အောင်မြတ်သာနှင့်ဆယ့်နှစ်ကြိုးရွာ

” အောင်မြတ်သာနှင့်ဆယ့်နှစ်ကြိုးရွာ ” ( စ/ဆုံး ) +++++++++++++++++++++ အောင်မြတ်သာနှင့် တပည့်သက်ခိုင်တို့ နှစ်ယောက်သား ခြေဦးတည့်ရာ ကိုယ့်အိပ်ရာ ဆိုတဲ့အတိုင်း လမ်းရှိရာ လျှောက်သွားရင်း – အထက်မြန်မာပြည်က တောမကျ မြို့မကျ နေရာလေးတစ်ခုကို ရောက်ရှိခဲ့တယ်။ မြို့ထိပ်က ဇရပ်လေးမှာထိုင်နေခိုက်- ပုဆိုးစုတ်လေးကို ပခုံးပေါ်တင်ထားတဲ့ လူနှစ်ယောက် ဇရပ်ထဲမှာ နေရိပ်လာခိုရင်း- “ဒီနှစ်လုပ်ကိုင်စားသောက်ရတာ အဆင်မပြေပါဘူး ဗျာ –” “ဟုတ်ပါ့ နောင်ကြီးရေ..ကျုပ်တို့တစ်ရွာလုံး ဒီတိုင်းဆို အရင်းတောင် ကျေပါ့မလား မသိဘူး မနှစ်ကလုပ်တဲ့ ရွာလုံးကျွတ်ရှင်ပြုပွဲလေး ဒီနှစ် မလုပ်ဖြစ်လောက်တော့ဘူး ထင်ပါတယ်” သက်ခိုင်က သူတို့ပြောတာနားထောင်နေရင်း… “အစ်ကိုတို့ ဒီနှစ်မိုးမရဘူးလား လယ်တွေမဖြစ်လို့ လား– “မဟုတ်ပါဘူး ညီလေးရာ ခါတိုင်းနှစ်တွေဆို စပါးတစ်ဧကကို တင်း ၇၀လောက်ပျမ်းမျှထွက်တယ် ဒါတောင် မနှစ်က မိုးသိပ်မရဘူး ဒီနှစ်က မိုးလည်း ကောင်းတယ် မျိုးစပါးလည်းကောင်းတယ် ဒါပေမဲ့ စိုက်သမျှ အပင်တွေ အကုန်နွမ်းကုန်တာပဲ ဒါပေမဲ့ ထူးဆန်းတယ်ဗျ စပါးတွေက မနက်ပိုင်းမှာ နွမ်းပေ မယ့် ညဘက်သက်ကြီးခေါင်းချချိန်လောက် ရောက် ရင် စပါးခင်းတွေက စိမ်းစိုကုန်ရောဗျ ” “ဗျာ– ဘယ်လို ဒါဆို ထူးဆန်းတာပေါ့ အခုစပါး မရိတ်ရသေးဘူးလား” “ရိတ်လို့တော့ရနေပြီ နေ့ခင်းဘက်တွေရိတ်တော့ လည်း စပါးပင်တွေက အထဲမှာ အစေ့မရှိဘူးဗျ ” “ဟင်– ဟုတ်ပါ့မလားဗျာ” “ဟုတ်တယ် ကျွန်တော်တို့စိတ်ထင် တချို့တလေပဲ ထင်နေတာပေါ့ ဒါပေမဲ့ ရိတ်သမျှ စပါးမှန်သမျှ ဆန်တစ်စေ့မှ မရတာဗျာ ဒီနှစ် သားလေးရှင်ပြုဖို့ ရှိသမျှ ပိုက်ဆံအကုန် အခင်းထဲထည့်ထားတာ ကျုပ်တို့တော့ ဆင်းရဲတွင်း နက်သထက် နက်ပါပြီဗျာ” “ဒါနဲ့ နေပါဦး နောင်ကြီး နောင်ကြီးပြောတာ ညဘက်ဆို စပါးတွေစိမ်းစိုနေတယ်ဆို ..အဲဒါဆို ညဘက်ရိတ်ကြည့်ပါလား” “ရိတ်ပါကောလားဗျာ ကျုပ်အခင်းဘေးက ကိုသာလှ လယ်ဆို ကျုပ်အခင်းထက်အရင်သီးတာ သူက မနက်ဘက်မရိတ်ပဲ ညဘက် ရိတ်တာ ရိတ်နေတဲ့ အချိန်ဆို အနောက်ကနေ ညည်းသံတွေ ငိုသံတွေ ကြားရတယ်ဗျ များသောအားဖြင့် မနက်ပဲရိတ်ကြ တာဆိုတော့ ညဘက်က သိပ်အဆင်မပြေဘူး ဒီကြားထဲ မြွေပွေးအန္တရာယ်ကလည်းရှိသေးတယ် ထူးဆန်းတာက ညဘက်ရိတ်လို့ရတဲ့ စပါးတွေက အစေ့အဆံ အကုန်အောင်တယ်ဗျ အဲဒီအခင်းကိုပဲ မနက်ရိတ်ကြည့် ဘာမှကိုမရှိတော့တာ ရွာထဲက လူတွေကလည်း အထူးအဆန်းဖြစ်နေတာ နောက် ဆုံး တစ်ရွာလုံး ညဘက်ထရိတ်တဲ့နေ့မှာ စပါးပင်ကို ကိုင်ပြီးရိတ်လိုက်တယ်ဆိုရင်ဖြင့် စပါးပင်ထဲကနေ သွေးစိမ်းရှင်ရှင်တွေ ပန်းထွက်လာတာ” “ဗျာ– အလိုလေး” “ဟုတ်တယ်ဗျ- နောက်ပြီး အဲဒီအပင်ကနေ ထွက် လာတဲ့ သွေးလိုလိုအရည်တွေကို အမွှေးစုတ်ဖွား ကောင်တွေလာလာသောက်ကြတာ – ရွာထဲက ဒေါ်ချိုဆို အဲဒီမှာပဲ မေ့လဲပြီး သတိမလည်တော့ဘူး- အသက်ပါ ပါသွားခဲ့တာ အဲဒီအမွှေးစုတ်ဖွားနဲ့ ကောင်တွေက အစွယ်တွေ အဖွေးသားနဲ့ဗျ – အရမ်းကြောက်ဖို့ကောင်းတယ် တစ်ရွာလုံးနီးပါး လန့်ဖျားဖျားကြတာ အဲဒီနေ့ထဲက ညဘက်တွေဆို တစ်ရွာလုံး အပြင်မထွက်ရဲအောင် ဖြစ်နေကြတာ အိမ်ကမွေးထားတဲ့ ခွေးတွေတောင် ခြံ၀င်းအပြင် မထွက်ရဲဘူး ည၁၂နာရီကျော်ပြီဆိုရင် ရွာထဲမှာ အဲဒီအမွှေးစုတ်ဖွားကောင်တွေလျှောက်သွားနေတာ ရွာဦးကျောင်းက ဆရာတော်ကလည်း မြို့ပေါ်မှာ ဆေးသွားကုနေလို့ ရွာကျောင်းမှာလည်း ကိုရင်လေး တွေပဲရှိတယ် တစ်ရွာလုံး စိတ်ဒုက္ခရောက်နေကြ တယ် သိတတ်တဲ့သူတွေနဲ့ ပြကြည့်တော့ သူတို့ လည်း မနိုင်ကြဘူး သူတို့ပြောတာကတော့ ၁၂ကြိုး စုန်းတွေက ပြုစားထားတာတဲ့” “အလို— ၁၂ကြိုးစုန်း ဟုတ်လား–အဲလိုပြုစားရ အောင် အစ်ကိုတို့က ဘာတွေလုပ်လို့လဲ” “ဘာမှမလုပ်ပါဘူး ညီလေးရာ မနှစ်က