အောင်မြတ်သာနှင့်မြေတွင်းအောင်းတစ္ဆေ

” အောင်မြတ်သာနှင့်မြေတွင်းအောင်းတစ္ဆေ ”
ရေးသားသူ—ဇေယန(ရာမည)
– – – – – – – – – – –

မီးခိုးတလူလူထွက်နေတဲ့ ညောင်စောင်းရွာရဲ့ ဆွမ်းချက်တဲထဲ မှာတော့ ရွာခံကာလသားအချို့ စုဝေးကာ စကားစမြည်ပြောနေကြတယ်။ ရွာခံလူကြီးအချို့ကတော့ မီးဖိုဘေးက ကွပ်ပြစ်မှာထိုင်ပြီး ရေနွေးကြမ်းသောက်နေ ကြသလို ဘေးနားမှာလဲ ထမင်းဂျိုးစားဖို့စောင့်နေ ကြတဲ့ ကလေးတွေက လူတွေပြောသမျှကို စိတ်၀င်စားဟန်ဆောင်ပြီး နားထောင်နေခဲ့ကြတယ်။
ဒါကတော့ အပတ်စဉ်သောကြာနေ့ ရောက်တိုင်း ရွာနီးချုပ်စပ်မှာရှိတဲ့ သံဃာတော်တွေကို ဆွမ်းနဲ့ဆွမ်းဟင်းလောင်းလှူရန်အတွက် ချက်ပြုတ်နေကြတဲ့ ညောင်စောင်းရွာရဲ့ ဓလေ့တစ်ခု။
ကြာသပတေးနေ့ညရောက်ပြီဆိုရင် ရွာခံလူငယ်တွေအနေနဲ့ မိမိတို့အိမ်မှာမအိပ်ကြပဲ ရွာလယ်ဓမ္မာရုံမှာ လာရောက်စုအိပ်ပြီး ဝိုင်းကူလုပ်ကြသလို ဆွမ်းချက်နေတဲ့အချိန်မှာလဲ ရယ်မောစရာတွေပြောကြ၊ အချင်းချင်းစနောက်ကြနဲ့ အချိန်တွေကုန်မှန်းမသိကုန်ခဲ့ကြရတယ်။
ယခင်အပတ်ကတော့ မြို့ကပြန်လာတဲ့ ကိုသာလှတို့ လင်မယားက ဆွမ်းချက်တဲ့သူတွေကို ကြက်သားကာလသားဟင်းချက်ကျွေးခဲ့ပေမယ့် ဒီအပတ်မှာတော့ အလှူရှင်မရှိတဲ့အတွက် စားစရာဆိုလို့ ထမင်းဂျိုးတွေပဲရှိခဲ့တယ်။ ဒါတောင်မှ လူကြီးတွေနားကပ်နေတဲ့ ကလေးတွေရန်ကလဲရှိနေသေးတာကြောင့် မောင်ရန်ပိုင်တို့လူငယ်တစ်သိုက် ဖက်ကြမ်းဆေးလိပ်ကိုယ်စီကို အငွေ့‌တထောင်းထောင်းထအောင် ဖွာရှိုက်ရင်း ငြိမ်သက်နေခဲ့ကြတယ်။
“ ရန်ပိုင်… ဘယ်နှစ်နာရီထိုးပြီလဲကွ”
ဖိုးအော်ရဲ့ စကားကြောင့် ရန်ပိုင်က လက်မှာပတ်ထားတဲ့ နာရီအဟောင်းကို လှမ်းကြည့်ပြီး
“ ည၁နာရီကျော်နေပြီကွ…ဘာဖြစ်လို့လဲ”
“ မင်းတို့ဗိုက်မဆာဘူးလား…”
“ ပြောမှပြောတတ်တယ်နော်… ဆာတာပေါ့ဟ… ဟိုမအေဘေးတွေကလဲ ဒီနေ့မှ မပြန်ကြဘူး.”
ရန်ပိုင်က ထမင်းဂျိုးစောင့်နေတဲ့ ကလေးတွေကို မျက်စောင်းထိုးကာ ရေရွတ်လိုက်တယ်။
“ မင်းအိမ်မှာဆန်ရှိသေးလား…”
“ ဆန်ကတော့ရှိတာပေါ့ကွ… မင်းက ဘာလုပ်မလို့လဲ”
“ ငါ့အဖွားအိမ်မှာ မွေးထားတဲ့ကြက်တွေရှိတယ်… ငါက အဲဒီထဲက တစ်ကောင်ကိုသွားခိုးမယ်… မင်းက အိမ်ကဆန်ယူလာခဲ့”
“ ဖြစ်ပါ့မလား… မင်းအဖွားသိရင် မိုးမွှန်အောင်ဆဲခံနေရပါဦးမယ်”
ရန်ပိုင်က ဖိုးအော်ရဲ့ အဖွားအကြောင်းကို သိတာမို့ စကားတောက်လိုက်ခြင်းပင်။
“ အေးဆေးပါ… သူကဒီအချိန်အိပ်ပြီ… နောက်ပြီး သူ့ကြက်ခြံမှာကြက်ဘယ်နှစ်ကောင်ရှိမှန်းတောင် သိတာမဟုတ်ဘူး”
“ ဟေ့ကောင်… ကြက်ခိုးတာ မင်းနော်… နောက်မှ ငါ့နာမည်မဆွဲထည့်နဲ့”
“ မထည့်ပါဘူးကွ… မင်းက ဆန်ပဲယူလာခဲ့”
“ နေပါဦး… ငါတို့ဆန်နဲ့ကြက်ယူလာပြီထား ဘာ်သူချက်ပေးမှာလဲ..”
“ ဦးသံချောင်းကိုချက်ခိုင်းမယ်လေကွာ… သူက ငါပြောရင်ပြီးပါတယ်”
“ ဒါဖြင့် မင်းအရင်သွားပြော… သူ့ဘက်က သေချာပြီဆိုမှ လုပ်ငန်းစမယ်”
ရန်ပိုင်စကားကြောင့် ဖိုးအော်က ဆွမ်းချက်တဲထဲမှာ မီးထည့်နေတဲ့ ဦးသံချောင်းနားကို မယောင်မလည်နဲ့ ကပ်သွားပြီး ခပ်တိုးတိုးပြောနေလိုက်တယ်။ ခဏနေတော့ ရယ်ကျဲကျဲမျက်နှာနဲ့ပြန်ထွက်လာပြီး
“ အဆင်ပြေတယ်ဟေ့ကောင်… ကြက်ရလာရင် သူ့တဲအနောက်မှာ ထားထားတဲ့… ခဏနေ ဆွမ်းချက်တာလဲပြီးပြီဆိုတော့ သူလုပ်ပေးမယ်ပြောတယ်”
“ ဒါဖြင့်လဲ ငါ့အိမ်အရင်သွားမယ်…”
ရန်ပိုင်တို့လဲ ဆွမ်းချက်တဲ့နေရာကနေ ထွက်လာပြီး အိမ်ရဲ့နောက်ဘေးပေါက်ကနေ၀င်ကာ ဆန်အိုးထဲက ဆန်ကို သတ္တုအိုးထဲထည့်ကာယူလာခဲ့လိုက်တယ်။ ပြီးတာနဲ့ ဖိုးအော်အဖွားအိမ်ရှိရာ ရွာအပေါ်ပိုင်းကို တက်လာခဲ့ကြတယ်။
ရေနံချေးတွေအပြည့်သုတ်ထားတဲ့ ခြေတံရှည်အိမ်တစ်လုံးအရှေ့ကိုရောက်တော့ ဖိုးအော်က ခြံစည်းရိုးကို ကျွမ်းကျင်စွာ ကျော်တိုက်လိုက်ပြီး အိမ်အနောက်ဘက်ကို ၀င်သွားတာကြောင့် ရန်ပိုင်လဲ အိမ်ရှေ့က မာလကာပင်အောက်မှာ ငုတ်တုတ်ထိုင်ကာ စောင့်နေခဲ့လိုက်တယ်။
တစ်အောင့်နေတော့ အိမ်နောက်ဘေး ကြက်ခြံထဲကနေ ကြက်အော်သံ တစ်ချက်ထွက်လာခဲ့ပြီး ပြန်လည်ငြိမ်သက်သွားခဲ့တာကြောင့် ရန်ပိုင်တစ်ယောက် ဖိုးအော်ပြန်ထွက်လာမယ့် လမ်းကို မျှော်ကြည့်နေခဲ့တယ်။
ဒါပေမယ့် အတန်ကြာတဲ့အထိ ဖိုးအော်ပြန်ထွက် မလာတဲ့အတွက် မာလကာပင်အောက်မှာ စောင့်နေတဲ့ရန်ပိုင်လဲ ဖင်တကြွကြွဖြစ်လာပြီး ရင်ဘတ်ထဲပိုက်ထားတဲ့ သတ္တုအိုးကိုချကာ ကြက်ခြံရှိတဲ့ဘက်ကို ကျော်တက်လာခဲ့လိုက်တယ်။
ဖိုးအော်တို့အဖွားခြံက ပေ၁၅၀လောက်ကျယ်ပြီး ခြံအနောက်မှာလဲ သီးပင်စားပင်အချို့စိုက်ပျိုး ထားတာကြောင့် အမှောင်ထုက လမ်းမထက်ပိုပြီး သိပ်သည်းနေခဲ့တယ်။
ရန်ပိုင်လဲ ခေါင်းရင်းမှာရှိတဲ့ လူသွားလမ်းအတိုင်း ၀င်လာခဲ့ရာ ကြက်ခြံအနားလဲရောက်ရော လဲကျနေတဲ့ ဖိုးအော်ကိုမြင်လိုက်ရတဲ့အပြင် သူ့ရဲ့ဘေးမှာ ကြက်တစ်ကောင်က လည်ပင်းကြီး လိမ်ပြီး ပတ်ပြေးနေတာကို ထိတ်လန့်ဖွယ်မြင်တွေ့ လိုက်ရတယ်။
ရန်ပိုင်လဲ ရုတ်တရက်မို့ ငယ်သံပါအောင်အော်ကာ ဆွမ်းချက်တဲ ရှိရာဘက်ကို ထွက်ပြေးပါလေရော။
ညကြီးအချိန်မတော် ကြောက်မက်ဖွယ်အော်သံကြောင့် အိပ်နေတဲ့သူတွေနိုးလာပြီး ထကြည့်လိုက်ရာ ကြက်ခြံဘေးမှာ သတိလစ်နေတဲ့ ဖိုးအော်ကိုမြင်လိုက်ရတဲ့အပြင် သူ့ရဲ့ဘေးမှာလဲ ဇက်လိမ်ကာ‌အသက်မဲ့နေတဲ့ ကြက်ဖတစ်ကောင်ကို မြင်တွေ့လိုက်ရတယ်။
ခဏနေတော့ ဆွမ်းချက်တဲက လူကြီးတွေအပြင် အိမ်နီးချင်းတွေပါရောက်ချလာပြီး ဖိုးအော်ကို ခြေမတွေချိုး ဇက်ပိုးတွေဖိနှိပ်လိုက်တော့မှ သတိပြန်လည်လာခဲ့တယ်။
“ ‌ဖိုးအော် … သတိရပြီလား…”
အဖွားဖြစ်သူရဲ့စကားကြောင့် ဖိုးအော်က အိမ်နောက်ဘေးကိုလက်ညိုးထိုးပြီး
“ အဖွားအိမ်အနောက်မှာ သရဲ သရဲ ရှိတယ်…”
“ ဒီကောင် ပေါက်ကရတွေလျောက်ပြောနေပြန်ပီ.. ငါဒီအိမ်မှာနေလာတာ မင်းတောင်မမွေးသေးဘူး.. ဘယ်ကသရဲရှိရမှာလဲ”
“ တကယ်ပြောတာ… အဖွား မယုံရင် သူနေတဲ့နေရာကို လိုက်ပြမယ်…”
ဖိုးအော်က တိတိကျကျကြီးပြောနေတာကြောင့် အတွေ့အကြုံအနည်းငယ်ရှိတဲ့ ဘကြီးသိန်းမောင်က
“ သူပြောတာ အရင် နားထောင်လိုက်ပါဦး… ကဲ ဖိုးအော် မင်းဘာတွေမြင်ခဲ့လဲ ပြော”
“ ကျွန်တော် ကြက်ခြံထဲက ကြက်တစ်ကောင်ကို လည်လိမ်ချိုးလိုက်တဲ့အချိန် အဖွားထဘီတွေလှန်းဖို့လုပ်ထားတဲ့ ဝါးလုံး‌အောက်ကနေ တစ်ထွာသာသာလောက်ရှိတဲ့ အရာတစ်ခုထွက်လာတာဗျ… ကျွန်တော်လဲ မြေကြွက်ထင်ပြီး ဂရုမစိုက်ပဲ ကြက်ကိုပုဆိုးထဲထည့်ပြီးလှည့်ထွက်ဖို့အလုပ် အဲဒီကောင်က ငါ့အတွက် အူစုံသဲစုံလာပို့ပေးလို့ ပီပီသသကြီးပြောလို့ လှည့်ကြည့်လိုက်တာ တစ်ထွာသာသာလောက်ရှိတဲ့အရိပ်က တစ်ဖြေးဖြေးကြီးလာတာဗျာ… အဲဒီမှာ ကျွန်တော်ဘာမှမသိတော့တာပဲ… အမလေး… ပြောနေရင်း ကြက်သီးတွေတောင်ထလာပြီ
ဖိုးအော်က လက်နှစ်ဖက်ကို ပွတ်သပ်ရင်းပြောလိုက်တာကြောင့် ဘကြီးသိန်းမောင်က
“ ရန်ပိုင်ပြောတာကလဲ ဖိုးအော် သတိလစ်နေတဲ့ဘေးမှာ လည်လိမ်နေတဲ့ ကြက်တစ်ကောင် ပတ်ပြေးနေတယ်ဆိုပဲ… ဒီကောင်တွေ ညကြီးအချိန်မတော်မှ ကြက်လာခိုးရတယ်လို့ကွာ… ဒေါ်မေစိန် ခင်ဗျားအိမ်မှာ ပရိတ်ရေရှိလား”
“ ရှိတယ် ကိုသိန်းမောင်… ခဏလေး”
ဒေါ်မေစိန်က ဘုရားကျောင်းဆောင်မှာ တင်ထားတဲ့ ပရိတ်ရေဘူးကိုယူပြီးပေးလိုက်ရာ ဘကြီးသိန်းမောင်က ပရိတ်ရေကို ဖိုးအော်ရဲ့ ဦးခေါင်းကနေ ပက်ဖြန်းပေးပြီး ကျန်တဲ့ရေကို သောက်စေခဲ့တယ်။
“ ကိုသိန်းမောင်ရေ အဲဒါပဲကြည့်တော့… ကြက်တစ်ကောင်လိုချင်ရင်လဲ အဖွားရေ သားကို ကြက်တစ်ကောင်လောက်ပေးလို့ တောင်းလို့ရနေတာကို အခုလိုလုပ်တော့ မမြင်အပ်တာတွေမြင်ရပီ…ဟင်း…”
“ ကျွန်တော်တို့ဘက်ကလဲလိုတာပါ… ဒီသကောင့်သားနှစ်ကောင် ဆွမ်းချက်နေရင်း ပျောက်သွားတာကို သတိမထားမိလိုက်ဘူး…”
ဦးသိန်းမောင်စကားအဆုံးမှာ ဖိုးအော်ရဲ့ မိဘတွေရောက်လာပြီး ဇက်ပိုးကို တစ်ယောက်တစ်ချက်အုပ်ကာ အိမ်ပြန်ခေါ်သွားခဲ့ကြတယ်။
– – – – – – – – –
မနက်မိုးလင်းတာနဲ့ ‌ဖိုးအော်ကြုံခဲ့တဲ့ သတင်းက တစ်ရွာလုံးပျံ့သွားခဲ့ပြီး ဒေါ်မေစိန်ခြံထဲမှာ သရဲရှိတယ်ဆိုတဲ့ ကောလဟလကလဲ တစ်စတစ်စကြီးထွားလာခဲ့တယ်။
ဒေါ်မေစိန်ကတော့ ရွာထဲကလူတွေပြောတာကို ဂရုမစိုက်ပဲ သူ့အိမ်မှာ တစ်ယောက်ထဲ အေးအေးလူလူ ဆက်ပြီးနေထိုင်ခဲ့တယ်။
ဒီလိုနဲ့ သုံးရက်လောက်အကြာမှာတော့ ဒေါ်မေစိန်ရဲ့ ကြက်ခြံထဲက ကြက်တွေ ပျောက်ချင်းမလှ ပျောက်နေတာကို သတိထားမိခဲ့တယ်။
“ ဖိုးထွေးရေ… ဖိုးထွေး”
“ အမေပါလား… အိမ်ထဲ၀င်လေ”
“ နင့်သားရော ဘယ်အလေလိုက်နေပြန်ပီလဲ”
အိမ်ပေါ်တက်လာရင်း မေးလိုက်တဲ့ ဒေါ်မေစိန်အသံကြောင့် ဖိုးထွေးက အခန်းထဲကို မျက်စပစ်ပြပြီး
“ ဟိုနေ့ညက ကိစ္စဖြစ်ပြီးထဲက ငြိမ်နေတာ အခုထိပဲ.. ကျွန်တော်လဲ သေချာဆုံးမထားပါတယ်.. သူ့အမေဆို အိမ်ကတံမျက်စည်းကုန်တဲ့ထိ ရိုက်လို့ မနည်းဆွဲလိုက်ရသေးတယ်… ဒါနဲ့ ဘာကိစ္စရှိလို့လဲအမေ”
“ ငါ့အိမ်က ကြက်တွေ တစ်နေ့ကို နှစ်ကောင်နှုန်းလောက်ပျောက်နေလို့ကွယ့်”
“ ဟာ … ဟုတ်ပါ့မလား… ‌အမေ အမှတ်များမှားတာလား”
“ မှားစရာလားအေ… နင့်သားကြက်၀င်ခိုးပြီးနောက်နေ့ ဘေးအိမ်က ဖိုးတရုတ်ကိုခေါ်ပြီး စစ်ခိုင်းလိုက်သေးတယ်.. အဲဒီနေ့ကတောင် ၁၈ကောင်ကျန်သေးတာ… ဒီမနက်စစ်တော့ ၁၅ကောင်ပဲကျန်တော့တယ်”
“ အမေခြံကကျယ်တော့ အိပ်တန်းတက်ရင်း အခြားခြံတွေဘက်ရောက်ကုန်လားမှမသိတာ…”
“ ငါ့ကြက်တွေက ခြံထဲကနေ ခြံပြင်တောင် ထွက်တာမဟုတ်ဘူး… နောက်ပြီး ရွာထဲကလူတွေကလဲ ငါ့ခြံထဲသရဲရှိတယ် ဘာညာ လျောက်ဖွနေလို့ ဘယ်သူမှ အနားမကပ်ရဲဘူးလေ.. ဒါတောင် ကြက်တွေက ဘယ်လိုပျောက်မှန်းကို မသိဘူး”
ဖိုးထွေးလဲ ငယ်ငယ်ထဲက အလုပ်ကိုစေ့စေ့စပ်စပ် လုပ်တတ်တဲ့ မိခင်ဖြစ်သူအကြောင်းကို သိနေတာကြောင့် ဘာမှဆက်မပြောတော့ပဲ နှုတ်ဆိတ်နေခဲ့လိုက်တယ်။
“ ဖိုးထွေး… နင် ညကျရင် ငါ့အိမ်လာအိပ်လို့ရလား.. ရွှေရည်နဲ့ ဟိုကောင် ဖိုးအော်ကိုပါခေါ်လာခဲ့လေ”
“ ဟုတ်ကဲ့… ညကျရင် လာခဲ့လိုက်မယ်လေအမေ..”
“ အေးအေး… ငါလဲ ဒီရက်ပိုင်း ထူးဆန်းတာတွေ ကြုံနေရလို့ နင့်ကိုပြောရင်ကောင်းမလား မပြောရင်ကောင်းမလား စဉ်းစားနေတာ”
“ ဘာတွေဖြစ်နေလို့လဲ…အမေ”
“ ငါ့ကို ခြံအနောက်က ကိုတက်ခါးတို့ လင်မယားပြောနေတာ နှစ်ခါသုံးခါမကတော့ဘူး… ညဘက်တွေဆိုရင် ကြက်ခြံနားမှာ လူရိပ်လိုလို ဘာလိုလိုတွေ့တယ်တဲ့… ငါလဲ ညနေဘက်ကြက်တွေသိမ်းရင် အနောက်ကနေ ရိပ်ခနဲ ရိပ်ခနဲ ဖြတ်သွာသလိုတော့ ခံစားမိတယ်.. ငါက နင့်အဖေဆုံးပြီး အကောင်လိုက်ကြီး လာပြတာတောင် မကြောက်တတ်တဲ့မိန်းမဆိုတော့ အရိပ်လာပြတာလောက်ကို ဂရုမစိုက်ပဲ နေလာတာ.. အခုတော့ ငါ့ကိုလုပ်မရမှန်းသိတော့ ငါမွေးထားတဲ့ ကြက်တွေကိုများ တစ်ခုခုလုပ်နေလား မသိပါဘူး”
“ အမေကလဲ အတွေးများနေပြန်ပီ… ညကျရင် ကျွန်တော်တို့လာအိပ်ပေးပါ့မယ်… ထိပ်နီကိုလဲ ခေါ်လာခဲ့မယ်လေ သူရှိတော့ ခြံပြိလုံတာပေါ့”
ဖိုးထွေးက လှေကားရင်းအတက်မှာ အိပ်နေတဲ့ ထိပ်နီကို လှမ်းကြည့်ရင်းပြောလိုက်တော့ ဒေါ်မေစိန်လဲ တအင်းအင်းလုပ်ပြီး ပြန်ထွက်သွား ခဲ့တယ်။
– – – – – – – – –
“ ရွှေရည် လက်ဖက်သုတ်စားလေ… ပုဇွန်ခြောက်က နင့်အကို လှမ်းပို့ထားပေးတာ အတော်‌ပေါ့တယ်”
“ ဟုတ်တယ်နော်အမေ… ကိုကြီးက အခု ရွာမပြန်လာသေးဘူးလား”
“ ပိုက်ဆံရှာဦးမယ်တဲ့ဟေ့… ငါကတော့ သူ့ကို အိမ်ထောင်ချပေးချင်ပေမယ့် သူက မယူသေးဘူးဆိုပဲ… အခုလဲ ငါးပိငါးခြောက်တွေ အထက်ဘက်ပို့နေတယ်ဆိုလား”
“ အမေရယ် ကိုကြီးအိမ်ထောင်မကျတာ အမေပို၀မ်းသာနေတာမဟုတ်လား…”
“ ဟဲ့အကောင် ဖိုးထွေး ငါကဘာလို့ ၀မ်းသာရမှာလဲ.. လူဆိုတာ အချိန်တန်ရင် အိမ်ထောင်ပြုရမှာပေါ့…”
“ အပိုတွေပါဗျာ…သူ့သားရွာကိုပြန်လာတုန်း ရွာတောင်ပိုင်းက ခင်လှရီနဲ့စကားလေးပြောတာ မြင်ပြီး ထမင်းတောင် နှစ်ရက်လောက် မစားပဲ စိတ်ဆိုးတာ ဘယ်သူ”
ဖိုးထွေးက ချက်ကျလက်ကျနဲ့ပြောလိုက်တဲ့အချိန် ဒေါ်မေစိန် မျက်နှာရဲခနဲဖြစ်သွားတာကြောင့် ရွှေရည်က မျက်စောင်းထိုးကာ ထပ်မပြောဖို့ အရိပ်ယောင်ပြလိုက်တယ်။
“ ဖိုးအော်… မင်းဒီနေ့ ငြိမ်လှချည်လား… မနက်ဖြန် အဖွားကြက်သားဟင်း ချက်ကျွေးမယ်နော်”
ကြက်သားဟင်းဆိုတဲ့အသံကြောင့် လက်ဖက်သုတ်နှိုက်နေတဲ့လက်က ထိုးရပ်သွားပြီး မျက်နှာ၀င်းတက်လာတာ
“ တကယ်နော် အဖွား…”
“ အေး.. တကယ်ချက်ကျွေးမယ်… နောက်ဆိုရင် စားချင်ရင်လာပြော… ခိုးတာဝှက်တာ မလုပ်နဲ့ ကြားလား”
“ ဟုတ် ဟုတ်ကဲ့ အဖွား”
ဖိုးထွေးတို့လဲ လက်ဖက်သုတ်စားရင်း စကားစမြည်ပြောနေခဲ့ရာ ထိပ်နီရဲ့ စူးစူးဝါးဝါး ထိုးဟောင်သံကြောင့် စကားစပြတ်သွားခဲ့တယ်။
“ ထိပ်နီက အိမ်နောက်ဘေးဘက်မှာ ဟောင်နေပါလား… ဖိုးအော် ဝါးဆစ်ပိတ်နှစ်ချောင်း ယူခဲ့စမ်း”
ဖိုးထွေးက လက်နှိပ်ဓါတ်မီးကို ကောက်ယူလိုက်တဲ့အချိန် ဖိုးအော်က တံခါးအနောက်မှာထောင်ထားတဲ့ ဝါးဆစ်ပိတ်နှစ်ချောင်းကိုယူကာ ဖအေဖြစ်သူကိုတစ်ချောင်းထိုးပေးလိုက်တယ်။
သားအဖနှစ်ယောက်လဲ တုတ်ကိုယ်စီနဲ့ ခွေးဟောင်သံကြားတဲ့ အိမ်အနောက်ကြက်ခြံဘက်ကိုထွက်လာခဲ့လိုက်တယ်။
“ ထိပ်နီ လာလာလာ…”
ဖိုးခွေးက ထိပ်နီကိုလှမ်းခေါ်လိုက်တော့ ကြက်ခြံဘေးက မြေကွက်လပ်ကိုကြည့်ပြီး စူးစူးဝါးဝါးထိုးဟောင်နေတဲ့ထိပ်နီက အမြှီးလေးကုပ်ပြီး ပြန်ပြေးလာခဲ့တယ်။
“ အဖေ…ထိပ်နီက အမြှီးကုပ်နေပါလား.. ဒီကောင်က တော်ရုံကြောက်တဲ့ကောင်မဟုတ်ဘူးနော်..”
“ သား… မင်းကြက်ခိုးတုန်းက ကြားတဲ့အသံက ဘယ်ကနေလာတာလဲ”
“ ကြက်ခြံဘေးကနေ လာတာလို့ထင်တာပဲ… အဲဒီတုန်းက ကြောက်နေတာနဲ့ သေချာသတိမထားမိဘူး”
ဖိုးထွေးတို့လဲ လက်နှိပ်ဓါတ်မီးနဲ့ ဟိုဟိုဒီဒီ လိုက်ထိုးကြည့်ပေမယ့် ဘာမှမတွေ့ရတဲ့အတွက် အိမ်ရှေ့ကိုပြန်ထွက်လာတဲ့အချိန် ‌ထိပ်နီက အမြှီးကုပ်ပြီး တအီအီနဲ့ ကြက်ခြံဘက်ကို ပြန်ကြည့်နေခဲ့တယ်။
“ ဖိုးအော် ဓါတ်မီးပိတ်လိုက်…”
“ ဘာဖြစ်လို့လဲအဖေ”
“ ပိတ်‌ဆိုပိတ်လိုက်… ပြီးရင် ထိပ်နီကို အိမ်ရှေ့ခေါ်ပြီးကြိုးချည်ထား…”
ဖိုးအော်လဲ ဓါတ်မီးကိုပိတ်လိုက်ပြီး ထိပ်နီကို အိမ်ရှေ့ကခြံတိုင်မှာကြိုးချည်ကာ ဖအေရှိတဲ့နေရာကို ပြန်လာခဲ့လိုက်တယ်။
“ ဖိုးအော်… ဒီကိုလာ”
အသံခပ်အုပ်အုပ်နဲ့ခေါ်လိုက်တဲ့ ဖခင်ဖြစ်သူစကားကြောင့် ဖိုးအော်လဲ သံပုရာပင်အနောက်မှာ ၀င်ထိုင်လိုက်ပြီး ကြက်ခြံဘက်ကိုစိုက်ကြည့်နေခဲ့လိုက်တယ်။
“ အဖေ… ဘာဖြစ်လို့လဲ”
“ ခုနက ကြက်ခြံဘေးကနေ ရိပ်ခနဲဖြတ်သွားတဲ့ လူရိပ်တစ်ခုတွေ့လို့…”
ဖိုးထွေးတို့သားအဖလဲ အမှောင်ထဲမှာ ကျင့်သားရအောင် မီးပိတ်ပြီးနေခဲ့ရာ ခဏအကြာမှာတော့ လရောင်ရဲ့မှိန်ပြပြအလင်းနဲ့ အရာ၀တ္တုတွေကို ကောင်းစွာမြင်လာခဲ့တယ်။
“ အဖေ… ဟိုမှာ ဟိုမှာ ကြွက်တွင်းအ၀မှာ လှုပ်နေတာ ဘာကြီးလဲ”
ဖိုးအော်က လူငယ်ပီပီ မျက်လုံးအားကောင်းတာကြောင့် ဖခင်ဖြစ်သူကိုလှမ်းပြောလိုက်ရာ
“ ဟင်… ဘာကောင်တုန်းဟ.. ကြွက်လိုလို ဘာလိုလိုနဲ့”
“ ကြွက်မဟုတ်ဘူး အဖေရ… လူ လူလိုပဲ ခြေထောက်တွေ လက်တွေပါတယ်..”
တစ်ထွာသာသာရှိတဲ့ လူတစ်ယောက်က ကြွက်တွင်း၀ကနေ ထွက်လာကာ ပတ်၀န်းကျင်ကို ကျီးကန်းတောင်းမှောက်လိုက်ကြည့်နေခဲ့တယ်။ ဖိုးထွေးတို့လဲ ငြိမ်သက်စွာစောင့်ကြည့်နေခဲ့ရာ တစ်ထွာသာသာရှိတဲ့သူက တစ်ဖြေးဖြေး ကြီးလာခဲ့သလို ခန္ဓာကိုယ်ကနေလဲ ၀က်မွှေးတွေလိုရှည်လျားကြမ်းတမ်းတဲ့ အမွှေးကြမ်းတွေထွက်လာခဲ့တယ်။
ပြူးကျယ်ပြီးနီရဲနေတဲ့မျက်လုံး၊ ‌ရှည်လျားချွန်ထက်နေတဲ့လက်သည်းတွေအပြင် နားထင်အထိကိုပြဲလန်နေတဲ့ပါးစပ်တွေပါတဲ့ အကောင်က ကြက်ခြံနားကို တိုးကပ်သွားပြီး အိပ်တန်းတက်နေတဲ့ ကြက်နှစ်ကောင်ရဲ့ လည်ပင်းကို လက်သည်းနဲ့ထိုးစိုက်ချလိုက်တယ်။
မြန်ဆန်လွန်းတဲ့အဖြစ်ကြောင့် ကြက်နှစ်ကောင်ခဗျာ အော်ချိန်တောင်မရလိုက်ပဲ အသက်ပျောက်သွားခဲ့တယ်။
မြေတွင်းထဲက ထွက်လာတဲ့အကောင်က လက်သည်းတွေကြားထဲမှာ ငြိမ်ကျနေတဲ့ ကြက်နှစ်ကောင်ရဲ့ လည်ချောင်းသွေးကို ပြဲလန်နေတဲ့ပါးစပ်နဲ့တေ့ကာ စုပ်လိုက်ပြီး ဖိုးထွေးတို့ ပုန်းနေတဲ့ သံပုရာပင်ကို စိုက်ကြည့်ကာ ညဉ်းသံပေးပြီး လမ်းလျောက်လာခဲ့တယ်။
ဒီအချိန်မှာတော့ သားအဖနှစ်ယောက်လုံး ဟန်မဆောင်နိုင်တော့ပဲ ငယ်သံပါအောင် အော်ကာ ထွက်ပြေးကြပါလေရော။ ဖိုးထွေးတို့ အော်ပြီးပြေးတဲ့အသံကြောင့် အိမ်ပေါ်မှာရှိနေတဲ့ ဒေါ်မေစိန်နဲ့ ရွှေရည်တို့ပါ လန့်ပြီး ထွက်ပြေးခဲ့ကြတယ်။
အဲဒီနေ့ကစပြီး ဒေါ်မေစိန်တို့အိမ်နားကို ဘယ်သူမှမလာရဲတော့သလို ခြံထဲမှာမွေးထားတဲ့ ကြက်တွေကလဲ တစ်နေ့တစ်ခြား နည်းနည်းလာခဲ့တယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ ဒေါ်မေစိန်တို့အိမ်နဲ့ကျောခြင်းကပ်မှာရှိတဲ့ ဖိုးသာမောင်တို့အိမ်မှာ နွားမွေးပါလေရော။ ညကြီးသန်းခေါင်မှ ထမွေးတာကြောင့် ဖိုးသာမောင်တို့အိမ်မှာရှိတဲ့သူတွေအားလုံး တစ်ယောက်မှ မနေရပဲ နွားခြံထဲမှာ အလုပ်ရှုပ်နေခဲ့တယ်။
ည၂နာရီလောက်အရောက်မှာတော့ နွားပေါက်လေး တစ်ကောင်မွေးလာတာကြောင့် သူနဲ့အတူကျလာတဲ့ နွားအချင်းတွေကို အိမ်နောက်ဘေးက မြေကွပ်လပ်မှာမြုပ်ဖို့ ဖိုးသာမောင်က သားဖြစ်သူ မောင်နီတွတ်ကို လှမ်းပြောလိုက်တယ်။
နီတွတ်လဲ နွားအချင်းတွေကို အိတ်တစ်လုံးထဲ ထည့်ပြီး တူရွင်းတစ်လက်ကိုယူကာ အိမ်နောက်ဘေးကိုထွက်လာတဲ့အချိန် ‌ဒေါ်မေစိန်တို့ ကြက်ခြံဘက်ကနေ တရှပ်ရှပ်နဲ့ လမ်းလျောက်နေတဲ့ အသံကိုကြားလိုက်ရတယ်။
နီတွတ်လဲ ယခင်ထဲက ကြားထားတဲ့ သတင်းတွေကြောင့် ကြောက်စိတ်က ငယ်ထိပ်ထိတက်လာပြီး နွားအချင်းထုပ်ကို မြေကြီးပေါ်ပစ်ချပြီး မြေကျင်းတစ်ခုကို ခပ်သုတ်သုတ်တူးနေခဲ့လိုက်တယ်။
“ ဒုတ် ဒုတ် ဒုတ်”
“ ရှပ် ရှပ် ရှပ်”
မြေကြီးတူးသံနဲ့အတူ ခြေထောက်ကို တရွတ်တိုက်ဆွဲပြီး လမ်းလျောက်တဲ့အသံကို ကြားလိုက်ရတာကြောင့် ဇောချွေးတွေပါ ပြန်လာပြီး ထွက်လာတဲ့ မြေစာခဲတွေကို လက်နဲ့ကြုံးယူကာ ဘေးကို ဖယ်ထုတ်လိုက်တယ်။
အဲဒီအချိန် ဒေါ်မေစိန်တို့ ခြံဘက်ကနေ အမွှေးအမျှင်တွေထူထပ်စွာပေါက်နေတဲ့ လက်မဲမဲတစ်ဖက်က ရှည်ထွက်လာပြီး နွားအချင်းအိတ်ကို လှမ်းဆွဲတာကြောင့် ကြောက်အားလန့်အားဖြစ်ပြီး လက်ထဲကိုင်ထားတဲ့ တူရွင်းနဲ့ ရိုက်ချကာ အိမ်ရှေ့ကို ပြေးထွက်လာခဲ့လိုက်တယ်။
“ အဖေ ‌အဖေ…”
“ ဘာဖြစ်တာလဲ အော်ကြီးဟစ်ကျယ်နဲ့”
“ ‌ဟိုကောင် နွားအချင်းထုပ်ကို လာဆွဲလို့ဗျ”
“ ဘယ်ကောင်လဲ… ရှင်းရှင်းပြောစမ်း”
“ ဒေါ်မေစိန်တို့ခြံထဲကကောင် သူ့ရဲ့လက်မဲမဲကြီးနဲ့ နွားအချင်းထုပ်ကိုလာဆွဲတာ… ကြာလေကြာလေ အတင့်ရဲလာလေပဲ”
‌နီတွတ်စကားကြောင့် ဖိုးသာမောင်က ဝိုင်းကူလုပ်ပေးနေကြတဲ့ အလုပ်သမားတွေကို ခေါ်ပြီးသွားကြည့်ရာ နွားအချင်းထည့်တဲ့အိတ်ကိုပဲ မြင်လိုက်ရပြီး အချင်းကိုမတွေ့ရတော့ပေ။
“ အခုလိုအတိုင်းဆိုရင် ငါတို့ရွာတော့ ဒုက္ခရောက်တော့မှာပဲ…ဒီကောင်က တစ်ရက်ထက်တစ်ရက် ပိုအတင့်ရဲလာသလိုပဲ”
“ ဟုတ်တယ်အဖေ… လွန်ခဲ့တဲ့ နှစ်ရက်လောက်ကလဲ ကိုမိုးသီးကို ခြောက်လှန့်သေးတယ်လို့ပြောတယ်”
“ မိုးသီးဆိုတာ ၀က်ပေါ်တဲ့သူမဟုတ်လား… သူကဘယ်လိုခြောက်ခံထိတာလဲ”
“ မနက်အရုဏ်တက်တဲ့အချိန် ၀က်ပေါ်ပြီးပြန်လာတော့ သူ့ခြေထောက်ကို အေးစက်စက်အရာတစ်ခုလာထိတာကြောင့် ငုံ့ကြည့်လိုက်တာ ဆံပင်တွေကျိုးတိုးကျဲတဲ ဖြစ်နေတဲ့ မဲမဲကောင်တစ်ကောင်က လျာနဲ့ကုန်းယက်ပြီးလိုက်လာတာတဲ့၊ အဲလိုဖြစ်တာကလဲ ဒေါ်မေစိန်ရဲ့အိမ်ရှေ့မှာပဲလို့ ပြောတယ်”
“ ဟင်း… ဒါမျိုးက ငါတို့ရွာမှာ တစ်ခါမှဖြစ်ဖူးတာ မဟုတ်ဘူး… မနက်ကျရင် ရွာလူကြီးတွေနဲ့ တိုင်ပင်ပြီး တစ်ခုခုစီစဉ်ရတော့မှာပဲ”
ဖိုးသာမောင်က ဒေါ်မေစိန်တို့ အိမ်ဘက်ကို လှမ်းကြည့်ပြီး သက်ပြင်းရှည်တစ်ချက်ကိုချကာ နွားတင်းကုပ်ထဲ ပြန်၀င်သွားခဲ့လိုက်တယ်။
– – – – – – – – –
ဖုန်တထောင်းထောင်းထနေတဲ့ ရွာအပြင်ကွင်းစပ်မှာတော့ ကလေးငယ်တစ်သိုက် ပြေးလွှားဆော့ကစားနေကြသလို မလှမ်းမကမ်းမှာရှိတဲ့ မန်ကျီးဖျော်ရည်ဆိုင်မှာလဲ လူကြီးအချို့ထိုင်ကာ စကားစမြည်ပြောနေကြတယ်။
အဲဒီအချိန် တစ်ခါမှမမြင်ဖူးတဲ့ လူစိမ်းသုံးယောက် ဆိုင်ထဲကို၀င်လာပြီး မန်ကျီးဖျော်ရည်သုံးခွက် မှာသောက်နေခဲ့တယ်။
“ ဟဲ့ ကလေးတွေ ဒီမှာ လူကြီးတွေရှိနေတာ မမြင်ဖူးလား… ဆော့တာကလဲ မျောက်တောင်အရှုံးပေးရမယ်”
ဆိုင်ရှင်မိန်းမကြီးက ဆိုင်အနားထိရောက်လာတဲ့ ကလေးတွေကို ကြိမ်းမောင်းလိုက်ပေမယ့် ကစားတဲ့ဘက်ကို အာရုံရောက်နေတဲ့ ကလေးတွေက ဂရုမစိုက်ပဲ တစ်ယောက်နဲ့ တစ်ယောက် သဲနဲ့ပက်ကာ ကစားနေတာကြောင့် ရွာခံလူကြီးတစ်ယောက်က ထိုင်ရာကနေ ထပြီး
“ ဟေ့ ဆိုးပေ … ဒီလောက်ပြောနေတာတောင် မရတဲ့ကောင်တွေကို ဖမ်းကွာ”လို့ပြောလိုက်တော့ အဖွဲ့ထဲမှာပါတဲ့ အသားမဲမဲ လူကောင်ထွားထွား လူက ကစားနေတဲ့ကလေးတွေထဲက နှစ်ယောက်ကို ဂုတ်ကနေကိုင်ကာ ဆိုင်ထဲကို ခေါ်လာခဲ့လိုက်တယ်။
“ မင်းတို့ကိုအခြားနေရာဆော့ဖို့ပြောနေတာ မကြားချင်ယောင် ဆောင်တဲ့ကောင်တွေ … ဆိုးပေ ဒီကောင်နှစ်ကောင်ကို ဒေါ်မေစိန် ခြံထဲမှာကြိုးနဲ့သွားတုပ်ထားလိုက်”
ဒေါ်မေစိန်ခြံလို့ကြားတာနဲ့ ကလေးနှစ်ယောက်က မျက်နှာမဲ့တဲ့တဲ့ဖြစ်လာပြီး မျက်ရည်တွေဝိုင်းတက်လာခဲ့တယ်။
“ သားတို့ တကယ်မကြားလို့ပါ လေးလေးရယ်… နောက်မဆော့နဲ့ဆို မဆော့တော့ပါဘူး ဒေါ်မေစိန်ခြံထဲတော့မပို့ပါနဲ့”
“ မင်းတို့ကောင်တွေ ပြောလိုက်ရင် ဒီအတိုင်းကြီးပဲ.. နောက်တစ်ခါဆို ကြိုးနဲ့တုပ်ပြီး ကြက်ခြံထဲ ထည့်ထားလိုက်မယ်…ဆိုးပေ လွှတ်ပေးလိုက်”
ဂုတ်ကိုဆွဲထားတဲ့ဆိုးပေက ကလေးနှစ်ယောက်ကို လွှတ်ပေးလိုက်ရာ နောက်ကို လှည့်တောင်မကြည့်ပဲ ရွာထဲကို တစ်ချိုးထဲ ပြေးပါလေရော။
“ ဧည့်သည်တွေကို တောင်းပန်ပါတယ်ဗျာ…ကလေး တွေက ဒီလိုမှမခြောက်ရင် မရဘူးဗျ”
ဆိုင်ရှင်မိန်းမကြီးက မျက်နှာစိမ်းဧည့်သည် သုံးယောက်ကို လှမ်းပြောလိုက်ရာ
“ ရပါတယ်ဗျ… ကလေးတွေဆိုတာ ဒီလိုပါပဲ… ဒါနဲ့ ဒေါ်မေစိန်အိမ်ကိုသူတို့တွေအတော်ကြောက်တဲ့ပုံပဲ.. အဲဒီမိန်းမကြီးက အတော်ဆိုးလို့လား”
“ ဒေါ်မေစိန်ကို ကြောက်တာမဟုတ်ဘူးရှင့်… သူ့ခြံထဲမှာရှိတဲ့သရဲကိုကြောက်ကြတာ”
“ ဟင်…”
“ ဟုတ်တယ်ကွယ့်…ဒါနဲ့ မောင်ရင်တို့က ခရီးသွားတွေထင်တယ်”
“ ဟုတ်ပါတယ် ဦးလေး… ကျုပ်တို့က ထုံးပအိုင်ရွာကိုသွားမလို့ပါ”
“ ဒါကြောင့် မျက်နှာတွေကိုစိမ်းနေပါတယ်လို့ တွေးနေတာ…မောင်ရင်တို့က ထုံးပအိုင်ရွာမှာ အသိတွေရှိနေတာလား”
“ အသိရယ်လို့တော့မရှိပါဘူး… လမ်းမှာကြားတဲ့ စကားအရ ထုံးပအိုင်ရွာဘက်မှာ ရောဂါဖြစ်နေတဲ့ လူတွေများတယ်ဆိုလို့ လမ်းကြုံတုန်း ၀င်ကြည့်ပေးမလို့ပါ”
“ လက်စသတ်တော့ မောင်ရင်တို့က ဆေးဆရာတွေကိုး…”
“ ဆေးဆရာလို့ပြောတာထက် လောကီဆရာတွေလို့ ပြောရင်ပိုမှန်မှာပါ…ဒါကြောင့် ခုနက ‌ဦးလေးတို့ ပြောတဲ့ ဒေါ်မေစိန်ရဲ့အိမ်အကြောင်းကို စိတ်၀င်စား နေတာ၊ ဦးလေးတို့ကို မနက်က ဆယ်မိုင်ကုန်းရွာ ဘက်မှာမြင်လိုက်သလိုပဲ”
“ အေးကွယ်… ဦးလေးတို့လဲ ဆယ်မိုင်ကုန်းရွာမှာ ဆရာတစ်ယောက်ရှိတယ်ဆိုလို့ သွားပင့်တာ… ဆရာက မြို့ကိုလူနာကုထွက်သွားတယ်ဆိုတာနဲ့ စိတ်မောလူမောဖြစ်ပြီး ဒီမှာထိုင်နားနေကြတာ…”
“ ရွာမှာ ဘာကိစ္စတွေဖြစ်နေတယ်ဆိုတာ သိလို့ရမလား… ကျုပ်တို့က ဒီလိုကိစ္စရပ်တွေနဲ့ မစိမ်းတာကြောင့် ကူညီနိုင်တယ်ဆိုရင် ကူညီပေး လို့ရအောင်ပါ”
“ ကိုသာမောင်… ခင်ဗျားက လောလောလတ်လတ် ကြုံထားတာဆိုတော့ သေချာပြောပြလိုက်လေ”
ဦးသာမောင်ဆိုတဲ့လူက ရွာမှာကြုံတွေ့နေရတဲ့ ကိစ္စတွေကို ရှင်းပြလိုက်ရာ မျက်နှာစိမ်း လူသုံးယောက်က စိတ်၀င်တစားနားထောင်ပြီး
“ အရင်က ဘာမှမဖြစ်ပဲ ဒီလထဲမှာမှဖြစ်တာဆိုတော့ ထူးတော့ထူးဆန်းတယ်… ကျုပ်တို့ကိုအချိန်ပေးမယ်ဆိုရင် ဒီတစ်ရက်နှစ်ရက်အတွင်း အဖြေသိအောင် ကူညီပေးပါ့မယ်”
“ ၀မ်းသာလိုက်တာဗျာ… ဒါနဲ့ မောင်ရင်တို့ကို ခြေကြွခအနေနဲ့ ဘယ်လိုပေးကမလဲ… ရိုင်းတယ် လို့တော့မထင်ပါနဲ့နော်”
“ မလိုပါဘူးဗျ… ကျုပ်တို့ရွာမှာ ရှိနေတဲ့အချိန် နေရေးထိုင်ရေးပဲ လုပ်ပေးစေချင်ပါတယ်”
“ ဒါကတော့ ပြောနေစရာမလိုပါဘူးကွယ်… အော် ဦးလေးနာမည်က သာမောင်လို့ခေါ်တယ်… သူကတော့ ဆိုးပေ… ဒီဘက်ကတော့ ဦးသိန်းမောင် လို့ခေါ်တယ်”
“ ဟုတ်ကဲ့… ကျုပ်နာမည်က အောင်မြတ်သာပါ… သူတို့ကတော့ မောင်ကောင်းနဲ့ ခွန်းလှလို့ခေါ်ပါတယ်”
“ ဒါဖြင့် မောင်ရင်တို့ ရွာထဲ တစ်ခါထဲလိုက်ခဲ့ကြမလား”
“ လောလောဆယ် မလိုက်သေးဘူးဗျ… လုပ်စရာကိစ္စလေးရှိသေးလို့ ညနေစောင်းမှ လာခဲ့ပါ့မယ်”
“ ရွာထဲရောက်ရင် ဖိုးသာမောင် အိမ်ဘယ်မှာရှိလဲသာမေးလိုက်….မောင်ရင်တို့ကို လိုက်ပြပေးလိမ့်မယ်”
“ ဟုတ်ကဲ့ ဦးလေး… သေချာပေါက်မေးပြီး လာခဲ့ပါ့မယ်”
အောင်မြတ်သာတို့လဲ ဖျော်ရည်ဖိုးရှင်းပြီးတာနဲ့ ရွာအ၀င်ထိပ်မှာရှိတဲ့ မြေကွက်လပ်ဆီကိုထွက်သွား ခဲ့လိုက်တယ်။
– – – – – – – – –
ချောင်းရိုးဘေးမှာ မေးတင်နေတဲ့ ညောင်စောင်းရွာရဲ့ အနေအထားက ရေတက်ရေကျကိုလိုက်ပြီး ရွာထဲရေ၀င်မှုတွေရှိ ခဲ့သလို မြေအနေအထားက‌လဲ နှုန်းတင်မြေနု အမျိုးအစားဖြစ်နေခဲ့တယ်။
အောင်မြတ်သာတို့လဲ မြေအနေအထားကို အကဲခတ်ပြီးလျောက်လာခဲ့ရာ အင်္ဂတေနဲ့လုပ်ထားတဲ့ နတ်ကွန်းပျက်တစ်ခုရှေ့ကို ရောက်လာခဲ့တယ်။ ပင့်ကူအိမ်တွေ နွယ်ပင်တွေနဲ့ ညစ်ပတ်နေတဲ့ နတ်ကွန်းထဲမှာတော့ နွမ်းခြောက်နေတဲ့ နှင်းဆီပန်းခြောက်အချို့ကို ပန်းအိုးအဟောင်းလေးထဲထည့်ထားတာကိုမြင်လိုက်ရသလို အရောင်အဆင်းမှေးမှိန်နေတဲ့ နတ်ခေါင်းစည်းတစ်ခုကိုလဲ မြင်တွေ့လိုက်ရတယ်။
အောင်မြတ်သာတို့လဲ သာမန်နတ်ကွန်းအပျက်တစ်ခုလို့သဘောထားပြီး လှည့်ထွက်ဖို့အလုပ် ရွံ့တွေပေနေတဲ့ ခြေထောက် တစ်ဖက်က နတ်ကွန်းအနောက်ကနေ ဖျတ်ခနဲ ထွက်လာတာကို မောင်ကောင်း သတိထားမိခဲ့ကြတယ်။
“ ဆရာ ခဏလေး”
မောင်ကောင်းက ချက်ချင်းပင် နတ်ကွန်းအနောက်ကို ၀င်ကြည့်လိုက်ပေမယ့် ဘာမှမတွေ့ရတာကြောင့် မျက်မှောင်ကျုံ့လိုက်ပြီး
“ ခုနက သေချာမြင်လိုက်ပါတယ်” လို့ရေရွတ်လိုက်တယ်။
“ မောင်ကောင်း… ဘာဖြစ်တာလဲ”
“ ခုနက နတ်ကွန်းအနောက်ကနေ ရွံ့တွေပေနေတဲ့ ခြေထောက်တစ်ဖက်ထွက်လာတာ မြင်လိုက်ရလို့ဆရာ”
“ မင်း စိတ်ထင်တာများလား”
“ မဟုတ်ဘူးဆရာ သေချာကိုမြင်လိုက်တာ”
အောင်မြတ်သာလဲ မောင်ကောင်းစကားကြောင့် နတ်ကွန်းရှေ့ကိုပြန်လှည့်ပြီး
“ ကျုပ်တို့ကိုပြောချင်တာများရှိခဲ့ရင် ကိုယ်ထင်ပြပြီး ပြောလို့ရပါတယ်… ပုန်းလျှိုးကွယ်လျှိုးမလုပ်ပါနဲ့” လို့ပြောလိုက်တယ်ဆိုရင်ပဲ နတ်ကွန်းအနောက်ကနေ ဒူးခေါင်းအထိ ရွံ့တွေပေကျံနေတဲ့ လူတစ်ယောက် ထွက်လာခဲ့တယ်။
အပေါ်ပိုင်းကို ဗလာကျင်းထားပြီး လုံချည်တိုတို တစ်ထည်၀တ်ထားတဲ့လူက အောင်မြတ်သာတို့ကို မြင်တော့ ကြောက်ရွံ့တဲ့ပုံစံနဲ့ ခပ်ရို့ရို့လေးရပ်နေခဲ့တယ်။
“ သင်တစ်ခုခုပြောချင်နေတာ ကျုပ်တို့သိပါတယ်.. ပွင့်ပွင့်လင်းလင်းပြောပါ”
“ ကျုပ်နေရာကိုပြန်ပို့ပေးပါ…”
“ ဟင်… ဒီနေရာက သင့်နေရာမဟုတ်ဘူးလား”
“ မဟုတ်ပါဘူးဆရာ… ဒီနေရာမှာ အရင်က ရွာစောင့်အဖိုးနေပါတယ်… နောက်ပိုင်း ရွာထဲက လူတွေက အဖိုးကို ရွာထဲမှာ နေဖို့ နတ်ကွန်းတစ်ခု ဆောက်လုပ်ပေးခဲ့တာကြောင့် အဖိုးက ရွာထဲကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်”
“ ဒါဆို သင်က ဘယ်လိုကြောင့် ဒီကိုရောက်နေရတာလဲ… သင့်နေရာအမှန်ကရော ဘယ်မှာလဲ”
“ ကျုပ်လဲမသိဘူးဆရာ… ကျုပ်က ချောင်းရိုးဘေးက ရေသဖန်းပင်အောက်မှာနေတာပါ.. အဲဒီနေ့ညက ကျုပ်သဖန်းပင်အောက်မှာအိပ်နေခဲ့တာ နိုးလာတော့ ဒီကိုရောက်နေတာပဲ”
“ ဒါဆို သင့်နေရာ သင်ပြန်သွားလို့မရဘူးလား”
“ မရဘူးဆရာ… ရွာအ၀င်မှာလဲ ဘယ်ကမှန်းမသိတဲ့ နတ်တွေရောက်နေပြီး ကျုပ်ကိုအ၀င်မခံဘူးဖြစ်နေတယ်”
“ ရွာစောင့်အဖိုးကရော ဒီလိုတွေဖြစ်နေတာမသိဘူးလား”
“ အဖိုးက တောင်ပေါ်က လှိုဏ်ဂူမှာ အဓိဌာန်၀င်နေတာကြောင့် မသိတာဖြစ်မယ်.. ကူညီပါဦးဆရာရယ် ကျုပ်နေရာ ကျုပ်ကိုပြန်ပို့ပေးပါ”
“ သင်နာမည်က ဘယ်လိုခေါ်လဲ..”
“ မောင်ရေနီလို့ခေါ်ပါတယ်ဆရာ…”
“ ထူးတော့ထူးဆန်းနေပြီ… သင် ဒီမှာပဲ စောင့်နေပါဦး… ကျုပ်တို့အခြေအနေကို အရင်သိအောင်လုပ်ပြီး သင့်ကိုနေရာမှန် ရောက်အောင်ပြန်ပို့ပေးပါ့မယ်”
အောင်မြတ်သာတို့လဲ မောင်ရေနီကို နတ်ကွန်းအပျက်မှာခေတ္တထားခဲ့ပြီး ရွာထဲကို ၀င်လာခဲ့လိုက်တယ်။ ရွာထဲကို၀င်ပြီး ကိုက်၁၀၀လောက်မှာတော့ ငါးပေပတ်လည်လောက်ရှိတဲ့ နတ်ကွန်းတစ်ခုကိုတွေ့ရပြီး အထဲမှာတော့ သုံးပေခန့်ရှိတဲ့ အဖိုးအိုရုပ်ထုတစ်ခုကို အမွှေးနံ့သာ ပန်းရေချမ်းတွေနဲ့ကပ်လှူထားတာကိုမြင်တွေ့လိုက်ရတယ်။
အောင်မြတ်သာလဲ နတ်ကွန်းရှေ့ကိုရောက်တော့ အာရုံကိုစုစည်းပြီးကြည့်လိုက်ရာ နတ်ကွန်းထဲက ရုပ်ထုဘေးမှာ အသားနီနီ ခပ်၀၀ပုဂ္ဂိုလ်တစ်ပါး ငုတ်တုပ်ထိုင်နေတာကြောင့် အံ့အားသင့်သွားပြီး
“ ဒီရွာက ဘယ်လိုဖြစ်နေပါလိမ့်…” လို့ ရေရွတ်တဲ့ထိဖြစ်သွားခဲ့တယ်။
နတ်ကွန်းထဲကပုဂ္ဂိုလ်လဲ အောင်မြတ်သာတို့ စိုက်ကြည့်နေတာမြင်တော့ လေးဘက်ထောက် အနေအထားနဲ့ ရှေ့ကိုထွက်လာပြီး
“ ငါ့ကို မြင်နေရတာလား… ဟိုဆရာတွေ ငါ့ကိုမြင်နေရတာလားလို့ မေးနေတယ်လေ” လို့ လှမ်းပြောပါလေရော။
“ သင်က ဘယ်သူလဲ… ဘာလို့ ရွာစောင့်အဖိုး နတ်ကွန်းထဲရောက်နေတာတုန်း”
“ ငါက ရွာအပြင်ကစေတီပျက်မှာနေတဲ့ ဖိုးလူ၀ပဲ.. တစ်ရက်မှာ ငါနိုးလာတော့ ဒီနတ်ကွန်းထဲကို ရောက်နေတာပဲ”
“ ဟင်… သင်လဲ ဘာမှမသိပဲ ဒီကိုရောက်နေပြန်ပီလား”
“ ငါနေရာ ငါပြန်သွားချင်ပေမယ့် ဒီကနေထွက်လို့မရဘူးဖြစ်နေတယ်… ဒီလိုအဖြစ်မျိုး တစ်ခါမှမဖြစ်ဘူးဘူး စိတ်ပျက်ပါတယ်”
ဖိုးလူ၀က နတ်ကွန်းနံရံကို မှီပြီး စိတ်ပျက်လက်ပျက်‌ ရေရွတ်လိုက်တော့ အောင်မြတ်သာက
“ ခဏလေး သည်းခံထားဦး… ဒီပြဿနာရဲ့ ဇစ်မြစ်ကို သိအောင်လုပ်ပေးပြီးတာနဲ့ သင်တို့ကိုယ့်နေရာကိုယ်ပြန်ရောက်အောင် လုပ်ပေးပါ့မယ်” လို့ပြောကာ ရွာအတွင်းဘက်ကို ထွက်လာခဲ့လိုက်တယ်။
– – – – – – – – –
အောင်မြတ်သာတို့လဲ ဖိုးသာမောင်အိမ်ကို မေးပြီးလာခဲ့ရာ ခြံ၀ကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ကြတယ်။
“ ဟေး ဆရာလေးတို့ပါလား… လာထိုင်ကြပါဦး”
လူကြီးအချို့နဲ့စကားပြောနေတဲ့ ဖိုးသာမောင်က အောင်မြတ်သာတို့ကို ကြိုဆိုနေရာချပေးပြီး ရေနွေးကြမ်းနဲ့ ပဲကြော်ပန်းကန်ကို ကမ်းပေးလိုက်တယ်။
“ ဘယ်လိုလဲ ဆရာလေး… ရွာကိုလိုက်ကြည့်ပြီးပီလားဗျ”
“ ရွာကအတော်ကို ဗြောင်းဆန်နေတာပဲ…”
အောင်မြတ်သာစကားကြောင့် လူကြီးတွေအကုန် ‌အံ့အားသင့်သွားပြီး
“ ရွာက ဘာဖြစ်နေလို့လဲဆရာလေး”
“ ဒေါ်မေစိန်တို့ခြံထဲမှာဖြစ်နေတဲ့ကိစ္စက ဒီလထဲမှာမှ ဖြစ်တာမဟုတ်လား”
“ ဟုတ်တယ်ဆရာလေး… တိတိကျကျပြောရရင် လွန်ခဲ့တဲ့ အပတ်လောက်ကမှဖြစ်တာ”
“ ဒီလအတွင်း ရွာမှာ ထူးခြားမှုဘာတွေဖြစ်ခဲ့သေးလဲ”
“ ဒီလအတွင်းထူးခြားတာဆိုလို့ ငလျင်တစ်ခုတော့ လှုပ်ခဲ့တာရှိတယ်ဆရာလေး”
“ လတ်စသတ်တော့ ဒါကြောင့်ကိုး”
“ ငလျင်လှုပ်တာနဲ့ ဒေါ်မေစိန်ခြံမှာဖြစ်တာ ဘာဆိုင်လို့လဲ”
“ ဆိုင်တာပေါ့ဗျာ… ငလျင်လှုပ်ခတ်တာက ရွာကိုဘာမှမထိခိုက်ပေမယ့် မြေဆီလွှာအောက်မှာရှိတဲ့ မြေကြောတွေ အကုန်ပြောင်းလဲကုန်တယ်ဗျ… ဒီရွာရဲ့ ချောင်းရိုးမှာ ရေသဖန်းပင်တစ်ပင်ရှိတယ်မဟုတ်လား”
“ ဟုတ်တယ်… ဦးလေးတို့ လူပျိုပေါက်အရွယ်လောက်ထဲက အဲဒီအပင်ကရှိနေတာ”
“ အဲဒီရေသဖန်းပင်အောက်မှာ မောင်ရေနီဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်နေတယ်ဆိုတာရော သိလား”
“ မောင်ရေနီ ဟုတ်လားဆရာလေး…”
“ ဟုတ်တယ်လေ… ဘာဖြစ်လို့လဲ”
“ မောင်ရေနီဆိုတာ ကျုပ်တို့ငယ်ငယ်လေးထဲက သဖန်းပင်အောက်မှာရေနစ်သေသွားတဲ့လူ‌ဗျ… အခုဆို နှစ်ပေါင်း၅၀ကျော်ရောပေါ့… သူက အခုထိရှိနေသေးတာလား”
“ ရှိနေရုံတင်ဘယ်ကမလဲ… သူကအခု‌ဆို မြေကြော ပြောင်းလဲမှုကြောင့် ရွာစောင့်အဖိုးယခင်နေတဲ့ နတ်ကွန်းပျက်ဆီကိုရောက်နေတာ”
“ နောက်တော့ရော ရွာမှာ ဘာတွေဖြစ်နေသေးလဲဆရာလေး”
“ ရွာစောင့်အဖိုးနန်းမှာလဲ ရွာပြင်စေတီပျက်မှာနေတဲ့ ဖိုးလူ၀ဆိုတဲ့ပုဂ္ဂိုလ်ရောက်နေတယ်လေ”
“ ဒါဆို ဒေါ်မေစိန် ခြံထဲမှာဖြစ်တဲ့ကိစ္စကလဲ မြေကြောပြောင်းလဲမှုနဲ့သက်ဆိုင်နေမလား”
“ ဖြစ်နိုင်ခြေများပါတယ်… ဒါကြောင့် ယခင်ကမဖြစ်ပဲ ဒီရက်ပိုင်းမှာမှ ဖြစ်ခဲ့တာပဲ”
“ ဘယ်လိုလုပ်ကြမလဲ…ဆရာလေးရယ် ကူညီပေးပါဦး”
“ သူ့နေရာနဲ့သူပြန်ဖြစ်ဖို့အတွက် ဒီနယ်တစ်ခွင်ကို စောင့်ကြပ်နေတဲ့ ပုဂ္ဂိုလ်အဆင့်ဆင့်ကို အသိပေးရမှာပဲ…”
“ ဦးလေးတို့ ဘာများကူညီပေးရမလဲဆိုတာ ပြောပါ”
“ ရွာအနီးချုပ်စပ်မှာ ထေရ်ကြီးဝါကြီး သံဃာတော်ငါးပါးလောက်သီတင်းသုံးလားဗျ”
“ ထေရ်ကြီးဝါကြီးတွေကတော့ ရွာနီးချုပ်းပ်မှာ လိုက်ပင့်ရမှာပေါ့…ဒီအတွက် ဦးလေးတို့ တာ၀န်သာထားပါ”
“ ဦးလေးတို့ပင့်တဲ့အခါ ကျုပ်လဲလိုက်ခဲ့ပါ့မယ်…”
ရွာခံလူကြီးတွေလဲ အောင်မြတ်သာပြောတဲ့ စကားကို လက်ခံကာ နောက်တစ်နေ့ရောက်တာနဲ့ ချက်ချင်းစီစဉ်ပေးခဲ့ကြတယ်။
ဆရာတော်ကြီးတွေအနေနဲ့လဲ အောင်မြတ်သာရဲ့ လျောက်ထားချက်ကိုသဘောတူပြီး ညောင်စောင်းရွာအလယ်တည့်တည့်မှာပင် မြတ်စွာဘုရားရဲ့တရားဒေသနာတော်တွေကို ရွတ်ဖတ်ကာပူဇော်ခဲ့ကြတယ်။
သီလသမာဓိပြည့်စုံတဲ့ဆရာတော်တွေရဲ့ ဖိတ်ကြားချက်ကြောင့် နတ်ကောင်းနတ်မြတ်တွေ အစုံအလင်ကြွချီလာကြသလို နယ်ပိုင်ကွင်းပိုင်တွေကလဲ တရားနာကြွရောက်လာတဲ့အချိန် ဆရာတော်ကြီးတွေထဲက တစ်ပါးဖြစ်တဲ့ ဦးပညာသာမိက ရွာမှာဖြစ်ပျက်နေတဲ့ကိစ္စတွေကို ဖြေရှင်းပေးဖို့ မေတ္တာရပ်ခံပေးခဲ့တယ်။
ဆရာတော်ကြီးတွေရဲ့မေတ္တာရပ်ခံမှုကြောင့် ညောင်စောင်းရွာမှာဖြစ်ခဲ့တဲ့နေရာလွဲမှားမှုတွေက ပြန်လည်တည့်မတ်သွားခဲ့သလို ရွာရဲ့မူလအစောင့်အရှောက်တွေကလဲ နေရာမှန်ကိုပြန်ရောက်သွားခဲ့ကြတယ်။
++++++
မနက်အရုဏ်မတက်ခင်အချိန် ညောင်စောင်းရွာရဲ့ အပြင်ဘက်လမ်းမကြီးပေါ်မှာ အောင်မြတ်သာတို့ ဆရာတပည့်သုံးယောက် လွယ်အိတ်ကိုယ်စီနဲ့ လမ်းလျောက်လာခဲ့ကြတယ်။
“ ဆရာ…ရွာလူကြီးတွေကို ဘာမှမပြောပဲထွက်လာတာ ကောင်းရောကောင်းပါ့မလား”
“ ငါတို့ထွက်လာတာကို သိရင် မပြန်ဖို့တားကြဦးမှာပဲ… အဲလိုဆိုရင် အခုလုပ်မယ့်ကိစ္စက ပိုပြီးနှောင့်နှေးသွားရလိမ့်မယ်”
မောင်ကောင်းနဲ့ ခွန်းလှလဲ အောင်မြတ်သာ စကားကြောင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အနောက်ကလိုက်လာရင်း စေတီပျက်တစ်ခုနားကိုရောက်တော့
“ ဆရာ… ညောင်စောင်းရွာမှာဖြစ်တဲ့ကိစ္စက ဆရာလုပ်ပေးလို့ရရဲ့သားနဲ့ ဘာလို့ သံဃာတော်တွေကိုပင့်ဖို့ပြောခဲ့ရတာလဲ”
မောင်ကောင်းစကားကြောင့် အောင်မြတ်သာက ညှင်သာစွာပြုံးရယ်လိုက်ပြီး
“ ရွာကလူတွေက သံဃာတော်တွေထက် လောကီဆရာတွေအပေါ် ပိုပြီး အားကိုးအားထား ပြုနေတာမြင်လို့ အခုလိုလုပ်ဖို့အကြံပေးခဲ့တာ… ငါတို့လို လောကီပညာလိုက်စားနေတဲ့ သူတွေလိုပဲ သီလသမာဓိနဲ့ပြည့်စုံတဲ့သံဃာတော်တွေက ဝိနည်းနဲ့ လွတ်တဲ့ကိစ္စတွေကို ကူညီဖြေရှင်းပေးနိုင်ကြတယ် ဆိုတာကို သိစေချင်တာကြောင့်ပါ”
“ အခု ဒီပြဿနာတွေလဲပြီးပြီဆိုပေမယ့် ဆရာက ထုံးပအိုင်ရွာဘက်ကို မသွားပဲ ဘာကြောင့် စေတီပျက်ဆီကိုပြန်ထွက်လာခဲ့တာလဲ”
“ ရွာရဲ့ကိစ္စပြီးပြီဆိုပေမယ့် ငါတို့လုပ်ရမယ့်ကိစွ ကျန်သေးတယ်…မင်းတို့နားလည်အောင်ပြောရရင် ဒေါ်မေစိန်ခြံမှာဖြစ်ခဲ့တဲ့ ကိစ္စက တွင်းအောင်းတစ္ဆေ လက်ချက်ပဲ… ဒီကောင်တွေက မြေတွင်းထဲမှာ နှစ်ပေါင်းများစွာနေပြီးမှ အပြင်ကိုထွက်တဲ့ ကောင်တွေ… အခု မြေနေရာပြောင်းလိုက်ပြီ ဆိုပေမယ့် သူနေရာမှန်ရဲ့ ပတ်၀န်းကျင်က လူတွေကို ထပ်ပြီးဒုက္ခပေးနိုင်သေးတယ်”
“ ဒါကြောင့် ဆရာက ကျွန်တော်တို့လုပ်ရမယ့်ကိစ္စ တစ်ခုကျန်သေးတယ်ပြောတာကိုး”
မောင်ကောင်းနဲ့ ခွန်းလှတို့လဲ အဲဒီတော့မှ သဘောပေါက်ပြီး ဆရာဖြစ်သူကို ပိုမိုလေးစားတဲ့ စိတ်တွေတဖွားဖွားပေါ်ပေါက်လာခဲ့ကြတယ်။
အောင်မြတ်သာတို့စေတီပျက်ဆီကိုရောက်တော့ ဖိုးလူ၀က လှုပ်လီလှုပ်လဲ့နဲ့ ထွက်လာပြီး
“ ဆရာတို့ကျေးဇူးကြောင့် နေရာမှန်ကိုပြန်ရောက်ခဲ့တာ ကျေးဇူးတင်ပါတယ်ဗျာ” လို့ နှုတ်ဆက်ခဲ့တယ်။
“ ဖိုးလူ၀ရေ ဒီတစ်ခါတော့ သင့်ကို ပြန်ပြီးအကူအညီတောင်းရမှာပဲ”
“ ပြောပါဆရာ ဖိုးလူ၀ ကူညီနိုင်တာ အကုန် ကူညီပါ့မယ်”
“ သင်တို့မြေနေရာတွေလွဲတုန်းက ‌တွင်အောင်းတစ္ဆေတစ်ကောင်ပါ ရွာထဲရောက်ခဲ့တာ သိတယ်မဟုတ်လား”
“ သိပါတယ်ဆရာ…”
“ သူရဲ့နေရာမှန်က အခုဘယ်မှာလဲဆိုတာရော သိလား”
“ အဲဒီကောင်က ညောင်စောင်း ရွာကွင်းအစပ်က ညောင်ပင်အောက်မှာနေတာဆရာ…”
“ အဲဒီနေရာကို ဘယ်ကနေသွားရလဲ လမ်းညွှန်ပါဦး”
“ ရှေ့မှာမြင်နေရတဲ့ လယ်ကွင်းအကျော် ကန်သင်းရိုးဘေးမှာပဲလေဆရာ.. ဒီကလှမ်းကြည့်ရင်တောင် သူနေတဲ့ ညောင်ပင်ကို မြင်နေရတယ်”
ဖိုးလူ၀စကားကြောင့် အောင်မြတ်သာတို့ လှမ်းကြည့်လိုက်ရာ အလင်းရောင်မှိန်ပြပြ အောက်မှာ ထီးထီးကြီးအုံ့ဆိုင်းနေတဲ့ ညောင်ပင်တစ်ပင်ကိုမြင်တွေ့လိုက်ရတယ်။
“ ကျေးဇူးတင်ပါတယ် ဖိုးလူ၀ရေ… ကျုပ်တို့သွားလိုက်ပါဦးမယ်”
အောင်မြတ်သာလဲ ဖိုးလူ၀ကို နှုတ်ဆက်ပြီး လှမ်းမြင်နေရတဲ့ ညောင်ပင်ရှိရာကို ရဲရင့်တဲ့ခြေလှမ်းတွေနဲ့ လျောက်လှမ်းလာခဲ့လိုက်တယ်။
ညောင်ပင်ပရ၀ဏ်အနားကိုရောက်တော့ အောင်မြတ်သာက
“ ညောင်ရိပ်ကျနေတဲ့နေရာပတ်ပတ်လည်ကို အင်းဖယောင်းတိုင် တစ်တိုင်စီလိုက်ထွန်းလိုက်”. လို့ပြောလိုက်ရာ မောင်ကောင်းနဲ့ ခွန်းလှတို့က အသင့်စီရင်ထားတဲ့ အင်းဖယောင်းတိုင်တွေကို ညောင်ရိပ်ကျတဲ့နေရာပတ်ပတ်လည်မှာ စိုက်ထားလိုက်ကြတယ်။
“ ဒီကောင်က ညောင်ပင်ကိုအပိုင်စီးထားတာပဲ…”
“ ဟုတ်တယ်ဆရာ… အပင်ပေါ်မှာ အခြားလှုပ်ရှားမှု ဘာမှမတွေ့ရဘူး… တကယ်ဆို ဒီလောက်ကြီးတဲ့ အပင်မှာ နာနာဘာ၀တွေ နေရာလွတ်မရှိအောင် ပြည့်နေရမှာနော်”
“ မင်းတို့ တွင်းအောင်းတစ္ဆေကို တစ်ခါမှမမြင်ဖူးဖူး မဟုတ်လား”
“ အခုမှ ပထမ‌ဆုံးမို့ စိတ်လှုပ်ရှားနေတာဆရာရေ”
“ ဖယောင်းတိုင်တွေကို မီးညှိလိုက်တော့… ပြီးတာနဲ့ ညောင်ပင်ကိုအာရုံစိုက်ထား”
မောင်ကောင်းတို့လဲ အင်းဖယောင်းတိုင်တွေကို မီးစထွန်းတဲ့အချိန် အောင်မြတ်သာက ညောင်ရိပ်လွတ်‌တဲ့နေရာမှာ တင်ပလ္လင်ခွေထိုင်ပြီး အင်းနှိုးဂါထာတွေကို ရွတ်ဖတ်နေခဲ့တယ်။
အင်းနှိုးဂါထာတစ်ပုဒ်ရွတ်ဖတ်ပြီးတာနဲ့ မီးညှိထားတဲ့ ဖယောင်းတိုင်တွေက မီးစတွေ ဟုန်းခနဲထတောက်လာတာကို မောင်ကောင်းတို့ သတိထားမိခဲ့ကြတယ်။
အားလုံးမီးညှိလို့ပြီးတာနဲ့ မောင်ကောင်းနဲ့ ခွန်းလှတို့လဲ အောင်မြတ်သာဘေးမှာ၀င်ထိုင်ကာ ညောင်ပင်ကိုအာရုံစိုက်နေခဲ့လိုက်တယ်။
မကြာမီ အင်းဖယောင်းတိုင်တွေဆီမှာ ရေးဆွဲထားတဲ့ အင်းဆံတွေက မီးခိုးငွေ့တွေလို လွင့်ထွက်လာပြီး ညောင်ပင်တစ်ခုလုံးကို ပိုက်ကွန်သဖွယ်ရစ်ပတ်ထားတာကို မြင်တွေ့လိုက်ရတယ်။
“ ချွတ် ချွတ် ချွတ်… ရှပ် ရှပ်”
ညောင်ပင်အောက်ခြေက လွတ်နေတဲ့အမြစ်ခေါင်းထဲကနေ တစ်ထွာသာသာခန့်သာရှိတဲ့ အမွှေးစုတ်ဖွားနဲ့ အကောင်တစ်ကောင် ထွက်လာပြီး အင်းဖယောင်းတိုင်တွေကို လိုက်ကြည့်နေခဲ့တယ်။
ခဏနေတော့ အန္တရာယ်ရှိကြောင်းသိသွားတဲ့ဟန်နဲ့ တွင်းထဲကို ပြေး၀င်ဖို့အလုပ် အရှေ့ဘက်မှာ ထွန်းထားတဲ့ အင်းဖယောင်းတိုင်ဆီကနေ အင်းဆံတစ်ခု လွင့်ထွက်လာပြီး တွင်းပေါက်ကို ပိတ်ထားခဲ့လိုက်တယ်။
အန္တရာယ်အငွေ့သက်ကိုခံစားမိတဲ့ကောင်က သူ့ရဲ့ တစ်ထွာသာသာ ခန္ဓာကိုယ်ကို တစ်ဖြေးဖြေးကြီးအောင်ဖန်တီးလိုက်ရာ တစ်မဟုတ်ချင်း ညောင်ပင်နဲ့ ရွယ်တူနီးပါးဖြစ်သွားတာကို မြင်တွေ့လိုက်ရတယ်။
“ ဆရာ… နည်းတဲ့အကောင်ကြီးလားဗျာ…”
ခွန်းလှရဲ့ အာမေဋိတ်အသံ။
“သူက ဒီထက်ပိုကြီးအောင် ဖန်တီးနိုင်သေးတယ်… အင်းဆံတွေက ထပ်မကြီးအောင် ထိန်းထားလို့သာ ဒီလောက်မှာရပ်နေတာ”
“ ဆရာ… ဒီကောင် ဒေါသထွက်နေပြီ”
မောင်ကောင်းစကားကြောင့် အောင်မြတ်သာက လက်ကိုပင့်တင်ပြီး ‌အောက်ကိုဖိချလိုက်ရာ ကြီးမားတဲ့ခန္ဓာကိုယ်ဖန်ဆင်းထားတဲ့ တစ္ဆေကောင်က တစ်‌ဖြည်းဖြည်းသေးငယ်သွားခဲ့တယ်။
“ တွင်းအောင်းတစ္ဆေကောင်… သင် ဒီနေ့ကစပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ ဒုက္ခမပေးဘူးလို့ ကတိပေးရင် သင့်ကိုချုပ်နှောင်ထားတာတွေ ‌ဖြေလျော့ပေးမယ်”
“ နင်က ဘယ်သူလဲ… နင့်ကိုငါမမြင်ရဘူး…”
“ သင်မြင်ဖို့မလိုအပ်လို့ မြင်ခွင့်မပေးတာ… ကဲ အရုဏ်မတက်ခင် သင်ရဲ့ကတိစကားကို လိုချင်တယ်…”
“ ငါနေရာကို၀င်လာရင်တော့ ငါကပြုစားမှာပဲ… အသွေးအသားတွေကိုမစားမသောက်ရတာ နှစ်ရာနဲ့ချီနေပြီမို့ နင်ပြောတဲ့အတိုင်း မလုပ်နိုင်ဘူးဟေ့”
“ တယ်လဲ ကြမ်းတဲ့တစ္ဆေပဲ… သင်ကိုလွှတ်ထားပေးရင် လူတွေရော တိရိစ္ဆာန်တွေပါ‌ဒုက္ခရောက်ကြတော့မယ်…ကဲ သင့်ဘက်က မလိုက်လျောဘူးဆိုတာ သေချာပီလား”
“ မလိုက်လျောနိုင်ဘူးဟေ့…”
“ ဝုန်း… ဖြောင်း… ဖြောင်း”
တစ္ဆေကောင်က စိတ်ဆိုးစွာနဲ့ ညောင်ပင်ကို လက်နဲ့ရိုက်ချလိုက်ရာ ညောင်ကိုင်းတွေ တဝုန်းဝုန်းနဲ့ကျိုးကျလာခဲ့တယ်။
“ ဆရာ… ဒီကောင်က နှစ်ချို့ကောင်ဖြစ်နေပြီ.. ဘယ်လိုပြောပြော နာခံမှာမဟုတ်လောက်ဘူး”


အောင်မြတ်သာလဲ ခွန်းလှစကားကြောင့် မျက်လုံးကိုစုံမှိတ်ပြီး ဂါထာတစ်ပုဒ်ကို အဆက်မပြတ်ရွတ်ဖတ်လိုက်ရာ တစ္ဆေကောင်ရဲ့ ခန္ဓာကိုယ်က တစ်ဖြေးဖြေးသေးငယ်လာသလို အင်းဆံတွေကလဲ ခြေထောက်ကိုရစ်ပတ်ကာ ညောင်အမြစ်တွင်းပေါက်ထဲကို ဆွဲခေါ်သွားခဲ့တယ်။
တစ္ဆေကောင်ညောင်မြစ်တွင်းထဲရောက်တာနဲ့ ကျန်နေတဲ့အင်းဆံတွေက တွင်းပေါက်၀ကို ရောက်လာပြီး တစ်ခုနဲ့တစ်ခု ယှက်ကာ ဖျာယက်သလို ပိတ်ထားလိုက်ကြတယ်။
တွင်းပေါက်ထဲကနေလဲ ဒေါသတစ်ကြီး အော်ဟစ်သောင်းကျန်းနေတဲ့အသံကလဲ တစ်ဖြေးဖြေးတိုးလာပြီး ပျောက်ကွယ်သွားခဲ့တယ်။
အောင်မြတ်သာလဲ တွင်းပေါက်ကို အင်းဆံတွေနဲ့ ပိတ်ပြီးတာနဲ့
“ ဤညောင်ပင်တွင် မှီတင်းနေထိုင်ခဲ့ကြသော ပုဂ္ဂိုလ်များအား တောစောင့်နတ်၊ တောင်စောင့်နတ်၊ ရွာစောင့်နတ်၊ နယ်ပိုင်၊ ကွင်းပိုင်များအနေဖြင့် အသိပေးခေါ်ယူပြီး နေရာပေးစေ” လို့အမိန့်ပြန်ကာ ညောင်ပင်အောက်ကနေ ထွက်လာခဲ့လိုက်တယ်။
ညောင်ပင်ကနေထွက်လာပြီး ဝါးနှစ်ပြန်နေရာ အရောက် အရပ်လေးမျက်နှာကနေ ၀မ်းသာအားရအော်ဟစ်ပြီး ပြေးလာကြတဲ့ အရိပ်တွေကို လှမ်းမြင်လိုက်ရတယ်။
အောင်မြတ်သာတို့လဲ ညောင်ပင်ပေါ်ကို အလုအယက် တွယ်တက်နေကြတဲ့သူတွေကို ခပ်ဝေးဝေးကနေ လှမ်းကြည့်နေတဲ့အချိန် အရှေ့အရပ်ဆီကနေ ပုဇွန်ဆီရောင်အလင်းအချို့ ယပ်တောင်သဖွယ်ဖြာထွက်လာပါတော့တယ်။
– – – – – – – – –
ညောင်စောင်းရွာနယ်နိမိတ်ထဲကနေ ထွက်လာတဲ့ အောင်မြတ်သာတို့ဆရာတပည့်တွေလဲ ‌မွန်းမတည့်မီမှာပင် ထုံးပအိုင်ရွာကိုရောက်လာခဲ့ ကြတယ်။
ထုံးပအိုင်ရွာရဲ့ အနောက်ဘက်တောင်ကြောမှာ သိုက်အပြောင်းအလဲရှိတယ်ဆိုတဲ့သတင်းကြောင့် ရွာထဲကို မယောင်မလည်နဲ့ရောက်နေတဲ့ သိုက်တူးဆရာတွေနဲ့ အောင်မြတ်သာတို့ကြား ဘယ်လိုယှဉ်ပြိုင်မှုတွေရှိလာမလဲဆိုတာကိုတော့
“ အောင်မြတ်သာ၀တ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment