အောင်မြတ်သာနှင့် မိတ္တစိတ္တ

အောင်မြတ်သာနှင့်မိတ္တစိတ္တ
*********************

“ သူဌေးဦးဘောဂအိမ်က ဒီအိမ်လား”
မာထန်ထန်လေသံနဲ့မေးလိုက်တာကြောင့် အိမ်ပေါက်ဝမှာရပ်နေတဲ့ ခပ်နွမ်းနွမ်းလူကြီးက –
“ ဟုတ်ပါတယ် ဟုတ်ပါတယ် ဘယ်လိုအရေးကိစ္စများရှိလို့ပါလဲ”
“ ဦးဘောဂရဲ့သားနှစ်ယောက်ဖြစ်တဲ့ မိတ္တနဲ့စိတ္တကို မေးမြန်းစရာရှိလို့လာခေါ်တာပါ”
မောက်တိုကိုဆောင်းထားတဲ့ရဲမက်တွေစကားကြောင့် ခြံစောင့်ဖြစ်သူ ဦးသာရဲ့ပါးစပ်တွေအဟောင်းသားဖြစ်သွားခဲ့တယ်။
ခဏနေတော့ အိမ်ထဲကနေ ပိုးချိတ်လုံချည်ကိုကျနစွာဝတ်ဆင်ထားပြီး ခေါင်းပေါင်းပေါင်းထားတဲ့ လူကြီး တစ်ယောက်ထွက်လာပြီး –
“ သင်တို့က မြို့စားနန္ဒကျော်သူရဲ့ ရဲမက်တွေထင်တယ်– “
“ ဟုတ်တယ် ကျုပ်တို့က မြို့စားနန္ဒကျော်သူရဲ့ ရဲမက်တွေပါ”
“ ဒါဆိုရင် ကျုပ်သားနှစ်ယောက်ကို ဘာအရေးကိစ္စနဲ့ မေးမြန်းချင်တယ်ဆိုတာ အရင်ပြောပြနိုင်မလား”
အင်းသာမြို့ရဲ့မျက်နှာဖုံး သူဌေးကြီးဦးဘောဂရဲ့စကားကြောင့် ရဲမက်တွေအချင်းချင်းပြန်ကြည့်လိုက်ပြီး
“ သင်တို့သားနှစ်ယောက်က ပုန်ကန်မှုကိုလှုံဆော်နေတယ်ဆိုပြီးသတင်းအတိအကျရထားလို့ လာခေါ်တာပါ”
ရဲမက်တွေရဲ့စကားကြောင့် ဦးဘောဂ ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး
“ သင်တို့ရဲ့စကားက အဓိပ္ပါယ်သိပ်မဲ့လွန်းတယ်… ကျုပ်သားနှစ်ယောက်က ဆတ်ဆတ်ထိမခံတဲ့လူတွေဖြစ်ပေမယ့် ဒီလိုမျိုးကိစ္စတော့လုပ်မှာမဟုတ်ဘူး..
အခုသူတို့အိမ်မှာမရှိဘူး ပြန်လာရင် ရုံးကိုလွှတ်ပေးလိုက်မယ်”
“ သူတို့အိမ်မှာမရှိရင် ဘယ်မှာရှိတာလဲ… ကျုပ်တို့က သူတို့နှစ်ယောက်မပါပဲ မပြန်နိုင်ဘူး”
“ အိမ်း ဒီလိုဆိုတော့လဲ သူတို့ရှိတဲ့နေရာခေါ်သွားပေးရတာပေါ့… ဟဲ့ မောင်သာ ငါ့သားတွေရှိတဲ့နေရာ ခေါ်သွားပေးလိုက်”
အေးအေးလူလူနဲ့စကားပြောနေတဲ့ ဦးဘောဂရဲ့ သွင်ပြင်ကြောင့် ရဲမက်တွေ ဘာမှစောဒကမတက်ရဲတော့ပဲ ခြံစောင့်ဖြစ်သူခေါ်တဲ့နောက်ကိုလိုက်သွားခဲ့ကြတယ်။
– – – – – – – – – – –
အတော်အတန်ကျယ်ဝန်းတဲ့ ခြံဝိုင်းတစ်ခုထဲမှာတော့ လေ့ကျင့်ခန်းလုပ်နေတဲ့လူငယ်တွေအပြင် ဗန်တိုဗန်ရှည်သိုင်းပညာရပ်တွေကိုလေ့လာသင်ယူနေတဲ့သူတွေအပြည့်ရှိနေခဲ့တယ်။
“ ဆရာကြီး ရဲမက်တွေ ခြံဝိုင်းထဲဝင်လာနေကြတယ်”
ဓါးသိုင်းလေ့ကျင့်နေတဲ့ငစိန်ရဲ့စကားကြောင့် ကုက္ကိုပင်အောက်မှာ ရေနွေးကြမ်းသောက်နေတဲ့ ပွဲကျောင်းဆရာဦးဝဏ္ဏတစ်ယောက် မျက်မှောင်ကျုတ်လိုက်ပြီး
“ ဘယ်သူတွေများလဲလို့ နန္ဒကျော်သူငယ်သားတွေကိုး… ဘာအရေးကိစ္စရှိလို့လဲ”
ရဲမက်တွေက ဦးဝဏ္ဏကိုမြင်တော့ အလိုလိုရှိန်သွားကြပြီး
“ သူဌေးဦးဘောဂရဲ့သား မိတ္တနဲ့စိတ္တကို လာခေါ်တာပါ”
“ မိတ္တနဲ့စိတ္တဟုတ်လား… ဒီကောင်လေးတွေကို ဘာကိစ္စနဲ့လာခေါ်ရတာလဲ … ငါ့ကိုရှင်းရှင်းပြောစမ်း”
အသံမာမာနဲ့ပြောလိုက်တဲ့အသံကြောင့် ရဲမက်တွေ မျက်လွှာကိုအောက်ချပြီး ငြိမ်သက်သွားခဲ့တယ်။ ဦးဝဏ္ဏဆိုတာကလဲ ရွှေမြို့တော်ရှင်မင်းတရားကြီးနဲ့အတူတူ
တိုက်ပွဲတွေကို ရဲရင့်စွာတိုက်ခိုက်ခဲ့သူဖြစ်တဲ့အပြင် မင်းတရားကြီးရဲ့အလေးပေးမှုကိုခံရတဲ့သူတစ်ဦးဖြစ်တယ်ဆိုတာသိထားတဲ့ ရဲမက်တွေက မဝံ့မရဲနဲ့
“ ဟို ဟို ဦးဘောဂ သားနှစ်ယောက်က ပုန်ကန်မှုတွေမှာပါဝင်တယ်ဆိုတဲ့သတင်းကြောင့် လာခေါ်ရခြင်းဖြစ်ပါတယ်”
“ သယ် … မင်းတို့ကစွပ်စွဲချက်ပြင်းလှချည်လား.. ဟိုနှစ်ကောင် ထွက်လာခဲ့စမ်း”
ဆရာကြီးဦးဝဏ္ဏခေါ်သံကြောင့် လူအုပ်ထဲကနေ ရင်အုပ်ကျယ်ကျယ်မှာ ကြွက်သားတွေအမြောင်းမြောင်းထနေတဲ့ လူငယ်နှစ်ယောက် ထွက်လာခဲ့တယ်။
“ သူတို့က မိတ္တနဲ့ စိတ္တပဲ … မင်းတို့က သူတို့နှစ်ယောက်သူပုန်ထရာမှာကူညီတယ်လို့ပြောရတဲ့သက်သေတစ်ခုပြ… မပြနိုင်လို့ကတော့
မနက်ဖြန်နေပြည်တော်ထိ ငါတက်ပြီး ပြောရလိမ့်မယ်”
ဦးဝဏ္ဏ စကားကြောင့် ရဲမက်တွေ မျက်စိပျက်မျက်နှာပျက်ဖြစ်သွားပြီး
“ သက်သေအတိအကျတော့မရှိပေမယ့်… ကျွန်တော်တို့ရထားတဲ့ သတင်း….”
