အောင်မြတ်သာနှင့်ပျောက်ကွယ်နေသောဘုရားကျောင်း

” အောင်မြတ်သာနှင့်ပျောက်ကွယ်နေသောဘုရားကျောင်း ”
စာရေးသူ — ဇေယန(ရာမည)
+++++++++++
“ရွှေညောင်ပင်မြို့မှကြိုဆိုပါ၏”ဆိုတဲ့ ဆိုင်းဘုတ်နားရောက်တော့ အောင်မြတ်သာတို့ဆရာတပည့်နှစ်ယောက် ခေတ္တအနားယူခဲ့ကြတယ်။
အုပ်ဆိုင်းမှိုင်းညို့နေတဲ့ ညောင်ပင်တွေ မြို့အဝင်ဝမှာတန်းစီပေါက်ရောက်နေတာမို့ ရွှေညောင်ပင်မြို့ဆိုပြီးနာမည်တွင်တယ်လို့ ပြောကြသလို၊ ဒီမြို့ကို စတင်တည်ထောင်ခဲ့တဲ့ ဟိန္ဒူလူမျိုးတစ်ဦးက သူပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ညောင်ပင်တွေအောက်မှာ​မြုပ်နှံသွားရာကနေ ရွှေညောင်ပင်မြို့ဆိုပြီး အမည်တွင်လာတယ်လို့လဲဆိုစမှတ်ရှိခဲ့ကြတယ်။
ရွှေညောင်ပင်မြို့မှာတော့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံစုဝေးနေထိုင်ကြပြီး အချင်းချင်းခိုက်ရန်ဖြစ်ပွားခြင်းလဲမရှိသလောက်ရှားပါးခဲ့တယ်။ သီတင်းကျွတ်ပွဲတော်၊ ဒီပါဝလီပွဲတော်အစရှိတဲ့ ဘာသာရေးပွဲတော်များကျင်းပတဲ့အခါမှာလဲ သူ့ဘာသာ ကိုယ့်လူမျိုးခွဲခြားမှုမရှိပဲ တွေ့သမျှလူအားလုံးပျော်ရွှင်စွာဝင်ရောက်ဆင်နွှဲလေ့ရှိကြတယ်။
ယခုလဲ အောင်​မြတ်သာတို့ရောက်နေတဲ့ အချိန်က ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပနေတဲ့အချိန်ဖြစ်တာနဲ့အညီ မြို့ထဲမှာရှိတဲ့ ဗုဒ္ဓဘာသာလူမျိုးတွေကတော့ ရေအိုးလေးတွေကိုယ်စီရွက်ရင်း ညောင်ရေသွန်းမယ့်နေရာဆီသွားနေကြသလို အခြား ဘာသာခြားလူမျိုးတွေကလဲ သွားလာနေကြတဲ့သူတွေကို ရင်းရင်းနှီးနှီး စကားပြောဆိုနှုတ်ဆက်နေပုံလေးက မြင်ရသူအဖို့စိတ်ကြည်နူးစရာဖြစ်ခဲ့ရတယ်။
” ဟေ့ ကူးမာရ် —  နင်က အဝတ်အစားသစ်တွေ ဝတ်ပြီးဘယ်သွားမလို့လဲ”
ကုန်ခြောက်ဆိုင်ဖွင့်ထားတဲ့ ဟိန္ဒူအဖိုးကြီးက လမ်းပေါ်မှာသွားနေတဲ့ ကူးမာရ်ဆိုတဲ့သူကို လှမ်းစလိုက်တော့ ဟိုလူက လုံချည်စနှစ်ဖက်ကိုဆွဲကာလမ်းလျောက်နေရာကနေ ရပ်လိုက်ပြီး
” ဒီနေ့က ဗုဒ္ဓမွေးနေ့လေ .. ဒါကြောင့် ညောင်ရေသွားလောင်းပြီး မယ်တော်ကျောင်းကိုသွားမယ်။ ဟရေး.. ပရာဆပ်နော် မယ်တော်ကျောင်းကိုမသွားတာ ကြာပီမဟုတ်လား.. တစ်ခါလောက်သွားဦးနော်၊ မယ်တော်က ဒီနှစ်ထဲ ထူးခြားနေတယ်” လို့ပြောကာ မြောက်ကြွမြောက်ကြွနဲ့ ထွက်သွားခဲ့တယ်။
အောင်မြတ်သာလဲ ပြောချင်တာပြောပြီး ထွက်သွားတဲ့ ကူးမာရ်ဆိုတဲ့သူကို မျက်မှောင်ကျုံ့​ကာစူးစိုက်ကြည့်လိုက်ပြီး
” မောင်ကောင်းရေ ငါတို့တော့အလုပ်ပေါ်ပီ… သွားကြရအောင်”လို့ပြောကာ ကူးမာရ်နောက်ကိုလိုက်သွားခဲ့ကြတယ်။
ကူးမာရ်က ညောင်ရေသွန်းတဲ့နေရာကို ဦးဆုံးဝင်ကာ အခြားသူတွေနဲ့အတူ ညောင်ရေသွန်းခြင်း၊ ဘုရားရှိခိုးခြင်းတွေကိုပြုလုပ်ခဲ့တယ်။ ဘုရားပေါ်မှာရှိိနေတဲ့သူတွေကတော့ ကူးမာရ်ကိုမြင်တော့ ရင်းရင်းနှီးနှီးနှုတ်ဆက်တာမြင်တော့ ဒီလူက လူချစ်လူခင်တော့များသားပဲဆိုပြီး တွေးမိခဲ့တယ်။
အားလုံးပြီးသွားတဲ့အချိန်မှာတော့ စေတီပေါ်ကနေဆင်းပြီး ဟိန္ဒူလူမျိုးတွေနေထိုင်တဲ့အရပ်ဘက်ကိုထွက်သွားခဲ့တယ်။ မကြာမီ လေးပေပတ်လည်လောက်သာရှိတဲ့ မယ်တော်နန်းတစ်ခုရှေ့ကိုရောက်လာပြီး အသင့်ပါလာတဲ့ အမွှေးနံ့သာ တွေကို ထွန်းညှိကာ နှုတ်ကနေ တစ်တွတ်တွတ် ပြောပါလေရော။
အောင်မြတ်သာတို့လဲ မလှမ်းမကမ်းကနေ သူဘာလုပ်မလဲဆိုတာစောင့်ကြည့်နေတဲ့အချိန် ဘုရားကျောင်းငယ်အနားကနေ ခေါင်းလောင်းသံတွေ ဆူညံစွာထွက်ပေါ်လာခဲ့တယ်။
ခေါင်းလောင်းတစ်လုံးမှ မရှိပဲ ဆူညံစွာထွက်ပေါ်လာတဲ့အသံတွေကြောင့် ကူးမာရ်တစ်ယောက် အံ့ဩသွားပြီး ဘေးဘီကိုကြည့်လိုက်ရာ သစ်ပင်အနောက်မှာရှိနေတဲ့ အောင်မြတ်သာတို့ကိုမြင်တွေ့သွားခဲ့တယ်။
” ဟိုလူတွေ ပုန်းမနေကြနဲ့ ထွက်လာခဲ့… မယ်​တော်က လူစိမ်းတွေရောက်တာသိနေတယ်နော်”
စကားသံဝဲဝဲနဲ့ လှမ်းပြောနေတဲ့ ကူးမာရ်စကားကြောင့် အောင်မြတ်သာတို့မနေသာတော့ပဲ အရှေ့ကိုထွက်လာခဲ့လိုက်တယ်။
” လာကြ လာကြ… မိတ်ဆွေတို့ကို အရင်က ဒီမြို့မှာမတွေ့ဖူးဖူးနော်”
” ကျုပ်တို့က ဒီမြို့ကိုခရီးသွားဟန်လွဲဝင်လာတာပါ.”
” မယ်တော်က ပြောတယ် … မြို့ကိုရောက်နေတဲ့ လူစိမ်းနှစ်ယောက်က ငါတို့ရှာနေတဲ့ ဘုရားကျောင်းကို တွေ့အောင်ကူညီပေးနိုင်တယ်တဲ့၊ အဲဒါ သင်တို့နှစ်ယောက်ကိုပြောတာများလား”
” သင်ပြောသလိုဆိုရင် ကျုပ်တို့က ဘာများကူညီပေးရမလဲ”
” ခုနက ခေါင်းလောင်းသံတွေကြားတယ်မဟုတ်လား.. အဲဒါက မယ်တော်ရဲ့ အစောင့်​တွေက လူစိမ်းရောက်နေကြောင်းသတိပေးတာ၊ မယ်တော်က အခုလောလောဆယ် သူထွက်တွေ့လို့မရသေးတဲ့အတွက် သူပြောချင်တာတွေကို ကျုပ်ကတစ်ဆင့် သင်တို့ကိုပြောခိုင်းထားပါတယ်”
” ကဲ ဒါဆိုလဲ ကျုပ်တို့ဘာလုပ်ပေးရမလဲဆိုတာ ပြောပါ”
” မယ်တော်က ဒီနေရာကိုရောက်နေတာ နှစ်ပေါင်းရာကျော်နေပီ၊ သူ့အရင်​စံကျောင်းအ​ဟာင်းကလဲ ဒီမြို့တစ်နေရာမှာရှိနေတယ်တဲ့၊ အဲဒီကျောင်းကို ကျုပ်နဲ့ မိတ်ဆွေတို့ပေါင်းပြီး ကူရှာပေးပါလို့ပြောနေတယ်”
” ဒါဆို မယ်တော်က တစ်မြို့လုံးမှာရှိတဲ့သူတွေထဲ သင့်ကိုရွေးချယ်လိုက်တာပေါ့..”
” ဟုတ်တယ်… သူစံကျောင်းရရင် ကျုပ်က ပူစာရီလုပ်ရမှာ”
” ပူစာရဆိုတာ ကပ္ပိယလိုမျိုးကိုပြောတာလား”
” ဟုတ်တယ်ဟုတ်တယ် မယ်တော်နဲ့ပတ်သတ်တဲ့ကိစ္စတွေအကုန် ကျုပ်လုပ်ပေးရမှာ၊ အခုခက်ခဲနေတာက ကျောင်းအဟောင်းက ဘယ်နားမှာမှန်းမသိတာပဲ”
” အရင်ကရော ကျောင်းဟောင်းက တကယ်ရှိခဲ့လို့လား”
” ရှိခဲ့တာပေါ့ ဒီမြို့ကိုစတည်တဲ့ အိန္ဒိယနွယ်ဖွားမဟာရာဂျာကိုယ်တိုင်ဆောက်ထားခဲ့တာလို့ပြောတယ်။ ဘုရားကျောင်းရဲ့အောက်ခြေမှာလဲ ရွှေအတိပြီးတဲ့ ညောင်ပင်လေးပင်ကို စိုက်ထားသေးတာ၊ ဒါတွေကို လိုချင်ကြတဲ့ သိုက်ဆရာ လောဘသမားတွေက ဘုရားကျောင်းကို နည်းအမျိုးမျိုးနဲ့ဖောက်ထွင်းဖို့ကြိုးစားခဲ့ကြပေမယ့် ဘယ်သူမှမအောင်မြင်ခဲ့ဘူး။ အဲဒီမှာ မဟာရာဂျာရဲ့တပည့်ထဲက ရာဂျစ်ဆိုတဲ့တပည့်တစ်ယောက်က လောကီဆရာတစ်ယောက်နဲ့ပူးပေါင်းပြီး ဘုရားကျောင်းမှာရှိတဲ့ အရာတွေကို ခိုးယူဖို့ကြိုးစားခဲ့တယ်။ အဲဒီအချိန်မယ်တော်က တရားကျင့်ကြံနေတာကြောင့် သူတို့တွေအတွင်းစည်းထဲရောက်မှ သိခဲ့ရတယ်။ ဒီအပြစ်တွေကျူးလွန်ခဲ့တဲ့သူတွေက ဘုရားကျောင်းရဲ့ ရတနာတွေကို ရသင့်သလောက်ရခဲ့ပေမယ့် ရွှေညောင်ပင်လေးပင်ထည့်ထားတဲ့အခန်းကိုတော့ မရောက်ခဲ့ကြဘူး။ သူတို့လဲ နောက်ပိုင်း မယ်တော်ရဲ့ကျိန်စာစူးပြီး သေကြတာပဲလေ။ ဒါတွေက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဖြစ်ခဲ့တဲ့အပြင် လူတွေရဲ့စည်းမရှိမှုကြောင့် နတ်မင်းတွေက လဘုရားကျောင်းနေရာကို ဘယ်သူမှမသိအောင် ဖျောက်ပစ်ခဲ့ကြတယ်။ မယ်တော်ကိုလဲ နှစ်ပေါင်းများစွာတရားကျင့်ကြံဖို့ဒဏ်ပေးခဲ့သလို သူတို့ခွင့်ပြုတဲ့အချိန်မှ ကျောင်းတော်ကိုရှာဖွေဖို့အမိန့်ထားရှိခဲ့တယ်”
” ဒါဆို အခုက ခွင့်ပြုချက်ရပီပေါ့”
” ဟုတ်တယ် လွန်ခဲ့တဲ့လက မယ်တော်ကိုယ်တိုင် ကျုပ်ကိုအိမ်မက်​ပေးပြီး သက်သက်လွတ်စားခိုင်းထားတယ်၊ ဒါမှ ဘုရားကျောင်းကိုရှာတဲ့အခါ လွယ်ကူမယ်တဲ့”
” ဒါဖြင့် အစနတောင်ပျောက်နေတဲ့ ဘုရားကျောင်းဟောင်းကို ဘယ်ကနေစရှာကြမလဲ.. ဒီနေရာမှာ အရင်စောင့်ကြပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကိုမေးရင်ကောသိနိုင်မလား”
” မရဘူးနော်.. ဘုရားကျောင်းနေရာရှာတာကို သင်တို့နဲ့ကျုပ်ပဲသိထားရမယ်”
ကူးမာရ်က စကားပြောနေရင်း ကျောင်းဆောင်ဘက်ကို နားစွင့်လိုက်ပီး
” မယ်​တော်က​ပြောနေပီ … သူက အကူအညီတောင်းတာပါတဲ့၊ ဆရာတို့နှစ်ယောက်ကို ရိုင်းပြတဲ့သဘောမဟုတ်ဘူးလို့ပြောတယ်၊ မယ်​တော်ကတောင် သင်တို့နှစ်ယောက်ကို ရိုရိုသေသေဆက်ဆံတာဆိုတော့ အပါးပါး ကျုပ်ထင်ထားတာထက်ပိုစွမ်းမယ့်ပုံပဲ”
ကူးမာရ်က ကော့တက်နေတဲ့ နှုတ်ခမ်းမွှေးတွေကို လက်နဲ့သပ်ပြီး အောင်မြတ်သာတို့ကို ခြေအဆုံးခေါင်းအဆုံးကြည့်နေခဲ့တယ်။
” ဘုရားကျောင်းကိုရှာတဲ့အဖွဲ့က ကျုပ်တို့အပြင် နောက်ထပ်ရှိသေးနိုင်တာကိုလဲသတိထားကြဦး၊ သိုက်ဆရာလောကမှာ ရွှေညောင်ပင်သိုက်ဆိုတာ နာမည်ကြီးပဲ… အဲဒီသိုက်က ကျုပ်တို့အခုရှာမယ့် ဘုရားကျောင်းနော်”
” စိတ်ချပါ ကျုပ်တို့ကနှုတ်ဖွာတဲ့သူတွေမဟုတ်ပါဘူး၊ ဟော ဟိုမှာ လူတွေလာနေပြီ သွားကြရအောင်”
အောင်မြတ်သာက စကားစကိုဖြတ်လိုက်ပြီး ကူးမာရ်လက်ကိုဆွဲကာ လာရာလမ်းအတိုင်းပြန်ထွက်သွားခဲ့ကြတယ်။ လမ်းရောက်တော့ ကူးမာရ်က
” ခင်ဗျားတို့မှာလဲ နေစရာမရှိဘူးဆိုတော့ ကျုပ်နေတဲ့အိမ်မှာပဲတည်းပေါ့၊ အိမ်မှာက ကျုပ်ရယ် မွေးထားတဲ့ခွေးတွေရယ်ပဲရှိတာ “လို့ပြောပြီး ခေါ်ဆောင်သွားခဲ့တယ်။
ညဘက်ရောက်တော့ ကူးမာရ်ချက်ကျွေးတဲ့ သီးစုံပဲကူလားဟင်းနဲ့စားပြီး စကားစမြည်ထိုင်ပြောနေခဲ့ကြတယ်။ ခဏနေတော့ ကူးမာရ်တစ်ယောက် ဖုန်အထပ်ထပ်တက်နေတဲ့ သေတ္တာတစ်လုံးကိုယူချလာပြီး
” ဒါတွေက ကျောင်းအဟောင်းတည်ရှိတဲ့ မြေပုံကို နွားသားရည်ပေါ်မှာဆွဲထားတာ၊ မြေပုံထဲမှာ ကျုပ်မသိတဲ့ စာလုံးတွေအများကြီးပါတာမို့ ဆရာတို့သိရင်​ေပြာပေးပါဦး”
” ဒါကို ဘယ်ကရလာတာလဲ.. ”
” ကျူပ်ကိုအိမ်မက်ပေးလို့ သွားယူထားတာပါ… ဒါပေမယ့် ဘယ်လိုအသုံးပြုရလဲဆိုတာမသိဘူး”
အောင်မြတ်သာက သေတ္တာဘူးကိုယူလိုက်ပြီး ဖွင့်ကြည့်လိုက်ရာ လက်တစ်ဝါးသာသာရှိတဲ့ နွားသားရည်ပေါ်မှာ အလွန်ကိုထင်ရှားတဲ့ဆေးတစ်ခုနဲ့ရေးဆွဲထားတဲ့မြေပုံတစ်ခုကိုမြင်လိုက်ရတယ်။ မြေပုံပေါ်မှာတော့ ရှေးဟောင်းဟိန္ဒူစာလးတွေအပြင် အလွန်ကိုနက်နဲတဲ့သက္ကတဘာသာစကားတွေနဲ့ လမ်းညွှန်ထားတာကိုလဲထပ်မံ​မြင်လိုက်ရတယ်။
” ဒီမြေပုံထဲမှာဖော်ပြထားတာက ဘုရားကျောင်းဟောင်းရှိတဲ့နေရာတင်မဟုတ်ပဲ၊ ကျောင်းပရဝဏ်ထဲမှာရှိနေတဲ့ ရတနာသိုက်ကိုပါဖော်ပြထားတာပဲ”
အောင်မြတ်သာစကားကြောင့် ကူးမာရ်ကော မောင်ကောင်းပါ ဝမ်းသာအားရဖြစ်သွားပြီး
” ဒါဆို ကျုပ်တို့ ရှာတွေ့တော့မှာပေါ့နော်”
” ရှာတွေ့ရင်တောင် ခက်ခဲတဲ့စိန်ခေါ်မှုတွေ ကြုံတွေ့လာနိုင်တယ်။ ဒီမှာကြည့် ဘုရားကျောင်းအဝင်မှာ ဓါးကောက်နှစ်လက်ပုံကို ဇောက်ထိုးထားထားတာမြင်တယ်မလား”
” ဟုတ်ကဲ့ မြင်ပါတယ်”
” ဒီအဓိပ္ပါယ်က ဘုရားကျောင်းကို ပြန်လည်မွမ်းမံဖို့ရွေးချယ်ထားသူမဟုတ်ပဲ အထဲကိုဝင်ရင် စီမံထားတဲ့ အစောင့်တွေက ငါတို့ခန္ဓာကိုယ်ကို တစ်စစီ​ဖြစ်အောင် ခုတ်ထစ်ကြလိမ့်မယ်”
” ဟင်… ကူးမာရ်က ရွေးချယ်ခံထားရသူမဟုတ်လားဆရာ”
” မဟုတ်သေးဘူး ငါ့အထင်ပြောရရင် ကူးမာရ်က အကျိုးဆောင်သဘောပဲရှိသေးတယ်၊ ဒါပေမယ့် အထက်ဆရာကြီးတွေက ကျောင်းဟောင်းပြန်ရှာဖို့ကို အမိန့်ရှိလာတာကြောင့် ပဌာန်းဆက်ရှိသူ ရောက်လာတာနဲ့ အသင့်ဖြစ်ဖို့ရည်ရွယ်ထားတယ်လို့မြင်မိတယ်”
” ဒါဆို ကျောင်းဟောင်းက ဘယ်နေရာနားလောက်မှာရှိနိုင်လဲဆရာ”
” ပုံထဲပြထားတာက ထီးဖြူဆောင်းထားတဲ့ဘုရင်တစ်ပါးကစေတီတစ်ဆူဘေးမှာ ရပ်နေပီး သူ့ဘေးအနီးနားမှာဘုရားကျောင်းဟောင်းပုံစံအချွန်တက်တွေပါနေတာကြောင့် ဒီမြို့မှာ ရှိတဲ့ ရှေးဟောင်းဘုရားဘုရားတစ်ဆူကို အရင်လိုက်ရှာရလိမ့်မယ်”
” စေတီဟောင်းတော့ မြို့ထဲမှာမရှိဘူးဗျ.. ရှိတဲ့စေတီဘေးမှာလဲ ဘုရားကျောင်းဟောင်းနဲ့တူတာဆိုလို့ ဘာတစ်ခုမှမမြင်မိဘူးနော်”
” ဒီကိစ္စတွေကိုမေးဖို့အတွက် ရှေးမှီနောက်မှီ လူတစ်ယောက်နဲ့တွေ့ဖို့လိုလိမ့်မယ်၊ ကူးမာရ် မင်းတို့မြို့မှာ အသက်အကြီးဆုံးအဖိုးအဖွား ဘယ်သူတွေရှိလဲ”
” မြို့ထဲမှာဆိုရင်တော့ …”
ကူးမားရ်က အတန်ကြာစဉ်းစားပြီးမှ
” အီဆတ်ဘိုင်ဆိုတဲ့ အစ္စလာမ်အဖိုးကြီးတစ်ယောက်တော့ရှိတယ်၊ သူ့အသက်က ခန့်မှန်း ၁၀၀နီးပါးလောက်ရှိပြီထင်တယ်၊ ဒါပေမယ့် အခုချိန်ထိ ဖျတ်လက်သန်မာနေတုန်းပဲ”
” ဟုတ်ပီ ဒါဆို မနက်ကျရင် အီဆတ်ဘိုင်ဆိုသူဆီကိုသွားကြတာပေါ့”
အောင်မြတ်သာတို့လဲ စကားဝိုင်းကို လက်စသတ်လိုက်ပြီး ကူးမာရ်စီစဉ်ပေးတဲ့နေရာ အိပ်စက်ကာ အနားယူလိုက်ကြတယ်။
” လူလေး … ထစမ်း… လူလေး”
အအိပ်ဆတ်တဲ့ အောင်မြတ်သာက နံဘေးကနေ ခေါ်နေတဲ့အသံကြောင့် နိုးလာပြီးထကြည့်လိုက်ရာ ထိုးကွင်းမှင်ကြောင်အပြည့်ဖြစ်နေတဲ့ ပေါင်တံကိုပေါ်အောင် ခါးထောင်းကျိုက်ထားတဲ့ အဖိုးအိုတစ်ယောက်ကိုမြင်လိုက်ရတယ်။
” အဘိုးက ဘယ်သူများလဲ”
” အဘိုးက လူလေးတို့တည်းတဲ့ အိမ်ခေါင်းရင်း ဒညင်းပင်မှာနေတာပါ၊ ညဦးပိုင်းက လူလေးတို့ပြောနေတဲ့ ဘုရားကျောင်းပျက်ကိုတွေ့ချင်ရင် အစ္စလာမ်သုဿာန်မှာ သုဘရာဇာလုပ်နေတဲ့ ကာဇင်ဆီကိုသွား၊ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သဘာဝအလျောက်ပြိုကျခဲ့တဲ့ အုတ်ဂူတစ်လုံးထဲကနေ ဘုရားကျောင်းပျက်နဲ့ပတ်သတ်တဲ့ အရေးကြီးအထောက်ထားတစ်ခုကို သူရထားတယ်၊ သူ့ကိုတွေ့ရင် အဖိုးကြာညွန့် လွှတ်လိုက်တာလို့ပြောလိုက်”
အဖိုးအိုက အောင်မြတ်သာကိုပြောပီးတာနဲ့ ပိတ်ထားတဲ့တံခါးကို ဖြတ်ကာ ပြန်ထွက်သွားခဲ့တယ်။ မနက်ရောက်တော့ အောင်မြတ်သာက ကူးမာရ်ကိုအကျိုးကြောင်းပြော​ပြကာ အစ္စလာမ်သုဿာန်ဘက်ကို ထွက်လာခဲ့လိုက်တယ်။ ဟိုရောက်တော့ နို့ဆီဘူးထဲမှာ ထည့်ထားတဲ့ လက်ဖက်ရည်ကို တစ်ကျိုက်ချင်း အရသာခံသောက်နေတဲ့ လူတစ်ယောက်ကို မြင်တော့
” ကာဇင်ဆိုတာ ခင်ဗျားလားဗျ”
” ဟုတ်တယ်လေ ဘာဖြစ်လို့လဲ”
” အဆင်သင့်လိုက်တာဗျာ ကျုပ်က အဖိုးကြာညွန့် လွှတ်လိုက်တဲ့သူပါ”
အဖိုးကြာညွန့်ဆိုတဲ့အသံကိုကြားတော့ ကာဇင်က သောက်လက်စ လက်ဖက်ရည်ခွက်ကိုချကာ အောက်ကိုဆင်းလာပြီး
” ဒီအဖိုးကြီး ကျုပ်ဆီမလာတာအတော်ကြာပီ၊ ဘာကိစ္စနဲ့လွှတ်လိုက်တာလဲ”
” ရှေးဟောင်းဘုရားကျောင်းပျက်ကိစ္စနဲ့ပတ်သတ်ပြီး လွှတ်လိုက်တာပါ၊ မင်းမှာ အရေးကြီးတဲ့အထောက်အထားရထားတယ်ပြောတယ်”
အောင်မြတ်သာစကားကြောင့် ကာဇင်က အနောက်မှာရပ်နေတဲ့ ကူးမာရ်နဲ့ မောင်ကောင်းကိုကြည့်လိုက်ပြီး
” သူတို့ကရော စိတ်ချလို့ရပါ့မလား”
” စိတ်ချပါ သူတို့ကလဲ ကျုပ်နဲ့အတူတူ အလုပ်လုပ်နေသူတွေပါပဲ”
အောင်မြတ်သာစကားကြောင့် ကာဇင်က သူနေတဲ့ဇရပ်ဆီကိုလျောက်သွားပြီး အတန်ကြာတော့ ဝါးဘူးတစ်လုံးကိုကိုင်ကာပြန်​ရောက်လာခဲ့တယ်။
” ဒီထဲက ပစ္စည်းကတော့ မော်လဝီဆရာတစ်ယောက်ရဲ့အုတ်ဂူထဲကနေရတာ၊ အထဲကမြေပုံမှာတော့ အစ္စလာမ်ဘာသာနဲ့ရော မြန်မာဘာသာနဲ့ပါရေးထားတယ်”
ကာဇင်က အောင်မြတ်သာကို လှမ်းပေးပြီး နို့ဆီဘူးထဲကျန်နေတဲ့ လက်ဖက်ရည်လက်ကျန်ကို ဂွက်ခနဲမော့သောက်ပစ်လိုက်တယ်။
” ဒီမြေပုံက ဟိန္ဒူလူမျိုးတွေအတွက် အရေးကြီးတဲ့ပစ္စည်းဖြစ်လို့ ကိစ္စအောင်မြင်ခဲ့ရင် သင့်အတွက် မနစ်နာအောင်လုပ်ပေးပါမယ်”
ကူးမာရ်က ကာဇင်ကို ကြည့်ပီးပြောလိုက်တာကြောင့် လက်ဖက်ရည်သောက်နေရင်း ခွက်ထိုးခွက်လန်ရီပါလေရော။
” ငါက ဘာမှမမက်မောလို့ ဒီအလုပ်ကိုလုပ်နေတာပါ ကူးမာရ်ရယ်၊ ငါလိုချင်တယ်ဆိုရင် ရွှေတွေကျောက်သံပတ္တြမားတွေကိုတောင် ဇယ်တောက်ကစားလို့ရတယ် ဟားဟား” လို့ပြောကာ ပေါက်တူးတစ်လက်ကိုကိုင်ပြီး သုဿာန်အတွင်းထဲကို ဝင်ရောက်သွားခဲ့တယ်။
အောင်မြတ်သာတို့လဲ မြေပုံရတာနဲ့ဖြန့်ကြည့်လိုက်တော့ ဟိန္ဒူဘုရားကျောင်းဟောင်းတည်နေရာက စစ်ထွက်ဘုရားရဲ့ တောင်ဘက် ကိုက်၂၀၀အကွာမှာတည်ရှိတယ်ဆိုတဲ့အချက်ကိုရှာတွေ့သွားခဲ့တယ်။
ဒါပေမယ့် စစ်ထွက်ဘုရားဆိုတာ ဘယ်နေရာမှာရှိမှန်းမသိတာကြောင့် လိုက်ရှာဖို့ထွက်လာတဲ့အချိန် လမ်းမှာ အီဆွတ်ဘိုင်နဲ့ အမှတ်မထင်ဆုံပါလေရော။
” အဘိုင် ဘယ်သွားမလို့လဲဗျ”
” ဟော ဘယ်သူများလဲလို့ ကူးမာရ်ပါလား.. ငါ ထိုင်ရတာညောင်းလို့ လမ်းလျောက်ထွက်နေတာ”
” အဘိုင် ဒီမြို့မှာနေတာ ငယ်ငယ်လေးထဲကနော်”
” အေးလေ ငါ့အဖိုး အဖွား အဖေ အမေတွေကအစ ဒီမြို့ကပဲလေ ဘာဖြစ်လို့လဲ”
” ဒီမြို့မှာ စစ်ထွက်ဘုရား တစ်ဆူရှိတာ ကြားဖူးလားလို့မေးချင်လို့ပါ”
” ဘာ နာမည်… စစ်ထွက်ဘုရား ဟုတ်လား”
” ဟုတ်တယ် အဘိုင် … ကြားဖူးနားဝရှိခဲ့လား”
” ငါက ဗုဒ္ဓဘာသာမဟုတ်တော့ အသေချာမသိဘူး.. ဒါပေမယ့် ငါမိဘတွေပြောတာကတော့ ရှေးခေတ်မြို့စားတွေ စစ်ထွက်ခါနီးရင် ဆုတောင်းကြတဲ့ဘုရားတစ်ဆူတော့ရှိတယ်တဲ့”
” လုပ်စမ်းပါဦး အဲဘုရားက ဘယ်နားမှာရှိတာလဲ”
” မြို့ပြင် မြန်မာသုဿာန်အဟောင်းအနောက်ဘက် ဖုန်းဆိုးတောထဲမှာ စေတီပျက်တစ်ဆူရှိတယ်လို့တော့ ကြားမိတာပဲ၊ လူကလဲပြတ် နေရာကလဲကြမ်းတော့ ဘယ်သူမှမသွားကြဘူးကွ”
အီဆွတ်ဘိုင်စကားကြောင့် အောင်မြတ်သာက မြေပုံကိုကြည့်လိုက်ရာ စေတီအနီးတစ်ဝိုက်မှာ ခြံနွယ်ပိတ်ပေါင်းတွေထူထပ်နေတဲ့ဟန်ရေးဆွဲထားတာကိုမြင်လိုက်ရတယ်။
” ကျေးဇူးပါ အဘိုင်ရေ.. ကျုပ်တို့အတွက် အရေးကြီးတဲ့သတင်းစကားရလိုက်သလိုပဲ
” ငါလဲသိသလောက်ပြောပြတာပါ အဲလောက်မလိုပါဘူးကွ”
အောင်မြတ်သာတို့လဲ နေရာသိတာနဲ့ ချက်ချင်းဆိုသလို လိုက်သွားကြပြီး သုဿာန်ဟောင်းမြေကိုကျော်လာတော့ လူတစ်ရပ်ခန့်မြင့်တဲ့ ကိုင်းတောတွေထဲကိုရောက်လာခဲ့တယ်။ ကိုင်းတောတွေထဲကို တစ်ဝက်ခန့်ဖြတ်လာပြီးချိန်မှာတော့ နားထဲမှာ ဟိန္ဒူဘာသာစကားသံတွေ တီးတိုးကြားလာရပြီး ကြက်သီးမွှေးညှင်းတွေ ဆတ်ခနဲထောင်လာသလိုခံစားလိုက်ရတယ်။
” သတိထားတော့ … သူတို့တွေ အနားမှာရှိနေကြပီ”
အောင်မြတ်သာစကားမဆုံးခင်မှာပဲ နီရဲနေတဲ့မျက်လုံးပေါင်းများစွာက ကိုင်းတောတွေကြားထဲမှာ ပေါ်လာခဲ့တယ်။
ကူးမာရ်ကတော့ မြင်တာနဲ့ အနောက်ကိုဆုတ်သွားပေမယ့် အောင်မြတ်သာနဲ့ မောင်ကောင်းကတော့ မတုန်လှုပ်ပဲ လက်ညိုးထိုးကာ လာရာလမ်းအတိုင်းပြန်ကြဖို့မေတ္တာရပ်ခံနေခဲ့တယ်။
အစပိုင်းမှာတော့ နီရဲတဲ့မျက်လုံးတွေပိုင်ဆိုင်ထားတဲ့ သူတွေက ထွက်သွားကြဖို့ အသံနက်တွေအော်ဟစ်နေကြပေမယ့် ဌာန်နဲ့မာန်နဲ့ မေတ္တာပို့နေတဲ့ အောင်မြတ်သာကို မလွန်ဆန်နိုင်ပဲ ကိုင်းတောအနောက်ဘက်ထဲကို ပြန်လည်ဝင်ရောက်သွားခဲ့ကြတယ်။
ကိုင်းတောကိုကျော်လွန်ပြီးချိန်မှာတော့ ကိုးတောင်သာသာခန့်ရှိတဲ့ စေတီပျက်တစ်ဆူကိုမြင်တွေ့ရပြီး စေတီအောက်ခြေမှာတော့ ထွန်းလက်စ ဖယောင်းတိုင်နဲ့အမွှေးတိုင်အချို့ကိုထူးဆန်းစွာမြင်တွေ့လိုက်ရတယ်။
အောင်မြတ်သာတို့လဲ စေတီကိုမြင်တော့ ထိခြင်းငါးပါးနဲ့ကန်တော့လိုက်ပြီး မိမိတို့ဆောင်ရွက်ရမယ့်အလုပ်ကို အောင်မြင်စေဖို့အတွက် စိတ်ကူးထဲကနေ လေးလေးနက်နက်ဆုတောင်းပြီး ပြန်အထမှာတော့ မလှမ်းမကမ်း ကမူဘေးနားမှာ မျက်ထောင့်နီနဲ့စိုက်ကြည့်နေတဲ့ ဟိန္ဒူလူမျိုးတစ်ယောက်ကိုမြင်လိုက်ရတယ်။
” ငါတို့ကအခွင့်မရှိပဲ ဝင်လာကြတဲ့သူဖြစ်လို့ ဘုရားကျောင်းကိုစောင့်ကြပ်နေတဲ့သူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့ကို နာကျင်အောင်မလုပ်ဖို့ သတိထားကြပါ”
အောင်မြတ်သာက မောင်ကောင်းကို သတိပေးလိုက်​ချိန်မှာတော့ ကမူဘေးမှာရပ်ကြည့်နေတဲ့လူက အတွင်းဘက်ကို ဆတ်ခနဲလှည့်ထွက်သွားခဲ့တယ်။
” ဆရာ မြေပုံအရဆိုရင်တော့ တောင်ဘက်ကိုက်၂၀၀အကွာမှာ ဘုရားကျောင်းပျက်တစ်ခု ရှိနေပြီ၊ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”
” ဒီတိုင်းတိုးဝင်ကြရမှာပဲ… ဘုရားကျောင်းပျက်ကိုမတွေ့မချင်း စိတ်ထဲကနေ မေတ္တာပို့ဖို့တော့လိုလိမ့်မယ်၊ ကူးမာရ်ကလဲ မေတ္တာပို့တတ်သလိုပို့နေပါ၊ သူတ်ို့ဘယ်လိုပဲရန်မူပါစေ ငါတို့မေတ္တာမှန်ရင် သူတို့ရန်ပြုလို့မရပါဘူး”
အောင်မြတ်သာလဲ မောင်ကောင်းနဲ့ ကူးမာရ်ကိုသေချာမှာပြီး မြေပုံထဲကအတိုင်း ထွက်လာခဲ့လိုက်တယ်။ ဒီလိုနဲ့ ကိုက်၅၀လောက်သွားပြီးတဲ့အချိန်မှာတော့ ဆနွင်းနံ့တွေနဲ့အတူ လော်ပန်အနံ့တွေ လှိုင်ခနဲရလာခဲ့တယ်။ မကြာမီ အတန်သင့်ကျယ်ဝန်းတဲ့ မြေပြင်ကျယ်တစ်ခုကို ခပ်လှမ်းလှမ်းကနေမြင်လိုက်ကြရတယ်။
ဒီအချိန်မှာတော့ အောင်မြတ်သာက ရှေ့ဆက်မသွားတော့ပဲ မေတ္တာပို့သံတွေကလဲ အရင်ကထက် ပိုကျယ်လာခဲ့တယ်။ အဲဒီအချိန် တင်းပုတ်၊ လှံ၊ ဓမရူဗုံကိုကိုင်ဆောင်ထားတဲ့ ပုဂ္ဂိုလ်တစ်ပါး ရုတ်တရက်ပေါ်လာခဲ့သလို သူ့အနောက်မှာတော့ တင်းပုတ်တွေကိုင်ဆောင်ထားတဲ့ ဝဝဖိုင့်ဖိုင့် ပုဂ္ဂိုလ်တွေ ဆယ်ဦးထက်မနည်းပါလာခဲ့တယ်။
” ဆရာ ဆရာ ဒါ ဒါက ဒွါရ်ပလပဲ… ”
” ဟုတ်တယ် သူတို့က သျှီဗားဘုရားရဲ့ ကျောင်းဆောင်ကိုစောင့်ကြပ်နေတဲ့နတ်မင်းတွေ”
အောင်မြတ်သာက မောင်ကောင်းနဲ့ ကူးမာရ်တို့ရဲ့ စကားသံကို အာရုံမစိုက်ပဲ မျက်နှာခက်ထန်စွာ ရပ်ကြည့်နေတဲ့ပုဂ္ဂိုလ်ကိုသာ စူးစိုက်ကြည့်ပြီး မေတ္တာပို့သနေခဲ့တယ်။
အဲဒီအချိန် ဒွါရ်ပလနတ်မင်းက ဘေးမှာရှိနေတဲ့ ဝဝဖိုင့်ဖိုင့်ပုဂ္ဂိုလ်တွေက အောင်မြတ်သာတို့ကို မောင်းထုတ်ဖို့ အံကိုကြိတ်ကာ ရှေ့တိုးလာခဲ့ကြတယ်။
ဒါပေမယ့် ဝါးတစ်ပြန်စာအကွာလဲရောက်ကော ခြေလှမ်းတွေကရှေ့ကိုဆက်မတိုးနိုင်တော့ပဲ ကျောက်စိုင်တွေလိုမြဲမံလာတာမြင်တော့ အချင်းချင်းလှည့်ကြည့်ကာ မှင်သက်သွားခဲ့ကြတယ်။
” အသင်ဒွါရ်ပလနတ်မင်း ကျုပ်သည် သင်စောင့်ကြပ်နေတဲ့ ဘုရားကျောင်းကို ဒုက္ခပေးဖို့လာတာမဟုတ်ပါ၊ သင်တို့ကျောင်းတော်ကို ပြန်လည်စည်ကားအသက်ဝင်အောင် ကူညီဖို့လာရခြင်းဖြစ်ပါတယ်။ ကျုပ်အနေနဲ့ သင်တို့ရဲ့ အဓိပတိ​ဖြစ်တဲ့ သျှီဗားကို တိုင်တည်ခွင့်တောင်းထားတာမို့ သင့်အနေနဲ့ ခွင့်ပြုမိန့်ရတဲ့ထိ ရန်မပြုပဲ စောင့်ဆိုင်းပေးပါ” လို့ပြောလိုက်တော့မှ ဒွါရ်ပလနတ်မင်းက သူ့လက်အောက်ခံပုဂ္ဂိုလ်တွေကို အလွန်ရှေးကျတဲ့ဟိန္ဒူစကားနဲ့ပြန်လည်နောက်ဆုတ်ဖို့ အမိန့်ပေးလိုက်တယ်။ဒါပေမယ့် အခြားမမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေကတော့ အောင်မြတ်သာတို့ကို အချိန်မလပ်စောင့်ကြည့်နေတာကိုလဲသတိထားမိခဲ့တယ်။
အဲဒီအချိန် ကွင်းပြင်အလယ်ကနေ မျက်လုံးကျိမ်းလုမတတ်အလင်းရောင်တွေထွက်ပေါ်လာပြီး သာမန်လူတွေမမြင်ရအောင် ဖုံးကွယ်ထားတဲ့ ဘုရားကျောင်းပျက်တစ်ခု ဖြုန်းခနဲပေါ်ပေါက်လာခဲ့တယ်။
ဂဝံကျောက်တွေကို ဟိန္ဒူဘာသာရေးဘုရားတွေပုံစံထွင်းထုပူဇော်ထားတဲ့ မုဒ်ဦးအဝင်ဝကလဲ အရောင်မှိန်ပြနေတဲ့ကြားထဲကနေ ခမ်းနားစွာတည်ရှိနေခဲ့တယ်။ အဲဒီအချိန် ဘုရားကျောင်းအပေါ်ဘက်ကို သျှီဗား၊ ဂနေ့ရှ်၊ ပါရ်ဝသီးမယ်တော်၊ သျှီဗားလင်ဂမ်း၊ နန္ဒီနွားမင်း၊ ကာသိကေးယတို့ကို ကိုယ်စားပြုတဲ့ဆင်းတုတွေ ပျံတက်လာပြီး ကိုယ်ရောင်ကိုယ်ဝါတောက်ပစွာ ဝေ့ဝဲပျံသန်းနေခဲ့ကြတယ်။
ကူးမာရ်းက ဒါကိုမြင်တော့ ဟန်မဆောင်နိုင်ပဲ ထိုင်ချကာ အကြိမ်ပေါင်းများစွာရှိခိုးပါလေရော။ အောင်မြတ်သာနဲ့ မောင်ကောင်းကိုတော့ ဒွါရ်ပလနတ်မင်း
ကိုယ်တိုင်ခရီးဦးကြိုပြုပြီး ဘုရားကျောင်းအတွင်းဘက်ကို ခေါ်ဆောင်သွားခဲ့တယ်။
အတွင်းပိုင်းမှာတော့ ဟိန္ဒူဘာသာရေးဘုရားတွေရဲ့ ပုံတူတွေကို လက်ရာမြောက်စွာထုလုပ်ထားပြီး မွှေးကြိုင်လှစွာသော ရနံ့ပေါင်းများစွာပါတဲ့ အဆင်တန်ဆာတွေနဲ့ပူဇော်ထားတာကိုမြင်လိုက်ရတယ်။
အဲဒီအချိန် ဒွါရ်ပလနတ်မင်းက လက်ထဲမှာကိုင်ထားတဲ့ ဓမ္မရူဗုံကို လှည့်လိုက်ရာ ရုပ်ထုတွေမှာကပ်ထားတဲ့ အပေါ်ယံအသားတွေကွာကျလာပြီး အထဲကနေ ရွှေသားအတိပြီးတဲ့မူလပုံစံထွက်ပေါ်လာခဲ့တယ်။
” သင်တို့ထဲမှာ ကူးမာရ်ဆိုတဲ့လူပါလား”
” ပါပါတယ် ကူးမာရ်ဆိုတာ ကျွန်​တော်ပါ”
” သျှီဗားအမိန့်တော်အရ သင်နဲ့အတူပါလာတဲ့ ပုဂ္ဂိုလ်တွေကို ဒီကျောင်းတော်ထဲကို ဝင်ထွက်ခွင့်ပြုလိုက်တယ်။ ကျောင်းတော်ပြုပြင်မွမ်းမံမယ့်သူလာရောက်ပါက သင်ကိုယ်တိုင် ဦးဆောင်ပြီးခေါ်ဆောင်လာပါ”
အောင်မြတ်သာတို့လဲ ခုမှ စိတ်ထဲလေးနေတာတွေကိုဖြေလျော့လိုက်ပြီး ဒွါရ်ပလနတ်မင်းခေါ်တဲ့နောက်ကို လိုက်ပါကြည့်ရှုခဲ့ကြတယ်။
ကျောင်းအောက်ခြေမှာတော့ ယန္တရားပေါင်းများစွာနဲ့ စီမံထားတဲ့ဌာပနာတိုက်တွေအပြင် လွန်စွာများပြားတဲ့အစောင့်အကြပ်တွေကိုမြင်တွေ့ခဲ့ရတယ်။ ဒီလိုနဲ့နေရာအနှံ့လိုက်ပြပြီးချိန်မှာတော့ ကျောင်းကို တန်ခိုးအစွမ်းနဲ့ပြန်လည်ဖျောက်ဖျက်လိုက်ကြပြီး အပြန်လမ်းအစပ်ထိ လိုက်ပို့ပေးခဲ့ကြတယ်။
အောင်မြတ်သာတို့လဲ ကူးမာရ်ကို သေချာအပ်နှံပီးပီမို့ ကျောင်းပြုပြင်မယ့် ပဌာန်းဆက်မလာခင်အချိန်ထိ ဥပုဒ်သီတင်းဆောက်တည်ဖို့မှာကြားရင်းထွက်လာခဲ့တာ စစ်ထွက်ဘုရားအနားရောက်တော့ သူတို့ကို ရပ်ကြည့်နေတဲ့ စစ်သည်တစ်ဦးကိုမြင်လိုက်ရတယ်။
ပြတ်လုပြတ်ခင်ဖြစ်နေတဲ့ လက်တစ်ဖက်ကို အဝတ်စနဲ့စည်းနှောင်ပြီး လက်တစ်ဖက်မှာ ဓါးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားတဲ့ သူက အောင်မြတ်သာကိုမြင်တော့ အရိုအသေပေးပြီး
” ဆရာတို့ကို စောင့်နေတာကြာပြီ… ခုမှဆုံရတော့တယ်ဗျာ” လို့ပြောတာကိုကြားလိုက်ရတယ်။
” သင်ကဘယ်သူလဲ ဘာကြောင့် ကျုပ်တို့ကိုစောင့်နေရတာလဲ”
” ကျုပ်က ဒီမြို့ရဲ့ မြို့စောင့်တပ်မှူး မင်းရဲကျော်သူပါ၊ မြို့ကို ရန်သူတွေလာသိမ်းမပိုက်ခင်ညမှာ စစ်ထွက်ဘုရားထဲမှာရှိတဲ့ဌာပနာတွေကို စုစည်းပြီး နေရာပြောင်းရွှေ့ခဲ့ကြပါတယ်။ ဒီတိုက်ပွဲမှာ မြို့ပါကျသွားတော့ သိမ်းထားတဲ့ ဌာပနာတွေကို ပြန်မယူနိုင်ခဲ့ကြဘူး၊ အခုဆို ဌာပနာတွေကို မူလစစ်ထွက်ဘုရားမှာ ပူဇော်နိုင်မှ ကျုပ်တို့လွတ်မြောက်ကျမှာ၊ ဒီအတွက် ကျုပ်တို့တစ်ဖွဲ့တစ်ခုလုံး ဆရာကိုမျှော်နေကြပါတယ်” လို့ပြောပြီး အနောက်ကိုပြလိုက်ရာ ဒဏ်ရာဒဏ်ချက်တေွ ဗရပွနဲ့ ဒယီးဒယိုင်ဖြစ်နေတဲ့ စစ်သည်ဗိုလ်ပါအချို့ကိုမြင်လိုက်ရတယ်။
” သင်တို့ ဌာပနာပစ္စည်းတွေကို အခုဘယ်သူသိမ်းပိုက်ထားတာလဲ”


” ပုဂ္ဂလိကသိုက်နန်းရှင်ဖြစ်တဲ့ ဦးမြတ်ကျော်ဆိုသူ သိမ်းပိုက်ထားပါတယ်၊ သူက လူ့ဘဝမှာ မြို့စားရဲ့ ယောက်ဖဖြစ်ခဲ့တာကြောင့် ရတနာတွေကိုသူဆီယုံကြည်စွာအပ်နှံထားခဲ့တာပါ၊ သူက မြို့စားမင်းအာဏာနဲ့ စစ်ထွက်ကုန်းပေါ်မှာ နေထိုင်ပါတယ်။ သူ့ဆီမှာရှိတဲ့ဌာပနာပစ္စည်းတွေကို ပြန်ယူနိုင်ဖို့ ဆရာကူညီပေးပါလို့တောင်းဆိုပါတယ်”
” လောလောဆယ်တော့ ဒီဘုရားကျောင်းပျက်ကို မွမ်းမံဖို့ရှိသေးတယ်၊ ဒီကိစ္စပြီးရင်တော့ ကူညပေးပါမယ်”
” ကျေးဇူးတင်ပါတယ်ဆရာ … ကျုပ်တို့လဲ ဘုရားကျောင်းပြုပြင်တဲ့အခါ လုပ်အားကုသိုလ်ပါဝင်ပါရ​စေ”
” ကောင်း​ပေစွ ကောင်းပေစွ.. ”
ဒီလိုနဲ့ အောင်မြတ်တို့လဲ ဘုရားကျောင်းကိုမွမ်းမံပေးမယ့် ပဌာန်းဆက်ပုဂ္ဂိုလ်ကိုစောင့်ဆိုင်းနေခဲ့ရာ သုံးလတိတိကြာချိန်မှာတော့ မြန်မာပြည်ဖွား အိန္ဒိယနိုင်ငံသားသူဌေးတစ်ဦး ရောက်ရလာခဲ့တယ်။ ဒီရောက်လာတော့ အောင်မြတ်သာ၊ ကူးမာရ်တို့နဲ့ဆုံတွေ့ပြီး တိမ်မြုပ်ပျောက်ကွယ်နေတဲ့ ဘုရားကျောင်းကို စိတ်ရောကိုယ်ပါနှစ်ပြီး ပြုပြင်ဆောင်ရွက်ခဲ့ကြတယ်။
အဲဒီပြုပြင်မှုမှာတော့ စစ်ထွက်စေတီမှာနေကြတဲ့ ပုဂ္ဂိုလ်တွေလဲပါဝင်ခဲ့သလို အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ပဌာန်းဆက်တွေလဲပါဝင်ခဲ့ကြတယ်။
နောက်ဆုံးကူးမာရ်ကတော့ သျှီဗားဘုရားကျောင်းမှာ ပူဂျာရီဖြစ်လာခဲဲ့ပြီး အောင်မြတ်သာတို့ကတော့ စစ်ထွက်ဘုရားဌာပနာအရှုပ်တော်ပုံထပ်မံဖြေရှင်းခဲ့ကြရတယ်။
ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment