အောင်မြတ်သာနှင့်ထီးဖြူစောင့်နတ်သမီး

” အောင်မြတ်သာနှင့်ထီးဖြူစောင့်နတ်သမီး ”
ရေးသားသူ—ဇေယန(ရာမည)
+++++++++++

စိမ်းလန်းစိုပြေနေတဲ့ သစ်ပင်ပန်းမန်တွေအစီအရီပေါက်ရောက်နေတဲ့ တောလမ်းလေးက အလှအပခံစားတတ်သူတွေနဲ့ သဘာဝအလှကိုရေးစပ်သီကုံးမယ့်သူတွေအတွက်ကတော့ အရာရာ ပြည့်စုံတဲ့ကဗျာတစ်ပုဒ်ကိုရရှိမှာမလွဲဧကန်ဖြစ်ပေမယ့် သက်ခိုင်တို့ကတော့ အလှအပကိုခံစားဖို့ နေနေသာသာ အရှေ့ကနေ ဖြေးဖြေးမှန်မှန်သွားနေတဲ့ အောင်မြတ်သာရဲ့ခြေလှမ်းတွေကို အမှီလိုက် ရန်အသဲအသန်ကြိုးစားနေခဲ့ရတယ်။
ခွေျးတစ်လုံးမှမထွက်တဲ့အပြင် မောပန်းနွမ်းနယ်ခြင်းအလျဉ်းမရှိတဲ့ပုံစံနဲ့ သွားလာနေတဲ့ အောင်မြတ်သာကတော့ အနောက်ကိုစိုးစဉ်းမျှစိုးရိမ်ပူပန်ခြင်းမရှိပဲ လိုရာခရီးရောက်ဖို့အတွက်သာ စိတ်အားထက်သန်နေခဲ့တယ်။ နှစ်နာရီခန့်သွားပြီးတဲ့အချိန်မှာတော့ သက်ခိုင်နဲ့ တောက်ရတို့ရဲ့ ခြေထောက်တွေမှာ ခဲတွေဆွဲထားသလိုလေးလံလာတဲ့အတွက် ဆက်မလျောက်နိုင်တော့ပဲ ခေတ္တရပ် လိုက်တဲ့အချိန် အရှေ့မှာသွားနေတဲ့ အောင်မြတ်သာက အနောက်ကိုပြန်လှည့်လာပြီး
“ဘယ်လိုလဲ ပင်ပန်းနေကြပြီလား အခုငါတို့သွားနေတဲ့ခရီးကို အချိန်မှီမရောက်နိုင်ရင် အဓမ္မဝါဒီသမားက အရာရာကိုကြီးစိုးသွားလိမ့်မယ်”
“ဟုတ်ကဲ့ဆရာ ကျွန်တော်တို့ကြိုးစားပြီး လိုက်ခဲ့ပါမယ်”
သက်ခိုင်နဲ့တောက်ရက စိတ်ကိုတင်းကာပြောလိုက်တဲ့အချိန် အောင်မြတ်သာက လက်မှာ ပတ်ထားတဲ့ပုတီးထဲမှာပါတဲ့ သင်္ဘောကူးပုတီကိုခေါင်းကနေ ဖွင့်လိုက်ရာ ပုတီးလုံးထဲမှာ ဖြူဖွေး သန့်စင်နေတဲ့ ပြာမှုန့်အနည်းငယ်ကိုတွေ့လိုက်ရတယ်။ ပြီးတာနဲ့ ဘေးမှာရှိနေတဲ့ သစ်ရွက်တစ်ရွက် ကိုခူးကာ အညှာထိပ်နဲ့ပြာအနည်းငယ်ကိုတို့ပြီး
“ရော့ ဒီပြာကို တစ်ယောက်တစ်တို့စားလိုက်ကြ”လို့ပြောတော့ သက်ခိုင်နဲ့တောက်ရက သစ်ရွက်အညှာထိပ်မှာကပ်နေတဲ့ ပြာမှုန့်အနည်းငယ်ဆီကို လျာဖျားပေါ်တင်လိုက်ကြတယ်။ ဖန်တွတွအရသာရှိတဲ့ပြာမှုန့်က လည်ချောင်းတစ်လျောက် အေးမြစွာစီးဆင်းသွားပြီးမကြာမီ ခန္ဓာကိုယ်တစ်ခုလုံး ဖိန်းတိန်းရှိန်းတိန်းဖြစ်လာကာ ခွန်အားတွေပြည့်လာသလိုခံစားလိုက်ရတယ်။
“ဘယ်လိုလဲ အားတွေပြည့်လာပြီမဟုတ်လား”
“ဟုတ်ကဲ့ဆရာ မောပန်းနွမ်းနယ်တာတွေ ချက်ချင်းပေျာက်သွားတာ အသိသာကြီး နောက်ပြီး လူကလဲပေါ့ပါးလန်းဆန်းလာတယ်”
“ဒါဖြင့်လဲ ခရီးဆက်ကြရအောင် နောက်ထပ်တစ်နာရီလောက်သွားရင် ငါတို့လိုချင်တဲ့ခရီးကို ရောက်ပါပြီ”
အောင်မြတ်သာစကားအဆုံးမှာ သက်ခိုင်နဲ့တောက်ရက ပေါ့ပါးတက်ကြွစွာနဲ့ တောလမ်း ကို ဖြတ်သန်းပြီးလိုချင်တဲ့ခရီးကိုလှမ်းခဲ့ကြတယ်။ မိနစ်ငါးဆယ်လောက်လျောက်ပြီးတဲ့ အချိန်မှာတော့ မီးခိုးတလူလူထွက်နေတဲ့ ရွာကြီးတစ်ရွာကို အဝေးကနေလှမ်းမြင်လိုက်ရတယ်။ တောင်အောက်မှာ တည်ထားတဲ့ရွာဖြစ်တဲ့အတွက် ညီညာစွာစီရီနေတဲ့ ခေါင်မိုးတွေကိုကြည့်ပြီး လူနေထူထပ်တဲ့ ရွာတစ်ရွာဖြစ်တယ်ဆိုတာ သိရှိခဲ့ရတယ်။
အောင်မြတ်သာတို့လဲ ရွာသားတွေဖောက်ထားတဲ့ တောင်ဆင်းလမ်းအတိုင်း လျောက်လာခဲ့ပြီး မကြာခင်မှာပင် လူသံ၊ လှည်းသံ၊ ခွေးသံတွေကို စတင်ကြားလိုက်ရတယ်။ ရွာအဝင်လမ်းဝကိုရောက်တော့ ရွာသားတွေက ဟိုနားတစ်စု၊ ဒီနားတစ်စု စုပြီး စကားပြောနေရာ ကနေ အောင်မြတ်သာတို့ကိုမြင်တော့ အားလုံးကြက်သေသေကာ အံ့သြသွားကြတယ်။ သက်ခိုင်နဲ့ တောက်ရကတော့ တစ်ခုခုတော့ထူးခြားတော့မယ်ဆိုတာသိတဲ့အတွက် အောင်မြတ်သာ အနောက်ကနေ အသာကပ်လိုက်ရင်း ပတ်ဝန်းကျင်ကိုအကဲခတ်နေခဲ့တယ်။
မကြာခင် ရွာလူထုထဲက ပေါက်ပေါက်ရောက်ရောက်ရှိတဲ့လူက အောင်မြတ်သာတို့အနားကို ကပ်လာပြီး –
“ဆွတ်ဆွတ်ဖြူတဲ့ မင်းထီးဖြူ အဘယ်သူကစောင့်သနည်း” ဆိုပြီးမေးတော့ အောင်မြတ်သာ က ပြုံးလိုက်ပြီး –
“ မိခင်ဖြစ်သူစောင့်ပါ၏”လို့ဖြေလိုက်တယ်ဆိုရင်ပဲ တစ်ရွာလုံး ဒူးထောက်ထိုင်ချကာ ငိုတဲ့သူကငို အားကိုးတစ်ကြီး လှမ်းကြည့်တဲ့သူကကြည့်ဖြစ်သွားတာမြင်တော့ သက်ခိုင်နဲ့ တောက်ရ ပါးစပ်အဟောင်းသားဖြစ်သွားပြီး ဘာများဖြစ်တာပါလဲဆိုတဲ့အကြည့်နဲ့ အောင်မြတ်သာကိုလှမ်း ကြည့်လိုက်တယ်။
အောင်မြတ်သာကတော့ ရွာသားတွေအားလုံးကို မတ်တပ်ထရပ်ခိုင်းလိုက်ပြီး
“ရွာသူရွာသားအပေါင်းတို့ သင်တို့ မစိုးရိမ်ကြနဲ့ မကြောက်လန့်ကြနဲ့ ဒီရွာကို ကူညီဖို့ ကျုပ်ကိုအထူးတာဝန်ပေးအပ်ထားတဲ့အတွက် သင်တို့ပြဿနာက ကျုပ်ရဲ့ပြဿနာဖြစ်တယ်” လို့ ပြောလိုက်တော့မှ တစ်ရွာလုံးရဲ့မျက်နှာမှာ အပြုံးပန်းတွေပွင့်ဖူးလာခဲ့ကြတယ်။
ရွာရဲ့အကြီးအကဲဖြစ်ဟန်တူတဲ့လူက အောင်မြတ်သာတို့ကို အသင့်ပြင်ထားတဲ့ အိမ်တစ်အိမ် ပေါ်ကိုခေါ်သွားခဲ့ပြီး
“ဒီအိမ်က ဆရာတို့အတွက် ကြိုတင်ပြင်ထားခဲ့တာ လွတ်လွတ်လပ်လပ်နေကြပါ”
အောင်မြတ်သာတို့လဲ အိမ်ပေါ်ကိုရောက်တော့ ပါလာတဲ့ပစ္စည်းအနည်းငယ်ကို နေရာချလိုက်ပြီး
“ ဘယ်လိုကနေ စဖြစ်တာလဲပြောပါဦး”
“ အဖြစ်ကဒီလိုပါ လွန်ခဲ့တဲ့ သုံးလလောက်က ရွာဦးဆရာတော်က ထူးဆန်းတဲ့စကား တစ်ခွန်းမိန့်ခဲ့တယ်။ စကားထဲမှာ သူမရှိတာ နှစ်လပြည့်တဲ့နေ့မှာ တရားဟောပလ္လင်မှာရှိတဲ့ ထီးဖြူက အလိုလိုနေရင်း ကျိုးကျလာလိမ့်မယ်တဲ့ ထီးဖြူကျိုးတာနဲ့ ရွာထဲကိုမကောင်းတဲ့ အနှောက်အယှက်တွေ ဝင်လာကြလိမ့်မယ် ကံနိမ့်သူတွေ၊ ကလေးသူငယ်တွေ အထူးသတိထားကြပါ”လို့မိန့်ခဲ့တယ်။ ကျုပ်တို့လဲ ဆရာတော်စကားကိုကြားတော့ စိတ်ထဲ ထင့်နေ ပေမယ့် ကျန်းမာရေးအကောင်းကြီးဖြစ်နေတဲ့ဆရာတော်ကို လုံးဝစိတ်မပူခဲ့ကြဘူး။ လွန်ခဲ့တဲ့ တစ်လမှာ ရွာမှာရှိတဲ့အိမ်တွေကနေ တစ်အိမ်တစ်ယောက် ဘုန်းကြီးကျောင်းကိုလာဖို့ ဆင့်ခေါ် ခဲ့တယ်။ ကျောင်းမှာလူစုံတော့ ဆရာတော်က တရားဟောပလ္လင်ပေါ်ကနေ ထိုင်ပြီး နောက်လ တနင်္လာနေ့ရောက်ရင် ရွာထဲကို လူစိမ်းသုံးယောက်ဝင်လာကြလိမ့်မယ်။ သူတို့ဝင်လာတဲ့ အခါ ရွာလူကြီးက ဘုန်းကြီးပြောပြမယ့့်စကားဝှက်ကိုမေးပါ။ အဖြေမှန်အောင်မပြောနိုင်ရင် ရွာထဲကို မပေးဝင်ပဲ ချက်ချင်းမောင်းထုတ်ကြပါ၊ စကားဝှက်ကိုမှန်အောင်ပြောနိုင်တဲ့သူရောက်တဲ့ထိ သတိရှိကြပါလို့ မိန့်ခဲ့တယ်”
ရွာလူကြီးက စကားပြောနေရင်း မောသွားဟန်နဲ့ ခေတ္တနားလိုက်ပြီး ကြမ်းပေါ်မှာချထားတဲ့ ရေနွေးကြမ်းတစ်ခွက်ကို‌မော့သောက်လိုက်တယ်။
“နောက်တစ်နေ့ ဆွမ်းစားပြီးတဲ့ အချိန်ရောက်တော့ ဆရာတော်က အကောင်းကြီးကနေ ပျံလွန်တော်မူခဲ့တယ်။ ကျုပ်တို့ဖြင့် ဘယ်လိုမှမယုံနိုင်ဖြစ်ခဲ့ရတာ။ ဆရာတော်ပျံလွန်တော်မူပြီး နှစ်လပြည့်တဲ့နေ့မှာတော့ တရားဟော ပလ္လင်အနောက်မှာထောင်ထားတဲ့ ထီးဖြူက အလိုလိုနေရင်း ကျိူးကျပါလေရော။ ထီးဖြူကျိုးတဲ့ညကစပြီး အူလိုက်တဲ့ခွေး၊ ကြားလိုက်ရတဲ့ ညီးသံဆိုတာ မပြောပါနဲ့တော့။ ကျုပ်တို့လဲ မနက်မိုးလင်းဖို့ကိုထိုင်စောင့်ရင်း အိပ်ရေးပျက်ခဲ့တဲ့ ညတွေများလှပြီ။ ဆရာတို့မလာခင်ကဆို အစိမ်းရောင် အဝတ်တွေဝတ်ထားတဲ့ လူသုံးယောက် ရောက်လာသေးတယ်။ ကျွန်တော်တို့က စကားဝှက်ကို မေးတော့ မှန်အောင်မဖြေနိုင်တဲ့အတွက် ရွာသားတွေအားလုံးစုပြီးမောင်းထုတ်လိုက်ရသေးတယ်။ သူတို့ကတော့မကျေနပ်တဲ့ပုံစံနဲ့ တောက် ခတ်ပြီးပြန်ထွက်သွားကြတယ်။ အခုဆရာတို့ရောက်လာတော့ စကားဝှက်ကို ချက်ချင်းမှန်အောင် ဖြေနိုင်တဲ့အတွက် တစ်ရွာလုံးအားတက်ခဲ့ရတာပဲ”
ရွာလူကြီးစကားကိုနားထောင်ပြီး အောင်မြတ်သာက
“ဆရာတော်ကို သင်္ဂြိုလ်တော့ ဘာထူးဆန်းတာဖူးမြင်ခဲ့ရသေးလဲ”
“အဲ ဟုတ်တယ် ကျုပ်ပြောဖို့မေ့နေတာ ဆရာတော်သင်္ဂြိုလ်ပြီးတဲ့အချိန် ရွှေသားအတိပြီး နေတဲ့ လက်ဖျံရိုးတစ်ချောင်းကိုတွေ့ခဲ့ရတော့ ကျုပ်တို့လဲ ဘုန်းကြီးကျောင်းမှာ မှန်ဘောင်နဲ့ သေချာကိုးကွယ်ထားကြတာ”
“ဆရာတော်က သင်တို့ရွာအတွက် ကိုးကွယ်နိုင်မယ့်အရာတစ်ခုချန်ထားခဲ့တာကိုး ဒါကို လိုချင်နေကြတဲ့သူတွေကလဲ ဒုနဲ့ဒေးရှိကြတဲ့အတွက် ဆရာတော်ကိုအမြဲစောင့်ရှောက်နေတဲ့ ထီးဖြူစောင့်နတ်သမီးကို အဝေးကိုပထုတ်လိုက်ကြတာပဲ”
“ဘယ်လို မကြာခင်ကကျိုးသွားတဲ့ထီးဖြူမှာ နတ်သမီးစောင့်တယ် ဟုတ်လား”
“ အဲလိုပဲမှတ်ထားကြပေါ့ဗျာ အခုတော့ ညနေဝင်ရီတစ်ရော အချိန်ရောက်တာနဲ့ တံခါးပိတ် မီးမှိတ်ပြီး အိမ်ထဲမှာပဲနေကြဖို့၊ ဘာအသံပဲကြားကြား အပြင်ကိုထွက်မကြည့်ကြဖို့ ရွာလူကြီးကပဲ ဆော်သြပေးပါ”
အောင်မြတ်သာစကားအဆုံးမှာ ရွာလူကြီးက ခေါင်းတစ်ညိမ့်ညိမ့်လုပ်ပြီး ပြန်ဆင်းသွား ခဲ့တယ်။ ရွာလူကြီးပြန်သွားတော့ အောင်မြတ်သာက သက်ခိုင်နဲ့ တောက်ရကိုခေါ်ပြီး
“ ဒီညကစပြီး ရွာကိုငါတို့ကာကွယ်ရမယ်။ နောက်ပြီး ဆရာတော်ရဲ့ လက်ဖျံရိုးကို လိုချင်နေကြတဲ့ နတ်ဆိုးမိစ္ဆာတွေရဲ့ဒဏ်ကြောင့် ချုပ်နှောင်ခံထားရတဲ့ ထီးဖြူစောင့်နတ်သမီးကို ကယ်တင်ရဦးမယ်”
“ဆရာ ထီးဖြူစောင့်နတ်သမီးက ဘာလို့ နတ်ဆိုးတွေရဲ့ ချုပ်နှောင်တာကိုခံရတာလဲ သူ့မှာ အစွမ်းအစမရှိလို့လား”
“မဟုတ်ဘူးသက်ခိုင် တရားဟောပလ္လင်မှာရှိတဲ့ ထီးဖြူက ဆရာတော်ရဲ့မယ်တော်ကိုယ်တိုင် လှူထားခဲ့တာ။ မယ်တော်ကြီးဆုံးတော့ လှူထားခဲ့တဲ့ ထီးဖြူကိုစွဲလမ်းတဲ့စိတ်ကြောင့် နတ်ပြည်ကို မသွားနိုင်ပဲ ထီးဖြူမှာ အချိန်အတိုင်းအတာတစ်ခုထိ တွယ်ကပ်နေနေရတာ။ လူတွေနားလည် လွယ်အောင်ပြောရရင် မကျွတ်မလွတ်ဘူးပေါ့ကွာ။ ဒါပေမယ့် မယ်တော်ကြီးပြုခဲ့တဲ့ ကုသိုလ်တွေရဲ့ အကျိုးကပြောမကုန်တဲ့အတွက် ထီးဖြူစောင့်နတ်သမီးလို့သုံးနှုန်းခဲ့တာ”
အောင်မြတ်သာစကားအဆုံးမှာ သက်ခိုင်နဲ့ တောက်ရတို့နားလည်သဘောပေါက်သွားကြပြီး
“ဟုတ်ကဲ့ဆရာ အခုမှပဲ ရှင်းသွားတော့တယ် ကျွန်တော်တို့က ဒီညဘာတွေလုပ်ရမှာလဲ”
“ဆရာတော်က သူပျံလွန်တာနဲ့ ဒီပြဿနာဖြစ်မယ်ဆိုတာသိလို့ ငါတို့မရောက်ခင်အထိ ခံနိုင်ရည်ရှိတဲ့ အစီအရင်တစ်ခုကို ရွာပတ်ပတ်လည်မှာ ချထားခဲ့တယ်။ ဒါပေမယ့် ဆရာတော်က မမြင်အပ်တဲ့ နတ်မိစ္ဆာတွေအတွက်ပဲစဉ်းစားပြီးလုပ်ထားတဲ့အတွက် လူသာမန်အဖြစ်ဟန်ဆောင်လို့ ရတဲ့ အောက်လမ်းသမားတွေအတွက် လစ်ဟာသွားခဲ့တယ်။ ဒါကြောင့် ထီးဖြူစောင့်နတ်သမီးကို သူတို့ရဲ့ပညာနဲ့ထိန်းချုပ်ပြီး ဖမ်းထားခဲ့ကြတာပဲ။ ဒီညမှာတော့ ဆရာတော်ရဲ့ အစီအရင်အစွမ်းက ပျက်ပြယ်ပြီဖြစ်တဲ့အတွက် နတ်မိစ္ဆာတွေအနည်းနဲ့အများဝင်ရောက်လာကြမှာပဲ။ မင်းတို့ငါတို့က ညဘက်မှာ နတ်မိစ္ဆာတွေကို တားဆီးရမှာဖြစ်ပြီး မနက်ဘက်မှာတော့ သာမန်လူဟန်ဆောင်ထားတဲ့ အောက်လမ်းဆရာတွေကို တားဆီးရမှာဖြစ်တယ်”
“ဒါဆို ကျွန်တော်တို့က ဘယ်အချိန်ထိ ကာကွယ်ရမှာလဲ”
တောက်ရစကားကြောင့် အောင်မြတ်သာက ရွာထိပ်ဘက်ကိုငေးကြည့်ပြီး
“ဘယ်အချိန်ထိလဲဆိုတာ ငါ့ကိုမညွှန်ကြားသေးဘူး ဒါကြောင့် အထက်ဆရာကြီးတွေ အမိန့်မချမခြင်း ငါတို့ဒီရွာကိုစောင့်ရှောက်ရမယ်”လို့ပြောကာ နှင်းဆီပန်းတွေနဲ့ပူဇော်ထားတဲ့ ဘုရားကျောင်းဆောင်ရှေ့ကိုထွက်သွားခဲ့တယ်။
သက်ခိုင်နဲ့တောက်ရလဲ ဘုရားကျောင်းဆောင်အရှေ့မှာ ထိုင်ကာတရားအားထုတ်နေတဲ့ အောင်မြတ်သာကိုမြင်တော့ ခေါင်းထဲမှာရှိနေတဲ့အတွေးတွေအားလုံးကို ထုတ်ပစ်ကာ အင်းစမတွေကိုစိတ်နှစ်ပြီးရေးဆွဲကြခဲ့ကြတယ်။ ညနေစောင်းအချိန်ရောက်တော့ လုပ်လက်စအလုပ် တွေအားလုံးကိုလက်စသတ်ကာ ညဘက်အစီအစဉ်ကို ဆရာတပည့်တွေ အသေးစိတ်တိုင်ပင် ခဲ့ကြတယ်။ နေရောင်တောင်စွယ်မှာကွယ်တာနဲ့ ရွာသားတွေအားလုံး အိမ်တံခါးကိုပိတ်ပြီး မိမိတို့ မွေးထားတဲ့ခွေးတွေကိုပါ ခြံတွေခေါ်ထည့်ထားခဲ့ကြတယ်။ နေရောင်ပျောက်ပြီးမကြာခင်မှာ အမှောင်ထုက တစ်ရွာလုံးကိုဖြေးညှင်းစွာလွှမ်းခြုံလိုက်ပါလေရော။
အောင်မြတ်သာတို့ကလဲ ရွာအဝင်ထိပ်မှာ မတ်တပ်ရပ်ပြီး ကျရောက်လာမယ့်အန္တရာယ် တွေကိုဖြေရှင်းပေးရန်စောင့်နေတဲ့အချိန် ရွာအပြင်တောစပ်ကနေ ဖြေညှင်းစွာလျောက်လာနေတဲ့ အကောင်မဲမဲတွေကို ခပ်ဝါးဝါးလှမ်းမြင်လိုက်ရတယ်။ သက်ခိုင်နဲ့တောက်ရက ရွာနီးချုပ်စပ်ကို ကပ်လာနေတဲ့ အကောင်တွေကို စူးစိုက်ကြည့်နေခဲ့ရာ ဝါးသုံးပြန်စာအကွာအဝေးလဲရောက်ရော တစ်ကိုယ်လုံးမဲနက်နေတဲ့ ခွေးနက်ကြီးတွေဖြစ်နေတာမြင်လိုက်ကြရတယ်။
ဒီအချိန် တစ်ကိုယ်လုံးမဲနက်နေတဲ့ ခွေးနက်အုပ်ကြီးက ရွာအနားကိုကပ်လာတယ်ဆိုထဲက သွေးရိုးသွေးသားမဟုတ်ဘူးဆိုတာသဘောပေါက်တဲ့ဟန်နဲ့ အောင်မြတ်သာကိုလှမ်းကြည့်လိုက်ပြီး
“ဆရာ ဒီကောင်တွေက သာမန်တော့မဟုတ်လောက်ဘူးနော် ခေွးအသွင်ပြောင်းပြီး ရွာကို အကဲလာခတ်တာဖြစ်မယ်”
“ဟုတ်တယ်သက်ခိုင် ငါလဲ မင်းလိုပဲတွေးထင်မိတယ် သူတို့ဘာဆက်လုပ်မယ်ဆိုတာ အရင် စောင့်ကြည့်လိုက်ပါဦး”
အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့တောက်ရက အမှောင်ထုထဲကနေ အခြေအနေကို အကဲခတ်နေတဲ့အချိန် ခွေးနက်အုပ်ကြီးက သက်ရှိတစ်ကောင်တစ်လေကိုမှ မတွေ့ရတော့ အခွင့်သာပြီဆိုတဲ့ဟန်နဲ့ ရွာထဲကိုအရှိန်နဲ့ပြေးလာပြီး လူတစ်ရပ်ခန့်မြင့်တဲ့ ခြံစည်းရိုးကို ခုန်ကျော် လိုက်တဲ့အချိန် ခြံစည်းရိုးအပြင်ဘက်မှာ အောင်မြတ်သာတို့စီရင်ထားတဲ့ အကာအကွယ်နဲ့ထိပြီး ရွာအပြင်ဘက်ကို ပြန်လွှင့်ထွက်သွားခဲ့တယ်။
အရှေ့ကနေခုန်ဝင်သွားတဲ့ ခွေးနက်သုံးကောင် ကိုးရိုးကားလျားပြုတ်ကျလာတာမြင်တော့ အနောက်မှာရှိနေတဲ့ ခွေးနက်အုပ်ကြီးက ခုန်မဝင်တော့ပဲ ပတ်ဝန်းကျင်ကိုလိုက်ကြည့်ကာ တစ်ခုခုကို အနံ့ခံနေခဲ့တယ်။ အတန်ကြာ စူးစမ်းပြီးတော့မှ လေးဘက်ထောက်ထားတဲ့ ခြေထောက်တွေကို ပဒတ်ရပ်သလိုမတ်တပ်ရပ်လိုက်တယ်ဆိုရင်ပဲ ခွေးနက်အသွင်ကနေ ကြောက်မက်ဖွယ် နာနာဘာဝတွေအဖြစ်ပြောင်းလဲသွားတာကို အောင်မြတ်သာတို့မြင်လိုက်ရတယ်။
တစ်ကိုယ်လုံးကြမ်းတမ်းတဲ့ အမွှေးအမျှင်တွေနဲ့ဖုံးအုပ်ထားတဲ့အတွက် ရုပ်ရည်သွင်ပြင်ကို ရှင်းလင်းစွာမမြင်ရပေမယ့် ရက်စက်ကြမ်းကြုတ်ပြီးသနားညှာတာမှုကင်းမဲ့နေတဲ့ဟန်ကအထင်သာ ဖုံးကွယ်ထားတဲ့ အမွှေးအမျှင်အောက်ကနေ အထင်းထားပေါ်လွင်နေခဲ့တယ်။ အောင်မြတ်သာလဲ ဒီကောင်တွေဘာဆက်လုပ်မလဲဆိုတာ စောင့်ကြည့်နေတဲ့အချိန် မျက်စိလည်လမ်းမှားပြီး‌ လျောက်သွားနေတဲ့ ခွေးအတစ်ကောင်က နာနာဘာဝတွေအရှေ့အနေ အမှတ်မထင် ဖြတ်လျောက် သွားခဲ့တယ်။
နာနာဘာဝတွေကလဲ သူတို့အရှေ့ကနေ ဖြတ်သွားတဲ့ခွေးအကို အမြှီးကနေဆွဲကိုင်ပြီး မြေကြီးနဲ့ရိုက်သတ်ကာ အငမ်းမရလုယက်စားသောက်ကြပါလေရော။ ရုတ်တရက်မထင်မှတ်ပဲ ဖြစ်သွားတဲ့အတွက် အောင်မြတ်သာဘာမှမတတ်နိုင်ပဲ ကြည့်နေတဲ့အချိန် ခွေးအရဲ့ခန္ဓာကိုယ်က မိနစ်အနည်းငယ်အတွင်း နာနာဘာဝတွေရဲ့ ပါးစပ်ထဲကိုရောက်သွားခဲ့တယ်။ သွေးစိမ်းရှင်ရှင်တွေနဲ့ အသားတုံးတွေကို အငမ်းမရစားသောက်ပြီးသော်လည်း ဆာလောင်မှုကိုအတောမသတ်နိုင်သေးတဲ့ အတွက်ရွာထဲမှာရှိနေတဲ့ လူသားတွေရဲ့အငွေ့အသက်ကို အနံ့ခံကာ လျာတစ်ပြင်ပြင် အစွယ်တကားကားလုပ်လာပါလေရော။
ဒီတစ်ခါမှာတော့ အောင်မြတ်သာမနေသာတော့ပဲ အသားစားကြူးနေကြတဲ့ နာနာဘာဝတွေရှိရာ ရွာအပြင်ဘက်ကို တစ်လှမ်းချင်းထွက်လာခဲ့လိုက်တယ်။ ရွာထဲကနေ ထွက်လာတဲ့ အောင်မြတ်သာကိုမြင်တော့ သူတို့အတွက် အစာရပြီဆိုတဲ့အထင်နဲ့ အမဲဖျက်ရန် အုပ်စုလိုက်ပြေးဝင်လာခဲ့ကြတယ်။
အောင်မြတ်သာကလဲ ပြေးဝင်လာတဲ့ နာနာဘာဝတွေကို အနားမရောက်ခင်မှာပဲ လက်ပြန် ရိုက်ထုတ်လိုက်ရာ အနောက်ကို ဆယ်ပေလောက်လွင့်ထွက်သွားကာ အသံနက်ကြီးနဲ့အော်ဟစ် လူးလိမ့်ပါလေရော။ သူတို့ဘက်ကထိသွားတာသိတဲ့ နာနာဘာဝတွေက အောင်မြတ်သာကို တိုက်ခိုက်ရန်ထပ်မံပြေးဝင်လာတဲ့အချိန် အရှေ့မှာရှိနေတဲ့ မြေပြင်ကနေ လှိုင်းလုံးတွေတက်လာပြီး အောင်မြတ်သာအရှေ့မှာဆီးခံထားပါလေရော။
နာနာဘာဝတွေလဲ လူခါးစောင်းလောက်မြင့်တက်လာတဲ့ မြေကျစ်စာခဲပုံကို ကျော်ခွဖို့အလုပ် မြေကျစ်စာထဲကနေ ကုန်းကွပြီးထွက်လာတဲ့ ဘီလူးနှစ်ကောင်က ကျော်ခွဖို့လုပ်နေတဲ့ နာနာဘာဝ တွေရဲ့ခြေထောက်တေွကိုဆွဲကိုင်ကာ အနားမှာရှိတဲ့ သရက်ပင်ရဲ့ပင်စည်နဲ့ရိုက်ချပြီး ခပ်လှမ်းလှမ်း ကိုပစ်ထုတ်လိုက်တယ်။
ပါးစပ်ကနေ အပြင်ကိုကော့ပြီးတက်နေတဲ့ အစွယ်ဖွေးဖွေးတွေအပြင် မာန်ဌာန်အပြည့်နဲ့ ရပ်နေကြတဲ့ ဘီလူးနှစ်ကောင်ကိုမြင်တော့ ရှေ့ဆက်မတက်ရဲကြတော့ပဲ ရောက်တဲ့နေရာမှာ ရပ်ပြီး အခြေအနေကိုစောင့်ကြည့်နေခဲ့တယ်။ ဘီလူးနှစ်ကောင်ကလဲ မလှုပ်မယှက်နဲ့ အရှေ့မှာကာကွံယ်ဖို့ အသင့်အနေအထားဖြစ်နေတဲ့အချိန် အောင်မြတ်သာက
“ ဒီအသားစားကျူးတဲ့နာနာဘာဝတွေကို သင်တို့ညီနောင်ရဲ့လက်စွမ်းပြလိုက်ပါဦး”လို့ပြော လိုက်တယ်ဆိုရင်ပဲ ငြိမ်သက်နေတဲ့ ဘီလူးညီနောင်က ညာသံပေးအော်ဟစ်ကာ နာနာဘာဝအုပ်ထဲ ကို ပြေးဝင်ပြီး တွေ့ရာမြင်ရာအကုန် ရိုက်ပုတ်ထုနှက်ပါလေရော။ အများနဲ့နှစ်ယောက်ဖြစ်ပေမယ့် စိတ်ကြမ်းလူကြမ်းဖြစ်နေတဲ့ ဘီလူညီနောင်ရဲ့ တင်းပုတ်အောက်မှာ အလူးအလဲ အကွဲအပြဲနဲ့ နာနာဘာဝတွေအထိနာနေတဲ့အချိန် အနက်ရောင်အခိုးငွေ့တစ်ခုက တောစပ်ထဲကနေထွက်လာပြီး ဘီလူညီနောင်ကို လှုပ်မရအောင် ချုပ်ထားလိုက်ပါလေရော။
ဘီလူးညီနောင်လဲ ကိုယ်မှာပတ်နေတဲ့ အနက်ရောင်အခိုးငွေ့တွေကနေ လွတ်အောင် အားကုန်ရုန်းကန်ပေမယ့် ရုန်းလေပတ်ထားတဲ့အခိုးတွေက ပိုပြီးတင်ကြပ်လေဖြစ်လာတာမြင်တော့ အောင်မြတ်သာက
“ဒါမှော်နက်ကေျာ့ကွင်းပဲ ရုန်းလေရစ်ပတ်လေဖြစ်ပြီး မင်းတို့ကိုယ်ကို တစ်စစီဖြစ်အောင် လုပ်လိမ့်မယ် နှစ်ယောက်လုံး မရုန်းကြနဲ့”လို့အော်ပြောပြီး အရှေ့ကိုတက်လာတဲ့အချိန် တောစပ် အတွင်းကနေ တင်းတောင်းလောက်ရှိတဲ့ မီးလုံးတစ်လုံးက အောင်မြတ်သာမျက်နှာတည့်တည့်ကို ဝါးလုံးထိုးဝင်လာတာ မြင်လိုက်ရတယ်။ သတိရှိတဲ့အောင်မြတ်သာက မီးလုံးအနားရောက်တာနဲ့ ကိုယ်ကိုအနည်းငယ်စောင်းပြီးရှောင်လိုက်ရာ ညာဘက်လက်မောင်းဘေးကနေ ပွတ်ပြီးထွက်သွား ခဲ့တယ်။ မီးလုံးကြီးက အောင်မြတ်သာတို့ အနားတစ်ဝိုက်မှာဝေ့ဝိုက်ပျံသန်းနေတာမြင်တော့ သက်ခိုင်က လက်ထဲကိုင်ထားတဲ အင်းစမနဲ့လှမ်းပစ်ပြီး တားလိုက်ပေမယ့် အင်းစမက မီးလုံးနဲ့ထိပြီး အစိပ်စိပ်အမွှာမွှာလွင့်ထွက်သွားခဲ့တယ်။
“ ဟင် ဘယ်လိုဖြစ်တာလဲ”
တောက်ရရဲ့ အာမေဋိတ်အသံက ဘေးကနေကျယ်လောင်စွာထွက်ပေါ်လာခဲ့တာကိုမြင်တဲ့ အောင်မြတ်သာက –
“ဒီပညာမျိုးက လူတစ်ထောင်မှာ တစ်ယောက်အောင်မြင်ဖို့ခဲယဉ်းတယ် စုန်းကဝေပညာရပ် တွေမှာ အတိတ်ဘဝက ပါရမီပါလာတဲ့သူတွေတောင် ကျင့်ကြံအောင်မြင်ဖို့မလွယ်ဘူး”လို့ပြောလိုက် တာနဲ့ မီးလုံးကြီးက အောင်မြတ်သာတို့နဲ့မလှမ်းမကမ်းနေရာကို အရှိန်နဲ့ကျလာပြီး မြေကြီးနဲ့ထိ တဲ့အချိန် မီးဖွားမီးစတွေက ဗျောက်အိုးဖောက်သလို ဘေးကိုလွင့်ထွက်လာခဲ့တယ်။ မီးဖွားမီးစတွေ ဖြာထွက်လာတဲ့နေရာရဲ့ အလယ်မှာတော့ ဆင်စွယ်ရောင်ပိုးအင်္ကျီနဲ့တောင်ရှည်ပုဆိုးကိုသေသပ်စွာ ဝတ်ဆင်ထားတဲ့ အသက်ငါးဆယ်အရွယ်လူကြီးတစ်ယောက်ကိုမြင်လိုက်ရတယ်။
အောင်မြတ်သာက သန့်ပြန့်ခန့်ညားနေတဲ့လူကြီးကိုမြင်တော့ –
“ မှော်နက်ပညာစွမ်းက အံ့မခန်းစရာကောင်းလောက်အောင် စွမ်းတဲ့အပြင် ကျုပ်တို့အင်းကို တောင်တစ်စစီဖြစ်အောင်လုပ်နိုင်တာကို အရင်ဆုံးချီးကျူးပါရစေ”
“ မဟုတ်တာ မဟုတ်တာ စုန်းကဝေလောကမှာ နာမည်ကျော်ကြားနေတဲ့ ဆရာတစ်ဆူရဲ့ ချီးမြှောက်တဲ့စကားကို ကျုပ်မခံယူဝံ့ပါဘူး”
“ ကဲဗျာ ကျုပ်တို့နှစ်ယောက်က လမ်းစဉ်ခြင်းမတူညီဘူးဆိုပေမယ့် အတတ်နိုင်ဆုံး ညှိနှိုင်းလို့ ရမယ်ထင်ပါတယ် သင်ဒီကိုလာတာ ဘာအရေးကိစ္စများရှိလို့ပါလဲ”
“ ကျုပ်ကလဲ ဒီလိုပွင့်လင်းတာကိုသဘောကျတာ အခုကျုပ်လိုချင်တာက ရွှေအတိပြီးနေတဲ့ လက်ဖျံရိုးတစ်ချောင်းပဲ၊ ဒါကိုရရင် ဘယ်သူ့ကိုမှဒုက္ခမပေးပဲ ကျုပ်နေရာကို ကျုပ်ပြန်မှာပါ”
“ သင်တောင်းဆိုမှုက အရမ်းကြီးလွန်းတယ် ရွှေအတိပြီးတဲ့လက်ဖျံရိုးဆိုတာ ဝိဇ္ဇာလမ်းကို ထွက်ခွာသွားတဲ့ဆရာတော်ကြီးက သူ့ရွာသူရွာသားတွေ အမှတ်တရကိုးကွယ်ရအောင် အဓိဌာန်နဲ့ ထားခဲ့တဲ့ပူဇော်ခံပစ္စည်းတစ်ခုပဲ၊ ဒီပစ္စည်းမျိုးက သင်တို့ပညာရပ်နဲ့အပ်စပ်မှုမရှိပါဘူး”
အောင်မြတ်သာစကားအဆုံးမှာ တောင်ရှည်ဝတ်လူကြီးမျက်နှာ တင်းမာသွားပြီး
“ ဒီနယ်တစ်ကြောမှာ ကျုပ်သတ်ခဲ့တဲ့ အထက်လမ်းပညာသည်တွေရဲ့ အလောင်းကိုစုပုံလိုက် မယ်ဆိုရင် ရွာထဲကလူတွေထက်တောင်များချင်များသွားဦးမယ် ကျုပ်စိတ်ကြည်လင်နေတဲ့အချိန် စကားကောင်းပြောနေတုန်း ပေးရင်ပေးပါ မပေးဘူးဆိုရင် ဘာဖြစ်သွားမလဲဆိုတာ စောင့်ကြည့်လိုက်”
“ ဒါဖြင့်လဲ ဘာဖြစ်မလဲဆိုတာ ကျုပ်ကြည့်ချင်ပါတယ် ဒီပညာပြိုင်ပွဲက ကျုပ်ဖြတ်သန်းခဲ့တဲ့ ကာလတစ်လျောက်မှာအထူးခြားဆုံးနဲ့ အပြင်းထန်ဆုံးဖြစ်ချင်ဖြစ်လာနိုင်မှာပါ”
“ ဟက်ဟက် မင်းလဲ ထီးဖြူမှာစောင့်နေတဲ့မိန်းမလို အကြောခပ်တင်းတင်းပါလား၊ သူလဲ ငါကောင်းကောင်းမွန်မွန်တောင်းခဲ့တုန်းက မင်းလိုရင့်ရင့်သီးသီးပြောခဲ့တယ်လေ၊ အခုတော့လဲ ငါ့ထိန်းချုပ်မှုအောက်မှာ ဝပ်ဆင်းခဲ့ရတာပဲမဟုတ်လား”
“ဖြစ်နိုင်ပါတယ် ဒါပေမယ့် ထီးဖြူစောင့်တဲ့ပုဂ္ဂိုလ်က စွဲလမ်းမှုကြောင့်ဖြစ်ခဲ့တဲ့ အကုသိုလ် အဟုန်ကုန်ဆုံးပြီး တန်ခိုးကြီးတဲ့နတ်သမီးတစ်ပါးဖြစ်လာတော့မှာ အဲဒီအခါ သင့်ပညာတွေ အရမ်းစွမ်းပါတယ်ဆိုရင်တောင် ဒူးထောက်အရှုံးပေးရမှာ”
“တိတ်လိုက်စမ်း ငါလိုကောင်က ခြောက်တိုင်းကြောက်မယ့်ထဲမှာမပါဘူး အခု မင်းကိုသတ်ပြီးရွှေသားအတိပြီးတဲ့ လက်ဖျံရိုးကိုယူမယ်၊ လက်ဖျံရိုးရတာနဲ့ ဒီဇမ္မူမှာ နက်ကျော်က အစွမ်းထက်ဆုံးဖြစ်ပြီ”
“ဒါဖြင့်လဲ လက်ဖျံရိုးကိုယူဖို့ ကျုပ်ကိုအရင်နိုင်အောင် တိုက်စမ်းပါ”
အောင်မြတ်သာရဲ့စိန်ခေါ်မှုကြောင့် နက်ကျော်ဆိုတဲ့လူက အနောက်ကို ငါးလှမ်းခန့်ဆုတ်သွားပြီး မြေကြီးကိုခြေဖနောင့်နဲ့ပေါက်လိုက်ရာ မြေကြီးထဲကနေ ရေလှိုင်းတွေလို လှိုင်းတံပိုးတွေထလာပြီး အောင်မြတ်သာရဲ့ ခန္ဓာကိုယ်ပေါ်ကို ခြတောင်ပို့တွေလို တစ်ရစ်ရစ်နဲ့တက်လာခဲ့တယ်။
“ဟားဟား ရုန်းစမ်း ငါ့ရဲ့ပထဝီပညာချုပ်ကို လွတ်အောင်ရုန်းစမ်း”
နက်ကျော်ဆိုတဲ့လူက ရုန်းကန်မရဖြစ်နေတဲ့ အောင်မြတ်သာကိုကြည့်ပြီး ဝမ်းသာအားရ အော်ရယ်နေတဲ့အချိန် ဘေးမှာရပ်နေတဲ့ သက်ခိုင်က အိမ်ကမထွက်ခင် အောင်မြတ်သာပေးထားတဲ့ အင်းစမတစ်ချုပ်ကို လက်ပေါ်တင်ပြီး ဂါထာတစ်ပုဒ်ကိုရွတ်လိုက်တယ်ဆိုရင်ပဲ အင်းစမက လေပေါ်ပျံတက်သွားပြီး အောင်မြတ်သာရဲ့ဦးခေါင်းပေါ်မှာ ငြိမ်သက်သွားပါလေရော။
မကြာခင် ခေါင်းပေါ်မှာရှိတဲ့ အင်းစမထဲကနေ ကြည်လင်တောက်ပနေတဲ့ ရေစက်တွေ အရှိန်အဟုန်နဲ့ကျလာပြီး ခန္ဓာကိုယ်မှာမြေစာနဲ့တူတဲ့အညစ်အကြေးတစ်စမှမကျန်အောင် တိုက်စား ပယ်ဖျက်သွားခဲ့တယ်။
“ တောက် မင်းကလဲ ပေါ့သေးသေးမဟုတ်ဘူးပဲ ငါလဲ ဒီလိုပညာရှင်မျိုးကိုမှ သဘောကျတာ”
နက်ကျော်က အောင်မြတ်သာကို မကျေမချမ်းဖြစ်တဲ့လေသံနဲ့ပြောပြီး မှော်နက်ကဝေအချုပ် နဲ့ချုပ်နှောင်ဖို့ကြိုးစားပါလေရော။ ဒီတစ်ခါမှာတော့ အောင်မြတ်သာ ငြိမ်ခံမနေတော့ပဲ သူ့ဆီ ဝင်လာတဲ့ အနက်ရောင်မီးခိုးငွေ့တွေကို ဘယ်လက်လက်ဝါးနဲ့ ဆီးပြီးတားလိုက်ရာ မီးခိုးငွေ့တွေက ရှေ့ကိုဆက်တိုးမလာနိုင်တော့ပဲ တစ်ခုခုနဲ့ကာထားသလိုဖြစ်ကာ လှုပ်ရှားနေခဲ့တယ်။ နက်ကျော် ကလဲ အောင်မြတ်သာမလှုပ်နိုင်ပဲဖြစ်နေတာမြင်တော့ ဖနောင့်တစ်ချက်ပေါက်ပြီး လေပေါ်ခုန်တက် လိုက်ရာ မီးဟုန်းဟုန်းတောက်နေတဲ့ အလုံးတစ်အဖြစ်ပြောင်းလဲသွားပြီး အောင်မြတ်သာဆီကို ထပ်မံတိုးဝင်လာခဲ့တယ်။
အောင်မြတ်သာက သူ့ဆီအရှိန်နဲ့ပြေးဝင်လာတဲ့ မီးလုံးကို လွတ်နေတဲ့ညာဘက်လက်နဲ့ ကာပြီးတားထားပြီး ထိန်းနေတာမြင်တော့ သက်ခိုင်နဲ့တောက်ရက ဝင်ကူညီဖို့ဟန်ပြင်လိုက်တဲ့ အချိန်
“ ဘယ်သူမှမဝင်နဲ့ ကိုယ့်နေရာမှာကိုယ်ရပ်နေကြ မင်းတို့ဝင်လာရင် ရွာထဲကိုသူဝင်ဖို့ လမ်းပွင့်သွားလိမ့်မယ်”လို့ပြောလိုက်တော့ သက်ခိုင်နဲ့ တောက်ရက အံကိုကြိတ်ပြီး ရပ်မြဲတိုင်း ရပ်နေလိုက်ကြရတယ်။
အဲဒီအချိန် ဘေးမှာပေါက်နေတဲ့ ညောင်ပင်အနောက်ကနေ လက်ခုပ်တစ်ဖြောင်းဖြောင်း တီးပြီး ထွက်လာတဲ့ နက်ကျော်ကိုမြင်လိုက်ရတယ်။
“ ဘယ်လိုလဲ ကျုပ်လေပေါ်တက်သွားတာမြင်တော့ ဒီမီးလုံးက ကျုပ်ထင်ပြီးထိန်းထားရတာ ပင်ပန်းနေပြီလား၊ အော် ဒါနဲ့ ကျုပ်မဟုတ်ဘူးထင်ပြီး ကာထားတဲ့လက်ကိုမလျော့လိုက်နဲ့ဦးနော် အခုထိန်းထားတဲ့အရာနှစ်ခုလုံးက သင့်ခန္ဓာကိုယ်ထဲကိုဖောက်ထွက်သွားလိမ့်မယ်”
နက်ကျော်က အောင်နိုင်သူတို့ရဲ့လမ်းလျောက်ဟန်နဲ့ သက်ခိုင်တို့အရှေ့ကို လျောက်လာပြီး –
“မင်းတို့နှစ်ယောက်ကတော့ ငါ့ရဲ့ပညာကို အံတုနိုင်မှာမဟုတ်ပါဘူး ဒီတော့ အသာယာလမ်း ဖယ်ပေးတာပိုကောင်းမယ်” လို့ပြောလိုက်တော့ သက်ခိုင်က
“ ကျုပ်တို့ကို နိုင်အောင်တိုက်ပြီးမှ ဒီလမ်းကိုဝင်လို့ရမယ် သင့်ပညာတွေဘယ်လောက် စွမ်းစွမ်း ကျုပ်တို့မကြောက်ဘူး”လို့ပြောလိုက်တော့ နက်ကျော် မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး
“ ငါမွေးထားတဲ့ ဖိုးသူတော်အရိုးခြောက်နှစ်ကောင်ရဲ့လက်ကနေ လွတ်အောင်ရုန်းကြစမ်း” လို့ပြောကာ လက်ထဲကိုင်ထားတဲ့ အဖြူရောင်အရုပ်လေးနှစ်ရုပ်ကို သက်ခိုင်တို့ရှိရာဘက်ကို ပစ်ထည့်လိုက်တယ်။
တစ်လက်မသာသာလောက်ရှိတဲ့ အဖြူရောင်အရုပ်လေးက မြေကြီးပေါ်ကိုကျတာနဲ့ ဖယောင်းထဲကိုကျတဲ့ မီးစလိုမြေကြီးထဲ တိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။ သက်ခိုင်တို့လဲ အထူးဆန်းအရုပ်လေးကို ကြည့်နေတုန်းရှိသေး မြေကြီးထဲကနေ အရိုးငေါငေါထနေတဲ့ လက်နှစ်ဖက်စီထွက်လာပြီး သက်ခိုင်နဲ့တောက်ရတို့ရဲ့ခြေထောက်နှစ်ဖက်ကို လှုပ်မရအောင် ချုပ်ထားပါလေရော။
သေးသွယ်တဲ့ အရိုးခြောက်လက်တွေနဲ့ချုပ်ထားတဲ့ဒဏ်ကို သက်ခိုင်နဲ့တောက်ရတို့ မရုန်းနိင်ပဲဖြစ်နေတဲ့အချိန် “ဂျောက် ဂျောက် ‌‌ဂျောက်”ဆိုတဲ့အသံနဲ့အတူ လက်နှစ်ဖက်ကလှုပ်မရ ဖြစ်သွားလို့ ငုံ့ကြည့်လိုက်ရာ သံချေးအထပ်ထပ်တက်နေတဲ့ လက်ထိပ်တစ်ခုကို လက်နှစ်ဖက်မှာ ချုပ်ပြီးသားအနေအထားနဲ့မြင်လိုက်ရတယ်။
“ ဘယ်လိုလဲ ဆရာပေါက်စလေးတွေ ဒီလက်ထိပ်က သေဒဏ်ကျအစိမ်းသေအလောင်း ကိုးလောင်းတိတိကိုခတ်ခဲ့တဲ့လက်ထိပ်ပဲ ဒီတော့ သူတို့ရဲ့ဝိဉာဉ်တွေက လက်ထိပ်ပေါ်မှာစွဲလမ်း နေတာပေါ့ အဲဒီမှာငါက သူတို့ရဲ့ဝိဉာဉ်တွေကိုထိန်းချုပ်ကိုင်တွယ်ပြီး အနည်းငယ်စီရင်လိုက်တဲ့အခါ မင်းတို့လိုပညာရည်နိမ့်တဲ့ဆရာတွေကို အလွယ်တကူဖမ်းချုပ်နိုင်တဲ့ ပစ္စည်းဖြစ်ခဲ့တာပဲ”
နက်ကျော်က သူ့အပြောတွေကို သူ့ဘာသာ သဘောကျပြီး လှုပ်မရဖြစ်နေတဲ့ အောင်မြတ်သာ၊ သက်ခိုင်နဲ့ တောက်ရတို့ကို ခေါင်းလေးစောင်းငဲ့ကြည့်ကာ လေလေးတစ်ချွန်ချွန်နဲ့ ရွာထဲကို ဝင်လာခဲ့လိုက်တယ်။ ရွာအထဲကိုစဝင်လိုက်တာနဲ့ “ရွှီး”ဆိုတဲ့အသံနဲ့အတူ အရပ်လေးမျက်နှာကနေ ကျလာတဲ့ ရွှေရောင်ပိုက်ကွန်အချို့ကို လရောင်အောက်မှာ မြင်လိုက်ရတယ်။
စိတ်ချလက်ချဝင်လာတဲ့ နက်ကျော်အဖို့ မျက်စိတစ်မှတ်အတွင်းဖြစ်ပျက်သွားတာကြောင့် ရှောင်တိမ်းချိန်မရလိုက်ပဲ ပိုက်ကွန်လေးခုထပ်လျက်သားအနေအထားနဲ့ ပိတ်မိနေတဲ့အချိန် ရွာအတွင်းအမှောင်ထုထဲကနေ ထွက်လာတဲ့ လူသုံးယောက်ကိုမြင်လိုက်ရတယ်။
“ဟင် မင်း မင်းတို့ မင်းတို့က ရွာပြင်မှာလှုပ်မရအောင်ချုပ်ခံထားရတာမဟုတ်လား ဘယ်လို ဖြစ် ဖြစ်”
“သင်ပညာက စွမ်းပါတယ် ဒါပေမယ့် သင်က ကိုယ့်ကိုကိုယ်အရမ်းအထင်ကြီးလွန်းတယ် သင်ချုပ်နှောင်ထားခဲ့တဲ့အရာတွေကို ပြန်ကြည့်လိုက်ပါဦး”
နက်ကျော်လဲ ရွာအပြင်မှာ သူချုပ်နှောင်ခဲ့တဲ့ လူတွေကိုပြန်ကြည့်လိုက်ရာ လူတွေမဟုတ်တော့ပဲ ကောက်ရိုးခြောက်တွေကို လူပုံသဏ္ဏာန်လုပ်ထားတဲ့ စာခြောက်ရုပ်တွေ ဖြစ်နေတာမြင်တော့ ခြေဖနောင့်ကိုပေါက်ကာ မီးစုန်းအသွင်ပြောင်းပြီး ပိုက်ကွန်ကိုဖောက်ထွက် ပျံသန်းဖို့ကြိုးစားပါလေရော။
အောင်မြတ်သာအထူးစီရင်ထားတဲ့ အင်းပိုက်ကွန်က နက်ကျော်အပေါ်ပျံတက်တဲ့နောက်ကို အလိုက်သင့်လိုက်ပါလိုက် မပျံနိုင်လို့ ပြန်ကျလာရင်လဲ အလိုက်သင့်ပြန်ကျလိုက်နဲ့ ဖြစ်နေတာကို အောင်မြတ်သာတို့ဆရာတပည့်တွေ ထိုင်ကြည့်နေခဲ့ကြတယ်။
နက်ကျော်လဲ သူဘယ်လိုမှဖောက်ထွက်လို့မရမှန်းလဲသိရော မျက်ရည်ခံထိုးပြီး သူ့ကိုပြန်လွှတ်ပေးရင် ဒီရွာကိုဘယ်တော့မှမနှောက်ယှက်တော့ဘူး ဆိုပြီးပြောပါလေရော။ အောင်မြတ်သာကတော့ နက်ကျော်ပြောတဲ့စကားတွေကို လက်မခံပဲ ပညာတွေအကုန်လုံးကို ဖျက်စီးပစ်ခဲ့တယ်။ ပညာတွေအားလုံးကုန်စင်ပြီဆိုတော့မှ ချုပ်ထားတဲ့အင်းစမကို ပြန်သိမ်းပြီး လာရာလမ်းအတိုင်းပြန်လွှတ်ပေးခဲ့လိုက်တယ်။
နက်‌ကေျာ်လဲ လာတုန်းက ကျော့မော့နေပြီး အပြန်မှာတော့ ဖိုသီဖတ်သီဖြစ်နေတဲ့ တောင်ရှည်ပုဆိုးကို မနိုင်မနင်းသယ်ကာထွက်သွားတဲ့အချိန် အစာရှာလာတဲ့ ခွေးအအုပ်နဲ့တိုးပြီး ဖနောင့်နဲ့တင်ပါးတစ်သားထဲကျအောင် ပြေးနေရတာ အောင်မြတ်သာတို့ ရွာထဲကနေ မြင်လိုက် ကြရတယ်။ နက်ကျော်ထွက်သွားတာနဲ့ ကောက်ရိုးရုပ်တွေပေါ်မှာကပ်ထားတဲ့ အင်းစမကိုဖြုတ်သိမ်း ပြီး ရွာအဝင်မျက်နှာဝမှာ မြုပ်နှံထားခဲ့လိုက်တယ်။
နက်ကျော်ရဲ့ပညာတွေ ပျက်စီးသွားတာနဲ့ သူဖမ်းဆီးချုပ်နှောင်ထားတဲ့ ထီးဖြူမှာစောင့်တဲ့ မယ်တော်ပြန်လွှတ်လာပြီး

ဘုန်းကြီးကျောင်းကထီးဖြူမှာပဲ ဆက်လက်နေထိုင်ခဲ့တယ်။ အောင်မြတ်သာတို့လဲ မယ်တော်ကြီးလွတ်မြောက်မယ့်နေ့အထိ ရွာမှာနေထိုင်ခဲ့ပြီး ရွာသူရွာသား တွေရဲ့အကျိုးကိုနိုင်သလောက်ကူညီစောင့်ရှောက်ပေးခဲ့ကြတယ်။
အောင်မြတ်သာတို့ရွာကိုရောက်ပြီး နှစ်လပြည့်တဲ့ညမှာတော့ ဘုန်းကြီးကျောင်းရှိတဲ့ ဘက်ကနေ ပြိုးပြိုးပျက်ပျက်အလင်းရောင်တွေ ထွက်ပေါ်နေတာကို မြင်တွေ့ခဲ့ကြတယ်။ အောင်မြတ်သာကတော့ “ထီးဖြူမှာစောင့်နေတဲ့ မယ်တော်ကြီးက အကုသိုလ်စွဲလမ်းစိတ်တွေ ကုန်ဆုံးလို့ မြင့်မြတ်တဲ့ဘုံဘဝကိုရောက်သွားပြီ”လို့ သက်ခိုင်တို့ကိုပြောခဲ့တယ်။ နောက်တစ်နေ့ အရုဏ်တက်ချိန်ရောက်တော့ တရားထိုင်နေတဲ့ အောင်မြတ်သာရဲ့ အမြင်ထဲမှာ ပဌာန်းစာအုပ်ကို လက်မှာကိုင်ပြီး ကြောက်လန့်တုန်လှုပ်နေတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။
တရားဖြုတ်ပြီးတဲ့အချိန်မှာတော့ ဆီစိမ်စက္ကူပေါ်မှာ ရွာသူရွာသားတွေနဲ့ ရွာလူကြီးကို ကျေးဇူးတင်ကြောင်းရေးပြီး အခြားနေရာတစ်ခုကို ခရီးဆက်ခဲ့ကြတယ်။ နောက်ဝတ္တုမှာတော့ ပဌာန်းရွတ်လို့မရအောင် အနှောက်အယှက်ပေးနေကြတဲ့ သူတွေကိုအောင်မြတ်သာတို့ ဘယ်လို ဆုံးမမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် ပဌာန်းအစွမ်းအံ့မခန်းဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment