စုန်းကိုး မှော်ကိုး ကဝေကိုး

” စုန်းကိုး မှော်ကိုး ကဝေကိုး ”
မူရင်းရေးသားသူ — ဆရာတာတေ
+++++++++++++++++++++
ပုဗ္ဗာရုံကျောင်း ကထိန်မှာဗျာ။ပုဗ္ဗာရုံဆိုတာက ကျုပ်ဆရာတော်ရဲ့ကျောင်း
လေဗျာ။ခင်ဗျားမှတ်မိတယ်မို့လား။ ဦးဂုဏလေ။
ကျုပ်တို့ရွာမှာက ဘုန်းကြီးကျောင်း သုံးကျောင်း ရှိတာဗျ။ရွာဦးကျောင်း၊ ပုဗ္ဗာရုံကျောင်း၊
ပြီးတော့ ဒဏ္ခိဏာရုံကျောင်းဗျ။ကထိန်ခင်းပြီဆိုရင် ဒီကျောင်းသုံးကျောင်းစလုံး လွှတ်စည်တာဗျို့။
ကျောင်းသုံးကျောင်းစလုံးရဲ့ ဘောစကံက
ကျယ်သားဗျ။
ကျုပ်တို့ရွာ ထနောင်းကုန်းတင်မဟုတ်ဘူး၊ အနီးအနားက
ဘန့်ဘွေးကုန်း၊မီးလောင်ကုန်း၊ငွေတွင်းကုန်း၊ဆပ်သမြောင်၊သံခနောက်၊
ကျားကုန်း၊ ထိန်ကုန်း၊ကပ္ပလီစု၊ ညောင်ဝိုင်းတို့၊ ဗိုလ်ကုန်းတို့ပါ
ကိုးကွယ်ကြတာ။ဆရာတော် သုံးပါးစလုံးကလည်း ပညာတတ်တွေချည်းပဲဗျ။
သုံးပါးလုံး စာချတန်းအောင်ပြီးသား၊ဓမ္မာစရိယကိုယ်တော်ကြီးတွေဗျို့။
ဒီအထဲမှာမှ ကျုပ်ဆရာတော် ဦးဂုဏက လောကီကြောင်းရော၊ လော
ကုတ္တရာကြောင်းရော ဝါသနာရှိတာဗျ။ ပုဗ္ဗာရုံကျောင်း ကထိန်ဆိုရင်
ကျုပ်တို့ရွာက လူကြီးတွေနဲ့ တခြားရွာက လူကြီးတွေ ဆုံကြပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြ၊သူတို့ ငယ်ငယ်က
အတွေ့အကြုံတွေ ပြောကြနဲ့ လွှတ်နားထောင်ကောင်းတာလားဗျာ။
သူ့ဝိုင်းနဲ့သူ သူ့အုပ်စုနဲ့သူဗျ။ လူကြီးတွေ ပြောသမျှကို ကျုပ်တို့လိုလူငယ်
တွေက နားထောင်ကြတာပေါ့ဗျာ။လက်ဖက်၊ ဂျင်းသုတ် လိုက်တဲ့သူ
ကလိုက်၊ ရေနွေးကြမ်း လိုက်တဲ့လူကလိုက်ပေါ့ဗျာ။
ကျုပ်က သံခနောက်က ဘိုးတော်ကြီးတွေဝိုင်းမှာထိုင်လို့ဗျ။ သံခနောက်ဆို
တာက ကျုပ်တို့တောင်ရွာလေဗျာ။ထနောင်းကုန်းတောင်ဘက်က ရွာပေါ့။
ကျုပ်တို့ရွာက ဘိုးညီပုတို့ ဘိုးရုံတို့လည်း ဒီဝိုင်းမှာ ပါသဗျ။ သံခနောက်
က ဘိုးတော်ကြီးက ဆံပင်နက်နက်ကလေးကို သျှောင်တစောင်းထုံးလို့ဗျ။ နှုတ်ခမ်းမွေးကလည်း အပြားကြီးကြီးဗျ။ သူ့အသားဖြူဖြူမှာ သူ့မျက်
လုံးတွေကလည်း တောက်နေတာပဲဗျ။ စကားပြောကလည်း ကောင်း
လိုက်ပါဘိဗျာ။
စကားပြောကောင်းတယ်ဆိုတာကဘဝအတွေ့အကြုံတွေ စုံလို့ပေါ့ဗျ။
ဒီဘိုးတော်ကြီးရဲ့ နာမည်က ဦးအုပ်တဲ့။ သူ့ကို ဘိုးအုပ်လို့ခေါ်ကြတယ်။
အသက်က ခုနှစ်ဆယ်ကျော်လို့ ရှစ်ဆယ်နားကပ်နေပြီ။ ကျုပ်တို့ရွာကဘိုးညီပုနဲ့မှ ရွယ်တူတွေဗျ။
“မောင်အုပ်ရဲ့ မင်းအသက်ရှစ်ဆယ်ပဲ ကပ်နေပေါ့၊ ခုထိဆံပင်တစ်ချောင်း
မှ မဖြူပါလားကွဲ့၊ ဘယ်လိုကြောင့်တုံး”
ဘိုးညီပုက ဘိုးအုပ်က
မေးလိုက်တော့ပြုံးပြီးပြောသဗျ။
“ဟ…ကိုညီပုရဲ့ မဖြူဆို ကျုပ်က
လူပျိုအရွယ်ကတည်းက ဆေးကောင်းရထားတာကိုးဗျ”
“ဟေ…ဟုတ်လား၊ ဘာဆေးကောင်းများ
တုံး မောင်အုပ်ရဲ့”
“ကျုပ်တို့ရွာကို ကြွလာတဲ့ဆေးဆရာတစ်ယောက်ပြောသွားတာပဲဗျ။ဖန်ခါး
သီးရယ်၊ လက်ဖက်ပုပ်ရယ်၊ ထောလပတ်ရွက်ရယ် ဆတူထောင်းရတယ်တဲ့ဗျ။ ပထမတော့ တစ်မျိုးချင်းထောင်းရတာပေါ့ဗျာ၊
ပြီးတော့ သုံးမျိုးပြန်ပေါင်းပြီး ထောင်းရတယ်။အဲဒီသုံးမျိုးထောင်းထားတာကိုအုန်းဆီနဲ့ပုလင်းထဲမှာထည့်စိမ်ထားပြီးလိမ်းပေးရင်
ဆံပင်မဖြူဘူးဆိုလို့ ကျုပ် သားသမီးတွေလည်း အဲဒါပဲ လိမ်းကြတာ၊ ဆံပင်မဖြူကြဘူးဗျ”
ကျုပ်တို့ ထနောင်းကုန်းက လူငယ်တွေက ဘိုးအုပ်ပြောတဲ့ ဆေးနည်းကို ခေါင်းလေးတွေ တညိတ်ညိတ်လုပ်ပြီး မှတ်နေကြတယ်ဗျို့။
နောက်တော့ စကားတွေရောက်တတ်ရာရာ ပြောရင်းနဲ့ ဘိုးအုပ်က လွှတ်ထူးဆန်းတဲ့ အကြောင်းတစ်ခုပြောပြတယ်။ဘိုးအုပ်ပြောတဲ့အကြောင်း
က ထူးဆန်းလွန်းလို့ ကျုပ်ဖြင့် မျက်တောင်တောင် မခတ်မိအောင်ပါပဲဗျာ။
ဘိုးအုပ်ပြောပြတဲ့အကြောင်းက ကြောင်တစ်ရာဗိုလ်အစီအရင်တဲ့ဗျာ။
“ကျုပ်အဖေက ရှမ်းအစစ်ဗျ။ကိုညီပုရ၊
အမေက သံခနောက်သူ ဗမာအစစ်၊
ကျုပ်ကို ရှမ်းပြည်မှာ မွေးတာ၊ ကျုပ်
အသက်နှစ်ဆယ်ရောက်မှ အဖေဆုံး
လို့ အမေ့မွေးရပ်ကို ရောက်လာခဲ့တာ”
“နေပါဦး မောင်အုပ်ရဲ့၊ မင်းအဖေက
ဘယ်အရပ်သားတုံးကွဲ့”
“ရှမ်းပြည်နောင်ချိုဘက်ကဗျ၊ဒါပေမဲ့
မြို့ပေါ်ကတော့ မဟုတ်ဘူး၊ရွာဘက်
ကပဲ၊ အခုပြောမယ့် ကြောင်တစ်ရာ
ဗိုလ်အစီအရင်ဆိုတာကို ကျုပ် အ
သက်ဆယ့်တစ်နှစ်သားက မြင်ခဲ့ဖူး
တာဗျ။ ဒီတုန်းက လူတော်တော်များ
များက တုတ်ပြီး၊ ဓါးပြီး၊ သေနတ်ပြီး
တာ သိပ်လိုချင်ကြတာဗျ”
“မောင်အုပ်ရယ်၊ ဟိုတုန်းကလူတွေ
တင်မဟုတ်ပါဘူးကွ၊ အခု လူတွေ
လည်း လိုချင်ကြတာပါပဲ”
“အေး …ကျုပ်တို့ရွာက လူချမ်းသာ
တစ်ယောက် ရှိတယ်ဗျ၊ သူလည်း
ရှမ်းပဲ၊နာမည်က စိုင်းအုန်းဂေါင်တဲ့၊
အသက်က လေးဆယ်ကျော်လောက်
ရှိမယ်၊ ကျုပ်က သူ့ခြံထဲက အလုပ်
တွေကို ကူညီဖို့ လုပ်ပေးရတယ်၊
ကျုပ်ကို မုန့်ဖိုးပဲဖိုး ပေးတာပေါ့ဗျာ၊
စိုင်းအုန်းဂေါင်က အိမ်ထောင်ရက်
သား မရှိဘူးဗျ။ တူတွေနဲ့နေတာ။
တစ်ရက်ကျတော့ သူက ကျုပ်ကိုမေးတယ်။
“စိုင်းအုပ် မင်း ကြောင်တစ်ရာဗိုလ်ဆို
တာ ကြားဖူးလား” တဲ့
ကျုပ်ကလည်း ကြားမှ မကြားဖူးတာ။
“ကျုပ်မကြားဖူးဘူးဗျ”
လို့ ပြန်ပြောလိုက်တော့ စိုင်းအုန်ဂေါင်
က ကျုပ်ကို ပြောပြရောဗျို့။
“ဒီလိုကွ စိုင်းအုပ်ရဲ့၊ ပထမဆုံး ကြောင်
နက်တစ်ကောင် ရဖို့လိုတယ်”
“ဗျာ၊ ကြောင်နက်များ ရှားတာလိုက်လို့
ဆရာရယ်”
ကျုပ်က စိုင်းအုန်းဂေါင်ကို ဆရာလို့
ခေါ်တာဗျ။ ဘာဖြစ်လို့တုံးဆိုတော့
သူက ကျုပ်ကို လက်တိုလက်တောင်း
ခိုင်းလို့ အားတဲ့အချိန်ဆိုရင် စာသင်
ပေးတာ။ သူသင်ပေးလို့ ကျုပ် စာ
တတ်လာခဲ့တာပေါ့ဗျာ။
“ငါ့ကောင်ကတော့ အလွယ်ပြောရော့
မယ် ကြောင်နက်တိုင်း လုပ်လို့ရတာ
မဟုတ်ဘူးကွ၊ တောကြောင်အနက်
ဖြစ်ရမယ်၊ပြီးရင် ခြေသည်းရော လက်
သည်းရော မျက်စိရော နက်ရမှာကွ၊
ပြီးရင် အထီးလည်း ဖြစ်ဖို့လိုတယ်”
“ဟာ —ဒါတော့ မလွယ်ဘူးဗျ”
“ဘယ်လွယ်မှာတုံး စိုင်းအုပ်ရဲ့၊
တောထဲတောင်ထဲသွားတဲ့ မုဆိုး
တွေကို မှာထားရတာပေါ့ကွ၊ အဲ
ဒီလို ကြောင်နက်မျိုးရရင် ယူခဲ့ပါ၊
ခင်ဗျားတို့ကို ပိုက်ဆံများများ ပေး
ပါ့မယ်လို့ ပြောရတာပေါ့”
“တစ်ရက်ကျတော့ သီပေါဘက်က
မုဆိုးတစ်ယောက်ရောက်လာပြီး
ကြောင်နက်တစ်ကောင် ပြတယ်၊
သူယူလာတဲ့ ကြောင်နက်က ခြေ
သည်းရော လက်သည်းရော မျက်
စိရော နက်ရုံတင်မကဘူးကွ၊ ပါး
စပ်ထဲက သွားဖုံးရော လျှာပါ နက်
နေတာကွ၊ ပြီးတော့ အထီး”
“ဟာ…ဟုတ်လား ဆရာ”
“အေး…ငါလည်း ဝမ်းသာအားရနဲ့
မုဆိုးကြီးကို ပိုက်ဆံတွေ အများကြီး
ပေးလိုက်ရောဟေ့၊ ပြီးတာနဲ့ ကြောင်
တစ်ရာဗိုလ် အစီအရင်ကို စတော့
တာပေါ့ကွာ”
“ဟင်…ဒါဆိုရင် ဆရာ အဲဒီအစီအရင်
ကို လုပ်ခဲ့ဖူးတာပေါ့ ဟုတ်လား ဆရာ”
“လုပ်ခဲ့ဖူးတာ မဟုတ်ဘူးကွ စိုင်းအုပ်
ရဲ့၊ အခု လုပ်နေတုန်းပဲ”
“ဗျာ …ဒါဆိုရင် ဆရာ့မှာ အဲဒီကြောင်
နက် ရှိတာပေါ့”
“ဟာ …ရှိတာပေါ့ကွ၊ လာ မင်း ငါနဲ့
လိုက်ခဲ့၊ မင်းကို ငါပြမယ်”
စိုင်းအုန်းဂေါင်က ကျုပ်ကို ခြံကြီးထဲ
ခေါ်လာတယ်ဗျ။ သူတို့ခြံကြီးထဲမှာ
က လိမ္မော်ပင်တွေရော၊ မက်မန်းပင်
တွေရော ငှက်ပျောပင်တွေရော ရှိ
တာဗျ။ ခြံကြီးရဲ့ ထောင့်မှာ သစ်
သားတစ်လုံး ရှိတာဗျို့။ စိုင်းအုန်း
ဂေါင်က သစ်သားအိမ်တံခါးကို
ဖွင့်လိုက်တော့ …
“ဟာ ”
ကျုပ်ဖြင့် ယောင်ပြီးတော့တောင်
အော်လိုက်မိရောဗျာ။အိမ်က ကြမ်း
ပြင်ကို ကွန်ကရစ်ခင်းထားတာဗျ။
အိမ်ထဲမှာနှစ်ပတ်လည်တိုင်လေး
တွေကို လက်နှစ်လုံးလောက်ပဲခြား
ပြီး လုပ်ထားတဲ့သစ်သားလှောင်
အိမ်ကြီးဗျ။အထဲမှာငုတ်တုတ်ထိုင်
နေတဲ့ မည်းမည်းအကောင်တစ်
ကောင်ကို ကျုပ်တွေ့လိုက်တယ်။
အရွယ်က ကျားသစ်တစ်ကောင်
လောက် ရှိတယ်ဗျို့။
“ဟာ…ဆရာ၊ ဒါကြောင်ရော ဟုတ်
ရဲ့လား၊ ကျားသစ် မဟုတ်ဘူးလား”
“ဟား ဟား ဟား ကြောင်ပါကွ၊စိုင်း
အုပ်ရဲ့၊ ကျားသစ်မဟုတ်ပါဘူး၊ ဒီ
ကောင် ငါ့ဆီကို ရောက်လာတုန်းက
သာမန်ကြောင်တစ်ကောင်လောက်ပဲ
ရှိတာကွ၊ငါ့အစီအရင်ပညာကြောင့်
ဒီကောင် အခုလို အကြီးကြီးဖြစ်လာ
တာ၊ အစီအရင်ကလည်း ပြီးကာ
နီးနေပြီလေကွာ”
“ကျုပ်ဖြင့် အံ့သြလိုက်တာ ဆရာ
ရယ်”
“အေး …ဒီလိုကွ စိုင်းအုပ်ရဲ့၊ ဒီအစီ
အရင်က ပထမဆုံး ကြောင်တစ်
ကောင်ကို သတ်ပြီး ကြောင်နှလုံး
ကို ထုတ်ယူရတယ်၊ ပြီးရင် အဲဒီ
ကြောင်နှလုံးကို ဒီကြောင်နက်ကို
ကျွေးရတယ်”
“တောကြောင်လား ဆရာ”
“ဟာ မဟုတ်ဘူး၊ ဘာကြောင်ဖြစ်ဖြစ်
ရပါတယ်၊လပြည့်ညသန်းခေါင်နဲ့ လ
ကွယ်ညသန်းခေါင်မှာ မန္တန်ရွတ်ပြီး
ကြောင်နှလုံးကို ထုတ်ယူရတယ်။ ပြီး
ရင် ဒီကောင်ကြီးကို ကျွေးရတယ်။
တစ်လ နှစ်ကြိမ်ပေါ့ကွာ၊ ကြောင်အ
ကောင်တစ်ရာ ပြည့်အောင် ကျွေး
ရတယ်။ အချိန်က လေးနှစ်နဲ့နှစ်လ
ကြာတယ်ကွ၊ ကြားမှာ အဆက်မ
ပြတ်ရဘူး”
“နေပါဦး ဆရာရဲ့၊ ကြောင်အကောင်
တစ်ရာပြည့်အောင် ရှာဖို့က လွယ်ပါ့
မလားဗျ”
“ဟာ ဘယ်လွတ်မလဲကွ၊ ဟိုဘက်
ရွာက ငါ့တပည့်တစ်ယောက်ကို
ကြောင်တွေ မွေးခိုင်းထားရတယ်။
လိုသမျှ ငွေကို ငါပေးရတာပေါ့။
အခုဆိုရင် ဒီကောင်ကြီးကို ကျွေး
ခဲ့တာ ကြောင်တစ်ရာ ပြည့်သွား
ပြီကွ စိုင်းအုပ်ရဲ့”
“ဟာ ဟုတ်လား ဆရာ”
“အေး—ကြောင်ငါးဆယ်ကျော်ရဲ့
နှလုံးတွေကို စားပြီး ကတည်းက
ဒီကောင်ကြီးက တဖြည်းဖြည်းကြီး
လာပြီး မင်းခုနက ပြောသလို ကျား
သစ်နက်ကြီးနဲ့ တူလာတာကွ”
“ဒါဆိုရင် ဆရာက ဘာဆက်လုပ်
ရမှာတုံးဗျ”
“ငါ ဒီကောင်ကြီးကို ကြောင်တစ်ရာ
ပြည့်အောင် ကျွေးပြီးကတည်းက
အားလုံးစမ်းသပ်ကြည့်ပြီးပြီ၊ ဓါး
လည်း ပြီးတယ်၊ လှံလည်း ပြီးတယ်။
သေနတ်လည်း ပြီးနေပြီကွ၊ ပြီးတော့
ဒီကောင် အမြင့်ကြီးရောက်အောင်
ခုန်နိုင်တယ်။ ငှက်ပျောရွက်တွေ
ပေါ်မှာတောင် တက်ထိုင်နေနိုင်
တယ် စိုင်းအုပ်ရေ”
“ဟာ ဟုတ်လား ဆရာ၊ ဒါဆိုရင်
ဒီကောင်ကြီးကို ဆရာ ဘာလုပ်
မြာတုံး”
“ဒီကောင်ကြီးရဲ့ နှလုံးကို ထုတ်ပြီး
မန္တန်ရွတ်ရမယ်၊ ပြီးရင် ငါစားရမှာ
ကွ၊ဒါဆိုရင် ဒီကောင်ကြီး ရသွားတဲ့
ကြောင်တစ်ရာဗိုလ်အစွမ်းတွေ
ငါရရောကွ စိုင်းအုပ်ရ”
“သြော် …ဒီလိုလား၊ နေပါဦး ဆရာရဲ့၊
ဒီကောင်ကြီးကို ဆရာ ဘယ်လိုသတ်
မှာတုံး၊ ဒီကောင်က ဓါးတွေ၊ လှံတွေ
သေနတ်တွေ ပြီးနေပြီဆို”
“ဟား ဟား မင်းက တွေးတတ်သားပဲ
စိုင်းအုပ်ရဲ့၊ မင်းပြောသလိုပဲ ဒီကောင်
ကြီးက ရိုးရိုးဓါးတွေ၊ လှံတွေလောက်
တော့ အယားတောင်ပြေမယ့်ကောင်
မဟုတ်ဘူးကွ၊ ကိုးသင်္ချိုင်းဓါးနဲ့ သတ်
မှရတာ”
“ဗျာ…ကိုးသင်္ချိုင်းဓါး ဟုတ်လား ဆရာ၊
ဆရာမှာ့ ကိုးသင်္ချိုင်းဓါး ရှိလို့လားဗျ”
“ဟား ဟား ဟား ရှိတာပေါ့ စိုင်းအုပ်ရဲ့၊
စော်ဘွားအနွယ်တော်တစ်ယောက်ဆီ
က စျေးကြီးပေးပြီး ဝယ်ထားရတာကွ”
“သြော် …ဒီလိုကိုး၊ ဒါဆိုရင် ဆရာ့အစီ
အရင်ကို ဘယ်တော့လုပ်မှာတုံး”
“မနက်ဖြန်ည သန်းခေါင်မှာ လုပ်ရမယ်
ကွ၊ အဲဒါ မင်းအကူအညီလိုတယ်”
“ဗျာ…ကျုပ်အကူအညီ ဟုတ်လား ဆ
ရာ၊ ပြောပါ ဆရာ၊ ကျုပ် ဘာလုပ်ပေး
ရမလဲ”
“မင်းက လှောင်အိမ်ဖွင့်ပေးဖို့ပါကွာ၊
ပြီးတော့ ငါက မန္တန်ရွတ်ပြီး ဒီကောင်
ကြီးရဲ့ နှလုံးကို စားနေတဲ့အချိန်မှာ
မင်းက စောင့်ပေးရမယ်၊ တကယ်လို့
ငါ လူစိတ်တွေဘာတွေ ပျောက်သွား
ခဲ့ရင် မင်းက ငါ့ကို ရေနဲ့ပက်ပြီး သတိ
ပေးရမယ်ကွ”
“သြော် …ဒါများ ဆရာရယ်၊ ကျုပ်
လုပ်ပေးမှာပေါ့ဗျာ”
ကျုပ်ကလည်း ကျုပ်ဆရာကို ကူညီဖို့
အဆင်သင့်ပါပဲဗျာ၊နောက်နေ့က တန်
ဆောင်မုန်းလပြည့်ညဗျ။ လမှ သာ
လိုက်တာ ထိန်နေတာပေါ့ဗျာ။ ခြံကြီး
တစ်ခုလုံး လင်းထိန်နေတာဗျ။ကျုပ်
ရောက်တော့ ဆရာက ရှမ်းအင်္ကျီ၊
ဘောင်းဘီ အနက်တွေချည်း ဝတ်
ထားတာဗျ။ ခေါင်းပေါင်းကလည်း
အနက်ပဲဗျ။ လရောင်အောက်မှာ
ကျုပ် သေသေချာချာ ကြည့်တယ်
ဗျို့။ ကျုပ်ဆရာ စိုင်းအုန်းဂေါင်ရဲ့
မျက်လုံးတွေဆိုတာ အရောင်ကို
လက်နေတာဗျာ။
“ကဲ…စိုင်းအုပ်၊ ဟောဒီမှာကြည့်၊
ဟောဒါ ကိုးသင်္ချိုင်းဓါးပဲကွဲ့”
ဆရာက သူ့ခါးကြားမှာ ထိုးထားတဲ့
ဓါးမြှောင်တစ်ချောင်းကို ထုတ်ပြတယ်။
ဓါးအိမ်ကိုရွှေပိန်းချပြီး ကျောက်စီထား
တယ်။အထဲကဓါးကိုဆွဲထုတ်လိုက်တော့
လရောင်အောက်မှာ လက်ကနဲ ဖြစ်သွား
တယ်။ဓါးက အရိုးအသွား ဆယ်လက်မ
ကျော်ကျော်လောက် ရှိမယ်ဗျ။ ဗျက်က
လက်နှစ်လုံးလောက်ရှိမယ်။ နှစ်ဖက်
သွားဗျ။ သွေးထားလိုက်တာမှ မြည့်
နေတာပါဗျာ။
” ကဲ စိုင်းအုပ် မင်း မကြောက်ဘူး
မို့လား”
“ဟာ၊ ကျုပ် မကြောက်တတ်ပါဘူးဗျ”
“အေး၊ ဟုတ်ပြီ၊ ဒါဆိုရင် အိမ်တံခါး
ဖွင့်ကွာ၊ အလုပ်စကြရအောင်”
ကျုပ်က အိမ်တံခါးဖွင့်တယ်။ ပြီး
တော့ ဆရာခိုင်းတဲ့အတိုင်း အိမ်
ထဲမှာ ဖယောင်းတိုင်တွေ လင်း
ထိန်နေအောင် လိုက်ထွန်းလိုက်
တယ်။ကျုပ်လုပ်နေတာကို လှောင်
အိမ်မှာ မတ်တတ်ရပ်နေတဲ့ ကျား
သစ်လောက်ရှိတဲ့ ကြောင်နက်ကြီး
က ကြည့်နေတယ်ဗျ။ခဏနေတော့
ဆရာစိုင်းအုန်းဂေါင် အိမ်ထဲကို ဝင်
လာတယ်။
“ဂီး- ဂီး- ဂီး- ဂီး”
စိုင်းအုန်းဂေါင်ကို တွေ့တာနဲ့ ကြောင်
နက်ကြီးက မာန်ဖီတော့တာပဲဗျာ။
ကျုပ်ဖြင့် မကြောက်ဘူးသာ ပြော
ရတာဗျ။ ကြက်သီးတွေ တဖျန်းဖျန်း
ထတော့တာပေါ့ဗျာ။ဆရာက ပါးစပ်
ကနေပြီး မန္တန်တွေ ရွတ်ရောဗျို့။
သူက မန္တန်ရွတ်လေ ကြောင်နက်
ကြီးက ပိုပြီးစိတ်ဆိုးလေပေါ့ဗျာ။
သွားကြီးဖြီးပြီး လှောင်အိမ်ထဲမှာ
လှည့်ပတ်လျှောက်နေရောဗျို့။
“ညောင်၊ ညောင်၊ညောင်၊ညောင်”
အော်တာကတော့ ကြောင်သံပဲဗျ။
ကြောင်နှစ်ကောင်ကိုက်ကာနီးအော်
တဲ့အသံမျိုးဗျ။ ဒါပေမဲ့ အကောင်က
အကြီးကြီးဆိုတော့ ကျားသံလောက်
ကျယ်တာပေါ့ဗျာ။ခဏနေတော့ စိုင်း
အုန်းဂေါင်က ပြောရောဗျ။
“စိုင်းအုပ် လှောင်အိမ်ဖွင့်လိုက်တော့”
ကျုပ်က ခတ်ထားတဲ့ သော့ခလောက်
ကြီးကို ခပ်သုတ်သုတ်ဖွင့်ပြီး လှောင်
အိမ်ရဲ့ ထိုးတံခါးကြီးကို ဆွဲဖွင့်ဖို့ ပြင်
လိုက်တယ်။ ဆရာ စိုင်းအုန်းဂေါင်ကို
လှည့်ကြည့်လိုက်တော့ အဆင်သင့်
ဖြစ်နေပြီဗျ။ နေဦးဗျို့။ ကျုပ်ပြောရ
ဦးမယ်။ကျုပ်ဆရာ စိုင်းအုန်းဂေါင်က
သိုင်းပညာလည်း တော်တော်ကို
တတ်တဲ့လူဗျ။
“ဝုန်း”
ကျုပ်က လှောင်အိမ်တံခါးကို ‘ဝုန်း’
ကနဲ မြည်အောင် ဆွဲဖွင့်လိုက်တယ်။
“စိုင်းအုပ်၊ မင်း အိမ်ပြင်ထွက်တော့”
ဆရာက ကျုပ်ကို အိမ်ပြင်ထွက်ခိုင်း
တယ်။ ကျုပ်လည်း အိမ်ပြင်ကို ပြေး
ထွက်ပြီး အိမ်ရှေ့မှာ ကပျာကယာ
လိုက်ရှာလိုက်တော့ နှစ်တောင်ရှည်
တဲ့ သစ်ကိုင်းကျိုးတစ်ချောင်း သွား
တွေ့တယ်ဗျ။ လုံးပတ်က ကျုပ်ထွာ
ဆိုင်လောက်ရှိတယ်။ ကျုပ်က အဲဒီ
တုတ်ချောင်းကို လက်ထဲမှာ စုံကိုင်
ပြီး အိမ်ထဲကို ကြည့်လိုက်တယ်။
ကြောင်နက်ကြီးက ‘ဝေါင်း’ကနဲ
မာန်ဖီပြီး ဆရာစိုင်းအုန်းဂေါင်ကို
လွှားကနဲ ခုန်အုပ်လိုက်ရောဗျို့။
တကယ်ကို ကျားသစ်နက်ကြီးလို
ပါပဲဗျာ။ ဆရာက သိုင်းတကယ်
တတ်တဲ့လူဆိုတော့ အသာကလေး
ရှောင်လိုက်တာဗျ။ ရှောင်ပြီးတာနဲ့
လက်ထဲက ဓါးနဲ့ ကြောင်နက်ကြီး
ရဲ့ လက်ပြင်ကို တဆုံးထိုးချလိုက်
တယ်။ ဒါပေမဲ့ သူထင်သလို ဖြစ်
မလာဘဲ ဓါးက ခုန်ထွက်လာတယ်
ဗျ။ ဒီမှာတင် ကျုပ်ဆရာ မျက်နှာ
ကွက်ကနဲ ပျက်သွားရောဗျို့။အ
ရှိန်လွန်ပြီး အိမ်ရှေ့ကို ရောက်
လာတဲ့ ကြောင်နက်ကြီးကို ကျုပ်
က ပြေးရိုက်ချလိုက်တယ်။
“ဖုန်း၊ ဘုတ်၊ အား”
‘ဖုန်း’ဆိုတာက ကြောင်နက်ကြီးကို
ကျုပ် တုတ်နဲ့ ရိုက်လိုက်တဲ့အသံဗျ။
‘ဘုတ်’ဆိုတာက ကြောင်နက်ကြီးက
ကျုပ်လက်ထဲက တုတ်ကို ပုတ်ချ
လိုက်တာ။ ‘အား’ဆိုတာက ကျုပ်
လန့်ပြီး အော်လိုက်တာ။ တုတ်ကို
ပုတ်ချလိုက်တဲ့ လက်သည်းမဲမဲ
ကြီးက ကျုပ်လက်ကို စိုက်ဝင်သွား
တာဗျို့။ ကျုပ်လက်က သွေးတွေ
ဆိုတာ ရဲကနဲ ဖြာကျသွားတယ်။
ဒီမှာတင် ကျုပ်ဆရာက အိမ်ရှေ့
ကို ပြေးထွက်လာရောဗျ။ ဆရာ့
ခြေသံကို ကြားလိုက်တော့ ကြောင်
တစ်ရာဗိုလ် ကြောင်နက်ကြီးက
ဆရာ့ဘက်ကို လှည့်သွားတယ်။
“စိုင်းအုပ် အခြေအနေ မကောင်း
တော့ဘူး၊ ငါ အလိမ်ခံလိုက်ရပြီ။
ဒီဓါးက ကိုးသင်္ချိုင်းဓါးအစစ်မဟုတ်
ဘူး၊ အတုကြီးကွ၊ အခြေအနေ
မကောင်းရင် မင်းပြေးပေတော့
ကြားလား စိုင်းအုပ်”
“ဟုတ်ကဲ့ ဆရာ”
“ဝေါင်း”
ခုန်အုပ်ပြီဗျို့။ ကြောင်တစ်ရာဗိုလ်
ကြောင်နက်ကြီးက ကျုပ်ဆရာကို
ခုန်အုပ်တယ်။ ဆရာက လှစ်ကနဲ
ရှောင်ပြီး ဓါးနဲ့ လှမ်းထိုးတယ်။
ဓါးက ကြောင်ကို မဖောက်နိုင်ဘူးဗျ။
ပြန်ပြီးခုန်ထွက်လာတယ်။ ဆရာက
ထပ်ထိုးတယ်။ ဓါးက ခုန်ထွက်တယ်။
ထပ်ထိုးတယ်။ဒီမှာတင် ကြောင်နက်
ကြီးက ဆတ်ကနဲ လှည့်ပြီး ဆရာ့
လက်ထဲက ကိုးသင်္ချိုင်းဓါးအတုကြီး
ကို ပုတ်ချလိုက်တယ်။
“ဝေါင်း – ဝေါင်း”
ဆရာလက်ထဲက ဓါးလည်း လွတ်
အကျ ကြောင်နက်ကြီးကလည်း
ခုန်အအုပ်။ ဆရာ ဟန်ချက်ပျက်
ပြီး ပက်လက်လန်ကျသွားတယ်။
“ဝေါင်း၊ ဝေါင်း၊ ဝေါင်း”
ဟာ ကိုက်ပြီဗျို့။ ဆရာ့လည်မျိုကို
ကိုက်တော့တာပဲဗျာ။ သွေးတွေများ
ပန်းထွက်လာလိုက်တာ မြင်လို့ကို
မကောင်းပါဘူးဗျာ။ ကျုပ်လည်း
သုတ်ကနဲ လှည့်ပြေးပြီး အိမ်ကြီး
ထဲက ဆရာ့တူကို နှိုးရတော့တာ
ပေါ့ဗျာ။ဆရာ့တူသုံးယောက်လည်း
လှံတွေဆွဲပြီး လက်နှိပ်ဓါတ်မီးတစ်
လက်စီနဲ့ လိုက်ချလာကြတာပေါ့
ဗျာ။ ကြောင်လှောင်တဲ့ အိမ်ရှေ့
ကို ရောက်တော့ ကြောင်နက်ကြီး
က ဆရာရဲ့ နှလုံးကို ဖောက်စား
ထားပြီဗျ။
“ဟာ …ထိုးဟေ့၊ လှံနဲ့ထိုးကွ”
လို့ ဆရာ့တူသုံးယောက်က ညာ
သံပေးပြီး လှံတွေနဲ့ ဝိုင်းထိုးကြ
ရောဗျို့။ ဒီတော့မှ ကြောင်နက်
ကြီးက သွေးတွေ ရွှဲစိုနေတဲ့ ပါး
စပ်ကြီးနဲ့ …
“ဝေါင်း”
လို့ တစ်ချက်အော်ပြီးမှ ပြေးတော့တာ
ဗျာ။ အိမ်နီးချင်းက လူတွေလည်း ဆူဆူ
ညံညံ အသံတွေကြားလို့ ရောက်လာကြ
ရောဗျို့။ဒီတော့မှ ကျားသစ်လောက်ကြီး
တဲ့ ကြောင်နက်ကြီးကို ရွာသားတွေ မြင်
သွားပြီး ဝိုင်းလိုက်ကြတာပေါ့ဗျာ။
ဒီမှာတင် ကြောင်နက်ကြီးက ငှက်ပျော
ပင်ပေါ် ခုန်တက်ပြီး ငှက်ပျောရွက်ပေါ်
မှာ ထိုင်နေရောဗျ။ အဲဒါလည်းမြင်ရော
ရွာသားတွေဆိုတာ ကြောက်ကုန်တော့
တာပေါ့ဗျာ။ ကြောင်နက်ကြီးရဲ့အစွမ်း
ကို မှန်းလို့ရသွားတာပေါ့။ ရွာခေါင်းက
ဒီအကောင်ကြီးကို ရွာထဲက မောင်း
ထုတ်မှ ဖြစ်မယ်ဆိုပြီး မီးတုတ်တွေနဲ့
ဝိုင်းလိုက်တော့မှ ကြောင်တစ်ရာဗိုလ်
ကြီး ရွာပြင်ထွက်ပြေးသွားရောဗျ။ရွာ
သားတွေလည်း နောက်က လိုက်
မောင်းကြတာ။ တောကြီးထဲ ဝင်ပြေး
သွားတော့မှပဲ ရွာထဲကို ပြန်လာကြ
တော့တာဗျို့”
“နေပါဦး မောင်အုပ်ရဲ့၊ မင်းဆရာစိုင်း
အုန်းဂေါင် ဆိုတာကဆေးဝါးလေးကု
လို့ မီသေးရဲ့လား”
ဘိုးညီပုက ဘိုးအုပ်ကို မေးတာဗျ။
“ကိုညီပုရာ၊ နှလုံးဖောက်စားသွားပါ
တယ်ဆိုမှ၊ ခင်ဗျားနှယ် ဘယ်ဆေး
နဲ့ ကုလို့ရဦးမှာတုံး၊ သေတာပေါ့ဗျာ”
ကျုပ်တို့လူငယ်တွေဆိုတာ ဘိုးအုပ်
ပြောတဲ့ ကြောင်တစ်ရာဗိုလ်အစီအရင်
ကြီးကို မျက်တောင်မခတ်နိုင်လောက်
အောင် စိတ်ဝင်စားပြီး နားထောင်နေ
ကြတော့တာဗျို့။
“ညောင် ”
“အောင်မယ်လေး”
ဒီတုန်းမှာပဲ ဘုန်းကြီးကျောင်းက
ကြောင်ကြီးက ကျုပ်တို့နောက်က
ကပ်ပြီး’ညောင်’ကနဲ အော်လိုက်တာ
ကို’အောင်မလေး’ဆိုပြီး လန့်အော်ကြ
တာဗျာ။
“ဟာ ကြောင်တစ်ရာဗိုလ်ကြီး”
ကျောက်ခဲက ကြောင်ကြီးကို လက်
ညှိုးထိုးပြီး အော်လိုက်တာဗျ။
“ဟား ဟား ဟား ဟား ဘယ်ကကြောင်
တစ်ရာဗိုလ်ကမှာလဲ ကျောက်ခဲရာ၊ ဒါ
ဆရာတော့် ကြောင်ကြီးပါကွာ၊ ဟား
ဟား ဟား ဟား”
လူငယ်တွေအားလုံး ဝိုင်းရယ်ကြတော့
ဘိုးအုပ်ရော ဘိုးညီပုတို့၊ ဘိုးရုံတို့ လူ
ကြီးတွေလည်း ပြုံးပြုံးကြီးတွေ လုပ်နေ
ကြတော့တာပေါ့ဗျာ။ဆရာ့တော်ကျောင်း
က ကထိန်ပြီးသွားပေမယ့် ကျုပ်စိတ်ထဲ
မှာ သံခနောက်က ဘိုးအုပ်ပြောသွားတဲ့
ကြောင်တစ်ရာဗိုလ်အစီအရင်ကြီးကို စွဲ
နေတော့တာပေါ့ဗျာ။
ရွာထဲသွားလို့ ကြောင်တွေ တွေ့ရင်
တောင်မှာ ကျုပ်မှာ လိုက်လိုက်ကြည့်
မိတဲ့အထိပဲဗျို့။ကြောင်နက်တွေ တွေ့
ရင်တော့ မပြောနဲ့ လက်သည်းတွေ
ထုတ်ကြည့်၊ ပါးစပ်ဖြဲပြီးတော့ လျှာ
တွေ မဲသလားကြည့်နဲ့၊ အလုပ်တော်
တော်များသွားတာဗျ။
ကထိန်ရာသီကုန်ပြီဆိုကတည်းက
ကျုပ်တို့ အညာမှာက အေးတော့တာ
ဗျ။ ဆောင်းရာသီအဝင်ပေါ့ဗျာ။ အေး
တယ်ဆိုပေမယ့် မီးလှုံလောက်အောင်
အေးတာတော့ မဟုတ်သေးဘူးဗျ။ ည
ဘက် အိပ်လို့ကောင်းရုံလေးပေါ့ဗျာ။
မနက်ဆိုရင် တော်တော်နဲ့ မထနိုင်ဘူး
ဗျ။ ပြန်ပြန်ပြီး အိပ်ပျော်သွားတာ။
“တာတေ၊ ဟဲ့ တာတေ၊ ထတော့၊
ထတော့ ဘန့်ဘွေးကုန်းက ငသိန်း၊
ရောက်နေတယ်၊ နင့်ကို နှိုးပေးပါ
ဆိုလို့ ”
“ဟင် – ကိုသိန်းမောင်လား၊ စောစော
စီးစီးပါလား၊ ဘာကိစ္စများရှိလို့ပါလိမ့်”
“အဲဒါတော့ မသိဘူး၊ နင့်တွေ့မှ
ပြောမှာပေါ့ဟဲ့”
ကျုပ်က အိပ်ရာက ကပျာကယာထပြီး
မျက်နှာသစ်လိုက်တယ်။
“ကိုကြီးသိန်း စောစောစီးစီးပါလား”
“စောဆို ဘိုးတော် နှိုးလွှတ်လိုက်လို့ကွ။
မင်းဘိုးတော်ကြီး အစောကြီး ပေါက်ချ
လာလို့ဟေ့”
“ဘယ်သူတုံးဗျ။ ကျုပ်ဘိုးတော်ကြီးဆို
တာ”
“ဟကောင်ရ၊ ဘယ်သူရှိဦးမှာတုံးကွ၊
ဘိုးလူပေကြီးပေါ့”
” ဟာ ဟုတ်လား၊ ဘိုးလူပေ ရောက်
လာတယ် ဟုတ်လား”
“ဟုတ်ပါ့ဗျာ၊မနက်အစောကြီးကို ပေါက်
ချလာတာဗျ။နှင်းတွေ ပိတ်နေတာ ဘယ်
လိုများ ရောက်လာတုံး မသိပါဘူးကွာ။
ရောက်လို့ ဖင်တောင်မထိုင်ရသေးဘူး၊
မောင်တာတေကို အခေါ်လွှတ်ဗျာလို့
ငါ့အဘကို ပြောတာဟေ့၊ ပြီးတော့ ဘိုး
လူပေက မင်းကို မှာလိုက်တယ်၊ ကိစ္စ
အရေးကြီးလို့ ခုချက်ချင်း ခရီးထွက်ရ
မယ်တဲ့ဗျာ။ မိဘတွေကို တစ်ခါတည်း
ခွင့်ပန်ခဲ့ပါတဲ့”
ကျုပ်က အဘနဲ့ အမေကို အကျိုးအ
ကြောင်း ပြောပြလိုက်တယ်။
“ဟဲ့ တာတေ၊ ထမင်းကြမ်းလေးတော့
စားသွားဦးမှပေါ့၊ ဟိုရောက်လို့ နင့်ဆ
ရာကြီးက ခရီးတန်းထွက်ရင် ဘာမှစား
ဖို့ သောက်ဖို့ မမီဘဲ ဖြစ်နေဦးမယ်၊ င
သိန်းလည်း ဘာမှမစားခဲ့ရသေးဘူး
မဟုတ်လား၊ တာတေနဲ့ တစ်ခါတည်း
စားသွားမှာ၊ မနေ့က မီးလောင်ကုန်း
က ငထော် လာပို့လို့ အမဲသားနဲ့ ဆီး
သီးဝမ်းပြင်းလေး ချက်ထားတယ်”
အမေ ထည့်ထားတဲ့ ထမင်းကြမ်းပန်း
ကန်လေးကို ပေါ်ဦးပေါ်ဖျား ဆီးသီး
လေးနဲ့ ချက်ထားတဲ့ အမဲသားဟင်းနဲ့
စားတော့တာပေါ့ဗျာ။ ကိုကြီးသိန်း
မောင်လည်း ကျုပ်နဲ့အတူတူ ထမင်း
ကြမ်းစားသဗျ။ ဘန့်ဘွေးကုန်းနဲ့
ကျုပ်တို့ထနောင်းကုန်းဆိုတာ ဒီလို
ပဲ နှစ်ရွာ တစ်ရွာ နေကြတာဗျ။သူ့
အိမ်ကိုယ်စား၊ ကိုယ့်အိမ်သူစားပေါ့
ဗျာ။ စားသောက်ပြီးတော့ ကျုပ်က
အနွေးထည်ထပ်ဝတ်ပြီး ဆေးလွယ်
အိတ် လွယ်လိုက်တယ်။ ကိုကြီးသိန်း
မောင်နဲ့ ကျုပ်နဲ့ နဂါးဆေးပေါ့လိပ်က
လေး တစ်ယောက်တစ်လိပ်ဖွာပြီး
ထနောင်းကုန်းကနေ ထွက်လာခဲ့
ကြတယ်။ ကိုကြီးသိန်းမောင်တို့
ဝိုင်းထဲဝင်တာနဲ့ ဝိုင်းထဲမှာ အမှိုက်
လှဲနေတဲ့ ဘိုးညိုက ကျုပ်ကို ရယ်
ပြီး ပြောတယ်။
“ကဲ – အိမ်ပေါ်ကိုသာ တန်းတက်ပေ
တော့ တာတေရေ၊ အိမ်ပေါ်မှာ ဘိုး
လူပေ မင်းကို စောင့်နေတယ်၊ မင်း
ရောက်တာနဲ့ ခရီးထွက်မယ်လို့ ပြော
နေတာကွ”
ဘိုးလူပေက တော်တော်အရေးကြီး
နေတဲ့ပုံပဲဗျို့။ကျုပ်အိမ်ပေါ်ကို လှေ
ကားကနေ တန်းတက်လာတယ်။ဘု
ရားစင်ရှေ့မှာ တင်ပလ္လင်ချိတ်ပြီး ထိုင်
နေတဲ့ ဘိုးလူပေက ကျုပ်ကို ပြုံးပြနေ
တယ်ဗျ။
“မောင်တာတေ ရှိမှရှိပါ့မလားလို့
ကျုပ်မှာ စိုးရိမ်နေတာကွဲ့ ”
ဘိုးလူပေကတော့ ဘယ်အခါပဲ ပြန်
တွေ့၊ ပြန်တွေ့ ဒီအရွယ်ပဲဗျ။သျှောင်
တစောင်းနဲ့ ပုဝါလေးပေါင်းလို့ပဲ။ဒါပေ
မဲ့ ကျုပ်စိတ်ထင်တော့ ဘိုးလူပေရဲ့
မျက်လုံးတွေက အရောင်တွေ ပို
တောက်လာသလိုပဲဗျ။
‘မဖဲဝါနေတဲ့ကျွန်း’မှာ ဘိုးလူပေ မီးထုံ
ကူးတာ ကျုပ်ရေးခဲ့ဖူးတယ်လေဗျာ။
“ရှိပါတယ် ဆရာကြီးရဲ့၊ ကျုပ်က
ဘယ်မှ သွားတာလာတာ မရှိပါဘူး”
“အေး …အေး၊ ဟန်ကျပြီပေါ့ကွယ်၊
မောင်တာတေရေ ကျုပ်တို့ ဆရာ
တပည့် ခရီးထွက်ကြရလိမ့်မကွဲ့”
“ဟုတ်ကဲ့ပါ ဆရာကြီး၊ ကျုပ်မိဘတွေ
ကို တစ်ခါတည်း ခွင့်တောင်းပြီး ထွက်
ခဲ့တာပါ၊ ကျုပ်ဘက်ကတော့ သွားဖို့
အဆင်သင့်ပါပဲဗျာ”
“အို ဒါဆိုရင်တော့ အခုပဲ ခရီးထွက်
ကြတာပေါ့ကွယ်၊ ကိုညိုရေ၊မင်းစီစဉ်
ထားတဲ့ လှည်းသမား ခေါ်တော့ဟေ့”
“ဆရာကြီးက မနက်ထမင်းစားပြီးမှ
သွားရောပေါ့ရှင့်၊ ကျမတို့က ထမင်း
ကျွေးချင်နေကြတာ”
ဘိုးညိုရဲ့ သမီးအကြီးက ဘိုးလူပေ
ကို ဧည့်ဝတ်ပြုစကားပြောတာဗျ။
“နောက်တစ်ခါရောက်မှ စားမယ်ကွာ၊
ခုတော့ သွားရမယ့်ခရီးက လှမ်းနေ
သေးတော့ ချက်ချင်းထွက်မှ ဖြစ်မှာ
မို့ပါကွယ်”
သိပ်မကြာဘူးဗျ။ ဝိုင်းရှေ့မှာ လှည်း
တစ်စီး ရပ်လိုက်တယ်။ လှည်းဆွဲတဲ့
နွားကြီးတွေက ထွားထွားကြီးတွေဗျာ။
နှစ်ကောင်လုံး နွားညိုတွေချည်းပဲဗျ။
လှည်းမောင်းတဲ့လူကို ကျုပ်လှမ်း
ကြည့်တော့ ကိုလှထိန်ကြီးဗျ။
သူ့ညီလှစိန် ဆိုတာက ကျုပ်နဲ့ သူ
ငယ်ချင်းဗျ။ လွှတ်ခင်တဲ့ကောင်။
ကျုပ်တို့ရွာက ရွှေတောင်ဦးဘုရား
ပွဲမှာ ဒီကောင်နဲ့ ကျုပ်က တာဝန်
တွေ တွဲတွဲယူရတာများတယ်။
ပြတင်းပေါက်ကနေ ကျုပ် လှမ်းကြည့်
လိုက်တာကို ကိုလှထိန်ကြီးက မြင်
တယ်ဗျ။
“ဟေ့ကောင် တာတေ၊ ချောင်းကြည့်
မနေနဲ့ လာခဲ့၊ မင်းနဲ့ မတွေ့တာကို
ကြာပေါ့”
ကျုပ်ပြောဆိုနေတုန်း ရှိသေးတယ်။
ဘိုးလူပေက လှေကားက ဆင်းနေပြီ
ဗျ။ ဘိုးလူပေကတော့ ဒီအတိုင်းပဲဗျ။
လွှတ်စိတ်မြန်တဲ့ ဘိုးတော်ဗျို့။သွား
မယ်ဆိုတာနဲ့ လမ်းပေါ်ရောက်နေ
ရောဗျ။ကျုပ်လည်း ဆေးလွယ်အိတ်
ကို စလွယ်သိုင်းလွယ်ပြီး ဘိုးလူပေ
နောက်က ပြေးလိုက်ရတော့တာပေါ့
ဗျာ။ကိုသိန်းမောင်နဲ့ ဘိုးညိုက ကျုပ်
တို့ကိုလှည်းနားအထိ လိုက်ပို့ကြတယ်။
ခုချိန်အထိ ဘိုးလူပေကဘယ်ကို သွား
မှာမှန်း ကျုပ်မသိဘူးဗျ။ စွတ်သာလိုက်
လာတာ။
“လှထိန်၊ မင်း လှည်းကို မြောက်က
ထွက်ရမှာ၊ ယင်းချောင်းမရောက်ခင်
ခပ်သွက်သွက်သာမောင်း၊ယင်းချောင်း
ကျော်သွားရင် ထီးဂလိုင်က ဘာမှမ
ဝေးတော့ဘူး၊ဆရာကြီးကို ထီးဂလိုင်
မှာ ထားခဲ့ပြီး ချက်ချင်းပြန်မောင်းခဲ့၊ဒါ
မှ ရွာကို အချိန်ကောင်းပြန်ရောက်မှာ”
“ဟုတ်ကဲ့ ဘိုးညို”
ကိုကြီးလှထိန်က ဘိုးညိုပြောတာကို
ခေါင်းညိတ်ပြပြီး ပြောတယ်။ဒီတော့မှ
ကျုပ်တို့သွားမှာ ထီးဂလိုင်ဆိုတာ သိ
ရတော့တာဗျို့။ကိုလှထိန်ရဲ့လှည်းက
ရွာမြောက်ဘက်တံခါးက ထွက်တယ်။
တကယ်တော့ တောင်ချွန်း၊ ထီးဂလိုင်
တို့ဆိုတာ သိပ်ဝေးတာမဟုတ်ဘူးဗျ။
ယင်းချောင်း ဖြတ်ကူးနေရလို့သာ
ခရီးထောက်တာဗျ။
တောင်ကျရေ ရှိတဲ့အချိန်ဆိုရင် ဒီယင်း
ချောင်းကြီးကျရေနဲ့ ပါသွားခဲ့ဖူးတယ်
လေဗျာ။ခင်ဗျား မှတ်မိသေးလားတော့
မသိဘူး။ ‘တစ္ဆေကြီးနေတဲ့အိမ်’ဝတ္ထုမှာ
ကျုပ်ရေးပြဖူးပါတယ်။ ဘန့်ဘွေးကုန်း
က ထွက်လာပြီး နာရီဝက်လောက် မ
နားတမ်း မောင်းလိုက်တော့ ထိန်ကုန်း
ကို ရောက်ရောဗျ။ လှည်းလမ်းက ရွာ
ပြင်က ပတ်သွားတာဆိုတော့ ရွာထဲ
မရောက်ဘူးပေါ့ဗျာ။ မရောက်တာပဲ
ကောင်းပါတယ်။ထိန်ကုန်းမှာကလည်း
ကျုပ်အသိတွေ များသားဗျ။
ဟို့လူနှုတ်ဆက်၊ ဒီလူနှုတ်ဆက်နဲ့
ကြာနေရင် ဘိုးလူပေကလည်း စိတ်
မြန်မြန်နဲ့ဆိုတော့ ကြိုက်မှာ မဟုတ်
ဘူးဗျ။ ထိန်ကုန်းကျော်လာတော့မှ
ဘိုးလူပေက ကျုပ်ကို ပြောတာဗျ။
“မောင်တာတေကို အခုသွားမယ့်ကိစ္စနဲ့
ပတ်သတ်ပြီးတော့ အနည်းအကျဉ်းတော့
ပြောထားရဦးမယ်ကွဲ့”
“ဟုတ်ကဲ့ပါ ဆရာကြီး”
“မောင်တာတေ၊ ကြောင်တစ်ရာဗိုလ်
အစီအရင်ဆိုတာ ကြားဖူးသလားကွဲ့”
“ဗျာ၊ ကြောင်တစ်ရာဗိုလ် ဟုတ်လား
ဆရာကြီး”
“အေးလကွယ်၊ မောင်တာတေ မကြား
ဘူးသေးရင် ကျုပ်က ပြောပြမလို့ပါ”
“ဟာ ကြားဖူးတယ် ဆရာကြီး၊ အရင်
ကတော့ မကြားဖူးဘူးဗျ။ ဟိုတလော
ကမှ ပုဗ္ဗာရုံကျောင်းကထိန်မှာ သံခ
နောက်က ဘိုးအုပ်ကြီး ပြောပြတာ
ဆရာကြီးရဲ့၊ဘိုးအုပ်က ကိုယ်တွေ့ဗျ။
သူငယ်ငယ်က ကြုံခဲ့တာ သူ့ဆရာ
ကိုယ်တိုင် စီရင်တာဆိုပဲ”
“နို့ အစီအရင် အောင်သလား”
“ဟာ မအောင်ဘူးဗျ၊ ကြောင်တစ်ရာ
ဗိုလ် ဖြစ်သွားတဲ့ ကြောင်နက်ကြီးကို
အဲဒီဆရာကြီးက မသတ်နိုင်ဘူး၊
ကြောင်တစ်ရာဗိုလ်ကြီးကသာ ဘိုး
အုပ်ရဲ့ ဆရာကို သတ်သွားတာဗျ”
ဘိုးလူပေက ကျုပ်ပြောတာကို နား
ထောင်ပြီး ခေါင်းညိတ်ပြတယ်။ ပြီး
တော့မှ ပြောသဗျ။
“မောင်တာတေက ဗဟုသုတရှိတော့
လည်း ကောင်းတာပေါ့ကွယ်၊ဒါဆိုရင်
ကျုပ်ပြောလို့ ရပြီပေါ့၊ မောင်တာတေ
ကြားဖူးတဲ့ ကြောင်တစ်ရာဗိုလ် အစီ
အရင်လိုမျိုး အစီအရင်တစ်ခု ပညာ
သည်တွေကြားမှာ ရှိတယ်ကွဲ့၊ ဒီအစီ
အရင်က ကြောင်တွေနဲ့ စီရင်ရတာ
မဟုတ်ဘူး၊ လူတွေနဲ့ စီရင်ရတာ။လူမှ
ရိုးရိုးလူ မဟုတ်ဘူး၊ပညာသည်တွေနဲ့
စီရင်တာကွဲ့၊ လူလူချင်း နှလုံးကို အ
ရှင်လတ်လတ် ဖောက်စားရတာ”
“ဟာ…ရက်စက်လှချေလားဗျာ”
“ဟုတ်တယ် မောင်တာတေ၊ ပညာ
သည်ဆိုတာ ပညာရူးတွေကွဲ့၊ သူတို့
ပညာ အထွတ်အထိပ်ရောက်ဖို့ တစ်
ခုပဲ သိကြတာ၊ ဒီအတွက်ဆိုရင် လူ
သတ်ရမှာလည်း ဝန်မလေးကြဘူး၊
အစိမ်းစားရမှာလည်း ဝန်မလေးကြ
ဘူး၊ အခုပြောတဲ့ အစီအရင်ကို ‘စုန်း
ကိုး မှော်ကိုး ကဝေကိုး’အစီအရင်လို့
ခေါ်တယ်”
“ဆရာကြီးရယ်၊ ကျုပ်ဖြင့် ကြားရုံနဲ့
တင် ကျောချမ်းလှပါပြီဗျာ”
“အင်း …တကယ်လည်း ကျောချမ်း
စရာကောင်းပေတယ် မောင်တာတေ၊
ပထမဆုံး စုန်းတွေ ရှာပြီး ပညာပြိုင်ရ
တယ်၊ နိုင်သွားရင် စုန်းရဲ့ နှလုံးကို အ
ရှင်လတ်လတ် ထုတ်ယူပြီး အစိမ်းစား
ရတယ်။ နှလုံးကို ဖောက်ယူတဲ့အခါမှာ
လည်း ဓါးနဲ့ မဖောက်ရဘူးကွ၊ လက်
ချောင်းတွေက ထွက်တဲ့စက်တွေနဲ့
ထိုးဖောက်ပြီး လက်နဲ့ နှိုက်ထုတ်ယူ
ရတာ၊ စုန်းက လဲကျပြီး ဆန့်ငင်ဆန့်
ငင် ဖြစ်နေတဲ့အချိန်မှာ နှလုံးကို မန္တန်
ရွတ်ပြီး အစိမ်းစားရတယ်၊ အကုန်
စားဖို့တော့ မလိုဘူးကွ၊ ကိုးကိုက်
ကိုက်ဖဲ့ပြီး ကိုးကြိမ် ဝါးစားရတယ်”
“အောင်မယ်လေးဗျာ၊ တော်တော်လည်း
ရက်စက်တဲ့လူတွေပဲ ဆရာကြီးရာ”
“ဟုတ်တယ် မောင်တာတေ၊ တော်တော်
ကို ရက်စက်ကြမ်းကြုတ်တဲ့ အစီအရင်ပဲ
ကွဲ့”
“ကျုပ်တစ်ခုမေးပါရစေ ဆရာကြီး”
“မေးပါကွယ်၊ မေးပါ”
“ဒီအစီအရင်ကို လုပ်တဲ့လူက စုန်းလား
ကဝေလား ဆရာကြီး”
“ကဝေကြီးတွေပေါ့ကွယ်၊ ပညာတွေ
ကမ်းကုန်သလောက်တတ်ပြီးတာတောင်
မကျေနပ်နိုင်ကြဘဲ ဘီလူးမှော်လို့ခေါ်တဲ့
ဒီအစီအရင်ကြီးကို လုပ်ကြတာကွဲ့”
“နို့ နေပါဦး ဆရာကြီးရဲ့၊ ဒီကဝေကြီးက
အခုပြောတဲ့ ဘီလူးမှော်အောင်သွားခဲ့ရင်
ဘာဖြစ်နိုင်လို့တုံး”
“လက်နက်အမျိုးမျိုး ပြီးတာပေါ့ကွယ်
တုတ်၊ ဓါး၊ လှံတွေလောက် မပြောနဲ့။
သေနတ်အမျိုးမျိုး၊ ဗုံးအမျိုးမျိုး၊ အ
မြောက်အမျိုးမျိုး အားလုံးပြီးတယ်
မောင်တာတေရဲ့၊ဒီအဆင့်ကို အောင်
သားလို့ အတွင်းစခန်းဝင်ပြီး ကျင့်ကြံ
နိုင်ခဲ့ရင် အောက်လမ်းဝိဇ္ဇာဖြစ်ပြီး အ
သက်ကို ထောင်ချီပြီး နေလို့ရသွား
တာပေါ့ကွယ်”
“သြော်…ဒါကြောင့်လုပ်တာကိုး”
“အခု ကျုပ်သွားရမယ့်ကိစ္စက ကိစ္စပဲ
ကွဲ့၊ ကဝေပညာကို ကမ်းခတ်အောင်
တတ်တဲ့ ဒိဗ္ဗလို့ခေါ်တဲ့ ကဝေကြီးက
အခုနေ ပြောတဲ့ စုန်းကိုး မှော်ကိုး က
ဝေကိုးလို့ ခေါ်တဲ့ ဘီလူးမှော်ကြီးကို
အောင်ကာနီးနေပြီ မောင်တာတေရဲ့၊
ဒီကောင် ဒီဗ္ဗက စုန်းမကြီးကိုးယောက်
ရဲ့ နှလုံးကို ဖောက်စားပြီးပြီ၊ မှော်ပညာ
သည် ကိုးယောက်ရဲ့နှလုံးကိုလည်း စား
ပြီးပြီ၊ သူ့ထက်နိမ့်တဲ့ ကဝေရှစ်ယောက်
ရဲ့ နှလုံးကိုလည်း စားပြီးပြီ၊အခုလာမယ့်
လပြည့်ညမှာ ကိုးယောက်မြောက်
ကဝေရဲ့ နှလုံးကို စားလိမ့်မယ်”
“ဟာ …ဟုတ်လား ဆရာကြီး၊
လပြည့်နေ့ဆိုတော့ မနက်ဖြန်ပဲ”
“ဟုတ်တာပေါ့ မောင်တာတေရဲ့၊
ဒါကြောင့် ကျုပ်က တက်သုတ်နှင်ပြီး
ခရီးဆက္ခဲ့ရတာကြ”
“အဲဒီကဝေကြီး သတ်မယ့် ကိုး
ယောက်မြောက် ကဝေက ထီး
ဂလိုင်မှာနေတဲ့လူလား ဆရာကြီး”
“မဟုတ်ဘူး မောင်တာတေ၊ ထီးဂ
လိုင်အနောက်ဘက်က တောင်ပေါ်
ကို တက်ရမှာ၊ အဲဒီမှာ ကဝေတောင်
လို့ခေါ်တဲ့တောင်တစ်လုံးရှိတယ်၊ ဒါ
ပေမဲ့ ဒီနာမည်ကို အရပ်ထဲက လူတွေ
က မသိကြပါဘူး၊ သူတို့က အင်ကြင်း
တောင်လို့ပဲ ခေါ်ကြတာ၊ အင်ကြင်း
တောကြီး ရှိတာကိုး၊ ပြီးတော့ အင်
ကြင်းကျောက်တွေလည်း ပေါမှပေါ
ကွဲ့၊ ဒီအနီးအနားက လူတွေက ရွာ
ထဲမှာ ရေတွင်းပေါင်ခွေဖို့ အင်ကြင်း
ကျောက်လိုရင် သွားရှာတဲ့တောင်
ပေါ့ကွယ်”
“သြော် – ထီးဂလိုင်က လူတွေကတော့
အင်ကြင်းတောင်ဆိုရင် သိမှာပေါ့နော်
ဆရာကြီး”
” ဟာ သိတာပေါ့ မောင်တာတေရဲ့၊
ဒီကောင်တွေ အင်ကြင်းကျောက် ရှာ
တဲ့တောင်ပဲဟာ”
“ဒါထက်နေပါဦး ဆရာကြီးရဲ့၊ ဒီကဝေ
ကြီး ဦးဒိဗ္ဗက သူနဲ့ ပညာပြိုင်မယ့် က
ဝေကို ဒီတောင်မှာ ချိန်းထားလို့လားဗျ”
“ဟား၊ ဟား၊ ဟား၊ ဟား၊ မောင်တာတေ
ကတော့ အတွေးတော်တော်နက်တဲ့ လူ
ငယ်ပေပဲကိုး၊ဘယ်ကဝေကမှ ဒိဗ္ဗနဲ့ ပညာ
မပြိုင်ရဲဘူးကွ၊ ဒိဗ္ဗက အတင်းလိုက်ရှာပြီး
သတ်လို့သာ ကြောက်ကြောက်လန့်လန့်
နဲ့ ဒိဗ္ဗကို ပြန်လုပ်ကြရရှာတာ”
“ဟင်၊ ဒါဆိုရင် ဦးဒိဗ္ဗက ကိုးယောက်
မြောက် ကဝေကို ဖမ်းခေါ်လာပြီး ဒီ
တောင်ပေါ်မှာ သတ်မှာလား ဆရာကြီး”
ဘိုးလူပေက ကျုပ်မေးတာကို ပြုံးပြီး
ခေါင်းခါပြတယ်။ ပြီးတော့မှ မပြောချင်
ပြောချင်နဲ့ ပြောတာဗျို့။
“ကိုးယောက်မြောက် နောက်ဆုံးက
တော့ တခြားသူ မဟုတ်ဘူး မောင်
တာတေ၊ သူကိုယ်တိုင်ပဲကွဲ့”
“ဗျာ၊ သူကိုယ်တိုင် ဟုတ်လား
ဆရာကြီး”
ကျုပ်ဖြင့် အံ့သြလိုက်တာဗျာ၊ဘယ်
လိုယုံရမှန်းတောင် မသိတော့ဘူး။
ဆရာကြီးကိုလည်း ဘာမေးရမှန်း
တောင် ကျုပ်မသိတော့ပါဘူးဗျာ။
“ဟုတ်တယ် မောင်တာတေ၊ ကဝေ
တောင်ထိပ်မှာ ထက်ပိုင်းကျိုးနေတဲ့
ရုပ်ထုဟောင်းကြီးတစ်ခုရှိတယ်၊ အဲ
ဒီရုပ်တုကြီးရဲ့ဘေးမှာ ရေကန်လေး
တစ်ကန်လည်း ရှိတယ်၊ ဒီအနီးအနား
က လူတွေဟာ အဲဒီအရုပ်ကြီးကို နတ်
ရုပ်ကြီးပဲ ထင်ကြတာ၊ ဘေးမှာ ပြိုကျ
နေတဲ့ အဆောက်အဦးပျက်ကိုလည်း
နတ်ကွန်းအပျက်ပဲ ထင်ကြတယ်။
တကယ်ကတော့ ထက်ပိုင်းကျိုးနေ
တဲ့ အရုပ်ကြီးက နတ်ရုပ်ကြီးတော့
ဟုတ်တယ်ကွဲ့၊ ဒါပေမဲ့ အဲဒါ ကဝေ
နတ်ကြီးရဲ့ ရုပ်ထုကြီး မောင်တာတေ
ရဲ့၊ ပြိုကျနေတဲ့ အဆောက်အဦက
ကဝေနတ်ကြီးကို ယစ်ပူဇော်တဲ့
ယစ်ပလ္လင်အဆောက်အဦကြီးကွဲ့၊
ဟိုတုန်းကတော့ ဒီတောင်ပေါ်မှာ
အဆင့်အမြင့်ဆုံး ကဝေပညာတွေ
တက်လှမ်းတဲ့နေရာပေါ့ကွယ်၊ ပြီး
ရက် ယစ်ပလ္လင်ရှိတဲ့ အဆောက်
အဦထဲမှာ အတွင်းစခန်းဝင်ကြ
တယ်၊ အခုနောက်ပိုင်းမှာတော့
ကဝေက ပညာအဆင့် ဒီလောက်
မမြင့်ကြတော့ ကဝေတောင် ဘယ်
နားမှာ ရှိမှန်းတောင် မသိကြတော့
ဘူးကွဲ့၊ ဒိဗ္ဗတစ်ယောက်သာ ဒီအ
ဆင့်ထိ တက်လာနိုင်တာ”
“နေပါဦး ဆရာကြီးရဲ့၊ ကဝေကြီးဦးဒိဗ္ဗ
က သူ့နှလုံးကိုထုတ်ပြီး သူ ဘယ်လိုစား
မှာတုံး ဆရာကြီးရဲ့၊ နှလုံးထုတ်လိုက်ရင်
သူသေသွားပြီ မဟုတ်လားဗျ”
“အင်း…ဒီကိစ္စက မေးထိုက်တဲ့ကိစ္စ
ပေါ့ကွယ်၊ ဒီလိုမောင်တာတေရဲ့၊ လူ
တစ်ယောက်အနေနဲ့တော့ ကိုယ့်နှလုံး
ကို ကိုယ် ဘယ့်နှယ်လုပ်ပြီး ထုတ်မတုံး၊
သေသွားဖို့ပဲ ရှိတာပေါ့၊ ဒိဗ္ဗတို့လို ‘စုန်း
ကိုး မှော်ကိုး ကဝေကိုး’ဆိုတဲ့ ဘီလူး
မှော် အစီအရင် အောင်လာခဲ့တဲ့ လူ
ကတော့ မသေဘူး မောင်တာတေရဲ့၊
ကဝေမန္တန်တွေရွတ်ပြီး လက်ကထွက်
တဲ့ စက်တွေနဲ့ သူ့နှလုံးကို သူကိုယ်တိုင်
ဖောက်ထုတ်ယူပြီး ကိုးကိုက် ကိုက်စား
လိုက်နိုင်ရင် သူ့ရဲ့အသက် ဝိညာဉ်မဲ့
တဲ့ ကိုယ်ကြီးဘေးမှာ ချက်ချင်းရုပ်
အသစ်တစ်ခု ပေါ်လာရောကွ၊ ဒါဆို
ရင် ဒိဗ္ဗ အောင်သွားပြီပေါ့ကွာ၊ သူရဲ့
အသက်မရှိတော့တဲ့ ခန္ဓာဟောင်းကြီး
ကို သူကိုယ်တိုင်ပဲ အောက်လမ်းအင်း
နဲ့ ပေါက်ပြီး မီးသင်္ဂြု ိဟ်ပစ်လိုက်မှာပေါ့၊
သူ့ရဲ့ခန္ဓာအသစ်က ခန္ဓာအဟောင်းနဲ့
တစ်ပုံစံတည်းပဲလေ၊သူ့ကို ဒိဗ္ဗအသစ်
ဖြစ်လာမှန်း ဘယ်သူမှ သိမှာမဟုတ်
ဘူးကွဲ့”
“ဒါဆို ဆရာကြီး အခုလာတဲ့ကိစ္စက…”
ကျုပ်စကားမဆုံးခင်ပဲ ဘိုးလူပေက
ပြောသဗျ။
“အထက်ပုဂ္ဂိုလ်ကြီးတွေက ဒီဗ္ဗက
အောက်လမ်းဝိဇ္ဇာဖြစ်ခွင့်မပေးနိုင်ကြ
ဘူးကွဲ့၊ဒါကြောင့် ကျုပ်ကို လွှတ်လိုက်
ကြတာ”
“သြော် – ကျုပ် သိပါပြီ ဆရာကြီး”
ကိုလှထိန် မောင်းတဲ့လှည်းက ရွာ
တော်ကြီးကိုကျော်တော့ ယင်းချောင်း
ကို ရောက်လာတယ်။ ယင်းချောင်းထဲ
မှာ ရေက ဒူးခေါင်းမြှုပ်ရုံလောက်ပဲရှိ
တာဗျ။ လှည်းက မှန်မှန်လေးမောင်း
ပြီး ဖြတ်ကူးလိုက်တယ်။ ယင်းချောင်း
ဖြတ်ပြီးတော့ တောင်ချွန်း၊တောင်ချွန်း
ပြီးတော့မှ ထီးဂလိုင်ကို ရောက်တာ
ဗျ။ ထီးဂလိုင်ရောက်တော့မှ ဘုန်း
ကြီး ဆွမ်းစားတုန်းပဲ ရှိသေးတာ။
“မောင်လှထိန် ဆရာတို့ရွာထဲ မဝင်
ဘူးကွဲ့၊ အနောက်ဘက်က တောင်
ခြေနားကိုသာ မောင်းပေးကွယ်”
“ဟုတ်ကဲ့ပါ ဆရာကြီး”
လို့ ကိုလှထိန်ကပြောပြီး အနောက်ဘက်
သွားတဲ့ လှည်းလမ်းအတိုင်း လိုက်သွား
တယ်။တောင်ခြေနဲ့နီးလာတော့ ဘိုးလူ
ပေက ပြောတယ်။
“ရပြီ၊ ရပြီ၊ မောင်လှထိန်၊ လှည်းကို
ဒီမှာပဲ ရပ်တော့ကွဲ့ ”
လှည်းရပ်တော့ ဘိုးလူပေကသူ့အိတ်
ကြီးထဲက ငှက်ပျောသီးတွေထုတ်ပြီး
ကိုလှထိန်ကို တစ်လုံးကျွေးတယ်။
ကျုပ်ကို တစ်လုံးကျွေးတယ်။ သူ
ကိုယ်တိုင်လည်း တစ်လုံးစားတယ်။
“ကဲ…မောင်လှထိန် ပြန်ပေတော့၊
ငှက်ပျောသီးတစ်လုံးစားထားတော့
နှစ်ရက်လောက်တော့ ဗိုက်ဆာမှာ
မဟုတ်ဘူးကွဲ့”
ကိုလှထိန်က ဘိုးလူပေ ပြောတဲ့
စကားကို ကြားတော့ အံ့သြပြီး
ကျုပ်ကို လှည့်ကြည့်တယ်။ကျုပ်
က သူ့ကို ခေါင်းညိတ်ကို ပြလိုက်
တော့မှ ကိုလှထိန်က ကျုပ်ကို
နှုတ်ဆက်တယ်။
” ဆရာကြီး ဒါဆိုရင် ကျုပ်ပြန်
တော့မယ်၊ တာတေ ငါပြန်မယ်”
ကိုလှထိန် လှည်းမောင်းပြီး ပြန်သွား
တာနဲ့ ဘိုးလူပေက တောင်ပေါ်ကို
စပြီးတက်ရောဗျို့။တစ်တောင်တက်၊
နောက်တစ်တောင်တက်လိုက်နဲ့ ငါး
လုံးမြောက်တောင်ကို တက်တော့မှ
တစ်တောင်လုံး အင်ကြင်းပင်တွေ
ပေါက်နေတာကို တွေ့ရတာဗျ။
“ဒီတောင်ပဲ မောင်တာတေရဲ့၊
ဒါ ကဝေတောင်ပဲ”
ကျုပ်နဲ့ ဘိုးလူပေ တောင်ထိပ်ကို
ရောက်တော့ …
“ဟာ…ဟုတ်သားပဲ၊ နတ်ရုပ်အ
ကျိုးကြီး”
“ဟုတ်တယ် မောင်တာတေ၊ အဲဒါ
ကဝေနတ်ကြီးရဲ့ ရုပ်တုပဲကွဲ့၊တစ်
ဝက်လောက်က ကျိုးကျသွားတော့
ဟိုမှာတွေ့လား ရေကန်လား၊ အဲဒါ
ကဝေနတ်ကြီး ဖန်ဆင်းထားတဲ့ ရေ
ကန်လို့ ကဝေကြီးတွေက ယုံကြ
တယ်။ နွေ မိုး ဆောင်း ဘယ်အခါ
မှ ရေမခမ်းဘူးကွဲ့၊ အစီအရင်လုပ်
မယ့် ကဝေက အဲဒီကန်မှာ ရေချိုး
ရတယ်၊ ဟိုမှာတွေ့လား ပြိုကျနေ
တဲ့ အဆောက်အဦး။ အဲဒါ ယစ်ပ
လ္လင်ဆောင်လို့ခေါ်တယ်၊ အဲဒီမှာ
အတွင်းစခန်း ဆက်ဝင်ရတာကွဲ့၊လာ
…လာ၊ကျုပ်တို့ ပုန်းဖို့နေရာ ရှာဦးမှ၊
ဒီကောင်က ဒီည ရောက်ရင်ရောက်၊
မရောက်ရင် မနက်ဖြန်မှ ရောက်လိမ့်
မယ်”
ကဝေနတ်ရုပ်ကြီးနဲ့ ခပ်လှမ်းလှမ်း
မှာ ကျောက်ထရံကြီးဗျ။ဘိုးလူပေက
ကျောက်ထရံကြီးဘက်ကို သွားတယ်။
ကျုပ်လည်း နောက်က လိုက်ရတာ
ပေါ့ဗျာ။ ကျောက်ထရံနောက်မှာ
ကျောက်တုံးတွေရော၊ ကျောက်
ဖျာတွေရော ရှိတယ်ဗျ။ ဒီနေရာမှာ
ဒီတစ်ည ပုန်းအိပ်ဖို့ အတော်ပဲဗျ။
ညရောက်တော့ လက တော်တော်
သာနေပြီ။ ကျုပ်လည်း မောမောနဲ့
အိပ်လိုက်တော့ တစ်ရေးတောင်
မနိုးဘူးဗျို့။
“မောင်တာတေ၊ မောင်တာတေ ထ
ထ၊ နိုးနိုးကြားကြားနေ၊ ဒိဗ္ဗ တောင်
ပေါ်တက်လာပြီ”
ဘိုးလူပေက လေသံအုပ်အုပ်ကလေး
နဲ့ နှိုးတာဗျ။ကျုပ်လည်း ကပျာကယာ
ထပြီး ကျောက်ထရံကြီးနောက်ကနေ
ချောင်းကြည့်လိုက်တယ်။ လရောင်
အောက်မှာလူကြီးတစ်ယောက်
တောင်ပေါ်ကို တက်လာတာ တွေ့
ရတယ်ဗျို့။ လူက ပုပြတ်ပြတ်ဗျ။
သျှောင်ထုံးကြီးနဲ့ ပုဆိုးက ကွက်တုံး
ကြီး ဝတ်လို့။ လွယ်အိတ်ကြီးတစ်လုံး
ကို စလွယ်သိုင်း လွယ်ထားတယ်။ဒီ
လူကြီးရဲ့ မျက်လုံးတွေက အရောင်
ကို တောက်နေတာဗျ။ လရောင်
အောက်မှာတောင် တဖျတ်ဖျတ်
လက်နေတာ။
ဦးဒိဗ္ဗကြီးက ရောက်ရောက်ချင်း
ထက်ပိုင်းကျိုးနေတဲ့ ကဝေနတ်ရုပ်
ကြီးရှေ့မှာ ဒူးထောက်ပြီး ရှိခိုးလိုက်
တယ်။ ပြီးတော့မှ နတ်ရေကန်ဘက်
ကို လျှောက်သွားတယ်။ပြိုကျနေတဲ့
ယစ်ပလ္လင်ဆောင်ကို လှမ်းကြည့်ပြီး
ခေါင်းညိတ်တယ်။ ဒီလူကြီးက တစ်
နေကုန် ကဝေနတ်ရုပ်ကြီးရှေ့မှာ
ထိုင်ပြီး မန္တန်တွေ ရွတ်နေရောဗျို့။
ဘိုးလူပေလည်း ကျောက်ထရံ
နောက်က ကျောက်ဖျာပေါ်မှာ
တင်ပလ္လင်ခွေထိုင်ပြီး ပုတီးစိပ်
တော့တာပေါ့ဗျာ။ ကျုပ်ကတော့
ကင်းသမားဗျ။ ကဝေကြီး ဦးဒိဗ္ဗ
ကို မျက်ခြည်မပြတ် ကြည့်နေ
ရတာပေါ့ဗျာ။
မိုးချုပ်ပြီ။ တောင်တွေကို ကျော်ပြီး
လထွက်လာတာဗျ။ တဖြည်းဖြည်းနဲ့
တစ်တောလုံး လင်းသွားတယ်။
“မောင်တာတေ၊ ရော့ ဟောဒီအင်း
ချပ်ကို ယူထား၊ လက်ထဲကနေ လွတ်
မကျစေနဲ့၊ ကျုပ်က ပစ်ဆိုတော့မှ ဒိဗ္ဗ
ကို အနားကပ်ပြီး ပစ်ပေတော့၊ ဘာကို
မှ မကြောက်နဲ့ ၊ ကြားလား၊ကျုပ်မပြော
ဘဲနဲ့တော့ ဒီအင်းကို မပစ်နဲ့နော် မောင်
တာတေ”
“ဟုတ်ကဲ့ပါ ဆရာကြီး”
“ခဏစောင့်ရဦးမယ်ကွဲ့၊ လမွန်းတည့်
တာနဲ့ ဒီကောင်လုပ်ငန်းစမှာပဲ”
ဟုတ်တယ်ဗျို့။ ဘိုးလူပေပြောတဲ့
အတိုင်းပဲဗျာ။ လမွန်းတည့်ကာနီး
တာနဲ့ ကဝေကြီး ဦးဒိဗ္ဗက ကဝေ
မန္တန်တွေ ရွတ်တော့တာပဲဗျာ။သူ့
အသံသြသြကြီးနဲ့ မန္တန်ရွတ်လိုက်
တာ ကဝေတောင်ကြီး တစ်ခုလုံး
ကို ဟိန်းနေတော့တာဗျ။
လမွန်းတည့်ပြီဗျို့။
“လာ၊ မောင်တာတေ ထွက်တော့၊
ဒီကောင် အလုပ်စလုပ်တော့မယ်”
ကျုပ်နဲ့ ဘိုးလူပေ ပုန်းနေတဲ့ ကျောက်
ထရံကြီးနောက်က ထွက်လာပြီး အင်
ကြင်းပင်ကြီးတွေ ကွယ်ရင်းနဲ့ ကဝေ
နတ်ရုပ်ကြီးအနားကို ကပ်လာခဲ့ကြ
တာပေါ့ဗျာ။ ဟော ဦးဒိဗ္ဗလက်က
စက်တွေထွက်လာပြီဗျို့။ ဝင်းဝင်း
တောက်နေတဲ့ စက်တွေဗျ။ကျုပ်ဖြင့်
ဒီလို စက်မျိုး တစ်ခါမှ မမြင်ဖူးပါဘူး
ဗျာ။ ဟော ဟော စက်တွေနဲ့ သူ့ရဲ့
ရင်ညွန့်ပေါ်ကို ထောက်လိုက်ပြီဗျို့။
ရင်ညွန့်တည့်တည့်မှာ လက်ကိုတင်
ထားတာဗျ။ ကဝေကြီးက နတ်ရုပ်ရှေ့
မှာ တင်ပလ္လင်ခွေထိုင်ပြီး လုပ်နေတာ
ဗျ။ အပေါ်ပိုင်းက အင်္ကျီမပါတဲ့ ကိုယ်
ဗလနဲ့ဗျို့။ပါးစပ်က မန္တန်တွေကိုမပြတ်
ရွတ်လေစက်တွေက အရောင်တောက်
လာလေပဲဗျ။ဟာ စက်တွေက ဦးဒိဗ္ဗရဲ့
ကိုယ်ထဲကို ဖောက်ဝင်သွားပြီး သူ့ကိုယ့်
ကြီးတစ်ခုလုံး လင်းနေပြီဗျို့။
မျက်လုံးထဲကလည်း စက်တွေ ထွက်
လာတယ်။ ပါးစပ်ထဲကလည်း စက်
တွေ ထွက်လို့ဗျ။ကျုပ်စိတ်ထင်တော့
လက်က ထွက်နေတဲ့ စက်တွေဟာ
ကိုယ်ထဲကို ဝင်သွားပြီး ကိုယ်ထဲက
ပြန်ဖောက်ထွက်လာတာ ထင်တယ်
ဗျ။ ဟာ…ရင်ညွန့်တည့်တည့်ကို ဦး
ဒိဗ္ဗရဲ့လက်ကြီးဝင်သွားပြီဗျို့။ ဟော
ဆွဲထုတ်နေပြီ၊ ဆွဲထုတ်နေပြီ။ပါလာ
ပြီဗျို့၊ ပါလာပြီ။ သွေးတွေရဲနေတဲ့
ဦးဒိဗ္ဗရဲ့ နှလုံးကြီးက ဦးဒိဗ္ဗရဲ့လက်
ထဲမှာ ဆုပ်လျက်သားကြီး ပါလာပြီ။
ဟာ …ပြေးထွက်သွားပြီဗျို့။ ကျုပ်
ဆရာ ဘိုးလူပေ ပြေးထွက်သွားပြီ။
ဘိုးလူပေက ဒီအချိန်ကို စောင့်နေ
တာ ထင်တယ်ဗျ။
“ဟေ့ …ဒိဗ္ဗ၊ မင်းကို အစီအရင်အောင်
ခွင့် မပြုနိုင်ဘူးဟေ့”
ပြောပြောဆိုဆိုနဲ့ ဘိုးလူပေက
လက်ထဲက အစိမ်းရောင် စက်တွေ
လွှတ်လိုက်တယ်။ သူ့နှလုံးသားကို
သူကိုယ်တိုင် ကိုက်တော့မလို လုပ်
နေတဲ့ ကဝေကြီးက တုံ့ကနဲ ရပ်သွား
ပြီး စက်တွေ တဖျန်းဖျန်းထွက်နေတဲ့
မျက်လုံးကြီးတွေနဲ့ ဘိုးလူပေကိုလှမ်း
ကြည့်လိုက်တယ်။ ပြီးတော့ ဘိုးလူ
ပေရဲ့ စက်တွေကို ပမာမခန့်ပုံစံနဲ့
လှမ်းရိုက်ချလိုက်တယ်။
ညာဘက်လက်မှာ နှလုံးကြီးကိုင်ထား
ပြီး ဘယ်ဘက်လက်က ဘိုးလူပေရဲ့
စက်ကို ကာကွယ်နေတာဗျို့။ ကျုပ်
တစ်သက်မှာ နှလုံးကြီး ဆွဲထုတ်ထား
တဲ့ လူတစ်ယောက် အသက်ရှင်နေ
တာ ဒီတစ်ခါပဲ တွေ့ဖူးတာပေါ့ဗျာ။
ဘိုးလူပေရဲ့ စက်တွေ အပိုင်းပိုင်း
ပြတ်ထွက်သွားတယ်။ ဘိုးလူပေ
လည်း မျက်နှာကွက်ကနဲ ပျက်သွား
ရောဗျို့။ ဟာ…ကိုက်ပြီဗျို့။ ကဝေ
ကြီးက သူ့အစီအရင်ကို အောင်မြင်
အောင် ဆက်လုပ်ပြီပေါ့ဗျာ။သူ့နှလုံး
ကြီးကို သူ့ပါးစပ်နဲ့ ကုန်းပြီး တစ်
ကိုက် ကိုက်ပြီး ဝါးနေတယ်။
ဟော မျိုချပြီ။ ဟာ နောက်တစ်ကိုက်
ကိုက်ပြန်ပြီဗျို့။ ကိုးကိုက် မပြည့်ခင်
ဖျက်နိုင်မှ ဖြစ်မှာဗျ။ ကိုးကိုက်ပြည့်
သွားလို့ ဦးဒိဗ္ဗနောက်တစ်ယောက်
ဘွားကနဲ ပေါ်လာလို့ကတော့ ဘိုး
လူပေရော ကျုပ်ရော လက်စတုံးခံ
ရဖို့ပဲ ရှိတာပေါ့ဗျာ။
ဘိုးလူပေ မန္တန်တွေ ရွတ်ပြီဗျို့။
ဟာ ဘိုးလူပေ ကိုယ်ခွဲထွက်လာပြီဗျို့။
တစ်ယောက်၊ ဟာ…နောက်တစ်
ယောက်။ နောက်တစ်ယောက်၊
နောက်တစ်ယောက် ။
စုစုပေါင်း ကိုးယောက်ဗျို့။ ကျုပ်နား
လည်သွားပြီဗျ။ ‘စုန်းကိုး မှော်ကိုး ကဝေ
ကိုး’အစီအရင်ကြီးကို ဖျက်ဖို့ ဘိုးလူပေ
က ကိုးယောက်ခွဲလိုက်တာဖြစ်မယ်ဗျို့။
ဟော…ဘိုးလူပေ ကိုးကိုယ်စလုံးက
စက်တွေ လွှတ်ပြီဗျို့။ အို…အရောင်
ကိုးရောင်။ ဟာ…ဦးဒိဗ္ဗကြီးကိုယ်ကြီး
ထဲကို စက်တွေ ဖောက်ဝင်သွားပြီ။
လက်ထဲမှာ ဆုပ်ထားတဲ့ နှလုံးကို
စက်တွေနဲ့ ပတ်ထားပြီဗျို့။
ကျုပ်သေသေချာချာ မှတ်ထားတာဗျ။
ဦးဒိဗ္ဗကြီး သူ့နှလုံးကို သူပြန်စားတာ
ငါးကိုက်ရှိသွားပြီ။ စက်တွေပတ်နေတဲ့
နှလုံးကို ဦးဒိဗ္ဗ မကိုက်တော့ဘူးဗျ။
တစ်ကိုယ်လုံးကစက်တွေ ဖြာထွက်
လာတယ်။
“မောင်တာတေ၊ အင်းပစ်တော့”
ဟာ …ကဝေကြီးရဲ့ နောက်ကျော
တည့်တည့်က ဘိုးလူပေက အော်ပြော
တာဗျို့။ ဒီအတိုင်းဆိုရင် ဘိုးလူပေအ
စစ်က အဲဒါဖြစ်မယ်ဗျ။
ကျုပ်ဆိုတဲ့ကောင်ကလည်း အဆင့်ပါဗျာ။
လက်ထဲမှာ နှလုံးကြီးကိုင်ပြီးစက်တွေ ဖြာ
ထွက်နေတဲ့ ကဝေကြီးဦးဒိဗ္ဗဆီကို လှစ်က
နဲ ပြေးဝင်ပြီး ကျုပ်လက်ထဲက ဘိုးလူပေ
ပေးထားတဲ့ အင်းနဲ့ ပစ်ချလိုက်တယ်။
“ဝုန်း”
ကျုပ်ဖြင့် လန့်ပြီး နောက်ကို လှန်ချ
လိုက်ရတယ်။ မီးလုံးကြီး ထတောက်
လိုက်တာဗျာ၊ နည်းတဲ့ မီးတောက်ကြီး
မှ မဟုတ်တာ။ အောင်မယ်လေး ပူတာ
ကလည်း တော်တော်ကို ပူတာဗျို့။
“မောင်တာတေ၊ ဝေးဝေးသွားနေ၊
ဒါ ငရဲမီးတောက်ပေါ့”


ဒီတော့မှ ကျုပ် သတိရသွားတာဗျို့။
ဆရာကြီး ဒေါက်တာ မင်းအောင်တို့၊
ဆရာနွံဖတို့နဲ့ ကဝေလိုက်ခဲ့တုန်းက
တွေ့ဖူးတဲ့ ငရဲမီးတောက်ကို ချက်ချင်း
သတိရသွားတော့တာ။ အင်မတန်မှ
အကုသိုလ်ကြီးတဲ့ ကဝေကြီးတွေသေ
ရင် ငရဲမီးတောက်တွေ အလိုလို ထတောက်တာဗျ။
“ဒါဆိုရင် ‘စုန်းကိုး မှော်ကိုး ကဝေကိုး’
အစီအရင်ကြီး ပျက်သွားပြီပေါ့။ ကဝေကြီး ဦးဒိဗ္ဗလည်း သေပြီလေ။
ကဝေကြီးသေလို့သာ ငရဲမီးတောက်ကြီးထတောက်တာပေါ့ဗျာ။ ဘိုးလူပေက
ငရဲမီးတောက်ကို ကွင်းလျှောက်ရင် ကျုပ်ဆီကို ရောက်လာတယ်။
မီးတောက်ကြီးလည်း တဖြည်းဖြည်းသေးပြီး ငြိမ်းသွားပြီ။ ကဝေကြီးရဲ့
အလောင်းမပြောနဲ့ ပြာတောင်တစ်မှုန့်မကျန်ခဲ့ဘူးဗျ။
ငရဲမီးတောက်ဆိုတာ အဲဒီလောက်ကိုပြင်းတာ။ နောက်နေ့
ထမင်းစားချိန်မှာဘန့်ဘွေးကုန်းကို့ပြန်ရောက်တယ်။
ဘိုးလူပေနဲ့ ကျုပ်နဲ့ ထီးဂလိုင်က လှည်းငှားပြီး ပြန်ခဲ့ကြတာလေဗျာ –

ပြီးပါပြီ။

Leave a Comment