အောက်လမ်းဘိုးထင်နှင့်မသေဆေး

” အောက်လမ်းဘိုးထင်နှင့်မသေဆေး “(စ/ဆုံး)
ရေးသားသူ— မောင်တင်ဆန်း
+++++++++++

မောင်ဘိုးထင်တယောက် မိကျော့တို့ နှင့် အတူ အရီးပျို၏ အိမ်သို့ ဟင်းပို့လိုက်သွား၏၊ အရီးပျို၏ အိမ်ထဲ ရောက်သည် အထိ အမြဲ တစာစာညံစီနေတတ်သော အရီးပျို၏ အသံသည်က မကြားရချေ။ မိကျော့သည် အိမ်အောက်ရောက်သည့်တိုင် လူရိပ်လူရောင် မတွေ့သောအခါ
“အရီးပျို အရီးပျို ”
“အေး မိကျော့ အမေက နေမကောင်းလို့ လှဲနေတယ် အိမ်ပေါ်တက်ခဲ့ ”
“‌ဟုတ်ကဲ့ ဟုတ်ကဲ့ ကိုကြီးမင်းနောင် ”
အရီးပျို၏သား ပေပင်ရွာလေး၏ ပြဇာတ်မင်းသားဖြစ်သူ မင်းနောင်၏ စကားသံကြောင့် မိကျော့၊လှရင်၊ မယ်လှ နှင့် မောင်ဘိုးထင် တို့ အိမ်ပေါ်သို့ တက်လိုက်ကြသည် ။ အိမ်ပေါ်သို့ ရောက်သောအခါ ဘေးတစောင်းလှဲနေသော အရီးပျိုအား တွေ့လိုက်ရပြီး ဘေးတွင် သူမနှင့် မတည့်အတူနေ တဦးတည်းသောသားဖြစ်သူ မင်းနောင်မှ နှိပ်နယ်ပေးနေသည် ။ မောင်ဘိုးထင် တို့ ရောက်ချိန်တွင်တော့ အရင်ကကဲ့သို့ သွက်သွက်လက်လက်နှင့် အရီးပျို စကားမဆိုနိုင်တော့ပေ ။ သူ၏သားတော်မောင်ကို လည်း အော်ငေါက်ခြင်းအမှု မပြုနိုင်တော့ပေ။အိပ်ယာလေးထဲ တွင်သာ ဇရာမှ ပေးသော ဗျာဓိကို ခံစားနေရရှာလေသည် ။ မောင်ဘိုးထင်တို့ ရောက်နေသည်ကို သတိထားမိဟန် ရှိသော အရီးပျိုသည် အိပ်ရာ ထဲ မှ တချက်ပြုံးပြလိုက်ပြီး သူမ၏ သားအားကြည့်နေလေသည် ။ထိုအခါ မင်းနောင်သည် မိခင်ကြီး၏ အကြည့်ကို နားလည်စွာဖြင့် ခေါင်းကို ညိတ်လိုက်ပြီး
“မိကျော့တို့ လှရင်တို့ ဘာကိစ္စရှိလို့လဲ ”
“အရီးပျို နေမကောင်းဘူးဆို‌လို့ တည့်မယ် ထင်တဲ့ ဓာတ်စာ လေးတွေ လာပို့တာပါ ”
“အော် အေး အေး အမေက အသက်ကြီးလာလို့ထင်ပါတယ် ဟာ ခုရက် တရှောင်ရှောင် ဖြစ်နေတာ ”
“ကိုကြီး မင်းနောင် ဘာတွေ လုပ်စရာ ရှိလဲ ကျမတို့ ကူလုပ် ပေးခဲ့မယ် ”
“ရတယ် ရတယ် ”
“အိုး အားနာစရာ မရှိပါဘူးတော်၊တရွာထဲသားချင်းတွေပဲ အရီးပျို ရဲ့ အဝတ်တွေ လျှော်စရာ ရှိတယ် မဟုတ်လား ကျမတို့ လျှော်လိုက်မယ် ”
မယ်လှလေးသည် အရီးပျို ရဲ့အဝတ်များအား ရှာဖွေယူကာ လှရင်နှင့် အိမ်အောက်သို့ ဆင်းသွားသည်။မိကျော့သည်က မီးဖိုချောင်ဖက်သို့ ဝင်သွားပြီး ထမင်း၊ဟင်း ချက်ဖို့ ပြင်ဆင်နေလိုက်သည် ။အရီးပျို၏ ဘေးတွင်တော့ မင်းနောင်နှင့်မောင်ဘိုးထင်တို့ နှစ်ယောက်သာ ကျန်နေလေ၏ ။ထိုအခါ မင်းနောင် မှ မောင်ဘိုးထင်အနားသို့ ကပ်လာကာ
“ဘိုးထင် ငါ ငါဘယ်လို လုပ်ရမလဲ ”
“ဘာဖြစ်လို့လဲ ကိုကြီး မင်းနောင် ”
“ငါ့အမေ ကျန်းမာရေးမကောင်းတာ အတော်ကြာနေပြီကွ ဆေးရုံဆေး ခန်း သွားမယ်လို့ ပြောပြန်တော့လည်း ဘယ်မှ မသွားချင်ဘူး သေခဲ့ရင်တောင် သူ့အိမ်၊သူ့ရွာမှာ ပဲ ခေါင်းချမယ်တဲ့ကွာ ငါဘာလုပ်ရမလဲ ပြောပါဦး ”
မင်းနောင်သည် အသံ ခပ်အုပ်အုပ် နှင့် မောင်ဘိုးထင်အား စကားဆိုလာလေ၏။ထို့ကြောင့် မောင်ဘိုးထင်သည် အရီးပျိုကို သေချာကြည့်လိုက်မိသည် ။
“အရင်က တခုခု ဆိုစိတ်မြန်လက်မြန် ရှိသော အရီးပျိုမှာ အိပ်ယာထဲ လှဲနေရ၍ စိတ်မကြည်မသာ ဖြစ်နေဟန်ရှိသည်။ လူကြီးများသည်က ပြောရ‌ခက်ပေသည်။အစွဲအလမ်း မှာ အင်မတန်ကို လွန်းကဲလွန်းလှပေသည်။ကိုယ့်အိမ် ကိုယ့်ယာ ကိုယ်ပိုင်ဆိုင်ခဲ့သည်အရာများရှိသော နေရာတွင်သာ နောက်ဆုံးထွက်သက်ကို အဆုံးသတ်ချင်ကြသည်။သူတို့ စွဲလန်းသည်ကိုလည်း အပြစ်တော့ မမြင်လိုပေ။ခက်ခဲ၊ပင်ပန်းစွာ ကြိုးစားရုန်း ကန်ကြရသည် မဟုတ်ပါလား ။ မင်းနောင်၏ မိခင်ကြီး အရီးပျို ဆို သာ၍ပင် ပင်ပန်းဆင်းရဲ ပေဦးမည်။အဘယ်ကြောင့်ဆိုသော် ယောက်ကျာ်းဖြစ်သူ စောစောဆုံးပါးသွား၍ လူမမယ် ကလေးတယောက် နှင့် ရုန်းကန်လာခဲ့ရ သောကြောင့်ဖြစ်၏ ၊၊တပင်လဲ မူ တပင်ထူ ဆိုသော ရှေးစကားကို ပယ်ရှားကာ ပထွေးသည် ဆယ်ယောက်တယောက်သာ ကောင်း၏ ဟုတွေးပြီး သားဖြစ်သူအား ပထွေးဖြင့် မနေစေလိုသောအကြောင်း ကြောင့်လည်း နောက်ထပ် အိမ်ထောင် မပြုခြင်းဖြစ်သည် ၊၊ ယခုတွင်တော့ လောကဓံကို ခါးစောင်းတင်လာသော မုဆိုးမကြီး အရီးပျိုသည် အိပ်ယာထဲတွင် အားမတန်လို့ မာန် လျော့နေသောဟန် ဖြင့် လှဲအိပ်နေလေသည်။ ထိုအဖြစ် ထိုမြင်ကွင်းအား အမေတခုသားတခုဖြစ်သော မင်းနောင်မှာ လုံးဝ မမြင်လိုပေ။ သူ၏ မိခင်ကြီး သူ့အား ထားရစ်ခဲ့လျှင်ဟူသော အတွေး တစလေးကပင် သူ့ရင်အား စို့နင့် နေစေသည်။၊ မင်းနောင် နှင့် မောင်ဘိုးထင် သည် အတွေးကိုယ်စီ နှင့် တယောက် တယောက် မည်သည့် စကားမှ မပြောပဲ ရှိနေစဉ် မယ်လှသည် အိမ်ပေါ်သို့ ပြန်ရောက် လာလေသည် ၊၊ မယ်လှကို မြင်သော မင်းနောင်သည်
“မယ်လှ ”
“ရှင့် ”
“နင် ငါ့အမေကို ခဏစောင့်ပေးစမ်းပါ ငါနဲ့ ဘိုးထင် လုပ်စရာလေးရှိလို့ အိမ်အောက် ခဏ သွားလိုက်ဦးမယ် ”
“ရတယ် ရတယ် အမလှရင်လည်း အဝတ်လျှော်လို့ ပြီးပြီဆိုတော့ ကျမတို့ စောင့်လိုက်မယ်”
“အေးပါ ”
ထို့နောက်မင်းနောင်သည် မောင်ဘိုးထင်ကို ကြည့်ကာ
“ကဲ ဘိုးထင် ‌ငါ့နောက်ခဏ လိုက်ခဲ့ ဦးကွာ ”
“ဟုတ်ကဲ့ ကိုကြီး မင်းနောင်”
မင်းနောင်သည် ထိုင်နေရာမှာ ထပြီး အိမ်အောက် သို့ ဆင်းသွားလေသည်။ မောင်ဘိုးထင်သည် လည်း မင်းနောင် နောက်သို့ ချက်ခြင်းထကာ လိုက်သွားပါလေတော့ သည် ။

*အခန်း (၂)

မင်းနောင်သည် သူ၏ အိမ် နှင့် မလှမ်းမကမ်းရှိမန်ကျည်းပင်ကြီးအောက်တွင် ခြေပစ်လိုက်ပစ်ထိုင်လိုက်သည် ၊၊ သူ့ကြည့်ရသည်မှာ အတော်ကို စိတ်ဓာတ်ကျနေဟန်လည်းရှိသည် ။ မောင်ဘိုးထင်သည် မင်းနောင်ကို ကြည့်ကာ
“ကိုကြီးမင်းနောင် ဘာတွေ ဖြစ်ပျက်နေတာလဲ ”
“အဲ့တာ ကိုပဲ မင်းကို တိုင်ပင် ချင်လို့ ကွာ ”
“အကိုကြီး မင်းနောင်ကို ကြည့်ရတာ တကယ်ကို စိတ်မချမ်းသာဘူးဗျာ ”
မောင်ဘိုးထင်သည် မင်းနောင်ကို ကြည့်ပြီး သူ၏ စိတ်ထဲ ရှိသည့်အတိုင်းပြောလိုက်ခြင်းဖြစ်သည် ။အရင်က ပြဇာတ် မင်းသား မင်းနောင်သည် သိုင်းပညာကို အတော်ကို စိတ်ဝင်စားကာ အမြဲ သိုင်းလေ့ကျင့်နေသူဖြစ်ပြီး ရပ်ထဲ ရွာထဲ တွင်လည်း ပျော်ပျော် ရွှင်ရွှင်နေတတ်သူဖြစ်၏၊ ယခုတွင် တော့ အရင်က ပုံစံ နှင့် ခြားနားစွာ ရှိနေလေ၏ ။ မင်းနောင် သည် သက်ပျင်း တချက်ကို ချကာ
“ဘိုးထင် ငါ့ကို တခုကူညီကွာ ”
“ပြော ကိုမင်းနောင် ကျုပ်ဘာကူညီရမလဲ ”
“ငါ့ကို ရွာထဲက လူတချို့ပြောဘူးတယ် ပညာသည်တွေက မသေဆေး ရှာတတ်တယ်လို့ပြောတယ် မင်းငါ့ကို မသေဆေးရှာပေးပါလားကွာ ငါ့အမေ သေလို့မဖြစ်ဘူးကွ ”
“ဗျာ အဲ့တာကတော့ ကျုပ်”
“မငြင်းပါနဲ့ကွာ ငါ့အမေကို ဆေးဆရာကြီးကပြောတယ် အခြေအနေသိပ်မကောင်းဘူးတဲ့ ကွ ဆေးရုံတင်ခိုင်းတယ် ဒါပေမဲ့ အမေက မသွားဘူးကွာ အဲ့‌‌ဒီတော့ ငါ့ကို မသေဆေးရှာပေးပါကွာ ငါလည်း လိုက်ပါမယ် ”
“ဟို လေ ကျုပ်”
“လုပ်ပါကွာ ငါတောင်းပန်ပါတယ်၊ငါရှိခိုးတောင်းပန်ပါတယ် ငါ့ကို ကူရှာပေးပါ ”
မင်းနောင်သည် မောင်ဘိုးထင်အား ထိုင်နေရာမှာ လက်အုပ်ချီ ပြီးစကားဆိုနေလေရာ ‌မောင်ဘိုးထင် လက်အုပ်ချီနေသည့် မင်းနောင်အား ထူလိုက်ပြီး
“ဟာ အဲ့လို ကြီးတော့ မလုပ်ပါနဲ့ ဗျာ ဘာပဲဖြစ်ဖြစ် ကျုပ်ကူညီမယ် ”
“မင်း တကယ်ပြောတာ နော် ”
“တကယ်ဗျာ စိတ်ချ အခုတော့ ကိုမင်းနောင် အိမ်ကို ပြန်လိုက်ဦး ပြီးတော့ အရီးပျိုကို ‌စောင့်ဖို့ စီစဉ်ပေးလိုက်။ကျုပ်လည်း မသေဆေးရှာ ဖို့ အစီအစဉ်ချလိုက်ဦးမယ် ”
“အေးအေး အဲ့တာဆို မနက်ဖြန်သွားမယ်ကွာ နော် ”
“အင်းပါဗျာ စိတ်ချ သွားကြတာပေါ့ ”
ထို့နောက် မင်းနောင်သည် မောင်ဘိုးထင်ကို နှုတ်ဆက်ကာ သူ၏ အိမ်သို့ ပြန်သွားလေသည် ။ မောင်ဘိုးထင်သည် သူ့အား ကျောခိုင်းပြီး အိမ်ပြန်သွားသော ကိုမင်းနောင်ကို ကြည့်ကာသက်ပျင်းချလိုက်ပြီး မိခင်ဖြစ်သူ နှင့် သေကွဲခွဲရမည့် အရေးအား အင်မတန်ကြောက်လန့် နေဟန်ရှိသည်။ထို့ကြောင့် ကြားဖူးနားဝ စကားများဖြစ်သည့် သူ၏ အားကိုးရာ ပညာသည် ဖြစ်သော ဘိုးထင်အား နောက်ဆုံးကောက်ရိုး တမျှင် အဖြစ် ဆွဲယူနေခြင်းဖြစ်မည်ဟု မောင်ဘိုးထင် သိထား၏။ထို့ကြောင့် ကိုမင်းနောင်၏ နောက်ဆုံး မျှော်လင့်ချက်လေးအား ဟုတ်သည် ဖြစ်စေ၊မဟုတ်သည် ဖြစ်စေ ကြိုးစားကြည့်မည်ဟုတွေးကာ သူ၏ အပေါင်းသင်းများဖြစ်ကြသာ သာအေးတို့ အား ခေါ်ရန် ထွက်ခွာသွားပါလေတော့သည်။

*အခန်း (၃)

မောင်ဘိုးထင်၊ပေတူး နှင့် သာအေးတို့သည် ဦးအုန်း၏ အိမ်ရှေ့တန်းလျားတွင် ထိုင်နေသည် ။သူတို့၏ မျက်နှာများသည်က ပျော်ရွှင်မနေပါ။ ထိုနောက် ဦးအုန်း အိမ်ပေါ်မှ ဆင်းလာသော အခါ မောင်ဘိုးထင်သည်
“အဘ ထိုင်ပါဦးဗျ ကျုပ် မေးစရာရှိလို့ပါ ”
“အေး မေးကွာ ”
“မသေဆေးဆိုတာ တကယ် ရှိလား ဗျ”
“ဟိတ်ကောင်လေး မင်း ဘာတွေမေးနေတာလဲ လောကမှာလူရယ်လို့ ဖြစ်လာရင် အားလုံး သေရမှာပဲလေ မသေဆေးဆိုတာရှိမယ် လို့ မထင်ပါဘူး ”
“အဘ ရှိလောက်မဲ့ နေရာလေးတွေ ရှိရင် ပြောပြပါလားဗျာ ”
“ဟဲ့ကောင်ရ ရှိမယ် မထင်ပါဘူးဆိုတာကို ငါက ဘယ်လို ဆက်ပြောရမှာ လဲ ”
“မရှိဘူးဆိုရင်တောင် ကျုပ်တို့က တော့ ရှာရဦးမယ် အဘ”
“မင်းတို့ကောင်တွေ ဘာအရူးထ ပြန်ပြီလဲ”
“အရူးထတယ် မဟုတ်ပါဘူဗျာ အရီးပျိုရဲ့ သား ကိုမင်းနောင် နဲ့ တူတူ မသေဆေး အရှာခရီး ထွက်မလို့ပါ ”
“ဟိတ်ကောင် မရှိလောက်မဲ့ ဆေးကို ဘာလို့ ပင်ပန်းခံပြီး လိုက်ရှာ မှာလဲ ကွ ”
“မရှိဘူးလို့လည်း အဘ သေချာ မပြောနိုင်ဘူး မဟုတ်လား ကျုပ်တို့ကတော့ မျှော်လင့်ချက်တွေနဲ့ ကိုမင်းနောင်ကို ကူညီရဦးမယ် ”
“မင်းပြောတာ ငါနားမလည်ဘူးကောင်လေး ”
ဦးအုန်း နားမလည်စွာ နှင့် မောင်ဘိုးထင်ကို ကြည့်နေစဉ် သာအေးမှ ဦးအုန်းအား စကားဆိုလာလေသည် ။
“ဘကြီး ကိုမင်းနောင်ကြီး က သူအမေကို မသေစေချင်သေးဘူးတဲ့ ဗျ”
“ငါတို့ တရွာလုံးကလည်း မသေစေချင်ပါဘူးကွာ ”
“ကိုမင်းနောင်ကြီးကတော့ တခြားသူတွေ ပြောတာကို အတည်ယူပြီး မသေဆေးရှိတယ် ထင်နေတာ ဘကြီးရာ ”
“ဒီကောင် ဘယ်လို ဖြစ်တာလဲမသိဘူး ”
“မသိပါဘူးဗျာ ကျုပ်တို့လည်း ဘိုးထင်ပြောလို့ သိတာ ဘိုးထင် ကတော့ ကိုမင်းနောင်ကြီး စိတ်ချမ်းသာအောင် မသေဆေး ကူရှာ ပေးမယ် ပြောထားတယ် တဲ့ ဘကြီးအဲ့တာ ကျုပ်တို့တွေ မနက်ဖြန် ခရီး ဆက်ကြရမယ် ”
“မင်း တို့က ဘယ်တွေ သွားပြီး ရှာကြမှာလဲ မရှိနိုင်လောက်တဲ့ အရာကို ဘာလို့ရှာ နေမှာလဲ ကွာ ”
ဦးအုန်းမှာ ထိုသို့စကားကို ပြောသောအခါ တချိန်လုံး ငြိမ်ပြီး တန်းလျားပေါ်တွင် ထိုင်နားထောင်နေသော ပေတူးသည် ဦးအုန်းကို စူးစိုက်ကြည့်ကာ
“ဘကြီး ကျုပ်တို့ ချစ်တဲ့ မိဘတွေ ဆုံးရှူံရတော့မဲ့ ခံစားချက်ကို နားလည်ပေးပါ ”
“အေးပါ ပေတူးရယ် ငါနားလည်ပါပြီ ငါက မင်းတို့ ပင်ပန်းမှာ စိုးလို့ပြောမိတာ ပါ ”
“မပင်ပန်းပါဘူးဘကြီးရာ အခုချိန်မှာ အပင်ပန်းဆုံး ဖြစ်နေလောက်တဲ့ ကိုမင်းနောင်ကြီးလောက် ကျုပ်တို့ မပင်ပန်း လောက်ပါဘူးဗျာ ”
“အေးပါကွာ ငါ တခု အကြံ ပေးပါရစေ ”
ဦးအုန်း၏ အကြံပေးပါရစေဆိုသော စကားကြောင့် မောင်ဘိုးထင် တို့ ဦးအုန်းထံ အာရုံစူးစိုက်လိုက်ကြပြီး ဦးအုန်းမှ
“ကောင်လေးတွေ ရိုးမတောနက်ထဲက တချို့ မြိုင်တွေမှာ တပဿီတွေ ရှိတယ် မင်းတို့ သူတို့ကို လိုက်ရှာ ပြီး အကူအညီတောင်းကြည့်ပေါ့ ”
“တပဿီဆိုတာ ဘာကိုပြောတာ လဲ အဘ ”
“ငါအထင်တော့ ကျင့်စဉ် ကျင့်နေတဲ့ လူတွေလားပဲ သိထားတယ် ကျန်တာ ငါလည်း မသိဘူး ”
“လမ်းစတော့ရပြီ အဘ ကျုပ်တို့ မသေဆေး ရအောင်ရှာခဲ့မယ် ပြီးရင် အရီးပျို ကို တိုက်မယ် ကိုမင်းနောင်ကြီးကို အရင်လို ပျော်ပျော် ရွှင်ရွှင် ပြန်နေခိုင်းမယ် ”
“မင်းတို့ တွေးထားသလို ဖြစ်လာပါစေလို့ ငါဆုတောင်းပါတယ်ကွာ ဒါနဲ့ သာရ မပါဘူးလား ”
“ကိုသာရ ကိုတော့ မခေါ်တော့ဘူးအဘ သူ့ကို ကိုဖိုးထွေးကို စောင့်ရှောက်ဖို့ မှာထားတယ်။ကိုဖိုးထွေးဒဏ်ရာက အရှင်းပျောက် သေးတာ မဟုတ်ဘူး ”
“ကောင်းပါတယ်ကွာ အဲ့တာဆို မင်းတို့ တွေ သွားဖို့ လာဖို့ ပြင်ဆင်လိုက်ကြဦး ငါလည်း မပျို ဆီ လူနာ သွားမေးလိုက်ပါ ဦးမယ် ”
ဦးအုန်းသည် မောင်ဘိုးထင်တို့ကို မှာ ကြားစရာရှိတာများ မှာကြားပြီးနောက် ထွက်သွားလေသည်။ထို့နောက် မောင်ဘိုးထင်သည် ပေတူးအား
“ကဲ ပေတူး မင်းက မနက်ဖြန် ခရီးထွက်မဲ့အကြောင်း ကိုမင်းနောင်ကို သွားပြောချေ ”
“အေးအေး ဘိုးထင် ”
“ငါတို့က မနက်ဖြန် ခရီးထွက် ဖို့ လိုအပ်တာတွေ ပြင်ဆင်လိုက် ဦးမယ် ‌”
ပေတူးသည် မောင်ဘိုးထင် စကားဆုံးသည် နှင့် ဦးအုန်း၏ အိမ်ဝိုင်းထဲမှ ထွက်ခွါသွားပါလေတော့သည်။

*အခန်း (၄)

ပေပင်ရွာ၏ အာရုံတက်ချိန်တွင် ဖြစ်သည်။အောင်သန်း နှင့် မောင်မြင့်သည် အိပ်ချင်မူးတူးဖြင့် ရွာလယ်လမ်းအတိုင်း လမ်းလျှောက်လာ နေသည် ။သူတို့ သွားနေသော အိမ်မှာ အရီးပျို၏ အိမ်သို့ ဖြစ်သည်။ကိုမင်းနောင်၏ တောင်းဆိုမှုကြောင့် နောက်နေ့ကစပြီး သူတို့သည် အရီးပျို အိမ်တွင် စောင့်ပြီး အိပ်ရတော့မည်ဖြစ်သည် ။နေ့လယ်ပိုင်းတွေတော့ မိကျော့၊လှရင် နှင့် ဝင်းကြည်တို့ မိန်းမပျို လေးများအလှည့်ကျ အရီးပျိုအား ‌ စောင့်ရှောက်ကြမည်ဖြစ်သည် ။ ပေပင်ရွာလေးတွင် တဦးကို တဦးစောင့်ရှောက်ခြင်းမှာ ရွာဓလေ့ ရပ်‌ဓလေ့ပင် ဖြစ်သည်။ အောင်သန်း နှင့် မောင်မြင့် အရီးပျိုအိမ်ထံ ရောက်သွားချိန် မောင်ဘိုးထင်တို့ လည်း ရောက်ရှိနေပြီ ဖြစ်သည် ။သူတို့သည် စပါးအိတ်များထဲ သို့ ပစ္စည်းပစ္စယ များ ထည့်ထားကြပြီး အရီးပျို၏ အိမ်ရှေ့ တန်းလျားတွင် ထိုင်နေသည် ။သူတို့သည် အောင်သန်းတို့ နှစ်ယောက်အား မြင်သော အခါ
“ဟေ့ကောင်တွေ အခုထိ အိပ်ချင်နေတုန်းလား ”
“မဟုတ်ပါဘူး ဘိုးထင်ရာ ”
“သွားသွား အိပ်ပေါ်တက်တော့ မင်းတို့ကို ကိုမင်းနောင် စောင့်နေတယ် ”
“အေးအေး ”
“အေး မနေနဲ့ အရီးပျိုကို သေချာဂရုစိုက်နော်”
“အေးပါကွာ ငါတို့ တင်မကပါဘူး တခြားသူတွေလည်း လာကြမှာပါကွာ ”
အောင်သန်း နှင့် မောင်မြင့် အိမ်ပေါ်သို့ တက်သွားပြီး အိမ်ပေါ်ရောက်သောအခါ ကိုမင်းနောင်သည် သူ၏ မိခင်ကြီးအား ဦးချ ကန်တော့နေသည်ကို ရေနံဆီ မီးခွက်အလင်းရာင်အောက် တွင် မြင်တွေ့ရသည် ။ယခု အချိန်တွင်တော့ အရီးပျိုသည် စကား ကောင်းစွာ ပြန်ပြောနိုင်နေပြီဖြစ်သည် ၊၊ မင်းနောင်သည် သူ၏ မိခင်အတွက် သူ မသေဆေးရ အောင်ရှာမည်ဟု တွေးလိုက်သည် နှင့် အနည်းငယ် စိတ်သက်သာလာ၍ မသေဆေး ရမည် ဟု လည်း ယုံကြည်နေသည် ။ အရီးပျိုသည် သူမအား ကန်တော့နေသည့် သားဖြစ်သူအားကြည့်ကာ
“မင်းနောင် နင်က ငါ့ကို ဦးချလို့ နေပါလား။နင်တို့ ဘိုးထင် နဲ့ ခရီးထွက်မလို့ ဆို၊သွား သွား အရင်တခါလို ငါ မျက်နှာပွင့် အောင် လုပ်ခဲ့ဦး ”
“စိတ်ချ အမေ ကျန်းမာအောင်နေနော် ။ဒီကောင်တွေကို အားမနာနဲ့ ခိုင်းစရာရှိတာခိုင်း ”
“အေး ငါလည်း ရွာထဲက ကလေးတွေ လာ လာနေမှ စိတ်ချမ်းသာပြီး နေလို့ကောင်းလာသလိုပဲ ရွာက ကလေးတွေကို ငါ ထနိုင်မှ ကောက်ညှင်းပေါင်း နဲ့ အကြော် အ၀ ကျွေးပစ်မယ် ”
“ဟာ အရီးပျို တကယ်ပြောတာ နော် အဲ့တာဆို ကျုပ်တို့ကို ခိုင်းသာ ခိုင်း အား မနာနဲ့ ”
လူမမာ အရီးပျိုသည် အောင်သန်း၏ ကောက်ညင်းပေါင်းစားချင်နေသည့် အားတက်သရောပုံစံကို ကြည့်ကာ ပြုံးလိုက်မိသည်။ထို့နောက် သူမဘေးတွင် ထိုင်နေသော သားဖြစ်သူ မင်းနောင်အား
“မင်းနောင် သွားသွား ငါ့ကို ဘာမှ စိတ်မပူနဲ့ သေမယ်ဆို လည်း သေလို့ရပြီ။ငါ့အသက်က ခုနှစ်ဆယ် နားကပ်လာပြီ။တကယ်ဆို အရီးတောင် မဟုတ်တော့ဘူး အဖွား ဖြစ်နေပါပြီ ”
“အမေ့ကို ကျုပ်ပြောထားတယ် သေတယ် ဆိုတဲ့ စကားတွေ မပြောပါ နဲ့ ဆိုဗျာ နောက်တခါ မပြောတော့ နဲ့ သိလား ကျုပ်သူငယ်ချင်း ကြည်အေးလို ပဲ အမေ မသေခင် ကျုပ်က အရင်သေချင်တာဗျ”
“ဒီကောင်လေးက တော့ ပေါက်က‌ရတွေ သွား သွား ”
မင်းနောင်သည် သူ၏ မိခင်ကြီးအား သေချာကြည့်ကာ အကြိမ်ကြိမ် ဂရုစိုက်ရန် မှာကြားလိုက်ပြီး နောက် မောင်ဘိုးထင်တို့ စောင့်နေသည့်အိမ်အောက်သို့ ဆင်းသွားလိုက်လေသည်။အိမ်အောက်ရောက်သောအခါ သူ၏ တပည့် ချိုးသိမ်းမှာ မကျေမနပ် နှင့် သူ့အား ကြည့်နေပြီး
“ဆရာသမား အတော်ကို သစ္စာမဲ့တာ ပဲ အရေးကြီးတဲ့ ကိစ္စ ခရီးသွားတာတောင် ကြိုမပြောဘူး ‌သာရ ပြောလို့သိရတာ ”
“မင်းကို ပင်ပန်းမှာ စိုးလို့ပါ ကွာ ”
“ဘာမှ မပင်ပန်းဘူး၊လာလာ တော်ကြာ နေမြင့်နေဦးမယ် သွားကြစို့ ”
ချိုးသိမ်းသည် ဓားတချောင်းကို ပခုံးမှာ လွယ်ပြီး ရှမ်းဘောင်းဘီ ဖြင့် သိုင်းသမား တယောက်ကဲ့သို့ ရှေ့ဆုံး မှ ဦးဆောင်သွားရာ မင်နောင်မှ နောက်ကနေပြီး စကားဆိုလိုက်သည် ။
“ဟေ့ကောင် ချိုးသိမ်း မင်းက ဘယ်ကို သွားရမယ်ဆိုတာ သိလို့လား ရှေ့ကနေ ကော့ပက်ကော့ပက် နဲ့ ထွက်သွားတာ ”
“ဟာဗျာ ဆရာသမားကလည်း အခုသွားမှာ ရွာအပြင်ကို မဟုတ်လား ရွာအပြင်ရောက်မှ ဘိုးထင် တို့ကို ရှေ့က သွားခိုင်းမှာပေါ့ဗျာ ”
မင်းနောင် နှင့် မောင်ဘိုးထင်တို့သည် ချိုးသိမ်း၏ စကားကြောင့် တယောက်ကို တယောက်ကြည့်ကာ သိုင်းသမားဟန် ချိုးသိမ်းနောက်မှ လိုက်ပါသွားပါလေတော့သည် ။

*အခန်း (၅)

မောင်ဘိုးထင်တို့ ခရီးထွက်လာခဲ့ရာ နေ့လယ်အချိန်သို့ ပင်ရောက်လာပြီ ဖြစ်သည်။နေ့တဝက်ကျိုး ရွာ‌နှစ်ရွာခန့် ဖြတ်လာပြီးသောအခါ တောင်ယာများဘေးရှိ စိုက်ခင်းများအနီး ‌ရုံးပင်များအရိပ် အောက်တွင်ထိုင်ကာ နားလိုက်ကြသည်။ စိုက်ခင်းအချို့ကို ဖြတ်ပြီး တိုက်ခိုက်လာသော လေနုအေးလေးများကြောင့် ပေတူး နှင့် သာအေးသည် မျက်လုံးများစင်းပြီး ဇိမ်ခံနေကြသည်။ ထို့နောက် မင်းနောင်သည် မောင်ဘိုးထင်အား ကြည့်ကာ
“ဘိုးထင်ရေ ထမင်းစားကြရအောင်ကွာ ဟိုမှာ သခွားပင်လေးတွေ မဟုတ်လား ”
“ဟုတ်တယ်ဗျ ကိုမင်းနောင်ရ ”
“လတ်ဆတ်နေတာပဲကွာ တို့ဘာဟင်းချက်လာတာလဲ ”
“ထုံးစံအတိုင်း ခရမ်းချဉ်သီးနဲ့ ငါးခြောက်ပေါ့ဗျာ ”
“ဟင်းကတော့ သခွားသီးလေးနဲ့ တို့ လိုက်ရ ရှယ်ပဲကွာ ”
မင်းနောင်မှ ထိုသို့ပြောသောအခါ ရှမ်းဘောင်းဘီဝတ် ချိုးသိမ်းသည် သူ၏ ဆရာဖြစ်သူအား
“ဆရာမင်းနောင် သခွားသီးစားချင်လို့လား”
“အေးကွာ စားချင်နေတယ် ”
“ကျုပ်သွားခူးလိုက်မယ် ”
ချိုးသိမ်းသည် ပြောပြောဆိုဆို မတ်တတ်ရပ်လိုက်ပြီး သခွားစင်များဖက် ထွက်သွားရန်ပြင်စဉ် ထမင်းစားရန် ပြင်ဆင်နေသော မောင်ဘိုးထင်မှ
“ကိုချိုးသိမ်း အခင်းရှင်ကို ပြောပြီးခူးခဲ့နော် ဒီဘက်တွေက ကျုပ်တို့ အသိတွေ မဟုတ်ဘူး ”
“အေးပါကွာ စိတ်ချပါ ခိုးမလာပါဘူး ဘိုးထင်ရာ ”
သိုင်းသမားဟန် ချိုးသိမ်းသည် ဟန်ပန်အပြည့်နှင့် ဓားကို ကျောလွယ်ပြီး စိုက်ခင်းများရှိရာဘက်သို့ ထွက်သွားပါလေသည် ၊ မောင်ဘိုးထင်တို့သည် ထမင်းစားရန် ပြင်ဆင်ပြီး၍ ချိုးသိမ်း အလာကို စောင့်နေသည် ။ မကြာသော အချိန်တွင် ချိုးသိမ်းသည် ဆူးမပျောက်သေးသော သခွါးသီးလေးများကို ခူးပြီးပြန်ရောက်လာသည် ။ ထို့နောက် ထမင်းဝိုင်းတွင် ထိုင်ပြီး သူ၏ ဆရာသမား ဖြစ်သော မင်းနောင်၏ပန်းကန် ထဲသို့ သူခူးလာသော သခွားသီးကို အရင်ထည့်ပေးလိုက်ကာ –
“ဆရာမင်းနောင် ရော့ သခွားသီးက အရင့်မရှိဘူး ဒီအနေလေးတွေပဲ ရှိတယ် ”
“မင်း ပိုင်ရှင်ကိုကော ခွင့်တောင်းပြီးခူးလာရဲ့လား ”
“‌ခွင့်တောင်းခဲ့ပါတယ် ဆရာမင်းနောင်ရာ စား စား ”
ဆရာသမားအပေါ် အလိုက်သိတတ်သော ချိုးသိမ်းကြောင့် မင်းနောင် ကျေနပ်ပီတိဖြစ်ကာ သခွားသီးကို အားရပါးရ ခရမ်းချဉ်သီးဟင်း ဖြင့် မြှုပ်စားလိုက်လေသည်။သူ့နည်းတူ ချိုးသိမ်းနှင့် ပေတူးတို့ လည်း စားလိုက်ကြ၏ ၊ မောင်ဘိုးထင် နှင့် သာအေးသည်သာ သခွားသီးကို လက်ကာ ကိုင်ရင်း မစားရသေးပေ။ ထမင်း တစ်လုပ်၊နှစ်လုပ်မျှ စားပြီးချိန်တွင် မင်းနောင် ချိုးသိမ်း နှင့် ပေတူးတို့ ၏ မျက်နှာ များတွင် ချွေးစေးများ စိုရွှဲလာပြီး
“အား နာလိုက်တာ၊ငါ့ဗိုက်ထဲ ကျွဲများဝင်ခတ်နေလား မသိဘူး”
“ဆရာ‌မင်းနောင် ပဲ နာတာ မဟုတ်ဘူး။ကျုပ်လည်း ဗိုက်လည်းနာလာတယ် ဗျာ ”
“ကို ကို ချိုးသိမ်း ခင်ဗျား သခွားသီးက ဒုက္ခပေးပြီထင်တယ်။ ဟိုနှစ်ကောင်က သခွားသီးပဲ ကိုင်ရသေးတယ် မစားရသေးတော့ ဘာမှ မဖြစ်ဘူး ”
ပေတူး၏ စကားကြောင့် မင်းနောင်သည် သူ၏ တပည့်ကျော် ချိုးသိမ်းကို ကြည့်ကာ –
“ဟိတ်ကောင် မင်း ခွင့် ရောတောင်းခဲ့လား ”
“ဟို ဟိုလေ မတောင်း ခဲ့ရဘူး”
“နင်မေကြီးတော်ကြီး ငါ‌တို့ ဗိုက်နာလို့ သေတော့မယ်။အမေတို့မွေးကာနီး ဗိုက်နာတယ်ဆိုတာ ဒီလိုလား မသိပါဘူးကွာ အမလေး ကျွတ် ကျွတ် ”
မင်းနောင်တို့ နာကျင်စွာ အော်ဟစ် နေသည်ကို ကြည့်ပြီး မောင်ဘိုးထင်နှင့် သာအေးတို့သည် သူတို့၏ လက်ထဲမှ သခွားသီးကိုကြည့်ပြီး လွှင့်ပစ်လိုက်ကာ –
“သာအေးရေ ပညာသည် အခင်းက ကိုချိုးသိမ်းခူးခဲ့ပြီးထင်တယ်။ဟေ့လူတွေ ခေါင်းငုံ့ ထားခေါင်းငုံ့ထား ကျုပ်ပြောသလို လိုက်ပြော ကြားလား ”
“အေးအေးပါ မြန်မြန် လုပ်ပါကွာ ငါ့အူတွေ ပြတ်တော့မယ် ထင်တယ် ”
‌မင်းနောင်၊ချိုးသိမ်း နှင့် ပေတူးတို့သည် ဒူးများထောက်ပြီး စိုက်ခင်းများဖက်ကို မျက်နှာမူကာ မြေပြင်နှင့် မျက်နှာထိသည် အထိခေါင်းကို ငုံ့ထားပြီး တုန်ယင်နေကြသည်။ထို့နောက် မောင်ဘိုးထင်သည် ထိုစိုက်ခင်းဖက်ကို ကြည့်ကာ –
“စိုက်ခင်းပိုင်ရှင်ကြီးခင်ဗျာ ကျုပ်တို့ မသိလို့ ခူးစားမိတာပါ။ ပျက်စီးစေဖို့ မရည်ရွယ်ပါဘူး အမိုက်မဲလေး တွေမို့ ခွင့်လွှတ် ပေးပါ ခင်ဗျ”
‌မောင်ဘိုးထင် တိုင်ပေးသည့် အတိုင်း မင်းနောင်တို့ လိုက်ဆိုကြလေသည်။မကြာသောအချိန် တွင် စိုက်ခင်းများဘက်မှ အသက် ခြောက်ဆယ်အရွယ် လူကြီးတဦး ပုဆိုးကို ခေါင်းပေါင်းထားပြီး ကွမ်းဝါးလျက် အင်္ကျီဗလာ ပုဆိုးကွက်ထောက်ကြီးဝတ်ကာ လမ်းလျှောက်လာလေသည်၊ ထိုလူကြီး သူတို့ အနားသို့ နီး လာသည်နှင့် မင်းနောင်တို့ခံစားနေရသော ဗိုက်နာ ဝေဒနာသည် တဖြည်းဖြည်းသက်သာ လာကြသည်၊၊သူတို့အနားသို့ ထိုလူကြီးရောက်ချိန်တွင်တော့ သူတို့၏ ဝေဒနာသည် အံဩစရာကောင်းလောက်အောင် ယူပစ်သလို ပျောက်ကင်းသွားလေ၏။ ပုဆိုးခေါင်းပေါင်းထားသော လူကြီးသည် မောင်ဘိုးထင်တို့ကို ကြည့်ကာ –
“ကောင်လေးတွေ မြန်မြန်တောင်းပန်လို့ တော်သေးတာပေါ့ကွာ ငါလည်း ဒေါသစိတ်က လက်တစစ်ဆိုတော့ မထိန်းနိုင်ဘူးဟေ့ ”
“တောင်းပန်ပါတယ် ဗျာ ကျုပ်တို့က စားချင်လို့ ခူးလိုက်မိတာ ပါ ဒီကောင့်ကို ပိုင်ရှင်ကို ခွင့်တောင်းလို့ ပြောပါသေးတယ် ”
မင်းနောင်မှ ချိုးသိမ်ကို လက်ညှိုးညွှန်၍ စကားဆိုလေရာ ချိုးသိမ်းသည် သူ၏ ဆရာကို ငဲ့စောင်းကြည့်ပြီး –
“ဆရာမင်းနောင်ကို စားစေချင်လို့ပါ ကျုပ်က ပိုင်ရှင်ကိုရှာပါသေးတယ် မတွေ့လို့ ဒီလောက်လေးနဲ့ မသိလောက်ပါဘူးဆိုပြီး ခူးလာမိတာပါ ”
“နောက်မှ ပြော ဆရာကြီးကို တောင်းပန်လိုက်ဦး ”
“ကျုပ် ကျုပ်ခူးမိတာပါ တောင်းပန်ပါတယ်ဆရာကြီးခင်ဗျာ”
“ရှိစေတော့ ငါလည်း ‌ဟိုဝါးရုံဘက်မှာ အိပ်နေတော့ မသိလိုက်ဘူးကွ- ဒါနဲ့ မင်းတို့ ဘယ်ရွာကလဲ ငါက ဒီနားက မီးလောင်ကုန်း ရွာကကွ နာမည်က သုံည”
ဦးသုည ဆိုသော လူကြီးသည် ကွမ်းတံတွေးအား မြေပြင်သို့ ထွေးလိုက်ပြီး စကားဆိုလေသည်။ ထိုအခါ မောင်ဘိုးထင် သည် ဦးသုညကို ကြည့်ကာ-
“ဆရာကြီး ကျုပ်တို့က ပေပင်ရွာက ပါ ”
“ပေပင်ရွာက ဟုတ်လား အဲ့တာဆို ကိုအုန်းကို သိလား”
“သိရန်ကော ဆရာကြီးရယ် ကျုပ်အဘ ပါ”
“အဲ့တာဆို မင်းက ကိုအုန်း ရဲ့ မွေးစားသားဆိုတဲ့ ကောင်လေးလား ”
“ဟုတ်တယ် ဆရာကြီး ”
“မင်း အဘကကော မိုက်နေတုန်းပဲလား ”
“ဆရာကြီးပြောတာ ကျုပ်နားမလည်ဘူး ”
“မင်းအဘက ငါ့လိုပဲ လူတွေကို ဒုက္ခပေးတုန်းလားလို့ ”
“ဟာ ဆရာကြီးကလည်း ကျုပ်အဘက လူတွေကို ဒုက္ခမပေးပါဘူးဗျ သူတတ်တဲ့ ပညာနဲ့ လူတွေကို ကူညီနေတာပါ ‘
ဦးသုညသည် မောင်ဘိုးထင်၏ ပြောစကားကြောင့် သဘောကျသွားပြီး ဟားတိုက်လို့ ရယ်မောနေပါသည်။ ထို့နောက် ဦးသုညသည် မောင်ဘိုးထင်တို့ကို ဝေ့ ကြည့်လိုက်ရင်းမှ –
“နေစမ်းပါဦး မင်းတို့က ဒီဘက်ကို စားအိုး၊စားခွက်တွေနဲ့ ဘယ်ကို သွားကြမလို့ လဲကွ ”
“ဆရာကြီးရယ် ဟော့ဒီက ကိုမင်းနောင်ရဲ့ အမေအတွက် ခရီးထွက်လာရတာပါ ”
“ဟေ့ အဆန်းပါလား ဘာလို့တုန်း၊ဆရာသမား များလာရှာတာလား ”
“မဟုတ်ဘူးဗျ မသေဆေး လာရှာတာပါ ”
ဦးသုညသည် မောင်ဘိုးထင်၏ စကားကြောင့် အံ့ဩနေလေသည်။ထိုအချိန် မင်းနောင်သည် စိမ်းစိုနေသော စိုက်ခင်းများထံ ငေးရင်းမှ –
“ဆရာကြီး ကျုပ်က အမေတခုသားတခုပါ အခု ကျုပ်ရဲ့အမေ နေမကောင်းဖြစ်နေပါတယ်။ရွာက ဆေးဆရာကလည်း အခြေအနေမကောင်းဘူးလို့ပြောတယ် ကျုပ်အမေကလည်း ခေါင်းမာတယ်။မြို့ဆေးရုံသွားအောင်ဆိုလည်း မသွားဘဲ သူရွာမှာပဲခေါင်း မချရမှာစိုးလို့ဆို ပြီး ပေနေတယ်။အိမ်မှာသာ ဒီအတိုင်းကြီးနေရင် ကျုပ်အမေက မလွယ်ဘူး။ရွာထဲက လူတွေပြောတာတော့ ပညာသည်တွေ ဆီမှာ မသေဆေး ရှိတယ်ဆိုလို့ ဒီက ဘိုးထင်ကို အကူအညီ တောင်းပြီး လိုက်ရှာနေတာပါ ”
ဦးသုညသည် မင်းနောင်၏ စကားအား နားထောင်ပြီးသော အခါ ခေါင်းကို အသာအယာ ညိတ်ကာ
“ကဲ ကောင်လေးတွေ အဲ့တာဆိုရင်တော့ မင်းတို့ ကံကောင်းတာပဲကွ ”
“ဗျာ တကယ်လား မသေဆေးက တကယ် ရှိတာလား ”
မောင်ဘိုးထင်မှ အလန့်တကြား ပြောလေရာ ဦးသုည ခေါင်းကို ညိတ်ပြီး –
“ရှိတယ်ဟ ဒါပေမဲ့ ငါတို့ လမ်းစဉ်တော့ မဟုတ်ဘူးကောင်လေး -အဲ့ဒီနေရာကို တော့ လမ်းညွှန်ပေးနိုင်တယ် ငါက လက်တွေ့မို့ ယုံတာ မင်းတို့ မြို့က ဆရာဝန်တွေ လက်လွှတ်တဲ့ သူတွေတောင် ကောင်းသွားကြတယ်ဟ ”
“အဲ့လို ဆေးတွေ တကယ်ရှိတာကို ဆရာကြီးရယ် ကျုပ်ထင်ပါတယ်ဗျာ ကျုပ်ရဲ့ အမေ အတွက် ဆေးရှိတယ် ဆိုတာ ”
မင်းနောင်သည် စိုက်ခင်းပိုင်ရှင် ဦးသုညအား ယုံကြည်နေမိသည် ။ ဦးသုညသည် အပိုပြောမည့်ပုံစံ တစက်ကလေးမှ မပေါ်ဘူးဆိုတာ သူတို့အားလုံးယုံကြည်နေမိသည် ။ ထို့နောက် မင်းနောင် သည် ဝမ်းသာ လွန်း၍ ‌မောင်ဘိုးထင်ကို ဖက်ရင်း –
“ဘိုးထင် မင်းကို ငါတကယ်ကျေးဇူးတင်တယ်ကွာ၊အဲ့တာဆိုငါတို့ ဆရာကြီးနောက် လိုက်သွားကြရတော့အောင်”
“ထမင်းလေး ဘာလေး စား”
“နောက်မှစား ညနေစာ ပေါင်းပြီး စားကွာ ”
မင်းနောင်သည် မောင်ဘိုးထင်တို့အား ထမင်းဆက်ပြီး မစားစေတော့ပဲ ဦးသုညကို ကြည့်ကာ –
“ဆရာကြီး ကျုပ်တို့ကို ခေါ်သွားပေးပါ ”
“မင်းတို့ ထမင်းပြီးအောင် စားကြပါဦးကွာ ဟိုရောက်ရင် အဲ့ဒီမှာ လည်းနေလို့ ရပါတယ် ”
“မစားတော့ပါဘူး ဗျာ သွားကြရအောင် ”
“ဆရာကြီးရေ ထမင်းစားရင်လည်း ဘယ်ဝင်လို့ ဘယ်ထွက် မှန်း သိမှာမဟုတ်တော့ဘူး အမြန်သာ လမ်းပြပေးလိုက်ပါဗျာ ”
“အေးဟုတ်တယ် မင်းတို့ရဲ့ အကိုကြီးက သူ့အမေကို အတော် ချစ်ပုံပဲကွ”
“ချစ်တာ ပေါ့ ဆရာကြီးရာ ကျုပ် အမေက ကျုပ်ဘဝ ကိုဗျ”
“အေးပါကွာ လိုက်ခဲ့ကြ ငါကတော့ အထဲထိ မဝင်ဘူး မင်းတို့ ဘာသာပဲဝင်သွားကြနော် အဲ့က လူတွေက သဘောကောင်းပါတယ် ”
ဦးသုညသည် ပြောပြောဆိုဆို ရှေ့မှ လမ်းလျှောက်သွားလေသည်။

ထိုအခါ သိမ်းဆည်း ပြီးပြီဖြစ်သော ပန်းကန်၊ခွက် ယောက် များကို အိတ်များထဲ ပြန်ထည့်ပြီးနောက် မောင်ဘိုးထင်တို့သည် ဦးသုည ခေါ်ရာ နောက်သို့ ဒရောသောပါး အပြေး လိုက်သွားပါလေတော့သည် ။ဦးသုညသည် သူ၏ ရွာဘေးမှ ဖြတ်ပြီး ရွာထိပ်နှင့်အတန်လှမ်းသော နေရာသို့ သွားနေလေသည် ။လူတယောက်သွားသာသော လမ်းလေးဖြစ်ပြီး ဘေးတဖက်တချက် တွင် မြက်ရိုင်းပင်များက ပေါက်ရောက်နေလေသည်။ မကြာသော အချိန်တွင်တော့ ဦးသုညသည် ရှေ့မှ ရပ်လိုက်ပြီး မောင်ဘိုးထင်တို့အား လက်ညှိုးညွှန်ပြပြီး စကားဆိုလေသည်။
“ကဲ ကောင်လေးတို့ရေ မင်းတို့ လိုချင်တဲ့ မသေဆေး ရှိတဲ့ နေရာက ဒီ နေရာ ပဲ – သွားပေတော့ မသေဆေး ရပါစေကွာ။ငါတော့ မလိုက်တော့ဘူးဟေ့ ”
“လိုက်ပို့တာ ကျေးဇူးပါ ဆရာကြီးရာ ကျုပ် အမေ ကျန်းမာရေးကောင်းရင် ဆရာကြီးကို လာကန်တော့ပါဦးမယ် ”
“မလိုပါဘူးကွာ တခုတော့ မှာခဲ့မယ် ကောင်လေးတွေ- မင်းတို့ ငါ့ခြံထဲက အသီးအနှံတွေစားချင်ရင် ဦးသုညရေ ကျနော် မောင်ဘယ်သူ ခူးသွားတယ်လို့သာ ပြောလိုက် မင်းတို့ ဘာမှ မဖြစ်စေရဘူး”
“ဟုတ်ကဲ့ ဟုတ်ကဲ့ ”
“ကဲ ကဲ သွားပေဦးတော့ ကောင်လေးတွေရေ ”
ဦးသုည အား မောင်ဘိုးထင် တို့ လက်ပြ နှုတ်ဆက်လိုက်ပြီး လူသွားလမ်းလေး အတိုင်း မြိုင်တောထဲသို့ ဝင်သွားပါလေတော့သည် ။

ပြီးပါပြီ။
မောင်တင်ဆန်း

Leave a Comment