အောက်လမ်းဘိုးထင် နှင့် စနေဂိုဏ်း

” အောက်လမ်းဘိုးထင် နှင့် စနေဂိုဏ်း ”
ရေးသားသူ—မောင်တင်ဆန်း
+++++++++

*အခန်း (၁)

တောတောင်များ အုံ့ဆိုင်းနေပြီး နေရောင်မထိုးဖောက်နိုင်သည့် တောကြီးမျက်မဲထဲတွင် လူတယောက် လမ်းလျှောက်နေသည်။ထိုသူမှာ အခြားသူမဟုတ် ‌မြကေသီအား ဓားနှင့် ထိုးသတ်ခဲ့သည့် စနေမည်သော ပညာသည် လူကြီးဖြစ်သည်။သူသည် တောထဲတွင် အေးဆေးတည်ငြိမ်စွာ လမ်းလျှောက်နေစဉ် သူ၏ နောက်မှလူများပြေးလိုက်လာသည့်အသံကို ကြားလိုက်ရ၍ ရပ်တန့်လိုက်ပြီး နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။လိုက်လာသောသူများမှာ မြကေသီ၏ တပည့်များဖြစ်ပြီး စန်းကြည်အမည်ရသော မိန်းကလေးမှာ ဦးဆောင်လာသည်။သူမသည် စနေကိုတွေ့သည် နှင့် နာနာကြည်းကြည်း ကြည့်လိုက်ကာ
“လူယုတ်မာ စနေ နင်ဘယ်ပြေးမလို့လဲ ”
“ငါက ဘယ်မှမပြေးဘူး နင်တို့က ဘာလုပ်တာလဲ ပြောစမ်း ”
“နင့်ကို သတ်မလို့ လိုက်လာတာ စနေ ”
“နင့်လို စုန်းအစုတ်အပြတ်က ငါ့ကို သတ်နိုင်မတဲ့လား ဟား–ဟား–”
“သွေးရူးသွေးတန်းနဲ့ ရယ်မနေစမ်းနဲ့ ”
“နင်တို့ သတ္တိရှိရင် ရှေ့တိုးခဲ့လေ ”
စနေသည် စန်းကြည်တို့လူစုအား စူးရဲစွာ ကြည့်လိုက်ပြီး စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။ထိုအခါ စန်းကြည်သည် တချက် ခုန်လိုက်ရာ မြေပြင် နှင့် ဆယ်ပေဝန်းကျင်အကွာ လေပေါ်တွင် ရပ်တန့်နေပြီး ဆံပင်တို့သည် နောက်သို့ ပျံဝဲနေလေသည်။ ထို့နောက် စန်းကြည်သည် တောက်တချက် ခေါက်လိုက်ကာ
“လူယုတ်မာ စနေ နင့်ငယ်ထိပ်ကို လှံစိုက်ပါစေ ”
စန်းကြည်မှ ကျိန်လိုက်ရာ စနေ၏ ဦးခေါင်းတည့်တည့်သို့ အရှိန်ပြင်းစွာဖြင့် လှံတံတချောင်း ကောင်းကင်မှ ကျလာလေသည်။ထိုအခါ စနေသည် တချက်ပြုံးလိုက်ကာ
“ပေါက်စတပည့်တွေက ဘယ်ဆိုးလို့လဲ ဒါပေမဲ့ စနေဆိုတဲ့ ငါ့ကို ဒီလို လုပ်လို့ရရိုးလားဟေ့ ”
“စနေသည် မာန်သွင်းကာ ခြေဖနောင့်တချက် ပေါက်လိုက်သည်နှင့် သူ၏ခေါင်းပေါ်သို့ ထိုးကျလာသော လှံတံသည် တမဟုတ်ချင်း မီးဟုန်းဟုန်းတောက်လောင်ကာ ပြာမှုန့်များအဖြစ်သို့ ပြောင်းသွားပြီး လေထဲတွင် ပျောက်ကွယ်သွားတော့၏။ထို့နောက် စနေသည် သူ၏ မဲနက်လာသော မျက်လုံးဖြင့် လေပေါ်မြောက်တက်နေသော စန်းကြည်အား လက်ညှိုးဖြင့် ထိုးလိုက်ကာ
“နင်က ငါ့ကိုအံတုချင်တယ်ပေါ့ ကဲ စနေအစွမ်းဘယ်လောက် ရှိတယ်ဆိုတာ ကြည့်စမ်းဟဲ့ ”
စနေသည် စန်းကြည်အား လက်ညှိုးဖြင့်ထိုးကာ မြေပြင်အား ဖနောင့်ဖြင့် ပေါက်လိုက်သည်နှင့် ဘေးပတ်ဝန်းကျင်ရှိ သစ်ပင်မှသစ်ကိုင်းများ ကြိုးပဲ့လာကာ သစ်ကိုင်းသစ်သားအပိုင်းအစတို့သည် စန်းကြည်ထံသို့ တရှိန်ထိုးဝင်လာပြီး ကိုယ်ခန္ဓာအား ထိုးစိုက်ကုန်ပါတော့သည် ။
စန်းကြည်သည် သစ်စများဖောက်ထွင်းဒဏ်ရာကြောင့် လေပေါ်တွင် ရပ်နိုင်စွမ်းမရှိတော့ပဲ မြေပြင်သို့ ပြုတ်ကျကာ သွေးများအန်၍ အသက်ထွက်သွားတော့သည်။ထို့နောက် စနေသည် ကျန်သောသူများအား စူးရဲစွာ ကြည့်လိုက်ပြီး
“ဘယ်ကောင် ငါနဲ့ တိုက်ဦးမလဲ အကုန်လုံး တပြိုင်တည်း တိုက်ချင်ရင်လည်း ရတယ်နော် ”
“မ မတိုက်ရဲပါဘူးဆရာကြီး ကျုပ်တို့ ဆရာကြီးရဲ့ တပည့်ခံပါရစေ ”
“မင်းတို့တွေ ငါခိုင်းတဲ့အတိုင်းလုပ်ရင် ငါ့ ဂိုဏ်းထဲ ဝင်နိုင်တယ် ”
“ကျုပ်တို့ ဘယ်လိုလုပ်ရမှာလဲ ဆရာကြီး ”
“လွယ်လွယ်လေးပါ မင်းတို့ရဲ့ လက်ဖျံကို ကိုယ်တိုင်ကိုက် ကိုယ့်သွေးကိုယ်သောက်ပြီး ငါ့ရှေ့ သစ္စာဆိုကြ ”
စနေပြောလိုက်သည်နှင့် ဦးပေါက်စ၏ တပည့်များသည် ဒူးထောက်ထိုင်ချလိုက်ပြီး သူတို့၏ လက်မောင်းကို သွေးထွက်သည်အထိ ကိုက်နေကြပါတော့သည်။ထိုအချင်းအရာကို ကြည့်ပြီး စနေသည် ဟားတိုက်ရယ်မောနေပါတော့သည်။သူတို့အား မြင်နိုင်သည့်တနေရာခြုံထဲမှ ချောင်းကြည့်နေသော လူတစုသည် ထိုနေရာမှ တဖြည်းဖြည်းနောက်ဆုတ်ပြီး တောအ ပြင်သို့ထွက်သွားကြပါတော့သည် ။

