အောင်မြတ်သာနှင့်ကြက်တူရွေးစိန်အရှုပ်တော်ပုံ

” အောင်မြတ်သာနှင့်ကြက်တူရွေးစိန်အရှုပ်တော်ပုံ ”
ရေးသားသူ—ဇေယန(ရာမည)
– – – – – – – – – – –

အလောင်းမင်းတရားတည်ထောင်ခဲ့တဲ့ ကုန်းဘောင်မင်းဆက်ရဲ့နောက်ဆုံးမင်းတစ်ပါးဖြစ်တဲ့ သီပေါဘုရင်ပါတော်မူပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာတိုင်းတစ်ပါးသားမျက်နှာဖြူတွေရဲ့လက်အောက်ကိုရောက်ရှိခဲ့တယ်။
မြန်နာလူမျိုးတွေပိုင်တဲ့ ရေမြေတောတောင်သယံဇာတပစ္စည်းအများစုကိုလည်း နယ်ချဲ့မျက်နှာဖြူတွေကသာ လက်ဝါးကြီးအုပ်အမြတ်ထုတ်ခဲ့ကြတယ်။ မြန်မာနန်းစဉ်ရတနာတွေအပြင် ရှေးမြန်မာသူဌေးသူကြွယ်တွေပိုင်ဆိုင်ခဲ့ကြတဲ့ ရတနာပစ္စည်းပေါင်းများစွာဟာလည်း မျက်နှာဖြူနယ်ချဲ့တွေရဲ့လက်ထဲကိုရောက်ရှိခဲ့တယ်။
အဲဒီထဲမှာ ကြက်တူရွေးနှုတ်သီးလို ကောက်နေတဲ့ စိန်တစ်လုံးလဲပါဝင်ခဲ့တယ်။ အရည်အသွေးပြည့်ဝတဲ့စိန်တစ်လုံးဖြစ်တဲ့အတွက် တန်ဖိုးအနဂ္ဂဘယ်လောက်တန်တယ်ဆိုတာကိုတော့ မည်သူမှမတွက်ချက်နိုင်ခဲ့ဘူး။
ကြက်တူရွေးစိန်ကိုရလာတဲ့အဖြစ်အပျက်ကလဲ ထူးဆန်းနေပြန်တယ်။ မြန်မာနိုင်ငံ သူ့ကျွန်ဘဝမရောက်ခင်က မန္တလေးနေပြည်တော်မှာ ဦးဘိုးသာဆိုတဲ့သူဌေးတစ်ဦးရှိခဲ့ဖူးတယ်။ ဦးဘိုးသာက နိုင်ငံရပ်ခြားကနေ မြန်မာနိုင်ငံကို ကုန်သွယ်နေတဲ့ အင်္ဂလိပ်လူမျိုးတစ်ယောက်နဲ့ ချိတ်ဆက်မိရင်း ခင်မင်ရင်းနှီးခဲ့တယ်။ တစ်ယောက်အကျိုးစီးပွား တစ်ယောက်ကူညီကြတဲ့အခြေအနေတွေကြောင့် ဦးဘိုးသာရဲ့စီးပွားရေးကလဲ ယခင်ကထက် ပိုအဆင်ပြေလာခဲ့တယ်။
ဒီလိုနဲ့တစ်ရက်မှာတော့ အင်္ဂလိပ်ကုန်သည်က မြန်မာနိုင်ငံကိုမလာဖြစ်တော့ပဲ ဆယ်လလောက်ပျောက်သွားခဲ့တယ်။ ဦးဘိုးသာလဲ မိမိယခင်အလုပ်တွေကိုဦးစီးလုပ်ကိုင်ရင်းနေလာခဲ့တယ်။ မှတ်မှတ်ရရ မိုးတွေအရမ်းသည်းနေတဲ့ ညတစ်ညမှာ ဦးဘိုးသာအိမ်တံခါးကို လူတစ်ယောက်လာထုတဲ့အသံကြားလို့ ဖွင့်ကြည့်လိုက်တာ မိုးရေထဲမှာ ရပ်နေတဲ့ အင်္ဂလိပ်ကုန်သည်ကိုတွေ့လိုက်ရတယ်။
သူ့ပုံစံက တစ်စုံတစ်ယောက်ကို ကြောက်လန့်နေသလိုလို နောက်ကျောမလုံသလိုလိုဖြစ်နေတဲ့အတွက် ဦးဘိုးသာက အိမ်ထဲခေါ်ပြီး အဝတ်အစားတွေလဲပေးခဲ့တယ်။
အဝတ်အစားတွေလဲပြီးတဲ့အချိန် မီးအိမ်အလင်းရောင်နဲ့ မြင်လိုက်ရတဲ့ အင်္ဂလိပ်ကုန်သည်ကိုမြင်တော့ ဦးဘိုးသာ အံ့ဩသွားတယ်။
ညိုမဲပြီးချိုင့်ဝင်နေတဲ့ မျက်တွင်းအောက်မှာ နီစပ်စပ်အသားအရည်တွေက သွေးစုပ်ဖုတ်ကောင်တစ်ကောင်လိုကြောက်စရာကောင်းနေခဲ့တယ်။
ဦးဘိုးသာက အင်္ဂလိပ်ကုန်သည်ရဲ့ အခြေအနေကိုမြင်တော့
” ဂျွန် မင်းဘယ်တွေပျောက်နေတာလဲ ငါ့ဆီလဲမလာတာကြာပြီ”
” ရှူး တိုးတိုး အသားမဲမဲနဲ့ကောင်တွေ ငါ့အနောက်ကလိုက်နေတယ် ဒီကောင်တွေကြောင့် ငါအိပ်မရတာ သုံးလလောက်ရှိပြီ”
အင်္ဂလိပ်ကုန်သည်ရဲ့စကားကြောင့် ဦးဘိုးသာနားလည်ရခက်သွားပြီး
” ဟေး ဂျွန် မင်းဘာတွေပြောနေတာလဲ မင်းပြောတာငါတစ်ခုမှနားမလည်ဘူး”
” အခုငါ‌လှေဆိပ်ကနေ ပြေးလာတော့ သူတို့အနောက်ကနေပါလာတယ် မြို့ရိုးထဲကိုဝင်တော့မှ သူတို့ရပ်သွားတာ သိပ်မကြာခင် သူတို့ပြန်လိုက်လာကြတော့မယ် ငါ့မှာအချိန်သိပ်မရဘူး ဒီပစ္စည်းကိုခဏယူထား သိပ်မကြာခင်ငါပြန်လာယူမယ်”
အင်္ဂလိပ်ကုန်သည်က ဦးဘိုးသာလက်ထဲကို အဝတ်စနဲ့ပတ်ထားတဲ့ပစ္စည်းတစ်ခုကိုထည့်ပေးပြီးဘေးဘီဝဲယာကိုကျီးကန်းတောင်းမှောက်ကြည့်လိုက်တယ်။
” မင်းအခုပေးတာဘာပစ္စည်းလဲ”
” ဒီပစ္စည်းကတန်ဖိုးကြီးတယ် မင်းကိုယုံကြည်လို့ခဏအပ်ခဲ့တာ သေချာသိမ်းထားပေး”
” စိတ်ချပါ ငါသိမ်းထားပေးမယ် မင်းကြိုက်တဲ့အချိန် ပြန်လာယူ ငါလဲထုတ်မကြည့်ဘူး ”
” ကျေးဇူးတင်တယ် ဘိုးသာ ငါသွားတော့မယ် နောက်တစ်ရက်နှစ်ရက်နေရင် ငါပြန်လာခဲ့မယ်”
အင်္ဂလိပ်ကုန်သည်လဲ ဦးဘိုးသာကိုနှုတ်ဆက်ပြီး မိုးရေထဲကိုပြန်ထွက်သွားခဲ့တယ်။ ဦးဘိုးသာလဲ အင်္ဂလိပ်ကုန်သည်လာအပ်သွားတဲ့ပစ္စည်းကို သေတ္တာတစ်ခုထဲထည့်ပြီး လုံခြုံတဲ့နေရာမှာ သိမ်းထားပေးခဲ့တယ်။
ဒီလိုနဲ့သုံးလလောက်အကြာမှာတော့ အင်္ဂလိပ်ကုန်သည်ပြန်ရောက်လာခဲ့တယ်။ ဒီတစ်ခါရောက်လာတဲ့အချိန်မှာတော့ အရိုးပေါ်အရေတင်ဖြစ်နေပြီး မျက်လုံးတွေကလဲ ဂနာမငြိမ်ဖြစ်နေခဲ့တယ်။
” ဘိုးသာ မင်းကိုပေးခဲ့တဲ့ပစ္စည်းက အီဂျစ်ဘုရင်တွေပိုင်ဆိုင်တဲ့ရတနာတစ်ခုပဲ သူတို့က ဒီပစ္စည်းတွေကိုကျိန်စာတိုက်ထားတယ် အခုငါ့အနောက်မှာလိုက်နေတဲ့ ကောင်တွေက ကျိန်စာတိုက်ထားတဲ့အထဲမှာပါတဲ့ကောင်တွေ ဒီကောင်တွေအရမ်းဆိုးတယ် ညဘက်ရောက်တိုင်း ငါ့ဆီလာပြီး ပစ္စည်းလာတောင်းတယ် မပေးရင် ငါအိပ်မရအောင် နည်းမျိုးစုံနဲ့ခြောက်လှန့်ကြတယ် အခုပစ္စည်းကိုမင်းဆီမှာအပ်ထားတာသူတို့သိသွားကြပြီ ဒါပေမယ့် မင်းအိမ်ထဲကိုသူတို့ဝင်မရဘူး ငါပြန်သွားဦးမယ် နောက်တစ်ခါသင်္ဘောထွက်ရင် ငါ့ပစ္စည်းငါပြန်လာယူမယ် အခုတော့ငါပြန်သွားရဦးမယ်”
” မင်းကဘယ်ကိုသွားမှာလဲ ငါ့အိမ်မှာပဲနေလေ သူတို့ဝင်မှမရတာ”
” မဟုတ်ဘူး ငါရဲ့အခြားပစ္စည်းတွေကို သွားတူးရဦးမယ် နောက်သုံးရက်နေရင်ငါပြန်လာယူမယ်”
အင်္ဂလိပ်ကုန်သည်လဲ ဦးဘိုးသာကို ဂယောင်ကတန်းတွေပြောပြီး ထွက်သွားပြန်တယ်။ နောက်သုံးရက်နေတော့ ဧရာဝတီမြစ်ဘေးမှာ မျက်လုံးနှစ်လုံးက ဘဲဥလုံးလောက်ထွက်ပြီး သေနေတဲ့ အင်္ဂလိပ်ကုန်သည်ရဲ့သတင်းကိုကြားလိုက်ရတယ်။
ဦးဘိုးသာလဲ အင်္ဂလိပ်ကုန်သည်သေပြီးဆိုတာသိတော့ လာအပ်ထားတဲ့ပစ္စည်းကိုထုတ်ပြီး ကြည့်လိုက်ရာ အရောင်တလက်လက်တောက်ပနေတဲ့ ကြက်တူရွေးနှုတ်သီးပုံစိန်တစ်လုံးကိုတွေ့လိုက်ရတယ်။
ဦးဘိုးသာလဲ ကြက်တူရွေးနှုတ်သီးသဏ္ဍာန်စိန်တုံးကို‌လုံခြုံတဲ့နေရာမှာသိမ်းထားပြီး ဥပဒေနဲ့လွတ်ကင်းမကင်းစုံစမ်းခဲ့ပေမယ့် မည်သူကမျှ ကြက်တူရွေးစိန်နဲ့ပတ်သတ်ပြီးမသိရှိခဲ့ပေ။
ကြက်တူရွေးစိန် ဦးဘိုးသာလက်ထဲရောက်ပြီးတဲ့နေ့ကစပြီး ညဘက်ရောက်တိုင်း အိမ်ရှေ့မှာ ခွေးအကောင်ပေါင်းများစွာလာရောက်စုဝေးပြီး တစ်စုံတစ်ခုကိုမြင်သလို စူးစူးဝါးဝါးထိုးဟောင်ကြပါလေရော။
