မောင်ရေခဲ နှင့် ကိုးကျင်းကဝေ

မောင်ရေခဲ နှင့် ကိုးကျင်းကဝေ(စ/ဆုံး)
ရေးသားသူ—ခွန်း
+++++++++++

ဆရာဖိုးတေသည်ဖွားရွှေအားစုန်းမကြီးအဖြစ် စွပ်စွဲသည်ကိုရွာကလူများသိပြီးသည့်နောက် သူ့အားရန်ပြုကြတော့မည်ကိုတွက်မိသည်။ သို့နှင့်သူကြီးတို့လူတစ်စုလုပ်သမျှကို ကွယ်ရာမှချောင်းကြည့်နေခဲ့သည်။ လူငယ်တစ်ယောက်ကြောင့် သူကြီးတို့အမြင်မှန်ရသွားသဖြင့် သူ့အကြံအစဉ်မအောင်မြင်သောကြောင့် ထိုလူငယ်အားသူအငြိုးထားလိုက်သည်။ သူကြီးတို့်အုပ်စုသူ့အိမ်မလာခင် ဖိုးတေကမယားဖြစ်သူမညွှန့်စီကိုခေါ်ပြီး ထန်းကုန်းရွာမှအပြီးထွက်သွားခဲ့သည်။ သူတတ်သည့်မြေကြောရှုံ့အတတ်ပညာဖြင့် ထွက်ပြေးလေရာ အချိန်အနည်းငယ်၌ထန်းကုန်းရွာနှင့် အလွန်ဝေးသောအရပ်သို့ရောက်လာခဲ့သဖြင့် စိတ်ချရပြီထင်ကာ ထိုနေရာ၌ဇာတ်မြုတ်နေရန်ကြိုးပမ်းသည်။ မညွှန့်စီလည်းမောက်လုံးအဆင့်ဖြစ်ရကား လင်ဖြစ်သူ၏တက်လမ်းအတွက်အနှောက်အယှက်ကင်းအောင်စောင့်ရှောက်ပေးနိုင်သည်။ ယခုသူတို့ရောက်သောရွာသည် စုန်းဖြူမယ်ရှိသည့် နန်းဂူးရွာဖြစ်၏။ နန်းဂူးရွာကားစုန်းပညာများပေါသောလည်းအစွမ်းထက်သည့်စုန်းဖြူမယ်ကြောင့်ပညာသိမ်းထားကြရသည်။
ဆရာဖိုးတေဤရွာတွင်ဇာတ်မြုပ်နေရန်ရွေးခြင်းမှာတစ်ရွာလုံးရှိ ပညာသည်များ၏အဆင့်သည်သူ့အောက်ကချည်းဖြစ်ရာ သူ့အားတစ်ခုခုလုပ်ရန်မစွမ်းသာနိုင်။
ဤအခွင့်ကိုယူပြီး သူတို့်လင်မယားသည်နန်းဂူးရွာစွန်ရှိမြေကွက်ကို မရောင်းရောင်းချင်အောင်ပညာဖြင့်လုပ်ယူပြီး အိမ်တအိမ်ဆောက်သည်။ အိမ်ဆိုသည်ထက် တဲတစ်လုံးဆိုပိုမှန်လိမ့်မည်ဖြစ်သည်။ သူတို့လင်မယားရောက်စတွင် ရွာခံပညာသည်များကအမျိုးမျိုးပညာလာစမ်းသပ်ကြ၏။ ဟင်းလာပို့သည့်ပညာသည်က သစ်ခေါက်ကိုငါးဟင်းအဖြစ်ဖန်ဆင်းပြီးလာပို့ရာ မညွှန့်စီကထိုသူ၏အရှေ့၌ပင် ထိုဟင်းအားအသားဖတ်အဖြစ်ပြန်ပြောင်းပြလိုက်သည်။ သို့ကြောင့်ရွာခံပညာသယ်သည် မညွှန့်စီ၏ပညာအဆင့်ကိုကြောက်ပြီး ပြန်တောင်းပန်ကာ လာရာလမ်းအတိုင်းပြန်သွားခဲ့သည်။ ရွာခံပညာသည်အချို့ကလည်း တိုက်မြွေ၊သရဲတိုက်၊နတ်တိုက်ဖြင့်အမျိုးမျိုးပညာပြိုင်သော်လည်း မညွှန့်စီကသာအမြဲအနိုင်ရ၏။ သို့ကြောင်ရွာခံပညာသည်များက မနိုင်နင်းနိုင်ဘဲစုန်းဖြူမယ်ထံသွားရောက် သတင်းပို့ရ၏။
လပြည့်ညရောက်သော်စုန်းဖြူမယ်သည် ကောင်းကင်မှစက်ကြိုးဆွဲပြီး ဆရာဖိုးတေတို့လင်မယားရှိရာ ခြံဝင်းထဲသို့လာရောက်ခဲ့သည်။ အိမ်ဝိုင်းထဲသိုမဝင်မီ အိမ်ပတ်ပတ်လည်တွင် ဖြန့်ထားသောကဝေစက်များကိုဖြတ်ရ၏။ စုန်းဖြူ်မယ်သည်လည်း ပညာအဆင့်မြင့်ရကား ကိုးကျင်းကဝေ ဖြန့်ထားသောပညာစက်များကို ဗြန်းဗြန်းပြတ်စေနိုင်၏။ မိမိတို့အိမ်ဝိုင်းအတွင်း ဝင်ရောက်လာနိုင်သော စုန်းဖြူမယ်ကို ဆရာဖိုးတေကချီးမွမ်းခန်းဖွင့်၏။
” အဟက်…မင်းပညာဘယ်ဆိုးလို့လဲကွ….ငါဖြန့်ကျက်ထားတဲ့ကဝေစက်ကိုတောင် ဖြတ်နိုင်သားဘဲ….ဒါပေမဲ့နင့်ပညာလောက်နဲ့ငါ့ကိုဒီရွာကနေမောင်းထုတ်နိုင်မယ်မထင်နဲ့…ငါ့နဲ့ပညာမပြိုင်ခင် ငါ့မိန်းမညွှန့်စီနှင့်အရင်ပြိုင်လိုက်ဦး…ဟားဟားဟား ”
” ရှင်သိပ်အပြောမကြီးနဲ့…ငါ့ရွာမှာရှိတဲ့ပညာသယ်တွေကိုနိုင်တယ်ဆိုပြီး မာန်တက်နေသေးတယ်…နင်ငါ့ရွာကထွက်သွားရအောင်ငါလုပ်ပြမယ်…”
” ကဲ…မိန်းမ ရေ…လေ လုံးကြီးနေတဲ့စုန်းဖြူမကို နင်ဘဲအဆုံးသတ်ပေးလိုက်ကွာ…ငါပညာစဉ်တွေနိုးထားရဦးမယ်….”
မညွှန့်စီလည်း ပညာမာန်ကြွကာ
” နင်စိတ်ချယောကျာ်း…ဒီမိန်းမလောက်ကတော့ ညွှန့်စီအတွက်အပျော့ဘဲ…နင့်ပညာတွေမြင့်အောင်သာကျင့်နေလိုက်…”
ဖိုးတေလည်းမိန်းမဖြစ်သူ၏ပညာအဆင့်ကိုအထူးယုံကြည်လေသဖြင့် အခန်းထဲဝင်တံခါးပိတ်ကာပညာစဉ်မြင့်နေလိုက်၏။
” ဟဲ့…နင့်ယောကျာ်းကိုခေါ်ပြီး ဒီရွာကထွက်သွားမလား…ငါမောင်းထုတ်ရမလားပြော…”
” နင်နိုင်မယ်ထင်ရင်လုပ်လိုက်လေ….လေ လုံးမထွားနဲ့ရော့မြည်းကြည့်စမ်းငါ့ရဲ့ရွှေပိတုန်းအစွမ်းတွေ…”
ဆိုကာစုန်းဖြူမယ်ရှေ့သို့ပဲစေ့သာသာခန့်ရှိသော မဲမဲအရာအားကျဲချလိုက်သည်။ နုတ်မလည်း မန္တာန်တစ်ပုဒ်ကိုရွတ်လိုက်ရာမဲမဲအရာသည် ရွှေရောင်ဖြစ်သွားပြီး တဝီဝီဖြင့်ပျံနေသည့် ပိတုန်းအုပ်ကြီးဖြစ်သွား၏။ ထိုပိတုန်းအုပ်သည် စုန်းဖြူမယ်ထံတရစပ် ပိုးမလံကမီးကိုဝင်ထိုးသကဲ့သို့ အုပ်လိုက်ဝင်လာ၏။ စုန်းဖြူမယ်လည်း ပိတုန်းအုပ်ကြီးမိမိအနားသို့ရောက်လာလျှင် လက်ဖြင့်ပုတ်ချလိုက်ရာ ပိတုန်းကောင်တို့သည် မြေပေါ်သို့တဖုတ်ဖုတ်ပြီး မဲမဲအစေ့လေးများပြန်ဖြစ်သွား၏။ ထိုအဖြစ်ကြောင့် မညွှန့်စီမှာဒေါသထွက်သွား၏။
” ဟင်း…ပိတုန်းလေးကိုနိုင်သွားလို့ မာန်တက်မနေနဲ့..ရော့မြည်းစမ်းငါ့ရဲ့စက်…”
ဆိုကာအနက်ရောင်စက်ကြိုးအား စုန်းဖြူမယ်ထံသို့ပစ်လိုက်၏။ စုန်းဖြူမယ်လည်း အနောက်မယ်တော်စက်ကို ထုတ်သုံးလိုက်ရာ မညွှန့်စီမှာ သွေးအန်ပြီးလဲကျသွား၏။ ပညာဗူးမှာကိုလည်းစုန်းဖြူမယ်က သိမ်းလိုက်၏။
” ငါပြောသားဘဲ ငါကောင်းကောင်းပြောနေတုန်း ဒီရွာကထွက်သွားလို့် ခုတော့အသက်ရှင်ရက်ထွက်မသွားနိုင်တော့ဘူးမလား…”
” နင်…နင်…အနောက်မယ်တော်စက်…စက်…..အော့…ဝေါ့….အာ့….”
မညွှန့်စီမှာစကားဆုံးအောင်မပြောနိုင်ဘဲ သွေးမဲများအန်ချကာ အသက်ထွက်သွားလေ၏။ ပညာစဉ်မြင့်နေသောဖိုးတေမှာအာရုံထဲတွင် မိန်းမဖြစ်သူကိုသတိရပြီး ထိုင်ရာမှထလာကာ အပြင်သို့ထွက်လေ လျှင်မြေပေါ်၌အသက်မဲ့နေသော မိန်းမဖြစ်သူကိုတွေ့ရ၏။
” ဟင်…မိန်းမ…ညွှန့်စီ…မိန်းမ ထပါဦးဟ…မိန်းမရေ….”
မည်သို့ပင်ခေါ်နိုးသော်လည်း မညွှန့်စီမှာနိုးမလာတော့ချေ။ သို့ကြောင့် စုန်းဖြူမကိုဒေါသတကြီးလှည့်ကြည့်လာပြီး
” အယုတ္တမာမ…နင်ငါ့မိန်းမကိုသတ်တယ်…နင့်ကိုလည်းငါသတ်မယ်…သေစမ်း…”
ဆိုကာ အနီရင့်ရောင်ကဝေစက်အား ထုတ်ပြီးစုန်းဖြူမယ်ထံပစ်လိုက်၏။ မထင်မှတ်သောအဖြစ်ကြောင့် စုန်းဖြူမယ်မှာ အားပျော့သော စက်အားထုတ်ကာ ကာလိုက်၏။
” ဖုန်း…ဝုန်း…ဝုန်း….”
” အာ့….”
စက်နှစ်ခုထိတွေ့သံကြောင့် အသံကျယ်လောင်စွာမြည်ပြီး စုန်းဖြူမယ်မှာစက်ကြိုးပြတ်သွားပြီး အနောက်သို့လွှင့်သွား၏။
” သေစမ်းမသာမ…နင့်ကြောင့်ငါ့မိန်းမသေရတာ…”
ဆိုကာ သူ၏အပြင်းဆုံးစက်အား စုစည်းလိုက်၏။ ထိုအချိန်ကောင်းကင်မှ မီးလုံးဆယ်လုံးခန့်ကျလာပြီး စုန်းဖြူမယ်အားကူညီရန်ရောက်လာကြ၏။ ဖိုးတေမှာအားအပြင်းဆုံးစက်ကို စုပြီးစုန်းဖြူမယ်ထံပစ်လိုက်၏။
ကောင်းကင်ထက်မှဝဲလာသောမီးလုံးများသည် လူအဖြစ်သို့ပြောင်းသွားပြီး ထိုသူများသည် ကောင်းကင်သို့လက်ဆန့်တန်းကာ အရောင်စုံစက်ကို တစ်စုတစည်းတည်းဖြစ်အောင်စုလိုက်၏။ ဖိုးတေလည်းသူ၏အားအပြင်းဆုံးစက်အား စုန်းဖြူမယ်ရှေ့သို့ပစ်လိုက်သည်။ စုန်းဖြူမယ်၏လူများက သူတို့၏စုပေါင်းထားသောစက်ဖြင့် ပြန်ကာလိုက်ရာ စက်အချင်းချင်းထိပြီးပေါက်ကွဲသွားရာ ကျယ်လောင်သောအသံများထွက်ပေါ်လာပြန်သည်။ နှစ်ဖက်စလုံးမှာအားပြင်းသောစက်၏ အရှိန်ကြောင့်အနောက်သို့လွှင့်သွားကြ၏။ ထိုအခွင့်ကိုယူကာ စုန်းဖြူမယ်၏လူများကကုန်းရုံးထပြီး စုန်းဖြူမယ်အားဆွဲထူကာစက်ကြိုးဆွဲပြီး ထိုနေရာမှအမြန်ပြန်ထွက်သွားကြ၏။ ဖိုးတေလည်းအထိနာနေသဖြင့် စုန်းဖြူမယ်နောက်ဆက်မလိုက်တော့ဘဲ ပညာစဉ်များကိုစနစ်တကျပြန်စုပြီး ဒဏ်ရာများပြန်ကုစားလိုက်သည်။
မောင်ရေခဲလည်းကိုးကျင်းကဝေထွက်ပြေးသွားသည်ကိုသိသဖြင့်အနောက်မှလိုက်ခဲ့ရာ နန်းဂူးရွာထိပ်သို့ရောက်လာခဲ့သည်။
” ဒီရွာရဲ့…ရွာစောင့်နတ် ခုချက်ချင်း ငါ့အရှေ့ရောက်စေ…”
ဟုဆိုလိုက်လျှင် တောင်ဝှေးတချောင်းထောက်ထားသော အဖိုးကြီးတစ်ဦးသူ့ရှေ့သို့ရောက်လာခဲ့သည်။
” ကျွန်ုပ်ရောက်ပါပြီဆရာ”
” အိမ်း…သင့်ကိုမေးစရာရှိလို့ပါ…ပြီးခဲ့တဲ့ရက်တွေအတွင်း ဒီရွာကိုကဝေရောက်လာသေးလား….”
” ရောက်လာပါတယ်ဆရာ…အဲဒီကောင်ကကျင်းကိုးအောင်ထားတော့အတော်အစွမ်းထက်တယ်…ကျွန်ုပ်တောင်သူ့ကိုရွာထဲမဝင်ဖို့တားရင်း သူလုပ်တာခံလိုက်ရသေးတယ်…ပြီးတော့ သူ့မယားလည်းမောက်လုံးအဆင့်ရှိတဲ့သူပါ…”
” အင်းဟုတ်တယ်…ဒါနဲ့ရွာမှာဘာထူးခြားသေးလဲ…”
” အင်းထူးခြားတာဆိုတော့…ဪသိပြီ… အဲဒီလင်မယားနဲ့ဒီရွာကပညာသယ်တွေ ညကပညာပြိုင်ကြတယ်….နှစ်ဖက်စလုံးအထိနာသွားကြတယ်…”
” အိမ်းရပြီ…ကျေးဇူးဘဲ ရွာစောင့်နတ်ကြီး သင်ပြန်လို့ရပြီ…”
ဟုဆိုလိုက်လျှင်ရွာစောင့်နတ်အဖိုးကြီးမှာ သူ့ရှေ့မှပျောက်သွားခဲ့သည်။ မောင်ရေခဲလည်းရွာထဲသို့ဝင်သွားရာ ဒဏ်ရာပြင်းထန်နေသောစုန်းဖြူမယ်နှင့် သူ၏လူတစ်စုအားတွေ့လိုက်ရသည်။
” ကူ…ကူညီပါဦးဆရာ…ကျွန်မတို့ရွာကို…”
ပြော၍ပင်မပြီးသေးမောင်ရေခဲက လက်ကာပြလိုက်သဖြင့် စကားရပ်လိုက်၏။
” အင်း…ငါသိတယ်….ဒီရွာကိုရောက်လာခဲ့တဲ့လူဟာကိုးကျင်းအောင်ကဝေဘဲ…သူ့ပညာအရမ်းထက်တယ်…ရော့သင်တို့တွေ ဒီဆေးကိုဖျော်ပြီးသောက်လိုက်ပါ…ဒဏ်ရာတွေပျောက်သွားပါလိမ့်မယ်…”
ဆိုကာမောင်ရေခဲကနတ်ဆေးလုံးအား နည်းနည်းဖဲ့ပေးလိုက်သည်။ စုန်းဖြူမယ်က
” ကျေးဇူးတင်ပါတယ်ဆရာ…ကိုးကျင်းကဝေကို ကျွန်မတို့်အစားနိုင်နင်းပေးပါ…”
” စိတ်ချနေပါ….ဒါနဲ့ကိုးကျင်းကဝေကဘယ်မှာပုန်းနေတာလဲ…”
” ရွာအစွန်ကဝိုင်းမှာပါဆရာ…”
” ဟုတ်ပြီ…ဂရုစိုက်ကြဦး ငါအဲဒီကိုသွားတော့မယ်…”
ဆိုကာ စုန်းဖြူမယ်၏အိမ်မှထွက်လာပြီး ကိုးကျင်းကဝေရှိရာ ရွာစွန်ဘက်သို့ထွက်လာခဲ့သည်။ ရွာစွန်ဘက်သို့ရောက်သော် တဲလေးတစ်ခုတွင် အရောင်စုံစက်များကွန့်မြူးနေသည်ကိုတွေ့လိုက်ရပြီး ကဝေကောင်သည်သူလာသည်ကိုသိသွားပြီး ကောင်းကောင်းကြိုဆိုနေပြီကိုသိလိုက်ရသည်။
” ဟားဟားဟား….ငါ့နောက်ကိုလိုက်လာရဲတာပေါ့…ဆရာကောင်…နင့်ကြောင့်ငါ့အစီစဉ်ပျက်ရတာ…”
ဆိုကာမောင်ရေခဲ၏နောက်ဘက်မှ အသံကြီးထွက်လာခဲ့၏။ မောင်ရေခဲလည်းသတိကြီးစွာထားကာ အသံလာရာဘက်သို့လှည့်မကြည့်ဘဲအာရုံစူးစိုက်လိုက်၏။ အသံတို့သည် တနေရာထဲတွင်လာသည်မဟုတ်ဘဲ သူ့အားပတ်ပတ်လည်ဝေ့ကာပေါ်လာနေခြင်းဖြစ်၏။ လူကားမမြင်ရသေးချေ။ ကိုးကျင်းအောင်ထားသောကဝေသည် ကိုယ်ကိုဖျောက်နိုင်သော အဆင့်ပင်ရောက်နေပြီဖြစ်သည်။
” ဟားဟားဟား…နင့်ပညာလောက်နဲ့ ငါ့ကို နိုင်မယ်ထင်နေလား….ရော့ငါ့ရဲ့အစေအပါးသရဲတွေကိုသာနိုင်အောင်ချလိုက်စမ်း…”
ဆိုကာ အမဲရောင်အခိုးအငွေ့များအားပတ်ဝန်းကျင်တစ်ခုလုံးမှထွက်လာအောင်လုက်လိုက်၏။ အမဲရောင်အငွေ့များသည်ပေါင်းစည်းသွားကြပြီး တစ္ဆေသရဲကောင်များဖြစ်သွားကာ မောင်ရေခဲထံဝင်လုံးရန်ဟန်ပြင်ကြသည်။ မောင်ရေခဲလည်း လက်ညိုးဖြင့်သူ၏ပတ်ပတ်လည်ကိုဝိုင်းလိုက်ရာ ရွှေရောင်အလင်းတန်းများထွက်လာပြီး အမဲရောင်အခိုးအငွေ့သရဲများမှာ ပြန်လည်ပျောက်ကွယ်သွား၏။
” ဟားဟား…သင့်ရဲ့အစွမ်းကလည်းဘယ်ဆိုးလို့လဲ…” ဟုပတ်ဝန်းကျင်မှအသံထွက်လာပြန်သည်။ ထိုမှတဖန် တစ်ပုံစံတည်းတူသော လူသုံးယောက် သည်မောင်ရေခဲအားဝိုင်းထားလိုက်ပြီး
” ဟားဟား….ငါ့ရဲ့ကိုယ်ခွဲအစွမ်းတွေမြင်ပြီလား….ငါ့လိုကိုးကျင်းအောင်ကဝေကို နင်ကနိူင်မယ်ထင်နေရင် စမ်းကြည့်လိုက်လေ…”
ဆိုကာထိုလူသုံးယောက်သည် လျှင်မြန်သောအဟုန်ဖြင့်မောင်ရေခဲအား ဝိုင်းပတ်ကာပြေး၏။ လျှင်မြန်သောအရှိန်ကြောင့် ထိုလူသုံးယောက်ကိုဖြတ်ခနဲဖြတ်ခနဲသာမြင်နိူင်ပြီး ဘယ်လူကကိုယ်အစစ်ဘယ်လူက ကိုယ်ခွဲဖြစ်သည်ကို ဆုံးဖြတ်ရန်ခက်ခဲသွား၏။ ထိုလူသုံးယောက်ပတ်ပြေးနေသောဝိုင်းပုံစံမှာတဖြေးဖြေးကျဉ်းမြောင်းလာပြီး မောင်ရေခဲလည်းအနည်းငယ်မူးနောက်သွား၏။ သို့ကြောင့်စိတ်ကိုပြန်လည်စုစည်းလိုက်ပြီး ကဝေ၏အသိစိတ်ကိုမြင်အောင်ကြည့်လိုက်၏။ ထိုအခါ ပြေးနေသောလူသုံးယောက်ထဲတွင် အလယ်မှတစ်ယောက်သည် ခန္ဓာကိုယ်မှအစိမ်းရောင်အငွေ့အားတွေ့လိုက်ရ၏။ တခြားကိုယ်နှစ်ခုမှာ ဘာအရောင်မှမတွေ့ရချေ။ သို့်ကြောင့်မောင်ရေခဲသည် သုံးထပ်အင်းအား အသက်သွင်းကာ အလယ်လူထံသို့ပစ်လိုက်၏။
” ဝုန်း….”
ပြေးနေသောလူသုံးယောက်မှအလယ်တစ်ယောက်သည်အရှိန်သတ်သွားပြီး အပြင်သို့လွှင့်သွား၏။ ထိုအချိန် ကျန်နှစ်ယောက်မှာ မြင်ကွင်းမှပျောက်ချင်းမလှပျောက်သွား၏။ ထိုနှစ်ယောက်မှာဖိုးတေ၏ပုံရိပ်ယောင်များသာဖြစ်သည်။
” နင်အရှုံးမပေးသေးဘူးလား ဖိုးတေ…နင်မိုက်ချင်စမ်းနဲ့…”


” ငါ့ကိုတရားခ်စရာမလိုဘူး….နင့်ကြောင့်ငါ့အစီစဉ်တွေပျက်ခဲ့ရတယ်…ခုလည်းငါအနှစ်နှစ်အလလကသူများထံအောက်ကျို့ပြီး အဆင်းရဲပင်ပန်းခံ လေ့လာသင်ယူထားတဲ့ပညာစဉ်တွေ အကုန်ပျက်စီးသွားပြီ…နင်ဟာလေ သူတော်ကောင်းအမည်ခံပြီး သူများအကျိုးမကြည့်တတ်တဲ့လူဘဲ…”
” ငါသာသူများအကျိုးမကြည့်တတ်ရင် နင့်ကိုစောနကရင်းငါသတ်လိုက်ပြီ ဖိုးတေ…နင့်ပညာတွေကိုဘဲငါဖျက်ဆီးတာ…ရှေ့လျှောက် ကောင်းကောင်းနေပြီး အပြစ်ကြွေးအတွက် ပြန်ဆပ်ပါ….”
” နင်ကလေဆရာမလုပ်ဘဲ ဘုန်းကြီးဝတ်သင့်တယ်သိလား….အတော်တရားချကောင်းတဲ့ကောင်….ဒါပေမဲ့ငါ့ကိုတရားချလို့မရဘူး…ဒီပညာတွေငါလက်ခံသင်ယူကတည်းက နောင်သံသရာမှာဖြစ်လာမဲ့အကျိုးဆက်တွေအတွက်ငါပြင်ဆင်ပြီးသား…နင်ဘဲလူကောင်းလုပ်လိုက် သူများတကာကိုတရားလိုက်ချမနေနဲ့…ညွန့်စီရေငါမင်းဆီလာခဲ့ပြီကွ—”
ဆိုကာနောက်ဆုံးကျန်ခဲ့သောသက်စောင့်ပညာကြိုးကိုဖြတ်ပြီး ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားတော်သည်။ မောင်ရေခဲလည်း သူ့အပြစ်သူခံသွားတာမှတ်ကာ နန်းဂူးရွာမှထွက်လာခဲ့တော့သည် —–။

( စိတ်ကူးမျှသာဖြစ်သည်။ အမှားတစ်စုံတစ်ရာပါခဲ့သော် စာရေးသူ၏ညံ့ဖျင်းမှုသာဖြစ်ပါသည်။စာရှုသူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာကြပါစေ)

ပြီးပါပြီ။
ခွန်း

Leave a Comment