မဖဲဝါ အသက် (၄၄)နှစ်

” မဖဲဝါ အသက် (၄၄)နှစ် ”
ရေးသားသူ—ဆရာတာတေ
+++++++++++

အညာမိုးလေဗျာ။ ဖွားကနဲရွာလိုက် နေပူလိုက် သည်းကနဲရွာလိုက်နေပူလိုက်ပေါ့။
တန်ခူး ကဆုန်မှာကြဲတဲ့ နှမ်းကဝါဆို ဝါခေါင်မှာ နှုတ်ရတယ်။ ကျုပ်တို့အညာကတောင်သူဆိုတာ ရင်တမမနဲ့ စိုက်ကြပျိုးကြရတာဗျ။ မိုးကလိုသလောက်မရရင်လည်း သီးနှံကမအောင်ဘူးဗျ။ လိုတာထက်ပိုသွားရင်လည်း သီးနှံကပျက်ရောဗျ။
ဒါပေမဲ့ ဘာတတ်နိုင်မှာတုံးဗျာ။တာတေက အညာသားလေ။ တောင်သူရဲ့ သားလေဗျာ။ဒီလိုပဲ မိရိုးဖလာ လုပ်လာတဲ့ နှမ်းစိုက် ပဲစိုက်အလုပ် ကိုလုပ်ရတော့တာလေ။ တပင်တပန်း စိုက်ကြပျိုးကြ ပြီးရင်ရင်တမမနဲ့ ဘုရားတပြီး သီးနှံအောင်ဖို့ ဆုတောင်းကြရတာဗျ။ဒီနှစ်တော့ တာတေတို့ မဆိုးဘူးဗျ။ နှမ်းနှုတ် ၊ နှမ်းထောင် ၊နှမ်းပုတ်ပြီးတော့ အတော်လေးရလိုက်တယ်ဗျို့။ အဘရောအမေရော တပြုံးပြူံးနဲ့ ဗျ။
“ဂွပ် ၊ ဂွပ် ၊ ဂွပ် ၊ ဂွပ် ”
ကျုပ်အမေက ကျုပ်ကို ငရုတ်သီး ထောင်းခိုင်းထားလို့ထောင်းနေတာလေဗျာ။ ပြောရဦးမဗျို့။ အမေကဟင်းချက်ရင်ငရုတ်သီးကို အပုတစ်ဝက် အရှည်တစ်ဝက် ထောင်းတာဗျို့။ကျုပ်မှာ ငရုတ်သီးရေစိမ်ကတည်းက ငရုတ်ပုဆယ်တောင့်၊ငရုတ်ရှည်ဆယ်တောင့် စိမ်ရတာဗျ။ ရေမစိမ်ခင် ငရုတ်သီးတွေကို အညှာတံခြွေရသဗျ။ ပြီးတော့ ဇလုံထဲမှာ ထည့်ပြီးရေစိမ်တာ။ ပုဗ္ဗာရုံကျောင်းက ကျုပ်ဆရာတော် ဦးဂုဏဆို အမေများဝက်သားဟင်းနဲ့ ဆွမ်းကပ်လို့ကတော့ ပြုံးနေတာဗျ။ အမေ ဆွမ်းစားချိုင့်ပြင်ပြီးတော့ ဆွမ်းစားချိန်ကအဝေးကြီးလိုသေးတာ။ ဆွမ်းကတော့ မနက်အစောကြီးထချက်ရတာကိုးဗျ။ ဆွမ်းချိုင့်ပြင်နေတုန်း အဘက ရွာထဲကပြန်ရောက်လာတယ်။
“ဘယ်လိုတုန်းတော့ ကိုဉာဏ်ရဲ့ ၊ ဘိုးညီလေးအခြေအနေ”
“သက်သာသွားပါပြီ ၊ အပူလည်းကျသွားပြီ ၊ ငါနဲ့တောင်ထိုင်ပြီးစကားစမြည်ပြောလို့ ”
ဘိုးညီလေးဖျားလို့ဗျ။ ကျုပ်အဘက မနက်အစောကြီးသတင်းသွားမေးတာ ။ အဘရော အမေရော ဆွမ်းချိုင့်ကြီးဆွဲပြီးဆရာတော့်ကျောင်းကို ဆွမ်းသွားကပ်ကြတော့ ကျုပ်ကအိမ်စောင့်ပေါ့ဗျာ။ လူဆိုတာက အားနေရင် နေတတ်တဲ့အမျိုးမဟုတ် ဘူးလေဗျာ။
ဆေးလိပ်ဖွာရင်ဖွာ ၊ ရေနွေး သောက်ရင်သောက် ၊ ပုတီး စိပ်ရင် စိပ် ၊ ဝိုင်းဖွဲ့ စကားပြောရင်ပြော၊မဟုတ် ရင်အိမ်အလုပ်လေးလုပ်နေရမှ ဖြစ်တာလေဗျာ။ကျုပ်လည်းအခုအားနေတော့ ရေနွေးကြမ်းသောက်မလို့တစ်ခွက်ငှဲ့လိုက်တယ်။ အမေတို့အဘတို့က လက်ဖက်ခြောက်တော့ အကောင်းသောက်ကြတာဗျ။ စော်ဘွားနှုတ်ခမ်းမွှေးကို ရအောင်ဝယ်သောက်တာ။ ရေနွေးငှဲ့လိုက်ကတည်းက ပျံတက်လာတဲ့ ရေနွေးငွေ့ထဲမှာ လက်ဖက်ခြောက်နံ့ကပျံတက်လာတာဗျို့။
“တာတေ ရေ  –  တာတေ ”
ဝိုင်းဝကနေ ကျုပ်အမည်ကို လှမ်းခေါ်လိုက်သံကြားလိုက်လို့သောက်လက်စအကြမ်းပန်းကန်ကို လင်ဗန်းထဲ ပြန်ချထားလိုက်တယ်။ ဝိုင်းဝကို လှမ်းကြည့်လိုက်တော့မှ ဟာဘန့်ဘွေးကုန်း က ကိုကြီးစိန်သောင်းဗျ။ ဝါးခမောက်လေးဆောင်းလို့ ။ ကိုကြီးစိန်သောင်းဆိုတာအရီးမလုံးကြည်ရဲ့သားလေဗျာ။
“ကိုကြီးစိန်သောင်း ဝင်ခဲ့လေဗျာ ”
လို့ ကျုပ်ကအသံပေးတော့မှ ကိုကြီးစိန်သောင်းက ဝိုင်းထဲဝင်လာပြီး အိမ်ပေါ်တက်လာတာဗျ။
ကျုပ်က ရေနွေးကြမ်းအဆင်သင့်ငှဲ့ထားတယ်။ နဂါး ဆေးပေါ့လိပ်အသစ်ထုတ်ပေးတယ်။ ကျုပ်တို့ အညာမှာက မောလာရင်ရေသောက်ကြတာမဟုတ်ဘူးဗျ။ ရေနွေးကိုပဲ တဖူးဖူးမှုတ်ပြီးသောက်ကျတာ။ကိုကြီးစိန်သောင်း ကဝါးခမောက်လေးကို ချွတ်လိုက်ပြီးသူ့ခမောက်လေးနဲ့ ယပ်ခပ်နေတယ်။
“သောက် ကိုကြီးစိန်သောင်း ၊ ရေနွေးကြမ်းလေးသောက်ဦးဗျ”
ကိုကြီးစိန်သောင်း က ကျုပ်ငှဲ့ ပေးတဲ့ ရေနွေးကြမ်း ပန်းကန်ကိုကောက်ယူပြီး နှုတ်ခမ်းမှာတေ့လိုက်တယ်။ပြီးတော့ ဖူးကနဲဖူးကနဲ မှုတ်ပြီး တစ်ကျိုက်ပြီးတစ်ကျိုက် သောက်တာဗျို့။
“လက်ဖက်ခြောက်က ကောင်းလှချည်လားကွ တာတေရ”
“ဟာ ကိုကြီစိန်သာင်းကလည်းကောင်းဆို စော်ဘွားနှုတ်ခမ်းမွှေးလေကွာ ၊ အဘမြို့က ဝယ်လာတာ ၊ ကျုပ်အဘနဲ့အမေကလက်ဖက်ခြောက်တော့ လွှတ်ရွေးတာဗျို့။”
“အေး နေပါဦး တာတေရ ၊ ဘိုးဉာဏ်နဲ့ အရီးငွေစိန် တို့လည်းမမြင်ပါလားကွ ”
“အဘနဲ့ အမေ အခုပဲ ထွက်သွား ကြတာဗျ.. ၊ ဆရာတော်ကျောင်းမှာ ဆွမ်းသွားကပ်ကြတာ ၊ ဒီနှစ် နှမ်းလေးကောင်းထား တော့ အဘတို့လည်းပျော်နေကြတာဗျ ”
“အေးကွာ ၊ ဒီနှစ်တော့ ငါတို့လည်း မဆိုးဘူးကွ ၊ နှမ်းရသားတာတေရ”
“ကိုကြီးစိန်သောင်း ရောနှမ်းတွေသိမ်းလို့ ပြီးပြီလား ”
“ပြီးသွားပြီ ကွ ၊ ပြီးသွားလို့ အမောဖြေမလို့ရှိသေး တယ်၊ပြ ဿနာ ကပေါ်လာလို့ မင်းဆီပြေးလာတာကွ ”
“ဟင် ဟုတ်လား ၊ ဘာပြဿနာလဲဗျ ကိုကြီးစိန်သောင်း ရဲ့ ”
“ငါတို့ဝိုင်းအဝမှာ ခေါင်းကြီးတစ်လုံးရောက်နေလို့ကွတာတေရ”
“ဗျာ အခေါင်း ဟုတ်လား ကိုကြီးစိန်သောင်း လူသေထည့်တဲ့အခေါင်းလား”
“အေးလေ တာတေ ရာ—အခေါင်းပါဆိုမှ လူသေမထည့်လို့ လူရှင်ထည့်ရမှာလားကွ ၊ မင်းကလည်းဆရာသမားတစ်ယောက် လုပ်နေပြီးတော့များ ဒုံးဝေးနေပြန်ပါရောကွာ”
“ဟာ—ကိုကြီးစိန်သောင်း ကလည်း ကျုပ်က ဆရာသမားမဟုတ်ပါဘူးဗျ။ ဆရာကြီးတွေနဲ့ လျှောက်လိုက်ဖူးတာပါ။ဆရာကြီးတွေ လက်တိုလက်တောင်းခိုင်းရင် လုပ်ပေးတဲ့ကောင်ပါဗျာ။ ဒါတွေ ထားလိုက်ပါ။ ကိုကြီးစိန်သောင်း တို့ဝိုင်းဝကို အဲ့ဒီ့ ခေါင်းကြီးက ဘယ်တုန်းကရောက်တာတုံး”
“ဘယ်တုန်းကရောက်တာတုံးဆိုတော့ ညကပေါ့ကွ ၊ဒီမနက်အစောကြီး ငါနဲ့ ငါ့အမေနဲ့ မနက်အစောကြီးအာရုံဆွမ်းသွားပို့မလို့ ထွက်လာတော့ ဝိုင်းဝမှာ တွေ့တာပဲတာတေရာ ၊ ပြောရင်းနဲ ကြက်သီးတွေ ထလာလိုက်တာကွာ”
“ခေါင်းကအသစ်လား ၊ အဟောင်းလားဗျ။ ရွှံ့တွေဘာတွေပေနေလား ”
“ခေါင်းက ကျွန်းသစ်ခေါင်းကြီးကွ ၊ ကျွန်းသားမှ အထူကြီးနဲ့လုပ်ထားတာဟေ့ ။ ရောင်ဆီတွေ ဘာတွေသုတ်လို့ရောင်ဆီကလည်းတော်တော်ကောင်းတာ ၊ ညိုမှောင်နေတာပဲကွ ၊ အဖုံးတွေ ဘာတွေ ကျကျနနဖုံးထားတာကွ ”
“ဟာ ဟုတ်လား ကိုကြီးစိန်သောင်း ၊အဖုံးဖွင့်ကြည့်သေးလား”
“ငါတော့ မဖွင့်ရဲဘူး တာတေရ ၊ ငါတို့ တောင်ဘက်ဝိုင်းကဘထွေးချစ်ထွန်းက လာပြီးဖွင့်ကြည့်တယ်။ အထဲမှာတော့ဘာမှမပါဘူးကွ ၊ ဒါပေမဲ့ ခေါင်းမှာ စာထွင်းထားတယ်ကွ။စာကမှိန်နေလို့ ဘထွေးချစ်ထွန်းက အဝတ်စုတ်နဲ့ ရေစွတ်ပြီးပွတ်ကြည့်တော့မှ ပေါ်လာတာကွ ”
“ဟင် ဟုတ်လား ၊ စာကဘာတဲ့တုံး” ” *မဖဲဝါအသက်(၄၄)နှစ် ကွ “ကျုပ်တော်တော်အံ့သြ သွားတာဗျ။ ဒါမျိုး ကျုပ်တစ်ခါမှ မကြားဖူးဘူးလေဗျာ။”
“ဟာ…ဒါဆိုရင် ဒီခေါင်းက မဖဲဝါ သေတုန်းကထည့်တဲ့ ခေါင်းပေါ့ဗျ ”
“ဟာ…ဒါတွေတော့ မသိဘူးလေကွာ ၊ ဒါ့ကြောင့်လည်းမင်းကို လာခေါ်တာပေါ့ကွ ၊ မင်းလိုက်ကြည့်ပြီး ဘာဖြစ်တာတုန်းဆိုတာ ဝေဖန်ကြည့်ပေါ့ကွာ ”
“အခု ဒီခေါင်းကြီးက ခဗျားတို့ ဝိုင်းမှာ လား”
“ဟာ…တာတေ ကလည်း ဒီလောက်ကျက်သရေ မရှိတဲ့ကားကြီးကို ဘယ်သူက ဝိုင်းထဲ သွင်းထားမှာတုံးကွ ၊ ငါတို့ဝိုင်းအပြင်မှာပဲပေါ့ကွ ၊ ဒါပေမဲ့ ဘထွေးချစ်ထွန်းနဲ့ ငါနဲ့ မပြီးခြံစည်းရိူးနားတော့ ကပ်ထားတာပေါ့ကွ ၊ အစက ဝိုင်းဝတည့်တည့် ကြီးမှာ ချထားတာကွ ”
“ဟာ….ဒါဆိုရင် ဘန့်ဘွေးကုန်းသားတွေ လာကြည့်ကြရောပေါ့ဗျ ”
“အို ကြည့်လိုက်ကြတာမှကွာ ၊ ရွှေမန်းတင်မောင်နဲ့ ပြိုင်ပြီးရူံသွင်းရင်တောင် ရွှေမန်းတင်မောင် ရှုံးလောက်တယ်ဟေ့။ဒါပေမဲ့ခပ်လှမ်းလှမ်းကပဲ အုံကြည့်တယ်ကွ ၊ အနားတစ်ယောက်မှ မကပ်ရဲကြဘူး ”
“ကဲ ဒါဆိုရင် ကိုကြီးစိန်သောင်း ပြန်ချင်ရင်ပြန်နှင့် ၊ အဘနဲ့အမေ ဘုန်းကြီးကျောင်း ကပြန်လာတော့မှ ကျုပ်လာမယ်”
“ဟာ မပြန်ပါဘူးကွာ ၊ ဘိုးဉာဏ်တို့ ပြန်လာမှ မင်းနဲ့ငါအတူတူသွားကြတာပေါ့ တာတေရာ ”
ကျုပ်လည်း ကိုကြီးစိန်သောင်းနဲ့ စကားပြောရင်း စဉ်းစားကြည့်တာပဲဗျ။ ဒါဘာဖြစ်တာတုံးဆိုတာ ကျုပ်ဖြင့် နားကိုမလည် ဘူးဗျာ။ အခေါင်း ပေါ်မှာ မဖဲဝါအသက် ၄၄နှစ်လို့ထွင်းထားတာက ဘာသဘောတုံး ၊ မဖဲဝါ သေတုန်းကထည့်ပြီးမြှုပ်တဲ့ ခေါင်းဆိုရင်ကြာလှပြီပဲ ၊ ရှိပါဦးမလား ။မြေကြီးထဲမှာဆွေးသွားမှာပေါ့ဗျ၊ ။ တယောက်ယောက်နောက်တာလား။ ဒါတော့ မဖြစ်နိုင်ဘူးဗျ။ခဏနေတော့ အဘနဲ့အမေ ပြန်ရောက်လာတယ်။
“ဟဲ့….ဒါဘန့်ဘွေးကုန်းက လုံးကြည်ရဲ့သားစိန်သောင်းမို့လား ”
“ဟုတ်တယ်လေ အရီး ဘိုးဉာဏ်နေကောင်းရဲ့လား ”
“ဟကောင်စိန်သောင်း မင်းအခုထိ အိမ်ထောင်မပြုသေးဘူးလား ၊ လူဆိုတာအသက်ကြီးလာရင် ဆေးပေးမီးယူဆိုတာ လိုတယ်နော်”
“ဟာ ဘိုးဉာဏ်ရာ ဆေးပေးမီးယူတွေ မရှိရင်လည်းနေပါစေဗျာ။ ကျုပ်ဖြင့်အိမ်ထောင်ပြုချင်စိတ်ကို မရှိပါဘူးဗျာ”
အမေက ထမင်းပွဲပြင်ပြီး ကိုစိန်သောင်းကို ကျွေးတယ်။ဒါကျုပ်တို့ အညာဓလေ့လေဗျာ။ ထမင်းစားပြီးတာနဲ့ကျုပ်နဲ့ ကိုကြီးစိန်သောင်းနဲ့ ဘန့်ဘွေးကုန်း ကိုထွက်လာကြရောဗျ။ ဟုတ်ပါ့ဗျာ။ ဘန့်ဘွေးကုန်း ရောက်တော့ကိုကြီးစိန်သောင်း တို့ဝိုင်းရှေ့က မန်ကျည်းပင်အောက်မှာချထားတဲ့ ညိုမဲမဲခေါင်းကြီးကို တွေ့ရတယ်။လူတွေကလည်းအံ့သြနေကြတုန်း။ ဟုတ်တယ် ဗျို့။ ခေါင်းပျဉ်ကြီးပေါ်မှာစာလုံးတွေ ထွင်းထားတာဗျ။
*မဖဲဝါအသက်(၄၄)နှစ် တဲ့ဗျို့။ ခေါင်းပျဉ်ပေါ်မှာ နံမည်ထွင်းတာ ဒီဘက်ခေတ်မှာ မရှိတော့ပါဘူး ဗျာ။ စက္ကူပေါ်မှာစာရွက်ရေးပြီး ခေါင်းမှာကပ်ကြတာပဲဗျ။ ဒီဓလေ့နဲ့ ခေါင်းပေါ်ထွင်းထားတဲ့ စာလုံးတွေရဲ့ ရေးဟန်ကို ကြည့်ရတာတော့တော်တော်ကိုရှေးကျတဲ့အချိန်ဆိုတာ ကျုပ်မှန်းမိတယ်။ကျုပ်က ခေါင်းကို သေသေချာချာ ကြည့်တယ်။ ရွံ့တွေဘာတွေပေနေတာ ဘာမှမရှိဘူးဗျ။ အမြဲတမ်း ကိုတိုက်ချွတ်ပြီးသန့်ရှင်းထားတဲ့ ပုံပဲဗျ၊
ကျုပ်က ခေါင်းဖုံးကို ဖွင့်ကြည့်တယ်။ လေတော်တော်လုံတာဗျို့။ စရွေးကို ကိုက်နေတာဗျ။ တော်တော်တော်တဲ့လက် သမားကောင်း လုပ်ထားတဲ့လက်ရာဗျ။”တာတေ မင်းကို အရီးမယ်ဆိုးက တွေ့ချင်လို့တဲ့ “ခေါင်းကို ထိုင်ကြည့်နေတဲ့ ကျုပ်ကို ကိုကြီးစိန်သောင်း ကလာပြောတာဗျ ။ ကျုပ်လက်နဲ့ တိုင်းကြည့်တာ ခေါင်းအရှည်ကခြောက်တောင်ရှိတယ်။ ဒီခေါင်းမှာ ရှေးခေတ်က အခေါင်းဆိုတာ ကျိန်းသေတယ်။ ရှေးခေတ် လူတွေက အရပ်ရှည်ကြတော့ အခေါင်းကို အခုလို ခုနှစ်ပေ ၊ ရှစ်ပေ လုပ်ကြရတာဖြစ်မှာပေါ့ဗျ။
အရီးမယ်ဆိုးဆိုတဲ့ ဘွားတော်ကြီး ကဒီဘန့်ဘွေးကုန်းမှာတော့ အသက်အကြီးဆုံး ပဲဗျ။အသက် ၉၀ကျော်ပြီ။ ဒါပေမဲ့ သန်လိုက် မြန်လိုက်တာတော့ပြောမနေနဲ့ဗျို့။ အခုထိ သွက်သွက် သွက်သွက် ဖြစ်နေတဲ့ဘွားတော်ကြီးဗျို့။ ပြီးတော့ အရီးမယ်ဆိုးက ဒီအရပ်သူလည်းမဟုတ်ဘူးဗျ။ အောက်သူဗျ။ အညာသားနဲ့ အိမ်ထောင် ကျပြီးလိုက်လာတာ။ ဒီမှာအနေကြာလို့သာ အညာသူဖြစ်သွားတာ။ဘန့်ဘွေးကုန်း မှာတော့ အလှူအတန်းတွေ မဂ်လာဆောင်တွေရှိရင် ဘွားတော်ကြီးအရီးမယ်ဆိုးကို ဘာမဆိုတိုင်ပင်ဲပြီးမှ လုပ်ကြတာလေဗျာ။
ဘွားတော်ကြီးကလည်း မယ်ဆိုးသာဆိုတာ ၊ လွှတ်စိတ်ကောင်းရှိတာဗျ။ စိတ်စေတနာကလည်း လွှတ်ကောင်းတဲ့ ဘွားတော်ကြီး ပါဗျာ ။ကျုပ်က ကိုကြီးစိန်သောင်း တို့အိမ်ပေါ်ကို တက်လိုက်သွားတယ်။ဘုရားခန်းမှာ အရီးမယ်ဆိုးက ထိုင်လို့ဗျ။ ဖွေးနေတဲ့ဆံပင်တွေကို ခေါင်းမှာ ဆံထုံးလေးထုံးလို့။”လာကွဲ့ ၊ ထိုင် လူလေး မောင်တာတေ”
“ဟုတ်ကဲ့ အဘွား”
ကျုပ်က ပြောပြောဆိုဆို နဲ့ ဘွားတော်ကြီးရှေ့ မလှမ်းမကမ်းလေးမှာ ဝင်ထိုင်လိုက်တယ်။
“အေး မောင်တာတေရေ ၊ အဘွားကမင်းလာမယ်ဆိုလို့မျှော်နေတာကွဲ့ ၊ တော်တော်နဲ့ ရောက်မလာလို့တောင် စိတ်ထဲပူမိသေးတယ်”
“ကိုကြီးစိန်သောင်းရောက်လာတော့ ကျုပ်အဘနဲ့ အမေတို့ကဆရာတော့်ကျောင်းကို ဆွမ်းသွားပို့်နေလို့ စောင့်နေရတာအဘွားရဲ့ ၊ အမေတို့ပြန်လာတော့ထမင်းစားပြီးမှ သွားကြလို့ပြောလို့ ကိုကြီးစိန်သောင်းရော—ကျုပ်ရော ထမင်းစားနေရတာအဘွားရဲ့ ”
“သြော်—-ဒါ့ကြောင့်မင်းတို့က ကြာနေတာကိုး ၊ အေး အေးဒီလိုကွဲ့ မောင်တာတေရဲ့ ၊ အခုဝိုင်းရှေ့မှာရောက်နေတဲ့ခေါင်းက မဖဲဝါ သေတုန်းကထည့်ပြီးမြှုပ်တဲ့ ခေါင်းအစစ်ပဲလူကလေး”
“ဗျာ—-အဘွား သိတယ် ဟုတ်လား”
“အေး အဘွားသိတယ်ကွဲ့ ၊ ဒါပေမဲ့ အဘွားကိုယ်တိုင်မှီခဲ့တာတော့ မဟုတ်ဘူး။ အဘွားတို့ ဘိုးဘွားတွေအစဉ်အဆက် ပြောခဲ့ကြလို့သိတာ”
ခဗျားလည်းသိတာပဲဗျာ။ တာတေဆိုတဲ့ ကျုပ်က ဒါမျိုးဆိုရင်လွှတ်စိတ်ဝင်စားတဲ့ကောင်ဗျ။
“ဟာ…ပြောပြပါ အဘွားရယ် ၊ ကျုပ်စိတ်ဝင်စားလို့ပါဗျာ”
“မဖဲဝါတို့ မောင်နှမ ပိုင်ခဲ့တဲ့ အင်းကြီးက အဘွားတို့ဘိုးဘွားတွေ နေတဲ့ နယ်ထဲမှာပဲကွဲ့ ၊ မဖဲဝါရဲ့အကို ဦးစံမှဲ့ကြီး အရှင်လတ်လတ်ကနေ သရဲကြီးဖြစ်သွားတာတဲ့မောင်တာတေ ကြားဖူးတယ်မို့လား ”
(ဒီအကြောင်းကို ကျနော် တင်ပြီးသွားပါပြီ)”
ဟုတ်ကဲ့ အဘွားကြားဖူးပါတယ် ”
“အေး…သူ့အကိုက အရှင်လတ်လတ်ကနေ ဖြစ်ပြီးပျောက်သွားတဲ့ အခါကျတော့ မဖဲဝါဟာ တော်တော်ကြောက်သွားတာတဲ့ ၊ ဒါနဲ့ အင်းလုပ်ငန်းတွေလည်း ရပ်ပစ်လိုက်ပြီးသူတို့်ချမ်းသာသမျှကို လှူတန်းလိုက်ပစ်တော့တာပဲ။ ဒါပေမဲ့သိပ်နောက်ကျသွားပြီလေ။ သူတို့ မောင်နှမ နှစ်ယောက်လုပ်ခဲ့တဲ့ အကုသိုလ် ကနဲတာမှမဟုတ်တာ။ တိုတိုပြောကြပါစို့ကွယ်၊ ဦးစံမှဲ့ မရှိတဲ့နောက် အိပ်ရာထဲ ဘုန်းဘုန်းလဲတော့တာဆိုပဲ ၊ ဆေးဆရာတွေပင့်ပြီး ကုပေမဲ့ အကုသိုလ် တွေဖိစီးနေတော့ဆေးက မတိုးတော့ဘူးလေကွယ်၊ ဒါနဲ့ပဲအသက် ၄၄နှစ်မှာ မဖဲဝါသေခဲ့တာ””အသက် သိပ်မကြီးသေးဘူးနော် အဘွား”
“အေးပေါ့ လူကလေးရဲ့ ၊ ၄၄နှစ်ဆိုတဲ့အသက်က ဘာကြီးသေးလို့တုန်း””ဟုတ်ကဲ့ အဘွားဆက်ပြောပါဦးဗျ”
“အေးအေး အဘွားပြောပြပါ့မယ် ၊ မဖဲဝါက အင်းသူကြီးကိစံမှဲ့ ရဲ့ နှမပဲကွယ့်၊ ချမ်းသာတာပေါ့ ၊ ဒီတော့ ခေါင်းစပ်တာတောင် ကျွန်းပျဉ်အကောင်းစားနဲ့စပ်ပြီး ခေါင်းမှာလည်း မဖဲဝါအသက်၄၄နှစ် လို့ ဆိုပြီး ကမ္မည်းသေချာထိုးပြီးတော့မှ မြေမြှုပ်သဂြိုလ်တာဆိုပဲ။ဒါပေမဲ့ ရက်လည်တဲ့ နေ့မှာပဲတစ်နယ်လုံးအုတ်အော်သောင်းနင်းဖြစ်ခဲ့ရတာဟေ့”
“ဟင် ဘာဖြစ်လို့တုံးအဘွားရဲ့ ”
“မဖဲဝါကို မြှုပ်ထားတဲ့ နေရာမှာ မြေပုံပွင့်ထွက်ပြီး ခေါင်းရောအလောင်းရော ပျောက်သွာလို့တဲ့ဟေ့”
“ဟာ—ဟုတ်လား အဘွား””ဟုတ်တယ် မောင်တာတေ ၊ ညဘက်ဆို ဟိုရွာ ဒီရွာတွေမှာဆံပင်ဖားလျားကြီးချလို့ ခေါင်းကြီးတစ်လုံး ပုခုံးမှာ ထမ်းသွားနေတဲ့ မဖဲဝါကို တွေ့လိုက်ကြတယ်ဆိုပြီး သတင်းတွေ ထွက်လာတော့ တစ်နယ်လုံး အုတ်အော်သောင်းနင်း ဖြစ်ကြတော့တာပေါ့ကွယ် ”
“မြှုပ်ထားတဲ့ မြေပုံကို တစ်ယောက်က လာပြီးတူးသွားတာလားမှ မသိတာ အဘွားရ”
“မဟုတ်ဘူးတဲ့ ကွဲ့ ၊ မြေပုံက သူ့အလိုလိုကို ပွင့်ထွက်သွားတာတဲ့ မောင်တာတေ ”
“ဟာ…ဟုတ်လား အဘွား ၊ ဒါဆိုရင် မဖဲဝါလည်း သူ့အကိုဦးစံမှဲ့ လိုပဲ လူစင်စစ်ကနေ သရဲဖြစ်သွားတာ ထင်တယ်ဗျ ”
“လူတိုင်းက ဒီလိုပဲ ပြောကြတာတဲ့ မောင်တာတေ ၊အဲ့ဒီ့ မှာတင် မဖဲဝါ သောင်းကျန်းတော့တာဟေ့”
“ဟင် ဟုတ်လား အဘွား ၊ ဘယ်လိုများသောင်းကျန်းတာတုံးဗျ ”
“ဒီလိုတဲ့ဟေ့ ၊ ညဆိုရင် ရွာထဲဝင်ပြီး ဝိုင်းတဝိုင်းရှေ့မှာမြှေမြှုပ်တဲ့ခေါင်းကြီး ချထားရောဟေ့ ၊ အဲ့ဒီမှာတင်ဝိုင်းပိုင်ရှင်က အမဲသားရရ ၊ ကြက်သားရရ သေသေချာချာချက်ပြုတ်ပြီး ထမင်းထုတ်ထုတ်ရသတဲ့ ၊ ပြီးရင် ခေါင်းကိုရွာပြင်က သုသာန်မှာ သွားထားပေးရသတဲ့ ၊ အဲ့ဒီလိုထည့်မပေးပဲ ခေါင်းကြီးပဲ သွားထားလို့ကတော့ တစ်ရက်နှစ်ရက်အတွင်း မှာကို အဲ့ဒီ့အိမ်က လူတယောက်သေရောဟေ့ ”
“ဟာ…ဟုတ်လား မဖဲဝါ တော်တော်ကြမ်းခဲ့တာကိုး ”
” အေး…ဟုတ်တယ် ၊ သူအစာစားချင်လာရင် ခေါင်းကြီးထမ်းပြီး ဟိုရွာ ဒီရွာ လိုက်ချထားတာတဲ့ကွ ၊ ဒီတုန်းကဆိုရင်လူတွေက မဖဲဝါကို တော်တော်ကြောက် ကြတာ ဆိုပဲ ၊ရွာထဲမှာ ပရိတ်တွေရွတ်လည်းမရဘူးတဲ့ ၊ ညသန်းခေါင်လောက်မှာ ဆံပင်ဖားလျား ကြီးချပြီး ခေါင်းကြီးထမ်းသွားနေတဲ့မဖဲဝါကို ဟိုလူကတွေ့ ဒီလူကတွေ့နဲ့ ဆိုတော့ ကြောက်ကြတာပေါ့ကွယ် ”
“ဟာ…ဒါဆိုရင်လည်း ဒီလိုလုပ်ပြန်ပြီထင်တယ်အဘွားရဲ့”
“အေး….အဘွား လည်း အဲ့ဒီလို စဉ်းစားနေတာမောင်တာတေရဲ့ မဖဲဝါကို အဲ့ဒီလိုမလုပ်ရဘူးဆိုပြီး အထက်ပုဂ္ဂိုလ်ကြီးတွေက ဒဏ်ထမ်းခိုင်းခဲ့လို့ ဒီနေ့အထိ မြို့တွေ ရွာတွေ ထဲကိုတောင် မဝင်ရတော့ဘူးလို့ အဘွားကြာဖူးတာကွဲ့ ၊ အခုဒီခေါင်းကြီးက လုံးကြည်တို့ ဝိုင်းရှေ့ရောက်နေတော့စဉ်စားရတော်တော်ခက်သွားတာကွဲ့ ။ အဘွား လည်းအိမ်ပေါ်မတက်ခင် ခေါင်းကို သေသေချာချာ ကြည့်တယ်ကွဲ့ ၊ အဘွားတို့ ဘိုးဘွားတွေ စဉ်ဆက်ပြောခဲ့တဲ့ အဖြစ်အပျက်ထဲက ခေါင်းက ဒီခေါင်းပဲကွဲ့ မောင်တာတေ ရဲ့။ မင်းကတော့မဖဲဝါအကြောင်းကို တော်တော်လေး သိလိမ့်မယ်ထင်တယ်။မဖဲဝါဟာ နှစ်ပေါင်းများစွာ မလုပ်တော့တဲ့ ဒီအလုပ်ကိုအခုလို ပြန်လုပ်တာ ဘာသဘောလိုထင်တုံး မောင်တာတေ ”
“ကျုပ်လည်းမထင်တတ်ဘူး အဘွားရဲ့ ၊ ဒါပေမဲ့ ကျုပ် စိတ်ထင်တော့ မဖဲဝါက ဒီလိုလုပ်ပြီး စားမဲ့သောက်မဲ့ သူမဟုတ်ဘူးဗျ။ ဒါပေမဲ့ အရီးလုံးကြည်တို့ ဝိုင်းရှေ့မှာကလည်းခေါင်းကြီးရောက်နေတော့ ခက်သားလားဗျာ ”
“မောင်တာတေ စဉ်းစား ပါဦးကွယ် ၊ အဘွားတို့ဘာလုပ်ရင်ကောင်းမတုံး ”
ကျုပ်စဉ်းစားကြည့်တယ် ။ မဖဲဝါရဲ့အဆင့်ဟာ ဒီလိုလုပ်ရမဲ့အဆင့် မဟုတ်ဘူးလို့ ကျုပ်ထင်တယ်။ ဒါပေမဲ့လည်းအရီးလုံးကြည်တို့ ဝိုင်းရှေ့မှာ ရောက်နေတဲ့ ခေါင်းကြီးကလည်း မဖဲဝါရဲ့ ခေါင်းလို့ ဘွားတော် ဒေါ်ဆိုးက ပြောပြန်ရောဗျ။နောက်တော့ ကျုပ် အကြံရသွားတယ်ဗျ ။
“ကျုပ်အကြံရပြီ အဘွား ”
“အေး ပြော မောင်တာတေ ”
“ဒီခေါင်းကို ဘန့်ဘွေးကုန်း သင်္ချိုင်းမှာ သွားထားမယ်၊ ပြီးတော့ကျုပ်က မဖဲဝါကို သပ်သပ်စားပွဲပေးပြီး ပင့်မယ်။ မဖဲဝါကြွလာရင် ဒီကိစ္စပြောပြမယ် ၊ ပြီးတော့ ဒီခေါင်းကို ပြလိုက်မယ် ”
“ဟာ—– တယ်ကောင်းတဲ့ အကြံပါလား မောင်တာတေ ၊နို့ မဖဲဝါက မောင်တာတေ ပင့်လို့ရပါ့မလား ”
“လာပါတယ် အဘွားရဲ့ ၊ နတ်ဝင်သည် တစ်ယောက် တော့လိုတာပေါ့ဗျာ ”
“နတ်ဝင်သည် ဟုတ်လား ၊ မနေ့ကတော့ မြို့က နတ်ဝင်သည်တစ်ယောက် ရောက်နေတယ်လို့တော့ ပြောသံကြားတာပဲ။အခုတော့ ပြန်သွားပြီလားမသိဘူး ။ ဟဲ့ လုံးကြည် မစိန်တို့အိမ်မှာ နတ်ဝင်သည် ရှိသေးလား ၊ ဒီမှာ မောင်တာတေ ကနတ်ဝင်သည် လိုတယ် လို့ ပြောလို့ “”မပြန်သေးဘူး ဘွားတော်ရေ…အဲ့ဒါကျုပ်ခေါ်လာတာတော့”
“ဟဲ့ ဒါ ဘယ်သူတုံး လာလေ ဒီရှေ့ကို ”
စုထိုင်နေတဲ့ မိန်းမတွေထဲက အသက် သုံးဆယ်လောက်ရှိတဲ့ ခပ်ဝဝမိန်းမတစ်ယောက် ထွက်လာပြီး ဘွားတော်ရှေ့မှာ သွားထိုင်တယ်ဗျ။
“မြို့က နတ်ကတော်ကို ညည်းခေါ်လာတာလား ”
“ဟုတ်တယ် ဘွားတော် ရဲ့ ၊ မေးချင်စမ်းချင်တဲ့သူတွေမေးရအောင်ဆိုပြီး ခေါ်လာတာတော့ ”
“အေးပါ အေးပါ ၊ နို့ အဲ့ဒီ နတ်ကတော် ရောဟဲ့ လုံးတင်ရဲ့”
“ကျုပ်တို့ အိမ်မှာတော့် နတ်ဟောနေတယ်”
“မလုံးတင် ခဗျား နတ်ကတော် ကို အကူအညီတောင်းပေးပါဗျာ။ ကျုပ်ဒီည မဖဲဝါ ပင့်မလို့ အဲ့ဒါ ကူညီပေးပါလို့ ”
“ရပါတယ် တာတေရ ၊ ငါပြောလိုက်ပါ့မယ် ”
“ဟဲ့ လုံးတင် နတ်ကတော် က နံမည် ဘယ်သူတဲ့တုံးဘယ်အရွယ်ရှိပြီလဲဟဲ့ ”
.”ဘွားတော်ရေ…. နံမည်က ဒေါ်တောက် ၊ အသက်ကငါးဆယ်လောက်ရှိပြီတော့ ”
“သြော်….အေး ကောင်းတယ် ကောင်းတယ် ။ ဒီအရွယ်ဆိုတော့ အတွေ့အကြုံ ရှိတာပေါ့ဟယ် ၊ ငယ်ငယ်ရွယ်ရွယ် ဆိုမဖဲဝါ ဝင်ပူး မှာကို ဘွားတော် ကစိတ်မချလို့ပါအေ ။ ကဲ..မောင်တာတေရေ…..အားလုံးအဆင်ပြေပြီဟေ့ ၊ မင်းလုပ်စရာ ရှိတာတွေ လုပ်ပေတော့””ဟုတ်ကဲ့ အဘွား
“ကျုပ်နဲ့ ကိုကြီးစိန်သောင်း ရွာထဲထွက်ပြီး ကြက်ဝယ်ဖို့စုံစမ်းကြတယ်။ ဒီမှာတင်ကိုအောင်ဘော်နဲ့တွေ့လို့ သတင်းတခုရရောဗျ။
“တာတေ အမဲသားရရင်ယူမလား ”
“ဟာ ကိုအောင်ဘော်ကဗျာ ၊ ရရင်ပိုကောင်းတာပေါ့ ၊ဒါပေမဲ့ အမဲသားက မြို့သွားမှ ရမှာလေ ၊ဘယ်မှီတော့မှာမတုံး”
“မြို့မသွားရဘူးကွ တာတေရ၊ ဒီရွာမှာတင် ရမှာ ထိန်ကုန်းကငပေတို့ အမဲပေါ်လို့ တိတ်တိတ်လာပို့ထားတာ ၊ မြောက်ပိုင်းက ကိုဝက်ကြီးတို့ အိမ်မှာရှိတယ် ၊ စောစောကတော့နှစ်တွဲရှိသေးတယ်။ နှစ်ပိသာ ကွာ ၊ ငါသွားပေးမယ်။စိန်သောင်း ငါ့ကို ပိုက်ဆံသာ ပေးလိုက် ”
“ဘယ်ဈေး တဲ့တုန်း”ကိုကြီးစိန်သောင်း ကမေးတာဗျ။
“တစ်ဆယ်ဈေးလို့ ပြောတယ်ကွ စိန်သောင်းရ ”
ကိုကြီးစိန်သောင်း က ကိုအောင်ဘော်ကို နှစ်ဆယ်ထုတ်ပေးလိုက်တယ်။ခဏကြာတော့ ငှက်ပျောဖက် နဲ့ ထုပ်ထားတဲ့ အထုတ်တစ်ထုတ်မပြီး ကိုအောင်ဘော် ပြန်ရောက် လာတယ်။အရီးလုံးကြည်တို့အိမ်မှာက လူသိပ်များနေလို့ ကိုအောင်ဘော်တို့အိမ်မှာပဲ ထမင်းဟင်းတွေ ချက်ကြတယ်။ညကိုးနာရီ ထိုးတော့ ကျုပ်ရယ် ကိုစိန်သောင်းရယ် ၊ကိုအောင်ဘော် ရယ် ၊ ရွာထဲက ကာလသားတွေရယ်နတ်ကတော် ဒေါ်တောက်ရယ် ဘန့်ဘွေးကုန်း သင်္ချိုင်းကိုရောက်လာကြတယ်။
ထမင်းတောင်း ထမ်းတဲ့သူကထမ်း၊မဖဲဝါရဲ့ ခေါင်းကြီးကို ထမ်းတဲ့သူက ထမ်းပေါ့ဗျာ။အမှတ်တမဲ့ ကြည့်လိုက်ရင် တော့ ကျုပ်တို့ အသုဘချလာတယ် ထင်မှာပေါ့ဗျ။သင်္ချိ ုင်းထဲရောက်တော့ မျက်နှာပြင်ညီတဲ့ ဂူကြီးတစ်လုံးကို ကျုပ်ကရွေးလိုက်တယ်။ ဂူကတော့ တော်တော်ဟောင်းနေပါပြီ။ ဂူပေါ်မှာ ကျုပ်က ထမင်းထုပ်ဖြေပြီးတင်လိုက်တယ်။တစ်နေကုန် ချက်ထားတဲ့ အမဲသားက နူးအိပြီး မွှေးကြိုင်နေတာ။ ဂူပေါ်မှာ ရေဖလားနဲ့ ရေတစ်ခွက်ချထားတယ်။ဖယောင်းတိုင် တစ်တိုင်လည်းထွန်းလိုက်သေးတယ်။နတ်ကတော် ဒေါ်တောက်ကတော့ ဆံပင်တွေ ဖြည်ပြီးဖားလျားချလိုက်တယ်။လက်အုပ်ချည်ပြီး သူ့လိပ်ပြာကိုသိပ်နေပုံရတယ်။
“အရှေ့နေထွက် အနောက်နေဝင် တောင်တံငါ့ကွန်၊မြောက်ဓူဝံအတွင်း ရှင်မ မဖဲဝါဘယ်နေရာကိုပဲရောက်နေရောက်နေ ကျုပ်ရှိရာဒေသကို အမြန်ဆုံးကြွလှမ်းခဲ့ပါရှင်မ မဖဲဝါ ခင်ဗျား၊ ထနောင်းကုန်းက တာတေကစားပွဲ ဖြင့် ကြိုဆိုပါတယ် မဖဲဝါ ။ ကြွပါ ကြွပါ ကြွပါ ”
ကျုပ်က မျက်ကွင်းဆေး ကွင်းပြီးသားဗျ။ ပတ်ဝန်းကျင် ကိုကျုပ်ကြည့်တယ်။ ဘာမှ ထူးထူးခြားခြား မတွေ့ရဘူး။
“ဝူး….ဝူး…..ဝူး….အီး…အီး ”
ဟော….ဒါ မဖဲဝါရဲ့ ခွေးကြီးအသံဗျ။ နက်ကျော်ကြီးအသံလေဗျာ။ ကျုပ် ကောင်းကောင်းမှတ်မိပါတယ် ။
“ဝူး ဝူး ဝူး ဝူး အီး အီး ”
ဟော….နီးလာပြီဗျို့။ နက်ကျော်ကြီးအသံ တဖြေးဖြေးနီးလာပြီဟော….လာပြီဗျို့။ မဖဲဝါလာ ပြီ။ သင်္ချ ိုင်း ဂူတွေအပေါ်ကကျော်ပြီး ရွေ့ လာတာဗျို့။ အရပ်ကြီးဆယ်ပေကျော်လောက်ရှိတယ်ဗျ။ ဆံပင်ဖားလျား ကြီးချလို့ ။ မျက်လုံးနီနီကြီးတွေကအကြမ်းပန်းကန်တွေလောက်ကို ရှိတာဗျာ။ ဟော…ကျုပ်စားပွဲ ပြင်ထားတဲ့ နေရာကို လှမ်းကြည့်တယ်ဗျ။ ဟော…ပြေးလာပြီဗျို့။ ရိပ်ကနဲ ဝင်ကပ်လိုက်ပြီး ဒေါ်တောက်ဆီကိုဝင်ပူးလိုက်ပြီ။
“ဝူး….ဝူး….အီး အီး အိ”
အကောင်မမြင်ရပဲ အသံပဲ ကြားလိုက်ရတဲ့ မဖဲဝါရဲ့ ခွေးနက်ကြီး အူသံကြောင့် ကိုကြီးစိန်သောင်းရော ၊ ရွာက လိုက်လာတဲ့ သူတွေရော နောက်ကို တော်တော် ဝေးဝေး အထိဆုတ်သွားတယ်။ ကျုပ်ကတော့ ခွေးနက်ကြီးကို မြင်နေရတာပေါ့ဗျာ။ဒေါ်တောက်က လက်တွေ ခြေတွေ ကွေးကောက်ပြီးကို့ရို့ကားရားကြီးနဲ့ ဂူပေါ်ကို လွှားကနဲ ခုန်တက်သွားတယ်။
“ဟာ..”
ဘန့်ဘွေးကုန်း က ကာလသားတွေ လန့်ပြီးအော်လိုက်ကြတာဗျ။ ကျုပ်က နောက်လှည့်ကြည့်ပြီး၊ လက်ကာပြတယ်။မဖဲဝါက ဂူပေါမှာ ဒူးကြတစ်ဖက်ထောင်ပြီး ထိုင်ချလိုက်တယ်။ဟော…စားပြီဗျို့ စားပြီ။ အမဲသားတုံးတွေကို အားရပါးရစားတာဗျ။ ထမင်းပုံ ကြီးက ပြိုက်ခနဲ ပြိုက်ခနဲ ကိုကုန်သွားတာဗျ။
သူစားလို့ ဝတော့မှ ကျန်တဲ့ထမင်းတွေ ဟင်းတွေကိုငှက်ပျော်ဖက်ပါ ယူပြီး ခွေးနက်ကြီးဘက်ကို ပစ်ချလိုက်တယ်။ဟာ….စားပြီဗျို့ ။ ခွေးနက်ကြီးလည်း အမဲသားတွေ စားနေပြီဗျို့။ မဖဲဝါက ရေသောက်ရင်း ကျုပ်ကို လှမ်းကြည့်တယ်။
“ဒီလိုပါ မဖဲဝါ ဘန့်ဘွေးကုန်း က အရီးမလုံးကြည် တို့အိမ်ဝိုင်းရှေ့မှာ ဟောဒီ့ခေါင်းကြီးရောက်နေလို့ပါ။ ရွာထဲကသူတွေလည်းကြောက်နေကြပါတယ် မဖဲဝါ”
ကျုပ် မြက်ခင်းထဲမှာ ချထားတဲ့ ခေါင်းကို လက်ညှိုးထိုးပြလိုက်တယ်။ ဒီတော့မှ မဖဲဝါ ခေါင်းကြီးကို မြင်သွားတာဗျ။ခေါင်းကို မျက်လုံးပြူးကြီးနဲ့ ကြည့်နေတယ်။
“အီး………. အား…….. အီး……”
မဖဲဝါ အော်လိုက်တဲ့အသံကြီးက သင်္ချ ိုင်း တစ်ခုလုံးကျော်ထွက်သွားတယ်ဗျ။ မဖဲဝါ တော်တော် ကို ဒေါသဖြစ်သွားတဲ့ပုံပဲဗျ ၊ဟော….မဖဲဝါ သင်္ချ ိုင်းအနောက်ဘက်ကို လှမ်းကြည့်နေတယ်ဗျ။ ကျုပ်လည်း မဖဲဝါ ကြည့်တဲ့ဘက်ကို လှမ်းကြည့်မိတယ်။
ဟာ….လာပြီဗျို့။ လာပြီ ။ မည်းမည်းအကောင်ကြီးဗျ။နည်းတဲ့အကောင်ကြီးမဟုတ်ဘူး။ ကျုပ်လည်းကိုကြီးစိန်သောင်း တို့ဘက်ကို ပြေးပြီးကပ်လိုက်ရတာပေါ့ဗျာ။ဟော…မဖဲဝါ ဒေါ်တုတ်ကိုယ်ထဲက ထွက်လိုက်ပြီဗျို့။ ဟာ…အရပ်ဆယ်ပေလောက်ကြီးပြန်ဖြစ်သွားပြီဗျာ။သင်္ချိုင်းအနောက်ဘက် က ဝင်လာတဲ့မည်းမည်း အကောင်ကြီးက ဆံပင်ဖားလျား ကြီးနဲ့ဗျို့၊ တစ်ကိုယ်လုံးအမွှေးမည်းမည်း အကောင်ကြီးက ဖုံးနေတာလေဗျာ။မျက်လုံးနီနီကြီးတွေနဲ့ ကျုပ်ကို လှမ်းကြည့်တယ်။
“အီး……..အား………..အီး………”
မဖဲဝါက ဒေါသတကြီးနဲ့ အော်ပြန်ရောဗျို့။ ဒီတစ်ခါအော်တာကိုတော့ ဘန့်ဘွေးကုန်းသားတွေ မကြားတော့ဘူးပေါ့။ကျုပ်က မျက်ကွင်းဆေးကွင်းပြီး ကျန်တာ ကို နားနှစ်ဖက်ပါပွတ်ထားတော့ အကြားအာရုံပါ ရတာပေါ့ဗျာ။
“ဟဲ့….ငမဲ နင်ဒါ ဘာလုပ်တာတုံး ၊ နင့်ကို ယုံကြည်လို့မဖဲဝါရဲ့ တလားစောင့်တာဝန်ပေးထားတာ။ ဒီတလားသာမသာမသူလက်ထဲရောက်သွားရင် ငါဘာဖြစ်မယ်ဆိုတာနင်သိရက်သားနဲ့ အခု ဘာလုပ်တာတုံး ”
“စား – စား – စား – စား ”
ငမဲက စကားမပြောနိုင်ဘူးဗျ။ လက်ကိုအစာစားသလိုလုပ်ပြပြီးစား စား စား လု့ိပဲ ပြောတာဗျ။
“နင့် အကုသိုလ် ကြောင့် နင်မစားရတာကို နင်ဒီလိုလုပ်လို့ရမလား ငမဲ ”
မြန်လိုက်တဲ့ မဖဲဝါဗျာ။စကားဆုံးတာနဲ့ လေထဲမှာ ရိပ်ခနဲရွေ့သွားပြီး လက်ဝါးကြီးလေထဲ မြောက်သွားတယ်။
“ဘုန်း – ဘုန်း – ဘုန်း – ဘုန်း ”
“အီး”
ငမဲ ကြီးရဲ့ကျောကုန်းကို မဖဲဝါက သူ့လက်ဝါးကြီးနဲ့ဆက်တိုက်ရိုက်ချလိုက်တယ်။အီးဆိုတာ ငမဲကြီး မချိမဆန့် အော်လိုက်တဲ့အသံကြီးလေဗျာ။
“နင် အခုချက်ချင်း ထွက်သွား ၊ သင်္ချိုင်းရှင်မရဲ့ တလားစောင့်တာဝန်ဟာ နင်နဲ့ မတန်ဘူး သွား ”
ငမဲ ကြီးပြေးတော့တာပဲဗျို့။ မဖဲဝါက သူ့ရဲ့ ခေါင်းကြီးကိုကောက်ယူပြီး ပုခုံးမှာ ထမ်းလိုက်တယ်။ ကျုပ်ကို တချက်လှည့်ကြည့်ပြီးတော့ –


ဂူတွေပေါ်ကနေ ရိပ်ခနဲ ရိပ်ခနဲ ရွေ့ပြီးထွက်သွား ရောဗျို့။
“ဝူး….ဝူး…..ဝူး….အီ…..အီ ”
မဖဲဝါရဲ့ ခွေးနက်ကြီးကလည်း မဖဲဝါရဲ့အနောက်ကနေအပြေးအလွှား လိုက်သွားလေရဲ့ ။ ဒီတော့မှ ကျုပ်တို့လည်းဂူပေါ်မှာ သတိလစ်နေတဲ့ ဒေါ်တောက်ကို ရေနဲ့တောက်ပေးပြီး နှိုးရတာပေါ့ဗျာ။”ဝါး”ဟော….ဒေါ်တောက် သတိရလာပြီ။ တော်ပါသေးရဲ့ဗျာ။ကျုပ်က အသင့်ပါလာတဲ့ ရေပုံးထဲကရေနဲ့ ဒေါ်တောက် ကိုပါးစပ်တွေ လက်တွေကို ဆေးခိုင်းလိုက်တယ်။
“တာတေ မဖဲဝါ ရဲ့ ခေါင်းကြီး ဒီနားမှာ ချထားတာပျောက်သွားပါရောလား ၊ ဘယ်ရောက်သွားတာတုံး ”
ကိုကြီးစိန်သောင်းက ကျုပ်ကို တအံ့တသြ နဲ့မေးတာဗျ။”
မဖဲဝါက သူ့အခေါင်းကို သူပြန်သိမ်းသွားပြီဗျ ။ တလားစောင့်တာဝန်ပေးထားတဲ့ ငမဲဆိုတဲ့ ကောင်က စားချင်သောက်ချင်လွန်းလို့ လုပ်လိုက်တာပါ။ ငမဲကြီးကို မဖဲဝါရိုက်ပြီး ဆုံးမလွှတ်လိုက်တယ်ဗျို့။ ငမဲကြီးလည်းပြေးတော့တာပဲဗျာ။
“ဟင် မင်းအဲ့တာတွေ အကုန်မြင်ရတယ် ဟုတ်လား ”
“ဟာ ကိုကြီးစိန်သောင်းကလည်း ကျုပ်က မျက်ကွင်းဆေးကွင်းထားတာလေဗျာ ။ အားလူံးမြင်ရကြားရတာပေါ့ ”
ကျုပ်တို့ ဘန့်ဘွေးကုန်း ကို ပြန်ရောက်တော့ တစ်ရွာလုံးဘယ်သူမှ မအိပ်သေးဘဲ စောင့်နေကြတာဗျို့။
ကျုပ်ကဘွားတော်ကြီးမယ်ဆိုးကို အကျိုးအကြောင်း တွေပြောပြပြီးတော့ ထနောင်းကုန်း ကို ပြန်ခဲ့တယ်။ကိုကြီးစိန်သောင်း နဲ့ ကိုအောင်ဘော်က ကျုပ်ကို လိုက်ပို့ကြတယ်လေဗျာ။ ကျုပ် ထနောင်းကုန်း ပြန်ရောက်တော့သန်းခေါင်းကြက်တောင်တွန်နေပြီဗျ။

ပြီးပါပြီ။

Leave a Comment