သရဲပေးသောအိမ်မက်

* သရဲပေးသောအိမ်မက် *
ရေးသားသူ–ယဉ်မင်း(ကန့်ဘလူ)
+++++++++++++++++++++
စ—ဆုံး

“နင်ဘယ်ကိုသွားမှာလဲ မေ—”
ကားနောက်ခန်းအတွင်းထိုင်နေကြသူများ နှစ်ယောက်အနက်မှ ကြည်လဲ့က မေးလိုက်လေတော့ မေတစ်ယောက်ကားမောင်းနေရင်း—
“နင်တို့အရမ်းတွေ့ချင်နေတဲ့ နွေး အိမ်ကိုသွားမလို့လေ—”
“ဘယ်လို နွေးရဲ့အိမ်…ဒါဆို နွေးက သူ့အိမ်ပြန်ရောက်နေပြီပေါ့ ဟုတ်လားမေ—”
ဒီတစ်ခါမှာဖြင့် ဖူးစုံက တအံ့တသြပြောလိုက်လေရာ မေ ခေါင်းလေးအသာငြိမ့်ပြလိုက်ပြီး—
“ဟုတ်တယ် သူပြန်ရောက်နေပြီ—ငါမနေ့က သူ့အိမ်နားက ဖြတ်သွားတော့ သူ့ကို အိမ်ဝရံတာမှာရပ်နေတာမြင်လိုက်တယ်—ငါလည်းဟာ အချိန်မရတာနဲ့ မဝင်ဖြစ်လိုက်တာ—”
သူတို့သူငယ်ချင်းတစ်စုသည် ငယ်စဉ်ကတည်းက ကျောင်းအတူတက် ဘွဲ့အတူယူခဲ့ကြသည့် အချစ်ဆုံးသူငယ်ချင်းများဖြစ်ကြ၏။
သူတို့အမည်အပြည့်အစုံက မေယွန်း၊နွေးနွေးလှိုင်၊ကြည့်လဲ့ခင်၊ဖူးစုံ တို့ပင်ဖြစ်ကြသည်။
ထိုထဲမှ နွေးနွေးလှိုင်ဆိုသည့် သူတို့အဖျားစွပ့်ခေါ်လေ့ရှိသော နွေးတစ်ယောက်က အခြားနယ်တစ်ခုတွင် အလုပ်လျှောက်ရင်း သူတို့နှင့်ခွဲထွက်သွားခဲ့၏။
ကျန်သူများကတော့ မြို့လေးတွင်ကျန်ရစ်ခဲ့ကြပြီး အလုပ်ကိုယ်စီလုပ်ကိုင်နေကြ ပြီဖြစ်သည်။
သူတို့အားလုံး မတွေ့ရသည်မှာဖြင့် နှစ်ကာလတစ်ခုထိကြာမြင့်ပြီဖြစ်သော သူငယ်ချင်းမ နွေးအား တမ်းတမိကြ၏။
နွေးမှာက မိဘများမရှိကြတော့။
သူမငယ်စဉ်ကတည်းကအဘိုးအဘွားတို့၏ လက်အောက်တွင်ကြီးပြင်းလာသူဖြစ်သော်လည်း နွေး ဘွဲ့ရပြီးချိန်မှာဖြင့် အဘိုးအဘွားဟာ ရှေ့ဆင့် နောက်ဆင့်ဆုံးပါးသွားခဲ့ရရှာသည်။
ထို့ကြောင့် အဘိုးအဘွားတို့၏ အိမ်ကြီးကို သော့ခတ်ကာ အခြားနယ်တစ်ခုတွင်သာ သွားရောက် အလုပ်လုပ်ကိုင်နေခဲ့၏။
ယခုတော့ နွေးပြန်ရောက်ပြီဆိုတာ သိကြသော သူငယ်ချင်းများက ဝမ်းသာနေကြလေသည်။
နွေးတို့အိမ်သည်က မြို့အထွက်နားတွင်ရှိ၏။
မြို့ပြင်သည် မြို့တွင်းထက် အိမ်ခြေ အစိပ့်နည်းပါးပြီး ခြံကျယ်ကြီးများပေါများလှသည်။
ခြံကျယ်ကျယ်နေချင်သည့် သူများအတွက်က မြို့ပြင်တွင်သာ အိမ်ဆောက်၍ သီးခြားနေထိုင်ကြ၏။
ယခုလည်း နွေး တို့အိမ်ဟာ ထိုနေရာ၌ သာတည်ဆောက်ထား၏။
မေ ကိုယ်တိုင်မောင်းလာခဲ့သော ကားလေးဟာ နွေးတို့၏ခြံဝန်းအပြင်သို့ရောက်ရှိလာခဲ့သည်။
မေ ကားပေါ်မှဆင်းရန်ခါးပတ်ဖြုတ်စဉ် လက်မှ နာရီအားကြည့်လိုက်တော့ ည ၇နာရီသာသာရှိသေး၏။
“ဂျိမ်း—”
နောက်ခန်းမှ ဆင်းလာသော ဖူးစုံ၏ ကားတံခါးပိတ်သံကျယ်ကြီးထွက်လာတော့ မေတစ်ယောက်—
“ဖူးစုံ…နင်ဟာလေ ကိုယ့်ကားမဟုတ်တိုင်း ဗရမ်းဗတာတွေ လုပ်တော့တာပဲနော်…”
“ဟုတ်သား နင်ကလည်း ။ကားတံခါးပိတ်တာဖြေးဖြေးပိတ်မှပေါ့…”
မေရဲ့စကားအား ကြည်လဲ့က ဝင်ထောက်ခံလိုက်တော့
ဖူးစုံတစ်ယောက်မျက်နှာလေးဆူပုတ်ပုတ်ဖြင့်…

“အေးပါဟယ်…ငါသတိလွတ်သွားလို့ပါ…နင်တို့ကလည်း ဖဲ့မယ်ဆိုတာကြီးပဲ…”
“မဖဲ့စေချင်…နင်ဆင်ခြင်လေ…ကဲပါ.လာ…အိမ်ထဲမှာ နွေးရှိလားမသိဘူး…”
“အေး…ခြံတံခါးကတော့ သော့မခတ်ထားဘူးဟ…”
ကြည်လဲ့က နွေးတို့အိမ်၏ ခြံတံခါး အားကြည့်ကာပြောလိုက်သည်။
နွေးတို့အိမ်နှင့် ခြံတံခါးဟာ အတန်သင့်ဝေးကွာ၏။
“အဲ့နွေးဆိုတာလေ…တစ်ယောက်ထဲနေတာကို ခြံတံခါးမပိတ်ထားဘူး…တကယ်ပဲ ”
ဖူးစုံက နွေးအားအပြစ်တင်လိုက်သည်။
“ကဲပါ…လာ…လာ သြားစို့…”
အမြဲ ပွစိပွစိပြောတက်သော ဖူးစုံကို ကြည်လဲ့က ဆွဲခေါ်ကာ ခြံထဲသို့ဝင်လာကြတော့သည်။
သူတို့ဝင်လာကြသော်လည်း တိတ်ဆိတ်ခြောက်ကပ်မှု့ကသာ ကြိုဆိုနေခဲ့၏။
ယခင်က နွေးတို့အိမ်၌ ခြံစောင့်ကြီး ဦးဘမြင့်ဆိုတာရှိ၏။
နွေး အခြားဆီသို့ထွက်သွားချိန်၌ အိမ်စောင့်ကြီး ကျန်ရစ်ခဲ့သည်ကိုတော့ မေတို့ သိကြလေသည်။
” နွေးရေ…နွေး…နွေးရေ…ငါတို့လာတယ်လေ…”
“ဟဲ့…နွေးကော ရှိပါ့မလား…။အပြင်များသွားနေလားမသိဘူးနော် သော့ခတ်ထားတယ်ဟ…”
” နွေးဆိုတဲ့ဟာမကလေ…ပြန်လာတာတောင် ဒီသူငယ်ချင်းတွေကိုမပြောဘူး…တကယ်ပဲ….”
“ကဲပါ…ဖူးစုံရယ် နင်ကလည်း အပြစ်ပြောနေတော့တာပဲ။ သူကိစ္စရှိလို့နေမှာပါ…”
ဖူးစုံရဲ့စကားကို မေက အဆုံးသတ်ပြောလိုက်လေသည်။
ထိုစဉ် သော့ခတ်ထားသော အိမ်တံခါးကို စိတ်ပျက်လက်ပျက်ကြည့်နေကြသော ကြည်လဲ့ က တစ်စုံတစ်ခုကို သတိရသလိုနှင့် …
“ဟဲ့…ဟဲ့…ငါသတိရပြီ…ငါတို့ကျောင်းတက်တုန်းကလေ..နွေးတို့ အိမ်တံခါးသော့ကို ဟိုပန်းအိုးဖင်အောက်မှာထားတာလေ နင်တို့မှတ်မိကြလား…”
“ဟင်…အေး…အေး…ဟုတ်သားပဲ…”
“ငါသွားကြည့်လိုက်မယ်…”
စိတ်မြန်သော ဖူးစုံက မလှမ်းမကမ်းရှိပန်းအိုးများဆီ ခပ် မြန်မြန် သွားတော့လေသည်။
ဖူးစုံ အစိမ်းရောင်ခြယ်ထားသော ပန်းအိုးအား အသာမလိုက်ပြီး အောက်ခြေကို လက်ဖြင့် စမ်းလိုက် လေတော့…
“အာ…..”
“ဟဲ့…ဘာဖြစ်လို့လဲ..အကောင် အကောင်တွယ်လို့လား…”
ကြည်လဲ့က ဖူးစုံရဲ့မျက်နှာကိုကြည့်ကာ အလန့်တကြားမေးလိုက်လေတော့…
“ငါက အာ လို့ပဲအော်တာနော်…။ ဒီမှာ…ဒီမှာ သော့တွေ့ပြီ..ဟား…ဟား…”
“ဟယ်…တကယ်ရှိသေးတာပဲသော့က….”
သူမတို့ငယ်စဉ်ကတည်းက သုံးသော အိမ်တံခါးသော့ကြီးဟာ ယခုထိ ခိုင်ခံ့နေသေး၏။
ဖူးစုံက သော့ကို ဖွင့်လိုက်ပြီး အိမ်ကြီးထဲသို့ သူမတို့ ဝင်လာခဲ့ကြ၏။
နွေးတို့ အဘိုးအဘွားများဟာ ရှေးလက်ရာများကို နှစ်သက်သူများဖြစ်ကြသည်။
ထို့ကြောင့် ပရိဘောဂများကိုလည်း ရှေးဆန်ဆန်သုံးတက်ကြ၏။
အပြင်ကိုသွားသော နွေးပြန်လာလျှင် အံ့သြ သွားစေရန်အတွက် မေတို့ဟာ ကားအား ဂိုထောင်အတွင်းသို့ ထည့်ကြ၏။
ပြီးနောက် အိမ်နောက်တံခါးမှထွက်လာပြီး အိမ်အရှေ့တံခါးအား ပြန်၍ ပိတ်ထားလိုက်ကြလေသည်။
သူတို့သုံးယောက်သည်ကတော့ အပေါ်ထပ့်ရှိ အခန်းတစ်ခုအတွင်း…
“ဟဲ့…နွေးတို့အိမ်ကလည်း အရင်တုန်းကလိုပဲနော်…ဘာမှမပြောင်းလဲသလိုပဲ…”
“အေးလေ…အရင်တိုင်းပဲ..ဒါနဲ့ မေ ဘယ်နနာရီရှိပြီလဲ…”
ကြည့်လဲ့က မေ ရဲ့ နာရီအားကြည့်ကာ မေးလိုက်လေတော့…
“ရှစ်နာရီခွဲတော့မယ်…တို့မီးပိတ်ထားကြရမယ်ထင်တယ်နော်…တော်နေကြာ နွေးပြန်လာရင် တို့တွေကိုသူခိုးထင်နေမယ်…”
“မီးပိတ်တာကိစ္စမရှိဘူး…။ငါအခု ဗိုက်ကဂွီဂွီ ဂွီ မြည်နေပေါ့ဟ…”
အရေးအကြောင်းဆိုဖြစ်ပြီဆိုသော အကြည့်နှင့် ဖူးစုံအား ကြည်လဲ့က ကြည့်ရင်း…
“ငါတို့မှာစားစရာမှမပါတာ… နင်ဆာလည်းအောင့်ထားပေါ့…”
“သူလည်း ဆာနေလို့နေမှာပါ ကြည့်လဲ့ရင် နင်တို့ကလည်း ဘယ်တော့မှ အမြင်ကြည်ကြမလဲ…တစ်ကောင်နဲ့တစ်ကောက်ကိုက်နေကြတာမပြီးတော့ဘူး….”
“ဟဲ့…ကိုက်ရအောင် ငါတို့ကခွေးတွေလား…”
“အေးလေ…နင်ပြောတာကလဲ…”
“အခုမှတည့်မနေကြပါနဲ့…သွား..အောက်ထပ်မီးဖိုထဲမှာစောစောက မုန့်ထုပ်တွေတွေ့ခဲ့တယ်…သွားယူစားလိုက် ဖူးစုံ ”
မေရဲ့စကားကြောင့် ဖူးစုံအောက်ထပ်ဆင်းလာခဲ့တော့သည်။
အောက်ထပ့်မီးဖိုထဲရောက်တော့ မီးခလုတ်ကိုစမ်းကာဖွင့်လိုက်ရ၏။
” ဂျောက်…”
မီးအလင်းရောင်ကြောင့်ထင်ထင်ရှားရှားမြင်လိုက်ရသော မီးဖိုခန်းအတွင်း ဖူးစုံ မေ ပြောလိုက်သည့် မုန့်များကိုလိုက်ရှာနေရာ…နောက်ဆုံး သူမ မျက်လုံးက ကြောင်အိမ်ပေါ်မှ တင်ထားသော မုန့် ထုပ်အိတ်ကိုမြင်လိုက်ရလေသည်။
“ဟော…နွေးဝယ်လာတာမကြာသေးဘူးထင်တယ်…”
မုန့်ထုပ်အိတ်ကို ဆွဲယူလိုက်ပြီးနောက် မီးပိတ်လိုက်ကာ အပေါ်ထပ်သို့ ပြန်တက်ဖို့ပြင်လိုက်လေစဉ်…
” ဂျောက်….”
“ဟင်…နွေး…”
ဖူးစုံ သူမမျက်လုံးက မီးပိတ်ပိတ်ခြင်း မြင်လိုက်ရသော ပြတင်းတံခါးဆီမှ နွေး ဖြတ်သွားသည်ကို မြင်လိုက်ရလေသည်။
နွေးပြန်ရောက်လာပြီဆိုသော အသိနှင့် ဖူးစုံ အိမ်အပေါ်ထပ်သို့ ချက်ချင်း ပြေးတက်လာပြီး …
“ဟဲ့….ဟဲ့…နွေး ပြန်ရောက်လာပြီ….။ နွေး အောက်ထပ့်ရောက်နေပြီ…”
“ရောက်ပြီလား…တို့ ဘယ်လိုလုပ်မလဲ မေ…”
ဖူးစုံစကားကြောင့် ကြည်လဲ့က မေ့ကို ထပ့်ဆင့်မေးလိုက်လေတော့…
“နေပါဦး…အခြေအနေကြည့်ပြီးတို့တွေဆင်းကြတာပေါ့ ”
အောက်ထပ်က အသံကိုသာ နားစွင့်နေကြသော်လည်း အသံဟာတိတ်ဆိတ်နေစဲ…။
တိတ်ဆိတ်နေသော အိမ်ကြီးအတွင်းမှာတော့ သူငယ်ချင်းမကို စဖို့ရန် စောင့်နေကြသော မေတို့ သုံးယောက်…။
အောက်ထပ့်မှ အသံကိုစောင့်မျှော်ရင်း ပင် အချိန်ကြာလာတော့ မေတို့ သုံးယောက်သား အခန်းအတွင်း အိပ့်ပျော် သွားကြတော့သည်။
အခန်းတွင်း ကုတင်ထက် သုံးယောက်သားအိပ့်ပျော်နေကြစဉ်…။
“ဟိတ်…..သေချင်တာလား…နင့်အဘိုးအဘွားတွေ ပစ္စည်းတွေထုတ်ပေးစမ်း….”
“မထုတ်ပေးနိုင်ဘူး….မပေးနိုင်ဘူး……”
“တောက်…..ဖြန်း….ဒီကောင်မ…သေချင်တာလား…
ထုတ်ပေးစမ်း…အဲ့ပစ္စည်းတွေနင်လက်ထဲမှာပဲ ရှိကိုရှိရမယ်…”
ဆူညံနေသော အသံများကြောင့် မေနိုးလာခဲ့သည်။
အခန်းအပြင်မှ နွေးရဲ့အသံများကော သူမရင်းနှီးသော အသံတစ်ခုတို့ အပြိုင်အဆိုင်ပြောဆိုနေကြခြင်းဖြစ်သည်။
ဒါကြောင့် မေ ဘေးတွင် အိပ့်ပျော်နေသော ကြည်လဲ့နှင့် ဖူးစုံတို့အား…
“ကြည်လဲ့….ကြည့်လဲ့…..ဖူးစုံ…ဖူးစုံ…ထကြစမ်းပါ..
အောက်ထပ့်မှာ နွေးဘာဖြစ်နေတာလဲမသိဘူး…”
သူမတွန်းကာ နိုးပါသော်လည်း ဖူးစုံနှင့်ကြည်လဲ့က နိုးမလာ။
“ဟဲ့…ထကြစမ်းပါ….ထကြပါဦးဟာ…….”
သူမ မည်မျှပင် အော်ဟစ် လှုပ်နိုးနေပါသော်လည်း ကြည်လဲ့နှင့် ဖူးစုံတို့က တုတ်တုတ်မျှမလှုပ်ခဲ့ကြပေ။
“နင်ပြောနေတာကိုနားမလည်ဘူးလား…ဟမ်…”
” ဖြန်း……”
“အ…”
“ဟင်….နွေး….နွေး….”
မေ နိုးမရသော ဖူးစုံတို့ကို ထားခဲ့ကာ အောက်ထပ့်ဆီသို့ တဟုန်ထိုးပြေးဆင်းလာခဲလေသည်။
အိမ်အောက်ထပ်ရောက်တော့ ဧည့်ခန်းမှာ လက်ပြန်ကြိုးတုပ်နှောင်ခံထားရသော နွေး နှင့် သူမအား ကျောပေးရပ်နေသော လူရွယ်တို့ကို မေ တွေ့လိုက်ရသည်။
“နင်…နင်…နွေးကိုလွှတ်လိုက်စမ်းပါ…”
မေ ဟာ ထိုလူရွယ်ဆီသို့ ပြေးဝင်တွန်းဖယ်ဖို့ကြိုးစားနေစဉ်…
“ဘုန်း….”
“အ…”
ထိုလူရွယ် ခန္ဓာကိုယ် အား တွန်းဖယ်ရမယ့်အစား မေဟာ လေဟာနယ်ကို ထိတွေ့မိသလိုဖြစ်ပြီး လဲကျသွားခဲ့ရ၏။
“ဟင်…”
“နင်ပြောစမ်းနော်…နင်မပြောရင် ငါနင့်ကိုသတ်ပြီးမှ ပစ္စည်းတွေအကုန် မွှေရှာလိုက်ရင် ငါ့အတွက် ပိုလွယ်တယ်နော်….”
“သတ်လိုက်စမ်းပါ ထွန်းတောက်ရယ်….နင်လို ခွေးကို ငါ့အဘိုးအဘွားပစ္စည်းတွေပေးမယ့်အစား… ငါအသေခံလိုက်မယ်….”
“ထွန်းတောက်……”
မေသိလိုက်ပြီ….။ ထွန်းတောက်ဆိုတာ နွေးတို့အိမ်က ခြံအလုပ်သမားလေး…။
ခြံစောင့်ကြီး ဦးဘမြင့်၏ တူတစ်ဝမ်းကွဲတော်သူဖြစ်၍ နွေး အဘိုးအဘွားများက အိမ်တွင် နေစေခဲ့ကြသည်။
ယခု နွေးကို ရန်ရှာနေသူက ထို ထွန်းတောက်ပင်ဖြစ်နေလေသည်။
မေကတော့ သူ့ကို မမြင်၊ သူအသံကို မကြားကြသော နွေးနှင့် ထွန်းတောက်တို့ကြောင့် ထိုင်ရက်သားသာ ငေးကြည့်နေမိတော့သည်။
ထိုသို့ သူမငေးကြည့်နေစဉ်…
“စွပ့်…..စွပ့်……..စွပ့်……”
ထွန်းတောက်က သူ့လက်ထဲမှ ဓားဖြင့် နွေး၏ ဝမ်းဗိုက်ဆီကို သုံးချက် ဆက်တိုက် ထိုးစိုက်လိုက်လေသည်။
“နွေးးး—–ကယ်ကြပါဦး……နွေး…..အီး….ဟီးး–ဟီး—…နွေးရေ…..”
မေ ယူကျုံးမရစွာ ကူကယ်ရာမဲ့သူကဲ့သို့ အော်ဟစ်ကာငိုကြွေးနေတော့၏။
နွေးသည်ကတော့ ထွန်းတောက်၏ ဓားချက်များကြောင့် ငြိမ့်သက်လို့သွားရှာတော့သည်။
ထွန်းတောက်ကတော့ နွေးကို တစ်ချက်မှ မကြည့်တော့ဘဲအောက်ထပ့်ရှိ အခန်းများကိုတစ်ခန်း ပြီးတစ်ခန်း ဝင်ကာ သူလိုချင်သည့်ပစ္စည်းများကို ရှာဖွေတော့လေသည်။
နောက်ဆုံးအခန်းတစ်ခုအတွင်းမှ ပစ္စည်းတစ်ခုကိုယူ၍ နွေးအနီးပြန်လာခဲ့တော့၏။
” ဒီမှာ နင်မပေးချင်လည်း ငါရခဲ့ပြီ။ နင်ကတော့ အသေခံလိုက်ပေမယ့်…နင့်ပစ္စည်းငါ ရှာလို့တွေ့ပြီ….
ဟားး…ဟားးးး…..ဟား…….”
ထွန်းတောက်ဟာ သူ့လက်ထဲ ကိုင်ထားသည့် ပတ္တမြားဆွဲကြိုးကြီးကို ကိုင်ဆွဲ ပြီး ငြိမ်သက်နေသော နွေးကို ပြောနေလေသည်။
မေကတော့ ထွန်းတောက် ကို နာကျည်းစွာစိုက်ကြည့်နေခဲ့၏။
“ဟေ့…ကလေးမတွေ….ကလေးမတွေ လား…အခန်းထဲက….”
“အင်….”
“ဟဲ့..ထကြ အခန်းအပြင်က အော်ခေါ်နေတယ်…”
မေ သူငယ်ချင်းကြည်လဲ့ရဲ့ လှုပ်နိုးသံကြောင့် နိုးလာခဲ့၏။
အစောပိုင်းက အဖြစ်အပျက်များကြောင့် စိတ်တို့မလန်းဆန်းဖြစ်နေခဲ့၏။
ကြည်လဲ့က အခန်းတံခါးကို ဖွင့်လိုက်တော့ ဖူးစုံကော မေကော နောက်မှ လိုက်လာခဲ့ကြလေသည်။
အခန်းတံခါးဖွင့်တော့ သူမတို့အား အော်ခေါ်နေသူမှာ…
“သြော်…ဦးကြီး…ဘယ်တုန်းကရောက်တာလဲ…”
ခြံစောင့်ကြီး ဦးဘမြင့်ဖြစ်နေ၍ ကြည်လဲ့က မေးလိုက်လေသည်။
“ဦးကြီး မနက်အစောကြီးရောက်နေတာ အဲ့တာဂိုထောင်ထဲ တံမြတ်စည်းလှဲဖို့ ဝင်ယူတော့ ကားတွေ့တာနဲ့လေ…အိမ်ရှေ့သော့ကလည်း ခတ်ထားတော့ ငါ့တူမကြီးတို့ရောက်နေတာ ထင်လို့ အခန်းတွေထဲလိုက်ရှာနေတာကွဲ့…”
“ဟုတ်တယ်…သမီးတို့ မနေ့ညကတည်းကရောက်နေကြတာ…နွေးကို စချင်လို့လေ…ဒါနဲ့ နွေးကော ရောက်နေပြီလား ဦးကြီး…”
ကြည်လဲ့ရဲ့စကားကြောင့် ဦးဘမြင့်က မျက်လုံးအပြူးသားဖြင့်…
“ငါ့တူမကြီးတို့မသိကြသေးဘူးလား…”
“ဘာကိုလဲ ဦးကြီး…”
ဦးဘမြင့် ဆက်ပြောမည့် စကားအား မေ စိတ်ဝင်စားသွား၏။
ဦးဘမြင့်ကလည်း ကြည်လဲ့ရဲ့အမေးကို သက်ပြင်တစ်ချက်ချပြီးမှ…
“ဟင်း….အင်း ပြောရမယ်ဆိုရင် ငါ့တူမကြီးတို့ သူငယ်ချင်းမနွေးက…. ပြီးခဲ့တဲ့ သုံးရက်လောက်က ဒီအိမ်ကို ပြန်လာတယ်ကွဲ့……ခုတော့ကွယ်….”
” နွေးပြန်သွားလို့လား ဦးကြီး….။အဲ့နွေးက ရောက်တာကို ချက်ချင်းပြန်ရသလား….”
ဖူးစုံက ခေါင်းကိုကုပ်ရင်းမကျေမနပ်ပြောလိုက်၏။
“မဟုတ်ပါဘူးကွယ်…သူပြန်လာတာ ငါ့တူမကြီးတို့ကိုမတွေ့ရတာကြာလို့ ပြန်လာတာလို့ ဦးကြီးကို ပြောပါတယ်….ခုက….ခုက ကွယ်….”
“ဦးကြီး…ကျွန်မတို့ကိုသေချာပြောပြပါလား…ကျွန်မတို့
မသိသေးတဲ့ကိစ္စတွေ ဒီ အိမ်မှာ ဖြစ်သွားခဲ့လား…”
မေက သိချင်သည်ကို မေးလိုက်လေတော့…
“အင်း…သမီးတို့ သူငယ်ချင်းက ဆုံးသွားရှာပြီကွယ်…”
“ဟင်….”
“အာ…ဟုတ်လို့လား ဦးကြီးရယ်…”
“ဆုံးတာမဟုတ်ဘူး…နွေး..နွေး…အသတ်ခံရတာမလား”
“ဟင်…မေ…နင်ဘယ်လိုသိနေတာလဲ…”
“ငါ့တူမကြီးပြောသလိုပါပဲ…သမီးနွေးလေး အသတ်ခံလိုက်ရရှာတယ်…လူသတ်သမားကတော့ အခုထိရဲတွေ စုံစမ်းနေစဲပဲသမီးတို့ရယ် …..”
“ကျွန်မ သူငယ်ချင်းနွေးကို သတ်တဲ့သူကို ကျွန်မသိတယ်…ကျွန်မသူငယ်ချင်းက သူ့ကို အပြစ်ပေးခံစေချင်နေတယ်…”
မေ အသားများတဆက်ဆက်တုန်ရီနေကာ မျက်ဝန်းမှ မျက်ရည်များ ကျဆင်းလာခဲ့၏။
ကျန်သော ကြည်လဲ့နှင့် ဖူးစုံသည်လည်း သူငယ်ချင်းမ ရဲ့အဖြစ်ဆိုးကြောင့် စိတ်မကောင်းစွာ ငိုကြွေးနေကြတော့သည်။
“ဘယ်သူလဲ….တူမရီး…ဦးကြီး မရှိတဲ့ရက်ကို ရွေးပြီး ဝင်သတ်တဲ့အကောင်က ဘယ်သူလဲ…”
“အဲ့လူသတ်သမား…နွေးကို သတ်တဲ့ လူက ထွန်းတောက်….ထွန်းတောက်ဆိုတဲ့ ခွေးဝဲစားပဲ…သနားလို့ ခေါ်ကျွေးထားရင် ပိုင်ရှင်ကို ပြန်ပြီး လုပ်ကြံတဲ့အကောင်ပဲ”
“ဘယ်လို…ထွန်းတောက်…ဟုတ်လား….ဒီအကောင်က..
ခွေးအကြံနဲ့….တောက်…..ဒီကောင့်ကိုအပြစ်ပေးရမယ်…လာ….ဦးကြီးတို့ ရဲတွေကို သွားပြီးပြောကြတာပေါ့….”
မေ သည်လည်း သူမ သိသမျှကိုပြောပြလိုက်လေရာ ကျန်သူများကပါ မေ့ရဲ့အိမ်မက်ဟာအမှန်တကယ်ဖြစ်နိုင်လောက်သည်ဟုထောက်ခံကြလေသည်။
ပြီးနောက်မှာတော့ ဦးဘမြင့်က ရဲတိုင်ဖို့ စီစဉ်တော့ သူမတို့သုံးယောက် ရဲ စခန်းသို့ အတူလိုက်ပါလာခဲ့ကြလေသည်။
စခန်းရောက်တော့ ဦးဘမြင့်က ရဲအုပ်အားအကြောင်းစုံရှင်းပြလေတော့…
“ဒီက ညီမက ဒီအကြောင်းတွေကိုသိတာက အခင်းဖြစ်တဲ့အချိန် အဲ့အိမ်မှာ ညီမ ရှိနေခဲ့တာလား…”
ရဲအုပ်အမေးစကားကြောင့် အားလုံးရဲ့အကြည့်ဟာ မေ့ ထံသို့ရောက်လာခဲ့ကြ၏။
“မဟုတ်ပါဘူး..ဒီအဖြစ်အပျက်တွေက ညကကျွန်မ အိမ်မက်ထဲ မြင်လိုက်ရတာတွေပါ……”
“ဘယ်လို….ဒါစနောက်စရာ ကိစ္စမဟုတ်ဘူး ညီမ…ဒါလူသတ်မှု့…မင်းရဲ့ ဂယောက်ဂယက် အိမ်မက်တွေအတိုင်း ငါတို့ကလိုက်ဖမ်းရမှာလား…”
ရဲအုပ်စကားကြောင့် ကြည်လဲ့ နှင့် ဖူးစုံက ခေါင်းထောင်လာကြ၏။
” နွေးရဲ့ ဗိုက်မှာ ဓားချက် သုံးချက်အထိုးခံရတယ်…နွေးဆုံးတာ အဲ့ ဓားချက်တွေကြောင့်ပဲ….နောက်ပြီး နွေးတို့ပိုင်တဲ့ ပစ္စည်းတစ်ခုလည်း ယူသွားခဲ့တယ်…..ရှင်တို့ ဘက်ကသေချာစုံစမ်းကြည့်ပါ…လူသတ်သမားဟာ ထွန်းတောက်မဟုတ်ရင် အမှားပြောတဲ့ ကျွန်မကို.ဖမ်းလိုက်ပါ….”
” မေ…နင်စကားကို ဘယ်လိုပြောလိုက်တာလဲ…”
ကြည်လဲ့က မေ ကို စိုးရိမ်၍ ဝင်တားလိုက်လေတော့…
“ကျွန်မ မေ ပြောတာကို လက်ခံတယ်…ရှင်တို့ ဘက်ကသေချာစုံစမ်းကြည့်ပါ….ကျွန်မတို့အတွက် ကျွန်မတို့သူငယ်ချင်းတစ်ယောက်ကို ရက်ရက်စက်စက်သတ်ခဲ့တဲ့ လူသတ်သမားကို အပြင်လောကမှာ ပျော်ပျော်ကြီးနေခွင့်မပေးနိုင်ဘူး…..”
ဖူးစုံ ရဲအုပ်ကိုပြောလိုက်လေသည်။
“ကောင်းပြီ…အိမ်မက်အရ လုပ်ရမယ်ဆိုတာ သိပ့်ပြီးယုံရခက်နေမယ်ဆိုပေမယ့်…မင်းတို့ပြောသလိုပဲ သေချာ စစ်ဆေးကြည့်ပါ့မယ်…ကဲ…ဒါဆို မင်းတို့ပြန်လို့ရပြီ……”
မေတို့ ရဲစခန်းမှ ပြန်လာခဲ့ကြတော့၏။
ကားကတော့ ဖူးစုံမောင်းနှင်လာခဲ့လေသည်။
ခြံစောင့်ကြီး ဦးဘမြင့်အား နွေးတို့ခြံဆီသို့ ပြန်လိုက်ပို့ဖို့ရန်ကားကိုဦးတည်မောင်းနှင်လာခဲ့ကြခြင်းဖြစ်သည်။
” နွေး ရဲ့အလောင်းကို သဂြိုလ်ပြီးပြီလား ဦးကြီး…”
မေ ငိုရလွန်း၍ လူသည်လည်း ပင်ပန်းနေရှာသည်။
မေရဲ့ အမေးကို ဦးဘမြင့်က…
“ရေခဲတိုက်မှာပဲ လောလောဆယ်ထားထားကြတယ်…စစ်ဆေးလို့ပြီးရင်တော့ သဂြိုလ်လို့ရပြီလို့ပြောတယ်တူမကြီး…။တူမကြီးတို့ကစောစောက ပြောရောပေါ့…နွေးလေး အလောင်းကို ကြည်ဖို့ စခန်းကို ပြောရင်ရတယ်လေ…”
“ဟုတ်တယ်…ကျွန်မတို့ မေ့သွားတယ် ဦးကြီးရယ်…ဒါနဲ့လေ နွေးရဲ့ အိမ်ကို.ဘယ်လိုလုပ်မယ်စိတ်ကူးထားကြလဲ ”
“အင်း….နွေးရဲ့ ဦးလေးကိုတော့ အကြောင်းကြားထားပါတယ်…နောက်ရက်လောက်ဆိုသူ
လည်း ရောက်လောက်ရောပေါ့…”
ဖူးစုံနဲ့ကြည်လဲ့ဟာ မေနှင့် ဦးဘမြင့်တို့ပြောနေကြသည်ကို နားထောင်နေခဲ့ကြ၏။
ဘာလိုလိုဖြင့် ကားသည် နွေးတို့ ခြံရှေ့သို့ ရောက်လာခဲ့ပြီး…
“ကဲ…ဦးကြီး သွားမယ် တူမကြီးတို့…ဟိုကောင်ထွန်းတောက်သာတကယ်နွေးကို
သတ်ခဲ့ရင် သူအပြစ်သူခံရမှာပါ….ငါ့တူမကြီတို့မစိုးရိမ်ကြနဲ့…”
ဦးဘမြင့်ရဲ့အားပေးစကားကို မေအပြုံးသဲ့သဲ့လေးသာ ပြုံးလိုက်နိုင်သည်။
ထိုသို့ဖြင့် ဖူးစုံက ကားကို ပြန်ကွေ့ကာ ထွက်လာတော့ မေ… နွေးတို့အိမ်ကြီးဆီ ငေးကြည့်လိုက်ရာ ဝရံတာထက်မှ နွေးရဲ့ ပုံသဏ္ဍာန်ကို မြင်လိုက်ရ၏။
သူမတို့ကားလေးကို ငေးကာကြည့်နေပြီး ပျောက်ကွယ်သွားသော သူငယ်ချင်းဖြစ်သူနွေးရဲ့ပုံရိပ့်ကြောင့်…
“ဖြစ်မှဖြစ်ရလေ….သူငယ်ချင်းရယ်……..”

+++++++++

“ကလင်…..ကလင်…..ကလင်…”
ဖုန်းမြည်သံကြောင့် မေ….
“ဟလို….ဘယ်သူပါလဲ”
တစ်ဖက်မှ…
“ဟုတ်ကဲ့…မ မေယွန်းဟုတ်ပါသလား….”
“ဟုတ်ပါတယ်…ကျွန်မ မေယွန်းပါ…”
တစ်ဖက်မှ…
“ဟုတ်ကဲ့…ရဲစခန်းကပါ မမေယွန်း….။

မမေယွန်းရဲ့သူငယ်ချင်း မနွေးနွေးလှိုင်ကို သတ်တဲ့လူမိပါပြီဗျ….”
မေတစ်ဖက်မှပြောသည့်စကားကြောင့် ရင်များတလှပ့်လှပ့် ဖြင့် နှလုံးခုန်သံများမြန်လာခဲ့ရလေသည်။
“ဘယ်သူလဲ….လူသတ်သမားက ဘယ်သူလဲ….”
တစ်ဖက်မှ…
“ဟုတ်ကဲ့….အမပြောပြပေးတဲ့ ထွန်းတောက်ဆိုတဲ့လူက မနွေးနွေးလှိုင်ကို သတ်ကြောင်းဝန်ခံချက်ပေးပြီးပါပြီ….။အမပြောခဲ့သလို သက်သေခံဓားကော…… သူယူသွားတဲ့ ပတ္တမြားဆွဲကြိုးကော အားလုံး ရှာတွေ့ခဲ့ပါတယ်….ကျွန်တော်တို့ စခန်းက ရဲအုပ်ကလည်း ယုံဖို့ခက်ခဲတဲ့ ကိစ္စကို မယုံကြည်ခဲ့တာ အမကိုတောင်းပန်ကြောင်းနဲ့….အမှု့အမြန်ဆုံးပေါ်ပေါက် ခဲ့လို့ကျေးဇူးတင်ကြောင်းကိုလည်း တပါးထဲ ပြောခိုင်းလိုက်ပါတယ်ဗျ….”
“ရပါတယ်…. လူသတ်သမားဖမ်းပေးရင်ကို ကျွန်မကျေနပ်ပါတယ်….”
ထိုနေ့မနက်ကတော့ မေ သူငယ်ချင်း နွေးအတွက် အပူတစ်ခု အေးသွားခဲ့ရသည်။
လူသတ်သမားကို မမိလျှင်ဆိုသည့်အတွေးများက မေ့ အား နှောက်ယှက်နေခဲ့သည်မဟုတ်ပါလား…။

+++++++++

“သူငယ်ချင်း ရေ…တို့သုံးယောက်နင့်ကို လာတွေ့တာ…ဒီနေ့ တို့တွေ နင့်အတွက် ကုသိုလ်တွေလုပ်ပေးခဲ့တယ်…နင်ကြားသိလိမ့်မယ်လို့လည်း ငါတို့ထင်တယ်ဟာ…”
မေ အုတ်ဂူဖြူဖြူလေးထက်၌ နွေးကြိုက်သော.နှင်းဆီဝါအစည်းလိုက်လေး တင်ကာ ပြောနေခြင်းဖြစ်သည်။
“ဟုတ်တယ်နွေး…ငါတို့ နင့်ကိုသိပ့်သတိရတာပဲဟာ…”
ဒီတစ်ခါမှာတော့ ကြည်လဲ့ကပြောလိုက်သည်။
အုတ်ဂူဖြူဖြူလေးထက်မှာတော့…
” မနွေးနွေးလှိုင်(အသက်၂၈နှစ်)…”ဆိုသည့်စာတန်းလေး
ရေးထိုးထားလေသည်။

ပြီးပါပြီ။

Leave a Comment