အောင်မြတ်သာနှင့်စားကျက်လုပွဲ

” အောင်မြတ်သာနှင့်စားကျက်လုပွဲ “(စ-ဆုံး)

+++++++++++++++++++++
” ဟိတ်ကောင် ရပ်လိုက်စမ်း မင်းကဘယ်သူ့အခွင့်နဲ့ ဒီနယ်ထဲကိုဝင်လာရတာလဲ -”
ခြောက်ကပ်ကပ်အသံနက်ကြီးနဲ့အော်လိုက်တဲ့အသံကြောင့် ကျွန်တော်လိပ်ပြာလွင့်မတတ်ကြောက်လန့်သွားခဲ့တယ်။ ဘာဖြစ်လို့လဲ‌ဆိုတော့ အခုရောက်နေတဲ့နေရာကို ကျွန်တော်လုံးဝမသိခဲ့လိုပဲ။
” ဟေ့ကောင် မင်းကိုမေးနေတယ် မင်းဘယ်ကနေလာတာလဲ”
အသံသာကြားရပြီး အကောင်အထည်ကိုမမြင်ရတာကြောင့် ခေါင်းတစ်ခုလုံးထူပူသွားပြီး ဘေးဘီကိုလိုက်ကြည့်နေတဲ့အချိန် –
” ငါတို့က ရေမြောင်းထဲမှာရှိနေတာ မင်းကိုငါတို့မြင်နေရတယ်နော် ” ဆိုပြီး ပြောလိုက်တဲ့အသံကိုကြားလိုက်ရတယ်။
” ကျွန်တော်ဘယ်ရောက်နေတာလဲ အခုပြောနေတဲ့သူတွေကရော ဘယ်သူတွေလဲ ”
” ဟားဟားဟား – အဟီးအဟီး – ဟက်ဟက် မင်းကအတော်သနားဖို့ကောင်းတဲ့ကောင်ပဲ အခုမင်းရောက်နေတဲ့နေရာက မြေနီဖုန်းဆိုးတောလို့ခေါ်တယ် မင်းဒီမှာနေချင်တိုင်းနေလို့မရဘူး မင်းအတွက်နေရာဒီမှာမရှိဘူး”
” မဟုတ်ဘူးလေ ကျွန်တော်က သပြေကုန်းရွာမှာနေတာ ဒီမှာလဲ ကျွန်တော်မနေပါဘူး သပြေကုန်းရွာကိုဘယ်လိုပြန်ရမလဲ လမ်းပြကြပါဦး”
” မင်းကအတော်သနားစရာကောင်းတာပဲ မင်းနောက်ဆုံးဘယ်မှာနေခဲ့တာလဲ ပြန်စဉ်းစားစမ်း”
ရေမြောင်းထဲကနေကြားလိုက်ရတဲ့အသံကြောင့် ကျွန်တော်ဘာတွေဖြစ်ခဲ့လဲဆိုတာ ပြန်စဉ်းစားလိုက်မိတယ်။
” ထန်းပင်ပေါ် ကို ငါတက်နေတယ် ဟုတ်တယ် – ချက်စူရဲ့ထန်းတောမှာ ငါကထန်းတက်သမားပဲ ငါထန်းပင်ပေါ်တက်သွားပြီး မြူအိုးကိုယူချလာခဲ့တယ် အဲဒီနောက်ပိုင်းဘာဖြစ်သွားတာလဲ ငါဘယ်လိုမှမမှတ်မိတော့ပါလား အား ငါ့ခေါင်းတစ်ခုလုံး ဆယ်ပေါင်တူနဲ့အထုခံရသလို ကိုက်ခဲလာပါလား – အား”
” ဟိုကောင်လေး မင်းသတိမရဘူးမဟုတ်လား ဒါဆိုငါပြောပြမယ် မင်းက သေသွားပြီ မင်းမှာအသက်မရှိတော့ဘူး မင်းရဲ့ဝိဉာဉ်က ဒီဖုန်းဆိုးတောထဲကိုရောက်လာတာ ဟားဟားဟား”
” မဟုတ်ဘူး ကျွန်တော်မသေသေးဘူး ခင်ဗျားတို့ကျွန်တော်ကိုမခြောက်ကြပါနဲ့ ကျွန်တော်မသေသေးဘူး ”
” ဒီကောင်ကွာ အတော်ပြောဆိုရခက်တာပဲ မင်းသေ မသေသိချင်ရင် ကျောတစ်ခင်းစာနေရာလိုက်ရှာကြည့်ကွာ ဒါဆိုမင်းသိလိမ့်မယ် ”
ရေမြောင်းထဲကစကားသံကြောင့် ကျွန်တော်ခေါင်းထဲမှာ အတွေးတစ်ခုဝင်လာခဲ့တယ်။
” လူတွေရှိရာကိုသွားကြည့်ရမယ် သူတို့နဲ့စကားပြောလို့ရရင် ငါရွာကိုပြန်ရမယ့်လမ်းကိုတွေ့လိမ့်မယ် ဟုတ်ပြီ ဒီအနီးတစ်ဝိုက်မှာတော့ လူနေအိမ်တစ်လုံးတော့ရှိရမယ် ”
ကျွန်တော်လဲ အတွေးဝင်လာတဲ့အတိုင်း လူနေအိမ်တွေကိုတွေ့ရဖို့ ခြေဦးတည့်ရာကိုထွက်လာခဲ့လိုက်တယ်။ အတော်ကြာသွားပြီးတဲ့အထိ လူတွေရဲ့အရိပ်အယောင်ကိုမမြင်ရသေးဘူး။ လမ်းတစ်လျောက်မှာမြင်ရတဲ့ သစ်ပင်တွေအပေါ်မှာလဲ ပုံပန်းသဏ္ဍာန်မျိုးစုံရှိတဲ့သူတွေကို တွေ့လိုက်ရတယ်။ သူတို့က ကျွန်တော့်ကိုမြင်တော့ အနားကပ်မခံပဲ မောင်းထုတ်ခဲ့တယ်။ ကျွန်တော်အတွက် နေစရာမရှိဘူးတဲ့။ ကျွန်တော်တကယ်ပဲသေဆုံးခဲ့တာလား။ သေဆုံးတယ်ဆိုတာကို ကျွန်တော်ဘယ်လိုမှ လက်သင့်မခံနိုင်သေးဘူး။
ကျွန်တော်လဲအချိန်ဘယ်လောက်ကြာမှန်းမသိအောင် လျောက်လာနေခဲ့မိတယ်။ ဒီလိုနဲ့ တောတန်းလေးတစ်ခုအနားရောက်တော့ ထင်းစည်းတွေကိုခေါင်းပေါ်ရွက်ပြီး ပြန်လာကြတဲ့ မိန်းကလေးနှစ်ယောက်ကို တွေ့လိုက်ရတယ်။
ကျွန်တော်လဲ မိန်းကလေးနှစ်ယောက်ကိုမြင်တော့ ပြောပြမတတ်အောင် ဝမ်းသာသွားပြီး သူတို့ရှိရာကိုပြေးထွက်လာခဲ့မိတယ်။ အနားရောက်ဖို့ သုံးတောင်လောက်အလိုမှာတော့ ကျွန်တော်ခြေထောက်တွေရှေ့ဆက်တိုးလို့မရအောင် တစ်စုံတစ်ခုက တားဆီးထားသလိုခံစားလိုက်ရတယ်။
” ဒီမယ် ဒီမယ် – ကျုပ်တစ်ခုလောက်မေးမလို့ ဟေ့ ဟေ့”
ကျွန်တော်အသံကုန်ဟစ်ပြီး အော်ပြောလိုက်ပေမယ့် မိန်းကလေးနှစ်ယောက်က မကြားရတဲ့ ပုံစံနဲ့ ဆက်သွားနေခဲ့ကြတယ်။
” အမိတို့ ကျုပ်ပြောနေတာကြားလား ကျုပ်ဒီမှာလေ ”
လက်ကိုဝှေ့ယမ်းပြီး နောက်ဆုံးအကြိမ်ကြိုးစားကြည့်ပေမယ့် အချည်းနှီးဖြစ်ခဲ့ရတယ်။ ဒါဆို တကယ်သေဆုံးသွားခဲ့ပြီလားဆိုတဲ့အတွေးက ကျွန်တော်ရဲ့ခွန်အားတွေကို စုပ်ယူလိုက်သလိုဖြစ်စေခဲ့ပြီး လူလဲပျော့ခွေသွားခဲ့တယ်။
အိမ်မှာကျန်ခဲ့တဲ့လူမမယ်ကလေးနှစ်ယောက်ရဲ့ မျက်နှာကိုတွေးမိပြီး ကျွန်တော်ထိုင်ငိုနေခဲ့မိတယ်။ မျက်ရည်တွေခန်းသွားပြီထင်ရလောက်အောင် ငို‌ပြီးတဲ့အချိန်မှာတော့ ကျွန်တော်ဗိုက်ထဲကနေ မခံမရပ်နိုင်အောင် ဆာလောင်လာခဲ့တယ်။
တောင်စွယ်ကိုကြည့်လိုက်တော့လဲ နေကဝင်လုဝင်ဆဲဖြစ်နေပြီ။ လူသူအရောက်ပေါက်နည်းတဲ့ဒီလိုနေရာမှာ စားစရာတစ်ခုရဖို့ ဘယ်လိုရှာရမလဲဆိုတာ ကျွန်တော်တကယ်မသိခဲ့ဘူး။ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့လဲစားပင်သီးပင်တစ်ပင်မှ မတွေ့။ နောက်ဆုံး မရှိရှိတဲ့ ခွန်အားတွေကိုစုပြီး မတ်တပ်ထရပ်လိုက်တဲ့အချိန် တောအုပ်ထဲကနေ ထွက်လာတဲ့သူအချို့ကိုမြင်လိုက်ရတယ်။
ကျွန်တော်လဲ ဝမ်းသာအားရနဲ့ လှမ်းမြင်နေရတဲ့သူတွေဆီကို ဖြေးဖြေးချင်းလျောက်သွားခဲ့တယ်။
” မိတ်ဆွေတို့ မိတ်ဆွေတို့ ကျုပ်ဗိုက်အရမ်းဆာနေလို့ စားစရာတစ်ခုခုများရှိရင် မျှပါဦးဗျာ”
ကျွန်တော်အသံကြောင့် အနောက်ဘက်ကို ဖြေးဖြေးချင်းလျောက်သွားနေကြတဲ့သူတွေက ဆက်မသွားတော့ပဲ ရပ်လိုက်ကြပြီး ကျွန်တော်ကိုလှည့်ကြည့်ခဲ့တယ်။
ကျွန်တော်ဘက်ကို မျက်နှာလှည့်ပြီးကြည့်လိုက်တဲ့အခိုက်မှာ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ကျွန်တော်ခြေဖျားလက်ဖျားတွေအေးစက်လာတဲ့အထိ ကြောက်လန့်သွားခဲ့တယ်။
မျက်နှာပြင်တစ်ခုလုံး ပြောင်ချောကြီးဖြစ်နေပြီး ပါးစပ်ပေါက်နေရာမှာ ပဲစေ့တစ်စေ့စာလောက်သာပါတဲ့အပြင် လက်တွေခြေတွေမှာလဲ လောက်ကောင်တွေပွစိတက်နေတာမြင်တော့ ခုနကဖြစ်နေတဲ့ ဆာလောင်မှုတွေ ပျောက်ချင်းမလှပျောက်ကွယ်သွားပြီး အနောက်လှည့်ပြန်ပြေးချင်စိတ်က ထိန်းမရအောင်ဖြစ်ပေါ်လာခဲ့တယ်။
မျက်နှာပြင်ပြောင်ချောကြီးဖြစ်နေတဲ့သူတွေက ကျွန်တော်ကိုမြင်တော့ –
” ဟိုကောင်လေး မင်းကလူသစ်ထင်တယ် ငါတို့ကိုမြင်ပြီး ကြောက်နေတာလား ”
ပဲစေ့လောက်ရှိတဲ့ပါးစပ်ကနေထွက်လာတဲ့အသံကြောင့် ထွက်ပြေးဖို့လုပ်နေတဲ့ကျွန်တော်ခြေလှမ်းတွေကို ပြန်ရုပ်သိမ်းလိုက်ပြီး –
” ခင်ဗျားတို့က ဘယ်သူလဲ ကျုပ်ကိုသိလို့လား”
” ဟက်ဟက်ဟက် ငါတို့ဆီကိုလူသစ်တစ်ယောက် ရောက်လာမယ်ဆိုတာ သိပြီးသားပါ ”
” ကျွန်တော်ဒီမှာမနေချင်ဘူး ရွာပြန်ချင်တယ် နောက်ပြီး ခင်ဗျားတို့ရဲ့ပုံတွေကိုမြင်ရတာ စိတ်မချမ်းသာဘူး ”
ကျွန်တော်စကားကိုကြားတော့ မျက်နှာပြောင်နဲ့လူသုံးယောက်က ဟက်ဟက်ပက်ပက်ရယ်လိုက်ကြပြီး –
” မင်းပြန်လို့မရဘူး ဒီမှာပဲနေရမယ် ဒါဟာ ငါတို့သတ်မှတ်ထားတဲ့အရာလဲမဟုတ်ဘူး မင်းရဲ့ကုသိုလ်ကံသတ်မှတ်ထားခဲ့တာ မင်းဒီနေရာမှာနေကိုနေရမယ်”
” ဒါဆို ကျွန်တော်က တကယ်သေခဲ့ပြီပေါ့နော် ”
” ဟုတ်တယ် မင်းကလူဘဝမှာမဟုတ်တော့ဘူး ဒါကြောင့်လူသားတွေလိုနေထိုင်ပြောဆိုတာတွေကိုမလုပ်မိပါစေနဲ့ ငါတို့အခုအစာရှာထွက်မလို့ မင်းလိုက်ခဲ့ချင်ရင် လိုက်ခဲ့လို့ရတယ် ”
ဒီတိုင်းနေလဲမထူးမယ့်အဆုံး တဂွီဂွီအော်မြည်နေတဲ့ ဗိုက်ကိုပွတ်ပြီး အရှေ့ကနေထွက်သွားတဲ့ သူတွေအနောက်ကိုလိုက်သွားဖြစ်ခဲ့တယ်။ အတန်ကြာသွားပြီးတဲ့နောက်မှာတော့ ထင်းခုတ်သမားတွေနေထိုင်ခဲ့တဲ့ ယာယီတဲအိမ်လေးတစ်ခုဆီကို ရောက်လာခဲ့တယ်။
ယာယီတဲအနားကိုရောက်တော့ စားကြွင်းစားကျန်တွေကို အငမ်းမရရှာဖွေစားသောက်နေကြတဲ့ နာနာဘာဝအရွယ်မျိုးစုံ၊ ပုံသဏ္ဍာန်မျိုးစုံကိုတွေ့လိုက်ရတယ်။ ‌ကျွန်တော်ကပဲကံကောင်းတာလား ရှာနေတဲ့သူတွေကပဲ မမြင်မိတာကြောင့်လားတော့မသိဘူး။ တဲအိမ်ရဲ့ထုပ်တန်းပေါ်မှာ အင်ဖက်နဲ့ထုပ်ထားတဲ့ ကြက်ခြေထောက်နှစ်ချောင်းကိုရှာတွေ့ခဲ့တယ်။
တစ်ဖြေးဖြေးနဲ့ ညကမှောင်မိုက်လာလေလေ အစာရှာထွက်လာကြတဲ့ နာနာဘာဝတွေက ပိုပြီးများလာလေလေဖြစ်လာတယ်။ ရွာဘုရားပွဲမှာ ကြိတ်ကြိတ်တိုးစည်ကားဖူးတဲ့မြင်ကွင်းက ဒီလောကကိုမမှီဘူးဆိုတာ အခုမှကျွန်တော်သိခဲ့ရတယ်။
ကျွန်တော်လဲရထားတဲ့ ကြက်ခြေထောက်နှစ်ချောင်းကို လက်ထဲကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး အခြားစားစရာလေးများရှိမလားဆိုပြီး လိုက်ကြည့်နေတဲ့အချိန်
” ဟေ့ကောင် မင်းလက်ထဲကိုင်ထားတာဘာလဲ” ဆိုတဲ့အသံက အမှောင်ထုထဲကနေ ထွက်ပေါ်လာခဲ့တယ်။
ကျွန်တော်လဲအသံကြားရာဘက်ကိုကြည့်လိုက်တော့ တစ်ကိုယ်လုံးအမွှေးအမျှင်တွေဖုံးလွှမ်းပြီး လူလေးဖက်စာလောက်ကြီးတဲ့ သရဲတစ်ကောင်ကိုမြင်လိုက်ရတယ်။
” ဘာ ဘာမှ – မဟုတ်ပါဘူး ”
” မင်းလက်ထဲမှာရှိတာ ငါ့ကိုပေးစမ်း ”
” မလုပ်ပါနဲ့ဗျာ ဒါလေးပဲရှိတာပါ ကျွန်တော် အစားမစားရတာလဲ အတော်ကြာနေပါပြီ ”
” မင်းဘာသာ စားရတာ မစားရတာ ငါနဲ့မဆိုင်ဘူး ငါတောင်းရင် မင်းပေးရမှာပဲ ဒီကောင်ကို ဘယ်သူခေါ်လာတာလဲ ”
အမွှေးစုတ်ဖွားနဲ့ပုဂ္ဂိုလ်ရဲ့ စကားကြောင့် ကျွန်တော်ကိုခေါ်လာတဲ့သူတွေ ပြေးထွက်လာပြီး –
” သူက ကျုပ်တို့ခေါ်လာတာပါ ဘာများဖြစ်လို့ပါလဲ”
” ဘာဖြစ်ရမလဲ မင်းတို့ခေါ်လာတဲ့ ကောင်က ရလာတဲ့အစားအသောက်တွေကို ငါ့ဆီမပေးဘူးလေ ငါဘာကောင်လဲဆိုတာ သူမသိသေးဘူးထင်တယ်”
” သူကလူသစ်မို့လို့ မသိတာဖြစ်မှာပါ နောက်မဖြစ်ရအောင် ကျုပ်တို့သွန်သင်ဆုံးမပေးပါမယ် ဟိုကောင်လေး လာစမ်း ဒီပုဂ္ဂိုလ်က ငါတို့အစာရှာနေတဲ့နေရာကို အပိုင်စားရထားတဲ့သူပဲ မင်းဘာအစားအစာပဲရရ သူ့ကိုတစ်ဝက်ပေးရတယ် မင်းရထားတာ တစ်ဝက်ခွဲပေးလိုက်”
ကျွန်တော်လဲ ခေါ်လာတဲ့သူတွေကဲ့မျက်နှာကိုထောက်ပြီး လက်ထဲမှာကိုင်ထားတဲ့ ကြက်ခြေထောက်နှစ်ချောင်းထဲက တစ်ချောင်းကို မပေးချင်ပေးချင်နဲ့ ထိုးပေးလိုက်တယ်။
အမွှေးစုတ်ဖွားနဲ့သူက ကျွန်တော်ဆီကရတဲ့ ကြက်ခြေထောက်တစ်ချောင်းကို ဂျွတ်ခနဲမြည်အောင် ကိုက်စားလိုက်ပြီး
” နောက်တစ်ခါ ငါ့အရှေ့ရောက်ရင် အပိုးကျိုးအောင်နေ ဒီအချိုးထပ်ချိုးရင်တော့ ငါ့လက်ဝါးစာမိလိမ့်မယ် ” လို့ခြိမ်း‌ခြောက်ကာ အခြားသူတွေရှိရာဘက်ကိုထွက်သွားခဲ့တယ်။
ကျွန်တော်တို့လဲ ရလာတဲ့ ကြက်ခြေထောက်တစ်ချောင်းကို လေးယောက်အညီအမျှခွဲဝေစားပြီးတဲ့အချိန် လက်တစ်ခုလုံးပုတ်စော်နံပြီး လောက်ကောင်တွေတစ်ဖွားဖွားကျနေတဲ့ သူက –
” မင်းက ကံအတော်ကောင်းတဲ့ကောင်ပဲ ငါတို့က မင်းလောက်ကုသိုလ်ကံမကောင်းတော့ ဘာအစားအစာမှမရဘူးကွာ ဒါနဲ့ မင်းနာမည်ကဘယ်လိုခေါ်တာလဲ”
” ကျွန်တော်နာမည်က ညိုလွင်လို့ခေါ်တယ် ခင်ဗျားတို့နာမည်ကရော ”
” ငါ့နာမည်က ငတေ ၊ ဟိုဘက်မှာထိုင်နေတဲ့သူနှစ်ယောက်နာမည်က ငပေါက်နဲ့ ငတောက်တို့ခေါ်တယ် မင်းဒီဘဝကိုရောက်လာတာမကြာသေးတော့ မြင်ရတွေ့ရတဲ့အရာတွေနဲ့အသားမကျဖြစ်နေလိမ့်မယ် – ဒါပေမယ့် မကြာခင် နေသားကျသွားမှာပါ ”
” ကျုပ်သေတယ်လို့ အခုထိမယုံသေဘူးဗျာ ကျုပ်မှာသားတစ်ယောက် သမီးတစ်ယောက်ရှိသေးတယ် သူတို့အတွက် ကျုပ် အများကြီးကြိုးစားရဦးမှာ ကျုပ်ဒီမှာမနေချင်ဘူးဗျာ”
” မင်းမနေချင်ရင်လဲနေရဦးမယ် ကောင်လေး ထွက်ပြေးလို့လွတ်ရိုးဆိုရင် ငါတို့ပြေးတာကြာရောပေါ့ မင်းကဒီကိုရောက်တာ တစ်ရင်မပြည့်သေးဘူး ငါတို့သုံး‌ယောက်က ဒီမှာနေနေရတာ နှစ်ပေါင်းတစ်ရာကျော်ပြီ”
နှစ်ပေါင်းတစ်ရာဆိုတဲ့အသံကြောင့် ကျွန်တော်အံ့ဩသွားပြီး –
” ခင်ဗျားတို့က ဘာတွေလုပ်ခဲ့လို့ အခုလို အငတ်ငတ်အပြတ်ပြတ်နဲ့ နေနေရတာလဲ”
” ငါတို့သုံးယောက်က လူဘဝတုန်းက သူခိုးဓါးမြတွေဖြစ်ခဲ့ဖူးတယ် အတော်ဆိုးခဲ့မိုက်ခဲ့ကြတာပေါ့ကွာ နောက်ဆုံးငါတို့ကိုဖမ်းမိခဲ့ပြီး သေဒဏ်ပေးခဲ့တယ် အတိတ်ဘဝက လုပ်ခဲ့တဲ့မကောင်းမှုတွေကြောင့် အခုလိုပုံသဏ္ဍာန်တွေဖြစ်နေရတာ အစားအသောက်ဆိုလဲ သူတစ်ပါးကျွေးမှစားလို့ရတယ် ကိုယ်တိုင်ရှာစားရင် ဘာတစ်ခုမှမတွေ့ဘူး အဲလောက်ထိ ဝဋ်ကြီးခဲ့တယ်”
ကျွန်တော်လဲ ဓါးမြဗိုလ်သုံးယောက်ပြောတာကိုနားထောင်ပြီး သံဃာတော်တွေကိုဆွမ်းကြမ်းလေးလောင်းလှူခဲ့တာကိုဖြတ်ခနဲသတိရမိသွားခဲ့တယ်။
အဲလိုသတိရမိတာနဲ့တစ်ပြိုင်နက် ကျွန်တော်ရဲ့ခန္ဓာကိုယ်က လေအဝှေ့မှာပါသွားတဲ့ ငှက်တောင်မွှေးလိုပေါ့ပါးသွားပြီး တစ်နေရာရာကိုလွင့်ထွက်သွားသလို ခံစားလိုက်ရတယ်။
ခဏလေးအချိန်လေးအတွင်းမှာ ကျွန်တော်နေရာတစ်ခုကိုရောက်လာခဲ့တယ်။ မှိန်ပြပြမီးအလင်းရောင်တွေ လူနေအိမ်တွေကိုမြင်တော့ ကျွန်တော်အရမ်းပျော်သွားခဲ့တယ်။ ဝမ်းသာအားရနဲ့ လူနေအိမ်တွေရှိနေတဲ့နေရာကို သွားဖို့ဟန်ပြင်လိုက်တဲ့အချိန် တဟီးဟီးတဟားဟား ရယ်သံတွေနဲ့အတူ မြောက်ဘက်လယ်ကွင်းတွေဆီကနေ အရွယ်စုံသဏ္ဍာန်စုံ နာနာဘာဝတွေ တက်လာခဲ့တာမြင်လိုက်ရတယ်။
” ရွာထဲကိုဝင်ကြဟေ့ ဒီရွာမှာ ငါတို့ကိုတားမယ့်သူဘယ်သူမှမရှိဘူး တစ်ရွာလုံးကိုဒုက္ခရောက်အောင်လုပ်ကြ ” ဆိုတဲ့အသံကိုကြားတော့ ကျွန်တော်လဲ မလှမ်းမကမ်းမှာရှိနေတဲ့ ကန်သင်းရိုးဘေးမှာဝပ်ချပြီး ပုန်းနေလိုက်တယ်။
အကောင်ပေါင်းများစွာသော နာနာဘာဝတွေက ရွာတွေအထဲကိုဝင်သွားကြပြီး သစ်ပင်တွေ၊ လူမနေတဲ့အိမ်တွေ၊ ရေတွင်းရေကန်တွေစတဲ့နေရာတွေမှာ တက်နေကာအပိုင်စီးလိုက်ကြတယ်။ ကျွန်တော်လဲ ရွာထဲကိုဝင်မယ်ဆိုစိတ်ကူးကိုဖျက်လိုက်ပြီး ရွာအပြင်က ကန်သင်းရိုးနားမှာပဲ နေကာ ဖြစ်သလိုရှာဖွေစားသောက်ခဲ့တယ်။
နာနာဘာဝတွေရောက်သွားတဲ့ ရွာမှာလဲ နှစ်ရက်ခြားတစ်ခါလောက် လူတွေသေခဲ့ကြတယ်။ တစ်ညမှာတော့ ရွာထဲမှာ ဝုန်းဒိုင်းဝုန်းဒိုင်းနဲ့ သောင်းကျန်းတဲ့အသံတွေကြားလိုက်ရတယ်။
ကြောက်မက်ဖွယ်အော်ဟစ်သံ၊ ကြိမ်းမောင်းသံတွေနဲ့အတူ ရွာထဲကနေ အပြင်ကိုပြန်ပြေးလာကြတဲ့ နာနာဘာဝတွေကိုမြင်လိုက်ရတယ်။ သူတို့ရဲ့အနောက်မှာတော့ ပုဆိန်တစ်လက်ကို ကိုင်ပြီး လိုက်ခုတ်နေတဲ့ အစွယ်ဖွေးဖွေးနဲ့ဘီလူးနှစ်ကောင်က ကပ်ပါလာခဲ့တယ်။
ပြေးမလွတ်တဲ့ သူတွေကတော့ ဘီလူးနှစ်ကောင်ရဲ့ ပုဆိန်စာမိပြီး မြေကြီးပေါ်လူးလိမ့်ကာ အော်ဟစ်နေကြတယ်။ ကျွန်တော်လဲ ကြောက်ကြောက်လန့်လန့်နဲ့ ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့အချိန် မျက်စိကြိမ်းလောက်တဲ့အလင်းရောင်နဲ့အတူ ရွာထဲကနေ လူတစ်ယောက်ထွက်လာတာကိုလှမ်းမြင်လိုက်ရတယ်။
အဲဒီလူရဲ့ကိုယ်ပတ်လည်မှာတော့ အလင်းရောင်တွေဖြာထွက်နေပြီး သူ့ရဲ့အလင်းရောင်က အမှောင်ထုကိုဖြိုခွဲလိုက်သလို ပတ်ဝန်းကျင်တစ်ခုလုံးလင်းထိန်သွားခဲ့တယ်။
ပုဆိန်နှစ်လက်နဲ့ဘီလူးနှစ်ကောင်က အဲဒီလူကိုမြင်တော့ လက်အုပ်ချီအရိုအသေပေးကြတာမြင်တော့ ဒီလူကသာမန်တော့မဖြစ်နိုင်ဘူးဆိုပြီးတွေးခဲ့မိတယ်။
ကျွန်တော်လဲ ထပြေးရင်ကောင်းမလား ဆက်နေရင်ကောင်းမလား စဉ်းစားနေတဲ့အချိန် အလင်းရောင်တွေက ကျွန်တော်နဲ့တစ်ဖြေးဖြေးနီးလာသလိုခံစားမိခဲ့တယ်။ ကျွန်တော်ကိုများ နာနာဘာဝတွေနဲ့မှားပြီး အပြစ်ပေးမလား ၊ ဒီနေရာကနေမောင်းထုတ်မလားဆိုတဲ့အတွေးကြောင့် ခေါင်းကိုမဖော်ပဲ ငုံ့ထားတဲ့အချိန် –
” သင်ဒီမှာဘာလုပ်နေတာလဲ ဒီနေရာက သင်နေရမယ့်နေရာမဟုတ်သေးဘူး” ဆိုတဲ့အသံက နားထဲကိုချိုဆိမ့်ကြည်အေးပြီးဝင်လာခဲ့တယ်။
လုံးဝကိုမေတ္တာဓါတ်အပြည့်ပါတဲ့အသံပဲဗျာ ။ သူ့အသံကြောင့် ကျွန်တော်ရဲ့ကြောက်စိတ်တွေ လုံးဝမရှိလောက်အောင် ပျောက်ကွယ်သွားခဲ့တယ်။ ဒါနဲ့ကျွန်တော်လဲ ခေါင်းငုံ့ထားရာက ကန်သင်းရိုးအပေါ်ကိုမော့ကြည့်လိုက်တော့ ကြည်လင်အေးမြနေတဲ့အပြုံးနဲ့ကြိုဆိုနေတဲ့ ယောဂီဝတ်လူတစ်ယောက်ကိုမြင်လိုက်ရတယ်။
ကျွန်တော်လဲ ဗွက်တောထဲကနေ ကုန်းရုန်းထလိုက်တဲ့အချိန် ညာဘက်လက်က ကန်သင်းရိုးပေါ်မှာရပ်နေတဲ့သူရဲ့အင်္ကျီစကိုထိမိသလိုဖြစ်သွားတဲ့အချိန် ကျွန်တော်အနောက်ကိုနှစ်ပေလောက်လွင့်သွားခဲ့တယ်။
” အား ကျွတ် ကျွတ် ကျုပ်ဘာမှလဲမလုပ်ပဲ ဘာလို့ကျုပ်ကိုတွန်းထုတ်တာလဲ”
ကျွန်တော်စကားကိုကြားတော့ ယောဂီဝတ်လူက –
” သင်နဲ့ကျုပ်က ဘဝခြားနေလို့ အနားကပ်မရတာပါ ဒါပေမယ့် ဒီတွန်းကန်မှုက သင့်ကိုဘာဒဏ်ရာမှမဖြစ်စေခဲ့ပါဘူး မကြောက်ပါနဲ့” လို့ပြောကာ လွယ်အိတ်ထဲကနေ ငှက်ပျောသီးတစ်လုံးကိုထုတ်ကာ ကန်သင်းရိုးပေါ်တင်ပေးခဲ့တယ်။ကျွန်တော်လဲ ယောဂီဝတ်စုံနဲ့လူတင်ထားပေးတဲ့ ငှက်ပျောသီးကိုအငမ်းမရယူစားပြီးတဲ့အချိန် ဆာလောင်နေမှုတွေက ရုတ်ချည်းပျောက်ကွယ်သွားခဲ့တယ်။
” မင်းငါ့အနောက်ကလိုက်ခဲ့မလား ဒီမှာပဲဆက်နေမလား ”
ဆိုင်းမဆင့်ဗုံမဆင့်မေးလိုက်တဲ့စကားကြောင့် ကျွန်တော် အလွန်ပင်ဝမ်းသာသွားခဲ့တယ်။
” ကျွန်တော်ဒီမှာမနေဘူး ဆရာနောက်ကိုလိုက်ခဲ့မယ် ”
” ဒါဆိုလဲ ငါ့ရဲ့ပဝါစကိုကိုင်ပြီးလိုက်ခဲ့ပါ ပဝါစကိုလွှတ်မိခဲ့ရင်တော့ ငါလဲမင်းကိုမကယ်နိုင်တော့ဘူး”
ယောဂီဝတ်လူက ကျွန်တော်ကိုင်ဖို့ပဝါစကို လွယ်အိတ်ထဲကနေထုတ်ပြီး တစ်ဖက်အစကို လွယ်အိတ်ကြိုးမှာချည်ကာ ကျန်တစ်ဖက်ကို ကျွန်တော်ဆီကမ်းပေးခဲ့တယ်။ ကျွန်တော်လဲ ကမ်းပေးလာတဲ့ပဝါစကို လက်မှာကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး ယောဂီဝတ်လူသွားရာအနောက်ကိုထပ်ချပ်မကွာလိုက်လာခဲ့တယ်။
လမ်းတစ်လျောက်မှာတော့ နေရာလွတ်မရှိအောင်ပိတ်ကြပ်နေတဲ့ နာနာဘာဝတွေက ကျွန်တော်ကိုသူတို့နဲ့နေဖို့အော်ခေါ်နေတဲ့အသံတွေကိုကြားနေခဲ့တယ်။ ကျွန်တော်ကလဲ သူတို့ခေါ်တဲ့အသံတွေကို မကြားချင်ယောင်ဆောင်ပြီးနေလေလေ သူတို့ကပိုပြီး ဒေါသထွက်လေဖြစ်နေတာမြင်လိုက်ရတယ်။
အချို့အတင့်ရဲတဲ့နာနာဘာဝတွေကတော့ ကျွန်တော်အနားကိုလာပြီး ဆွဲခေါ်ဖို့ကြိုးစားကြပေမယ့် ကျွန်တော်နဲ့ သုံးပေအကွာလောက်ရောက်ရင်ဖြင့် ရှေ့ကိုဆက်တက်မရတော့ပဲ အဝေးကိုလွင့်ထွက်သွားကြတာကိုလဲတွေ့လိုက်ရတယ်။
ယောဂီဝတ်ထားတဲ့လူက လမ်းလျောက်နေရင်း ကျွန်တော်ဘက်ကိုစောင်းငဲ့ကြည့်ပြီး –
” မင်း လူ့ဘဝကိုပြန်သွားချင်လား”
” ဘယ်လိုပြောလိုက်တာလဲဆရာရယ် ကျွန်တော်ပြန်သွားချင်တာပေါ့ဗျာ ကျွန်တော်မှာ လူမမယ် ကလေးနှစ်ယောက်ကျန်ခဲ့တယ် သူတို့ကို ကျွန်တော်ကပဲ ကျွေးမွေးစောင့်ရှောက်နေရတာ သူတို့အခုဘယ်လိုများနေထိုင်စားသောက်နေကြလဲဆိုတာမတွေးရဲပါဘူးဗျာ”
” မင်းကအခန့်မသင့်လို့သာ ဒီဘဝကိုရောက်လာတာ မင်းမှာလူ့ဘဝကိုပြန်သွားဖို့အခွင့်အရေးတွေရှိသေးတယ် ငါလဲခုနက ရွာထဲကထွက်ပြေးသွားတဲ့ကောင်တွေကို အပြီးတိုင်မောင်းထုတ်ဖို့တာဝန်ကလဲရှိသေးတယ် ဒီကိစ္စတွေပြီးရင်တော့ မင်းအရပ်ဒေသကို ပြန်ပို့ပေးမယ် ”
ယောဂီဝတ်လူရဲ့စကားက ကျွန်တော်အတွက် မျှော်လင့်ချက်အမျှင်အစလေးတစ်ခုဖြစ်စေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် သူ့အနောက်ကလိုက်မယ်လို့ဆုံးဖြတ်ခဲ့မိတယ်။
ကျွန်တော်တို့လဲ လယ်ကွင်းတွေ၊ ဖုန်းဆိုးတောတွေကိုဖြတ်ကျော်ပြီးတဲ့အချိန်မှာတော့ အတော်အတန်ကြီးမားကျယ်ပြန့်တဲ့ ကွင်းပြင်တစ်ခုဆီကိုရောက်လာခဲ့တယ်။ ကွင်းပြင်ရဲ့တောင်ဘက်ထောင့်မှာတော့ သစ်သားနဲ့ဆောက်ထားတဲ့ နတ်ကွန်းလိုလိုစင်လေးတစ်ခုကိုမြင်လိုက်ရတယ်။
ယောဂီဝတ်လူကလဲ ကွင်းပြင်ကိုရောက်တော့ ဆက်မသွားတော့ပဲ အရိပ်အာဝါသကောင်းတဲ့သစ်ပင်တစ်ပင်ရဲ့အောက်မှာထိုင်နေခဲ့တယ်။ ညနေစောင်းလောက်ရောက်တော့ ကွင်းပြင်ရဲ့ အရှေ့ဘက်ခြမ်းကနေ လူနှစ်ယောက်ခပ်သုတ်သုတ်လျောက်လာနေတာကို တွေ့လိုက်ရတယ်။
လာနေတဲ့လူနှစ်ယောက်ကလဲ ယောဂီဝတ်စုံကိုဝတ်ဆင်ထားပြီး လွယ်အိတ်ကိုယ်စီကိုလွယ်ထားကြတယ်။ ထိုလူနှစ်ယောက်ကလဲ ကျွန်တော်တို့ထိုင်နေတဲ့ သစ်ပင်အောက်ကို‌ရောက်တော့ လွယ်ထားတဲ့အိတ်ကိုချွတ်လိုက်ပြီး –
” ဆရာ ဒီကောင်တွေ ဟိုဘက်လယ်ကွင်းမှာ စုနေကြတယ် သူတို့အခြားရွာတစ်ရွာကိုဝင်စီးဦးမယ်နဲ့တူတယ် ” လို့ပြောပြီး ပဝါစကိုကိုင်ထားတဲ့ ကျွန်တော်ကို တစ်ချက်လှမ်းကြည့်လိုက်တယ်။
” မင်းတို့ကိုမိတ်ဆက်ပေးရဦးမယ် သူ့နာမည်က ညိုလွင်လို့ခေါ်တယ် ”
ကျွန်တော်နာမည်ကိုအလိုလိုသိနေတဲ့ ယောဂီဝတ်လူကိုကြည့်ပြီး အံ့ဩသွားပေမယ့် ဘာမှမပြောပဲ နားထောင်နေလိုက်တယ်။
” ညိုလွင် သူတို့နာမည်က သက်ခိုင်နဲ့ တောက်ရလို့ခေါ်တယ် ”
သက်ခိုင်နဲ့ တောက်ရဆိုတဲ့သူနှစ်ယောက်ကလဲ ကျွန်တော်ကိုကြည့်ပြီး ပြုံးပြခဲ့တယ်။
” ဒီလူက အခန့်မသင့်ပဲ ပြိတ္တာလောကထဲကိုရောက်လာတဲ့သူလဲဖြစ်တယ် ငါတို့ကိစ္စတွေပြီးရင် သူနေတဲ့ရွာကို အချိန်မှီပို့ပေးရမယ် ဒါကြောင့် ဒီညနေပဲ အမြန်ဖြတ်ကြရအောင် ငါတို့နောက်ကျရင် သူ့ခန္ဓာကိုယ်ထဲကိုပြန်ဝင်လို့ရမှာမဟုတ်တော့ဘူး”
” ဟုတ်ကဲ့ဆရာ ဒါဆို ကျွန်တော်တို့ခရီးဆက်ထွက်ကြတာပေါ့ သိပ်မကြာခင် ဒီကောင်တွေ အခြားနေရာကိုသွားတော့မယ်ထင်တယ်”
သက်ခိုင်ရဲ့စကားအဆုံးမှာ ယောဂီဝတ်လူက ထိုင်နေရာကနေထလိုက်ပြီး တောင်ဘက်စွန်းစွန်းကိုထွက်သွားခဲ့တယ်။ ကျွန်တော်လဲ ပဝါစကိုကိုင်ပြီး အနောက်ကနေလိုက်သွားခဲ့တာ နတ်ကွန်းနားလဲရောက်ရော လက်ငါးလုံးလောက်ကြီးမားတဲ့ဓါးကိုထမ်းထားတဲ့ အသားနီနီလူကြီးတစ်ယောက်ပေါ်လာကာ ကျွန်တော်ကိုဆက်မသွားဖို့ တားဆီးခဲ့တယ်။
အသားနီနီလူကြီးနဲ့ ယောဂီဝတ်လူက ကျွန်တော်နားမလည်တဲ့စကားတွေနဲ့ အတန်ကြာပြောဆိုပြီးတဲ့နောက်မှာတော့ အရှေ့ကနေဖယ်ပေးပြီး နတ်ကွန်းအနောက်ကိုဝင်ရောက်ပျောက်ကွယ်သွားခဲ့တယ်။
နတ်ကွန်းကိုကျော်လာပြီးတဲ့အချိန်မှာတော့ ရိုးပြတ်တွေနဲ့ပြည့်နေတဲ့ လယ်ကွင်းအစပ်ကိုရောက်လာခဲ့တယ်။ ကျွန်တော်တို့လဲ လယ်ကွင်းထဲကိုဆင်းမလို့ ခြေလှမ်းပြင်လိုက်တဲ့အချိန် –
” အနောက်ကကောင် ရပ်လိုက်စမ်း” ဆိုတဲ့အသံနဲ့အတူ ဆံပင်သျှောင်တစ်စောင်းထုံးထားပြီး တစ်ကိုယ်လုံးထိုးကွင်းမှင်ကြောင်အပြည့်နဲ့လူထွားကြီးတစ်ယောက်ကိုမြင်လိုက်ရတယ်။
ယောဂီဝတ်လူကလဲ လူထွားကြီးကိုကြည့်ပြီး
” ဒီလူက ကျုပ်တို့ခေါ်လာတာပါ သူ့ရဲ့ကုသိုလ်ကံမကုန်သေးတဲ့အတွက် လူ့ဘဝကိုပြန်ခေါ်သွားရဦးမယ်” လို့ပြောလိုက်တော့မှ လမ်းဖယ်ပေးခဲ့တယ်။
ကျွန်တော်တို့လဲ လယ်ကွင်းတွေကိုဖြတ်ကျော်လာပြီးတဲ့အချိန်မှာတော့ ပြိုပျက်နေတဲ့အိမ်အိုအိမ်ဟောင်းတွေရှိနေတဲ့ ရွာပျက်တစ်ခုကိုတွေ့လိုက်ရတယ်။
ဟောင်းနွမ်းဆွေးမြေ့ကာ ပျက်စီးယိုယွင်းနေတဲ့ အိမ်တွေရဲ့အထဲမှာတော့ အရွယ်စုံသဏ္ဍာန်စုံ နာနာဘာဝတွေ တွယ်ကပ်နေတဲ့အပြင် လမ်းမတစ်လျောက်မှာလဲ ဥဒဟိုသွားလာနေကြတဲ့ နာနာဘာဝတွေကိုလဲမြင်လိုက်ရတယ်။
” လတ်စသတ်တော့ ဒီကောင်တွေက ရွာပျက်ထဲမှာလာပုန်းနေတာကိုး”
” ဒီရွာက ကာလဝမ်းရောဂါကြောင့် ရွာလုံးကျွတ်သေခဲ့တဲ့ရွာပဲ ဒါပေမယ့် အခု‌မြင်နေရတဲ့ နာနာဘာဝတွေကတော့ အခြားတစ်နေရာကနေ ရောက်လာပြီး ဒီရွာကို အပိုင်စီးထားတာဖြစ်လိမ့်မယ်”
