အင်ကု မှင်စာ – အပိုင်း(၁၃)

” အင်ကု မှင်စာ “- အပိုင်း(၁၃)
ရေးသားသူ— ပီပီ(မန္တလေး)
++++++++++
အခန်း ၂၈။

ထိသိ မှတ်နေရာမှ အတင်း လှုပ်နှိုးခြင်း ခံရသူပမာ ကံဆောင်၏ နားထဲသို့ လှုပ်ရှားသံအချို့ ဆူညံလာ၏။မျက်လုံးအစုံကို မှိတ်ထားသော်လည်း သူ၏ ဆဌမအာရုံ၌ မကောင်းသည့် အငွေ့အသက်တို့ ထင်ဟပ်လာ၏။
အသံသည် သူ ထိုင်နေရာ လူသေတွေ မြုပ်နှံထားသော မြေပုံများ အကြားမှ လှုပ်လှုပ်ရွရွ ထွက်ပေါ်လာခြင်း ဖြစ်၏။
” ဖလော ဖလော — ”
မြေပြင်ပေါ်သို့ တရွတ်တိုက် ဆွဲယူခံရသည့် အသံ။မည်သို့သော် အရာကို ဆွဲယူလာသည်မသိ။
တဖြည်းဖြည်းနှင့် ထိုအသံသည် ဝေးရာမှ နီးလာ၏။
ကံဆောင် စိတ်ကို အတည်ငြိမ်ဆုံးဖြစ်အောင် သတိချပ်လိုက်သည်။ မျက်စိမှာ မှိတ်ထားလျက်ပင် ရှိ၏။
ဝှစ်ခနဲ သူ့ထံ တည့်တည့်မတ် ပြေးဝင်လာသော အသံကြောင့် ကံဆောင်သည် လက်ထဲမှ သံသေဓားကို ဓါးအိမ်မှ မချွတ်ဘဲ ကန့်လန့်ခံလိုက်သည်။
” ဒုတ် ”
ဓါးအိမ်ပေါ်ကို ပြင်းစွာ လာရိုက်ခတ်သံ ကြားလိုက်ရပြီး ကံဆောင် ထိုင်နေလျက် အနောက်သို့ အနည်းငယ် ရွေ့သွား၏။
မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ သူ့ရှေ့တည့်တည့်တွင် မပီဝိုးတဝါး အရိပ်မည်းကြီး နှစ်ကောင်ည် ဘယ်ညာမှ ရန်သတ္တုပြုရန် အသင့်အနေအထားဖြင့် ရပ်နေကြသည်ကို မြင်တွေ့လိုက်ရလေ၏။
ကံဆောင် ထိုင်နေရာမှ ဆတ်ခနဲ မတ်တတ် ထရပ်လိုက်ပြီး အခြေအနေကို စောင့်ကြည့်၏။
ညာဘက်မှ အရိပ်မည်းကြီးသည် ကံဆောင် မတ်တတ်ရပ်သည်နှင့် ၎င်းကိုင်ဆောင်ထားသော ဆူးသွားပါတင်းပုတ်ဖြင့် ကံဆောင်၏ ခေါင်းကို အပြင်းထန် ရိုက်ခွဲသည်။ ကံဆောင် ခုနက ကြားရသော တရွတ်တိုက်သံသည် ဤတင်းပုတ်ကို တရွတ်ဆွဲလာသည့် အသံဖြစ်လိမ့်မည်။
ကံဆောင် မာန်သွင်းအော်သံပြု၏။
” ဟိတ်! ”
ဆက်တည်းပဲ ကံဆောင် ခေါင်းရောကိုယ်ပါ ထိုအရိပ်မည်းဆီသို့ တိုးဝင်လိုက်သည်။ တင်းပုတ်သည် ကံဆောင်ကို ကျော်၍ မြေပုံပေါ်သို့ ကျသွား၏။
” ဘုန်း ! ဖရော ”
မြေပုံကို တင်းပုတ် ရိုက်မိသောအသံ၊ မြေစာပုံမှ မြေကြီးများ ဖွာခနဲ လွင့်စင်သံ ရောထွေး ထွက်ပေါ်လာသည်။
ကံဆောင်ကား လှုပ်ရှားရင်း သံသေဓားကို ထုတ်ယူပြီး ဖြစ်နေ၏။
တင်းပုတ်ကိုင် အရိပ်မည်းကြီးမှာ ၎င်းနှင့် လက်တကမ်းအကွာ ရောက်နေပြီဖြစ်၏။
ကံဆောင် တွေဝေမနေပါ။
လျစ်ခနဲ မြန်ဆန်စွာ ထိုအရိပ်မည်းကြီး၏ ဘယ်ဘက်ရင်အုံပေါ်သို့ သံသေဓါးဖြင့် မိမိရရ ထိုးစိုက်လိုက်သည်။
ငရဲပွက်သံအလား နာကျင်စွာ အော်ဟစ်သံကြီး တခု ထွက်ပေါ်လာ၏။ တခဏချင်းပင် အရိပ်မည်းကြီးသည် ပြာလဲ့ တောက်ပသော မီးပွင့်မီးစများ ထွက်ပေါ်လာပြီး အမှုန်အမွှားများ အဖြစ်သို့ ပြောင်းခါ ပျောက်ကွယ်သွားသည်။
ကျန်သော အရိပ်မည်းကြီးသည် တဆက်တည်းပင် ကံဆောင်၏ နောက်ကျောကို သုံးခွမှိန်းဖြင့် လှမ်းထိုး၏။ ကံဆောင် သည် ၎င်းကိုင်ထားသော သံသေဓါးကို ပခုန်းကို ကျော်၍ ခံပေးလိုက်သည်။ သံသေဓါးနှင့် သုံးခွခက်ရင်းမှိန်းသည် ထိတွေ့ကာ ချွမ်ခနဲ အသံမြည်သွား၏။
ကံဆောင် ကိုယ်ကို တပတ်လည်၍ အရိပ်မည်းကြီးအား တိုက်ခိုက်ရန် ပြင်လိုက်သည်။
ဟင်! အရိပ်က ၃ခုတောင် ဖြစ်နေပါပေါ့လား
ကံဆောင်အား တစ္ဆေသည် လှည့်ဖျားခြင်း ဖြစ်၏။
မိစ္ဆာသည် သူ၏ မူလရုပ်သဏ္ဍာန်အား ၃ကိုယ်ခွဲ ပွါးလိုက်ဟန်တူ၏။ ခက်ရင်းခွ ကိုင်ဆောင်ထားသော အရိပ်မည်း ၃ခုသည် ကံဆောင်အား တိုက်ခိုက်ရန် ရှေ့သို့ လှမ်းချင်း တိုးလာကြလေသည်။
ကံဆောင် နောက်သို့ ခြေလှမ်း ၃လှမ်းမျှ ဆုတ်ပေးလိုက်ပြီး လက်ထဲက သံသေဓါးကို အမိန့်ပေးလိုက်သည်…
ဟဲ့ သံသေဓါး ၊ ငါသခင် နင့်ကို အမိန့်ပေးတယ်။ မူလရင်ကို ထိုးဖေါက်ချေစမ်းဟဲ့
ကံဆောင်သည် သံသေဓါးကို ပါးစပ်က အမိန့်ပေး၍ လက်မှလွှတ်လိုက်သည်။
ဓါးသည် ညာဘက်အစွန်က အရိပ်မည်းထံ လျင်မြန်သော အဟုန်ဖြင့် ပြေးဝင် တိုက်ခိုက်တော့လေ၏။
” ချွမ် ချွမ် ”
အရိပ်မည်းသည် သူ့ထံတိုးဝင် တိုက်ခိုက်လာသော သံသေဓါးကို အလူးအလဲ ပြန်လည် ခုခံနေရ၏။
ကံဆောင့်ထံမှ အမိန့်သံ ထပ်မံထွက်ပေါ်လာ၏။
” ငါဆရာ အမိန့် —
ဓါးကိုစင်းည် အသွားထက်သော မြှားကိုးစင်း ဖြစ်စေ ”
သံသေဓါးသည် ကံဆောင်ထံမှ အမိန့်သံကြားသည်နှင့် ချက်ချင်း ဓါးကိုးချောင်းအဖြစ်သို့ တိုးပွားလာ၏။
ဓါးဦးတို့သည် အရိပ်မည်းကြီးထံ လျစ်ခနဲ လျစ်ခနဲ အတင်း တိုးဝင် ထိုးဖေါက်ကြလေသည်။
အရိမည်းကြီး၏ ကိုယ်သည် ဓါးဦး ထိသည်နှင့် မီးပွင့်များ တောက်ပကုန်၏။ လောင်ကြွမ်းကုန်၏။ မကြာချေ ထိုအရိပ်မည်းလည်း ပြာစပြာမှုန်ဘဝသို့ ပြောင်းသွားလေ၏။
ထိုအခိုက် ကံဆောင့်အနောက်မှ လက်ခုပ်တီးသံ ကြားရလေ၏။
” ဖျောင်း ဖျောင်း ဖျောင်း ”
” ကောင်းလိုက်တဲ့ သံသေဓါး၊ တော်လိုက်တဲ့ သံသေဓါးသခင် ၊ လိုက်ဖက်ပါ့ပေတယ်ဗျာ ”
ကံဆောင် သံသေဓါးကို ပြန်ခေါ်၍ ဓါးအိမ်တွင်း ပြန်သွင်းလိုက်သည်။
” ချပ် ”
ပြီးနောက် လက်ခုပ်သံ ထွက်ပေါ်ရာသို့ လှည့်ကြည့်လိုက်သည်။
သူနှင့် ၁၅ပေ အကွာလောက်၌ ဖြူလွသော ဝတ်စုံ၊ ပြောင်လက်သော ဦးပြည်းကတုံး၊ ကြီးမားသော ပုတီးစေ့ ၁၀၈လုံးပါ စိပ်ပုတီးကြီးကို လည်ပင်းမှာ ဆွဲထားသော စူဖြိုးလှသည့် ဗိုက်နှင့်ဖိုးသူတော် တပါးကို တွေ့လိုက်ရသည်။
ဤနယ်တကြောမှာ ယင်းဖိုးသူတော်ကို ကံဆောင် တကြိမ်တခါမျှ မမြင်ဖူးခဲ့ချေ။ သို့သော် အင်းကုန်းသုသာန်သည် တခြားသောနယ်ပယ်မှ လူသူတော်တို့လည်း လာရောက်၍ သုသာန်ဓုတင် ဝင်ကြသည့် အစဥ်အလာရှိပေရာ ယင်းဖိုးသူတော်ကိုလည်း ထိုကဲ့သို့ပင် မှတ်ယူလိုက်လေ၏။
ကံဆောင်က နုတ်ဆက်စကားဆိုလိုက်သည်။
” ဖိုးသူတော်ကြီးက ဘယ်အချိန်ကတည်းက ရောက်နေတာလဲ ၊ အင်းကုန်းသင်္ချိုင်းကို လာလည်တဲ့ အာဂန္တုထင်ပါရဲ့”
ဖိုးသူတော်ကြီးက မဖြေ။ ရုတ်တရက် သူရှိသောနေရာနှင့် ၆ပေခန့်ဝေးသောမလှမ်းမကမ်းက မြေပုံ တခုပေါ်သို့ နှစ်ဆင့်တိုင်တိုင် လှမ်းခုန်လိုက်၏။ တခါခုန် သုံးလေးပေ မက ရောက်လေ၏။
ကံဆောင် အံဩနေ၏။ ဖိုးသူတော်သည် လမ်းမလျှောက်ပဲ ခုန်၍ ရွေ့လျားလိုက်သည်မဟုတ်လား။
ကံဆောင် အံဩသွားသည်ကို ဖိုးသူတော်ကြီးက ရိပ်စားမိ၏။ထို့ကြောင့် ဤသို့ စကားဆိုလေ၏။
” မောင်ပြောသလို အာဂန္တုပဲ ဆိုကြပါစို့ ။ အော် ကြုံတုန်း ပြောရအုံးမယ် ။ကျုပ်ကျင့်စဥ်က တခြားသူတွေနဲ့ မတူဘူး မောင်ရင်ရ၊ ဒါကြောင့် အဓိဌာန် မပြည့်မချင်း ဒီလိုပဲ တနေရာကနေ တနေရာကို ခုန်ပြီး သွားရတယ်၊
အဟေးဟေးဟေး ၊ ဘယ်အချိန်က ရောက်နေလဲဆို မောင်ရင်နဲ့ အရိပ်မည်းတစ္ဆေနှစ်ကောင် စတိုက်နေကတည်းက ရောက်နေတာပေါ့ ၊ လိုအပ်ရင် မောင့်ကို ကူဖို့ပါပဲ၊ ဒါပေမဲ့ ကြည့်ကောင်းတာနဲ့ ဒီအတိုင်း ကြည့်နေလိုက်မိတယ် ”
ကံဆောင်၏ စိတ်ဝယ် ‘ အင်း— လောကီကျင့်စဥ်ထူးတွေကလည်း ထူးပါ့ဆန်းပါ့၊ ငါ့လို နုနယ်တဲ့ ပညာသင်အနေနဲ့တော့ ဘယ်လိုက်မှီပါ့မလဲလေ ။ သုဘရာဇာကြီးနဲ့တော့ ဒီဖိုးသူတော် သိကြခင်ကြလိမ့်မယ်ထင်တယ်’ ဟုတွေးလိုက်မိသည် ။
” ဖိုးသူတော်ကြီးက ကျုပ်ကို ကူမယ်ဆိုတော့ ၊ ပညာလည်း တတ်ပုံရတယ် ၊ ကျုပ်ဆရာနဲ့ တတန်းတည်းလားဗျ ”
ကံဆောင့်လေသံက မယုံသလိုလို ဆိုတော့ ဖိုးသူတော်ကြီးက ထပ်မံ ရယ်မောပြန်၏။
” အဟေးဟေးဟေး … မောင့်ဆရာ သုဘရာဇာကိုတော့ မှီဟန်မတူပါဘူး ။ ဒါပေမဲ့ ဂမ္ဘီရ ပညာရပ်ဆိုတာ လိုက်စားမကုန်ဘူးကွဲ့ ၊ မြေ ၊ ရေ ၊ လေ၊ မီး သူ့နေရာ သူ့နယ်ပယ်အသီးသီးမှာတာ့ လူစွမ်းကောင်းကြည့်ပါပဲ ။ ဘယ်သူ့ ဘယ်သူမှ သာတယ်မတ်တယ်ရယ်လို့ မရှိပါဘူး။ ဦးသူတော်က ဘာစွမ်းလဲလို့ မေးရင်တော့ …”
ဖိုးသူတော်ကြီးသည် သူ၏ ကြီးမားသော စိပ်ပုတီးကြီးက ပုတီးစေ့အချို့ကို ပွတ်သပ်ရင်း ပါးစပ်ကနေ ရွတ်ဖတ်လိုက်သည်။
” ဝုန်း … ”
” ဝုန်း … ”
၎င်းတို့နင်းထားကြသော မြေပုံမို့မို့လေးများမှအပ၊ ကျန်သော မြေပုံမို့မို့လေးများထံမှ ဟုတ်ခနဲ ဟုတ်ခနဲ မီးတောက်များ ထတောက်ကြလေ၏။
ဖိုးသူတော်ကြီးသည် ထိုမီးတောက်များကို ကစားပြလေ၏။
မြေပုံတပုံမှ မီးတောက်သည် တခြားမြေပုံမှ မီးတောက်နှင့် ကူးလူးပေါင်းယှက်ပြ၏။
၁၀ပေခန့်အမြင့်ရှိသော လေဟာပြင်၌ မီးတောက်တို့သည် ကခုန်မြူးတူးပြကြ၏။ မီးလုံး မီးတောက်များကို လေထဲမှာ ခြင်လုံးသဖွယ် ခတ်ကစားပြ၏။ အလွန်ကြည့်ကောင်းလေ၏။
ဤသို့ဆိုလျင်ထိုမီးလုံးမီးတောက်တို့ကို ဖိုးသူတော်ကြီးသည် သူညွှန်ရာသို့ ပြေးသွားတိုက်ခိုက်စေနိုင်သည်၊ အမိန့်ပေးနိုင်သည်မှာ သံသယဝင်စရာ တစက်မှ မရှိချေ။ ကြောက်မက်ဖွယ်ရာ ပညာရပ်တည်း။
ကံဆောင်သည် ဖိုးသူတော်ကြီးကို မျက်ခြေမပြတ် အကဲခတ်နေ၏။ ဖိုးသူတော်ကြီးသည် ယခုချိန်ထိ သူ့အား ရန်မပြုသေးသော်လည်း မိတ်ဆွေဟု တထစ်ချ ယုံကြည်လို့မရသေးဟု ထင်မှတ်မိသည်။ သူနှင့် စကားပြောနေသည့် အခိုက်အတန့်အတွင်း ဖိုးသူတော်ကြီးသည် မျက်တောင် တချက်မျှ ခတ်သည်မတွေ့ရ။ ထို့ကြောင့် ကံဆောင့်စိတ်ဝယ် မသိုးမသန့် ခံစားနေရသည်။
လူသားဆိုလျင် မျက်တောင်ခတ်ရမည်မဟုတ်လော။ ဖိုးသူတော်ကြီးသည် ဖန်ဆင်းထားသော နာနာဘာဝလော။
ဤညသည် သူ၏ ပညာအရည်အချင်းကို စစ်ဆေးသည့် ညဖြစ်၏။ အချိန်အားဖြင့် မကြာသေးချေ။ ထို့ကြောင့် ဖိုးသူတော်ကြီးအပေါ် သံသယဝင်လာ၏။
ကံဆောင် သံသေဓါးလက်ကိုင်ရိုးပေါ် လက်တင်လိုက်၏။ ထိုအချင်းအရာကို ဖိုးသူတော်ကြီးက မြင်သွားသည်။
ဖိုးသူတော်သည် ကံဆောင့်ထံ မီးလုံးတလုံး အရှိန်ပြင်းပြင်းနဲ့ လွှတ်လိုက်သည်။
ကံဆောင်သည် ဘယ်ဘက်သို့ တတောင်မျှ ရွေ့လျား ရှောင်တိမ်းလိုက်သည်။ ကံဆောင် ရွေ့လျားသည့်ဘက်သို့ ဖိုးသူတော်ကြီးက မီးလုံးများ ဆက်ပစ်ပေါက်ပြန်သည်။ ကံဆောင် ထပ်မံရှောင်တိမ်းပေးရပြန်သည်။
မီးလုံးများသည် ကံဆောင်ကို မထိမှန်ပဲ အနောက်က မြေပုံများပေါ်သို့ ကျရောက် ပေါက်ကွဲကုန်၏။
ဒီတခါ ကံဆောင်သည် ပစ်လွှတ်လာမည့် မီးလုံးများကို ရှောင်ရှားရန် မပြုတော့ဘဲ၊ ရင်ဆိုင် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်၏။
ကံဆောင် ခြေအစုံကို အသင့်အနေအထား ကားယားခွလိုက်ပြီး လက်ထဲက ဓါးအိမ်မှ သံသေဓါးကို အမိန့်ပေးလိုက်သည်။
” ဓါးစင်္ကြာဟဲ့ သံသေဓါးရဲ့ ”
ဓါးသည် ဓါးအိမ်မှ သူ့အလိုလို ထွက်လာ၏။ ထိုအချိန် ဖိုးသူတော်ကြီးက ကံဆောင်ထံသို့ မီးလုံးများဖြင့်အဆက်မပြတ် ပစ်လွှတ် တိုက်ခိုက်လေသည်။
သံသေဓါးသည် လာသမျှ မီးလုံးများကို ကံဆောင်၏ အရှေ့မှနေ၍ စင်္ကြာသဏ္ဍာန် မွှတ်နေအောင် လည်ပတ်ရင်း မီးလုံးများကို ရိုက်ခတ်ဖယ်ရှားပေးလေ၏။
မီးလုံးများ ပစ်လွှတ်နေသော ဖိုးသူတော်ကြီးသည် အထက်ဘက်က ပစ်၏။ အောက်ဘက် ပစ်၏။ ဘယ်ဘက်မှ ပစ်၏။ ညာဘက်မှပစ်၏။
ဓါးစင်္ကြာလည်း သူ့သခင် ကံဆောင်အား ဘယ်ယိမ်း၊ ညာယိမ်း ၊အထက်ယိမ်း၊ အောက်ယိမ်း အဘက်ဘက်မှ ကာကွယ်လေ၏။
ကြာသော ဖိုးသူတော်ကြီးသည် အားပျော့လာ၏။ ခြေကုန်လက်ပမ်းကျလာ၏။
ထိုအခါ ကံဆောင်သည် ဖိုးသူတော်ကြီး အလစ်အငိုက်ကို ဖမ်း၍ …
“ဟဲ့ သံသေဓါး … မိစ္ဆာရဲ့ မူလကိုယ်ကို ခုတ်ဟဲ့ ထစ်ဟဲ့တစစီ ဖြဲပါဟဲ့ ” ဟု အမိန့်ပေးလိုက်ရာ ဓါးသည် ဖိုးသူတော်၏ ကိုယ်ခန္ဓာဆီသို့ လှစ်ခနဲ ပြေးဝင်သွားသည်။
ဖိုးသူတော်ကြီးသည် အလန့်တကြားနှင့် နောက်သို့ ဆုတ်ခွာရန် ပြင်၏။ သို့သော် ခလုတ်တိုက်၍ လဲကျသွားသည်။
သံသေဓါးသည် လဲကျနေသော ဖိုးသူတော်ကြီး ကျောမကို ခုတ်ထစ်ထိုးဖေါက်ရန် ပြေးလာသည်မှာ တထွာတမိုက်လောက်သာ လိုတော့၏။
ထိုအချိန် အလွန်လျင်မြန်သောအရှိန်နှင့် ဝါးစိမ်းတုတ်တချောင်းသည် ဖိုးသူတော်ကြီး ကိုယ်အား ထိုးဖေါက် ခုတ်ထစ်တော့မည့် သံသေဓါးကို ကြားခံ ရိုက်နှက် ကာကွယ်လိုက်လေ၏။
သံသေဓါးသည် လူတယောက်က ပစ်လွှတ်လိုက်သော ဝါးစိမ်းတုတ်ကြောင့် ခပ်လှမ်းလှမ်းသို့ လွင့်သွား၏။ကံဆောင် အံဩသွားသည်။ သို့သော် ချက်ချင်းပင် သံသေဓါးအပေါ် အာရုံစူးစိုက်၍ အမိန့်ပေးလိုက်သည်။
” အခုချက်ချင်း ငါ့လက်မှာ လာခစားစမ်းဟဲ့ သံသေဓါး ”
ဓါးသည် ကံဆောင့်လက်သို့ ပြန်ရောက်သွား၏။ ကံဆောင် ရန်သူအသစ်ကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။
သို့သော် …
ကံဆောင် ထပ်မံ အံဩသွားရပြန်၏။ ဝါးစိမ်းတုတ်နဲ့ ပစ်လွှတ်သူမှာ တခြားသူ မဟုတ်။ သူ၏ ဆရာသခင် သုဘရာဇာကြီး ဖြစ်နေသောကြောင့်ပင်။
” ဟကောင် ကံဆောင် ၊ တော်တော့ဟ ၊ မင်း စာမေးပွဲအောင်ပြီ ၊ သံသေဓါးက မင်းရဲ့ အခိုင်းအစေကျွန် ဖြစ်သွားပြီ ။ မင်း ပိုင်သွားပြီ ။ ဟူး ငါ အရောက်မြန်လို့ပါလား ”
ထိုအခါမှ လဲကျနေသော ဖိုးသူတော်ကြီးသည် လူးလဲထလာပြီး —
” အံမယ်လေး သုဘရာဇာကြီးသာ အချိန်မီ ရောက်မလာရင် ကျုပ်အဖြစ်ကတော့ တွေးရဲစရာတောင်မရှိဘူး ။သံသေဓါးက ကျုပ်ကိုယ်ကို နုတ်နုတ်စင်းပစ်မယ့် သဘောရှိတယ်။
ကံဆောင်က ခင်များ တပည့် ပီသပါရဲ့ဗျာ၊ ခင်များယ်ငယ်ကလိုပဲ လက်စောင်းထက်ချက် လက်လန်တယ် ။ ဓါးကို ဘယ်အချိန်  ဘယ်လိုပုံစံနဲ့ အသုံးပြုရမှာကို သိနေတယ်ဗျ ။ ခင်များ ၃ညပဲ ပညာသင်ပေးတာဟုတ်ရဲ့လား ၊ သူ့ကြည့်ရတာ ၃နှစ်လောက် ပညာသင်ထားခဲ့သလို ရင့်ကျက်ပါပေ့ဗျာ ၊ ကျုပ် သူ့ကို အထင်သေးမိတာ မှားသွားတာ်ဗျို ”
သုဘရာဇာကြီးက သဘောကျစွာ ရယ်မော၏။
” ဟားဟားဟား ”
ဖိုးသူတော်ကြီး ပခုန်းအား လှမ်းဖက်ရင်း
” သူ့ ပါရမီကွ ၊ ငါ သူ့ကို ၃ညထဲ ပညာသင်ပေးခဲ့တာ။ ကျန်တဲ့ ညတွေက သီလ ၊ သမာဓိ၊ သစ္စာ စစ်ဆေးတာလေ။ သမာဓိအား ထူထောင်တဲ့နေရာမှာ ဒီအကောင်က ဇွဲကြီးသဟ ။ မဟုတ်မခံစိတ်ကလေးကလည်း ရှိဆိုလေတော့ တတ်လွယ်တာပေါ့ကွာ ။ အဓိကက သူ့ အားထုတ်ကြိုးပမ်းလေ့လာမှုပဲကွ ။ အင်း တော်ပါတယ်ကွာ ”
ဦးဘသာက ကံဆောင်အား ဖိုးသူတော်ကြီးနှင့် မိတ်ဆက်ပေး၏ ။
“ကံဆောင် … ဒါက တို့ဂန္ဓာရီလောကက ဟိုမရောက်ဒီမရောက် အရူးသူတော်ဆိုတာပဲကွ ၊ အထက်လည်းမရောက် အောက်လည်းမကျ သူထင်ရာ သူလုပ်နေတဲ့ မြေလျှောက်ဝိဇ္ဇာလမ်းလိုက်နေဆဲ ပုဂ္ဂိုလ်ပေါ့ ။ မင်းကို ပညာစမ်းချင်တယ်ဆိုလို့ ငါက ခွင့်ပြုပေးလိုက်တာ။ သူ့လိုင်းက တိုက်ခိုက်ရေး လိုင်းမဟုတ်ဘူး။ သူ ကျွမ်းကျင်တာက လူတွေကို လှည့်စားတဲ့ပညာ။ ဒါပေမဲ့ မင်းနဲ့ကျမှ သူက တိုက်ခိုက်ချင်စိတ် ဖြစ်ပေါ်လာလို့ တိုက်ခိုက်တာကွဲ့။ သူရဲ့ မူလရုပ်အမှန်က ဖိုးသူတော်မဟုတ်ဘူး။ နာမည်ကသာ အရူးသူတော် တွင်တာ သူ့ပုံသဏ္ဍာန်အမှန်က …”
ထိုသို့ ပြောရင်း ဆရာဘသာက အရူးသူတော်၏ ပခုန်းကို ဖိညှစ်လိုက်သည်။ ထိုအခါ မူလရုပ်ပေါ်လာ၏။ နားရွက်ကားကား ၊ မျက်လုံးပြူးပြူးနှင့် ရှေ့အပေါ်သွားမှာ သိသာစွာ ခေါထွက်နေ၏။ ကြည့်ရသည်မှာ ယုန်တကောင်၏ ရုပ်သဖွယ်ပင်။ ရယ်ချင်စရာ ကောင်း၏။ အရူးသူတော်သည် သူ၏ မူလရုပ်ကို ကြာကြာ မပြ။ ကိုယ်ကို တွန့်ခါလိုက်၏။ ခုနက ဖိုးသူတော်ရုပ်သို့ ပြောင်းသွားပြန်၏။
အရူးသူတော်သည် ဦးဘသာနှင့် ကံဆောင်အား နုတ်ဆက်၍ ထိုနေရာမှ ထွက်သွားသည်။
ကံဆောင် ထပ်မအံဩတော့ချေ။ အရူးသူတော်ကား လမ်းမလျှောက်။ တနေရာမှ တနေရာသို့ ခုန်ပေါက်သွားခြင်း ဖြစ်၏။
ခပ်ဝေးဝေးရောက်သည့်အခါ ကံဆောင်၏ မျက်လုံးထဲ အရူးသူတော်သည် ယုန်တကောင်အဖြစ်သို့ ပြောင်းလဲသွားလေ၏။ ကံဆောင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ အရူးသူတော်သည် ယုန်တကောင်ကဲ့သို့ နေထိုင်ကျင့်ကြံနေသောသူဖြစ်မည်ဟု ထင်မှတ်ကာ သဘောကျ၍ ရယ်မောလိုက်ခြင်း ဖြစ်လေ၏။
ကံဆောင် သူ၏ ဆရာသခင်ကို အရိုအသေ ပေးလိုက်သည်။ ဦးဘသာကကျေနပ်စွာဖြင့် …
” ကံဆောင် … မင်းက ငါ့ရဲ့ ပထမဦးဆုံး ပညာသင်တပည့်ကွ ။ မင်း အခုလို တကြိမ်တည်းနဲ့ အရည်ချင်းစစ် ပညာစမ်းသပ်မှုကို အောင်နိုင်တာ ငါ အရမ်း ဂုဏ်ယူတယ်။ မင်း စာမေးပွဲ အောင်တယ် ၊ ရိုးရိုးအောင်တာမဟုတ်ဘူး ။ ဂုဏ်ထူးနဲ့ကွ … ဂုဏ်ထူးနဲ့ ဟားဟားဟား ”

+++++++++

အခန်း၂၉။

ကံဆောင် စာမေးပွဲ အစစ်ခံရသည်ည တညတည်း၌ အင်ကုသည် ရွာအရှေ့ဖျားက ခဝဲတောင်သို့ ရောက်နေ၏။
ထိုခဝဲတောင်သည် အင်းကုန်းရွာသားတို့ ထင်းရှာ၊ မျှစ်ချိုး ဆေးပင်ဆေးရွက်တို့ ခူးရာ တောင်ဖြစ်၏။ သန်း၊ဒဟတ်၊ ရှားစောင်းတို့ ထူထပ်သည်။
အလေ့ကျပေါက်သော တောငှက်ပျောပင်များ ရှိသည်။
စမ်းပေါက်၊ ချောင်းရေ ၊ ရေတံခွန်ငယ်လေးများလည်း ရှိသည်။ သို့သော် တောမထူ။ သားရိုင်းတိရစ္ဆာန်များ မလာကြချေ။ ကျား ဆင်ဆိုတာ ဝေလာဝေး၊ သမင်၊ ဒရယ် ၊ ချေ၊ဆတ်ပင် မမြင်တွေ့ရချေ။ ယုန်တို့ ဖွတ်တို့ ၊ သင်းခွေချပ်တို့တော့ မကြာခဏဆိုသလို မြင်ရ၏။
တကောင်းနယ်နှင့် ထိစပ်နေသဖြင့် မြွေပေါ၏။ အနီးအပါး ရွာသားတို့သည် မိမိအသက်ကို အန္တရာယ် မပေးသ၍ မြွေကို မည်သူကမျှ သတ်ဖြတ်ခြင်း မရှိချေ။
ရှေးအခါ ဂျပန်များ စစ်ပြေးစဥ် ခိုအောင်းဖူးသော ကျောက်လိုဏ်ဂူများက အခုထက်ထိ ရှေးမူမပျက် ရှိနေသေး၏။
ရှေးကဆို ထိုလိုဏ်ဂူထဲမှ သံချေးတက်နေသော ဂျပန်ရိုင်ဖယ် အဟောင်းအနွမ်းများ၊ ဘက်နက်(လှံစွပ်)များ၊ ကျည်အိမ်အလွတ်များ၊ ဂျပန် စစ်ခမောက်များ၊ ဟန်းကော(ထမင်းချိုင့်)များနှင့် လူအသုံးအဆောင် ပစ္စည်းအချို့ ရှာဖွေ တွေ့ရှိလေ့ရှိသည်။
ယခု အင်ကုသည် ထိုလိုဏ်ဂူများအရှေ့သို့ တဂူပြီး တဂူ လျှောက်သွားနေ၏။ အင်ကု တစုံတရာကို ရှာဖွေနေခြင်း ဖြစ်မည်။
လူ့တရပ်လောက်သာရှိမည့် စမ်းကျရေတံခွန်ငယ်လေး တခုအနီးက ကျောက်လိုဏ်ဂူသို့ ရောက်သည့်အခါ ၊ အင်ကုသည် အထဲသို့ စပ်စုဟန်ဖြင့် ကြည့်၏။ သူ၏ နှာခေါင်းကို ဂူအဝသို့ လှည့်၍ တရှုံ့ရှုံ့ဖြင့် အနံ့ခံ၏။
ဂူသည် လူသူအရောက်အပေါက်နည်းဟန်တူ၏။ မျက်နှာစာ၌ ခြုံနွယ်တို့ ပိန်းပိန်းထအောင် ဖုံးလွှမ်းလျက်ရှိသည်။တော်ရုံလူ မမြင်နိုင်ပေ။
တခဏအကြာ အင်ကု မျက်လုံးတွေက ဝင်းလက်တောက်ပသွားသည်။ သူလိုချင်သော အရာသည် ထိုလိုဏ်အတွင်း ရှိနေဟန်တူ၏။ ဝမ်းသာအားရ ဝင်သွားလေ၏။
ဂူအတွင်း ရောက်သည့်အခါ၊ အင်ကုသည် သဲဆန်သော မြေသားရှိသည့် ဂူကြမ်းပြင်တနေရာ၌ ငုတ်တုတ် ထိုင်လိုက်သည်။
အင်ကု သူ၏ လက်ကို မြှောက်လိုက်သည်။ သူ၏ လက်မှ ချွန်ထက်သော လက်သည်းများ ထွက်လာ၏။
အင်ကု ခပ်ပွပွ မြေစာများကို လက်သည်းဖြင့် ခြစ်ထုတ် ယက်လိုက်သည်။ တတောင် နှစ်တောင်ခန့် တူးမိလေသောအခါ အင်ကု လက်က မာသော အရာတခုကို စမ်းမိလေ၏။ ထိုအရာကို ဆွဲယူ မြှောက်ကြည့်လိုက်သည်။
လူသားတယောက်၏ လက်ဖျံရိုး ဖြစ်နေသည်။ အင်ကု ထပ်နှိုက်ပြန်၏။ လက်ထဲကို စတီးပြားပါ ဆွဲကြိုးလေးတခု ပါလာပြန်သည်။
လက်ဖတင်နင် တာကာရှိနို
အင်ကု ကျန်အရိုးစုများကို ဆက်မနှိုက်တော့ပေ။ သူ့အတွက် ဒီလောက်ဆို လုံလောက်ပြီ ဖြစ်၏။
ပြန်ပြူးသော ဂူကြမ်းပြင် နေရာတခုကို ရွေးချယ်၍ အသင့်ယူလာသော ပိတ်စအဖြူကို ခင်းလိုက်သည်။
ထိုပိတ်စအဖြူပေါ်ကို ဂျပန် ဘုရင့်တပ်တော်မှ ဒုဗိုလ် အဆင့်ရှိသော တာကာရှီနို၏ လက်ဖျံရိုးကို တင်လိုက်သည်။ ပြီးလျင် ထောင့်လေးထောင့်အစွန်းတို့ကို အလယ်သို့ စုပုံ ဖုံးလွှမ်းလိုက်ပြီး
၎င်း၏ လက်ညှိုးကို ၎င်း၏ သွားဖြင့် ကိုက်ဖေါက်လိုက်သည်။ လက်ညှိုးမှ သွေးစို့လာ၏။
သွေးစို့လာသည့် လက်ညှိုးကို အဝတ်ဖြူမှ တဆင့် ရေစစ်ခံသကဲ့သို့ ရှိနေသော လက်ဖျံရိုးပေါ်သို့ ညှစ်ချလိုက်သည်။
အင်ကု၏ သွေးတို့သည် အဝတ်ဖြူ တစလုံး နီရဲသွားလေ၏။ ထိုသွေးသည် ဒုဗိုလ်ကလေး တာကာရှီနို၏ လက်ဖျံရိုးထဲသို့ တစိမ့်စိမ့် စီးဝင်သွားကြသည်။
အင်ကုသည် မှင်စာတို့၏ ထုံးစံအတိုင်း ကျိန်စာကို ပြုရလေ၏။
” ငါ့သွေးဖြင့် ကျိန်စာပြုပါသည်။
ငါ့သွေးတို့ လည်ပတ်ကုန်သော ဤလက်ဖျံရိုးသည် အင်းကုန်းရွာသူ၏ သတို့သား ဖြစ်ပါစေ။
ငါ့သွေးသည် လူသားစင်စစ်ကဲ့သို့ ၂၁ရက်တိတိ နေထိုင်ပြုမူ ပြောဆိုနိုင်ပါစေ။
ငါ့သွေးသည် ဇနီးမယားအပေါ် မြတ်နိုးကြင်နာစွာ စောင့်ရှောက်နိုင်ပါစေ။
ထို ၂၁ရက်သောဖန်ဆင်း ကာလအတွင်း ၊ ငါ့အား ငါ့သခင် မမြင်နိုင်ခြင်း ပြစ်ဒဏ်။
ပူဇော်သူတို့အား ဆန္ဒမပြည့်စေသော ငါ့အား အကြည်ညို ယုတ်လျော့၊ ကင်းမဲ့စေသည့်ပြစ်ဒဏ် ။
ထိုပြစ်ဒဏ်တို့အား ငါ ကြည်ဖြူစွာ ရွေးချယ်၏။
ထိုမှတပါး ငါ့ခွန်အားသည် မယုတ်လျော့စေရ။ မတိုးပွားစေရ။
ထိုမှတပါး ငါ့၌ နာကျင်ခြင်း၊ ဆုံးရှုံးခြင်း၊ ဝမ်းသာခြင်း ၊ ဝမ်းနည်းခြင်း တို့သည် မည်သူ့အပေါ်မျှ သက်ရောက်ခြင်း မရှိစေရ။
ဤကျိန်စာသည် ငါနှင့် ငါ့သွေးစီးဆင်းသော ဤ အသက်သွင်း လက်ဖျံအရိုးစု၌သာ အလုံးစုံကျရောက်ပါစေသား ”
လက်ကိုင်ပုဝါ အဖြူသည် သွေးချင်းချင်း နီရဲလာ၏။ အတွင်းက အရိုးစုသည် အင်ကု၏ သွေးကို စုပ်မြိုစားသုံးရင်း ကြီးထွားလာ၏။
မကြာမီ အင်ကုသည် လက်ညှိုးက သွေးတို့ကို ရပ်တန့်၍ ဂူအဝ ရှိရာသို့ တဖြည်းဖြည်း ထွက်ခွါသွားသည်။
အင်ကုသည် နောက်သို့ တချက်မျှ ပြန်လှည့်မကြည့်။ ကျန်ရစ်ခဲ့သော လက်ဖျံအရိုးသည် သွေးဝလေပြီ။ အသားပြည့်လေပြီ။ လူတယောက်၏ ကိုယ်လက်အင်္ဂါ တို့ ပြည့်စုံလေပြီ။
မားမားကြီးရပ်နေ၏။ယခုအခါ အင်ကုက အသက်သွင်းထားသော လူသားအဖြစ် မွေးဖွားလာခဲ့လေပြီ။
ယင်း၏ မူလရုပ်သည် ဂျပန်လူမျိုး စစ်ဗိုလ်ကလေး တာကာရှီနို နှင့် တပုံစံတည်း ဖြစ်လေ၏။ သို့သော် အင်ကုသည် တာကာရှီနိုအား ဒုတ်ယကမ္ဘာစစ်အတွင်းက ဒုဗိုလ်ကလေး တာကာရှီနိုအဖြစ် ဖန်ဆင်းခဲ့ခြင်းမဟုတ်။
ဒုတိယကမ္ဘာစစ်က ဂျပန်တို့၏သမိုင်းကို လေ့လာနေသော တက္ကသိုလ်ကျောင်းသားအဖြစ် အသက်သွင်းခဲ့သည်ဖြစ်ရာ …

+++++++++

အခန်း၃၀။

အင်းကုန်းရွာသို့ ယခု လကွယ်နေ့ နံနက်စောစော၌ စကားပြန်မပါဘဲ၊ ဂျပန် ကျောင်းသား လူချောတယောက် ဧည့်သည်အဖြစ် ရောက်လာပါ၏။
၎င်း၏ အမည်မှာ တာကာရှီနိုဟု သိရသည်။ အံဩစရာ ကောင်းတာက ကျောင်းသား တာကာရှီနိုသည် အင်းကုန်းရွာထဲ ဝင်လာကတည်းက နတ်ကတော် ဒေါ်မိန်းကလေး အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး မေးမြန်း ရောက်ရှိ လာခြင်းပင်။
တာကာရှီနိုသည် အဘယ်မှာ စကားပြန် လိုမည်နည်း။ ဗမာစကားကို ရေလည်စွာ ပြောတတ်သောကြောင့်ဖြစ်၏။
ဒေါ်မိန်းကလေးသည် လွန်စွာ အံဩနေပါ၏။ အဘယ်ကြောင့်ဆိုသော် သူမ မနေ့ညက အိပ်မက်မှာ တာကာရှီနိုကို မြင်တွေ့ခဲ့သောကြောင့်ဖြစ်သည်။ သို့သော် ကျောင်းသား တာကာရှီနိုအဖြစ်တော့မဟုတ် ။ သူမ၏ သတို့သားလောင်း အင်ကု မှင်စာအဖြစ်နဲ့သာ။
အိမ်ထဲဝင်လာသော တာကာရှီနိုက ပြုံးပြနေ၏။ အိမ်အဝ ထွက်လာသော မမိန်းကလေးက သူမ၏ ပါးနှစ်ဖက်ကို လက်ဖြင့် အုပ်ကာလိုက်မိသည်။


အရပ် မနိမ့်မမြင့် ၊ ပြေပြစ်ချောမောသော မျက်နှာ ၊ သွယ်လျလျ ရှိသယောင် ထင်ပေမဲ့ အချိုးကျကျစ်လျစ်သော ကိုယ်ခန္ဓာပိုင်ရှင် လူချော တာကာရှီနို၏ မျက်စိရှေ့မှာ သူမ၏ တင်းတိတ် အမည်းကွက်များ မမြင်စေလိုသည်မဟုတ်လား။
ထိုင်ပါအုံးရှင်ဟု ပြော၍ ကမန်းကတန်း အခန်းထဲဝင်၍ မျက်နှာကို သနပ်ခါးလိမ်းရန် ပြင်သည်။
အပြင်တွင် တာကာရှီနို တယောက်ဘယ်နေရာ ထိုင်ရမည်မသိ။ ဧည့်ခန်းဟု ခေါ်ဆိုရမည့် အပြင်ခန်းတွင် မမိန်းကလေး၏ နတ်ရုပ်တုများနှင့် ပြည့်ကြပ်လျက်ရှိနေသည်မဟုတ်လား။
ကြမ်းပြင်ပေါ်က နေရာလွတ်တခုမှာ တာကာရှီနို ဝင်ထိုင်လိုက်သည်။
အိမ်ခန်းအတွင်းက သနပ်ခါး သွေးသံ ကြားရ၍ တာကာရှီနို ပြုံးလိုက်သည်။
သို့သော် ပြုံးပြီးမှ သူ့အား စူစစူးစားစားကြီး ကြည့်နေသည်ဟု ခံစားရသဖြင့် နတ်ရုပ်တုများရှိရာသို့ လေ့လာလိုက်သည်။
တာကာရှီနိုအား မင်းကြီးမင်းလေးဟု ခေါ်ကြသော တောင်ပြုံးအရှင်နှစ်ပါးမှ မကြည်ပေါက်နဲ့ ဂြိုလ်ကြည့် ကြည့်နေကြသည်ကို တွေ့လိုက်ရ၏။
ကြည့်မှာပေါ့ ။ ကတော်မယားတပါးဖြစ်တဲ့ မမိန်းကလေးက သူတို့ ရင်အစုံကို ခြေကန်လို့ အင်ကုနဲ့ လက်ထပ်ကန္နား ပေးမည်ဟု ပြောနေသံ ကြားရသည်မဟုတ်လား ။

ပီပီ(မန္တလေး)
အပိုင်း(၁၄)ဆက်လက်ဖတ်ရှုပါရန်-

Leave a Comment