အောက်လမ်းဘိုးထင် နှင့် လက်ဦးဆရာ

” အောက်လမ်းဘိုးထင် နှင့် လက်ဦးဆရာ ”
++++++++++++++++++++++++++++++++
(၂)
▪️အခန်း-၁
အုံ့ဆိုင်းနေသော မိုးသားတိမ်လိပ်များအောက်ရှိ လှည်းလမ်းလေးဘေးမှ လူသွားလမ်းလေးတွင် လူနှစ်ယောက်လမ်းလျှောက်နေသည် ၊ အရွယ်ရောက်‌လုလု လူငယ်လေး မောင်ဘိုးထင်နှင့် အသက် ၃၀ ကျော် လူရွယ်တဦးတို့ဖြစ်သည် ၊ မောင်ဘိုးထင်သည် လွယ်အိတ်ကို လွယ်ထားပြီး ပုဆိုးဖြစ်ထုပ်ထား‌ေသာ အဝတ်အစား ထုပ်ကိုလက်မှဆွဲလို့ လမ်းလျှောက်နေရင်း –
“ခင်ဗျားတို့ရွာကလည်း မရောက်သေးဘူးလားဗျာ နေတောင်မွန်းတည့်နေပြီ ဘာမှလည်းမစားရသေးဘူး ”
“ငါ့ကောင် စိတ်ညစ်မနေနဲ့ ညနေဆို ရောက်ပါတယ် မင်းဗိုက်ဆာနေရင် လမ်းမှတွေ့တဲ့ အသီးခူးစားကြတာပေါ့ကွာ ”
“ဝေးရင် ဝေးတယ် မပြောဘူးဗျာ ကျုပ်ထမင်းထုပ်ခဲ့ပါတယ် ”
“မင်းကကော မေးလို့လား ငါက လာခေါ်ချင်တာမဟုတ်ဘူးဆရာကြီးက သွားခေါ်ဆိုလို့ လာခေါ်ရတာ မင်းလို ကလေးကို စပါးနှစ်ဆယ်တောင်းပေးတယ်ဆိုတော့ အတော်အံဩတယ်ကွာ ”
“တန်ဖိုးဆိုတာ အသက်အရွယ်နဲ့ မဆိုင်ဘူးဗျ လုပ်ရည်ကိုင်ရည်နဲ့ဆိုင်တာ ”
“ဟကောင်ရ မင်းက လယ်တွေဘာတွေလုပ်တာအတော်ကျွမ်းနေလို့လား ”
“မလုပ်တက်ပါဘူးဗျ ကြွက်ထောင်တဲ့နေရာ ငှက်ပစ်တဲ့နေရာကိုပြောတာ ”
“သေလိုက်ပါတော့ကွာ မင်းကတော့ တကယ့်ကောင်ပဲ သွတ်သွတ်လျှောက် မမှောင်ခင် ‌ရွာကိုရောက်အောင်”
မောင်ဘိုးထင်လည်း ဗိုက်ဆာနေသည်ကို သက်သာစေရန် လမ်းဘေးမှရှိသော ခြင်းကျားသီးများ ၊ ‌ဇီးသီး ဝင်းပြင်းများကို ခူးစားပြီး ရေအင်မတန်ဆာလာသောအခါး ချိုထဲမှ စမ်းရေများကို လက်နှင့် ခပ်သောက်လိုက်ပြီး ၊ ခရီးဆက်လိုက်ပါလေတော့သည်။
▪️အခန်း-၂
မောင်ဘိုးထင်နှင့် သူ့အားလာခေါ်သောလူရွယ်သည် ၊ နေဝင်ရီတ‌ေယာ အချိန်တွင်ပေပင်များ များစွာပေါက်နေသော ရွာအဝင်သို့ရောက်ရှိလာသည်၊ လူရွယ်သည် လမ်းလျှောက်ရလို့ ပင်ပန်းနေပြီဖြစ်သော မောင်ဘိုးထင်အား –
“ကောင်လေး ရောက်ပါပြီကွ”
“ရောက်မှပဲလေ ကျုပ်က ခြေညောင်းလို့သေတော့မယ် ”
“မသေပါဘူးကွာ မင်းကြည့်ရတာ အဆင်ပြေနေပုံပါပဲဟ”
“သွားဗျာ‌ရှေ့က ကျုပ်နေရမဲ့ အိမ်ကို မြန်မြန်သွား ”
လူရွယ်သည် ရွာထဲသို့ဝင်လိုက်ကာ ရွာ၏တောင်ဘက်အစွန်ကျသော နေအိမ်ကြီး၏ အိမ်ဝန်းထဲသို့ဝင်သွားကြသည်။ လူရွယ်သည် အိမ်ကြီးအောက်မှ စားပွဲတန်းလျားကိုထိုင်လိုက်သည် ၊မောင်ဘိုးထင်သည်က အိမ်အောက်မှရှိသော သောက်ရေအိုးစင်ကို သွားကာ ရေကိုအားပါးတရသောက်လိုက်ပြီး နောက်ထပ်တန်းလျားတလုံးပေါ် သူ၏ အဝတ်ထည့်ထားသေား ပုဆိုးထုပ်‌ေလေးအား ခေါင်းအံုးပြုလုပ်က လှဲနေတော့သည်၊ ထိုအချိန် အိမ်ပေါ်မှ လူကြီးတဦး၏အသံကပေါ်လာတော့သည်
“ကောင်လေး ဘယ်လိုဖြစ်တာလဲကွ ထိုင်တောင် မထိုင်နိုင်တော့ဘူးလား ”
“ထိုင်နိုင်မလားဗျ တနေ့လုံးလမ်းလျှောက်လာရတာ ခြေတွေတောင့်နေပြီ ”
“အေး ခဏနေမှမင်းကို နှိပ်ပေးဖို့ တယောက်ယောက်ခေါ်‌ေပးမယ် ”
လူကြီး၏ရုပ်ကမပေါ်ပေမဲ့ ထိုလူကြီး၏ အသံအား မောင်ဘိုးထင် ရင်းနှီးသည်ဟု စိတ်ထဲထင်နေမိသည်၊ မကြာလှသော အချိန်တွင် အိမ်ကြီး၏ လှေကားမှ လူကြီးတယောက်ဆင်းလာသည် ထိုလူကြီးသည် တန်းလျားတွင် အိပ်နေသော မောင်ဘိုးထင်အနားသွားလိုက်ကာ
“ကောင်လေး ငါ့ကိုလည်းကြည့်ပါဦးကွ”
မောင်ဘိုးထင် ငုတ်တုပ်ပြန်ထိုင်ပြီးကြည့်လိုက်သည်၊ သူအံဩသွားကာ
“ကျုပ်ကို ငွေငါးဆယ်ပေးတဲ့ ဦးအုန်းမဟုတ်လား ”
“ဟုတ်တယ်လေကွာ မင်းငါ့ဆီမှာ အလုပ်လုပ်ရမှာ ငါခေါ်လိုက်တာကွ”
“ဟာဗျာ မသိပါဘူး ကျုပ်ကိုဘယ်သူကများခေါ်လဲလို့ ”
ဦးအုန်းသည် တန်းလျားတွင်ထိုင်နေသော မောင်ဘိုးထင်ကို သွားခေါ်ဆောင်ပေးသော လူရွယ်အား ကြည်ကာ
“ကဲညိုမောင် မင်းက တဲပြန်တော့ ဒီကောင်လေးက အိမ်မှာပဲနေရမှာ ထမင်းစားသွားဦး ငါချက်ထားတယ် ”
“တော်ပြီ ကျနော် တဲရောက်မှပဲစားတော့မယ် သွားပြီဆရာကြီး ”
“အေးအေး ကျေးဇူးကွာ ညိုမောင်”
ညိုမောင်အမည်ရလူရွယ်သည် မောင်ဘိုးထင်ကို နုတ်ဆက်လိုက်၏
“ကောင်လေး အားရင် တဲကို လာလည်ဦး ကြားလား မင်းကိုတော့ ငါခင်သွားပြီကွ”
“လာမှာပါဗျ စိတ်ချ ”
တနေ့မျှတွေ့ရပေမဲ့ ပွင့်ပွင့်လင်းလင်းရှိလှသော မောင်ဘိုးထင်အားညိုမောင်သဘောကျနေချင်းဖြစ်သည် ၊ ညိုမောင်အိမ်ဝိုင်းအပြင်သိူ့ရောက်သွားချိန်တွင် ဦးအုန်းအားကြည့်၍ မောင်ဘိုးထင်စကားဆိုလိုက်သည်။
“ဦးအုန်း ကျုပ်ဗိုက်ဆာပြီဗျာ ထမင်းစားချင်တယ် တနေ့လုံး လမ်းဘေးမှ တွေ့ကရာတွေစားလာတာ ”
“အေးအေး ငါထမင်းပြင်ခိုင်းထားလိုက်မယ် ”
ဦးအုန်းသည် အိမ်ကြီးနှင့် ဘေးမှတွဲထားသော မီးဖိုချောင်ကို လှမ်းကြည့်ပြီး
“ကောင်မတွေ ထမင်းပြင်ထားလိုက်စမ်း ကြားလား ဟင်းတွေလည်း နှိက်စားမနေနဲ့ ဦး ငါနဲ့့အကြောင်းသိတယ်နော် ”
ဦးအုန်းပြောသောစကားအား တဖက်မီးဖိုချောင်မှ မည်သည့်စကားမှ ပြန်မပြောပဲ အိုးသံခွက်သံများသာ ကြားနေရသည်၊ ဦးအုန်းစကားပြောတာကို ပြန်မပြောသောကြောင့် မောင်ဘိုးထင်သည် ဦးအုန်းအားကြည့်ကာ
“ဦးအုန်း ခင်ဗျားက ညင်ညင်သာသာမှ ပြောမခိုင်းတာ လုပ်ပေးရသူကဘယ်ကြည်မလဲ ကြည့်ဦး စောင့်ကြီးအောင့်ကြီးနဲ့ ထမင်းတွေထည့်နေတာ ထင်ပ ဟင်းလည်း မနှိက်စားနဲ့‌ဦးတဲ့ ခင်ဗျားပြောပုံကြီးကလည်းဗျာ”
ဦးအုန်းသည် မောင်ဘိုးထင်၏စကားကို သဘောကျ ကာ တဟားဟားရယ်မောပြီး မီးဖိုချောင်ဘက်သို့ လှမ်းအော်လိုက်ပြန်သည်
“ပြီးပြီလား ကောင်မတွေ ”
မီးဖိုချောင်မှ ပြန်ပြောသံက မထွက်လာပြန် ဘာသံမှမထွက်လာသောအခါမှ ဦးဘိုးထင်သည်
“ကောင်လေး ထမင်းပြင်ပြီးပြီသွားစားတော့ ဟိုလှေကားကတက်သွား”
“ဘာမှ ပြန်လည်းမပြောပဲနဲ့ဗျာ မခူးရသေးလည်း ကျုပ်တိုင်းကျုပ်ခူးစားလိုက်တော့မယ် ”
မောင်ဘိုးထင်သည် ဦးအုန်းလက်ညှိုးထိုးပြရာ လှေကားသို့တက်သွားလိုက်ပါတော့သည်။
▪️အခန်း-၃
မောင်ဘိုးထင် မီးဖိုချောင်ကိုထဲရောက်လာ၏၊ ထမင်းစား စားပွဲဝိုင်းတွင် ထမင်း တပန်းကန်နှင့် ဟင်းတပန်းကန်တွေ့ရသည် ထမင်းထည့်ထားသည်က ပေပွနေသလို ဟင်းထည့်ထားသည်ကလည်း ထိုနည်းတူပါပဲ ၊ မီးဖိုချောင်မှ အိမ်မကြီးကို တက်ရသော တံခါးတပေါက်ရှိရာ ထမင်းခူးခပ်‌ေပးသူသည် အိမ်ပေါ်သိုတက်သွားသည်ဟု မောင်ဘိုးထင် တွေးလိုက်ကာ ၊ ခူးပေးထားသော ထမင်းများကို အားရပါးရစားလိုက်ပြီး ထမင်းပန်းကန်ထဲ၌ ထမင်းကုန်သွား၍ ထမင်းအိုးကို လိုက်ရှာလိုက်သည် မီးဖိုဘေးတွေ ထမင်းအိုးကိုတွေ့ပြီး အဖုံးကို ဖွင့်ထားလျက်ကြီး‌ေတွ့ရပြန်သည် လက်နှင့် ထမင်းကိုကုပ်ထားသော အရာများတွေ့ရာ
“ထမင်းကို သေသေသပ်သပ် မခူးဘူး ဘယ်လိုမိန်းမကြီးလဲကွာ ”
မောင်ဘိုးထင် တယောက်ထဲ ရေရွတ်ကာ ထမင်းကိုထည့်ပြီး ဗိုက်ဝအောင်စားလိုက်ပြီး အိမ်အောက်သို့ ပြန်ဆင်းလာသည် ၊ ထို့နောက် အိမ်အောက်စားပွဲတန်းလျားတွင်ထိုင်နေသော ဦးအုန်းအနားသွားကာ
“ဦးအုန်း ကျုပ်ကို ထင်းခူးပေးတာ ဘယ်သူတုန်း ဦးအုန်း မိန်းမကြီးလား ”
“ဟုတ်ပါဘူးကွ ငါ့မှာ မိန်းမမရှိပါဘူး ”
“ထမင်းခူးတာကို ယောင်းမနဲ့ မခူးဘူးဗျာ ”
“ထားလိုက်ပါ မင်းညောင်လာပြီမလား အိမ်ပေါ်တက်ပြီးနားတော့ ”
“ကျုပ်က ဘယ်မှာ အိပ်ရမှာလဲ ဗျ”
“ငါ့အိမ်မှာ မင်းကြိုက်တဲ့နေရာ အိပ်ကွာ ”
“ပြီးတာပဲဗျာ ဒီနေ့တော့ကျုပ်နားလိုက်ဦးမယ် ဗျို့ မနက်မှ အလုပ်ခိုင်းတော့ ”
“ဟုတ်ပါပြီကောင်လေးရာ မင်းကတော့နော် ”
ဦးအုန်စကားပြောလို့ပြီးသည်နှင့် မောင်ဘိုးထင်သည် ဦးအုန်း၏ အိမ်ပေါ်သို့တက်သွားတော့သည်၊ ဦးအုန်းသည် အိမ်ပေါ်တက်သွားသော မောင်ဘိုးထင်ကိုကြည့်ကာ ပြုံးနေမိသည်၊ သူမောင်ဘိုးထင်ကို သဘောကျသည် ပြီးနောက် သူငယ်စဉ် ပံုစံဖြစ်နေသောကြောင့် သင်္ချိုင်းမှာ မြင်စဉ်ကတည်းက သူငယ်စဉ်ဘဝကို ပြန်အမှတ်ရစေသည် ၊ ထို့ကြောင့် မောင်ဘိုးထင်ကို စပါးနှစ်ဆယ်ပေးပြီး အိမ်ကိုခေါ်လိုက်ရချင်းဖြစ်သည်မဟုတ်ပါလား၊
ဦးအုန်းထိုသို့တွေး နေစဉ် မောင်ဘိုးထင်၏ စကားသံက အိမ်ပေါ်မှပေါ်လာပြန်သည်
“ဦးအုန်း ကျုပ်ကို စောင်တွေ ခေါင်းအုံးတွေပေးဦးဗျာ ”
“အေးအေး အပေါ်က တယောက်လောက် ခေါင်းအုံးနဲ့ စောင်ပေးလိုက်စမ်းဟေ့”
ဦးအုန်းထိုသို့သာပြောလိုက်သည်၊ မောင်ဘိုးထင်သည် ဦးအုန်းအိမ်ကြီးကို သဘောကျနေသည် အိမ်ရှေ့တွင် အခန်းတခန်းသာ ကျွန်းပျဉ်များနှင့်ကာထားပြီး ကျန်သော နေရာက ဘုန်းကြီးကျောင်းကြီးပမာ ရှင်းလင်းနေသည် ၊ သူစိတ်ထဲ အိမ်ထဲမှာ တခုခု လိုနေသည်ဟုတွေးနေစဉ် ၊
“ဘုတ် ဘုတ် ”
စောင်နှင့် ခေါင်းဦးက သူအနားကျလာပြီး အိမ်ရှေ့ခန်းက တံခါးမကြီး ပြန်ပိတ်သွားသည်အသံသာ ကြားရသည် ၊ မောင်ဘိုးထင်စိတ်ထဲ သူအား ခေါင်း အုံး နှင့် စောင်ကို ပစ်ပေးသော လူကိုမကျေနပ်ဖြစ်ကာ
“လူလိုပေးလို့မရဘူး လားဗျ ထမင်းခူးပေးတာလဲ ခင်ဗျားမဟုတ်လား ”
မောင်ဘိုးထင်အခန်းကြီးဘက် ကြည့်ပြီး ပြောလိုက်ကာ အိမ်ထောင့်တွင် လိပ်ထားသော ဖျာတချက်ကိုယူပြီး အိမ်ရှေ့ခန်းတွင် ခင်းလိုက်ပြီး အိပ်လိုက်သည် ၊ အိပ်ရင်း ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး
“အော်သိပြီ ဘုရားစင် မရှိဘူးပဲ ငါ့စိတ်ထဲ တခုခု လိုပါတယ်ထင်နေတာ ”
သူ၏မျှသာတွေးလိုက်သည် ၊ သူတွေးတောနေစဉ် အိမ်အောင်မှ ရှိသော ဦးအုန်း၏ အသံပေါ်လာပြန်သည်
“ကောင်လေး ခြေထောက်တွေ ညောင်းနေသေးလားကွ”
“ညောင်းတာပေါ့ဗျာ ဘယ်လိုပြောလိုက်ပါလိမ့်”
“အေးအေး ညောင်းရင်လည်း မင်းတိုင်းမင်းခေါ်ပြီး နှိပ်ခိုင်းကွာ”
“ဘယ်ကို သွားခေါ်ရမှာလဲ ဗျာ ”
“ဟဲ့ကောင်မတွေ ငါ့ကို နှိပ်ပေးစမ်း ဦးအုန်းကနှိပ်ပေးခိုင်းတာလို့ပြောကွာ ”
“ဟာ အားနာစရာဗျာ ”
“အားနာမနေနဲ့ အဲ့ကောင်မတွေအတွက် ငါငွေတော်တော် ကုန်ထားတာ ”
“အေးဗျာ အားနာတာက မျက်နှာက ဦးအုန်းရေအဲ့‌ဒီ‌တော့ မျက်နှာမမြင်အောင် ပုဆိုးလေး မျက်နှာ အုပ်ထားလိုက်မယ် ဗျာ ”
“တကယ်ကောင်လေး ပေါက်ပေါက်ရှာရှာ ဟားးဟားး”
ဦးအုန်းသည် မောင်ဘိုးထင်၏ စကားကို သဘောကျစွာ ရယ်မောနေပါတော့သည် ။မောင်ဘိုးထင်သည်က သူပြောသလိုပင် ပုဆိုးထုပ်လေးကို ဖြည်လိုက်ပြီး ပုဆိုးတထည်ကို ယူကာ ပတ်လ အိပ်လိုက်ပြီးသူ၏ မျက်နှာပေါ်‌တင်ထားလိုက်ကာ ပါးစပ်မှလည်း
“ဟဲ့ကောင်မတွေ ငါ့ခြေထောက်ကို လာနှိပ်ပေးစမ်း ”
သူအနားတယောက်မှမလာပါ ထို့ကြောင့် မောင်ဘိုးထင် နောက်ထပ်ပြောလိုက်၏
“လာနှိပ်ကြဟ ဦးအုန်းနှိပ်ခိုင်းတာနော် ”
မောင်ဘိုးထင်ထိုသို့ပြောလိုက်မှ အိမ်ကြီးထဲ၌တခန်းထဲရှိသော အခန်းမှ တံခါးမကြီးပွင့်သံကြားပြီးနောက် သူအနားလမ်းလျှောက်လာနေသည် ခြေသံကိုပါကြားရပြီး မောင်ဘိုးထင်၏ ခြေထောက်ကို နှိပ်ပေးနေလေတော့သည် ၊ မောင်ဘိုးထင်သည် သူအားနှိပ်ပေးနေသောသူအား
“ခင်ဗျား လက်ကြီးကလည်း ကြမ်းလိုက်တာ မိန်းကလေးကော ဟုတ်လား ”
မောင်ဘိုးထင်စကားပြောလိုက်ပေမဲ့ သူ.အားနှိပ်ပေးနေသော သူမှ ဘာမှပြန်မပြော
“တော်တော် စေတနာမပါရင် မနှိပ်ပါနဲ့ ‌”
မောင်ဘိုးထင်ထိုသို့ပြောပြီး မျက်နှာမှာ အုပ်ထားသောပုဆိုးကို ခွာလိုက်ကာ နှိပ်ပေးနေသူအားကြည့်လိုက်သည် ၊ ဆံပင်ရှည်ကြီးမှာ စုတ်ဖွားနေပပြီး အမဲရောင် ထမိန်ကြီးကို ရင်ရှားထားကာ သွေးရောင်မရှိသော မျက်နှာမှာ မျက်လုံးနေရာကမဲနက်နေကာ ပါးစပ်နေရာ ကို အပ်ချည်ကြိုးဖြစ်တွဲချုပ်ထားသော သရဲတကောင်ကို တွေ့လိုက်ရာ
“ဟ သရဲမကြီးဟ ”
မောင်ဘိုးထင်၏ စကားသံကို ကြားသောအခါ ဦးအုန်းမှ အိမ်အောက်ကနေ လှမ်းအော်လိုက်သသည်
“ကောင်လေး လန့်သွားပြီလားကွ”
“ဦးအုန်း ခင်ဗျား ကျုပ်စားမဲ့ ထမင်းကို ဒီဟာကြီးကို ခူးခိုင်းတာလားဗျ”
“ဟုတ်တယ်လေကွ’
“ထွီး ထွီး တော်တော်ဆိုးတဲ့ ဘိုးတော်ဦးအုန်းဗျာ နောက်တခါမလုပ်ခိုင်းနဲ့ ရွံလိုက်တာ ဗျာ ”
ကြောက်လန့်ရမည်အစား ရွံရှာနေသော မောင်ဘိုးထင်၏ ပြောစကားကို ကြားပြီးနောက် ဦးအုန်း သဘောကျစွာ တဟားဟားရယ်မောနေပါတော့သည်။
▪️အခန်း-၄
မောင်ဘိုးထင် ဦးအုန်း အိမ်သို့ရောက်တာ တပတ်မျှကြာသွားပြီဖြစ်၏ ၊ ပေပင်ရွာသူရွာသား များသည်က အံ့ဩစရာကောင်းသည်။ ဦးအုန်း အောက်လမ်း ပညာသည်ဆိုတာသိသည် သို့ပေမဲ့ ခွဲခြားဆက်ဆံချင်း မရှိပါ ကြောက်ရွံ့နေသည်လည်း မဟုတ်ပါ ၊ ဦးအုန်း၏ စည်နှင့် ကမ်းနှင့် ပညာကို အသုံးချမှုကြောင့်လည်းပါမည်ထင်သည် ၊ ဦးအုန်းသည် သူအား အတော်မခံမရပ်နိုင်ဖြစ်သော ကိစ္စများဖြစ်မှ ပေ‌ပင်ရွာသားများကို အောက်လမ်းအတက်နှင့် တိုက်တက်သည် ၊ သေဆုံးအောင်တော့ ဦးအုန်းမလုပ်ပေ ၊ ဦးအုန်းသည် မောင်ဘိုးထင်အား အတော်လေးဂရုစိုက်သည် ၊ မောင်ဘိုးထင်သည်လည်း အလိုက်သိသည် လယ်ထဲ ကို အလုပ်လုပ်ရမည်လားဟုမေးသည် ဦးအုန်းက မလုပ်ခိုင်းပေ ထို့အတွက်ကြောင့် မောင်ဘိုးထင်သည် ထမင်းချက်ဟင်းချက် လုပ်ပေးသည် ဦးအုန်းခိုင်းသမျှကိုလည်း သွပ်လက်စွာလုပ်ပေးတက်သည် ၊ အလိုက်သိတက်သော မောင်ဘိုးထင်အား ဦးအုန်းသည် သားအရင်းလို ချစ်ခင်နေပြီဖြစ်သည် ၊ ပေါင်းတက်သင်းတက်သော မောင်ဘိုးထင်သည် ပေပင်ရွာကိုရောက်တာ တလပဲ ရှိပေမဲ့ အပေါင်းသင်များရနေပြီဖြစ်သည် ၊ ယခုလည်း မောင်ဘိုးထင်တို့ ကလေးတသိုက် လောက်စလံုးလှိမ့်နေကြသည်၊
“ငါက ခေါင်ပဲ စားမှကွ ဘိုးဘိုးကြီးရဲ့ လက်ဘယ်လောက်ဖြောင့်လဲကြည့်”
လူငယ်တယောက်သည် လောက်စလုံး တလုံးကို ကိုင်ပြီး သူ့ကိုသူ အမွှန်းတင်ကာ ပစ်လိုက်သည် သူပစ်လိုက်သော လောက်စလုံးသည်က အတန်းလိုက်ချထားသော လောက်စာလုံးကို တလုံးမျှမထိသောအခါ
“လေကြီး တဲ့ ဖိုးထွေး ခေါင်မပြောနဲ့ ဘိတ်တောင်မထိဘူး ဘာဘိုးဘိုးကြီးလဲ လက်ကန်းကြီး ”
ကျန်သော ကလေးများနှင့် လူငယ်များက ဖိုးထွေးဟုခေါ်သော အသက် ဆယ်ငါးနှစ်ကျော် လူငယ်လေးကို ဝိုင်းစနောက်နေကျသည် ၊ ထိုအခါ ‌ဖိုးထွေးသည်
“တခါတလေတော့လွဲမပေါ့ ပစ်တိုင်းခေါင်ကြည့်မှန်နေရင် အင်းထဲက ရွှံ့တွေကုန်ပြီး ငါအိမ်လောက်စလံုးအဖြစ်နဲ့ရှိနေမှာပေါ့ကွ”
သူတို့ရယ်လိုက်မောလိုက်နှင့် လောက်စလုံး လှိမ်နေသည့်နေရာသို့ မောင်ဘိုးထင်ရောက်လာသည် ထိုအခါ ကောင်လေးတချို့က
“ဘိုးထင်ရေ မင်းလောက်စလုံးဘယ်လောက်ပါလဲ ”
“တရာလောက်တော့ပါတယ်ကွ”
“ဆယ်လုံးကြေးပစ်နေတာ ပါမလား ဟိုကကို‌ဖိုးထွေး နိုင်နေတာ အများကြီးပဲ”
ဖိုးထွေးကို လက်ညှိုးထိုးပြီးပြောသောအခါ ရွာလူကြီးသားဖိုးထွေးသည့် မိန့်မိန့်ကြီးလုပ်၍ ဂုဏ်ယူဝင်ကြွားနေပြီး မောင်ဘိုးထင်အားကြည့်ကာ
“ဘိုးထင် ရေ မင်းငါ့ကို လောက်စာအလံုးတရာအလှူလုပ်ဦးမလား ”
“ကို‌ဖိုးထွေးကတော့ တော့ လေကြီးတယ်ဗျာ နှစ်ဂွင် ပစ်ပြီးရင် သံဂြိုလ်ထိုးမယ် လောက်စလံုးကြေး ”
“အဲ့တာတော့ သံဂြိုလ်က မပါလာဘူးကွ”
“ပါတယ် ကစားကြမလား”
“ငါမှလည်း ဒိုးသီးပါတယ်ကွ ”
“ဖိုးထွေး အကြံအိုက်နေသည် သံဂြိုလ်ကွင်းကို မွတ်အောင်ပင် သိမလှည့်တက်သော ဖိုးထွေးရဲ့ နိုင်ကွက်ကို ဘိုးထင်မှသိသည်၊ ထိုအခါ လေကြီးသော ဖိုးထွေးကိုအမြင်ကပ်သော သူများက သူတို့မှာပါသော သံဂြိုလ်နှင့် ဒိုးသီးများကိုပေးလိုက်ကြသည် ၊ ဖိုးထွေးကို ဝိုင်းကြည့်နေသော လူငယ်များက
“ကို‌ဖိုးထွေး ဘိုးထင်ကိုကြောက်နေတာလားဗျ ”
“ကြောက်စရာလား တဂွင်လောက်စလုံး ဘယ်လောက်ကြေးလဲ ”
ဘိုးထင်သည် အိတ်ထဲမှ လောက်စလုံးကို ကြည့်ကာ တဂွင် လောက်စလံုးငါးဆယ်ကြေးဗျ ဘယ်လိုလဲ လောက်စလံုးနှစ်ဂွင် လှိမ့်ဦးမလား ”
“မလှိမ့်ဘူး သံဂြိုလ်ပဲထိုးမယ် ”
“ကောင်းတယ်ဗျာ”
“သံဂြိုလ်က ဘယ်နှစ်ကွင်းလဲ တဖက်ဘယ်နှစ်ယောက်လဲ ”
“ကို ဖိုးထွေ စိတ်ကြိုက်လုပ်ဗျာ ”
“ပြီးတာပဲ ငါ စည်းတားမယ် ”
ဖိုးထွေးသည် ဆယ်ငါးပေမျှ အကွာကိုရွေးလိုက်ပြီး နှီးတုတ် တခုနှင့် ဒိုးသီးထားမည့်နေရာကို စက်ဝိုင်းဝိုင်းလိုက်သည် တဖက်နှင့် တဖက် အကွာဝေးညီစေရန် တိုင်းရသည် စိတ်မှန်းနှင့်ဆို သူဘက်ကကျယ်သည် ငါ့ဘက်ကစိပ်သည်နှင့် ငြင်းခံုရသောကြောင့် နှီးသို့မဟုတ် သစ်ကိုင်းတခုနှင့် အတိုင်းအထွာလုပ်ရသည် ၊
ဒိုးသီးများကို တဖက်ငါးခုထားလိုက်ကြသည် ရှေ့ဆုံးမှ ဒိုးသီးကို ခေါင်ဟုခေါ်ကြသည် ၊ အလယ်ကဒိုးသီးကို ဗိုက်မကြီးဟုခေါ်ပြန်ကာ ဘေးတဖက်တချက်ကို နဘံဟုခေါ်ပြီး ဘယ်ဘက်မှ ဒိုးကို ဘယ်နဘံ ညာဘက်မှ ဒိုးကို ညာနဘံဟုခေါ်တွင်ကြသည် အနောက်ဆုံးက ဒိုးသီးကို လည်း နောက်မြီးဟုခေါ်သည် ၊ ဒိုးသီးငါးခုလုံးကို သံဂြိုလ်ဟုခေါ်သော သံကွင်းလေးများဖြစ် အကုန်မှန်အောင် ပစ်နိုင်သည် ဘက်က အနိုင်ရသည် ၊ သံဂြိုလ်ထိုးရ၌ စည်းကမ်းလေးများရှိသေးသည် ၊ ပေါက်မရဆိုသည့် စည်းကမ်းဖြစ်သည် ခေါင်ဟုခေါ်သော ဒိုး၏ နောင်သို့ မြှောက်ပြီးကျလာသော သံဂြိုလ်မှ ဒိုးများကို ထိမှန်က မရပေ ပေါက်ကျသည်ဟုခေါ်ကြသည် ။ နဘံ နှစ်ဘက်ကျန်က ပေါက်ပစ်လို့ရသလို့ ဒိုးတခုတည်းရှိရင်လည်း ပေါက်ပစ်လို့ရသည် ပေါက်ဆိုသည်မှ သံဂြိုလ်ကို လှည့်ပြီး တည့်တည့်ကျအောင်ပစ်ချင်းကိုဆိုသည်။ ကျေးလက်တောရွာများတွင်တော့ ဤ ကစားနည်းသည် ကလေး၊လူကြီး၊လူရွယ် ၊လူငယ် မရွေးကစားကြ၏ ။ ယခုလည်း မောင်ဘိုးထင်တို့ လောက်စလံုးကြေးသံဂြိုလ်ထိုးနေကြသည် ၊ ဘိုးထင်က ပေါက်ပစ်ရမှာတော်သည် ၊ ဖိုးထွေး ဘက်မှ နှစ်ယောက် ဘိုးထင်ဘက်မှ နှစ်‌ေယာက် တဖက်တချက် ယှဥ်ပြိုင်နေကြသည် သံဂြိုလ်များကို တားနိုင်ရန် ဒိုးများနောက်တွင် သစ်သားတုံးလေးများခံထားကြသည် ၊ ယခု ကလေးများ လူငယ်များ ကစားနေကြသည် သူတို့ကစားပြီးသောအခါ လူရွယ်လူကြီးများ နေ့လယ်နေ့ခင်း ကစားကြသည်မှာ နေ့တိုင်းလိုပင်ဖြစ်သည် ။
“ကိုဖိုးထွေး ခင်ဗျားသံဂြိုလ်ကြီးက ဂလန့်ဂလန့်ကြီးနော် မလည်ဘူး မလည်ရင် ဒိုးမပေးဘူးနော် ”
“ဟုတ်တယ် ဖိုးထွေ သံဂြိုလ်ကို လည်အောင်ထိုးဟ ”
ဘိုးထင်တို့သည် သံဂြိုလ်ကို တဖက်နှင့် တဖက် ကိုယ်ရည်သွေးသည့် စကားများ ပြောပြီး ထိုးနေကြသည်။
“ကြည့်ထား ကြည့်ထား ဒါညာကန့်လေး ”
“ဟာ တကယ် အကန့်ဝင်သွားတယ်ဟာ ”
“ပြန်ကြည့်ထား ဒီဟာ တန်းထိုးလို့ခေါ်တယ် ”
“တန်းထိုးက ဂြိုလ်မလည်ဘူး မပေးဘူး မပေးဘူး ”
“မညစ်နဲ့ ဘိုးထင်ရ ငါကဒီတိုင်း ပဲထိုးတက်တာ ”
“မရဘူး လောက်စလံုးကြေး ကစားနေတာ မပေးနိုင်ဘူး ကို‌ဖိုးထွေး”
“အေးကွာ မပေးနဲ့ ပြန်စိုက် ”
“ကိုဖိုးထွေး ကြည့်ထား နဘံလေးကို ပေါက်ပြမယ် ”
“ကြည့်ထားဒါက ညာကန့်လေး ”
“‌ရော့ဒီမှာ ပေါက်လေးထုပြမယ် ”
“ဆက်ကြည့်ထား ဒီဟာက တံပိုးကြီးလို့ခေါ်တယ် ”
ဘိုးထင်၏ အသံကစာနေသည် သူပြောတဲ့အတိုင်းအကုန်ဟုတ်နေ၍ ဖိုးထွေး မျက်နှာ သုံမှုန်နေသည် တပွဲရှုံး မကျေနပ် ဖိုးထွေး ထပ်စိန်ခေါ်နှင့် ဖိုးထွေးလောက်စလံုးလှိမ့်ရမှာ နိုင်ထားသော လောက်စလံုးလေးများကုန်ပြီဖြစ်သည်။ ထိုအခါဖိုးထွေးသည် ဘိုးထင်အား
“ကုန်ပြီ ဘိုးထင် ငါ့ကို နှစ်ဆယ်လောက်ပြန်ပေးဦး နွားကျောင်းရင် နွားခြောက်ဖို့ ”
“ရပါတယ် ရော့သုံးဆယ် ”
လူငယ်များသည် ကစားနေတုန်းသာ တယောက်နဲ့ တယောက် မခံချင်အောင်ပြောချင်းဖြစ်သည် ၊ ပြီးရင်လည်း တည့်နေကြမြဲဖြစ်သည်။ ငှက်ပစ်လည်း အဖွဲ့လိုက် ကြွက်ထောင်လည်း အဖွဲ့လိုက်မို့ ဘိုးထင် ပေပင်ရွာမှာပျော်နေသည် ၊ သစ်ဆိမ့်ရွာမှာက တယောက်ထဲ အထီးကျန်ခဲ့ သမျှ ပေပင်ရွာမှ အဖော်အ‌ပေါင်းများနှင့်ပျော်ရွှင်နေရာ စပါးပေးပြီး သူ့အားခေါ်ထားသော ဦးအုန်းကို စိတ်ထဲမှ အတော်ကို ကျေးဇူးတင်နေမိသည် ၊
*ဟေ့ကောင်တွေ နောက် ငါးရက်ဆို ဘုံကထိန်နော် မင်းတို့တွေ လာခဲကြ ဘိုးထင် မင်းလည်းလာခဲ့ မင်းတို့အိမ်တော့ လာမခေါ်ရဲဘူး ”
“စိတ်ချပါ ကိုသာအေးရာ ”
လောက်စလံုးရှုံးထားသော ဖိုးထွေးမှ ဘိုးထင် ပုခုံးကိုပုတ်လိုက်ပြီး
“ဘိူထင်လေး မင်းသံဂြိုလ်ထိုးရမှာ သာ နိုင်ရင် နိုင်မယ် ရွာက ကောင်မလေးတွေကို ငါ့ကို အလေးပေးတာတော့ မင်းမနိုင်ဘူးမဟုတ်လား ”
“စိတ်မဝင်စားဘူး ကျုပ်က ခုမှ ဆယ်သုံးနှစ်ထဲ ဝင်တုန်းကို ”
“ကထိန်နေ့ကြ မင်းငါ့ကိုအားကျနေမှာပါကွာ”
ဤသို့ နှင့် တယောက်ကို တယောက် စလိုက် နောက်လိုက်နှင့် အသက် ၁၆ နှစ် နှင့် အသက် ၁၀ နှစ်အတွင်းမှ ကလေးများရဲ့ ကစားပွဲသည်က ယနေ့အတွက် ပြီးဆုံးလေပြီဖြစ်တော့သည်။
▪️အခန်း-၅
ပေပင်ရွာ၏ စုပေါင်းဘုံကထိန် အဝင်နေ့သို့ ရောက်ရှိလာပြီဖြစ်သည် ဘုံကထိန်ကို ဘုန်းကြီးကျောင်းနှင့် အတန်လှမ်းသော ရွာ၏ မူလတန်းစာသင်ကျောင်း တွင်လုပ်ကြသည် ၊ ဘိုးထင်လည်း ရွာစာသင်ကျောင်းသို့ အပေါင်အသင်းများနှင့် သွားနေကြသည် ၊ ကထိန်တွင် အဝင်နေ့သည်လည်း ထမင်းကျွေးသည် ဝက်သားနှင့် အချဉ်ရည် ငရုတ်သီးကြော် ကျွေးကြ၍ ဘိုးထင်တို့ ကလေးမကျ လူငယ်မကျများအဖို့ ဟန်ဆောင်မှူမရှိ အားရပါးရလွေနေကြသည် ၊ ရွာမှာ ရှိသော ကာလသား ကာလသမီးလေး များက ယောက်ချိုကိုကိုင်ထားပြီး ချိုင့်ကြီးများကို လက်တဖက်ကစွဲက ဟင်းရည်လိုက်သူများက ကာလသားလေးများဖြစ်ပြီး ထမင်းပန်းကများ ငရုတ်သီးကြော်နှင့် ဝက်သားဟင်းလိုက်ပေးသူများထဲမှာ ကာလသမီးများပါပါသည် ဖိုးထွေးသည် ကလေးသာသာ လေးမို့ ဘာမှမလုပ် ဘိုးထင်တို့နှင့် မျက်နှာချင်းဆိုင်ထမင်းစားနေ၏ သူအား ရွာထဲမှ ကာလသမီး ကညာပျိုလေးများက တောသားပေမဲ့ ရုပ်ဖြောင်ပြီး လူကြီးသား ဖြစ်နေ၍ ဝက်သားဟင်းပန်းကန်ထဲမှ အသားလေးများရွေးကာ
“မောင်လေး စား နော် အသားပဲစား ”
“မောင်လေး ထမင်းလိုသေးလား ဝအောင်စားနော် ”
“မောင်လေး ငရုတ်သီးကြော်က စပ်လို့မစားနိုင်ရင် ငါးခြောက်ဖက်လေးတွေပဲ ရွေးစားနော် ”
“မောင်လေး အော်…စပ်ကုန်ပါပြီ ခင်ဝေတို့ ရေလေးခပ်ခဲ့ပါကွယ် ”
ဖိုး‌‌ေထွးအား အသဲပိုနေကြသော ရွာမှမိန်ပျိုလေးများက မောင်ဘိုထင်တို့ကိုတော့ ရှိလေသည်ဟုပင်မထင် တခြား‌ေကာင်‌ေလးမျာ၏ စိတ်ထဲဘာမှမဖြစ်ပေမဲ့ မေးငေါ့ပြလိုက် မျက်စာ ပစ်ပြလိုက်လုပ်နေသော ဖိုးခွေးကြောင့် အတော်ပင် ဘိုးထင်စိတ်ထဲ တွင် ကသိကအောက်ဖြစ်‌ေနရသည်။ ထမင်းစားပြီး၍ အိမ်သို့ပြန်နေစဉ် ဖိုးထွေးအနောက်မှ လိုက်လာပြီး
“ဘိုးထင် ဒီတခုတော့ မင်းငါ့ကို မမှီတော့ဘူးမဟုတ်လား ဆယ်နှစ် ဆယ်နှစ်ကြိုးစား ”
မောင်ဘိုးထင်သည် ဖိုးထွေးကိုသေချာကြည့်ကာ
“ဆယ် နှစ်မဟုတ်ဘူး မနက်ဖြန် အဲ့ ကာလသမီးတွေ ကျုပ်ကို ဂရုစိုက်‌ေစရမယ် ကြည့်ထား ”
“ဘိုးထင် အိပ်မက် မက်လိုက်ဦးကွာ ”
“မနက်ဖြန်မှ တွေ့ကြတာပေါ့ဗျာ ”
မောင်ဘိုးထင် စိတ်တိုတိုနှင့် အိမ်သို့ပြန်လာလိုက်သည် ၊ အိမ်အောက်တွင်တော့ ဦးအုန်းသည် ကွမ်းကို ဝါးပြီးထိုင်နေရာ မောင်ဘိုးထင် ဦးအုန်းအနားသွားထိုင်လိုက်ပြီး
“အဘ ”
“ဟ ကောင်လေး လူများလွဲနေသလား ”
“ဘာလို့တုန်းဗျ ”
“မင်းက ဦးအုန်းလို့ခေါ်တာပါ အခုမှ အဘ ဘယ်လို ဖြစ်ရတာလဲ ”
“အဘ လို့ပဲခေါ်မယ်ဗျာ အဘက ကျနော့် အဖေရင်း ထက်အများကြီးကောင်းတယ် ”
“ခေါ်ချင်သလိုသာ ခေါ်ပါကွာ ”
“ကျုပ်က အဘလို့ခေါ်ပြီးဆိုတော့ ကျုပ်ကို တခုကူညီ ”
“ဟေ့ အဆန်းပါလား ပြောဘာကူညီရမလဲ ”
“ကျုပ်ကို ရွာက ကာလသမီးတွေ အကုန်သ‌ေဘာကျအောင်လုပ်ပေးဗျာ ”
“ဟေ့ ကောင်လေးဘိုးထင် မင်းဟာက တယောက်တောင်မဟုတ်ပါလားဟ တကယ်ကောင်ပဲ ”
“အဘက အောက်လမ်းတက်တော့ လုပ်နိုင်တာ ကျုပ်သိတယ် လုပ်ပေးဗျာ “,
ဦးအုန်းခေတ္တတွေးလိုက်သည် ပြီးနောက်တချက်ပြုံးလိုက်ပြီး
“လုပ်‌ပေးလို့ရတယ် အခက်အခဲ တခုတော့ရှိတယ် ”
“ဘာအခက်အခဲ လဲအဘ ”
“မင်းငါ့ဆီ တပည်ခံပြီး ဒီပညာတွေ လက်ဆင့်ကမ်းရင် ငါအစီအရင် လုပ်ပေးမယ် ”
မောင်ဘိုးထင် သိပ်တောင်တွေးမနေတော့ပါပဲ
“လုပ်မယ်ဗျာ မနက်ဖြန် ကထိန် အမှီ ကာလသမီးတွေ သဘောကျအောင်လုပ်ပေးတော့ ”
“ဒီကောင် တကယ့်ကောင်ပဲ ကွ ဟား ဟား ”
ဦးအုန်းသဘောကျစွာ ရယ်မောရင်း
“ကောင်လေး လိုက်ခဲ့ အိမ်ပေါ်ကို ”
“ဘာ လာပ်မလို့လဲဗျ”
“ဟဲ့ကောင် မင်းပဲ အပျိုတွေသဘောကျအောင်လုပ်ပေးဆို ”
“,တကယ်လား ဝမ်းသာလိုက်တာ အဘရာ”
မောင်ဘိုးထင် ဝမ်းသာအားရနှင့် ဦးအုန်းတက်သွားရာ အိမ်ကြီးပေါ်သို့‌ေနာက်မှ တက်သွားပါလေ‌ေတာ့သည်။
▪️အခန်း-၆
ဦးအုန်းသည် အိမ်ကြီးပေါ်မှ တခန်းထဲရှိသော အခန်းကြီးတံခါးအားဖွင့်လိုက်ပြီး မောင်ဘိုးထင်ကိုခေါ်လိုက်သည်
“လာကောင်လေး မင်းက ငါ့တပည်ဖြစ်သွားပြီဆိုတော့ ဒီအခန်းထဲ ဝင်ခွင့်ရသွားပြီး”
မောင်ဘိုးထင် အခန်းကြီးထဲဝင်လိုက်သည် အခန်းကြီးသည် တခါးမကြီး တပေါက်သာ ပါသော အလုံပိတ်အခန်းကြီးဖြစ်သည် ၊ ကျွန်းသစ်များဖြစ် ပတ်လည် လုံအောင်ကာရန်ထားသောကြောင့် တံခါးမကြီး ဖွင့်ထားသော နေရာမှရသော အလင်းရောင်လေးသာရှိသည် ၊ ဦးအုန်းသည် ဖယောင်းတိုင်ကို ထွန်းလိုက်ကာ တပေါက်ထဲရှိသော တံခါးကိုပိတ်လိုက်သည် ၊ ဖယောင်းတိုင်မီး၏ အလင်းရောင်အောက်တွင် ကုတင်တလုံးနှင့် ကုတင် ရှေ့တွင် သစ်သားနှင့် ပြုလုပ်ထားသော စင်ကြီးရှိကာ စင်ပေါ်တွင် ရှိသော ပစ္စည်းများကိုတော့ အနက်ရောင် ပိတ်စကြီးဖြစ်အုပ်ထားသည် ၊ ထိုနောက် ဦးအုန်းသည် အခန်းထဲရှိခေါင်းရင်းရှိ သစ်သားစင်လေးမှာ တင်ထားသော ဆေးမှင်ကြောင်စုတ်တံများအနက် စုတ်တံရဲထိပ်တွင် ဝတ်လစ်စလစ် နှင့် ဆံပင်ဖားချားချထားသော မိန်းမတ‌ေယာက်၏ရုပ်ထုပါသော ဆေးမှင်ကြောင်စုတ်တံ အမဲကြီးကို ယူလိုက်သည်
“အဘ အဲ့တာ ဘာကြီးလဲဗျ”
“မင်းပဲ ကောင်မလေးတွေ ချစ်တာ လိုချင်တယ် ဆို ”
“သူတို့သဘောကျရင် ပြီးတာပဲ ဗျာ လုပ်ချင်တာ လုပ် ”
ဦးအုန်းသည် မောင်ဘိုးထင်ကို တပလ္လင်ခွေထိုင်စေပြီး နောက် အမဲရောင် ပိတ်စကြီးကို အနည်းငယ်ဖယ်က ထိုစင်ပေါ်မှ အမဲရောင် ဆေးမှင်ကိုခွက်လေးကိုယူလိုက်ပြီး
“ကဲကောင်လေ အင်္ကျီချွတ် နည်းနည်းနာမယ်နော် ”
“ရတယ် ကာလသမီးတွေ သဘောကျရင်ပြီးရော ”
မောင်ဘိုးထင်သည် သူ၏ အင်္ကျီကိုချွတ်လိုက်ပြီးပြောလိုက်သည် ၊
“ကဲ ငါဘက်လှည့် ”
“ဟုတ်အဘ ”
“မင်း ဘယ်အရွယ်တွေကို သဘောကျစေချင်တာလဲ ကောင်လေး ”
“ကျုပ်နဲ့ မတိမ်းမယိမ်းတွေပေါ့ဗျာ ဟိုလူကြီးသား ဖိုးထွေးထက်နည်းနည်းကြီးတဲ့ အမတွေ”
“အော် ကညာလေးတွေကိုပေါ့ တကယ့်ကောင် ငါကလည်း အောက်လမ်းဆရာ မင်းက ငါတပည်ဆိုတော့ ကဲ မိုက်ကြတာပေါ့ကွာ ”
ဦးအုန်းသည် အမဲရောင် ဝစ်လစ်စလစ် နှင့် ဆံပင်ဖားလျား ချထားသော အရုပ်ပါသည် စုတ်တံကို လက်နှစ်ဖက် နှင့်ကိုင်လိုင်ပြီး နဖူးမှာ တင်လိုက်ပြီး ပါးစပ်မှလည်း မန္တန် တပုဒ်ကို ခပ်တိုးတိုး ရေရွတ်လိုက်ပြီး မောင်ဘိုးထင်၏ ရင်ဘက်ပေါ်သို့ ဆေးမှင်စထိုးလိုက်တော့သည် ၊ ကညာပိယ ဆိုသောစကားလုံးလေးသာထိုးချင်းဖြစ်ပေမဲ့ မောင်ဘိုးထင် အတော်ကို နာနာကျင်ကျင်ခံစားလိုက်ရသည် ၊ ဆေးမှင်ကြောင်ထိုးလို့ပြီးသော အခါ ဦးအုန်းသည် ကွမ်းတယာကို ဝါးလိုက်ပြီး ကွမ်းတံတွေးများဖြစ် မောင်ဘိုးထင်၏ ရင်ဘက်မှ ဆေးမှင်ကြောင်ထိုးထား၍ ဆေးများပေနေသော နေရာကို မှုတ်လိုက်ပြီး
“ကဲ ကညာမှန်သမျှတမ်းတမ်းစွဲစေရောဟဲ့ ”
ထို့နောက် ကုတင်ဘေးမှ အမဲရောင်ပိတ်စ တထည်နှင့် ပေကျန်နေသည်များကို သုပ်ပေးလိုက်‌သောအခါ ကညာပိယ ‌ဆိုသည့် အမဲရောင် ဆေးမှင်ကြောင်လေးက အထင်းသားပေါ်နေပါသည်၊ ဦးအုန်းသည် ထိုစာလုံးလေးကိုကြည့်ပြီး
“ကဲ ‌ငါတပည် မင်းကတော့ ကညာလေးတွေရဲ့ တမ်းတမ်းစွဲ ဖြစ်ပြီသာမှတ် ”
‌ဦးအုန်း၏စကားကြားသောအခါ မောင်ဘိုးထင်သည် တချက်ပြုံးလိုက်ပြီး စိတ်ထဲတွင်တော့ တွေ့ကြပြီပေါ့ကိုဖိုးထွေးရာ ဟုတွေးလေပါလေတော့သည်။
▪️အခန်း-၇
ကထိန်ပွဲကြီးနေ့သိုရောက်ရှိလာပြီဖြစ်သည် ကာလသား ကာလသမီးများနှင့် ကလေးသူငယ်များသည် အဝင်နေ့က လိုမဟုတ် အဝတ်အစား သစ်သစ်လွင်လွင်များ ဝတ်စားထားကြသည် ထိုထဲတွင် မောင်ဘိူးထင်လည်းပါ၏ ၊ ဦးအုန်းသည် ကထိန်နီးလာကတည်းက မောင်ဘိုးထင်အတွက် ပုဆိုးသစ် အဝတ်အစားသစ်များဝယ်ပေးထားသည်၊ အဝတ်စားအသစ်များ ဝတ်ထားကြပေမဲ့ မောင်ဘိုးထင်တို့သည်က လေးဂွနှင့် လောက်စာထည့်ထားသော လွယ်အိတ်များအား မိဘများ မယူခိုင်းသည့်ကြားက ခိုးပြီးယူလာကြသည် ၊ ဤသို့နှင့် ထမင်းစားချိန်တွင် မောင်ဘိုးထင်သည် ဖိုးထွေ၏ မျက်နှာချင်းဆိုင် တွင် မရမက လိုက်ထိုင်လိုက်ပြီး
“ကိုဖိုးထွေး ဘယ်လိုလဲဗျ ”
“ဘာလဲကွ ဘိုးထင်ရ ”
“ကောင်မလေးတွေ မလာသေးပါလားဗျ ”
“ပဒေသာပင် ဘုန်းကြီးကျောင်းလိုက်ပို့နေလို့လေ လာပါလိမ့်မယ် ”
“သိကြပြီပေါ့ဗျာ ”
ယခုထမင်းကျွေးနေသော သူများမှာ အသကါ၂၀ကျော် အပျိုများဖြစ်နေ၍ မောင်ဘိုးထင်တို့ ရဲ့ ပြိုင်ပွဲသည်က အဖြေမပေါ်ချင်းဖြစ်သည် ၊ သူတို့ ထမင်း တပန်းကန် ကုန်သွားချိန်တွင် ထမင်းကျွေးနေသော အပျိုများမှ ‌နောက်မှရောက်လာသော ဆယ်ကျော်သက်ပျိုကညာလေးများကို မြင်သောအခါ
“ကဲကဲ မိပုံ့တို မီသဲတို့ ညည်းတို့ ထမင်းကျွေးအလှည့်ရောက်ပြီး ငါတို့ ကျောင်းရှေ့ဘုရားသွားလိုက်ဦးမယ် ”
ကာလသားကြီးများကလည်း အပျိုများ နေရာရွေ့သွားသည်နှင့် သူတို့၏ မျက်လုံးများက အသက်၁၈ အထက် လူငယ်လေးများအား ထမင်းကျွေးကူရန် မျက်စောင်းထိုးလာကြရာ လူငယ်လေးများသည်
“ခင်ဗျားကြီးတို့က အမျိုးမျိုးပဲ ခုဏက ကျွေးကူမယ်ဆိုတော့ ငြင်းနေပြီ ခုမှ လာခိုင်းနေတယ် မလုပ်ဘူးဗျာ ”
“အဲ့လိုမလုပ်ပါနဲ့ ညီလေးတို့ရာ တလင်းခေါက်ရင်ခေါ်မယ် ကွာ မင်းတို့ကို ကြက်ကာလားသားနဲ့ပါ ကျွေးမယ်ကွာ ”
“တကယ်နော် ခင်ဗျားတို့က ယုံရတာမဟုတ်ဘူး ‘
“တကယ်ပါကွာ ဟိုမှာ တခြားရွာက ဧည့်သည်တွေ လာနေပြီ ထမင်းပန်းကန်ချ ဟ တို့သွားပြီ ”
လူပျိုကြီးများလည်း ရွာမှ အပျိုများထွက်သွားရာ တရုတ်စကားပန်းပွင့် များရှိသော စာသင်ကျောင်းရှေ့မှ ဘုရားလေးဆီသို့ ထွက်သွားကြတော့သည်။
“မောင်လေးစားနော် အသားတွေစား အရိုးတွေ ပါရင်မစားနဲ့နော် ”
“ဟိုထမင်းပန်းကန်သယ်လာတဲ့ ကိုမင်း ဒီကိုယူခဲ့ဦး”
“ဟိုမှာ ရွာလူကြီးဝိုင်းပို့ရမှာ ”
“နင့်ရွာလူကြီးက အရေးမကြီးဘူး မောင်လေး ထမင်းလိုက်ပွဲမရှိတော့ဘူး ကြာပါတယ် အေးခင်ရယ် နင်သွားယူလိုက် ”
“အေးအေး”
ကောင်မလေးများ တယောက်ပြီးတယောက် မောင်ဘိုးထင်ကို ဂရုစိုက်နေသည်ကို မကေျမချမ်းနှင့် ကြည့်နေသူမှာ မောင်ဘိုးထင်နှင့် မျက်နှာ ချင်းဆိုင်တွင် ထမင်းစားနေသော ဖိုးထွေးဖြစ်သည် ၊ မောင်ဘိုးထင်ဘေးမှ ရှိသော သူ၏သူငယ်ချင်းများနှင့် ထမင်းကျွေးနေသော ကာလာသား ပေါက်စလေးများသည်ပင် မောင်ဘိုးထင်ကိုကြည့်ပြီးငေးနေပါလေတော့သည်၊ ဤသို့နှင့် မောင်ဘိုးထင်သည် ဖိုးထွေးကို အနိုင်ယူလိုက်ကာ ပြုံးပျော်နေလေပါတော့သည်။
▪️အခန်း-၈
ကထိန်ပြီးသည်မှာ တပတ်ကျော်ပြီ ဖြစ်သည် ယခု မောင်ဘိုးထင် သည် ဦးအုန်းပေါက်ပေးသော ပိယဆေးအစွမ်းက ဒုက္ခပေးနေပြီဖြစ်သည် ၊ တခြားမည်သည့်စိတ်မှမရှိ ဖိုးထွေးကို နိုင်ချင်၍သာ လုပ်လိုက်ရသည်ကိစ္စက အခု မောင်ဘိုးထင် အတော်ကို ဒုက္ခများနေရသည် ၊ သူငယ်ချင်းများနှင့် လောက်စလံုးလှိမ့်နေချိန် ကညာပျိုလေးများရောက်လာပြီး
“မောင်လေးဘိုးထင် မမ တို့ထင်းခွေသွားမှာ လိုက်ခဲ့ပါဦး”
“မလိုက်ချင်ဘူးဗျာ ကစားနေတယ် ”
“မလိုက်လို့မရဘူး နော် ”
ကညာပျိုလေး များသည် ထင်းခွေသွားရာ မောင်ဘိုးထင်ကို ခေါ်သွားပြီး အပြန် ထင်စည်းများကို နောက်ဆို မမ ကို လုပ်ကျွေးနော်ဟု ပြောကြကာ ထင်းများကိုကူသယ်ခိုင်းသည် ၊
ဖိုးထွေးတို့ ညနေ သံဂြိုလ်ထိုးနေချိန် ရွာအလယ်ပိုင်း မှ ကညာပျိုလေးများရေအိုးများနှင့် ရောက်လာကာ ရွာထိပ်‌ဘုံရေတွင်းကို ခေါ်သွားပြီး မုန့်များကျွေးကာ ရေအိုးပင့်ခိုင်သည် မောင်ဘိုးထင် ဘုံတွင်းဘေးမှ အုတ်ခံုပေါ်တက်၍ ရေအိုးပင့်ပေးနေရသည် ၊ ရွာမှ ကာလာသားပေါက်စလေးများက မောင်ဘိုးထင်ကို ဂြိုလ်ကြည့် ကြည့်လာရာ ဤ ဒုက္ခကို မခံနိုင်သည့်အဆုံး အိမ်သို့ပြန်ပြေးသွားပြီး
“အဘ အဘ”
“ဘာတုန်း ‌ကောင်လေးရ”
“ကျုပ်ကိုထိုးပေးထားတဲ့ ဆေးပြန်ဖျက်ပေးဗျာ ”
“မစွမ်းလို့လားဟ ”
“စွမ်းလို့ အစွမ်းလွန်နေလို့ဗျာ ”
“မဖျက်ပေးဘူးကွာ မင်းကို ငွေတောင်မယူပဲထိုးပေးထားတာ ”
“အဘ မဖျက်ပေးရင် ကျုပ်ရွာပြန်မှာနော် ”
ထိုအခါမှ အုန်းသည် မောင်ဘိုးထင် ၏ ခေါင်းကို ပုတ်ပြီး
“ဖျက်ပေးမယ် မင်း က ငါ့တပည်နော် ”
“ဟုတ်ပါတယ် သိပါတယ်ဗျ အဲ့တာဆို မင်း နဲ့ငါ ခရီးထွက်ရလိမ့်မယ် ”
“ဗျာ ဘယ်‌ကိုလဲ အဘ ”
“မင်းတို့ သစ်စိမ့်ရွာဘေးက အင်ကြင်းရွာသင်္ချုင်းကိုလေ ”
“ဘာသွားလုပ်မှာလဲ အဘ ”
“မင်းကို မကောင်းဆိုးဝါး ဖုတ် ထုတ်တာနဲ့ သရဲဘယ်လိုဖမ်းရတယ် ဆိုတာ သင်ပေးမလို့”
“ဗျာ ”
မောင်ဘိုးထင်သည် ဦးအုန်း၏စကားကို အံ့ဩတကြီးနှင့် ကြည့်နေစဉ် ဦးအုန်းမှ မောင်ဘိုးထင်၏ ကညာပီယ ဆေးမှင်ကြောင်အစီအရင်ကို ဖျက်ရန် အိမ်ပေါ်သို့ ခေါ်သွားပါလေတော့သည်။

ပြီးပါပြီ

မောင်တင်ဆန်း

Leave a Comment