သက်ခိုင်နဲ့တောက်ရတို့ပြောဆိုနေတာကိုကြားတော့ ယောဂီဝတ်လူက –
” ဟုတ်တယ် သူတို့ကဒီရွာပျက်မှာနေတဲ့ ကျတ်တွေကို အနိုင်ကျင့်မောင်းထုတ်ပြီး အပိုင်စီးထားတာပဲ ဘာသာရေးအားနည်းတဲ့ရွာတွေတွေ့ရင် ဝင်စီးပြီး စားသောက်စရာတွေတောင်းစားမယ် ကံနိမ့်နေတဲ့သူတွေတွေ့ရင် ဝင်ပူးပြီး သေအောင်လုပ်မယ် သေတဲ့သူရဲ့ဝိဉာဉ်ကိုလဲ သူတို့လက်အောက်ခံအဖြစ်သိမ်းသွင်းပြီး ခိုင်းစားနေကြတဲ့ ကောင်တွေပဲ” လို့ပြောလိုက်တော့ သက်ခိုင်က
” ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတာသာ ပြောပါ ဒီလိုမျိုးအုပ်စုဖွဲ့အနိုင်ကျင့်နေတာကို ကျွန်တော်တို့လက်ပိုက်ကြည့်မနေနိုင်ဘူးဆရာ”
” မလောနဲ့ဦး သူတို့က တစ်စုံတစ်ယောက်ရဲ့ ခေါင်းဆောင်မှုအောက်ကနေ ခွဲထွက်လာတဲ့ နာနာဘာဝတွေပဲ ဒါကြောင့် အနီးနားတစ်ဝိုက်မှာရှိတဲ့ ကွင်းပိုင်တွေကို အရင်ခေါ်မေးဖို့လိုမယ် ဒီကိစ္စကိုတော့ ငါလုပ်လိုက်မယ် မင်းနဲ့ တောက်ရက နာနာဘာဝတွေ ဒီနယ်နိမိတ်အတွင်းကနေ အပြင်မထွက်ဖို့တာဝန်ယူထားပါ မကြာခင်ငါပြန်လာခဲ့မယ်”
ယောဂီဝတ်လူက သက်ခိုင်နဲ့တောက်ရတို့ကိုတာဝန်ပေးပြီး လယ်ကွင်းဘက်ကိုပြန်ထွက်သွားခဲ့တယ်။
– – – – – – – – –
လယ်ကွင်းပြင်ကိုရောက်တော့ မြေကြီးပေါ်မှာ အင်းကွက်လိုလို အကွက်တွေရေးဆွဲလိုက်ပြီး နယ်တစ်ဝိုက်မှာရှိတဲ့ ကွင်းပိုင်ကြီးတွေကို အမိန့်ပြန်တမ်းနဲ့ဆင့်ခေါ်လိုက်တယ်။
ဆင့်ခေါ်ပြီးတာနဲ့ မကြာပါဘူး မျက်စိအရှေ့မှာ ကွင်းပိုင်ကြီးလေးယောက်ပေါ်လာခဲ့တယ်။ လေးယောက်ထဲမှာ နှစ်ယောက်ကတော့ လမ်းမှာတွေ့ခဲ့ဖူးတဲ့သူတွေဖြစ်ပြီး ကျန်နှစ်ယောက်ကတော့ အခုမှမြင်ဖူးတဲ့သူတွေဖြစ်နေတယ်။
ကွင်းပိုင်ကြီးလေးယောက်ထဲက လမ်းမှာတွေ့မြင်ခဲ့တဲ့နှစ်ယောက်က ယောဂီဝတ်လူကိုမြင်တော့ အံ့အားသင့်သွားပြီး
” သင်က ကျုပ်တို့နဲ့မကြာသေးခင်ကမှ ဆုံခဲ့တဲ့ တစ်ယောက်မဟုတ်လား ”
” ဟုတ်ပါတယ် လမ်းမှာကျုပ်တို့ဆုံခဲ့ဖူးပါတယ်”
” ဒါဆို သင့်ရဲ့အမိန့်အာဏာက အတော်စွမ်းတယ်ပြောရမယ် ကျုပ်တို့ကိုခေါ်တဲ့အသံက နားစည်ရဲ့အတွင်းပိုင်းထိတိုင်အောင်ရိုက်ခတ်နိုင်စွမ်းရှိတယ် – ကျုပ်တို့လေးယောက်က ဒီနယ်တစ်ဝိုက်ကို အပိုင်းခွဲပြီးအုပ်ချုပ်နေတဲ့ ကွင်းပိုင်ကြီးလေးယောက်ပဲဖြစ်တယ် သင်ဘာများသိချင်လို့ ကျုပ်တို့ကိုခေါ်ရတာလဲ”
” ကျုပ်သိချင်တာက ဒီနယ်တစ်ဝိုက်မှာ ယခင်တုန်းက ရွာလုံးကျွတ်သေခဲ့တဲ့ ရွာတစ်ရွာကိုသင်တို့သိပါသလား”
ယောဂီဝတ်လူရဲ့စကားကြောင့် ကွင်းပိုင်ကြီးလေးယောက် ခေတ္တစဉ်းစားလိုက်ပြီး –
” သင်ပြောတာ မီးကွင်းရွာကိုပြောတာထင်တယ် လွန်ခဲ့တဲ့နှစ်ပေါင်းငါးဆယ်လောက်က တစ်ရွာလုံးကာလဝမ်းရောဂါနဲ့ သေကုန်ကြလို့ အခုထိတိုင်ရွာမတည်ရဲကြဘူး ”
” ဟုတ်ပါတယ် ဒါဆို သင်တို့ပြောတဲ့ရွာပဲဖြစ်မှာပါ ကျုပ်အခုမေးချင်တာက မီးကွင်းရွာပျက်ကြီးကို အမှီသဟဲပြုပြီး လူသားတွေကိုဒုက္ခပေးနေတဲ့ နာနာဘာဝတွေအကြောင်းကိုသင်တို့မသိတာလား မသိချင်ယောင်ဆောင်နေကြတာလား”
ယောဂီဝတ်လူရဲ့စကားကြောင့် ကွင်းပိုင်ကြီးလေးယောက်လှုပ်လှုပ်ရွရွဖြစ်သွားပြီး –
” ဒီကိစ္စကိုပြောရမယ်ဆိုရင် အတော်ရှည်လိမ့်မယ် ဒါပေမယ့် ကျုပ်တို့ အကျဉ်းချုံးရှင်းပြပေးပါမယ် မီးကွင်းရွာကို ကျုပ်တို့ထက်တန်ခိုးအာဏာကြီးမားတဲ့ ဖိုးတလိုင်း ပိုင်တာပါ အခုသောင်းကျန်းနေတဲ့သူတွေက ဖိုးတလိုင်းရဲ့လက်အောက်က နာနာဘာဝတွေပါ ဖိုးတလိုင်းက လူ့ဘဝမှာ ဘုရင့်ကိုပုန်ကန်တဲ့ အပြစ်သားတွေကိုသတ်ပေးရတဲ့ အာဏာပါးကွက်သားဖြစ်ပါတယ် – သူခစားတဲ့ဘုရင် အနိမ့်စံဘဝရောက်တော့ သူကဒီနယ်ဘက်ကို ငယ်သားတွေနဲ့ ထွက်ပြေးလာခဲ့ပါတယ် ထီးနန်းကိုအစိုးရတဲ့ဘုရင်အသစ်ကလဲ အရင်ဘုရင်ရဲ့ သစ္စာခံတွေကို လိုက်လံဖမ်းဆီးသတ်ဖြတ်ရာကနေ ဖိုးတလိုင်းတို့အုပ်စုကို မီးကွင်းရွာဘက်မှာ အရှင်ဖမ်းမိပြီးသတ်ပြစ်ခဲ့ကြပါတယ် ဘုရင်ရဲ့အာဏာနဲ့သတ်ခံထိတဲ့ ဖိုးတလိုင်းကိုတော့ မီးကွင်းရွာတစ်ကြောကိုအပိုင်စားပေးခဲ့ကြတယ် အာဏာပါးကွက်သာစဘဝကနေလာတဲ့ဖိုးတလိုင်းက အမျက်ဒေါသအရမ်းကြီးသလို ဘုရင်ကိုယ်တိုင် အပိုင်စားပေးထားတဲ့အတွက် အခြားကွင်းပိုင်နယ်‌ပိုင်တွေထက် သူကပိုပြီးအစွမ်းရှိပါတယ် သူကတစ်ခါတစ်လေ ကျုပ်တို့ကိုခေါ်ပြီး ပါးရိုက်နားရိုက်လုပ်ပါသေးတယ် သူ့တပည့်တွေကလဲ ဖိုးတလိုင်းရဲ့ အရှိန်နဲ့ ရမ်းချင်တိုင်းရမ်းနေကြတာ အခုလက်တွေ့ပါပဲ”
” ဒါဆိုရင် ဖိုးတလိုင်းဆိုတဲ့သူက သူ့တပည့်တွေကို မထိန်းပဲလွှတ်ထားတာလား”
” ဖိုးတလိုင်းကိုမတွေ့ရတာ နှစ်အတော်ကြာနေပါပြီ – အရမ်းဆိုးသွမ်းလို့ ဂူပိတ်အပြစ်ဒဏ်ပေးထားတယ်လို့လဲကြားတယ် ဒါပေမယ့်ဘယ်သူမှအတိအကျမသိဘူး ဖိုးတလိုင်းနေရာကိုလဲ ဘယ်သူမှအစားမထိုးသေးတာကိုကြည့်ရင် သူပြန်လာမယ်လို့ထင်မိပါတယ်”
” ဒါဆိုရင် သင်တို့က ဖိုးတလိုင်းကိုကြောက်ပြီး သူ့တပည့်တွေထင်တိုင်းကျဲနေတာကို လွှတ်ထားကြတာပေါ့”
ယောဂီဝတ်လူရဲ့စကားကို ကွင်းပိုင်ကြီးလေးယောက်ဘာမှပြန်‌မပြောနိုင်ပဲ ဖြစ်နေခဲ့တယ်။ အဲဒီအချိန် မီးကွင်းရွာဘက်ကနေ ကြောက်လန့်တကြားအော်ဟစ်သံတွေထွက်လာခဲ့တယ်။
ကျွန်တော်လဲအသံကြားရာဘက်ကို လှမ်းကြည့်လိုက်တာ ကောင်းကင်ပေါ်ကနေ ရွှေရောင်တဖျက်ဖျက်ထနေတဲ့ အလင်းတန်းတွေ အောက်ကိုကျလာတာမြင်လိုက်ရတယ်။
ယောဂီဝတ်လူကတော့ မီးကွင်းရွာဘက်မှာဖြစ်နေတဲ့အခြေအနေတွေကို ရိပ်စားမိပြီး ကွင်းပိုင်ကြီးတွေဘက်လှည့်ကာ
” သင်တို့ရဲ့လက်အောက်ငယ်သားတွေကိုလဲ အခုချိန်ကစပြီး မီးကွင်းရွာဘက်ကိုမကျော်ပါစေနဲ့ သင်တို့လဲ ကိုယ့်အပိုင်ရတဲ့နယ်တွေကို သေချာထိန်းသိမ်းကြပါ – သင်တို့မထိန်းသိမ်းနိုင်ရင် ထိန်းသိမ်းနိုင်တဲ့သူကို တာဝန်ပေးဖို့ ကျုပ်လုပ်ဆောင်ရလိမ့်မယ်”
” ကျုပ်တို့အကောင်းဆုံးထိန်းချုပ်လိုက်ပါမယ် ကျုပ်တို့လက်အောက်ကသူတွေ ဒီပြဿနာထဲမပါစေရပါဘူး”
” ကောင်းပြီ ဒါဆိုရင်သင်တို့ပြန်လို့ရပါပြီ ”
ယောဂီဝတ်လူစကားအဆုံးမှာ ကွင်းပိုင်ကြီးလေးယောက်ပျောက်ကွယ်သွားခဲ့တယ်။ ကွင်းပိုင်ကြီးတွေပျောက်ကွယ်သွားတော့ ကျွန်တော့်ကိုကြည့်ပြီး –
” သင်ရဲ့မျက်စိကို ခေတ္တမှိတ်ထားပေးပါ ကျုပ်ပြန်ဖွင့်ဆိုမှ ပြန်ဖွင့်ပါ ”
ကျွန်တော်လဲ ပဝါစလေးကို မလွှတ်တမ်းကိုင်ထားရင်း မျက်လုံးကိုမှိတ်လိုက်တဲ့အချိန် လူက လေထဲမှာပျံဝဲနေသလိုခံစားလိုက်ရပြီး မျက်နှာကိုအေးစက်စက်လေတွေ လာတိုးနေတာကိုလဲသိနေရတယ်။
စက္ကန့်ပိုင်းလောက်ကြာတော့ အော်ဟစ်သံ၊ ကြိမ်းဝါးသံ၊ ကြောက်လန့်တကြားထွက်ပြေးနေကြတဲ့အသံတွေကိုကြားလိုက်ရတယ်။ ကျွန်တော်လဲမျက်လုံးဖွင့်ဖို့မပြောသေးတဲ့အတွက် ဖွင့်မကြည့်ရဲပဲ နေနေတဲ့အချိန် –
” သင်မျက်လုံးဖွင့်ကြည့်လို့ရပါပြီ ” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။
ကျွန်တော်လဲ အခွင့်ရတာနဲ့ မျက်လုံးဖွင့်လိုက်တဲ့အချိန် ရွာပျက်ထဲမှာရှိတဲ့ နာနာဘာဝတွေကို ဓါးတွေနဲ့ လိုက်ခုတ်နေတဲ့ ရွှေရောင်ဝတ်ပုဂ္ဂိုလ်တွေအပြင် လှံတွေကိုင်ပြီး ရွာစည်းရိုးအစပ်မှာစောင့်ကြပ်နေတဲ့ သူတွေကိုပါမြင်လိုက်ရတယ်။
ရွှေရောင်တလက်လက်ထနေတဲ့ ဓါးတွေကိုင်ဆောင်ထားတဲ့သူတွေက သောင်းကျန်းနေတဲ့ နာနာဘာဝတွေကိုသာ သဲကြီးမဲကြီးလိုက်ခုတ်နေပြီး အညံ့ခံနေကြတဲ့သူတွေကိုတော့ ထိခိုက်နာကျင်အောင်မလုပ်တာကိုလဲ အံ့အားသင့်ဖွယ်မြင်လိုက်ရတယ်။
နောက်ဆုံးမှာတော့ အားမတန်မာန်လျော့တဲ့အနေနဲ့ နာနာဘာဝတွေအားလုံး ဓါးကိုင် လှံကိုင်ထားတဲ့သူတွေရဲ့ ခုတ်ချက်ထိုးချက်တွေအောက်မှာအရှုံးပေးခဲ့ရပြီး ဒူးထောက်ကာ အရှုံးပေးခဲ့ကြရတယ်။
ဒါပေမယ့် သူတို့ရဲ့မျက်ဝန်းတွေမှာတော့ တစ်စုံတစ်ယောက်ကိုအားကိုးတစ်ကြီးစောင့်မျှော်နေတဲ့ အရိပ်အယောင်တွေကို မြင်တွေ့နေရတယ်။
‌ယောဂီဝတ်လူကလဲ ဒူးထောက်ကာ အညံ့ခံနေကြတဲ့နာနာဘာဝတွေနေတဲ့ မြေနေရာပတ်ပတ်လည်ကို ဆီစိမ်စက္ကူပေါ်မှာရေးဆွဲထားတဲ့ အင်းကွက်တွေနဲ့ စည်းချပြီး ထွက်မရအောင် တားဆီးခဲ့ကြတယ်။
အစီအရင်တွေအားလုံးပြီးစီးတဲ့အချိန်မှာတော့ နေဝင်ခါနီးကိုရောက်လာခဲ့တယ်။ အဲဒီအချိန် ကျွန်တော်ရဲ့မျက်ဝန်းတွေထဲကနေ မျက်ရည်တွေထိန်းမရအောင် အလိုလိုကျဆင်းလာခဲ့တာကိုသတိထားခဲ့မိတယ်။
ယောဂီဝတ်လူက အခြေအနေကိုသတိထားမိပြီး ရုတ်တရက်ဆိုသလို ကျွန်တော်ရဲ့ လက်ကောက်ဝတ်ကိုဆွဲကိုင်ပြီး နဖူးအလယ်တည့်တည့်ကို လက်ဖဝါးနဲ့ရိုက်ချလိုက်တယ်။
လက်ဖဝါးနဲ့နဖူးနဲ့ထိတွေ့တဲ့အချိန် ကျွန်တော်ရဲ့အသိတွေက အိမ်မက်လိုလို တကယ်လိုလိုဖြစ်သွားခဲ့ပြီး ရိုးပြတ်တောတွေ လယ်ကွင်းတွေကိုဖြတ်ကာပျံသန်းနေတာကို တစ်ချက်တစ်ချက်သတိထားမိခဲ့တယ်။
ပျံသန်းနေရင်း အချို့နေရာတွေမှာ နီရဲနေတဲ့ မီးကျီခဲ‌ကြားထဲမှာ ငယ်သံပါအောင် အော်ဟစ်နေကြတဲ့ လူတွေကိုမြင်တွေ့ရသလို ရင်ဘတ်လောက်ရှိတဲ့ခွေးနက်ကြီးတွေရဲ့ ကိုက်ခဲစားသောက်တဲ့ဒဏ်ကိုခံနေရတဲ့ လူအချို့ကို ပျံသန်းနေရင်းတွေ့လိုက်ရတယ်။
အချိန်အတန်ကြာအောင် ပျံသန်းပြီးတဲ့နောက်မှာတော့ သားနဲ့သမီးရဲ့ ငိုသံကို တစ်ချက်တစ်ချက်ကြားလိုက်ရတယ်။
လေတိုးတဲ့ဒဏ်ကြောင့် ဖွင့်မရတဲ့မျက်လုံးတွေကို အားယူပြီးဖွင့်ကြည့်လိုက်တဲ့အချိန် မြေချခါနီးဖြစ်နေတဲ့ အလောင်းတစ်လောင်းအပေါ် ရင်ဘတ်ချင်းအပ်ကာ ငိုယိုနေတဲ့ ကလေးနှစ်ယောက်ရဲ့ ပုံရိပ်ကို ဝိုးတဝါးမြင်လိုက်ရတယ်။
အဲဒီအချိန် ကျွန်တော်ရဲ့ကိုယ်ခန္ဓာကို တစ်စုံတစ်ယောက်က တွန်းထုတ်လိုက်သလိုခံစားလိုက်ရပြီး ‌အခေါင်းပေါ်ကို ပြုတ်ကျသွားခဲ့တယ်။
ကျွန်တော် လက်တွေခြေထောက်တွေကိုလှုပ်ကြည့်တယ် ဒါပေမယ့် တစ်စုံတစ်ခုနဲ့ ချည်နှောင်ထားသလိုခံစားရပြီး လှုပ်မရဘူးဖြစ်နေခဲ့တယ်။ ကျွန်တော်အသံကုန်အော်ဟစ်ခဲ့ပေမယ့် အသံက ရင်ခေါင်းဝမှာပျောက်ကွယ်သွားခဲ့တယ်။
နောက်ဆုံးသတိထားမိတဲ့တာက ကျွန်တော်မျက်နှာပေါ်မြေမှုန်မြေစတွေကျလာတဲ့အချိန်ပဲ ကျွန်တော်မသေသေးဘူးဆိုတာသိလိုက်ရတာမို့ ကိုယ်ခန္ဓာထဲမှာရှိနေတဲ့ အားတွေကိုစုလိုက်ပြီး ခြေထောက်အစုံကို လှုပ်ခါလိုက်တယ်။
“ဒုန်း ” ဆိုတဲ့အသံနဲ့အတူ ပိန္နဲသားအခေါင်းရဲ့ အောက်ခြေကနေ အသံထွက်လာခဲ့တယ်။ သိပ်မကြာခင် ကျွန်တော်ရဲ့ ကိုယ်ခန္ဓာကို လူအချို့ဆွဲတင်နေတဲ့အထိအ‌တွေ့ကို ခံစားလိုက်ရတယ်။
ကျွန်တော်မျက်လုံးတွေကို ကြိုးစားပြီးဖွင့်ဖို့ကြိုးစားပေမယ့် မျက်လုံးတွေမှာကပ်နေတဲ့ မျက်ချေးတွေကြောင့် ရုတ်တရက်ဖွင့်မရပဲ ရှိနေတဲ့အချိန် ပါးစပ်ထဲကို အေးမြတဲ့ ရေစက်အချို့ကျလာခဲ့တယ်။
ကျွန်တောိလဲကျလာတဲ့ ရေစက်တွေကိုအငမ်းမရမြိုချလိုက်တဲ့အချိန် ခြေမနှစ်ချောင်းမှာတွဲချည်ထားတဲ့ အပ်ချည်ကြိုးက ဖြောက်ခနဲ ပြတ်သွားတဲ့အသံကိုကြားလိုက်ရတယ်။
ကျွန်တော်သတိရတာနဲ့ ဘေးမှာဝမ်းသာအားရ အော်ဟစ်ငိုနေကြတဲ့ သားသမီးတွေနဲ့အမျိုးတွေကို စိတ်မဝင်စားအားပဲ ယောဂီဝတ်လူကိုသာ လိုက်ရှာနေခဲ့မိတယ်။
အားမရှိပဲ ချိနဲ့‌နေတဲ့ကိုယ်ခန္ဓာကို ကြိုးစားထိန်းရင်း အခေါင်းထဲကနေ ထလိုက်တဲ့အချိန်မှာတော့ သင်္ချိုင်းထဲကနေ ကျောပေးကာထွက်ခွာသွားတဲ့ ယောဂီဝတ်လူကို မြင်လိုက်ရတယ်။
ကျွန်တော်လဲ ရှိသမျှအားတွေကို စုစည်းပြီး လှမ်းခေါ်လိုက်ပေမယ့် အသံကလုံးဝထွက်မလာခဲ့ပေ။ နှစ်ကြိမ်သုံးကြိမ်လောက်အော်ခေါ်ပြီးတဲ့အချိန်မှာတော့ ကျွန်တော်အားပြတ်ကာ လဲကျသွားခဲ့တယ်။
သတိပြန်ရတဲ့အချိန်မှာတော့ သင်္ချိုင်းထဲမှာမဟုတ်တော့ပဲ ကျွန်တော်ရဲ့တဲအိမ်လေးထဲကိုရောက်ရှိနေခဲ့တယ်။
ဘေးမှာတော့ ကျွန်တော်ချစ်ရတဲ့ သားနဲ့သမီးက မျက်ရည်လေးစမ်းစမ်းနဲ့ ကျွန်တော့်ကိုပွေ့ဖက်ထားကြတယ်။
ကျွန်တော်ရဲ့အတွေးထဲမှာတော့ ယောဂီဝတ်ထားတဲ့လူရဲ့မျက်နှာ၊ ခေတ္တမေ့မျောသွားတဲ့အချိန် ကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာတွေက ရိပ်ခနဲ ရိပ်ခနဲ။
တစ်ပတ်လောက်အကြာမှာတော့ ကျွန်တော် ထူထူထောင်ထောင်ဖြစ်လာခဲ့တယ်။ သားနဲ့သမီးရဲ့နောင်ရေးအတွက် အန္တရာယ်ရှိနိုင်တဲ့ထန်းတက်အလုပ်ကိုစွန့်လွှတ်ပြီး အခြားအလုပ်ကိုလုပ်ကိုင်ဖို့ရွေးချယ်ခဲ့တယ်။
သားနဲ့သမီးကို ခေတ်ပညာတတ်တွေဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့သလို ရပ်ရွာမှာလုပ်နေတဲ့ ကုသိုလ်ရေးတွေမှာလဲ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကူညီပေးခဲ့တယ်။ ကျွန်တော်သေရင် အတိတ်ကမြင်ခဲ့ရောက်ခဲ့ဖူးတဲ့ ဘဝကိုထပ်မရောက်ချင်တော့ဘူး။
ကျွန်တော်အခု အသက်ခြောက်ဆယ်နီးလာခဲ့ပြီ။ တရားဘာဝနာတွေကို အားထုတ်ရင်း ဘဝရဲ့နောက်ဆုံးအချိန်တွေကို ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ခဲ့တယ်။
ကျွန်တော်ရဲ့အတွေးထဲမှာတော့ ယောဂီဝတ်လူရဲ့မျက်နှာက မေ့ပျောက်လို့မရအောင် ဖုံးလွှမ်းနေတယ်လို့ပြောရင် စာဖတ်သူတွေယုံနိုင်ပါ့မလား”
– – – – – – – – –
ဒါကတော့ အောင်မြတ်သာတို့အမှတ်မထင် ကူညီပေးခဲ့တဲ့ လူတစ်ယောက်ရဲ့ခံစားချက်လေးတစ်ခုကို တွေမြင်ရအောင်ပုံဖော်ပေးထားရခြင်းဖြစ်ပါတယ်။
အောင်မြတ်သာကတော့ သေကံမရောက်သင့်တဲ့ သူကို ကူညီပြီးတဲ့နောက်မှာတော့ သက်ခိုင်တို့ရှိနေတဲ့ မီးကွင်းရွာကိုပြန်လည်ထွက်ခွာသွားခဲ့တယ်။
နောက်တစ်ပုဒ်မှာတော့ ဂူအောင်းအပြစ်ဒဏ်ခံကနေ လွတ်လာတဲ့ ဖိုးတလိုင်းက အောင်မြတ်သာတို့ကို ဘယ်လိုဘယ်ပုံ နှောက်ယှက်မလဲ။
အောင်မြတ်သာတို့ကလဲ ဖိုးတလိုင်းနဲ့ ဘယ်လိုရင်ဆိုင်ကြုံတွေ့ကြမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် တလိုင်းကွင်းပိုင်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment