အင်ကု မှင်စာ အပိုင်း(၁၄)

အင်ကု မှင်စာ အပိုင်း(၁၄)
ရေးသားသူ-ပီပီ(မန္တလေး)
+++++++++++

အခန်း ၃၁။
インクリングの呪い
(မှင်စာတကောင်ရဲ့ကျိန်စာ)

တာကာရှီနို(高篠) သည် အင်ကုရဲ့ အသက်သွင်းကျိန်စာကြောင့် မွေးဖွားလာခြင်း ဖြစ်ပေမယ့် အင်ကုရဲ့ သွေးတို့ စီးဆင်းနေသော အငှါးရုပ်ခန္ဓာသာ ဖြစ်သည်။ ထို့ကြောင့် ဒုတိယ အင်ကုသာဖြစ်၏။
ဤနေရာ၌ ဒုတိယရုပ်ခန္ဓာ၏ သဘောကို အနည်းငယ် ရှင်းပြလို၏။ ဗမာတို့၏ နာနာရုပ် အသက်သွင်းအတတ်ပညာနှင့် တူသည့်နေရာ ရှိသလို မတူကွဲပြားသည်လည်း ရှိ၏။
အင်ကု မှင်စာသည် မမိန်းကလေးက ဆိတ်တကောင်နှင့် အကြီးစား ယဇ်ပူဇော်မှုကြောင့် ၊ တန်ခိုးပါဝါ အလွန်ကြီးထွားလာပြီ ဖြစ်သည်။ ထို့ကြောင့် မမိန်းကလေး၏ ဆန္ဒကို သူ တတ်စွမ်းသော တန်ခိုးစွမ်းအင်နှင့် ဖြည့်ဆည်းပေးရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
သို့သော် အင်ကုက နားလည်မှုလွဲခဲ့ရှာ၏။ မမိန်းကလေး၏ ဆုတောင်းသည် ဗမာနတ်ကတော်တယောက် နတ်တော်ကောက်ခံရသည် အနေအထားသာ ဆုတောင်းခြင်း ဖြစ်၏။ ဗမာနတ်တို့၏ ထုံးစံက အငွေ့ကိုသာ စားတော်ခေါ်၏။ အတွေ့ကိုတော့ မယူငင်နိုင်။တနည်းတိုရသော် လူသားတွေကဲ့သို့ သံဝါသ မပြုနိုင်ချေ။
ယခု အင်ကုက မမိန်းကလေး၏ ဆန္ဒကို အငွေ့ရော အတွေ့ပါ ပြည့်စုံရန် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် မှင်စာတကောင်၏ ကျိန်စာအသက်သွင်းခြင်းသည် ၂၁ရက်မျှသာ အသက်ရှင် ရပ်တည်နိုင်၏။ထို ၂၁ရက်အတွင်းလည်း အင်ကုသည် ပြစ်ဒဏ် ၂မျိုးကို ခံစားရမည် ဖြစ်၏။
အင်ကု ရွေးချယ်သည်ကား ၎င်းအား သခင် မမြင်ရသော ပြစ်ဒဏ်နှင့် ၎င်းကို အကြည်ငြိုပျက်ခြင်း၊ တန်ခိုးပါဝါ မတိုးပွားခြင်း ပြစ်ဒဏ် ဖြစ်လေ၏။
အစက ပြန်ကောက်သော၊ ယနေ့ညသည် ကံဆောင်က အင်ကုအား ကတိပေးထားသည့်အတိုင်း လကွယ်ည ယဇ်သွေး ပူဇော်မည့် ညဖြစ်၏။
အင်ကု မှင်စာတို့၏ သဘောသည် လကွယ်ည၌ ယဇ်အပူဇော်ခံရပါက အလွန် တန်ခိုးထွားလေ၏။ နောက်တခုက ကံဆောင်သည် အင်ကု၏ သခင်ဖြစ်၏။ သခင်က ပူဇော်သော ယဇ်သွေးကို စားသုံးရပါက အင်ကုသည် ကိုယ်တိုင် လူအဖြစ်သို့ စည်းကမ်းချက် ၉၀နှင့်တူ ရက်အကန့်အသတ်မရှိ နေနိုင်မည် ဖြစ်သည်။ ကြီးစွာသော လာဘ်ကို ယခုတော့ င်ကုခမျာ လွဲခဲ့ချေပြီ ။
ထိုစည်းကမ်းချက် ၉၀အား အင်ကု season – 2 မှ လူအဖြစ်သို့ ဖန်ဆင်းနိုင်ပြီ ဖြစ်သော အင်ကု ၏ ဇာတ်လမ်းတွဲ၌ ဖေါ်ပြတော့မည်။
အင်ကုသည် ပြစ်ဒဏ် ခံစားနေရစဥ်အတွင်း ထိုပူဇော်မှုကို မခံယူနိုင်တော့ပေ။ မတတ်နိုင် အင်ကု မသိ၍ မဟုတ်။ သိသိနှင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ တချိန်က အင်ကု လွန်စွာမှ ချစ်မြတ်နိုးသော ချစ်သူ၏ နုတ်ခမ်းနှင့် အလွန်တူသော နုတ်ခမ်းပိုင်ရှင် မမိန်းကလေးအပေါ် စွဲလန်းနှစ်သက်သွားခြင်းကြောင့် ဖြစ်လေ၏။
နတ်မင်းကြီး၏ လာဘ်ဦးကို အလွဲမခံလို၍ မဟုတ်ချေ။ လာဘ်ဦးကို လွဲသော် လကွယ်ည ယဇ်ကို သူ စောင့်စားရုံသာ။
ယခုတော့ အင်ကုသည် အချစ်အတွက် ၎င်း၏ ကြီးစွာသော လာဘ်ကို ရှောင်လွဲခဲ့လေပြီ။ မိုက်သော အင်ကုပင်။
ဒါ့အပြင် သူဖန်ဆင်းအပ်သော ဒုတိယ ကိုယ်ပွား၏ ခံစားချက်သည် သူ၏ ခံစားချက်သာ ဖြစ်တော့မည်။
ထို၂၁ရက်အတွင်း တာကာရှီနို လက်နာပါက သူ လက်နာမည်။ တာကာရှီနို ခြေထောက်နာပါက သူလည်း ခြေထောက်နာမည် ဖြစ်သည်။သဘောကတော့ တာကာရှီနို ခံစားရသမျှ အင်ကု၌ ဒဏ်ပြန်မည်ဖြစ်၏။
ဤလုပ်ရပ်သည် အင်ကု အတွက် အလွန် စွန့်စားခဲ့ခြင်းဖြစ်၏။ အကယ်၍သာ သခင်ကံဆောင်၏ ရန်သူဖြစ်သော နတ်ဆိုးသာ သိရှိသွားပါက တာကာရှီနိုအား ရန်ပြုလာနိုင်သည်မဟုတ်လော။
လူသားအဖြစ် မွေးဖွားထားသော တာကာရှီနိုသည် အင်ကု၏ သွေးတို့ စီးဆင်းနေပါ၏။ အင်ကု နည်းတူ စွမ်းအင်လည်း ရှိပါ၏။
သို့သော် မမိန်းကလေး၏ အရှေ့၌ ထိုစွမ်းအင်တို့ကို မဖေါ်ပြနိုင်ချေ။ မမိန်းကလေး သိရှိသွားပါက သူ့အဖြစ် ပေါ်မည်မဟုတ်လား။ ဤ၂၁ရက်အတွင်းတော့ အင်ကုသည် ထို့သို့ အဖြစ်မခံနိုင်။
မမိန်းကလေးက သူမထံ ဘာကြောင့် လာသနည်းဟု အင်ကု(တာကာရှီနို)အား မေးမြန်း၏။
(မမိန်းကလေးအား မော်ဒယ်အေဂျင်စီမှ မတင်မိုးလွင်ဟု မြင်ကြည့်ပြီး၊ တာကာရှီနို၏ စကားပြောဟန်ကိုတော့ အဝင်း၏ လေသံနှင့်တူသည်ဟု နားဆင်ကြည့်ကြပါရန်)
” ကျနော် ဒီအရပ်မှာ ကျဆုံးသွားခဲ့တဲ့ ဂျပန်စစ်သားများအကြောင်း လေ့လာရန် လာခဲ့ခြင်း ဖြစ်ပါတယ် ။
ဒီအရပ်မရောက်ခင် တဖက်ရွာမှာ မေးမြန်းစုံစမ်းတော့ ဟောဒီက အစ်မရဲ့ အဖေ ဦးသာလှဟာ အရင်က ဂျပန်မစ်ရှင်အဖွဲ့ကို အများကြီး အကူအညီပေးခဲ့ဖူးတယ်လို့ သိခဲ့ရပါတယ်။
ဒါကြောင့် အစ်မဆီကို လာခဲ့ခြင်း ဖြစ်ပါတယ်ခင်မျ”
မမိန်းကလေး ယုံကြည်အောင် တာကာရှီနိုက ပြောလိုက်သည်။ မမိန်းကလေးက ဝမ်းနည်းဟန်ဖြင့် ခေါင်းငုံ့သွားသည်။ ပြီးတော့ မျက်ရည်ပူများ လိမ့်ဆင်းလာ၏။
” အို! အစ်မ ဘာဖြစ်တာလဲ၊ ကျနော့်စကားမှာ အစ်မအတွက် ဘာဝမ်းနည်းစရာ ပါသွားသလဲခင်မျာ ”
မမိန်းကလေးက မျက်ရည်များကို အသာယာ တို့သုတ်ရင်း …
” အစ်မ ရဲ့ အဖေက လွန်ခဲ့တဲ့ ၄နှစ်ကပဲ ဆုံးသွားပြီကွဲ့ ။၁၉၈၈ အရေးအခင်းကာလကပေါ့ကွယ်။
အဖေ့အကြောင်း လာမေးတော့ သတိရအောက်မေ့မိလို့ပါ ငါ့မောင်ရယ် ”
” အိုး … ကျနော် ထပ်တူ စိတ်မကောင်း ဖြစ်ရပါတယ်ခင်မျာ။ အဲ့ဒီအတွက် တောင်းပန်ပါတယ်နော် ”
သူတို့နှစ်ဦးအကြား ခေတ္တငြိမ်သက်သွားကြသည်။ တာကာရှီနိုက …
” ဒါဖြင့် ကျနော် တခြားမှာ အကူအညီ တောင်းရတော့မယ် ထင်တယ် ၊ ကျနော်က ဦးသာလှကို အားကိုးပြီး ဒီရွာကို လာခဲ့ရတာဆိုတော့ အခက်တွေ့ပြီပေါ့ ဟူး ”
ထိုအခါ မမိန်းကလေးသည် ပျာယာခတ်စွာ …
” ဟယ် … အဖေ့ဆီ လာတဲ့ ဧည့်သည်က အစ်မ ဧည့်သည်ပါပဲ ။ ဒီက မောင်လေး ဘာမှ စိတ်မပူပါနဲ့ ။ အစ်မ ကူညီပါ့မယ်။ ခဝဲတောင်က ဂျပန်စစ်သားတွေ စခန်းချသွားတဲ့ လိုဏ်ဂူတွေဆီ အစ်မ ရောက်ဖူးပါတယ်။ လိုက်ပြပေးမယ်နော် ”
တာကာရှီနို ပြုံးလိုက်သည်။ သူ မနေ့ညက မမိန်းကလေး၏ အိပ်မက်ထဲ ကိုယ်ထင်ပြခဲ့သည်မဟုတ်လား။အိပ်မက်ထဲ၌ မမိန်းကလေး၏ ဖူးစာဖက် ချစ်သူအဖြစ် ခဝဲတောင်မှာသူတို့နှစ်ဦး အတူကြည်နူးခဲ့ကြသေးသည်။
မမိန်းကလေးသည် သူ့အား မျက်စိအောက်က အပျောက်ခံတော့မည်မဟုတ်။
” ဒါဆိုရင် ကျနော် ဝမ်းသာရပြီပေါ့ ၊ တလက်စတည်း အကူအညီ တောင်းခံပါရစေခင်မျာ။ ကျနော့်ကို အစ်မအိမ်မှာပဲ တည်းခိုခွင့်ပြုပါနော်။ တည်းခို နေထိုင် စားစရိတ်ကို အစ်မ တောင်းသလောက် ကျနော် ပေးပါ့မယ်။ ဘယ်လို သဘောရပါသလဲခင်မျာ ”
မမိန်းကလေးခမျာ ဘာဖြေရမှန်းမသိ။ ဝမ်းသာမိသလို ၊ ရှက်ရွံစိတ်ပါ ဖြစ်ပေါ်သွား၏။ဒီအိမ်မှာက သူ တယောက်တည်း နေတာမဟုတ်လား။ပြီးတော့ သူမအိမ်က ကျည်း၏ ။ ၉ပေ လေးခန်းပတ်လည် ၊ ပျဥ်ထောင်ပျဥ်ခင်း နှစ်ထပ်အိမ် ဖြစ်၏။
အပေါ်ထပ်မှာ အခန်းဖွဲ့ထားခြင်းမရှိ။ အောက်ထပ်၌ ရှေ့ ၉ပေ ၂ခန်းသည် နတ်ပုံတော်များနှင့် နတ်အဟောခန်း ဖွင့်ထား၏ ။ နောက်၉ပေတခန်းသည် သူမ၏ အိပ်ခန်းဖြစ်၏။ ကျန် ၉ပေမှာ ထမင်းစားပွဲ၊ ကြောင်အိမ်၊ တိုလီမုတ်စများနှင့် ပြည့်နေ၏။
အခန်းဖွဲ့ထားခြင်း မရှိသော အပေါ်ထပ်သည်လည်းယခင်က ဖခင်ကြီး၏ လယ်ယာသုံးပစ္စည်းများနှင့် ရှုပ်ပွနေ၏။
” ဟို ရတော့ ရပါတယ် ။ အပေါ်ထပ်မှာက မရှင်းရသေးတော့ လူခေါ်ပြီး ရှင်းရအုံးမယ်။ ခဏတော့ စောင့်ပေးနော် ”
တာကာရှီနိုက သွားဖြူတန်းလေးပေါ်အောင်ပြုံးလိုက်ရင်း၊
” ဘာလို့ လူခေါ်မလဲ အစ်မရယ်၊ ကျနော်က ကျောတခင်းစာ ရရင်ပဲ ဖြစ်ပါတယ် ၊ အစ်မနဲ့ အတူတူ …”
” ရှင် ! ..”
အပျိုကြီးခမျာ ရင်တွေတုန်သွား၏။တာကာရှီနို၏ စကားကို ဆက်နားမထောင်ရဲသလို ခေါင်းကို ငုံ့ချလိုက်မိသည်။
ဟင် သူ့စကားကြီးကလည်း ဘာဂလိုတိုတိုကြီးပါလားနော်ဟု တွေးရင်း ကြည်နူးနေသယောင်ပင်။
တာကာရှီနိုက စကားဆက်၏။
” ဟိုလေ … ကျနော်က အစ်မနဲ့အတူတူ ၊ အခန်းသန့်ရှင်းရေး လုပ်မယ်လို့ ပြောတာပါခင်မျာ ”
ခုမှ မမိန်းကလေး အသက်ရှုမိတော့သည်။ နို့မို့ဆိုရင် သူ့ရှေ့က ဖျာကြမ်းက ပေါက်တော့မည်။ အကြောင်းမဲ့ ဖျာကြမ်းကို လက်သည်းနဲ့ ကုတ်ခြစ်နေသည်မဟုတ်လား။
တာကာရှီနိုကတော့ မမိန်းကလေးကို ရွှန်းစားသော မျက်လုံးများဖြင့် ကြည့်နေပါ၏။ မမိန်းကလေးသည် ခိုးကြည့်မိတိုင်း တာကာရှီနို၏ မျက်လုံးများနှင့် ဆုံမိနေတော့၏။
သနပ်ခါး ခပ်ထူထူလိမ်းထားသော ပါးနှစ်ဖက်က မွှေးကြုချင်စရာမို့ဖေါင်းနေ၏။
တာကာရှီနို စိတ်ထဲတွင် မမိန်းကလေးအပေါ် သနားဂရုဏာ သက်မိနေပါ၏။ နှာတံ နှင့် ပါးပေါ်က တင်းတိတ်များကို သူ့အစွမ်းနှင့် ဖယ်ရှားပေးရန် ဆုံးဖြတ်လိုက်ပြီး …
” အစ်မအတွက် ကျနော် လက်ဆောင် ပေးရအုံးမယ်။
ရော့ ဒါလေး ညဘက်ကျ လူးအိပ်နော် ”
မမိန်းကလေးက တာကာရှီနို ကမ်းပေးနေသော ခရမ်ဘူးလေးကို တအံတဩ ကြည့်နေမိသည်။ ဘာဘူးလေးလဲပေါ့။
” စိတ်ချလက်ချ လိမ်းပါ အစ်မ။ ဒါ ဂျပန်ပြည်က ထုတ်တဲ့ တင်းတိတ် နေလောင် အမည်းစက်တွေကို ယူပသ်သလို အကုန်ပျောက်တဲ့ သဘာဝ ခရင်လိမ်းဆေးပါ ။ကျနော် ဗမာပြည်ရောက်တဲ့အခါ နေလောင်ပြီး အသားအရည် ပျက်စီးမှာစိုးလို့ ယူလာခဲ့တာပါ ။ အင်မတန် စွမ်းပါတယ်ခင်မျ ”
မမိန်းကလေးသည် ရှက်ဟန်ဝဲဝဲနှင့် တာကာရှီနို ကမ်းပေးသော ဘူးကလေးကို ယူလိုက်၏။ တာကာရှီနိုက နည်းနည်းလှမ်းနေသဖြင့် ရှေ့တိုးအပေးနှင့် ဆုံနေရာ၊ တာကာရှိနို၏ လက်ကို မမိန်းကလေး၏ လက်က အုပ်ကိုင်မိသလို ဖြစ်သွား၏။
မမိန်းကလေးသည် ရင်ခုန်သံမြန်သွားသည်။ ညိုသောအသားအရေပင် ရဲလာသယောင်ရှိ၏။ သူမတကိုယ်လုံး တုန်ရင်နေသလို သူမစိတ်သည်လည်း ဗရမ်းဗတာ ဖြစ်ကုန်လေ၏။
တာကာရှီနိုကတော့ ပြုံးနေ၏။ မရုန်းဖယ်ချေ။ ထိုအချိန် နတ်ပုံတော်များထံမှ အသံတခု ကြားလိုက်ရသည်။
” ဒုန်း ”
အသံမှာ စင်ကြမ်းပြင်နှင့် နတ်ရုပ်တု ရိုက်ခတ်သံ ဖြစ်၏။ မမိန်းကလေးသည် လက်ကို ပြန်ရုတ်၍ ဘူးကို ယူလိုက်ပြီး နတ်စင်သို့ လှမ်းကြည့်လိုက်သည်။
သူမ စိတ်အထင် တောင်ပြုံးမင်းညီနောင်၂ပါး ရုပ်တုတို့သည် လှုပ်ခတ်သွားသည်ဟု ထင်မိသလို၊ ခုနက ဒုန်းဟူသော ထိခတ်သံအစား တောက်ဟူသော တောက်ခေါက်သံဟု ကြားယောင်မိသွားလေ၏။
တာကာရှီနိုသည် ထိုနတ်ရုပ်တုတို့ဘက်သို့ ခပ်စူးစူး ကြည့်လိုက်၏။ ထိုခဏ၌ သူ့ စိတ်ထဲ စနိုးစနှောင့် ခံစားလိုက်ရသည်။ ခံစားချက် မကောင်း။ လေးလံစိတ် ဖြစ်ပေါ်နေမိသည်။
” အစ်မ စိတ်မရှိရင် ကျနော် တခုလောက် မေးပါရစေ။ ခွင့်ပြုနိုင်မလား ”
“ဟုတ် မေးပါ မောင်လေး၊ ဘာမေးချင်လို့လဲ ”
” အစ်မအိမ်မှာ အစ်မတယောက်တည်း မြင်လို့ပါ။ အစ်မ အိမ်သားက ဘယ်သွားလဲ ”
” အို မောင်လေးကလဲ ဖွေဖွေရှာရှာကွယ် ၊ အစ်မက အပျိုပါ ။ အိမ်ထောင်မပြောနဲ့၊ အခုထိ အဖိုဆို ယင်ဖိုတောင် မသမ်းဖူးသေးတဲ့ အပျိုစစ်စစ်ပါ ။ အိမ်ထောင် မရှိပါဘူးကွယ် ”
မမိန်းကလေး ထိုသို့ပြောမှ ၊ ဘယ်အချိန်က ရောက်လာသည့် ယင်ကောင်လဲ မသိ။ မမိန်းကလေး၏ မျက်နှာ အနီး ဝီခနဲ ဝီခနဲ လာယစ်ဝဲနေလေတော့၏။
မမိန်းကလေးက လက်နှင့် ရမ်းခါသော်လည်း ရှောင်ပြေးမသွား။ တဝီဝီနှင့် ယစ်ဝဲနေလေ၏။ ဧည့်သည်ရှေ့ ယင်ဝဲနေသည့်အခါ မမိန်းကလေးခမျာ ထရိုက်ရခက်နေ၏။
ထိုအချိန် တာကာရှီနိုက ထိုယင်ကာင်ကို လျင်မြန်စွာ လက်ဖြင့် ဖမ်းယူလိုက်သည်။
တာကာရှီနို၏ လက်ညှိုးနှင့်လက်ခလယ်ကြားတွင် ယင်ကောင်သည် ရုန်းကန်နေရှာ၏။
မမိန်းကလေးသည် တာကာရှီနို၏ လျင်မြန်မှုကို အံဏ္ဩဘနန်းဖြစ်နေ၏။ တာကာရှီနိုက ပြုံးလိုက်သည်။ ထုံးစံအတိုင်း သွားဖြူတန်းလေးပေါ်လာ၏။ မမိန်းကလေးသည် ယင်ကောင်ကို မေ့လျော့သွားပြီး တာကာရှီနို၏ ကျက်သရေ ရှိသော အပြုံးကို ငေးမောနေမိသည်။
တာကာရှီနိုက ယင်ကောင်ကို ကြမ်းပြင်သို့ ပစ်ပေါက်လိုက်သည်။
” အု ”
ယင်ကောင်ထံမှ အသံမဟုတ်။ တာကာရှီနို ကျောပေးထားသော နတ်စင်မှ အသံဖြစ်လေ၏။

+++++++++

အခန်း၃၂။

ဓါးဖိုးထွေးကိုယ်တိုင်က အံသြနေမိသည်။ မြသောင်းလို အသက်၂၀ မပြည့်သောကောင်ကို သူက မိတ်ဖွဲ့ခဲ့သည်မှာ လက်အောက်ငယ်သားအဖြစ် သိမ်းသွင်းချင်၍ ဖြစ်၏။
ယခု သူ့တပည် သိန်းမောင်ကို မြသောင်းက ဘယ်လို လုပ်လိုက်သည်မသိ။
သိန်းမောင် ပါးစပ်မှ အမြုပ်တစီစီထွက်ခါ လဲကျသွားသည်ကို မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
” ခင်များ တပည့်တွေက အဲ့သလောက်ပဲလား ၊ ဒါတောင် လူမိုက်ဘွဲ့ခံနေကြသေးတယ်နော် ။ ဟာသပဲ ကိုဖိုးထွေးရ… ဟားဟားဟား ”
ဓါးဖိုးထွေးကိုယ်က မတ်ခနဲ ဖြစ်သွား၏။ ဒီကောင်လေး ခုနေခါ အစွယ် မချိုးမိရင်၊ နောင် ငါ့ခေါင်းပေါ် တက်နင်းနေရော့မယ် ။ ဓါးဖိုးထွေး ဘာလဲဆိုတာ ပြမှဟု ဆုံးဖြတ်လိုက်ပြီး သူ့တပည့် ၂ယောက်ကို မျက်စပစ်ပြလိုက်သည်။
ငဖဲ နှင့် သန်းကျော် ဆောင်ဓါးကိုယ်စီနဲ့ မြသောင်းအား ဘယ်ညာ ဝိုင်းလိုက်ကြသည်။
မြသောင်းက ထီမထင်ဟန်နဲ့ ဓါးဖိုးထွေးအား ခနဲ့တဲ့တဲ့ လှမ်းပြောလိုက်၏။
” ဘာထူးမလဲ ကိုဖိုးထွေးရ ၊ ခင်များပါ တခါတည်း ဝင်ခဲ့ပါလား ၊ အချိန်ကုန် သက်သာတာပေါ့ ဟင်းဟင်း”
ငဖဲက လက်မြန်သည်။ မြသောင်းအား ဓါးဖြင့် စလွယ်ပိုင်း၏။
မြသောင်းသည် ဓါးကို မရှောင်။ စံဖဲထံတိုးဝင်၍ ဓါးကိုင်လက်ကို မိမိရရ ဆုပ်ကိုင်လိုက်သည်။
မြန်လွန်းလှ၍ မြသောင်းကိုယ်ကို စံဖဲ ရိပ်ခနဲသာ မြင်လိုက်ရသည်ည်။ ဓါးကိုင်လက်မှာ လိမ်ချိုးခံလိုက်ရသည်ည်။
” အား နာတယ် နာတယ် လွှတ်ပါဟ ”
လူမိုက်ငဖဲခမျာ မျက်ရည်ဝဲ၍ အော်ဟစ်လိုက်မိလေ၏။ ကျန်သော သန်းကျော်သည် မြသောင်း၏ လျှပ်စီးကဲ့သို့သော မြန်ဆန်မှုကြောင့် ကြောင်အမ်းအမ်း ကြည့်နေမိသည်။
မြသောင်းက ငဖဲ လည်တိုင်အခြေ တနေရာကို လက်ညှိုး လက်မနဲ့ ဖိနှိပ်လိုက်၏။
ငဖဲ အသာအယာ ပျော့ခွေ လဲကျသွားပြန်၏။
ဓါးဖိုးထွေး အားမလိုအားမရဖြစ်ကာ
“ဟေ့ကောင် သန်းဆောင် … မင့့်ပထွေးမို့ ကြည့်နေတာလား။ ဓါးနဲ့ ဝင်ခုတ်လေကွာ၊ ဘာလုပ်နေတာလဲ ”
သန်းဆောင် သူ့ဆရာအသံကြားတော့ သတိဝင်လာ၏။ လူမိုက်ပီပီ ဆရာခိုင်းတာ အကုန်လုပ်တော့လေ၏။
သို့သော် သန်းဆောင် သည် မြသောင်းထံ ဓါးဖြင့် ဝင်ခုတ်ပေမယ့့် လမ်းတဝက်မှာ ရပ်တန့့်သွား၏။
အဘယ်ကြောင့်ဆိုသော် မြသောင်းက ၊ သူ့ခြေထောက်အောက်က မြေစိုင်ခဲတခုကို ခြေဖြင့် ခတ်လိုက်ရာ ၊ ထိုမြေစိုင်ခဲက သန်းဆောင်မျက်နှာကို ထိမှန်သွားသောကြောင့် ဖြစ်၏။
မျက်နှာကို ထိမှန်သော မြေစိုင်ခဲက ကြေမွသွား၏။ သန်းဆောင် မြေအမှုန်များ မျက်လုံးထဲ ဝင်သွား၍ ဘာကိုမှ မမြင်ရတော့ချေ။
သန်းဆောင် ပွတ်သပ်၍ မျက်လုံးကို ဖွင့်ကြည့်ချိန် ၊
မြသောင်းကို မတွေ့ရတော့။
ဘယ်တွေ့ရတော့ပါ့မလဲ။မြသောင်းက ဓါးဖိုးထွေး လည်တိုင်ပေါ် ဓါးတင်ထားပြီးပြီလေ။ ဘယ်အချိန် ဘယ်လို လုပ်လိုက်သည်ကိုပင် သန်းဆောင် မြင်ခွင့်မရလိုက်ချေ။
ဓါးဖိုးထွေးကား မျက်နှာ ဖြူဖျော့နေလေပြီ။သူ နိုင်မယ့့်သူကိုသာ နိုင်စားရဲပြီး၊ သူ့အား နိုင်မယ့့်သူ ပေါ်လာတော့ ချက်ချင်း ဒူးထောက်ခါ
” အ … အ … ငါ့ကို မသတ်ပါနဲ့ မြသောင်းရာ ၊ ငါ မင်းဆီမှာ တပည့်ခံပါ့မယ်နော် ”
တရွာသား နာမည်ကျော် နွားခိုး နွားသတ်သည့့် လူမိုက်ကြီး ။ နာမည်ရှေ့ကနေ ဓါးဘွဲ့ခံ၍ ဓါးဖိုးထွေးဟု ဟိုးလေးတကျော် မိုက်ရဲသတ်ရဲဖြတ်ရဲသော လူမိုက်ကြီးခမျာ တူသားအရွယ် မြသောင်းထံ တပည့်ခံပါမည်ဟု တောင်းပန်နေရလေ၏။
“ဟင်းဟင်းဟင်း
အခုတော့ ဓါးဖိုးထွေးက ဓါးဖိုးပျော့ ဖြစ်နေပါရောလားဗျ။ကဲပါ ရော့ ခင်များဓါး …
ကျုပ် အခုချိန်ခါ ခင်များတို့ကို မသတ်ချင်သေးဘူး ။ ခင်များတို့နဲ့ အလုပ်တခု လုပ်စရာရှိသေးတယ် ”
မြသောင်းက ဖိုးထွေး လည်ပင်းမှ ဓါးကို ရုတ်ကာ ပြန်ပေးလိုက်၏။
မြသောင်း ဓါးဖိုးထွေးအား ကျောပေး၍ ၊ တဲအိမ်ရှေ့က ကွပ်ပြစ်ကြမ်းဆီ လှမ်းသွားသည်။
အကြံသမား ဓါးဖိုးထွေးက ၊ မြသောင်း ကျောပေးသည်နှင့် အနောက်ကနေ ဓါးဖြင့် ထိုးလေ၏။
ကဲကွာ- သေစမ်းဟ-
ဟာ —
ဟင်!
ဓါးသည် မြသောင်းနောက်ကျောထဲ ထိုးဝင်သွားပြီး၊ ဗိုက်ဖက်မှ ဖေါက်ထွက်သွားသည်။
မြသောင်းက “အား”ဟုမအော်ာ်။နာကျင်ဟန်လည်း မပြ။ ဗိုက်မှ ပေါက်ထွက်လာသော ဓါးဦးကိုပင် ကိုင်ကြည့်နေ၏။
ဓါးဖိုးထွေးက လက်ကိုင်ရိုးမှ ကိုင်၍ ဓါးကို ပြန်ဆွဲ ထုတ်ယူသည်။ သို့သော် နုတ်၍ မရချေ။
မြသောင်းက ဓါးဦးပိုင်းကို ကိုင်၍ …
” နောက်ကျောကို ဓါးနဲ့ထိုးတယ်ဆိုတာ ၊ ဒါမျိုးပါလားဗျ … ဟားဟားဟား ”
ဓါးဖိုးထွေး ဓါးကိုင်လက်ကို အလန့်တကြား လွှတ်လိုက်သည်။
မြသောင်း ဓါးဖိုးထွေးဘက်သို့ လှည့်လာသည်။ ဓါးကို ဆွဲနုတ် ယူလိုက်ပြီး ….
” ကိုဖိုးထွေး ခင်များက လူ့ပြည်မှာ မနေသင့့်တော့တဲ့ သတ္တဝါတကောင်ပဲ ”
မြသောင်းသည် သူ့လက်ထဲက ဓါးကိုင်လက်ကို မြှောက်လိုက်သည်။
ကြည့်နေသော သန်းဆောင်က အောင်မယ်လေးဟု အလန့်တကြားအော်လိုက်မိသည်။
အဘယ်ကြောင့်ဆိုသော် ဓါးဖိုးထွေး၏ ဦးခေါင်းသည် ကိုယ်မှ လွင့်စင်၍ မြေပေါ်သို့ လိမ့်သွားသောကြောင့်ပင်။
ဖိုးထွေး၏ ကိုယ်မှ သွေးများက ငေါက်တောက် ပန်းထွက်နေသည်မှာ ဆည်ဝက ရေလွှတ်သကဲ့သို့ပင်။
ဖိုးထွေး၏ ကျန်တပည့်များမှာ မြသောင်း ဗိုက်က ဓါးဒဏ်ရာဟောင်းလောင်းပေါက်ကို ကြည့်၍ အံဩဘနန်းကြီးစွာ ပါးစပ်အဟောင်းသား ဖြစ်နေကြလေ၏။
သွေးလည်း မထွက်၊ တခဏချင်း၌ ထိုဟောင်းလောင်းပေါက်သည် အသားပြန်ပြည့်ကာ နဂိုအတိုင်း ဖြစ်သွားလေ၏။
သို့ပေမယ့့် နဂိုအတိုင်းမဟုတ်ပဲ ပြောင်းလဲနေတာ တခုရှိလေ၏။
အဲ့ဒါကတော့ …
ထူးခြားစွာ မြသောင်း၏ မျက်လုံးများက နီရဲတောက်ပနေသည်။ မိစ္ဆာဆိုးတကောင်၏ မျက်လုံးအစုံမှာ ကြည့်နေကြသူများအတွက် လွန်စွာထိတ်လန့့်ချောက်ချားစရာ ကောင်းနေတော့လေ၏။
မကြာမီ … ဓါးဖိုးထွေး တပည့်များက ဓါးဖိုးထွေး ခေါ်ခိုင်းလိုက်သောသူကို ဆွဲခေါ်လာကြ၏။
သူတို့၏ ဆရာ ဓါးဖိုးထွေး၏ ခေါင်းပြတ်ကို ခြေဖြင့် နင်းထားသော မြသောင်းကို ကြည့်၍ ဘာလုပ်ရမှန်း မသိ ဖြစ်သွားကြသည်။
ငဖဲသည် သတိရလာပြီ ဖြစ်၏။ သန်းဆောင်ထံမှ အဖြစ်အပျက်အစုံကိုလည်း သိပြီးလေပြီ။ ကိုယ်တိုင်လည်း ခံခဲ့ရပြီးပြီ။ အဲ့ဒီတော့သူတို့ ဆရာလို အသက်မသေချင်ရင် ဘာလုပ်ရမလဲ။
ငဖဲနဲ့သန်းဆောင်ဆိုတာ ဓါးဖိုးထွေးရဲ့ လက်ရုံးတပည့်ကြီးနှစ်ဦးလေ။
သူတို၂ယောက် မြသောင်းအား ဒူးထောက် ဦးညွတ် အလေးပြုလိုက်ကြလေ၏။
အဲ့ဒီတော့ …
ဓါးဖိုးထွေးတပည့်အားလုံးသည် မြသောင်းထံ တပည့်ခံလိုက်ကြလေသည်ပေါ့။
မြသောင်းက ဓါးဖိုးထွေး တပည့်များ ဖမ်းခေါ်လာသော ဟန်ဇော်ထွန်းကို ကြည့်၍ သဘောကျသွားသည်။
ဟန်ဇော်ထွန်းကို ငါးစာလုပ်၍ သူ့ညီမ အပျိုချော နှင်းနုကို ခေါ်ထုတ်ရန် အကြံရသွားသောကြောင့် ဖြစ်သည်။


သို့သော် သူ့အကြံပင် နောက်ကျနေပါ၏။
ထန်း၂ပင်လယ်ကွင်းအစပ်က အစောင့်လူမိုက်များက ရုန်းကန်နေသော နှင်းနုကို အတင်းဆွဲခေါ်လာသောကြောင့် ဖြစ်လေ၏။
ဟန်ဇော်ထွန်း အံဩသွားသည်။ နှင်းနု သူ့နောက်က လိုက်လာသည်ကို သူ မသိခြင်းကြောင့် ဖြစ်သည်။
ဟင်! ညီမလေး နှင်းနု
နှင်းနုခမျာ ကျားရိုင်းတို့အလယ် ရောက်နေရှာသော သမင်ပျိုမနှယ်–။
မျက်လုံးလေး ပြူးနေရှာ၏။
မြသောင်း တဖြစ်လဲ နတ်ဆိုးကတော့ စုန်းမ မိညိုအား ပေးခဲ့သော ကတိအတွက် အပျိုစင်မလေး နှင်းနုကို ကြည့်ကာ —
” ဟား ဟား ဟား
ဒီညအတွက် ငါကတော့ ရေကန်အသင့့် ကြာအသင့့်ပါလားနော် — ”
မြသောင်း၏ တပည့်လက်သစ်များကလည်း ခေါင်းဆောင်အသစ် အတွက် နှင်းနုကို ယဇ်ညပူဇော်ပွဲ လက်ဆောင်ဟု သဘောထားကြလေသည်လားမသိ။
တဟားဟားနဲ့သူ့ဆရာရယ်သလို လိုက်၍ရယ်မောကြလေ၏။
ဟားဟားဟား
××××××××

ပီပီ(မန္တလေး)
အပိုင်း(၁၅)ဆက်လက်ဖတ်ရှုပါရန်-

Leave a Comment