” အောင်မြတ်သာနှင့်မီးစတစ်ဖက်ရေမှုတ်တစ်ဖက် ”
ရေးသားသူ—ဇေယန(ရာမည)
+++++++++++
“နတ်သူငယ်ဆေးလိပ်ခုံ” သံပြားအောက်ခံပေါ်မှာ ပျယ်လွင့်လွင့် သင်္ဘောဆေးနဲ့ ရေးထားခဲ့တဲ့ ဆိုင်းဘုတ်ကို လူတစ်ယောက် အတန်ကြာ ရပ်ကြည့်နေတာကို အနားပတ်ဝန်းကျင်ကလူတွေ သတိထားမိခဲ့ကြတယ်။
” ဘစံ ဟိုမှာရပ်နေတဲ့လူကိုသတိထားမိလား”
” ဆေးလိပ်ခုံအဟောင်းရှေ့ရပ်နေတဲ့လူကိုပြောတာလား”
” အေး ငါကြည့်နေတာ အတော်ကြာပြီ သူဘာတွေ စိတ်ဝင်စားနေလဲမသိဘူး ”
” မဟုတ်မှလွဲရော ဒီဆေးလိပ်ခုံပိုင်ရှင်တွေရဲ့ ဆွေမျိုးတွေ များလား”
” ဟုတ်ချင်လဲဟုတ်မှာပေါ့ လာကွာ စကားနည်းနည်းသွား တောက်ကြည့်ရအောင်”
ဆေးလိပ်ခုံနဲ့မလှမ်းမကမ်းမှာရှိတဲ့မြင်းလှည်းဂိတ်မှာထိုင် နေတဲ့ လူနှစ်ယောက်ထဲက ဘစံဆိုတဲ့လူက ထာလာခဲ့ပြီး
” ကိုယ့်လူ ဘာတွေစိတ်ဝင်တစားကြည့်နေတာလဲ ”
ဘစံရဲ့စကားကြောင့် ဆိုင်းဘုတ်ကိုငေးမောကြည့်နေတဲ့ လူငယ်က သတိဝင်လာပြီး
” ဒီဆေးလိပ်ခုံရဲ့ အောင်မြင်မှုအငွေ့အသက်တွေကိုခံစားနေ တာပါ”
” ဟုတ်တယ်ဗျ ဒီဆေးလိပ်ခုံက ကျုပ်တို့အဖေတို့ လက်ထက်ကနာမည်ကြီးပဲ ပိုင်ရှင်မိသားစုအသတ်ခံရပြီး နောက်ပိုင်း ဒီဆေးလိပ်ခုံကြီးလဲရပ်သွားတော့တာအခုထိပါပဲ”
” ဒါဆိုရင် ဒီနေရာကို ဘယ်သူမှမပိုင်တော့ဘူးပေါ့”
” လူသတ်မှုဖြစ်ပြီး ပိုင်ရှင်ရဲ့ဆွေမျိုးတွေကို လိုက်ရှာသေး တယ် ဒါပေမယ့် အစအနရှာမတွေ့ခဲ့ဘူးလို့ပြောတယ်”
” ဒီဆေးလိပ်ခုံမှာလုပ်ခဲ့ဖူးတဲ့သူတွေများအခုချိန်ရှိသေး လားသိချင်ပါရဲ့”
လူငယ်ရဲ့စကားကြောင့် ဘစံခေတ္တစဉ်းစားလိုက်ပြီး
” ဒီဆေးလိပ်ခုံမှာလုပ်ခဲ့ဖူးတဲ့ မိန်းမတစ်ယောက်တော့ရှိ တယ် အခုသူက မြင်းပျံဆေးပေါ့လိပ်ခုံထောင်ထားတယ် ”
” ဒါဖြင့် ကျုပ်ကို အဲဒီဆေးလိပ်ခုံကို လိုက်ပို့ပေးပါလား တန်ရာတန်ကြေးပေးမှာပါ”
” ဟာ ရတာပေါ့ ဒါတိုခဏစောင့်ဦး ကျုပ်မြင်းလှည်းသွား ယူလိုက်ဦးမယ်”
ဘစံက သွက်လက်စွာပြန်ထွက်သွားပြီး မြင်းလှည်းကိုဆွဲ လာခဲ့တယ်။
” ကိုယ့်လူ တက်လို့ရပြီ ”
လူငယ်လဲ မြင်းလှည်းပေါ်ကိုတက်လိုက်တာနဲ့ တစ်ပြိုင်နက် ဘစံက
” ဟေ့ ဖေ့သားကြီး ရုန်းလိုက်စမ်း” လို့ပြောပြီး မြင်း ဇက်ကြိုးကို အသာဆွဲကာ မောင်းထွက်လာခဲ့လိုက်တယ်။
အုန်းခွံရောင်မြင်းရဲ့လည်ပင်းတစ်ဝိုက်မှာပတ်ထားတဲ့ချူ တွေကနေ ထွက်တဲ့အသံက စည်းချက်ညီညီထွက်ပေါ်လာခဲ့ တယ်။ မိနစ်သုံးဆယ်လောက် မောင်းပြီးတဲ့အခါမှာတော့ ဖောင်းကြွနေတဲ့စာလုံးတွေကိုပုံဖော်ထားတဲ့ မြင်းပျံ ဆေးလိပ်ခုံရှေ့ကိုရောက်လာခဲ့တယ်။
” ကိုယ့်လူ ဒါက မြင်းပျံဆေးလိပ်ခုံပဲ ”
မြင်းလှည်းပေါ်မှာထိုင်နေတဲ့လူငယ်က ဆေးလိပ်ခုံကိုတစ် ချက်ဝေ့ကြည့်လိုက်ပြီး –
” ကျေးဇူးပါ ကိုဘစံ ဒီမှာမြင်းလှည်းခပါ ”
ဘစံကတော့ သူ့နာမည်ကို သိနေတဲ့မြင်းလှည်းစီးသမားကို အထူးအဆန်းကြည့်ရင်း မြင်းဇက်ကိုနောက်ပြန်ဆွဲကာထွက်သွားခဲ့တယ်။
” မင်္ဂလာပါဆရာ ကျွန်မတို့မြင်းပျံဆေးလိပ်ခုံကနေကြိုဆို ပါတယ် ဘာများကူညီပေးရမလဲရှင့်”
ဆေးလိပ်ခုံအဝမှာထိုင်နေတဲ့ မိန်းကလေးရဲ့ ချိုသာပျူငှာ တဲ့စကားကြောင့် လူငယ်မျက်နှာပြုံးသွားပြီး
” ပိုင်ရှင်အစ်မကြီးနဲ့တွေ့ချင်လို့ပါ အရေးကြီးတဲ့ကိစ္စလေး တစ်ခုရှိလို့ပါလို့ပြောပေးပါဦး”
” ဒါဆို ဒီမှာခဏထိုင်ပါဦး အန်တီကြီးကို ကျွန်မသွားပြော ပေးပါ့မယ် ”
ဧည့်ကြိုမိန်းကလေးထွက်သွားတဲ့အချိန် လူငယ်က လွတ် နေတဲ့ ထိုင်ခုံမှာဝင်ထိုင်လိုက်ပြီး ဆေးလိပ်ခုံအတွင်းထဲကို ကြည့်လိုက်တော့ ပြောင်းဖူးဖက်ဆေးလိပ်တွေလုပ်ကိုင်နေ ကြတဲ့ မိန်းကလေးအယောက်၁၀၀ခန့်ကိုတွေ့လိုက်ရတယ်။
ဆေးလိပ်လိပ်နေကြတဲ့အမျိုးသမီးငယ်လေးတွေကတော့ ကောင်တာအရှေ့ ထိုင်ခုံမှာထိုင်နေတဲ့ လူငယ်ကိုကြည့်ပြီး ခိုးခိုးခစ်ခစ်ရယ်ကာ တစ်ယောက်နဲ့တစ်ယောက် တီးတိုး ပြောဆိုနေကြတယ်။
မကြာမှီမှာပဲ အိမ်အပေါ်ထပ်ကိုတက်သွားတဲ့ မိန်းကလေး ပြန်ရောက်လာပြီး –
” အန်တီကြီးက ခဏနေအောက်ဆင်းလာမယ်ပြောပါတယ် ဒီမှာခဏထိုင်ပေးပါဦး”
အမျိုးသမီးရဲ့စကားအဆုံးမှာပဲ
” မယ်ကျော့ရေ ဧည့်သည်ကို အောက်ထပ်ကရုံးခန်းထဲခေါ် လာခဲ့ပါဦး”ဆိုတဲ့အသံကိုကြားလိုက်ရတယ်။
” ဆရာ ဒီဘက်ကြွပါ ရုံးခန်းက ဟိုဘက်တစ်ခန်းကျော်မှာရှိ ပါတယ်”
လူငယ်က မယ်ကျော့ဆိုတဲ့အမျိုးသမီးခေါ်ရာနောက်ကို လိုက်သွားခဲ့တယ်။ရုံးခန်းထဲရောက်တော့ ဆက်တီပေါ်မှာ ထိုင်နေတဲ့ ခပ်ဝဝမိန်းမကြီးတစ်ဦးကိုမြင်လိုက်ရတယ်။
” ဒီမှာလာထိုင်ကောင်လေး မယ်ကျော့ရေ ဧည့်သည် အတွက် လက်ဖက်နဲ့ရေနွေးကြမ်းလေးလုပ်ပေးပါဦး”
” ဟုတ်ကဲ့အန်တီကြီး”
မယ်ကျော့ဆိုတဲ့အမျိုးသမီးထွက်သွားပြီးတဲ့ အချိန်မှာ တော့
” မင်းနာမည်ဘယ်လိုခေါ်လဲ အန်တီကိုတွေ့ချင်တယ်ဆိုတဲ့ ကိစ္စကရောဘာများဖြစ်မလဲ”
” ကျုပ်နာမည်က အောင်မြတ်သာပါ လွန်ခဲ့တဲ့နှစ်သုံးဆယ် လောက်က နတ်သူငယ်ဆေးလိပ်ခုံမှာဖြစ်သွားခဲ့တဲ့ကိစ္စနဲ့ ပတ်သတ်ပြီး အနည်းငယ်သိချင်တာလေးရှိလို့လာခဲ့တာပါ”
ပိုင်ရှင်မိန်းမကြီးက နတ်သူငယ်ဆေးလိပ်ခုံလို့ကြားတာနဲ့ မျက်နှာတည်သွားပြီး
” အဲဒီကိစ္စတွေကအခုထိမပြီးသေးဘူးလား ငါ့ခဗျာလဲဖြေ လိုက်ရတဲ့မေးခွန်းတွေ နေစမ်းပါဦး မင်းကရဲဌာနကလား”
” မဟုတ်ပါဘူး လွန်ခဲ့တဲ့နှစ်သုံးဆယ်က ဖြစ်ခဲ့တဲ့ မတရားမှု ကိုပြန်ဖော်ထုတ်မယ့်သူဆိုရင်ပိုမှန်ပါလိမ့်မယ်”
” ဒါဆိုရင် မင်းပြန်တာကောင်းလိမ့်မယ် ကောင်လေး ငါအဲ လောက်အချိန်မရှိဘူး မယ်ကျော့ရေ ဧည့်သည်ကိုပြန်ပို့ လိုက်တော့”
ပိုင်ရှင်မိန်းမကြီးက မျက်နှာထိမျက်နှာထားနဲ့ပြောပြီး ထဖို့ အလုပ်
” ဒီကအစ်မကြီး ပံ့သကူဆိုတဲ့လူကိုသိလား”
အခန်းထဲကထွက်ဖို့ပြင်နေတဲ့ မိန်းမကြီးက ပံ့သကူဆိုတဲ့ နာမည်ကြားတာနဲ့ ခြေလှမ်းတွေရပ်သွားပြီး
” မင်းက ပံ့သကူကိုသိလို့လား သူကထောင်ထဲမှာ လွန်ခဲ့ တဲ့၂၅နှစ်လောက်ထဲကသေသွားပြီလို့ကြားတယ်”
” ဟုတ်ပါတယ် သူလူ့လောကမှာမရှိတော့ပါဘူး ဒါပေမယ့် သူမတရားခံခဲ့ရတာတွေကို ဖော်ထုတ်ပေးနိုင်မှ သူ ကျွတ်လွတ်မှာပါ”
အောင်မြတ်သာစကားအဆုံးမှာ မိန်းမကြီးက ခုံမှာလာပြန် ထိုင်လိုက်ပြီး
” ဒါဆို ပံ့သကူက ထောင်ထဲမှာ မကျွတ်မလွတ်ပဲရှိနေ သေးတာပေါ့လေ”
” ဟုတ်ပါတယ် သူမကျွတ်သေးဘူး”
” အဲဒီအကြောင်းတွေဖြစ်တော့ အန်တီမယုံနိုင်ခဲ့ဘူး ပံ့သကူ လုပ်တယ်ဆိုတာ ဘယ်လိုမှယုံလို့မရခဲ့တာ ဒါပေမယ့် သူ့ ဝတ်တဲ့ပုဆိုးကိုသုံးပြီး သတ်သွားတဲ့လူသတ်ကောင်ကိုပဲ သိချင်တာ”
” သူမသတ်ဘူးဆိုရင် ဘာကြောင့်မသတ်ဘူးလို့ မပြောတာ လဲ”
” သူအစကငြင်းရှာပါတယ် နောက်ဆုံးနှိပ်စက်တဲ့ဒဏ်ကိုမခံ နိုင်လို့ သူလုပ်ပါတယ်လို့ဝန်ခံခဲ့တယ် ပံ့သကူကအရမ်းကို ရိုးတယ် သူကဟိုလူကိုစလိုက် ဒီလူကိုစလိုက်နဲ့ အရမ်းပျော် တတ်တဲ့သူပါ”
” အဲဒီနေ့ကဖြစ်ခဲ့တာတွေကို သိသလောက်ပြန်ပြောပြလို့ရ မလား”
အောင်မြတ်သာစကားကြောင့် အမျိုးသမီးကြီးရဲ့ မျက်ဝန်း အိမ်တွေထဲမှာ မျက်ရည်စတွေဝဲလာပြီး
” တကယ်တော့ ဒီကိစ္စတွေကိုမေ့ပစ်ထားတာ ကြာခဲ့ပါပြီ
အခုတော့ အစအဆုံးပြန်ပြောပြရမယ်ထင်ပါတယ်
တကယ်တော့ ပံ့သကူက အန်တီရဲ့ချစ်သူပါ အဲဒီအချိန်အန်
တီက ဆေးလိပ်သမတစ်ယောက်ပဲရှိသေးတယ် ပံ့သကူက
အန်တီထက် သုံးနှစ်လောက်စောပြီး ဆေးလိပ်ခုံကိုရောက်
ခဲ့တာ သွက်သွက်လက်လက်ရှိပြီး ရိုးသားတဲ့ပံ့သကူကို
အလုပ်ရှင်မိသားစုက တော်တော်လေးအရေးပေးတယ်
လူယုံတစ်ယောက်ဆိုလဲမမှားဘူး အဲဒီအဖြစ်အပျက်တွေ
ဖြစ်တဲ့ညက ပံ့သကူကအန်တီနဲ့ရှိနေခဲ့တာ ဒါကြောင့် သူမ
သတ်ဘူးလို့တစ်ထစ်ချယုံထားတာပေါ့ ဒါပေမယ့်ကံကဆိုး
ချင်တော့ သူပြန်သွားတဲ့အချိန် အိမ်ရှင်မိသားစုကသေနေခဲ့
ပြီလေ သူ့လုံချည်နဲ့ အိမ်ရှင်မိန်းမရဲ့ပါးစပ်ကိုစည်းပြီး
ရင်ဘတ်ကိုဓါးနဲ့ထိုးသတ်ခဲ့တယ်လို့ ပြောကြတယ် လူသတ်
သမားကတော်တော်လည်တယ်လို့ပြောရမယ် ဘာလို့ဆို
တော့ သူသတ်ပြီးတဲ့အချိန် ရဲကိုအကြောင်းကြားခဲ့တယ် ၊ရဲ
တွေရောက်လာတော့ လူသတ်သမားကမရှိတော့ပဲ အန်တီ
ဆီကနေပြန်သွားတဲ့ပံ့သကူကိုပဲတွေ့လိုက်ရတယ်၊ အဲဒါနဲ့
လက်ပူးလက်ကြပ်မိတယ်ဆိုပြီး စခန်းကိုခေါ်သွားခဲ့တယ်
အဲဒီအဖြစ်တွေကို အန်တီလဲနောက်မှသိရတာ အန်တီသိတဲ့
အချိန် သူမဟုတ်ဘူးဆိုတဲ့အကြောင်းပြောပါသေးတယ် ဒါ
ပေမယ့် သက်သေခံပစ္စည်းအရရော သေတဲ့သူတွေနဲ့အတူရှိ
နေတာတွေကြောင့် သူငြင်းလို့မရခဲ့ဘူး နောက်ဆုံးနှိပ်စက်
တာတွေကိုမခံနိုင်လို့ သူဝန်ခံသွားရှာတယ် သူထောင်ကျ
တုန်းက တစ်ခေါက်သွားတွေ့ဖြစ်ခဲ့တယ် အဲဒီနောက်ပိုင်း
ဆေးလိပ်ခုံကလဲပိတ် အလုပ်ကလဲမရှိတာနဲ့ ရွာပြန်ခဲ့တယ်
ရွာရောက်တော့ ရွာကိုစပါးအဝယ်လာတဲ့ အန်တီအမျိုးသား နဲ့အကြောင်းပါပြီး ဒီဆေးလိပ်ခုံကို စတည်ခဲ့တာ ”
” ဒါဆိုရင် လူသတ်တရားခံအစစ်ကဘယ်သူလဲဆိုတာ အခု ထိမသိသေးဘူးပေါ့”
” ဟုတ်တယ် အခုထိမသိကြသေးဘူး ”
” သက်သေပြလို့ရမယ့် လူတစ်ယောက်ယောက်များရှိသေး လား လူသတ်မှုဖြစ်တဲ့အချိန် မသေပဲကျန်ခဲ့တဲ့သူတွေရှိခဲ့ လား”
” နေဦး နေဦး မသေပဲကျန်ခဲ့တာ တစ်ယောက်တော့ရှိတယ် ဒါပေမယ့် ”
” ဒါပေမယ့် ဘာဖြစ်လဲအစ်မကြီး”
” မင်းသူ့ကိုတွေ့လဲဘာမှထူးမှာမဟုတ်ဘူး သူကစကားမ ပြောတတ်တဲ့အပြင် နားလဲမကြားဘူး”
” သူကဘယ်သူလဲဆိုတာ ပြောပြပါ သူ့ကိုတွေ့ရင်တော့ လူသတ်မှုနဲ့ပတ်သတ်ပြီး အထောက်အကူတစ်ခုခုတော့ရမှာ ”
” အင်း သူ့နာမည်က စနေမလို့ခေါ်တယ် သူက တစ်နေကုန် လှည့်ပတ်တောင်းရမ်းပြီး ညမှောင်ရင် နတ်သူငယ် ဆေးလိပ်ခုံဝင်းဘေးကတဲမှာ ညအိပ်တတ်တယ် တစ်ခါ တစ်လေ ဆေးလိပ်ခုံအိမ်ကလူတွေစားလို့မကုန်တဲ့ ထမင်း ဟင်းကျန်တွေကိုလာယူတတ်တယ် လူသတ်မှုဖြစ်တဲ့မနက် မှာတော့ စနေမကို အိမ်ရဲ့လှေကားဘေးက စတိုခန်းထဲမှာ တုန်တုန်ရီရီနဲ့တွေ့ရတယ်လို့ပြောတယ် ရဲတွေကတော့စစ် ပေမယ့် သူမသိဘူးဆိုပြီးပဲဖြေတာ စကားလဲမပြောတတ်၊ နားလဲမကြားဆိုတော့ အတော်ခက်ခက်ခဲခဲမေးရတာ နောက်ဆုံးဘယ်လိုပဲမေးမေး အဖြေမရတဲ့အဆုံး မျက်မြင် မိတဲ့ ပံ့သကူကိုပဲ လွှဲချခဲ့ကြတယ်”
” အခုရော စနေမဆိုတဲ့သူကို ဘယ်မှာရှာလို့ရနိုင်မလဲ”
” သူ့ကိုတွေ့ချင်ရင်တော့ ဘုရားစောင်းတန်းတွေ ဈေးတွေ မှာလိုက်ရှာမှရမယ် သူ့ကိုမေးပြီး ဘာလုပ်မလို့လဲ”
” အမှုအတွက် အရေးပါတဲ့ ကိစ္စတစ်ချို့များသိရမလားလို့ မေးကြည့်တာပါ အခုလိုအချိန်ပေးပြီး ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျုပ်ကိုခွင့်ပြုပါဦး”
” ကောင်းပါပြီ ကောင်လေး ပံ့သကူအတွက် အလှူအတန်း တွေဘာတွေလုပ်ပေးဖို့လိုသေးလား”
ပိုင်ရှင်မိန်းမရဲ့စကားကြောင့်အခန်းပြင်ကိုထွက်ဖို့လုပ်နေတဲ့ အောင်မြတ်သာက အနောက်ပြန်လှည့်ပြီး
လိုတာပေါ့ဗျာ ဒါပေမယ့် အခုတော့မဟုတ်သေးဘူး လိုတဲ့ အချိန် ကျုပ်လာပြောပါ့မယ်”
” ကျေးဇူးတင်ပါတယ်ကောင်လေးရယ် အမှန်တရား ပေါ်ပေါက်အောင် လုပ်ပေးပါ လူသတ်သမားကိုအမြန်ဆုံးမိ ပါစေကွယ်”
အောင်မြတ်သာ ဆေးလိပ်ခုံအပြင်ဘက်ရောက်တော့ လတ်ဆတ်တဲ့လေတွေကိုရှူသွင်းလိုက်ပြီး မျက်စိမှိတ်လိုက် တယ်ဆိုရင်ပဲ အာရုံထဲမှာ လူပေါင်းများစွာသွားလာလှုပ်ရှား နေတာကိုမြင်လိုက်ရတယ်။
မရေမတွက်နိုင်တဲ့လူတွေက လျင်မြန်တဲ့အရှိန်နဲ့သွားလာနေ ကြတဲ့အထဲမှာ မိန်းမတစ်ယောက် ခွက်တစ်လုံးကိုအရှေ့မှာ ချပြီး အိပ်ပျော်နေတာကိုရုတ်တရက်တွေ့လိုက်ရတယ်။
×××××
” ကလောင် ကလောင် ကလောင်” ပိန်လှီချိုင့်ဝင်နေတဲ့ ဒန်ခွက်လေးထဲမှာထည့်ထားတဲ့ ကျောက်ခဲတွေရဲ့အသံက ဖြတ်သွားဖြတ်လာလူတွေကိုမ ကြည့်ကြည့်အောင်သတိပေးနေသလို။ လူတွေကတော့ ဒီ အသံကြားတာနဲ့ ဒေါ်စနေမဆိုတာသိနေခဲ့ကြတယ်။
ပူပြင်းလှတဲ့နေအပူရှိန်ကြောင့် နှစ်ပေါင်းများစွာမညှပ်ပဲ ထားထားတဲ့ဆံပင်တွေကြားထဲကနေယိုစီးလာတဲ့ ချွေးပေါက်တွေကိုလက်ခုံနဲ့သုတ်လိုက်တဲ့အချိန် အရှေ့မှာ ချထားတဲ့ ဒန်ခွက်ထဲကို ပိုက်ဆံအထပ်လိုက်ကျလာခဲ့ တယ်။
အံ့ဩဝမ်းသာမှုပေါင်းများစွာနဲ့အပေါ်ကိုမော့ကြည့်လိုက် တော့ ဆံပင်ကိုအနောက်ကိုလှန်ဖီးပြီးထုံးထားတဲ့ ရုပ်ရုည် သန့်သန့်လူတစ်ယောက်ကိုတွေ့လိုက်ရတယ်။
‘ အဝူး အီး အူး အဂူး”
” စိတ်တွေအရမ်းမလှုပ်ရှားပါနဲ့ဗျာ ဒီငွေတွေကို လိုအပ်တဲ့ နေရာတွေမှာသုံးပါ အခုဗိုက်ဆာနေတယ်မဟုတ်လား ထမင်းအရင်စားလိုက်ပါဦး စားပြီးရင် သုဇာတာဇရပ်ကို လာခဲ့ပါ ကျုပ်စောင့်နေပါမယ်”
ဒေါ်စနေမလဲ လေသံအေးအေးလေးနဲ့ စကားတစ်လုံးချင်း ပြောပြီးထွက်သွားတဲ့လူငယ်ရဲ့နောက်ကျောကို မျက်စိတစ်ဆုံးကြည့်လိုက်ပြီး စိတ်ထဲကနေ ဆုတောင်း မေတ္တာပို့ကာ ဘေးမှာချထားတဲ့ ဝါးတောင်ဝှေးကိုကိုင်ပြီး အားယူထလိုက်ကာမှ –
” ငါနားမှမကြားရတာ ဘာကြောင့်သူပြောတာကို ရှင်းရှင်းလင်းလင်းကြားနေရတာလဲ ငါ့စိတ်ထဲကထင်နေ တာလား” ဆိုပြီးတွေးလိုက်မိတယ်။
ဒေါ်စနေမလဲအလှူထည့်သွားတဲ့ငွေနဲ့ တန်သင့်ရုံထမင်းနဲ့ ဟင်းကိုဝယ်စားပြီးအရိပ်အာဝါသကောင်းတဲ့သစ်ပင်ကြီး တွေအလယ်မှာဆောက်ထားတဲ့သုဇာတာဇရပ်ဘက်ကို ထွက်လာခဲ့လိုက်တယ်။
ဇရပ်ပေါ်ရောက်တော့ ဇရပ်ဒေါက်တိုင်ကိုမှီပြီးရပ်နေတဲ့ လူ တစ်ယောက်ကိုတွေ့လိုက်ရတယ်။
” ရောက်လာပြီလား အေးအေးလူလူ ခဏနားလိုက်ပါ ဒီမှာ
က လေကလဲ တစ်ဖြူးဖြူးနဲ့ဆိုတော့ ကျုပ်တောင်အိပ်ချင် သလိုလိုဖြစ်လာတယ်”
ဒေါ်စနေမလဲကြည်လင်အေးမြတဲ့အသံလေးနဲ့ ပြောနေတဲ့ လူငယ်ရဲ့ စကားကို ဒုတိယအကြိမ်ထပ်ကြားလိုက်ရတဲ့ အတွက် စိတ်ကထင်တာမဖြစ်နိုင်ဘူးလို့တွေးရင်း ပတ်ဝန်းကျင်ကအသံတွေကိုကြားလိုကြားငြား လိုက် နားထောင်ကြည့်ပေမယ့် တိတ်ဆိတ်နေခဲ့တယ်။ ဘာဆိုဘာမှမကြားရအောင်
” ကျုပ်ပြောတဲ့အသံကိုကြားရလို့ ထူးဆန်းနေတာလား သိပ်လဲမထူးဆန်းပါနဲ့ ကျုပ်က ပါးစပ်ကနေပြောတာ မဟုတ်ပါဘူး ခင်ဗျားရဲ့စိတ်ကိုပြောနေတာပါ အခုကျုပ် အသံကြားရတော့ စိတ်ချမ်းသာသွားတယ်မဟုတ်လား ခင်ဗျားရဲ့ စိတ်တွေအေးချမ်းသွားတယ်မဟုတ်လား”
ဒေါ်စနေမလဲ ဝမ်းသာအားရ ခေါင်းညိမ့်ပြလိုက်တယ်။
” ဒါဆို စိတ်၏အေးချမ်းရာနေရာကို ခေတ္တသွားကြ ရအောင်”
လူငယ်ရဲ့စကားအဆုံးမှာ ဒေါ်စနေမ သတိလွတ်ထွက်သွား ပြီး အိပ်ပျော်သလိုဖြစ်သွားခဲ့တယ်။
စနေမ ထတော့ စနေမ”
နားထဲမှာလာပြောနေတဲ့အသံကြောင့် အိပ်ပျော်နေတဲ့စနေမ လူးလဲထလိုက်တယ်။
” ဟင် အလှူငွေထည့်တဲ့လူငယ်လေးပါလား ငါတို့အခုဘယ် ရောက်နေတာလဲ သစ်ရိပ်ဝါးရိပ်တွေက အေးချမ်းလိုက် တာ”
” စကားပြောလို့ရပြီထင်တယ် အသံတွေတောင် ကြားနေရ ရောပေါ့”
” ဟုတ်တယ် ကျုပ်စကားပြောလို့ရပြီ ငှက်တွေအော်သံလဲ ကြားရပြီ လေတိုက်သံလဲကြားရပြီ ကျုပ်ပြန်ကောင်းပြီ လားဟင်”
” ဒါပေါ့ သင်ပြန်ကောင်းသွားပြီ အခုပိုပြီးလန်းဆန်းသွား အောင် ဟိုနားကရေကန်မှာ မျက်နှာအရင်သစ်လိုက်ပါဦး”
လူငယ်ရဲ့စကားကြောင့် မျက်နှာသစ်ဖို့အထ
” ဟင် ငါ့ခြေတွေလက်တွေ သန်စွမ်းဖြတ်လတ်နေပါလား ငါ့ ငါ့လက်တွေ ”
” ကဲ မျက်နှာသစ်သန့်စင်ပြီး ပြန်လာခဲ့ အဲဒီတော့မှ ဘယ်လို ဖြစ်လဲဆိုတာကျုပ်ပြောပြမယ်”
စနေမလဲ ဇရပ်ဘေးမှာရှိတဲ့ အုတ်ရေကန်လေးမှာ မျက်နှာသစ်ဖို့ငုံ့ကြည့်လိုက်တော့ သူ့ရဲ့မျက်နှာက လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်ကပုံစံအတိုင်းဖြစ်နေတာကို ထူးဆန်း စွာမြင်လိုက်ရတယ်။
‘ စနေမ မျက်နှာသစ်ပြီးရင် လာခဲ့ဦး ”
ဇရပ်ပေါ်က လူငယ်ရဲ့အသံကြောင့် မျက်နှာသစ်သန့်စင်ကာ ပြန်လာခဲ့လိုက်တယ်။
” ကဲ အခုနားလဲကြားပြီ စကားလဲပြောနိုင်ပြီ ပြန်လဲ ငယ်သွားပြီဆိုတော့ ကျုပ်သိချင်တာဖြေပေးမလား”
” အဟီး ဖြေမှာပေါ့ ဘာမေးမှာလဲ ”
” လွန်ခဲ့တဲ့နှစ်သုံးဆယ်လောက်က မင်းကိုထမင်းတွေဟင်း တွေပေးပေးနေတဲ့ နတ်သူငယ်ဆေးလိပ်ခုံမိသားစုကိုမှတ်မိ လား”
အောင်မြတ်သာစကားကြောင့် စနေမမျက်နှာ ညိုးသွားပြီး –
” မှတ်မိတယ် သူတို့ကိုဘယ်သူသတ်တာလဲဆိုတာပါသိ တယ်”
” ဟုတ်ပြီ ကျုပ်သိချင်တာ အဲဒါပဲ မင်းသိသလောက်အကုန် ပြောပြပါလား”
” အဲဒီနေ့ညက ဗိုက်ဆာလို့ ထမင်းသွားတောင်းဖို့ခြံထဲဝင် လာတဲ့အချိန် အိမ်ပေါ်ကနေ လူတစ်ယောက်ပြေးဆင်းလာ တာမြင်လိုက်ရတယ် သူ့ပုံစံကအလန့်တကြားဖြစ်နေတဲ့ပုံပဲ ကျုပ်လဲကြောက်ပြီး လှေကားဘေးက စတိုခန်းထဲဝင်ပုန်း နေတာ အဲဒီမှာသူက လက်ထဲကိုင်ထားတဲ့ဓါးမှာပေနေတဲ့ သွေးတွေကို လုံချည်တစ်ထည်နဲ့သုတ်ပြီး အပေါ်ပြန်တက် သွားတယ် အတော်ကြာတော့ ကမန်းကတမ်းထွက်ပြေး သွားတယ် အဲဒီအချိန် ပိန်ပိန်မြင့်မြင့်နဲ့လူတစ်ယောက် ထပ် ရောက်လာတယ် သူရောက်လာပြီး မကြာဘူး ရဲတွေ ရောက်လာတော့တာပဲ”
” ဒါဆိုသတ်တဲ့လူရဲ့ပုံစံကိုမှတ်မိလား”
” မျက်နှာကိုတော့ သေချာမမှတ်မိဘူး ဒါပေမယ့် အဲဒီညက သူ ဂျိုင်းပြတ်စွပ်ကျယ်ဝတ်ထားတာတော့မှတ်မိတယ် အင်း အင်း နေဦး တစ်ခုမှတ်မိပြီ သူ့ညာဘက်လက်ဖျံမှာ ဘီလူးခေါင်းပုံစံဆေးမှင်ကြောင်ရှိတယ် ဟုတ်တယ် ဟုတ် တယ် ဘီလူးခေါင်းပုံစံ ”
” ဒါဆိုရင် လက်ဖျံမှာဘီလူးခေါင်းပုံစံရှိတဲ့သူက လူသတ် သမားပေါ့”
” သူပဲသတ်တာ သူ့မျက်နှာမှာဆိုလဲ သွေးတွေပေနေတာ ကြောက်စရာကြီး နောက်တစ်နေ့မနက်ကျတော့ ရဲတွေ ကျုပ်ကိုခေါ်သွားတာ သူတို့က တစ်ခုခုကိုမေးတာပဲ ကျုပ် သကမြင်ရတာတေပြောပြတောလ လဲဘာမှမကြားရဘူး ညကမြင်ရတာတွေပြောပြတော့လဲ သူတို့မသိကြဘူး”
” အခုသင်ကစကားလဲပြောနိုင်ပြီ ကြားလဲကြားရပြီဆိုတော့ လူသတ်သမားကိုမိရင် သူဆိုတာသေချာတဲ့အကြောင်း
တရားရုံးမှာပြောပေးမလား”
” ကျုပ်ကိုသူဘာမှတော့မလုပ်ပါဘူးနော်”
” စိတ်ချ မင်းကိုသူဘာမှမလုပ်စေရဘူး ”
” ဒါဆိုပြောပေးမယ် ကျုပ်မြင်ခဲ့ရတာတွေ ပြန်ပြောပေး မယ်”
” ဒါဆိုရင် သင်အခုရက်ပိုင်းဘယ်မှလျောက်မသွားနဲ့ အရင် နေတဲ့နေရာမှာပဲနေပါ”
” မသွားဘူးစိတ်ချ အဲဒီနေရာမှာပဲရှိနေမယ်”
“ဒါဆို သင်မူလနေရာပြန်လို့ရပြီ”
အောင်မြတ်သာစကားအဆုံးမှာ စနေမတစ်ကိုယ်လုံးပေါ့ပါး သွားပြီး သတိပြန်ရလာချိန်မှာတော့ ဇရပ်ပေါ်ပြန်ရောက် နေတာတွေ့လိုက်ရတယ်။ အဲဒီအချိန်ဇရပ်ပေါ်မှာ လူငယ်ကို မတွေ့ရတော့ပဲ ဇရပ်ဘေးမှာတွန်နေတဲ့ကြက်ဖအသံတွေက နားထဲကိုစူးစူးရှရှဝင်လာခဲ့တယ်။
အိမ်မက်များဖြစ်နေမလားဆိုပြီး လိုက်ကြည့်တော့ ဇရပ် ဘေးက သစ်ကိုင်းမှာအိပ်တန်းတက်ခါနီးတွန်နေတဲ့ ကြက်ဖ တစ်ကောင်ကိုတွေ့လိုက်ရတယ်။
” မင်းပြောတဲ့ တက်တူးနဲ့လူဆိုတာ မဲလုံးဖြစ်နေမလား မင်း ဒီအကြောင်းတွေဘယ်ကကြားခဲ့တာလဲ”
ဆေးလိပ်ခုံပိုင်ရှင်ရဲ့စကားကြောင့် အောင်မြတ်သာက
” ဒေါ်စနေမဆီက သိခဲ့ရတာ သူအခုဆို နားလဲကြားနေရပါ ပြီ စကားလဲပြောလို့ရနေပြီ”
” သူအခုဘယ်မှာလဲ သူနဲ့တွေ့ချင်တယ် ”
” သူက မြို့အဝင်ဘုရားစောင်းတန်းမှာရှိပါတယ် ”
” ဒါဆို လူသတ်သမားက မဲလုံးပေါ့ ”
” ဟုတ်တယ် ဒါကြောင့်သူ့ကိုတရားစွဲတဲ့အခါ ဒေါ်စနေမကို သက်သေအဖြစ်ခေါ်သွားပါ ”
“တရားစွဲတာကဟုတ်ပါပြီ သက်သေအထောက်အထား တွေအားလုံးက မရှိမှမရှိတော့တာ စနေမဆိုတာကလဲ စိတ် ကသိပ်မှန်တာမဟုတ်တော့ ဖြစ်ပါ့မလား နောက်ပြီး မဲလုံး က အခုရပ်ရွာမျက်နှာဖုံးလိုဖြစ်နေတာ သူ့လိုလူကို သက်သေမစုံလင်ပဲ တရားစွဲရင် ကျုပ်တို့စီးပွားရေးကို ထိခိုက်လာနိုင်တယ်”
” သိပ်လဲစိတ်ပူမနေပါနဲ့ ကျုပ်မှာအစီအစဉ်ရှိပါတယ် လူသတ်သမားမဲလုံးကို သူ့ဘာသာဝန်ခံအောင်လုပ်ပါမယ် အစ်မကြီးလုပ်ရမှာက မဲလုံးဝန်ခံပြီဆိုတာနဲ့ စနေမကိုအပါ ခေါ်ပြီး ရဲစခန်းကိုသွားပြောပေးပါ”
” ဒီလိုဆိုရင် ရပါတယ် ငါလဲနိုင်သလောက်ကူညီပါမယ်”
” ဒါဖြင့် ကျုပ်ကိုခွင့်ပြုပါဦး”
” အေးအေး သတိလဲထားဦးနော် ”
ဆေးလိပ်ခုံပိုင်ရှင်ရဲ့သတိပေးသံအဆုံးမှာ အောင်မြတ်သာ အပြင်ကိုထွက်လာခဲ့လိုက်တယ်။
လပြည့်ညဖြစ်တဲ့အတွက် ဇီးတောသုဿာန်တစ်ခုလုံးငွေ ရောင်ဖြန်းထားသလို လင်းထိန်နေပြီး သုဿာန်အဝင်ဝမှာရှိ တဲ့ ညောင်ပင်ကြီးပေါ်မှာတော့ လင်းကောင်ပိုး ငှက်(ခ)ငှက်ဆိုးတစ်ကောင်ရဲ့အော်သံကသာ တစ်ချက်တစ် ချက်ထွက်ပေါ်နေခဲ့တယ်။
သာမန်လူတွေအဖို့ သွေးပျက်ချောက်ချားစရာကောင်းတဲ့ နေရာဖြစ်ပေမယ့် လူတစ်ယောက်ကတော့ မကြောက်မရွံနဲ့
သုဿာန်ထဲကဇရပ်ထဲကိုဝင်ရောက်လာခဲ့တယ်။သူကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် အောင်မြတ်သာပဲဖြစ်ပါ တယ်။
ဇရပ်ပေါ်ရောက်တော့ လွယ်ထားတဲ့လွယ်အိတ်ကိုချွတ် လိုက်ပြီး သရဏဂုံတင်ဖို့အတွက် ဆောက်ထားပေးတဲ့ ဘုရားကျောင်းဆောင်ပေါ်မှာ ဖယောင်းတိုင်သုံးတိုင်ထွန်း လိုက်တယ်။
ဖယောင်းတိုင်မီးအရှိန်ကြောင့် ဇရပ်တစ်ခုလုံးလင်းထိန် သွားတဲ့အချိန် ဇရပ်ဘေးနားမှာ ထန်းတစ်ပင်လောက်အရပ် ရှိတဲ့သူတစ်ယောက်ရပ်နေတာမြင်လိုက်ရတယ်။
” ရောက်လာပြီလား သင်္ချိုင်းစောင့်ကြီး လပြည့်ရက်ကြီး ခေါ်လိုက်ရတာကလဲ ထွေထွေထူးထူးတော့မဟုတ်ပါဘူး ကျုပ်က အလုပ်လုပ်ရင် စည်းမကျော်ချင်လို့ ဆိုင်ရာပိုင်ရာ ကိုအသိပေးခွင့်တောင်းတဲ့သဘောပါ”
” ဘယ်လိုအကြောင်းရင်းများလဲ ပြောပါ”
” ခဏနေ ကျုပ်ခေါ်ထားတဲ့ ဝိဉာဉ်တစ်ကောင်ရောက်လာ လိမ့်မယ် သူ့ကိုဒီဇရပ်မှာခဏပေးနေဖို့ခွင့်တောင်းတာပါ နောက်ပြီး သင်္ချိုင်းထဲမှာအရင်နေခဲ့တဲ့သူတွေကိုလဲ သူ့ကို ရန်မပြုဖို့သင်ကပဲ ပြောထားပေးပါ”
” ကျုပ်ခွင့်ပြုတယ် ဆရာခေါ်ထားတဲ့သူဘာမှမဖြစ်စေရဘူး
” ဒါဆိုရင် သင်ပြန်လို့ရပြီ အခုလိုကူညီပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်”
အောင်မြတ်သာစကားအဆုံးမှာ ဇရပ်ဘေးမှာရပ်နေတဲ့ အရိပ်မဲမဲကြီးကရုတ်တရက်ပျောက်ကွယ်သွားခဲ့တယ်။
အောင်မြတ်သာလဲ ဘုရားကျောင်းဆောင်ရှေ့ထိုင်ပြီး အင်း ချပ်သုံးချပ်ကိုဖိုခနောက်ဆိုင် ထားကာအလယ်မှာ ပံ့သကူ ဆိုတဲနာမည်ကိုရေးပြီး
” ပွင့်တော်မူပြီးသောဘုရားလေးဆူတို့ရဲ့အမိန့် အထက်ဂိုဏ်းဆရာကြီးများရဲ့အမိန့် ငါအောင်မြတ်သာရဲ့အမိန့်နဲ့ဆင့်ခေါ်လိုက်သည် ပံ့သကူဆိုတဲ့ဝိဉာဉ်ငါရှေ့သို့ရောက်စေ” ဆိုပြီးအင်းချပ်တွေ ကိုလက်ဝါးနဲ့ရိုက်ချလိုက်တယ်ဆိုရင်ပဲ သုဿာန်အဝင် လမ်းတစ်လျောက်စီကနေ ခွေးအူသံတွေထွက်လာခဲ့တယ်။
မကြာခင်မှာပဲ ဇရပ်ပေါ်ကို အလောတကြီးပြေးတက်လာတဲ့ အရိပ်တစ်ခုကိုမြင်လိုက်ရတယ်။
” ဟေ့လူ ဘာလို့ကျုပ်ကိုခေါ်တာလဲ အဝေးကြီးလာခဲ့ရတာ မောတာဗျာ သုဿာန်အဝင်ကခွေးတွေကလဲ အမဲဖျက်မယ့် အတိုင်းပဲ ”
“မင်းရောက်လာပြီဆိုတော့ တာဝန်တစ်ခုပေးရမယ်”
” ဘာတာဝန်လဲဗျ”
” လူသတ်တရားခံကို ခြောက်လှန့်ရမယ့်တာဝန် ”
” မဲလုံးကိုလား ”
” ဟုတ်တယ် မင်းလူတွေကြောက်အောင်တော့ ခြောက် တတ်ပါတယ်နော်”
” ဟားဟား ဟေ့လူ ခင်ဗျားက ကျုပ်ကိုအထင်သေးလိုက် တာ ဒီမှာကြည့်”
ပံ့သကူက ထိုင်နေရင်း သူ့ခန္ဓာကိုယ်ကို ဇရပ်တစ်ခုလုံးပြည့် အောင်လုပ်လိုက်တယ်။
” ရပြီ ဒီလောက်ဆိုရပြီ အခုမင်းကအချိန်သုံးရက်ပဲရမယ် သုံးရက်အတွင်း မဲလုံးကို သွေးလေချောက်ချားအောင်လုပ် ပြီး သူလူသတ်ခဲ့ကြောင်း ဝန်ခံအောင်လုပ်ရမယ်”
” ကျုပ်ကလဲဒီကောင်ကိုပညာပေးချင်နေတာ ဒီလိုလုပ်ရင် ကျုပ်ထောင်ကနေလွတ်ပြီပေါ့”
” ဒါပေါ့ မင်းထောင်ကနေ ထွက်လို့ရပြီ”
” အဲဒါဆိုကျုပ်လုပ်မယ် အဲ ရွာထဲကိုဝင်ဖို့ကိစ္စကရော ကျုပ်ကိုဝင်ခွင့်ပေးမှာမဟုတ်ဘူး”
” အဲဒီအတွက် မင်းမပူနဲ့ ငါစီစဉ်ထားပြီးပြီ”
” ဟေ့လူ ခင်ဗျားက တော်တော်ပေါက်မြောက်တာပဲ ကျုပ် အခုထောင်ထဲကအထွက်မှာ ထောင်စောင့်ငနီကြီးက တအံ့ တဩနဲ့ကြည့်နေတာ ကျုပ်ဖြင့်ခေါင်းကော့ရင်မော့ပြီတော့ ကိုထွက်လာခဲ့တာ ”
” ပံ့သကူ မင်းအတော်စကားများတဲ့ကောင်ပဲ ငါဘုရားရှိခိုး ရဦးမယ် မင်းစိတ်ပါရင် ဒီညထဲက လုပ်ငန်းစတော့”
” ကောင်းပြီလေ ကျုပ်ရွာထဲသွားလိုက်ဦးမယ် တွေ့ကြပြီ ပေါ့မဲလုံးရာ”
ပံ့သကူက ပြောရင်းဆိုရင်း ဇရပ်ပေါ်ကပြေးဆင်းပြီး ဇီး တောရွာဘက်ကိုထွက်သွားခဲ့တယ်။
အောင်မြတ်သာလဲ ပံ့သကူထွက်သွားပြီးတာနဲ့ ဘုရားရှိခိုး၊ အင်းကွက်ဆွဲပြီး တရားထိုင်နေလိုက်တာ မနက်အာရုဏ် တက်ခါနီးအချိန်ကျမှ ပြန်ဖြုတ်ဖြစ်ခဲ့တယ်။ တရားဖြုတ် ပြီးလို့အနောက်လှည့်ကြည့်လိုက်တော့ မလှမ်းမကမ်းမှာ ပါးစောင်ကိုကိုင်ကာငုတ်တုပ်ထိုင်နေတဲ့ ပံ့သကူကိုတွေ့ လိုက်ရတယ်။
“ပံ့သကူ မင်းဘာဖြစ်လာတာလဲ အဆင်ပြေခဲ့လား”
” အဆင်ကပြေသလိုလိုတော့ရှိတယ် သူ့ကိုအိမ်မက်ပေး တော့ ဒီကောင်အရမ်းကြောက်နေတာ အိမ်မက်ထဲမှာ တွေပါထွက်ကျတယ် သေး ကျုပ်လဲအိမ်မက်ထဲမှာဖြဲခြောက်တာ အဲဒီအချိန် နှာခေါင်းထဲမှာ ဟင်းနံ့ရလို့ကြည့်လိုက်တော့ ရွာ ဦးကျောင်းက ကိုရင်လေးတွေဆွမ်းခံကြွလာတာမြင်လိုက် ရတယ် အဲဒါကျုပ်လဲ မနေနိုင်တာနဲ့ ဆွမ်းသပိတ်ထဲက ဟင်းဖတ်လေးတစ်ဖတ်နှိုက်မလို့ ရွယ်တုန်းရှိသေးတယ် ကိုရင်သေးသေးလေးက သူ့နဖူးသူကုတ်တဲ့အချိန် သင်္ကန်း စနဲ့ကျုပ်မျက်နှာကိုလာထိသလိုဖြစ်သွားတာ အဲဒါကျုပ်အ ရှောင်မြန်လို့ နည်းနည်းပဲရှပ်ထိသွားတာ ပူလိုက်တာဆိုတာ လေ ဒီမှာအညိုအမဲတွေတောင်စွဲလာခဲ့တယ်”
” မင်းကအတော်ရှည်တဲ့ကောင်ပဲ ကိုယ့်အလုပ်ပြီးရင်ပြန် တာမဟုတ်ဘူး ထိတာနည်းသေးတယ် နောက်တစ်ခါဒီလို ထပ်ဖြစ်ရင် မင်းကိုထောင်ထဲပြန်ပို့မယ် ငါလဲမကူညီတော့ ဘူး”
” မလုပ်ပါနဲ့ဗျာ ကျုပ်မလုပ်တော့ပါဘူး တကယ်ကြောက် သွားပါပြီ”
အောင်မြတ်သာလဲ ပံ့သကူကိုဆုံးမပြီး ဇရပ်ဘေးက ရေကန်မှာကိုယ်လက်သန့်စင် ဖို့ထွက်လာခဲ့လိုက်တယ်။
×××××
” ညက ငါတို့ဆရာ အိမ်မက်ဆိုးတွေမက်တယ်ထင်တယ် ညနှစ်နာရီလောက် အလန့်တကြားထအော်တာမင်းတို့ကြား လား”
နွားစာစဉ်းရင်းပြောလိုက်တဲ့ ဖိုးသားစကားကြောင့် တိုင်ကီ ထဲရေဖြည့်နေတဲ့ တာတီးက
” ငါတော့မကြားလိုက်ဘူး ညကချက်အရက်အရှိန်ကြောင့် အစောကြီးအိပ်ပျော်သွားတာ”
” ညကဆရာအော်တဲ့အထဲမှာ ပံ့သကူဆိုတဲ့နာမည်လဲပါ
တယ် ဘာတဲ့ မင်းကိုချောက်ချတာမဟုတ်ပါဘူးတဲ့ ငါအဲဒီ အမှားတွေအတွက်လဲနောင်တရနေတာပါလို့ပြောတာ ”
” ဟေ့ကောင် ဖိုးသား အိမ်မက်ပဲကွာ သွေးလေချောက်ချား တာလဲဖြစ်နိုင်တာပဲ မင်းဘာသာနွားစာစဉ်း ခဏနေ သာရေးနာရေးလိုက်ကောက်ရဦးမယ်”
” အေးပါကွ ငါလဲကြားတာပြောပြတာပါ”
×××××
“ဦးမဲ ဦးမဲ”
” ဟေ ဘာတုန်းကပ္ပိယကြီး ”
” ဆရာတော်ခေါ်လို့ ရွာဦးစေတီအကြောင်းပြောမလို့ထင် တယ် ”
” အေး အေး ခဏနေထွက်လာခဲ့မယ်လို့ လျောက်ထားပေး 2:”
ကပ္ပိယကြီးထွက်သွားတော့ အပေါ်အင်္ကျီကိုကောက်ဝတ် ကာ ရွာဦးကျောင်းဘက်ထွက်လာခဲ့လိုက်တယ်။
ကျောင်းပေါ်ရောက်တော့ ဘုရားဦးချပြီး ” ဆရာတော် ခေါ်တယ်ဆိုလို့”
” အေး မောင်မဲရ ရွာဦးစေတီကိုဒီနှစ်ရွှေသင်္ကန်းပြန်ကပ်မ လို့လေ ရွာထဲဆော်ဩပေးပါဦး”
” လုပ်ရမှာပေါ့ဘုရား တပည့်တော်ဆော်ဩပေးမယ် တပည့်တော်လဲအလှူငွေထည့်ဝင်ပေးပါမယ်”
” အေးကွယ် သာဓု သာဓု သာဓု ”
ဦးမဲလဲ ရွှေသင်္ကန်းကပ်မယ့်ကိစ္စ ဆရာတော်နဲ့စကား ကောင်းနေခဲ့တာ ညမှောင်လုလုအချိန်မှ ရွာထဲပြန်ဝင်လာခဲ့ တယ်။
” ရှပ် ရှပ် ရှပ်” လမ်းလျောက်နေရင်း အနောက်ကနေ တစ်ယောက်ယောက် လိုက်လာတဲ့အသံကြောင့် ဦးမဲရပ်လိုက်ပြီး အနောက်ကို လှည့်ကြည့်လိုက်တော့ ဘာမှမတွေ့ရ။
” ငါဒီရက်ပိုင်းဘာဖြစ်နေတာလဲ အိမ်မက်တွေလဲမကောင်း ဘူး ဟင်း ငါစိတ်စွဲတာနေမှာပါလေ ပြီးခဲ့တာတွေလဲပြီးခဲ့ပြီ ن”
တစ်ယောက်ထဲအားပေးရင်း ဆက်လျောက်လာခဲ့တာ ဝါးရုံ ပင်လမ်းအနားရောက်တော့
” ကျွီ ရှဲ ရှဲ ရှဲ ” ဆိုပြီးဝါးရုံပင်တွေကလေမတိုက်ပဲ ရုတ်တရက်လှုပ်ခါလာတာမြင်တော့ ဦးမဲ ဟန်မဆောင်နိုင်ပဲ ထွက်ပြေးဖို့အလုပ် အနောက်ကနေ ကော်လံစကို တစ်ယောက်ယောက်ဆွဲထားသလိုဖြစ်နေလို့လှည့်ကြည့် လိုက်တော့ လည်ပင်းအဆစ်ပြုတ်ပြီး ပါးစပ်ထဲကနေ လျာတစ်ထွာလောက်ထွက်ကျနေတဲ့ပံ့သကူကိုတွေ့လိုက်ရ တယ်။
” ပံ့ ပံ့သကူ မင်း မင်း သေသွားပြီမဟုတ်လား”
” အဟီးအဟီးအဟက်အဟက် ငမဲလုံး ငါပါကွ မင်း သူငယ်ချင်းပံ့သကူလေ အဟစ်အဟစ် ”
” မင်း သေပြီ မင်းသေသွားပြီလေ သွား ငါ့အနားမလာနဲ့ သွား”
” မင်းသတ်ခဲ့လို့ သေခဲ့တဲ့ လူတွေကိုခေါ်ပေးရဦးမလား အဟစ်အဟစ် ဒေါ်စိန်မြ၊ နှင်းမေနဲ့သူ့သား ချစ်စံ၊ မင်း မတော်မတရားကျင့်ခဲ့တဲ့ နှင်းမြဖြူလေးကိုရော ဟီးဟီးဟီး သူတို့ကမင်းကို စောင့်နေကြတာ ”
” ငါတောင်းပန်ပါတယ် ပံ့သကူရာ ငါမှားသွားပါတယ် ငါ ငါ့ ကိုမခြောက်ပါနဲ့တော့ ”
” မင်းကြောင့်ငါထောင်ကျခဲ့ရတာ ထောင်ထဲမှာဘယ်လို နှိပ်စက်ခံထိလဲမင်းမသိဘူးမဟုတ်လား အဟက်အဟက် မင်းအပြစ်တွေမင်းဝန်ခံပြီး အဖမ်းခံမလား ငါအခုလို
နေ့ တိုင်းလိုက်နေရမလား ”
” ငါ ငါတောင်းပန်ပါတယ် ငါ့ကိုသနားပါကွာ ”
” ဟား ဟား ဟား အဟက် အဟက် ငမဲလုံး အခုမှကြောက်နေ ပြီလား နင်ဝန်မခံဘူးဆိုရင် ငါကိုယ်တိုင်သတ်မှာ”
ပံ့သကူကပြောရင်းဆိုရင်း လက်ကိုဆန့်တန်းကာ ရှေ့ကိုတိုး လာတဲ့အချိန်
” ကယ်ကြပါ ကယ်ကြပါဦး အမလေး ကယ်ကြပါဦး”
ဦးမဲလုံး မျက်လုံးမှိတ်ပြီးအသကုန်အော်နေတဲ့အချိန် အေး စက်နေတဲ့လက်တစ်ဖက်က လက်ဖျံကိုလာကိုင်တာသိ လိုက်ရတယ်။
” အား မလုပ်ပါနဲ့ မလုပ်ပါနဲ့ ”
” ဆရာ ဆရာ ဘာဖြစ်တာလဲ ဆရာ”
တပည့်ကျော် တာတီးရဲ့အသံကိုကြားလိုက်တော့မှ မျက်လုံးဖွင့်ကြည့်လိုက်ပြီး
” တာ တာတီး ငါ့ကို သရဲခြောက်လို့ကွ အနောက်ကနေ ဂုတ် ကိုလှမ်းဆွဲထားတာ”
” ဟာဗျာ ဆရာကလဲ ဆရာအင်္ကျီနဲ့ ဝါးရိုးနဲ့ချိတ်နေတာပါ p ဘယ်ကလာသရဲရမှာလဲ ကျွန်တော် ချက်အရက်ဝယ် ပြီးပြန်လာတော့ ဆရာအော်သံကြားလို့ပြေးလာတာ”
” ငါ့ကိုတွဲပြီး အိမ်ပြန်ပို့ပေးပါဦးကွာ ငါလမ်းမလျောက်နိုင် တော့ဘူးထင်တယ်”
တာတီးလဲ ဦးမဲလုံးကိုတွဲပြီး အိမ်ပြန်ပို့ပေးလိုက်တယ်။ အဲဒီ ညကစပြီး ဦးမဲလုံးအကြောက်လွန်ပြီးဖျားပါလေရော။ အဖျားရှိန်ကြောင့် ကယောင်ကတမ်းတွေထအော်နေတာ
ကြောင့် ရွာဦးဆရာတော်ကိုယ်တိုင်လာပြီး ရေမန်းနဲ့ပရိတ် ကြိုးတွေစီမံပေးမှ နည်းနည်းငြိမ်သွားတယ်။
နှစ်ရက်မြောက်နေ့ရောက်တော့ ” ဆရာတော်ဘုရား ဆရာတော်ဘုရား”
” ဟေ တာတီး ဘာဖြစ်လို့လဲ”
” ဦးမဲလုံး ကယောင်ကတမ်းတွေ ထအော်နေပြန်ပြီဘုရား”
” ငါပရိတ်ရေနဲ့ပရိတ်ကြိုးတွေ စီမံထားပေးတယ်မဟုတ် လား”
” အဲဒါလဲ မရဘူးဘုရား သူ့အနောက်ကို ပံ့သကူလိုက်နေ တယ် အိမ်ပေါက်ဝမှာထိုင်နေတယ်ဆိုပြီး အော်နေတယ်”
” ဒါဆို တစ်ခုခုပဲ ငါ့ပရိတ်ရေ၊ပရိတ်ကြိုးတွေက နာနာဘာ ဝတွေကို အနားကပ်မရစေဘူးလေ ငါသွားမှဖြစ်မှာပါလေ ဟဲ့ ကပ္ပိယကြီး ကျောင်းကသံဃာလေးပါးကိုအသင့်လုပ် ခိုင်းထား ကမ္မဝါတွေပါယူခိုင်းထားလိုက်”
” တင်ပါ့ဘုရား ”
ကပ္ပယကြီးလဲ ကျောင်းပေါ်ကပြေးဆင်းသွားပြီး စာသင် ဆောင်က ဦးဇင်းလေးပါးကိုအကျိုးအကြောင်းပြောတာ အသင့်ပြင်ခိုင်းထားလိုက်တယ်။
” ဆရာတော်တွေကြွလာပြီ လမ်းဖယ်ပေး လမ်းဖယ်ပေး”
မိသားစုဝင်တွေက ဆရာတော်တို့အတွက် နေရာထိုင်ခင်း စီစဉ်ပေးပြီးတဲ့အချိန်
” ဒကာကြီး ဦးဇင်းတို့ ကမ္မဝါဖတ်ပေးမယ် ဒကာကြီးကို အမှန်တကယ်နှောက်ယှက်တဲ့သူဆိုရင် မနေနိုင်ပဲပြေးရမှာ ”
ဆရာတော်စကားကို ဦးမဲပြန်မဖြေနိုင်ပဲ ခေါင်းညိမ့်ပြလိုက် တယ်။
ဆရာတော်နဲ့သံဃာလေးပါကလဲ နတ်တွေပင့်ဖိတ်ကာ ကမ္မဝါကိုစတင်ရွတ်ဖတ်နေတဲ့အချိန် အိမ်အောက်မှာထိုင် နေတဲ့ ဖိုးသားက ရုတ်တရက်ငိုပြီးအိမ်ပေါ်ပြေးတက်လာခဲ့ တယ်။
” အဟီးအဟီး တပည့်တော်ပူလို့ပါဘုရား မရွတ်ပါနဲ့တော့ ဘုရား”
” ဟဲ့ သင်ဘယ်သူလဲ ဘာကြောင့် လူတွေကိုဒုက္ခပေးရတာ လဲ”
” တပည့်တော် နာမည်က ပံ့သကူပါ”
ပံ့သကူလို့ပြောလိုက်တော့ အိမ်သားတွေရော အလုပ်သမား တွေပါလန့်ဖြန့်သွားတယ်။
” အေး မင်းကဘာလို့ အခုလိုလုပ်ရတာလဲ”
” ဒီလူက လူကောင်းမဟုတ်ဘူးဘုရား လူလေးယောက်ကို သတ်ပြီးတော့ တပည့်တော်လုပ်တယ်ဆိုပြီးလွှဲချခဲ့ပါတယ် သူ့ကြောင့်တပည့်တော် ထောင်ထဲမှာသေခဲ့ရပါတယ် အခု တပည့်တော် ကျွတ်လွတ်ချင်တဲ့အတွက် သူ့အပြစ်တွေကို ဝန်ခံရအောင်လုပ်မိတာပါ ”
” ဟဲ့ ဒကာ သူပြောတာဟုတ်လား မင်းလူသတ်ပြီးရှောင်ခဲ့ တာလား”
ဆရာတော်စကားကိုဦးမဲပြန်မဖြေနိုင်ပဲ ခေါင်းငိုက်စိုက်ကျ တာငိုပါလေရော။
” မဖြစ်နိုင်ပါဘူးဘုရား ကျွန်မယောင်္ကျားက ဘုရားတရား သမားပါ လူသတ်ခဲ့တယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး”
ဦးမဲရဲ့မိန်းမက မယုံနိုင်ကြောင်းဝင်ပြောတဲ့အချိန် ” ဆရာ ဆရာ အိမ်ရှေ့မှာ ရဲတွေရောက်နေပြီ ”
တာတီးရဲ့ အလန့်တကြားအော်သံကြောင့် ဦးမဲခေါင်းငိုက် စိုက်ကျသွားတယ်။
” ငမဲလုံး ငမဲလုံး မင်းအပြစ်ကိုမင်းဝန်ခံလိုက်တော့ မင်း ထပ်ငြင်းနေလို့မရတော့ဘူး”
ပံ့သကူကဝမ်းသာအားရပြောတာမြင်တော့ ဆရာတော်က ” အိမ်း လူဆိုတာ လုပ်ရဲရင်ခံရဲရတယ်ကွယ့် ဒကာအတိတ် ကလုပ်ခဲ့ဖူးရင် လုပ်ခဲ့တယ်လို့ဝန်ခံလိုက်ပါ ဝဋ်ဆိုတာ ပြန်လည်တတ်တယ် မဟုတ်လား ဝင်ရောက်ပူးကပ်နေတဲ့ ဒကာလဲ ထပ်မနှောက်ယှက်နဲ့တော့ သူ့ကိုအကျွတ်တရားရ အောင် ဘုန်းကြီးဖျောင်းဖျပေးပါ့မယ်”
” တင်ပါဘုရား သူဝန်ခံရင် တပည့်တော်ထွက်သွားပါမယ် မည်သူကိုမှထိခိုက်အောင်လုပ်စေချင်တဲ့စိတ်မရှိပါဘူး အမှန်တရားကိုပဲလိုချင်တာပါ”
အဲဒီအချိန်မှာပဲ ရဲတွေအိမ်ပေါ်ရောက်လာပြီး –
” ဦးမဲလုံးကို လွန်ခဲ့တဲ့နှစ်သုံးဆယ်က နတ်သူကယ် ဆေးလိပ်ခုံလူသတ်မှုနဲ့ပတ်သတ်ပြီး မေးမြန်းစရာတွေရှိပါ တယ်”
ရဲအရာရှိစကားကြောင့် ဦးမဲလုံး သက်ပြင်းတစ်ချက်ချ လိုက်ပြီး
” ဟုတ်ကဲ့မေးပါ”
” နတ်သူငယ်ဆေးလိပ်ခုံလူသတ်မှုကို ဦးမဲလုံး ကျူးလွန်ခဲ့ တယ်ဆိုပြီး လာရောက်တိုင်တန်းထားတာရှိပါတယ် အဲဒီ အတွက် လိုအပ်တဲ့သက်သေတွေလဲရထားပြီးပါပြီ ဦးမဲလုံး အနေနဲ့ ငြင်းချင်တာများရှိပါသလား”
” ကျုပ်မငြင်းပါဘူး ကျုပ်သတ်ခဲ့မိပါတယ် ”
” ဒါဖြင့် ကျုပ်တို့နဲ့စခန်းကိုလိုက်ခဲ့ပါ ရဲဘော်သူ့ကို လက်ထိပ်ခတ်လိုက်”
ရဲတပ်သားလေးက ဦးမဲလုံးကိုလက်ထိပ်ခတ်လိုက်တဲ့ အချိန် ဖိုးသားကအရုပ်ကြိုးပြတ်လဲကျသွားခဲ့တယ်။ ဆရာတော်ကတော့
” ဝဋ်ကြွေးရှိသမျှ ပေးဆပ်ရဦးမှာပေါ့ ဒကာကြီး ” လို့ပြော ကာ ကျောင်းကိုပြန်ကြွသွားခဲ့တယ်။
အဖြစ်အပျက်တွေပြီးလို့ သုံးလအကြာမှာတော့ နတ်သူငယ် ဆေးလိပ်ခုံလူသတ်မှု၊ မုဒိန်းမှုတို့နဲ့ ဦးမဲလုံးကို ထောင်ဒဏ် နှစ်(၃၀)ချမှတ်ခဲ့တယ်။
ဦးမဲလုံးအမိန့်ချတဲ့နေ့မှာတော့ မြင်းပျံဆေးလိပ်ခုံအတွင်း ထဲမှာ ပံ့သကူအတွက် ရည်စူးပြီး ဆွမ်းကပ်လှုပေးခဲ့ကြ တယ်။ အမျှဝေသာဓုခေါ်ပြီးချိန်မှာတော့ အခန်းဝတွေမှာ တပ်ထားတဲ့ ခန်းဆီလိပ်ကာတွေအားလုံး လေမတိုက်ပဲလှုပ် ရမ်းသွားတာကို ဆေးလိပ်သမတွေရော ပိုင်ရှင်အမျိုးသမီး တွေပါမြင်ခဲ့ကြရတယ်။
(မြန်မာနိုင်ငံမှုခင်လောကမှာလဲ အသတ်ခံရတဲ့ဝိဉာဉ်ခေါ် ပြီးမေးခြင်းဖြင့် လူသတ်တရားခံကိုဖော်ထုတ်တဲ့နည်းကို အသုံးပြုခဲ့ကြပါသေးတယ်)
“ချလွင် ချလွင် ချလွင်”
လေတိုက်ခတ်မှုကြောင့် လှုပ်ခါနေကြတဲ့ ဆည်းလည်းလေး တွေရဲ့အသံက ကပ်ကျော်လာဘ်ခေါ်စေတီကို ရောက်သူ တိုင်း စိတ်အေးချမ်းသွားစေတဲ့အဓိပ္ပါယ်သက်ရောက်စေခဲ့ တယ်။
စေတီရဲ့ ဂြိုလ်ခွင်စေတီရဲ့ သောကြာနဲ့ စနေထောင့်တွေမှာ တော့ လူနှစ်ယောက် တရားထိုင်နေကြတယ်။
ဘယ်အချိန်ထဲကထိုင်နေတယ်ဆိုတာကိုတော့ ထွန်းထားတဲ့
ဝါဆိုဖယောင်းတိုင်ရဲ့ ကုန်လုနီးနီး အခြေအနေကိုကြည်ပြီး
ဘယ်အချိန်ထဲကထိုင်နေတယ်ဆိုတာကိုတော့ ထွန်းထားတဲ့ ဝါဆိုဖယောင်းတိုင်ရဲ့ကုန်လုနီးနီး အခြေအနေကိုကြည့်ပြီး ခန့်မှန်းလို့ရမယ်ထင်ပါတယ်။
ဝါဆိုဖယောင်းတိုင်ကြီးကုန်သွားတဲ့အချိန်မှာတော့ နှစ် ယောက်တူတူတရားဖြုတ်လိုက်ကြပြီး ဘေးကိုကြည့်လိုက် တော့ တနင်္ဂနွေထောင့်မှာ ဝတ်ဖြူစင်ကြယ်နဲ့လူတစ် ယောက်တရားထိုင်နေတာတွေ့လိုက်ရတယ်။
ဝတ်ဖြူစင်ကြယ်နဲ့တရားထိုင်နေတဲ့လူကိုမြင်လိုက်ရတဲ့ အချိန် ဝမ်းသာအားရနဲ့ လှမ်းခေါ် ဖို့အလုပ် တရားထိုင်နေတဲ့ လူရဲ့မျက်နှာက ဘေးကိုရုတ်တရက်လည်လာပြီး
” သက်ခိုင်နဲ့တောက်ရ မတွေ့တာတောင်ကြာပြီနော်” လို့ ရုတ်တရက်ပြောလိုက်တာမြင်တော့ သက်ခိုင်နဲ့တောက်ရ ဝမ်းသာရမလို သံသယဖြစ်ရမလိုဖြစ်သွားခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ အောင်မြတ်သာက တရားထိုင်နေ တဲ့အချိန်ဘယ်တော့မှစကားပြောတတ်တဲ့အကျင့်မရှိခဲ့ဘူး လေ။
ဒါပေမယ့် အခုလိုတရားထိုင်နေရင်း ရုတ်တရက်စကား လှမ်းပြောတဲ့သူကဘယ်သူလဲ။ သူကရောဘာကြောင့်သက်ခိုင်နဲ့တောက်ရကိုသိနေတာလဲ။ အောင်မြတ်သာရဲ့ရုပ်ရည်အတိုင်းဘာကြောင့်တစ်ထေရာ ထဲတူနေတာလဲ။
နောက်ဝတ္တုမှာတော့ ဘယ်လိုဖြစ်ရပ်ဆန်းကျယ်မျိုးတွေ ထပ်လာမလဲဆိုတာကိုတော့ အောင်မြတ်သာဝတ္တုမှာဖတ်ရှုပေးကြပါဦး။
ဇေယန(ရာမည)