အစ်ကိုတို့ရွာ မှာ ရွာလုံးကျွတ်ရှင်ပြုရဟန်းခံ လုပ်ကြတယ် အလှူ တွေဆိုတာ မီးခိုးတိတ်ပေါ့ ရွာနီးချုပ်စပ်အားလုံး အားကျလောက်တဲ့ ရွာတစ်ရွာဖြစ်ခဲ့တယ် အဲဒါတွေ ရဲ့ အဓိကအကြောင်းကတော့ စပါးထွက်နှုန်း အရမ်း ကောင်းလို့ပဲ ဒါပေမဲ့ အစ်ကိုတို့ဘေးက ရွာကတော့ စပါးအထွက်နှုန်းမရှိဘူး အစ်ကိုတို့ရွာနဲ့လည်း သိပ်အဆင်မပြေဘူး သူတို့က မနာလိုကြဘူးပေါ့ တစ်ခုဆိုးသွားတာက သူတို့ရွာက ကာလသားတွေ က အစ်ကိုတို့ရွာကကောင်မလေးတစ်ယောက်ကို ဆွဲလားရမ်းလားလုပ်တာ ရွာခံလူတွေတွေ့ပြီး ရိုက်လိုက်ကြတယ် အဲဒီမှာ ဟိုဘက်ရွာ ဒီဘက်ရွာ တွေ့တဲ့နေရာ ရိုက် ဆိုသလိုဖြစ်လာတယ် တစ်နေ့ မှာတော့ ရွာထဲကို အဘွားကြီးတစ်ယောက် ရောက် လာတယ် သူက ရွာအ၀င်က ရွာတော်ရှင်နတ်ကွန်း ဘေးမှာ ရပ်ပြီး – နင်တို့တစ်ရွာလုံး ငတ်မွတ်မွဲတေ စေရမယ် ငါ့မြေး ကွဲသွားတဲ့ခေါင်းက သွေးတွေက မင်းတို့ရွာကို ဖုံးသွားစေရမယ်လို့ ကြိမ်းဝါးခဲ့တယ် အဲဒီနေ့ကစပြီး ဘာလုပ်လုပ်အဆင်မပြေတော့တာ ညီလေးရေ အဖြစ်ကတော့ ဒါပါပဲ အဲဒါ ညီတို့မှာ အဲ လိုကိစ္စတွေနိုင်နင်းတဲ့သူရှိရင် လမ်းညွန်ပေးပါဦး” သက်ခိုင်လည်း အားတက်သရော အောင်မြတ်သာ ကို လှမ်းကြည့်တော့ –အောင်မြတ်သာက တရား မှတ်နေတာ တုတ်တုတ်မျှ မလှုပ်။ “အဲဒါဆို အစ်ကိုတို့ ပြန်တော့မယ် ရွာထဲ မိုးမချုပ်ခင် ၀င်ရမယ် – မိုးချုပ်ရင် ရွာစည်းရိုးပိ်တ်ထားလို့ ဒါနဲ့ ညီတို့က ဘယ်သွားမလို့လဲ ဘယ်မှာ တည်းကြမလို့ လဲ” “ကျွန်တော်တို့က ခရီးသွားတွေပါ ဒီဇရပ်မှာပဲတည်း မလို့လေ တရားထိုင်နေတာက ကျွန်တော့်ဆရာပါ” “အော် ဆရာကငယ်ငယ်လေးနော် ဒါနဲ့ ဒီမှာ မအိပ် နဲ့လေ ရွာထဲလိုက်ခဲ့လေ – အိမ်မှာပဲတည်းပေါ့ ကျွန်တော့်နာမည်က ထွန်းရီပါ သူကတော့ မြင့်စိုးတဲ့” ခဏနေတော့ အောင်မြတ်သာ တရားထိုင်ဖြုတ် လိုက်တယ်။ သက်ခိုင်က ပြောပြဖို့အလုပ် … အောင်မြတ်သာက လက်ကာပြပြီး– “ဒီက နောင်ကြီးတို့ရွာ အလည်လိုက်ပါရစေ ဖြစ်နိုင်ရင် နောင်ကြီးတို့ ကြုံနေရတဲ့ ဒုက္ခတွေကို ကူညီချင်ပါတယ်” “ဟာာ — ရေကန်အသင့် ကြာအသင့်ပါလား လူငယ်ပေမယ့် ပညာမငယ်ဘူးဆိုတာကို ကြားဖူး တယ် ခုတော့ ဆရာတို့အစွမ်းကို ကြည့်ခွင့်ရတာ ပေါ့ဗျာ—” သက်ခိုင်တို့ရွာထဲရောက်တော့ မှောင်စပျိုးနေပြီ။ တစ်ရွာလုံးအလုပ်ထဲကနေ ပြန်လာပြီး မိမိအိမ် မိမိတံခါးတွေတောင်ပိတ်နေကြတာ မြင်တွေ့နေရ တယ်။ တည်းမယ့်အိမ်ရောက်တော့ အောင်မြတ်သာက ဘုရားစင်ရှေ့သွား တရားထိုင်တော့တာပဲ။ ထမင်းလည်းမစားတော့ဘူး။ ကျွန်တော်ကတော့ ပြတင်းပေါက်ကနေ အိမ်အနောက်ဘက်က လယ်ကွင်းတွေဆီ ကြည့်နေမိတယ်။ အချိန်ဘယ်လောက်ကြာသွားမှန်း မသိလိုက်ဘူး ပခုံးကို တစ်စုံတစ်ယောက် လာပုတ်သလို ခံစားလို့ ကြည့်လိုက်တော့– “ကဲ သက်ခိုင်ရေ ..တို့အလှည့်ရောက်ပြီ — ဒီဆေးမြစ်ကို ကွင်းထားလိုက်တော့– ခဏနေ မင်းမြင်ရမယ့်အရာတွေကို မကြောက်ရအောင် ဒီရေမန်းကို သောက်ထား.. ဒီရွာကို ငါကယ်တင်ရမယ် ဒီရွာရဲ့ အလှူကို ဖြစ်မြောက်အောင် ငါကူညီရမယ် အထက်ဆရာကြီးတွေရဲ့ အမိန့်လည်းရပြီးပြီ လုပ်ထားတော့ သက်ခိုင် –” သက်ခိုင်လည်းအောင်မြတ်သာပေးတဲ့ ဆေးမြစ်ကို ကွင်းပြီး ရေမန်းကိုသောက်ချလိုက်တယ်ဆိုရင်ဖြင့်– အလိုလေး အောင်မြတ်သာက ယောဂီ၀တ် မဟုတ်တော့ဘူး။အလွန်ကို ဖြူ စင်တဲ့ ပိတ်ဖြူ ဝတ် သူတော်စင်တစ်ပါးအဖြစ် မြင်နေရပါလား။ ဘုရားစင်ပေါ်ကဒက္ခိဏသာခါဘုရားဦးခေါင်းတော်ကနေ ရောင်ခြည်တော်တွေဖြာထွက်နေပါလား။ သက်ခိုင် လက်အုပ်ချီ ထိုင်ကန်တော့လိုက်တယ်။ ကိုထွန်းရီကို အကျိုးအကြောင်း ပြောပြပြီး ရွာထဲမှာ ရှိတဲ့ မကြောက်တတ်တဲ့လူငယ် ၅ယောက်လောက် ကို လေးခွကိုယ်စီနဲ့ စုခိုင်းထားတယ်။ လေးခွမှာပစ်မယ့် လောက်စာလုံးတွေအပေါ်ကို အောင်မြတ်သာက ရေမန်းတွေ ဖြန်းလိုက်တယ် ဆိုရင်ဖြင့် ကျွန်တော့်အမြင်မှာ လောက်စာလုံးက ငွေမျှင်ရောင်တွေတလက်လက်နဲ့ ငွေလုံးတွေ ဖြစ် သွားတာ– ကျန်တဲ့သူတွေအမြင်မှာတော့ လောက်စာလုံးပေါ့- အကုန်လုံး အိမ်အောက်ကိုဆင်းလိုက်ပြီး အိမ်နောက်ဖေး လယ်ကွင်းဆီကို ထွက်လာလိုက် တယ်။ လယ်ကွင်းအစပ်ရောက်တော့ လယ်ကွင်းအစပ် ထနောင်းပင်မှာ .လူတစ်ယောက်ကြိုးချည်ခံထိထား တာ မြင်လိုက်ရတယ်။အနီးကပ်သေချာကြည့်တော့ အသက်ခပ်လတ်လတ်လူတစ်ယောက်။ ထိုသူက အံတကြိတ်ကြိတ်နဲ့ မကျေမနပ် ဖြစ်နေတဲ့ပုံစံ။ ထိုသူကို ကျွန်တော်ပဲ မြင်ရတယ်ဗျ ။ ကျန်တဲ့သူတွေက မမြင်ဘူး။ ထိုသူက အောင်မြတ်သာကို မြင်တော့ အားကိုး တကြီး ကြည့်ရှာတယ် ။ အောင်မြတ်သာက ချည်ထားတဲ့ ကြိုးတွေကို လေနဲ့မှုတ်လိုက်တယ် ဆိုရင်ပဲ ကြိုးတွေအကုန် ပြေသွားတာ ထူးဆန်းစွာတွေ့လိုက်တယ်။ ကြိုးလဲပြေကော.ထိုသူက အောင်မြတ်သာကို အရိုအသေပြုပြီး ရွာထိပ်ဘက်ကို ထွက်သွားတာ တွေ့လိုက်တယ်။ အဲဒါ ဘယ်သူလဲ မေးတော့– ရွာတော်ရှင်တဲ့..ရွာတော်ရှင်တောင် ချုပ်နှောင်ခံထား ရတဲ့အဆင့် ဆိုတော့ တော်ရုံအဆင့်မဟုတ်မှန်း ကျွန်တော်သိလိုက်တယ်။ လယ်ကွင်းထဲကြည့်လိုက် တော့ အမယ်လေးလေး လယ်ကွင်းတွေထဲမှာ အမွှေးစုတ်ဖွားနဲ့ မကောင်းဆိုးဝါးတွေဆိုတာ လယ် ကွင်းတစ်ခုမှာ တစ်ကောင်အနည်းဆုံးရှိတယ်။ တချို့ကွင်းထဲမှာဆို ၂ကောင် ၃ကောင်လောက် ရှိတယ်။ အောင်မြတ်သာက လယ်ကွင်းအစပ်မှာပဲနေပြီး ရွာထဲကကာလသားတွေကို လယ်ကွင်းထဲကို လေးခွနဲ့ပစ်ခိုင်းတာ။ ရွာခံတွေကလည်း အကုန် ပတ်ပစ်ကြတာ။ “ဖောက် ဖောက်–” “ဟ ထိပဟ–” “ပစ်ပစ် ဘယ်ဘက်မှာ” “အရှေ့မှာ ကန်သင်းရိုးပေါ်မှာ” ကျွန်တော်ကလည်း မြင်သမျှ အကုန် လျှောက်အော် တာ။ လယ်ကွင်းထဲက မကောင်းဆိုးဝါးတွေ လောက်စာလုံးနဲ့ ထိတာနဲ့ ငရဲမီးနဲ့ထိသလို မြေပေါ်မှာ လိမ့်နေအောင် နေတာပဲ။ ကာလသားတွေကလည်း ပစ်သမျှ လောက်စာလုံး တွေက ပစ်မလွဲတွေပဲ။ ဒါတောင် ရမ်းပစ်တာ .. ခဏနေတော့ လယ်ကွင်းထဲက အမွှေးစုတ်ဖွားနဲ့ ကောင်တွေ ပြေးနေတာမှ တန်းနေတာပဲ။ လောက်စာလုံးလည်းကုန်ကော လယ်ကွင်းထဲမှာ တစ်ကောင်မှမရှိတော့တာ။ ကျွန်တော်က အောင်မြတ်သာကို လှည့်အကြည့် အောင်မြတ်သာက လက်ကာပြတယ်။ ခဏစောင့်ကြည့်ဦးဆိုတဲ့သဘော– တစ်အောင့်နေတော့ — “ကာလသားများ ဘာပဲတွေ့တွေ့ မပြေးကြနဲ့ – ကျုပ်စည်းတားထားပေးမယ် ဒီစည်းထဲကနေပဲ နေကြ ဘာပဲလာလာ လေးခွနဲ့ပဲပစ်ကြ။ ဒီမှာ လောက်စာလုံးတွေဆိုပြီး ဘေးလွယ်အိတ် ထဲကနေ လောက်စာလုံးတွေ ထုတ်ပေးလိုက်ရော “ဟာ– ဒါ ဒါတွေက ခုနကပစ်လိုက်တဲ့ လောက်စာ လုံးတွေ–” ကာလသား ကိုချိ ရဲ့ တအံ့တသြ ပြောသံ– ဘာလို့ဆိုတော့ သူ့လောက်စာလုံးတွေက အလုံးမဟုတ်ပဲ လေးထောင့်တွေလုပ်ထားလို့ပဲ။ ခုလည်းလောက်စာလုံးတွေထဲက သူ့လောက်စာ လုံးတွေ..ပါလာတော့ မယုံလောက်အောင် အံ့သြနေချိန် အောင်မြတ်သာက သူလုပ်စရာရှိတဲ့ အလုပ်ကို လုပ်နေတာ။ အောင်မြတ်သာ အိတ်ထဲကနေ ချည်ကွင်းတစ်ကွင်း ထုတ်လိုက်ပြီး ပေ ၂၀ ပတ်လည်စည်းတားလိုက် တယ်။ ကျွန်တော့်အမြင်မှာတော့ စည်းမဟုတ်ဘူး။ ချည်ကွင်းက အပေါ်အောက် သံကွန်ခြာလိုအုပ်ထား တာ။ ချည်ကွန်ခြာကနေလည်း ရွှေရောင်တွေ တဖိတ်ဖိတ်..တောက်နေတာ ။ ခဏနေတော့ ရွာအနောက်ဘက်ကနေ မာန်ဖီပြီး ပြေးလာတဲ့ ခွေးအုပ်စု။ အလိုလေး ခွေးနက်ကြီးတွေပါလား။ လူခါးစောင်းလောက်ရှိတဲ့ ခွေးကြီးတွေပါလား။ သွားရည်တမြားမြားကျပြီး လရောင်အောက်မှာ ပြေးလာနေတာ။ ကာလသားတွေက နည်းနည်း ကြောက်ပြီး တွန့်သွားပေမယ့် အောင်မြတ်သာက လှမ်းသတိပေးတော့မှ လေးခွတွေအသင့်ကိုင်ထားလိုက်ကြတယ်။ လေးခွတစ်ကမ်းစာလဲရောက်ကော – “ဖောက်-ဖောက်-ဖောက်.-” “ဂီးးဂီးး ဂဲ- ဂှီးးးး” “ဖောက်-ဖောက်–” “ဂိန် – ဂိန်- ဂိန်-” ခွေးတွေက အကောင်ရေ ရာနဲ့ချီပြီး ရှိလောက် တယ်။ ပစ်နေရင်း ပစ်နေရင်း ခွေးအုပ်က နီးသထက် နီးလာတယ်။ ဒါပေမယ့် အောင်မြတ်သာတားထားတဲ့ ချည်ကွင်းနားလဲ ရောက်ကော ။ လျှပ်စစ်နဲ့အတို့ခံလိုက်ရသလို အနောက်လန်လန်ကျတာ တွေ့လိုက်ရတယ်။ အဲဒီမှာ အားတက်ပြီး ပစ်လိုက်တဲ့ လောက်စာလုံး တွေ…မိုးရွာသလို တဖောက်ဖောက်နဲ့ပဲ။ ခွေးနက်ကြီးတွေကလည်းအလျှော့မပေးပဲ ချည်ကွန်ခြာကို ကိုက်ဖြဲဖို့ကြိုးစားနေပေမယ့် ချည်ကွန်ခြာကို ထိလိုက်တာနဲ့ လွင့်လွင့်ထွက်သွားတာ။ ပစ်သမျှလောက်စာလုံးက လည်းပစ်မလွဲ..ခွေးနက်တွေကိုယ်မှာလည်း လောက်စာလုံးဒဏ်ကြောင့် သွေးအလူးလူး.. နောက်ဆုံးမှာတော့ ခွေးနက်အုပ်ကြီးက အနောက်ဘက်တောထဲ၀င်ပြေးသွားတယ်။ အဲဒီတော့မှ ချည်ကွန်ခြာကို ပြန်သိမ်းပြီး ရွာထဲ ၀င်ခဲ့လိုက်တယ်။ အိမ်ရောက်တော့ မနက် ၃နာရီ ထိုးနေပြီ။ ကျွန်တော်လည်းအိပ်ချလိုက်တယ်။ မနက်ကျတော့ အောင်မြတ်သာက တစ်ရွာလုံးကို ရေမန်းတွေမန်းပေးပြီး ရွာကိုလဲ စည်းတားပေး လိုက်တယ် ။ ထူးဆန်းတာတစ်ခုက မိုးလင်းတာနဲ့ လယ်ကွင်းထဲက စပါးတွေက အနှံတွေပြည့်နေတာ မြင်တွေ့ရတော့ ၀မ်းသာလို့ထအော်ကြတာ။ နောက်သတင်းတစ်ခုက ဟိုဘက်ရွာက လူတွေ တစ်ရွာလုံးနီးပါး ဆေးလာကုကြတယ်ဆိုတဲ့ သတင်း။ ဒီသတင်းကို ကျန်းမာရေးမှူ းဆရာလာ ရင်း ယူလာတာ။ တစ်ရွာလုံးကလူတော်တော်များများ ဖူးရောင် ပေါက်ပြဲနေတဲ့ ဒဏ်ရာချည်းပဲဗျာ ။ တချို့က နဖူးဟက်တက်ကွဲနေတာ – ဘာဖြစ်တာလဲမေးတော့ ရန်ဖြစ်တာလို့ပြောတယ် တစ်ရွာလုံးရန်ဖြစ်ရတယ်လို့ဗျာ ။ ဒီစကားကြားတော့ အောင်မြတ်သာက ပြုံးလိုက် တယ်။အန္တရာယ်ကင်းသွားပြီဆိုတော့ ကျွန်တော်တို့ လည်းနှုတ်ဆက်ပြီး ရွာထဲက ထွက်လာလိုက်တော့ တယ်။ ရွာထဲက လူတွေကိုတော့ ဘာပဲကြုံကြုံ ရေမန်းနဲ့ ဖြန်းပြီး လုပ်ဆောင်ကြဖို့ မှာခဲ့လိုက်တယ်။ များမကြာမီ .. ရွာလုံးကျွတ်အလှူ လေးရဲ့ သာဓု ခေါ်သံတွေ ခုထဲက ကြားရတော့မယ်လို့ တွေးထင်ရင်း…အရှေ့ကနေ ဖြည်းဖြည်းချင်းလျှောက်နေတဲ့ ဆရာအနောက်သို့ သက်ခိုင် ပြေးလိုက်သွားမိတယ်။ လေးစားစွာဖြင့် ဇေယန (ရာမည)