အောင်မြတ်သာနှင့်မရဏလက်ကောက်

* အောင်မြတ်သာနှင့်မရဏလက်ကောက်* (စ/ဆုံး)

စာရေးဆရာ —ဇေယန(ရာမည)
+++++++++++++++++++++

“ ဗွမ်း ဗွမ်း ဗွမ်း—”

လူနှစ်ရပ်လောက်မြင့်တဲ့ မြေတွင်းအောက်ကနေ ခပ်ထုတ်နေတဲ့ ဗွက်ရေတွေကြောင့် ဘေးမှာရှိတဲ့လူတွေ ခပ်ဝေးဝေးကို ရှောင်သွားခဲ့ကြတယ်။

“ လှကျော်ရေ— ရေကြောမိပီလားဟေ့”

တွင်းနှုတ်ခမ်းဝကနေ အော်ပြောလိုက်တဲ့ လှဝင်းစကားကြောင့် တွင်းထဲမှာရှိနေတဲ့ လှကျော်က

“ ရေကြောကတော့ မိလုမိခင်ပဲ ဒါပေမယ့် အောက်မှာ ကျောက်ဖျာတစ်ချပ်ခံနေသေးတယ်။ ဒါကို ဖောက်နိုင်ရင်တော့ ရေကြောမိပြီ…”

“ မင်းတို့ တူရွင်းတွေရသေးရဲ့လား… ထပ်လိုရင် ပြောဦး”

“ အသွားထက်ထက် တူရွင်းနှစ်ချောင်းနဲ့ လူနှစ်ယောက်ထပ်လာကူပါဦး ကျောက်ဖျာက ငါ့တစ်ယောက်အားနဲ့ တိုးမပေါက်ဘူးကွ”

လှကျော်စကားကြောင့် တွင်းနှုတ်ခမ်းဘေးမှာ အသင့်စောင့်နေကြတဲ့ မြင့်သိန်းနဲ့ လှဝင်းက ပုဆိုးကိုမြောက်နေအောင်ကျိုက်ပြီး တွင်းထဲကို တွယ်ဆင်းသွားခဲ့တယ်။

“ ဒုတ် … ဒုတ်… ဒုတ်….ခွပ်”

လူသုံးယောက် အတိုင်ဖောက်ညီညီနဲ့ တူးချလိုက်ရာ မိနစ်အနည်းငယ်အတွင်း ကျောက်ဖျာအပေါ်ကြောပေါက်ထွက်သွားပြီး ကြည်လင်တဲ့ရေပန်းတစ်ချို့အပေါ်ကိုလျှံတက်လာခဲ့တယ်။

“ ကျောက်ဖျာတော့ပေါက်သွားပြီဟေ့ …. အပေါက်ထပ်ချဲ့ ဖို့လုပ်ကြ”

လှဝင်းစကားကြောင့် မြင့်သိန်းနဲ့ လှကျော်က ကျောက်ဖျာရဲ့ဘေးနှုတ်ခမ်းသားတွေကို တူးရွင်းနဲ့ ဖဲ့ထုတ်နေတဲ့အချိန် အထဲကနေ ဖြူဖွေးပြီးပြောင်ချောနေတဲ့ အရိုးခေါင်းတစ်လုံးထွက်လာခဲ့တယ်။

“ လှဝင်း… ဒီမှာလာကြည့်စမ်း… ဒါ ..ဒါ လူအရိုးခေါင်းမဟုတ်လား”

“ အေး ဟုတ်တယ်ကွ… ဆွဲတင်ကြည့်ဦး”

လှဝင်းတို့ ကျောက်ဖျာအောက်မှာ ရှိနေတဲ့အရိုးခေါင်းကို ဆွဲထုတ်လိုက်ရာ ကြေမွနေတဲ့ အခြားအရိုးတွေအပြင် ဦးခေါင်းခွံသုံးလုံးထပ်ထွက်လာခဲ့တယ်။

“ ဒီအောက်မှာ လူအရိုးစုတွေ လေးလောင်းတောင်ရှိနေတယ်… ဘယ်လိုလုပ်ကြမလဲ”

“ ဘယ်လိုလုပ်ရမလဲ အပေါ်ဆယ်တင်ရမှာပေါ့… ဟေ့ အပေါ်ကလူတွေ ပိုက်ကွန်နဲ့ကြိုးတွေပစ်ချပေးဟေ့ ဒီအောက်မှာ လူအရိုးတွေရှိနေတယ်ဟ”

လှဝင်းအော်ပြောသံကြောင့် ရေတွင်းတူးတာကို ကြည့်နေကြတဲ့ လူတွေက အပေါ်ကနေ ပိုက်ကွန်နဲ့ကြိုးအချို့ကို ပစ်ချပေးခဲ့တယ်။

“ သေချာချည်ဦးဟ… အပေါ်ဆွဲတင်နေတုန်း အရိုးတွေက မင်းခေါင်းပေါ်ပြုတ်ကျနေလို့ ထိပ်ပေါက်နေဦးမယ်”

လှဝင်းရဲ့ စကားကြောင့် အရိုးစတွေကို ပိုက်ကွန်ထဲထည့်နေတဲ့ မြင့်သိန်းက ရယ်ကျဲကျဲလုပ်ပြီး လက်ဖျံရိုးတစ်ခုကိုကောက်ယူလိုက်တဲ့အချိန် လက်ဖျံရိုးထဲမှာ ဝတ်ထားတဲ့ လက်ကောက်တစ်ကွင်းကိုမြင်လိုက်ရတယ်။

အခြားသူတွေက သူတို့အလုပ်နဲ့သူတို့ ရှုပ်နေတာမို့ မြင့်သိန်းအနေနဲ့ လက်ဖျံရိုးမှာဝတ်ထားတဲ့ လက်ကောက်ကို မသိမသာဖြုတ်ယူကာ လုံချည်ခါးပေါင်စထဲထိုးထည့်လိုက်တယ်။

အဲဒီနေ့က မြေနုကျွန်းရွာမှာ ရေတွင်းတူးရင်း အလောင်းလေးလောင်းထွက်လာတယ်ဆိုတဲ့သတင်းက မြို့ပေါ်အထိပျံ့သွားခဲ့ပြီး မျက်မြင်လာစစ်ဆေးတဲ့အဖွဲ့တွေပါ ရောက်လာခဲ့ကြတယ်။ ဒါပေမယ့် လာစစ်ဆေးတဲ့သူတွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀လောက်ထဲက မြုပ်ထားတာဖြစ်တယ်လို့ကောက်ချက်ချပြီး ပြန်သွားခဲ့ကြတယ်။

– – – – – – – – –

“ အတင့်… ဟေ့ အတင့်…”

မြင့်သိန်း ခေါ်သံကြောင့် အိမ်နောက်ဖေးမှာ ထမင်းအိုးတည်နေတဲ့ အတင့်က အပြင်ကိုထွက်လာပြီး

“ ဘာတွေအရေးကြီးနေလို့ အသက်တောင်မရှုပဲအော်ခေါ်နေတာလဲ”

“ နင့်ကို ပြစရာရှိလို့ဟ… ဒီမှာကြည့်စမ်း”

မြင့်သိန်းက ခါးပုံစမှာထည့်ထားတဲ့ လက်ကောက်ကိုထုတ်ပြလိုက်တော့ မိန်းမဖြစ်သူ ပါးစပ်အဟောင်းသားဖြစ်သွားပြီး –

“ ရွှေလက်ကောက်ပါလား… ရှင် ဒါကိုဘယ်ကရလာတာလဲ”

“ ရှူး တိုးတိုးပြောဟ.. မနက်ကရေတွင်းတူးရင်း ထွက်လာတဲ့ အရိုးစုတွေဆီကနေရလာတာ.. ရွှေချိန်ကတော့ အတော်များတဲ့ပုံပဲနော်”

“ ရှင် ဒီလက်ကောက်ရတာ အခြားဘယ်သူတွေ သိသေးလဲ”

“ ဘယ်သူမှမသိဘူး … ဒါကြောင့် နင်ပါးစပ်ကိုသတိထား.. လျောက်ပြောမနေနဲ့”

“ အေးပါ အေးပါ ငါလဲမပြောပါဘူး… လက်ကောက်က လှလိုက်တာ အထဲမှာ ကျောက်အနီလေးတွေတောင်မြုပ်ထားပါလား… ငါတို့တော့ ပွပြီထင်ပါတယ်”

“ သိပ်လဲ ဟန်မပျက်နေနဲ့ဦး… နောက်အပတ်လောက်မှ မြို့တက်ပြီး သွားရောင်းကြမယ်.. “

လင်မယားနှစ်ယောက်လဲ တိုင်ပင်ရင်း အပျော်လွန်ကာ ထမင်းတောင်မစားနိုင်ပဲ အိပ်ပျော်သွားခဲ့ကြတယ်။

“ ရှပ် ရှပ် ရှပ်….”

အိပ်နေတဲ့ခြင်ထောင်အောက်ကနေ တစ်ရှပ်ရှပ်နဲ့ လမ်းလျောက်နေတဲ့အသံကြောင့် အအိပ်ဆတ်တဲ့ မြင့်သိန်း လန့်နိုးလာပြီးကြည့်လိုက်တော့ ဘယ်သူမှမရှိ။ ဒါနဲ့ စိတ်ထဲဖြစ်တာနေမှာဆိုပြီး ပြန်အိပ်လိုက်တယ်။ အိပ်ပျော်လုပျော်ခင်အချိန်ရောက်တော့ ခြင်ထောင်အပြင်ဘက်ကနေ ရေခဲတစ်မျှအေးစက်တဲ့အရာတစ်ခုက လည်ပင်းကိုလာထိလို့ ထကြည့်လိုက်တော့ ဆံပင်ဖားလျားချထားတဲ့မိန်းမတစ်ယောက်က ဖြူဖွေးပြီးအေးစက်နေတဲ့လက်နှစ်ဖက်နဲ့ လည်ပင်းကို လာညှစ်နေတာကိုသိလိုက်ရတယ်။

“ အဟွတ် အဟွတ်… အတင့်… အ… အ… တင့်”

မြင့်သိန်းလဲ ခိုင်မြဲနေတဲ့လက်ကိုဆွဲဖယ်ဖို့ကြိုးစားရင်း မိန်းမဖြစ်သူကိုကြည့်လိုက်ရာ သူ့အပေါ်မှာလဲ နီရဲနေတဲ့မျက်လုံးကိုပြူးပြီး လျာတွဲလောင်းကျနေတဲ့ အကောင်တစ်ကောင်က ခွပြီးလည်ပင်းညှစ်နေတာမြင်လိုက်ရတယ်။

“ အာ့ အာ့ အဟွတ်… လွှတ်စမ်း.. လွှတ်စမ်း…”

မြင့်သိန်းရဲ့ အသံတွေတိုးလာတာပြီး မျက်လုံးတွေတစ်ဖြေးဖြေးပြာဝေလာတဲ့အချိန် ရင်ဘတ်ပေါ်ခွပြီး လည်ပင်းညှစ်နေတဲ့မိန်းမဆီကနေ တိုးညှင်းတဲ့ငိုရှိုက်သံတစ်ချက်ထွက်လာခဲ့တယ်။

– – – – – – – – –

“ မြင့်သိန်းရေ… ဟေ့ မြင့်သိန်း… ဒီကောင်ကွာ ရေတွင်းတူးဖို့ကျန်နေပါတယ်ဆိုမှ ခုထိမထသေးဘူး”

လှဝင်းက ဗျစ်တောက်ဗျစ်တောက်ပြောပြီး ပိတ်ထားတဲ့တံခါးကိုတွန်းပြီးအိမ်ထဲကိုဝင်သွားတဲ့အချိန် မျက်လုံးပြူး၊ လျာထွက်ပြီး သေဆုံးနေတဲ့ လင်မယားနှစ်ယောက်ကိုမြင်လိုက်ရတယ်။ သူတို့ရဲ့အလယ်မှာတော့ ဝင်းအိနေတဲ့ရွှေသားလက်ကောက်တစ်ကွင်းက အထင်းသားကျနေခဲ့တယ်။

လှဝင်းလဲ ရုတ်တရက်မို့ကြောက်လန့်သွားပြီး အော်ဖို့အလုပ် လင်မယားနှစ်ယောက်ကြားမှာကျနေတဲ့ ရွှေလက်ကောက်ကိုသတိထားမိပြီး ဖျတ်ခနဲလှမ်းယူကာ အိမ်အောက်ကိုပြေးဆင်းသွားခဲ့တယ်။

မြင့်သိန်းတို့လင်မယား ရုတ်တရက်သေဆုံးနေတဲ့ သတင်းက အချိန်ခဏလေးအတွင်း တစ်ရွာလုံးပျံ့နှံ့သွားခဲ့ပြီး အိမ်ရှေ့မှာလဲလူတွေ စုပြုံနေခဲ့တယ်။ မွန်းတည့်ချိန်လောက်ရောက်တော့ ရွာလူကြီးနဲ့အတူ အမှုစစ်ပလိပ်တွေပါလာပြီး အလောင်းကို စစ်ဆေးဖို့မြို့ကိုယူသွားခဲ့ကြတယ်။

“ မြင့်သိန်း သူငယ်ချင်းရာ… ငါဘယ်လိုဖြေသိမ့်ရမလဲ၊ မနေ့ကမှ မင်းနဲ့ငါတွေ့ခဲ့ကြတာလေ… အခုတော့ မင်း ငါ့ကိုထားသွားပီပေါ့”

အရက်ဆိုင်ထဲမှာ အမူးလွန်ပြီး ငိုနေတဲ့ လှဝင်းကို အခြားအရက်သမားတွေက သနားတဲ့မျက်လုံးတွေနဲ့ကြည့်ပြီး

“ လှဝင်းရာ ငါတို့လဲ မင်းလိုပဲ စိတ်မကောင်းဖြစ်မိတာပဲ… မင်း ငိုနေလို့လဲ သေသူက ပြန်ရှင်လာတာမှမဟုတ်တာ”

“ ဟုတ်သားပဲ လှဝင်းရာ… မြင့်သိန်းကိုဘယ်သူသတ်လဲဆိုတာ သိတဲ့နေ့အထိ မင်းသည်းခံရမယ်လေ”

“ ဟုတ်ပါတယ် ကိုကြီးမြသော်ရာ… ကျုပ် စိတ်မကောင်းဖြစ်မိလို့ပါ…အေ့… ကျုပ်ဘယ်လောက်သောက်ထားလဲ စာရင်းလုပ်ပေးဦး”

“ အဲဒါကအရေးမကြီးပါဘူး… မင်းလဲသောက်ထားတာများနေပြီဆိုတော့ အိမ်ကိုပြန်လိုက်ဦး၊ အရက်ဖိုးက နောက်နေ့မှရှင်းတော့”

ဆိုင်ပိုင်ရှင်စကားကြောင့် အမူးလွန်နေတဲ့ လှဝင်းက ပုဆိုးကို ဒယီးဒယိုင်ဝတ်လိုက်ပြီး အိမ်ဘက်ကိုပြန်လာခဲ့လိုက်တယ်။

“ မြင့်သိန်း… မင်းကွာ… သေတာတောင် ငါ့အတွက် လက်ဆောင်ချန်ခဲ့ရတယ်လို့ အဟက်အဟက်… “

လှဝင်းက ပုဆိုးအောက်မှာ သားရည်ကွင်းနဲ့ချည်ထားတဲ့ လက်ကောက်ကိုစမ်းရင်း အိမ်ရှိရာဘက်ကိုထွက်လာခဲ့လိုက်တယ်။

“ ရှပ် ရှပ် ရှပ်…”

ကျောအနောက်ဘက်ကနေ ထွက်လာတဲ့ ခြေသံကြောင့် အမူးလွန်နေတဲ့လှဝင်း ဖျတ်ခနဲလှည့်ကြည့်လိုက်ပြီး

“ အနောက်မှာ ဘယ်သူလဲကွ… အေ့.. ခိုးကြောင်ခိုးဝှက်တော့ မလိုက်လာနဲ့နော်… လှဝင်းမှာပေးစရာဆိုလို့ ဟောဒီပုဆိုးတစ်ကွင်းပဲရှိတယ်…အေ့”

မူးမူးနဲ့ပေါက်ကရတွေပြောရင်း ဆက်လျောက်လာခဲ့ရာ ကုက္ကိုတန်းအကျော်လဲရောက်ရော အရမ်းပြင်းတဲ့အပုတ်နံ့က နှာခေါင်းထဲကို စူးခနဲဝင်လာခဲ့တယ်။

“ ထွီ… ဘယ်ခွေးတွေများသေနေပါလိမ့် နံလိုက်တာကွာ”

“ အဟင့်….”

“ ဟင် ဘာသံကြီးလဲဟ…”

ဘေးနားကနေ ငိုရှိုက်သံတစ်ချက်ကို ပီပြင်စွာကြားလိုက်ရတော့ လှဝင်းတစ်ကိုယ်လုံးမှာရှိတဲ့ ကြက်သီးမွှေးညှင်းတွေ ဆတ်ခနဲထောင်တက်လာခဲ့တယ်။

“ ဘယ်သူလဲ… “

“ အီး အီး အီး.. အဟင့်”

ဒီတစ်ခါတော့ လှဝင်း နားကြားမမှားတော့ဘူးဆိုတာ သိလိုက်ပြီး သောက်ထားတဲ့အရက်ရှိန်တွေပါပျောက်လုဆဲဆဲဖြစ်ခဲ့ရတယ်။

“ ဘယ်သူလဲ အနားကပ်မလာနဲ့နော်… ငါ့အနားမလာနဲ့နော်”

ကြောက်လန့်တစ်ကြားအော်ဟစ်ရင်း ထွက်ပြေးဖို့အလုပ် နောက်ကျောဘက်ကနေ အေးစက်တဲ့လက်တစ်ဖက်က လည်ပင်းကို ဆုပ်ကိုင်ထားတာ ခံစားလိုက်ရတယ်။

“ အဟီးဟီး… ဟင့် ဟင့်”

လှဝင်းလဲ ကျောဘက်ကနေ ကပ်ပြီးထွက်လာတဲ့အသံကြောင့် ခေါင်းကိုလှည့်ကြည့်လိုက်ရာ သွေးမရှိလို့ဖြူဖျော့နေတဲ့မျက်နှာနဲ့ မျက်မတစ်ယောက်ကိုမြင်လိုက်ရတယ်။

“ အောင်မလေး… သရဲ သရဲ… “

ငယ်သံပါအောင် အော်လိုက်တဲ့ လှဝင်းအသံကြောင့် အနီးနားမှာနေတဲ့သူတွေနိုးလာပြီး လာကြည့်တော့ ဖုန်တွေကြားထဲမှာ ပါးစပ်ထဲကအမြုပ်တွေထွက်ပြီး သတိလစ်နေတဲ့ လှဝင်းကိုမြင်လိုက်ရတယ်။

“ မြတ်ထွန်း… မင်းအိမ်ကနေ လုံချည်နဲ့ ဝါးလုံးနှစ်လုံး အမြန်သွားယူလာခဲ့… လှဝင်းကို ဆေးမှူးဆီပို့မှဖြစ်မယ်”

အဖိုးသန်းအောင်စကားကြောင့် မြတ်ထွန်း ကမန်းကတမ်း အိမ်ဘက်ကိုပြေးသွားပြီး လုံချည်နဲ့ဝါးလုံးနှစ်လုံးယူချလာခဲ့တယ်။

“ အေး ဟုတ်ပြီ ဝါးလုံးကိုလုံချည်ထဲထည့်ပြီး ထမ်းစင်လိုလုပ်လိုက်… ၊ အောင်ဘော်နဲ့ မြတ်ထွန်းက လူငယ်တွေဆိုတော့ လှဝင်းကိုထမ်းဖို့တာဝန်ယူ… ငါတို့ကရှေ့ကနေ မီးပြပေးမယ်”

အဖိုးသန်းအောင်က အရွယ်နဲ့မလိုက်အောင် လှုပ်ရှားရင်း လှဝင်းကို ဆေးမှူးနေတဲ့အိမ်ကိုခေါ်သွားခဲ့တယ်။ မြတ်ထွန်းလဲ ထမ်းစင်ကိုအနောက်ကနေ ထမ်းပြီးသွားနေတဲ့အချိန် လှဝင်းလုံချည်မှာ စည်းထားတဲ့ သားရေပင်းက ရုတ်တရက်ပြတ်ထွက်ပြီး အထဲကနေ လက်ကောက်တစ်ကွင်းထွက်လာတာကိုမြင်လိုက်ရတယ်။

မြတ်ထွန်းလဲ လက်ကောက်ကို မြင်တော့ ကိုလှဝင်း သတိပြန်ရလာရင်ပေးမယ်ဆိုတဲ့စိတ်နဲ့ကောက်ယူကာ အိတ်ကပ်ထဲထည့်ထားလိုက်တယ်။ ဒီလိုနဲ့ ဆေးမှူးအိမ်ကိုရောက်ဖို့ နှစ်ဖာလုံလောက်အလိုမှာတော့ ထမ်းစင်ကသိသိသာသာလေးလံလာခဲ့တယ်။

“ အောင်ဘော် မင်း သေချာထမ်းရဲ့လား … အချောင်ခိုနေတာမဟုတ်ပါဘူးနော်”

“ ငါလဲမင်းကိုမေးမလို့ပဲ… ထမ်းစင်က တစ်ဖြေးဖြေး လေးလာလို့ ငါ့ပခုံးတောင်ကျိမ်းနေပြီ”

မြတ်ထွန်းတို့လဲ ရောက်ခါနီးဆိုတော့ အံကြိတ်ပြီးထမ်းပိုးနေတဲ့အချိန် လှဝင်းဆီကနေ ငယ်သံပါအောင်အော်တဲ့ အသံတစ်ချက်ထွက်လာပြီး ငြိမ်သက်သွားခဲ့တယ်။

လှဝင်းဆီကအသံမထွက်လာတဲ့အတွက် ထမ်းစင်ကိုချပြီးကြည့်လိုက်ရာ မျက်လုံးပြူးပြီး ကြောက်လန့်နေတဲ့မျက်နှာနဲ့ သေဆုံးနေတာကိုမြင်လိုက်ရတယ်။

မြတ်ထွန်းလဲ သူ့အရှေ့မှာ ရုတ်တရက်သေဆုံးသွားတဲ့ ကိုလှဝင်းအလောင်းကို ဆေးမှူးဆီရောက်အောင်ပို့ပေးပြီး အိမ်ကိုပြန်လာခဲ့လိုက်တယ်။ မြတ်ထွန်းစိတ်ထဲမှာတော့ မနက်ကျရင် ကိုလှဝင်းနာရေးကို ကူညီရမယ်ဆိုတဲ့အတွေးကသာစိုးမိုးနေတဲ့အတွက် အိတ်ကပ်ထဲထည့်ထားတဲ့ လက်ကောက်အကြောင်းကို လုံးဝသတိမေ့နေခဲ့တယ်။

အိမ်ပြန်ရောက်တော့ မြတ်ထွန်းက ခြေလက်ဆေးပြီး မိခင်ဖြစ်သူပြင်ထားပေးတဲ့ ထမင်းကိုစားကာ အိပ်ယာဝင်ခဲ့လိုက်တယ်။

“ ဟိုကောင်လေး ထစမ်း ထစမ်း— “

အိမ်ရှေ့ကနေ အော်နှိုးနေတဲ့အသံကြောင့် အိပ်ပျော်နေတဲ့မြတ်ထွန်းတစ်ယောက် လန့်နိုးလာပြီး ပြူတင်းကိုကြည့်လိုက်ရာ ဆံပင်ဖားလျားချထားပြီး ကျောပေးထားတဲ့ မိန်းမသုံးယောက်ကိုမြင်လိုက်ရတယ်။ သူတို့အနောက်မှာတော့ တစ်ကိုယ်လုံးသွေးတွေပေကျံနေတဲ့ ယောင်္ကျားတစ်ယောက်က ခါးထောက်ပြီးရပ်နေခဲ့တယ်။

မြတ်ထွန်းလဲ သူတို့ခေါ်နေတာကို မလွန်ဆန်နိုင်ပဲ အိမ်ပေါ်ကနေဆင်းလာတဲ့အချိန် ရပ်နေတဲ့လူလေးယောက်က –

“ မလာနဲ့ မလာနဲ့ သွား…. အောက်ကိုမဆင်းလာနဲ့” လို့အော်ပြီး အမှောင်ထဲကိုပြေးဝင်သွားခဲ့တယ်။

အဲဒီမှာ မြတ်ထွန်းလန့်နိုးလာပြီး အိပ်ယာဘေးကထရံပေါက်ကိုချောင်းကြည့်လိုက်ရာ အမှောင်ထုထဲကနေ ချောင်းကြည့်နေတဲ့ မျက်လုံးနီနီတွေကိုမြင်လိုက်ရတယ်။

နောက်နေ့မနက်ရောက်တော့ ရွာထဲမှာစုရုံးစုရုံးဖြစ်နေတဲ့အတွက် သွားကြည့်ရာ ရွာဦးဆရာတော်နဲ့ ရွာလူကြီးတွေစုရုံးပြီး စကားပြောနေတာကိုမြင်လိုက်ရတယ်။

မြတ်ထွန်းလဲ ဘေးမှာရှိနေတဲ့ ကိုတက်ပုကို လက်တို့ပြီး –

“ ကိုတက်ပု ဆရာတော်တို့ဘာအကြောင်းပြောနေကြတာလဲ… ခဏနေ ကိုလှဝင်း အသုဘပို့ရတော့မှာမဟုတ်လား”

“ ဟုတ်တယ်လေ… ဒါပေမယ့် ရွာမှာဖြစ်နေတဲ့ ကိစ္စက သာမန်မဟုတ်ဘူးဆိုတာ မင်းသတိထားမိလား၊ အခု ဆရာတော်နဲ့ တိုင်ပင်နေတာကလဲ အဲဒီကိစ္စပဲ”

“ ရွာမှာ နှစ်ရက်အတွင်း လူသုံးယောက်တောင်သေတာနော်၊ သေတဲ့သူတွေကလဲ သန်သန်မာမာကြီးတွေ…ကျုပ်က ငယ်တော့ ဘာကြောင့်ဖြစ်တယ်ဆိုတာ သိပ်မတွေးတတ်ဘူး”

“ ဆရာတော်ပြောတာကတော့ ဒီကိစ္စတွေရဲ့ အရင်းမြစ်ကိုရှာမတွေ့မချင်း အခုလိုပဲ ဖြစ်နေနိုင်တယ်တဲ့… ဒီနေ့လည်အသုဘပို့ပြီးတာနဲ့ တစ်ရွာလုံးပရိတ်ပဌာန်းတွေရွတ်ဖတ်ပြီး ကမ္မဝါညှပ်မယ်လို့လဲပြောနေတယ်”

“ ကောင်းတာပေါ့ ဒါမှရွာလဲ သန့်သွားမှာ…ပြီးတော့ မကောင်းတဲ့ အရာတွေလဲ အဝေးကိုထွက်ပြေးသွားကြမှာ .. ကောင်းတယ် ကောင်းတယ် ကျုပ်ကတော့ အားပေးတယ်”

မြတ်ထွန်းက ပြုံးရွှင်တဲ့မျက်နှာနဲ့ ပြောရင်း လူကြီးတွေစကားဝိုင်းဘေးမှာ နားထောင်နေခဲ့တယ်။ နေ့လည် ကိုလှဝင်းအသုဘမြေချပြီးချိန်မှာတော့ တစ်ရွာလုံးမှာရှိတဲ့ အိမ်တွေကနေ ပရိတ်အိုး ပရိတ်ချည် ပရိတ်ပန်းတွေ ယူလာပြီး ရွာလုံးကျွတ်ပရိတ်ရွတ်ဖတ်ခဲ့တယ်။ အဲဒီအချိန် တရားပွဲရဲ့နောက်ဆုံးနေရာကို လူသုံးယောက်ဝင်လာခဲ့ပြီး ပရိတ်ရွတ်ဖတ်ပြီးတဲ့အထိ ငြိမ်သက်စွာနာယူခဲ့ကြတာကို ဘယ်သူမှသတိမထားမိခဲ့ကြဘူး။

ပရိတ်ရွတ်ပွဲပြီးတော့ ဆရာတော်လဲ ကျောင်းပြန်ကာရေနွေးကြမ်းသောက်နေတဲ့အချိန် ကပ္ပိယကြီးရောက်လာပြီး

“ လူငယ်သုံးယောက်က ဆရာတော်နဲ့တွေ့ချင်တယ်ဆိုပြီး ခွင့်တောင်းနေလို့ လာလျောက်တာပါဘုရား”

“ ဟေ ရွာထဲက ဘယ်သူတွေများလဲ”

“ သူတို့ကိုတော့ ရွာထဲမှာမမြင်ဖူးပါဘူးဘုရား… တပည့်တော်စိတ်ထင် ဧည့်သည်တွေဖြစ်မယ်ထင်ပါတယ်”

“ ဒါဖြင့်လဲ ကျောင်းပေါ်ကို တက်လာခဲ့ခိုင်းလိုက်လေ”

“ တင်ပါ့ဘုရား တပည့်တော် လွှတ်ပေးလိုက်ပါမယ်”

ကပ္ပိယကြီးကျောင်းအောက်ဆင်းသွားပြီး မကြာခင်မှာပဲ ယောဂီဝတ်စုံဝတ်ထားတဲ့လူငယ်သုံးယောက် ကျောင်းပေါ်ကိုတက်လာခဲ့တယ်။

“ ရောက်လာကြပီလားကွယ့်… ထိုင်ကြ ထိုင်ကြ”

ဆရာတော်ရဲ့စကားကြောင့် လူငယ်သုံးယောက်က လွတ်နေတဲ့နေရာမှာဝင်ထိုင်လိုက်ပြီး ဘုရားကို ဦးချလိုက်တယ်။ ပြီးတော့မှ ဆရာတော်ဘက်ကိုလှည့်ပြီး လက်အုပ်ချီကာ

“ တပည့်တော်တို့က လောကီပညာရပ်တွေကို လိုက်စားနေတဲ့သူတွေပါဘုရား… ဦးဆုံးမိတ်ဆက်ရရင်တော့ တပည့်တော်နာမည်က အောင်မြတ်သာလို့ခေါ်ပါတယ်၊ သူတို့နှစ်ယောက်ကတော့ သက်ခိုင်နဲ့ တောက်ရပါ”

“ ဉူးဇင်းလဲ ဒကာတို့ကိုမြင်တာနဲ့ လောကီဆရာတွေမှန်းရိပ်မိပါတယ်…. အခု ကျောင်းကိုလာတာ ဘာအရေးကိစ္စများရှိလို့ပါလဲ”

“ တပည့်တော်တို့ ရွာကနေဖြတ်သွားတဲ့အချိန် ရွာထဲကနေ အပြင်ကို ထွက်ပြေးလာတဲ့ မိန်းမသုံးယောက်နဲ့ယောင်္ကျားတစ်ယောက်ကိုမြင်ခဲ့ရပါတယ်။ဒါကြောင့် ရွာထဲမှာ ဘာများလုပ်နေလဲဆိုပြီး ဝင်ကြည့်တော့ ဆရာတော်ဘုရားတို့ ပရိတ်ရွတ်ဖတ်နေတာကို မြင်တွေ့ခဲ့တယ်။ ဒါကြောင့် ပရိတ်ရွတ်ပြီးတာနဲ့ ဆရာတော်ဘုရားဆီ အကျိုးအကြောင်းစုံစမ်းဖို့လာခဲ့တာပါဘုရား”

“ ဒကာတို့က လောကီပညာရပ်မှာ တယ်အားကောင်းကြသကိုး… အခု ဉူးဇင်းတို့ရွာမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို အကျဉ်းချုံးပြောပြပေးပါမယ်”

ဆရာတော်လဲ အောင်မြတ်သာတို့ကို ဖြစ်စဉ်အကျဉ်းချုံးပြောပြလိုက်ပြီးတဲ့အချိန်

“ ဒါဆိုရင် ရွာမှာဖြစ်နေတဲ့ ဖြစ်စဉ်တွေက ရေတွင်းတူးစဉ် ထွက်လာတဲ့ လူအရိုးတွေနဲ့များသက်ဆိုင်နေမယ်ထင်ပါတယ်ဘုရား”

“ ဒကာတို့ပြောသလို ဉူးဇင်းလဲ စဉ်းစားမိတယ်… ဒါပေမယ့် ဒီကိစ္စရပ်တွေကို ဖြေရှင်းရင် ဉူးဇင်းတို့လို ဝိပဿနာလမ်းကျင့်သုံးတဲ့သူတွေအဖို့ အာပတ်သင့်စေတဲ့ကိစ္စရပ်ဖြစ်စေမှာ မလွဲဘူးကွယ့်”

“ တင်ပါဘုရား… အရှင်ဘုရားခွင့်ပြုမယ်ဆိုရင် ဒီဖြစ်ရပ်ရဲ့ အဓိကဇစ်မြစ်ကို တပည့်တော်တို့ရှာဖွေဖော်ထုတ်ပေးချင်ပါတယ်”

“ ဒကာတို့ လုပ်ချင်သပဆိုလဲ ဉူးဇင်းမှာတားပိုင်ခွင့်မရှိပါဘူး… အခြားသိချင်တာရှိရင်တော့ ကျောင်းက ကပ္ပိယကြီးကိုမေးလို့ရပါတယ်”

“ ကျေးဇူးတင်ပါတယ်ဘုရား… တပည့်တော်တို့ ဒီကျောင်းမှာ ရက်အနည်းငယ်နေဖို့အတွက် ခွင့်တောင်းပါတယ်ဘုရား”

အောင်မြတ်သာစကားအဆုံးမှာ ဆရာတော်က ကပ္ပိယကြီးကိုလှမ်းခေါ်ပြီး –

“ ကပ္ပိယကြီးက ဒီက ဒကာတွေ နေထိုင်ဖို့ စီစဉ်ပေးလိုက်ပါ.. နောက်ပြီး သူတို့သိချင်တာတွေ ဖြစ်ချင်တာတွေ ကူညီပေးလိုက်ပါဦး”

“တင်ပါဘုရား တပည့်တော် ကူညီပေးလိုက်ပါမယ်… အော် လူလေးတို့နေရမယ့်အဆောင် လိုက်ပြပေးဦးမယ်၊ လိုက်ခဲ့ကြ”

အောင်မြတ်သာတို့လဲ ဆရာတော်ကို ကန်တော့ပြီး ကပ္ပိယကြီးခေါ်တဲ့နောက်ကိုလိုက်သွားခဲ့တယ်။

“ ဒီအဆောင်က ဧည့်သည်တွေလာရင် တည်းဖို့ဆောက်ထားတာပဲ ခေါင်းအုံးတွေ စောင်တွေ ဖျာတွေလဲအသင့်ရှိတာမို့ လိုအပ်သလိုယူသုံးကြနော်”

“ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဦးကြီးလဲ လုပ်စရာရှိတာ လုပ်ပါ “

“ အေး အေး တစ်ခုခုလိုအပ်ရင် အချိန်မရွေး လာပြောနော်”

ကပ္ပိယကြီး နှုတ်ဆက်ပြီး ထွက်သွားတဲ့အချိန် အောင်မြတ်သာက

“ ဘုန်းကြီးကျောင်းဆိုတော့ မကျွတ်လွတ်တဲ့နာနာဘာဝတွေ အများသားပဲ … သူတို့က ကိုယ့်ကိုမနှောက်ယှက်သရွေ့ ဘာမှမလုပ်ကြပါနဲ့”

“ ဆရာ ပြောတာနောက်ကျနေပီ ဟိုးထုပ်တန်းပေါ်မှာ ထိုင်နေတဲ့ကောင်က ကျွန်တော်တို့ကို ဘုကြည့်ကြည့်နေတယ်”

သက်ခိုင်စကားကြောင့် အောင်မြတ်သာအပေါ်ကို မော့ကြည့်လိုက်ရာ လုံချည်အစုတ်တစ်ထည်သာပါတဲ့ မဲမဲကျုတ်ကျုတ်ယောင်္ကျားတစ်ယောက်ကိုမြင်လိုက်ရတယ်။

“ ဟေ့လူတွေ ခင်ဗျားတို့ ကျုပ်ကုတင်ပေါ် တက်မအိပ်ကြနဲ့နော်- ”

ထုပ်တန်းပေါ်မှာထိုင်ပြီး ကျိုးကျလာဆဲဆဲဖြစ်နေတဲ့ ကုတင်ကိုလက်ညိုးထိုးကာပြောတဲ့အသံကြောင့် အောင်မြတ်သာက

“ သင်က ဒီကုတင်ကိုစိတ်စွဲပြီး မကျွတ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ရမယ်… စိတ်ချဗျ ကျုပ်တို့လဲ ခင်ဗျားကုတင်ပေါ်မအိပ်ပါဘူး” လို့ပြောလိုက်တော့မှ ထုပ်တန်းပေါ်ကနေပျောက်ကွယ်သွားခဲ့တယ်။

“ ဆရာ သူက ကုတင်ကိုစွဲပြီး မကျွတ်နိုင်တာဆိုတော့ ဒီကုတင်မရှိတော့ရင် ကျွတ်နိုင်တာပေါ့နော်”

“ တကယ်တော့ အချို့လူတွေရဲ့အယူတွေကလုံးဝမှားနေတယ်။ မိသားစုဆွေမျိုးတွေက သေဆုံးသူကုသိုလ်ရပါစေဆိုတဲ့စိတ်နဲ့ သေသူသုံးခဲ့တဲ့ပစ္စည်းတွေကို ဘုန်းကြီးကျောင်းတွေ ဇရပ်တွေမှာလာလှူကြတယ်။ သေဆုံးသူဟာ ဘယ်အရာကိုစိတ်စွဲနေတယ်ဆိုတာ သူတို့မသိကြဘူး… ဒီလိုအဖြစ်တွေကြောင့် သေသူဟာ မကျွတ်လွတ်နိုင်ပဲ စွဲနေတာပေါ့”

“ ကျွန်တော်တို့လဲ အခုကိစ္စပြီးရင် ဒီပုဂ္ဂိုလ်ကို ကျွတ်အောင်လုပ်ပေးပါဦးမယ်”

“ လောလောဆယ် ငါတို့ရွာထဲမှာဖြစ်နေတဲ့ ပြဿနာဇစ်မြစ်ကိုသိဖို့ ရွာတော်ရှင်နတ်ကွန်းကိုသွားကြရအောင်”

အောင်မြတ်သာတို့ ဘုန်းကြီးကျောင်းကနေ ထွက်လာပြီး ရွာတော်ရှင်နတ်ကွန်းကိုရောက်တဲ့အချိန်မှာတော့ အနည်းငယ်မှောင်စပျိုးနေတာကိုသတိထားမိခဲ့တယ်။

“ ရွာကလူတွေ ပူဇော်ထားတဲ့ ဖယောင်တိုင်နဲ့အမွှေးတိုင်တွေက မနည်းမနောပါလား”

တောက်ရက နတ်ကွန်းမှာ ပူဇော်ထားတဲ့အရာတွေကိုကြည့်ပြီးပြောလိုက်တော့ သက်ခိုင်က

“ ရွာတော်ရှင်က သူ့ရွာထဲ ဘာဖြစ်နေတယ်ဆိုတာ သိရောသိပါ့မလား”လို့ပြောလိုက်တဲ့အချိန် နတ်ကွန်းအနောက်ဘက်ကနေ ဖျင်ကြမ်းပုဆိုးနဲ့ ဖျင်ကြမ်းအင်္ကျီကိုဝတ်ထားတဲ့ အဖိုးအိုတစ်ယောက်ထွက်လာပြီး

“ ဆရာတို့ ရွာထဲစဝင်ထဲက ကျုပ်ဆီရောက်လာတော့မယ်ဆိုတာ ကြိုသိနေလို့ စောင့်နေတာ… အခုရောက်လာတော့လဲ ကျုပ်ကိုပြောနေတာများ ရစရာကိုမရှိဘူး”

“ အဲလိုလဲမဟုတ်ပါဘူး အဖိုးရာ… ကျုပ်တပည့်တွေက စတတ်နောက်တတ်ကြတာပါ.. “

အောင်မြတ်သာ ဝင်ပြီးချော့လိုက်တော့မှ အဖိုးအိုရဲ့မျက်နှာ ပျော့သွားပြီး

“ ဆရာတို့ ဘာသိချင်လဲ … ကျုပ်ကိုမေးလို့ရပါတယ်”

“ ကျုပ်တို့သိချင်တာက ရွာကလူတွေကို ဘယ်သူသတ်နေတာလဲ… ဒါမျိုးက ရွာတော်ရှင်ကို ကျော်ပြီးမှလုပ်လို့ရတာဆိုတော့ ကျူးလွန်သူတွေရဲ့ အဆင့်ကိုသိဖို့လိုတယ်”

“ ဆရာတို့ပြောတာ ဟုတ်တယ်… အခု လူတွေသေရတာလဲ မရဏလက်ကောက်ကိုစောင့်တဲ့သူတွေကြောင့်ပဲ”

“ မရဏလက်ကောက် ဆိုတာ ဘာကိုပြောတာလဲ…”

“ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်လောက်က ဒီဒေသမှာ အလွန်အစွမ်းထက်တဲ့ လောကီဆရာတစ်ယောက်ရှိခဲ့ဖူးတယ်။ သူက လူတွေကို ကူညီပေမယ့် သူ့သားသမီးသုံးယောက်ကတော့ ဖခင်ဖြစ်သူရဲ့ စိတ်ကိုလုံးဝသဘောမကျခဲ့ဘူး။ ဒီလိုနဲ့ ဖခင်ဆီက ပညာတွေကိုသင်ယူပြီး လူတွေကိုစိတ်ကြိုက်ဒုက္ခပေးတော့တာပဲ… ဒါကို ဖခင်ဖြစ်သူဆီမှာ ပညာသင်သွားတဲ့ တပည့်တစ်ယောက်က မရဏလက်ကောက်အစီအရင်ကိုသုံးပြီး သူတို့လေးယောက်ကို ပညာပေးဖို့ အကြံပေးခဲ့ပေမယ့် ဖခင်ဆိုတော့ ဘယ်လုပ်ရက်ပါ့မလဲ…အဲဒီမှာ အကြံပေးတဲ့သူကို ဒုက္ခပေးဖို့ကြိုးစားရာကနေ သူတို့အသက်ပါပေးလိုက်ရတာပဲ… “

“ ဒါဆိုရင် သူတို့ဒုက္ခပေးဖို့ကြိုးစားတဲ့သူကပဲ မရဏလက်ကောက်အစီအရင်နဲ့ သူတို့ကိုပြန်သတ်ခဲ့တာပေါ့”

“ ဟုတ်တယ် ဆရာ… အဲဒီလူက မွေးရာပါ အောက်လမ်းအတတ်ကိုတတ်ထားပေမယ့် လူတွေကိုဒုက္ခမပေးဖို့ သစ္စာဆိုထားခဲ့တယ်။ ဒါပေမယ့် သူ့ကို ဒုက္ခလာပေးဖို့ကြံတဲ့သူတွေကိုတော့ ဆိုထားတဲ့သစ္စာကိုချိုးဖောက်ပြီး လေးယောက်လုံးကို သတ်ပစ်ခဲ့တာ။ သတ်ပီးတာနဲ့ သူတို့ရဲ့ဝိဥာဉ်ကိုမကျွတ်လွတ်အောင် လက်ကောက်ထဲထည့်ပိတ်ပြီး မြုပ်ထားခဲ့သေးတယ်”

“ ဒါဆိုရင် သူတို့က မြေအောက်မှာချုပ်ထားခံရာကနေ လွတ်မြောက်ခဲ့တာပေါ့”

“ လွတ်မြောက်တယ်ဆိုပေမယ့် အပြည့်အဝမလွတ်မြောက်သေးဘူး… ကျိန်စာတိုက်တဲ့သူက လက်ကောက်ကျိန်စာကလွတ်ဖို့ဆိုရင် လူငါးယောက်ကိုထပ်သတ်ဖို့ ထည့်သွင်းခဲ့သေးတယ်။ တကယ်တော့ သူတို့ကိုငရဲကနေမတက်နိုင်အောင် တမင်ကိုဖန်တီးခဲ့တာပဲ။ သူတို့လက်ကောက်ကျိန်စာကနေလွတ်တာနဲ့ ငရဲတန်းကျမှာ၊ ဒါကိုသူတို့မသိတော့ ကျိန်စာကနေလွတ်ဖို့ လူတွေထပ်သတ်နေခဲ့တာပဲ”

“ အခု လက်ကောက်က ဘယ်သူ့ဆီမှာရှိနေတာလဲဆိုတာ အဖိုးသိထားလား”

“ လက်ကောက်က ကုက္ကိုတန်းအကျော်မှာနေတဲ့ ကောင်လေးတစ်ယောက်ဆီမှာရှိနေတယ်… ကောင်လေးရဲ့ လက်မောင်းမှာ သူ့အဘိုးစီရင်ပေးခဲ့တဲ့ အဆောင်လက်ဖွဲ့ရှိနေလို့ ဟိုလေးယောက်အနားကပ်မရဘူးဖြစ်နေတယ်”

“ ဒါဖြင့် အချိန်မှီသေးတာပဲ … ကျုပ်တို့ကိုခွင့်ပြုဦး”

အောင်မြတ်သာက ရွာတော်ရှင်အဖိုးကို နှုတ်ဆက်ပြီး လှမ်းမြင်နေရတဲ့ ကုက္ကိုတန်းဘက်ကိုထွက်လာခဲ့လိုက်တယ်။

ကုက္ကိုတန်းနားလဲရောက်ရော အပုတ်နံ့တစ်ချို့က ထောင်းခနဲရလာခဲ့တယ်။

“ အတော်ပြင်းတဲ့အနံ့ပဲ… ဒီပုံတိုင်းဆိုရင် ဟိုကောင်လေးနားမှာ သူတို့ရှိနေပြီ”

“ ကျွန်တော်တို့ အဲဒီအိမ်ပေါ်တက်ပြီး အကျိုးအကြောင်းပြောပြလိုက်တာ ပိုသင့်တော်မယ်ထင်တယ်နော်”

“ သက်ခိုင်ပြောတာ သင့်တော်တယ်… ဒါမှ အစီအရင်ကို ဖျက်လို့ရမှာ”

အောင်မြတ်သာတို့လဲ ကုက္ကိုတန်းကိုကျော်လာတဲ့အချိန် အိမ်ပေါ်ကနေ ခေါင်းငိုက်စိုက်ကျပြီး ဆင်းလာတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရတယ်။ သူ့အနောက်မှာတော့ လက်ဖွဲ့ကြိုးကိုကိုင်ကာ ငူငူကြီးရပ်နေတဲ့ မိန်းမတစ်ယောက်။

“ အဟင့် အဟင့် – “

“ ဆရာ အမှောင်ထုထဲကနေ ရှိုက်သံထွက်လာပါလား… သူတို့အခြေအနေကိုကြည့်နေတာထင်တယ်”

“ ခဏစောင့်ကြည့်ဦး ဒီကောင်လေးလက်မောင်းမှာ အဆောင်ကြိုးမရှိပေမယ့် သူတို့အနားမကပ်သေးတာ သတိထားမိလား”

“ ဟုတ်တယ်နော် ဆရာ… သူတို့ဘာကြောင့် အနားမသွားသေးတာလဲမသိဘူး”

အောင်မြတ်သာတို့ အခြေအနေကိုစောင့်ကြည့်နေတဲ့အချိန်မှာပဲ ဆံပင်ဖားလျားချထားတဲ့ မိန်းမတစ်ယောက်က လက်နှစ်ဖက်ကိုဆန့်တန်းပြီး ကောင်လေးရဲ့ လည်မြိုကိုညှစ်ရန်ပြေးဝင်လာခဲ့တယ်။

“ ဆရာ… ဟိုကောင်လေး ဒုက္ခရောက်တော့မယ်နော်”

သက်ခိုင်ကစိုးရိမ်မှုနဲ့ပြောလိုက်ပေမယ့် အောင်မြတ်သာကတော့ တုန်လှုပ်မှုမရှိပဲ ဒီတိုင်းရပ်ကြည့်နေခဲ့တယ်။

လည်မြိုနားကို လက်ရောက်ခါနီးအချိန်မှာတော့ ကောင်လေးရဲ့အိတ်ကပ်ထဲမှာ ရှိနေတဲ့ လက်ကောက်က ဗြုန်းဆိုခုန်ထွက်လာပြီး အောင်မြတ်သာအရှေ့ကို လိမ့်လာခဲ့တယ်။

ကောင်လေးဆီမှာ လက်ကောက်မရှိတာနဲ့ လည်ပင်းညှစ်ဖို့ဟန်ပြင်နေတဲ့လက်အစုံက ချက်ချင်းရပ်တန့်သွားပြီး အောင်မြတ်သာတို့ဘက်ကို ရုတ်ချည်းလှည့်လာခဲ့တယ်။

“ မရဏလက်ကောက် ကျိန်စာမိနေတဲ့ သင်တို့မောင်နှမတွေကို အခုချိန်ကစပြီး လူထပ်သတ်ခွင့်မပြုနိုင်တော့ဘူး…ဒီလက်ကောက်က ကျုပ်လက်ထဲရောက်နေပီမို့ ကောင်လေးကိုညို့ထားတာ ဖြတ်ပြီး အနောက်ကလိုက်လာခဲ့”

အောင်မြတ်သာက အမှောင်ထုထဲမှာရှိနေတဲ့ မောင်နှစ်မလေးယောက်ကို မရဏလက်ကောက်ပြပြီး ရွာအပြင်ဘက်ကိုမျှားခေါ်သွားခဲ့တယ်။ ရွာပြင်လဲရောက်ရော လက်ကောက်ကို မြေကြီးပေါ် ချကာ အင်းကွက်နဲ့ချုပ်ထားလိုက်တယ်။

“ ငါတို့ကိုလွှတ်ပေး….. လွှတ်ပေး…. လူမသိသူမသိသေခဲ့တဲ့အတွက် လက်စားချေရမယ်… ဒီကျိန်စာကနေ လွတ်မြောက်ဖို့အတွက် ငါတို့လူတွေထပ်သတ်ရဦးမယ်… “

“ သင်တို့ မရဏလက်ကောက်အစီအရင်ကနေလွတ်တာနဲ့ ဘယ်လမ်းကိုသွားရမလဲ မသိတာလား”

“ ငါတို့ကို လာမခြောက်နေနဲ့…. အခုချက်ချင်းလွှတ်ပေး”

“ သင်တို့ ဒီလောကမှာရှိနေတာ တကယ်အန္တရာယ်များတာပဲ…. ကောင်းပြီ သင်တို့ဆန္ဒပြည့်အောင် ကျုပ်ကူညီပေးမယ်၊ ဒါပေမယ့် ကြုံလာမယ့်အရာတွေကိုတော့ သင်တို့ရင်ဆိုင်ကြပါ”

“ ငါတို့က အသက်ရှင်စဉ်ထဲက ငရဲကိုမကြောက်လို့ အဆိုးဆုံးသောလုပ်ငန်းတွေကို လုပ်ခဲ့ကြတာ… အခုထိလဲ ငါတို့မကြောက်ဘူး…. နင် ငါတို့ကို လာပြီးမဆုံးမနေနဲ့”

အောင်မြတ်သာလဲ ဘယ်လိုမှ ဆုံးမလို့မရတော့မှန်းသိတာနဲ့ ငရဲလောင်မီးအင်းကို မရဏလက်ကောက်ပတ်ပတ်လည်မှာရေးဆွဲပြီး ဂါထာစုတ်လိုက်ရာ အလျှံညီးညီးတောက်နေတဲ့ မီးတောက်တွေဝုန်းခနဲထတောက်လာခဲ့တယ်။

အလွန်ပူပြင်းတဲ့ ငရဲမီးတောက်တွေကြောင့် သက်ခိုင်နဲ့ တောက်ရတို့တောင် အနောက်ကိုဆုတ်လိုက်ရတယ်။

ဒါပေမယ့် မရဏလက်ကောက်အစီရင်နဲ့ ချုပ်နှောင်ခံထားရတဲ့ မောင်နှစ်မလေးယောက်ကတော့ စိုးစဉ်းမှမကြောက်လန့်ပဲ မီးပုံထဲကိုတိုးဝင်လာခဲ့တယ်။

အောင်မြတ်သာကတော့ ကယ်လို့မရတဲ့သူတွေကို သနားစိတ်အနည်းငယ်မှမဝင်ပဲ ပြာမှုန်အဖြစ်ပြောင်းလဲသွားတာကို မျက်တောင်မခတ်တမ်းကြည့်နေခဲ့တယ်။

သက်ခိုင်တို့အနေနဲ့ ဆရာဖြစ်သူကို အရမ်းသနားတတ်တဲ့သူ၊ အရမ်းကြင်နာတတ်တဲ့သူအဖြစ်ပဲမြင်တွေ့ခဲ့ရပေမယ့် အခုလိုဖြစ်ရပ်မှာတော့ တကယ့်အသဲမာတဲ့သူတစ်ယောက်အဖြစ်မြင်တွေ့လိုက်ရတော့ ပါးစပ်အဟောင်းသားဖြစ်အောင်ကို အံ့ဩသွားခဲ့တယ်။

ငရဲလောင်မီးတွေက မရဏလက်ကောက်အပြင် အထဲမှာရှိနေတဲ့ဝိဉာဉ်တွေကိုပါ အစရှာမရအောင် ဝါးမြိုပစ်ခဲ့ပြီးချိန်မှာတော့ သူမဟုတ်သလို ပြန်လည်ငြှိမ်းသွားခဲ့တယ်။

အောင်မြတ်သာတို့လဲ လူတွေကိုဒုက္ခပေးနိုင်တဲ့ ပစ္စည်းကိုဖျောက်ဖျက်ပြီးချိန်မှာတော့ ဘုန်းကြီးကျောင်းကိုပြန်လာခဲ့ပြီး တစ်ညတာတည်းခိုနေထိုင်ခဲ့တယ်။ နောက်နေ့ရောက်တော့ ဆရာတော်ကိုလျောက်တင်ပြီး ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ကုတင်ကို မီးရှို့ဖျက်စီးပစ်ခဲ့ကြတယ်။

မရဏလက်ကောက်ကိုဖျက်စီးပစ်နိုင်ပြီးတဲ့နောက်မှာတော့ ရွာကနေပြန်ထွက်လာခဲ့တာ ရွှေကြာပင်ရွာကိုရောက်လာခဲ့တယ်။ အဲဒီရွာမှာတော့ လူနဲ့သရဲမိတ်ဆွေဖွဲ့နေထိုင်ပြီး ရွာသားတွေကို ဒုက္ခပေးနေတဲ့သူတစ်ယောက်ရှိနေခဲ့တယ်။ ဒီအကြောင်းအရာတွေကိုတော့ အောင်မြတ်သာဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment