အောက်လမ်းဘိုးထင် နှင့် လူယုတ်မာများ

” အောက်လမ်းဘိုးထင် နှင့် လူယုတ်မာများ ”
ရေးသားသူ— မောင်တင်ဆန်း
+++++++++++

*အခန်း (၁)

သနပ်ပင်ရွာလေး၏ အနောက်ဘက်တောအုပ်တခုအတွင်းရှိ အင်တောထဲမှ တဲလေးတလုံးပေါ်တွင် ဖြစ်သည်။ထိုတဲလေး ပေါ်တွင်တော့ တဲပိုင်ရှင်များဖြစ်ကြသော သာတင်နှင့် မိန်းမဖြစ်သူမိတင် ထို့‌‌ေနာက် ၊ရှစ်နှစ်အရွယ် သူတို့၏သမီးလေးတယောက်အပြင် မျက်နှာချင်းဆိုင်တွင်ထိုင်နေကြသော မောင်ဘိုးထင်၊ပေတူး သာအေး နှင့် ဆရာကြီးဩတို့ ဖြစ်သည်။သာတင်၏ မိန်းမဖြစ်သူမှာ ဦးဩကို ကြည့်ကာ
“ကျမ ဒီအကြောင်းတွေကို တကယ် မသိတာပါရှင် သိခဲ့ရင်တော့ ကျမ မလုပ်ခိုင်းပါဘူး တကယ်ပါ ဆရာကြီးရယ် ”
“ရှိစေတာ့ မိတင် နင်တို့ သားအမိမှာ ဘာအပြစ်မှမရှိပါဘူး ငါ သာတင်ကိုပဲ မေးချင်တယ် ကဲ သာတင် ဘာတွေဘယ်လိုဖြစ်ပြီး ငါ့ မြေးလေးကို ပြုစားဖို့ ဖြစ်လာတာလဲဆိုတာ မင်း ပြောပြစမ်းကွာ ”
“ဟုတ်ကဲ့ပါ ဆရာကြီး ကျုပ် တလုံးမကျန် အကုန်ပြောပြပါ့မယ် ”
သာတင်သည် သူ၏ မျက်နှာမှ ဖူယောင်းဒဏ်ရာများကို ကြပ်ထုတ်ဖြင့် ထိုးရင်းမှ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ပြောပြဖို့ရာ ဟန်ပြင်လိုက်လေသည်။မောင်ဘိုးထင်တို့သည် သာတင်ပြောလာမည့် အကြောင်းများကို နားထောင်ရန် နားစွင့်နေကြပါတော့သည် ။

*အခန်း (၂)

သနပ်ပင်ရွာလေးတွင် ယက်ကန်းခတ်သောသူသည် ဦးသန်းဖေ၏ မြေးဖြစ်သော မြနှင်းရီတယောက်သာ ရှိ၏။မြနှင်းရီသည် အသက်နှစ်ဆယ်ဝန်းကျင်ရှိကာ ချောမောလှပသော မိန်း မပျိုလေးတဦးဖြစ်ပြီး ယက်ကန်းကို အကွက်ဆန်းများ ခတ်နိုင် သည့်အတွက် အတော်ကိုနာမည်ရနေသည်။သူမ၏ ယက်ကန်း စင်တွင် အလုပ် လုပ်သောသူ နှင့် ပညာသင်သောသူ များစွာရှိလေသည်။သူတို့ထဲတွင် မြနှင်းရီတို့၏ အိမ်နံဘေး၌ နေထိုင်သော အထက်လမ်းဆရာကြီး ဦးဩ၏ မြေးမလေး ရတနာ အပါအ၀င် ဖြစ်လေသည်။ရတနာလေးသည် ငယ်ငယ်ရွယ် ရွယ် နှင့် ယက်ကန်းခတ်ရာတွင် အတော်ကို အထုံပါရမီ ပါလာလေသည်။သူမသည် ပညာကို ကြိုးကြိုးစားစား သင်ယူပြီး မြနှင်းရီခိုင်းသော မည်သည့်ကိစ္စမဆို သွက်သွက်လက်လက် လုပ်ပေးသောကြောင့် အတော်ကို အားကိုးရသော ကလေးမလေး တယောက် ဖြစ်သည်။မြနှင်းရီ၏ ယက်ကန်းစင်လေးသည် သနပ်ပင်ရွာတွင် သာမက အခြားရွာနီး၀န်းကျင်တွင်ပါ နာမည် ကြီး၏။ဝယ်ယူသူများကြသော်လည်း မြနှင်းရီသည် အပြော အဆို မသိမ့်မွေ့ပေ။လက်ရာကောင်းသောကြောင့်သာ ဝယ်သူ များသည် သည်းခံ၍ ဝယ်ရလေသည်။ရတနာသည် အသက်တဆယ့်သုံးနှစ်ကျော်ကတည်းက မြနှင်းရီထံတွင် ပညာသင်ကြားလာရာ ယခု အသက်တဆယ့်လေးနှစ်ကျော် လာသောအချိန်တွင်တော့ ယက်ကန်းကို ကောင်းကောင်းခတ်တတ်နေပြီ ဖြစ်သည်။ထို့အတွက် သူမသည် ကိုယ်ပိုင်ယက်ကန်းစင်လေး ထောင်ချင်မိလာသည်။အသက်ငယ်ပေမဲ့ ကြီးပွားတိုးတက်ချင်စိတ်ရှိသော မြေးဖြစ်သူကြောင့် အထက်လမ်း ဆရာကြီး ဦးဩသည် မြေးမလေးဖြစ်သူ ပြောစကားကို အပြုံးနှင့်သာ နား ထောင်လေ့ရှိသည်။ယခုလည်း မြေးဖြစ်သူနှင့် ထမင်းစားနေချိန်တွင် မြေးဖြစ်သူမှ သူမ၏ စိတ်ထဲတွင်ရှိသော အရာများကို အဖိုးဖြစ်သူအား ပြောပြနေသည် ။
“အဖိုး သမီးက ယက်ကန်းစင်လေးထောင်ချင်ဝာာ အခုဆို သမီးက ယက်ကန်းခတ်တာ အတော်ကို ကျွမ်းကျင်လာပြီ အကွက်ဆန်းဆန်းတွေလည်း ခတ်တတ်နေပြီ ”
“ငါ့မြေးလေး တော်တယ်ဆိုတာ အဖိုးက သိပြီးသားပါ ”
“အဲ့တာဆိုရင် သမီးကို ယက်ကန်းစင် ထောင်ပေးပါလား ”
“မြေးမလေးက ကိုယ်ပိုင် အလုပ် လုပ်ချင်နေပြီလား ”
“သမီးက မကြာခင် ဆယ့်ငါးနှစ်‌ပြည့်တော့မှာလေ ဘာလဲ အဖိုးက သမီးကို ကောက်စိုက်၊ပဲနုတ် ပဲ လုပ်စေချင်လို့လား ”
“မဟုတ်ပါဘူး မြေးရယ် အဖိုးမှာ မြေးလေးတယောက်ပဲ ရှိတာ ခိုင်းရက်ပါ့မလား အဖိုးရဲ့အလုပ်က ကုသိုလ်လည်းရ ဝမ်းလည်းဝဆိုတော့ ငွေရေးကြေးရေး စုထားတာ ရှိတယ်။ မြေးလေးရဲ့ အမ မြနှင်းရီကို တိုင်ပင်ပြီး ယက်ကန်းစင် ထောင်ဖို့ပြောပေါ့ ”
“အမကိုလည်း ပြောထားပါတယ် အမကလည်း အားပေးတယ် ယက်ကန်းစင်ထောင်မယ်ဆိုရင် သူအရင်က သုံးတဲ့ ယက်ကန်းစင် ရှိတယ်တဲ့ ဝယ်ရင်လည်းရောင်းမယ် ပြောတယ် ”
“အဲ့တာဆိုလည်း ငါ့မြေးသဘောပါ ‌သေတ္တာထဲမှာ အဖိုး ငွေစု ထားတာ ရှိတယ်။မြေးလေး လိုသလောက်သာ ထုတ်ပြီး သုံးပေတော့ ”
“အဖိုးက တကယ်ကို သမီးအပေါ်မှာ ကောင်းပေးတယ် ”
“မြေးလေးကလည်း အဖိုးကို ဟင်းကောင်းကောင်း ထမင်းကောင်းကောင်းချက် ကျွေးတာကိုးကွဲ့ ”
“အဖိုးက ရွဲ့နေတာလား ဝက်သားပေါ်တိုင်း ဝယ်ရလို့ ပြောတာလား ”
“မဟုတ်ရပါဘူး ငါ့မြေးရယ် ကဲ ကဲ စားပြီးရင် ယက်ကန်းစင် ဝယ်ဖို့ တိုင်ပင်ချေ ”
“ဟုတ်ကဲ့ပါ အဖိုး ”
ရတနာသည် အတော်ကို ပျော်ရွှင်နေသည်။သူမ၏ အသက် အရွယ်ကြောင့် တချို့သောအုပ်ထိန်းသူများမှာ လူကြီးတယောက်ကဲ့သို့ ပြောဆို ဆက်ဆံကြသည် မဟုတ်ပေ။ယခုတော့ သူမ၏ အဖိုးဖြစ်သူသည် တခြားသောသူများနှင့် မတူပေ။အသက်အရွယ်ကို မကြည့်ပဲ သူမ၏ လုပ်ရည်ကိုင်ရည်နှင့် စိတ်နေ‌စိတ်ထားကို ကြည့်ကာ အဖိုးဖြစ်သူမှ အပြည့်အဝ ယုံကြည် ထောက်ခံသည် မဟုတ်ပါလား။ထို့အတွက် အဖိုး၏ မြေးဖြစ်ရသည်မှာ ကံကောင်းသည်ဟု သူမ ထင်နေမိသည်။အဖိုးဖြစ်သူသည် သူမ၏ အဖေ၊အမေ မရှိတော့သည်ကို သတိ မထားမိအောင်ပင် သူ့အပေါ်ကောင်းမွန်လွန်းလှသည်။အဖေ၊အမေ ရှိသူများထက်ပင် လိုလေသေးမရှိ ပြည့်စုံအောင် ထားသည်။ထိုအတွက် ကျေးဇူးရှင် အဖိုးဖြစ်သူ စိတ်ဆင်းရဲစေမည့် မည်သည့်အလုပ်မျိုးမဆို ဘယ်တော့မှ မလုပ်ဟုလည်း သူမ ထမင်း စားနေရင်း စိတ်ထဲမှ ဆုံးဖြတ်ချက် ချလိုက်တော့သည်။

*အခန်း (၃)

မြနှင်းရီသည် သူမ မသုံးတော့သည်မှာ ကြာသော ယက်ကန်းစင်အား ဝယ်ရင်းဈေးနှင့် သူမ၏တပည့်ဖြစ်သူ ရတနာအား ရောင်းဖို့ ကြံနေသည်။ထို့ကြောင့် ရတနာအား လုပ်ငန်းထူ ထောင်ရန် သဘောတူလိုက်ပြီး သူ၏ ယက်ကန်းစင်အား ထုတ် ရောင်းသည်။ရတနာသည် မြနှင်းရီရောင်းသော ယက်ကန်းစင်အဟောင်းမှာ ဈေးများမှန်း သိသော်လည်း အခကြေး ငွေမယူပဲ ပညာသင်ပေးခဲ့သော ဆရာဖြစ်နေသည်မို့ တောင်းသည့် ဈေးအတိုင်း ပေးကာ ဝယ်လ်ိုက်လေသည်။မြနှင်းရီသည် ရတနာအား လူအမလေးဟု ထင်သွားကာ သူ့ဂုဏ်သူဖော်ပြီး စကားဆိုနေပြန်သေး၏။
“ငါက နင့်မို့လို့ ဒီဈေးနဲ့ ရောင်းတာနော် ယက်ကန်းစင် အသစ်ဆိုဝယ်ရတာ ဘယ်လောက် ခက်တယ်ဆိုတာ နင်လည်းအသိပဲ”
“ဟုတ်ကဲ့ပါ မမ အဲ့တာကြောင့်မို့ ရတနာလည်း ကျေးဇူးတင် နေတာပါ ”
“ပြီးတာပဲ ညည်း အိမ်မှာပဲ ယက်ကန်းစင်ကို ဆင်မှာ မဟုတ်လား ”
“ဟုတ်တယ်လေ မမ ”
“လိုအပ်တာရှိရင်လည်း ပြောပေါ့ ”
“ဟုတ်ကဲ့ပါ မမ”
ရတနာသည် မြနှင်းရီမှာ သူ့အပေါ် လူလည်ကျသည်ကို သိသော်လည်း စိတ်ထဲမှ ထုတ်ပစ်လိုက်သည်။ယက်ကန်းစင်ကို အိမ်မှာ ဆင်လိုက်ပြီး သူမ၏အသက် တဆယ့်ငါးနှစ်ပြည့်သော နေ့မှာပင် တနိုင်တပိုင် ယက်ကန်း စခတ်လေသည်။ရတနာသည် ထက်မြက်သော မိန်းကလေးငယ်တဦးဖြစ်လေရာ သူများနှင့် မတူသော အကွက်ဆန်းများကိုပါ ခတ်နိုင်၍ တစ တစ နာမည်ရလာသည်။သူမ၏ အသက်တဆယ့်ခြောက်နှစ်ပြည့် ချိန်တွင်တော့ ရတနာ၏ ယက်ကန်းစင်လုပ်ငန်းလေးသည် နောက်ထပ်ယက်ကန်းစက်များ ထပ်ဝယ်လာနိုင်ကာ ရွာထဲမှ မိန်းကလေးများကို အလုပ်ပေးနိုင်သည်အထိ တိုးတက်လာသည်။ရတနာမှာ အလုပ်လုပ်ရာတွင်လည်း သေသပ်လှပသဖြင့် သူမ၏ ယက်ကန်းစင်မှ ထွက်သော အထည်များသည် အကွက်ဆန်းများ ဖြစ်၍ လူကြိုက်များသည်။ထို့အပြင် အပြောအဆိုကပါ အရွယ်နှင့် မလိုက်အောင် သိမ်မွေ့ ပါးနပ်လွန်းလှ၍ အချိန်တိုအတွင်း တိုးတက်လာခြင်း ဖြစ်၏။သူမ တိုးတက်လာသည် နှင့် ဆုတ်ယုတ်လာသူမှာ မြနှင်းရီ ဖြစ်၏။ရတနာနှင့် မတူသည်မှာ မြနှင်းရီသည် စကားပြောရာတွင် သူတပါးအား နိုင့်ထက်စီးနင်း ရှိလွန်းလှ၍ သူမ၏ ဖောက်သည်များသည် ရတနာ ဆီသို့ရောက်ကြကုန်သည်။ထို့ကြောင့် မြနှင်းရီ၏ လုပ်ငန်းသည် တစတစ ဆုတ်ယုတ်လာပြီး ပိုဆိုးသည်မှာ ယက်ကန်းခတ် ကျွမ်းကျင်သော မိန်းခလေးများသည် သူမဆီမှ အလုပ်ထွက်ကာ ရတနာထံသို့ အလုပ်ဝင်သွား၍ အတော်ကို အနေခက်၊အထိုင်ခက် နှင့် အိပ်ရင်းပင် ယောင်‌ပြီး အော်သည်အထိ ရတနာ၏အပေါ် ဣသာမစ္ဆရိယစိတ် များလာ၏။ထို့ထက်ပိုဆိုးသည်မှာ မြနှင်းရီသည် ညဘက်တွေဆိုလျှင် အခန်းထဲ၌ တယောက်တည်းငိုယို နေတတ်လာသည်။ထို့နောက် မှန်ပေါ် မှ သူ၏ မျက်နှာကို ကြည့်ကာ ငိုလိုက် ရယ်လိုက် နှင့် ပြုလုပ်ပြီး စကားများလည်းတယောက်တည်း ပြောနေတတ်သေး၏။သူမပြောသောစကားများမှာ
“ငါ့မွေးတဲ့မျောက် ငါ့‌ ပြန်ခြောက်နေပါလား။ငါ ငါက သူ့လောက်တောင် မတော်ဘူးလား မုန်းတယ် မုန်းတယ် ”
ထိုသို့ မူမမှန်ပဲ ရှိနေသော မြေးဖြစ်သူအား ဦးသန်းဖေသည် နှစ်သိမ့်ပေးလေ၏ ။
“မြေးလေး အဖိုးတို့က လယ်ပိုင်ယာပိုင်တွေပါ မြေးလေး အလုပ် မလုပ်လည်း အဘိုးတို့က နေနိုင်စားနိုင်ပါတယ် ”
“အဖိုး ဘာမှမသိဘူး သမီးက ငွေထက် ဟိုကလေးမကို ရှုံးသလို ဖြစ်နေတာကို သည်းမခံနိုင်တာ အဖိုးရယ် စဉ်းစားကြည့်ပါဦး သူက သမီးရဲ့ ယက်ကန်းစင်အဟောင်းကြီးကို ဝယ်ပြီး ကြီးပွားသွားတာ အခုဆို တနှစ်အတွင်း သမီးရဲ့ ဖောက် သည်တွေရော အလုပ်သမားတွေရော သူ့ဆီ အကုန်ရောက်ကုန်ပြီ။ဒီ ကောင်မကို သမီး မယှဉ်နိုင်ရင် သမီး လူ့ဘဝမှာ မနေနိုင်တော့ဘူး အဖိုး သမီး သေချင်တယ် ”
“မဟုတ်တာ မြေးလေးရယ် ဘာလို့သေရမှာလဲ အဖိုးမှာ ခင်တွယ်စရာဆိုလို့ မြေးလေးတယောက်တည်း ရှိတာပါ ‌မြေး လေးသေလို့ မရဘူး သေမဲ့သေ ”
ဦးသန်းဖေသည် ပြောလက်စ စကားကို ရပ်ကာ အိမ်ပြုတင်း ပေါက်ဆီသို့သွားပြီး ပြုတင်းပေါက် မှတဆင့် ဦးဩ၏ အိမ်အောက်ရှိ ယက်ကန်းစင်ကို ကြည့်လိုက်သည်။ဝယ်သူ၊ရောင်းသူ ယက်ကန်းခတ်သူ၊ဗိုင်းငင်သူများနှင့် ပြည့်နေသော ရတနာ ၏ လုပ်ငန်းလေးကို ကြည့်ကာ တောက်တချက်ကို ခေါက် လိုက်ပြီး တံခါးကို စောင့်ပိတ်လိုက်လေတော့သည် ။

*အခန်း (၄)

‌ဦးသန်းဖေတယောက် ညသန်းခေါင်ယံအချိန်တွင် တယောက်တည်း အရက်သောက်နေသည်။သူသည် မသောက်သည်မှာ ကြာပြီဖြစ်သောအရက်အား သောက်နေရခြင်းမှာ ညဘက်ဆိုလျှင် အိပ်မက်ယောင်ကာ ရတနာအား သတ်ချင်နေသော မြေးဖြစ်သူ၏ စကားများကို နားထောင်ပြီး စိတ်ညစ်နေခြင်းကြောင့်ဖြစ်သည်။မြေးဖြစ်သူ ခံစားနေရသော စိတ်ခံစားချက်ကို သူနားလည်သည်။အဓိက တရားခံမှာ ယက်ကန်းစင်ထောင်သော ရတနာကြောင့်သာ ဖြစ်သည်ဟု တထစ်ချ ယုံထားသည်။ထို့ကြောင့် အရက်တခွက်ကို သောက်ရင်း မည်သို့ လုပ်ရမည်ကို စဉ်းစားနေ၏။ရတနာ၏ အဖိုး‌ဖြစ်သူမှာ သူ၏ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းဖြစ်၍ အမြဲအပြုံးမပျက် ဆက်ဆံနေရသည်။စိတ်ထဲတွင်တော့ မင်းမြေးကြောင့် ငါ့မြေး စိတ်ညစ်နေရတာ မင်းမြေးမရှိမှ အေးမယ်ဟု အမြဲ ပြောနေမိသည်။ဤသို့နှင့် တလောက ‌သင်္ချိုင်းတွင် လူလက်ဖျံရိုး လာဖော်သော သာတင်ကို အမှတ်ရသွား၏။သာတင်သည် ရွာ၏ အနောက်ဖက်နှင့် အတန်လှမ်းသော အင်တောထဲတွင် မိသားစုလိုက် နေထိုင်ကြသည်။သူအောက်လမ်းပညာလိုက်စားသည်ကို အစက ဦးသန်းဖေလည်းမသိ နွားပျောက်၍ သူရင်းငှားများနှင့် အတူ နွားရှာပြီး အချိန်မရှိမှ ရွာသို့ ပြန်လာစဉ် အလောင်းဖော်နေသော သာတင် နှင့် တိုးပြီး သာတင်မှာ အောက်လမ်းပညာသည် ဖြစ်နေသည်ကို သိရခြင်းဖြစ်၏။ထို့ကြောင့် ဦးသန်းဖေသည် သာတင်အား ရတနာသို့ အောက်လမ်းအတိုက် နှင့် တိုက်ခိုင်းရန် ဆုံးဖြတ်ချက် ချလိုက်ပါတော့သည်။သူတယောက်တည်း တွေးပြီး ပြုံးနေစဉ် သူ၏ နောက်တွင် မည်သည့်အချိန်ကတည်းက ရောက်နေမှန်း မသိသော မြေးဖြစ်သူသည်
“အဖိုး ညဘက် အရက်တွေ သောက်နေတယ် ပြီးတော့ တယောက်တည်း ပြုံးနေပါလား ဘာဖြစ်လို့လဲ အဖိုး ”
“ဘာမှမဟုတ် ဘူး သမီးရယ် ”
“အဖိုးက သမီးကို ဘယ်တုန်းက ညာဖူးလို့လဲ ပြောပြပါနော် ”
“ဒီတိုင်း အရက်မသောက်တာကြာလို့ သောက်တာ ဘာမှ မဟုတ်ဘူး ”
“အဖိုးနော် သမီးကိုတောင် အမှန်အတိုင်း မပြောချင်ဘူး ”
“ဘာမှ မဟုတ်လို့ပါကွယ် ”
“အဲ့တာဆိုလည်း ပြီးတာပါပဲ သမီး အိပ်မရလို့ သမီးမှာ အကြံ တခုရှိတယ် အဲ့တာ ပြောပြရမလား အဖိုးကသာ သမီးကို မပြောချင်တာ သမီးကတော့ အမြဲပြောတယ်”
“အင်းပြော သမီး”
“သမီး ရတနာကို အောက်လမ်းနဲ့ တိုက်ချင်တယ် ”
“ဟေ့ သမီးလေး ဘာတွေပြောနေတာလဲ အဲ့ဒီလို လုပ်လို့ မရဘူးလေ ”
“သမီး ဒီကောင်မ ရှိနေရင် လူလောကထဲမှာ နေနိုင်တော့မယ် မထင်ဘူး ဒင်းက အခုဆို အလှအပနဲ့ပါ ယှဉ်လာပြီ သမီးလေ ”
မြနှင်းရီသည် စကားပြောရင်းမှ ငိုလာပြန်သည်။ထိုအခါ ဦးသန်းဖေသည်
“သမီးလေး မငိုနဲ့တော့နော် အဖိုးမှာ အကြံ ရှိပါတယ်။ငါ့သမီးလေး စိတ်ချမ်းသာ စေရမယ်။အခု သွားအိပ်တော့ အဖိုး စကားကို ယုံတယ် မဟုတ်လား ”
မြနှင်းရီ ခေါင်းကိုသာ ညိတ်ပြလိုက်သည်။သူမ၏ အဖိုးသည် ပြောစကားကို တည်သောသူဖြစ်၏။ယခုအချိန်ထိ သူပြောသော စကားကို မတည်တာဟူ၍ မရှိသေးပေ။ထို့ကြောင့် သူမ၏ အဖိုးစကားကို ‌လက်ခံကာ အိမ်ခန်းထဲသို့ ဝင်သွားလေသည်။ဦးသန်းဖေသည် လက်ကျန် အရက်တခွက်ကို သောက်လိုက်ပြီး သက်ပြင်းကိုသာ အကြိမ်ကြိမ် ချမိနေပါတော့သည်။

*အခန်း (၅)

သာတင်တယောက် သူ၏ တဲလေးပေါ်သို့ ရွာမှ ပင့်ထားသော ဆေးဆရာကြီး နှင့်အတူ တက်သွားလေသည်။တဲလေးပေါ်တွင်ကိုယ်ပူကြီးကာ မျက်ဖြူလန် လန်သွားသော သမီးဖြစ်သူနှင့် သူမ၏ ဘေးတွင် စိုးရိမ်တကြီး ရှိနေသော မိန်းမဖြစ်သူသည် သာတင် နှင့် ဆေးဆရာကြီး ရောက်လာသောအခါ
“ကိုသာတင် တော့သမီး တချက် တချက် မျက်ဖြူလန် လန် သွားတယ် လုပ်ပါဦးတော် ”
“အေး အေးပါ ဆရာကြီး လုပ်ပါဦးဗျာ ကယ်ပါဦး ”
“အေး အေး သာတင် ငါ စစ်ဆေးပေးမယ် ”
ဆေးဆရာကြီးသည် သူ၏ လွယ်အိတ်ကို ဘေးတွင်ချကာ ကလေးကို စမ်းသပ်လိုက်ပြီး
“သာတင် မင်းသမီးကို ဆေးရုံတင်မှ ရမယ် ထင်တယ် ငါတို့ ဆေးမြီးတိုတွေနဲ့ မရလောက်ဘူး ”
“ဗျာ ”
“မြန်မြန်သာ ဆေးရုံတင်ဖို့လုပ်ကွာ ငါ တတ်နိုင်တာတော့ ဒီငန်းဆေးလေးပဲ တိုက်ထား နည်းနည်း သက်သာရင် သက်သာ မယ် ”
“ဟုတ်ကဲ့ ဆရာကြီး ”
“အေးအေး ချက်ခြင်း ဆေးရုံတင်ဖို့ လုပ်ကွာ ”
ဆေးဆရာကြီး၏ စကားကြောင့် သာတင်တို့ လင်မယား နှစ်ယောက်သည် တယောက်ကိုတယောက် ကြည့်ကာ ငေးငိုင်သွားကြသည်။စားဖို့ပင်လျှင် အနိုင်နိုင်ဖြင့် ရုန်းကန်နေရသော သာတင်သည် အဘယ်မျှသော ငွေကြေးဖြင့် မြို့ဆေးရုံသို့ သွားနိုင်ပါမည်နည်း ငွေကြေးဟူ၍ စပါးတင်းတရာ ဝယ်နိုင်လောက် သော ငွေရေးကြေးရေးတောင် တခါမျှပင် မပိုင်ဆိုင်ဖူးသော သူတို့ မြို့ဆေးရုံသို့ သွားရမည်ဆိုသောအခါ အတော်ကို ခေါင်း ခြောက်သွားကြရသည်။ထို့ကြောင့် တယောက်ကို တ‌ယောက် ကြည့်ကာမှိုင်တွေနေခြင်း ဖြစ်၏။ဆေးဆရာကြီးမှာလည်း ပြည့်စုံသူတယောက် မဟုတ်လေတော့ သူလည်းတတ်နိုင်သ လောက်သာ ကုသမှုပြုလုပ်ပေးကာ တဲလေးပေါ် မှ ပြန်ဆင်းသွားလေတော့သည်။ဆေးဆရာကြီး ပြန်သွားပြီ မကြာမီမှာပင် ဦးသန်းဖေသည် တဲလေးပေါ် သို့ ရောက်လာကာ ငေးငိုင်နေသော သာတင်တို့ လင်မယားအား ကြည့်ကာ
“ဟေ့ကောင် သာတင် ဘာဖြစ်နေကြတာလဲ ”
“ကျုပ် သမီးလေး မြို့ဆေးရုံ တင်ရမယ်တဲ့ အဲ့တာ ကျုပ်တို့မှာ ငွေမရှိလို့ စိတ်ညစ်နေတာပါ ”
“သာတင် မင်းငါ ခိုင်းတဲ့ အလုပ်ကို လက်ခံမလား အဲ့တာဆို ငါ မင်းသမီးကို ဆေးရုံတင်တဲ့ အဖိုးအခ အစအဆုံး ငါတာဝန်ယူတယ် ”
“ဘာအလုပ်လဲ ဦးသန်းဖေ ”
“ငါ လယ်ထဲကိုင်းထဲ အလုပ်ပါ မိတင်ရာ ”
“အော်”
“ကဲ လက်ခံလား သာတင် ”
“ခိုင်းချင်တာသာ ခိုင်း အကုန်လုပ်ပေးမယ် ဦးသန်းဖေရာ လောလောဆယ် ကျုပ် သမီးလေးကို ဆေးရုံသာ တင်ပေးပါတော့ဗျာ ”
“ကဲ ဒီနေ့ပဲ ဆေးရုံ တင်ကြတာပေါ့ မင်းကတော့ နေခဲ့ရမယ် ငါ့မြေး နဲ့ မိတင်ကိုပဲ မြို့ဆေးရုံကို လွှတ်ကြတာပေါ့ ”
“ဆရာကြီး သဘောပါဗျာ ”
ဤသို့ဖြင့် သာတင်၏ သမီးလေးအား မြို့ဆေးရုံတက်ဖို့အရေး ဦးသန်းဖေမှာ အပြည့်အဝ တာဝန်ယူလိုက်တော့သည်။ သူ့ခိုင်းမည့်အလုပ်ကို မသိသေးသော သာတင်သည် သူ့သမီး ဆေးကုသခွင့်ရမည်အရေးအား တွေးကာ ဝမ်းသာနေပါလေတော့သည် ။

*အခန်း (၆)

ဦးသန်းဖေသည် သူ၏မြေးဖြစ်သူ မြနှင်းရီ နှင့် မယ်တင်အား မြို့သို့ သွားကာ ကလေးအား ဆေးကုသစေသည်။အစစ အရာရာ အကုန်အဆင်ပြေသည်အား ကြားသိရပြီးနောက် သာတင်၏ တဲအိမ်‌လေးတွင် ဦးသန်းဖေရောက်နေပြီး သာတင် သည် ဦးသန်းဖေအား ကျေးဇူးတင်စကား အထပ်ထပ်ဆိုလေသည် ။
“ဦးသန်းဖေရယ် ကျုပ်တကယ်ကို ကျေးဇူးတင်ပါတယ်ဗျာ ကျုပ်သမီးလေးကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ် ”
“တရွာတည်းသားတွေပဲကွာ ရပါတယ် ”
“ကျုပ်ကို ခိုင်းစရာရှိတာ ခိုင်းပါ ဦးသန်းဖေရဲ့ သူရင်းငှားတွေ နဲ့အတူ ကျုပ် အလုပ် လုပ်ပါ့မယ်ဗျာ ”
“မဟုတ်တာ မင်းအဲ့တာတွေ လုပ်စရာ မလုပ်ပါဘူးကွာ ငါ့ကို တခုပဲကူညီရမယ် အခု ငါလုပ်ခိုင်းတာကို ဘယ်သူမှ သိလို့မရဘူး မင်းကူညီမယ်လို့ ငါ ယုံတယ် ”
“ပြောပါ ဦးသန်းဖေ ကျုပ် ဘာလုပ်ပေးရမှာလဲ ”
သာတင်မှ ထိုသို့ မေးသောအခါ ဦးသန်းဖေသည် သူ၏ ဦးခေါင်းကို သာတင်၏ အနားသို့ ကပ်လိုက်ပြီး
“မင်း ငါ့အိမ်ဘေးက ဆရာဩ မြေးလေးကို ‌အောက်လမ်း နဲ့တိုက်ရမယ် ”
“ဗျာ ဘာဖြစ်လို့လဲ ကျုပ် ကျုပ် မလုပ် ”
“မင်းသဘောပဲလေ ငါ မြို့ကို လိုက်သွားပြီး ဆေးမကုခိုင်းရုံ ပဲ ရှိတော့တာပေါ့ ”
ဦးသန်းဖေမှ ထိုသို့ ပြောပြီး ထသွားရန် ဟန်ပြင်လိုက်သည်။ ထိုအခါ သာတင်သည်
“နေ နေပါဦး ကျုပ် ကျုပ် လုပ်ပါမယ် ဘယ်လောက်ထိ လုပ်ရမှာလဲ ”
“အသေ ”
“ဗျာ ”
သာတင်သည် ဦးသန်းဖေ၏ စကားကြောင့် မျက်စိမျက်နှာ ပျက်နေသော်လည်း ဦးသန်းဖေမှာ မည်သည့်ခံစားမှုမှ မရှိသည့် မျက်နှာမျိုး နှင့် ဖြစ်နေတော့သည် ။
သာတင်သည် အိမ်ပေါ်တွင် ရှိနေသောသူများအား ဖြစ် ကြောင်းကုန်စင်ပြောပြပြီးနောက် ငိုရှိုက်လို့ နေပါတော့သည် ။ သူ၏ မိန်းမ မိတင်သည်လည်း မျက်ရည်များရစ်ဝဲပြီး ယောက်ျားဖြစ်သူကို သူမ၏ လက်နှင့် ရိုက်ကာ
“တော် ပြောတော့ အဲ့ဒီပညာတွေကို ဝါသနာပါလို့ လေ့လာတာ ဆို ဘယ်သူကို မှ ဒုက္ခ မရောက်စေရပါဘူးဆို အခုတော့ ဘာမှ အပြစ်မရှိတဲ့ ကလေးမလေး တယောက် ဆုံးရှုံးရပြီ ”
“ငါ မှားမှန်း သိပါတယ်ဟာ ငါ ရတနာကို အသေလုပ်တာ မဟုတ်ပါဘူး ရူးအောင်ပဲ လုပ်လိုက်တာပါ သူ့အဖိုး ဆရာဩ ပြန်ကုရင် ပျောက်မှာပဲဆိုပြီး လုပ်တာ ဘယ်လိုလုပ်ပြီးဆုံးသွားတာလဲဆိုတာ ငါလည်း မသိတော့ပါဘူး”
မောင်ဘိုးထင်သည် သာတင်ပြောသော စကားများကို နား ထောင်ရင်း မြေးဖြစ်သူအတွက် စိတ်မကောင်းဖြစ်နေသော ဦးဩ၏ အနားသို့ကပ်ပြီး စကားဆိုလေသည် ။
“ဆရာကြီး ကျုပ်တို့ အောက်လမ်းပညာသည်တွေမှာ မသေဖို့ ပြောလိုက်ရင်မသေရပါဘူး ကျုပ်အထင် နောက်ထပ်တယောက် ရှိသေးတယ် ထင်တယ်။ဦးသာတင်ကို ကြည့်ရတာ ညာနေတဲ့ပုံ မပေါ်ဘူး”
“ငါလည်း စဉ်းစားနေတာ မင်းအပြင် နောက်တယောက်ရှိသေးတယ်လို့ မင်းလည်း ထင်တာလား”
“ဟုတ်တယ် ဆရာကြီး သေချာရှိသေးတယ် ”
“ငါကတော့ သန်းဖေကို သွားသတ်ချင်ပြီကွာ”
“ဆရာကြီး မူမပျက်ပဲ နေပေးပါ ဒီလိုမျိုးကိစ္စတွေက ဆရာ ကြီးကိုယ်တိုင် လုပ်လို့ အဆင်မပြေဘူး ကျုပ်တို့ အဲ့ဒီလူကြီးကို ကိုယ်ချင်းစာတတ်အောင် ပညာပေးကြမယ် သူက ယုတ်မာတော့ ကျုပ်တို့လည်း ပြန်ယုတ်မာကြတာပေါ့ဗျာ ”
ဦးဩသည် အရွယ် နှင့် မလိုက်အောင် စကားအပြောအဆို နှင့် အနေအထိုင်တည်ငြိမ်သော မောင်ဘိုးထင်ကို ငေးကြည့်ရင်း ခေါင်းညိတ်ပြီး သူ၏ စကားကို လက်ခံလိုက်ပါလေတော့သည် ။

*အခန်း (၇)

မောင်ဘိုးထင်တို့သည် ဦးဩနှင့်အတူ သာတင်၏အိမ်မှ ပြန်လာကြ၏။လမ်းတွင် မကျွတ်လွတ်သေးသော ရတနာသည် သူ၏ ဖိုးအေဖြစ်သူ၏ နောက်သို့လိုက်လာသေး၏။ထို့နောက် ဦးဩသည် မြေးဖြစ်သူအား မကြာခင် အလှုအတန်းလုပ်ပေးမည့် အကြောင်းနှင့် လာခေါ်မည့် အကြောင်းပြောကာ စိတ်မကောင်းကြီးစွာနှင့် ရွာထဲသို့ ပြန်လာခဲ့ကြလေသည်။အိမ်သို့ရောက်သောအခါ ဖိုးထွေး နှင့် သာရသည် ဝက်သားဟင်း နှင့် အခြား ဟင်းများချက်ပြီး သူတို့အလာကို စောင့်နေကြလေသည်။မောင်ဘိုးထင်တို့အား ပြန်လာသည်ကို မြင်သောအခါ
“ကြာလိုက်တာဗျာ ကျုပ်တို့က ချက်ပြီးလို့ ထမင်း၊ဟင်းတွေတောင် ခူးခပ်ပြီးပြီ ”
“အေးကွာ ငါတို့ ကြာသွားတယ် ”
“ဆရာကြီး နဲ့ ဘိုးထင် ထမင်းစားကြရအောင် ”
“မဆာသေးပါဘူး မင်းတို့ပဲ စားကြကွယ် ”
ဦးဩ စိတ်မကောင်းဖြစ်နေသည်ကို ရိပ်မိသော ဖိုးထွေး သည် မောင်ဘိုးထင်အားမေးငေါ့ပြီး ဘာဖြစ်တာလဲဟု သဘော ရသော သဘောဖြင့် အချက်ပြမေးလာ၍ မောင်ဘိုးထင်သည် လက်ကို ကာပြလိုက်ပြီး ဦးဩ၏ အနားသို့သွားကာ
“ဆရာကြီး ခံစားနေရတာ ကျုပ်တို့ နားလည်ပါတယ် ဆရာကြီးက သူတော်ကောင်းလား ”
ဦးဩသည် ထူးထူးဆန်းဆန်း မေးလာသော မောင်ဘိုးထင်ကို သေချာကြည့်ပြီး
“ငါက သူတော်ကောင်းမဟုတ်သေးပါဘူး လောဘ၊မောဟ ဒေါသ ရှိလို့ မင်းတို့ ရှေ့မှာပဲ သာတင်ကို ထိုးတာပေါ့ ပြီးတော့ ငါ သန်းဖေကို သတ်ချင်နေတယ်ကွာ ”
“သူက ယုတ်မာတယ်ဆိုတော့ ကျုပ်တို့လည်း ပြန်ယုတ်မာရင် မကောင်းပေဘူးလား ဆရာကြီး ”
“မင်းပြောတာ ငါ နားမလည်ဘူးကောင်လေး ”
“ကျုပ်တို့ပြောတာ ဘယ်သူမှ မကြားလောက်ပါဘူးနော် ”
“မကြားပါဘူးကွ ”
“ထမင်း စားရင်းပြောကြတာပေါ့ ဆရာကြီးရာ ”
ပေတူး နှင့် မောင်ဘိုးထင်သည် ဦးဩ၏ လက်ကို ဆွဲကာ ဖိုးထွေး နှင့် သာရ တို့ထိုင်နေသော ထမင်းဝိုင်းတွင် ထိုင်စေပြီး ထမင်းစားနိုင်ရန် ပြင်ဆင်ပေးလိုက်၏။ထို့နောက် မောင်ဘိုးထင်၊ပေတူး နှင့် သာအေးတို့သည် သာတင်ပြောပြသော အကြောင်းများအား ထမင်းစားရင်း ပြန်ပြောပြလိုက်ရာ ဖိုးထွေးသည် ရုတ်တရက် ထသွားကာ ထရံမှ ဓားမကို ပြေးဆွဲပြီး သွားခုတ်သတ်မည်ဟု လုပ်နေသောကြောင့် ဦးဩသည်ပင် အသံခပ်အုပ်အုပ် နှင့် ထိန်းသိမ်း လိုက်ရသေး၏။
“ကောင်လေး မင်းကလည်းကွာ စိတ်လိုက်မာန်ပါတွေ မလုပ်စမ်းပါနဲ့ကွ ဘိုးထင်ပြောတဲ့နည်းက အဆင်ပြေဆုံးပဲ ”
“ဟုတ်တယ် ကိုဖိုးထွေးရာ စိတ်လျှော့ပါ ”
ဖိုးထွေးအား ဝိုင်းဝန်းထိန်းသိမ်းလိုက်ပြီး ထမင်းဝိုင်းတွင် ပြန်ထိုင်လိုက်ကြသည်။ဦးဩသည် သက်ပြင်းတချက်ချပြီး ဒီကောင်လေးတွေ ခေါ်လာသည်မှာ မှန်ကန်ကြောင်း နှင့် သူတို့ကြောင့်သာလျှင် လူယုတ်မာ၏ သရုပ်အမှန်ကို သိခဲ့ရသည်ကို တွေးမိသည်။မနာလိုစိတ်သည် ကြောက်စရာ ကောင်းသည်ဟုလည်းတွေးမိပြန်သည်။သူ၏ မြေးမလေး နာရေးတွင် ဦးသန်းဖေ နှင့် မြနှင်းရီမှာ အတော်ကို စိတ်မကောင်းဖြစ်ဟန်နှင့် ငိုကြသည်မှာ အစစ်အမှန်ပင် သူထင်ခဲ့သည်။အတော် ဟန်ဆောင်ကောင်းကြသည် ဟုလည်း မှတ်ချက်ပြုရင်း မောင်ဘိုးထင် ပြောသော သူယုတ်မာလျှင် ကျုပ်တို့လည်း ပြန်ယုတ်မာကြတာပေါ့ ဆိုသော စကားကို သဘောကျနေမိသည်၊၊ထမင်းစားပြီးသောအခါ မောင်ဘိုးထင်သည် သူ ကြံစည်ထားသော အကြံ အစည်ကို ပြောပြလာသည်။လိုအပ်သည်များကို တယောက်တပေါက် အကြံပေးရင်း အကြံအစည်အား မနက်ဖြန်စမည့် အကြောင်း ဆုံးဖြတ်လိုက်ကြသည်။ဦးဩသည် သူ၏ အထက် လမ်းဆရာ အလုပ်အား စွန့်လွှတ်လိုက်ပြီး အောက်လမ်းဘိုးထင် နှင့် အတူ သူ၏ မြေးမလေးကို သေဆုံးစေသည့် အဓိက တရားခံ မြေးအဖိုးအား ဝိနည်းလွတ် တိုက်ခိုက်ရန် ဆုံးဖြတ် ချက် ချလိုက်ပါလေတော့သည်။

*အခန်း (၈)

ဖိုးထွေး နှင့် သာရသည် ဦးသန်းဖေ၏ နွားတင်းကုတ်တွင် ရှိသော သူတို့၏နွားနှစ်ကောင်အား နွားကျောင်းရန် သွားဆွဲလိုက်သည်။ထိုအချိန် ဦးသန်းဖေသည်
“ငါ့တူတို့ နွားကျောင်းမလို့လား ”
“ဟုတ်တယ် ဦးကြီးရေ နည်းနည်းတော့ စောသေးတယ် ပျင်းတာနဲ့ စောထွက်လာတာ ”
“ဦးကြီးနဲ့ ရေနွေးသောက်ရင်း စကားပြောရအောင်လေ လာခဲ့ကြ ”
“အဲ့တာလည်း ကောင်းတာပဲဗျ”
ဦးသန်းဖေခေါ်ရာသို့ ဖိုးထွေး နှင့် သာရသည် သွားလေသည်။ ဦးသန်းဖေသည် အိမ်အောက်ရှိ စားပွဲတန်းလျားတွင် ထိုင်ရန် ပြောလိုက်ပြီး ရေနွေးကြမ်းနှင့် ဧည့်ခံလေသည် ။
“ထိုင်ကြ ငါ့တူတို့ မင်းတို့ တည်းတဲ့ အိမ်က ငဩ နဲ့ ဦးကြီးနဲ့က ငယ်သူငယ်ချင်းတွေ ”
“ဟုတ်လား ”
“ဟုတ်တာပေါ့ကွာ လွန်ခဲ့တဲ့နှစ်ကတောင် သူ့မြေးလေးဆုံး ပါးသွားသေးတယ် ကလေးမလေးက အတော်လိမ္မာတဲ့ ကလေးမလေးပါကွာ ဘယ်လိုလူတွေကများ လုပ်ရက်တာလဲ မသိဘူး သူက အထက်လမ်းဆရာဆိုတော့ သူကို မကျေနပ်တဲ့ လူတွေက များမပေါ့ ကျုပ်အထင် သူ့ကိုလုပ်မရလို့ သူ့မြေးလေးကို တိုက်သွားတာနေမှာ ”
ဖိုးထွေးသည် ဟန်ဆောင်ကောင်းလွန်းလှသော ဦးသန်းဖေအား အံ့ဩနေမိသည်။စိတ်ထဲမှလည်း ခင်ဗျားတို့ မြေးအဖိုးနှစ်ယောက် သတ်တာလေဟု အကြိမ်ကြိမ် ပြန်ပြောနေမိသည်။ သို့ပေမဲ့ သူတို့၏ အစီအစဉ်အတိုင်း အိမ်ရှေ့တွင် ရှိသော ယက်ကန်းစင်ကို ကြည့်ကာ
“ဦးကြီး အိမ်ရှေ့က ယက်ကန်းစင်က အလုပ်တော်တော် လုပ်ရတယ်နော် ”
“အေးကွယ် မြေးလေးက တော်တော့ လူတွေက သူ့ဆီကပဲ ၀ယ်တာ ”
“အင်း အဲ့တာဆို ဦးကြီးရဲ့ မြေးမှာ အဝတ်အစားတွေ ပေါမှာပေါ့ ကိုယ်ပိုင်ယက်ကန်းစင်နဲ့ ဆိုတော့ ”
“ပေါတာပေါ့”
“ကျုပ်တို့ ရွာက လူတွေက ဆင်းရဲတယ်ဗျာ ကျုပ်နှမ ဝမ်းကွဲတွေဆို တနှစ်လုံးနေမှ အဝတ်အစား တထည်တောင် မချုပ်နိုင်ကြပါဘူးဗျာ ”
“အော် ဟုတ်လား ”
“တကယ်လို့ ဦးကြီးရဲ မြေးလေး မဝတ်တော့တဲ့ အဝတ်အစား လေးတွေရှိရင် တထည် နှစ်ထည်လောက် ပေးပါလားဗျာ ကျုပ် နှမလေးကို လက်ဆောင်ပေးချင်လို့ အသစ်တော့ ကျုပ်လည်း မတတ်နိုင်ပေဘူးဗျ”
“ရတာပေါ့ကွယ် ရတာပေါ့ မြေးလေးရေ မြေးလေး ”
“ခဏ လာပါဦး ”
“လာပြီ အဖိုး ”
မကြာသောအချိန်တွင် အသက်နှစ်ဆယ်ကျော်လှလှပပမိန်းကလေးတယောက်သည် သူတို့၏အနားသို့ ရောက်လာလေသည်။ဦးသန်းဖေသည် အနားရောက်လာသော သူ၏ မြေးအား
“သမီးရေ ဒီက နင့်မောင်တွေက သမီးမဝတ်တော့တဲ့ အဝတ် ဟောင်းလေး တထည်နှစ်ထည်လောက် လိုချင်လို့ကွယ် သူတို့ရဲ့ နှမတွေအတွက် လက်ဆောင်ယူသွားချင်လို့တဲ့ ”
“အော် အဲ့လိုလား ခဏစောင့် ပေးမယ် ”
မိန်းကလေးသည် အိမ်ပေါ်သို့ တက်သွားလေသည်။သူမသည် အစက ဖိုးထွေး နှင့် သာရအား ငွေရှိသော သူဌေးသားများဟု ထင်ထားရာ ယခု သူထင်ထားသလိုမဟုတ်သည့် အတွက် အတော်ကို အထင်သေးသွားသည့်ဟန် နှင့် စကားအား လိုရင်းသာ ပြောလေသည်။မကြာသောအချိန်တွင် အင်္ကျီ နှစ်ထည်အား ဖိုးထွေး နှင့် သာရရှေ့တွင် တထည်စီ ချလိုက်ပြီး


“ရော့ ဒါက ပြီးခဲ့တဲ့နှစ်က အလှုမှာ ဝတ်ခဲ့တဲ့ အင်္ကျီတွေ ဈေး မနည်းဘူးနော် နင်တို့ နှမတွေကို ပြောလိုက်ဦး ကောင်းကောင်းဝတ်လို့ ”
“ဟုတ် ဟုတ်ကဲ့ပါဗျ”
မြနှင်းရီသည် နောက်ထပ်မည်သည့် စကားမှ မပြောပဲသူ၏ ယက်ကန်းစင်ရှိရာ နေရာသို့ ထွက်သွားပြီး သူမအလုပ်အား ပြန်လုပ်နေသည်။ထို့နောက် ဖိုးထွေး နှင့် သာရသည် မြနှင်းရီ ပေးသော အင်္ကျီများကို ယူကာ ဦးသန်းဖေအား
“ဦးကြီး ကျုပ်တို့ အင်္ကျီလေးတွေ ပြန်သိမ်းလိုက်ဦးမယ် ပြီး မှ နွားကျောင်းဖို့ နွားလာဆွဲမယ် ”
“အေးအေး ”
ဖိုးထွေး နှင့် သာရသည် အင်္ကျီ တယောက်တထည်ယူကာ တန်းလျားမှ ထသွားလေ၏။ထို့နောက် ဦးဩ၏ အိမ်ပေါ်သို့ တက်သွားလိုက်ပြီး အိမ်ပေါ်သို့ ရောက်သောအခါ သူတို့ နှစ်ယောက်အား စောင့်နေသော ပေတူးသည်
“ဘယ်လိုလဲ အဆင်ပြေလား ကိုဖိုးထွေး ”
“ပြေတာပေါ့ကွာ ရော့ သူဝတ်တဲ့ အင်္ကျီတထည်တောင် မဟုတ်ဘူးနော် နှစ်ထည် ”
“ဘယ်လိုလဲ တောင်းစားရတာ အဆင်ပြေတယ် မဟုတ်လား”
သာအေးသည် ပြုံးဖြီးဖြီးနှင့် ဖိုးထွေး နှင့် သာရအား စနောက် လိုက်သေးသည်။ဖိုးထွေး နှင့် သာရသည် သူတို့လက်ထဲမှ အင်္ကျီများအား မောင်ဘိုးထင်ကို ပေးလိုက်ရာ မောင်ဘိုးထင် သည် ထိုအင်္ကျီနှစ်ထည်ကို လက်ကကိုင်ပြီး သေချာကြည့်ကာ
“နင်တို့ ခံရမဲ့ အလှည့်ပေါ့ ဟားးဟားးးဟားး”
“ဟေ့ကောင် ဘိုးထင် ဘာလို့ အသံပြဲကြီးနဲ့ ရယ်နေတာလဲ တောထဲရောက်နေတယ်များထင်နေလား ကြောင်တောင်တောင် နဲ့ ”
မောင်ဘိုးထင်သည် ပေတူး၏ စကားကြောင့် ဟားတိုက်ရယ် မောနေသည်ကို ရပ်လိုက်ပြီး ပေတူးအား ကြည့်နေပါလေတော့သည် ။

ပြီးပါပြီ။
မောင်တင်ဆန်း

Leave a Comment