“ သက်သေတိတိပပ မရှိပဲ အပြစ်မရှိတဲ့လူတွေကို အခုလိုဖမ်းလားစီးလား လုပ်စရာလား ဟမ်”
ရင်ခေါင်းသံနဲ့ဟိန်းဟောက်လိုက်တဲ့ ဦးဝဏ္ဏ စကားကြောင့် ရဲမက်တွေဘာမှစောဒကမတက်ရဲတော့ပဲ
“ ကျွန်တော်တို့လဲ မြို့စားမင်းခိုင်းလို့လုပ်ရတာပါ…”
“ အေး ငါ့တပည့်တွေကိုဖမ်းချင်ရင် သက်သေအခိုင်အမာရအောင်ရှာပြီးမှလာခဲ့လို့ မင်းတို့မြို့စားကိုပြောလိုက်… “
ရဲမက်တွေလဲ ဦးဝဏ္ဏစကားအဆုံးမှာ ကုပ်ချောင်းချောင်းနဲ့ ခြံဝိုင်းအပြင်ကိုထွက်သွားခဲ့ကြတယ်။
ရဲမက်တွေထွက်သွားတော့ ဦးဝဏ္ဏက စိတ္တနဲ့မိတ္တကို စူးစိုက်ကြည့်ပြီး
“ ခုနက လေ့ကျင့်နေတဲ့ နေရာကနေ ပြန်လုပ်ကြ”လို့ပြောကာ ရေနွေးကြမ်းကို မော့ချလိုက်တယ်။
– – – – – – – – – – –
“ နောင် ဝေ ဝေ ဝေ”
ကျောဘက်ကနေထွက်လာတဲ့ ကြေးစည်သံကြောင့် မြင်နေတဲ့မြင်ကွင်းတွေအားလုံးကို မေ့ပစ်ကာ တရားထိုင်တဲ့အမှုကို ရပ်နားလိုက်တယ်။
“ခုနက ကြေးစည်သံတစ်ချက် ကြားလိုက်ရတယ် ဆရာ”
အနောက်မှာထိုင်နေတဲ့ သက်ခိုင်စကားကြောင့် အောင်မြတ်သာက
“ ဒီသစ်ပင်ပေါ်မှာနေတဲ့ ရုက္ခစိုးဘုံနန်းက ထွက်ပေါ်လာတာဖြစ်မယ်…သူက ဒီအချိန်ဆိုရင် မေတ္တာပို့အမျှတန်းဝေနေကြလေ”
“ ကျွန်တော်တို့ ဒီအုတ်ဂူဘေးမှာစောင့်နေတာ သုံးရက်နဲ့သုံးညတိတိရှိပြီနော်… ရွာမှာကျန်ခဲ့တဲ့ လူငယ်တွေလာမယ်ဆိုတာ သေချာပါ့မလားဆရာ”
“ သူတို့သေချာပေါက်ရောက်လာလိမ့်မယ်…သူတို့ရောက်တာနဲ့ ဒီနေရာမှာ ထူးခြားမှုတွေဆက်တိုက်ဖြစ်ပေါ်လာနိုင်တယ်”
“ အဝူးး—– “
စွဲစွဲငင်ငင်အူလိုက်တဲ့အသံကြောင့် အောင်မြတ်သာတို့ဆရာတပည့်တွေ သစ်ပင်အောက်ကနေထပြီး ကြည့်လိုက်ရာ မလှမ်းမကမ်းမှာပေါက်နေတဲ့
ညောင်ညိုပင်အောက်မှာ သင်္ကန်းအစုတ်ကိုဝတ်ထားပြီး ကျောပေးရပ်နေတဲ့ရဟန်းတစ်ပါးကိုမြင်လိုက်ရတယ်။
အဲဒီအချိန် အောင်မြတ်သာရဲ့မျက်လုံးထဲမှာ စိုစွတ်နေတဲ့ မြေကို တူးနေကြတဲ့ စိတ္တနဲ့ မိတ္တတို့နှစ်ယောက်အပြင် သူတို့ရဲ့ဘေးမှာတော့
ဘုန်းကြီးဝတ်ထားတဲ့ ဦးဝဏ္ဏက လက်ပိုက်ပြီးရပ်ကြည့်နေတဲ့မြင်ကွင်းကိုမြင်လိုက်ရတယ်။
“ ဟိုလူငယ်နှစ်ယောက် ဒီအနားတစ်ဝိုက်ကိုရောက်နေပြီ… အမြန်လိုက်ရှာမှဖြစ်မယ်”
အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့တောက်ရက
“ ဆရာ ဒီမှာပဲနေခဲ့ပါ… ကျွန်တော်တို့ လိုက်ရှာခဲ့ပါ့မယ်”လို့ပြောပြီး အမှောင်ထုထဲကိုထွက်သွားခဲ့ကြတယ်။
အောင်မြတ်သာလဲ မြင်လိုက်ရတဲ့ မြင်ကွင်းကိုသိချင်နေတာမို့ မဉ္ဇူသကပန်းပင်အောက်မှာပဲ တင်ပလ္လင်ခွေပြန်ထိုင်လိုက်ပြီး အာရုံစုစည်းလိုက်တဲ့အခါ…
“ မြန်မြန်တူးထား မိတ္တ… ငါတို့ဆရာရဲ့အကြံစည်တွေအောင်မြင်ရင် မင်းတရားကြီးလက်ထဲ ထီးနန်းပြန်ရမှာကွ”
တူရွင်းကို မြေကြီးထဲထိုးစိုက်ရင်းပြောလိုက်တဲ့ စိတ္တအသံကြောင့် လက်ပိုက်ပြီးရပ်ကြည့်နေတဲ့ ရဟန်းတစ်ပါးက
“ မင်းတရားကြီးက သူ့မိထွေးတော်ရဲ့အကြံအစည်ကို ကြိုမြင်လို့ သူတစ်ခုခုဖြစ်တဲ့အခါ ကူညီနိုင်အောင် ငါ့ကိုဒီအရပ်ဒေသကိုပို့ပြီး
လူသူလက်နက်စုဆောင်းခိုင်းထားတာပဲ.. ဒီဖြစ်ရပ်တွေထဲ မင်းတို့နှစ်ယောက်ကို ဆွဲထည့်မိတာ စိတ်မကောင်းပါဘူး”
“ တပည့်တော်တို့က ဒီဖြစ်ရပ်ထဲကို မိမိရဲ့စိတ်ဆန္ဒနဲ့ဝင်ပါခဲ့ကြတာပါ… အခုဆို တပည့်တော်ရဲ့ဖခင်ဖြစ်သူလဲ မိထွေးတော်ရဲ့လူတွေကြောင့်
အသက်ဆုံးခဲ့ရပီးပြီ၊ ဖခင်ပိုင်ဆိုင်ခဲ့တဲ့ပစ္စည်းတွေကိုလဲ မိန်းမယုတ်နဲ့အပေါင်းအပါတွေက လက်ဝါးကြီးအုပ်ထားကြတာ ဆရာတော်အမြင်ပဲ…
တပည့်တော်တို့ဘဝက မင်းတရားကြီးထီးနန်းပြန်ရမှပဲ အရာအားလုံးကိုလက်စားပြန်ချေနိုင်မှာ”
မိတ္တက ပြောရင်းဆိုရင်း တူရွင်းကိုမြေကြီးထဲစိုက်ချလိုက်ရာ “ ဒုတ်” ဆိုတဲ့အသံနဲ့အတူ အရာဝတ္တုတစ်ခုကို ထိုးစိုက်မိခဲ့တယ်။
“ ငါအသံကြားလိုက်တယ် အမြန်တူးထုတ်စမ်း”
ရဟန်းတော်က ပခုံးပေါ်ကနေလျောဆင်းသွားတဲ့သင်္ကန်းစကိုဆွဲတင်ရင်း မြေကျင်းထဲကို စူးစိုက်ကြည့်နေခဲ့တယ်။
“ သေတ္တာတစ်လုံးပဲဘုရား… အပေါ်မှာတော့ ဘာမှန်းမသိတဲ့အက္ခရာတွေရေးထားတယ်”
စိတ္တက သေတ္တာကိုမပေါ်မတင်ပြီး ကမ်းပေးလိုက်ရာ –
“ ဒါက ငါတို့ရှာနေတဲ့သေတ္တာပဲ… ဒီဟာက ရှေးဟောင်းပွဲကျောင်းဆရာတွေသုံးခဲ့တဲ့လက်စွဲစာအုပ်.. ဒီထဲမှာ စိတ်ကူးနဲ့တောင်မှန်းလို့မရတဲ့ ပညာရပ်တွေပါတယ်”
“ တပည့်တော်တို့ပင်ပန်းရကျိုးနပ်ပီထင်ပါတယ်… အခုစာအုပ်လဲရပီဆိုတော့ စခန်းကိုပဲပြန်တော့မလားအရှင်ဘုရား”
“ စခန်းကိုပြန်လို့မဖြစ်သေးဘူး မင်းတို့နှစ်ယောက်အတွက် သီးသန့်လုပ်စရာရှိသေးတယ်..မနက်ဖြန် ညသန်းခေါင်အချိန်ရောက်တာနဲ့ ဒီအရပ်ဒေသမှာရှိတဲ့
င်္သချိုင်းကိုးခုက အခေါင်းသံတွေကို ရနိုင်သလောက်စုရမယ်…”
“ အရှင်ဘုရား မဟုတ်မှလွဲရော … “
“ အေး ဟုတ်တယ် … လောကီအစီအရင်တွေနဲ့ပြည့်နေတဲ့ ကိုးင်္သချိုင်းသံဓါးလုပ်ဖို့ပဲ.. ဒါကလဲ မင်းတို့နှစ်ယောက်အတွက်သီးသန့်ဖြစ်နေရမယ်…
အခေါင်းသံရှာဖွေမှုများတဲ့သူက ထုထည်ကြီးမားတဲ့ဓါးကိုရမှာဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်ရှာတဲ့နေရာမတူဖို့သတိထားကြပါ”
– – – – – – – – –
အောင်မြတ်သာမျက်လုံးထဲမှာမြင်နေတဲ့အရာတွေက တစ်ဖြေးဖြေးမုန်ဝါးပျောက်ကွယ်သွားတဲ့အချိန် တောစပ်တစ်နေရာကနေ
တစ်ရှပ်ရှပ်နဲ့လမ်းလျောက်လာတဲ့အသံကိုကြားလိုက်ရတယ်။
“ ဆရာ ဆရာ ရွာက ကလေးနှစ်ယောက်ကိုရှာတွေ့ပြီ”