*အခန်း (၂)

“တောက် စနေဆိုတဲ့ လူကြီးက တကယ်စွမ်းတာပဲဟ ”
“ဟုတ်တယ် ဒါပေမဲ့ ကျုပ်တို့တိုက်တော့ ဘာလို့ထွက်ပြေးတာလဲ မသိဘူး ”
“ငါ့အထင် မင်းအဘရဲ့အစီအရင်က သူ့ပညာနဲ့ တိုးမပေါက် လို့ထင်တယ် ”
“မသိဘူးဗျာ ဒီကောင်ကြီးကိုတော့ ဆုံးမမှရမယ် ”
စကားတပြောပြောနှင့် တောအုပ်ထဲမှ ထွက်လာသူများမှာ မောင်ဘိုးထင်တို့အဖွဲ့ နှင့် ဦးစံလှတို့ ဖြစ်သည်။သူတို့သည် စန်းကြည်တို့နောက်မှ နောက်ယောင်ခံလိုက်လာရင်းနှင့် သူတို့တိုက် ခိုက်နေသည်ကို တွေ့၍ ချောင်းကြည့်ရာ အခြေအနေမကောင်း ၍ လစ်ထွက်လာခြင်းဖြစ်သည်။ဦးစံလှသည် ထိပ်ဆုံးမှ လစ်ထွက်သွားရာ မောင်ဘိုးထင်တို့ နောက်မှ မနည်းမှီအောင်လိုက်လာရခြင်းဖြစ်သည်။
“ဦးကြီးစံလှက ရှေ့ဆုံးကထွက်သွားတာ ကျုပ်တို့ကိုတောင် မစောင့်ဘူး ”
“မဟုတ်ပါဘူးကွာ ငါက ရွာကို စိတ်မချလို့ပါ မြကေသီကို သဂြိုလ်ရမှာလဲ ရှိသေးတယ် မဟုတ်လား ”
“ပြီးတာပဲ ဒီလူကြီးကို လွှတ်ထားပေးလို့တော့ မရဘူးနော် ပုံစံကြည့်ရတာ အနှေးနဲ့ အမြန်တော့ ဒုက္ခပေးမဲ့ပုံပဲ ”
“ငါလည်းထင်ပါတယ် အဲ့တာကြောင့် ရွာပြန်ပြီး နည်းနည်းပါးပါးသောက်ပြီးတော့ တိုင်ပင်ကြမလားလို့ ”
အရက်သမားကြီး ဦးစံလှမှာ ကြောက်သည်ထက် အရက် သောက်ချင်နေသည်ကို မောင်ဘိုးထင်တို့ သဘောပေါက်သွားသည်။ထို့ကြောင့် နောက်ထပ် မည်သည့်စကားမှမပြောပဲ သူဌေးကုန်းရွာသို့သာ ခြေလှမ်းပြင်လိုက်ကြတော့သည် ။
ညနေနေဝင်လုလုတွင် သူဌေးကုန်းရွာသင်္ချိုင်းသို့ ရောက်လာပြီ ဖြစ်သည်။သင်္ချိုင်းအနားရှိ ကွင်းပြင်တွင် အလောင်းစင်တခု ထိုးထားပြီး မြကေသီ၏ အလောင်းအား တင်ထားကြလေသည် ။အလောင်း၏ဘေးတွင်တော့ အခေါင်းတခုရှိပြီး အလောင်းစင် နှင့် ကပ်လျက်တွင် ဝါးများဖြင့် ကနားဖျင်းထိုးထားကာ မြေပြင်ပေါ်တွင် ဖျာခင်းထားကြသည်။ထိုဖျာပေါ်တွင်တော့ ရွာမှလူ ငယ်လေးများ ဝိုင်းဖွဲ့၍ အရက်သောက်နေကြသည်။ထိုအထဲ တွင် သိန်းဇော်လည်းပါသည်။သူတို့သည် နေဝင်သည်နှင့် မီး ခွက်ထွန်းကာ ဖဲရိုက်ဖို့ရာအတွက် စိုင်းပြင်းနေကြသည်။ဦးစံလှလည်း သူတို့အနားရောက်သည်နှင့် အလျင်စလို ပြေးသွားကာ ဖျာပေါ်တွင် ထောင်ထားသောအရက်ပုလင်းအား ကောက်ယူပြီး မော့ချလိုက်ရာ လူငယ်အချို့မှ ဦးစံလှအား
“ဖြည်းဖြည်းလုပ်ပါ ဦးလေးရာ တော်ကြာ အရက်သီးပြီး သေလို့ မြကေသီ နဲ့အတူ မြေကြီးထဲ ရောက်နေပါဦးမယ် ”
“ဟုတ်တယ် တုတ်ပြီးဓားပြီးပေမဲ့ အရက်သီးရင်တော့ သေတတ်တယ်နော် ”
ဦးစံလှသည် မည်သည့်စကားမှ ပြန်မပြောနိုင်ဘဲ အရက် အား တဂွပ်ဂွပ်နှင့် သောက်လိုက်သောအခါမှ အသာပြေသွားဟန်နှင့် သူ့အား စနောက်ပြောဆိုနေသော လူငယ်လေးနှစ်ယောက်၏ နားရင်းကို တချက်စီရိုက်လိုက်ပြီး
“ဒီခွေးသားလေးနှစ်ကောင်ကိုတော့ မြကေသီရဲ့ တဖက်တချက်စီမှာ သိပ်လိုက်ရ”
ဦးစံလှ၏ စကားကြောင့် ဖဲရိုက်ဖို့အတွက် ပြင်ဆင်နေသော ဖဲသမားသိန်းစိုးဆိုသောလူကြီးမှ မကျေမနပ်ဖြင့် စကားဆိုလာပြန်၏။
“ဟေ့ကောင်တွေ ရွှတ်နောက်နောက်လုပ်မနေနဲ့ စံလှ မင်းက အသက်ကြီးကြီးပြီး ဘာမှနားမလည်ဘူး သေတဲ့မသာကို လည်း အားနာဦး ”
ဦးသိန်းစိုး၏ စကားကြောင့် ဦးစံလှအပါအဝင် ကျန်လူများ ထိုကိစ္စအား တခွန်းတပါဒမှ မပြောတော့ပေ။ထို့နောက် သိန်းဇော်သည် မောင်ဘိုးထင်တို့အား
“ဘိုးထင်တို့ မင်းတို့ အိမ်ပြန်ပြီး ထမင်းစားလိုက်အုန်း ဒီကို ပြန်မလာချင်ရင်လည်းရတယ် အိမ်မှာပဲ အိပ်လိုက်ကြတော့ ”
“ပြန်လာမှာပါဗျ အဲ့တာဆို ကျုပ်တို့သွားလိုက်ဦးမယ် ဦးကြီးစံလှရွာထဲ လိုက်မှာမဟုတ်လား ”
“လိုက်မှာပေါ့ကွ ငါ့မိန်းမက ငါ့ကို သတိရနေလောက်ပြီ ”
ဦးစံလှသည် ပြုံးရယ်ကာ စကားဆိုလိုက်ပြီး မောင်ဘိုးထင်တို့နှင့်အတူ သူဌေးကုန်းရွာသို့ ခရီးဆက်လိုက်ကြပါလေတော့ သည် ။

*အခန်း (၃)

‌မောင်ဘိုးထင်တို့သည် ညစာကို သိန်းဇော်၏အိမ်တွင် စားကြသည်။သိန်းဇော်၏အိမ်သည် မောင်ဘိုးထင်တို့အတွက် ကို့ယ်အိမ်ကိုယ်ယာလိုပင် ဖြစ်နေပြီ ဖြစ်သည်။သဘောကောင်းမနောကောင်း အလိုက်သိသော သိန်းဇော်မှ မောင်ဘိုးထင်တို့ အစားကြီးမှန်း သိသောကြောင့် ပြည်ဝင်အိုးနှင့် ထမင်းချက်ထားလေ သည်။ထိုပြည်ဝင်အိုးအား အလှုရှိလျှင် သုံးဖို့အတွက် ရွာမှ ဘုံ အိုးခွက်ပန်းကန်များအား ထိန်းသိမ်းသူ ကိုခွေးပုအား အရက် နှစ်ပုလင်းဖြင့် လာဘ်ထိုးကာ ငှားထားခြင်းဖြစ်သည်။
မောင်ဘိုးထင်တို့သည် ဆာဆာနှင့် လွေးလိုက်ရာ ငါးယောက်ကို ပြည်ဝင်အိုး တဝက်ကျော်ကျော်ကုန်လေပြီ ဖြစ်သည်၊၊မိုးလည်းချုပ်ပြီမို့ အနားမယူနေတော့ပဲ ရွာအပြင်သင်္ချိုင်းသို့ ငါးယောက်သား ထွက်လာခဲ့ကြ၏။ဦးစံလှအား လိုက်မည်လား မေးသောအခါ ဇိမ်ကျနေသောဦးစံလှမှာ စကားနှင့်ပင် ပြန််ဖြေ ခြင်းမရှိပဲ မီးခွက်ကိုမှုတ်ပြီး အဖြေပေးလိုက်သောကြောင့် မခေါ်တော့ပဲ ရွာအပြင်သို့ ထွက်လာခဲ့ကြလေ၏ ၊
ညအမှောင်ထုသည် ကြီးစိုးလို့နေ၏။သို့ပေမဲ့ အမှောင်ထုထဲတွင် နေသားကျနေသူများအဖို့ ကြယ်များ၏ အလင်းရောင်ကို ကောင်းစွာခံစားမိသည်။ထို့နည်းတူ မောင်ဘိုးထင်တို့သည် လည်း အမှောင်ထုထဲတွင် နေသားကြနေကြသောသူများဖြစ် သည်မို့ သူတို့ သွားရမည့်လမ်းနှင့် အတန်လှမ်းသော ပတ်ဝန်း ကျင်မှ အရာဝတ္ထုများအား မြင်နိုင်၏။သူတို့ငါးယောက် စကား စကားတပြောပြောနှင့် လမ်းလျှောက်လာရာ ရွာပြင်အရောက်
“အဟင့် အဟင့်”
ရှိုက်သံသဲ့သဲ့ကြားလိုက်ရပြီး ငိုနေသည့်မိန်းကလေးတယောက်ကို ရွာအပြင်သင်္ချိုင်းသို့သွားသည့် လမ်းအလယ်တွင် တွေ့လိုက်ရသည်။ရုပ်ရည်ကို ရှင်းရှင်းလင်းလင်းမမြင်ရပေမဲ့ မိန်းခလေး၏ ခန္ဓာကိုယ်ကောက်ကြောင်းကို ကြည့်ခြင်းအား ဖြင့် မိန်းမချောလေးဆိုသည်ကို သိနိုင်ပေသည်။ဖိုးထွေးသည် သူ့ဘေးတွင်ရှိသော မောင်ဘိုးထင် နှင့် သာရတို့၏ ပုခုံးကို ဖက်လိုက်ကာ
“ဟေ့ကောင်တွေ ရပ်”
“ဘာဖြစ်လို့လဲဗျ ”
“မင်းနောက်ကနေ မမေးနဲ့ ပေတူးရှေ့မှာ ဘာမြင်လဲပြောစမ်း”
“မိန်းမ တယောက်ငိုနေတာလေဗျာ ဘာလဲ သွားမေးရမယ် မဟုတ်လား ”
“အေးလေ ငါ သွားမေးမယ် မင်းတို့ ဒီအနားလေးကနေ စောင့် ကြ ကြားလား ”
“ဟ ဘာဖြစ်လို့လဲဗျ ”
“ငါတို့က အုပ်စုလိုက်ကြီး သွားရင် သူကရှက်မပေါ့ မဟုတ်ဘူးလား ”
“အဲ့တာလည်း ဟုတ်သားပဲ ”
“အဲ့‌တာကြောင့် မင်းတို့ ရပ်နေ ငါသွားမယ် ”
ဖိုးထွေး၏ စကားကို နားထောင်ပြီး အကြံအစည်ကို ရိပ်မိဟန်ရှိသော သာအေးသည်
“ကိုဖိုးထွေး ခင်ဗျား ဘာလို့သွားချင်နေတာလဲဆိုတာ ကျုပ်သိတယ်နော် ဟိုအမက တော်ကြာ ရုပ်ဆိုးကြီးဖြစ်ရင် ဘယ်လို လုပ်မလဲ ”
“မင်းကလည်း ငါ့ကို ဘာများထင်နေလဲ ငါ့စိတ်ထဲမှာ ရှိတာ ကူညီချင်စိတ်ပဲရှိတာ ဟေ့ကောင်တွေရ အခု ငိုနေတဲ့ မိန်းခလေးနေရာမှာ ယောကျာ်းသားတယောက် ဖြစ်ကြည့်ပါလား”
“အင်း ကိုဖိုးထွေးက ကူညီမယ်ပေါ့ ”
“သာရ လွှတ်လိုက်မှာပေါ့ကွာ အခုတော့ သွားပြီ ဟေ့ကောင်တွေ ”
ဖိုးထွေးသည် သူ၏ စကားကို သဘောကျကာ ကြိတ်ပြီးရယ်လိုက်ရင်း ရှိုက်၍ငိုနေသော မိန်းကလေးထံသို့ ထွက်သွားပါလေတော့သည် ။
◾အခန်း (၄)
ဖိုးထွေးတယောက် မောင်ဘိုးထင်တို့အား ခပ်လှမ်းလှမ်းတွင် နေစေ၍ ငိုရှိုက်နေသော မိန်းကလေး၏အနားသို့ တိုးကပ်သွားလေသည်။မလှမ်းမကမ်းသို့ ရောက်သောအခါ
“ဒီက အမလား ညီမလား ကျုပ်မသိဘူး ဘာလို့ငိုနေတာလဲ ကျုပ်ဘာအကူညီပေးရမလဲ ”
ဖိုးထွေး မေးနေသော်လည်း မိန်းကလေးသည် ပြန်ဖြေခြင်းမပြုပေ။ထို့ကြောင့် အနားသို့ ပိုကပ်လိုက်ပြီး အသံနည်းနည်းမြှင့်ကာ ဆက်မေးလိုက်ပြန်သည်။
“ဘာလို့ငိုနေတာလဲ ဘာဖြစ်လို့လဲဗျ ကျုပ်က ကူညီချင်လို့မေးနေတာပါ ”
“အဟင့် အဟင့် ”
မိန်းကလေးသည် ငိုမြဲတိုင်းငိုနေလေရာ အနားကို တိုးကပ်လိုက်၏။မိန်းကလေးသည် သူ့အား ကျောပေးပြီး ရပ်လျက် အနေအထားဖြင့် ငိုနေသည်။အတော်နီးကပ်လာသည်မို့ မိန်းကလေး၏ ငိုသံသည် အတော်ကျယ်ပေ၏။ထို့နောက် ငိုသံ ရောနေသော အသံဖြင့် ဖိုးထွေးအား စကားဆိုလာသည်။
“အ အကူအညီတောင်းချင်လို့ပါ ”
“ခင်ဗျားအသံကြီးကလဲ ဘယ်လိုကြီးလဲ နှစ်သံထွက်နေတယ်”
“ငါ့တို့ရွာကို ကူညီပါ”
“ဟာ ခင်ဗျားအသံကြီးက ဘယ်လိုကြီးလဲဗျာ ဒီဘက်လှည့်စမ်းပါဦး ခင်ဗျားကို နည်းနည်း မြင်ရတယ် ”
“ငါတို့ကို ကူညီပါ ”
“ကူညီပါ့မယ် ဒီဘက် လှည့်ပါဗျာ ”
ဖိုးထွေးသည် မိန်းကလေးအား သူဘက်သို့ မျက်နှာမူရန် ပြောလိုက်၏။မကြာသောအချိန်တွင် ငိုရှိုက်နေသော မိန်းကလေးသည် ဖိုးထွေးဘက်သို့ မျက်နှာမူလိုက်လေ၏။အမှောင်ထဲတွင်နေသည်မှာ ကြာ၍ ကျင့်သားရနေသည်ကတကြောင်း၊မိုးလေ ကင်း၍ ထွန်းလင်းနေသော ကြယ်များ၏ အလင်းရောင်ကြောင့် က တကြောင်း သူ့ဘက်သို့ လှည့်လာသော မိန်းကလေး၏ မျက်နှာအား ဝိုးတဝါး မြင်ရချိန်
“အမလေး မစန်းကြည် ”
ဖိုးထွေးသည် ကြောက်လန့်တကြားဖြင့် အော်လိုက်လေသည် ။သူ့ဘက်လှည့်လာသည့်မိန်းကလေးမှာ မျက်နှာတွင် သစ်စများစူးနေပြီး စနေ နှင့် တိုက်ခိုက်ရင်းသေဆုံးသွားသော မစန်းကြည် ဖြစ်နေလေသည်။ထို့နောက် ရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့ပဲ မောင်ဘိုးထင်တို့ ရှိရာသို့ အသော့နှင်လိုက်လေသည်။ဖိုးထွေး ကြောက်လန့်တကြားပြေးလာသည်ကို မြင်သော သာရမှ
“ဟေ့ကောင် ဖိုးထွေး ဘယ်လိုဖြစ်တာတုန်းဟ ”
“နောက်မှမေး သ သရဲ ”
ဖိုးထွေး ကြောက်လန့်တကြားဖြင့် လာရာလမ်းသို့ ပြန်ပြေးသောကြောင့် မောင်ဘိုးထင်တို့လည်း ဖိုးထွေးနောက်သို့ လိုက် ပြေးပါလေတော့သည်၊၊ဖိုးထွေးသည် သိန်းဇော်၏ အိမ်ရောက် မှ ရပ်လိုက်ပြီး ရေတခွက်ကို သောက်ကာ သူ့အနားရောက်လာသော မောင်ဘိုးထင်တို့အား စကားဆိုလာလေသည် ။
“ငါ ငါ မြင်ရတာ ဟိုအောက်လမ်းဆရာနဲ့ တိုက်ရင်း သေသွားတဲ့ မစန်းကြည် ဆိုတဲ့ အမကွ သူက သေသွားပြီဆိုတော့ သရဲ ဖြစ်နေတာ ငါ့ကိုလည်း အကူညီတောင်းမလို့တဲ့ကွာ”
ဖိုးထွေး၏ စကားကြောင့် ကျန်သူများသည် ဖိုးထွေးကို သေချာကြည့်ပြီး
“သရဲတွေ့ တာလောက်ကို ပြေးလာရတယ်လို့ဗျာ ခင်ဗျားက တော့ ရူးများ ရူးသွားပြီလား။ကျုပ်တို့တွေအတွက် သရဲတစ္ဆေဆိုတာ ထူးဆန်းသေးလို့လား။ကျုပ်လည်း ကြောင်တောင် တောင်နဲ့ ခင်ဗျားရဲ့နောက် ပြေးလိုက်လာမိတယ် မစန်းကြည် ဘာအကူညီတောင်းမှာလဲ မသိဘူး ပြန်သွားလိုက်ဦးမယ် ”
မောင်ဘိုးထင်သည် ကြောက်လန့်တကြားပြေးလာသော ဖိုးထွေးအား ပြစ်တင်ပြောဆိုကာ သင်္ချိုင်းဘက်သို့ သွားသည့်လမ်းကို ပြန်သွားလေသည်။သူနှင့် မလှမ်းမကမ်းတွင်‌ သာရ၊သာအေး နှင့် ပေတူးတို့ ဖိုးထွေးအား ပြစ်တင်ပြောဆိုရင်း လိုက် ပါလာလေ၏။မကြာသောအချိန်တွင်တော့ မောင်ဘိုးထင်သည် သရဲ ဘဝသို့ ရောက်နေသော မစန်းကြည်၏ အနားသို့ ရောက် လာ၏။မစန်းကြည်သည် သူ့အားတွေ့သောအခါ ငိုယိုနေရင်းမှ
“ကောင်လေး နင်တို့ ငါ့ရွာကိုကာကွယ်ပေးပါ အောက်လမ်းဆရာ စနေက စနေဂိုဏ်းထောင်ပြီး ငါတို့ရွာက လူတွေကို ကျွန် ဇာတ်သွင်းတော့မယ်။မကြာခင် သူ့အပေါင်းအပါတွေ နဲ့ လာတော့မယ် စနေကို ရအောင်တားပေးပါ ”
“ကျုပ် တယောက်ထဲ ဘယ်လို တားရမှာလဲ မသိဘူးဗျ”
“စနေကို တားပေးပါ ”
စန်းကြည်သည် စနေဆိုသော အောက်လမ်းဆရာကို တားပေးဖို့ ပြောရင်း တဖြည်းဖြည်း ပျောက်ကွယ်လို့ သွားတော့သည်။ ထိုအချိန်မှ ဖိုးထွေးတို့သည် မောင်ဘိုးထင်၏အနားကို ရောက် လာကာ
“ဘိုးထင် အခြေအနေ ဘာထူးလဲ ”
“စနေ ဆိုတဲ့ အောင်လမ်းဆရာက ဒီရွာက လူတွေကို ကျွန်ပြုလိမ့်မယ်လို့ ပြောတယ် ကျုပ်တို့ကို တားပေးပါတဲ့ ”
“အဲ့တာဆို ငါတို့ ဘယ်လိုလုပ်ကြမလဲ ”
မောင်ဘိုးထင်တို့ မည်သို့ပြုလုပ်ရမည်မှန်း မသိချိန် သူတို့၏ ရှေ့တည့်တည့်သို့ အရောင်များ လင်းနေသော အထုတ်တထုပ် ကျလာပြီး အသံတသံပါပေါ်ထွက်လာလေ၏ ။
“ကောင်လေးတွေ မင်းတို့ရဲ့ ကူညီချင်စိတ်ကြောင့် ကူညီဖို့ ငါရောက်လာတာ မင်းတို့ရှေ့ကအရာကို ညာဏ်ရှိသလိုသာ သုံးပေတော့ ”
အသံရှင်သည် မည်သည့်နေရာတွင် ရှိနေသည်ကို သူတို့ မသိပါ။ထို့နောက် ရှေ့တွင်ကျလာသော ဝင်းဝါနေသည့်အထုပ်လေးကိုယူလိုက်ပြီး ဦးစံလှ၏နေအိမ်သို့ ခြေဦးလှည့်လိုက်ကြပါလေတော့သည်။

*အခန်း (၅)

“ဦးကြီးစံလှ ဗျို့ ဦးကြီးစံလှ ”
“အချိန်မတော်ကြီး ဘယ်ကကောင်တွေ လာအော်ခေါ်နေတာလဲ လေးဂွစာ မိချင်လို့လား ”
“ပစ်ချင်ရင်လည်း ပစ်လိုက်ဗျာ ရွာအတွက် အရမ်းအရေး ကြီးနေလို့ဗျ ”
“ကောင်လေးတွေလားကွ လာခဲ့ လာခဲ့ ”
မောင်ဘိုးထင်တို့ အိမ်ထဲဝင်သွားချိန်တွင် ဦးစံလှ၏ အိမ်ထဲ တွင် မီးအလင်းရောင်ထွန်းထားပြီး ဖြစ်သည်။ဦးစံလှသည် နေရာမှ ထလာပြီး
“ဟေ့ကောင်လေးတွေ ပြောဦး ဘာဖြစ်လာကြတာလဲ ”
ထိုအခါ မောင်ဘိုးထင်သည် သူ စန်းကြည် နှင့် တွေ့ခဲ့သည့် အကြောင်းကိုပြောပြလိုက်ပြီး စန်းကြည်သတိပေးသော အကြောင်း ကိုပါ တဆက်တည်း ပြောပြလိုက်သောအခါ
“ဒါ တော်တော်အရေးကြီးတာပဲ အချိန်ဆွဲလို့မရဘူး ဒါနဲ့ သာရရဲ့ လက်ထဲက အထုတ်က ဘာအထုတ်လဲ မင်းကိုင်ထားတဲ့ အထုတ်ထဲက အလင်းရောင် ထွက်နေသလိုပဲ ”
“ဟုတ်တယ် ကျုပ်တို့တတွေ အဲ့ဒီကိစ္စကို ဘယ်လိုလုပ်ရမလဲ တိုင်ပင်နေကြတုန်း ဒီအထုတ်လေး မိုးပေါ်က ကျလာပြီး လူတယောက်အသံပေါ်လာတာပဲ ”
သာရသည် တချက်တချက် လင်းထိန်လာသော ပိတ်စဖြင့် ဖုံးထားသည့် ပစ္စည်းအထုတ်လေး သူတို့ဆီ ရောက်လာပုံကို ပြောပြပြီးနောက် ဦးစံလှသည် ထိုအထုတ်လေးအားဖြည်ကြည့်လိုက်လေသည်။အထဲတွင်တော့ အနက်ရောင်သစ်သားဖြင့် ပြုလုပ်ထားသော ဓားမြောင်လေးကို တွေ့ လိုက်ရသည် ။
“‌ကောင်လေးတွေ ဒါက ဓားမြှောင်လေးပဲဟ အသားကတော့ ကျွန်းသား ဒါပေမဲ့ မဲနက်နေတာပဲ ငါ့တသက် ဒီလို နက်နေတဲ့ ကျွန်းသားကို တခါမှ မတွေ့ ဖူးဘူး ”
“ဟုတ်တယ် ကျုပ်တို့လည်း အတူတူပဲ ဒါဆို ဒီဓားလေးက ဘာလုပ်ရမှာလဲ ”
“ငါတို့လည်း မသိဘူးလေကွာ ”
ဦးစံလှသည် ကျွန်းနက်ဓားလေးအားကိုင်ပြီး လက်မဖြင့် အသွားများကို စမ်းကြည့်ရင်း စကားဆိုလေသည် ။
“ဓားက သစ်သားဓားအတုံးကြီးကွ မင်းတို့ကို ဘာလုပ်ဖို့ ပေးတာလဲ မသိဘူး ”
“ကျုပ်တို့ ကြည့်ဦးမယ် ”
သာရသည် ဓားလေးအား ကိုင်ကြည့်နေသည်။ထို့နောက် ဖိုးထွေးမှ ယူပြီး သေချာကြည့်နေလေ၏။ဖိုးထွေး၏ လက်ထဲမှ ဓားကို ပေတူး ယူကြည့်ပြီး သူ၏ ဘေးတွင်ရှိနေသော မောင်ဘိုးထင်၏လက်မောင်းကို ကျွန်းနက်ဓားလေးနှင့်ထိုးပြီး စနောက် လိုက်ရာ –
“အား— ပူတယ် နာတယ်ဟ သေပါပြီ ဒီကောင် ပေတူးတော့”
မောင်ဘိုးထင်၏ လက်မောင်းကို ဓားထိပ်လေးနှင့် တို့လိုက်သည့်အခါ ကျွန်းနက်ဓားလေးသည် ဖျတ်ခနဲ လင်းသွားသည်။မောင်ဘိုးထင်မှ ကျယ်လောင်စွာအော်လိုက်ပြီး ဓားကိုင်ထားသော ပေတူးသည်လည်း သစ်သားကျွန်းနက်ဓားလေးအား သူတို့ ရှေ့သို့လွှတ်ချလိုက်ပြီး
“ဘိုးထင် ငါ တကယ်ထိုးတာမဟုတ်ဘူး အဲ့တာ သစ်သားဓား မင်းအသားကို ထိမှ အရောင်က လင်းဝါလာတာ ဘယ်လိုလဲ မသိဘူးကွ အင်္ကျီတောင် မီးလောင်သွားတယ်ဟ”
ပေတူး၏ စကားကြောင့် ကျန်သူများသည် ဘိုးထင်၏ လက်မောင်းနေရာကို ကြည့်လိုက်ကြသည်။ပေတူး ပြောသည်မှာ မှန်ပေသည်။မောင်ဘိုးထင်၏ အင်္ကျီလက်မောင်းတွင် မီးကျွမ်းလောင်ထားသည့် နေရာလေးမှာ ကွက်နေသလို အသားတွင်လည်း မီးမြှိက်ခံထားသည့်သဏ္ဍန်လေး ကျန်နေ၏။ထိုအ ချင်းအရာကို ကြည့်ပြီး သာအေးသည် လက်ဖျောက်တချက် တီးကာ
“ကျုပ် သိပြီ ”
“အရေးထဲ ဘာသိတာလဲဟ ”
“ဒီဓားက အောက်လမ်းပညာသည်တွေကိုပဲ ထိတာ ဖြစ်မယ် ကျုပ်တို့ ရင်ဆိုင်ရမှာ အောက်လမ်းမို့ ဒီဓားကို ပေးလိုက်တာပဲ ဖြစ်မယ် ဘိုးထင်က အောက်လမ်းမို့ သက်ရောက်တာ နေမှာ ”
“အေး ဟုတ်တယ် သာအေးပြောတာ ဖြစ်နိုင်တယ် အဲ့ဒီတော့ ”
“ဒီဓားကို ဦးကြီးစံလှက ယူထား ပြီးရင် အဲ့ဒီအောက်လမ်းဆရာကို ထိုးလိုက် ”
“လွယ်တော့ မလွယ်ဘူးဟ”
“လွယ်မှတော့ ဦးကြီးကို ခေါ်မနေတော့ဘူး”
ဦးစံလှသည် ပေတူး၏ ခပ်ပြတ်ပြတ်စကားကြောင့် မျက်ခုံးပင့်လိုက်ကာ
“မင်းတို့က တကယ်မလွယ်တဲ့ ကောင်တွေပဲ လာဟေ့ ငါတို့ သူတို့ လာနိုင်တဲ့နေရာကို အရင်သွားကြစို့ ”
ဤသို့ဖြင့် ဦးစံလှဦးဆောင်သော မောင်ဘိုးထင်တို့အဖွဲ့သည် စနေ နှင့် သူ၏ ဂိုဏ်းသားများ လာနိုင်သည့် လမ်းမှစောင့်ရန် ဦးစံလှအိမ်မှ ထွက်ခွာခဲ့ကြပါတော့သည် ။

*အခန်း (၆)

စနေဦးဆောင်သော စနေဂိုဏ်းသားများထဲတွင် ဦးပေါက်စ ၏ တပည့်ဟောင်းများပါသောကြောင့် အားလုံးအယောက်နှစ်ဆယ်ကျော်မည်ထင်၏။သူတို့သည် သူဌေးကုန်းရွာသို့ မီးတုတ်များကိုင်ဆောင်ပြီး လာနေကြသည်။သူတို့၏ မီးတုတ်အလင်း ရောင်ကြောင့် ပတ်ဝန်းကျင်ကို ကောင်းစွာ မြင်နေရလေသည်။စနေသည် သူ၏ ဘေးတွင်ရှိနေသာ အမျိုးသမီးငယ်၏ ပုခုံးကိုဖက်ကာ
“ကဲ ဝတီ နင့်အစွမ်းကို ငါကြည့်မယ် သူဌေးကုန်းရွာက အချောအလှတွေ အကုန် ငါ့မိန်းမ ဖြစ်အောင်လုပ်ပေး ”
“စိတ်ချပါ ဆရာကြီး ကညာလေးတွေကအစ ဆရာကြီးကို တမ်းတမ်းစွဲစေရပါမယ် ”
ထို့နောက် စနေသည် သူ၏ဘယ်ဘက်တွင်ရှိသော အသားမဲမဲ နှင့် လူရွယ်အား နားရင်းတချက် ရိုက်လိုက်ကာ
“မဲတူး မင်းက သူဌေးကုန်းရွာက အရွယ်ရောက်ပြီးသူတိုင်းကို ငါ့ကျွန်တွေအဖြစ် ရောက်အောင်လုပ် ကြားလား ”
“စိတ်ချပါ ဆရာကြီး ”
စနေသည် သူ့အားမည်သူမှ မယှဉ်နိုင်တော့ဟု ယုံကြည်နေ ကာ ကိုယ့်ကိုကိုယ် အထင်ကြီးမှုသည် တဖက်ကမ်းခတ်နေပေ ၏။ထိုအချင်းအရာကို သူတို့နှင့် အတန်လှမ်းသောနေရာမှနေ၍ ချောင်းကြည့်နေသော မောင်ဘိုးထင်တို့ ကောင်းစွာ မြင်တွေ့နေရသည်။ထို့နောက် ဖိုးထွေးသည် မောင်ဘိုးထင်အား တီးတိုးကပ်ပြောလိုက်၏။မောင်ဘိုးထင်လည်း ဦးစံလှအား တဆင့် တီးတိုးကပ်ကာ ပြောလိုက်ပြန်၏။အားလုံး တယောက်တလှည့် တိုးတိုးကပ်ပြော‌ပြီးသောအခါ ဖိုးထွေး၊သာရ၊သာအေးနှင့် ပေတူးတို့သည် မောင်ဘိုးထင် နှင့် ဦးစံလှအား လက်ထဲရှိ ဓားများဖြင့် လည်ပင်းအား ထောက်လိုက်ပြီး စနေရှိရာသို့ တွန်းခေါ်သွားလေတော့သည်။
စနေ၏ တပည့်တပန်းများသည် မောင်ဘိုးထင်တို့အား ဝိုင်း ထားလိုက်ကြပြီး တယောက်သောသူမှာ စနေ၏ရှေ့တွင် ဒူးထောက် ထိုင်လိုက်ကာ
“စနေဂိုဏ်းချုပ်ကြီးခင်ဗျာ ရှေ့မှာ ကောင်လေး လေးယောက်က တခြားနှစ်ယောက်ကို ဓားနဲ့ လိုက်ခုတ်နေလို့ ကျုပ်တို့ ဖမ်း ထိန်းထားပါတယ် ”
“အေး အဲ့ဒီကောင်တွေကို ငါ့ရှေ့ခေါ်ခဲ့စမ်း ”
စနေ၏ ခိုင်းစေမှု့ကြောင့် မောင်ဘိုးထင်တို့အား ဖမ်းထားသော လူများသည် စနေ၏ ရှေ့မှောက်သို့ ခေါ်လာကြသည်။ ထို့နောက် သူတို့အားလုံးကို မြေ‌ပြင်တွင် ဒူးထောက်နေစေ၏။ စနေသည် မီးတုတ်များ၏ အလင်းရောင်ဖြင့် မောင်ဘိုးထင်တို့ကို မြင်သောအခါ
“ဘယ်သူများလဲလို့ ငါ့ကို ဓားနဲ့ လိုက်တဲ့ ကောင်တွေကိုး ”
“ဟုတ်တယ် ခင်ဗျားလို ငကြောက်ရှေ့မှာ ဒူးထောက်နေရတာ ကျုပ်တို့ ရယ်ချင်မိတယ်”
“ဟေ့ကောင်လေး မင်းဘာစကားပြောတယ် ဘေးကကောင် သောက်ခွက်ကို ဖြတ်ရိုက်လိုက်စမ်း ”
ပေတူးသည် စနေအား စေ့စေ့ကြည့်ပြီး ပြောနေချိန်တွင် စနေမှ သူ၏တပည့်တယောက်အား ရိုက်ခိုင်းလိုက်ရာ ဘေးတွင်ရှိသော လူတယောက်သည် ပေတူးအား ရိုက်ချလိုက်လေသည်။
“တောက် ဒါလေးပြောတာနဲ့ ရိုက်ခိုင်းရလား လူညစ်ပတ် ကြီး”
“မင်းတို့ကောင်တွေကို သတ်မှာ မစင်တွင်းထဲကို နှစ်သတ်မှာ”
ဦးစံလှအပါအဝင် မောင်ဘိုးထင်တို့အားလုံး မျက်လုံးပြူးသွားရသည်။မပြူးလို့လည်းမရ အရင်တခေါက်တွေ့စဉ်က သူ့အား ဝိုင်း၍ နှိပ်ကွပ်ခဲ့ကြသည် မဟုတ်ပါလား။ထို့နောက် စနေသည် အောင်နိုင်သူတယောက်ပမာ ပြုံးကာ
“ဟေ့ကောင်တွေ နေပါဦး မင်းတို့က ဘာလို့ ဒီဘက်က နှစ်ကောင်ကို ဓားနဲ့ထိုးမလို့ လုပ်နေတာလဲ ”
စနေမှမေးသောအခါ ဦးစံလှဘေးတွင်ရှိသော ဘိုးထင်မှ
“ကျုပ်က ပြောတယ် ဒီလောကမှာ ဦးစံလှကို ဓားချင်းယှဉ် ထိုးရဲတဲ့ လူမရှိဘူးဆိုတာ သူတို့က ရှိတယ်တဲ့လေ ”
“အေးဟုတ်တယ်လေ မင်းလူက ဘယ်လောက်စွမ်းလို့လဲ ”
“စွမ်းတာပေါ့ဗျာ သူနဲ့ ဘယ်သူမှ ဓားချင်း ယှဉ်မထိုးရဲဘူး ဒီ လူ့ဘီလူးကြီးက တုတ်ပြီး ဓါးပြီးတယ်ဗျ ခင်ဗျားတောင် ဒီလူကြီးနဲ့ ဓားချင်းယှဉ်ထိုးရဲလို့လား ”
“ဟေ့ကောင် မင်းလို လူ့ငနွားကြီးက တုတ်ပြီးဓားပြီးတယ်ဆိုတာ အလကားပဲနေမှာပါ ငါတို့ ဓားနဲ့လိုက်‌တုန်းက ခွေးဖြစ်လို့ ပြေးတာလား ”
“ဟေ့ကောင်မင်းတို့ သောက်ဆင့်က နိမ့်လို့ မယှဉ်ချင်တာ နားလည်လား ”
“သောက်စကား အရမ်းများတယ် မင်းတို့လူငနွားကြီးက ဒီက ဂုဏ်သရေရှိ ဂိုဏ်းချုပ်ကြီးလောက်များစွမ်းလို့လား ”
“တခြားနေရာတော့ မသိဘူး မင်းတို့လူချင်း ဓားချင်းယှဉ်ထိုးရဲလားမေးကြည့် ”
ဦးစံလှသည် သူ့အား လူငနွားကြီးဟု ပြော ပြောနေသော ဖိုးထွေးတို့အား တကယ်စိတ်တိုမိနေသည်။မောင်ဘိုးထင်တို့သည် တကယ်ကို စိတ်နှစ်ပြီး ငြင်းခုံနေသည်မို့ အမှန်တကယ်ကို ပွဲ ဖြစ်နေကြ၏။ထိုစဉ် စနေ၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
“ဟေ့ကောင်တွေ တိတ်စမ်း ဒီလောကမှ ငါ့ထက်အစွမ်းထက် တဲ့ကောင် ဘယ်ကောင်မှ မရှိစေရဘူး။ဟေ့ကောင်လေး မင်းလူ့ငနွားကြီး ငါ နဲ့ ဓားတယောက်တချက်ကြေး ထိုးရဲလား မေးကြည့် ဘယ်သူကျား ဘယ်သူနွားလည်း သိရအောင် ”
“မထိုးရဲစရာမရှိဘူး အခု လုပ်လိုက် ”
“ဒီအတိုင်းတော့ မရဘူး မင်းတို့ကောင်တွေ ငါ့ကို ဓားနဲ့ ပေါက်အောင် မထိုးနိုင်ရင် မင်းတို့ နှစ်ကောင် သေရမယ် ”
“ငါက မင်းတို့ထဲက တကောင်ကို ဓားနဲ့ ပေါက်အောင် မထိုးနိုင်ဘူးဆို ဟိုလေးကောင်သေရမယ် ”
“အဲ့တာက ဘယ်လို ”
“မင်းသောက်ပေါက် ပိတ်ထား ငါ့စကားကအမိန့်ပဲ မင်းကောင်ငနွားကြီးကို ရှေ့ထွက်ခိုင်းလိုက်”
စနေသည် ယုံကြည်မှုပြင်းထန်လွန်းနေသည့်အတွက် ခေါင်းကိုမော့ ရင်ကိုကော့ကာ ဦးစံလှအား လက်ယက်ခေါ်နေသည် ။ ထိုအခါ ဦးစံလှကို ဖမ်းချုပ်ထားသောလူနှစ်ယောက်မှ စနေ၏ ရှေ့သို့ ပို့လိုက်လေ၏။စနေသည် သူ၏ ခါးကြားမှ ဓားမြှောင်ကို ထုတ်ကာ သူ၏လည်ပင်းကို လှီးပြလိုက်ပြီး ဓားပြီးကြောင်း ကို ပြလိုက်လေ၏။ထို့နောက် ဦးစံလှအား ဓားမြှောင် ပေးလိုက်ကာ
“ကဲ ငနွားကြီး မင်းငါ့ကို ထိုးစမ်းကွာ မင်းငါ့ကို ပေါက်အောင် မထိုးနိုင်ရင် မင်းတို့ နှစ်ယောက်သေမယ် ငါကမင်းကို ပေါက် အောင်မထိုးနိုင်ရင် ဟိုလေးကောင်သေမယ် ငါတရားတယ်နော်”
စနေသည် သူ၏စကားကို သူ့ဘာသာပင် သဘောကျကာ ရယ်နေသော်လည်း မောင်ဘိုးထင်တို့မှာ မရယ်နိုင်ပါ။ထိုအခါ ဦးစံလှသည်
“ကျုပ် ကျုပ် မထိုးရဲဘူး ”
“ဘာဖြစ်တာလဲ တုတ်ပြီး ဓားပြီး ငနွားကြီးရ ”
“ကျုပ် မနိုင်လောက်ဘူးထင်လို့ပါ ”
“ဟာ ထိုးသာ ထိုးစမ်းပါကွာ ”
စနေသည် ဦးစံလှ၏ လက်ကို ကိုင်၍ပင် ထိုးခိုင်းနေလေသည်။သို့ပေမဲ့ ဦးစံလှမှာမထိုးပဲ စကားထပ်ဆိုလာသည်။
“ခင်ဗျားရဲ့ မျက်လုံးကြီးက ဖွင့်ထားတော့ ကျုပ်က ဘယ်လို လုပ် ထိုးရဲမှာလဲဗျ ”
“ဟား– ဟား–အဲ့လိုလား အဲ့တာဆို မှိတ်ပြီကွာ ”


စနေမှ မျက်စိနှစ်လုံးကို မှိတ်လိုက်ချိန် ဦးစံလှသည် ခါးပုံစထဲမှ ကျွန်းနက် သစ်သားဓားကို ယူကာ စနေ၏ ရင်ဘတ်ရှိ နှလုံးနေရာသို့ ထိုးစိုက်ချလိုက်လေ၏။
“အား— အား— ”
ကျယ်လောင်သော အော်သံကြီးနှင့်အတူ စနေ၏ ရင်ဘတ်တွင် စိုက်နေသော ကျွန်းနက်ဓားသည် ဝင်းဝါလာကာ ဓားထိုးခံ ထားရသည့်နေရာမှာ စတင်၍ တဖြည်းဖြည်းနှင့် မီးများလောင် ကျွမ်းလာ‌လေတော့သည်။စနေ၏ မချိမဆန့်အော်သံကြီးနှင့် မီးလောင်စပြုနေသော ခန္ဓာကိုယ််ကို ကြည့်ကာ သူ၏တပည့် များသည် မီးတုတ်များကိုချခဲ့ကာ ထွက်ပြေးသွားကြတော့ သည်။သူတို့၏ စိတ်ထဲတွင်‌ အလွန်အစွမ်းထက်သော စနေကို ယခုလိုဖြစ်အောင် ပြုလုပ်နိုင်သည့် ဦးစံလှအား ကြောက်ရွံ့နေသောကြောင့် ဖြစ်၏။ယခုအချိန်တွင်တော့ ထိုနေရာတွင် မီး လောင်နေသော စနေ နှင့် မောင်ဘိုးထင်တို့သာ ကျန်ခဲ့၏။ဦးစံလှသည် စနေ၏အနားမှ ခွာလိုက်ကာ ‌မောင်ဘိုးထင်အား
“ကောင်လေးတွေ တို့နိုင်ပြီလားဟေ ”
“နိုင်ပြီလေ ဦးငနွားရယ် အယ် မှားလို့ ဦးစံလှရယ် ”
” တောက် မင်း မင်းတို့နော် ”
ဦးစံလှ၏ မကျေမနပ်ပြောသံကို သူတို့သဘောကျစွာ ရယ် ရင်း မီးလောင်ပြာကျတော့မည့် စနေ၏ ရုပ်အလောင်းကြီးကို ကျောခိုင်းကာ သူဌေးကုန်းရွာသို့ ပြန်သွားနေစဉ် ရွာဘက်မှ
“နင်တို့ကို မကျေနပ်ဘူး မကျေနပ်ဘူး”
စူးရှအက်ကွဲနေသော မိန်းမတယောက်၏ အသံနက်ကြီးကြောင့် ‌မောင်ဘိုးထင်တို့ တယောက်မျက်နှာတယောက် ကြည့် လိုက်မိကြပါတော့သည် ။

ပြီးပါပြီ။

မောင်တင်ဆန်း

Leave a Comment