အောင်မြတ်သာနှင့်ခြေဖဝါးသုံးတောင်

” အောင်မြတ်သာနှင့်ခြေဖဝါးသုံးတောင် ”
ရေးသားသူ—ဇေယန(ရာမည)
– – – – – – – – – – –

မုဆိုးထိုင်စေတီထီးတင်ပွဲအပြီးမှာတော့ အောင်မြတ်သာတစ်ယောက် အဓိဌာန်ဝင်ဖို့အတွက် တစ်ယောက်ထဲခရီးထွက်လာခဲ့တယ်။သက်ခိုင်တို့နဲ့ပြန်တွေ့ဖို့ကလဲ သုံးလလောက်လိုသေးတယ်မဟုတ်လား။
ခရီးထွက်လာရင်း တိတ်ဆိတ်ငြိမ်သက်တဲ့ တောင်တန်းလေးတစ်ခုဆီကိုရောက်လာခဲ့တယ်။ လမ်းတစ်လျောက်လုံး ထင်းခွေထွက်လာတဲ့ လူတစ်ယောက်စ နှစ်ယောက်စလောက်ကိုသာ တွေ့ရပြီး ကျန်တဲ့သက်ရှိတစ်ကောင်တစ်မြှီးမှမတွေ့ရ။
အနည်းငယ်မတ်စောက်တဲ့တောင်ကုန်းလေးကို တက်လာတော့ လတ်ဆတ်တဲ့လေနုအေးရဲ့ အရသာကို အောင်မြတ်သာ ခံစားလိုက်ရတယ်။
“ဒီနေရာက အဓိဌာန်ဝင်ဖို့အကောင်းဆုံးနေရာပဲ လူသူအရောက်အပေါက်လဲနည်းတော့ အရှုပ်အရှင်းလဲမရှိတော့ဘူး”ဆိုပြီး တစ်ယောက်ထဲရေရွတ်နေတဲ့အချိန် –
“ဒေါက် ဒေါက် ဒေါက်”ဆိုတဲ့အသံနဲ့အတူ တောင်ကုန်းလေးရဲ့မျက်ကွယ်ကွေ့ကနေ တောင်ဝှေးကိုထောက်ကာ လျောက်လာတဲ့ အဖိုးအိုတစ်ယောက်ကို အောင်မြတ်သာမြင်လိုက်ရတယ်။ ထိုလူက အောင်မြတ်သာကိုကြည့်ပြီး
“ဒီနေရာက အဓိဌာန်ဝင်လို့ကောင်းတဲ့နေရာမဟုတ်ဘူး နေရာအရမ်းကြမ်းလို့ ဘယ်သူမှမလာတာကိုပဲကြည့်”
“ဘယ်လိုကြမ်းလို့တုန်းဗျ”
“ဘယ်လိုကြမ်းလဲဆိုတာကိုပြောပြရင် မောင်ရင်ကနေရာပြောင်းမှာမို့လို့လား အဘကစေတနာနဲ့ပြောတာနော် ”
“အခြေအနေကိုသိရရင် တစ်မျိုးစဉ်းစားရမှာပေါ့ ဒါပေမယ့်ကျုပ်စိတ်ထဲမှာ ဒီနေရာကိုပဲသဘောကျနေတာတော့ခက်တယ်”
“မောင်ရင်က ဒီနယ်သားမဟုတ်ဘူးထင်တယ် အရင်ကဒီတောင်ကို အရူးတောင်လို့ခေါ်ကြတယ်”
“ဘာဖြစ်လို့တုန်း အဘ”
“ဘာဖြစ်လို့လဲဆိုတော့ ဒီတောင်မှာ တရားလာလာကျင့်ကြတဲ့ ဘုန်းကြီးတွေ လူတွေရှိခဲ့ဖူးတယ် ဒါပေမယ့် လာတဲ့သူတိုင်း နှစ်ညမခံဘူး အကုန်ရူးကုန်ကြတယ်”
“အဖျက်တွေများလို့လား ဒါမှမဟုတ်သီလမစင်ကြယ်ကြလို့လား”
“အဖျက်တွေကမများဘူး တစ်ယောက်ထဲကပဲအားလုံးကိုဖျက်တာ လာကြတဲ့သူတွေကလဲ အတွေ့အကြုံနုနယ်ကြတာလဲပါတယ် ဒါကြောင့် အခုနောက်ပိုင်း ဘယ်သူမှ ဒီတောင်ကိုမလာရဲကြဘူး အနီးအနားက ထင်းရှာဝါးရှာသမားတွေတောင် ညနေစောင်းမရောက်ခင် အပြီးပြန်ကြတယ်”
အဖိုးအိုရဲ့စကားကိုကြားတော့ အောင်မြတ်သာက
“ဒီလောက်သောင်းကျန်းနေတာ မဆုံးမကြဘူးလား ဒါမှမဟုတ်မနိုင်ကြတာလား”
“ဆုံးမနိုင်မယ့်သူမပေါ်သေးဘူးထင်ပါတယ် ဒါကြောင့် အရည်အသွေးရှိတဲ့လူငယ်တစ်ယောက်မဆုံးရှုံးစေချင်လို့ အဘက လာပြောပြတာ တစ်ခြားနေရာကိုပဲသွားပါကွယ်”
“ကျုပ်က ဒီနေရာကိုပဲ စိတ်ဝင်စားသွားပီ အဘရဲ့စေတနာကိုတော့လေးစားပါတယ် ကျုပ်ရဲ့ကျင့်ကြံစွမ်းအားကို ယုံကြည်တဲ့အတွက် ဘာမှမဖြစ်စေရပါဘူး”
“မောင်ရင်က တော်တော်ခေါင်းမာတာပဲ ဒါဆိုလဲ ကျုပ်သွားတော့မယ် ဖြစ်သမျှအကြောင်း အကောင်းပဲပေါ့”
“အပြန်လမ်းဂရုစိုက်ပါ နတ်ဆိုးကြီး ”
အောင်မြတ်သာက နတ်ဆိုးကြီးလို့ခေါ်လိုက်ရော အဘိုးအိုရဲ့မျက်နှာ ကွက်ခနဲပျက်သွားပြီး
” သင်ပညာကလဲ ဘယ်ဆိုးလို့တုန်း ကျုပ်တာဝန်အရ လာပြောပီးပီနော် တစ်ခုခုဖြစ်ရင် ကျုပ်နဲ့မဆိုင်ဘူး”
“သင်က ဒီတောဒီတောင်မှာ ခိုကပ်နေရတာကျုပ်သိပါတယ် ကျုပ်ဆီစလာထဲက သင့်ကိုယ်ရောင်ကိုယ်ဝါက မှေးမှိန်လွန်းတာသတိထားမိတယ် သင့်မှီခိုနေတဲ့သူကိုလည်းပြောလိုက်ပါ ကျုပ်စောင့်နေမယ်လို့”
အောင်မြတ်သာစကားဆုံးတော့ အဖိုးအိုအယောင်ဆောင်ထားရာကနေ တစ်ဖြေးဖြေး အသွင်ပြောင်းလာပြီး နီကျင်ကျင်အဝတ်အစားတွေကိုဝတ်ဆင်ထားတဲ့ လူတစ်ယောက်ဖြစ်သွားပြီး
“တောက် သိကြသေးတာပေါ့ကွာ” ဆိုပြီး ကြိမ်းမောင်းကာ တောင်ကုန်းအကွေ့လေးအနောက်ကိုဝင်ရောက်ပျောက်ကွယ်သွားခဲ့တယ်။
အောင်မြတ်သာလဲ ခေါင်းကိုဖြေးဖြေးချင်းခါယမ်းပြီး
” ဒါကြောင့် ဒီနေရာကိုလာချင်တဲ့စိတ်ဖြစ်နေတာကိုး တစ်ယောက်ကိုချေချွတ်ရပြန်ဦးမှာပါလား” ဆိုပြီး ရေရွတ်လိုက်တယ်။

– – – – – – – – –

ညကားတစ်ဖြေးဖြေး နက်လာသလို အမှောင်ထုကလဲ ပိတ်ဖုံးလာခဲ့တယ်။ အဝေးကနေ ပုရစ်အော်သံ၊ အကောင်ပလောင်လေးတွေရဲ့ အော်သံတစ်ချို့ကိုသာကြားရပြီး တောင်တန်းတစ်ခုလုံး ငြိမ်သက်လျက်ရှိနေပေမယ့် အောင်မြတ်သာကတော့ အမှောင်ထုထဲက သရက်ပင်အောက်မှာ မလှုပ်မယက်ပဲ တရားဘာဝနာကျင့်ကြံနေခဲ့တယ်။
” ခစ် ခစ် ခစ် ”
“ရှူး တိုး တိုး ဟိုကကြားသွားဦးမယ်”
“တော်တော်ချောတာပဲနော် ငါ့‌ယောင်္ကျားဆိုဘယ်လောက်ကောင်းမလဲ ခိခိ”
” အရင်က မတွေ့ဖူးဖူးနော် အခုမှလာတာဖြစ်မယ်”
ချွဲပြစ်စေးကပ်တဲ့စကားသံတွေက အောင်မြတ်သာ နားထဲကို တိုးကာဝင်ရောက်လာခဲ့တယ်။ အောင်မြတ်သာလဲ ဂရုမစိုက်ဘဲ မိမိလုပ်နေတဲ့အလုပ်အပေါ်စိတ်ကိုနှစ်ထားလိုက်တယ်။
“ဖလပ် ဖလပ် ဟင်းဟင်းဟင်း”
“အနားကပ်ကြည့်တော့ ပိုချောတယ်တော့”
စကားသံတွေက အောင်မြတ်သာရဲ့ မျက်နှာရှေ့တည့်တည့်ကနေ ပေါ်လာခဲ့တယ်။ တစ်ချက်တစ်ချက်ဝှေ့ယမ်းတိုက်ခတ်လိုက်တဲ့ လေပြေတွေရဲ့အရှိန်ကြောင့် ဆံပင်စလေးတွေက အောင်မြတ်သာရဲ့ မျက်နှာပေါ်ကိုလာလာရိုက်ခတ်နေတယ်။
” မောင်တော် ဘာလို့ဒီအလုပ်ကို လုပ်နေတာလဲ နှမတော်တို့နဲ့လာပျော်ပါးလေ နှမတော်တို့က ပျင်းနေတာကြာရောပေါ့ ခစ်ခစ်”
“ဟယ် မာနတော့ကြီးသားနော် တို့က မလှလို့ထင်တယ် မလေးရေ”
စကားသံတွေက တစ်ဖြေးဖြေးနီးကပ်လာခဲ့တာ အောင်မြတ်သာနဲ့ တစ်တောင်အကွာထိကိုရောက်လာခဲ့တယ်။ အဲဒီအချိန်
“အား ပူလိုက်တာ”
“ဟာ အနားမကပ်ပါနဲ့လို့ပြောထားတာ ဘာလို့အနားသွားကပ်တာလဲ ဟိုကစည်းချထားတာမမြင်ဖူးလား နင့်တို့မာယာတွေထုတ်ပြလိုက်စမ်းပါ အရင့်အရင်လူတွေတုန်းကသုံးခဲ့တဲ့ မာယာတွေ ဘယ်ရောက်ကုန်ပြီလဲ” ဆိုတဲ့အသံက မလှမ်းမကမ်းမှာရှိတဲ့သစ်ပင်ပေါ်ကနေ ထွက်လာခဲ့တယ်။
ထိုစဉ် အောင်မြတ်သာရဲ့ ကိုယ်ထဲကနေ အဖြူရောင်အလင်းဓါတ်တွေ လင်းခနဲ ထွက်လာခဲ့ပြီး အနီးတစ်ဝိုက်မှာရှိတဲ့ အရာဝတ္တုတွေကို ကောင်းစွာမြင်နိုင်တဲ့အနေအထားဖြစ်သွားတယ်။
အလင်းဓါတ်တွေထွက်လာပြီး မကြာခင်မှာ အောင်မြတ်သာရဲ့မျက်လုံးအစုံက ဖြတ်ခနဲ ပွင့်ထွက်လာခဲ့တယ်။
“ဟယ်တော့ မျက်လုံးမျက်ဖန်ကလဲ ကောင်းလိုက်တာ နှာတံလေးက ချွန်ပြီးဖြောင့်တန်းနေတာပဲ အဲဒါကမှ မမမြတ်အကြိုက်တွေ”
အောင်မြတ်သာလဲ မိန်းမပျိုတွေရဲ့ စကားကိုကြားတော့ အနည်းငယ်ပြုံးလိုက်မိတယ်။ အောင်မြတ်သာပြုံးတာကိုတွေ့သွားတဲ့မိန်းမပျိုတွေက –
” သူကပြုံးတယ်တော့ သမာဓိလေးနည်းနည်းယိုင်လာတာလားမသိဘူးနော် ”
အောင်မြတ်သာလဲ ယှက်ထားတဲ့လက်နှစ်ဖက်ကို ဖြေလိုက်ပြီး
“သင်တို့က မလုပ်သင့်မလုပ်အပ်တဲ့ အမှုကိုကျူးလွန်နေကြတာပဲ သင်တို့က ဝေမာနိကတွေမဟုတ်ဘူးလား”
အောင်မြတ်သာစကားကိုကြားတော့ ချောမောလှပတဲ့မိန်းမပျိုသုံးယောက်ရဲ့မျက်နှာက ရုတ်ချည်းဆိုသလို ကြမ်းကြုတ်လာခဲ့တယ်။
” ဟဲ့အကောင် ငါတို့ကဘာပဲဖြစ်ဖြစ် နင့်အလုပ်လား ဘုရားဖြစ်မယ့်အုတ်နီခဲကြီး နင့်ကိုယ်နင်အဟုတ်ကြီးထင်မနေနဲ့ ”
“အော် ဒုက္ခ ဒုက္ခ မပျော်မွေ့သင့်တဲ့နေရာကိုပျော်မွေ့နေကြပါလား သင်တို့ကိုခိုင်းစေတာဘယ်သူလဲ ”
” ငါတို့ကဒီနေရာမှာနေတာကြာလှပီ ရုပ်ကလေးချောရဲ့သားနဲ့ မာနကခေါင်ခိုက်နေတာ ငါတို့မေးတာကိုပဲနင်ဖြေရမယ် ငါတို့ကိုဘာမှလာမေးမနေနဲ့ အေ မဖြေဘူးဆိုရင် ငါတို့သုံးယောက်အဆိုးမဆိုနဲ့”
မိန်းမသုံးယောက်ထဲမှာ အကြီးဆုံးထင်ရတဲ့ မိန်းမရဲ့စကားကိုကြားတော့ အောင်မြတ်သာလက်ကာပြပြီး –
“သင်တို့ကျုပ်ကိုဘယ်လိုလုပ်မလဲသိချင်မိတယ် သင်တို့ကိုငဲ့ညှာသောအားဖြင့် အခွင့်အရေးတစ်ခုပေးမယ် သင်တို့အမှန်တိုင်းဖြေမလား မလုပ်သင့်တာကိုဆက်လုပ်ကြမလား”
“ဟား ဟား ဟား နင်ကအမိန့်လာပေးနေသေးတယ် ငါတို့ဘာလဲဆိုတာ နင်ကြည့်ထား”
ကြိမ်းဝါးသံအဆုံးမှာတော့ ချောမောလှပတဲ့ မိန်းမပျိုလေးတွေအဖြစ်ကနေ ကြောက်မက်ဖွယ်အဆင်းသဏ္ဍာန်တွေဖြစ်ကုန်တယ်။
နုဖတ်ချောမွတ်နေတဲ့မျက်နှာတွေကနေ သွေးစိမ်းရှင်ရှင်တွေတစ်တောက်တောက်ကျပြီး အရိုးပေါ်အရေတင်မျက်နှာတွေနဲ့ အောင်မြတ်သာ ကြောက်လန့်အောင်ခြောက်လှန့်ပါတော့တယ်။
အောင်မြတ်သာလည်း မေတ္တာရပ်ခံလို့မရတဲ့အဆုံး လေချွန်သံတစ်ချက်ပြုလိုက်ရာ တောအုပ်ထဲကနေ လူတစ်ရပ်ခန့်မြင့်တဲ့ ခွေးနက်ကြီးသုံးကောင်ပြေးထွက်လာပြီး အောင်မြတ်သာအရှေ့မှာရှိနေတဲ့ ဝေမာနိကတွေကို ကိုက်ဖဲ့ပါလေရော။
” ခွေးနက်ကြီးတွေ အား အား နာတယ် သေပါပီ မကိုက်ခိုင်းပါနဲ့တော့ အရှုံးပေးတယ် ငါတို့အရှုံးပေးတယ် ”
အရှုံးပေးတယ်ဆိုတဲ့အသံကြားတော့ အောင်မြတ်သာက လက်ကာပြလိုက်တယ်ဆိုရင်ပဲ အငမ်းမရကိုက်ခဲနေတဲ့ ခွေးနက်ကြီးတွေက ထပ်မကိုက်တော့ဘဲရပ်လိုက်ကြတယ်။ ထူးဆန်းတာက ခွေးနက်ကြီးတွေကိုက်လို့ ပဲ့ကြွေနေတဲ့အသားတွေက ချက်ချင်းဆိုသလို ပြန်ပြည့်သွားတာကိုမြင်လိုက်ရတာပဲ။ ထိုအခါအောင်မြတ်သာက
“သင်တို့အမှန်တိုင်းပြောရင် ကျုပ်အရာရာကိုခွင့်လွှတ်ပေးမယ် လိမ်လည်ပြီးတော့ပြောရင်တော့ ကျုပ်အဆိုးမဆိုပါနဲ့”
“ကျွန်မတို့မလိမ်ရဲတော့ပါဘူး သင့်အစွမ်းကိုလဲ ကြောက်မိပါတယ်”
“သင်တို့ကိုဘယ်သူခိုင်းတာလဲ”
” ဦးပါလကခိုင်းလို့လုပ်ရတာပါ”
“ဦးပါလကဘယ်သူလဲ”
“သူကဒီနေရာကိုအပိုင်စားရထားတာမဟုတ်ပါဘူး ဒီနေရာကို ခြေဖဝါးသုံးတောင်လို့ခေါ်တဲ့ သဘက်ကြီးပိုင်တာပါ ”
“ဒါဆို သူကဘာလဲ ”
“သူက …”
“ကျုပ်ကိုအမှန်တိုင်းပြောရင်သင်တို့ကိုဘယ်သူမှမနှောက်ယှက်စေရဘူး”
“သူက အတိတ်ဘဝမှာ ခြေဖဝါးသုံးတောင်ရဲ့ ဖခင်တော်စပ်ခဲ့သူပါ ဒါကြောင့် သားဖြစ်သူအပိုင်စားရတဲ့နေရာမှာ လာရောက်ခိုကပ် အုပ်စိုးနေတာပါ”
“ဒါဖြင့် ခြေဖဝါးသုံးတောင်ဆိုတာကရော ဘယ်မှာလဲ”
“သူအခုဒီမှာမရှိပါဘူး သူ့ရဲ့အပိုင်စားနယ်မြေကကျယ်လွန်းတဲ့အတွက် တစ်ခြားနေရာတွေမှာအလှည့်ကျနေပါတယ်”
“ဦးပါလ အသံကိုကြားလိုက်မိတယ် သူဘယ်ရောက်သွားတာလဲ”
“အရှင့်ရဲ့ကိုယ်ထဲက ရောင်စဉ်တန်းတွေထုတ်တဲ့အချိန်ထဲက ထွက်ပြေးသွားပါတယ်”
“သင်တို့ကရော ဘာကြောင့်မပြေးရတာလဲ”
“ကျုပ်တို့ပြေးရင် သူက ဖမ်းပြီးနှိပ်စက်ပါတယ် နောက်ပြီးအရှင့်ကိုမရရတဲ့နည်းနဲ့ နှောက်ယှက်ရမယ်လို့ မှာထားပါတယ်”
“ကောင်းပြီ သင်တို့ရဲ့အတိတ်ဘဝက အကုသိုလ်ကံတွေကြောင့် ယခုဘဝမှာ နေ့ခံညစံတဲ့ဘဝကိုရောက်နေကြရတယ် အခုလိုလုပ်ရပ်မျိုးတွေထပ်မလုပ်ကြနဲ့တော့ အာရုံလဲတက်လုတော့မှာမို့ သင်တို့ရဲ့ဝဋ်ကြွေးတွေပြန်ပေးဆပ်ဖို့အချိန်ကြလာတော့မယ် သင်တို့သွားကြတော့”
အောင်မြတ်သာရဲ့စကားအဆုံးမှာတော့ မလှမ်းမကမ်းမှာ စောင့်နေတဲ့ခွေးနက်ကြီးသုံးကောင်က မိန်းမသုံးယောက်ကို တစ်ကောင်စီကိုက်ချီကာ တောထဲကိုဝင်ရောက်ပျောက်ကွယ်သွားကြတယ်။
အောင်မြတ်သာလဲ အာရုံတက်ခါနီးမှာ သမာဓိအားပိုမိုကောင်းလာစေရန် မျက်စိအစုံကိုပိတ်ကာ ကြင့်ကြံနေခိုက် ငလျင်လှုပ်သလို တောတစ်ခုလုံး တုန်ခါသွားတာကို သတိထားလိုက်မိတယ်။
“ငါ့ပိုင်နက်ကိုလာပြီး စော်ကားတဲ့သူ သင်ကိုစိစိညက်ညက်ကြေအောင်ချေပစ်မယ်” ဆိုတဲ့အသံနက်ကြီးက တောတစ်ခွင်ဟိန်းထွက်သွားပေမယ့်အောင်မြတ်သာကတော့ တုပ်တုပ်မျှမလှုပ်။
ထိုစဉ် သုံးတောင်လောက်ရှိတဲ့ခြေဖဝါးတစ်ခုက အောင်မြတ်သာအရှေ့ကိုကျလာခဲ့တယ်။
“နင်းခြေလိုက်စမ်း သင့်အရှေ့ကမှာထိုင်နေတဲ့သူကိုနင်းခြေလိုက်”ဆိုတဲ့စကားသံနဲ့အတူ အောင်မြတ်သာရဲ့ ဦးခေါင်းကိုနင်း‌ခြေဖို့ခြေဖဝါးနဲ့ရွယ်လိုက်တယ်ဆိုရင်ပဲ
” ဖောင်း “ဆိုတဲ့အသံနဲ့အတူ ထန်းနှစ်ပင်လောက်မြင့်တဲ့ကိုယ်ခန္ဓာကြီးက အနောက်ကိုဗုန်းခနဲပစ်လဲကျသွားတယ်။
အောင်မြတ်သာကိုကြည့်လိုက်တော့ အနည်းငယ်မျှတောင်မလှုပ်ဘူး။
အနောက်ကိုလဲကျသွားတဲ့ သဘက်ကြီးက ကုန်းရုန်းထပြီး အောင်မြတ်သာထိုင်နေတဲ့နေရာကို သူ့ရဲ့ကြီးမားတဲ့လက်ဖဝါးကြီးနဲ့ ရိုက်ချလိုက်တယ်။
“ဖြောင်း ဝုန်း…” ဆိုတဲ့တော်လဲသံနဲ့အတူ ဘေးနားမှာရှိတဲ့သစ်ပင်တွေအကုန်လဲကုန်ပေမယ့် အောင်မြတ်သာရဲ့ ဦးခေါင်းအ‌ပေါ်တစ်တောင်အကွာကနေ တွန်းကန်နေတဲ့ အားတစ်ခုကြောင့် လက်က အောက်ကိုမရောက်ခဲ့ဘူး။
လုပ်သလိုမဖြစ်လာတော့ နဂိုထဲက စိတ်ကြမ်းလူကြမ်းဖြစ်နေတဲ့ သဘက်ကြီးက အနားမှာရှိသမျှ အရာတွေအပေါ်ကို ဝုန်းဒိုင်းကျဲပါလေရော။ မလှမ်းမကမ်းကနေ အခြေအနေကိုစောင့်ကြည့်နေတဲ့ ဦးပါလတောင် အနားမလာရဲတော့ဘူး။
အဲဒီတော့မှ အောင်မြတ်သာမျက်လုံးဖွင့်လိုက်ပြီး
” သင်ကျုပ်ကိုဘာကြောင့်ရန်လိုနေတာလဲ ကျုပ်ကမကောင်းတာလုပ်နေတဲ့သူလဲမဟုတ်ဘူး သင့်ပိုင်နက်ထဲမှာ ကျုပ်ဘာများလုပ်မိခဲ့လို့ ယခုလိုဒေါသထွက်နေရတာလဲ ”
“ငါ့နေရာကထွက်သွား ငါ့နေရာကိုမလာနဲ့ ”
“ဟုတ်ပီ သင်နဲ့ကျုပ် ကတိတစ်ခုယူရအောင် သင်နိုင်ရင် ကျုပ်ဒီကနေထွက်သွားပေးမယ် ကျုပ်နိုင်ရင် သင်ကျုပ်ကိုဆရာအဖြစ် သဘောထားမလား”
“ဘာကတိလဲ ကျုပ်နားမလည်ဘူး ကျုပ်သိတာက ဒီနေရာကနေထွက်သွား”
“မင်းက ဘယ်လိုပြောပြောနားမဝင်ဘူးနဲ့တူပါတယ် အနုနည်းမရဘူးဆိုတော့ အကြမ်းနည်းသုံးရတော့မယ် “လို့ပြောပြီး အင်းစမအက္ခရာတွေနဲ့ အရုပ်တစ်ရုပ်ကို‌မြေပြင်မှာရေးဆွဲလိုက်တယ်။ ရေးဆွဲပြီးတဲ့အချိန်မှာတော့ လက်ဖဝါးနဲ့အုပ်ကာ ပုတ်လိုက်တယ်ဆိုရင်ပဲ မြေကြီးထဲကနေ သန်လျက်ကိုင်ထားတဲ့ ယက္ခတစ်‌ကောင်ထွက်လာခဲ့တယ်။(ထိုယက္ခကို အောင်မြတ်သာဘယ်လိုနှိမ်နင်းပြီး ဂိုဏ်းတပည့်အဖြစ်လက်ခံခဲ့လဲဆိုတာကိုတော့ အောင်မြတ်သာနှင့် ခေါင်းလောင်းစောင့်ယက္ခဆိုတဲ့ဝတ္တုလေးမှာဖတ်ရှုနိုင်ပါတယ်)
သန်လျက်ကိုင်ထားတဲ့ယက္ခက အောင်မြတ်သာကိုမြင်တော့အရိုအသေပေးပြီး တစ်ဖြေးဖြေးကြီးလာခဲ့ရာ သဘက်ကြီးနဲ့ရွယ်တူဖြစ်သွားတယ်။
သန်လျက်ကိုင်ယက္ခနဲ့ သဘက်ကြီးတိုက်ခိုက်‌နေတဲ့သံတွေက မိုးခြိမ်းနေသည့်အလား ပြင်းထန်လွန်းခဲ့တယ်။ ကြုံးဝါးသံ၊ မာန်မဲသံတွေနဲ့အပြိုင် သစ်ပင်တွေပြိုလဲသံတွေပါလာခဲ့တယ်။ ယှဉ်ပြိုင်မှုက လက်ရည်တူနေပြီး အနိုင်အရှုံးမကွဲပြားတဲ့အချိန် အောင်မြတ်သာရဲ့လက်ဖျားကနေ စာရွက်တစ်ရွက်က လိပ်ပြာတစ်ကောင်လို ပျံတက်လာပြီး သန်လျက်မှာသွားကပ်ပါလေရော။
ယက္ခကြီးလည်းသန်လျက်မှာကပ်နေတဲ့အင်းစာရွက်ကိုလည်းမြင်ရော ထိုသန်လျက်နဲ့ သဘက်ကြီးရဲ့ကိုယ်ကို နီးနိုင်သမျှနီးအောင် ဖိကပ်ချလိုက်တယ်။ အဲလိုကပ်လိုက်တယ်ဆိုရင်ဘဲထန်းပင်နှစ်ပင်အမြင့်ရှိတဲ့ကိုယ်ခန္ဓာကတစ်ဖြေးဖြေး သေးငယ်လာခဲ့ပြီး သာမန်လူအတိုင်းဖြစ်သွားတယ်။
” သင် ကျုပ်ကို ဘာလုပ်လိုက်တာလဲ ကျုပ်ခန္ဓာကိုယ်ပြန်ကြီးအောင်လုပ်မရတော့ဘူး”
“ကျုပ်သင့်အစွမ်းတွေကိုခေတ္တထိန်းသိမ်းလိုက်တာပါ ယခုသင့်မှာအစွမ်းသိဒ္ဓိတွေမရှိတော့တဲ့အတွက် သင်ဟာ သာမန်အဆင့်ကိုရောက်သွားပြီ သင်ခေါင်းထပ်မာနေဦးမယ်ဆိုရင် ဒီထက်ပိုဆိုးတာတွေထပ်ဖြစ်လာလိမ့်မယ် သင်ကျုပ်ပြောတဲ့အတိုင်းနာခံမယ်ဆိုရင်တော့ ယခင်ကထက် ပိုတဲ့အစွမ်းတွေရလာမယ်ဆိုတာ ကျုပ်အာမခံတယ်”
“သင်ဘယ်သူလဲ ယခင်လူတွေနဲ့လုံးဝကိုမတူဘူး ယခင်လူတွေထက်ပိုတည်ကြည်ပြီးအကြောက်အလန့်လဲမရှိဘူး သင်ဘာကြောင့် ကျုပ်ဆီကိုရောက်လာရတာလဲ”
“သင်ကပြုပြင်လိုက်ရင် ကောင်းသွားမယ့်ထဲမှာပါလို့ ကျုပ်ဒီနေရာကိုရောက်လာရတာဖြစ်တယ် ကျုပ်အင်းတစ်ချပ်အမိန့်တစ်ခွန်းနဲ့သင့်ကို ဒဏ်ခတ်လို့ရပေမယ့် မလုပ်ခဲ့ဘူး ဘာလို့ဆိုတော့ သင်ဟာကျုပ်နဲ့လိုက်ပြီး ခုနှစ်ရက်သားသမီးတွေရဲ့ဒုက္ခကိုကယ်တင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ရှိ‌နေတယ် သင်အတိတ်ကဘာပဲလုပ်ခဲ့လုပ်ခဲ့ ယခုဘဝမှာ အကောင်းဆုံးပြန်နေရင် သင့်အပြစ်တွေ ပြေလျော့စေမှာပါ”
” ကျုပ်သင့်ကိုဆရာတင်ဖို့ဆိုရင် ကျုပ်ဆရာတင်ရမယ့်အရည်အချင်းတစ်ခုတော့ပြဖို့လိုမယ် ”
“ကောင်းပြီ သင်ဖြစ်စေချင်တာပြောပါ သင်ပြောတဲ့အတိုင်းလုပ်နိုင်ရင် ကျုပ်ပြောတဲ့စကားကိုလိုက်နာမယ်လို့ သစ္စာပြုမလား”
“ကျုပ်လုပ်ခိုင်းတာကိုသင်လုပ်နိုင်ရင် ကျုပ်သင့်ကိုဆရာတင်မယ် ကျုပ်ကတိသစ္စာကိုဖောက်ဖျက်ပါက ပြာအတိလောင်မီးကျပါစေ”
“သင်ဘာလုပ်စေချင်ပါသလဲ”
” လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကျုပ်လူဘဝမှာရှိခဲ့စဉ်က ဒီတောဒီတောင်မှာနေခဲ့ပြီး ဓါးပြအလုပ်နဲ့အသက်မွေးခဲ့တယ် ကျုပ်ရတဲ့ရတနာပစ္စည်းတွေကို ဒီတောင်ရဲ့တစ်နေရာမှာ မြုပ်ထားခဲ့ဖူးတယ် သင့်အနေနဲ့ အဲဒီရတနာပစ္စည်းတွေကို ကျုပ်အရှေ့ကိုယူလာပြနိုင်ရင် သင့်ရဲ့အစွမ်းကိုယုံကြည်မယ် ”
“ကျုပ်သင့်ရှေ့ကိုယူလာစေခဲ့မယ် သင်သာထွက်မပြေးစေပါနဲ့”လို့ပြောပြီးကောင်းကင်ပေါ်လက်ဆန့်တန်းကာ
” မြေပေါ်မှာရှိတဲ့ရတနာပစ္စည်းတွေကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ သိုက်ချုပ်အဖိုးနဲ့တကွ မြင့်မိုရ်တောင်၏ တောင်အရပ်မျက်နှာကိုအစိုးရတော်မူသော ဝိရူဠကနတ်မင်းကြီး၏ လက်ရုံးတော်တစ်ဆူဖြစ်သော ဗိသေနက္ကဂုမ္ဘာန်နတ်စစ်သူကြီးအား ဆင့်ခေါ်ပါသည် ကျုပ်ထံလာရောက်ကြပါကုန်လော့”လို့အမိန့်ပြန်လိုက်တာနဲ့ ကောင်းကင်ပေါ်ကနေ ကြယ်ကြွေသည့်အလားရောက်ရှိလာတဲ့ ဗိသေနက္ကဂုမ္ဘာန်နတ်စစ်သူကြီးကိုလည်းမြင်ရော ခြေဖဝါးသုံးတောင်ရှိတဲ့သဘက်ကြီး ထွက်ပြေးဖို့ဟန်ပြင်ပါလေရော။
ထိုအခါအောင်မြတ်သာက
“သင်မပြေးလေနှင့် သင့်ကိုဘာမှမလုပ်ကြပါ ကျုပ်၏ပင့်ဖိတ်မှုအရသာလာရောက်ကြခြင်းဖြစ်ပါတယ်”
ဂုမ္ဘာန်နတ်စစ်သူကြီးလာရောက်ပြီး မကြာခင်မှာတော့ သိုက်အချုပ်အဘိုးရောက်လာပြီး ခြေဖဝါးသုံးတောင်သဘက်ကြီးရဲ့ပစ္စည်းတွေကို

တစ်ခုချင်းရွတ်ပြပါလေရော။ ဒီတော့မှ သဘက်ကြီးလည်း အောင်မြတ်သာကို ထိုင်ကန်တော့ပြီး တပည့်အဖြစ်အသိအမှတ်ပြုရန် တောင်းပန်ခဲ့တယ်။
ဗိသေနက္ကဂုမ္ဘာန်ကြီးလည်း ခြေဖဝါးသုံးတောင်သဘက်ကြီးအား ဟိန်းဟောက်မာန်မဲကာ ဒီထက်ဆိုးမိုက်မှုတွေမလုပ်ဖို့ ပြောပြီး သူများပိုင်နက်မှာလာရောက်ဆိုးသွမ်းမြောက်ပင့်နေတဲ့ ပါလနတ်ဆိုးကို အပြစ်ဒဏ်ပေးဖို့ ပြန်ခေါ်သွားခဲ့တယ်။
အောင်မြတ်သာလည်း သိုက်အချုပ်အဘိုးနဲ့ ဂုမ္ဘာန်ကြီးပြန်သွားတဲ့အချိန်မှာတော့ ခြေဖဝါးသုံးတောင်သဘက်ကြီးအား မူလအစွမ်းပြန်အပ်ပေးခဲ့ပြီး သူတစ်ပါးအသက်မသက်ဖို့၊ သေရည်သေရည်ကိုမသောက်စားဖို့နဲ့ ဂိုဏ်းနတ်တွေစောင့်ထိန်ူရမယ့် စည်းကမ်းတွေကို ပြောကြားခဲ့တယ်။
ခြေဖဝါးသုံးတောင် သဘက်ကြီးလည်း အောင်မြတ်သာစကားကိုနားထောင်ပြီး တရားကျင့်ကြံခြင်းတွေဆောင်ရွက်ခဲ့ရာ ယခုဆိုရင် ခြေဖဝါးသုံးတောင်ဆိုတဲ့သဘက်ကြီးကနေ နတ်ရဲကျော်ဆိုတဲ့အမည်နဲ့ ဂိုဏ်းရဲ့အောက်နတ်တစ်ပါး ဖြစ်လာခဲ့တယ်။
နတ်ရဲကျော်ကိုပင့်ဖိတ်ပြီးသွင်းပါက ကျောက်ပျဉ်တစ်ချပ်လုံးကိုနဖူးဖြင့်ရိုက်ခွဲပြခြင်း၊ ဘုရားရင်ပြင်မှာကပ်ထားတဲ့ ကျောက်ပြားတွေကို ကွဲအောင်ခေါင်းဖြင့်တိုက်ပြခြင်းများလုပ်တတ်သဖြင့် နတ်ရဲကျော်ကိုတော်ရုံပင့်ဖိတ်ခြင်းမရှိခဲ့ဘူး။
နတ်ရဲကျော် တစ်ဖြစ်လဲ ခြေဖဝါးသုံးတောင်ကို လိမ်မာအောင်ဆုံးမပြီးခဲ့တဲ့နောက်မှာတော့ အောင်မြတ်သာတစ်ယောက် အရူးတောင်ပေါ်မှာ အဓိဌာန်ဆက်ဝင်ခဲ့တယ်။
အဓိဌာန်အောင်မြင်ပြီးတော့ သက်ခိုင်တို့နဲ့ ပြန်တွေ့ဖို့ပြောထားတဲ့ မုဆိုးထိုင်စေတီကိုလာတဲ့လမ်းမှာတော့ ညဘက် ၁၂နာရီကျော်ရင် ဝင်ဝင်ပူးပြီး သောင်းကျန်းတတ်တဲ့ ဘကျော်ဆိုတဲ့သရဲကို ဘယ်လိုနှိမ်နင်းပြီး ခုနှစ်ရက်သားသမီးတွေကို ကယ်တင်မလဲဆိုတာကိုတော့ အောင်မြတ်သာဝတ္တုလေးမှာ ဖတ်ရှုပေးကြပါဦးနော်။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment