သရဲဝှက်ခံရသူ

” သရဲဝှက်ခံရသူ ” (စ/ဆုံး)
ရေးသားသူ—ယဉ်မင်း(ကန့်ဘလူ)
+++++++++++

“အမေ…”
“ဟေ— ငါ့သား– ပြောလေ—”
မြေပဲတောင့်များခွဲနေသော ဒေါ်အုန်းကြည်ကို
နွားများဆွဲကာခြံဝိုင်းထဲဝင်လာသော
သားဖြစ်သူ ဖိုးမောင်က —
“ကျုပ်…ငပြုံးတို့နဲ့ တောလိုက်သွားဦးမယ်”
“ဟဲ့…နင်ကတောကိုဘာလိုက်လုပ်မလို့တုန်း…”
“အမေကလည်းဗျာ…ကျုပ်လည်းတောတက်တဲ့
အတွေ့အကြုံလိုချင်လို့ပါ…ဟော…လိုက်ဖူးသွားတော့
လုပ်တတ်သွားရင် ကျုပ်တို့ဝင်ငွေလေးလည်း
ပိုရတာပေါ့ဗျ…”

“ငါ့သားရယ်…အခုလည်းလယ်တောအလုပ်နဲ့
အမေတို့စားဖို့သောက်ဖို့လုံလောက်နေတာပဲလေ…
ဘာလို့များ ဒီတောတက်တဲ့အလုပ်ကို
လုပ်ချင်နေရတာတုန်း…”
“အမေမသိပါဘူးဗျာ…
လယ်အလုပ်က
ကျုပ်တို့စားဖို့ရတာတော့မှန်ပါတယ်…
ဒါပေမယ့် ကျုပ်ရည်းစားမြခင်အဖေက
နောက်နှစ်ကျရင်သူ့သမီးကိုလာတောင်းစေချင်ပြီဗျ…
တောင်းဖို့ငွေကလည်းကျုပ်ကစုရဦးမှာလေအမေရဲ့…
ဒါကြောင့်မို့ကျုပ်…ငပြုံးတို့နဲ့
တောထဲလိုက်ပြီးသစ်ခုတ်ချင်တယ်ဗျာ…”

“အင်း…အေးလေ…
ငါ့သားသဘောပါပဲ…
အမေကတော့ စိတ်မကောင်းဘူးသားရယ်…
ငါ့သားလေးပင်ပန်းတော့မှာပဲ…”

“မပင်ပန်းပါဘူးအမေရယ်…
ကျုပ်ကြိုးစားမှာပါ…”
ဒေါ်အုန်းကြည်လည်းသားဖြစ်သူဖိုးမောင်အတွက်
စိတ်မကောင်းဖြစ်နေခဲ့ရှာသည်။
ယောကျာ်းဖြစ်သူဆုံးပါးသွားချိန်၌
ဆွေမျိုးများကအဖက်မလုပ်ကြ၍
သူတို့သားအမိနှစ်ယောက်မှာနွားတစ်ရှဉ်းနဲ့
လယ်တစ်ကွက်ကို
ကိုယ်တိုင်စိုက်ပျိုးလုပ်ကိုင်ကြရင်း
ဝမ်းရေးအတွက်ဖြေရှင်းခဲ့ကြရသည်။

ဒေါ်အုန်းကြည်ယောက်ျား ဦးညိုရဲ့ဆွေမျိုးများက
ငွေကြေးအင်အားတောင့်တင်းကြ၏။
ဦးညိုရှိစဉ်ကခေါ်ကြပြောကြသော်လည်း…
ဦးညိုဆုံးပါးသွားချိန်၌ ချေးကြ…ငှားကြမည်ကို
စိုးရိမ်သောကြောင့် ဒေါ်အုန်းကြည်တို့သားအမိကို
အဖက်မလုပ်ကြပေ။

“ကိုဖိုးမောင်…”
“ပြောလေမြ”
“တော်တကယ်ပဲတောလိုက်တော့မလို့လား…”
“ဟုတ်တယ်လေ မြရဲ့…
ဒါမှ မြအဖေပြောသလို

ကျုပ်ကမြကိုတင်တောင်းနိုင်မှာပေါ့လို့…”
“တင်တောင်းမယ့်ကိစ္စကို
ကျုပ်မမက်ပါဘူးကိုဖိုးမောင်ရယ်…
တော်ကလယ်အလုပ်ပဲလုပ်ဖူးတာလေ…
တောထဲ သစ်ခုတ်လိုက်ရင်တော်အဆင်ပြေပါ့မလား”
“မြရယ်…ကျုပ်ကတောသားပါမြရဲ့…
မလုပ်တတ်လည်းသင်ရင်းနဲ့တတ်သွားမှာပါ…
မြစိတ်မပူနဲ့နော်…”

“အင်းပါ…ကျုပ်စိတ်ပူအောင်တော့မလုပ်ပါနဲ့နော်…
အစစအရာရာဂရုစိုက်ပါ ကိုဖိုးမောင်ရယ်…”
“စိတ်ချပါမြ…ကျုပ်ဂရုစိုက်ပါ့မယ်…”
မြခင်ကလည်းဖိုးမောင်ကိုတောတက်မည့်ကိစ္စ
စိတ်မချဖြစ်နေသည်။
သို့သော်အတွေ့အကြုံရှိသော ငပြုံးတို့အဖွဲ့နဲ့အတူ
လိုက်မည်ဖြစ်တာကြောင့် လိုက်ဖို့ခွင့်ပြုရှာသည်။
ငပြုံးတို့နဲ့ဖိုးမောင်တောတက်သွား၏။

“ဖိုးမောင်…တစ်ခုခုဆိုငါ့ကိုအရင်ပြောနော်…
ဒီတောက အမှားလုပ်လို့မရဘူးဆိုတာသေချာမှတ်ထား
ငါ့ကောင်…”
“အေးပါ ငပြုံးရာငါ့ကိုစိတ်ချစမ်းပါ…”
တောထဲသို့ရောက်ပြီး နှစ်ရက်လောက်ထိက
ဖိုးမောင်အဆင်ပြေသေးသည်။
သုံးရက်မြောက်နေ့ည၌
ဖိုးမောင်တစ်ယောက်တောထဲတွင်
ပျောက်ဆုံး၍သွားလေသည်။

ငပြုံးတို့အဖွဲ့ကလည်းဖိုးမောင်ကို
တောနင်း၍ရှာဖွေကြသည်။
တစ်ရွာထဲချင်းသားတွေမို့ ဖိုးမောင်ကို
နှစ်ရက်မျှထိတောထဲတွင်လိုက်ရှာခဲ့ကြသည်။
သို့သော် ဖိုးမောင်ကအစအနပင်ပျောက်၍နေခဲ့၏။
ဖိုးမောင်ကိုမတွေ့သည့်အဆုံး၌
ရွာသို့ပြန်၍အကျိုးအကြောင်း
ပြောပြသောအခါ ဒေါ်အုန်းကြည်ဆိုလျှင်

အတော်လေးထိတ်လန့်သွားပြီး
ကြားကြားချင်း နေရမှာပင်
သတိလစ်၍လဲကျသွားရှာသည်။
သတိပြန်ရလာတော့…

“အမယ်လေး…ငါ့သားလေးဖိုးမောင်…
လူလေးရယ်…အမေကဒါ့ကြောင့်တားတာပေါ့
ငါ့သားရဲ့…အီးးးဟီးးးးဟီးးးးဟီးးးးးးးးးးးးးးး”
ဟုအော်ကာငိုတော့သည်။

ဖိုးမောင်၏ချစ်သူမြခင်ကလည်း…
“ကျုပ်ကြောင့်ဖြစ်ရတာ…အရီးရဲ့…
ကိုဖိုးမောင်အခုလိုဖြစ်ရတာကျုပ်ကြောင့်ပါတော်…”
“ဖြန်း…ဖြန်း…ဖြန်း…”
“ဟဲ့…မြခင်မလုပ်နဲ့လေ”
မြခင်ကငိုရင်းသူ့ပါးတွေကိုသူ့လက်ဖြင့်
တဖြန်းဖြန်းမြည်အောင်ရိုက်လေသည်။

နံဘေးရှိမိန်းမကြီးများကမြခင်ကို ဆွဲထိန်းထားကြရသည်။
ဒေါ်အုန်းကြည်နဲ့မြခင်တို့မှာ
ရင်ထဲ၌ဖိုးမောင်အတွက်အပူကိုယ်စီဖြင့်
ငိုကြွေးလို့မဆုံးကြတော့ပေ။
ထိုသို့ဖြင့် ဖိုးမောင်တစ်ယောက်တောထဲ၌
သေသွားပြီဟုသာ အားလုံးကထင်ကြေးပေးကြတော့၏။
“တောက နက်တယ်ဟဲ့…
သားကောင်ကြီးတွေကလည်းပေါပါဘိနဲ့…
ဒီကလေးအခုဆို အသက်မရှိလောက်တော့ဘူး”
“ဟုတ်တယ်…ကြီးတော်ပြောတာမှန်တယ်တော်…
အင်း…မအုန်းကြည်လည်းသူ့မှာဒီသားလေးပဲရှိရှာတာ…
သူ့အတွက်တော့စိတ်မကောင်းပါဘူးတော်…”
“ဟုတ်ပါ့အေ…”

ရွာသူမိန်းမကြီးများက ဒေါ်အုန်းကြည်ကို
သနားနေကြရှာသည်။
ဒေါ်အုန်းကြည်ကတော့…
“ငါ့သားမသေနိုင်ပါဘူး…

ငါ့သားအလောင်းတောင်သူတို့ရှာမတွေ့တာကို
ငါ့သားသေတယ်လို့ငါလုံးဝမယုံဘူး…”
ဒေါ်အုန်းကြည်က ဖိုးမောင်သေသည်ဟု

လုံးဝလက်မခံပေ။
ဒါကြောင့်ဖိုးမောင်အတွက် ဘုန်းကြီးပင့်ကာ
အမျှအတန်းပေးဝေမည့်ကိစ္စကိုလုံးဝလုပ်မပေးခဲ့။
ရွာသူကြီးကတော်ဒေါ်သန်းမှ…

“အစ်မအုန်းကြည်…တော်ဒီလိုကြီး
တစ်ယူသန်နေလို့မကောင်းဘူး အစ်မရဲ့…
သူ့အတွက်ကုသိုလ်ကောင်းမှုလေး…
အမျှအတန်းလေးပေးဝေမှပေါ့အစ်မရယ်…”

“မိသန်း…ငါ့သားလေးက မသေသေးဘူး…
ငါ့သားမသေသေးဘူးဟဲ့…မိသန်းရဲ့”
“အစ်မအုန်းကြည်ရယ်…”

ဒေါ်အုန်းကြည်ကိုကြည့်၍သူကြီးကတော်မှာ
စိတ်မကောင်း၍မည်သည့်စကားမှဆက်မပြောနိုင်ရှာ။
သူကြီးဦးမျိုးသစ်က…
“မအုန်းကြည်…ခင်ဗျားလည်း
ဘုရားတရားရိုသေတဲ့သူပဲဗျာ…

သေသွားသူအတွက် ကျန်ခဲ့တဲ့သူက
ပိုပြီးမဖြေနိုင်မဆည်နိုင်ဖြစ်တာကိုတော့ကျုပ်သိပါတယ်..
ဒါပေမယ့်ဖိုးမောင်အတွက်တော့
အမျှအတန်းလေး ပေးဝေစေချင်တယ်ဗျာ”
ဟု…နားချပါသော်လည်း
ဒေါ်အုန်းကြည်ကမည်သည့်စကားမှ
မပြောဘဲငူငူကြီးထိုင်နေခဲ့သည်။

သူကြီးကတော်ဒေါ်သန်းမှ…
“အစ်မအုန်းကြည် တော်ကဘာလုပ်ချင်တာလဲ…
ကျုပ်တို့ဘက်ကဘာလုပ်ပေးရမလဲဆိုတာ
ပြောပါအစ်မရယ်…မဟုတ်ရင်တော်ပါတစ်ခုခုဖြစ်
သွားမှာကျုပ်တို့ကစိုးရိမ်လို့ပါ…”
ဟုပြောသောအခါ ဒေါ်အုန်းကြည်က
သူကြီးကတော်ကိုကြည့်၍…
“သောင်ထွန်းရွာကဘွားမယ်စိန်ဆီကို

ငါသွားချင်တယ်အေ…
မိသန်းညည်းလိုက်ခဲ့ပေးပါ…”
“ဘယ်လိုကြောင့်ဘွားမယ်စိန်ဆီကို
သွားချင်ရတာလဲအစ်မရယ်…”
“ငါ့စိတ်ထဲမှာငါ့သားမသေသေဘူးမိသန်းရဲ့…
ပြီးတော့ငါ့စိတ်တွေကလည်းသောင်ထွန်းရွာက
ဘွားမယ်စိန်ဆီကိုသွားချင်နေတယ်…
ညည်းလိုက်ခဲ့ပေးပါအေ…”

သူကြီးကတော်က ဒေါ်အုန်းကြည်ကိုမငြင်းရက်ပေ။
ဒါကြောင့်လည်း…
“အစ်မသဘောပဲတော်…
ကျုပ်လိုက်ခဲ့ပေးပါ့မယ်…”
ဟုပြောလိုက်လေသည်။
“ဟဲ့…ကြက်တွေ…ဒီအပင်ပဲလာလာယက်နေ…
ငါ….တယ်ထု့ပစ်လိုက်ရ”
ခြံဝိုင်းထဲရှိမာလကာပင်များအောက်ခြေရှိမြေကို
ယက်နေသော ကြက်များကိုဒေါ်ဝင်းက

အော်ဟစ်၍မောင်းထုတ်နေ၏။
ကြက်များက ဒေါ်ဝင်းအသံကိုမမှုယောင်ဖြင့်
မြေကိုအယက်မပျက်ခဲ့။
“ကဲဟယ်….”
ဒေါ်ဝင်းစိတ်တိုပြီးမြေခဲတစ်လုံးကောက်၍
ထုလေတော့မှကြက်များလန့်၍
ခြံထဲမှထွက်ပြေးကြတော့သည်။
“မိဝင်း…ဘာတွေဖြစ်နေတာတုန်း”

ဘုန်းကြီးကျောင်းမှပြန်လာသောဘွားမယ်စိန်သည်
ခြံဝိုင်းထဲရောက်တော့ဒေါ်ဝင်းအသံကိုကြား၍
မေးလိုက်ခြင်းဖြစ်၏။
“သြော်…အမေတောင်ဘုန်းကြီးကျောင်းက
ပြန်လာပြီပဲ…”
“အေး…ပြန်လာပြီလေ…
ညည်းကဘာတွေဖြစ်နေတာလဲမိဝင်း…”
“ဘာမှမဖြစ်ပါဘူးတော်…

ဟိုကြက်နီမသားအမိတွေလေ…
ခြံထဲမြေတွေလာယက်နေလို့မောင်းထုတ်နေရတာ
အမေ့ရဲ့…”
“ညည်းမောင်းတာကပါးစပ်နဲ့ပဲ
မောင်းတာမဟုတ်ပါဘူးအေ…
ခဲနဲ့ထု့နေတာငါမြင်လိုက်ပါတယ်ဟဲ့…”
“အမေကလည်း…ဒီကြက်တွေက
အသံနဲ့တောင်လူကိုမကြောက်နေတာအမေရဲ့…”
“ဘာပဲဖြစ်ဖြစ်အေ…သတ္တဝါပဲအေ့…
ကြက်ပဲယက်မှာပေါ့…နေပါစေအေ…”
ဘွားမယ်စိန်ကိုဒေါ်ဝင်းပြန်ကာမပြောတော့ဘဲ
ဘွားမယ်စိန်လက်ထဲမှဆွမ်းချိုင့်ကိုယူ၍…
“အမေ…ရေသောက်မလား…
ကျုပ်ရေခပ်ပေးမယ်…”
“အေး…အေး…ခပ်ခဲ့”
ဘွားမယ်စိန်ကကွပ်ပျစ်သို့သွားတော့သည်။
ဒေါ်ဝင်းကတော့ဆွမ်းချိုင့်ကိုမီးဖိုထဲသွားထားပြီး
ဘွားမယ်စိန်အတွက်သောက်ရေပြေးခပ်ပေး၏။

“ဘွားမယ်စိန်ရှိလားတော်…”
“ရှိတယ်လေ…ဘယ်သူတွေတုန်း”
ဒေါ်ဝင်းပေးသောရေခွက်ကို
ဘွားမယ်စိန်မော့သောက်နေတုန်း

ခြံအပြင်မှခေါ်သံကြောင့်ဒေါ်ဝင်းကထူးလိုက်သည်။
ဝိုင်းထဲဝင်လာသူများကိုမြင်တော့…
“အမေ…ရွာသစ်ကသူကြီးကတော်

ဒေါ်သန်းတော့”
ဟု…ဘွားမယ်စိန်ကိုပြောပြလေသည်။
“လာကြ…လာကြ…ထိုင် ဒီမှာ…”
ဘွားမယ်စိန်ကလည်းဒေါ်သန်းတို့ကို ကွပ်ပျစ်ပေါ်
ဝင်ထိုင်စေသည်။
“ကျုပ်ကိုမှတ်မိသားပဲတော့…”
ဒေါ်သန်းက ဒေါ်ဝင်းကိုပြုံးကာပြောလိုက်သည်။
“မှတ်မိတာပေါ့သူကြီးကတော်ရယ်…

ထိုင်ကြပါဦး…ကျုပ်အကြမ်းအိုးဖြည့်ထားတယ်…
လက်ဖက်လေးခဏပြေးသုပ်လိုက်ဦးမယ်”
“ရတယ်…အစ်မ မသုပ်ပါနဲ့တော့”
“ခဏလေးတင်ပါ သူကြီးကတော်ရယ်…

ထိုင်ကြဦးနော်…”
ဒေါ်ဝင်းကမီးဖိုထဲသို့ဝင်သွားသည်။
ဘွားမယ်စိန်က သူကြီးကတော်ဒေါ်သန်းနဲ့အတူ
လိုက်ပါလာသောအမျိုးသမီးနှစ်ယောက်ကိုကြည့်၍…

“ရွာသစ်ကသူကြီးကတော်က
ဒီကိုဘာအကြောင်းများရှိလို့ရောက်လာရတာတုန်း”
ဟုမေးလိုက်၏။

“အကြောင်းလေးရှိလို့ရောက်လာတာပါဘွား…
ဟောသည်ကလူတွေက
ကျုပ်တို့ရွာက မအုန်းကြည်နဲ့မညွှန့်လို့ခေါ်ပါတယ်…
ဒီမအုန်းကြည်ကဘွားဆီလာချင်တယ်ဆိုလို့

ကျုပ်တို့လိုက်လာကြတာပါ…”
ဘွားမယ်စိန်ကသူကြီးကတော်ဒေါ်သန်းစကားကို
ခေါင်းညိတ်ပြလိုက်ပြီး ဒေါ်အုန်းကြည်ကိုကြည့်၏။
ဒေါ်အုန်းကြည်၏မျက်လုံးအိမ်ထဲ၌ မျက်ရည်များက

ရစ်သိုင်းလို့နေသည်ကိုမြင်တော့…
“ဘာတွေများပူလောင်နေရတာတုန်း…
ပြောစမ်းပါဦးအေ့”
ဟု…မေးသောအခါ ဒေါ်အုန်းကြည်မှာ
ဟန်ပင်မဆောင်နိုင်တော့ မျက်ရည်များဒလောဟောကျ၍
ချုံးပွဲချငိုကြွေးတော့၏။
ဒေါ်အုန်းကြည်ငိုသံကြောင့်လက်ဖက်သုပ်နေသော
ဒေါ်ဝင်းပင်မီးဖိုထဲမှထွက်ကြည့်လေသည်။
သူကြီးကတော်ဒေါ်သန်းနဲ့ဒေါ်ညွှန့်တို့ကပဲ
ဒေါ်အုန်းကြည်ကိုနှစ်သိမ့်၍ပေးကြသည်။
“ကဲ…ငိုနေလို့ထူးလာမယ်ဆိုရင်ငိုသာငိုအေ…
ဒီလိုငိုနေလို့မထူးဘူးဆိုရင်တော့
ညည်းဘာဖြစ်သလဲငါ့ကိုပြော အုန်းကြည်”
ဘွားမယ်စိန်စကားကြောင့်
ဒေါ်အုန်းကြည်ဆက်၍မငိုနိုင်တော့ဘဲ
ပါးအထက်ရှိမျက်ရည်များကိုလက်ဖြင့်
သုတ်ဖယ်လိုက်လေသည်။

ခဏမျှကြာတော့…
“ကျုပ်သားလေးကိုသေပြီလို့ အားလုံးက
ပြောနေကြတယ်ဘွားရဲ့…
ကျုပ်စိတ်ထဲမှာ
ကျုပ်သားမသေဘူးဆိုတာကို
ကျုပ်ယုံကြည်နေတယ်တော့်…”
ဟုပြောလေတော့သူကြီးကတော်ဒေါ်သန်းမှ…
“ဒီလိုပါဘွားရယ်…

မအုန်းကြည်သား ဖိုးမောင်ကတစ်ယောက်
တလောကတောတက်
သစ်ခုတ်တဲ့အဖွဲ့နဲ့တောထဲလိုက်သွားပါတယ်…
ဒီကလေးက လယ်အလုပ်လောက်ပဲလုပ်တတ်တာပါ…
အခုသူတောထဲလိုက်သွားပြီးရက်မကြာသေးခင်ပဲ
တောထဲမှာအစအနရှာလို့မရအောင်
ပျောက်သွားခဲ့ပါတယ်တော်…
အားလုံးကတော့သေပြီလို့သတ်မှတ်ထားကြပေမယ့်

မအုန်းကြည်ကတော့သူ့သားမသေသေဘူးဆိုပြီး
အတော်လေးယုံကြည်နေခဲ့ရှာတယ်ဘွားရဲ့…
အဲ့တာနဲ့ မအုန်းကြည်ကဘွားဆီကိုသွားချင်တယ်…
လိုက်ပို့ပေးပါဆိုလို့ကျုပ်တို့လိုက်လာခဲ့ရတာပါ…”
ဟုပြောလေတော့ဘွားမယ်စိန်က ဒေါ်အုန်းကြည်ကို
သနားသွား၏။
ဒေါ်အုန်းကြည်ကိုကြည့်၍…
“အေးလေ…မိခင်တစ်ယောက်သောကဆိုတာ

မိခင်တွေအချင်းချင်းပဲသိနိုင်တာပါအေ…
ကဲ…ညည်းသားဖိုးမောင်ရဲ့အသက်နဲ့မွေးရက်ကို
ငါ့ပြောစမ်းအုန်းကြည်…”
ဟုပြောလေတော့ ဒေါ်အုန်းကြည်ကပြာပြာသလဲ
ပြောလိုက်၏။

“ကဲ…ကြာသပတေးသားကြီးဖိုးမောင်……”
ဟုဘွားမယ်စိန်ကနှုတ်မှပြောရင်း
မျက်စိကိုမှိတ်၍ တိုးတိုးလေးပါးစပ်ကိုလှုပ်ကာ
နေလေသည်။
သူကြီးကတော်ဒေါ်သန်းတို့ဒေါ်အုန်းကြည်တို့မှာ
ဘွားမယ်စိန်ကိုမျက်တောင်မခတ်တမ်းကြည့်နေကြ၏။
ထိုစဉ်လက်ဖက်သုပ်ပန်းကန်ကြီးကိုင်၍

ဒေါ်ဝင်းကသူတို့အနီးသို့ရောက်လာခဲ့သည်။
အခြေအနေကိုကြည့်၍သူသည်လည်း
တိတ်တိတ်လေးရပ်ကြည့်နေခဲ့ရှာ၏။
ခဏကြာတော့ဘွားမယ်စိန်မျက်စိပြန်ဖွင့်လာပြီး…

“အုန်းကြည်…ညည်းသားက
ညည်းထင်ထားသလိုပါပဲ…မသေပါဘူးအေ့…”
ဟုပြောလိုက်သောအခါ ဒေါ်အုန်းကြည်မှာ
ဝမ်းသာလွန်း၍စကားပင်မပြောနိုင်။
သူကြီးကတော်ဒေါ်သန်းတို့မှာလည်းအံ့သြနေကြ၏။
“ဟုတ်တယ်အုန်းကြည်…ညည်းသားက
တောထဲလိုက်သွားပြီး…ညဘက်အပေါ့သွားတာကို
ခွင့်မတောင်းဘဲ တွေ့ရာစွန့်ခဲ့တယ်လေ…
သူ့ကိုအပြစ်ပေးတဲ့အနေနဲ့သူအပေါ့စွန့်ခဲ့တဲ့အပင်က

သရဲကသူ့ကိုလူတွေမမြင်အောင်ဝှက်ထားတာအေ့”
“ရှင်…”
“ဟင်…”
အားလုံးအံ့သြသင့်ကုန်ကြသည်။

ဒေါ်အုန်းကြည်မှ…
“ဒါဆိုကျုပ်တို့ဘာလုပ်ပေးရမလဲဘွား…
ကျုပ်သားလေးကိုပြန်တွေ့အောင်
ဘာလုပ်ရမလဲပြောပေးပါတော်…”
ဟု…ပြော၏။
“အေး…အခုဒီကလေးအမှားအတွက်
ဒီကလေးကိုခွင့်လွှတ်ပေးဖို့
တောထဲကသရဲကို ဘွားမေတ္တာရပ်ခံပေးထားမယ်…
ညည်းတို့လုပ်ရမှာက တောထဲပြန်ဝင်ရှာမယ့်လူတွေကို
ဒီကြာသပတေးသား ဖိုးမောင်ရဲ့အမှားကိုခွင့်လွှတ်ပေးဖို့
ထမင်းတစ်ထုပ်ဟင်းတစ်ထုပ်ပုံပေးပြီးတောင်းပန်ခိုင်း…
ဒါဆိုညည်းသားကိုသူခွင့်လွှတ်ပေးလိမ့်မယ်…”

“ဟုတ်…ဟုတ်ကဲ့ဘွား…
ဒီလိုလုပ်ပေးရင်ကျုပ်သားလေးကိုတွေ့ပြီပေါ့နော်…”
“ညည်းသားကသူတို့စခန်းချခဲ့တဲ့နေရာမှာပဲရှိတယ်…
တခြားကိုမရှာနဲ့အဲ့သည်အနားမှာပဲရှာခိုင်းလိုက်…”
“ဟုတ်…ဟုတ်ကဲ့…”
ဒေါ်အုန်းကြည်ကအတော်လေးဝမ်းသာနေသည်။
“ကဲ…ညည်းတို့အချိန်ဆွဲမနေကြနဲ့…
ရွာပြန်ပြီးလုပ်သင့်တာကိုလုပ်ကြတော့…”

ဟုဘွားမယ်စိန် ကပြောလေတော့
သူတို့သုံးယောက်လည်း ကွပ်ပျစ်ပေါ်မှဆင်း၍…
“ဒါဆိုကျုပ်တို့ပြန်ဦးမယ်ဘွား…
ကျုပ်သားလေးကိုရှာတွေ့တာနဲ့
ဘွားဆီကိုအရင်ဆုံးလာခဲ့ပါ့မယ်…”

“အေး…အေး…အေး…”
သူကြီးကတော်ဒေါ်သန်းနဲ့ဒေါ်အုန်းကြည်တို့လည်း
ရွာသစ်ရွာကိုပြန်သွားကြတော့သည်။
ရွာသစ်ရွာကိုရောက်တော့…
“မအုန်းကြည်…တော်စိတ်ချသိလား…
ကျုပ်ယောက်ျားကိုပြောပြီး
ငပြုံးတို့အဖွဲ့ကိုတောထဲထပ်သွားရှာခိုင်းပေးမယ်…

သူတို့တောထဲဝင်ရင်လည်းဘွားမယ်စိန်ပြောသလို
လုပ်ခိုင်းပေးမယ်…တော်ဘာမှစိတ်မပူနဲ့တော့…”
ဟုပြောသောအခုဒေါ်အုန်းကြည်မှာ
သူကြီးကတော်ဒေါ်သန်းကို…

“ကျေးဇူးတင်ပါတယ် မိသန်းရယ်…”
“ရပါတယ်အစ်မရယ်…ပြောစရာလူတွေလားတော်…”
ထိုသို့ဖြင့်သူကြီးကတော်ဒေါ်သန်းက သူကြီးဦးမျိုးသစ်ကို

အကြောင်းစုံပြောပြပြီးနောက်
ငပြုံးတို့အဖွဲ့ကိုတောထဲသို့ပြန်လွှတ်စေသည်။
ငပြုံးတို့ကလည်းသူငယ်ချင်းဖိုးမောင်အတွက်
ထပ်မံတောထဲဝင်သွားကြလေသည်။

ငပြုံးတို့တောထဲဝင်ပြီးနှစ်ရက်မျှကြာတော့
ရွာကိုပြန်ရောက်လာကြသည်။
ဒေါ်အုန်းကြည် ခမျာသားဖြစ်သူ
ဖိုးမောင်ပြန်မှပါလာလေမလား
အတွေးဖြင့် စိုးရိမ်စွာကြည့်နေမိစဉ်
ဖိုးမောင်ကိုမြင်လေတော့ ဒေါ်အုန်းကြည်မှာ
ဝမ်းသာအားရပြေးကာဖက်၍…
“သား….အမယ်လေး…ကံကြီးပေလို့ပေါ့ငါ့သားရယ်”
ဟုပြောရင်းငိုရှာသည်။
ဖိုးမောင်ကလည်း ဒေါ်အုန်းကြည်ကိုဖက်၍
ငိုရှာလေတော့အနီးရှိသူကြီးကတော်နဲ့သူကြီးတို့လူစုမှာလည်းသူတို့သားအမိအတွက်ဝမ်းသာမျက်ရည်များကျဆင်း၍နေကြသည်။

ဒေါ်အုန်းကြည် အိမ်၌လည်းလူများကဝိုင်းအုံနေကြ၏။
ထိုသူတို့က ဖိုးမောင်မည်သို့ပျောက်ဆုံးသွားခဲ့ပြီး
ဘယ်လိုပြန်တွေ့ခဲ့သလဲဆိုတာသိချင်နေကြသည်။
ဖိုးမောင်၏ချစ်သူမြခင်ကလည်း ဖိုးမောင်၏အနီး၌
ပြုံးပြုံးကြီးထိုင်နေခဲ့၏။
“ကျုပ်အဲ့သည်ညတုန်းက
ငပြုံးတို့ကလည်းအိပ်နေတာနဲ့
အပေါ့ထသွားခဲ့တယ်…

လူကလည်းအိပ်ချင်နေတာကြောင့်
ဘာမှခွင့်မတောင်းမိလိုက်ဘူးဗျာ…
အဲ့သည်အပေါ့သွားမိတဲ့ ညမှာပဲကျုပ်အိပ်နေတုန်း
ယောကျာ်းကြီးတစ်ယောက်က ကျုပ်ကိုပုတ်နှိုးတယ်ဗျ…
ကျုပ်လည်းနိုးလာတော့သူက
လာမင်း…ငါနဲ့လိုက်ခဲ့ဆိုပြီးခေါ်သွားတော့တာပဲ…

သူခေါ်တော့ကျုပ်စိတ်ကငြင်းနေပေမယ့်
ကျုပ်ခန္ဓာကိုယ်ကသူခိုင်းတဲ့အတိုင်းလုပ်နေတာ…
သူထိုင်ခိုင်းတဲ့အပင်အောက်ရောက်တော့
ကျုပ်ထိုင်ချလိုက်ရတယ်…
ပြီးတော့အဲ့သည်လူကလည်း ချက်ချင်းကြီး
ပျောက်သွားခဲ့တာဗျ…”
“ဖိုးမောင်…အဲ့သည်လူကမင်းကို

ဘယ်ခေါ်သွားတာလဲဟ…”
“ကျုပ်အပေါ့စွန့်ခဲ့တဲ့အပင်အောက်ကိုဗျ”
“ဟေ…ဒါဆိုမင်းကိုငပြုံးတို့လိုက်ရှာတာဘာလို့မတွေ့တာလဲ”
“ကျုပ်ကသူတို့ကိုမြင်တယ်…

သူတို့ကသာကျုပ်ကိုမမြင်ဘဲအော်ခေါ်ပြီးရှာနေကြတာ…
ကျုပ်ကိုယ်ကြီးကလည်းထိုင်နေရာကထမရဘူးဗျ…
ကျုပ်အသံလည်းသူတို့ကမကြားကြတော့

ကျုပ်လည်းအတော်လေးခြောက်ခြားနေခဲ့ရတာ…”
ဖိုးမောင်ပြောပြသည်များကိုကြားတော့
တချို့ကအံ့သြနေကြသည်။
တချို့က ဖိုးမောင်အစားကြောက်၍နေကြ၏။
“ဒါဆိုမင်းကို ငပြုံးတို့ကဘယ်လိုရှာတွေ့ခဲ့တာလဲကွ”
“ထူးတော့ထူးဆန်းတယ်ဗျ…

ကျုပ်ကိုထိုင်ခိုင်းပြီးပျောက်သွားတဲ့လူကြီးက
ငပြုံးတို့မရောက်လာသေးခင် ပြန်ပေါ်လာပြီးတော့
ကောင်လေးမင်းသွားလို့ရပြီဆိုပြီးလာပြောသွားတယ်…
သူလည်းပြောပြီးပြန်ထွက်သွားတုန်းငပြုံးတို့က
ကျုပ်ကိုရှာတွေ့သွားကြတာပဲဗျ…”
“ထူးဆန်းလိုက်တာ…”

“ဟုတ်ပါ့…ဖိုးမောင်အဖြစ်ကကြောက်စရာလည်း
ကောင်းတယ်တော်”
“ငါ့သားရေ…ဒါသောင်ထွန်းရွာက
ဘွားမယ်စိန်ကျေးဇူးကြောင့်ငါ့သားရဲ့…
ဘွားမယ်စိန်သာမပြောပြရင်အမေတို့သိကြမှာ
တောင်မဟုတ်ဘူး…အမေတို့သောင်ထွန်းရွာကိုသွားပြီး
ဘွားမယ်စိန်ကိုကန်တော့ကြရအောင်ငါ့သားရယ်…”
“ဟုတ်ကဲ့အမေ”

ထိုသို့ဖြင့်ဒေါ်အုန်းကြည်က ဖိုးမောင်ကိုခေါ်၍
ဘွားမယ်စိန်ထံသွားကန်တော့်ကြသည်။
“ကျုပ်အခုလိုရွာပြန်လာနိုင်တာ
ဘွားရဲ့ကျေးဇူးကြောင့်လို့အမေကပြောတယ်ဗျ…
ကျုပ်ကိုအခုလိုကူညီပေးလို့ကျေးဇူးတင်ပါတယ်ဘွား”


ဟုဆိုကာဖိုးမောင်က ကန်တော့လေသည်။
ဘွားမယ်စိန်ကလည်း
ဒေါ်အုန်းကြည်ကိုကြည့်၍ပြုံးနေမိ၏။
ဒေါ်အုန်းကြည်ခမျာလည်း

သားဖြစ်သူဖိုးမောင်အတွက်ဝမ်းသာနေရှာသည်။
“ကျုပ်ကလေ ကျုပ်သားလေးကို
အခုလိုထပ်ဖြစ်မှာဆိုးလို့တောမတက်ခိုင်းတော့ဘူးဘွားရဲ့..
ဒီကလေးကိုသူ့မင်္ဂလာဆောင်တင်တောင်းဖို့
နွားနဲ့လယ်ကိုရောင်းပေးမယ်ဆိုတော့
သူ့ကောင်မလေးအဖေက တင်တောင်းတာထက်
နှစ်ဖက်အသိုင်းအဝိုင်းရှေ့ မင်္ဂလာဆောင်ပေးတာတင်
ကျေနပ်ပါပြီလို့ပြောရှာတော့ သူလည်းဝန်ပေါ့သွားပါပြီတော်”
ဟု…ဒေါ်အုန်းကြည်ကဝမ်းသာအားရပြောလေတော့

ဘွားမယ်စိန်ကခေါင်းတစ်ချက်ညိတ်၍…
“ကောင်းတာပေါ့အေ…
ငွေတွေပကာသနတွေထက်
ချစ်ခြင်းမေတ္တာစစ်မှန်ဖို့ကအဓိက ကျတယ်လေ…
ကောင်းပါတယ်…ကောင်းပါတယ်…”
ဟု…ပြန်၍ပြောလေသည်။

ဖိုးမောင်တစ်ယောက်တောထဲ၌ သရဲဝှက်ခံရသည်ဆိုသော
သတင်းမှာလည်းသောင်ထွန်းရွာနဲ့ရွာသစ်ရွာတင်မက
ဘေးရွာများသို့ပါပျံ့နှံ့၍သွားတော့၏။

ပြီးပါပြီ။

ယဉ်မင်း(ကန့်ဘလူ)

Leave a Comment