ဦးဘိုးသာရဲ့အလုပ်သမားတွေဘယ်လိုမောင်းထုတ်မောင်းထုတ် မသွားပဲ အိမ်တံခါးဝကိုကြည့်ပြီး အူလိုက် ဟောင်လိုက်ဖြစ်နေတဲ့အချိန် အိမ်ခေါင်မိုးပေါ်ကို မြေနီမှုန့်တွေကျလာခဲ့တယ်။
ကျလာတဲ့မြေနီမှုန့်တွေက မန္တလေးနေပြည်တော်မှာမရှိတဲ့မြေနီတွေဖြစ်နေတာကလဲ ထူးဆန်းနေခဲ့တယ်။ ညဘက်ရောက်တိုင်းထူးဆန်းမှုတွေကြုံနေရတဲ့ ဦးဘိုးသာလဲ ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့အချိန် မန္တလေးနေပြည်တော်က နယ်ချဲ့အင်္ဂလိပ်လက်ထဲကိုထိုးချလိုက်ရတယ်။
နယ်ချဲ့အင်္ဂလိပ်တွေက နေပြည်တော်ကိုသိမ်းယူပြီးတဲ့အချိန် နာမည်ရသူဌေးသူကြွယ်တွေကို အကြောင်းပြချက်မရှိပဲ ဖမ်းဆီးကာ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုလုယူခဲ့တယ်။
ဦးဘိုးသာလဲ မိမိပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ဧရာဝတီမြစ်ကမ်းဘေးမှာမြုပ်နှံပြီး အောက်ပြည်အောက်ရွာကို ရှောင်ထွက်ခဲ့တယ်။ မြုပ်နှံခဲ့တဲ့ ပစ္စည်းတွေထဲမှာတော့ ကြက်တူရွေးစိန်လဲပါဝင်ခဲ့တယ်။
ပစ္စည်းတွေကိုမြုပ်နှံခဲ့တဲ့နေရာကိုတော့ သေချာမှတ်ထားပြီး သူဝတ်နေကျ ပိုးသားအင်္ကျီထဲမှာ ရတနာမြေပုံကို ရေးဆွဲထားခဲ့တယ်။ အင်္ကျီထဲမှာရတနာမြေပုံထည့်ထားတာကိုတော့ ဦးဘိုးသာကလွဲပြီးဘယ်သူမှမသိရှိခဲ့ဘူး။
ဦးဘိုးသာလဲ အောက်ပြည်အောက်ရွာမှာ ရှောင်တိမ်းနေထိုင်ရင်း ဦးနှောက်သွေးကြောပြတ်ကာရုတ်တရက်ဆုံးပါးသွားတဲ့အချိန်မှာတော့ ကျန်ခဲ့တဲ့မိသားစုတွေက ဦးဘိုးသာအမြတ်တနိုးနဲ့ဝတ်ဆင်ခဲ့တဲ့ အင်္ကျီကိုပါရောပြီး မီးသဂြိုလ်လိုက်ကြတယ်။ အဲဒီအချိန်ကစပြီး ကြက်တူရွေးစိန်က အစအနပျောက်ခဲ့ရတယ်။
ကြက်တူရွေးစိန်နဲ့အတူအခြားရတနာပစ္စည်းတွေက ဧရာဝတီမြစ်ကမ်းဘေးမှာ နှစ်ပေါင်းများစွာတည်ရှိခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံလွတ်လပ်ရေးရကာစအချိန်မှာတော့ ဧရာဝတီမြစ်ကြောင်းတစ်လျောက်ရေကြောင်းပြောင်းလဲမှုတွေဖြစ်ပေါ်လာပြီး ဦးဘိုးသာမြုပ်နှံခဲ့တဲ့ရတနာပစ္စည်းတွေက ရေစီးနဲ့အတူမျောပါခဲ့ရတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးခါစ တိုင်းပြည်အခြေအနေက ပေါက်ကွဲလုဆဲဆဲ မိုင်းတစ်လုံးလိုဖြစ်နေတဲ့အချိန် ဆိုးသွမ်းလုယက်ကြတဲ့သူတွေကလဲ နယ်မြေအလျောက် ပေါ်ပေါက်လာခဲ့ကြတယ်။
တောရွာဒေသတွေမှာဆိုရင် ညဘက်နေဝင်ရီတစ်ရောရောက်တာနဲ့ ရွာစည်းရိုးတွေကို အလုံအခြုံပိတ်ပြီး လှည့်ကင်းစနစ်ဆောင်ရွက်ခဲ့ကြရတယ်။ အခုလဲ ဘုတ်တလုပ်ရွာလေးမှာ ရွာခြံစည်းရိုးဆောက်ဖို့ ရွာထဲကကာလသားတွေပြင်ဆင်နေကြတယ်။ ရွာကာလသားခေါင်းဆောင် ကိုညိုကြီးက လွတ်လပ်ရေးမရခင်က စစ်တပ်ထဲမှာ ဝာာဝန်ထမ်းဆောင်ခဲ့တာမို့ ခြံစည်းရိုးဆောက်ပုံဆောက်နည်းတွေကို ရွာသားတွေကို အသေးစိတ်ရှင်းပြနေခဲ့တယ်။
” ဘိုးတင်နဲ့ ပုလုံး မင်းတို့နှစ်ကောင်က မြစ်ဘေးမှာသောက်ရေသွားခပ်ကွာ ညကျရင် ရွာသူကြီးက အိမ်ကြက်နှစ်ကောင်ပေးမယ်ပြောတယ် ညဘက်ကင်းစောင့်ရင်း ကြက်ကာလသားချက် ချက်စားကြမယ်”
ကြက်ကာလသားချက်ဆိုတဲ့အသံကြားတာနဲ့ ဘိုးတင်နဲ့ ပုလုံးတို့နှစ်ယောက် ထခုန်လိုက်ပြီး
” စိတ်ချ ဆရာညို အခုပဲသွားခပ်လိုက်မယ် အသားဟင်းမစားရတာကြာပြီဗျ ရွာသူကြီးကအခုလိုမစတယ်ဆိုတော့ ဒီညတော့ ဗိုက်ခွေးနမ်းပြီး‌ဗျို့”
” မိကျောင်းသားနှစ်ကောင် စကားမရှည်နေနဲ့ မကြာခင်နေကဝင်တော့မှာ ဒီညခြံစည်းရိုးမပြီးရင် မင်းအမေ့လင်ဓါးမြတွေဝင်လာတဲ့အခါ အကုန်မသာပေါ်ကုန်မယ်”
ကိုညိုကြီးရဲ့ စကားကြောင့် ဘိုးတင်နဲ့ပုလုံး ရေပုံးနှစ်ပုံးစီကိုင်ကာ မြစ်ဘေးကိုထွက်လာခဲ့လိုက်တယ်။
ဘုတ်တလုပ်ရွာမှာနေတဲ့သူတွေအကုန်လုံး သောက်ရေသုံးရေအတွက် ဧရာဝတီမြစ်ကြီးကိုသာအားကိုးခဲ့ကြရတယ်။ ဧရာဝတီမြစ်ရေကိုသောက်၊ မြစ်ရေကိုချိုးပြီး ကြီးပြင်းလာတဲ့ သူတွေဖြစ်လို့ ဘယ်နေရာမှာမြစ်ရေကကြည်တယ်၊ နောက်တယ်ဆိုတာ သိကြတယ်။
” ဘိုးတင် ကိုင်းတောစပ်ဘက်ကိုသွားခပ်ကြရအောင် အဲဒီဘက်ကလူသွားလူလာသိပ်မရှိတော့ရေပိုကြည်တယ်”
” အေး ငါလဲအဲဒီဘက်သွားရင်ကောင်းမလားစဉ်းစားနေတာ မင်းနဲ့ငါအကြံတူတယ် သွားကြရအောင်”
ဘိုးတင်တို့လဲ ကိုင်းတောစပ်ဘက်ကိုခြေဦးလှည့်လိုက်ပြီး ခပ်သွက်သွက်လျောက်လာခဲ့လိုက်တယ်။ ကိုင်းတောစပ်ရောက်တော့ ပါလာတဲ့ ရေလေးပုံးကို မြစ်ထဲနှစ်ခပ်လိုက်တဲ့အချိန်
” ဂလုပ် ဂလုပ် ဒုတ်”
” ဟေ့ကောင် မင်းပုံးထဲခဲလုံးကြီးပါသွားပြီ ပြန်ထုတ်ဦး”
ဘိုးတင်လဲ ရေပုံးထဲဝင်လာတဲ့ ခဲလုံးကိုထုတ်ပြီး ပစ်မလို့လုပ်တဲ့အချိန်
” ဟေ့ကောင် ပုလုံး ဒါကခဲလုံးမဟုတ်ဘူးကွ ပြောင်ပြောင်လက်လက်နဲ့ တစ်ခုခုတော့တစ်ခုခုပဲ”
” ပြစမ်းပါဦး ငါသေချာကြည့်ပါဦးမယ်”
ပုလုံးက ဘိုးတင်လက်ထဲကိုင်ထားတဲ့ ကျောက်လိုလိုအရာကိုကြည့်ပြီး
” ဟေ့ကောင်ရ ဒါ စိန်တုံးလို့ခေါ်တယ် ဘကြီးဟန်သိန်းစာကြည့်တိုက်ထဲကစာအုပ်မှာရေးထားတာက စိန်မှန်ရင် မကွဲဘူးတဲ့ သေချာအောင် ငါတို့စမ်းကြည့်ရအောင်”
” ဘယ်လိုစမ်းမှာလဲ”
“လွယ်ပါတယ်ကွာ မင်းက ကျောက်ခဲတစ်လုံးလိုက်ရှာ ငါကဒီစိန်တုံးကို အောက်မှာချထားမယ် မင်းကျောက်ခဲရတာနဲ့ ထုချလိုက် အားပါပါနဲ့သာထု စိန်တုံးမှန်ရင် ကျောက်တုံးကွဲသွားလိမ့်မယ်”
ပုလုံးလဲ အနီးနားမှာရှိတဲ့ ကျောက်တုံးကိုယူပြီး စိန်တုံးအပေါ်ကိုထုချလိုက်တယ်။
“ခွပ်”
” ဟာ မကွဲဘူးဟ ဟေ့ကောင်ရ ငါတို့တော့သူဌေးဖြစ်ပြီ ဟားဟား သူဌေးပုလုံး သူဌေးဘုတင် ခေါ်လို့ကောင်းလိုက်တာကွာ”
” ဟေ့ကောင် ဒီကိစ္စဘယ်သူ့ကိုမှမပြောနဲ့ မူမပျက်နေ စိန်တုံးကိုငါယူထားမယ် အခြေအနေကောင်းရင်မြို့တက်ပြီး သွားရောင်းမယ် ”
” အေး မူမပျက်ပဲနေရမယ် အခုရေပုံးဆွဲတော့ ကိုညိုကြီးစောင့်နေလိမ့်မယ်”
ဘိုးတင်နဲ့ပုလုံးလဲ ရေခပ်ပြီး မူမပျက်ပြန်လာခဲ့လိုက်တယ်။ အဲဒီညချက်တဲ့ ကြက်ကာလသားချက်က ဘယ်လိုအရသာမှန်းမသိရအောင် အပျော်တွေလွန်ခဲ့ကြတယ်။
နောက်နေ့ညနေရောက်တော့
” စိန်ကြီး ဒီခဏလာဦး”
ကိုညိုကြီးခေါ်သံကြောင့် ခြံစည်းရိုးကို နှီးနဲ့ပြန်ချည်နေတဲ့ စိန်ကြီးထလာလိုက်တယ်။
” ကိုညိုကြီး ဘာဖြစ်လို့လဲ”
” ဒီမှာကြည့်စမ်း မြေနီမှုန့်တွေ ဘယ်ကရောက်လာတာလဲ”
” ဟုတ်တယ်ဗျ ကျွန်တော်တို့ဘက်မှာ ဒီလိုမြေမှုန်မျိုးမှမရှိတာ ညကရွာနားကို ဓါးမြတွေကပ်လာလို့လား”
” အဲဒါတော့ငါလဲမသိဘူး ဒီညတော့ သေချာသတိထားကြ ငါလဲစောင့်ကြည့်မယ်”
ကိုညိုကြီးပြောပြီးထွက်သွားတော့ မြေကြီးပေါ်ကျနေတဲ့မြေနီမှုန့်တွေကို စိန်ကြီးလက်နဲ့ခြစ်ယူပြီးကြည့်လိုက်တယ်။
ညဘက်ရောက်တော့
” အူး ဝူး ဝူး ဝူး”
တောခွေးတွေ စူးစူးဝါးဝါးထိုး‌အူလိုက်တဲ့အသံကြောင့် ကင်းစောင့်နေတဲ့ ရွာသားတွေ လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။
” သတိထားကြဟေ့ တစ်ခုခုကပ်လို့ဖြစ်မယ် ဘုတင်နဲ့ပုလုံးရော ဒီညမတွေ့ပါလား”
” ညဦးပိုင်းလောက်ကတော့တွေ့တယ် မောင်မှတ် မင်းရော ဘိုးတင်နဲ့ပုလုံးကို‌တွေ့သေးလား”
” ရှိတယ်လေ ဟိုဘက်ခြမ်းမှာ တာဝန်ချထားတယ် ခေါ်လိုက်ရမလား”
” မခေါ်နဲ့ထားလိုက် ခွေးဟောင်သံတွေကြားတဲ့ဘက်ကိုပဲ သတိထားကြည့်”
ရွာသားတွေလဲ ခွေးတွေအူနေတဲ့ဘက်ကို ကြည့်နေတဲ့အချိန် ရွာခြံစည်းရိုးနားကို တစ်ရွေ့ရွေ့ကပ်လာနေတဲ့ လူရိပ်နှစ်ခုကိုတွေ့လိုက်ရတယ်။
” ကိုညို ဟိုမှာလူရိပ်တွေ့လား”
“ငါတွေ့တယ် အနားမရောက်မချင်းဘာမှမလုပ်နဲ့ ”
လူရိပ်နှစ်ခုကလဲ ဖြေးဖြေးချင်းခြံစည်းရိုးနားကပ်လာခဲ့တာ ခြေလှမ်းနှစ်ဆယ်လောက်ရောက်တော့
” ဟေ့ ညကြီးမင်းကြီး ဘယ်သူလဲကွ”
ကိုညိုကြီးရဲ့အော်သံကြောင့် လမ်းလျောက်လာနေတဲ့ အရိပ်နှစ်ခုကရပ်သွားပြီး
” ကျုပ်တို့ကလူကောင်းတွေပါ ဒီရွာမှာမကြာခင် ထူးဆန်းတဲ့ဖြစ်ရပ်တွေကြုံရတော့မယ် ဒီဖြစ်ရပ်ကြောင့်လူတွေသေမယ့်လက္ခဏာတွေ့လို့ အရောက်လာခဲ့တာ”
” ဟေ့လူတွေ ကလီကမာလုပ်မယ်မကြံနဲ့ မင်းတို့ကဓါးမြတွေနဲ့တစ်ဖွဲ့ထဲမဟုတ်လား”
” ကိုင်း ခင်ဗျားတို့မယုံလဲ ကျုပ်တို့ကိုဖမ်းထားလိုက် ဒီညခင်ဗျားတို့ရွာထဲကို ဝင်လာမယ့်သူတွေက ဓါးမြတွေထက် အဆတစ်ရာလောက်ဆိုးနိုင်တယ် သူတို့ကိုမောင်းထုတ်ဖို့က ခင်ဗျားတို့ကိုင်ထားတဲ့ ဓါးတွေလှံတွေနဲ့မရဘူး ရွာတံခါးသာမြန်မြန်ဖွင့်ပေးတော့ အချိန်မရှိတော့ဘူး အနောက်မှာလိုက်လာနေပြီ”
ညကြီးမင်းကြီးရောက်လာတဲ့ လူစိမ်းနှစ်ယောက်စကားကြောင့် ကင်းစောင့်နေတဲ့သူတွေ ဇဝေဇဝါဖြစ်သွားပြီး
” ကဲ ဒါဆိုလဲ ရွာထဲခေါ်ထည့်လိုက် ပြီးရင်တော့ ကြိုးနဲ့ချည်ထား‌လိုက် သူတို့ပြောတာဟုတ်မဟုတ် စောင့်ကြည့်ရတာပေါ့”
ကိုညိုကြီးစကားကြောင့် ရွာသားတွေလဲ ခရီးသွားနှစ်ယောက်ကို ခေါ်ပြီး ကင်းတဲအောက်မှာ ကြိုးချည်ထားလိုက်တယ်။
ကြိုးချည်နေရင်းမီးတုတ်အလင်းရောင်‌နဲ့ကြည့်လိုက်တော့
” ဟာ မင်းတို့ကလူငယ်တွေပဲရှိသေးပါလား ဘယ်နယ်ကလဲ”
” အခုက နယ်တွေ ဇာတိတွေမေးရမယ့်အချိန်မဟုတ်သေးဘူး ဒီရွာထဲမှာ ဘုတင်နဲ့ပုလုံးဆိုတာရှိလား ရှိရင် သူတို့ကိုခေါ်လာခဲ့ပေးပါ ”
ခရီးသွားနှစ်ယောက်ရဲ့စကားအဆုံးမှာ လေပြင်းတွေရုတ်တရက်တိုက်ခတ်လာခဲ့တယ်။
” ကိုညိုကြီး အချိန်မဟုတ်အခါမဟုတ် လေပြင်းတွေကျလာပါလား ခရီးသွားတွေပြောတာမှန်နေပီလားမသိဘူး”
” စိန်ကြီး မင်းက ဘိုးတင်နဲ့ ပုလုံးကိုသွားခေါ် ကျန်တဲ့သူတွေက ဒီနှစ်ယောက်ကိုကြည့်ထား”
ကိုညိုကြီးစကားမဆုံးခင် လေထဲမှာမြေနီမှုန့်တွေပါလာခဲ့တယ်။
” ‌တစ်ယောက်ယောက် ဒီစာရွက်လေးရွက်ကို ခြံစည်းရိုးထောင့်လေးထောင့်မှာမြန်မြန်သွားကပ်ပေး”
ခရီးသွားနှစ်ယောက်က လွယ်အိတ်ထဲကနေ စက္ကူလေးရွက်ကိုထုတ်ပြီးပေးလိုက်တော့ ကိုညိုကြီးက
” ခုနက မင်းတို့ကိုကြိုးချည်ထားတယ်မဟုတ်လား ဘယ်လိုလွတ်သွားတာလဲ”
” အဲဒါကနောက်မှပြော အချိန်မရှိတော့ဘူး မြန်မြန်”
ကိုညိုကြီးလဲ ဘာမှမပြောတော့ပဲ ခရီးသွားနှစ်ယောက်ပေးတဲ့စာရွက်လေးရွက်ကို ခြံစည်းရိုးလေးဘက်လေးတန်မှာကပ်လိုက်တယ်။
” ကိုညိုကြီး ဟိုမှာ ဟိုမှာကြည့်ဦး ဘာကောင်တွေလဲမသိဘူး”
ကင်းသမားတစ်ယောက်ရဲ့အော်သံကြောင့် လင့်စင့်ပေါ်တက်ကြည့်လိုက်ရာ အရပ်ခုနှစ်ပေလောက်မြင့်ပြီး လက်ထဲမှာ လှံရှည်ကိုင်ထားတဲ့ လူလိုလို သရဲလိုလို အကောင်တွေကိုမြင်လိုက်ရတယ်။
” ဘာကောင်တွေလဲ ငါဖြင့်တစ်ခါမှမမြင်ဖူးဖူး ခေါင်းမှာလဲ သံစွပ်တွေစွပ်ထားပါလား လေးတွေ လှံတွေအသင့်ပြင်ထားဟေ့ အနားရောက်တာနဲ့ပစ်”
ကိုညိုကြီးအမိန့်ပေးသံကြောင့် ရွာသားတွေ အသင့်ပြင်ထားလိုက်တယ်။
” သူတို့က လူတွေမဟုတ်ဘူး လေးတွေ လှံတွေနဲ့ပစ်လဲဘာမှမထူးဘူး ”
ခရီးသွားနှစ်ယောက်ရဲ့စကားကြောင့် ကိုညိုကြီး လှည့်ကြည့်လိုက်ပြီး
” ဒါဆိုဘာလုပ်ရမှာလဲ ”
” ခုနကခေါ်ခိုင်းထားတဲ့လူနှစ်ယောက်ကိုသာအမြန်လာခိုင်းပါ သူတို့ရှင်းမှရမယ်”
” စိန်ကြီး ခုနကမင်းသွားခေါ်တာ မတွေ့ခဲ့ဘူးလား”
” မရှိဘူး ကိုညိုကြီး အိမ်ပြန်သွားကြတယ်ပြောတယ်”
” တောက် ဒီခွေးမသားတွေကတော့ သွား အိမ်ထိပြန်ခေါ် အခုလာလို့ မလာရင် မနက်ဖြန်ငါအကြောင်းသိမယ်ပြောလိုက်”
ဒေါသတစ်ကြီးအော်လိုက်တဲ့ကိုညိုကြီးအသံကြောင့် စိန်ကြီးစောဒကမတက်ရဲတော့ပဲ ရွာထဲဘက်ကိုခပ်သုတ်သုတ်ပြန်ထွက်သွားခဲ့တယ်။
“ကိုညိုကြီး ဟိုကောင်တွေနီးလာပြီ ဘာလုပ်ရမလဲ”
” လေးနဲ့ပစ်ကွာ အနားကပ်မခံနဲ့”
ရွာသားတွေလဲ ကိုညိုကြီး အမိန့်ရတာနဲ့ လေးတွေမြှားတွေနဲ့ပစ်ပါလေရော။
” ထန် ထန် ထန် ”
ရွာသားတွေပစ်လိုက်တဲ့မြှားတွေက သံခေါင်းစွပ်လူတွေကိုထိပြီး ပြန်ကန်ထွက်သွားတယ်။
” မရဘူး သူတို့ကိုယ်က သံလိုပဲ လေးမြှားတွေတိုးမပေါက်ဘူး”
အဲဒီတော့မှ ကိုညိုကြီး လက်မှိုင်ချလိုက်ပြီး ကင်းတဲအောက်မှာ ထိုင်ခိုင်ထားတဲ့ ခရီးသွားနှစ်ယောက်ဆီသွားကာ
” ဘယ်လိုလုပ်ရမလဲ ကျုပ်တို့က လူတွေကိုပဲ တိုက်ဖူးတာ ဒီလိုအဖြစ်မျိုးမကြုံဖူးဖူး”
” သူတို့ရွာထဲမဝင်နိုင်အောင်လုပ်ထားပေးတယ် ဒီကောင်တွေက ကျိန်စာတိုက်ခံထားရတဲ့ကောင်တွေဆိုတော့ လိုချင်တဲ့ပစ္စည်းမရမချင်း ပြန်မှာတော့မဟုတ်ဘူး ”
” ကျုပ်တို့ဘာပစ္စည်းမှမယူထားပါဘူး ”
” ယူထားတဲ့သူကယူထားပီးပီ ဒါကြောင့် လူနှစ်ယောက်ကိုရှာခိုင်းလိုက်တာ သူတို့မလာခင်အချိန်ထိ ဒီကောင်တွေရွာထဲမဝင်နိုင်အောင် လုပ်ရမယ်”
အောင်မြတ်သာစကားကြောင့် ကိုညိုကြီးအခြေအနေတွေကိုသဘောပေါက်သွားပြီး
” ဒါဖြင့်လဲ နိုင်သလောက်လေးတော့ ထိန်းထားပေးပါ ကျုပ်လူတွေလဲ ဟိုနှစ်ကောင်ကိုလိုက်ရှာနေပါတယ်”
ကိုညိုကြီးစကားလဲအဆုံး လူလိုလို သရဲလိုလိုကောင်တွေက ခြံစည်းရိုးကိုကျော်တက်ဖို့လုပ်တဲ့အချိန် ခြံစည်းရိုးထောင့်လေးထောင့်မှာကပ်ထားတဲ့စာရွက်တွေထဲကနေ ပိုက်ကွန်လေးခုထွက်လာပြီး သံခမောက်ဆောင်းထားတဲ့သူတွေကို ရစ်ပတ်ထားလိုက်တယ်။
သံခမောက်ဆောင်းထားတဲ့သူတွေက ကိုယ်ပေါ်မှာကပ်ငြိနေတဲ့ ပိုက်ကွန်တွေကို လက်ထဲက လှံနဲ့ဖြတ်တောက်ပြီး ရွာထဲကိုဝင်ဖို့အလုပ် ခြံစည်းရိုးအထဲကနေ အဖြူရောင်အလင်းတန်းတစ်ခုထွက်လာတာကို ကာလသားတွေမြင်လိုက်ရတယ်။
အလင်းတန်းက သံခမောက်ဆောင်းထားသူအရှေ့ရောက်တော့ တောင်ဝှေးတစ်ချောင်းကိုထောက်ပြီး မတ်တပ်ရပ်နေတဲ့ အဖိုးအိုတစ်ယောက်ဖြစ်သွားတယ်။
ကာလသားတွေလဲ မမြင်ဖူးတာတွေမြင်လိုက်ရတော့ အံ့အားသင့်သွားပြီး ဘာဆက်ဖြစ်မလဲဆိုတာကိုစောင့်ကြည့်နေကြတယ်။
တုတ်ကောက်နဲ့အဖိုးအိုက သံခမောက်ဆောင်းထားသူတွေအရှေ့ရောက်တော့ ရွာထဲကိုမဝင်ဖို့လက်ဟန်ခြေဟန်နဲ့ပြောနေပေမယ့် သံခ‌မောက်ဆောင်းထားတဲ့သူတွေက လက်မခံပဲ အဖိုးအိုကိုတွန်းထုတ်ကာ ရွာထဲကိုခုန်ဝင်လိုက်တဲ့အချိန် ရွာစည်းရိုးနဲ့ ခြေထောက်အထိမှာ အနောက်ကိုခြောက်ပေလောက်လွင့်ထွက်သွားတယ်။
ရွာပြင်ကိုလွင့်ထွက်သွားတဲ့ ပုဂ္ဂိုလ်တွေပြန်ထလာတဲ့အချိန်မှာတော့ ရွာခြံစည်းရိုးထဲကနေ တစ်လှမ်းချင်းထွက်လာတဲ့ လူငယ်က သံခမောက်ဆောင်းထားတဲ့ပုဂ္ဂိုလ်တွေကိုရွာသားတွေနားမလည်တဲ့ဘာသာစကားနဲ့ လှမ်းပြောလိုက်တယ်။
လူငယ်နဲ့ သံခမောက်ဆောင်းပုဂ္ဂိုလ်တွေအခြေအတင်ပြောနေတဲ့အချိန်
” ဟိုလူငယ်လေး မင်းခေါ်ခိုင်းထားတဲ့ကောင်တွေတွေ့လို့‌ဖမ်းလာတယ် ဘာဆက်လုပ်ရမလဲ” ဆိုတဲ့ ကိုညိုကြီးအသံကိုကြားလိုက်ရတယ်။
အဲဒီအခါ လူငယ်က ရွာဘက်ကိုလက်ကာပြပြီး သံခမောက်ဆောင်းထားတဲ့သူတွေကိုစကားအနည်းငယ်ပြောနေတာတွေ့လိုက်ရတယ်။
ခဏကြာတော့ လူငယ်ကရွာထဲပြန်ဝင်လာပြီး
” ခုနကရှာတွေ့တယ်ဆိုတဲ့သူတွေဘယ်မှာလဲ”
” ဒီမှာပါ ကင်းတဲအောက်မှာ ဖမ်းထားပါတယ်”
ခရီးသွားလူငယ်က ကင်းတဲအောက်မှာ ကြိုးတုပ်ခံထားရတဲ့ လူနှစ်ယောက်ကိုကြည့်ပြီး
” ကိုင်းစပ်ကရလာတဲ့စိန်ကိုပြန်ပေးပါ ”
” ဘယ်ကစိန်လဲ ကျုပ်တို့ဘာမှမရပါဘူး ကျုပ်တို့ဘာမှမသိဘူး”
” မင်းတို့ထပ်လိမ်နေရင် တစ်ရွာလုံးဒုက္ခရောက်လိမ့်မယ် မင်းတို့ယူလာတဲ့အရာက အီဂျစ်ပြည်ရဲ့ ဘုရင်တစ်ပါးပိုင်ဆိုင်တဲ့ပစ္စည်းတစ်ခုပဲ ဒီပစ္စည်းကိုကျိန်စာပေါင်းများစွာတိုက်ထားတဲ့အတွက် လိုချင်တပ်မက်မှုနဲ့ယူတဲ့သူမှန်သမျှ အသေဆိုးနဲ့သေခဲ့ကြရတယ် အခုမင်းတို့ရွာပြင်မှာရောက်နေတဲ့သူတွေက ဒီစိန်ကိုစောင့်ရှောက်နေတဲ့ ကျိန်စာသင့်သူတွေပဲ ဒါကြောင့် စိန်ကိုထုတ်ပေးပါ သူတို့ရဲ့ပစ္စည်းကို သူတို့ကိုပြန်ပေးလိုက်ပါ မပေးဘူးဆိုရင် ကျုပ်လဲမကယ်နိုင်တော့ဘူး အခုတောင် စိန်တုံးက်ုပြန်ယူပေးမယ်ဆိုပြီး မေတ္တာရပ်ခံထားရတယ် သင်တို့မှာရှိတဲ့စိန်ကိုထုတ်ပေးလိုက်ပါတော့”
ခရီးသွားလူငယ်ရဲ့စကားကိုကြားတော့ ရွာသားအားလုံးအံ့ဩသွားပြီး
” ဟေ့ကောင်တွေ ထုတ်ပေးလိုက်လေကွာ တစ်ရွာလုံးဒုက္ခရောက်စေချင်တာလား အခုထုတ်ပေးလိုက်ရင်မင်းတို့ကိုဘာမှမလုပ်ဘူး ”
” ဟုတ်တယ် ရွာကိုတော့ ဒုက္ခမပေးကြနဲ့ ထုတ်ပေးလိုက်ကွာ”
ရွာသားတွေရဲ့စကားအဆုံးမှာ ကြိုးတုတ်ခံထိထားတဲ့သူနှစ်ယောက်က
” တော်ကြတော့ ကျုပ်တို့ထုတ်ပေးမယ် ဘိုးတင် ငါတို့အိမ်မက်တွေတော့ပျက်ပါပြီကွာ”
” ဟိုနှစ်ကောင် ပေးစရာရှိမြန်မြန်ပေးလိုက်လေ မင်းပထွေးတွေစိတ်မရှည်ပဲဝင်လာရင်အကုန်သေကုန်မှာ”
ကိုညိုကြီးရဲ့စကားအဆုံးမှာ ပုတင်က လုံချည်ခါးပေါင်စထဲမှာထည့်ထားတဲ့ စိန်တုံးကိုထုတ်ပေးလိုက်တယ်။
ခရီးသွားလူငယ်က စိန်တုံးကိုယူပြီး ရွာအပြင်ပြန်ထွက်သွားတယ်။ ရွာသားတွေလဲ လင့်စင်ပေါ်တက်ပြီး ဘာဆက်ဖြစ်မလဲစောင့်ကြည့်နေကြတယ်။
ခရီးသွားလူငယ်က စိန်တုံးကို သံခမောက်ဆောင်းထားတဲ့သူတွေရဲ့အရှေ့ကိုချပေးလိုက်တော့မှ လက်ထဲမှာကိုင်ထားတဲ့လှံတွေကို ကျောကုန်းမှာရှိတဲ့ လှံချိတ်ထဲကို ချိတ်လိုက်ကြတယ်။
သံခမောက်နဲ့လူတွေလဲစိန်တုံးကိုရတာနဲ့ သူတို့ရဲ့ကိုယ်ကတစ်ဖြေးဖြေး ပဲ့ကျလာပြီး နောက်ဆုံးမှာ မြေနီမှုန့်တွေဖြစ်သွားခဲ့တယ်။
မြေနီမှုန့်တွေဖြစ်သွားတဲ့အချိန် ရုတ်တရက်လေပြင်းတစ်ချက်ဝေ့တိုက်လိုက်ရာ မြေနီမှုန့်တွေက လေပြင်းနဲ့အတူ အဝေးကိုလွင့်ထွက်သွားခဲ့တယ်။
အားလုံးပြီးဆုံးတဲ့အချိန်မှာတော့ ခရီးသွားလူငယ်က ရွာထဲကိုပြန်ဝင်လာပြီး


” အားလုံးအသက်ကိုကယ်တင်နိုင်ခဲ့တဲ့အတွက်ဘကျုပ်တို့တာဝန်ပြီးဆုံးခဲ့ပြီ ရှေ့ဆက်လုပ်ရမယ့်အလုပ်တွေရှိသေးလို့ ခရီးဆက်ပါရစေ”
ခရီးသွားလူငယ်ရဲ့စကားကြောင့် ကာလသားတွေက
” သင်တို့က ဘယ်သူတွေလဲ ဘာကြောင့် ကျုပ်တို့မသိတဲ့ကိစ္စတွေကိုသိနေရတာလဲ”
ထိုအခါ ပိန်ပိန်ပါးပါးလူငယ်က
” ရေစက်ရှိလို့ပေါ့ဗျာ ဒီရွာကမထွက်ခင် တစ်ခုပြောသွားဦးမယ် နောက်တစ်ပတ်ဒီလိုအချိန် ရွာကိုဓါးမြတွေဝင်လိမ့်မယ် အရာရာသတိထားကြပါ”
” စိတ်ချပါ ကျုပ်တို့သတိမလွတ်အောင်စောင့်‌ကြည့်နေပါ့မယ် စကားမစပ် မိတ်ဆွေတို့နာမည်လေးများသိခွင့်ရှိမလား”
ကိုညိုကြီးစကားကြောင့် ယောဂီရောင်လွယ်အိတ်ကိုလွယ်ထားတဲ့လူငယ်က ပါးချိုင့်နှစ်ဖက်‌လုံးပေါ်အောင်ပြုံးပြီး
” ကျုပ်နာမည်က အောင်မြတ်သာ”လို့ပြောပြီး ရွာထဲကနေ ပြန်ထွက်သွားခဲ့တယ်။
လူထူးဆန်းနှစ်ယောက်ထွက်သွားပြီး တစ်ပတ်အကြာမှာတော့ ရွာကိုတကယ်ပဲဓါးမြဝင်ခဲ့တယ်။ ကြိုတင်သတင်းရထားတဲ့ရွာသားတွေကြောင့် ဓါးမြတွေရွာထဲမဝင်နိုင်ပဲ ပြန်ဆုတ်သွားခဲ့ရတယ်။
ဘုတ်တလုပ်ရွာသူရွာသားတွေရဲ့ပါးစပ်ဖျားမှာတော့ မခေါ်ပဲရောက်လာ မနှင်ပဲပြန်သွားခဲ့တဲ့ လူနှစ်ယောက်အကြောင်းကတော့ ညအိပ်ယာဝင်ပုံပြင်တစ်ပုဒ်အဖြစ်ဆက်လက်ရှင်သန်ခဲ့ပါတယ်။
ဘုတ်တလုပ်ရွာလိုပဲ လူထူးဆန်းနှစ်ယောက်နဲ့ကြုံခဲ့ရတဲ့ရွာတစ်ရွာလဲရှိသေးတယ်။ ရွာနာမည်က ” အစိမ်းပြင်ရွာ”
အစိမ်းပြင်ရွာမှာကြုံခဲ့ရတဲ့အဖြစ်တွေကိုတော့ “အောင်မြတ်သာဝတ္တုလေးမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment