တာတစ်လုံးကွ ဘာတွေပါလဲတော့မသိဘူး အလေးကြီးပဲ”
မောင်ဝိရဲ့အော်သံကိုကြားတော့ မနေ့ကမက်တဲ့အိမ်မက်အကြောင်းကို ကျော်ကြီးသတိရသွားတယ်။
“ဟေ့ကောင် မောင်ဝိ အဲဒီသေတ္တာကိုမဖွင့်ကြည့်နဲ့ ”
“ဘာတွေပါလဲဆိုတာသိအောင်တော့ဖွင့်ကြည့်ရမှာပဲ သော့ကခတ်ထားတော့ မင်းတို့နှစ်ယောက် အပေါ်ကနေ သံတူရွင်းတစ်ချောင်းယူပြီးဆင်းလာခဲ့ အထဲမှာရတနာတွေပါလာရင်တော့ ငါတို့ထောပီ”
မောင်ဝိရဲ့စကားကိုကြား‌တော့ ကျော်ကြီး လောဘဇောတွေတက်လာခဲ့တယ်။
“အိုကွာ အိမ်မက်ဆိုတာ အဖျက်လဲဖြစ်တတ်တာပဲ ငါတို့နဲ့ထိုက်လို့ရတာ ဘာဖြစ်ဖြစ်ကွာ ဆင်းပြီး ဖွင့်ကြည့်မယ်”ဆိုပြီး သံတူရွင်းကို ခါးကြားထိုးကာ ရေတွင်းထဲကို ဆင်းလာခဲ့လိုက်တယ်။
“ဖိုးလူ လက်နှိပ်ဓါတ်မီး ယူဆင်းလာခဲ့ဦး ငါတို့ဓါတ်မီးအားကုန်တော့မယ် ”
အောက်ကနေအော်ပြောတဲ့အသံကြောင့် ဖိုးလူ လက်နှိပ်ဓါတ်မီးကိုယူကာ ရေတွင်းထဲကိုဆင်းလာခဲ့လိုက်တယ်။
ရေတွင်းအောက်ရောက်တော့
“ဘယ်မှာလဲသေတ္တာ”
“ဒီမှာလေ ဟီးဟီးဟီးဟီး”ဆိုပြီး ရေတွင်းနံရံထဲကနေ မျက်နှာအသားလန်နေတဲ့ ပုံဆိုးပန်းဆိုး နာနာဘာဝတွေ ထွက်လာခဲ့တယ်။
“အမလေး သရဲ သရဲ မောင်ဝိ မြန်မြန်တက်ပြေးဟ – ရေတွင်းထဲမှာ သရဲတွေ ”
ကျော်ကြီးက မောင်ဝိကို လှုပ်ပြီးပြောလိုက်ပေမယ့် မောင်ဝိက တုပ်တုပ်မျှမလှုပ်။
“ဟေ့ကောင် မောင်ဝိ မောင်ဝိ”ဆိုပြီး ပခုံးကိုလှုပ်ပြီးပြောလိုက်တော့မှာ မျက်ဖြူလန်ပြီး အနောက်ကိုလဲကျလာတဲ့ မောင်ဝိကို တွေ့လိုက်ရတယ်။
မောင်ဝိရဲ့ဘေးမှာတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ မျက်နှာတွေနဲ့နာနာဘာဝတွေကိုမြင်လိုက်ရပြီး ကျော်ကြီး သတိမေ့သွားတယ်။
သတိပြန်ရလာတော့ ရေတွင်းထဲမှာ မဟုတ်တော့ပဲ အိမ်ရှေ့ခြံစည်းရိုးနားရောက်နေတယ်။ ဘေးမှာတော့ မောင်ဝိ ‌ဖိုးလူနဲ့ ထွန်းလှကို မြင်လိုက်ရတယ်။
“ကျော်ကြီးတို့ ရေတွင်းဆယ်ရင်း သေကုန်ပြီတဲ့ ဘယ်လိုဖြစ်ကြတာလဲမသိဘူး သွားကြည့်ရအောင်” ဆိုပြီး အိမ်ဘေးက ကိုဝင်းရဲ့စကားကိုကြားတော့ ကျော်ကြီးတို့လေးယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြတယ်။
