အောင်မြတ်သာနှင့်လက်ခမောင်းဘကျော်

” အောင်မြတ်သာနှင့်လက်ခမောင်းဘကျော် ”
———————

အောင်မြတ်သာလည်း သက်ခိုင်တို့နဲ့ချိန်းထားတဲ့ အချိန်က ပြည့်တော့မှာမို့လို့ မုဆိုးထိုင်စေတီရှိရာကို ပြန်ထွက်လာခဲ့လိုက်တယ်။
ခြေဖဝါးသုံးတောင်ကိုဆုံးမယ့်အချိန်မှာ သက်ခိုင်တို့ကိုမခေါ်ခဲ့တာကလည်း စဉ်းစားစရာအကြောင်းအရာတစ်ခုဖြစ်နေခဲ့တယ်။
ခရီးဆက်လာရင်း တစ်နေရာရောက်မှာတော့ လူတွေဝိုင်းအုံနေတဲ့နေရာတစ်ခုကိုမြင်လိုက်ရတယ်။ အောင်မြတ်သာလည်း မိမိဦးတည်ရာကိုသာ
သွားဖို့ဆုံးဖြတ်ရင်း ဆက်လျောက်လာခဲ့ရာ လူအုပ်ကြီးအကျော်ကိုလဲရောက်ရော အနောက်ကနေ တစ်စုံတစ်ယောက်က လွယ်အိတ်ကို
လှမ်းဆွဲလိုက်သလိုဖြစ်လို့ လှည့်ကြည့်လိုက်ရာ ဆံပင်စုတ်ဖွားနဲ့အမယ်အိုတစ်ယောက်ကိုတွေ့လိုက်ရတယ်။
အမယ်အိုကိုမြင်တော့ အောင်မြတ်သာက
” ကျုပ်လွယ်အိတ်ကို ဘာကြောင့်မို့ဆွဲထားရတာလဲ”
“ဆရာလေးဒီအတိုင်းတော့ ထွက်မသွားပါနဲ့ဦး ဒီနေရာမှာဖြစ်နေတဲ့အခက်အခဲလေးတွေကို ကူညီဖြေရှင်းပေးသွားလို့ တောင်းဆိုချင်ပါတယ်”
“ဒီနေရာမှာက ဘယ်လိုအခက်အခဲတွေဖြစ်နေလို့လဲ”
” အရင်က ဒီရွာမှာ အခုလိုအဖြစ်တွေမကြုံခဲ့ဘူး လွန်ခဲ့တဲ့သုံးလလောက်မှာ ဟိုဘက်ရွာကို ကျောင်းထိုင်ဘုန်းကြီးတစ်ပါး အသစ်ပြောင်းလာတယ်
အသစ်ရောက်လာတဲ့ဘုန်းကြီးက မနက်တိုင်း ညတိုင်း ပဌာန်းအကျယ်ကို အသံချဲ့စက်ကြီးနဲ့ရွတ်ဖတ်ပါတယ် ဒါက ကောင်းတဲ့အလုပ်ဖြစ်ပေမယ့်
ဘုန်းကြီးကျောင်းထဲမှာရှိတဲ့ နာနာဘာဝတွေအတွက်တော့ မကောင်းဘူးပေါ့ ကျောင်းထိုင်ဘုန်းကြီးရဲ့သီလသိက္ခာသမာဓိကလည်း ကောင်းနေတော့
ကျောင်းဝင်းထဲမှာ ဘယ်နာနာဘာဝမှမနေရဲတော့ပဲ နီးစပ်ရာ ရွာတွေထဲ ဝင်လာကြတယ် ရွာတော်ရှင်တွေက တစ်ချို့ နာနာဘာဝတွေကို
မောင်းထုတ်လို့ရပေမယ့် နှစ်ကြာနေတဲ့ နာနာဘာဝတွေကိုတော့ မောင်းထုတ်လို့မနိုင်ခဲ့ဘူး ခုနက လူအုပ်ကြီးကိုဆရာလေးမြင်ခဲ့တယ်မလား
အဲဒါက နာနာဘာဝတွေဝင်ပူးပြီး အစာရေစာတောင်းနေတာ”
” အမယ်ကြီးက ဒီရွာရဲ့ဘယ်နားမှာနေတာလဲ”
“ကျွန်မက ခုနက ဆရာလေးဝင်လာတဲ့ ရွာထိပ်မှာ နေတာပါ ရွာကလူတွေကတော့ အဖွားစိမ်းလို့ခေါ်ကြတယ် ”
” အမယ်ကြီးကရော သူတို့ကိုမကူညီနိုင်ဘူးလား”
“အခုဖြစ်နေတာတွေအားလုံးကို ကူညီနိုင်တဲ့အစွမ်းမရှိသေးပါဘူး ကျွန်မကသာမန်အဆင့်လောက်ရှိတဲ့ နာနာဘာဝတွေကိုပဲ မောင်းထုတ်နိုင်တာပါ”
” ကျုပ်နားလည်ပြီ ခရီးဆက်စရာရှိနေပေမယ့်လည်း ဒီရွာရဲ့အခက်အခဲတွေကို အတတ်နိုင်ဆုံး ကူညီခဲ့ပါမယ် အမယ်ကြီးလည်း ကိုယ့်နေရာ
ကိုယ်ပြန်လိုက်ပါဦး လိုအပ်ရင် အမယ်ကြီးဆီကျုပ်ထပ်လာခဲ့ပါမယ်”
“ကျေးဇူးတင်လိုက်တာဆရာလေးရယ် ကျွန်မတတ်နိုင်သလောက်ကူညီပါ့မယ် ”
အောင်မြတ်သာလည်း အရှေ့ကိုဆက်မယ့် ခြေလှမ်းတွေကို ပြန်ရုပ်ပြီး လူအုပ်နားကို မယောင်မလည်ပြန်လာခဲ့လိုက်တယ်။
” အမဲသားစားချင်တယ် နှမ်းမုန့်လဲစားချင်တယ် ငါ့ကိုဒီညမကျေွးလို့ကတော့ နင်တို့တစ်ရွာလုံးဒုက္ခရောက်အောင် လုပ်ပစ်မယ် ဟင်းဟင်း ”
“ကျေွး ကျေွးပါ့မယ် ကတိပေးပါတယ် အခုဝင်ပူးနေတဲ့လူဆီကနေ ခွာပေးပါ ညနေစောင်းတာနဲ့ ငှက်ပျောဖက်နဲ့ အသားရော အချိုမုန့်တွေလာကျေွးပါ့မယ် ”
“ဟင်းဟင်း ငါမထွက်နိုင်ဘူး ငါ့ကိုကျေွးတဲ့အချိန်မှထွက်မယ် ငါဒီမှာပဲနေမယ်”
” စိန်မောင် ဒီအချိန်အမဲသားဘယ်ရွာမှာရနိုင်လဲ ရတဲ့နေရာက ရှာဝယ်ခဲ့ကွာ အချိုမုန့်တွေလည်း ရှာဝယ်ခဲ့ မြန်မြန်သွား ဒီလိုဝင်ပူးတာကြာရင် ဝင်ပူးခံရသူရဲ့အသက်ကိုစိုးရိမ်ရတယ် ”
” ဝယ်စရာမလိုဘူး ဘာမှလဲကျေွးစရာမလိုဘူး ကျုပ်တာဝန်ယူတယ် ဝင်ပူးခံရတဲ့သူလည်း ဘာမှမဖြစ်စေရဘူး” ဆိုတဲ့အသံက လူအုပ်ကြီးရဲ့ အနောက်ကနေ ထွက်လာခဲ့တယ်။
” ခင်ဗျားက ပယောဂကုတတ်လား ကျုပ်တို့ကို ကယ်ပါဦးဗျာ ကျုပ်သားလေးဒုက္ခရောက်တော့မယ်”
” အနည်းအကျဉ်းတော့ရပါတယ် စိတ်လဲသိပ်မပူကြပါနဲ့ ”
အောင်မြတ်သာလည်း ဝင်ပူးနေတဲ့သူရဲ့ မျက်လုံးတည့်တည့်ကိုစိုက်ကြည့်လိုက်တော့ ဝင်ပူးခံနေသူရဲ့ ပုံသဏ္ဍာန်ပျောက်ပြီးဝင်ပူးနေသူရဲ့ ရုပ်အမှန်ပေါ်လာခဲ့တယ်။
” ခြောက်စားလှန့်စားနေတဲ့ကောင် ငါ့ကိုမော့ကြည့်စမ်း”
အောင်မြတ်သာရဲ့ ဩဇာအပြည့်နဲ့စကားသံကိုကြားတော့ ဝင်ပူးနေတဲ့သူက
” မင်းဘယ်သူလဲ မင်းကိုဘယ်သူလွှတ်လိုက်တာလဲ ငါကိုမကျေွးရင် ဒီကလေးကိုသတ်ပစ်မှာနော် ”
” မင်းမှာအဲလောက် အစွမ်းအစမရှိပါဘူး အခုပြန်ထွက်မလား မီးမြိုက်ခံပြီးမှထွက်မလား”
အောင်မြတ်သာရဲ့ ပြတ်သားလှတဲ့စကားကိုကြားတော့ ဝင်ပူးနေတဲ့သူက ငြိမ်ကျသွားတယ်။ ပြီးတော့မှ
” စားရခါနီးမှ အဖျက်ကဝင်လာတယ် နင့်ပညာတွေကိုမယှဉ်နိုင်လို့ အလျော့ပေးလိုက်မယ် ငါမစားတော့ဘူး သွားတော့မယ် ” လို့ပြောပြီး
ဝင်ပူးနေတဲ့ကိုယ်ကခွာလိုက်တဲ့အချိန် ဘယ်ကရောက်ဘာမှန်းမသိတဲ့ ကြိုးအနီတစ်ချောင်းက ဝင်ပူးနေတဲ့သူကို ရစ်ပတ်ပြီး ဘေးမှာရှိတဲ့
သရက်ပင်အောက်ကိုဒရွတ်တိုက်ဆွဲသွားတယ်။ ဒီအဖြစ်အပျက်တွေကို ရွာသားတွေမမြင်ရပေမယ့် မြင်ရတဲ့သူတစ်ယောက်ကရှိနေခဲ့တယ်။
” ကျေးဇူးတင်လိုက်တာဆရာရယ် ဒီကောင်က အမြဲတမ်းလိုလို ဝင်ပူးကပ်ပြီး တောင်းစားနေတာ ကျုပ်တို့ရွာမှာလည်း ပယောဂကုတတ်တဲ့သူမရှိဘူး
ဟိုဘက်ရွာက ဆရာတော်ကလည်း လောကီကိစ္စတွေဝင်မရှုပ်ဘူးဆိုတော့ ကျုပ်တို့ဒုက္ခရောက်နေရတာ အခုဆရာရောက်လာတော့မှ အဆင်ပြေတော့တယ်
ဖြစ်နိုင်ရင် ရွာမှာတစ်ရက်နှစ်ရက်လောက်နေသွားပါဦး ကျန်တဲ့ကိစ္စတွေလည်းရှိသေးလို့ ဆရာကိုသေချာပြောချင်ပါသေးတယ်”
“ဖြစ်လာမှတော့ ဘယ်တတ်နိုင်မလဲ နေရတော့မှာပေါ့ ခင်ဗျားတို့ကျေးဇူးဆပ်ချင်တယ်ဆိုရင်တော့ ရွာထိပ်က အဖွားစိမ်းနတ်ကွန်းလေးကို
သေချာလေးပြင်ပေးလိုက်ကြပါ ”
“ဟင် ဆရာက အဖွားစိမ်းကိုဘယ်လိုသိတာလဲ အဖွားစိမ်းကဒီရွာအပေါ်အရမ်းသံယောဇဉ်ကြီးတာ သူ့အကြောင်းလဲပြောပြချင်သေးတယ်
ဆရာအိမ်ကိုကြွခဲ့ပေးပါ”လို့ပြောပြီး အရှေ့ကနေ ခေါ်သွားခဲ့တယ်။
အောင်မြတ်သာလည်း ဘေးကသရက်ပင်ကိုကြည့်လိုက်တော့ သရက်ပင်အကိုင်းမှာကြိုးနဲ့ဇောက်ထိုးချည်ခံထားရတဲ့ ကောင်ကိုမြင်တော့
” ကြိုးပိုင်ရေ ဒီကောင်တွေ မလွတ်စေနဲ့ သေချာကြည့်ထား”လို့စိတ်ထဲကရေရွတ်ပြီး ရွာထဲကို လိုက်ခဲ့လိုက်တယ်။
ခြံဝိုင်းထဲကိုရောက်တော့ အိမ်ရှေ့မန်ကျီးပင်အောင်က ကွပ်ပြစ်လေးမှာထိုင်ပြီး
” ကျုပ်တို့ ရွာအခြေအနေကတော့ ဆရာမြင်တဲ့အတိုင်းပါပဲ ဆရာမရောက်ခင် တစ်လလောက်က ရွာမှာ လူကိုးယောက်ဆက်တိုက်သေတာ
သေတဲ့လူတွေကလည်း အကောင်းကြီးကနေ ရုတ်တရက်သေကြတာ တစ်ချို့ဆို ရေသောက်နေရင်း ရေသီးလို့သေတာတောင်ရှိတယ်
ကိုးယောက်တိတိပြည့်တဲ့နေ့မှာတော့ အခုလိုမကောင်းဆိုးဝါးတွေဝင်ပူးတော့တာပဲ အဲဒီထဲကမှ ထူးဆန်းတာတစ်ခုရှိတယ် သူကလည်း ဝင်ပူးတာပဲ
ညဘက်သန်းခေါင်အချိန်ရောက်တိုင်း ဝင်ပူးတယ် နေ့တိုင်းလိုလိုပဲ ”
” သူကရော ခုနကလို အစားတောင်းစားတာပဲလား”
“မဟုတ်ဘူးဆရာ ဒါကြောင့်ထူးဆန်းတယ်လို့ပြောတာ သူဝင်ပူးရင် လက်ခမောင်းခတ်ပြီးတော့ကိုလာတာ ”
ပြောနေတဲ့သူစကားကိုကြားတော့ အောင်မြတ်သာက
” ဒါဆို အရင်ဘဝက လက်ဝှေ့သမားသေလို့ ဖြစ်မယ်”
” ဟုတ်တယ်ဆရာ သူ့ကိုယ်သူ လက်ခမောင်းဘကျော်ဆိုပြီး ပြောတယ် သူဝင်ပူးရင် လက်ဝှေ့ထိုးဖို့ပဲပြောတာ ဆရာစဉ်းစားကြည့် သရဲဝင်ပူးနေတဲ့သူနဲ့
ဘယ်သူထိုးရဲမလဲ အဲလိုမထိုးရင် အိမ်မှာရှိတဲ့ ပစ္စည်းတွေကိုရိုက်ခွဲကန်ကျောက်တာ ”
” ဒီတစ်ခါဝင်ပူးတဲ့သူကထူးဆန်းတာပေါ့ ဆက်ပြောပါဦး”
” တစ်ရက်မှာတော့ သူနဲ့ထိုးမယ်ဆိုပြီး ရွာထဲက ဘသန်းတင့်ကပြောတယ် သဘန်းတင့်ဆိုတာကလည်း အရင်ရွာ‌စဉ်လှည့်ပြီး လက်ဝှေ့ထိုးစားလာတဲ့သူ
သူ့ရဲ့ညာလက်သီးတစ်ချက်ထိရင် နွားမဒန်းတောင်ဖင်ထိုင်ပီးလဲတာ တကယ်ထိုးလဲထိုးရော ဘသန်းတင့်မေးရိုးပြုတ်သွားတယ် ဝင်ပူးခံရတဲ့ကောင်က လူဖလံလေးဗျ
ဒါပေမယ့် သူ့လက်သီးထိတဲ့ဘသန်းတင့်မခံနိုင်ဘူး အဲဒါကို မကျေနပ်သေးပဲ အိမ်မှာရှိတဲ့ ကျောက်ပျဉ်ကို နဖူးနဲ့တိုက်ခွဲတာ ကျောက်ပျဉ်က ထပ်ပိုင်းကျိုးတယ်
အဲလောက်ထိကြမ်းတယ်ဆရာ”
” ထူးတော့ထူးဆန်းတယ် ဒါမျိုးမကြုံဖူးသေးဘူး သူကဘယ်သူ့ကိုဝင်ပူးတာလဲ တစ်ခြားသူတွေကိုရောဝင်ပူးသေးလား”
“မဝင်ဘူးဆရာ ကျော်သန်းဆိုတဲ့ကောင်ကိုပဲ ဝင်ပူးတာ သူ့အိမ်မှာဆိုဘာပစ္စည်းမှမထားရဲတော့ဘူး ညဘက်တွေဆို အိမ်မှာလည်း ဘယ်သူမှမနေရဲဘူး
ကျော်သန်းကိုအိမ်အပြင်ကနေ သော့ခတ်ထားခဲ့ရတာ သူ့ကိုလည်းခေါ်သွားလို့မရပြန်ဘူး သူရှိတဲ့နေရာ ဟိုကောင်က ဝင်ပူးပြီးသောင်းကျန်းတာ”
“သိပ်လဲစိတ်မပူပါနဲ့ ကျုပ်နိုင်သလောက်ကူညီပေးပါ့မယ် အခုလောလောဆယ် ရွာထဲတစ်ချက်လှည့်ကြည့်ချင်သေးတယ်”
“ဆရာလိုက်ကြည့်ပါ ကျုပ်လိုက်ပြပါ့မယ်”
အောင်မြတ်သာလည်း ခြံဝိုင်းထဲကနေ အပြင်ကိုထွက်လာတော့ ခြံအပြင်မှာ မယောင်မလည်ရပ်နေတဲ့ အသက်ဆယ်သုံးနှစ်အရွယ် လူငယ်လေးတစ်ယောက်ကို
မြင်လိုက်ရတယ်။ ထိုလူငယ်လေးက အောင်မြတ်သာကိုမြင်တော့
“ဆရာ ကျွန်တော်ပြောစရာရှိလို့ ”
“အေး ပြောလေကွာ ”
” ဟို သရက်ပင်ပေါ်မှာချည်ထားတဲ့ကောင်ကို ကျွန်တော်သိတယ်”
ထူးဆန်းတဲ့စကားကြောင့် အောင်မြတ်သာ လူငယ်လေးကို ပြန်လှည့်ကြည့်လိုက်တယ်။
” မင်းကမြင်ရတာလား ”
“ဟုတ်တယ်ဆရာ မြင်ရတယ် ရွာကလူတွေကို ပြောပြာတာကျုပ်ရူးနေတယ်လို့ပြောတယ် ကျုပ်စကားကိုဘယ်သူမှမယုံကြဘူး”
ထိုစဉ်
“ဟိုကောင် ငတေ ဆရာကိုဘာတွေလျောက်ပြောနေတာလဲ ဆရာဒီကောင်‌လေးက လွန်ခဲ့တဲ့သုံးလလောက်မှာ ဇီးပင်ပေါ်ကပြုတ်ကျပြီး သတိမေ့ခဲ့ဖူးတယ်
ပြန်သတိရလာတော့ အခုလိုပေါက်ကရတွေပြောတော့တာပဲ”
ထိုလူကြီးရဲ့စကားကိုကြားတော့ ငတေက ဘာမှမပြောတော့ပဲ ငြိမ်သွားတယ်။ အောင်မြတ်သာက လူငယ်လေးကိုကြည့်ပြီး
“ကျုပ်ဒီလူငယ်ကိုခဏခေါ်သွားလိုက်မယ် မိတ်ဆွေက ဒီမှာပဲနေခဲ့ဦး ”
“ဖြစ်ပါ့မလားဆရာ ဒီကောင်က စိတ်ကသိပ်မှန်တာမဟုတ်ဘူး”
“ဖြစ်ပါတယ် ကျုပ်လဲအဝေးကြီးမသွားပါဘူး ”
အောင်မြတ်သာလည်း လူငယ်လေးကိုခေါ်ပြီး ရွာထဲထွက်လာခဲ့လိုက်တယ်။
” မင်းနာမည်ဘယ်လိုခေါ်လဲ”
” ကျုပ်နာမည်က ငတေဗျ ”
“မင်းက ဒီလိုအရာတွေကိုမြင်ရတယ်ဆိုတော့ ဘယ်အချိန်ကစမြင်ရတာလဲ”
အောင်မြတ်သာစကားကိုကြားတော့ လူငယ်က တစ်ချက်စဉ်းစားလိုက်ပြီး
“အင်း နည်းနည်းတော့ကြာပြီ ဟိုဘက်ရွာဘုန်းကြီးကျောင်းထဲက ဇီးပင်ပေါ် ဇီးသီးတက်ခူးတဲ့နေ့ထဲကမြင်ရတာ”
“သာမန်လူတစ်ယောက်က ဇီးပင်ပေါ်တက်ခူးတဲ့အချိန်မှမြင်ရတာမဖြစ်နိုင်ဘူး အမှန်တိုင်းပြော”
” အင်းးး ကျုပ်အမှန်တိုင်းပြောပြမယ်ဗျာအဲဒီနေ့က ချက်စူနဲ့ကျုပ်ဇီးသီးသွားခူးမယ်ဆိုပြီး ရွာပြင်က စေတီမှာချိန်းထားတယ် ကျုပ်ရောက်တော့
ချက်စူကမလာသေးဘူး အဲဒါနဲ့ ကျုပ်လဲစေတီပေါ်မှာ ခဏမှေးလိုက်တဲ့အချိန် ငလျင်လှုပ်သလို စေတီတစ်ခုလုံးလှုပ်သွားတာ ကျုပ်လဲလန့်နိုးပြီး
ထကြည့်လိုက်တော့ စေတီထိပ်ပိုင်းစိန်ဖူးတော်နေရာက ပဲ့ကျနေပီ ကျုပ်လဲငလျင်လှုပ်တယ်ထင်ပြီးထပြေးတာ‌ပေါ့ ထပြေးရင်းအုတ်ကျိုးပျက်တွေထဲက
ယွန်းဘူးတစ်ဘူးကို ခလုပ်တိုက်မိတယ် ယွန်းဘူးက တော်တော်လေးလှတယ် အဲဒါနဲ့ကျုပ်လဲ ယွန်းဘူးကိုဖွင့်ကြည့်လိုက်တော့ အထဲမှာ ဖြူဖွေးနေတဲ့
အဖြူရောင်အမှုန့်တွေတွေ့တယ် ဘာတွေမှန်းမသိတာနဲ့ ကျုပ်လဲလုံချည်ကြားထဲညှပ်ထားလိုက်တယ် စကားမစပ်အဲဒီတုန်းကတကယ်ငလျင်လှုပ်တာတဲ့
ရွာမှာကတဲအိမ်တွေများတော့ ဘာမှမထိခိုက်ခဲ့ဘူး”
” နောက်တော့ရော ဘာဆက်ဖြစ်သေးလဲ”
“ကျုပ်လဲချက်စူမလာတာနဲ့ ဟိုဘက်ရွာကိုတစ်ယောက်ထဲသွားတာ ဘုန်းကြီးကျောင်းဝင်းထဲရောက်တော့ ဇီးပင်ပေါ်မှာ ပက်လက်လှန်အိပ်ပြီး
ယွန်းဘူးလေးကိုထုတ်ကြည့်နေတဲ့အချိန် ရုတ်တရက်ယွန်းဘူးအဖုံးပွင့်ပြီး အထဲကပြာတွေ ပါးစပ်ထဲဝင်ကုန်တယ် ကျုပ်လဲထွေးထုတ်သင့်သလောက်ထွေးထုတ်လိုက်ပေမယ့်
တစ်ချို့တစ်ဝက်ကတော့ ဗိုက်ထဲရောက်သွားတယ် ”
ကောင်လေးရဲ့စကားကိုကြားတော့ အောင်မြတ်သာက
” အဲဒီပြာတွေဗိုက်ထဲရောက်ပီးတော့စမြင်တာလား”
” အဲလိုတော့ကျုပ်မသိဘူး ကျုပ်လဲဇီးပင်ပေါ်မှာ မှေးခနဲဖြစ်သွားတဲ့အချိန် ကျုပ်ဘေးကဇီးကိုင်းက လှုပ်သွားလို့ လန့်နိုးလာတယ် လှုပ်တဲ့နေရာကိုကြည့်လိုက်တော့
လျာကြီးတွဲလောင်းချပြီး ကျုပ်ကိုကြည့်နေတဲ့ခုနကကောင်ကိုမြင်လိုက်ရတာပဲ အဲဒီမှာ လန့်ပြီးဇီးပင်ပေါ်ကပြုတ်ကျတာ ကျန်တာဘာမှမသိတော့ဘူး သတိပြန်ရလာတော့
ကျုပ်အိမ်ပေါ်ရောက်နေပြီ အဲဒီနေ့ကစပြီး ပုံဆိုးပန်းဆိုးကောင်တွေကိုမြင်ရတာပဲ”
” သူတို့ကိုမြင်ရတော့မင်းမကြောက်ဘူးလား”
“အစကတော့ကြောက်တာပေါ့ဗျ ဒါပေမယ့် သူတို့ကနေ့ဘက်တွေဆိုသိပ်မရှိဘူး ညနေနေဝင်ခါနီးမှထွက်တာ ကျုပ်က ညနေဆိုအပြင်မထွက်တော့ဘူး
တစ်ချို့အကောင်တွေဆို အရမ်းကြောက်ဖို့ကောင်းတာ ”
” မင်းရလာတဲ့ပြာက သာမန်ပြာမဟုတ်ဘူး ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တွေက ဘုရားမှာဌာပနာခဲ့တဲ့ သိဒ္ဓိဝင်ပြာတွေပဲ မင်းနဲ့ထိုက်လို့ရပေမယ့် အသုံးမတတ်တော့ အလကားဖြစ်သွားတာပေါ့ ”
“အဲဒါတော့မသိဘူး အဲဒီညကကျုပ်ဆီကို ဘုန်းကြီးတစ်ပါးလာတယ် ကျုပ်ကိုအော်တယ် သူ့ပြာတွေကိုဖျက်ဆီးလိုက်လို့တဲ့ ”
“မင်းက တော်တော်မလွယ်တဲ့ကောင်ပဲ ဒါနဲ့အခုတစ်လောမင်းမြင်ရတဲ့အရာတွေပြောကြည့်ပါလား”
“ခုနက ‌ဆရာနဲ့ အဖွားကြီးတစ်ယောက်စကားပြောနေတာလဲတွေ့တယ် အဲဒီအဖွားကြီးကို ရွာထိပ်မှာ ခဏခဏတွေ့တယ် သူကရွာထဲသိပ်မဝင်လိုဘူး
ကျုပ်ကိုတွေ့ရင်အမြဲရီပြတယ် လွန်ခဲ့တဲ့နှစ်လလောက်က ပုံဆိုးပန်းဆိုးကောင်တွေ အများကြီး ရွာထဲဝင်လာတယ် အရင်ကညဘက်တွေမှတွေ့တာ အဲဒီအချိန်က
နေ့ခင်းဘက်ကြီးဝင်လာကြတာ ရွာထိပ်ကအဖွားကြီးက မဝင်ဖို့ပြောတော့ အဖွားကြီးကို ကန်ထုတ်ကြတယ်”
“ဘယ်သူကကန်ထုတ်တာလဲ ”
” အသားမဲမဲ အရပ်က ထန်းပင်ထက်တောင် ရှည်သေးတယ် သူ့ပေါင်လုံးတွေဆိုရင် လူကြီး လေးဖက်စာလောက်ရှိမယ် သူ့ပေါင်တစ်ခုလုံး ဆေးမှင်ကြောင်တွေလဲထိုးထားသေးတယ်”
“မင်းက အဲဒီအချိန်ဘာလုပ်နေလို့ တွေ့တာလဲ”
“နေ့လည်ဘက်တွေ ကျုပ်တို့ကစားကြတယ်လေ ကစားနေရင်းတွေ့တာ ကျုပ်ဆိုအဲလိုတွေ့ပြီး ဖျားတာ ခုနှစ်ရက်လောက်ကြာတယ် ”
‌အောင်မြတ်သာတို့လည်းစကားတစ်ပြောပြောနဲ့လမ်းလျောက်လာရင်း
” ဆရာ ဆရာ ဟိုအိမ်ရှေ့က စပါးလင်ပင်တွေကြားထဲမှာ မှင်စာလေးတွေရှိတယ် လှုပ်နေတာတွေ့လားဆရာ”
” မင်းမှင်စာ‌တွေကိုမကြောက်ဘူးလား ”
“မကြောက်ပါဘူး သူတို့ကခင်ဖို့ကောင်းတယ် အခုဆရာပါလာလို့ပုန်းနေကြတာ ကျုပ်တစ်ယောက်ထဲဆိုရင် သူတို့ကခဲနဲ့လှမ်းပေါက်နေကြ ဒါပေမယ့်
ကျုပ်ကြောက်တာတစ်ယောက်ရှိတယ် သူက ညနက်ရင်လာပြီ သူလာရင် ဘယ်ခွေးမှမဟောင်ရဲဘူး”
” သူကအရမ်းကြောက်ဖို့ကောင်းလို့လား”
“ကျုပ်ပြောခဲ့တယ်လေ အဖွားကြီးကိုကန်ထုတ်လိုက်တယ်ဆိုတဲ့သူ သူတို့လောကသားတွေက လက်ခမောင်းဘကျော်လို့ခေါ်တယ် သူအိမ်ရှေ့ကဖြတ်သွားရင် တစ်အိမ်လုံးခါနေတာ ”
“ဒါနဲ့ ရွာမှာလူကိုးယောက်သေ‌တာသူတို့ကြောင့်လား”
” အဲဒါတော့ကျုပ်လဲမသိဘူး သူတို့ကတော့ကြိုသိတယ် မနက်ဖြန်သေမယ့်သူရှိရင် သူတို့တွေက အဲဒီအိမ်အနားမှာဝိုင်းနေကြတာ ရေသောက်ရင်းသေတဲ့မိန်းမဆိုရင်
သူ့အိမ်မှာရက်လည်တဲ့နေ့အထိတွေ့ရတယ်”
“မင်းဒီလိုဘဝနဲ့အမြဲနေချင်လား ဒါမှမဟုတ် သာမန်လူဘဝနဲ့နေချင်လား”
“ကျုပ်ဒီလိုဘဝနဲ့တော့မနေချင်ပါဘူး သူတို့တွေကိုမမြင်ရရင် ပိုကောင်းမယ် ညဘက်တွေဆို ကျုပ်အပြင်မထွက်ရဲဘူးဗျ ရွာထဲကလူတွေကလဲ ကျုပ်ကိုအရူးလို့ပြောတာမခံချင်ဘူး”
“ကောင်းပြီ ဒါဆို ဒီည ကိစ္စတစ်ခုလုပ်ပြီးရင် မင်းကိုသာမန်လူဖြစ်အောင်ပြန်လုပ်ပေးမယ် မင်းကတစ်ခုတော့ကူညီရမယ်”
“ကျုပ်လုပ်ပေးနိုင်တာရှိရင် လုပ်ပေးမယ် ”
“မင်းလုပ်ရမှာက…..”
အောင်မြတ်သာတို့လည်း ရွာတစ်ပတ်ပတ်ကြည့်ပြီး ခြံဝိုင်းထဲကိုပြန်လာခဲ့လိုက်တယ်။
ဒီညပယောဂကုမယ်ဆိုလို့ မအိပ်ပဲစောင့်ကြည့်နေကြတဲ့ရွာသူရွာသားတွေရှိသလို အပြင်မထွက်ရဲပဲ အိမ်တံခါးကိုပိတ်ကာ အခြေအနေစောင့်ကြည့်
နေကြတဲ့ရွာသူရွာသားတွေလဲရှိနေကြတယ်။
ညကတစ်ဖြေးဖြေးနဲ့ နက်သထက်နက်လာခဲ့တယ်။ ကွင်းပြင်တွေဆီကနေတိုက်ခတ်လာတဲ့ အေးစိမ့်စိမ့်လေတွေနဲ့အတူ ခွေးအူသံတစ်ချို့က ခပ်စိပ်စိပ်ထွက်ပေါ်လာခဲ့တယ်။
ညဦးပိုင်းထဲက အသင့်ခေါ်ထားတဲ့ လူငယ်လေးက
” ဆရာ ဟိုအကောင်ကြီးလာနေပီ ခဏနေ အိမ်‌တစ်ခုလုံးတုန်တော့မယ်”
လူငယ်လေးရဲ့ပြောစကားမဆုံးခင်မှာပဲ အိမ်တစ်ခုလုံး သိမ့်ခနဲဖြစ်သွားတယ်။
“ဆရာ ကျုပ်ဘာမှတော့မဖြစ်ပါဘူးနော်”
“မင်းဘာမှမဖြစ်စေရဘူး ငါပြောသလိုသာလုပ် ”
“ဆရာ သူအနောက်မှာ မကောင်းဆိုးဝါးတွေ ပါလာသေးတယ် သူတို့ကသရက်ပင်ပေါ်မှာကြိုးနဲ့ချည်ထားတဲ့ကောင်ကိုကြည့်ပြီး လှောင်နေကြတယ်”
“အချိန်ကျတော့မယ် မင်းငါနဲ့လိုက်ခဲ့တော့”
အောင်မြတ်သာလည်း ခြံဝိုင်းထဲကအပြင်ကို ထွက်လာတဲ့အချိန်
“ဆရာ ဟိုမှာသောင်းကျန်းနေပြီ ”
အောင်မြတ်သာဘာမှမပြောတော့ဘဲ ရွာခံလူတစ်ယောက်ခေါ်တဲ့နောက်ကိုလိုက်ခဲ့လိုက်တယ်။
ပျဉ်ထောင်အိမ်မဲမဲကြီးအရှေ့ရောက်တော့
“ဝုန်း ဒိုင်း ဂွမ်း
ဘယ်မလဲ ငါ့ပြိုင်ဘက်
ဘကျော်တဲ့ကွ ငါလိုကောင်နဲ့ယှဉ်မယ့်သူမရှိတော့ဘူးလား ယောင်္ကျားမှန်ရင်ဘွာမခတ်ကြေးကွ”
အောင်မြတ်သာလည်းအော်ဟစ်သောင်းကျန်းနေတဲ့ အသံကြားတဲ့ပေါ်ကို တက်သွားလိုက်တယ်။ အောင်မြတ်သာလည်းအိမ်ပေါ်ရောက်တော့
” ဟေ့ ဘယ်သူလဲ ငါ့ကိုစိန်ခေါ်ချင်လို့လား လာစမ်းပါ “ဆိုပြီး လက်ခမောင်းထခတ်လိုက်တယ်။
“မင်းနာမည်ဘယ်လိုခေါ်လဲ ”
” ငါ့နာမည်ဘကျော် လက်ခမောင်းဘကျော်ဆိုတာငါပဲ ”
” မင်းရည်ရွယ်ချက်ကဘာလဲ ဒီလိုဝင်ပူး‌ပြီးဒုက္ခပေးနေတာ ဘာကြောင့်လဲ”
” ငါပြိုင်ဘက်ကိုရှာနေတာ မတွေ့ရင်ငါသောင်းကျန်းဦးမယ် ဘကျော်ဆိုတဲ့ကောင်က လက်ဝှေ့ပွဲမှာ ရှုံးတယ်ဆိုတာမရှိခဲ့ဘူး အခုထိ ငါ့ကိုယှဉ်ထိုးနိုင်တဲ့သူမရှိသေးဘူး
ဇရှိရင် လာခဲ့စမ်းပါ”
အောင်မြတ်သာက တစ်ချက်ရယ်လိုက်ပြီး
“မင်းဒီလောက်ထိုးချင်နေရင် ငါပွဲတည်ပေးမယ် မင်းအဆင့်ကငါ့နဲ့ထိုးဖို့အရည်အချင်းမမီသေးဘူး ဒါကြောင့် ငါ့တပည့်နဲ့အရင်ထိုးကြည့် သူ့ကိုနိုင်ရင် ငါမင်းနဲ့ထိုးမယ်”
” ရတယ် ဘကျော်‌ဆိုတဲ့ကောင်က ပြိုင်ဘက်မရွေးဘူး ပဝါမရှု ရေမကူကြေးပဲ”
“ဟုတ်ပီ မင်းအသင့်ဖြစ်ပြီလား”
“ငါအသင့်ပဲဟေ့ ဘကျော်တဲ့ကွ”
အောင်မြတ်သာလည်း စိတ်ထဲကနေ ခြေဖဝါးသုံးတောင်(ခေါ်)နတ်ရဲကျော်ကိုဖိတ်လိုက်တယ်။ (ခြေဖဝါးသုံးတောင်(ခေါ်)နတ်ရဲကျော်အကြောင်းကိုတော့
အောင်မြတ်သာနှင့်ခြေဖဝါးသုံးတောင်ဆိုတဲ့ဝတ္တုမှာဖတ်ရှုနိုင်ပါသည်)
အောင်မြတ်သာရဲ့ ပင့်ဖိတ်မှုအပြီး မကြာခင်မှာ
“ဒုန်း ဒုန်း ဒုန်း”ဆိုတဲ့အသံနဲ့အတူ ခြေဖဝါးသုံးတောင်ရောက်ချလာခဲ့တယ်။
ထန်းပင်သုံးပင်ခန့်လောက်မြင့်တဲ့အရပ်ကိုမြင်တော့ ဘကျော်ဆိုတဲ့ကောင် အနည်းငယ်ဖြုံသွားတယ်။ အောင်မြတ်သာလည်း ခြေဖဝါးသုံးတောင်ကို
” သင့်အစွမ်းကိုပြလိုက် ဒီဘဝင်မြောက်နေတဲ့ သကောင့်သားကို ဆုံးမလိုက်ပါဦး” လို့ပြောလိုက်ရော
နတ်ရဲကျော်ရဲ့ သုံးတောင်နီးပါးကြီးတဲ့ ခြေဖဝါးကြီးက ဘကျော်မျက်နှာဆီကိုဝင်သွားတယ်။ ဘကျော်ကလဲ ခေသူမဟုတ် နတ်ရဲကျော်ကို ယှဉ်ထိုးတယ်။ ဒါပေမယ့်
အရွယ်အစားချင်းကလဲကွာ၊ လုပ်ပိုင်ခွင့်ကလဲကွာတော့ နတ်ရဲကျော်ကို မယှဉ်နိုင်မှန်းသိတာနဲ့ အိမ်ပေါ်ကခုန်ချပြီး ပြေးပါလေရော။
အိမ်ပေါ်ကပြေးဆင်းသွားပေမယ့် ခြံစည်းရိုးရောက်တော့ အနောက်ကိုပြန်လန်ကျသွားတယ်။ ‌ဘကျော် ကုန်းထပြီး ထပ်ပြေးပေမယ့် ခြံစည်းရိုးကိုကျော်လို့မရဖြစ်နေတယ်။
ဘာကြောင့်လဲဆိုတော့ နတ်ရဲကျော်ဝင်လာတဲ့အချိန်မှာ အောင်မြတ်သာခိုင်းထားတဲ့လူငယ်က ခြံစည်းရိုးပတ်ပတ်လည်ထောင့်တွေမှာ အင်းစမတွေလိုက်ကပ်ထားတာကိုး။
” ဘကျော် မင်းပြောတော့ ပဝါမကူရေမရှုဆို ဘာလို့ထွက်ပြေးရတာလဲ မင်းပြိုင်ဘက်တွေ့ပီလေ ထိုးစမ်းပါ”
အောင်မြတ်သာစကားကိုကြားတော့မှ
” ငါအရှုံးပေးတယ် နောက်ထပ်ဒီရွာကိုမလာတော့ပါဘူး ဒီကောင်ကိုပြန်သွားခိုင်းလိုက်ပါ ငါကတိပေးတယ် လုံးဝမလာတော့ဘူး ရွာထဲကိုခြေဦးတောင်မလှည့်တော့ပါဘူး”
“မင်းဒီရွာကိုမလာပေမယ့် တစ်ခြားရွာတွေကို ဆက်သွားမှာပဲ ဒါကြောင့် မင်းကိုအပြစ်ပေးတဲ့အနေနဲ့ နတ်ရဲကျော်ရဲ့လက်အောက်မှာနေရမယ် နတ်ရဲကျော်အနေနဲ့
သူနဲ့အပေါင်းအပါအားလုံးကို ထိန်းသိမ်းထားပါ ဒါက အထက်ဆရာတွေရဲ့အမိန့်ဖြစ်လို့ အလေးနက်ထားလိုက်နာပါ ဟိုကောင်လေး ခြံစည်းရိုးက အင်းတွေဖြုတ်ပေးလိုက်တော့”
ခြံစည်းရိုးမှာကပ်ထားတဲ့အင်းစမတွေကိုဖြုတ်ပီချိန်မှာတော့ နတ်ရဲကျော်က အောင်မြတ်သာကိုအရိုအသေပေးကာ ခြေလှမ်းကျဲကြီးတွေနဲ့ ပြန်ထွက်သွားခဲ့တယ်။
နတ်ရဲကျော်ရဲ့အနောက်မှာတော့ ရွာထဲမှာရှိတဲ့ နာနာဘာဝတွေကတန်းစီပြီးလိုက်ပါသွားခဲ့တယ်။
အောင်မြတ်သာရဲ့အစွမ်းကိုမြင်ကြတဲ့ရွာသားတွေက တစ်ရိုတစ်သေနဲ့ ရွာမှာထပ်နေဖို့ခေါ်ပေမယ့် အောင်မြတ်သာကလက်မခံခဲ့ဘူး။
အောင်မြတ်သာလည်းကတိအတိုင်း လူငယ်လေးကိုခေါ်ပြီး အင်းတစ်ရွက်ကိုမီးရှို့ကာ ရလာတဲ့ပြာကိုရေဖျော်တိုက်လိုက်တယ်။
တိုက်ပြီးမကြာခင်မှာပဲ ပျို့သလိုဖြစ်လာတဲ့အတွက် ခွက်တစ်ခုထဲထိုးအန်ခိုင်းလိုက်ရာ အဖြူရောင်ပြာမှုန့်အနည်းငယ်ပြန်ထွက်လာတယ်။
အောင်မြတ်သာလည်း ပြန်အန်ထွက်လာတဲ့ ပြာမှုန့်ကိုယူလိုက်ပြီး –


“ဒီနေ့ကစပြီး မင်းကသာမန်လူတစ်ယောက်ဖြစ်သွားပြီ ဒါကြောင့်ရပ်ရွာအကျိုးကို ပိုမိုအားထည့်ဆောင်ရွက်ပါ နောက်တစ်ခုက ရွာထိပ်က
အဖွားစိမ်းနန်းကိုလဲ သေချာပြန်ပြင်ပေးလိုက်ကြ “လို့မှာကြားရင် ရွာထဲကနေ ညတွင်းချင်းပြန်ထွက်လာခဲ့တယ်။
အနောက်ကနေလိုက်ပို့ကြတဲ့ရွာသားတွေကို မလိုက်ဖို့မှာရင်း ဖြေးဖြေးချင်းလျောက်လာခဲ့တာ ရွာထိပ်ကိုရောက်လာတယ်။ ရွာထိပ်ရောက်တော့
“ဆရာလေး ပြန်တော့မလို့လား ကျွန်မတို့ရွာကို ကူညီစောင့်ရှောက်ပေးလို့အရမ်းကျေးဇူးတင်မိပါတယ်”
“အမယ်ကြီးလဲ ရွာအပေါ်အရမ်းသံယောဇဉ်ရှိတာပဲ ဒါကြောင့်လဲ ဒီလိုစွဲနေတာနေမှာ ကျုပ်မသွားခင် အမယ်ကြီးကိုပေးစရာလေးရှိတယ် ”
“ဘာများလဲဆရာလေး”
” အခုပေးမယ့်အရာက အမယ်ကြီးသုံးတတ်ရင် သုံးတတ်သလို အကျိုးပေးပါလိမ့်မယ် အတိတ်ဘဝက မကောင်းတာနဲ့ကောင်းတာတွေရောနေခဲ့လို့
အခုလိုဖြစ်နေခဲ့ရတာမဟုတ်လား ဒါကြောင့်ဒီအချိန်ကစပြီး တရားဘာဝနာကိုပွားများပါ အရေးအကြောင်းကြုံလာရင် ပေးထားတဲ့ပြာကို နဖူးမှာသုတ်ပြီး
စိတ်ထဲရှိတဲ့အတိုင်းစွမ်းဆောင်ပါ ပြည့်ဝပါလိမ့်မယ်”
“ဆရာလေးဆုံးမသလို ကျင့်ကြံနေထိုင်ပါ့မယ် အခုဆရာလေးသွားမယ့်လမ်းမှာ မီးလောင်ထားတဲ့သစ်ငုတ်တိုတစ်ခုတွေ့ပါလိမ့်မယ်သစ်ငုတ်တိုပေါ်မှာ
တစ်စုံတစ်ယောက်ထိုင်နေသေးတယ်ဆိုရင် သူ့ကိုလွတ်မြောက်အောင်ကူညီပေးပါ သူကကျွန်မကြောင့် အခုထိမကျွတ်လွတ်ပဲဖြစ်နေပါတယ် ဆရာလေးရဲ့ပညာစွမ်းနဲ့
ကယ်တင်ပေးပါလို့ တောင်းဆိုပါရစေ”
“ကျုပ်ကူညီခွင့်ရမယ်ဆိုရင် ကူညီပေးပါ့မယ် ဒါပေမယ့်အခွင့်မရှိရင်တော့ ကျုပ်မကူညီနိုင်တာကို အမယ်ကြီးနားလည်ပေးပါ”လို့မှာကြားရင်း
အမှောင်ထုထဲကိုဆက်လက်ထွက်ခွာခဲ့တယ်။
သစ်ငုတ်တိုပေါ်ကသူကဘယ်သူဖြစ်မလဲ
မကျွတ်လွတ်ရတဲ့အကြောင်းကဘာလဲ
အဲဒီအရာတွေရဲ့ပတ်သတ်ဆက်နွယ်မှုတွေကို အောင်မြတ်သာဘယ်လိုဖြေရှင်းပေးမလဲဆိုတာကိုတော့ အောင်မြတ်သာ ဝတ္တုလေးမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment