သာဒင်ကိုဘာထင်နေသလဲ

” သာဒင်ကိုဘာထင်နေသလဲ ”
ရေးသားသူ–ဆရာလွင်ဦးဟန်
+++++++++++

အချိန်ကား ၁၉၈၁ ခုနှစ် ။
သူ့နာမည်က ကိုသာဒင် ။ ရေနံချောင်းဇာတိ ။

ကိုသာဒင်၏ညီ ကိုကျော်ထင်က တပ်မတော် ထောက်ပံ့ရေးတပ်တွင်တာဝန်ထမ်းဆောင်ပြီး အိမ်ထောင်သည်လိုင်းခန်းတွင် ဇနီးသည်နှင့်အတူ သားတစ်ယောက်နှင့်နေထိုင်နေသူ ။ မိဘများမရှိတော့သဖြင့် လူပျိုလူလွတ်ဖြစ်သော ကိုသာဒင်မှာ ညီဖြစ်သူနှင့်အတူ လိုင်းခန်းတွင်နေထိုင်ရင်း ရန်ကုန်မြို့ လမ်းမတော်တစ်ဝိုက်တွင် ဝက်သားတုတ်ထိုးရောင်းချကာ စီးပွားရှာဖွေလေသည် ။ ထိုစဉ်က ထောက်ပံ့ရေးတပ်မှာ ရွှေတိဂုံဘုရား အနောက်ဘက်မုဒ်အခြမ်း ဦးဝိစာရလမ်း နှင့် အလုံလမ်းထောင့် ယခု ပြည်သူ့ရင်ပြင်တည်ရှိရာနေရာတွင် ရှိခဲ့လေသည် ။
သံဈေးတွင် ဝက်သားထုတ်ထိုးရောင်းချနေသော ကိုသာဒင်မှာ နေ့တဓူဝဆိုသလို ဆိုင်းထမ်းကိုထမ်းကာ သံဈေးနှင့် ထောက်ပံ့ရေးတပ်ကို မမောနိုင် မပမ်းနိုင် ခြေလျင်သွားလာနေခဲ့လေသည် ။ မနက်ဆိုလျှင် မြေနီကုန်းဈေးသို့ ဝက်သားတုတ်ထိုးအတွက် လိုအပ်သည့်ပစ္စည်းများဝယ်ယူပြီး တစ်နေကုန်ချက်ပြုတ်လေသည် ။ ညနေစောင်းသည်နှင့် ဆိုင်းထမ်းကိုထမ်းပြီး မြို့မကျောင်းလမ်းမှနေ၍ လမ်းမတော် ဘူတာကုန်းကျော်တံတားကိုဖြတ်ကျော်ကာ ဈေးရောင်းချမည့်နေရာသို့ သွားတတ်လေသည် ။ စကားအပြောအဆို ဘုကန့်လန့်နိုင်သော်လည်း လက်ရာကောင်းမွန်သဖြင့် ညနေငါးနာရီလောက်မှ စတင်ရောင်းချလျှင် ညဆယ်နာရီလောက်တွင် ကုန်သွားတတ်သည် ။
ရောင်းစရာကုန်သွားသော်လည်း ကိုသာဒင်၏ဆိုင်းထမ်းထဲတွင် တစ်ပွဲစာအမြဲချန်ထားတတ်လေသည် ။ ဝက်သားတုတ်ထိုး တစ်ပွဲစာချန်ထားရသည့်အကြောင်းရင်းသည်ကား———

+++++++++++

နယုန်မိုးပြေး မြက်သားမွေး ဆိုသည့်အတိုင်း မနက်ကတည်းက ရွာလိုက်တိတ်လိုက် ဖြစ်နေသည့် မိုးကြောင့် ကိုသာဒင် အတော်စိတ်ပျက်နေမိသည် ။ တစ်ရက်တစ်လေ နားလိုက်မည်ဟုစိတ်ကူးမိပေမယ့် ဖောက်သည်ပျက်မည် စိုးသဖြင့် မနားနိုင်ပဲ ခမောက်ဆောင်းကာထုံးစံအတိုင်း ဈေးရောင်းထွက်ခဲ့ရပြန်လေသည် ။
လမ်းမတော် တစ်ဝိုက်က သိကြသည့်အတိုင်း တရုတ်လူမျိုးများ၏ စီးပွားရေးဈေးကွက်တစ်ခုဖြစ်နေသည့်အတွက် တရုတ်အစားအစာတစ်ခုဖြစ်သော ဝက်သားတုတ်ထိုးသည်တို့က ပုလက်ဖောင်းဈေးကွက်တွင် အစီအရီ ။ တစ်ရက်ပျက်သည်နှင့် ကိုယ့်ဖောက်သည်များပါ ပျက်မည့် အရေးကိုတော့ ကိုသာဒင် အဆုံးရှူံးမခံနိုင်ပေ ။
မိုးလေးတစ်ဖျောက် နှစ်ဖျောက်ရွာလိုက်သည်ဆိုတာနှင့် လမ်းပေါ်မှာ လူသွားလူလာကြဲသွားသလို ထုံးစံအတိုင်း အရောင်းအဝယ်ပါးသွားတတ်တာကြောင့် ကိုသာဒင်စိတ်ပျက်လက်ပျက်ဖြစ်ကာ ကိုးနာရီမထိုးမီ ဆိုင်သိမ်းရန်ပြင်လိုက်လေတော့သည် ။
” ပြန်တော့မလို့လား ကိုသာဒင် ”
ကွမ်းယာဆိုင်မှ ကိုဟူစိန်လှမ်းမေးလိုက်သည်ကို ဆိုင်သိမ်းနေရာမှ ပြန်ဖြေလိုက်လေသည် ။
” ပြန်တော့မယ် ကိုဟူစိန် ၊ အရောင်းအဝယ်သိပ်မကောင်းဘူးဗျ ”
” ဟုတ်တယ် ကိုသာဒင်ရေ ၊ မိုးကလည်း ရွာမယ်ဆိုရင်လဲ ဝုန်းကနည်း ဒိုင်းကနည်း ရွာချလိုက်တာမဟုတ်ဘူး ”
ကိုဟူစိန်ကို ဘာမှပြန်မဖြေတော့ပဲ သစ်သားခွေးခြေအပုလေးများကို ဆိုင်းထမ်းတွင် ချိတ်ပြီး လက်ကျန် ဝက်သားတုတ်ထိုးများကို ပလပ်စတစ်အကာဖြင့် သေသေချာချာအုပ်လိုက်လေတော့သည် ။

+++++++++++

ညကိုးနာရီကျော်သာရှိသေးသော်လည်း လမ်းပေါ်တွင် လူသွားလူလာကြဲစပြုနေလေသည် ။ သရက်တော ကျောင်းဝင်းအတွင်းမှ စာသင်သားသံ
ဃာအချို့၏ စာအံသံများမှလွဲ၍ တိတ်ဆိတ်ငြိမ်သက်လျှက်ရှိနေသည် ။ ဆေးရုံကြီးအရေးပေါ်ဋ္ဌာနအရှေ့လောက်သာ လူဝင်လူထွက်ရှိနေပြီး စိန်ဂျွန်းဈေးဘက်မှ ဗိုလ်ချုပ်ဈေးအထိ လမ်းမကြီးတစ်လျှောက် ကားအသွားအလာအနည်းအကျဉ်းသာရှိလေသည် ။
ဆိုင်းထမ်းကို ပုခုံးပေါ်တစ်ချက် ပင့်တင်နေရာချလိုက်ပြီး မီးပွိုင့်ကိုဖြတ်ကူးကာ ဆေးတက္ကသိုလ် ( ၁ ) ရှေ့ပလက်ဖောင်းပေါ်မှ လျှောက်လာခဲ့လေသည် ။ လမ်းမတော်ဘူတာ ကုန်းတံတားပေါ်သို့ရောက်လျှင် မိုးက မထင်မှတ်ပဲ သည်းလာသဖြင့် ကုန်းအဆင်းမှ မူလတန်းကျောင်းလေးရှေ့ရှိ သစ်ပင်အောက်တွင် မိုးခိုနေလိုက်လေသည် ။ စစ်သုံးမိုးကာဝတ်ထားသော်လည်း အတွင်းမှ အဝတ်အစားတို့က ရွှဲရွှဲစိုနေလေပြီ ။ သစ်ပင်ပေါ်မှ ကျလာသော မိုးစက်များက ပလပ်စတစ်အုပ်ကာထားသော ဝါးခမောက်ပေါ်သို့ ထိမှန်နေသည့်အသံများကသာဖုံးလွှမ်းနေလေသည် ။ အရှေ့တည့်တည့်တွင်မြင်နေရသော မင်းမနိုင် တိုက်ခန်းများမှ အခန်းအချို့သာ မီးလင်းလျှက်ရှိနေပေသေးသည် ။
” အင်း…. မိုးစောင့်နေလို့ကတော့ အိမ်ကိုပြန်ရောက်မှာမဟုတ်တော့ဘူး ။ မထူးပါဘူး ၊ ရွှဲလဲရွှဲနေပြီပဲ ၊ ပြန်တာပဲကောင်းပါတယ် ”
တစ်ကိုယ်တည်း ညည်းတွားရင်းမှ ဆိုင်းထမ်းကိုထမ်းကာ အလင်းရောင်ရှိသော မင်းမနိုင်တိုက်ခန်းများဘက်သို့ ကူးကာ ပလက်ဖောင်းပေါ်မှ လျှောက်လာခဲ့လေတော့သည် ။ မြို့မကျောင်းရှေ့ရှိ မိုင်ဒါကွင်းအနီးသို့ရောက်သည်နှင့် လမ်းမီးများပျက်နေသည်ကိုသတိထားမိလိုက်သဖြင့် တောင်းထဲမှ သားလှီးဓါးကို ထုတ်ယူလိုက်ပြီး လက်ထဲတွင် အသင့်ဆောင်ထားလိုက်လေသည် ။ လူပြတ်သောနေရာဖြစ်သောကြောင့် အမှတ်မထင်လုယက်ပါက ရှိသမျှငွေကြေးလေးတွေ ပါသွားမှာကိုတော့ ကိုသာဒင်စိုးရိမ်မိပါသည် ။
အမှတ်မထင်ရှေ့တူရှူမှလာနေသော လူတစ်ယောက်ကို မြင်လိုက်သဖြင့် လျှောက်လက်စခြေလှမ်းကို အရှိန်လျှော့လိုက်ပြီး သတိထားကြည့်နေမိလိုက်သည် ။ ခပ်လှမ်းလှမ်းမှ လာနေသော အရာမှာ အမှောင်ကိုအားပြုပြီး လာနေသဖြင့် ကွဲကွဲပြားပြားမမြင်ရသော်လည်း လူတစ်ယောက်ဖြစ်မယ်မှန်း ကိုသာဒင် ခန့်မှန်းမိလေသည် ။ တပ်မတော် ဆေးသိုလှောင်ရေးတပ်ကလည်းရှိနေသည့်အတွက် ညရေးညတာ ကိစ္စတစ်ခုခုဖြင့် သွားလာသူဖြစ်နိုင်သော်လည်း သတိဆိုသည်မှာ ပိုသည်မရှိဆိုသည့် စကားအတိုင်း ဂရုစိုက်ပြီး ခြေလှမ်းမှန်ဖြင့် လှမ်းလာခဲ့သည် ။
ထိုစဉ် ကိုသာဒင်ဘက်သို့ ခပ်လှမ်းလှမ်းမှ လာနေသော သူမှာ မြို့မကျောင်းရှေ့အရောက်တွင် အမှောင်ထဲ၌ ပျောက်ကွယ်သွားလေသည် ။ ကိုသာဒင်လည်း သတိကို ကိုယ်နှင့်မကွာစေပဲ စိတ်ကိုတည်ငြိမ်စွာထားကာ မိုင်ဒါကွင်းဘက် ပလက်ဖောင်းသို့ ကူးပြီး လျှောက်လာခဲ့သည် ။
ထိုစဉ် ၊ ဆိုင်းထမ်းကို အနောက်မှ ရုတ်တရက် ဆောင့်ဆွဲလိုက်သလိုဖြစ်သွားသောကြောင့် ကိုသာဒင်မှာ ယိုင်လဲမတတ်ဖြစ်သွားလေတော့သည် ။
” ဟ….ဟ… ဘယ်ကောင်လဲကွ ”
ဆိုင်းထမ်းကို ချက်ချင်းချပြီး လက်ထဲတွင်ဝှက်ကိုင်ထားသော သားလှီးဓါးဖြင့် ဝှေ့ယမ်းကာ နောက်သို့လှည့်ပြီး ရန်သူကိုရင်ဆိုင်လိုက်လေသည် ။
” ငါ့ကို ဘယ်ကောင်လုပ်တာလဲကွ ၊ စိမ်လာမခေါ်နဲ့ ၊ ခွေးမသား ၊ သာဒင်ကို ဘာထင်နေလဲ ”
ပါတ်ဝန်းကျင်ကို ဂရုတစိုက်လှည့်ပတ်ကြည့်သော်လည်း မည်သည့်အရိပ်အယောင်ကိုမျှပင် မတွေ့ရပေ ။ စိတ်ထဲ စနိုးစနှောင့်ဖြစ်သွားသဖြင့် သားလှီးဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ စူးစူးစိုက်စိုက်ဖြင့် သေသေချာချာရှာဖွေကြည့်နေမိသည် ။ မိုးစဲသွားပြီဖြစ်သောကြောင့် အဝေးမှ မီးတိုင်များ၏
အလင်းရောင်ဖြင့် ပတ်ဝန်းကျင်ကို သဲသဲကွဲကွဲ မြင်နေရလေပြီ ။
ထိုစဉ်မှာပင် တောင်းပေါ်အုပ်ကာထားသော ပလပ်စတစ်မှာ အလိုလိုပွင့်သွားပြီး လက်မည်းကြီးတစ်ခုက အထဲမှ လက်ကျန်ဝက်သားတုတ်ထိုးများကို နှိူက်နေသည်ကိုမြင်လိုက်သဖြင့် နောက်သို့ခုန်ဆုတ်လိုက်မိလေတော့သည် ။ ခန္တာကိုယ်မမြင်ရပဲ လက်မည်းကြီးက စိတ်တိုင်းကျ နှိုက်ယူနေသည်ကို ကိုသာဒင် လက်ပိုက်ကြည့်မနေနိုင်တော့ပဲ လက်ထဲတွင် ကိုင်ထားသော သားလှီးဓါးဖြင့် အားကုန်ပြေးခုတ်ချလိုက်လေတော့သည် ။
” ဘုံး—–”
” ချလွမ်း.— ”
” ဂွမ်း— ”
ကိုသာဒင် ဓါးဖြင့်ခုတ်လိုက်သောလက်မည်းကြီးမှာ ချက်ချင်းပျောက်ကွယ်သွားသဖြင့် လက်မည်းကြီးကို ခုတ်မိသည် မခုတ်မိသည်ကို အသေအချာမသိသော်လည်း တောင်းပေါ်မှ ဝက်သားတုတ်ထိုးထည့်သည့် လင်ဗန်းကို ခုတ်မိသဖြင့် လင်ဗန်းမှာ ခုန်ထွက်သွားပြီး လက်ကျန် ဝက်သားတုတ်ထိုးများ မြေပေါ်ပြန့်ကျဲသွားလေတော့သည် ။
” ခွေးမသား… သာဒင်ကိုဘာထင်လို့လဲကွ ”
ကိုသာဒင်မှာ အကြောက်အလန့်မရှိသူဖြစ်သော်လည်း ယခုကဲ့သို့ မျက်မြင်ကြုံတွေ့လိုက်ရသဖြင့် အနည်းငယ်တော့ ထိတ်လန့်မိသည် ။ ခဏအကြာတွင် မိုင်ဒါကွင်းဘက်မှသာမက နေရာအသီးသီးမှ အလျှိုလျှိုထွက်လာကြေ
သာ အရိပ်မည်းမည်းများကို မြင်လိုက်ရလေတော့သည် ။ ကိုသာဒင် ရှိရာသို့ လာနေကြသော ပုံသဏ္ဍာန်မျိုးစုံ အရိပ်များကိုကြည့်ပြီး ထွက်ပြေးရကောင်းနိုး ခုခံရကောင်းနိုးဖြင့်စဉ်းစားရင်း အကူအညီရလိုရငြား ပါတ်ဝန်းကျင်ကို ရှာဖွေနေမိလေသည် ။ လူနေအိမ်ခြေနည်းပါးသည့်နေရာဖြစ်သည့်အပြင် အချိန်ကလည်းလင့်နေပြီမို့ လွင့်ကျသွားသည့် ဗန်းကိုအမြန်ကောက်ကာ ဆိုင်းထမ်းကိုထမ်းပြီး ပြေးရန်ဟန်ပြင်လိုက်လေတော့သည် ။
ထိုစဉ်–။
” ဟေ့ကောင်တွေ—၊ ထွက်သွားကြစမ်း ”
ရုတ်တရက် ကြားလိုက်ရသော အသံကြောင့် မြေပြင်ပေါ်မှ ဝက်သားတုတ်ထိုးများကို အလုအယက်စားသောက်နေကြသော မည်းမည်းသဏ္ဍန်ကြီးများမှာ အထိတ်တလန့်ဖြင့် ပြေးလွှားကာ ပျောက်ကွယ်သွားကြလေသည် ။
အသံလာရာကို ကြည့်လိုက်သော်လည်း ဘာမှမတွေ့ရသဖြင့် ကိုသာဒင် ကျောချမ်းစပြုလာလေပြီ ။
” ဟေ့လူ—.ဘာမှမကြောက်နဲ့ ”
အနောက်မှ ရုတ်တရက် ကြားလိုက်ရသော အသံကြောင့် ကိုသာဒင် ထခုန်မိမတတ် လန့်ဖြန့်သွားလေတော့သည် ။
” မကြောက်ပါနဲ့ဗျ ”
အသက်ငါးဆယ်နီးပါးရှိမည့် ဥပတိရုပ်ကောင်းကောင်းဖြင့် လူတစ်ယောက်ကိုတွေ့လိုက်ရတော့မှ ကိုသာဒင် သက်ပျင်းချနိုင်တော့လေသည် ။
” ကျေးဇူးတင်ပါတယ်နောင်ကြီး ”
” ခင်ဗျားက သရဲတစ္ဆေကြောက်တတ်လို့လား ”
ထိုသူက ကိုသာဒင်၏မျက်နှာကို စေ့စေ့ကြည့်ပြီး မေးလိုက်သည် ။
” ကြောက်တော့ မကြောက်တတ်ပါဘူးဗျာ ၊ အခုလိုမြင်လိုက်ရတော့ နည်းနည်းတော့ကြောက်တာပေါ့ ”
” သူတို့က ခင်ဗျားကို ရန်မမူပါဘူး ၊ ခင်ဗျားရဲ့ တောင်းထဲကဟာတွေ စားချင်လို့ လုတာဗျ ၊ သူတို့လည်း ကျွေးမယ့်သူမရှိတော့ ငတ်နေတာပေါ့ဗျာ ။ ငတ်လာတော့လည်း လုစားတော့တာပေါ့ ”
” သူတို့က ဘာကောင်တွေလဲ နောင်ကြီး ”
” ခင်ဗျား တကယ်မကြောက်တတ်ဘူးနော် ၊ သေချာရဲ့လား ”
” ကျွန်တော်ပြောပြီးပြီလေ ၊ မမြင်ဖူးတုန်းကတော့ မကြောက်ဘူး ၊ မြင်ဖူးရင်တော့ကြောက်တယ်လို့ ကျွန်တော်ပြောခဲ့သားပဲ ”
” အင်း ၊ မကြောက်ရင်တော့ ပြောရတာပေါ့ဗျာ ၊ ခင်ဗျားမြင်လိုက်တဲ့ အရာတွေအားလုံးက နာနာဘဝတွေချည်းပဲ ”
” ဗျာ— ”
” ကျွန်တော်ပြောမယ် ၊ နောက်တစ်ခါ ဒီလမ်းကို အသားတွေသယ်လာမယ်ဆိုရင် ဆားထုပ်လေးတော့ဆောင်လာခဲ့ဗျ ”
” ဆားထုပ်တော့ မပါဘူး ၊ ဆားဗူးတော့ရှိတယ်ဗျ ”
” အဲဒါဆိုရင် အသားတွေကို ဆားနဲ့အုပ်လာခဲ့ပေါ့ဗျာ ”
” ဟာ….နောင်ကြီးရာ…၊ ဆားနဲ့အုပ်မှတော့ ငန်ကုန်ပြီး စားလို့ဘယ်ရပါတော့မလဲဗျာ ”
” ဒါဆိုလဲ မကုန်ရင် သွန်လာခဲ့ ၊ မသွန်ချင်လို့ ပိုရင်လဲ ဟောဒီနေရာ ရောက်ရင် ချသာကျွေးလိုက်ပေါ့ဗျာ ”
” ဗျာ……၊ မလုပ်ပါနဲ့ဗျာ ။ အခုတောင် အလုအယက်ဖြစ်နေကြတာ ၊ ချသာကျွေးလိုက်ရင် ကျွန်တော့့်ကိုပါ စားသွားလိမ့်မယ် ”
” ဒီကောင်တွေ အဲဒီလောက် မလုပ်ရဲပါဘူးဗျာ ”
” ဒါနဲ့ ၊ နောင်ကြီးက ဘယ်မှာနေတာလဲ ”
” ကျွန်တော်က ဒီနားလေးကပါပဲ ”
” အော်…. ”
” ခင်ဗျားလဲပြန်တော့ ။ မကြာခင်မိုးသည်းလာလိမ့်မယ် ။ မီးမပျက်ခင် မြန်မြန်ပြန်တော့ ဟေ့လူ ”
” ကျွန်တော့်နာမည် သာဒင်ပါနောင်ကြီး ။ နောင်ကြီးနာမည်ကရော ”
” ဟုတ်လား ၊ ကျွန်တော့်နာမည်ကိုတော့ မသိချင်ပါနဲ့ဗျာ ။ ခင်ဗျားခေါ်သလို နောင်ကြီးလို့ပဲ မှတ်ထားလိုက်ပါ ။ ခင်ဗျားကြောက်နေရင် ပြည်ထောင်စုရိပ်သာနားအထိ လိုက်ပို့ပေးပါ့မယ် ”
” အဆင်ပြေတာပေါ့ နောင်ကြီးရယ် ။ ကျွန်တော်က ရေနံချောင်းသားပါ ။ မိဘတွေမရှိတော့လို့ ညီလေးတို့မိသားစုနဲ့အတူလာနေပြီး ဝက်သားတုတ်ထိုးရောင်းရင်း သူတို့မိသားစုအတွက်ရော ကိုယ့်အတွက်ရော ဝမ်းစာရှာရတာပါ ”
” ကျွန်တော်က ဦးဝိစာရလမ်းဘက်မှာနေတာဗျ ၊ ဟိုကောင်တွေ ဒီဘက်ကိုပြေးသွားတာတွေ့လို့ လိုက်လာတာ ။ ထင်တဲ့အတိုင်းပဲ ၊ ခင်ဗျားကို ဒုက္ခလာပေးတာကိုး ”
” နောင်ကြီးကြိုက်ရင် နောက်နေ့ကျ ဖယ်လာပေးပါ့မယ် ”
” ဒုက္ခမရှာပါနဲ့ ကိုသာဒင် ”
” ရပါတယ် နောင်ကြီး ၊ နောင်ကြီးက ကျွန်တော့်ကို ကူညီပေးခဲ့တဲ့ မိတ်ဆွေပဲဗျာ ။ အပန်းမကြီးသလို အဲဒီတစ်ထုပ်လောက်နဲ့ မွဲမသွားပါဘူး ။
” ကဲ…ခင်ဗျား ကျွန်တော့်ရှေ့ကသွား ကိုသာဒင် ၊ ခင်ဗျားနောက်က လိုက်ခဲ့မယ် ”
” ဟုတ်ကဲ့နောင်ကြီး ”
ပြည်ထောင်စုရိပ်သာအနီးသို့အရောက်တွင် မိုးကရုတ်တရက်ဆိုသလို သည်းသည်းမဲမဲရွာချလိုက်သဖြင့် သိပ်မကြာခင်မှာပင် လမ်းမီးများ ပိတ်ပြီး မှောင်အတိကျသွားလေတော့သည် ။
” မကြောက်နဲ့ ကိုသာဒင်ရေ ၊ ရှေ့တည့်တည့်သာဆက်သွားပေတော့ ”
အလုံလမ်းထိပ်ရောက်၍ နောက်သို့ပြန်လှည့်ကြည့်လိုက်ပေမယ့် မည်သူတစ်ဦးတစ်ယောက်ကိုမှမတွေ့ရတော့ပေ ။

+++++++++++

မိုးကင်းလေကင်းသောနေ့ဖြစ်သဖြင့် ဈေးရောင်းကောင်းလွန်းသည်မို့ ဗန်းထဲတွင် တက်တက်စင်ပြောင်သည်အထိကုန်ခဲ့လေသည် ။ ရောင်းလို့မကုန်ခင် အချိန်မှီလေး သတိရလိုက်မိသဖြင့် နောင်ကြီးဆိုသူအတွက် မဖြစ်မနေဖယ်ထားလိုက်ရလေသည် ။
ယနေ့တော့ မိုးမရွာသဖြင့် သွားရေးလာရေးအတော်အဆင်ပြေလေသည် ။ ညဆယ်နာရီထိုးပြီးဖြစ်သော်လည်း လူသွားလူလာ သိပ်မပြတ်သဖြင့် စိတ်လက်ပေါ့ပေါ့ပါးပါးရှိနေမိသည် ။ အခြားနေရာလူမပြတ်သော်လည်း မိုင်ဒါကွင်းနှင့် မြို့မကျောင်းအရှေ့ကတော့ ထုံးစံအတိုင်းလူပြတ်တတ်ပါသည် ။ ထိုနေရာရောက်သည်နှင့် နောင်ကြီးဆိုသည့်လူကိုရှာဖွေမိသော်လည်း အရိပ်အယောင်ပင်မတွေ့ရသောကြောင့် ဆက်လျှောက်လာမိလေသည် ။
” ကိုသာဒင်— ”
” အောင်မလေးဗျ— ”
” ဘယ်လိုဖြစ်ရတာလဲ ”
” ရုတ်တရက်ဆိုတော့ လန့်သွားလို့ပါ နောင်ကြီးရာ ။ ဒီနားရောက်တော့ နောင်ကြီးကို တွေ့လိုတွေ့ငြားရှာကြည့်သေးတယ် ။ မတွေ့တာနဲ့ ဆက်လျှောက်လာတာ ၊ နောင်ကြီးက ဘာမပြောညာမပြောနဲ့ လှမ်းခေါ်လိုက်တော့လန့်သွားတာပေါ့ဗျာ ”
” ခင်ဗျားလာနေတာကို ကျွန်တော်သိပါတယ် ။ တမင် စချင်လို့ အနားရောက်မှကပ်ပြီးခေါ်လိုက်တာ…ဟား…ဟား… ”
” တော်သေးတာပေါ့ဗျာ…၊ လိပ်ပြာတောင်လွင့်မသွားတာကံကောင်း ”
” ဒီလောက်လဲ မကြောက်စမ်းပါနဲ့ဗျာ ၊ ကျွန်တော့်ရဲ့ရုပ်က ကြောက်စရာကောင်းနေလို့လား ကိုသာဒင် ”
” မဟုတ်ပါဘူး နောင်ကြီး ၊ ရုတ်တရက်မို့လို့ပါ ”
” ဒီနေ့ရောင်းကောင်းလာတယ်ပေါ့ ၊ ဟုတ်လား ”
” ဟာ…..၊ နောင်ကြီးက ဘယ်လိုလုပ်သိလဲဗျ ”
” ခင်ဗျားရဲ့ ဗန်းထဲမှာ ဘာမှမရှိတော့ဘူးလေ ”
အမိုး အကာဖြင့် သေသေချာချာ အုပ်ထားသော တောင်းပေါ်မှ ဝက်သားတုတ်ထိုးထည့်သည့်ဗန်းကို နောင်ကြီးဆိုသူက မည်သို့မြင်နိုင်သည်ကို ကိုသာဒင်စဉ်းစား၍မရနိုင်ပေ ။
” ခင်ဗျားဘာတွေတွေးနေတယ်ဆိုတာ ကျွန်တော်သိပါတယ် ။ ဒီနေ့ဈေးရောင်းကောင်းလာတော့ ပျော်နေတဲ့ ခင်ဗျားရဲ့မျက်နှာကိုကြည့်ပြီး ခန့်မှန်းလိုက်တာပါဗျာ ”
” အော်…..၊ မသိပါဘူးဗျာ ။ အဲ…၊ ရော့ရော့…၊ နောင်ကြီးအတွက် ဖယ်လာခဲ့တာ ။ နောင်ကြီးရောစားပြီးပြီလား ”
” ကျွန်တော်မစားရသေးဘူးဗျ ”
” နောင်ကြီးက နေ့တိုင်းဒီနေရာမှာရှိနေတာလား ”
” ကိုသာဒင် သိချင်ရင် ပြောပြရမှာပေါ့…၊ အခုတော့မဟုတ်ဘူး ၊ နောက်တော့မှပြောပြမယ်ဗျာ…။ ဒါနဲ့…တစ်ခုတော့ပြောချင်တယ် ကိုသာဒင် ”
” ဟုတ်ကဲ့…ပြောပါနောင်ကြီး ”
” အခု ခင်ဗျားပေးတဲ့ အထုပ်ကို ဟိုကောင်တွေအတွက်သာချပေးခဲ့လိုက်ပါ ”
” ဗျာ ….၊ နောင်ကြီးကရော ”
” အဲဒါပြောမလို့ ၊ ကျွန်တော်က အကူအညီတောင်းတာပါ ကိုသာဒင် ”
” ဟုတ်ကဲ့ နောင်ကြီး ၊ ပြောပါဗျ ၊ ဘာများအကူအညီပေးရမလဲ ”
” ကျွန်တော်ပြောရင် ခင်ဗျား အတော်လန့်သွားမလား ”
” လန့်စရာဘာရှိလို့လဲ နောင်ကြီးရာ ”
” ဒါဆိုရင်တော့ပြောမယ်ဗျာ ၊ လာဗျာ…။ ပလက်ဖောင်းပေါ်ခဏထိုင်ရင်း စကားပြောရအောင် ၊ သိပ်မကြာပါဘူး ၊ ဟိုနားက မှောင်ရိပ်နည်းနည်းကျတယ်ဗျ…။ အဲဒီကိုသွားကြစို့ ”
မည်မျှပင် ကူညီပေးခဲ့သည်ဆိုစေ ၊ လက်လျှိုသတ်ပြီး လုယက်မည်ကို စိုးရိမ်မိပြီး တောင်းထဲက သားလှီးဓါးကို လှမ်းယူရန်ဟန်ပြင်လိုက်သည် ။
” ကိုသာဒင်က ကျွန်တော့်ကိုမယုံဘူးပဲကိုး…။ ခင်ဗျားကို ကျွန်တော်ဘာမှ မလုပ်ပါဘူးဗျာ ။ ခင်ဗျားဆီက ပိုက်ဆံတွေကိုလဲ ကျွန်တော်ဘာမှသုံးစားလို့မရပါဘူး ။ ဓါးလဲထုတ်မနေပါနဲ့ ၊ အဲဒီဓါးနဲ့ထိုးလို့လဲ ကျွန်တော်မသေနိုင်ပါဘူး ကိုသာဒင် ”
” ဗျာ— ”
နောင်ကြီးဆိုသူ၏ စကားကြောင့် ကိုသာဒင်တစ်ယောက် မျက်လုံးပြူးသွားရလေတော့သည် ။
” လာပါဗျာ…ကျွန်တော်လဲ စကားပြောဖေါ်ရှာနေတာ…၊ ခဏတဖြုတ်လောက်ပါ ”
” ဟုတ်ကဲ့…ရပါတယ် ”
မရလို့လဲမဖြစ်တော့ပေ ။ ဓါတ်တိုင်မီးရောင်အောက်တွင် လမ်းပေါ်သို့ကျနေသော ကိုသာဒင်၏အရိပ်မှလွဲပြီး နောင်ကြီးဆိုသူ၏ အရိပ်ကို လုံးဝမမြင်ရခြင်းက ကိုသာဒင်အတွက် ထွေထွေထူးထူး စဉ်းစားစရာ မလိုတော့ပါပေ ။ စတင်တွေ့ဆုံကာစကိုပြန်စဉ်းစားမိသည့်အခါမှာလည်း မိုးရေမစိုသည့် နောင်ကြီးဆိုသူကို ယခုမှသတိထားလိုက်မိသဖြင့် ကိုသာဒင်တစ်ယောက် မသိမသာတံတွေးမျိူချလိုက်မိလေတော့သည် ။ လမ်းမီးတိုင်နှင့်ခပ်လှမ်းလှမ်းရှိ အမှောင်ရိပ်ကျသော နေရာသို့ရောက်သည်နှင့် ကိုသာဒင်က လွယ်အိတ်ထဲမှာဆေးပေါ့လိပ် နှင့် မီးခြစ်ကိုထုတ်ကာ မီးညှိဖွာရှိူက်လိုက်သည် ။
” ထိုင်ပါဗျ – ကိုသာဒင် ”
” မထိုင်တော့ပါဘူး နောင်ကြီး ”
” ခင်ဗျားကိုကြည့်ရတာ စိတ်လှူပ်ရှားနေတယ်နဲ့တူတယ် ”
” ဆိုပါတော့ နောင်ကြီးရာ ”
” ဒီလိုဗျာ ကိုသာဒင်ရေ ၊ ကျွန်တော့်ကိုခင်လို့ ကျွေးချင်ရင် နွားနို့ပဲ ယူလာပေးစေချင်တယ် ၊ ကျွန်တော် အသားမစားဘူးဗျ ၊ ကျွန်တော်က ခင်ဗျားထင်သလို လူသားလည်း မဟုတ်ဘူး ”
” ဗျာ—–”
ကြားလိုက်ရသည့်စကားကြောင့် ကိုသာဒင်၏ နားထင်မွေးများ ထောင်ထသွားလေတော့သည် ။
” နောင်…..နောင်ကြီး…..က ”
” ဟုတ်ပါတယ် ကိုသာဒင် ။ ကျွန်တော့်ကို ခင်ဗျား ကြောက်သွားပြီမဟုတ်လား ”
” မနောက်ပါနဲ့ နောင်ကြီး ”
” မနောက်ပါဘူး ကိုသာဒင် ”
” ထင်တော့မထားဘူးဗျာ ၊ နောင်ကြီးကိုကြည့်ရတာ ကျွန်တော်တို့လိုလူအတိုင်းပါပဲ ။ ဟိုဟာတွေလို မဟုတ်ဘူးလေ ”
” ဒါက လားရာမတူလို့ပါ ကိုသာဒင် ။ ကျွန်တော် အတိုချုံ့ပြောပြပါ့မယ် ၊ မကြောက်ပါနဲ့ ”
” ဟုတ်ကဲ့နောင်ကြီး ”
” ကျွန်တော်က ရန်ကုန်ဇာတိမဟုတ်ဘူး ကိုသာဒင် ။ မန္တလေးသားပါ ။ ရန်ကုန်က ဆွေမျိုးတွေဆီကို ကျွန်တော်တို့ လင်မယားလည်ကြတာပေါ့ဗျာ ။ ကျွန်တော်က မွေးကတည်းက သက်သတ်လွတ်စားတဲ့သူပါ ။ နေ့တိုင်းလဲ ဘုရားဝတ်တက်မပျက်ပါဘူး ။ ရန်ကုန်ရောက်တဲ့အချိန်မှာ ကျွန်တော်တို့လင်မယားနှစ်ယောက်စလုံး နေ့တိုင်းလိုလို ရွှေတိဂုံဘုရားပေါ်တက်ပြီး တရားထိုင်ကြ ၊ ပုတီးစိပ်ကြပြီး ဘုရားပိတ်မှပဲပြန်ကြပါတယ် ။ ကျွန်တော့်မိန်းမရဲ့ ဆွေမျိုးတွေက ဟယ်လ်ပင်လမ်းမှာနေကြတော့ ဘုရားကဆင်းတာနဲ့ လမ်းလျှောက်ပြန်ကြတယ် ကိုသာဒင် ၊ နည်းနည်းလှမ်းပေမယ့် စကားတပြောပြောနဲ့ဆိုတော့ရောက်သွားတာပါပဲ ။ ကျန်းမာရေးလည်း ကောင်းတာပေါ့ဗျာ ”
” ဟုတ်ကဲ့ နောင်ကြီး ”
” လွန်ခဲ့တဲ့ ငါးနှစ်လောက်က တစ်ရက်ပေါ့ဗျာ ၊ အခုလိုနယုန်လမှာပေါ့ ၊ ကျွန်တော်တို့ လင်မယားနှစ်ယောက် ဘုရားပေါ်ကဆင်းလာတော့ မိုးတွေရွာနေတာနဲ့ ဖဲထီးတစ်ချောင်းကို နှစ်ယောက်ဆောင်းလာခဲ့တာပေါ့ဗျာ ။ ဘုရားအနောက်ဘက်မုဒ်ကဆင်းပြီး ဦးဝိစာရလမ်းကိုဖြတ်ကူးနေတဲ့အချိန်မှာပဲ ဦးထောင်ဘိုဘက်က ပါတ်ကွေ့လာတဲ့ ကားတစ်စီးက ကျွန်တော်တို့ဆီ အရှိန်ပြင်းပြင်းနဲ့ လာနေတာကို ဘွားကနဲမြင်လိုက်ရတယ် ”
” ဟာ—”
” ဟုတ်တယ် ၊ ကိုသာဒင် ၊ မိုးကလည်းရွာ ၊ ထီးကလဲဆောင်းထားတော့ ကားသမားလဲ ရုတ်တရက် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူးဖြစ်ပုံရပါတယ် ။ ကျွန်တော့်နားထဲမှာ ကားဘရိတ်အုပ်သံနဲ့ ကားပေါ်ကလူတွေ အော်သံကြားလိုက်ရတယ် ။ အော်သံတွေထဲမှာ ကလေးတွေရဲ့အသံလိုလိုကြားမိတော့ ကျွန်တော်တို့ကို ရှောင်လိုက်ရင် ကားပေါ်ကလူတွေ အကုန်သေကုန်ကြမှာပေါ့ ကိုသာဒင် ”
” ဟုတ်တာပေါ့ နောင်ကြီး ”
” ဒါနဲ့ ကျွန်တော်လည်း ဖြစ်ချင်ရာဖြစ်ဆိုပြီး မိန်းမကိုဖက်ပြီးရပ်နေလိုက်တာ တစ်ကိုယ်လုံးပူကနဲဖြစ်ပြီး မြောက်တက်သွားသလိုခံစားလိုက်ရတယ် ။ နောက်တော့ ကျွန်တော်လည်း ဘာမှမသိတော့ဘူးပေါ့ဗျာ ။ သတိရလာတဲ့အခါကျမှ ကျွန်တော့်ရဲ့ ခန္တာကိုယ်ကို မြင်လိုက်ရတယ် ကိုသာဒင် ”
” ဗျာ—–”
” အမှန်ပါပဲ ကိုသာဒင် ။ လမ်းလည်ကျွန်းပေါ်မှာ ကွေးကွေးလေးဖြစ်နေတဲ့ ကျွန်တော့်ရဲ့ ကိုယ်ခန္တာက မိုးရေတွေထဲမှာ သွေးတွေ ဒလဟောကျနေတယ် ။ ခြေထောက်တွေလိမ်ကျိုးနေပြီး မေးရိုးပါပြုတ်ထွက်နေတယ် ”
” ဟာ….ကျွတ်…. ကျွတ်… ကျွတ်….နောင်ကြီးရဲ့အမျိုးသမီးကရော ”
” ကျွန်တော်လည်း မိန်းမကို လိုက်ရှာတာပေါ့ဗျာ ။ ခပ်လှမ်းလှမ်းမှာ ကွေးကွေးလေးဖြစ်နေတဲ့ ကျွန်တော့့်မိန်းမကိုမြင်တော့မှ ကျွန်တော်အတော်ခံစားလိုက်ရတယ် ကိုသာဒင် ”
” ဘယ်လိုဖြစ်လို့လဲ နောင်ကြီးရာ ”
” ဘယ်လိုဖြစ်ရမလဲဗျာ….၊ ဗိုက်ပွင့်ပြီး အူတွေအပြုံလိုက်ထွက်နေတာလေ ၊ မရှူမလှနဲ့သေခဲ့ရတာ ။ အဲဒီအချိန်မှာ ကျွန်တော့်ရဲ့ ကိုယ်ခန္တာက လေပေါ်မှာ ဝါဂွမ်းတစ်ခုလို ပေါ့ပါးနေတယ် ။ ကျွန်တော်တို့ကို တိုက်သွားတဲ့ကားနောက်ကို အမှီလိုက်တော့ မြေနီကုန်းမီးပွိုင့်မှာ တွေ့ပါတယ် ။ ကားအမျိုအစားက ရုရှားထုတ် မော်စကိုဗစ်ရှ် ( မော့စ်ဗစ်ရှ် )အစိမ်းနုရောင်လေးပါ ။ ကားနောက်ခန်းထဲမှာ အသက်ရှစ်နှစ်နဲ့ ဆယ်နှစ်အရွယ်လောက် ကလေးနှစ်ယောက်ပါလာတယ်ကိုသာဒင် ။ ကားမောင်းတဲ့သူက ကျွန်တော်နဲ့ သက်တူရွယ်တူလောက်ပဲရှိမယ်ထင်ပါတယ် ။ သူ့မိန်းမကတော့ ဘေးခုံမှာထိုင်နေတယ်ဗျ ။ အားလုံးက ထိတ်လန့်နေကြတယ် ။ ကားမောင်းတဲ့သူလဲ အတော်ထိတ်လန့်နေပြီး မီးနီကိုဖြတ်မောင်းလို့ တိုက်တော့မလိုဖြစ်သွားတယ် ကိုသာဒင် ။ ကံကောင်းလို့မသေကြတာပါ ”
” ဟာဗျာ….သေသွားအေးရော ၊ သူများကျတော့တိုက်ပြေးပြီး တာဝန်မယူချင်တဲ့သူတွေ ”
” မဟုတ်သေးဘူးကိုသာဒင် ၊ ကျွန်တော်တို့မှာ အဲဒီနေ့ ၊ အဲဒီအချိန်မှာ သေကိုသေရမယ့် ကံပါလာပြီးသားပါ ”
” ထားပါတော့ နောင်ကြီးရာ…၊ ကျွန်တော်လဲ အကုသိုလ်များပါတယ် ၊ နောင်ကြီးရဲ့ မိန်းမကရော… သူ့ကိုပြန်တွေ့သေးလား ”
” တွေ့ပါတယ် ကိုသာဒင် ။ သူက ကျွန်တော့်ကိုမမှတ်မိပေမယ့် ၊ သူ့ကိုကျွန်တော်မှတ်မိပါတယ် ”
” ဗျာ….. ဘယ်လို….သူကနောင်ကြီးကို မမှတ်မိဘူးလား ”
” ကျွန်တော်ပြောသားပဲ ကိုသာဒင် ၊ သေတာချင်းတူကြပေမယ့် လားရာမတူဘူးလေ ”
” ဘယ်လိုလဲဗျာ…၊ နားမလည်တော့ဘူး ”
” နားလည်အောင်ပြောပြပါ့မယ် ။ အဲဒီနေ့က သေတော့မယ်ဆိုတာသိလိုက်တဲ့ အချိန်မှာ ကျွန်တော့်စိတ်ထဲ ဘာမှကိုမရှိတော့ဘူး ။ တစ်ခုပဲသတိကပ်ပြီး ဘုရားကိုအာရုံပြုလိုက်တယ် ။ ကျွန်တော့် မိန်းမကတော့ ငယ်သံပါအောင်အော်ပြီး ကျွန်တော့်လက်ထဲက ရုန်းထွက်သွားတာ နောက်ဆုံးသိလိုက်ရတာပါပဲ ”
” ဖြစ်ရလေ နောင်ကြီးရယ်…၊ ဒါဆို နောင်ကြီးက သရဲဖြစ်နေတာလား ၊ တစ္ဆေဖြစ်နေတာလား ။ နောင်ကြီးရဲ့ မိန်းမကရော ”
” ကျွန်တော်က နာနာဘာဝမဟုတ်ပါဘူး ကိုသာဒင် ။ ကိုသာဒင်နားလည်အောင်ပြောပြရရင် ဘဝကူးပြောင်းနိုင်တဲ့ အဆင့်ပေါ့ဗျာ ။ တရားနာကြားလို့ရပါတယ် ။ အမျှအတန်းကိုလဲ သာဓုခေါ်ဆိုနိုင်ပါတယ် ကိုသာဒင် ။ ကျွန်တော့်မိန်းမကတော့ မနေ့က ခင်ဗျားဆီကနေ အတင်းနှိူက်စားခဲ့တဲ့ သူပေါ့ဗျာ ”
” ဗျာ….နောင်ကြီး ၊ ဟုတ်ပါ့မလား ”
” ကိုသာဒင့်ကို ညာပြောလို့ ကျွန်တော့်အတွက် ဘာများအကျိုးထူးမှာမို့လို့လဲဗျာ ”
” ဒါလဲဟုတ်ပါတယ် ၊ နောင်ကြီးရဲ့ မိန်းမက အဲဒီဘဝကနေ ကူးပြောင်းလို့မဖြစ်နိုင်တော့ဘူးလားဗျာ ၊ သနားပါတယ် ”
” သူကတော့ မဖြစ်နိုင်တော့ပါဘူး ကိုသာဒင် ။ တရားလဲမနာကြားနိုင်သလို အမျှအတန်းဝေရင်လဲ သာဓုမခေါ်ဆိုနိုင်တော့ပါဘူး ၊ သူ့ဘဝနဲ့သူ ပျော်နေပါပြီ ”
” ဖြစ်ရလေဗျာ……၊ နွားနို့နဲ့ က ဘာလုပ်ဖို့လဲ နောင်ကြီး ”
” ပြောပြပါ့မယ် ကိုသာဒင် ။ ဦးဝိစာရလမ်းဘက်က မိုင်ဒါကွင်းဒေါင့်မှာသာ နွားနို့ထုတ်ကို ပစ်ချထားလိုက်ပါ ၊ ခင်ဗျားအနေနဲ့ တကူးတက လုပ်စရာမလိုပါဘူး ၊ နေ့တိုင်းလဲမလိုပါဘူး ကိုသာဒင် ၊ လပြည့် လကွယ်နေ့လောက်ပဲ လာပို့ရင်ရပါတယ် ။ လာမပို့ဖြစ်လဲ ကိစ္စမရှိပါဘူးဗျာ ၊ ခင်ဗျားစိတ်ထဲ မှာအနှောက်အယှက်ဖြစ်ပြီး စိုးရိမ်နေမှာစိုးလို့ပြောတာပါ ”
” ဟုတ်—ဟုတ်ကဲ့ ”

+++++++++++

နောက်ပိုင်းမှာတော့ ကိုသာဒင်တစ်ယောက် ရောင်းကောင်းသည်ဖြစ်စေ ၊ ရောင်းမကောင်းသည်ဖြစ်စေ သီးသန့်ဖယ်ထားသော ဝက်သားတုတ်ထိုးတစ်ထုပ်ကို မိုင်ဒါကွင်းနားသို့ရောက်တိုင်းအမြဲလိုလို ပစ်ချပေးတတ်လေသည် ။ နောင်ကြီးဆိုသူ မှာထားသည့်အတိုင်းလဲ လပြည့်လကွယ်နေ့တိုင်း မပျက်မကွက် ပြုလုပ်ခဲ့လေသည် ။
တစ်နှစ်ကြာပြီဖြစ်သော်လည်း စေတနာသုံးတန်ဖြင့် မပျက်ကွက်ခဲ့သော ဝတ္တရားက ကိုသာဒင်အတွက် အကျိုးပေးခဲ့လေသည် ။
ထိုနေ့က သီတင်းကျွတ်ပွဲတော်ရက်ဖြစ်သည့်အတွက် အတော်ရောင်းကောင်းပါသည် ။ ရောင်းကောင်းမည်မှန်းသိသဖြင့်လည်း ယခင်ကထက်ပိုပြီး အသားများများစားစား ယူသွားခဲ့ရပါသည် ။ ညဆယ်နာရီကျော်လောက်တွင်တော့ ထုံးစံအတိုင်းဖယ်ထားသော အထုပ်မှလွဲ၍ တက်တက်စင်ပြောင်သွားခဲ့ပါလေပြီ ။
” ကိုသာဒင်—– ၊ ဒီနေ့ တယ်ရောင်းကောင်းပါလားဗျ ၊ လူကိုစည်နေတာပဲ ၊ လက်တောင်မလည်ဘူးမဟုတ်လား… ”
ကွမ်းယာဆိုင်မှ ကိုဟူစိန်လှမ်းမေးလိုက်သည်ကို ပြုံးပြလိုက်ရင်း ပိုက်ဆံကိုရေတွက်ကြည့်နေမိလေသည် ။ ပိုက်ဆံအရွယ်အစားမျိုးစုံက လွယ်အိတ်ထဲတွင် ဖောင်းကားလောက်အောင် အပြည့်ရှိနေကြသည်ကို ကိုသာဒင် ပျော်ရွှင်နေမိလေသည် ။ ထိုသို့သာရောင်းကောင်းပါက တူတော်မောင်အတွက် ကိုရင်ဝတ်ပေးနိုင်တော့မည်ဟုတွေးရင်း ပီတိဖြစ်နေမိလေသည် ။
အိမ်အပြန်လမ်းက ပေါ့ပါးသွက်လက်နေသည် ။ သီတင်းကျွတ်လပြည့်ညဖြစ်သည့်အတွက် လရောင်က ထိန်ထိန်သာနေသလို လမ်းတစ်လျှောက်လုံး လူသွားလူလာများ ၊ ကားများဖြင့် စည်ကားနေလေသည် ။ မိုင်ဒါကွင်းနားအရောက်မှာတော့ ထုံးစံအတိုင်း လူပြတ်စပြုလာလေပြီ ။ ထိုစဉ်မှာပင် လူလေးယောက်က မိုင်ဒါကွင်းထဲမှဒယီးဒယိုင်ဖြင့် ထွက်လာသည်ကိုမြင်လိုက်သဖြင့် ထိပ်တိုက်မတိုးစေရန် လမ်းတစ်ဖက်သို့ကူးလာခဲ့လိုက်သည် ။ သို့သော်လည်း ထိုလူလေးယောက်မှာ ကိုသာဒင် လျှေက်လာသည့် မျက်နှာချင်းဆိုင်အနေအထားတွင် ရပ်ကာ လမ်းပိတ်ထားကြလေသည် ။
ကိုသာဒင်က အခြေအနေကို ရိပ်မိလိုက်သဖြင့် တောင်းထဲမှ သားလှီးဓါးကို ဆွဲထုတ်ရန်လက်လှမ်းလိုက်ချိန်တွင် ….
” ကိုသာဒင်— ၊ မလုပ်နဲ့…။ မိုင်ဒါကွင်းဘက်ကိုပြန်သွားပြီး ခင်ဗျားလုပ်နေကျအလုပ်ကိုသာလုပ်ပါ ”
အနားမှ ကပ်ပြောလိုက်သော ရင်နှီးနေသည့်အသံကိုကြားလိုက်ရသဖြင့် ဘေးဘီကိုလှည့်ပါတ်ရှာဖွေသော်လည်း နောင်ကြီးဆိုသူကို လုံးဝမတွေ့ရပေ ။ ကိုသာဒင်လည်း နောင်ကြီးဆိုသူပြောသည့်အတိုင်း မိုင်ဒါကွင်းဘက်သို့ဖြတ်ကူးကာ တောင်းထဲမှ ဝက်သားတုတ်ထိုးကို မိုင်ဒါကွင်းဘက်သို့ ပစ်ချပေးလိုက်လေသည် ။ မျက်နှာချင်းဆိုင်မှ လူလေးယောက်ကလည်း ကိုသာဒင်ရှိရာသို့ ရောက်လာပြီး ခါးကြားမှ ဓါးမြှောင်များကိုထုတ်ကာ ပါသမျှအကုန်ပေးရန် တောင်းနေလေပြီ ။ အရက်နံ့ထောင်းထောင်းထနေသော လူလေးယောက်ကို ရင်ဆိုင်ရန်ပြင်လိုက်စဉ်မှာပဲ လမ်းမီးတိုင်များက ရုတ်တရက်မှောင်ကျသွားလေတော့သည် ။ မဖြစ်တော့သည့်အဆုံး ရန်သူများကို ရင်ဆိုင်ရန်အတွက် တောင်းထဲမှ ဓါးကိုအမြန်ဆွဲထုတ်လိုက်လေတော့သည် ။
” သာဒင်ကိုဘာထင်နေလဲကွ…”
” သာ—–ဒင်—–ကို—-ဘာ—-ထင်—–နေ—–လဲ ”
ကိုသာဒင်၏ စကားဆုံးသည်နှင့် နောက်ကျောဆီမှ အသံနက်ကြီးများကို ကြားလိုက်ရသဖြင့် ကိုသာဒင်တစ်ယောက် နားထင်နားရင်းများပွင့်ထွက်တော့မတတ်ခံစားလိုက်ရပြီး ကျော်ချမ်းသွားမိသလို မျက်နှာချင်းဆိုင်မှ ဓါးမြှောင်ကိုင်ဆောင်ထားသော လူလေးယောက်မှာလဲ ထိတ်လန့်စရာကိုတွေ့လိုက်ရသည့်အလား မျက်လုံးများပြူးကာ လက်ထဲမှ ဓါးများပင် လွတ်ကျကုန်လေတော့သည် ။ ကိုသာဒင် နောက်သို့ လှည့်မကြည့်ရဲပါ ။ နောက်ကျောဘက်မှာ ပုံသဏ္ဍန်မျိုးစုံဖြင့် ရှိနေမည့်အရာများကို ကိုသာဒင် ကောင်းကောင်းသိနေပါသည် ။ ထိုစဉ်မှာပင် လမ်းမီးများ ရုတ်တရက်ပြန်လင်းလာလေပြီ ။
” ရှူး—–ဖြီး—–”
အသံကြားရာနေရာကိုကြည့်လိုက်မိတော့ ကိုသာဒင် ထခုန်မိမတတ်ဖြစ်သွားရလေပြီ ။ ကိုသာဒင်၏ ညာဘက်ဘေးတွင်ကပ်လျှက် ပါးပြင်းထောင်နေကာ မာန်ဖီနေသော လူကြီး ခြေသလုံးမျှရှိသည့် နက်ပြောင်နေသော မြွေဟောက်ကြီးတစ်ကောင်ကိုတွေ့လိုက်ရလေတော့သည် ။ မြွေဟောက်ကြီး၏ ယိမ်းခါနေသော ပါးပျဉ်းမှာ ကိုသာဒင်၏ ခါးတစ်ဝက်မျှရှိနေပြီး မျက်လုံးများက ရဲရဲတောက်နေလေသည် ။
” ရွှီး.—–ဖြီး—–”
” ပြေး……ပြေးကြ…… ဟေ့ကောင်တွေ…ပြေး…”
ခြေကုန်သုတ်ပြေးနေသော လူလေးယောက်၏ အနောက်မှ မဲမဲအရိပ်ကြီးများ လိုက်ပါသွားသည်ကို ကိုသာဒင် မြင်တွေ့နေရလေသည် ။ တစ်သက်နှင့်တစ်ကိုယ် မကြုံခဲ့ဘူးသော အဖြစ်အပျက်ကို ကိုယ်တွေ့ကြုံလိုက်ရသဖြင့်လည်း ကြက်သီးဖြန်းဖြန်းထမိနေလေသည် ။ ဘေးနားမှာရှိနေသည့် မြွေကြီးကို မကြည့်ရဲပဲ ဖြစ်ချင်ရာဖြစ်ဆိုသည့်သဘောဖြင့် မျက်လုံးကိုစုံမှိတ်ထားလိုက်လေတော့သည် ။
” ကိုသာဒင်…..”
” အောင်မလေးဗျ ”
” ဘာဖြစ်ရပြန်တာလဲဗျာ ”
ကိုသာဒင်တစ်ယောက် အထိတ်တလန့်ဖြင့် ထခုန်လိုက်သည်မှာ လမ်းပေါ်သို့ပင်ရောက်နေလေပြီ ။ ပလက်ဖောင်းပေါ်တွင် ရပ်နေသော နောင်ကြီးဆိုသူကို တစ်လှည့် ပလက်ဖောင်းပေါ်ကိုတစ်လှည့် မျက်လုံးပြူးမျက်ဆန်ပြူးဖြင့်ကြည့်နေသော ကိုသာဒင်ကို နောင်ကြီးဆိုသူက ရယ်ကြဲကြဲအမူအရာဖြင့်ကြည့်ပြီး …
” ဘာလဲ…. ဘာကိုရှာနေတာလဲ ကိုသာဒင် ”
” မြွေ….. မြွေကြီးလေ….၊ နည်းနည်းနောနောမှ မဟုတ်တာဗျာ ၊ ပါးပျဉ်းထောင်နေတာများ ကျွန်တော့်ရဲ့ခါးတစ်ဝက်လောက်ရှိတယ် ၊ ကိုယ်လုံးကလဲ ခြေသလုံးလောက်ကြီးဗျ နောင်ကြီးရ ”
” ခင်ဗျားက သူ့ကို ကြောက်နေလို့လား ကိုသာဒင် ”
” ကြောက်တာပေါ့ နောင်ကြီးရာ ၊ မတော်လို့ပေါက်ထည့်လိုက်ရင် ဘယ်လိုလုပ်မလဲ ၊ ဆေးတောင်မှီမှာ မဟုတ်ဘူးဗျ ၊ ဒေါသထွက်နေတာများ မျက်လုံးတွေက မီးတောက်နေသလို ရဲနေတာ ”
” ဟား…ဟား…၊ ကိုသာဒင်ရယ်…။ အဲဒီမြွေကြီးက နွားနို့တိုက်နေတဲ့ သူ့မိတ်ဆွေ ကိုတော့ ရန်မမူပါဘူးဗျာ ”
” ဗျာ…..နောင်…နောင်ကြီး…”
” ထားပါဗျာ….၊ ခင်ဗျားလဲ အိမ်ပြန်နောက်ကျနေပြီ ၊ ခင်ဗျားနေတဲ့ အိမ်အထိ ကျွန်တော်လိုက်ပို့ပေးပါ့မယ် ”
” ရပါတယ်နောင်ကြီး ၊ ကျွန်တော့်ဟာ ကျွန်တော်ပြန်ပါ့မယ် ”
စကားသာပြောနေရပေမယ့် ကိုသာဒင်မှာ အနားသို့ကပ်ရန်မပြောနှင့် နောင်ကြီးဆိုသူကို မျက်နှာချင်းဆိုင်ပင် မကြည့်ရဲတော့ပေ ။
” လိုက်မပို့လို့မဖြစ်ဘူးဗျ ၊ ဟိုကောင်တွေက ဟိုးရှေ့နားအမှောင်ရိပ်ကနေ ခင်ဗျားကို သတ်မလို့ ခြောင်းနေကြတာ ကျွန်တော်သိတယ် ။ လာပါ …၊ ကျွန်တော်လိုက်ပို့ပေးပါ့မယ် ။ ဒီကောင်တွေထဲက နှစ်ကောင်က မကြာခင် ရှေ့ဆင့်နောက်ဆင့် သေရမယ့်ကောင်တွေဗျ ၊ ကျန်တဲ့တစ်ကောင်က ထောင်ထဲမှာတင် ဘဝဆုံးရမှာ ”
” ဗျာ……. ”
အိမ်ရှေ့အထိ လိုက်ပို့ပေးသော နောင်ကြီးဆိုသူကို ကျေးဇူးတင်ကြောင်းပြောရန်လှည့်ကြည့်လိုက်သော်လည်း အရိပ်အရောင်ကိုပင် မတွေ့ရတော့ပေ ။

+++++++++++

” ကိုသာဒင်….”
” ဟုတ်ကဲ့ဗျ…”
” ကျွန်တော်တို့ ခင်မင်ခဲ့တာ သုံးနှစ်ပြည့်တော့မယ်ဗျ ”
” ဟုတ်တယ် နောင်ကြီး ”
” ဒီတစ်ပါတ်ထဲမှာ ခင်ဗျားရဲ့ တူကို ရှင်ပြုပေးပြီး ခင်ဗျားက ရဟန်းဝတ်တော့မယ်ဆို ”
” ဟုတ်တယ် နောင်ကြီး ၊ ကျွန်တော့်တူကို ကိုရင်စည်းပြီး ၊ ကျွန်တော်က ရဟန်းဝတ်မယ်ဗျ ”
” ကောင်းတယ်ဗျာ ၊ ရခဲတဲ့အခွင့်အရေးပါပဲ ။ ကျွန်တော်ဆို လူ့ဘဝမှာ ရဟန်းငါးကြိမ်ဝတ်ခဲ့ဘူးတယ်ဗျ ၊ ခင်ဗျားလဲ လူပျို လူလွတ်ပဲဗျာ ။ အပူသောကတွေများတဲ့ လူ့ဘဝမှာ သာယာမနေပါနဲ့တော့ ၊ သမုဒယတွေကို ထားခဲ့ပြီး တရားရှာပါတော့ကိုသာဒင် ၊ ဖြစ်နိုင်ရင် မြင့်မြတ်တဲ့ ရဟန်းဘဝနဲ့ သာ ကျန်တဲ့ အချိန်တွေကို ကုန်ဆုံးစေချင်တယ်ဗျာ ”
” ကျွန်တော်လဲ တွေးမိပါတယ် နောင်ကြီး ၊ ကျွန်တော့်မှာ တွယ်တာစရာဆိုလို့ ညီတစ်ယောက်နဲ့ သူ့မိသားစုလေးပဲရှိတာပါ ၊ ရဟန်းဘဝနဲ့ တစ်သက်လုံးနေသွားဖို့အထိ စိတ်ကူးခဲ့ဖူးပါတယ် ”
” အဲဒီစိတ်ကူးကို အခုစပြီး အကောင်အထည်ဖေါ်တော့ ကိုသာဒင် ၊ ခင်ဗျားဆီကလဲ အကူအညီတောင်းချင်ပါတယ် ။ ကျွန်တော့်ကို နောက်ဆုံးအကြိမ်အနေနဲ့ တစ်ခုလောက် အကူအညီပေးပါလားဗျာ ”
” ကူညီပေးပါ့မယ်နောင်ကြီး ၊ ပြောပါဗျ ”
” ခင်ဗျား ရဟန်းဝတ်ရင် ဘယ်မှာဝတ်မှာလဲ ၊ ခင်ဗျားဇာတိကိုပြန်ဝတ်မှာလား ”
” ဟုတ်တယ်နောင်ကြီး ”
” ဒါဆိုရင် ရဟန်းမဝတ်ခင် တစ်ရက်အလိုမှာ ခင်ဗျားနွားနို့လာချပေးတဲ့နေရာကို ညမမှောင်ခင်လာခဲ့ဗျာ ”
” ဟုတ်ကဲ့ ….”
” အဲဒီမှာ ကျွန်တော့်ရဲ့ အရေခွံလဲထားတာတွေ့လိမ့်မယ် ၊ အဲဒီအရေခွံအကုန်လုံးကိုယူစရာမလိုပါဘူး ၊ စတိအနေနဲ့ နည်းနည်းလောက်ယူသွားပြီး ခင်ဗျားရဲ့ အလှူမှာ ကျွန်တော့်ကို အမျှပေးပါ ။ ပြီးတာနဲ့ ရေစက်ခွက်ထဲက ရေနဲ့ ကျွန်တော့် အရေခွံပေါ်ကိုလောင်းချပေးပါ ကိုသာဒင် ”
” လုပ်ပေးပါ့မယ် နောင်ကြီး ”
” ခင်ဗျားရဲ့ အလှူအတွက် လက်ဆောင်တစ်ခုထားပေးမယ် ၊ အဲဒီနေရာရောက်ရင် သေသေချာချာကြည့်ပါ ၊ အရေခွံအောက်ကို သေသေချာချာရှာပါ ကိုသာဒင် ”
” ရှာပါ့မယ် ၊ ဘာလက်ဆောင်လဲ နောင်ကြီး ”
” ကျွန်တော် လူ့ဘဝတုန်းက ဝတ်ခဲ့တဲ့ နီလာလက်စွပ်ပါ ။ အဲဒီလက်စွပ်ကြောင့် ကျွန်တော်ဘဝမကူးနိုင်သေးဘူး ကိုသာဒင် ၊ အဲဒီလက်စွပ်ကို ရောင်းချပြီး ခင်ဗျားရဲ့ အလှူမှာရော ၊ သိမ်ဝင် သိမ်ထွက်ရော ၊ သံဃာတော်တွေအတွက် ဆွမ်းသင်္ကန်းပါ လှူပေးစေချင်ပါတယ် ၊ စိတ်ချပါရစေ ”
” စိတ်ချပါနောင်ကြီး ၊ ကျွန်တော်ကတိပေးပါတယ် ”
” ယုံကြည်ပါတယ် ကိုသာဒင် ၊ သာဒင်ကို ဘာထင်နေလဲဆိုတဲ့ ခင်ဗျားပြောနေကျစကားကိုသဘောကျလို့ ဘာထင်သလဲလို့ ကျွန်တော့်ကိုမေးရင်တော့ ပြန်ဖြေစရာရှိပါတယ် ”
” ဗျာ…၊ နောင်ကြီး … ဘာကိုဆိုလိုတာလဲ ”
” သာဒင်ကိုဘာထင်သလဲဆိုရင်တော့ သာဒင်က သာသနာပြုရဟန်းဘဝနဲ့ အရိုးထုတ်သွားမယ့်သူလို့ထင်တယ်ဗျာ ”
” ဗျာ—–”
” မဗျာနဲ့ ကိုသာဒင်….၊ ခင်ဗျားနဲ့ ကျွန်တော်ဟာ တစ်ချိန်ချိန် တစ်နေရာရာမှာပြန်တွေ့ကြလိမ့်ဦးမယ်ဗျ.. ၊ သာသနာအကျိုးအတွက်လက်တွဲဆောင်ရွက်ဖို့ ကောင်းသောတွေ့ခြင်းနဲ့တွေ့ကြမှာပါ ကိုသာဒင် ”
” ဟုတ်ပါ့မလားဗျာ….”


” ကဲဗျာ…. ကျွန်တော်တို့ပြန်ဆုံခဲ့ကြရင် အခုဘဝကအကြောင်းတွေမမေ့ကြကြေး ကတိပေးဗျာ…”
” ကတိပေးတယ်ဗျာ…”
” ကတိနော် ကိုသာဒင် ”
” ကတိဗျာ…ကတိ….ကတိ ”
” အကို….. အကို… ထပါဦး….ဘာတွေယောင်နေတာလဲ ..အကို အမြန်ထပါဦး..”
ခယ်မ၏ အသံကိုကြားလိုက်သဖြင့် ကိုသာဒင် အိပ်ယာမှ အလူးအလဲထထိုင်လိုက်ပြီး ပါတ်ဝန်းကျင်ကို လိုက်ကြည့်မိလေသည် ။
” အကို…ဘာဖြစ်သွားသေးလဲ ”
” မဖြစ်ဖူး မိစမ်း ၊ ငါ အိပ်မက်မက်ပြီး ယောင်နေတာ…ဘာဖြစ်လို့လဲ ”
” ဆီကုန်နေလို့ သွားဝယ်ပြီး ပြန်လာတော့ အိမ်ပေါ်ကနေ မြွေဟောက်မဲမဲကြီးဆင်းသွားတာတွေ့လို့ ပြေးတက်လာတာ ၊ အကို့ကို တစ်ခုခုလုပ်သွားသေးလား…”
” ဟင်….အဲဒီမြွေကို ဘယ်သူမြင်လိုက်သေးလဲ ၊ နင်တစ်ယောက်ထဲမြင်တာလား မိစမ်း ၊ ထင်ကျော်ရော ၊ ထင်ကျော် ဘယ်မှာလဲ ”
” ကိုထင်ကျော် ရထားလက်မှတ်သွားဝယ်နေတယ် ”
” ဟူး…တော်သေးတာပေါ့..”
” ဟုတ်တယ်အကို…. တော်သေးတယ်…၊ မြွေကြီးက အကြီးကြီးပဲ ကြောက်စရာကြီး ၊ အိမ်ရှေ့လှေကားပေါ်ကဆင်းသွားတာများ ခေါင်းက အိမ်အောက်တောင်ရောက်နေပြီ ၊ အမြီးက အိမ်ပေါ်မှာပဲရှိသေးတယ် ”
” ဘယ်သူမှ မတွေ့တာ သေချာတယ်နော် မိစမ်း ”
” သေချာပါတယ် အကိုရဲ့…မိစမ်းလဲ ကြောက်ကြောက်လန့်လန့်နဲ့ ကြည့်နေတာ အိမ်အောက်လဲရောက်ရော ပျောက်သွားရော ၊ ထူးဆန်းလိုက်တာ အကိုရာ ၊ အကိုက အခုဘာဖြစ်နေတာလဲ ၊ ဘာမှမဖြစ်တာသေချာပါတယ်နော် အကို ”
” ဘာမှမဖြစ်ပါဘူးဟာ …. နင်လဲ လုပ်စရာရှိတာသွားလုပ်တော့ ၊ အခုဘယ်အချိန်ရှိပြီလဲ ”
” နေ့လည် သုံးနာရီရှိပြီ ”
” အေး…အေး…ပြီးရော…”
ထိုနေ့ညမှ စတင်ပြီး ကိုသာဒင်တစ်ယောက် ဝက်သားတုတ်ထိုးသည် ဘဝကိုစွန့်လွှတ်ခဲ့သလို မိုင်ဒါကွင်းသို့ နောက်ဆုံးရောက်လာခြင်းလည်း ဖြစ်ခဲ့လေသည် ။ မမြင်အပ်သော သူ၏ မိတ်ဆွေများကို နောက်ဆုံးနှူတ်ဆက်ခဲ့ပြီးနောက်မှာတော့ ညနေသုံးနာရီနှင့် ညဆယ်နာရီကျော်တိုင်း ဆိုင်းထမ်းဖြင့် ဖြတ်သွားတတ်သည့် ဝက်သားတုတ်ထိုးသည် ကိုသာဒင်ကိုဖြင့် လုံးဝမတွေ့ရတော့ပါ ။
သက္ကရာဇ် ၂၀၀၉ ခုနှစ်တွင် သက်တော်ရှစ်ဆယ့်တစ်နှစ်( ၅၉ ) ဝါတော် သုံးဆယ့်ကိုးဝါ ( ၂၅ ) ဝါတွင် ( ကိုသာဒင် ) ဦးသောမနသည် ဘဝနတ်ထံပျံလွန်ခဲ့ပါလေတော့သည် ။

ပြီးပါပြီ။

ဆရာလွင်ဦးဟန်

Leave a Comment