“ဟေ့ကောင် မောင်ဝိ ငါတို့ကဘာလို့သေရမှာလဲ မ‌သေလို့အခုအိမ်ရှေ့ရောက်နေတာလေ”
ကျော်ကြီးရဲ့စကားကိုကြားတော့ မောင်ဝိက ရှိုက်ကြီးတငင်ငိုချလိုက်တယ်။
“ကျော်ကြီး ကိုဝင်းပြောတာဟုတ်တယ် ငါတို့ကလူမဟုတ်တော့ဘူး ခုနက လူတွေ ငါတို့ကိုဝင်တိုက်သွားတာ ငါတို့ကိုသူတို့မတွေ့တော့ဘူး ငါတို့ကသေသွားပြီ”
“ဟာကွာ မဖြစ်နိုင်တာ သူတို့ပြောတာဟုတ်မဟုတ်သွားကြည့်ရအောင်”လို့ပြောပြီး လူအုပ်ကြီးနဲ့ အတူလိုက်သွားခဲ့တယ်။
ရေတွင်းနားလဲရောက်ရော
“အဟက်အဟက် ဟိုလေးကောင် မင်းတို့နဲ့လူစားချိန်းလိုက်ပြီ နောက်လူမလာသေးသရွေ့ မင်းတို့ဒီရေတွင်းမှာနေပေတော့ နောက်သုံးနှစ်ကြာရင် မင်းတို့လူစားချိန်းခွင့်ရှိတယ် ” ဆိုတဲ့အသံက မလှမ်းမကမ်းက သစ်ပင်ပေါ်ကနေထွက်လာခဲ့တယ်။
အသံကြားရာကို ကျော်ကြီးကြည့်လိုက်တော့ အိမ်မက်ထဲမှာမြင်လိုက်ရတဲ့ ဓါးခုတ်ရာနဲ့သရဲဖြစ်နေတယ်။
“လက်စသတ်တော့ ကျုပ်တို့ကို လုပ်တာခင်ဗျားကိုး ကျုပ်တို့သေအောင် ခင်ဗျားလုပ်တာ”
ကျော်ကြီးရဲ့စကားအဆုံးမှာပဲ
” အလောင်းတွေ ရလာပြီဟေ့ ရေတွင်းထဲမှာ အသက်ရှုကြပ်ပြီးသေတာဖြစ်မယ် လျာတွေထွက်ပြီး မျက်လုံးတွေပြူးနေကြတာ ကြည့်မကောင်းဘူး ကြောက်စရာကြီး”
“ဖယ်ကြ ဖယ်ကြ ရဲတွေရောက်လာပြီ ”
ရွာသားတွေနဲ့ ရဲတွေက ကျော်ကြီးတို့ရဲ့အလောင်းကိုစစ်ဆေးပြီး အသက်ရှုကြပ်ပြီးသေတာလို့ ကောက်ချက်ချခဲ့ကြတယ်။
ကျော်ကြီးတို့ကအစိမ်းသေနဲ့သေတာဆိုတော့ ရွာထဲကိုမသွင်းတော့ပဲ ရွာပြင်မှာနှစ်ရက်ထားပြီးမှ မြေချဖို့စီစဉ်ခဲ့တယ်။
ကျော်ကြီးတို့ဆုံးပြီး တစ်ရက်အကြာမှာတော့
” ကျော်ကြီးတို့ကမကျွတ်ကြဘူးတဲ့”
“မင်းကိုဘယ်သူပြောတာလဲ”
“အော် အောင်မြင့် ကိုယ်တိုင်ပြောတာ မယုံရင်သူ့ကိုသွားမေး အဲဒီနေ့ညနေစောင်း လယ်ထဲကနေ ပြန်လာတာ သူတို့သေတဲ့ရေတွင်းနားမှာ ငုတ်တုတ်ထိုင်နေတဲ့ ကျော်ကြီးတို့လေးယောက်ကိုတွေ့တယ်တဲ့”
“အေးပေါ့လေ အစိမ်းသေဆိုတော့ ဘယ်ကျွတ်ပါ့မလဲ”
“ဒါနဲ့ ထန်းတောမှာနေတဲ့ ကိုချက်စူအကြောင်းရောကြားပြီးပြီလား”
“ဟအင်း မကြားမိဘူး ဘာဖြစ်လို့လဲ”
“ကျော်ကြီးတို့က ထန်းရည်သမားတွေဆိုတော့ ညဘက်ရောက်ရင် သူတို့ထိုင်သောက်နေကြ ခုံမှာ စကားသံတွေကြားတယ်တဲ့ နောက်ပြီး ထန်းရည်ထည့်တဲ့မြူအိုးတွေက လေမတိုက်ပဲ လှုပ်ရမ်းနေလို့ ကိုချက်စူတောင်ညဘက်သွားမအိပ်ရဲတော့ဘူး”
“ဒါနဲ့ရက်လည်‌ဘယ်တော့လုပ်မှာလဲ ”
“မင်းဟာကလဲ မြေတောင်မချရသေးတာ ဘာ်လိုရက်လည်ကဖြစ်ဦးမှာလဲ”
“အေးပါကွာ ငါလဲ စိတ်အလောကြီးပြီးမေးလိုက်မိတာ မြေချတဲ့နေ့မင်းငါ့ကိုလာခေါ်ဦး ”
“အေး အေး ငါလာခေါ်လိုက်မယ် စိတ်ချ”
ကျော်ကြီးတို့သေတဲ့ကိစ္စက ရွာနီးချုပ်စပ်မကျန် ပြန့်သွားခဲ့သလို မြေချမဲ့နေ့ကလဲ စည်ကားခဲ့တယ်။
ရွာအနောက်ဘက်ကနေ စီတန်းပြီး လှည့်လာတဲ့ အသုဘအလောင်းလေးလောင်းရဲ့အနောက်မှာတော့ ရပ်ရွာလူထုတွေအပါအဝင် သူငယ်ချင်းမိတ်‌ဆွေတွေကလိုက်ပါလာခဲ့တယ်။
ရွာအပြင်စပ်နားရောက်တော့
” ဘကြီး ခဏလေးနေပါဦး ဒီအသုဘက ဘယ်လိုဖြစ်တာလဲ”
အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ယောက်ရဲ့ အမေးကြောင့် ဘကြီးဝင်း လမ်းလျောက်နေရာကနေ ခဏရပ်လိုက်တယ်။
“မောင်ရင်တို့က ဒီနားတစ်ဝိုက်ကမဟုတ်ဘူးထင်တယ် ဒီလူလေးယောက်က ရွာအပြင်ဘက်မှာရှိတဲ့ ရေတွင်းကိုဆင်းဆယ်ရင်း သေကြတာ အခုက အခေါင်းတွေပဲ ရွာထဲကနေ ယူလာတာ သူတို့အလောင်းက ရွာပြင်သချႋုင်းကဇရပ်မှာရှိနေတယ်”
ဘကြီးဝင်းရဲ့စကားကိုကြားတော့ အရပ်မြင့်မြင့် အသားလတ်လတ်လူငယ်က
“ကျေးဇူးပါဘကြီး ကျွန်တော်တို့ကခရီးသွားရင်း လေးလောင်းပြိုင်အသုဘချလာလို့မေးကြည့်တာပါ ဖြစ်နိုင်ရင် ကျွန်တော်တို့လဲ အသုဘလိုက်ပို့ချင်ပါတယ် ”
“ရတာပေါ့ကွယ် မသာတစ်ခေါက်ကျောင်းဆယ်ခေါက်တဲ့ လိုက်ခဲ့ကြ လိုက်ခဲ့ကြ”
အောင်မြတ်သာတို့လည်း ဘကြီးဝင်းခေါ်ရာအနောက်ကို လိုက်လာခဲ့လိုက်တယ်။ အသုဘပို့တဲ့သူတွေနဲ့ လမ်းလျောက်နေရင်း
“သက်ခိုင်နဲ့တောက်ရ ငါတို့ရွာထဲစဝင်တော့ အခေါင်းပေါ်လိုက်လာတဲ့ နာနာဘာဝတွေကို တွေ့လိုက်မိလား”
“တွေ့တယ်ဆရာ ဆရာကိုလဲတွေ့ရော ဆင်းပြေးသွားကြတာ”
“ဟုတ်တယ် သူတို့သေတာ သာမန်မဟုတ်ပဲ အခြားပယောဂတစ်ခုပါနိုင်တယ် မခြေအနေကိုစောင့်ကြည့်ရအောင်”
အောင်မြတ်သာနဲ့သက်ခိုင်တို့လဲ သချႋုင်းကိုရောက်တော့ သင့်တော်တဲ့နေရာမှာနေပြီး အခြေအနေကိုစောင့်ကြည့်နေလိုက်တယ်။
အသုဘမချခင် သရဏဂုံတင်ပြီး နောက်ဆုံးအစာကျွေးတဲ့အချိန် တရားနာနေတဲ့သူတွေကိုဝင်ပူးပါလေရော။
” ငါတို့ကိုသေပြီဆိုပြီး အလေးမထားတာလား အခုငါတို့ကိုကျွေးတဲ့ထဲ အရက်လဲမပါဘူး ငါတို့အရက်သောက်ချင်တယ် အရက်ယူလာခဲ့”
အသံနက်ကြီးနဲ့ထအော်တာကိုကြားတော့ ရွာထဲက လူတွေက ချက်ချင်းအရက်ပြေးဝယ်ရပါလေရော။
အရက်လဲရလာရော
“အားလုံးကို တိုက်ပါတယ် ဝဝလင်လင်သောက်ကြပါ ပြီးရင်တော့ ရွာသားတွေကိုမနှောက်ယှက်ပါနဲ့”လို့ပြောပြီး ပုလင်းထဲကနေ မြေကြီးပေါ်က်ုသွန်ချလိုက်တယ်။
ထူးဆန်းတာက ပုလင်းထဲက အရက်တွေ ကျနေတာကိုမြင်ရပေမယ့် အရက်တွေက မြေကြီးပေါ်ကိုမရောက်ခင်ပျောက်သွားတယ်။
အရက်လေးပုလင်းကုန် ငါးပုလင်းမြောက်ရောက်တော့မှ မြေကြီးပေါ်ကိုကျလာတယ်။ အစိမ်းသေတွေဆိုတော့ မြေမမြှုပ်တော့ပဲ ချက်ချင်းမီးရှို့တဲ့အချိန် သေသွားတဲ့လေးကောင်က မီးပုံတွေရဲ့ဘေးမှာ ရပ်နေတာကို အောင်မြတ်သာမြင်လိုက်ရတယ်။
သင်္ဂြိုလ်တဲ့ကိစ္စပြီးစီးလို့ ရွာကလူတွေပြန်သွားတဲ့အချိန်ကျမှ အောင်မြတ်သာတို့ မီးရှို့တဲ့နေရာကိုသွားပြီး
” သင်တို့သေခြင်းက သာမန်မဟုတ်ဘူးဆိုတာ ကျုပ်သိတယ် ကျုပ်အနေနဲ့ သင်တို့ကျွတ်လွတ်အောင်ကူညီပေးမယ် ဖြစ်ကြောင်းကုန်စင် ကျုပ်ကိုပြောပြပါ”လို့ပြောပြီး မီးပုံထဲက အင်းတစ်ရွက်ပစ်ထည့်လိုက်တယ်။
မီးပုံထဲကအပုရှိန်ကြောင့် အင်းစာရွက် ဝုန်းခနဲမီးထတောက်တဲ့အချိန် မီးပုံဘေးမှာ ထိုင်ငိုနေတဲ့ ဝိဉာဉ်လေးကောင်ကို မြင်လိုက်ရတယ်။
“သင်တို့ဘာတွေဖြစ်ခဲ့တာလဲ ကျုပ်ကိုပြောပြပါ”
အောင်မြတ်သာရဲ့စကားကိုကြားတော့ လေးယောက်ထဲကတစ်ယောက်က
“ကျုပ်တို့ကို လူစားထိုးခဲ့တာ အရင်စောင့်နေတဲ့ နာနာဘာဝတွေက တစ်ခြားနေရာကိုသွားချင်လို့ ကျုပ်တို့ကို ဒုက္ခပေးခဲ့တာ”
“‌ဒါဆိုရင် သင်တို့တာဝန်ကဘာလဲ”
“ရေတွင်းထဲက ကျောက်နံရံဘေးမှာ သံသေတ္တာတစ်လုံးရှိတယ် သံသေတ္တာတွေထဲက ရတနာပစ္စည်းတွေကို တစ်ခြားသူလက်ထဲမရောက်အောင် စောင့်ကြည့်ရမယ်ပြောတယ် သုံးနှစ်နေလို့ ရှိရင် တစ်ခြားသူတွေကို လူစားထိုးခွင့်ရှိတယ် ”
“ဒါဆို သုံးနှစ်နေရင် နောက်ထပ် လူလေးယောက်ထပ်သေကြဦးရမှာပေါ့”
အောင်မြတ်သာရဲ့ဩဇာပါတဲ့အသံကိုကြားတော့ ဝိဉာဉ်လေးကောင်ဆီကနေ ဘာအသံမှမထွက်လာခဲ့ဘူး။
“သင်တို့ ဒီဘဝကနေ ကျွတ်လွတ်ချင်လား ဒါမှမဟုတ် ဒီဘဝမှာပဲဆက်နေချင်သလား”
“ကျုပ်တို့ကျွတ်ချင်ပါတယ် ကျုပ်တို့ရဲ့သားတွေ ဆွေမျိုးတွေရှင်ပြုတဲ့ပွဲမှာ ပါဝင်ဆင်နွှဲချင်ပါသေးတယ် အဲဒီအလှုပွဲမှာပေးတဲ့ အမျှအတန်းကို ယူပြီးထွက်သွားချင်ပါတယ်”
“ကောင်းပြီလေ သင်တို့ စောင့်ကြပ်နေရတဲ့ သေတ္တာကိုဆိုင်ရာပိုင်ရာတွေထံကို ကျုပ်အပ်ပေးမယ် သင်တို့ဆွေမျိုးတွေရှင်ပြုနိုင်အောင်လဲ ကုညီပေးမယ် ဒါပေမယ့် သင်တို့ကတိတစ်ခုပေးရမှာက ရွာသူရွာသားတွေ ထိတ်လန့်ချောက်ချားအောင်မလုပ်ပါဘူးဆိုတာကိုပဲ”
အောင်မြတ်သာရဲ့စကားကိုကြားတော့
“ကျုပ်တို့က ခင်လို့စနောက်မိတာပါ ဒီဘဝကကျွတ်မယ်ဆိုရင် မလုပ်တော့ပါဘူး အခုဆိုရင် ကျုပ်တို့တွေ နေစရာမရှိ စားစရာမရှိပဲ ဒီရေတွင်းဘေးမှာဖြစ်သလိုနေနေရပါတယ် ”
“ကျုပ်တို့အတတ်နိုင်ဆုံးကူညီပေးပါမယ် ဒါပေမယ့် ဒီသေတ္တာကို အရင်စောင့်ကြပ်နေတဲ့ ပုဂ္ဂိုလ်တွေကိုတွေ့ပြီး သူတို့ပိုင်တဲ့အရာကို အလှုခံရဦးမယ် ဒါကြောင့် သူတို့ကိုနောက်ဆုံးတွေ့ခဲ့တဲ့နေရာကိုလမ်းညွှန်ပေးပါ”
“အဲဒီကောင်က ကြောက်စရာကြီး မျက်နှာမှာဓါးခုတ်ရာလိုလိုအမှတ်အသားရှိတယ် တစ်ကိုယ်လုံး အမွှေးမဲမဲတွေဖုံးနေပြီး ဟိုအရှေ့ကသစ်ပင်ပေါ်မှာထိုင်နေတာကို နောက်ဆုံးတွေ့ခဲ့တယ် ”
“သင်တို့သူတစ်ပါးကိုအနှောက်အယှက်မပေးပဲ နေခဲ့ကြပါ ကျုပ်တို့ပြန်လာခဲ့မယ်”
အောင်မြတ်သာတို့လဲ ဝိဉာဉ်တွေပြောတဲ့ သစ်ပင်တွေရှိရာထွက်ခဲ့လိုက်တယ်။ သစ်ပင်အောက်ရောက်တော့ အပင်ပေါ်မှာစောင့်ကြပ်နေတဲ့ ပုဂ္ဂိုလ်က အူယားဖားယားဆင်းလာပြီး
“ဆရာ ကျုပ်လုပ်တာမဟုတ်ပါဘူး ဟိုကောင် စိန်ကြီးလုပ်တာပါ သူအချိန်ပြည့်ပီမို့ တစ်ခြားသူကို အစားထိုးတာပါ”
“ဒါဆို စိန်ကြီးဆိုတဲ့ကောင်က အဲဒီသေတ္တာပိုင်ရှင်လား”
“သူပိုင်တာတော့မဟုတ်ဘူး သူလဲလူစားထိုးပြီး စောင့်နေရတာ သေတ္တာပိုင်ရှင်က ဘယ်နေရာရောက်နေလဲဆိုတာမသိရသေးဘူး”
“ဒါဆို စိန်ကြီးဆိုတဲ့ သရဲ ဘယ်မှာရှိနေလဲ သူ့ကိုတွေ့ပြီးမေးရမယ်”
“ဆရာ သူ့ကိုတွေ့ချင်ရင် ရွာအနောက်ဘက် ချောင်းရိုးတစ်လျောက်မှာရှာကြည့်ပါ သူကချောင်းရိုးနားမှာနေတတ်တယ်”
“ကောင်းပါပြီ ကျုပ်တို့လိုက်ရှာကြည့်မယ် သင်လဲတွေ့ခဲ့တယ်ဆိုရင် ကျုပ်ကိုပြောပါ” လို့မှာရင်း ရွာအနောက်ဘက်ကချောင်းရိုးရှိရာ ထွက်လာခဲ့လိုက်တယ်။
ချောင်းရိုးကိုရောက်တော့ ချောင်းရိုးတစ်လျောက်မှာ အပိုင်စားရထားတဲ့ပုဂ္ဂိုလ်ကို အမိန့်ပြန်ပြီးခေါ်လိုက်တာ ချောင်းဘေးမှာရှိတဲ့ သဖန်းပင်ပေါ်ကနေ တွယ်ဆင်းလာတဲ့ ပုဂ္ဂိုလ်တစ်ဦးကိုတွေ့လိုက်ရတယ်။
“ဆရာ ကျုပ်ကိုခေါ်တာဘာကိစ္စလဲ”
“သင်ကဘယ်သူလဲ”
“ကျုပ်က ဒီချောင်းရိုးမှာစောင့်ကြပ်နေတာကြာပြီဖြစ်တဲ့ ဖိုးပုတက်ပါ ဆရာဘာကိစ္စသိချင်လို့ပါလဲ”
“ကိစ္စကအရမ်းတော့မကြီးပါဘူးအဖိုး တစ်စုံတစ်ယောက်ကိုတွေ့ချင်လို့ပါ”
“ဘယ်သူများလဲဆရာ ကျုပ်သိတဲ့သူဆိုရင် ချက်ချင်းခေါ်ပေးပါမယ်”
“ဒါဆို အဖိုးသိတဲ့သူတွေထဲမှာ စိန်ကြီးဆိုတဲ့သူရှိလား သူ့ကိုအရေးတကြီးတွေ့ချင်လို့ပါ”
“အော် စိန်ကြီးလား ရှိပါတယ် သူ့ကိုချောင်းဖျားမှာစောင့်ခိုင်းထားတာ ခဏလေး ကျုပ်ခေါ်လိုက်မယ်”
ဖိုးတက်ပုက ရေပြင်ကို လက်ဝါးနဲ့သုံးချက်ပုတ်လိုက်ပြီး နှုတ်ကနေ တစ်စုံတစ်ခုကိုတီးတိုးရေရွတ်လိုက်တယ်။
“ဆရာ ကွမ်းတစ်ယာညက်လောက်ဆို သူရောက်လာလိမ့်မယ် ခဏစောင့်ပေးပါ”
အောင်မြတ်သာလည်း ဖိုးတက်ပုပြောတဲ့အတိုင်း ခဏစောင့်နေလိုက်တာ ကွမ်းတစ်ယာညက်ခန့်ရောက်တော့ ဗွက်တွေထဲကနေ လေးဘက်ထောက်ပြီးပြေးလာနေတဲ့ စိန်ကြီးဆိုတဲ့သူကြိုမြငါလိုက်ရတယ်။
ပြေးလာတဲ့သူကအနားရောက်တော့
“အဖိုး ကျုပ်ကိုခေါ်ဝာာဘာဖြစ်လို့လဲ”
“ဟေ့ကောင် စိန်ကြီး ဒါက ဆရာအောင်မြတ်သာတဲ့ သူမေးတာကိုအမှန်တိုင်းဖြေ လိမ်လည်ပြီးဖြေလို့ကတော့ ငါ့ကြိမ်လုံးစာမိမယ်”
ဖိုးတက်ပုရဲ့စကားကိုကြားဝောာ့ စိန်ကြီးဆိုတဲ့သရဲက
“ကျုပ်မလိမ်ပါဘူး အမှန်တိုင်းဖြေပါ့မယ်”
အောင်မြတ်သာလည်း မိမိအလှည့်ရောက်လာပြီမို့
“သင်က စိန်ကြီးလား”
“ဟုတ်ပါတယ်”
“သင် အရက်သမားလေးယောက်ကိုလူစားထိုးခဲ့တာလား”
“ဟုတ်ပါတယ် ကျုပ်အပါအဝင်လေးယောက်က လွတ်ရက်ကျပီမို့ လူစားထိုးခဲ့တာပါ”
“သင်တို့စောင့်ကြပ်ခဲ့တဲ့သေတ္တာက ဘယ်သူပိုင်တာလဲ”
” ယခင်လူတွေပြောတာက အဲဒီသေတ္တာက ဓါးမြဗိုလ်မင်းဆွေပိုင်တာလို့ပြောတယ် သူကအဲဒီသေတ္တာကိုစွဲပြီး သူ့တပည့်တွေကို အစောင့်အဖြစ်ထားခဲ့တာ”
“ဒါဆိုမင်းကသူ့တပည့်လား”
“မဟုတ်ပါဘူး သူ့တပည့်တွေက တစ်ခြားဘဝကိုရောက်ကုန်ကြပီ ဒါပေမယ့် သေတ္တာမှာ ဘုရားဌာပနာပစ္စည်းတွေပါလို့ ကျုပ်တို့ကိုစောင့်ခိုင်းထားတာပါ”
“အခုဒီရတနာပစ္စည်းတွေကို ဘယ်သူတာဝန်ယူပြီး စောင့်ရှောက်ထားလဲ ”
“ဒီရတနာပစ္စည်းတွေကို အင်းပိုင်ကြီးဘထွန်းက တာဝန်ယူထားရပါတယ် အခုသူမရှိပါဘူး ဒါကြောင့် ဟိုအရက်သမားလေး‌ယောက်ကို နေစရာမပေးရသေးတာပါ”
“ကောင်းပြီ ဒါဆို အခုစောင့်ကြပ်နေရတဲ့ သေတ္တာရဲ့ပိုင်ရှင်က အင်းပိုင်ကြီးဘထွန်းပေါ့ ”
“ဟုတ်ပါတယ်”
“အခုစောင့်ကြပ်နေတဲ့သူတွေကို လွှတ်ပေးလိုက်ရင် သူနဲ့တိုက်ရိုက်တွေ့ရမှာပေါ့”
“သူဘယ်တော့ပြန်လာမလဲမသိသေးပါဘူး ”
“ကောင်းပြီ အခုသင်လူစားလဲခဲ့တဲ့ သူတွေကို ကျုပ်လွှတ်ပေးလိုက်မယ် သင်အနေနဲ့ အပြစ်မရှိသူတွေကို လူစားလဲခဲ့တဲ့အတွက် သင်ပိုင်တဲ့ပစ္စည်းတွေထဲက တစ်ချို့တစ်ဝက်ကို လူစားလဲခံရတဲ့သူတွေရဲ့အိမ်ရှေ့မှာ ဒီနေ့အာရုံမတက်မီ အရောက်သွားထားပါ သူတို့က ရတဲ့ပစ္စည်းတွေနဲ့ အလှူတစ်ခုလုပ်လိမ့်မယ် အလှူလုပ်တဲ့အခါ သင်အပါအဝင် လူစားလဲခံရသူတွေရဲ့ဘဝက တစ်ဆင့်မြင့်သွားလိမ့်မယ်”
“ဟုတ်ကဲ့ပါ ကျုပ်ချောင်းရိုးတစ်လျောက်မှာရှာထားတဲ့ ရွှေတိုရွှေစအနည်းငယ်ရှိပါတယ် ဆရာပြောသလို လုပ်ထားပေးပါမယ်”
အောင်မြတ်သာလည်း ပြောစရာရှိတာပြောပီးပီမို့ ဖိုးတက်ပုကိုနှုတ်ဆက်လိုက်ပြီး ရွာထဲကိုပြန်ဝင်လာခဲ့လိုက်တယ်။
ရွာထဲရောက်တော့ လူစားလဲခံရသူလေးဦးရဲ့အိမ်သူအိမ်သားတွေကို မနက်ဖြန်မနက်နေမထွက်ခင် အိမ်ရှေ့မှာရှိနေတဲ့ပစ္စည်းတွေကိုယူပြီး မိသားစုဝင်တွေကိုရှင်ပြုပေးဖို့မှာကြားရင်း ရွာအပြင်သချႋုင်းရှိရာဘက်ကိုထွက်လာခဲ့လိုက်တယ်။
ရွာအပြင်ရောက်တော့ ရေတွင်းဘေးကိုသွားပြီး လူစားလဲခံရသူတွေထဲကမှ သားနှစ်ယောက်ကိုရှင်ပြုပေးချင်နေတဲ့ ပုဂ္ဂိုလ်ကို ရှင်ပြုပွဲမကြာခင်ပြုလုပ်ပေးမယ်ဆိုတဲ့အကြောင်း ပြောခဲ့လိုက်တယ်။


နောက်နေ့မနက်ရောက်တော့ လူစားလဲခံရသူတွေရဲ့အိမ်ရှေ့မှာ အဝတ်စုတ်နဲ့ထုပ်ထားတဲ့ရွှေစတွေကိုမိသားစုဝင်တွေရခဲ့ကြတယ်။
အောင်မြတ်သာတို့လည်း ရွာမှာဆက်နေရင် လူအများရဲ့အထင်ကြီးမှုကိုခံရမှာစိုးလို့ နောက်ဆက်တွဲရှင်းရမယ့်ကိစ္စဖြစ်တဲ့ အင်းပိုင်ကြီးဘထွန်းစောင့်ကြပ်တဲ့ လယ်စောင့်အင်းရှိရာကို ထွက်လာခဲ့ကြတယ်။
လူစားလဲခံရသူတွေရဲ့ရက်လည်မှာတော့ ရှင်ပြုပွဲမရောက်မချင်းသာဓုမခေါ်ဘူးဆိုပြီးဝင်ပူးပြောလို့ လူအများအံ့ဩခဲ့ကြသေးတယ်။
ရက်လည်ပြီး တစ်ပတ်အရောက်မှာတော့ စည်သံဗျောသံတွေနဲ့ လှည့်လာတဲ့ရှင်လောင်းတွေရဲ့ဘေးမှာ ထပ်ချပ်မကွာလိုက်ပါလာကြတဲ့ ဝိဉာဉ်လေးကောင်ကိုတော့ ဘယ်သူမှမမြင်တွေ့ရခဲ့ပေ။
ရှင်ပြုပွဲရဲ့နောက်ဆုံးရေစက်ချပွဲမှာတော့ ဘုန်းကြီးကျောင်းဝင်းထဲမှာရှိတဲ့ သစ်ပင်လေးပင်က လေမတိုက်ပဲ အလိုလိုလှုပ်ရမ်းနေတာကို ရွာသူရွာသားတွေ မြင်လိုက်ရတယ်။
အောင်မြတ်သာတို့လည်း ဝိဉာဉ်လေးကောင်ကိုကျွတ်လွတ်အောင်ကူညီလမ်းပြပေးခဲ့ပြီး ရတနာသေတ္တာကိုစောင့်ကြပ်နေတဲ့ အင်းပိုင်ကြီးဘထွန်းကိုဆုံးမဖို့ ထွက်လာခဲ့ကြတာကို စာဖတ်သူတွေသိရှိပြီးဖြစ်ပါလိမ့်မယ်။
အောင်မြတ်သာတို့ကရော ဘယ်လိုဆုံးမမလဲဆိုတာကိုတော့
အောင်မြတ်သာဝတ္တုလေးမှာ စောင့်မျှော်ဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment