အောက်လမ်းဘိုးထင် နှင့် နှလုံးသားကြီးသူများ

” အောက်လမ်းဘိုးထင် နှင့် နှလုံးသားကြီးသူများ ”
ရေးသားသူ— မောင်တင်ဆန်း
+++++++++++
*အခန်း (၁)

ရွာလူကြီး၏ အိမ်တွင် ဆေးဆရာကြီး အလုပ်ရှုပ်နေ၏၊ အကြောင်းမှာ ရွာလူကြီး၏ သားဖြစ်သူ ‌ဖိုးထွေးမှာ ‌ခြေထောက်ကို မှိန်းထိုးမိသော ကြောင့် ဖြစ်သည်၊၊ ဖိုးထွေးသည် ယခုအချိန်တွင်တော့ အိပ်ယာထဲ တွင် လဲကာ အပျင်းဖျားနေသည် ၊၊ မြို့ဆေးရုံကို တင်မည်ဟု ရွာသူကြီးက ပြောသောအခါ ဖိုးထွေးသည် အကြောက် အကန်ငြင်းနေလေသည်၊၊
“မြို့ဆေးရုံတော့ မသွားဘူး အဘ ကျုပ်ကို ဆေးရုံခေါ်သွားရင် ကျုပ် အိမ်က ထွက်ပြေးမှာနော် ”
“ခက်ပြီကွာ မင်းဒဏ်ရာက ပြင်းတယ်ကွ ဆေးရုံသွားမှ ဖြစ်မယ်ထင်တယ် ”
ဖိုးထွေး၏ အဘ ရွာလူကြီးမှ ထိုသို့ပြောသောအခါ မိခင်ဖြစ်သူမှာလည်း ညိုးငယ်သော အသံလေးဖြင့် သားဖြစ်သူ ဖိုးထွေးအား ဖြောင်းဖျ‌ လေသည် ၊
“ဖိုးထွေး ငါ့သား မသွားရင် ခြေထောက် ဖြတ်ပစ်ရလိမ့်မယ် ”
“ဖြတ်ရ ဖြတ်ရဗျာ မြို့ဆေးရုံက အပ်တုံးကြီးတွေကို ရေနွေးစိမ်ပြီးထိုးတာ က ပိုဆိုးတယ်ဗျ”
ဖိုးထွေးသည် ဆေးရုံတင်မည်ဆိုသော မိဘ နှစ်ပါး၏ စကားကြောင့် ချွေးများပြန်လာလေသည် ၊၊ သူဆေးရုံ၊ဆေးခန်းဆို မသွားချင်ပါ ၊ မောင်ဘိုးထင်တို့ အရွယ်တွင် ဆေးရုံသို့ တခါသွားဖူးသည် ။ ဆေးရုံမှ ဆရာဝန်သည် သူ့အား ဆေးထိုးရာ အပ်ကို အရင်စိုက် ပြီး ဆေးမထိုးပဲ တခြားသူအား စကားပြောနေ၏ ။ ဆရာဝန်၏ အပ်သည်က တုံးနေသည်ဟု သူထင်မိသည်။သူ့အား ဆေးမထိုးခင် အပ် အား ပြ ပြီး စကားပြောနေသည်ကို သူမည်သို့မျှမှ မခံစားနိုင်ပေ၊ဆေးထိုးရမှာ နှင့် ခြေထောက် ဖြတ်ရမှာ တခုရွေးဆိုက ခြေထောက်သာ ဖြတ်မည်ဟု မိုက်မဲ စွာ ဆုံးဖြတ်ချက် ချထားလေသည်၊၊ ရွာထဲမှ ဆေးဆရာကြီးသည် ဖိုးထွေး၏ ဒဏ်ရာအား သေချာစွာ ဂရုစိုက်ကုသပေးရာ အနည်းငယ် သက်သာ လာပြီဖြစ်သည် ၊၊ မောင်ဘိုးထင်တို့သည် ဖိုးထွေး၏ အိမ်တွင် တနေကုန်ရှိနေပြီး ထမင်းစားချိန်မှ သာ ပြန်ကြ၏ ၊၊ယခုလည်း ဆေးဆရာကြီးသည် ဖိုးထွေး၏ အနာကို ဖန်ရေဆေးပေးနေသည်ကို ကြည့်ရင်း သာအေးမှ စကားဆိုလေသည် ။
“ကိုဖိုး‌ထွေး ဒဏ်ရာကြီးကလည်း ဗျာ ကြောက်စရာကြီး ဒီတသက် ကောင်းရော ကောင်းပါ့ မလား မသိဘူး ”
သာအေး၏ စကားကြောင့် ပေတူးသည် သာအေး၏ နားရင်းကို တချက် ရိုက်လိုက်ကာ
“တော်တော် ဆိုးတဲ့ ကောင်ပဲ နေမကောင်းတဲ့ သူ စိတ်ကသိကအောက် ဖြစ်အောင် ဘာလို့ လျှောက်ပြောနေတာလဲကွာ သူခြေထောက် ဖြတ်ရမယ် ဆိုရင်တောင် ကောင်းတယ် လို့သာ ပြောရတယ်ကွ မင်းက ဘာမှ အရိပ်အကဲမသိဘူးပဲ ”
လူနာဖိုးထွေးသည် ပေတူး၏ စကားကြောင့် မှိန်းနေရာမှ မျက်လုံးချက်ချင်းပွင့် လာပြီး ဆေးဆရာ ကြီးထံ ကြည့်ကာ
“ကျုပ် ကျုပ် ခြေထောက်က ဖြတ်ရမှာ လား ဆရာကြီး ”
‌ဖိုးထွေး၏ အမေးကို ဆေးဆရာကြီးမှာ ခေါင်းညိတ်ပြီး ပြနေလေရာ
“ဟ ငါ ငါ လူဖြစ်ရှုံးပြီ ငါ ခြေပြတ်ကြီး ဖြစ်ပြီ ”
“ကိုဖိုးထွေး ခင်ဗျား ခြေပြတ်လည်း ဘာမှ မပူနဲ့ ဗျာ ကျုပ်တို့ ရှိပါတယ် ခင်ဗျားစိတ်ဓာတ် မကျနဲ့ ဗျာ ‘
“အေး ဟုတ်တယ် သူငယ်ချင်း ငါတို့ ရှိတယ် မင်းခြေ ထောက် ဖြတ်ရရင် မင်းလယ်တွေကို ငါထွန်ပေးပါ့မယ်ကွာ ”
“ဟုတ်တယ် ကျုပ် နဲ့ သာအေးလည်း ခင်ဗျား ကျောင်းနေရတဲ့ နွားတွေကို ကျောင်းပေးပါ့မယ် ဘာမှ အား မငယ်ပါနဲ့ ခြေ ထောက်ပြတ်တာကို လက်ဆောင် တခုလို့ သဘောထား ပါ ကိုဖိုးထွေး”
ပေးတူး၏ စကားကြောင့် ထိတ်ထိတ် ပြာပြာ ဖြစ်နေသော ‌ဖိုးထွေးသည် ပေတူးအား မျက်စောင်းထိုးကြည့်ကာ
“ခွီးတဲ့မှပဲ ခြေပြတ်တာက လက်ဆောင်တခု ဟုတ်မလားဟ ”
“ခြေပြတ်တော့ ကိုဖိုးထွေး။ဘာမှ မလုပ်ရတော့ဘူးလေ ”
“တော်စမ်း ပေတူးရာ ”
ထို့နောက် ဖိုးထွေးသည် ဆေးဆရာကြီးအား သေချာပြန်ကြည့်ကာ
“ကျုပ် ကျုပ် ခြေထောက် ဘယ်နေ့ဖြတ်ရမှာလဲ ဆရာကြီး ”
“ဟေ့ကောင်တွေ ဘာတွေ ပြောနေတာလဲ မင်းကို ခြေထောက် ဖြတ်ရမယ် လို့ ဘယ်သူက ပြောလို့လဲ ”
“ဆရာကြီးပဲ ခေါင်းညိတ်တယ်လေ ”
“ဟ ‌ငါ့ခေါင်းက အမြဲ တဆတ်ဆတ် ဖြစ်နေတာ ကြာပြီ အခု မှများ မင်းတို့က တောက်! ကြောင်တောင်တောင်ကောင်တွေပဲ ကွာ ”
ထိုအခါမှ ဖိုးထွေးသည် ဆေးဆရာကြီး၏ ခေါင်း တဆတ်ဆတ် ညိတ်တတ်သောအကျင့်ကို ပြန်အမှတ်ရပြီး မျက်ရည်များလည်လာကာ
“တော်သေးတာပေါ့ ဆရာကြီးရာ ဆရာကြီးအကြောဆွဲတဲ့ ရောဂါရှိတာ ပျော်ရလိမ့်မယ် လို့ ကျုပ် အရင်က ထင်ကို မထင်ထားဘူးဗျာ ”
ဖိုးထွေး၏ စကားကြောင့် ဆေးဆရာကြီးသည် သူ့အား မကြည်သလို တချက်ကြည့်လိုက်ပြီး ပါးစပ်မှ ဗျစ်တောက်ဗျစ်တောက် ပြောနေပါလေတော့ငည် ။

*အခန်း (၂)

ဖိုးထွေးသည် သူ၏ မိခင် ပြုတ်ပေးထားသော ဆန်ပြုတ်လေးကို သောက်နေ၏။သူ၏ စိတ်ထဲ တွင်တော့ စားချင်နေသည်က ကြက်ကြော် ဖြစ်သည်။မိခင်ကြီးအား ကြက်‌ကြော် စားချင်သည် ဟုပြောသော အခါ နေမကောင်းသေးဘူး အစာမာမာမစားရ ဘူးဟုသော အကြောင်းပြချက်ဖြင့် ဆန်ပြုတ်ဆက် တိုက်လေ၏။ထိုဆန်ပြုတ်အား ဖိုးထွေးကြည့်တောင် မကြည့်ချင်တော့ ပါ သူ၏ စိတ်ထဲတွင်တော့ ကြက်ကြော် အတော်စားချင် စိတ်သာ ဖြစ်နေမိ၏။တောသူမ မိခင်ကြီးသည်က သားတော်မောင်အား ချော့မော့ကာ ဆန်ပြုတ်ကိုသာတိုက်ရင်းမှ
“ဖိုးထွေး ဆန်ပြုတ်သောက်ကွယ် အားရှိမှ အလုပ်လုပ်နိုင်မှာ”
“အမေကျုပ် ကြက်ကြော် စားချင်တယ်ဗျာ အခု နေလို့လည်း ကောင်းနေပါပြီ”
“နင့်အဘက အသားမာတာတွေ မစားရသေးဘူးတဲ့ ဒီဆန်ပြုတ်ထဲ မှာလည်း ကြက်သား ပါ ပါတယ် ကွယ် ”
“ဒီတိုင်းကြက်ပေါင်လေးကိုက် ပြီးစားချင်တာ ထန်းရည်လေး ရရင် ထန်းရည်လေးနဲ့ ဆို ပိုကောင်းတယ် ”
“မရဘူး ငါ့သားမှာ အဖျားသွေးရှိသေးတယ် အဖျားပြတ်မှ စိတ်ကြိုက်စား ”
“ခက်တယ်ဗျာ အဘက ဘယ်သွားလဲ ”
“နင့်အဘ ကြံခင်းထဲ သွားတယ်”
သားအမိ နှစ်ယောက် ဆန်ပြုတ် တပန်းကန် နှင့် အလုပ်ရှုပ်နေစဉ် သာရ အိမ်ပေါ်သို့ တက်လာသည် ။ထို့နောက် ဖိုးထွေး၏ အမေကိုကြည့်ကာ စကားဆိုလိုက်လေ၏
“အရီး ဒီနေ့ ရွာနောက်ပိုင်း မှာ ဝက်ပေါ်နေတယ် ဗျ အရီး ဝက်သားကြိုက်တာ သွားမယူဘူးလား ”
“ဟဲ့ ဟုတ်လို့လား သာရ ရဲ့ ငါတော့ မကြားမိပါဘူး ”
“တကယ်ပါ ဗျာ လူတွေ မအုံခင် ကျုပ်က အရီးကို အရင်လာပြောတာ နော် ”
“အေးအေး အဲ့တာ ဆို ငါသွားလိုက်ဦးမယ် နင့်သူငယ်ချင်းကို သေချာ ကြည့်ထားဦး ”
“စိတ်ချ စိတ်ချ အရီး ”
ဖိုးထွေးအမေသည် သူမ ပေါင်းနေကျ ပုဆိုးတထည်ကို ခေါင်းတွင် ပေါင်းလိုက်ပြီး အိမ်ပေါ်မှ ဆင်းသွားလေ သည် ၊၊ ထို့နောက် ဖိုးထွေးသည် သာရအား ကြည့်ကာ
“ငါ နေမကောင်း ဖြစ်မှ ပဲ ဝက်ကလည်း ပေါ်နိုင်လွန်းတယ် ကွာ ”
“စိတ်ဓာတ်ကျမနေနဲ့ မင်း ဘာလုပ် ချင်တယ် ဆိုတာ ငါတို့သိလို့ စီစဉ်ထားတာ ရှိတယ် ”
“ဟ ဘာတုန်းကွ ”
သာရသည် ဖိုးထွေး အမေးအား ချက်ချင်းပြန် မဖြေပဲ ၀စီမှုတ်လိုက်ရာ ရွှီးဆိုသော အသံ နှင့် အတူ မရှေးမနှောင်းမှာပင် သစ်သား ချိုင်းထောက်များအား ထမ်းပြီး အိမ်ပေါ်သို့ တက်လာသော မောင်ဘိုးထင်၊သာအေး နှင့် ပေတူးတို့ကို တွေ့လိုက်ရသည် ။ဖိုးထွေးသည် ချိုင်းထောက် များယူလာသော မောင်ဘိုးထင်တို့အား ကြည့်ကာ အံ့ဩနေပြီး
“ဟေ့ကောင်တွေ ဘာတွေ တုန်းဟ မင်းတို့ လုပ်လိုက်ရင် အဆန်းပါလား ”
“မဆန်းပါဘူးဗျာ ကျုပ် ဆေးဆရာကြီးကို မေးထားတာ ကိုဖိုးထွေးက ချိုင်းထောက် နဲ့ လမ်းလျှောက်ရင် ရတယ်တဲ့ ကိုဖိုးထွေး တယောက်တည်းဆို ရှက်နေမှာ ဆိုးလို့ ကျုပ်တို့ အတွက်ပါ လုပ်ခိုင်းလိုက်တာ ရော့ ဒါက ကိုဖိုးထွေး အတွက် ”
“အေး မင်းတို့ က ချိုင်းထောက်တွေ ယူလာပြီး ဘာလုပ်ဖို့လဲ ”
“ထန်းတော သွားမယ်လေဗျာ ကျုပ်တို့က ထန်းတောမှာ အကုန် ပြင်ဆင်ထားပြီး ပြီ ”
“ငါ့ကို အဘတို့ ဆူမှာ ဆိုးတယ် ”
“လူကြီးတွေက စိတ်ပူလို့ပါ လာ လာ တော်ကြာ အရီး က ဝက်သားမရလို့ စိတ်ဆိုးပြီး ပြန်လာမှာ ”
ထို့နောက် သာရနှင့် မောင်ဘိုးထင်သည် ဖိုးထွေးအား တွဲ လိုက်ပြီး အိမ်‌အောက်သို့ တွဲချလိုက်ကာ ငါးယောက်သား ချိုင့်ထောက် တယောက် တခု စီ နှင့် ရွာအပြင် ထန်းတောဆီသို့ တယောက်ကို တယောက် စနောက်ကာ ထွက်ခွာသွားကြပါလေတော့သည် ။

*အခန်း (၃)

ရွာလယ် လမ်းတွင် ချိုင်းထောက် နှင့် လူငယ်ငါးယောက် လမ်းလျှောက်နေသည်။ သူတို့၏ မျက်လုံးများသည်က ဟန်ဆောင်မှုမရှိ ပကတိရိုးသား လေသည် ၊၊ထိုလူငယ်လေးများတွင် အနာတရ ဖြစ်သော သူမှာတယောက်တည်းသာဖြစ်သည်၊၊ သို့ပေမဲ့ ရပ်ရွာထဲတွင် ချိုင့်ထောက်သုံးသူမှာ မရှိသလောက်မို့ တယောက်တည်းဖြစ်နေက ရှက်ရွံ့နေမည်ကို သူတို့၏ အဖြူထည် စိတ်လေးများနှင့် တွေးတောကာ ချိုင်းထောက် များကို လိုက်သုံးနေခြင်းဖြစ်၏၊ ထိုလူငယ်လေးများမှာ တခြားသူများမဟုတ် မောင်ဘိုးထင်တို့ဖြစ်၏၊ သူတို့အား မြင်သောရွာထဲ မှ လူများသည် အံ့ဩတကြီးကြည့်၍ သွားကြသလို တချို့သော သူများသည် လည်း နှုတ်ဆက်၍ သွားကြသည် ။
“ဟေ့ ဖိုးထွေး မင်းတို့ကောင်တွေက ဘယ်လို ဖြစ်တာတုန်းဟ သူတို့ ခြေထောက်တွေကို သူတို့ချိုးလိုက်တာတော့ မဟုတ်ပါဘူးနော် မင်းတို့ကောင်တွေက ပြောရတဲ့ ကောင်တွေ မဟုတ်ဘူး အကုန်ချိုင်းထောက်တွေနဲ့”
“မသိပါဘူးဗျာ ဘာတွေ အရူးထနေတယ် မှန်းမသိပါဘူး မနာပဲ နဲ့ ချိုင်းထောက်ကြီး မသုံးနဲ့ဆိုတာ မရဘူး ကျုပ်အိမ်ကနေ ဒီအနားထိပဲ ရှိသေးတယ် ဟိုကောင် ပေတူးက တကယ်ကို ချိုင်းထောက် မပါရင် ခယို ခယိုင် ဖြစ်နေပြီဗျို့ ”
နှုတ်ဆက်သွားသော လူကြီးအချို့သည် မောင်ဖိုးထွေးတို့၏ အံ့မခန်း ခင်မင်ပုံကို သဘောကျနေကြသည် ။ ဖိုးထွေးသည် လည်း ပါးစပ်မှသာ သဘောမကျဟန်ဆိုနေပေမဲ့ မျက်နှာသည်က အတော်ကို ကျေနပ်နေ၏ ၊ တောရွာမှ လူငယ်လေးများ၏ ခင်မင်မှု နှင့် မေတ္တာတရားသည်က အံ့ဩလောက်၏။ ဤသို့ ဖြင့် ချိုင့်ထောက်ကိုယ်ဆီ နှင့် ဖိုးထွေးအား ဖေးမပြီး လာရာ ရွာအပြင် ထန်းတောသို့ ရောက်လာပြီ ဖြစ်သည် ၊၊ ထန်းတောရောက်သော အခါ ဖိုးထွေးအား ခြေကို ဆင်းပြီးထိုင်စေကာ မောင်ဘိုးထင်မှာ ထန်းတောပိုင်ရှင် ဆီမှ အညာစောင် တထည်ကို ဖိုးထွေး၏ ဒဏ်ရာ အောက်ကို ခံထားပေးလိုက်သည် ။ ဖိုးထွေးသည် သူ့အား ဂရုစိုက်နေသော သူ၏ ညီငယ်ရင်းများပမာ ဖြစ်နေကြသော မောင်ဘိုးထင်၊ပေတူး နှင့် သာအေးတို့ကို တယောက် တလှည့်ကြည်နေမိ၏ ၊၊မောင်ဘိုးထင်တို့သည် သူ့တို့အား သေချာကြည့်နေသော ဖိုးထွေးထံမှ ချီးမွမ်းစကား ဆိုပေလိမ့်မည် ဟုစိတ်ထဲ တွင် တွက် ထားသည် ။သူတို့ စိတ်ထဲမှာ တွက်ထားသည်ကို သိသော ဖိုးထွေးသည် တချက်ပြုံးလိုက်ကာ
“ဟေ့ကောင်တွေ ထန်းရည်မလာသေးဘူးလားဟ”
“ဘာပြောတယ် ”
“အေးလေ ဘိုးထင်ရ ထန်းတောလာတာ ထန်းရည် သောက်ဖို့ မဟုတ်လား ငါ နဲ့ သာရကတော့ သောက်လို့ရတယ် မင်းတို့က အချိုပဲသောက် ကြားလား ”
“အေးပါ ဗျာ အေးပါ ”
များမကြာသော အချိန်တွင် ထန်းတောပိုင်ရှင် ကိုတုတ်ကြီးသည် ထန်းရည် တမြူ နှင့် ကြက်ကြော် နှစ်ကောင် ချပေးလေသည်။ဖိုးထွေးသည် ကြက်ကြော်ကို မြင်သောအခါ ဟန်မဆောင် နိုင် ဖြစ်ပြီး ကြက်ပေါင်တချောင်းကို ဆွဲဖဲ့လိုက်ကာ ပါးစပ်ထဲ ထည့်လိုက်ရင်းမှ
“ကောင်းလိုက်တာကွာ အမှန်တိုင်း ပြောရရင် ငါမင်းတို့ကိုစိတ်တိုနေတာကွ ငါ့အိမ်လာတိုင်း ကြက်သားစားချင်တယ် လို့ မထိ တထိလေး ပြောနေတာ မင်းတို့ကောင်တွေက ဂရုမ စိုက်ခဲ့ဘူး ”
“အဲ့တာနောက် မှ ပြော ဗျာ အခု စား စား ”
နာလန်ထစလူနာ ဖိုးထွေးသည် သူ၏ အိမ်တွင် ဆန်ပြုတ်အမြဲသောက်နေရာမှ ယခု ကြက်သားနှင့် ထန်းရည် သောက်နေရသောအခါ မျက်နှာမှာ ပျော်တပြုံးပြုံး နှင့် ရှိနေ၏။ကျန်သော သူများသည် သောက်စားချင်စိတ်မရှိ သူကိုသာ ကြည့်နေ၍
“ဟေ့ကောင်တွေ စားကြလေ ဘာတွေ ငေးနေတာ တုန်းကွ ”
“ရပါတယ် ကိုဖိုးထွေးပဲစားပါဗျာ ”
“မင်းတို့က ငါစားတာကြည့်‌ပြီးမျှော်နေတော့ ငါ မစားရက်တော့ဘူးကွာ ဒီတကောင်က တော့ ငါ စားလိုက်မယ် ကျန်တဲ့ တကောင်မင်းတို့ မျှစား ”
ဖိုးထွေးသည် ကြက်ကြော် နှစ်ကောင် ရှိသည့် အနက် တကောင် အားသူစားပြီး ကျန်သည့် တကောင်ကို မောင်ဘိုးထင်တို့အား စားခိုင်းလေသည် ။ထိုအခါမှ မောင်ဘိုးထင်တို့သည် ကြက်တကောင်အား ဝေမျှ စားသောက်ပြီးနောက် ဖိုးထွေးကို ကြည့်ကာ ပေတူးမှ စကားဆိုလေသည် ။
“ကိုဖိုးထွေး စားလို့ကောင်းလား ”
“ကောင်းတယ်ကွ မင်းတို့တကယ် အလိုက်သိတဲ့ ကောင်တွေပဲကွာ ”
“ရပါတယ် ဗျာ စား စား ပြီးရင် အိမ်ပြန်ကြရအောင်လား ”
“မင်းတို့ ငါ့ကို ဒီလောက်ထိ ဂရုစိုက်မယ် မှန်းမသိဘူးကွာ ဘာဖြစ်ဖြစ် ငါကျေနပ်တယ် ငါ့ကို မှိန်းထိုးမိတာက မင်းတို့တွေရဲ့ ခင်မင်မှုနဲ့ ငါ့အပေါ်အလေးထားမှုကို သိလိုက်ရတာပဲ ငါ ကျေနပ်တယ် ”
ဖိုးထွေးသည် အမှန်တကယ် ခံစားချက် ကြီးစွာ နှင့် မောင်ဘိုးထင်တို့အား စကားဆိုနေပေမဲ့ ကျန်သူများ၏ မျက်လုံးများ သည် မလုံ မလဲ ဖြစ်နေကြသည် ။ထိုအရာကို တော့ ဖိုးထွေးသတိမထားမိပါ ။ဤသို့ဖြင့် မောင်ဘိုးထင်တို့သည် ဖိုးထွေးအား ကြက်ကြော် နှင့် ထန်းရည် တိုက်လိုက်ရာ ငတ်နေသော ဖိုးထွေးမှာ မဟားတရား သောက်ပြီး အမူးလွန်ကာ ရှိနေ၏ ၊၊ ထိုအခါ သာရသည် ဖိုးထွေးအား ကုန်းပိုးပြီး အိမ်လိုက်ပို့ရသည် ကျန်သော သူများက ချိုင့်ထောက်များကို ထမ်းပြီး လိုက်လာသည် ။ဖိုးထွေး၏ အိမ်ရောက်သောအခါ ဖိုးထွေးအဘ ရွာလူကြီးသည် တတီတီဖြင့် ကြက်ခေါ်နေသည်။ကြက်ခေါ်နေစဉ် ကြက် က မလာ၊သာရမှ ဖိုးထွေးကို ကုန်းပိုးပြီး မောင်ဘိုးထင်တို့သာ ရောက်လာကြသည်။ထို့နောက် ရွာလူကြီးသည် သူ၏ သားတော်မောင် အမူးလွန်ပြီး အိပ်ပျော်နေသည်ကို ကြည့်ကာ
“ဟေ့ ဟေ့ကောင်တွေ ဖိုးထွေး ဘာဖြစ်တာ လဲ ”
“မသိပါဘူးဗျာ ထန်းတောကို ချိုင်းထောက် တွေ နဲ့ရောက် လာတာပဲ ဟိုရောက်တော့ ကျုပ်တို့ သောက်နေတဲ့ ထန်းရည်အိုးပေါ်လဲ ကျပြီး မေ့သွားတာပဲ ”
“ဟာကွာ ကြက် ပျောက်လို့ စိတ်ညစ်နေရတဲ့ အထဲ ဖိုးထွေး သား ဖိုးထွေး ”
ရွာလူကြီးသည် သူ၏ သားတော်မောင်အား အတော် စိုးရိမ်နေလေသည်။ထန်းရည်အနံ့များ လှိုင်လှိုင်ထနေပေမဲ့ သာရပြောသလို ထန်းရည် ဝိုင်း ပေါ်လဲကျသောကြောင့် ထန်းရည်များ စို တာဖြစ်မည်ဟု တွေးရင်း ဖိုးထွေးအား အိမ်ပေါ်ဝိုင်းတင်လိုက်ကြသည်။ ထို့နောက် မောင်ဘိုးထင်တို့သည် ချိုင်းထောက်များကို ရွာလူကြီး၏ အိမ်အောက် တွင် ထားခဲ့ကာ အလျို အလျို နှင့် ထွက်ခွါ သွားကြပါလေတော့သည် ။

*အခန်း (၄)

“ကျုပ်တို့ ကိုဖိုးထွေးကို ဘယ်လို မျက်နှာပြရမလဲ အခုချိန်ဆို သူအဘ ရဲ့ ကြက်နှစ်ကောင် ပျောက်တာ သူသိလောက်ပြီ ”
“ဘိုးထင်ရာ ငါတို့အိမ်က ကြက်တွေက သားမှ မခွဲသေးတာ သားခွဲ ပြန်တော့လည်း ဥနေတာကွ လွတ်တာဆိုလို့ သူ့အိမ်ကကြက်ပဲ ရှိတာကို”
“သိချင်မှ လည်း သိမှာပါ သူက တကောင်လုံးစားတာ ငါတို့က လေးယောက်မှ တကောင်တည်း၊သူစားတာများ ကြက်တကောင်‌လုံးကို အရိုးပဲ ကျန်တယ် ငါဖြင့် ဖိုးထွေးကို ဖုတ်ဝင်တယ်တောင် ထင်နေတာ ”
“အေးဗျာ လူမမာ တဲ့ ထန်းရည်လည်း သူတယောက်တည်း သောက်တာ တမြူလောက်ကုန်တယ် ”
ဖိုးထွေးမပါသော မောင်ဘိုးထင်တို့ အဖွဲ့သည် ယမန်နေ့က ထန်းတောသို့ သွားသော အကြောင်းအား ဖောက်သည် ချနေကြသည် ။ထိုစဉ် သူတို့ အနားသို့ မိကျော့ ရောက်လာလေသည်။ သူမ၏ လက်ထဲတွင် ပန်းကန်လုံး တလုံး နှင့် ဖြစ်၏ ။မိကျော့မှ ဘိုးထင် အနားလာကာ
“ဘိုးထင် နင် ဖိုးထွေးဆီသွားမှာ လား ”
“ဟို လေ ”
“မသွားလို့ မရဘူး သွား လိုက် ဒီမှာ ဖိုးထွေး အတွက် ကြက်သားဆန်ပြုတ် ထည့်လာတယ် ပြီးမှ ငါ့အိမ်ကို ပန်းကန် လာပေး ”
“ဟိုလေ ကျုပ်က တခြား သွားစရာ ရှိတယ် ”
“ငါ ပြောထားတယ် နော် သွားဆိုသွားလိုက် ”
“ဟုတ်သားပဲ ဘိုးထင်ရာ သွားလိုက်စမ်းပါ မိကျော့က စေတနာ နဲ့ လာပို့တာကို ”
“သူဘာသာသူ သွားပို့ ပါလားဗျာ ”
“ဟဲ့‌အကောင် ငါက မိန်းကလေးဟဲ့ လူတွေက ဒီတိုင်းနေရင်တောင် စောင်းမြောင်းနေကြတာ ငါသာ ဖိုးထွေးဆီ သွားပေးလို့ကတော့ ဟိုဟာမတွေက ရေခပ်တိုင်း အတင်းတုတ်နေကြမှာ ရော့ ရော့ လျှာမရှည်နဲ့ အခု သွားလိုက် ‘
မိကျော့မှ ဇွတ်လွှတ်နေသဖြင့် ဆန်ပြုတ်ပန်းကန်အား ယူကာ မသွားချင် သွားချင်ဖြင့် ဘိုးထင်မှာ ဖိုးထွေး၏ အိမ်သို့ ခြေဦးလှည့်လိုက်ပါလေတော့သည် ။

*အခန်း (၅)

မောင်ဘိုးထင်သည် မိကျော့ပေးသော ဆန်ပြုတ်ပန်းကန်ကို ယူကာ ဖိုးထွေး၏ အိမ်သို့ ခြေဦးလှည့်သည် ။ကျန်သော သူများမှာတော့ မိကျော့နှင့် အတူရပ်ပြီး သူ့အားကြည့်နေသည် ။မိကျော့ မှာ သူအားယုံ၍ ဖိုးထွေးအား ဆန်ပြုတ် သွားပို့ခိုင်းခြင်းလည်း သူသိသည်။မိကျော့ မသိသည်မှာ သူတို့သည် ဖိုးထွေးအား ကြက်ကြော် ကျွေးချင်၍ ဖိုးထွေး၏ အဘ ရွာလူကြီး၏ ဥတုံးကြက်မကြီးနှစ်ကောင်ကို အလစ်သုတ်၍ ကျွေးခြင်းကြောင့် ထိုအိမ်သို့ သွားရမှာ ရင်လေးနေခြင်းဖြစ်သည်၊၊ ပုံမှန်ဆိုလျှင် သာအေး နှင့် ပေတူးတို့ သူနောက် လိုက်မည်ဖြစ်သော်လည်း ယခုထိုသကောင့်သား နှစ်ယောက်မှာ သူ့တို့၏ သေတွင်းသူတို့ မတူးချေ၊ မကြာသော အချိန်တွင် မောင်ဘိုးထင် တ‌ယောက် ဖိုးထွေး၏ အိမ်ဝိုင်းဝသို့ ရောက်လာသည် ။သူအိမ်ထဲတန်း မဝင်ပဲ အိမ်ဝိုင်းအ ရှေ့တွင် ရပ်နေရင်း အိမ်အောက်တွင် တရက်ကူးသည့်အချိန်ထိ ကြက်ရှာနေဟန်ရှိသော ရွာလူကြီးကြောင့် မောင်ဘိုးထင်တို့ လက်ချက်မိသွားပြီဆိုတာ မသိသေးဟု ယူဆလိုက်ကာ အိမ်ဝိုင်းထဲ ဝင်လာလိုက်သည်။ရွာလူကြီးသည် ဘိုးထင်ကို မြင်သည်နှင့်
“ဟေ့ဘိုးထင် ပန်းကန်လုံးကြီး နဲ့ ဘာလာလုပ်တာလဲကွ ပြီးတော့ မင်း‌တို့ကောင်တွေ ချိုင်းထောက်ငါးခု အိမ်မှာထားခဲ့တာရော အဲ့တာ ဘာသဘောလဲ ”
“ဘာသဘောမှ မဟုတ်ပါဘူး ဘကြီးရာ ကိုဖိုးထွေးကို ချိုင်းထောက် အလဲ အလှယ် နဲ့ သုံးဖို့ပါ ”
“ငါ့သားက တသက်လုံးချိုင်းထောက်နဲ့ နေရတော့မယ် လို့ မင်းတို့ ထင်နေတာ လား တကယ့်ကောင်တွေ စကားမစပ် မင်း ငါ့ကြက်မကြီး နှစ်ကောင်ကို တွေ့သေးလား မနေ့ကတည်းက ပျောက်နေတာ ”
“မတွေ့ဘူး ဘကြီးရာ ၊ ဘကြီးက ကြက်ဖမှ မထားတာ အဲ့ဒီတော့ ကြက်ဖ နောက် လိုက်သွားတာ နေမှပေါ့ ”
“မဟုတ်လောက်ပါဘူး အများဆုံးသွား ငါ့အိမ်ဘေးက သိန်းအောင် ကြက်ဖ ‌ဆီပဲ သွားတာပါ အခုက အစအနကို မတွေ့တာ တကယ့်ကြက်မျိုးကောင်း တွေကွ”
“ဟုတ် တော်တော်ကောင်းတယ် ဘကြီး ”
“ဘာတော်တော် ကောင်းတာလဲကွ ”
“ကြက်မျိုးပြောပါတယ် ဟိုနေ့ကတော့ ဘကြီးတို့ အိမ်ရှေ့ တောကြောင် တကောင်တွေ့တယ်နော် အဲ့ ကြောင်များ သုတ်သွားတာ လား မသိဘူး ”
“အေးကွာ သွားသွား အိမ်ပေါ်မှာ မင်းအကို နဲ့ မင်းအရီး ရှိတယ် ”
မောင်ဘိုးထင် သည် ရွာလူကြီးမှ ခွင့်ပြုလိုက်သည် နှင့် သက်ပျင်း တချက် ချကာ အိမ်ပေါ်သို့ တက်သွားလေ၏ ၊အိမ်ပေါ်ရောက်သော အခါ ဖိုးထွေးအား ဆန်ပြုတ် တိုက်နေသော အရီးကို ပါတွေ့လိုက်ရသည် ။ထို့နောက် ဖိုးထွေးသည် ကြက်ခိုးထားသည်ကို သတိထားမိဟန်ရှိ ၍ မျက်နှာ သိပ်မကြည်ပေ၊ အရီးသည်က ဆန်ပြုတ် ပန်းကန်လေးကိုင်ထားရင်းမှ ပန်းကန်လုံးကို ကိုင်ထားသော မောင်ဘိုးထင်အား စကားဆိုလေသည် ။
“ဘိုးထင် ပန်းကန် နဲ့ ဘာတွေ လာပို့တာတုန်း နင့်အကိုက ဆန်ပြုတ်ပဲ တည့်တာ မနေ့က မင်းတို့ နောက်လိုက်ပြီး ဘာစားတယ် မသိဘူး နေ မကောင်းပြန်ဖြစ် သွားတာ ”
“ဆန်ပြုတ် ပါပဲ အရီးရ ”
မျက်နှာ မသာမယာ ဖြစ်နေပေမဲ့ ဆန်ပြုတ် လာပို့သည် ဟုမထင်ထားသော ဖိုးထွေး သည် ဆန်ပြုတ်ဆိုသည့် မောင်ဘိုးထင် ပြောစကားကြောင့် မျက်နှာ မဲ့ ရွဲ့ကာ
“ဆန်ပြုတ်ဆို ပြန်ယူသွား ဟေ့ကောင် မင်းတို့ ဆန်ပြုတ်က ငါ့အမေ ပြုတ်တဲ့ ဆန်ပြုတ်လောက် ကောင်းမှာ မဟုတ်ဘူး ငါ့အမေ ပြုတ်တိုက်တဲ့ ဆန်ပြုတ်တောင် မသောက်ချင်တာ မင်းတို့ ဆန်ပြုတ်ကို ‌သောက်ကို မသောက်ဘူး ပြန်ယူသွား”
ဖိုးထွေး၏ စကားကြောင့် မိခင်ကြီးဖြစ်သူသည် မောင်ဘိုးထင်အား အားနာသွားကာ
“နင်သိတဲ့ အတိုင်းပဲ နင့်အကိုက ပြောလိုက်ရင် အဲ့ဒီလို သူ့အဘ လိုပဲ ဒုတ်ထိုးအိုးပေါက်ပြောတာ ”
“ရပါတယ် အရီးလေးရာ ကျုပ်က ဘာမှ မဖြစ်ပါဘူး သူ့အတွက် ဆိုပြီး ဆန်ပြုတ်လေးကို သေချာပြုတ် ကျုပ်ဆီကို မရဲတရဲလေးနဲ့ လာပို့ ရှာတဲ့ အမ မိကျော့ကိုပဲ သနားတယ်ဗျာ ကျုပ် ကိုဖိုးထွေး ပြောတဲ့ စကားတွေကို ပြန်ပြောရင် သူသိပ်ဝမ်းနည်းသွားမှာ အရီးရ ”
မောင်ဘိုးထင်၏ စကားကြောင့် ဖိုးထွေး ပြာပြာသလဲ ဖြစ်သွားကာ
“အမေ အမေ ဘိုးထင် ဆီက ဆန်ပြုတ် မြန်မြန် သွားယူပေးပါဦး ကျုပ် ဗိုက်တွေ ဆာလှပြီ”
“အားနာပြီးတော့‌ မကြိုက်တာကို သောက်မယ် လို့ မတွေးပါနဲ့ ဗျာ ကျုပ်ပြန်ယူသွားပြီး အမ မိကျော့ကို ပြန်ပေးလိုက်ပါမယ် ”
“ခွီးတဲ့ မှပဲ ကန်တော့ အမေ ဒီကောင့်ကို ကျုပ်လုပ် မိတော့မယ် ဗျာ မြန်မြန် ယူပေးပါ သောက်ချင်နေပြီ၊အဲ့ဒီကောင် တမင်လုပ်နေတာ ”
ဖိုးထွေး၏ ဖြစ်ပျက်နေသော ‌ပုံစံကြောင့် အရီးသည် မောင်ဘိုးထင်အား ပြုံးလို့ကြည့်ကာ
“ဘိုးထင် နင့်အကိုက နေကောင်းတာ မဟုတ်ဘူး စ မနေတော့နဲ့ ယူခဲ့ ငါ့ချွေးမလေးပေးတဲ့ ဆန်ပြုတ်ကို ငါ့သားက အသက် ၁၇ တောင် တင်းတင်း မပြည့် သေးဘူး ရည်းစားတွေ ဘာတွေ ရနေပြီလား ”
“အရီးသားအကြောင်း မသိဘူးလား အရီးသားက ကျုပ်အရွယ်သာသာ လေးကတည်းက အမမိကျော့ကို ကြိုက်နေတာ ဗျ ”
“ဟုတ်ပ အချိန်တွေက လည်း အကုန်မြန်လိုက်တာ ဘိုးထင်တောင် လူကောင်ထွားလာပြီ ဒါပေမဲ့ ငါတို့ မျက်လုံးထဲ မှာတော့ ကလေးပဲ ”
အရီး၏ စကားကြောင့် မောင်ဘိုးထင် ကျေနပ်နေမိသည် ၊ ပေပင်ရွာရှိ လူကြီး၊လူငယ်များသည်က နှလုံးသားကြီးလှ၏ အဘယ်ကြောင့် နှလုံးသား ကြီး လှသည် ဟု ပြောရသနည်းဆို မောင်ဘိုးထင်အား တကောင်ကြွက်ကလေးမို့ သံယောဇဉ်ရှိ ကြ၏ ၊ သူတို့အားလုံး သံယောဇဉ် ရှိသလို မောင်ဘိုးထင်သည် လည်း သူတို့ အားလုံးကို သံယောဇဉ် တွယ်နေမိသည်၊၊ သူသည် ပေပင်ရွာမှ လူတယောက် သေဆုံးသွားရတိုင်း မိသားစု နည်းတူ ခံစားရသည် ။ကိုပြုံး သေစဉ်ကလည်း သူအတော်ခံစားရသလို ကိုကြည်အေး နှင့် မကြာသော အချိန်ကမှ ဆုံးပါးသွားသော ပေတူး၏ အဘ ဦးသန်းလှိုင် သေဆုံးသည့် အခါလည်း သူ၏ မိဘ တယောက် နှင့် အကိုကြီးများ ဆုံးရှုံးရသကဲ့သို့ ခံစားရ၏။ ထိုသို့ တွေးတောနေစဉ် ဖိုးထွေး၏ အသံသည်က သူ၏ အတွေးစကို ပြတ်တောက် သွားစေတော့သည်။
“ဘိုးထင် ပန်းကန်ကြီးကို တနေကုန်ကိုင်ထား ဦးမလို့လား ”
“အော် ဟုတ်သား ရော့ ရော့ ”
မောင်ဘိုးထင်သည် ဆန်ပြုတ် ပန်းကန်အား ဖိုးထွေး ရှေ့ချပေးလိုက်သော အခါ ဖိုးထွေးသည် သူ၏ မိခင် ဆန်ပြုတ် ပန်းကန်ထဲ မှ ဇွန်းကို ယူကာ မိကျော့၏ ဆန်ပြုတ်ကို သောက်နေ၏ ၊ ထိုအခါ ဖိုးထွေး၏ မိခင်သည်
“အမလေး တော်တော်ကောင်းတဲ့ သား ငါတို့လင်မယား ဘဝ အတွက်တော့ ရင်လေးတယ် ”
“အမေရယ် ကျုပ်က သားမိုက် မဟုတ်ပါဘူးဗျာ အဘ နဲ့ အမေရဲ့ စေတနာတွေကို နားလည်ပါတယ် ပြီးတော့ မိကျော့ကလည်း ဟော့ဟော့ရမ်းရမ်း မဟုတ်ပါဘူး ”
“သိပါတယ် ငါက မိကျော့ နဲ့ ဆို သဘောတူ ပြီးသား ”
ဖိုးထွေး ပျော်တပြုံးပြုံးနှင့် ဆန်ပြုတ်သောက်နေသည်ကို ကြည့်ကာ မောင်ဘိုးထင် စိတ်ထဲ အတွေးပွားမိပြန်သည် ။ သူတွေးနေသည်က တခြားမဟုတ် ခြေထောက်မှိန်းထိုးခံရသည်ကို ကျေနပ် နေသည်လားဟု ဖြစ်သည် ။ပြောရပေဦးမည် ဖိုးထွေးသည် သူ၏ ခြေထောက်ကို မှိန်းထိုးမိသည်မှာ ကြွက်လည်သွားရင်း သူ့ကိုယ်သူ ပြန်ထိုးမိသည်ဟု ရွာသားများအား လိမ်ပြောထားသည်။လိမ်ပြောရခြင်းအကြောင်းမှာ မောင်ဘိုးထင်တို့အား သူတို့၏ မိဘများနှင့် တခြားရွာသားများ အပြစ်ပြော မည် စိုးသော ကြောင့် ဖြစ်၏။ ထို့နောက် ကုန်သွားသောဆန်ပြုတ်ပန်းကန် အား ဖိုးထွေး၏ အမေသည် မီးဖိုချောင်ထံ သွားဆေးရန် နေရာမှ ထလိုက်ပြီး
“ဘိုးထင် အရီးပန်းကန် ဆေးပေးလိုက်ဦးမယ် ခဏစောင့် ”
“ဟုတ်ကဲ့ အရီး”
အရီးထွက်သွားသောအခါ ဖိုးထွေးသည် မောင်ဘိုးထင်အား အနားကပ်ခိုင်းကာ
“ဟေ့ကောင် မိကျော့လေးက ငါ့ကို ဘာမှာလိုက်သေးလဲ”
“ထွေ ထွေ ထူးထူးတော့ မမှာပါဘူး ”
“အေး ပြော ဘာမှာသေးလဲ ”
“ကျုပ်ကိုတော့ အထွေ အထူး မမှာပါဘူး ကိုဖိုးထွေး ”
“မှာတာကို ပြောစမ်းကွာ မင်းကလည်း ငါ့အဘ ကို ကြက်နှစ်ကောင် မင်းတို့ သုတ်သွားတာ ငါ မသိယောင်ဆောင်ပေးမယ် ”
“သေချာတယ် နော် ”
“အေးပါကွာ သေချာပါတယ် ”
“အမ မိကျော့က မှာတယ် ”
“ပြော ပြောစမ်း”
“ပန်းကန်ကို ယူပြီး သူ့အိမ်ကို ပြန်လာပို့တဲ့ ဗျ”
ထိုစကားကြောင့် ဖိုးထွေးသည် မျက်လုံးပြူးကာ မောင်ဘိုးထင်အား ကြည့်နေပါလေတော့သည်။

*အခန်း (၆)

မောင်ဘိုးထင်သည် ဆန်ပြုတ်ပန်းကန်အား ပြန်ပေးရန် မိကျော့၏ အိမ်ဘက် ပြန် ထွက်လာသည်၊၊ မိကျော့ အိမ်နားရောက်သောအခါ မိကျော့ နှင့် အတူ လှရင် နှင့် မယ်လှ တို့ သည် ဟင်းပန်းကန် လေးများကိုင်ပြီး လမ်းလျှောက်နေကြသည် ထို့နောက် မိကျော့သည် သူ့အားတွေ့သောအခါ
“ဟဲ့ ဘိုးထင် ပန်းကန် လာပို့တာလား ငါတို့ ကြီးတော်အေး အိမ် ဟင်းသွားပို့လိုက်ဦးမယ် ကြီးတော်အေး မကျန်းမာ ဘူးလို့ကြားလို့ ”
“ကိုကြီး ကြည်အေး အမေလား ”
“ဟုတ်တယ် ကြီးတော်အေး ခမျာ သူ့သားကြီး ဆုံးသွားပြီးကတည်းက ကျန်းမာ ရေးသိပ်ကောင်းတာ မဟုတ်ဘူး ”
“အဲ့တာ ဆို ကျုပ်ပါ လိုက်လို့ရလား အမ မိ‌ကျော့ ”
“ရတယ် လိုက်ခဲ့ အပြန်မှ ပန်းကန် ငါယူသွားလိုက်မယ် ”
ထို့နောက် မောင်ဘိုးထင်သည် မယ်လှ၏ ဘေးမှ ယှဉ် ၍လမ်း လျှောက်ပြီး ကြီးတော်အေး၏ အိမ်သို့ သွားကြပါတော့သည်။မကြာသောအချိန် တွင် ကြီးတော်အေး၏ အိမ်သို့ ရောက်ရှိပြီဖြစ်သည် ။ သူမသည် ပြောင်းဖူး ဆေးပေါ့လိပ်ကြီးကို ဖွာရှိုက်ကာ ကိုကြည့်အေး လေကျင့်ခန်းလုပ်သော သရက်ပင်အောက်တွင်ရှိ ဒိုက်စင် နှင့် ယမ်းဘား တို့ကို ကွပ်ပျစ်မှာ ထိုင်ရင်း ငေးကြည့်နေသည် ၊ ထို့နောက် မိကျော့တို့ လာသည်ကို မြင်သောအခါ


“မိကျော့ နဲ့ လှရင်တို့ပါလား လာလာ ဟောဟိုက ကလေးနှစ် ယောက်က ဘယ်သူတွေ တုန်း ”
“ကျုပ်ဘိုးထင်လေ ”
“ကျမက မယ်လှလေ ကြီးတော် ကြီးရဲ့ ”
” နင်တို့က တော်တော် ထွားလာကြတာပဲ ဘာတွေ လာလုပ်ကြတာတုန်း ”
“ကြီးတော်အတွက် ဟင်းတွေလာပို့တာ ”
“ကရိကထ များအောင်ကွယ် ”
“မများပါဘူး ကြီးတော်ရယ် ကျန်းမာ ရေးလည်း မကောင်း ဘူးပြောတယ်နော် ”
လှရင်သည် အရီးပျို၏ ဘေးတွင် ထိုင်ပြီးပြောလိုက်သော အခါ သူမသည် ပြောင်းဖူးဆေး ပေါ့လိပ်ကြီးကို တချက်ဖွာ လိုက်ရင်း
“ငါ အသက်ရှင်နေတာ အပိုတခုလို့ ခံစားလာရတယ် အရမ်းသိတတ် လိမ္မာတဲ့ ငါသားကြီးကို မှ ဘာလို့ သေမင်းက အရင်ခေါ်ရတာလဲ မသိပါဘူး သူ့အစား အရီးသာ လိုက်သွားချင်မိတော့တယ်ကွယ် ”
“ကြီးတော်ရယ် မတွေးကောင်းတာတွေ မတွေးပါနဲ့ ထမင်းစားရအောင် ကျမ ထမင်းသွားခူးလိုက်မယ် ”
“နင်တို့ လူလွဲပြီး ငါ့ကို ဟင်းတွေ လာပို့နေတာထင်တယ် ငါက ကျန်းမာပါတယ် မကျန်းမာတာ က မပျို မဟုတ်လား သူတော်တော် နေမကောင်း ဖြစ်နေတာ ”
“အရီးပျို ဆီလည်းသွားပို့ မှာ ပါ ဒါက ကြီးတော်အတွက် လာပို့ တာ ”
“သာဓုပါတော် သာဓု သာဓုပါ ”
ကြီးတော်အေးသည် ‌မိကျော့တို့အား ဆုများပေးနေပါလေတော့သည် ။ထို့နောက် လှရင်တို့သည် ကြီးတော်အေးအား နှုတ်ဆက်ကာ နေမကောင်းဖြစ်နေသော အရီးပျို၏ အိမ်သို့ ဆက်သွားရန် အချင်းချင်း ပြောဆိုနေကြပါလေတော့သည် ။

ပြီးပါပြီ။
မောင်တင်ဆန်း

Leave a Comment