အောင်မြတ်သာနှင့်ပဌာန်းဆက်ရှာပုံတော်

” အောင်မြတ်သာနှင့်ပဌာန်းဆက်ရှာပုံတော် “(စ/ဆုံး)
ရေးသားသူ—ဇေယန(ရာမည)
+++++++++++

တပေါင်းလဖြစ်တဲ့အတွက် အပူရှိန်က မန်ကျီးကိုးပင်ရွာထဲကို အတားအဆီးမဲ့စွာကျဆင်းနေခဲ့တယ်။ ဒါပေမယ့် လူတစ်ယောက်ကတော့အရိပ်အာဝါသကောင်းတဲ့မန်ကျီးပင်အောက်က ကွပ်ပြစ်လေးပေါ်မှာ စာအုပ်ထူကြီးတစ်အုပ်ကို စိတ်၀င်တစားဖတ်ရှုနေလေရဲ့။

“ မိုးထက်‌မြင့်ရေ..စာအုပ်ကနောက်မှဖတ်လို့ရတယ် ထမင်းအရင်လာစား”

မလှမ်းမကမ်းမှာရှိတဲ့ အိမ်ပေါ်ကနေ လှမ်းအော်လိုက်တဲ့အသံကြောင့် မိုးထက်မြင့်ဆိုတဲ့လူငယ်လေးက ဖတ်လက်စစာအုပ်ကိုပိတ်လိုက်ပြီး အိမ်ပေါ်ကိုတက်လာခဲ့လိုက်တယ်။

“ စာအုပ်ထဲစိတ်ရောက်နေတာနဲ့ ထမင်းစားဖို့တောင်မေ့နေတာအမေရယ်.. ဒါနဲ့ အမေရောစားပြီးပြီလား”

“ မင်းနဲ့တူတူစားဖို့စောင့်နေတာလေ… ကိုယ်တော်ချောက စာအုပ်များဖတ်နေရမယ်ဆို ထမင်းမေ့ဟင်းမေ့ပဲ”

မိခင်ဖြစ်သူရဲ့စကားကြောင့် မိုးထက်မြင့်တစ်ယောက် ရယ်ကျဲကျဲလုပ်ပြီး လက်ဆေးရန်အိမ်နောက်ဘေးကိုထွက်သွားခဲ့တယ်။

ထမင်းစားနေရင်း မိခင်ဖြစ်သူက သားဖြစ်သူမျက်နှာကိုငေးကြည့်ရင်း လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကအဖြစ်အပျက်တွေက ခေါင်းထဲကို၀င်လာခဲ့တယ်။

– – – – – – – – –

မိုးတွေသည်းကြီးမဲကြီးရွာနေတဲ့ညသန်းခေါင်အချိန် အိမ်ရှေ့ကနေ စူးစူးဝါးဝါးထိုးဟောင်နေတဲ့ မောင်လုံးရဲ့အသံကြောင့် မလှသိန်းရင်လဲ အိပ်ယာကနေလူးလဲထလိုက်ပြီး အိမ်ထရံပေါက်ကနေချောင်းကြည့်လိုက်ရာ အသက်ခြောက်ဆယ်အရွယ်ဘုန်းတော်ကြီးတစ်ပါးက မိုးရေထဲမတ်တပ်ရပ်ကာ အိမ်ကိုစိုက်ကြည့်နေတာမြင်လိုက်ရတယ်။

“ အလိုလေး.. ညကြီးသန်းခေါင် ဘယ်က ဘုန်းကြီးကြွလာပါလိမ့်… ဒီအချိန်ကြီးမှ လာတာဆိုတော့ မသမာသူများဖြစ်နေမလား”

မလှသိန်းရင်လဲ အတွေးပေါင်းများစွာနဲ့ စဉ်းစားနေတဲ့အချိန် ဘုန်းတော်ကြီးရဲ့ ခန္ဓာကိုယ်ကပျော့ခွေကာ လဲကျသွားတာမြင်တော့ ယောင်္ကျားဖြစ်သူကိုတောင် မနှိုးတော့ပဲ အိမ်တံခါးကိုဖွင့်ကာ မိုးရေထဲပြေးဆင်းပြီး ကြည့်လိုက်ရာ အသက်ခြောက်ဆယ်အရွယ် ဘုန်းကြီးမဟုတ်တော့ပဲ သုံးလသားအရွယ်ကလေး တစ်ယောက်ဖြစ်နေတာကို ထူးဆန်းစွာမြင်လိုက်ရတယ်။

“ အလိုလေး… ဒီကလေးက ဘယ်ကရောက်လာတာလဲ… ခုနကဘုန်ကြီးရော”

ဘေးဘီကိုလိုက်ကြည့်ရင်း ရေရွတ်လိုက်တဲ့အချိန် အနှီးထုပ်ထဲမှာရှိနေတဲ့ကလေးက မလှသိန်းရင်ကို လက်ညိုးထိုးပြီး

“ ကျုပ်ဒီအိမ်မှာ ခေတ္တလာနေချင်တယ်… ကျုပ်ကို အိမ်ပေါ်ခေါ်သွားပေးပါ” လို့ ပီပီသသကြီးပြောတာကိုကြားလိုက်ရတယ်။

သုံးလသားကလေးငယ်က လူကြီးတစ်ယောက်လို စကားပြောတာကြောင့် မလှသိန်းရင်လဲအံ့ဩသွားပြီး ကလေးကိုပွေ့ချီလိုက်တဲ့အချိန် အိမ်မက်ထဲကနေ ဖျတ်ခနဲလန့်နိုးလာခဲ့တယ်။

ဒီအဖြစ်အပျက်တွေက နှစ်နှစ်ဆယ်ကြာခဲ့ပြီဆိုပေမယ့် မလှသိန်းရင်အတွေးထဲမှာတော့ မနေ့တစ်နေ့ကလိုခံစားနေမိနေဆဲ။

“ အမေ … ထမင်းမစားပဲ ဘာတွေစဉ်းစားနေတာလဲ”

“ ဘာမှမဟုတ်ပါဘူး… သားရယ် အလုပ်ကိစ္စခေါင်းထဲရောက်လာလို့ပါ”

“ အဖေရော ထမင်းပြန်စားမှာလား..”

“ ညနေမှပြန်လာမယ်လို့ပြောတယ်…”

မိုးထက်မြင့်လဲ ထမင်းစားပြီးချိန်မှာတော့ မန်ကျီးပင်အောက်က ကွပ်ပြစ်မှာကျောခဏချကာ ထမင်းလုံးစီနေရင်း မှေးခနဲအိပ်ပျော်သွားခဲ့တယ်။

– – – – – – – – –

“ သူပြန်လာပြီဟေ့… ငါတို့ကျွတ်လွတ်တော့မယ်… အဟီးအဟီး”

“ ဘယ်ကလာ… သူက တကယ်လာသေးတာမဟုတ်ဘူး.. ခဏပဲလာတာ ငါပြောတာမယုံရင် ဖိုးသူတော်ကိုသွားမေးကြည့်”

မြူခိုးတွေဖုံးလွှမ်းနေတဲ့ စေတီအပျက်တွေကြားထဲကနေ ထွက်လာတဲ့ စကားသံတွေကြောင့် မိုးထက်မြင့်တစ်ယောက် နားနှစ်ဖက်ကိုလက်နဲ့ပိတ်ပြီး

“ မဟုတ်ဘူး… ငါအိမ်မက်မက်နေတာ… ဒါတကယ်မဟုတ်ဘူး… တကယ်မဟုတ်ဘူး”

ဒီလိုအိမ်မက်မျိုးက မိုးထက်မြင့် သိတတ်စအရွယ်လောက်ထဲက မကြာခဏဆိုသလိုမြင်မက်နေကျ။ နေမကောင်းတဲ့အချိန်တွေ စိတ်အားငယ်တဲ့အချိန်တွေဆိုရင် ဒီလိုအိမ်မက်မျိုးက အမြဲမက်နေကြ၊ ဒါပေမယ့် အခုတော့ ဘာမှမဖြစ်ပဲ ဒီအိမ်မက်ကိုမက်နေတာကြောင့် မိမိကိုယ်ကိုသတိပေးပြီး အနောက်ကိုဆုတ်လိုက်တဲ့အချိန်

“ အိမ်မက်ကနေ တကယ်ဖြစ်လာဖို့ အချိန်ဘယ်လောက်မှမကျန်တော့ပါဘူး… လူလေးဒီနေရာကိုသေချာပေါက်ရောက်လာရမှာ” ဆိုတဲ့အသံကိုကြားလိုက်ရတဲ့အတွက် လှည့်ကြည့်လိုက်ရာ ဗိုက်ပူပူ မျက်နှာပြဲပြဲနဲ့ ဖိုးသူတော်တစ်ယောက်ကိုမြင်လိုက်ရတယ်။

“ ကျုပ်အိမ်မက်မက်နေတာ… ခင်ဗျားကလဲ အိမ်မက်ထဲကလူပဲ… “

“ စိတ်အေးအေးထားပါ လူလေး… သင်အိမ်မက်မက်နေတာမှန်ပေမယ့် ဒီနေရာမှာနေတဲ့သူတွေကတော့ လူလေးကို စောင့်နေကြတယ်…”

“ အရင်က အိမ်မက်မက်ရင် စေတီပျက်တွေကိုပဲ မြင်ရပြီး ဒီနေ့မှဘာလို့ ကျန်တဲ့အရာတွေကိုပါမြင်နေရတာလဲ”

“ ဒါကတော့ အချိန်ကျလာတာကြောင့် မြင်ရတာပါ… ဟိုး စေတီပျက်ပေါ်ကိုကြည့်လိုက်စမ်း…”

ဖိုးသူတော်က သူ့ရဲ့ တုတ်ခိုင်ကြီးမားတဲ့ လက်ကိုဝှေ့ယမ်းလိုက်ရာ မြူခိုးငွေ့တွေက ဘေးတစ်ဖက်စီကို လွင့်ထွက်သွားပြီး အုတ်ကျိုးအုတ်ပဲ့တွေပြိုကျနေတဲ့ စေတီပျက်ပေါ်မှာ စုတ်ပြတ်နေတဲ့သင်္ကန်းတွေကို ရုံထားကြတဲ့ ဘုန်းကြီးအချို့ကိုမြင်လိုက်ရတယ်။

တစ်ကိုယ်လုံးဖုန်တွေပေကျံနေပြီး ညစ်ပတ်ပေရေနေတဲ့ဘုန်းကြီးအချို့က ၀မ်းသာအားရဖြစ်ဟန်နဲ့ လက်ပြနှုတ်ဆက်နေကြပြီး အချို့ကျတော့ နားရွက်အောက်ထိပြဲလန်နေတဲ့ ပါးစပ်ကိုဖြဲကာ ရယ်ပြနေတာကို ထိတ်လန့်ဖွယ်မြင်တွေ့လိုက်ရတယ်။

“ လူလေး… မြင်ပြီမလား… ဒီသံဃာတော်တွေက အတိတ်ဘ၀က လူလေးနဲ့အတူတူ သာသနာပြုခဲ့တဲ့သူတွေပဲ… သူတို့အားလုံး ကျွတ်လွတ်နိုင်ဖို့ ဒီမှာပြိုပျက်နေတဲ့ စေတီအားလုံးကို လူလေးရဲ့ လက်နဲ့ ထီးတော်တင်ပေးဖို့လိုလိမ့်မယ်”

“ ဒီစေတီအကုန်လုံးကို ကျုပ်က ဘယ်လိုလုပ်ထီးတော်တင်နိုင်မှာလဲ… ကျုပ်မှာပိုင်ဆိုင်တာဆိုလို့ ဘာမှမရှိဘူးလေ”

“ ဒီအတွက် စိတ်မပူပါနဲ့… လူလေးသာ ထီးတော်တင်ချင်တဲ့စိတ်ရှိရင် ကျန်တာသူ့အလိုလိုဖြစ်လာပါလိမ့်မယ်… ဒါနဲ့ မကြာခင် လူလေးအနားကို ယောဂီ၀တ်ပုဂ္ဂိုလ်တစ်ယောက် ရောက်လာလိမ့်မယ်၊ သူက လူလေးဖြစ်ချင်တာကို ပြည့်စုံအောင်ကူညီပေးမှာပါ”

“ ကျုပ် ကျုပ် ဒီကိုလာဖို့ အမေတို့ခွင့်မပြုလောက်ဘူးထင်တယ်… အမေက ကျုပ်မရှိရင် အိပ်လို့ပျော်တာမဟုတ်ဘူးဗျ”

“ ဦးသူတော် ပြောပြီးပြီလေ… လူလေးသာ ထီးတော်တင်ချင်စိတ်ရှိရင် ကျန်တဲ့ကိစ္စက အလိုလိုအဆင်ပြေသွားပါလိမ့်မယ်”

ဗိုက်ပူပူမျက်နှာပြဲပြဲဖိုးသူတော်စကားကြောင့် မိုးထက်မြင့် သက်ပြင်းရှည်တစ်ချက်ကို ချလိုက်ပြီး ပတ်၀န်းကျင်မှာရှိတဲ့ စေတီတွေကို မျက်လုံးဝေ့ကြည့်လိုက်တဲ့အချိန် ပတ်၀န်းကျင်တစ်ခုလုံးချားရဟတ်လိုလည်သွားပြီး အမှောင်တွေဖုံးလွှမ်းသွားခဲ့တယ်။

“ သား… သားလေး… မိုးထက်မြင့်”

အသံက နီးလာလိုက် ဝေးလာလိုက်နဲ့ဖြစ်နေတာကို သတိထားမိလိုက်တဲ့အချိန် ဘေးနားမှာရှိနေတဲ့ လက်တစ်ဖက်ကို ဖျတ်ခနဲဆုပ်ကိုင်မိသွားခဲ့တယ်။

“ ဟော ဟော သတိရလာပြီ… သားလေး… သား.. သတိရလာပြီလား”

မိုးထက်မြင့်သတိရလာလို့ကြည့်လိုက်တော့ ညကိုးနာရီထိုးနေခဲ့ပြီ။

“ ဟင်… နေ့လည်က ခဏအိပ်ပျော်သွားတာ ဘယ်လိုဖြစ်လို့ ညထိရောက်သွားတာလဲ”

“ အိပ်ပျော်ရာကနေ သတိလစ်သွားလို့ စိတ်ပူနေခဲ့တာ… လှုပ်နှိုးလဲမနှိုး မျက်နှာကိုရေနဲ့သုတ်လဲမနှိုးပဲဖြစ်နေတာကြောင့် အတော်စိတ်ပူသွားတာ၊ အဲဒီအချိန် ယောဂီ၀တ်ထားတဲ့လူတစ်ယောက်ရောက်လာပြီး သူ့‌အမျိုးအဆွေတွေဆီ သွားနေတာဖြစ်လို့

ညကျရင်ပြန်သတိရလာလိမ့်မယ် အရမ်းကြီးစိတ်မပူပါနဲ့လို့ လာပြောသွားတာ”

“ ယောဂီ၀တ်ထားတဲ့လူဟုတ်လား အဖေ”

“ အေးလေ… ဘာဖြစ်လို့လဲ”

“ ဘာမှမဖြစ်ပါဘူး… ဒါနဲ့ အဲဒီ လူက ဘယ်ကိုထွက်သွားတာလဲ”

“ သူက ရွာဦးကျောင်းမှာတည်းနေတာလို့ ပြောတယ်”

“ သူက ဆေးဆရာလား…”

“ အဲလိုပြောကြတာပဲ… မနက်ကတောင် ဘေးအိမ်က ဒေါ်မင်းစိန်ရဲ့ ခေါင်းကိုက်ရောဂါ သူပေးတဲ့ဆီလူးလိုက်တာနဲ့ ချက်ချင်းသက်သာသွားတယ်ဆိုပဲ”

“ ဒါဆို သားလဲမြင်ဖူးတယ်ရှိအောင် မနက်ကျရင်သွားကြည့်လိုက်ဦးမယ်.. အမေရော လိုက်ဦးမလား”

“ မလိုက်တော့ပါဘူး… အိမ်မှာလုပ်စရာတွေရှိသေးတယ်”

မိုးထက်မြင့်လဲ အိပ်ယာထဲကနေ လူးလဲထလိုက်ပြီး ရေချိုးရန် အိမ်နောက်ဘေးကိုထွက်လာခဲ့ လိုက်တယ်။

– – – – – – – – –

အရိပ်ရသစ်ပင်တွေနဲ့ အုပ်ဆိုင်းနေတဲ့ ဘုန်းကြီးကျောင်း၀င်းအတွင်းမှာတော့ ရောဂါပြဖို့တန်းစီနေကြတဲ့သူတွေက ဒုနဲ့ဒေး။ စီတန်းနေတဲ့ လူတွေရဲ့ထိပ်မှာတော့ နှုတ်ခမ်းမွှေးခပ်ရေးရေးနဲ့လူတစ်ယောက်က ရောဂါလာပြတဲ့သူတွေကို ကုသပေးနေခဲ့တယ်။

မိုးထက်မြင့်လဲ တန်းစီနေတဲ့လူအုပ်ကြီးကိုဘေးကနေ ကျော်တက်ပြီး လှမ်းကြည့်လိုက်ရာ ဆေးကုနေတဲ့လူရဲ့အကြည့်က သူ့ဆီကိုရောက်လာခဲ့တယ်။

အသက်နှစ်ဆယ်ကျော်လူငယ်တစ်ယောက်အနေနဲ့ ခေတ်ပညာကိုအတန်သင့်တတ်မြောက်ထားတာကြောင့် အခုလိုပညာရပ်တွေကို လက်တွေ့မြင်မှ ယုံကြည်နိုင်တာကြောင့် အနားကိုနီးသထက်နီးအောင်ကပ်ပြီး ၀င်ကြည့်လိုက်တယ်။

ဆရာဖြစ်သူရဲ့ ကုသပုံကုသနည်းက ထူးဆန်းတယ်။ ဘာကြောင့်ဆိုတော့ ဘယ်လိုရောဂါဖြစ်နေပါစေ အရှေ့မှာချထားတဲ့ ဆီမန်းတစ်ခုထဲကိုသာသုံးပြီးကုသနေလို့ပဲ။

ဖျားနာတဲ့သူတွေကို ဆီပုလင်းထဲက ဆီအချို့တိုက်ကျွေးသလို ဒူးနာ ခါးနာ အဆစ်မြစ်ကိုက်ခဲနာကျင်နေတဲ့သူတွေကိုလဲ ရှေ့မှာရှိတဲ့ဆီပုလင်းကိုအသုံးပြုပြီးကုသပေးနေ တာကိုအံ့ဩဖွယ်မြင်လိုက်ရတယ်။

မိုးထက်မြင့်လဲ ညနေစောင်းတဲ့အထိ လူနာကုသနေမှုကိုထိုင်ကြည့်နေခဲ့ရာ နေ၀င်ရီတရောအချိန်ရောက်တော့ လူမရှိသလောက် ရှင်းသွားခဲ့တယ်။ အဲဒီအချိန်မှာပဲ ဆေးကုနေတဲ့ လူက လက်ယက်ကာခေါ်နေတာကို မြင်လိုက်ရတယ်။

“ ကျွန်တော်ကို ခေါ်တာလားဗျ”

“ ဟုတ်တယ် မင်းကိုခေါ်တာ… မင်းက အချိန်အကြာကြီး ဘာလို့ရပ်ကြည့်နေတာလဲ”

“ ဘာမှမဟုတ်ပါဘူး ဆရာကုတာကို စိတ်၀င်စားလို့ ကြည့်နေတာပါ”

“ ငါက တစ်ရွာကိုနှစ်ရက်နှုန်းဆေးလိုက်ကု

နေတဲ့သူ ဖြစ်တဲ့အတွက် မနက်ဖြန်ဆိုရင် မင်းငါ့ကို မြင်တွေ့ရတော့မှာမဟုတ်ဘူး… မင်းပုံစံကြည့်ရတာ ငါ့စိတ်ထဲတစ်မျိုးတစ်မည်ခံစားနေရတယ်… မင်း ငါ့အနောက်လိုက်ပြီး ပညာသင်မလား”

ရုတ်တရက်မေးလာတဲ့ စကားကြောင့် မိုးထက်မြင့် နှုတ်ဆိတ်သွားပြီး

“ ကျုပ်က ဆေးကုတာ ဝါသနာမပါဘူး… ဒီတိုင်းဗဟုသုတရအောင် လာကြည့်တာပါ… နောက်ပြီး အိမ်မှာလဲ မိဘနှစ်ပါးကျန်သေးတယ် . ကျုပ်လိုက်လို့မဖြစ်ပါဘူး”

“ ငါမေးတာက မင်းလိုက်မလား မလိုက်ဘူးလားပဲ မေးတာ… မင်းမိဘတွေကိစ္စကိုမေးတာမဟုတ်ဘူး”

“ မလိုက်ချင်ဘူး… ကျုပ်ပြန်တော့မယ်”

မိုးထက်မြင့်က စကားကို ခပ်ပြတ်ပြတ်ပြောပြီး ပြန်ဖို့အလုပ် တင်ပလ္လင်ခွေချိတ်ပြီးထိုင်နေတဲ့လူက စူးရဲတဲ့မျက်လုံးတွေနဲ့ နောက်စေ့ကိုစိုက်ကြည့်ကာ စားပွဲခုံကိုလက်နဲ့သုံးချက်ခေါက်လိုက်တယ်ဆိုရင်ပဲ လမ်းလျောက်‌ပြီးပြန်နေတဲ့ မိုးထက်မြင့်ရဲ့ မျက်လုံးတွေမှေးစင်းကာ ခွေခနဲလဲကျသွားတော့တယ်။

မကြာခင် ဘုန်းကြီးကျောင်းမှာ ဆေးကုနေတဲ့ ဆေးဆရာရော မိုးထက်မြင့်ပါ မန်ကျီးကိုးပင်ရွာကနေ ပျောက်ခြင်းမလှပျောက်ကွယ်သွားခဲ့ကြတယ်။

– – – – – – – – –

တိတ်ဆိတ်နေတဲ့ ညသန်းခေါင်အချိန် မှိန်ပြပြအလင်းရောင်ထွက်ပေါ်နေတဲ့ ဇရပ်တစ်ခုပေါ်မှာတော့ လူသုံးယောက် တရားထိုင်နေခဲ့ကြတယ်။

အချိန်အားဖြင့် နှစ်နာရီလောက်ကြာပြီးတဲ့ချိန်မှာတော့ အလယ်မှာထိုင်နေတဲ့သူရဲ့မျက်လုံးတွေ ဖြေးညှင်းစွာပွင့်လာပြီး

“ သူ့ရဲ့ခန္ဓာကိုယ်ကထွက်တဲ့ အလင်းဓါတ်တွေ မှိန်ကျသွားပါလား… ဘာများဖြစ်လို့ပါလိမ့်”လို့ ရေရွတ်ကာ တစ်ခုခုကို စဉ်းစားနေခဲ့တယ်။

မကြာခင် ကျန်တဲ့သူနှစ်ယောက် အသီးသီးထလာပြီး

“ ဆရာ ဒီည တရားဖြုတ်တာ ‌စောနေပါလား”

“ ဟုတ်တယ် မောင်ကောင်း… ငါတို့လိုက်ရှာနေတဲ့ သူရဲ့အငွေ့အသက်တွေ ပျောက်ကွယ်သွားတာကို သတိထားမိခဲ့တယ်… ဒီကောင်လေး ဘာများဖြစ်‌ နေပါလိမ့်”

“ ကျွန်တော်တို့ဘယ်လိုဆက်လုပ်ကြမလဲ… သူ့ရဲ့ဓါတ်ကိုအာရုံပြုပြီး လိုက်ရှာနေပါတယ်ဆိုမှ အခုလိုပျောက်သွားတော့ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလိုဖြစ်တော့မှာပဲ”

အောင်မြတ်သာနဲ့ မောင်ကောင်းတို့ရဲ့စကားကြောင့် အနားမှာရှိနေတဲ့ ခွန်းလှက

“ ဆရာ… ကျွန်တော် အဲဒီကောင်လေးကို အာရုံပြုလိုက်တိုင်းမန်ကျီးပင်တွေတန်းစီပေါက်နေတဲ့ နေရာတစ်ခုကို‌ပဲ မြင်နေရတယ်… ဒီအနီးတစ်ဝိုက်မှာ မန်ကျီးပင်တွေအများကြီး ပေါက်နေတဲ့အရပ်ကိုမေးပြီးသွားကြည့်ရင် သဲလွန်စတစ်ခုခုရမယ်လို့ထင်တယ်”

“ ခွန်းလှပြောတာက သဘာ၀ကျတယ်… မနက်မိုးလင်းတာနဲ့ အဲဒီနေရာကိုလိုက်ရှာကြတာပေါ့”

အောင်မြတ်သာက စကားဆုံးတာနဲ့ ဇရပ်လက်ရန်းဘောင်ပေါ်မှာ ငြိမ်းလုဆဲဆဲဖြစ်နေတဲ့ ‌ဖယောင်းတိုင်ကို အသစ်လဲလှယ်ထွန်းညှိလိုက်တယ်။

– – – – – – – – –

ဖုန်တထောင်းထောင်းထနေတဲ့ လမ်းမကြီးရဲ့ဘေးတစ်ဖက်တစ်ချပ်စီမှာတော့ ထန်းရွက်မိုး ထန်းရွက်ကာထားတဲ့ ဈေးဆိုင်အချို့ရှိနေပြီး လမ်းသွားလမ်းလာ လူအချို့ကလဲ ဈေးဆိုင်တွေထဲ၀င်ရောက်ကာ မိမိတို့စားချင်တဲ့မုန့်ပဲသရေစာတွေကို ၀ယ်ယူစားသောက်နေခဲ့ကြတယ်။

အောင်မြတ်သာတို့လဲ ဈေးဆိုင်တန်းရဲ့ ထောင့်ဘက်အကျဆုံး မုန့်ပစ်သလက်ဆိုင်ထဲကို ၀င်လာခဲ့လိုက်တယ်။

“ ဒါက ဘယ်လိုရောင်းလဲအရီး”

“ တစ်ခုကို ၆ကျပ်ရောင်းတာ နှစ်ခုယူမယ်ဆို ၁၀ပဲပေး”

“ ဒါဆို လေးခုလုပ်ပေးပါ…”

အောင်မြတ်သာက ငွေအချို့ကို လှမ်းပေးပြီးကာမှ

“ ဒီအနီးနားမှာ မန်ကျီးပင်တွေစီတန်းပေါက်နေတဲ့ နေရာများရှိလားဗျ”

“ မောင်ရင်တို့က မန်ကျီးကိုးပင်ရွာကိုသွားမလို့လား.”

“ မန်ကျီးကိုးပင်ရွာ ဟုတ်လား… အဲဒီရွာက ဒီနားမှာပဲရှိတာလားဗျ”

“ ဒီကနေဆို နည်းနည်းသွားရသေးတယ်…”

“ ‌အော် … ဟုတ်ကဲ့… ကျေးဇူးနော် အရီး”

အောင်မြတ်သာတို့လဲ ဖက်နဲ့ထုပ်ထားတဲ့ မုန့်ထုပ်ကို လှမ်းယူပြီး မန်ကျီးကိုးပင်ရွာဘက်ကို ထွက်လာခဲ့လိုက်တယ်။

– – – – – – – – –

မီးရောင်မှိန်ပြပြထွန်းထားတဲ့ အခန်းထဲမှာတော့ မလှုပ်မယှက်ငြိမ်သက်စွာလှဲလျောင်းနေတဲ့ လူငယ်တစ်ယောက်အပြင် အရောင်မျိုးစုံရှိတဲ့ ဆေးမှုန့်တွေကို ဖန်ပုလင်းထဲထည့်နေတဲ့ လူတစ်ယောက်တို့ရှိနေခဲ့ကြတယ်။

ခဏကြာတော့ လှဲလျောင်းနေတဲ့ လူငယ်က လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့တယ်။

“ ကျုပ်ဘယ်ရောက်နေတာလဲ… ခင်ဗျားက ဘယ်လိုလုပ် ကျုပ်နဲ့တူတူရှိနေရတာလဲ”

“ မင်းက ငါခေါ်တုန်းက အသာတကြည်မှမလိုက်တာ.. ဒါကြောင့် ငါ့နည်းငါ့ဟန်နဲ့ခေါ်လာရတာပေါ့”

“ ခင်ဗျား… ခင်ဗျား ကျုပ်ကိုခေါ်လာပြီး ဘာလုပ်မလို့လဲ”

“ လုပ်ရမယ့်ကိစ္စရှိလို့ပေါ့ကွာ… မင်းသာငါ့ကို ကူညီမယ်ဆိုရင် မင်းအတွက်လဲ အကျိုးမယုတ်စေရပါဘူး”

“ ကျုပ်က ဘာကိုကူညီရမှာလဲ… ခင်ဗျားပြောတာ နားမလည်ဘူး”

မိုးထက်မြင့်စကားကြောင့် ဆေးလိပ်ထိုင်ဖွာနေတဲ့ လူက အနားကိုတိုးလာပြီး

“ စေတီပျက်တွေရှိတဲ့နေရာကို မင်းသိတယ်မဟုတ်လား”

“ ဟင်… ခင်ဗျားက ကျုပ်အိမ်မက်ထဲက အကြောင်းတွေကို ဘယ်လိုသိနေတာလဲ”

“ ငါ့နည်းငါ့ဟန်နဲ့သိတာပေါ့… ဘာလဲ အံ့ဩနေတာလား”

“ နေစမ်းပါဦး … စေတီပျက်တွေရှိတဲ့နေရာနဲ့ ကျုပ်နဲ့ဘာဆိုင်နေလို့လဲ”

“ ဆိုင်တာပေါ့ ကောင်လေးရာ… မင်းက စေတီအားလုံးမှာရှိတဲ့ ဌာပနာပစ္စည်းတွေကို ထိန်းသိမ်းရတဲ့သူလေ… အခုဘ၀မှာလဲ မင်းကို သူတို့အားလုံးမျှော်နေကြတာ… ဒီတော့ မင်းသာငါ့ကိုကူညီပြီး ဌာပနာပစ္စည်းတွေကို ရှာပေးမယ်ဆိုရင် ငါကလဲ မင်းကို လက်ဖျားနဲ့တောင် မတို့ပါဘူး… ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ မင်းဘ၀တစ်လျောက်လုံး အသိစိတ်မရှိတဲ့ လူတစ်ယောက်အဖြစ်နဲ့နေသွားရမယ် ဟက်ဟက်”

ဟက်ဟက်ပက်ပက်ရယ်မောရင်း အခန်းပြင်ကို ထွက်သွားတဲ့လူရဲ့နောက်ကျောကိုကြည့်ပြီး မိုးထက်မြင့်တစ်ယောက် အံကိုခပ်တင်းတင်းကြိတ်ထားလိုက်မိတယ်။

– – – – – – – – –

လက်တစ်ဖက်စာခန့်ကြီးမားတဲ့ မန်ကျီးပင်တွေ စီတန်းပေါက်ရောက်နေတဲ့ ရွာအ၀င်လမ်းက သဘာ၀ပန်းချီကားတစ်ချပ်လို သာယာလှပနေခဲ့တယ်။

ရွာအ၀င်လမ်းမကြီးပေါ်မှာတော့ လယ်ထဲကိုင်းထဲကနေ ပြန်လာကြတဲ့ သူအချို့အပြင် ယောဂီ၀တ်စုံ၀တ်ထားတဲ့ လူသုံးယောက်ပါရှိနေခဲ့ကြတယ်။

ရွာသားတွေကတော့ ယောဂီ၀တ်စုံ၀တ်ထားတဲ့ အောင်မြတ်သာတို့သုံးယောက်ကို မသင်္ကာတဲ့မျက်လုံးတွေနဲ့ကြည့်ပြီး အချင်းချင်း တီးတိုးပြောဆိုကာ ခပ်သုတ်သုတ်ထွက်သွားတာ မြင်တော့ မောင်ကောင်းက

“ ဒီရွာက လူတွေက ဘယ်လိုကြီးလဲသိဘူး… ကျွန်တော်တို့ကို အထူးအဆန်းလို ကြည့်နေကြတာဗျာ”

“ တစ်ဖက်သားကို အရမ်းကြီးအပြစ်မတင်ပါနဲ့… သူတို့မှာလဲ သူတို့အကြောင်းတရားရှိမယ်ထင် ပါတယ်”

အောင်မြတ်သာက မောင်ကောင်းကို လှမ်းသတိပေးပြီး ရွာထဲကိုဆက်၀င်လာခဲ့ရာ တစ်နေရာအရောက်မှာတော့

” ငါ့သားကို ခေါ်သွားတဲ့ကောင်တွေ .. သေပေတော့” ဆိုတဲ့အသံနဲ့အတူ အောင်မြတ်သာရဲ့ ဦးခေါင်းပေါ်ကို ဝါးဆစ်တုတ်တစ်ချောင်း ကျလာခဲ့တယ်။

“ ဖြောင်း… ခွပ်”

“ ဟာ..”

ရုတ်တရက်မို့ မောင်ကောင်းရော ခွန်းလှပါ ကြက်သေသေသွားပြီကာမှ သတိပြန်၀င်လာပြီး တုတ်နဲ့လှမ်းရိုက်တဲ့သူကို တွန်းထုတ်လိုက်တယ်။

“ ဆရာ ဘာဖြစ်သွားသေးလဲ”

“ ဘာမှမဖြစ်ပါဘူး… သူ့ကိုသာဆွဲထူလိုက်ကြဦး”

မောင်ကောင်းလဲ လဲကျနေတဲ့သူကို ဘုကြည့်ကြည့်လိုက်ပြီး ဆွဲထူဖို့အနားကပ်သွားတဲ့အချိန်

“ ကိုကျော်ပိုင် ရှင်ဘာတွေလျောက်လုပ်နေတာလဲ…’’

“ ဘာလုပ်ရမှာလဲ ဒီကောင်တွေက ငါ့သားကိုခေါ်သွားတဲ့သူနဲ့တစ်ဖွဲ့ထဲပဲဖြစ်ရမယ်… ပြောစမ်း… ငါ့သားကို ဘယ်ကိုခေါ်သွားတာလဲ”

“ မိတ်ဆွေ ကျုပ်တို့ကိုအထင်လွဲနေပြီထင်တယ်… ကျုပ်တို့က ဒီရွာကိုအခုမှရောက်လာတာပါ”

“ ကျွန်မကပဲတောင်းပန်ပါတယ်ရှင်… ကျွန်မသားလေးကို ‌ယောဂီ၀တ်စုံ၀တ်ထားတဲ့ ဆေးဆရာတစ်ယောက် ခေါ်သွားတာမို့ သူ့ရဲ့စိတ်က ဒီလို၀တ်စားထားတဲ့သူတွေကိုတွေ့ရင် အမြဲလိုလိုရန်ရှာနေတတ်လို့ပါ”

“ လှသိန်းရင် နင်က သူတို့အကြောင်း ဘာသိလို့လဲ”

“ ဟေ့လူ… ခင်ဗျားစကားတွေက လွန်လှပြီဗျ.. ကျုပ်တို့က သူတစ်ပါးသားသမီးကို ကိုယ်ထိလက်ရောက်ကျုးလွန်ဖို့နေနေသာသာ စိတ်နဲ့တောင်မပစ်မှားဘူးဘူး..”

ခွန်းလှရဲ့ မာထန်ထန်စကားကြောင့် ကိုကျော်ပိုင် ဘာမှပြန်မပြောတော့ပဲ မကျေနပ်တဲ့မျက်နှာထားနဲ့ စိုက်ကြည့်နေခဲ့တယ်။

“ အစ်မကြီး သားက ဘယ်လိုဖြစ်တာလဲ… သေချာလေးပြောပြပေးပါလား”

“ လွန်ခဲ့တဲ့ လေးရက်လောက်က ရွာထဲကို ယောဂီ၀တ်စုံ၀တ်ထားတဲ့ဆေးဆရာတစ်ယောက် ရောက်လာခဲ့တယ်။ သူက ဆီတစ်မျိုးထဲကို အသုံးပြုပြီး ရွာမှာရှိတဲ့ လူနာတွေကို ကုပေးနေတဲ့အတွက် သားလေးက မြင်ဖူးတယ်ရှိအောင် သွားကြည့်မယ်ဆိုပြီး အိမ်က ထွက်သွားတာ၊ အဲဒီနေ့ကစပြီး ဆေးကုတဲ့သူရော ကျွန်မသားလေးပါ ပျောက်ချင်းမလှပျောက်သွား ကြတာ၊ အခုထိ ဘာသတင်းမှမရသေးပါဘူးရှင်”

“ အစ်မကြီးပြောတဲ့ပုံအရဆိုရင် ဆေးဆရာက အတင်းအကြပ်ခေါ်သွားတာထက် ကာယကံရှင်က သဘောတူလို့ လိုက်သွားတာရော မဖြစ်နိုင်ဘူးလား”

“ အဲလိုတော့မဖြစ်နိုင်ဘူး.. ဘာလို့ဆို သားလေးက မိဘတွေနဲ့ခွဲပြီးတစ်ရက်တောင်နေတဲ့သူမဟုတ်လို့ပဲ၊ မြင်တဲ့သူအချို့ပြောတာကတော့ သားလေးက ဆေးဆရာ အနောက်ကနေ ငူငူငိုင်ငိုင်ကြီး လိုက်သွားတာလို့ပြောကြတယ်”

“ အဲဒီကောင်လေးက ငါတို့လိုက်ရှာနေတဲ့ သူများဖြစ်နေမလား”

အောင်မြတ်သာရဲ့စကားကြောင့် ခွန်းလှက အနားကိုတိုးလာပြီး

“ တကယ်ဆိုရင် သူ့မိဘတွေ တစ်ခုခုတော့သိထားမယ်လို့ထင်တယ်ဆရာ.. စကားတောက်ကြည့်ရမလား”လို့ပြောတော့ အောင်မြတ်သာက ခေါင်းကိုအသာညိမ့်ပြ လိုက်တယ်။

“ အစ်မကြီးပြောတဲ့ပုံအရ အဲဒီဆေးဆရာရဲ့ ပညာကသာမန်မှမဟုတ်တာ… အဲလိုလူတစ်ယောက်က လူတွေအများကြီးရှိတဲ့ထဲက အစ်မကြီးရဲ့သားကိုပဲ ရွေးပြီးခေါ်သွားတာဆိုတော့ စဉ်းစားစရာပဲ”

“ ကျွန်မသားလေးက သူတော်ကောင်းလေးပါရှင်.. သိတတ်စအရွယ်ထဲက ဘာသာရေးကိုလဲ လိုက်စားတယ်၊ သူတစ်ပါးအသက်ကိုသတ်ဖို့ဆို ဝေးစွ… သူ့ကိုခြင်ကိုက်လို့ ကျွန်မကရိုက်ရင်တောင် စိတ်ဆိုးသေးတာ.. ဒီလိုကလေးကို ဘယ်လိုလူတွေကများ အခုလိုခေါ်သွားရက်ပါလိမ့်”

“ ဒါဆို အစ်မကြီးသားက ကျုပ်တို့ လိုက်ရှာနေတဲ့ လူများဖြစ်နေမလားပဲ..”

ခွန်းလှစကားကြောင့် ကိုကျော်ပိုင်က အနားကိုတိုးလာခဲ့ရာ

“ ကိုကျော်ပိုင် ရှင် အေးဆေးနေ… ကျွန်မ သေချာအောင်မေးကြည့်ဦးမယ်.. ငါ့မောင်တို့လိုက်ရှာနေတဲ့မဟုတ်လောက်ဘူးထင်တယ်… အစ်မသားက အခြားဘယ်ကိုမှသွားဖူးတာ မဟုတ်ဘူးနော်”

“ ကျွန်တော်စကားပြောလောသွားလို့ပါ… ကျွန်တော်တို့လိုက်ရှာနေတဲ့သူက သာသနာပြုရမယ့်သူပါ… သူတည်မှရမယ့် စေတီတွေကအခုထိ ပြုပြင်သူမဲ့ဖြစ်နေတာရယ်.. စေတီတွေကိုပြုပြင်ပြီးမှကျွတ်လွတ်ကြမယ့်သူတွေက သူ့ကိုစောင့်မျှော်နေတာကြောင့် အခုလို ကျွန်တော်တို့လိုက်ရှာနေရတာပါ”

ခွန်းလှစကားကိုကြားတော့ လင်မယားနှစ်ယောက်လုံးပါးစပ်အဟောင်းသား ဖြစ်သွားပြီး

“ ကျွန်မတို့သားလေးက ငယ်ငယ်လေးထဲက အဲလိုစေတီပျက်တွေကို ခဏခဏအိမ်မက်မက် တတ်တယ်၊ အိမ်မက်ကနိုးလာရင်လဲ တစ်ကိုယ်လုံးချွေးစေးတွေပြန်နေတတ်ပြီး လူကအားမရှိတော့သလို ပျော့ခွေနေတတ်သေးတယ်”

“ အခုပြောတဲ့ပုံအရ အစ်မကြီးတို့ သားက ကျွန်တော်တို့လိုက်ရှာနေတဲ့ကလေးပဲ.. ဒါပေမယ့် အခုတော့ ကျွန်တော်တို့ပါ ပြန်ရှာရတော့မယ်”

“ တစ်ခုလောက်မေးလို့ရလား”

“ ရပါတယ်မေးပါဗျ”

“ သားလေးကို ကျွန်မတို့ပြန်တွေ့နိုင်ပါတော့မလား.. စိတ်တွေလဲပူလွန်းလို့ ဘာလုပ်လို့လုပ်ရမှန်းတောင် မသိတော့ပါဘူး”

ခွန်းလှက အမျိုးသမီးကြီးရဲ့စကားကြောင့် အောင်မြတ်သာကိုလှမ်းကြည့်လိုက်ရာ

“ သိပ်လဲစိတ်မပူပါနဲ့ ကျုပ်တို့လဲ အတတ်နိုင်ဆုံး ကြိုးစားရှာဖွေပေးပါ့မယ်.. အစ်မကြီးတို့ဘက်ကို အကူအညီတစ်ခုတောင်းချင်တာက သူ၀တ်ဖူးတဲ့ အင်္ကျီတစ်ထည်လောက်ရနိုင်မလား”

“ ရပါတယ် ကျွန်မ ပြန်ယူပေးပါ့မယ်… သားလေးကို ပြန်တွေ့မယ်ဆိုတာ သေချာတယ်မဟုတ်လား”

“ ကျွန်တော်ရဲ့မသိစိတ်ထဲမှာတော့ သူအသက်ရှင်နေပါသေးတယ်… မိဘတွေအနေနဲ့ ကလေးရဲ့နာမည်ကို ခေါ်ပြီး နေ့စဉ်နေ့တိုင်း မေတ္တာပို့ပေးကြပါ… ကျုပ်တို့ ကလေးကို တွေ့ပြီ ဆိုတာနဲ့ မိဘတွေဆီအရင်ဆုံး ပြန်ခေါ်လာပေးပါ့မယ်”

အောင်မြတ်သာရဲ့စကားကိုကြားတော့ ကိုကျော်ပိုင်လဲ မျက်နှာထားပြောင်းသွားပြီး

“ ကျွန်တော်ရဲ့အပြုအမူအတွက် တောင်းပန်ပါတယ်ဗျာ… ခုနက မိတ်ဆွေတို့ကိုအပေါ် အထင်မှားခဲ့မိတယ်ဗျာ”

အောင်မြတ်သာက မျက်ရည်စို့စို့နဲ့ပြောလာတဲ့ ကိုကျော်ပိုင်ရဲ့ ပခုံးကို ဆုပ်ကိုင်လိုက်ပြီး

“ မိဘရဲ့ မေတ္တာကို ကျုပ်နားလည်ပါတယ်ဗျာ… ကျုပ်တို့အနေနဲ့ တတ်နိုင်သမျှ လိုက်ရှာပေးမှာမို့ အရမ်းကြီးစိုးရိမ်သောကမဖြစ်အောင်နေပြီး ကျန်းမာရေးကိုဂရုစိုက်ကြပါ”

“ ဟုတ်ကဲ့… ကျွန်တော်တို့ သားလေးပြန်လာတာကို မျှော်နေပါ့မယ်… မိန်းမရေ သားလေး၀တ်တဲ့ အ၀တ်တစ်ထည်ယူပေးလိုက်လေ”

ကိုကျော်ပိုင်စကားကြောင့် မလှသန်းရင်လဲ အိမ်ရှိရာဘက်ကို အလောတကြီးပြေးသွားပြီး ခဏနေတော့ အင်္ကျီတစ်ထည်ယူကာ ပြန်ရောက်လာခဲ့တယ်။

အောင်မြတ်သာတို့လဲ ကလေးရဲ့နာမည်နဲ့‌ မွေးနေ့ သက္ကရာဇ်ကိုမေးပြီး အ၀တ်ကိုယူကာ ချက်ချင်းပင် ရွာထဲကနေ ပြန်ထွက်လာခဲ့လိုက်တယ်။

– – – – – – – – –

လူခြေတိတ်နေတဲ့ ညသန်းခေါင်အချိန်မှာတော့ ထမင်းနဲ့ဟင်းရောထည့်ထားတဲ့ နှီးခွက်ကို ကိုင်ပြီး လူတစ်ယောက် လမ်းလျောက်လာခဲ့တယ်။

လမ်းလျောက်လာတဲ့လူက အိမ်ရှေ့က ပိန္နဲပင်ရှေ့အရောက်မှာတော့ လက်ထဲကိုင်ထားတဲ့ စကောကို အပင်ခြေရင်းရှေ့ချပြီး ပါးစပ်ကနေ တစ်စုံတစ်ခုကို တီးတိုးရွတ်ဆိုလိုက်တယ်ဆိုရင်ပဲ ပိန္နဲပင်ပေါ်ကနေ နီညိုရောင်အ၀တ်စကို အရှက်လုံအောင်ဖုံးထားတဲ့ လူတစ်ယောက် တွယ်ဆင်းလာခဲ့တယ်။

“ မင်းပြောတဲ့လူကို ရှာတွေ့ပြီမို့ ငါ့ကတိအတိုင်း လာကျွေးမွေးတာ… မင်းလဲအစားမစားရတာ ကြာပီဆိုတော့ အရင်စားလိုက်ဦး”လို့ပြောလိုက် တယ်ဆိုရင်ပဲ မျက်နှာတစ်ခုလုံး ဒဏ်ရာဒဏ်ချက်တွေအပြည့်ဖြစ်နေတဲ့လူက ဆောင့်ကြောင့်ထိုင်ပြီး စကောထဲက ထမင်းနဲ့ဟင်းကို မြိန်ရှက်စွာစားပါလေရော။

“ ဟားဟား မင်းလဲ စေတီပျက်တွေမှာ နေတုန်းက ဘာမှမစားခဲ့ရဘူးထင်တယ်… နောက်လဲ ငါ့အလုပ်တွေကို အကူအညီပေးရင် ဒီထက်ပိုကောင်းတဲ့အစားအသောက်တွေ စားရအောင်လုပ်ပေးမယ်… ဒီနေ့ကစပြီး မင်းက မောင်ထုံရဲ့ တပည့်ဖြစ်သွားပြီ၊ ငါအမိန့်ပေးတာကို မင်းလုပ်ရမယ်၊ ငါထားတဲ့နေရာမှာနေရမယ် ကြားလား”

မောင်ထုံဆိုတဲ့လူရဲ့စကားကို ဆောင့်ကြောင့်ထိုင်နေတဲ့သူက ခေါင်းညိမ့်ပြပြီး စကောထဲမှာကျန်တဲ့ ထမင်းနဲ့ဟင်းကို လက်နှစ်ဖက်နဲ့ ကြုံးစားနေခဲ့တယ်။

ခဏနေတော့ မောင်ထုံဆိုတဲ့လူက ပိန္နဲပင်အောက်ကနေ အိမ်ထဲကိုပြန်၀င်လာပြီး ခုံပေါ်မှာကြိုးနဲ့ချည်ထားတဲ့ မိုးထက်မြင့်အနားကိုလာကာ

“ သဘက်ခါကျရင် စေတီပျက်ရှိတဲ့နေရာကို သွားကြမယ်… မင်းအနေနဲ့ ငါပြောခိုင်းသလို ပြောမယ်ဆိုရင် အဲဒီကပြန်လာတာနဲ့ ရွာကိုပြန်ပို့ ပေးမယ်၊ အဲလိုမှမဟုတ်ပဲ ကလန်ကဆန်လုပ် ရင်တော့ အစိမ်းသေဖြစ်အောင်လုပ်ပြီး တစ်သက်လုံးခိုင်းစားပစ်မယ် ကြားလား”

“ ခင်ဗျား… ခင်ဗျားက တကယ်တော့ အောက်လမ်းဆရာပဲ”

“ အဟက်… အောက်လမ်းတွေ အထက်လမ်းတွေ မင်းသိဖို့မလိုပါဘူး… ငါခိုင်းတဲ့အတိုင်း လုပ်မှာလား မလုပ်ဘူးလားဆိုတာပဲပြော..ငါ့မှာအချိန်မရှိဘူး”

“ ခင်ဗျားပြောတဲ့အတိုင်းလုပ်ရင် တကယ်အိမ်ပြန်ပို့ပေးမှာလား”

“ တကယ်ပြန်ပို့ပေးမှာ… မင်းကူညီခဲ့တာတွေ အတွက်လဲ ထိုက်တန်တဲ့အဖိုးအခပါ ထပ်ပေးဦးမယ်”

“ ဒါဆို ကျုပ် ခင်ဗျားပြောတဲ့အတိုင်းလုပ်မယ်… အခုတော့ ကျုပ်ကိုကြိုးချည်ထားတာဖြုတ်ပေးဦး.. လက်တွေလဲနာလှပြီ”

မိုးထက်မြင့်စကားကြောင့် မောင်ထုံက ချည်ထားတဲ့ကြိုးတွေကိုဖြုတ်ပေးပြီး စားပွဲပေါ်မှာ တင်ထားတဲ့ အစားအစာအချို့ကို ကမ်းပေးလိုက်တယ်။

“ ဒီညတော့ အဟာရရှိအောင် စားထားလိုက်… ထွက်ပြေးဖို့တော့ မစဉ်းစားနဲ့နော်… ခြံ၀တောင်မရောက်ပဲ အသက်ထွက်သွားလိမ့်မယ်” လို့ပြောကာ အိမ်ခန်းထဲကို ၀င်သွားခဲ့တယ်။

– – – – – – – – –

အောင်မြတ်သာတို့လဲ မိုးထက်မြင့်၀တ်ထားတဲ့ အ၀တ်ကို အရှေ့မှာချပြီး မွေးနေ့သက္ကရာဇ်ကို အင်းဖယောင်းတိုင်ပေါ်မှာရေးဆွဲကာ အ၀တ်ရဲ့လေးဘက်လေးတန်မှာထွန်းညှိပြီး အာရုံ ခံကြည့်လိုက်ရာ အလင်းရောင်မရှိတဲ့အခန်းတစ်ခုရဲ့ အလယ်မှာ ငုတ်တုပ်ထိုင်နေတဲ့ လူငယ်တစ်ယောက် ကိုမြင်လိုက်ရတယ်။

သူ့ရဲ့အနီးပတ်၀န်းကျင်မှာတော့ ဥဒဟိုလှုပ်ရှားသွားလာနေကြတဲ့ မဲမဲကောင်တွေကိုမြင်လိုက်ရပြီး အခန်းအပြင်မှာလဲ ပုံဆိုးပန်းဆိုးကောင်တွေ ဆောင့်ကြောင့်ထိုင်ကာ ပတ်၀န်းကျင်ကို ပြူးကျယ်တဲ့ မျက်လုံးတွေနဲ့ လိုက်ကြည့်နေတာကို အာရုံခံမိခဲ့တယ်။

တရားဖြုတ်ပြီးလို့ မြင်ခဲ့ရတာတွေကို ပြန်ဆွေးနွေး ချိန်မှာတော့ မောင်ကောင်းက ကြောက်လန့်နေတဲ့ လူငယ်တစ်ယောက်ကို မီးတောက်အလယ်မှာ မြင်ရကြောင်းပြောခဲ့ပြီး၊ ခွန်းလှကတော့ ရေနံချေးသုတ်ထားတဲ့ အိမ်မဲမဲကြီးထဲမှာ လူငယ် တစ်ယောက် မျက်နှာငယ်နဲ့ထိုင်နေတာကို သူမြင်ရကြောင်း ပြောခဲ့တယ်။ အောင်မြတ်သာလဲ တပည့်ဖြစ်သူတွေရဲ့ စကားကိုနားထောင်ပြီး

“ ဒီကောင်လေးကို ခေါ်ထားတဲ့သူက ကောင်းကောင်းမွန်မွန်ထားသားပဲ… ဒါပေမယ့် ကောင်လေးရဲ့ပတ်ပတ်လည်မှာတော့ အစောင့်တွေ အများကြီးချထားတာကိုကြည့်ရင် အခြားအကြံအစည်တစ်ခုခုတော့ ရှိမယ်လို့ မြင်မိတယ်”

“ ကျွန်တော်လဲဆရာပြောသလိုတွေးမိတယ်… ခွန်းလှကရော ဘယ်လိုတွေးလဲ”

“ ခေါ်ထားတဲ့သူက ဒီကောင်လေးကိုအသုံးချမယ် လို့ထင်တယ်… မဟုတ်မှလွဲရော ဟိုစေတီပျက်တွေ နဲ့များပတ်သတ်နေမလား”

“ ခွန်းလှပြောတာ သဘာ၀ကျတယ်… နောက်ပြီး သူ့ကိုခေါ်ထားတဲ့သူရဲ့ ပညာကလဲ ပေါ့သေးသေး မဟုတ်ဘူး..”

“ ဟုတ်တယ်ဆရာ… ခုနက ကျွန်တော် ကောင်လေးအနားကိုကပ်သွားဖို့ စိတ်နှစ်လိုက်ပေမယ့် မမြင်နိုင်တဲ့ တွန်းကန်အား တစ်ခုက ပြင်းပြင်းထန်ထန်ခုခံနေတာကို ခံစားရတယ်”

“ ဒါကိုကြည့်မယ်ဆိုရင် ငါတို့ရင်ဆိုင်ရမယ့်သူက သာမန်အဆင့်မဟုတ်ဘူးဆိုတာပဲ.. ကဲ လိုအပ်တာတွေပြင်ဆင်ပြီး မနက်အရုဏ်တက်တာနဲ့ စေတီပျက်တွေရှိတဲ့ဘက်ကို ပြန်သွားကြတာပေါ့… ငါထင်တာ မမှားဘူးဆိုရင် အဲဒီလူက စေတီပျက်တွေမှာရှိတဲ့ ဌာပနာတွေကို ကောင်လေးရဲ့ အကူအညီနဲ့ ယူချင်လို့ အခုလို လုပ်တာလို့ထင်မိတယ်”

“ ဆရာပြောသလိုသာဆိုရင် ပွဲကတော့ ကြည့်လို့လှပြီဗျ ဟဲဟဲ”

မောင်ကောင်းက ရယ်ကျဲကျဲလုပ်ပြီး လွယ်အိတ်ထဲမှာရှိတဲ့ အင်းချပ်တွေကို စစ်ဆေးနေခဲ့သလို ခွန်းလှကလဲ လိုအပ်တဲ့ ပစ္စည်းတွေကို ပြန်စစ်နေခဲ့တယ်။

အောင်မြတ်သာကတော့ ခပ်လှမ်းလှမ်းမှာရှိတဲ့ တောင်တန်းတွေကိုငေးကြည့်ပြီး တစ်စုံတစ်ခုကို တွေးတောနေသယောင်ယောင်။

– – – – – – – – –

အုတ်ကျိုးအုတ်ပဲ့တွေ အမှိုက်သရိုက်တွေ သစ်ရွက်ခြောက်တွေနဲ့ ရှုပ်ပွနေတဲ့ ဘုရားငုတ်တိုကုန်းမှာတော့ သက်ရှိဆိုလို့ ဟိုဟိုဒီဒီ လျောက်သွားနေတဲ့ ခွေးလေခွေးလွင့်တွေကလွဲပြီး ဘာမှမရှိ။ အဲဒီအချိန် ‌ဘုရားငုတ်တိုပရ၀ဏ်ထဲကို လှမ်း၀င်လာတဲ့ လူနှစ်ယောက်။

“ ဝုတ် ဝုတ် ဝုတ်… ဂီး ဂီး…”

“ ဟဲ့ ဒီခွေးတွေ ငါလုပ်လိုက်ရ တောက်စ်”

စူးစူးဝါးဝါးထိုးဟောင်နေတဲ့ ခွေးတစ်အုပ်ကို ၀င်လာတဲ့လူစိမ်းက တောက်တစ်ချက် ခေါက်လိုက်ရာ အနားကိုပင်မလာရဲတော့ပဲ အမြှီးကုပ်ကာ ထွက်ပြေးသွားခဲ့ကြတယ်။

“ ဟိုကောင်လေး… မင်းကိုသင်ပေးထားတဲ့အတိုင်း ပြောတော့”

“ ဒါ ဒါ ကျုပ်အမြဲတမ်း အိမ်မက်မက်နေတဲ့ ဘုရားတွေပါလား…”

“ ဟာ… စကားများလိုက်တာ … မြန်မြန်ပြောစမ်း”

မိုးထက်မြင့်က မဝံ့မရဲနဲ့ အုတ်ကျိုးတွေပေါ်ကို တက်ပြီး

“ ဘုရားပရ၀ဏ်အတွင်းမှာနေထိုင်ကြတဲ့ မြင်အပ်မမြင်အပ်ပုဂ္ဂိုလ်များ… ကျုပ်အနေနဲ့ သင်တို့ကို ကောင်းမွန်တဲ့ဘ၀ရောက်အောင် ပြိုပျက်နေတဲ့စေတီတွေကို ပြန်လည်ပြုပြင်ဖို့ ရောက်လာရခြင်းဖြစ်ပါတယ်၊ ဒါကြောင့် သင်တို့ထိန်းသိမ်းထားတဲ့ ဌာပနာပစ္စည်းတွေကို ကျုပ်ထံလာရောက်အပ်နှံကြဖို့ပြောချင်ပါတယ်” လို့ပြောလိုက်တယ်ဆိုရင်ပဲ ပြိုပျက်နေတဲ့ ဘုရားနှစ်ဆူကြားထဲကနေ ဗိုက်ပူပူ မျက်နှာဖောင်းဖောင်းနဲ့ ဖိုးသူတော်တစ်ပါး ထွက်လာခဲ့တယ်။

“ ဘယ်သူများလဲလို့ ဖိုးသူတော်ပါလား… အရင်တစ်ခေါက်က ဒီနေရာကိုပြုပြင်မယ့်ပဌာန်းဆက်ပါလာမှ ဌာပနာပစ္စည်းတွေအပ်မယ်လို့ပြောထားတဲ့ကတိကို မှတ်မိသေးရဲ့လား”

“ မှတ်မိတာပေါ့.. သိပ်ကိုမှတ်မိတာပေါ့… ခင်ဗျားတောင် ကျုပ်တပည့်တစ်ယောက်ကို ချုပ်နှောင်ပြီးခေါ်သွားသေးတယ်မဟုတ်လား”

“ ဟေ့ သူတော် မင်းရဲ့လေသံက အရင်နဲ့မတူပဲ မာလှချည်လား”

“ အရင်ကတော့ ကျုပ်မှာအားကိုးမရှိလို့ ခင်ဗျားရဲ့ ပညာစွမ်းတွေအောက်မှာ အရှုံးပေးခဲ့ရပေမယ့် အခုတော့ ကျုပ်တို့ကိုကူညီမယ့်သူတွေရောက်နေပြီ၊ ခင်ဗျားက အခုဆို ကျုပ်တို့ကို ကျွတ်လွတ်အောင် လုပ်ပေးမယ့်သူကိုလဲခေါ်လာပေးတယ်ဆိုတော့ ကျုပ်အနေနဲ့ ဟောဒီ ရွှေကြယ်သီတစ်လုံးတော့ လက်ဆောင်ပြန်ပေးနိုင်ပါတယ်”

ဖိုးသူတော်က လက်ကိုလေထဲဝှေ့ယမ်းပြီး ဇီးသီးစေ့ခန့်ရှိတဲ့ရွှေကြယ်သီးတစ်လုံးကို ပစ်ပေးလိုက်ရာ မောင်ထုံက

“ တောက်စ် မောင်ထုံ ဘာကောင်လဲဆိုတာ ပြရသေးတာပေါ့” လို့ကြိမ်းဝါးပြီး လက်ကောက်၀တ်မှာပတ်ထားတဲ့ ချည်မန်းကွင်းကို ဖြုတ်ပြီး ဖိုးသူတော်ရှိတဲ့ဘက်ကို ပစ်ထည့်လိုက်တယ်။

ချည်မန်းကွင်းက လေပေါ်မှာတင် တစ်ဖြေးဖြေးကြီး လာပြီး ဖိုးသူတော်ရဲ့လည်ပင်းနားရောက်လုဆဲဆဲ အချိန် မှန်တစ်ချပ်လို အရောင်ပြန်တဲ့ အလင်းတန်းတစ်ခုပေါ်လာတာကြောင့် ရှေ့ကိုဆက်မသွားတော့ပဲ မြေကြီးပေါ်ကို ဘုတ်ခနဲ ပြုတ်ကျသွားခဲ့တယ်။

“ ဟင်…”

မောင်ထုံက အံ့ဩစွာရေရွတ်ပြီး ဖိုးသူတော်ရဲ့ဘေးကို ကြည့်လိုက်ရာ ယောဂီ၀တ်စုံ၀တ်ထားတဲ့ လူသုံးယောက်က ယှဉ်လျက်ထွက်ပေါ်လာခဲ့တယ်။

“ မင်းတို့က ဘယ်သူတွေလဲ… ဒီနေရာကို ဘယ်လိုကြောင့်ရောက်နေရတာလဲကွ”

“ ကျုပ်တို့က ခင်ဗျားခေါ်လာတဲ့ ကောင်လေးကို ပြန်ခေါ်ဖို့ရောက်လာတဲ့သူတွေပဲ… လောကမှာလေ ကိုယ်နဲ့မထိုက်တန်တဲ့ဘယ်အရာကိုမှ အတင်းလုယူလို့မရဘူး… အကယ်၍ရခဲ့တောင် ဟောဒီ ရွှေကြယ်သီးအရွယ်လောက်ပဲရမှာ”

အောင်မြတ်သာက အောက်မှာကျနေတဲ့ ရွှေကြယ်သီးစေ့ကိုကောက်ယူပြီး ဖိုးသူတော်လက်ထဲပြန်ထည့်ပေးလိုက်တယ်။

ဒီအဖြစ်ကြောင့် မောင်ထုံတစ်ယောက် ဒေါသူပုန် ထသွားပြီး အင်းကွက်တွေရေးဆွဲထားတဲ့ နတ်အိုးကွဲ တစ်ခုကိုထုတ်ယူကာ အင်းနှိုးဂါထာရွတ်လိုက်တယ် ဆိုရင်ပဲ ရေးဆွဲထားတဲ့ အင်းစမတွေထဲကနေ အပ်ချည်မျှင်အရွယ်ခန့်ရှိတဲ့ ကြိုးတွေထွက်လာကာ ဘုရားငုတ်တိုကုန်းတစ်ခုလုံးကို ထွက်ပေါက်မရှိ အောင် ရစ်ပတ်ထားလိုက်တယ်။ တစ်စတစ်စ များပြားလာတဲ့ ကြိုးမျှင်တွေက ပိုးချည်လုံးတစ်ခုလိုဖြစ်လာပြီး နေ့ခင်းမှာပင် အလင်းရောင်ပျောက်ဆုံးသွားတဲ့ထိ လေးဘက်လေးတန်ကို ရစ်ပတ်ထားလိုက်တယ်။

အောင်မြတ်သာလဲ တစ်ခါမှမကြုံဖူးတဲ့အဖြစ်ကြောင့် အမှောင်ထုထဲမှာ ချောင်ပိတ်မိနေတဲ့အချိန် မောင်ထုံရဲ့ ညာဘက်လက်ကနေ ထွက်လာတဲ့ လိမ္မော်ရောင် အလင်းတန်းက ရင်ညွန့်တည့်တည့်ကို လာထိမှန်ခဲ့တယ်။

“ ဝုန်း… “

အနောက်ကိုလန်ကျသွားတဲ့ အောင်မြတ်သာရဲ့ ကိုယ်က အုတ်ကျိုးပုံတွေကြားထဲရောက်သွား တာကြောင့် အားယူကာပြန်ထပြီး အလင်းရောင်ပေါ်စေဖို့အတွက် ရွတ်ဖတ်ရမယ့် ဂါထာကို‌စဉ်းစားနေတဲ့အချိန် မောင်ကောင်းနဲ့ တောက်ရတို့ ဘေးတစ်ဖက်စီကို လွင့်ထွက်သွားတဲ့အသံနဲ့အတူ နာကျင်စွာ ညဉ်းညူသံကိုပါကြားလိုက်ရတယ်။

“ ဟား ဟား ဟား… ဖိုးသူတော်ရေ မင်းခေါ်ထားတဲ့ သူတွေက အမှောင်ထဲမှာ ဘာမှသုံးလို့မရပါလား.. မင်းရော ဘယ်ကိုထွက်ပြေးသွားတာလဲ”

မောင်ထုံက ဖိုးသူတော်ကို ခနဲ့ရင်း အားယူကာပြန်ထနေတဲ့ အောင်မြတ်သာရဲ့ ရင်ညွန့်ကို အရှိန်နဲ့ပြေးကန်လိုက်တယ်။

“ ဖောင်း… အင့်”

“မင်းရဲ့ပညာက ငါ့ထက်တော်ကောင်းတော်လိမ့်မယ် ဒါပေမယ့် အခုလိုအမှောင်ထုထဲမှာတော့ မင်းက ဆယ်နှစ်သားကလေးလောက်ပဲရှိတော့ပါလားကွ”

မောင်ထုံက အောင်မြတ်သာရဲ့ ရင်ညွန့်ကို ခြေထောက်နဲ့ နင်းထားပြီး သဘောကျစွာ ရယ်မောနေတဲ့အချိန် အလင်းရောင်တစ်ခုက ပိုးစုန်းကြူးမီးရောင်လို ဖျတ်ခနဲ ဖျတ်ခနဲ ထွက်ပေါ်လာတာကို သတိထားမိခဲ့တယ်။

“ ဆရာ.. ဟိုကောင်လေး ရှိတဲ့ဘက်က အလင်းရောင်ထွက်နေတာ…”

အုတ်ကျိုးတွေနဲ့ ‌ဦးခေါင်းကိုခိုက်မိထားတဲ့ ခွန်းလှက ဒဏ်ရာတွေကြားထဲကနေ လှမ်းပြောလိုက်တာကြောင့် အောင်မြတ်သာလဲ အလင်းရောင်ထွက်ပေါ်လာတဲ့ဘက်ကို ကြည့်ပြီး

“ ကောင်လေး… မင်းခုနက ဘာကိုအာရုံပြုလိုက်တာလဲ.. အဲဒီအတိုင်း ဆက်လုပ် ကျန်တာဘာမှခေါင်းထဲမထည့်ထားနဲ့” လို့အော်ပြောလိုက်ရာ မောင်ထုံက အောင်မြတ်သာကို လွှတ်ချပြီး မိုးထက်မြင့် ရှိတဲ့ဘက်ကို လှည့်လာခဲ့တယ်။ အဲဒီအချိန် ဖျတ်ခနဲ ဖျတ်ခနဲ ထွက်ပေါ်လာတဲ့ အလင်းရောင်က တစ်ဖြေးဖြေးအားကောင်းလာပြီး တစ်ယောက်နဲ့ တစ်ယောက် ဝိုးတဝါးမြင်နိုင်လောက်တဲ့ထိ ဖြစ်လာခဲ့တယ်။

“ ဒီခွေးကောင်ကတော့ ကိုယ်နဲ့မဆိုင်တာ ၀င်ရှုပ်ပြန်ပြီ”

မောင်ထုံက မိုးထက်မြင့်ကို ကြိမ်းဝါးရင်း အနားကိုကပ်သွားတဲ့အချိန် လဲကျနေတဲ့ အောင်မြတ်သာက အိတ်ကပ်ထဲထည့်ထားတဲ့ နတ်ဘီလူးအင်းကိုထည့်ယူပြီး အင်းနှိုးဂါထာရွတ်လိုက်တယ်ဆိုရင်ပဲ လူသုံးဖက်စာလောက်ကြီးမားတဲ့ ဘီလူးတစ်ကောင်ကအုတ်ကျိုးပုံတွေကိုခွဲပြီး ခုန်ထွက်လာခဲ့တယ်။

မောင်ထုံလဲ အနောက်ကနေ ပေါ်လာတဲ့ နတ်ဘီလူးရဲ့ တင်းပုတ်ရိုက်ချက်ကို ရှောင်လိုက်တဲ့အချိန် အုတ်ကျိုးတစ်ခုကို နင်းမိပြီး ဘေးကိုလိမ့်ကျသွားခဲ့တယ်။ အဲဒီအချိန် မျက်တောင်မခတ်တမ်းမတ်တပ်ရပ်နေတဲ့ မိုးထက်မြင့်ရဲ့ ကိုယ်ထဲကနေ မျက်စိကြိမ်းမတတ် အလင်းဓါတ်တွေက ရေတံခွန်ကျသလို အရှိန်အဟုန်နဲ့ ဖောက်ထွက်လာခဲ့တာ အမှောင်ထုကြီးစိုးနေတဲ့ ဘုရားငုတ်တိုကုန်းတစ်ခုလုံး အောက်လင်းမီးကြီး ထိုးထားသလို ထိန်ထိန်လင်းသွားခဲ့တယ်။

အလင်းရောင်ရတာနဲ့ မောင်ကောင်းနဲ့ ခွန်းလှတို့က ယက္ခတစ်ထောင်အင်းကို ထုတ်ယူပြီး သူနဲ့သက်ဆိုင်တဲ့ အင်းနှိုးဂါထာရွတ်ဆိုလိုက်ရာ ဘုရားငုတ်တိုကုန်းတစ်ခုလုံး တင်းပုတ်ကိုင်ထားတဲ့ ယက္ခတွေ အပြည့်ဖြစ်သွားခဲ့တယ်။

မောင်ထုံလဲ အခြေအနေမဟန်တာသိတာကြောင့် လဲကျနေတာကနေ ကုန်းထပြီး လည်ပင်းမှာဆွဲထားတဲ့ ကိုယ်လုံအင်းကို မြိုလိုက်ရာ သူ့ခန္ဓာကိုယ်နဲ့ နှစ်တောင်အကွာထိကျယ်တဲ့ အကာအကွယ်တစ်ခု ထွက်ပေါ်လာခဲ့တယ်။

နတ်ဘီလူးအင်းကနေ ဖြစ်ပေါ်လာတဲ့ ပုဂ္ဂိုလ်နဲ့ မောင်ကောင်းနဲ့ခွန်းလှတို့ဆင့်ခေါ်ထားတဲ့ ယက္ခတစ်ထောင်တို့အနေနဲ့ မောင်ထုံရဲ့ ကိုယ်လုံအင်းအနားကိုရောက်တာနဲ့ ဘုရားကုန်းပျက် အပြင်ဘက်ကို လွင့်စင်ထွက်ကုန်ကြတယ်။

“ ဆရာ… သူ့ကိုယ်လုံအင်းက အတော်အားကောင်းတာပဲ.. ဘယ်လိုလုပ်ရမလဲ”

မောင်ကောင်းရဲ့စကားကို အောင်မြတ်သာက ဘာမှပြန်မပြောပဲ လက်အုပ်ချီကာ မျက်လုံးစုံမှိတ်လိုက်ပြီး

“ ဆရာသခင်အပေါင်းတို့အား တပည့်ဦးခိုက်ပါတယ်… အခုချိန်က သာသနာအတွက်အရမ်းအရေးကြီးတဲ့အချိန်ဖြစ်နေတာကြောင့် ဆရာသခင်တို့ နှုတ်ယူထားတဲ့ ပညာရပ်များအား တပည့်ထံခေတ္တပြန်လည် အပ်နှံပေးပါရန် ခွင့်တောင်းအပ်ပါသည်” လို့ တိုင်တည်လိုက်တဲ့အချိန်မှာပဲ မိုးထက်မြင့်ရဲ့ ခန္ဓာကိုယ်ထဲက ပျော့ခွေကျသွားသလို အလင်းဓါတ်တွေလဲ အားလျော့ကာမှိန်ကျသွားခဲ့တယ်။

“ ဟိုကောင်လေး သတိလစ်သွားပြီထင်တယ်… ဘယ်လိုလုပ်ကြမလဲ”

ခွန်းလှရဲ့စကားသံအဆုံးမှာပဲ အလင်းရောင်ပျောက်ဆုံးသွားခဲ့သလို ဆင့်ခေါ်ထားတဲ့ ယက္ခတွေပါ ပျောက်ကွယ် သွားခဲ့တယ်။

မောင်ထုံအနေနဲ့ သူ့လုပ်ကွက်ထဲပြန်ရောက်လာပြီမို့ ကိုယ်လုံအင်းကို ပါးစပ်ထဲကပြန်ထုတ်ပြီး ရှေ့ကိုတိုးလာတဲ့အချိန် အလွန်ကိုမှလင်းထိန်တဲ့ အလင်းရောင်တန်းတစ်ခု ရုတ်ချည်းပေါ်ပေါက်လာခဲ့တယ်။

အလင်းတန်းက ဘယ်လောက်တောင် တောက်ပသလဲဆိုရင် မောင်ထုံရဲ့ မျက်လုံးတွေ ဖွင့်မရနိုင်လောက်တဲ့ထိကိုဖြစ်ခဲ့ရတယ်။

မောင်ကောင်းနဲ့ တောက်ရတို့လဲ အလင်းတန်းလာတဲ့ဘက်ကိုကြည့်လိုက်ရာ အုတ်ကျိုးပုံတွေပေါ်မှာ တင်ပလ္ဘင်ခွေထိုင်နေတဲ့ အောင်မြတ်သာဆီကနေ ထွက်လာမှန်းသိလိုက်ရတယ်။

“ ဆရာ ဆရာ သူ့ပညာတွေပြန်ရပီထင်တယ်… အား ကျွတ် ကျွတ်”

မောင်ကောင်းက သွေးထွက်နေတဲ့ ဦးခေါင်းကို လက်နဲ့ဖိပြီး ၀မ်းသာအားရရေရွတ်လိုက်တာကြောင့် သတိရှိတဲ့မောင်ထုံက ကိုယ်လုံအင်းကို ချက်ချင်းပြန်မြိုလိုက်ပြီး ရောက်တဲ့နေရာမှာတင် ရပ်နေခဲ့လိုက်တယ်။

အောင်မြတ်သာကတော့ တင်ပလ္လင်ခွေထိုင်နေရာကနေ ‌သွေးကြောစိမ်းလေးတွေခပ်ရေးရေးပေါ်နေတဲ့ မျက်ခွံကို ဖျတ်ခနဲလှန်တင်လိုက်ပြီး မြေကြီးကို လက်ဝါးနဲ့ထိကိုင်ကာ

“ ကျွန်ုပ်သည် သူတော်ကောင်းပညာကို ရရှိစဉ်ထဲက သူတစ်ပါးမျက်ရည်ကြီးငယ်ကျအောင် မလုပ်ခဲ့ပါ၊ သူတစ်ပါးရဲ့အသက်ကိုလဲသိသိလျက်နဲ့မသတ်ခဲ့ပါ၊သူတစ်ပါးသားမယားကိုလဲ ခိုးယူ‌ပေါင်းသင်းခြင်း မရှိခဲ့ပါ၊ဤသစ္စာစကားမှန်ကန်ပါက မသမာသူအသုံးပြုထားသည့် အင်းအိုင် အဆောင်လက်ဖွဲ့၏ အစွမ်းသည် ရုတ်ချည်းလျော့ကျပါစေသား” လို့တိုင်တည်လိုက်ရာ ဘုရားငုတ်တိုကုန်းကို ရစ်ပတ်ထားတဲ့ ကြိုးတွေအကုန် တစ်ဖျောက်ဖျောက်နဲ့ပြတ်ထွက်ကုန်ကြသလို မြေကြီးပေါ်မှာ ပြန့်ကျဲနေတဲ့ အုတ်ကျိုးအုတ်ပဲ့ တွေက မီးကျီခဲတွေအဖြစ်ပြောင်းသွားပြီး မောင်ထုံအကာအကွယ်ယူထားတဲ့ ကိုယ်လုံအင်းကို တဖုန်းဖုန်းနဲ့၀င်တိုးပါလေရော။

ကိုယ်လုံအင်းအနေနဲ့ အောင်မြတ်သာရဲ့ သစ္စာတိုင်တည်မှု၊ မရေတွက်နိုင်တဲ့ မီးကျီခဲတွေရဲ့ တွန်းတိုက်မှုကိုမခံနိုင်တော့ပဲ နောက်ဆုံးမှာတော့ တစ်စစီပေါက်ပြဲကာ အစိမ်စိပ်အမြွှာမြွှာ ပျက်စီးသွားခဲ့တယ်။

အောင်မြတ်သာလဲ ကိုယ်လုံအင်းပျက်တဲ့အချိန် လက်ကိုပြန်ရုတ်လိုက်ပေမယ့် အချို့အုတ်ကျိုးတွေက အရှိန်မလျော့ပဲ မောင်ထုံရဲ့ ခန္ဓာကိုယ်အနှံ့ကိုလာရောက်ထိမှန်တာကြောင့် တစ်ကိုယ်လုံးသွေးချင်းချင်းနီကာ နေရာမှာတင် လဲကျသွားခဲ့တယ်။

မောင်ထုံ သတိလစ်သွားတာနဲ့ တစ်ပြိုင်နက် မောင်ကောင်းနဲ့ ခွန်းလှတို့ရှိတဲ့ဘက်ကိုသွားပြီး


ရရှိထားတဲ့ဒဏ်ရာတွေကို လက်နဲ့အုပ်ကာ ဆွဲယူပစ်လိုက်တယ်ဆိုရင်ပဲ ဒဏ်ရာမရှိတော့ပဲ သွေးစတွေသာ ကျန်ရစ်ခဲ့တယ်။

မောင်ကောင်းနဲ့ ခွန်းလှလဲ ဒဏ်ရာတွေပျောက်ကင်း တာနဲ့ သတိလစ်နေတဲ့ မိုးထက်မြင့်ကို ပွေ့ထူပြီး ပြုစုလိုက်ရာ သတိပြန်လည်လာခဲ့တယ်။

အဲဒီတော့မှ စေတီပျက်တွေကြားထဲကနေ ဖိုးသူတော်နဲ့အပေါင်းအပါတွေထွက်လာပြီး ပျော့ခွေနေတဲ့ မိုးထက်မြင့်ကို လာရောက် ချောင်းကြည့်ခဲ့ကြတယ်။

အောင်မြတ်သာတို့လဲ မောင်ထုံမှာပါလာတဲ့ အဆောင်လက်ဖွဲ့တွေကိုသိမ်းယူပြီး ဖိုးသူတော် လက်ထဲအပ်ကာ မိုးထက်မြင့် မိဘတွေကိုကတိပေးထားတဲ့အတိုင်း မန်ကျီးကိုးပင်ရွာကို ပြန်ခေါ်လာခဲ့ကြတယ်။

– – – – – – – – –

မိုးထက်မြင့်အနေနဲ့ အိမ်ပြန်ရောက်တဲ့နောက်ပိုင်း စေတီတွေကိုပြန်လည်မွမ်းမံပြင်ဆင်ဖို့ကြိုးစားအားထုတ်မှု၊ မြင်အပ်မမြင်အပ်ပုဂ္ဂိုလ်တွေရဲ့ အကူအညီ ပေးမှုတွေအပြင် အနှောက်အယှက်ပေးမှုတွေကို အောင်မြတ်သာတို့ဆရာတပည့်တွေ ဘယ်လိုပံ့ပိုး ကူညီကြမလဲဆိုတာကိုတော့–
အောင်မြတ်သာ၀တ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment