ပျောက်ဆုံးနေသော ကိုရင်ငယ်

” ပျောက်ဆုံးနေသော ကိုရင်ငယ် ”

+++++++++
တောက်တဲ့ကျေးရွာ –
နံနက်ခင်း နေခြည်ဖြာဆင်းစအချိန်—။
ဆွမ်းခံ၀င်လာခဲ့ကြသည့် ရွာဦးကျောင်းဆီက ရဟန်တို့နဲ့အတူ ကလေးငယ်တစ်ယောက် လိုက်ပါလာခဲ့တယ်။
ကလေးငယ်ရဲ့ ပုံသဏ္ဍာန်က မျက်နှာလေး ညှိုးငယ်နေပြီး လက်မှာလည်း အ၀တ်ထုပ်ကလေးတစ်ခုကို ကိုင်စွဲထားလို့ရယ်။
” ဖိုးပိန်—တို့ကျောင်းကို ရောက်ရင် မင်း နေပျော်သွားမှာပါကွာ။ ဘာမှ မစိုးရိမ်နဲ့ သိလား။ ငါတို့ ရှိတယ်—”
ဆွမ်းချိုင့်ကို ဆွဲကိုင်သည့် ငယ်ရွယ်သူ ကိုရင်တစ်ပါးက ကလေးငယ်ကို အားပေးတယ်။
ဒါပေမယ့်လည်း ကလေးငယ်ကတော့ အခုထိ ပျော်ရွှင်ဟန်မပြသေးဘူး။
ဒီလိုနဲ့ပဲ သူတို့တတွေ ကျောင်းဆီကို ပြန်ရောက်ခဲ့ကြပြီးနောက် ကလေးငယ်ကို ကျောင်းထိုင်က တွေ့ဆုံပြီး အကျိုးအကြောင်း မေးမြန်းပြီးတဲ့နောက် သူတို့ရဲ့ ရွာဦးကျောင်းဆီမှာ ဘုန်းကြီးကျောင်းသား အဖြစ်နဲ့ နေခဲ့ဖို့ ဖြစ်လာခဲ့တော့တယ်။
+++++++++
” အဖေ— အဖေ —”
ညနက်သန်းခေါင်ယံ။
ဘုန်းကြီးကျောင်းဆီက ခေါ်သံ ခပ်တိုးတိုး။
အသံထွက်ပေါ်လာတဲ့နေရာက ကျောင်းသားတွေ အိပ်တဲ့နေရာဆီက—။
အသံရှင်က ကျောင်းသားအသစ်စက်စက်ကလေး ဖိုးပိန်ရယ်။
ဖိုးပိန်က နိုးကြားပြီး ခေါ်နေတာတော့မဟုတ်။ အိပ်မောကျ ယောင်ရမ်းပြီး ခေါ်နေတာ။
ဖိုးပိန် အိပ်မက်တစ်ခု မက်နေခဲ့တာ။
အိပ်မက်ထဲမှာ မကြာသေးခင်ကမှ ဆုံးသွားခဲ့တဲ့ သူ့ရဲ့ အဖေဖြစ်သူကိုဖိုးတင်ဟာ ၀တ်ဖြူစင်ကြယ်ကို ၀တ်ပြီး ဖိုးပိန်ဆီကို လှမ်းလာနေတာလေ။
ငယ်ရွယ်စဉ် မီးတွင်းထဲမှာကတည်းက မိခင်ဆုံးပါးသွားခဲ့လို့ ဖခင်ဖြစ်သူနဲ့ပဲ အသက်ဆယ်နှစ်၀န်းကျင်အထိ ကြီးပြင်းခဲ့ရတာဆိုတော့ ဖိုးပိန်ခမျာ အဖေနေရာကော အမေနေရာကိုပါ တစ်ဦးထဲကိုပဲ ပုံပြီး ချစ်ရတဲ့သူ။
အခု ဖခင်ဖြစ်သူ ကွယ်လွန်ပြီးနောက် နေစရာမရှိပြီမို့ သူတို့ရွာရဲ့ သူကြီးက သူ့အကို တော်စပ်သူ ဘုန်းကြီးဆီ အပ်နှံပေးခဲ့တာမို့ သူနေထိုင်ရာ ရွာကနေ အခုလက်ရှိ ဒီ တောက်တဲ့ရွာကျောင်းဆီကို ဆရာက်ခဲ့ရလေတာ။
အဖေကလည်း သေ၊ လူကလည်း အခြားရပ်ရွာဆီကို ခြေစချရချိန်ဆိုတော့ ဖိုးပိန်တစ်ယောက် တကယ်ကိုပဲ ၀မ်းနည်းအားငယ်နေမိရတယ်။
ဒီလိုအချိန်မှာ ဖခင်ဖြစ်သူကို အိပ်မက်ရလေတော့ ဖိုးပိန်တစ်ယောက် အိပ်မက်လေလား၊ တကယ်လားရယ်နဲ့ သိပ်ကို ခံစားချကိဆိုးနေခဲ့ရတာ ။
အိပ်မက်က လန့်နိုးတဲ့အချိန်ကျတော့ ဖိုးပိန် ချုံးပွဲချပြီး ငိုကြွေးမိတော့တယ်။
+++++++++
ဖိုးပိန်ကျောင်းကိုရောက်တာ တစ်နှစ်ကြာပြီးချိန်မှာတော့—။
” ကဲ— ဖိုးပိန်ရေ။ မကြာခင်လုပ်မယ့် တို့ရွာက တကာသာလှအလှူမှာ ဟော့ဒီတကာ လှဦးတို့က မင်းကို ပစ္စည်းလေယပါး ဒါယိကာအဖြစ်တာ၀န်ယူပြီး ရှင်ထည့်ချင်တယ်လို့ လျှောက်တင်လာတယ်။ ကဲ…မင်း သဘောကကော—”
ထင်မှတ်မထားတဲ့ အခြေအနေမို့ ဖိုးပိန် ၀မ်းသာသွားရတယ်။
သူ့ဘ၀မှာ ကိုရင်၀တ်ချင်ခဲ့တာ အတော့်ကို ကြာနေခဲ့ပြီ။ အဖေရှိစဉ်တုန်းကလည်း စီးပွားရေးအဆင်မပြေတာမို့ မ၀တ်နိုင်ခဲ့ဘူး။ အဖေဆုံးပြီးနောက်ကျပြန်တော့လည်း ပစ္စည်းလေးပါး ဒါယိကာ မရှိတာမို့ မ၀တ်ခဲ့ပြန်ဘူး။
အခုကတော့ ရေကန်အသင့် ကြာအသင့်ကိုပဲ ဖြစ်လာတာမို့ ဖိုးပိန် ခေါင်းကိုပဲ တွင်တွင် ညိတ်မိတော့တယ်။
ဒီလိုနဲ့ပဲ မကြာခင်အချိန်အတောအတွင်းမှာ ကျင်းပဖြစ်ခဲ့တဲ့ ကိုသာလှရဲ့ ရဟန်းခံရှင်ပြုအလှူမှာ ကိုလှဦးတို့ မိသားစုရဲ့ ကောင်းမှုနဲ့ ဖိုးပိန်သင်္ကန်းစည်းဖြစ်ခဲ့တယ်။
ဘုန်းကြီးကျောင်းမှာ ကျောင်းသားအဖြစ် တစ်နှစ်တာလောက်နေထိုင်ခဲ့ပြီး စာဝါတို့ကိုလည်း သင်ကြားခဲ့ရတာမို့ တခြားကိုရင်တွေနဲ့စာရင် ကိုရင်ဖိုးပိန်က ပိုပြီးတော့ သိက္ခာနဲ့ ပြည့်စုံပြီး တည်ကြည်တယ်။
အလှူလာတဲ့ ဧည့်ပရိတ်သတ်တွေကတောင် ကိုရင်ဖိုးပိန်ကို မြင်တဲ့အခါမှာ ကြည်ညိုမိရတဲ့အကြောင်း ပြောနေသေးတော့တာ။
ကိုရင်ဖိုးပိန်ကလည်း ဒီအခွင့်အရေးကနေ တစ်သက်တာ ၀တ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချထားမိလေရဲ့။
အလှူပြီးလို့ တစ်ပါတ် ဆယ်ရက်အကြာမှာ ဒုလ္လဘတွေအကုန် လူထွက်ကုန်ကြပြီ။ ကိုရင်ဖိုးပိန်တစ်ပါးသာပဲ ကျန်ရစ်တယ်။ ကိုလှဦးတို့ မိသားစုကတော့ ကိုရင်ဖိုးပိန်က ရာသက်ပန် သင်္ကန်း၀တ်နဲ့ပဲ နေတော့မယ်ဆိုတာ သိခဲ့တော့ ပိုပြီးတော့ ၀မ်းမြောက်၀မ်းသာ ဖြစ်မိကြပြီး သာဓုတွေ အကြိမ်ကြိမ်ကို ခေါ်နေမိကြတော့တာ။
တစ်ခုသော ညချမ်းမှာတော့—။
+++++++++
” ဟင်— အ— အဖေ—”
ကိုရင် ဖိုးပိန် နှုတ်က ရေရွတ်လိုက်မိတာ။
အဖြစ်အပျက်က အိပ်မက်လိုလို တကယ်လိုလိုနဲ့.သူ့အဖေက ကျိန်းစက်နေတဲ့ သူ့ခြေရင်းဆီမှာ ထိုင်ပြီး သူ့ကို အကြိမ်ကြိမ် ကန်တော့နေတာလေ။
ကိုရင်ဖိုးပိန်ရဲ့ အသံကြောင့် သူ့အဖေက မော်ကြည့်လာတော့ မျက်ရည်တွေနဲ့ မျက်၀န်းတွေကို ကိုရင်ဖိုးပိန် ဆုံမိလိုက်ရတယ်။
အဲ့ဒီ့နောက်မှာတော့—။
+++++++++
” ကိုရင်ဖိုးပိန် ပျောက်နေတယ်တဲ့— ”
မနက် ဆွမ်းခံ၀င်ချိန်—။
ရွာထဲမှာ အုတ်အော်သောင်းနင်းဖြစ်လာခဲ့တဲ့ သတင်း။
” ဟင်— ဘယ်လိုများ ဖြစ်ရတာလဲ…”
” မသိပါဘူးအေ…ညတုန်းက ဘုန်းကြီးတွေ ကိုရင်တွေ ဘုရား၀တ်တက်ပြီး ကျိန်းကြတဲ့အထိ ရှိနေသေးတယ်။ မနက်လင်းမှ ပျောက်ခြင်းမလှ ပျောက်နေတာ—”
” တစ်နေရာရာများ သွားရော့သလား—”
” ဒါတော့ မဖြစ်တန်ဘူးတော်ရေ။ သူ့ပစ္စည်းလေးတွေလည်း ဒီအတိုင်းကျန်နေစလို အိပ်ရာလေးကလည်း ကပိုကရိုနဲ့။ ကျုပ်အထင်တော့ အပေါ့အပါးထသွားသလိုကနေ ပျောက်သွားတာ ဖြစ်လိမ့်မယ်တော့်—”
” ဒါဖြင့် ကျောင်းဝိုင်းထဲ လိုက်ရှာကြတာကော—”
” အဲ့ဒါကြောင့် ပျောက်တယ် ပြောတာပေါ့။ တစ်ကျောင်းလုံးကော တစ်ရွာလုံးကော နှံ့နေပြီ။ မတွေ့ဘူး။ သူ့ဖိနပ်ကလေးကလည်း ဒီအတိုင်း ရှိနေတယ်တဲ့လေ။ အခု အများပြောနေပုံအရ ကျောင်းတိုက်ထဲမှာ ကျိန်းနေကြရင်းနဲ့ကို ပျောက်သွားတဲ့ ပုံစံတဲ့—”
” ဘုရား— ဘုရား—ဒါဖြင့် ဘာတွေများ ဖြစ်တာပါလိမ့်နော်—”
နီးစပ်သူတို့ ထင်ရာထင်ကြေး ပေးကြစလိုပဲ ကိုရင်ဖိုးပိန် ပျောက်သွားပုံက အမှန်တကယ်ကို ထူးဆန်းနေတာရယ်။
အဲ့ဒီ့ညတုန်းက သန်းခေါင်ယံမှာ တပိုတပါး ထသွားပြီး ပြန်၀င်အိပ်တဲ့ ကိုရင်တစ်ပါးရဲ့ ပြောပုံအရ သူ ပြန်ပြီး အိပ်ပျော်လုလုအချိန်၊ ကိုရင်ဖိုးပိန်ဟာ တစ်စုံတစ်ယောက်နဲ့ စကားပြောနေတာကို သူကြားမိတယ်ပြောတယ်။
သူက အလွန် အိပ်ချင်နေတာမို့ ကိုရင်ဖိုးပိန် ယောင်နေတာရယ်လို့ အလွယ်တွေးပြီး ပြန်အိပ်စက်ခဲ့တယ်လို့ ဆိုတယ်။
ဒီလိုဆိုတော့ အဖြစ်အပျက်က ဥာဏ်မမီနိုင်အောင်ရယ်။
လက်တွေ့သက္ကာရ ကျန်ရစ်တဲ့ သူ့ပစ္စည်းတွေရှိနေတဲ့အပြင် စုဆောင်းထားတဲ့ ငွေကြေးလေးကလည်း ကိုရင်ဖိုးပိန်ရဲ့ သေတ္တာလေးထဲမှာ ရှိနေဆဲဆိုတော့ ကိုရင်ဖိုးပိန်ဟာ ရွာကနေ ထွက်သွားတာ မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချမိကြတယ်။
ဒါဖြင့် တပိုတပါးသွားရင်းနဲ့ အန္တရာယ်များ ကြုံရော့သလားဆိုပြန်တော့လည်း ကိုရင်ဖိုးပိန် မေ့လဲနေခဲ့ရင်တောင် ကျောင်းဝိုင်းထဲလိုက်ရှာတုန်းက တွေ့ခဲ့ရမှာလေ။ ယုတ်စွဆုံး သေတယ်ဆိုရင်တောင် အလောင်းတော့ တွေ့ရမှာပေါ့။
အခုက ဘာမှ မတွေ့ဘူးဆိုတော့ စဉ်းစားရခက်ရလေတယ်။
ရေတွင်းတွေထဲများ ပြုတ်ကျရော့သလား။
ဒါလည်း မဖြစ်နိုင်ဘူး။
ကျောင်းထဲမှာက ရေတွင်းဆိုလို့ အသေအချာကာရံထားတဲ့ အုတ်စီရေတွင်း တစ်တွင်းပဲရှိတာရယ်။
အဖြေက ရှိမနေတော့ဘူး။
ဒါပေမယ့်လည်း အဖြေကို အတိအကျ မရပေမယ့် အားလုံးရဲ့ ထင်မြင်ယူဆချက်အရ ကိုရင်ဖိုးပိန်ရဲ့ ပျောက်ဆုံးမှုဟာ သာမန်ထက်ပိုကဲတဲ့ အကြောင်းတစ်ခုတော့ ရှိမယ်လို့ ထင်ကြေးပေးခဲ့ကြတော့တယ်။
+++++++++
ကိုရင်ဖိုးပိန် ပျောက်ဆုံးပြီး တစ်လအကြာ—။
ကျောင်းတိုက်ကြီးဆီကို ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်ဆိုတဲ့ ယောဂီ၀တ်လူသုံးယောက် ရောက်လာခဲ့တယ်။
လူသုံးယောက်ဆိုပေမယ့် ဦးသိဒ္ဒိက အသက် ခုနှစ်ဆယ်အရွယ်၊ ဒိုးညီနောင်တို့ကတော့ ဆယ်ကျော်သက် ကလေးတွေ။
ဒါပေမယ့်လည်း သူတို့ရဲ့ ရက့်ကျက်မှုက သူတကာကလေးတွေနဲ့ မတူအောင် ထူးခြားလွန်းတယ်။
မျက်လွှာကို အမြဲချထားတယ်။ ဆိတ်ဆိတ်ပဲ နေတတ်တယ်။ စကားပြောချိန်မှာလည်း မတိုးမကျယ်သော အသံကိုသာ ပြုတယ်။
ရုပ်ရည်လေးတွေကလည်း ချစ်ချင်စဖွယ်။ အသားအရည်လေးတွေက ၀င်းကြည်နေပြီး ယောဂီ၀တ်လေးတွေနဲ့ လိုက်ဖက်တင့်တယ်နေချက်ပဲ။
သူတို့တတွေက ကျောင်းတိုက်ကြီးကို တည်းခိုဖို့ ရောက်လာခဲ့တာလို့ ဆိုတယ်။
ဒါပေမယ့် ကျောင်းကို ရောက်ပြီး ဆရာတော်ဆီကို ဖူးမြှော်ဦးခိုက်လို့ တည်းခိုမယ့်အကြောင်း လျောက်တင်ပြီးတာနဲ့ ဦးသိဒ္ဒိက…။
” အရှင်ဘုရား တပည့်တော် တစ်စုံတစ်ရာများ မေးလျောက်ခွင့်ရှိမလား ဘုရား— ”
” အင်း— တကာကြီး မေးချေကွယ့်—”
” အခြားတော့ မဟုတ်ပါဘူး ဘုရား။ တပည့်တော် ကျောင်း၀န်းထဲကို ၀င်လာတုန်းက မူမမှန်တဲ့ ပရလောကသားတစ်ယောက်ကို တွေ့မြင်ခဲ့ရပါတယ်—”
” ဟေ— ဘယ်လိုများလဲ တကာရဲ့။ လျောက်တင်ချေစမ်းပါဦး—”
” တပည့်တော်တို့ ကျောင်း၀န်းထဲကိုရောက်ချိန်မှာ အဲ့ဒီ့ပရလောကသားက သရက်ပင်ရဲ့ နောက်ကွယ်ကနေ ပုန်းကွယ်ပြီး ကြည့်နေခဲ့တာ ဘုရား။ သူ့လက်မှာလည်း သပိတ်တစ်လုံးကို ပိုက်ထားသေးတာဆိုတော့၊ ဒီနာမ်လောကသားဟာ အသွင်သဏ္ဍာန်အားဖြင့် ပုံမှန်နဲ့မတူ မူကွဲနေပါတယ်။ ဒါကြောင့် အရှင်ဘုရားတို့ ကျောင်းဆီမှာ သူနဲ့ ပက်သက်ပြီး ဒါမှမဟုတ် အခြားသော ထူးဆန်းမှု တစ်စုံတစ်ရာများ ရှိပါသလားလို့…”
ဦးသိဒ္ဒိရဲ့ လျှောက်တင်မှုအဆုံးမှာပဲ ကျောင်းထိုင်ဘုန်းကြီးက ကိုရင်ဖိုးပိန်ဖြစ်စဉ်ကို ချက်ချင်း သတိရမိပါတော့တယ်။
” အင်း—ဖြစ်ခဲ့ဖူးတယ်လို့ ပြောရမယ် တကာ။ ဒါပေမယ့် သူနဲ့ သက်ဆိုင်သလား မသက်ဆိုင်သလားဆိုတာတော့ ဘုန်းကြီး မပြောနိုင်ဘူး—”
” တင်ပါ့ဘုရား—တပည့်တော်ကို ပြောပြလို့ရနိုင်မယ်ဆို ပြောပြပါဘုရား။ ခက်ခဲနေတာတွေရှိပြီး ကူညီနိုင်မယ့် အရာဆိုရင်လည်း တပည့်တော် ကူညီစွမ်းပါ့မယ်—”
ဦးသိဒ္ဒိရဲ့ စကားကြောင့် ကျောင်းထိုင်ဘုန်းကြီးက ၀မ်းသာသွားတဲ့ဟန်နဲ့—။
” တကာကြီးတို့ ရောက်လာကတည်က သာမန်ထက်ထူးတဲ့သူတွေဆိုတာ ဘုန်းကြီးရိပ်မိတယ်။ တကာကြီးတို့ အကူအညီကို ဘုန်းကြီးတို့ လိုအပ်နေတာ အသေအချာပါပဲ။ ဘုန်းကြီး ပြောပြပါ့မယ် တကာ။ ဒီလိုပါ…လွန်ခဲ့တဲ့ လတုန်းက ဘုန်းကြီးဆီက ကိုရင်တစ်ပါး ညဘက် ကျိန်းစက်နေကြရင်း ရုတ်တရက်ကြိး ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒီကိုရင်ဟာ အခြားကို ထွက်ခွာပုံမရဘဲ အဖြေမဲ့ ပျောက်ဆုံးနေတာပါ။ အခုထိလည်း ကိုရင်လေးကို ပြန်လည်ပြီး မတွေ့နိုင်သေးပါဘူး။ သူ့မှာက မိဘတွေလည်း မရှိရှာတော့ဘူးဆိုတော့ ဘုန်းကြီးနဲ့ ရပ်ရွာတို့ကသာ သူ့ရဲ့ အမိအဖပါပဲ။ ဒီတော့ ဒါကို တကာတို့ စွမ်းနိုင်မယ်ဆို ကူညီပေးပါလေ—”
ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ သုံးဦးသား မျက်လုံးချင်းဆုံလို့ ကြည့်မိလိုက်ကြတယ်။ ပြီးတော့ ဦးသိဒ္ဒိက ကျောင်းထိုင်ဘုန်းကြီးကို ပြန်လည်ပြီး…။
” ဒါဆိုရင်တော့ ဒီကိစ္စဟာ သပိတ်ကိုင်ထားတဲ့ ပရလောကသားနဲ့ ဆက်စပ်နေတာ သေချာသလောက်ရှိနေပါပြီ။ တပည့်တော်တို့ကို ရက်အနည်းငယ်လောက် ဒီကျောင်းမှာ တည်းခိုခွင့်ပြုပါ အရှင်ဘုရား။ ဒီကိစ္စကို တပည့်တော်တို့ ဖြေရှင်းပေးပါ့မယ်— ”
ကျောင်းထိုင်ဘုန်းကြီးက အတော့်ကို ၀မ်းသာသွားခဲ့တယ်။
” ကောင်းပြီ တကာ။ တကာတို့ နှစ်သက်သလောက် ဘုန်းကြီးရဲ့ ကျောင်းမှာ တည်းခိုနိုင်ပါတယ်။ ဘုန်းကြီးကိုတော့ ကိုရင်ကလေးကိစ္စ ကူညီဖြေရှင်းပေးပါပေါ့လေ—”
” တင်ပါ့ဘုရား—”
ဦးသိဒ္ဒိရော ဒိုးညီနောင်တို့ပါ ကျောင်းထိုင်ဘုန်းကြီးကို ကန်တော့်၀တ်ပြုလိုက်ကြတော့တယ်။
+++++++++
ညပိုင်းအချိန်—။
ဒိုးညီနောင်တို့နဲ့ ဦးသိဒ္ဒိတို့ တည်းခိုရာ ကျောင်းဆောင်ဆီ၀ယ်—။
” ဘဘ…ဒီအဖြစ်အပျက်က ဘယ်လိုဖြစ်နိုင်မလဲ…”
ဘုရား၀တ်တက်ပြီးချိန် ဒိုးငယ်က မေးမြန်းလာခဲ့တယ်။
” ဘဘအထင်တော့ တို့တတွေမြင်တွေ့ခဲ့ရတဲ့ သပိတ်ကိုင်ထားတဲ့သူဟာ ကိုရက်လေးရဲ့ ဖခင်ပဲ ဖြစ်မယ်ထင်မိတယ်…”
” ဘာကြောင့်များလဲ ဘဘ—”
” အဲ့ဒီ့တုန်းက လူလေးတို့လည်း မြင်ခဲ့တာပဲ။ သူ့ပုံစံက ဆွမ်းစားကျောင်းဆီကို လှမ်းကြည့်နေတယ်။ လက်ထဲမှာလည်း သပိတ်ကို ကိုင်ထားတယ်ဆိုတော့ သူဟာ မသေလွန်ခင်မှာ ကိုရင်လေးနဲ့ တစ်နည်းနည်း ပက်သက်ဆက်နွယ်နေသူဖြစ်လိမ့်မယ်။ ဒီတော့ သေလွန်ပြီးနောက် မကျွတ်မလွတ်ပေမယ့် ကောင်းမှုတစ်ခုကို အကြောင်းပြုပြီး သာမန်ထက်စွမ်းနိုင်တဲ့ အခြေအနေမှာ ရှိလိမ့်မယ်။ ဆရာတော်ကြီးရဲ့ ပြောပုံအရတော့ သူ့မှာ မိဘတွေက လွန်ခဲ့ပြီ။ အခု သင်္ကန်းစည်းတာ ဘာမှမကြာသေးဘူး။ီးတော့ ဘဘအထင်ပြောရမယ်ဆိုရင် ဒီနာမ်လောကသားဟာ ကိုရင်လေးရဲ့ အဖေဖြစ်နိုက်ပြီး သူ့သားကို သင်္ကန်း၀တ်နဲ့ မြင်ရချိန် ကြည်ညိုလွန်းတာမို့ သူ့ဆီမှာ ပင့်ဆောင်ထားလိမ့်မယ်လို့ ထင်မိရဲ့။ ဒါကြောင့်မို့လို့လည်း သူဟာ သပိတ်ကို ပိုက်ပြီး ကိုရင်လေးအတွက် ဆွမ်းလာရှာတဲ့ အသွင် ရှိနေခဲ့တာပေါ့…”
ဒိုးညီနောင်တို့ စိတ်မှာ အမည်မသိတဲ့ ခံစားချက်တချို့က ၀င်ရောက်လာခဲ့တယ်။
ခံစားချက်က အမည်ဖော်ဖို့ ခက်ပေမယ့် သေချာတာကတော့ ကိုရင်လေးရဲ့ အဖေစ်ြသူ နာမ်လောကသားရဲ့ မေတ္တာတရားအတွက် စိတ်မကောင်းဖြစ်မိကြတာရယ်။
” ဒါဖြင့် ဘဘ – ကျုပ်တို့ ဒီကိစ္စကို ဖြေရှင်းဖို့ သူရှိတဲ့ နေရာဆီကို လိုက်ကြရမှာပေါ့…”
” အင်းပေါ့ကွယ် – လူလေး ပြောသလိုပဲပေါ့…”
” လွယ်ကူပါ့မလား ဘဘ—”
ဒိုးငယ်ရဲ့ မေးမြန်းမှုကို ဦးသိဒ္ဒိက ဖြေကြားပြီးချိန် ဒိုးကြီးက ပြောလာခဲ့တာ။
” အရင်က ကိစ္စတွေလောက်တော့ မခက်ခဲဘဲ လွယ်ကူမှာပါ လူလေးရယ်။ ဒါပေမယ့် အခု အဲ့ဒီ့ပရလောကသားဟာ တို့များကို မြင်ပြီး ဒီကို လာရဲတော့မယ် မထင်ဘူး။ ဒါပေမယ့် ဘဘ ဒီနယ်က ဆိုင်ရာတွေဆီကို မေတ္တာရပ်ခံထားခဲ့ပြီမို့ မကြာခင်မှာ သတင်းတစ်ခုတော့ ရရှိလာမှာပါ—”
ဦးသိဒ္ဒိရဲ့ ပြောစကားအတိုင်းပါပဲ။ သပိတ်ကိုင်ထားတဲ့ ပရလောကသားဟာ ကျောင်းကြီးဆီကို အတော်နဲ့ ရောက်မလာခဲ့ဘူး။
သုံးရက်လောက်ကြာပြီးနောက် ညဉ့်နက်ပိုင်းတစ်ခုမှာတော့…။
ဦးသိဒ္ဒိတို့ တည်းခိုရာ ကျောင်းကလေးဆီကို လူသုံးယောက် ရောက်လာခဲ့တယ်။
” ဆရာကြီးတို့…ကျုပ်တို့ ကိုရင်လေးအကြောင်း သတင်းပေးချင်လို့ပါ…”
သတင်းလာပေးသူတွေက ပရလောကသားတွေပါပဲ။
ဦးသိဒ္ဒိတို့ ချက်ချင်းပဲ သူတို့ ခေါ်ဆောင်ရာဆီကို လိုက်ခဲ့ကြတယ်။
လာခေါ်တဲ့သူတွေက ကျောင်း၀န်းထဲကနေ ထွက်ပြီးတော့ ရွာရဲ့ အနောက်ဘက်ဆီကို ဦးတည်သွားကြတယ်။
ဦးသိဒ္ဒိတို့လည်း လမ်းခရီးကို မှတ်သားပြီး လိုက်လာခဲ့ကြရင်း သွားနေခဲ့ကြတာ နှစ်နာရီစွန်းစွန်းလောက် ကြာခဲ့ပြီ။
ထန်းတောကြီးတစ်ခုကို ရောက်ချိန်မှာတော့ အရှေ့က သွားနေကြတဲ့သူတွေက ရပ်တန့်သွားခဲ့တယ်။
” ဆရာကြီးတို့ ရှာဖွေနေတဲ့ ကိုရင်ကလေးက ဟောဟိုဘက်ခြမ်းက ဇင်္ဂလဒေသဆီမှာ ရှိနေပါတယ်။ ကျုပ်တို့နဲ့ကျ အသွင်မတူတာမို့ အဲ့ဒီ့အထိကိုတော့ လိုက်မပို့တော့ပါဘူး—”
(#ဇင်္ဂလဒေသ- ကြမ်းတမ်းခြောက်စွေ့သော ကျတ်တီးကုန်း၊ (ဝါ) ကျတ်ရွာ )
” ကောင်းပါပြီ မောင်တို့။ အခုလို သတင်းလာပေးပြီး လာရောက်ခေါ်ဆောင်ပေးတာကို များစွာကျေးဇူးတင်မိပါတယ်…”
ဦးသိဒ္ဒိက ဆိုလိုက်တော့ တစ်ဖက်က ပရလောကသားသုံးယောက်က—။
” ရပါတယ် ဆရာကြီး။ ကျုပ်တို့ကိုလည်း နယ်ပိုင်ဘိုးဘိုးက စေခိုင်းလို့ ဆောင်ရွက်ရတာပါ။ သွားခွင့်ပြုပါ ဆရာကြီး…”
ဦးသိဒ္ဒိက ခေါင်းညိတ်ပြလိုက်တော့ ပရလောကသားသုံးယောက်က ထန်းတောကြီးဆီကို ပြန်လည်လှည့်ထွက်သွားကြပြီး တစ်ခဏအတွင်းမှာပဲ ပျောက်ကွယ် သွားလေတော့တယ်။
” ကဲ…လူလေးတို့ – သူတို့ ညွှန်ရာဆီကို သွားကြည့်ကြချေတာပေါ့…”
ဦးသိဒ္ဒိတို့ ပရလောကသားတို့ ညွှန်ပြရာအတိုင်း ဆက်လက်ပြီး ထွက်လာခဲ့ကြတယ်။
ထန်းတောကြီးကို လွန်ပြီးချိန်ကျ လွင်တီးခေါင်ဆန်ဆန် ကွင်းပြင်တစ်ခုဆီကို ရောက်ရှိလာကြတယ်။
” အင်း…လာတာကို သိလို့ ဖုံးကွယ်ချေတာပေါ့…”
ဦးသိဒ္ဒိက ရေရွတ်ပြီး မန္တာန်တစ်ပုဒ်ကို ခပ်တိုးတိုးရွတ်လို့ သူ့လက်ကို အရှေ့ဆီ ဝှေ့ရမ်းလိုက်တယ်။
မြင်ကွင်းက ရုတ်ခြည်း ပြောင်းလဲသွားခဲ့တယ်။
သူတို့ ရောက်ရှိနေတဲ့ နေရာက အိမ်ကလေးတစ်လုံးရဲ့ အရှေ့ဆီမှာ။ နံဘေးပတ်၀န်းကျင်ဆီမှာလည်း အိုးအိမ်တွော လူတွေလည်း ရှိနေတယ်။
ရုတ်တရက် ဗြုန်းစားကြီးပေါ်လာခဲ့တဲ့ သူတို့ကို နံဘေးက လူတွေက တအံ့တသြနဲ့ ဝိုင်းကြည့်နေကြတယ်။
အဲ့ဒီ့အခိုက်မှာပဲ အိမ်ကလေးဆီက လူတစ်ယောက်က အူယားဖားယားနဲ့ ပြေးဆင်းချလာပြီး ဦးသိဒ္ဒိတို့ကို လက်ညှိုးငေါက်ငေါက်ထိုးလို့—။
” ဟေ့လူတွေ…ခင်ဗျားတို့ ဒီကို ဘာလာလုပ်တာလဲ။ သွားစမ်း.. .ဒီ ကို မလာကြနဲ့…”
အဲ့ဒီ့လူက ရန်လိုပြီး မောင်းထုတ်တော့ ကျန်တဲ့သူတွေကလည်း ရန်လိုတဲ့ အသွင်တွေနဲ့ ဦးသိဒ္ဒိတို့ဆီကို တိုးကပ်လာခဲ့ကြတယ်။
” လူလေးတို့ ဘာမှ မစိုးရိမ်ကြနဲ့…”
ဦးသိဒ္ဒိက ပြောပြီးတော့ သူ့ညာလက်ကို နဖူးဆီ ထိကပ်ပြီး မန္တာန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်ပြန်တယ်။
ဦးသိဒ္ဒိရဲ့ လက်နေရာဆီက အလင်းတစ်ခုဟာ ရုတ်တရက် စူးရှတောက်ပလာခဲ့ပြီး မြင်ရသူတို့အဖို့ မျက်လုံးများတောင် ကျိမ်းစပ်သွားတော့မတတ်ဖြစ်သွားခဲ့တယ်။
ဝိုင်းလာတဲ့ လူအုပ်ကြီး ဘေးဆီကို ရှဲသွားခဲ့ကြသလို အိမ်ရှင်ယောက်ျားဟာလည်း ရုတ်ခြည်းကိုပဲ ခြေမခိုင် ခွေယိုင်လဲကျသွားတော့တာ။
” ကဲ…မောင်ဘတုတ်။ အခု ဘကြီးတို့လာတယ်ဆိုတာ ဘာကိစ္စလဲ မောင်ဘတုတ်သိလောက်ပါပြီ။ မောင်ရင်တို့သားအဖဆိုတာ ဘ၀ချင်းက မတူတော့ဘူးလေ။ ဝေမာနိကဘုံနဲ့ ကိုရင်ငယ် ဘယ်လိုမှ မအပ်စပ်ပါဘူး။ မောင်ရင် သားဖြစ်သူကို တကယ်နှစ်နှစ်ကာကာချစ်ခင်တယ်ဆိုရင် အခုလိုလုပ်ဆောင်ခြင်းက သူ့ဘ၀ကို နစ်မွန်းစေတာနဲ့အတူတူပဲ။ ကိုရင်လေးကို သာသနာဆီမှာပဲ ပျော်ပိုက်ခွင့် ပေးလိုက်ပါ…”
ဦးသိဒ္ဒိရဲ့စကား။
ဒီစကားအဆုံးမှာတော့ ဘတတ်ုဆိုတဲ့ ပရလောကသားဟာ သည်းသည်းထန်ထန်ကိုပဲ ငိုကြွေးချေတော့တာ။
ဒိုးကြိးနဲ့ ဒိုးငယ်တို့မှာ ဒီမြင်ကွင်းကို ကြည့်ပြီး စိတ်မကောင်းဖြစ်ကြရတယ်။
” ကျုပ် မှားပါတယ် ဆရာကြီးရယ်။ ကျုပ်—ကျုပ်လေ–လူ့ဘ၀တုန်းက မိတဆိုးဖြစ်တဲ့ သားလေးအပေါ် မစောင့်ရှောက်နိုင်ခဲ့တာအတွက် နောင်တရမိနေရသလို သားလေး သင်္ကန်းစည်းချိန်မှာလည်း အလွန်ပဲ ၀မ်းမြောက်ခဲ့ရတာပါ။ သားလေးကို မြင်ရတာမှာလည်း သိပ်ကို ကြည်ညိုဖွယ်ရာကောင်းတော့ ကျုပ်ကိုကျုပ် မထိန်းသိမ်းနိုင်ခဲ့ဘူး။ သားလေးကို ကျုပ် ခိုးယူမိခဲ့တယ်။ သူနဲ့ မအပ်စပ်တဲ့ ဟော့ဒီ့ဘုံဆီကို ခေါ်ဆောင်လာမိခဲ့တယ်။ ကျုပ်…ကျုပ်မှားပါတယ်ဗျာ။ သူ့ကို ဒီမှာထားပြီး ဆွမ်းဝေယျာ၀စ္စစီစဉ်ပေးရတာကို ကျုပ် ခုံမင်မိနေခဲ့တာပါ။ အီး—ဟီး—ဟီး—”
ပရလောကသားက ငိုတယ်။
ဘေးမှာရှိနေကြတဲ့ ပရလောကသားတိုကြတော့ ဒီမြင်ကွင်းကို မနှစ်လိုတဲ့ အသွင်နဲ့ ရှောင်ဖယ်သွားခဲ့ကြပါပြီ။
” ကဲပါ မောင်ဘတုတ်။ မောင်ရင်လည်း ဒီဘ၀ရဲ့ ပေးဆပ်မှုတွေကို သိနေပြီပဲ။ မောင်ရင့်သားကို ကြည်ညိုတယ်ဆို သူ့ဘ၀ကို လမ်းဖြောင့်အောင် စေပြီး မောင်ရင်ကိုယ်တိုင်လည်း ဒီဘ၀ကနေ လွတ်မြောက်ဖို့ ကြိုးစားချေပါ…”
” ကျုပ် နားလည်ပါပြီ ဆရာကြီးရယ်။ ကျုပ် နားလည်ပါပြီ။ ကျုပ်…သားလေးကို သူ့ဘ၀ဆီ ပြန်လည်ပြီး ပို့ပါ့မယ်။ ဒါပေမယ့်လေ ကျုပ် ဆရာကြီးတို့ဆီမှာ အခွင့်တစ်ခုလောက်များ တောင်းခွင့်ရှိမယ်ဆိုရင်တော့ သားလေးကို လိုက်ပို့ရာမှာ ကျုပ်ကိုယ်တိုင် ချီပိုးပြီး လိုက်ပို့ပါရစေနော်—”
ဦးသိဒ္ဒိလည်း စိတ်မကောင်းဟန်ပါပဲ။
” ကောင်းပြီလေ – မောင်ရင့် ဆန္ဒ ပြည့်စေရပါ့မယ်။ ကဲ…ဒါဖြင့်လည်း အချိန်မလင့်ခင် သွားကြစို့ရဲ့…”
ဦးသိဒ္ဒိရဲ့ စကားအဆုံးမှာတော့ ပရလောကသားက ၀မ်းသာသွားခဲ့ရပြီး ခွင့်တောင်းလို့ အိမ်ထဲဆီကို ပြေး၀င်သွားခဲ့တယ်။
ပြန်ထွက်လာတော့ သူ့ရဲ့ ပခုံးထက်ဆီမှာ အိပ်မောကျနေတဲ့ ကိုရင်ဖိုးပိန်ကို ထမ်းလို့ရယ်။
” ကဲ…မောင်ဘတုတ် သွားလို့ရပြီလား…”
ပရလောကသားက မျက်ရည်တွေအကြားဆီက ခေါင်းညိတ်ပြတယ်။
အဲ့ဒီ့နောက်မှာတော့ ဝေမာနိကရွာဆီက ဦးသိဒ္ဒိတို့တတွေ ပြန်လည်ထွက်ခွာခဲ့ကြပါတော့တယ်။
*******
” ကိုရင်လေး…တပည့်တော် ကိုရင်လေးအပေါ်မှာ အမှားပြုမိခဲ့တာအတွက် ခွင့်လွှတ်ပေးပါနော်…”
ကျောင်းဝိုင်းထဲကို မ၀င်ခင် ကိုရင်ဖိုးပိန်က နိုးခဲ့တာမို့ ဦးသိဒ္ဒိက သူတို့သားအဖကို စကားပြောစေခဲ့တယ်။
ကိုရင်ဖိုးပိန်ကလည်း သူ့အဖေကို ကြည့်လို့ ငိုနေတာပါပဲ။
” တကာကြီးမှာ အမှားမရှိပါဘူး။ တကာကြီးရဲ့ မေတ္တာကို တောင့်တလွန်းလို့ ကိုရင်ကိုယ်၌ကိုက လိုက်ပါခဲ့တာလေ။ တကာကြီး အမြန်ဆုံး လူ့ဘ၀ဆီကို ပြန်လာနိုက်အောင် ကိုရင် အားထုတ်ကြိုးပမ်းပါမြယ်နော်။ တကာကြီးလည်း မကောင်းတာကို ထပ်မလုပ်ပါနဲ့တော့…”
ကိုရင်ဖိုးပိန်က သူ့အဖေကို မှာတယ်။
တစ်ဖက်က ပရလောကသား ကိုဘတုတ်က ငိုနေရာက ရပ်တန့်လိုက်ပြီး သူ့အင်္ကျီ ရင်ဘတ်ဆီကို လက်နှိုက်လိုက်တယ်။
လက်ပြန်ထုတ်လိုက်တော့ သစ်ရွက်လေးတစ်ရွက် ပါလာလေရဲ့။
” ကိုရင်လေး…တကယ်လို့လေ။ ကိုရင်လေးရဲ့ ကြိုးပမ်းအားထုတ်မှုမှာ တစ်စုံတစ်ရာ အနှောက်အယှက်ဖြစ်တာမျိုးတို့ စိတ်ပျက်အားငယ်တာမျိုးတို့ ကြုံဆုံခဲ့ရင် ဟော့ဒီက သစ်ရွက်ကလေးကို ထုတ်ကြည့်ပြီး အဖေလူမိုက်ရဲ့ အဖြစ်ကို သံဝေဂယူပါ။ တပည့်တော်ကို သွားခွင့်ပြုပါ ကိုရင်လေးရယ်—”
ပရလောကသား ကိုဘတုတ်က မျက်ရည်များ စီးကျရင်းက ကိုရင်လေးကို နောက်ဆုံးအနေနဲ့ ဦးခိုက်ကန်တော့ပါတော့တယ်။
အဲ့ဒီ့နောက်မှာတော့ အားလုံးကို ကျောခိုင်းပြီး နေရာဆီက လှည့်ထွက်သွားခဲ့တော့တာ။
+++++++++
ကျောင်းထိုင်ဘုန်းကြီးရဲ့ အနားဆီမှာ ဦးသိဒ္ဒိတို့အပြင် ကိုရင်လေးဖိုးပိန်နဲ့ အခြားသောသူများပါ စုဝေးရောက်ရှိနေကြတယ်။
ကိုရင်ဖိုးပိန်တို့ သားအဖရဲ့ အဖြစ်အပျက်ကို ဦးသိဒ္ဒိက တစ်ဆင့် ပြန်လည် လျှောက်တင်မှုတွေကို နားထောင်ရင်း ကျောင်းထိုင်ဘုန်းကြီးနဲ့ ကျန်သူတို့မျက်နှာမှာ အလွန်အမင်း အံ့အားသင့်မှု အရိပ်အယောင်တွေနဲ့။
ဒိုးညီနောင်တို့ကတော့ အဖြစ်အပျက်ကို သံဝေဂကောင်းကောင်းယူမိနေကြတယ်။ ကိုရင်ဖိုးပိန်ရဲ့ ပါးပြင်မှာတော့ မျက်ရည်စတွေ ၀န်းရံခလို့ပေါ့။
ဦးသိဒ္ဒိရဲ့ စကားအဆုံးမှာတော့ ကျောင်းထိုင်ဘုန်းကြီးက—။
” အင်း…တယ်လည်း. အဖြစ်ဆိုးတဲ့ သားအဖပါပဲ။ ဘာပဲဖြစ်ဖြစ်လေ…အကြောင်းကို သိပြီဆိုမှတော့ အကျိုးဖြစ်အောင် ဖန်ကြည့်ချင်သေးတယ်။ ဒီကိစ္စအတွက် ဘုန်းကြီးကိုယ်တိုင် ဦးဆောင်ပြီး ကြိုးကုတ်ကြည့်ချေပါဦးမယ်။ ဒီကိစ္စကို ဖြေရှင်းကူညီပေးခဲ့တဲ့ တကာကြီးသိဒ္ဒိနဲ့ တကာလေးတို့ကိုလည်း ဘုန်းကြီးက ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ကိုရင်လေး ဖိုးပိန်…နင်ကတေ့ာ နင့်အဖေအတွက် သူတကာနဲ့ မတူအောင် ကြိုးပမ်းချေကွယ်—”
အဖြစ်အပျက်က နိဂုံးချုပ်ခဲ့ပါပြီ။
ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့လည်း ခရီးဆက်ဖို့ နှုတ်ဆက် ထွက်ခွာခဲ့ကြပါပြီ။
ရွာကနေ ထွက်ခွာလာခဲ့ပေမယ့် ဒိုးညီနောင်တို့စိတ်ဆီမှာ တမလွန်ဘ၀ ဝေမာနိကဘုံဆီကနေ သားဖြစ်သူအတွက် သပိတ်လေးပိုက်လို့ ဆွမ်းလာလာခိုးတဲ့ ပရလောကသားကြီးရဲ့ ပုံရိပ်ကို မြင်ယောင်မိနေဆဲပါ။
” လူလေးတို့…ကံဆိုတာ မှန်လိုပါပဲ။ အခုနေမှာ အခြေမပေးပေမယ့် နောင်တစ်ချိန်မှာတော့ မဖြစ်မနေကိုပဲ ကိုယ်ပြုခဲ့သလို ကိုယ့်ဆီပြန်လာတတ်လေရဲ့။ ပုထုဇဉ်တွေမို့ ဒီလိုအဖြစ်တွေကတော့ ရှိနေဆဲ ကြုံနေမြဲဖြစ်နေမှာပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် လူလေးတို့အနေနဲ့ သံဝေဂယူပြီး ကူညီနိုင်တာကို ကူညီပေးနိုင်အောင် စွမ်းကြချေပေါ့ကွယ်—”
ဦးသိဒ္ဒိရဲ့ စကားကို ဒိုးကြီးရော ဒိုးငယ်ကပါ ပြိုင်တူ ခေါင်းညိတ်လိုက်ကြပါတယ်။
အဲ့ဒီ့နောက်မှာတော့ သူတို့တတွေဟာ ခရီးလမ်းဆီကိုသာ အာရုံစိုက်ပြီး ဖြောင့်ဖြောင့်တန်းတန်းပဲ ဆက်လှမ်းခဲ့ကြပါတော့တယ်။
ဒီလိုနဲ့ ခရီးဆက်ရင်း လမ်းခုလတ်ဆီမှာ ရွာတွေပေါင်းစုပြီး ပါ၀င်ယှဉ်ပြိုင်ကြတဲ့ တော်သလင်းလရဲ့ မြန်မာ့ရိုးရာ လှေပြိုင်ပွဲတစ်ခုဆီက အစပြုလာခဲ့တဲ့ ပြဿနာတစ်ခုကို ကြုံဆုံရပြန်ပါတော့တယ်။
ဒီအကြောင်းကိုတော့ ” တတိယမြောက် ဆေးမှင်ကြောင်” ဆိုတဲ့ စာမူမှာ ဖတ်ရှုပေးကြပါဦးခင်ဗျာ…။
ပြီးပါပြီ။
နောင်ရိုး(ဆေးတပ်)

Leave a Comment