သက်ခိုင်ရဲ့အသံနဲ့အတူ လွယ်အိတ်ကိုယ်စီလွယ်ကာ လိုက်ပါလာတဲ့ လူငယ်နှစ်ယောက်ကိုမြင်လိုက်ရတယ်။
“ ဒီကောင်လေးတွေ ဆရာပေးခဲ့တဲ့စာကိုရပြီးထဲက ရွာကနေထွက်လာခဲ့ကြတာတဲ့… ဒီနေရာကိုရောက်ဖို့ အတော်လာခဲ့ရတယ်ပြောတယ်”
သက်ခိုင်စကားကိုကြားတော့ အောင်မြတ်သာက ပြုံးလိုက်ပြီး –
“ မင်းတို့ရောက်လာမယ်ဆိုတာ ကြိုမြင်ပြီးသားပါ… အခုတော့ ဒီအသီးလေးစားပြီး နားလိုက်ကြဦး”
အောာင်မြတ်သာက လွယ်အိတ်ထဲမှာ ထည့်ထားတဲ့ ပန်းသီးနှစ်လုံးကိုထုတ်ပေးလိုက်တဲ့အချိန် နားထဲမှာ စူးရှရှအသံပေါင်းစုံကိုကြားလိုက်ရတယ်။
လူငယ်နှစ်ယောက်ကတော့ ဘာမှသိဟန်မတူပဲ အောင်မြတ်သာပေးတဲ့ပန်းသီးကို စားလိုက်ပြီး သစ်ပင်အောက်က လွတ်နေတဲ့နေရာလေးမှာ ကျောဆန့်လှဲချလိုက်ပါလေရော။
သုံးရက်ဆက်တိုက် ခရီးပန်းလာတဲ့အတွက် ကျောချတာနဲ့ အိပ်ပျော်သွားတဲ့လူငယ်သုံးယောက်ဘေးမှာတော့ အောင်မြတ်သာတို့က ငြိမ်သက်စွာပြီးစောင့်ကြပ်နေခဲ့ကြတယ်။
“ ငါ့တပည့်တွေ ရောက်လာကြပီ … ငါ့တပည့်တွေ အီးဟီးဟီး” ဆိုတဲ့ငိုသံနဲ့အတူ သင်္ကန်းအစုတ်ကိုဝတ်ထားတဲ့ ဘုန်းကြီးတစ်ပါးတောထဲကိုဝင်ရောက်ပျောက်ကွယ်သွားတာမြင်လိုက်ရတယ်။
အချိန်အတန်ကြာတော့ အိပ်ပျော်နေတဲ့လူငယ်နှစ်ယောက်နိုးလာပြီး
“ ကျွန်တော်တို့ခဗျာ ဆရာပေးတဲ့စာကိုဖတ်ပြီး စိတ်ဝင်စားတာနဲ့ ဒီနေရာကိုမရမကရှာကြံလာခဲ့ရတာ… ဆရာရေးထားတဲ့ထဲမှာ မဉ္ဇူသကနတ်ပန်းပင်ဆိုတာ ဒီအပင်လား”
“ ဟုတ်တယ်လေ ဘာဖြစ်လို့လဲ”
“ ကျွန်တော်တို့စိတ်ထဲမှာ ဒီနေရာကို အရင်ကရောက်ခဲ့ဖူးသလိုခံစားမိနေလို့”
“ မင်းတို့ငါတို့တွေအားလုံးဟာ သံသရာတစ်ကွေ့ကွေ့မှာ တွေ့ဆုံခဲ့ကြဖူးတဲ့သူတွေဖြစ်လို့ ဒီနေရာကိုအမှတ်ရတာသိပ်တော့မဆန်းပါဘူး…
အပင်အောက်မှာရှိနေတဲ့ အုတ်ဂူအထဲကိုမြင်ရင် ဒီထက်ပိုထူးဆန်းတာမြင်တွေ့ရလိမ့်မယ်”
အောင်မြတ်သာစကားကြောင့် လူငယ်နှစ်ယောက်ရဲ့အကြည့်တွေက သစ်ပင်အောက်က အုတ်ဂူနှစ်လုံးဆီကိုရောက်သွားခဲ့တယ်။အဲဒီအချိန် အောင်မြတ်သာရဲ့နားထဲမှာ
“ အုတ်ဂူနှစ်လုံးရဲ့ခေါင်းပိုင်းမှာ နီညိုရောင်အင်းပြားနဲ့ရေးထားတဲ့စမတစ်ခုရှိတယ်…စမကိုအစီအရင်တွေနဲ့အသက်သွင်းထားလို့ ဒီတိုင်းဆွဲခွါရင်
ဆရာတို့အတွက်အန္တရာယ်ရှိနိုင်တယ်” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။
“ ဒီအသံက ခုနက သင်္ကန်းအစုတ်ဝတ်ထားတဲ့ ဘုန်းကြီးရဲ့အသံပဲ … သူက ဒီအုတ်ဂူကိုစောင့်ရှောက်နေတဲ့သူများလား”
အောင်မြတ်သာရဲ့အတွေးအဆုံးမှာ သက်ခိုင်က
“ ဆရာ ကျွန်တော်တို့ဘာဆက်လုပ်ရမလဲ”
“ သက်ခိုင် မင်းတို့နှစ်ယောက်က အုတ်ဂူရဲ့ခေါင်းပိုင်းကို လိုက်ရှာကြည့် နီညိုရောင်ကြေးပြားစမတစ်ခုတွေ့လိမ့်မယ်… အဲဒီအခါကျရင် ဆက်မရှာပဲ
အနောက်ကိုဆုတ်ခဲ့.. ငါကတော့ ဒီနေရာပတ်ပတ်လည်ကိုစည်းချဖို့လုပ်ရမယ်”
အောင်မြတ်သာစကားကိုသက်ခိုင်က နားလည်တဲ့ပုံစံနဲ့ခေါင်းညိမ့်ပြလိုက်ပြီး ရေညှိအထပ်ထပ်တက်နေတဲ့ အုတ်ဂူနှစ်လုံးရဲ့ခေါင်းပိုင်းဘက်ကိုထွက်သွားခဲ့တယ်။
ဂါထာတစ်ပုဒ်ကို မတိုးမကျယ်ရွတ်ဖတ်ပြီး စည်းချနေတဲ့ အောင်မြတ်သာအသံကိုကြားတော့ မဥ္ဇူသကနတ်ပန်းပင်ပေါ်ကနေ တောင်ဝှေးကိုတစ်ဒေါက်ဒေါက်ထောက်ပြီး
လမ်းလျောက်ဆင်းလာတဲ့ အဖိုးအိုတစ်ယောက်ကိုတွေ့လိုက်ရတယ်။
သစ်ပင်ခြေရင်းကိုရောက်တော့အဖိုးအိုက
“ ဒီအုတ်ဂူကို လာလာဖောက်တဲ့သူတွေ အများကြီးထဲကမှဘုန်းကြီးတစ္ဆေ ကူညီတာဆိုလို့ သင်တို့ပဲတွေ့ဖူးတယ်”
“ အဖိုး ပြောတဲ့ဘုန်းကြီးတစ္ဆေဆိုတာ သင်္ကန်းအစုတ်ကိုဝတ်ထားတဲ့ပုဂ္ဂိုလ်ကိုပြောတာလား”
“ ဟုတ်တယ် သူက ဒီအုတ်ဂူနားကိုလူစိမ်းကပ်ရင်တောင် ကြိုက်တာမဟုတ်ဘူး… ဒါပေမယ့် သင်တို့ကိုကျတော့ အုတ်ဂူရဲ့လျှို့ဝှက်ချက်ကိုပါပြောပြလိုက်ပါလား”
လူငယ်နှစ်ယောက်က အောင်မြတ်သာနဲ့ ရုက္ခစိုးအဖိုးအိုတို့အပြန်အလှန်ပြောနေတယ်လို့မထင်ပဲ အောင်မြတ်သာတစ်ယောက်ထဲစကားတွေပြောနေတယ်ထင်ပြီး
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြတယ်။
“ အဖိုးပြောတဲ့လျှို့ဝှက်ချက်ဆိုတာ နီညိုရောင်အင်းပြားနဲ့ စီရင်ထားတဲ့အစီအရင်ကိုပြောတာလား… “
“ ဟုတ်တယ်လေ အရင်လာဖော်ကြတဲ့သူတွေဆိုရင် အင်းပြားကိုကိုင်လိုက်တာနဲ့ ဂူပေါက်ပွင့်လာပြီး အဆိပ်ပြင်းတဲ့မြွေတွေ
အကောင်ပေါင်းများစွာထွက်လာပြီး ပေါက်တော့တာပဲ… အချို့ကျတော့လဲ ဂူထဲကနေ မခံမရပ်နိုင်တဲ့အပုတ်ရေတွေထွက်လာတာကြုံရပြန်ရော”
“ ဒါတွေအားလုံက ဘုန်းကြီးတစ္ဆေလုပ်တယ်လို့ ပြောချင်တာလား”
“ သိပ်ဟုတ်တာပေါ့.. သူက အင်းစီရင်နေချိန် စည်းပေါက်လို့ အခုလိုဘဝရောက်ခဲ့ပေမယ့် သူစီရင်ခဲ့တဲ့အင်းစမတွေက အတော်ကိုစွမ်းတဲ့အထဲပါတယ်…
ဒီအုတ်ဂူနှစ်လုံးမတည်ခင်ညကဆိုရင် တစ်ကိုယ်လုံးဓါးဒဏ်ရာတွေနဲ့ သေနေတဲ့ လူနှစ်ယောက်ကိုထမ်းပြီးခေါ်လာခဲ့သေးတယ်.. အခုလဲ ကျုပ်တို့ဆီကို
လူငယ်နှစ်ယောက်ရောက်လာတဲ့အပြင် လောကီပညာရပ်ပိုင်းကိုကျွမ်းကျင်တဲ့ဆရာတွေပါရောက်လာပြီဆိုတော့ ဒီအုတ်ဂူနှစ်လုံးရာဇဝင်က တစ်ဖန်အသက်ပြန်ဝင်လာတော့မယ်ထင်ပါတယ်”
“ ဒီအရပ်ဒေသမှာ နှစ်ပေါင်းများစွာနေလာတဲ့ အဖိုးရဲ့အကူအညီတွေလဲလိုအပ်နိုင်ပါတယ်”
အောင်မြတ်သာရဲ့ဖော်ရွေတဲ့စကားကိုကြားတော့ အဖိုးအိုက ဖြူဖွေးပြီးညီညာနေတဲ့သွားတွေပေါ်အောင်ပြုံးလိုက်ပြီး သစ်ပင်ပေါ်ပြန်တက်သွားခဲ့တယ်။အဲဒီအချိန်
“ ဆရာ … ဆရာ အင်းကွက်ကိုတွေ့ပြီ ..”
“ ဘယ််လိုအင်းကွက်မျိုးလဲသက်ခိုင်”
“ ပုံစံကတော့ ယက္ခလေးကောင် အခေါင်းထမ်းနေတဲ့ပုံစံမျိုးရေးထားတာပဲ .. ကျွန်တော်လဲမတွေ့ဖူးလို့ဆရာကိုလာပြောပြတာ”
အောင်မြတ်သာက သက်ခိုင်ပြောပြတာကိုကြားပြီး
“ ဒီအင်းကို ပညာပြိုင်အင်းတလားလို့ခေါ်တယ်… အဲဒီအင်းစီရင်ဖို့ဆိုရင် ကန်တော့ပွဲ၂ပွဲ၊ ဖျင်နီငါးတောင်ခင်း၊ ထမင်းဖြူနီ ၇ပွဲ၊ အမဲစိမ်း ၇တစ်၊ ငါးစိမ်း၇ကောင်ကို
လူသေထည့်ထားတဲ့ခေါင်းပျဉ်မှာတင်ပြီးစီရင်ရတယ်၊ ဒီအင်းက အတော်ကိုကြမ်းတဲ့အတွက် သာမန်ဆရာတွေမလုပ်နိုင်တဲ့ကိစ္စပဲ”
“ ဒါဆို ကျွန်တော်တို့က ဒီအင်းကိုဘယ်လိုဖျက်မလဲ”
“ ဒီညတော့ ငါတို့လိုအပ်တဲ့ပစ္စည်းတွေမလုံလောက်တဲ့အတွက် မနက်ဖြန်ညမှဆက်လုပ်ကြမယ်… မင်းနဲ့တောက်ရက မနက်ကျရင် လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ အနီးအနားကရွာကိုသွားရလိမ့်မယ်”
“ ဒီလူငယ်နှစ်ယောက်ကိုရောဆရာ..ဘယ်လိုလုပ်ရမလဲ”
“ သူတို့ကို ငါပဲကြည့်ထားပေးမှာဖြစ်လို့ စိတ်မပူပါနဲ့ … မနက်ကျရင်လိုတဲ့ပစ္စည်းတွေကို စာနဲ့ရေးထားပေးမယ်.. ဒီပွဲက မင်းတို့အတွက် အတွေ့အကြုံအသစ်ရမှာအသေအချာပဲ”
အောင်မြတ်သာလဲ အခြေအနေကိုသိရပြီမို့ လူငယ်နှစ်ယောက်ကိုခေါ်ကာ မဉ္ဇူသကနတ်ပန်းပင်အောက်မှာ တစ်ညတာအနားယူစေခဲ့တယ်။
နောက်တစ်နေ့ နေ့လည်လောက်ရောက်တော့ သက်ခိုင်နဲ့ တောက်ရတို့အထုပ်အပိုးတွေနဲ့ပြန်ရောက်လာပြီး
“ ပစ္စည်းတွေအားလုံးရပြီး ကျောက်သင်ပုန်းအကွဲကျမှရှာမရဖြစ်နေတာဆရာ… နောက်ဆုံး ရှာရင်းနဲ့ ဘုန်းကြီးကျောင်းသားတွေသုံးမရလို့ပစ်ထားတဲ့သင်ပုန်းအကွဲတစ်ချပ်ရခဲ့လို့သာပဲ”
သက်ခိုင်က လက်မှာပိုက်ထားတဲ့ပစ္စည်းတွေကို ချပြီး အမောတကောပြောကာ သစ်ပင်အောက်ဝင်ထိုင်လိုက်တယ်။
“ မင်းတို့ရှာခဲ့တဲ့ပစ္စည်းတွေက အတော်စုံတာပဲ… ဒီညက အတော်ကိုခက်ခဲကြမ်းတမ်းမယ့်ပွဲဖြစ်တဲ့အတွက် နားလိုက်ကြဦး”
အောင်မြတ်သာလဲ သက်ခိုင်တို့ယူလာတဲ့ပစ္စည်းတွေကို စိစစ်ရင်း အုတ်ဂူနှစ်ဂူဘက်ကိုကြည့်လိုက်ရာ သင်္ကန်းစတစ်ခု ဖြတ်ခနဲလွင့်သွားတာမြင်လိုက်ရတယ်။
ညဦးပိုင်းအချိန်ရောက်တော့ အောင်မြတ်သာက သင်ဖြူးဖျာအသစ်ပေါ်မှာ ပိတ်ဖြူခင်းပြီး ကန်တော့ပွဲ၅ပွဲ၊ ထမင်း၅ပွဲ၊ သစ်သီးမျိုးစုံ၊ ယိုမျိုးစုံတို့ကိုချကာ
ကိုးပါးသီလခဲယူခဲ့တယ်။ သီလယူပြီးတာနဲ့ ကျောက်သင်ပုန်းကွဲပေါ်မှာ စင်္ကြာပျံအင်းကိုရေးဆွဲပါလေရော။
(စာချပ်။ အင်းရဲ့ပုံစံက အလယ်မှာလှံင်္စကြာကိုင်ထားတဲ့လူငယ်ရုပ်ပုံပါရှိပြီး ဘေးပတ်ပတ်လည်မှာ ဂါထာစမတွေပါရှိပါတယ်။ အင်းအသက်သွင်းဂါထာကိုတော့
မသမာသူတွေအသုံးမပြုနိုင်ရန် ဖော်ပြထားခြင်းမရှိတာကို သည်းခံပေးကြပါ)
စင်္ကြာပျံအင်းကိုရေးဆွဲနေတဲ့အချိန် ဘေးပတ်ဝန်းကျင်ကနေ ကြောက်မယ်ဖွယ်အသံနက်တွေနဲ့အော်ဟစ်သံတွေအပြင် အုတ်ဂူထဲကနေ အစွယ်ဖွေးဖွေးနဲ့နာနာဘာဝတွေထွက်ပြီး
ချောင်းကြည့်နေတာကိုမြင်လိုက်ရတယ်။
အောင်မြတ်သာလဲ တည်ငြိမ်စွာစီရင်ပြီးတဲ့နောက်မှာတော့ စင်္ကြာပျံအင်းကို ပညာပြိုင်ခေါင်းတလားအင်းမြုပ်ထားတဲ့ အုတ်ဂူနှစ်လုံးရဲ့အလယ်ကိုပစ်ထည့်လိုက်ရာ
တောင်ရှည်ပုဆိုးကိုမြောက်နေအောင်ကျိုက်ထားပြီး ချွန်မြနေတဲ့ရွှေရောင်လှံတစ်ချောင်းကိုကိုင်ထားတဲ့ လူငယ်တစ်ယောက်ပေါ်လာခဲ့တယ်။
အဲဒီအချိန် အုတ်ဂူနှစ်လုံးထဲကနေ တစ်ကိုယ်လုံးအမွှေးအမျှင်တွေဖုံးလွှမ်းနေပြီး အစွယ်တွေပြူးထွက်နေတဲ့ ဘီလူးလေးကောင်ထွက်ပေါ်လာခဲ့တယ်။
ရွှေရောင်လှံကိုင်ထားတဲ့ စင်္ကြာအင်းစောင့်က ဘီလူးတွေကိုတွေ့တာနဲ့ လက်ထဲမှာကိုင်ထားတဲ့ လှံနဲ့တရစပ်ဝင်ရောက် တိုက်ခိုက်ပါလေရော။
ဘီလူးလေးကောင်ကလဲ ကြောက်မက်ဖွယ်သွင်ပြင်တွေနဲ့ စင်္ကြာအင်းစောင့်ကို ဘတစ်ပြန်ကြားတစ်ပြန်တိုက်ခိုက်ခုခံရင်း နောက်ဆုံးမှာတော့
စင်္ကြာအင်းစောင့်ရဲ့အတိုင်တွေကိုမခံနိုင်တော့ပဲ တစ်စစီကွဲကြေပျက်စီးသွားခဲ့တယ်။
ဘီလူးလေးကောင် တစ်စစီဖြစ်သွားတာနဲ့ အုတ်ဂူနှစ်လုံးပေါ်မှာကပ်ထားတဲ့ အင်းချပ်ပေါ်ကနေ အပြာရောင်မီးတောက်တွေထွက်လာခဲ့တယ်။
အဲဒီတော့မှ အောင်မြတ်သာက
“ အင်းအစီအရင်တော့ပျက်သွားပြီ … စင်္ကြာအင်းစောင့်လဲ တာဝန်ကျေပါတယ်” လို့ပြောပြီး လက်ကိုဆန့်တန်းလိုက်ရာ ရွှေရောင်လှံတံကိုင်ထားတဲ့
အင်းစောင့်ပျောက်ကွယ်သွားပြီး စင်္ကြာအင်းပျံက လက်ပေါ်ပြန်ရောက်လာခဲ့တယ်။
အောင်မြတ်သာလဲ စင်္ကြာအင်းပျံကိုလွယ်အိတ်ထဲထည့်ကာ
“ အုတ်ဂူနှစ်လုံးကိုတူးပြီးအထဲမှာရှိတဲ့အရာကိုယူဖို့လုပ်ကြပေတော့”
သက်ခိုင်နဲ့တောက်ရလဲ ဟောင်းနွမ်းနေတဲ့ အုတ်ဂူနှစ်လုံးကို ဖြိုဖျက်လိုက်ကြရာ အထဲမှာ အရိုးကျနေပြီဖြစ်တဲ့ အလောင်းနှစ်လောင်းကို စိတ်မချမ်းမြေ့ဖွယ်ရာ
တွေ့လိုက်ရတယ်။ အရိုးစုတွေရဲ့လက်ထဲမှာတော့ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားတဲ့ ဓါးနှစ်လက်က သံချေးတွေအထပ်ထပ်တက်လျက်ရှိနေခဲ့တယ်။
“ ဆရာ … ဓါးနှစ်လက်က ဖြုတ်လို့မရဘူး အရမ်းကြပ်နေတယ်”
တောက်ရစကားကြောင့်အောင်မြတ်သာက ဘေးမှာရပ်နေတဲ့ လူငယ်နှစ်ယောက်ကိုကြည့်ပြီး
“ မင်းတို့နှစ်ယောက်သွားကူညီလိုက်ကြဦး” လို့ပြောလိုက်တော့
လူငယ်နှစ်ယောက်လဲ မနေသာတော့ပဲ အုတ်ဂူထဲကိုဆင်းကာ ဓါးရိုးကိုကိုင်လိုက်တဲ့အချိန် တင်းရင်းနေတဲ့အရိုးစုတွေရဲ့လက်က ရုတ်တရက်ပြေလျော့သွားခဲ့တယ်။
“ ဝါး… ဓါးကလေးနစ်နေတာပဲ … သဘောကျလိုက်တာ”
ရန်မခနဲ့သူရက ဓါးကိုဆွဲယူပြီး အနီးကပ်ကြည့်လိုက်တဲ့အချိန် ခေါင်းထဲထိန်းခနဲဖြစ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး လေထဲလွင့်မျောသွားသလိုဖြစ်ခဲ့ရတယ်။
သူတို့ပြန်သတိရချိန်မှာတော့ ကညင်တိုင်ဆီမီးတွေထွန်းထားတဲ့ နန်းဆောင်တစ်ခုရှေ့မှာ လူပေါင်းများစွာနဲ့တိုက်ခိုက်နေတဲ့ပုံရိပ်တွေကိုမြင်လိုက်ရတယ်။
“ ခုတ်ဟ သတ်ဟ အရှင့်သားအတွက်အမှုတော်ထမ်းကြ” ဆိုပြီး မာန်သွင်းကြုံးဝါးသံတွေနဲ့အတူ လျင်မြန်တဲ့လှုပ်ရှားမှုအချို့ကြောင့် နာကျင်စွာအော်ညဉ်းသံတွေကိုပါကြားလိုက်ရတယ်။
မျက်လုံးအရှေ့မှာ သူတို့နှစ်ယောက်က ငှက်ကြီးတောင်ဓါးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး သဲသဲမဲမဲတိုက်ခိုက်နေတဲ့ပုံရိပ်တွေမြင်နေရင်းနဲ့ပဲ
အရာရာမှုန်ဝါးလာပြီး နောက်ထပ်မြင်ကွင်းအသစ်တွေဖြစ်ပေါ်လာခဲ့တယ်။
ဒီတစ်ခါမှာတော့ မင်းဝတ်တန်ဆာတွေဝတ်ဆင်ထားတဲ့ နှုတ်ခမ်းမွှေးရေးရေးနဲ့ပုဂ္ဂိုလ်က သူတို့နှစ်ယောက်ကို ရွှေကြိုးတွေကိုလှပစွာသီကုံးထားတဲ့ စလွယ်နှစ်ခုကိုပေးကာ
“ ငါကိုယ်တော်မြတ်အတွက် အသက်စွန့်ကာအမှုတော်ထမ်းခဲ့တဲ့ မိတ္တ၊ စိတ္တ ညီနောင်အား ရွာပေါင်းလေးဆယ်ကို အပိုင်းစားပေးစေ.. ထိုရွာတွေက
ထွက်ရှိတဲ့ အခွန်ပဏ္ဍာတွေရဲ့တစ်ဝက်ကိုလဲခံစားရယူစေ” လို့ပြောတဲ့အသံကိုကြားလိုက်ရတယ်။
ပြီးတာနဲ့ မြင်ကွင်းတွေရွေ့လျားပျောက်ကွယ်သွားပြီး အလွန်ကိုချောမောလှပတဲ့မိန်းမတစ်ယောက်က နူးညံ့ပျော့ပျောင်းစွာကပြနေတာကို လက်ခုပ်လက်ဝါးတီးပြီး
အားပေးနေတဲဲ့ သူတို့ရဲ့ခန္ဓာကိုယ်ကိုမြင်လိုက်ရတယ်။ မကြာခင် ကပြအသုံးတော်ခံနေတဲ့မိန်းမက အကိုဖြစ်သူနဲ့ ညုတုတုစကားတွေပြောလိုက်
ညီဖြစ်သူနဲ့ ပလီပလာလုပ်လိုက် ဖြစ်နေတဲ့မြင်ကွင်းတွေထပ်မံပေါ်ပေါက်လာခဲ့တယ်။
မကြာခင် အဲဒီမြင်ကွင်းတွေပျောက်သွားပြီး ရဟန်းဝတ်နဲ့ဘုန်းကြီးတစ်ပါးက ရွှေဖားရုပ်လေးနှစ်ရုပ်ကို ညီအစ်ကိုနှစ်ယောက်ကိုပေးကာ
“ ဒီရွှေဖားရုပ်တွေကို ကိုယ်နဲ့မကွာဆောင်ထားကြ… မင်းတို့ကို မသမာသူတွေဒုက္ခပေးကြတော့မယ်ဆိုတဲ့နိမိတ်ကို မြင်နေရတယ်”
ရဟန်းတစ်ပါးရဲ့စကားသံအဆုံးမှာ ကောက်ကျစ်စွာပြုံးနေတဲ့ ကချေသည်မိန်းမရဲ့ဘေးမှာ တီးတိုးပြောနေတဲ့ ဖိုးသူတော်တစ်ပါးကိုမြင်လိုက်ရတယ်။
အဲဒီမြင်ကွင်းတွေပျောက်ကွယ်သွားတာနဲ့ ရဲမက်တွေလိုက်လို့ ပြေးလွှားနေတဲ့ သူတို့ကိုယ်သူတို့ပြန်မြင်လိုက်ရတယ်။နောက်ဆုံး ရဲမက်တွေဓါးချက်မိပြီး
သွေးသံတရဲရဲဖြစ်နေတဲ့လူနှစ်ယောက်ရဲ့မျက်နှာ၊ ဝမ်းသာအားရပျော်ရွှင်ပြီး ရွှေငွေကျောက်သံပတ္တမြားတွေကိုသိမ်းကျုံးယူငင်နေတဲ့ ကချေသည်မိန်းမတို့ကိုမြင်လိုက်ရတယ်။
“ တောက်”
ခံပြင်းမှု နာကျဉ်းမှုတွေနဲ့ကျယ်လောင်စွာ ထွက်ပေါ်လာတဲ့ တောက်ခတ်သံအဆုံးမှာ ရန်မခနဲ့ သူရတို့မျက်လုံးတွေ နီရဲလာပြီး အသားတွေတစ်ဆတ်ဆတ်တုန်လာခဲ့တယ်။
သူတို့ရဲ့ခေါင်းထဲမှာလဲ အတိတ်ဘဝကဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေအားလုံး တစ်ရေးရေးပေါ်လာတဲ့အချိန် အောင်မြတ်သာက ရန်မခနဲ့ သူရတို့ရဲ့
နဖူးပေါ်ကို ပြာချထားတဲ့ ရန်ပြေငြိမ်းအင်းနဲ့တို့လိုက်တော့မှ ငြိမ်သက်သွားခဲ့တယ်။
အဲဒီအချိန်“ ငါ့ကို စကားပြောခွင့်ပေး…ငါ့ကို စကားပြောခွင့်ပေး”ဆိုတဲ့အသံက တောစပ်ကနေထွက်လာခဲ့တယ်။
“ ဆရာ … အသံကြားရလား..”
“ လက်စသတ်တော့ သင်္ကန်းအစုတ်ကိုဝတ်ထားတဲ့သူက ဒီလူငယ်နှစ်ယောက်ကို​စောင့်နေတာကိုး..”
အောင်မြတ်သာက ခေါင်းတညိမ့်ညိမ့်နဲ့ပြောရင်း တောစပ်ဘက်ကိုလှည့်ကာ
“ သင်တို့ဆရာတပည့်တွေကိုတွေ့ဖို့ခွင့်ပြုပါတယ်”လို့ပြောလိုက်တော့မှ အော်နေတဲ့အသံရပ်သွားခဲ့တယ်။
“ မိတ္တ … စိတ္တ … ငါ့တပည့်တွေ အလာကို စောင့်နေခဲ့တာ နှစ်တွေတောင်မရေတွက်နိုင်တော့ဘူး… အခုတော့ ငါ့ဆီရောက်လာခဲ့ပြီ”
ရန်မခနဲ့ သူရတို့ကြားလိုက်ရတဲ့အသံကြောင့် တောစပ်ဘက်ကို ကြည့်လိုက်ရာ သင်္ကန်းအစုတ်ကိုပတ်ထားတဲ့ ရဟန်းတစ်ပါးရဲ့နောက်ကျောကိုမြင်လိုက်ရတယ်။
ရန်မခနဲ့သူရလဲ အဲဒီမြင်ကွင်းကိုမြင်တော့ သိုင်းပညာသင်ပေးစဉ်ကဖြစ်ရပ်တွေ၊ လိုအပ်တဲ့အကြံဥာဏ်တွေပေးခဲ့ဖူးတဲ့ဖြစ်ရပ်တွေ ခေါင်းထဲပေါ်လာခဲ့တယ်။
“ ဆရာကြီး..ဦးဝဏ္ဏ ဟုတ်ပါတယ်နော်..”
“ ငါ့တပည့်တွေ ဆရာနာမည်မှတ်မိသားပဲ… အခုမင်းတို့ရောက်လာပြီဆိုတော့ အတိတ်ဘဝက မတရားခံခဲ့ရတဲ့ ကိစ္စတွေအပြင် ငါကိုယ်တိုင်
မအောင်မြင်ခဲ့တဲ့ကိစ္စအချို့ကိုမင်းတို့ဆက်လုပ်ရမယ်”
“ ကျွန်တော်တို့ဘာလုပ်ရမှာလဲ….နောက်ပြီးဆရာကြီးက ဘယ်လိုဖြစ်လို့ ဒီလိုဘဝမျိုးကိုရောက်နေခဲ့တာလဲ”
“ မင်းတို့အရမ်းကိုနှစ်သက်စွဲလမ်းခဲ့တဲ့ ကချေသည်မက ဆက်သရမယ့် ဘဏ္ဍာအခွန်တွေကို မင်းတို့နာမည်သုံးပြီးလိမ်လည်လှည့်ဖျားခဲ့တဲ့အပြင်
မင်းတို့ကိုပါဘုရင်မင်းမြတ်အမျက်တော်ရှအောင် ဖန်တီးခဲ့တယ်လေ… မင်းတို့ကိုယ်ရဲမက်တွေဖမ်းမိပြီးသေလုဆဲဆဲဖြစ်နေတဲ့အချိန် ရဟန်းအယောင်ဆောင်ပြီးဝင်ကယ်ခဲ့တဲ့
ငါ့ကိုလဲ တွေ့ရာင်္သချိုင်းဓါးမဆိုင်းသတ်ဖို့ အမိန့်ချမှတ်ခဲ့တယ်… ငါလဲ မင်းတို့ကိုတတ်နိုင်သလောက် ကယ်ဖို့ကြိုးစားပေမယ့် ရထားတဲ့ဒဏ်ရာတွေပြင်းထန်တာကြောင့်
ငါ့လက်ပေါ်မှာပဲဆုံးခဲ့ကြတယ်… မင်းတို့ဆုံးသွားတော့ ငါစီရင်ခဲ့တဲ့ ကိုးင်္သချိုင်းဓါးကို မင်းတို့နဲ့အတူ မြေမြုပ်ပေးခဲ့တယ်… မင်းတို့ရဲ့ ဓါးနှစ်လက်ကို လိုချင်တဲ့သူတွေ
တူးဖော်လို့မရအောင်လဲ အုတ်ဂူပေါ်မှာအစီအရင်တွေလုပ်ခဲ့တယ်… ဒီကိစ္စတွေပြီးတော့ မင်းတို့အပေါ်ယုတ်မာခဲ့တဲ့ မိန်းမယုတ်နဲ့အဖွဲ့ကိုလက်စားချေဖို့ ကဝေအတိုက်အင်းကို
စီမံနေတဲ့အချိန် စည်းပေါက်ပြီးဒီလိုဘဝကိုရောက်ခဲ့ရတာပဲ… မင်းတို့အနေနဲ့ ငါ့ကိုဒီဘဝက ကျွတ်လွတ်စေချင်ရင် ယခင်ငါနေခဲ့တဲ့အိမ်ဝိုင်းထဲက ကုက္ကိုပင်အောက်မှာမြုပ်ထားတဲ့
ရွှေစလွယ်ကိုထုခွဲရောင်းချပြီး အလှူအတန်းလုပ်ပေးပါ.. ဒီအလှူကိုမင်းတို့လက်နဲ့လုပ်ပြီး ရေစက်ချမှ ငါကျွတ်လွတ်နိုင်မယ်… ဟိုမိန်းမယုတ်နဲ့အဖွဲ့ကိုတော့ လူ့ဘဝပြန်ရောက်မှ
လက်စားချေမယ်”လို့ပြောပြီး ပျောက်ကွယ်သွားခဲ့တယ်။
ကျောပေးကာ အံတစ်ကြိတ်ကြိတ်ပြောနေတဲ့ ဆရာဖြစ်သူကိုမြင်တော့ ရန်မခနဲ့သူရတို့ရဲ့ ဒေါသစိတ်တွေပြန်ပြီး ထကြွလာပေမယ့် နဖူးမှာသုတ်ထားတဲ့
ရန်ပြေငြိမ်းအင်းပြာကထိန်းထားတဲ့အတွက် အသိစိတ်ပျောက်တဲ့အထိမဖြစ်ခဲ့ဘူး။
“ ဟိုတောင်ပေါ်မှာတွေ့ခဲ့တဲ့ ဥစ္စာစောင့်မက ငါတို့ကို ဒုက္ခပေးခဲ့တဲ့သူပဲ… ဒါကြောင့် သူတို့ကိုမြင်တုန်းက မြင်ဖူးနေတယ်လို့ခံစားနေရတာ”
ရန်မခရဲ့စကားကို သူရက ထောက်ခံရင်း
“ သူတို့ကြောင့် အကုန်လုံးဒုက္ခရောက်ခဲ့ကြတာ… သူတို့ပိုင်တယ်ဆိုတဲ့ပစ္စည်းတွေကလဲ ငါတို့ပိုင်ခဲ့တဲ့ပစ္စည်းတွေပဲ”
“ ဟုတ်ပါတယ် မင်းတို့ပိုင်တဲ့ပစ္စည်းတွေကို သူတို့ကစောင့်နေရတဲ့သဘောပါ”
“ ကျွန်တော်တို့ဘာဆက်လုပ်ရမလဲဆရာ”
“ မင်းတို့ကိုဒီရောက်အောင်ခေါ်လိုက်ရတာက ခုနကပုဂ္ဂိုလ်ကိုကျွတ်လွတ်အောင်လုပ်ပေးဖို့ပဲ…သူ့ရဲ့ပညာက အဆင့်အတန်းမြင့်ပေမယ့် မင်းတို့အပေါ်ထားတဲ့
မေတ္တာကြောင့် အင်းအပေါ်စိတ်မနှစ်နိုင်ပဲ စည်းပေါက်သွားခဲ့တာ.. သူသေခါနီး အုတ်ဂူထဲမှာမြုပ်ထားတဲ့ ဓါးနှစ်လက်ကို စိတ်စွဲနေတဲ့အတွက် ငါတို့က
ပိုင်ရှင်ကိုဖြစ်တဲ့မင်းတို့နှစ်ယောက်လက်ထဲကိုပြန်ထည့်ပေးတဲ့သဘောပါ.. အဲလိုထည့်ပေးလိုက်မှပဲ သူစွဲလမ်းနေတဲ့နေရာကနေ ကျွတ်လွတ်ချင်တဲ့စိတ်ဖြစ်ပေါ်မှာလေ…
ဒါကြောင့် ငါတို့အခုလုပ်ရမှာက ရွှေစလွယ်မြုပ်ထားတဲ့ ကုက္ကိုပင်ကိုရှာဖို့ပဲ…”
“ ဆရာ နှစ်ပေါင်းများစွာကြာပြီးမှ ဒီကုက္ကိုပင်ကို ရှာတွေ့ဖို့ဆိုတာဖြစ်နိုင်ပါ့မလား”
သက်ခိုင်စကားကြောင့် အောင်မြတ်သာက မဉ္ဇူသကနတ်ပန်းပင်ကိုမော့ကြည့်ပြီး
“ ငါတို့မသိနိုင်ပေမယ့် အဖိုးကတော့ သိမယ်ထင်ပါတယ်” လို့ပြောကာ ပင်စည်ကိုလက်နဲ့ပုတ်ပြီး
“ ကျွန်တော်ပြောထားတဲ့အတိုင်း အဖိုးရဲ့အကူအညီလိုအပ်နေပြီ… အောက်ကိုဆင်းလာခဲ့ပါဦး..”လို့ပြောလိုက်ရာ သစ်ပင်မှာစောင့်တဲ့ အဖိုးအိုကလမ်းလျောက်ဆင်းလာပြီး
“ ဆရာလေးတို့ ဘာအကူအညီလိုလဲ ပြောပါ.. ကျုပ်နိုင်သလောက်ကူညီပေးပါ့မယ်”
“ သင်္ကန်းအစုတ်ဝတ်ထားတဲ့ ပုဂ္ဂိုလ်က ဒီနယ်တစ်ဝိုက်မှာ ပွဲကျောင်းဝိုင်းတစ်ခုထောင်ခဲ့တယ်ပြောတယ်… အဲဒီဝိုင်းက ဘယ်နားလောက်ဖြစ်မလဲဆိုတာ အဖိုးအနေနဲ့ သိရင်ပြောပြပေးပါဦး”
အောင်မြတ်သာစကားကြောင့် အဖိုးအိုက မျက်မှောင်ကြီးကျုံကာစဉ်းစားလိုက်ပြီး
“ ဆရာလေးတို့ပြောတဲ့ ပွဲကျောင်းဝိုင်းက နတ်ဖိုးကုန်းပိုင်တဲ့နယ်မြေထဲဖြစ်ဖို့များတယ်.. သူက ကျုပ်ထက်ဝါပိုရင့်လို့ သူ့ကိုမေးရင်တော့ သေချာပေါက်သိလိမ့်မယ်”
“ နတ်ဖိုးကုန်း ပိုင်တဲ့နယ်မြေဆိုတာ ဘယ်အပိုင်းလောက်ဖြစ်မလဲ ပြောပေးပါဦး”
“ ဒီတောလမ်းအတိုင်းတည့်တည့်သွားရင် လူကြီးလေးဖက်စာလောက်ရှိတဲ့ကျွန်းနှစ်ပင်ကိုတွေ့လိမ့်မယ်… အဲဒီကျွန်းပင်ရဲ့အလယ်မှာ နတ်ဖိုးကွန်းနေတယ် ဆရာလေး”
“ ကျေးဇူးတင်ပါတယ် အဖိုး … ကျွန်တော်တို့လဲ အခုချက်ချင်းသွားလိုက်ပါ့မယ်”
အောင်မြတ်သာက ရုက္ခစိုးအဖိုးအိုကို နှုတ်ဆက်ပြီး ညတွင်းချင်း တောလမ်းအတိုင်းခရီးဆက်ခဲ့ကြတယ်။ လရောင်ကိုအားကိုးပြီးထွက်လာခဲ့တာ မိုင်ဝက်လောက်ရောက်တော့
လူလေးဖက်စာလောက်ကြီးတဲ့ ကျွန်းပင်နှစ်ပင်ရှိတဲ့နေရာကိုရောက်လာခဲ့တယ်။
“ ဤနေရာကိုအပိုင်စားရထားတဲ့ အဖိုးကုန်းကို ပင့်ဖိတ်ပါတယ်… အခုပြောတာကိုကြားတယ် မြင်တယ်ဆိုရင် ကိုယ်ထင်ပြပါ” လို့ပြောလိုက်တော့
အုန်းတစ်ပင်စာလောက်မြင့်တဲ့ ကျွန်းပင်ပေါ်ကနေ ခါးကြီးကုန်းပြီးဆင်းလာတဲ့ နတ်ဖိုးကုန်းကိုမြင်လိုက်ရတယ်။
အရပ်ကြီးက ပေခြောက်ဆယ်လောက်မြင့်ပေမယ့် ခါးကကုန်းနေတဲ့အတွက် မျက်နှာနဲ့မြေကြီးထိလုမတတ်ဖြစ်နေတဲ့ နတ်ဖိုးကုန်းက
“ ငါ့ကိုခေါ်တာ ဘယ်သူတွေလဲဟေ့ …. “
“ အဖိုးကိုအနှောက်အယှက်ပေးမိသလိုဖြစ်သွားပြီ… ကျွန်တော်နာမည်က အောင်မြတ်သာပါ… အထက်ဆရာကြီးတွေရဲ့အမိန့်အရ မကျွတ်မလွတ်ဖြစ်နေတဲ့သူတစ်ဦးကို
ကျွတ်လွတ်အောင်လုပ်ပေးဖို့အတွက်လာခဲ့တာပါ.. “
“ ငါကဘာလုပ်ပေးရမလဲ ပြော…”
“ ဒီလိုပါ အဖိုးက ဒီနယ်မြေမှာနေလာတာ နှစ်ပေါင်းများစွာကြာနေပြီဆိုတော့ ယခင်က နာမည်ကြီးခဲ့တဲ့ ပွဲကျောင်းဆရာဦးဝဏ္ဏရဲ့ခြံဝိုင်းနေရာကိုပြောပြပေးပါဦး”
“ သူ့ကို မကြာခဏ ဒီနယ်ထဲမှာတွေ့ရတယ်… မင်းတို့ကျွတ်လွတ်အောင်လုပ်ပေးမယ်ဆိုတဲ့သူက ပွဲကျောင်းဆရာလား”
“ ဟုတ်ပါတယ် အဖိုး .. သူဝိုင်းထဲက ကုက္ကိုပင်အောက်မှာ မြုပ်ထားတဲ့ပစ္စည်းကိုရမှဖြစ်မှာမို့လို့ပါ”
နတ်ဖိုးကုန်းက အောင်မြတ်သာစကားကို အတန်ကြာစဉ်းစားပြီး
“ နှစ်တွေဒီလောက်ကြာနေတာ မြုပ်ထားတဲ့ပစ္စည်းက မြေကြောတွေပြောင်းပြီး ရှိပါ့ဦးမလားမသိပါဘူး… ကဲကဲ ရှိတာမရှိတာကတော့ သူ့ကံပေါ့ …
မင်းတို့ဒီတောလမ်းအတိုင်းတည့်တည့်ဆက်သွားရင် ကုက္ကိုပင်တစ်ပင်တွေ့လိမ့်မယ်.. ဒီတောထဲမှာ သူ့ထက်ကြီးတဲ့အပင်မရှိတော့ဘူး.. အဲဒါက ပွဲကျောင်းဝိုင်းထဲက အပင်ပဲ”
နတ်ဖိုးကွန်းရဲ့စကားကိုကြားတော့ အောင်မြတ်သာက ဝမ်းသာစွာနှုတ်ဆက်ပြီး တောလမ်းအတိုင်းဆက်ထွက်လာခဲ့ရာ အရုဏ်တက်ခါနီးအချိန်ရောက်တော့မှ
ကြီးချင်တိုင်းကြီးထွားချင်တိုင်းထွားနေတဲ့ ကုက္ကိုပင်ရှေ့ကိုရောက်လာခဲ့တယ်။
အဲဒီအချိန်မှာပဲ ကုက္ကိုပင်ပေါ်ကနေ ခေါင်းပြတ်လုနီးပါးဖြစ်နေတဲ့ မဲမဲအကောင်တစ်ကောင်ဆင်းလာပြီး လွတ်နေတဲ့မြေကိုလျာနဲ့ယက်ပြခဲ့တယ်။
“ ဒီအကောင်က ဦးဝဏ္ဏ အစောင့်ထားခဲ့တဲ့ကောင်ပဲဖြစ်ရမယ်… “
အောင်မြတ်သာစကားအဆုံးမှာ မဲမဲအကောင်ကြီးက ရန်မခနဲ့ သူရတို့လက်ထဲမှာကိုင်ထားတဲ့ ဓါးကိုစူးစိုက်ကြည့်ပြီး ကုက္ကိုပင်ပေါ်ပြန်တက်သွားခဲ့တယ်။
ဒီအဖြစ်အပျက်တွေကို အောင်မြတ်သာတို့သာမြင်ပြီး ရန်မခနဲ့သူရတို့မမြင်တွေ့ခဲ့ဘူး။
“ မင်းတို့နှစ်ယောက်က ဓါးဦးနဲ့ ဒီနေရာကိုတူးကြည့်… သက်ခိုင်နဲ့တောက်ရတို့ ဝင်မပါကြနဲ့”
အောင်မြတ်သာစကားကြောင့် လူငယ်နှစ်ယောက်လဲ ဓါးဦးနဲ့မြေကြီးကိုတူးထုတ်ရာ တစ်တောင်လောက်ရောက်တော့ ဆွတ်ဆွတ်ဖြူနေတဲ့ကျောက်ပြားတစ်ချပ်ကိုရခဲ့တယ်။
ကျောက်ပြားပေါ်မှာတော့ မြေဘုတ်ဘီလူးတွေကို နိုင်နင်းတဲ့အင်းတွေကိုရေးဆွဲထားတာမြင်လိုက်ရတယ်။
“ ဒီကျောက်ပြားက ပစ္စည်းတွေကိုနေရာရွေ့တတ်တဲ့ မြေဘုတ်ဘီလူးတွေအနားကပ်မရအောင်စီရင်ထားတဲ့အရာပဲ… ဒါဆို စလွယ်က ဒီအောက်မှာပဲရှိရမယ် ဆက်တူးကြည့်ကြ”
ရန်မခတို့လဲ ဇွဲမလျော့ပဲဆက်တူးရာ သုံးတောင်လောက်ရောက်တော့ အဝတ်စတစ်ခုနဲ့ထုပ်ထားတဲ့ သေတ္တာတစ်လုံးထွက်လာခဲ့တယ်။
“ ဓါးနဲ့ကလပ်ထုတ်ပြီးဖွင့်ကြည့်လိုက်”
အောင်မြတ်သာစကားကြောင့် အဝတ်စကိုဖယ်ထုတ်လိုက်ရာ ဓါးရေး၃၇ချင်းကို လက်ရာမြောက်စွာထုဆစ်ထားတဲ့ သေတ္တာပေါ်လာခဲ့တယ်။ ရန်မခနဲ့သူရလဲ
လက်ထဲကဓါးဦးနဲ့ဆွေးမြေ့နေတဲ့သေတ္တာကို ကလပ်ထုတ်လိုက်ရာ ရွှေချောင်းတွေကိုအမျှင်လေးတွေဖြစ်အောင်လုပ်ထားပြီး ကျောက်သံပတ္တမြားတွေစီချယ်ထားတဲ့ စလွယ်တစ်ခုထွက်လာခဲ့တယ်။
အဲဒီအချိန် အိပ်တန်းက နိုးလာတဲ့ လင်းကြက်တစ်ကောင်ရဲ့ အော်သံက ကျယ်လောင်စွာထွက်ပေါ်လာခဲ့တယ်။
“ ဒီလောက်တန်ဖိုးကြီးတဲ့စလွယ်ကို ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲ”
သူရရဲ့စကားကြောင့် အောင်မြတ်သာက
“ ဒီရှေးဟောင်းကစ္စည်းကိုထုခွဲရောင်းချပြီး ဦးဝဏ္ဏအတွက် အလှူအတန်းလုပ်ပေးပါ…မင်းတို့လက်ထဲက ဓါးနှစ်လက်ကိုတော့ ဆရာအလှူခံပါရစေ..”
“ ဒီဓါးနဲ့ တောင်ပေါ်က အမျိုးယုတ်မကို လက်စားချေရဦးမယ်..ပေးလို့မဖြစ်ဘူး”
“ သူတို့က ထိတွေ့သုံးစွဲလို့မရတဲ့ ပစ္စည်းတွေကို မကျွတ်မလွတ်ပဲစောင့်ရှောက်နေရတာကိုက ဝဋ်ကြွေးတစ်မျိုးပဲမဟုတ်လား… မင်းတို့နှစ်ယောက်အနေနဲ့
ကုသိုလ်ပြုနိုင်တဲ့ဘုံဘဝရောက်နေတာကို ဘာကြောင့်လက်စားချေလိုမှုတွေပြင်းပြနေတာလဲ…”
အောင်မြတ်သာရဲ့ဆုံးမမှုစကားတွေအောက်မှာ ရန်မခနဲ့ သူရတို့နှစ်ယောက် ခေါင်းငိုက်စိုက်ကာ ငြိမ်သက်သွားပြီး
“ ကျွန်တော်တို့ စလွယ်ကိုရောင်းပြီး ဆရာကြီးအတွက်အလှူအတန်းလုပ်ပေးမယ်… ဓါးကိုတော့ ဆရာတို့ကိုပဲအပ်ခဲ့လိုက်ပါ့မယ်”လို့ပြောကာ ကိုးင်္သချိုင်းဓါးနှစ်လက်ကိုကမ်းပေးခဲ့တယ်။
“ သာဓု သာဓု သာဓု…. မင်းတို့နှစ်ယောက်လှူတဲ့ပစ္စည်းကို မသမာသူတွေအသုံးပြုလို့မရအောင် စီမံထားလိုက်ပါမယ်… ဒါနဲ့ စလွယ်ကိုဘယ်သူ့ကိုမှမပြပါနဲ့…
ရွာပြန်ရောက်လို့ နှစ်ရက်မြောက်နေ့ကျရင် စျေးကောင်းပေးဝယ်မယ့်သူ တစ်ယောက် မင်းတို့အိမ်ကိုရောက်လာလိမ့်မယ်.. သူဆီကရတဲ့ငွေနဲ့အလှူအတန်းလုပ်ပြီး အမျှဝေလိုက်ပါ…”
“ ဆရာတို့ရော မလိုက်လာကြဘူးလား”
“ အချိန်ရရင်တော့ မင်းတို့ရဲ့အလှူကို လာခဲ့ပါ့မယ်… မင်းတို့ရွာကိုပြန်မယ်ဆိုရင် အခုမြင်နေရတဲ့လမ်းအတိုင်းတည့်တည့်သာသွား နာရီဝက်လောက်ဆို ရွာထိပ်လမ်းဝကိုရောက်လိမ့်မယ်…”
အောင်မြတ်သာစကားကိုကြားတော့ ရန်မခနဲ့သူရတို့နှစ်ယောက်လုံး လက်ပြနှုတ်ဆက်ကာ ထွက်သွားခဲ့ကြတယ်။
“ ဒီကလေးတွေ တောင်ပေါ်ကိုတက်ပြီး ပြဿနာရှာမှာစိတ်ပူမိတယ်ဆရာ”
“ စိတ်မပူပါနဲ့ ရွာကိုပြန်ရောက်လို့အလှူလုပ်ပြီးတာနဲ့ သူတို့ရဲ့မှတ်ဥာဏ်ထဲမှာ ဒီရတနာပစ္စည်းကိုအမှတ်မထင်တွေ့ခဲ့တယ်လို့ပဲ ထင်နေမှာပါ….”
အောင်မြတ်သာနဲ့ သက်ခိုင်တို့က စကားတစ်ပြောပြောနဲ့ထွက်သွားပေမယ့် တောက်ရကတော့ ဓါးနှစ်လက်ကိုလက်မှာပိုက်ကာ အနှောင့်မှာရေးထိုးထားတဲ့စမတွေကို စူးစမ်းနေခဲ့တယ်။
++++++++
နေခြစ်ခြစ်တောက်ပူနေတဲ့ နေ့လယ်ခင်းအချိန် တလင်းပြင်ဘေးက မန်ကျီးပင်အောက်မှာ လူသုံးယောက်ထိုင်နေပြီး အဝေးကိုမျှော်ကြည့်နေခဲ့တယ်။
“ ဆရာ … ဟိုမှာ လာနေပြီ”
မျက်ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားတဲ့ လူတစ်ယောက်က မန်ကျီးပင်အောက်ရောက်တော့ လွယ်အိတ်ထဲကနေ ပစ္စည်းတစ်ခုကိုထုတ်ပြီး
“ ဆရာဝယ်ခိုင်းတဲ့ပစ္စည်းကို တန်ရာတန်ကြေးပေးပြီး ဝယ်လာခဲ့တယ်… လူငယ်နှစ်ယောက်ကတော့ အတော်ကိုပျော်နေကြတာပဲဗျာ”
“ ဘယ်လိုလဲ မြဒင် မင်းလဲအလုပ်ရှုပ်သွားရပြီပေါ့..”
“ မဟုတ်တာဆရာရယ်…ကျွန်တော်ဘဝကိုဆရာကပဲ ပြောင်းလဲပြုပြင်ပေးခဲ့လေ ဒီလောက်တော့လုပ်ပေးရမှာပေါ့ဗျာ”
အောင်မြတ်သာက မြဒင် ကမ်းပေးတဲ့ စလွယ်ကိုယူပြီး မတ်တပ်ရပ်ကာ
“ နောက်တစ်ခေါက်မှ ပြန်ဆုံကြတာပေါ့… အခုတော့ မသွားမဖြစ်တဲ့ခရီးတစ်ခုသွားရဦးမယ်”
“ ဆရာတို့ ခရီးလမ်းအဆင်ပြေပါစေဗျာ…ဒါနဲ့ ကျွန်တော်အတွက် တစ်ပွဲထိုးထုံးမန်းလေးလုပ်ပေးဦးနော်”
မြဒင်စကားကိုကြားတော့ အောင်မြတ်သာက ဖြူဖွေးနေတဲ့သွားတက်လေးပေါ်အောင်ပြုံးလိုက်ပြီး
“ တစ်ပွဲထိုး ထုံးမန်းတောင်းပြီး ဓါးပြထပ်တိုက်ဦးမလို့လား” လို့မေးလိုက်တော့ မြဒင်က ဟက်ဟက်ပက်ပက်ရယ်ရင်း ကျန်ရစ်ခဲ့ပါတော့တယ်။
နောက်ဝတ္တုမှာတော့ မနာလိုမှုကနေ စီးပွါးပျက်အသက်သေဆုံးတဲ့အထိဖြစ်အောင်လုပ်ထားတဲ့အတိုက်ကို ဘယ်လိုဖော်ထုတ်မလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်
လူသေလက်ညိုးခေါင်မိုးထိုး ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment