အင်ကု မှင်စာ အပိုင်း(၁၁)

အင်ကု မှင်စာ အပိုင်း(၁၁)
ရေးသားသူ— ပီပီ(မန္တလေး)
+++++++++++

အခန်း၂၃။

နှင်းနု ဒီမနက်မှာ အခါတိုင်းထက် စော၍ အိပ်ရာက နိုးနေ၏။ မနေ့ညကလည်း ကံဆောင့် အကြောင်း တနုံ့နုံ့တွေးရင်း ဒေါသဖြစ်ကာ ၊ အတော်နှင့် အိပ်မရခဲ့။
” ကိုကံဆောင် ကိုကံဆောင်၊ ဒင်း ငါ့ကို ချစ်ခွင့်ပန်တုန်းက ပန်ခဲ့ပြီး ၊ အခုကျမှ ငါ့ကို ဖုတ်လေတဲ့ငပိ ၊ ရှိတယ်လို့ မအောက်မေ့တဲ့ လူစိမ်းကားကြီးပါလား ။
တောက်! ဒီမနက်တော့ ဒင်းကို သူ့အိမ်အထိ သွားရှာပြီး မျက်နှာချင်းဆိုင် ရန်တွေ့ပစ်အုံးမယ် ။ တွေ့ကြသေးတာပေါ့ ကိုကံဆောင်ရယ် ၊ နှင်းနုကို အလွယ်ရမယ်ထင်လို့ ပေါ့ပျက်ပျက်သဘောထားပြီး စိမ်းကားနိုင်သူကြီး ၊ ဟွန်း တွေ့မယ် —”
မှန်၏။ ကံဆောင်သည် နှင်းနုနှင့် တဖက်ရွာသို့ လှည်းနဲ့အတူသွားခဲ့၏။အပြန်၌ နှင်းနု၏ ရေလာမြောင်းပေး တွတ်တီးတွတ်တာ လုပ်မှုကြောင့် လူပျိုကြီးခမျာ ထိမ်းချုပ်ထားသမျှ သမာဓိ စွမ်းအား လေတိုင်လို့ လွင့်သည့်အဝတ်ပါးနယ် လျောကျ ရင်ဖွင့်ခဲ့လေ၏။
ရွာအဝင် ၂ဖါလုံခန့်က ကုက္ကိုပင်တန်းရောက်တော့ ကံဆောင် အရိပ်တခုမှာ လှည်းကို ရပ်တန့်လိုက်သည်။ ကုက္ကိုပင်တန်းအနောက်တွင် နဘူးခြုံတွေက ဟီးထနေ၏။
အဲ့ဒီတုန်းက ကံဆောင်ပြောသည့် ရည်းစားစကားက ရယ်ချင်စရာ။ စကားကို အရှည်ကြီး ပြောသွား၏။
” နှင်းနု — ငါ မပြောဘူးလို့ နေတာပဲဟ ၊ဒါပေမဲ့ အခု ငါ မပြောပဲ မနေနိုင်လို့ ပြောတော့မယ်ဟာ —၊
ငါ နင့်ကို ချစ်သဟာ၊ ချစ်တာမှ ရင်ပေါက်မတတ်တ် ချစ်တာပါ။ ဒီလို ငါပြောလိုက်လို့ ကိုကံဆောင်ကြီးက အခွင့်အရေးယူသတော်လို့တော့ မပြောလိုက်ပါနဲ့။
ငါချစ်တာ နင်သိရင် ငါ့ရင်ထဲ အတော် နေလို့ကောင်းသွားလိမ့်မယ်ဆိုပြီး ဖွင့်ပြောလိုက်တာပါ။
အသက်ချင်းကွာလို့ နင် ငါ့အပေါ် ချစ်သင့် မချစ်သင့် စဥ်းစားချင် စဥ်းစားပေါ့။ ငါက အခု ချက်ချင်းကြီး ပြန်ချစ်ရမယ် မဆိုပါဘူးဟယ်။ နင် တပတ်စဥ်းစားမလား ၊ တလ စဥ်းစားမလား၊ နင် ကြိုက်သလောက် အချိန်ယူ စဥ်းစားပါ ။ စဥ်းစားတဲ့အခါ ငါက နင့်ကို တသက်လုံး ပျော်ရွှင်အောင်ထားမယ်ဆိုတာ ထည့်စဥ်းစားပေးပါနော်။
ငါကတော့ နင်သာ ပြန်ချစ်ရင် အရမ်းပျော်မှာပဲ။ နင့်ဘက်က အဖြေရရင် ငါ အချိန်ဆိုင်းမနေတော့ဘူး။ ငါ့အဘနဲ့အမေကို နင်တို့အိမ်လွှတ်ပြီး မြန်းခိုင်းလိုက်မယ်။ မြန်းလို့ မိဘချင်းအဆင်ပြေကြရင် အမြန်ဆုံးရက်ရွေး လက်ထပ်ကြမယ်နော်။ နင်က လှတော့ ငါ စိတ်မချဘူးဟ။ နော် နှင်းနု နင် ဘယ်လိုသဘောရလဲ ”
နှင်းနု ရယ်ချက်ရက် ပက်ကျိ ဖြစ်သွား၏။ ကံဆောင်က သူမကို ဘယ်လို သဘောရလဲ မေးနေပေမယ့်၊ အစောတုန်းက ပြောသွားတာက တပတ်တန်သည် တလတန်သည် စဥ်းစားပါတဲ့လေ။
အဲ့ဒီတော့ သူမ ချက်ချင်း အဖြေပေးလိုက်ချင်ပေမယ့်၊ ဣန္ဒြေဆယ်နေရ၏။ ဟောဒီလူကြီးဟာလေ … မိန်းကလေးဘက်ကို ထည့်မငဲ့ညာဘူး။ တကယ်ပါပဲ။ ဟောဒီက မိနှင်းနုကလည်း ကိုကံဆောင်ကို ချစ်ပါသတဲ့ရှင်ဆိုတာကို ချက်ချင်း ပြန်ပြောခွင့်မသာတော့ ၊
” အစ်ကိုကံဆောင် ကျွန်မကို တကယ်ချစ်တယ်ဆိုရင် ကျွန်မ စဥ်းစားပါ့မယ် ၊ တယောက်နဲ့ တယောက်က သူစိမ်းတွေမှ မဟုတ်တာ။ ကိုကံဆောင်အကြောင်းလဲ ကျွန်မ အူမချေးခါး အကုန်သိပြီးသားပဲ ။ အစ်ကိုကံဆောင့်ကို လာမယ့် လကွယ်ညကျရင် ကျွန်မ အဖြေပေးပါ့မယ် ။ အော် … တခုတော့ ကြိုပြောထားချင်တယ် ”
နှင်းနုက စကားကို ခနရပ်ထားလိုက်ပြီး ကံဆောင့်ကို မူစိုစို မျက်နှာပေးနဲ့ ကြည့်သည်။
ကံဆောင်က ကျောင်းအုပ်ကြီးရှေ့ ရောက်နေသော ကျောင်သားပမာ နှင်းနု ပြောလာမည့် စကားကို တရိုတသေ ငံ့လင့်နေရှာ၏။
” ကျွန်မ တို့ အိမ်ထောင်ပြုပြီးရင် ၊ ဘယ်မိဘအိမ်မှ လိုက်မနေကြေးနော် ”
ကံဆောင် ချက်ချင်း ခေါင်းငြိမ့်သဘောတူ၏။ ပါးစပ်ကလည်း …
” စိတ်ချပါ နှင်းနု ၊ ငါ နင့်ကို အိမ်တဆောင်မီးတပြောင်နဲ့ ထားပါ့မယ် ၊ နင်လိုချင်တာ ဖြစ်စေရပါ့မယ် ၊ ကဲ ဒါဆိုရင် ငါ ရွာကို တန်းမောင်းတော့မယ်နော် ”
ကဲ … ကံဆောင်တို့ကတော့ အဲ့သလိုပါဆို ။ မိန်းကလေး ဖြစ်တဲ့ နှင်းနုက သွယ်ဝိုက် အဖြေပေးတာတောင် ရိပ်စားမိခြင်း မရှိ။ ရွာအပြန် နောက်ကျမည်စိုး၍ နွားကို ဒုန်းမောင်း ပြန်ခဲ့၏။ လှည်းပေါ်က နှင်းနုကတော့ ကံဆောင့်ကျောပေါ် ဗျောသာတင်လိုက်ချင်မိပေါ့။ ကံဆောင်ကတော့ နှင်းနု ရင်ထဲက ကလိကလိဖြစ်နေတာကို မသိ။ နွားကိုသာ ဂရုစိုက် မောင်းနေခဲ့သည်။ စကားလည်း မဆိုတော့ချေ။
အဲ့ဒီတော့ ရွာရောက်တဲ့အခါ၊ နှင်းနုကပဲ ထပ်မှာရသည်။ လကွယ်နေ့ညကျရင်
ရွှေဘုံသာ ဘုရားမှာ ဆီးမီး အတူထွန်းကြရန် မမေ့ဖို့ အတန်တန်မှာရ၏။
တော်နေကြာ အဖြေပေးမယ့်သူက ရောက်နေပြီး ၊ နုံနုံအအ လူရိုးကြီးကံဆောင်က မေ့နေမှာ စိုးရသည်မဟုတ်လား။
သဘက်ခါဆိုရင်ပဲ လကွယ်ညသို့ ရောက်ပြီ ဖြစ်၏။
နံနက် မိုးလင်းပြီဆိုကတည်းက ဖင်တကြွကြွ ဖြစ်နေတဲ့ နှင်းနုဟာ ၈နာရီ ခွဲလောက်မှာ ရေချိုးရန် ပြင်၏။
နှင်းနု အဘ(အဖေ)ဦးစံမြကတော့ နွားစာထည့်ရင်း သူ့သမီး ဒီမနက် အိပ်ရာထကတည်းက အကဲမရနေတာ ကြည့်ပြီး …
” လုံမ ညည်း မိုးလင်းကတည်းက ဘာမှ မယ်မယ်ရရ လုပ်တာ မမြင်ဘူး။ အိမ်ရှေ့ လျှောက်လိုက် ၊ အိမ်နောက်ထဲ ဝင်သွားလိုက်နဲ့ ဘာများ ပျောက်နေသတုန်းဟဲ့ ”
နှင်းနု ရှက်ကိုးရှက်ကန်းနှင့် –
” အာ … အဘကလည်း ဘာမှ မပျောက်ပါဘူးတော့၊ ဒွေးလေးသာဖေါ့အိမ်က ဒီကနေ့ ဆွမ်းချိုင့် မပို့ဖြစ်ဘူးဆိုလို့ ၊ သမီးတို့အိမ်က ပို့ရမှာလေ ။ အဲ့ဒါ အမေ့ကို ဆွမ်းဟင်း ဘာထည့်ရမှာလဲ မသိလို့ မေးရင်း ၊ ဘာမှ မရှိတာနဲ့ ခြံနောက် ဘဲဥ သွားကောက်တာပါ။ ဘဲဥဆီပြန်ဟင်းပဲ ထည့်သွားတော့မယ် အဘရေ ”
တကယ်တော့ နှင်းနု ဘဲဥ ကောက်ရုံလေးသာ။ နှင်းနု အမေ ဒေါ်အေးကွန့်က ဆွမ်းရော ၊ ဆွမ်းဟင်းပါ ချက်ပြုတ်ပေးခြင်း ဖြစ်၏။
ဒီကနေ့ ဘုန်းကြီးကျောင်းကို ဘဲဥဆီပြန်၊ ချဥ်ပေါင်ဟင်းရည်၊ငရုတ်သီးထောင်း ပို့မည် ဖြစ်၏။
နှင်းနု လူနဲ့စိတ် မကပ်သည်မှာ ဖခင်ဖြစ်သူတောင် ရိပ်စားမိနေ၍ ရေမြန်မြန်ချိုး ၊ သူမ အခန်းထဲက ကျောက်ပြင်မှာ သနပ်ခါးလိမ်းရန် တက်လာခဲ့သည်။
နှင်းနု သနပ်ခါးရေကျဲလေး မျက်နှာပေါ် လိမ်းကျံပြီး ဘုရား ကပ်လှုပူဇော်ရာမှ ပိုသည့် စံပယ်ပန်းကုံးတကုံးကို ထုံးထားသည့် ဆံထုံးမှာ ပတ်ခွေ ပန်လိုက်၏။
မှန်ထဲမှာ အရိပ်ပေါ်နေသော သူမကိုယ် သူမကြည့်၍ မကျေမနပ်နှင့် နုတ်ခမ်းစူလိုက်၊ မျက်စောင်းထိုးလိုက် လုပ်နေပြန်သည်။
မှန်ထဲတွင် နုနယ်ပျိုမြစ်သော လှယမင်းပျိုလေးသည် စိတ် အလိုမကျဟန် အထင်းသားပေါ်နေပါ၏။
နှင်းနုသည် ပြည်ဖြိုးသော ရွှေရင်အစုံကို ချီ၍ ၊ လုံးဝန်း လှပသော တင်သားကို ကော့ခါ မှန်ထဲကို ပြန် ကြည့်၍ …
” ဒီလောက်လှတဲ့ ငါ့ကို သူက ဘာကြောင့် ဂရုမစိုက်အားရတာလဲ ၊ ငါ့ကို ရချင်လွန်းလို့ သေမတတ်ဖြစ်နေတဲ့ ကိုဖြိုး(ကျိုက်လတ်)တို့ ဆရာဆွေ (တောင်တွင်းကြီး)တို့ စိုင်းဘုဏ်းတို့ နေလင်းရောင်(ဒဂုံမြေ)တို့ဖြင့် အိမ်ရှေ့ကို တနေ့ ၁၈ခေါက်လောက် ခြေအေးဝမ်းရောင် တောင်မြောက် လမ်းသလားနေကြတယ်။ ဒင်းကတော့ ငါ့ကို ရည်းစားစကား ပြောပြီးကတည်းက တခေါက်တောင် လာမကြည့်ဘူး ၊ နေလည်း နေနိုင်ပါ့ ဟွန်း ”
ထိုသို့ဖြင့် နှင်းနုသည် တယောက်တည်း မှန်ရှေ့ရပ်ကာ စိတ်ကူးပေါက်ရာကို ပါးစပ်ကနေ တယောက်တည်း ပေါက်ပေါက်ဖေါက်နေမိသည်။ ယင်းအခိုက်…
” ဟဲ့ လုံမ နှင်းနု … ဘုန်းကြီးကျောင်း ဆွမ်းချိုင့် သွားပို့မှာဆို ၊ ဒီမှာ အရန်သင့်ဖြစ်ပြီဟဲ့ … ”
အောက်ထပ် မီးဖိုချောင်မှ ဒေါ်အေးကွန့် အသံစွာစွာ ကြားလိုက်ရမှ …
” လာပြီ လာပြီ အမေရေ ၊
အင်္ကျီ ကြယ်သီးတပ်နေလို့ပါ ၊ ပြီးပါပြီ ”
ရင်စေ့အင်္ကျီ လက်ပြတ်ကို အခုမှ ကမန်းကတန်း ဝတ်ရင်း နှင်းနု အော်ဟစ်လိုက်သည်။
မရမ်းစေ့ရောင် အင်္ကျီ၊လုံခြည် ဝမ်းဆက်နှင့် လှပကျော့ရှင်းနေသော နှင်းနုသည် အိမ်အောက်ထပ်ကို ခုန်ပေါက် ပြေးဆင်းလာ၏။
လှေကားကို တဒုန်းဒုန်းနဲ့ ပြေး ဆင်းလာတာကြောင့် ၊ နှင်းနု အထက်က အစ်ကိုလေး ဟန်ဇော်ထွန်းက နွားစာစင်းနေရင်းမှ …
” ဟဲ့ကောင်မလေး ၊ ဖြေးဖြေးသက်သာ ဆင်းလာတော့ နင့်ကို ဘယ်သူက ခေါင်းခေါက်မှာမို့လို့လဲ ။ နင်နော် အပျိုလေး ဖြစ်ပြီး တစက်မှကို ဣန္ဒြေမရဘူး ။
အမေ … အမေ့သမီးကို ကြည့်ပြောအုံး။ သူလုပ်ပုံနဲ့ အိမ်ပြိုကျလိမ့်အုံးမယ် ”
ဒေါ်အေးကွန့်ကလဲ နှင်းနုကို မျက်စောင်းလှမ်းထိုးရင်း၊
” အံမယ်မင်း ဘုရားရေ ၊ နေပါအုံး အခု ညည်းက ဘုန်းကြီးကျောင်းသွားမှာလား ၊ လင်ရှာသွားမှာလား”
နှင်းနု နုတ်ခမ်းစူ၍ —
” ဟွန့် ကျွန်မက အခု ဘာဖြစ်နေလို့လဲ အမေရဲ့ ”
ဒေါ်အေးကွန့်က နှင်းနု အင်္ကျီလက်ပြတ် ဝတ်ထားသဖြင့် လက်မောင်းသား ဝင်းဝင်း ပေါ်နေသည်ကို လက်ညှိုး ထိုးပြကာ …
” ဟဲ့ .. ဘုန်းကြီးကျောင်းကို နင်က မလုံမခြုံနဲ့ သွားမလို့လား ၊ သွား သွား အခု အဝတ် ပြန်လဲချီ ၊ ဘယ့်နှယ်တော် လက်မောင်းသား အကုန်ဖေါ်လို့ ၊ ရှက်ရကောင်းမှန်း မသိ။ ခေတ်ကာလသားသမီးများ ကာလံဒေသံလိုက်ပြီး မဝတ်တတ်မစားတတ်နဲ့ ၊ ညည်းနော် ညည်း ၊ ငါ ဗိုက်ကြောပြတ်အောင် လိမ်ဆွဲလိုက်ချင်တော့တယ် ”
” အမေတို့ကလဲ ကျွန်မဆို ပြောမယ် လုပ်မယ်ဆိုတာကြည့်ပဲ ”
နှင်းနု အိမ်ပေါ် တခေါက် ပြန်တက်သွားသည်။ တခဏ အကြာ ပြန်ဆင်းလာ၏။ အင်္ကျီတော့ မလဲလာခဲ့ပါ။ သို့ပေမဲ့ ယောက်ကျား ရှပ်အင်္ကျီတထည် အပေါ်က ထပ်ဝတ်လာပါ၏။
ဒေါ်အေးကွန့်မှာ သမီးဖြစ်သူကို ဘာပြောရမှန်းမသိ။ပါးစပ်အဟောင်းသား ဖြစ်နေစဥ် နှင်းနုက ဒေါ်အေးကွန့်လက်မှ ဒါန်ချိုင့်ကြီးကို ဆွဲယူ၍ ခြံအပြင်သို့ ထွက်သွား၏။
နှင်းနု ခြံအပြင်ရောက်မှ၊ အစ်ကိုဖြစ်သူ ဟန်ဇော်ထွန်း မျက်လုံးပြူးသွား၏။
” ဟင် … အဲ့ အဲ့ဒါ ၊ ငါ့အင်္ကျီမို့လား နှင်းနု ၊ ဟဲ့ မိရှပ်တေး ငါ့အင်္ကျီ ပြန်လာချွတ်ပေးစမ်း … ”
နှင်းနုက နောက်ကို တချက်မျှ လှည့်မကြည့် ခပ်ကျော့ကျော့ ခပ်မော့မော့ဖြင့် ထွက်သွားလေ၏။ အိမ်ပေါ်တက်တော့ လှေကားဦးတိုင်မှာ အလွယ်ချိတ်ထားသော အစ်ကိုလေး ဟန်ဇော်ထွန်း၏ အင်္ကျီကိုတွေ့၍ ယူဝတ်သွားခြင်း ဖြစ်၏။
ဟန်ဇော်ထွန်းမှာ တဦးတည်းသော နှမလေးကို တုန်နေအောင် ချစ်ရသည်ဆိုတော့ … ရယ်ရအခက် ငိုရအခက်နှင့် ကျန်နေရစ်ခဲ့၏။ သူ့ခမျာလည်း ထိုအင်္ကျီအိတ်ထဲ၌ အမိအဘ မသိစေချင်သော လျို့ဝှက်သော စာတစောင် ထည့်ထားမိလေသည်မဟုတ်လား။
” တောက်! ငါ့အိတ်ထောင်ထဲက စာကို ဒီကောင်မလေး တွေ့သွားရင်တော့ အခက် ၊ ငါ့နှယ်နော် မနေ့ညကတည်းက စာကို ထုတ်ယူထားမိရင် အကောင်းသား ”

+++++++++

အခန်း ၂၄။

ကံဆောင် ပညာသင်ကြားခြင်း ၈ညမြောက်နေ့။
ည ၁၁နာရီ ၁၅မိနစ်အချိန်၊ အင်းကုန်းသုသာန်ရှိ ဦးဘသာ၏ ထန်းရွက်တဲလေးအရှေ့ ခုံတန်းလျားတွင် ဆရာတပည့်နှစ်ဦး စကားစမြည် ပြောဆိုနေကြလေ၏။။
” ဦးဘသာကြီးက ကျနော် နှင်းနုကို ကြိုက်နေတာ ဘယ်လိုသိတာလဲ ၊ ခင်များ အကြားအမြင် ရနေတာလား ”
ကံဆောင်က သူ့အား ပထမညက သုဘရာဇာကြီး ဦးဘသာက တောက်တဲ့အား နှင်းနုသဏ္ဍာန် ဖန်ဆင်း၍ သူ၏ သမာဓိကို ဖျက်ဆီးရန် ပညာစမ်းသပ်ခဲ့ပုံကို ပြန်လည် မေးခွန်း ထုတ်လိုက်ခြင်း ဖြစ်သည်။
” အကြားအမြင်ရတာမဟုတ်ဘူးကွ ၊ ငါ နားနဲ့ ဆတ်ဆတ် ကြားခဲ့ရတာ ”
ကံဆောင်က နားမလည်။ ထို့ကြောင့်
” ဗျာ ဘယ်လို ”
” အဲ့ဒီနေ့က မင်းနဲ့ နှင်းနု ဟိုဘက်ရွာက လှည်းနဲ့ ပြန်လာကြတာထင်တယ်။
ကုက္ကိုတန်းမှာ မင်းတို့ လှည်းရပ်ပြီး စကားပြောနေကြတော့ ၊ ငါက အဲ့ဒီနားက နဘူးခြုံထဲမှာ အခင်းကြီး သွားနေတာလေ။
မင်း ရည်းစားစကားပြောတာလည်း ငါအကုန်ကြားရတယ်။ နှင်းနု ပြောတာလည်း ငါကြားနေရတာပေါ့။ ဒါကြောင့် ငါက မင်းကို နှင်းနုနဲ့ တမင်စမ်းသပ်ခဲ့တာ ”
ကံဆောင်က ထိုအခါမှ သဘောပေါက်သွားလေ၏။
ထို့နောက် အဲ့ဒီ ပထမညက သူ၏ ဖြစ်အင်ကို ဦးဘသာအား ပြန်လည် ရင်ဖွင့်လေ၏။
” အစတော့ နှင်းနု အသံကြားရလို့ မျက်စိဖွင့်ကြည့်မလို ဖြစ်သေးတယ်ဗျ ၊ အရင်က တရားထိုင်ခဲ့ဖူးတဲ့ အကျိုးက ဒီနေရာမှာ ထင်ရှားတော့တာပဲ ။
ထိသိ မှတ်နေတဲ့ ကျုပ်စိတ်သဏ္ဍာန်မှာ တခြားဘာမှ မရှိတော့ဘူး။ နှာသီးဖျားက ဝင်လေထွက်လေပဲ သိမှတ်နေမိတယ်။ သိမှတ်မှု သမာဓိအား အရှိန်လေး ရနေချိန် နှင်းနု အသံ စကြားလိုက်ရတယ်။
သူ့ကို ကယ်ပါပေါ့။ သူ သင်ချိုင်းထဲမှာ ဒုက္ခရောက်နေပါတယ်ပေါ့။ အသံလေးက သနားစရာ ၊ ကျုပ်ကလည်း သူ့ကို ချစ်စိတ်ကဲနေချိန်ဆိုတော့ ပထမတော့ အရမ်း စိုးရိမ်သွားမိသေးတယ်။
နောက်တော့ ကျုပ်ရဲ့သမာဓိက ကျုပ်ကို ကယ်သွားတယ်။ ဒီအချိန်ကြီးမှာ သင်္ချိုင်းထဲ နှင်းနု တယောက်တည်း ရောက်နေတယ်ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုပြီး သတိပြုမိသွားခဲ့တယ်။
ကျုပ် မျက်လုံးလည်း ဖွင့်မကြည့်သလို၊ ဂရုလည်း မစိုက်တော့ပဲ အဲ့ဒီ နှင်းနုဟန်ဆောင်ထားတဲ့ ပေတလောကသားကို ဥပက္ခာပြုထားလိုက်တယ်လေ။ သိပ်မကြာပါဘူး။
နှင်းနုအသံ ပျောက်သွားပြီး တောက်တဲ့အော်သံ ကြားလိုက်ရတယ်။ အဲ့ဒီတော့မှ အော် ငါ့ကို သုဘရာဇာကြီးက သမာဓိအား စစ်ဆေးနေတာပါလားလို့ သဘောပေါက်သွားတာဗျ ”
ဦးဘသာက ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေပြီး ၊ ကံဆောင် စကားဆုံးသွားသည့်အခါ …
” အင်း ဘာလိုလိုနဲ့ ၊ မင်းတောင် ငါ့ဆီမှာ ပညာဆည်းပူးတာ ၈ည ရှိသွားပြီ ကံဆောင် ။
‘သမာဓိ’ အား ထူထောင်တဲ့အခါ အသိနဲ့သတိဟာ သိပ်အရေးကြီးမှန်း မင်း နားလည် သဘောပေါက်သွားပြီ၊ သမာဓိအားကျင့်စဥ် ၃ရက်မြောက်နေ့မှာ မင်း သံသေဓါးကို ဘယ်အချိန်မှာ ထုတ်သုံးရမယ်ဆိုတဲ့ ဉာဏ်စဥ်ကို ရသွားတာပဲကွ ။
နောက် ၄ရက်မြောက်နေ့မှာ မင်းကို ငါ ‘သီလ’ မြဲ မမြဲ စမ်းခဲ့တယ်နော် ။ ဒါလည်း မင်းလို စိတ်ဓာတ် ခိုင်ကြည်သူအတွက် အလွယ်တကူ အောင်မြင်ခဲ့ပါတယ်။
၅ရက်မြောက် နေ့မှာတော့ မင်းကို ငါ ‘သစ္စာ’ ဆိုခိုင်းတယ်။ သစ္စာရေ တိုက်ခဲ့တယ်နော်။ ဒီဓါးကို မင်းကိုယ်ကျိုးအတွက် အသုံးမပြုပါဘူးဆိုတာရယ်၊ အများအကျိုးအတွက် အသုံးပြုပါမယ်ဆိုတာကို မင်း သစ္စာမြဲပါစေ ကံဆောင်။
၆ရက် မြောက်နေ့ရယ်၊ ၇ရက်မြောက်နေ့ရယ်၊ ၈ရက်မြောက်နေ့ရယ် ၊ အဲ့ဒီ ၃ရက်စလုံးက ငါ မင်းကို အချိန်တိုတွင်း တတ်မြောက်သင့်တဲ့ ‘ပညာ’ အချို့ကို သင်ကြားပေးခဲ့ပြီးပြီ။
မနက်ဖြန် ၉ရက်မြောက်ညမှာ မင်း အခု သင်ကြားတတ်မြောက်ခဲ့တဲ့ ပညာတွေ မင်းကိုယ်မှာ မြဲ မမြဲ အစစ်ဆေးခံရမယ့် နေ့ပဲ ကံဆောင်။
ငါ တခု သတိပေးချင်တာက ၊ မနက်ဖြန် မင်း လက်တွေ့ စာမေးပွဲ အောင်မြင်ခြင်း ၊ မအောင်မြင်ခြင်းဟာ ငါနဲ့ မဆိုင်တော့ဘူး။ မင်းရဲ့ ဆင်ခြင်တုံတရားနဲ့ ပညာရည်ပြည့်ဝခြင်းကပဲ အဖြေထုတ်ပေးလိမ့်မယ်။ ငါအနေနဲ့ မင်း … ၉ရက်မြောက်ည အရည်အချင်းစစ်စာမေးပွဲကို အောင်မြင်ပါစေလို့ပဲ ဆုတောင်းကူလို့ရမယ်။ ဝင်ပြီး စွက်ဖက်ပိုင်ခွင့်မရှိဘူး။
မနက်ဖြန် မင်း ကျရှုံးရင် …နောက်တကြိမ် ပြန်ပြီး ဖြေဆိုခွင့် မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ … ”
ဦးဘသာက ကံဆောင်၏ မျက်နှာကို အသေအချာ ကြည့်လိုက်သည်။ ကံဆောင့်မျက်နှာက အပြောင်းအလဲ မရှိ။ ပကတိ ကြည်လင်နေသည်။ ဦးဘသာ ပြောမည့်စကားကိုသာ နားစိုက်ထောင်လျက်ရှိလေ၏။
” မနက်ဖြန်ညမှာ မင်း ကျရှုံးခဲ့ရင် … အပြင်းထန်ဆုံးက အသက်ဆုံးရှုံးသွားနိုင်တယ်။ အသက်သာဆုံးက မင်း ပုံမှန်စိတ် မရှိတော့ပဲ တသက်တာလုံး ရူးသွပ်သွားနိုင်တယ် ကံဆောင် ”
ကံဆောင် ထိုစကားကြား၍ ပြောင်းလဲမသွား။၆ရက်နေ့မြောက်မှစ၍ ၃ရက် ၃ညတိတိ သင်ကြားခဲ့ရသော ပညာစဥ်တို့အပေါ် ယုံကြည်ကိုးစားဟန်ဖြင့် …
” ကျနော် သဘောပေါက်ပြီးသားပါ ဦးဘသာ ။ ကျနော် ဒီပညာကို ဦးဘသာဆီက သင်ယူမယ်ဆိုကတည်းက အဆိုးဆုံး အခြေအနေကို တွက်ထားပြီးသားပါ ။ ကျနော် လုံးဝ နောက်မဆုတ်ပါဘူး။ မနက်ဖြန်ည ကိုးနာရီတိတိမှာ ဦးဘသာဆီကို ဆက်ဆက်ရောက်အောင်လာခဲ့ပါ့မယ် ”
အခုဆိုရင် ကံဆောင်သည် သာမန်လူတို့ မြင်နိုင်စွမ်း မရှိသော နာနာဘာဝ မကောင်းဆိုးဝါးတို့အား မြင်နိုင်ပြီ ဖြစ်သည်။
ထို့အပြင် နာနာဘာဝတို့ မဝင်နိုင်အောင်လည်း စည်းတားဂါထာကို အလွတ်ရွတ်အံနိုင်ပြီ။ စည်းချနိုင်လေပြီ။
သူ့လက်ထဲရှိ သံသေဓါးကိုလည်း လိုသလို အသုံးချနိုင်ပြီ ဖြစ်သည်။ သံသေဓါး၏ အစွမ်းသတ္တိကို ကံဆောင် ကောင်းစွာ နားလည်နေခဲ့ပြီ ဖြစ်၏။
ဒါ့အပြင် အင်ကု မှင်စာကိုလည်း တန်ခိုးထွားအောင် လုပ်ပေးနိုင်ပြီ ဖြစ်သည်။ ယခုဆို အင်ကုသည် အရင်က အင်ကုထက် အဆများစွာ အစွမ်းထက်မြက်နေပြီ ဖြစ်သည်။ အင်ကုကြောင့် ရွာထဲက အပြုစားခံရသူတို့ ရောဂါဝေဒနာ သက်သာကြသည်ဖြစ်ရာ ၊ အင်ကု မှင်စာအား နတ်သဖွယ် ကိုးစားနေကြပြီ ဖြစ်သည်။
ဒါတွေ အားလုံးက နတ်ကတော် ဒေါ်မိန်းကလေးကြောင့်ဆိုလျင်လည်း မမှားပေ။
နတ်ကတော်သည် ပါးစပ်နဲ့ လုပ်စားရသူဖြစ်၏။နတ်ကတော်ဆိုတာက နုတ်ထွက် အာဝဇ္ဇန်း ကောင်းမှ နတ်မေးသူ လာကြသည်မဟုတ်လား။
အင်ကု ကို စော်ကားမိသည့် နတ်ကတော် ဒေါ်မိန်းကလေးသည် ရှေးက ဖေါ်ပြခဲ့သလို အင်ကု ကြောင့် စကားမပြောနိုင်သည့်အခါ အလွန်ပင် အတိဒုက္ခရောက်ရလေ၏။
ထို့ကြောင့် ပေါက်ကြီး၏ ဆင်ခြေထောက် ပြန်ကောင်းသွားခြင်း ၊ မပူတူး ‘အ’နေရာမှ ပြန်လည် စကားပြောနိုင်ခြင်းသည် အင်ကု နတ်သူငယ်မှင်စာအား သွေးယဇ်ပူဇော်ခြင်းကြောင့်ဟု အဖြေတခုကို သိသွားရာ ၊ ကံဆောင့်ထံ လူလွှတ်၍ သူ့ကိုလည်း ကျိန်စာပြေ ယဇ်ပူဇော်ပေးပါဟု တောင်းပန်ခဲ့သည်။
ဒီသတင်းက ရွာထဲ အုတ်အုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။ နတ်ကတော်ကတောင် အင်ကုကို အရိုအသေပေး ယဇ်ပူဇော်ပြီ မဟုတ်လား။
အဲ့ဒီတော့ လူတဦး ပူမှုရယ် ဆယ်ကုဋေ လို့ ဆိုရိုးရှိသလိုပါပဲ ၊ ရွာထဲက လူတွေဟာ သူတို့ရဲ့ အပူဒုက္ခကို ပြေရာပြေကြောင်း အင်ကုထံ အကူအညီ တောင်းခံလိုကြ၏။
ခက်တာက အင်ကု နတ်ရုပ်က ဘယ်မှာလဲ သူတို့ မသိကြဘူး။ ကံဆောင်ကတဆင့် ဆက်သွယ်နေကြရ၏။
အဲ့ဒီတော့ ကံဆောင် အကြံထုတ်ရ၏။
ကံဆောင်က အင်ကု နတ်ရုပ်ကို သူ့အိမ်မှာ ဆက်မထားပဲ ၊ ရွာပြင် ၂ဖါလုံလောက် ဝေးတဲ့ ပရံနဝါချောင်းနံဘေးက လက်ပံပင်မှာ နတ်ကွန်း ဆောက်ပေးချင်သည်။ အဲ့ဒီနေရာကနေ သူ အင်ကုကို ဆယ်ယူခဲ့တာလေ။ အင်ကုကိုလည်း ခွင့်တောင်းရ၏။
အင်ကုက ပထမ သဘောမတူချင်ဘူး။ ဒါပေမဲ့ ကြေးပုလွေရှိတဲ့ ကံဆောင်က သခင်ဖြစ်နေလေတော့ နောက်ဆုံး သဘောတူပေးလိုက်ရ၏။ ရုပ်တုကို ရွာပြင်မှာ ထားခွင့် သူကြီးဆီ အခွင့်တောင်းရသည်။ သူကြီးဆိုတာကလည်း သူ့တပည့်ကျော် ပေါက်ကြီးက ထောက်ခံလျင် ခေါင်းငြိမ့်တတ်သူဆိုတော့ အဆင်ပြေသွား၏။ ပေါက်ကြီးက အင်ကု ယုံကြည်သူလေ။
အင်ကုသည် နယ်မြေပိုင်အာဏာရှိသူ သူကြီးခွင့်ပြုချက်နှင့် လက်ပံပင်ကြီးအောက်မှာ နေရာတခု အပိုင်စား ရသွားလေ၏။
အင်ကု နတ်စင်မှာ အခုဆို ပန်းအိုးတွေအပြင် ကန်တော့ပွဲတွေတောင် စည်ကားသိုက်မြိုက်နေလေပြီ။
အင်းကုန်းရွာသားတို့က အင်ကု နတ်သူငယ် ဘာကြိုက်မှန်း မစပ်စုကြဘူး။ ရိုးရာဓလေ့အတိုင်း အုန်းပွဲ ငှက်ပျောပွဲနဲ့ ကန်တော့ပွဲထိုး ပူဇော် လိုက်ကြလေ၏။
အင်ကု ခမျာ အခုဆိုရင်၊အသက်ရှုရ ကြပ်နေရှာ၏။ အဘယ်ကြောင့်ဆိုသော် အင်ကု နတ်ရုပ်အား အမွှေးတိုင်များနှင့် အတင်း ပူဇော်ကြသောကြောင့်ပင်။

+++++++++

အခန်း၂၅။

အင်ကုက တန်ခိုးထွားလာတော့ ၊ သူ့ လုပ်နိုင်စွမ်းအားလည်း ပိုလာသည့် သဘောရှိလေ၏။
အင်ကုသည် သခင် ကံဆောင် ပညာသင်ကြားနေစဥ်ကာလအတွင်း အင်းကုန်းရွာကို တတ်နိုင်သရွေ့ စောင့်ရှောက်မှု ပေးလေ၏။ ထိုကာလအတွင်း မိစ္ဆာနတ်ဆိုးအကြောင်းကို အင်ကု အတော်သိခဲ့ရသည်။ အင်ကု သိခဲ့ရသည်က …
မိစ္ဆာနတ်ဆိုးသည် မြသောင်းကိုယ်ပေါ်မှ ခွါ၍ နာရေးအိမ်သို့ ပြန်ခဲ့သည်။
နတ်ဆိုးအနေဖြင့် သူကြီး ဦးအုန်းသောင်အိမ်ခြံဝင်းထဲ ခြေပင် မချရဲချေ။ သူကြီးသည် အာဏာပိုင်ဖြစ်၏။ စာရိတ္တချို့ယွင်းသော အာဏာပိုင်မဟုတ်။ မှန်ကန် ရဲရင့်သူ ရိုးသားသော သူကြီးဖြစ်၏။
ထို့ကြောင့် နတ်ဆိုးသည် ငါးပါးသီလမြဲသော သူကြီးအိမ်ကို မဝင်ရဲချေ။ သီလမြဲသော သူကြီးအား နတ်ကောင်းနတ်မြတ်တို့က စောင့်ရှောက်၏။
နတ်ဆိုးသည် နာရေးအိမ်သို့ ရောက်သည့်အခါ ၊ စုန်းမ မိညိုနဲ့ တိုးတော့၏။
မိညိုက နတ်ဆိုးအား လူသားအထောက်အပံ့မရှိသဖြင့် အိမ်ထဲ အဝင်မခံ၊ နှင်လွှတ်သည်။
နတ်ဆိုးက ဦးစံလွင်ကို ကြည့်သည်။ဦးစံလွင်ကိုယ်၌ ကိုယ်စောင့်နတ် မကပ်။ အဲ့ဒီတော့ သူ့အနေနဲ့ လုပ်ကြံရလွယ်၏။ ဒါပေမဲ့ ဦးစံလွင်ကို စုန်းမ မိညိုက ကာကွယ်ပေးနေ၏။ ထို့ကြောင့် လွယ်မယောင်နဲ့ ခက်နေ၏။
အဲ့ဒီတော့ နတ်ဆိုးက စုန်းမ မိညိုရဲ့ အနာဂတ်ကို မြင်နိုင်စွမ်းသည်မို့ ၊ မကြာခင် အချိန်အတွင်း မိညိုဟာ ဒီအိမ်က ထွက်သွားရတော့မှာကို ကြိုတင်သိနေ၏။ ဘာကြောင့်လဲဆိုတော့ နတ်ဆိုးက အင်ကုကို မြင်တွေ့ပြီးပြီလေ။ ကံဆောင်ဟာ အင်ကု အားကိုးနဲ့ သူ့ကိုတောင် နှိမ်နှင်းဖို့ ကြံနေတာ နတ်ဆိုးက မသိဘဲ နေပါ့မလား။
အဲ့ဒီတော့ နတ်ဆိုးက စုန်းမ မိညိုကို ညှိနှိုင်းကြည့်တာပေါ့။
” နင် မကြာခင် ဒီအိမ်က ထွက်ရတော့မှာ နင်သိလား မိညို ”
” ငါက ဘာလို့ ထွက်ရမှာလဲ ၊ လာဖြီးမနေစမ်းပါနဲ့ ”
” နင် မေ့လျော့ပြီး မဝှက်မိတဲ့ အေးအေးချိုရဲ့ မူလရုပ်ကို မကြာခင် ကံဆောင်နဲ့ဘသာတို့က မီးရှို့ဖျက်ဆီးကြလိမ့်မယ် မိညို၊
မူလရုပ် ပြာကျရင် နင့်ပညာနဲ့ ပွားထားတဲ့ ဒုတိယအေးအေးချိုဟာ မူလဇာတိကို ပြမယ်မဟုတ်လား။ ဒါကြောင့် နင် အေးအေးချိုအနေနဲ့ ဒီအိမ်ထဲမှာ ဆက် ရပ်တည်နိုင်မှာ မဟုတ်ဘူး မိညို ”
” ဟင်! ဒါဆိုရင် ငါ အေးချိုရဲ့ ရုပ်အလောင်းကို အမြန် သွားဝှက်လိုက်မယ်လေ”
” မရတော့ဘူး မိညို ၊ ကံဆောင့်မှာ အင်မတန် အစွမ်းထက်တဲ့ အင်ကု မှင်စာ တကောင်ရှိတယ်။ မှင်ဆိုတာက အကြားအာရုံကိုသာ လှည့်စားလို့မယ်။ အမြင်အာရုံကို လှည့်စားလို့ မရဘူး။ ငါ သူ့ကို အင်းကုန်းသုသာန်ထဲမှာ ကိုယ်ဖျောက်ပြီး နေကြည့်ဖူးတယ်။ မရခဲ့ဘူး။ ငါ့အသံကိုတော့ သူ မကြားအောင် လုပ်နိုင်တယ်။ ဒါပေမဲ့ မှင်စာကောင်က သိပ်ပါးနပ်တယ် မိညို ။ အရမ်း လည်ဝယ်လွန်းတယ်။ ဒါတောင် သူ တန်ခိုးအင်အား သိမ်ငယ်နေလို့နော်။ သူသာ တန်ခိုးအင်အား ကြီးထွားလာရင် ငါတို့ နင်တို့ တယောက်တည်းနဲ့ ရင်ဆိုင်ဖို့ ခက်လိမ့်မယ် မိညို …”
စုန်းမ မိညိုက …
” အဲ့ဒီတော့ ငါတို့ ဘာဆက်လုပ်ကြမလဲ ”
” ရော် နင် ဘာဆက်လုပ်အုံးမှာလဲ ၊ နင့် မူလရုပ် မီးမရှို့ခင် နင် လုပ်စရာရှိတာ လုပ်သွားပေါ့ ။ နောက်ပြီးတော့ နင်ရော ငါရော ဟောဒီ အင်းကုန်းရွာကို ရန်ကြွေးဆပ်ချင်ကြတာဆိုတော့ ၊ အတူ ပူပေါင်းကြရုံပေါ့ ”
စုန်းမ မိညိုက နတ်ဆိုးကို ကြည့်သည်။ သူမ သဘောပေါက်သွားဟန်တူသည်။
” နင် ဘာကို လိုချင်တာလဲ နတ်ဆိုး ”
နတ်ဆိုးက သူ့ရှေ့က ဦးစံလွင်ကို လက်ညှိုးထိုးပြလိုက်သည်။
” ဒင်းအဘိုး အစား ဒင်းကို ငါ လက်စားချေချင်တယ် မိညို ၊ ဒီအကောင် စံလွင့်မှာ ကိုယ်စောင့်နတ် မကပ်ဘူး။ အဲ့ဒီတော့ ငါ ဒီကောင့်ကို ဒီည စတေးပြီး ငါ့အင်အား တိုးပွားအောင် လုပ်ချင်တယ် ။ နင် ငါ့ကို ခွင့်ပြုပေးပါ ”
စုန်းမ မိညိုက ဤသို့ တွေး၏။ သူ့၌ လက်ခံ ကိုယ်ခန္ဓာမရှိပဲ ရွာထဲသို့ ဝင်ခွင့် ရှိမည်မဟုတ်။ ထို့ကြောင့် ရွာထဲကို ဝင်ထွက်သွားလာနိုင်သော နတ်ဆိုးအား ပူးပေါင်း၍ နောက်ထပ် ကိုယ်ခန္ဓာအသစ်တခု ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
” ကောင်းပြီ နတ်ဆိုး ၊ နင် အလိုရှိရာကို ငါ ခွင့်ပြုမယ်။ နင်က ငါ့အတွက် မိညိုကမ်းပါးကို လကွယ်ညမှာ အပျိုစင်မိန်းကလေးတယောက် လွှတ်ပေးပါ ။ ငါ့ပညာခန်းတွေက အပျိုစင်မိန်းကလေးဆီမှာဆိုရင် ထုံကူးရလွယ်သဟဲ့ ။ အခု အေးချိုက အပျိုမဟုတ်တော့ ငါ့မှာ အတော်ခက်ခဲတယ်။ ဘယ်လိုလဲ နင် သဘောတူသလား ”
နတ်ဆိုး မထီတရီ ပြုံးလိုက်သည်။ ပြီးတော့ ခေါင်းငြိမ့်ပြလိုက်၏။
သို့ဖြင့် နတ်ဆိုးနဲ့ စုန်းမ မိညို အပေးအယူ သဘောတူခဲ့ကြလေသည်။
အင်ကုသည် သူ၏ သခင် ကံဆောင်ထံ အပြေးလေး သွားပြောရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်၌
သူ့အား လက်ပံပင်နတ်ကွန်းမှ အတင်းဆွဲလေါ်ခြင်း ခံလိုက်ရလေသည်။
အင်ကု နတ်ကွန်းထဲက သူ၏ ရုပ်တုကို ကြည့်၍ အလွန်အံဩသွားသည်။


ရုပ်တုကိုယ်ပေါ်သို့ မိန်းမတယောက်သည် ဆိတ်တကောင်၏ လည်ချောင်းသွေးများဖြင့် အားရပါးရ လောင်းချ ပူဇော်နေသည်မဟုတ်လား ။
အင်ကု ခန္ဓာကိုယ်ထဲသို့ စွမ်းအင်တခု စီးမျောလာသည်။ အင်ကုသည် ခါတိုင်းနဲ့မတူ မျက်လုံးများက နီရဲလာပါ၏။
နတ်ကွန်းအနီးက မိန်းမသည် စိတ်တိုင်းကျ သွေးများ လောင်းသွန်ချပြီး သူ့ဘက် လှည့်လာသည်။
အင်ကု အလွန်အံဩသွားသည်။
ထိုမိန်းမသည် အခြားသူမဟုတ်။ သူ တခါက ပြုစားခဲ့သော နတ်ကတော် ဒေါ်မိန်းကလေးပင် ဖြစ်လေ၏။
နတ်ကတော် ဒေါ်မိန်းကလေးသည် ပြုံးနေ၏။ သို့သော် သူမ အပြုံးက လျို့ဝှက်လွန်းလှသည်။ အင်ကုသည် လူတယောက်၏ အတွင်း စိတ်ကို မမြင်နိုင်ပါ။ သို့သော် သာမန်လူတို့ထက် ရိပ်စားမိလေ၏။
အင်ကု ခံစားချက်တို့ မကောင်း။ ဒေါ်မိန်းကလေးသည် ယဇ်ပူဇော်၍ ဘာကို ဆုတောင်းမည်နည်း။
နတ်သူငယ် အင်ကု ၏ မျက်လုံးသည် ရဲသထက် ရဲလာ၏။ မီးထိုးခံရသော ပတ္တမြားသွေးကဲ့သို့ပင်။
ထို့အတူ ကောင်းကင်သည် ထူးခြားစွာ၊ လရောင်ကြောင့် ဖွေးလွမနေပဲ နီမြန်းလို့ လာပါ၏—။

ပီပီ(မန္တလေး)
အပိုင်း(၁၂)ဆက်လက်ဖတ်ရှုပါရန်-

Leave a Comment