အောင်မြတ်သာနှင့်လေးကျွန်းဘုရား

” အောင်မြတ်သာနှင့်လေးကျွန်းဘုရား ”
– – – – – – – – – – – – – – – – – – – – –
အောင်မြတ်သာတို့ဆရာတပည့်တွေ ပဲခူးရိုးမတောထဲမှာ ကိန်းဝပ်စံပယ်နေတဲ့ ဘုရားဆင်းတုတော်ကို ရှာဖွေဖို့ခရီးဆက်ခဲ့ကြတယ်။
ရာသီဥတုက ဆောင်းရာသီအစဖြစ်တဲ့အတွက် တောတောင်တစ်ခုလုံး မြူ ခိုးမြူ ငွေ့တွေဖုံးအုပ်နေပြီး ချမ်းစိမ့်တဲ့အငွေ့အသက်တွေကို တောင်ခြေအရောက်မှာ စတင်ခံစားလိုက်ရတယ်။ ပဲခူးရိုးမတောရဲ့ ဘယ်နေရာမှာရှိမှန်းမသိတဲ့ ဆင်းတုတော်ကို ရှာဖွေဖို့ဆိုတာ သာမန်လူတွေအနေနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာကို သက်ခိုင်သဘောပေါက်ခဲ့တယ်။
ပဲခူးရိုးမတောထဲစဝင်တဲ့အချိန်မှာတော့ အောင်မြတ်သာက
“ဒီခရီးက ရက်ဘယ်လောက်ကြာမယ်ဆိုတာ မသိဘူး -ဒါကြောင့် ဆင်းတုတော်ကိုရှာမတွေ့မချင်း ဒီတောထဲမှာနေရမယ်ဆိုတာ သိထားကြပါ၊ အရင်ဆုံး တောထောင်ထဲရောက်တာနဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်အပေါင်းကို မေတ္တာပို့ပြီးသွားကြ၊ သူတို့ရဲ့အကူအညီတွေ အများကြီးလိုအပ်တယ်”လို့မှာပြီး ရိုးမတောထဲကို စဝင်ခဲ့တယ်။
အောင်မြတ်သာတို့ တောအစပ်ကနေ တောနက်ထဲ တစ်ဖြေးဖြေးရောက်တဲ့အချိန်ထိ အန္တရာယ်တစ်စုံတစ်ရာ မကြုံရသေးဘူး၊ ဝါးပင်တွေထူထပ်စွာပေါက်နေတဲ့ ကမူနေရာကိုရောက်တော့ အောင်မြတ်သာက –
“ဒီနေရာမှာ ခဏနားရအောင် ရှေ့ဆက်ဘယ်လိုသွားရမယ်ဆိုတာကို လာပြောမယ့်သူရှိတယ်”လို့ပြောပြီး ဝါးရုံပင်အောက်မှာ ကြွေကျနေတဲ့ ဝါးရွက်တွေပေါ်မှာ ထိုင်ချလိုက်တယ်။
အောင်မြတ်သာတို့ခဏနားနေတဲ့အချိန် ဝါးတောဘေးက လျိုှထဲကနေ တစ်ယောက်ယောက် လမ်းလျောက်လာတဲ့ အသံကိုကြားလိုက်ရတယ်။ အသံနဲ့အတူ စန္ဒကူးအန့ံတွေက ကြိုင်ပြီးထွက်လာခဲ့တယ်။ခဏနေတော့ လျုှိထဲကနေ ဝတ်ဖြူ စင်ကြယ်နဲ့အဖိုးအိုတစ်ယောက် တက်လာတာကိုမြင်လိုက်ရတယ်။ အဖိုးအိုက အောင်မြတ်သာကိုတွေ့တော့
“ဆရာလေး ကျုပ်ရဲ့ပေါင်ထဲမှာထည့်ထားတဲ့ ကြောင်မျက်ရှင်ကိုယူမလား ကျုပ်လက်ဆောင်ပေးမယ်”လို့ပြောတော့ အောင်မြတ်သာက –
“ကျွန်တော်ကကြောင်မျက်ရှင်ကို ယူချင်လို့ ဒီကိုလာတာမှ မဟုတ်တာ ၊ ကြောင်မျက်ရှင်ဆိုတာ ကျွန်တော်အတွက် ကျောက်စရစ်ခဲတစ်လုံးလောက်ပဲ သဘောထားတာပါ၊ ကျွန်တော်ဒီကိုလာတာ ဒီထက်ပိုပြီး တန်ဖိုးကြီးတဲ့အရာကိုလာရှာတာပါ၊ ကျွန်တော်လာရှာတာကလဲ ခုနှစ်ရက်သားသမီးတွေအတွက်ပါပဲ၊ ကိုယ်ကျိုးအတွက် လာရှာခြင်းမဟုတ်ပါ”လို့ပြောတော့ အဖိုးအိုက –
“ဒါဆို ဆရာလေးက ဘာလာရှာတာလဲ ၊ ဆရာလေးတို့တောထဲစဝင်ထဲက တောင်စောင့်နတ်ကြီးက ကျုပ်ကိုလာပြောလို့ ဆရာလေးတို့နဲ့လာတွေ့တာ”လို့ပြောတော့ အောင်မြတ်သာက –
“ကျွန်တော်တို့လာရှာတာက ဆင်းတုတော်တစ်ဆူကိုပါ ၊ ဒီတောနက်ထဲက ဝါးလုံးခေါင်းထဲမှာ ကိန်းဝပ်စံပယ်နေတာနှစ်ပေါင်းများစွာရှိပြီဆိုလို့ ခုနှစ်ရက်သားသမီးတွေ ပူဇော်လို့ရအောင် လာရောက်ပင့်ဆောင်ရခြင်း ဖြစ်ပါတယ်၊ အဖိုးအနေနဲ့ ကျွန်တော်တို့ကို ကူညီပေးစေလိုပါတယ်”လို့ ပြောတော့မှ အဖိုးအိုက –
“ကျုပ်ကဒီတောဒီတောင်ထဲက ကိစ္စတွေကို တော်ရုံဝင်ပါလေ့မရှိဘူး အခုတော့ ဆရာလေးတို့အကူအညီတောင်းလို့ ကူညီပေးပါမယ် ၊ လောလောဆယ် ဒီဆေးလုံးလေးနှစ်လုံးကို ဆရာလေးတပည့်တွေကို ကျွေးလိုက်ပါဦး” ဆိုပြီး အိတ်ကပ်ထဲက ဆေးအနီလေးနှစ်လုံးကို ထုတ်ပေးလိုက်တယ်။
အောင်မြတ်သာလဲ ဆေးနှစ်လုံးကိုယူပြီး သက်ခိုင်နဲ့ တောက်ရကို စားခိုင်းလိုက်တယ်။ သက်ခိုင်တို့လဲ ဆေးနှစ်လုံးကိုယူပြီး တစ်ယောက်တစ်လုံးစားချလိုက်တယ်။ဆေးလုံးကိုစားပြီးတာနဲ့ အဖိုးအိုက –
“ဒီဆေးတွေက ကျုပ်ကိုယ်တိုင်ဖော်စပ်ထားတာ လူလေးတို့ကရေစက်ရှိလို့ စားရတာ ၊ စားကြ စားကြ ၊ စားပြီးရင် ဆင်းတုတော်ရှိရာဆက်သွားဖို့ ကျုပ်လမ်းညွှန်ပေးမယ်”လို့ပြောတော့ အောင်မြတ်သာက –
“အဖိုးရဲ့နာမည်သိခွင့်ရမလား”လို့မေးလိုက်တဲ့အခါ အဖိုးအိုက”ကျုပ်နာမည်က မဟာသိဒ္ဒိဝိဇ္ဇာထိုရ်လို့ခေါ်တယ်၊ ဒီတောထဲမှာနေလာတာ နှစ်ပေါင်းတစ်ထောင်ကျော်ပီ၊ နောင်ပွင့်မဲ့ဘုရားကိုဖူးဖို့စောင့်နေတာ ၊ ဆရာလေးတို့လာပင့်တဲ့ဆင်းတုတော်ကအရမ်းတန်ခိုးကြီးတယ်၊ဘွဲ့တော်က လေးကျွန်းဘုရားလို့ခေါ်တယ်၊ ဆင်းတုတော်ကို တော်ရုံလူမမြင်ရအောင် နတ်သိကြားတွေက ဒီတောထဲမှာ ဖွက်ထားကြတာ၊ ဆရာလေးတို့ သွားပင့်တဲ့အခါ တောစောင့်၊တောင်စောင့်နတ်ကြီးတွေရဲ့ ပညာစမ်းခြင်းကိုလဲ ခံကြရဦးမှာ၊ ကျုပ်ကတော့ ဆရာလေးတို့ကိုယုံကြည်ပြီးသားမို့လို့ ဆင်းတုတော်ကို လာပင့်ဖို့ဖိတ်ခဲ့တာပဲ”လို့ပြောတော့မှ သက်ခိုင်က –
“ဒါဆို အဖိုးက ကျွန်တော်တို့ကို ဒီကိုလာဖို့ စာရွက်ခေါက်လေး.လာပေးတဲ့အဖိုးလား”လို့မေးလိုက်တော့ အဖိုးအိုကရီပြီး
“ဟုတ်တာပေါ့ကွယ် လူလေးတို့လာမယ်ဆိုတာ ကျုပ်တစ်ယောက်ပဲသိတာလေ၊ ဒါကြောင့် လူလေးတို့ကို လာတွေ့တာပေါ့”လို့ပြောတော့ အောင်မြတ်သာက
“ဒါဆိုလဲ ကျွန်တော်တို့ ဘယ်ကိုခရီးဆက်ရမလဲဆိုတာ လမ်းညွှန်ပါဦး”ဆိုပြီးပြောလိုက်တယ်။
အောင်မြတ်သာရဲ့စကားအဆုံးမှာ အဖိုးအိုက –
“ဆရာလေးတို့ ဒီဝါးရုံတောလမ်းအတိုင်း ဆက်သွားရင် ကညင်ညီနောင်နှစ်ပင်ကိုတွေ့လိမ့်မယ် ၊ ကညင်ညီနောင်နှစ်ပင်မှာ သိင်္ခဘီလူးနဲ့ သိက္ခဘီလူးညီနောင်နေတယ်၊ သူတို့နဲ့တွေ့ရင် ဆရာလေးတို့ ဘယ်ကို ဆက်သွားရမလဲဆိုတာသိလာလိမ့်မယ်၊ ကျုပ်လိုက်မပို့တော့ဘူးနော်၊ ဆေးကြိတ်စရာလေးရှိသေးလို့ ပြန်လိုက်ဦးမယ်”လို့ပြောပြီး လာရာလမ်းအတိုင်းပြန်ဆင်းသွားခဲ့တယ်။
အောင်မြတ်သာတို့လဲ အဖိုးအိုပြောတဲ့အတိုင်း ဝါးရုံတောဘေးက လမ်းလေးအတိုင်းဆက်လျောက်လာခဲ့တာ တောကတစ်ဖြေးဖြေးနက်သထက်နက်လာခဲ့တယ်။ တောကောင်တွေအော်မြည်သံကလွဲပြီး တောတစ်ခုလုံး တိတ်ဆိတ်လို့နေတယ်။ အောင်မြတ်သာတို့ဆရာတပည့်တွေလည်း တစ်လမ်းလုံးမေတ္တာပို့ပြီး ဆက်လျောက်လာခဲ့တာ ခပ်လှမ်းလှမ်းမှာ ကညင်ပင်နှစ်ပင်ကို တွေ့လိုက်ရတယ်။
ကညင်ပင်ကိုတွေ့တော့ သက်ခိုင်က –
“ဆရာ အဖိုးပြောတာ ဒီအပင်ပဲဖြစ်မယ် ကျွန်တော်တို့ ဒီအပင်အောက်ကိုသွားကြည့်ရင်ကောင်းမယ်”လို့ပြောတော့ အောင်မြတ်သာက –
“ကညင်ပင်ကိုရောက်ပီဆိုတော့ သတိထားကြ “လို့ပြောပြီး ကညင်ပင်ရဲ့အရိပ်ထဲကို ဝင်လာခဲ့လိုက်တယ်။
အောင်မြတ်သာတို့ကညင်ပင်အောက်လဲရောက်ရော –
“ရပ်လိုက်စမ်း ရာရာစစ ခွင့်မတောင်းပဲလာရဲတဲ့ အသင်တို့က ဘယ်သူတွေလဲ”ဆိုတဲ့အသံနက်ကြီးနဲ့အတူ ကညင်ပင်ပေါ်ကနေ ဝက်ဝံလိုလိုအကောင်နှစ်ကောင် ခုန်ဆင်းလာခဲ့တယ်။
အောက်ရောက်လို့သေချာကြည့်လိုက်တော့မှ အစွယ်ဖွေးဖွေးနဲ့ဘီလူးနှစ်ကောင်ဖြစ်နေတာကိုမြင်လိုက်ရတယ်။ အောင်မြတ်သာက ဘီလူးညီနောင်ကိုမြင်တော့ –
“သိင်္ခဘီလူးနဲ့သိက္ခဘီလူးညီနောင်ပါလား၊ ခွင့်မတောင်းပဲဝင်လာခဲ့မိရင် ကျုပ်တောင်းပန်ပါတယ်၊ ကျုပ်တို့က လေးကျွန်းဘုရားကို လာရောက်ပင့်ဆောင်ဖို့ ရောက်လာတာပါ”လို့ပြောတော့ ဘီလူးညီနောင်က –
“အကျွနု်ပ်တို့လဲ လေးကျွန်းဘုရားကို လာပင့်မယ့်သူကို လမ်းပြဖို့ ဒီကညင်ပင်မှာ စောင့်နေတာကြာပြီ၊ ဒါပေမယ့် လေးကျွန်းဘုရားကိုလာပင့်တဲ့သူရဲ့ အစွမ်းကလဲ မြင့်မားတယ်လို့ ပြောကြတယ်၊ တကယ်စွမ်းမစွမ်း ကျုပ်တို့ ညီနောင်စမ်းကြည့်ချင်သေးတယ်၊ ကျုပ်တို့ညီနောင်နိုင်ခဲ့ရင် အသင်တို့အသက်ကိုယူမယ်၊ ကျုပ်တို့ညီနောင်ရှုံးခဲ့ရင် လေးကျွန်းဘုရားကိုပင့်ဆောင်ရမယ့်လမ်းကို ပြပေးမယ်”လို့ပြောတော့ အောင်မြတ်သာက –
“ညီနောင်နှစ်ပါးရဲ့စိန်ခေါ်မှုကို ကျုပ်လက်ခံတယ် ၊ ညီနောင်နှစ်ပါး စလို့ရပါပြီ”လို့ပြောလိုက်တယ်ဆိုရင်ပဲ ညီနောင်နှစ်ပါးရဲ့ ကိုယ်ခန္ဓာကတစ်ဖြေးဖြေးနဲ့ ထန်းတစ်ပင်အမြင့်လောက်အထိ ကြီးလာခဲ့တယ်။
ထန်းတစ်ပင်လောက်ကြီးမားလာတဲ့ ဘီလူးညီနောင်က အောင်မြတ်သာကို ခြေဖဝါးနဲ့နင်းချလိုက်တယ်။ ဘီလူးညီနောင်ရဲ့ခြေဖဝါးတွေက အောင်မြတ်သာရဲ့ခေါင်းပေါ် ရောက်လုဆဲဆဲအချိန် ဘယ်ကလာမှန်းမသိတဲ့ တွန်းကန်အားကြောင့် ဘီလူးညီနောင်အနောက်ကိုလန်ကျသွားတယ်။
ခြေထောက်နဲ့နင်းသတ်လို့မရတော့ လက်နဲ့ညှစ်သတ်ဖို့ ကြိုးစားကြပြန်တယ်၊ ကြီးမားကြမ်းတမ်းတဲ့ လက်တွေက အောင်မြတ်သာကိုယ်ခန္ဓာကို ဆုပ်ကိုင်လိုက်တယ်။ သက်ခိုင်နဲ့တောက်ရက ဘာဆက်ဖြစ်မလဲ ကြည့်နေတုန်းရှိသေးတယ်။ အောင်မြတ်သာကို ကိုင်ထားတဲ့ ဘီလူးရဲ့လက်ထဲကနေ အပူငွေ့တွေထွက်လာတာကို တွေ့လိုက်တယ်။
အောင်မြတ်သာရဲ့ကိုယ်ကနေထွက်လာတဲ့အပူငွေ့တွေကြောင့် ဆက်မကိုင်နိုင်တော့ပဲ မြေပေါ်ကို ပြန်ချလိုက်တယ်။ အောင်မြတ်သာရဲ့အစွမ်းတွေကို ကိုယ်တိုင်ကြုံတွေ့လိုက်ရတဲ့ ဘီလူးညီနောင်က –
“သင့်ရဲ့အစွမ်းက အလွန်ကြီးမားလှပေတယ် ၊ ကျုပ်တို့ရှုံးတဲ့အတွက် သင်တို့ဆင်းတုတော်ကို ပင့်ဆောင်ဖို့အတွက် လမ်းညွှန်ပေးပါ့မယ်”လို့ပြောတော့ အောင်မြတ်သာက –
“သင်တို့ဟာအသားငါးမစားပဲ သတ်သတ်လွတ်သာစားသုံးကြတဲ့ဘီလူးညီနောင်ဆိုတာ ကျုပ်သိပြီးသားပါ ၊ ကျုပ်တို့ကိုသွားရမယ့်လမ်းကိုညွှန်ပြပါ”လို့ပြောတော့ ဘီလူးညီနောင်က –
“အသင်တို့ ဒီတောင်ကိုကျော်ရင် ကျောက်တုံးသုံးလုံး ဖိုခနောက်ဆိုင်ရှိနေတာကိုမြင်ရလိမ့်မယ်၊ အဲဒီကျောက်တုံးနေရာကိုရောက်ရင် ဖိုခနောက်ဆိုင်ကျောက်တုံးရဲ့ အလယ်ထဲကို ဒီဆေးလုံးကိုပစ်ထည့်လိုက်ပါ၊ အသင်တို့သွားရမယ့်လမ်းကိုညွှန်ပြပေးမယ့်သူပေါ်လာလိမ့်မယ်”လို့ပြောပြီး အောင်မြတ်သာတို့ကို ကွမ်းသီးလုံးလောက်ရှိတဲ့ ဆေးလုံးကိုပေးခဲ့တယ်။
အောင်မြတ်သာတို့လဲ.ဘီလူးညီနောင်ပြောတဲ့အတိုင်း ဆက်ထွက်လာခဲ့တာ ဖိုခနောက်ဆိုင်ရှိနေတဲ့ ကျောက်တုံးရှိရာကို ရောက်လာခဲ့တယ်။ ကျောက်တုံးကိုမြင်တော့ အောင်မြတ်သာက –
“ဒီကျောက်တုံးရဲ အလယ်မှာ ကျောက်ပျဉ်တစ်ချပ်ရှိနေတယ်၊ ငါ့အထင်ပြောရရင် ဒီဖိုခနောက်ဆိုင် ကျောက်တုံးမှာနေတဲ့သူက ဇော်ဂျီတစ်ပါးပဲ ဖြစ်ရမယ်”လို့ပြောပြီး ကျောက်တုံးအလယ်မှာ ရှိနေတဲ့ ကျောက်ပျဉ်ပေါ်ကို ဆေးလုံးကိုပစ်ထည့်လိုက်တယ်။
ဆေးလုံးနဲ့ကျောက်ပျဉ်အထိမှာတော့ ကျောက်ပျဉ်ပေါ်ကနေ အခိုးငွေ့တွေထွက်လာပြီး၊ အခိုးငွေ့တွေ့ လွင့်သွားတဲ့အချိန်မှာတော့ ကျောက်ပျဉ်ပေါ်မှာ တောင်ဝှေးကိုထောက်ပြီး ရပ်နေတဲ့ ဇော်ဂျီတစ်ပါးကို မြင်လိုက်ရတယ်။
ဖဲသားအနီးရောင်ဝမ်းဆက်ဝတ်ထားတဲ့ ဇော်ဂျီက အောင်မြတ်သာကိုကြည့်ပြီး –
“လေးကျွန်းဘုရားကို လာပင့်တဲ့သူတွေဆိုတာ ငြင်းစရာမရှိဘူး၊ ဘာလို့ဆိုတော့ ဒီဆေးလုံးက ဘီလူးညီနောင်ဆီမှာပဲရှိတာမို့လို့၊ ဘီလူးညီနောင်ရဲ့ ထောက်ခံမှုကိုရခဲ့တယ်ဆိုပေမယ့်၊ ကျုပ်ရဲ့ထောက်ခံမှုကိုရဖို့လဲ လိုသေးတယ်မလား၊ သင်ရဲ့အစွမ်းက ကြီးမားတယ်လို့ပြောတဲ့အတွက် ကျုပ်စမ်းကြည့်ချင်တယ်၊ ကျုပ်စမ်းသပ်မှုကိုသင်အောင်မြင်ရင် လေးကျွန်းဘုရားကို ပင့်ဆောင်ရမယ့် လမ်းကိုပြောပြမယ်၊ ဘယ်လိုလဲ ကျုပ်စိန်ခေါ်တာကိုလက်ခံလား” လို့မေးတော့ အောင်မြတ်သာက ” သင်ရဲ့စိတ်ခေါ်မှုကိုလက်ခံပါတယ်”လို့ပြောလိုက်တယ်။
အောင်မြတ်သာလက်ခံတယ်ဆိုရင်ပဲ ဇော်ဂျီက အိပ်ကပ်ထဲက ဆေးလုံးသုံးလုံးကို ထုတ်ပြီး ကျောက်ဖျာပေါ် တင်လိုက်တယ်။ ဆေးလုံးသုံးလုံးက အစိမ်းရောင်ရှိပြီး ဆီးသီးလုံးလောက်ကြီးတာကိုတွေ့လိုက်ရတယ်။
ဆေးသုံးလုံးကိုတင်ပြီးတဲ့အချိန် ဇော်ဂျီက –
“ဒီဆေးသုံးလုံးထဲမှာ နှစ်လုံးက အဆိပ်တွေပါတယ် ၊ ကျန်တဲ့တစ်လုံးက အဟာရသိဒ္ဒိပြီးစေတဲ့ဆေးလုံး၊ သင်ရွေးချယ်လို့ရပီ”လို့ပြောလိုက်တော့ အောင်မြတ်သာက ဆေးလုံးတွေကို ယူပြီး တစ်လုံးကို သက်ခိုင်ဆီပေးလိုက်တယ်၊ နောက်တစ်လုံးကို တောက်ရဆီပေးပြီး ကျန်တဲ့တစ်လုံးကို ပါးစပ်ထဲထည့်လိုက်တယ်။
သက်ခိုင်နဲ့တောက်ရက ဆေးလုံးတွေကိုကိုင်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့အချိန် အောင်မြတ်သာက –
“သောက်ချလိုက် ဘာမှမဖြစ်ဘူး” လို့ပြောလိုက်တယ်။
သက်ခိုင်နဲ့တောက်ရလဲ အောင်မြတ်သာသောက်ခိုင်းတဲ့အတွက် ဆေးလုံးတွေကို မြိုချလိုက်တယ်။ ဆေးသုံးလုံးကုန်သွားတဲ့အချိန်မှာတော့ ကတ္တီပါအနီရောင်ဝတ်ထားတဲ့ ဇော်ဂျီက ဟက်ဟက်ပက်ပက်ရီပါလေရော။
အောင်မြတ်သာက ဇော်ဂျီကိုကြည့်ပြီး –
“အသင်ဆေးတွေရဲ့ အစွမ်းကြောင့် ကျုပ်တို့ခရီးဆက်ဖို့ ခွန်အားတွေရလာတာကိုကျေးဇူးတင်ပါတယ်၊ သင်ဆေးတွေထဲမှာ အဆိပ်မပါဘူးဆိုတာ ကျုပ်အစထဲက သိပါတယ်”လို့ပြောလိုက်တော့ ဇော်ဂျီက –
“ဒါကြောင့်လဲ သင်ကနာမည်ကြီးနေတာကိုး ၊ သင်တို့လာမယ်ဆိုတာ မဟာဝိဇ္ဇထိုရ်အဖိုးက မှာထားပြီးသား၊ ဒါကြောင့် သင်တို့ကိုစောင့်နေတာပါ၊ ကျုပ်က သင်တို့ကိုရန်မမူပေမယ့်၊ ရှေ့ဆက်သင်တို့သွားမယ့်လမ်းကို သတိထားကြပါ၊ သင်တို့ဒီဖိုခနောက်ဆိုင်ကျောက်တုံးရဲ့အနောက်လျုှိထဲကို ဆင်းသွားကြ၊ လျုှိအဆုံးမှာ တောစောင့်နတ်ကြီးနေတဲ့ ဗိမ္မာန်ရှိတယ်၊ သူက နည်းနည်းရိုင်းတယ်၊ လေးကျွန်းဘုရားကိုစောင့်ရှောက်နေတဲ့သူတွေထဲမှာ သူကအဆိုးဆုံးပဲ၊ သူ့ဆီကနေ လမ်းနေရာကိုသိအောင်လုပ်ပြီး လေးကျွန်းဘုရားကို ပင့်ဆောင်ကြ”လို့ပြောပြီး ဖိုခနောက်ဆိုင် ကျောက်တုံးတွေကို တောင်ဝှေးနဲ့ ထောက်လိုက်တယ်ဆိုရင်ပဲ ဖိုခနောက်ဆိုင် ကျောက်တုံးတွေက နေရာရွေ့သွားပြီး လျုှိတစ်ခုပေါ်လာခဲ့တယ်။ အောင်မြတ်သာတို့လဲ ဇော်ဂျီကိုနှုတ်ဆက်ပြီး လျုှိထဲကိုဆင်းလာခဲ့လိုက်တယ်။
မတ်ဆောက်နေတဲ့လျုှိထဲမှာ လူသွားလမ်းလို ကျောက်ချောလမ်းလေးရှိနေတာမြင်ရတော့ သက်ခိုင် စိတ်အေးသွားတယ်။ ကျောက်ချောလမ်းအတိုင်း ဆင်းလာလိုက်တာ လျုှိအောက်ခြေနားလဲရောက်ရော ချိုအီအီအန့ံတစ်ခုက လေထဲကနေ ပျ့ံလွင့်လာတယ်။ အောင်မြတ်သာက အန့ံလဲရရော –
“သက်ခိုင်နဲ့တောက်ရ နာခေါင်းတွေကိုပိတ်ထားကြ
ဒီအန့ံတွေကိုရှုမိရင် သတိမေ့သွားလိမ့်မယ်
တောစောင့်နတ်ကြီးကတော့ ငါတို့ကိုပညာစမ်းပြီ” လို့ပြောရင်း အရှေ့ကိုဆက်သွားလိုက်တယ်။
သက်ခိုင်နဲ့တောက်ရလဲ နှာခေါင်းကို လက်နဲ့အုပ်ပီး အောင်မြတ်သာအနောက်ကိုလိုက်လာခဲ့တာ ဝါးတစ်ပြန်လောက်အရောက်မှာတော့ အောင်မြတ်သာက ရပ်လိုက်တယ်။
အောင်မြတ်သာက သက်ခိုင်တို့ကိုလှည့်ကြည့်ပြီး –
“ဒီနေရာက တောစောင့်နတ်ကြီးရဲ့ ဗိမ္မာန်နေရာပဲ ဘာတွေကြံနေပြန်ပီလဲမသိဘူး”လို့ပြောနေတဲ့အချိန် ဘေးခြုံထဲက လွှားခနဲခုန်ထွက်လာတဲ့ ကိုးတောင်ကျားတစ်ကောင်ကိုတွေ့လိုက်ရတယ်။
ကိုးတောင်ကျားရဲ့ကျောပေါ်မှာတော့ ဘေးတစ်စောင်းထိုင်လာတဲ့ တောစောင့်နတ်ကြီးကိုလဲ မြင်လိုက်ရတယ်။ တောစောင့်နတ်ကြီးက အောင်မြတ်သာကိုမြင်တော့
“ငါဘယ်သူလဲသိလား ငါ့ခွင့်ပြုချက်မရပဲ ဒီနေရာကဖြတ်မရဘူးဆိုတာ ဆေးဆရာရူးရူးနေတဲ့ ဟိုဇော်ဂျီကောင် မပြောလိုက်ဘူးလား ၊ ငါ့ခွင့်ပြုချက်မရပဲ လာတဲ့ကောင်တွေ အကုန်ကိုက်သတ်စမ်း” လို့ပြောလိုက်တယ်ဆိုရင်ပဲ ကိုးတောင်ကျားက အောင်မြတ်သာတို့ရှိရာကို ခုန်ဝင်လာခဲ့တယ်။
အစွယ်တွေဖြဲပြီးခုန်ဝင်လာတဲ့ ကိုးတောင်ကျားက အောင်မြတ်သာနားအရောက်မှာတော့ တအီအီနဲ့ အော်ပြီး အမြှီးကုပ်ကာအနောက်ကိုပြန်ပြေးပါလေရော။
တောစောင့်နတ်ကြီးလဲ သူ့ရဲ့စီးတော်ကျားဘာကိုမြင်ပြီး ပြန်လှည့်ပြေးလဲလို့ကြည့်လိုက်တော့ အောင်မြတ်သာရဲ့ ဘေးမှာ ဘယ်ကနေဘယ်လိုရောက်လာမှန်း မသိတဲ့ ခြငေ်္သ့နှစ်ကောင်ကိုတွေ့လိုက်ရတယ်။
ခြငေ်္သ့နှစ်ကောင်က ဘယ်ညာတစ်ဖက်တစ်ချပ်စီမှာ အသင့်နေရာယူရင်း ကိုးတောင်ကျားကို ကိုက်ဖို့ချောင်းနေတာမြင်တော့ တောစောင့်နတ်ကြီးရဲ့ စီးတော်ကျားက ဘယ်လိုသွားခိုင်းသွားခိုင်း မသွားတော့ဘူး။
တောစောင့်နတ်ကြီးလဲ အောင်မြတ်သာကို အကြမ်းနည်းနဲ့လုပ်မရမှန်းသိတော့ အနုနည်းနဲ့ကြိုးစားပြန်တယ်။ တောစောင့်နတ်ကြီးက သူ့ရဲ့ဘယ်ဘက်လက်ကို ဝှေ့ယမ်းလိုက်တယ်ဆိုရင်ဖြင့် နတ်သမီးရှုံးရလောက်အောင် လှပတဲ့မိန်းမပျို၅ယောက်က ဂူထဲကနေ ထွက်လာခဲ့တယ်။
လက်ထဲမှာလဲ မွှေးကြိုင်နေတဲ့ ပန်းပေါင်းစုံကို ကိုင်ဆောင်လာပြီး အောင်မြတ်သာအနားကို မယောင်မလည်နဲ့ ချဉ်းကပ်လာခဲ့တယ်။
အောင်မြတ်သာအနားကိုရောက်ဖို့ ကြိုးစားပေမယ့် အနားရောက်တာနဲ့ အလွန်တရာပူလောင်တဲ့ အပူရှိန်ကြောင့် မိန်းမပျိုတွေက အောင်မြတ်သာအနားကို မကပ်တော့ပဲ သက်ခိုင်နဲ့ တောက်ရ ဘက်ကိုလှည့်သွားတယ်။
သက်ခိုင်နဲ့ တောက်ရလဲ အခြေအနေကို သဘောပေါက်တဲ့အတွက် အရှေ့မှာ စည်းသုံးချက်တားပြီး အင်းစမတွေကို ရွတ်နေလိုက်တယ်။
မိန်းမပျိုလေးတွေလဲ သက်ခိုင်နဲ့တောက်ရတားထားတဲ့ စည်းကိုမကျော်နိုင်ပဲဖြစ်နေတဲ့အချိန် –
“ရွှမ်း ရွှမ်း ရွှမ်း”ဆိုတဲ့အသံနဲ့အတူ မိန်းမပျိုတွေရဲ့ နာကြင်စွာအော်ဟစ်နေတဲ့အသံကို ကြားလိုက်ရတယ်။
အော်သံကြားလို့ သက်ခိုင်လှမ်းကြည့်လိုက်တဲ့ အချိန်မှာတော့ မိန်းမပျိုလေးတွေကို ကြိမ်နဲ့ရိုက်နေတဲ့ တောစောင့်နတ်ကြီးကိုမြင်လိုက်ရတယ်။
တောစောင့်နတ်ကြီးက –
“အသုံးမကျတဲ့ဟာတွေ ဒါလေးတောင်ခိုင်းစားမရဘူး” ဆိုပြီး ရိုက်နေတဲ့အချိန် အောင်မြတ်သာက –
“တောစောင့်နတ်ကြီး သင်ဟာ စာနာစိတ်မရှိတဲ့သူပဲ ကျုပ်ကသင်တို့ကိုမနာကျင်စေချင်လို့ အလျော့ပေးပြီး သင်နားလည်လာအောင်ကြိုးစားပေမယ့် သင်လက်သင့်မခံဘူး၊ အခုတော့သင့်ကို ဆုံးမမှရတော့မယ်”လို့ပြောပြီး လက်ကိုလေထဲဝှေ့ယမ်းလိုက်တယ်ဆိုရင်ပဲ အင်းစမတွေရေးထားတဲ့ ကြိမ်လုံးတစ်လုံး လက်ထဲကိုရောက်လာခဲ့တယ်။
အောင်မြတ်သာလဲ လက်ထဲကြိမ်လုံးရောက်တယ်ဆိုရင်ပဲ လေထဲကိုဝှေ့ယမ်းပြီး ရိုက်တော့ တောစောင့်နတ်ကြီး မြေပေါ်လူးလိမ့်ပြီး အော်ရပါလေရော။
အဲဒီတော့မှ အောင်မြတ်သာအစွမ်းကိုသိပြီး ကြောက်လန့်တကြား ဒူးထောက်တောင်းပန်တော့မှ အောင်မြတ်သာက ကြိမ်လုံးနဲ့ရိုက်နေတာကို ရပ်လိုက်တယ်။
သေမတတ်ကြောက်လန့်သွားတဲ့ တောစောင့်နတ်ကြီးက အောင်မြတ်သာအရှေ့ဒူးထောက်ထိုင်ပြီး –
“အကျွနု်ပ်ရဲ့စော်ကားရိုင်းပြမှုကို သည်းခံပေးပါ ၊ ဆရာရဲ့အစွမ်းကိုမထီမဲ့မြင်ပြုခဲ့မိတဲ့အတွက် ရိုသေစွာတောင်းပန်ပါတယ်”ဆိုပြီးပြောတော့မှ အောင်မြတ်သာက –
“နောက်တစ်ခါသင်ဒီလိုမိုက်ရိုင်းစော်ကားနေဦးမယ်ဆိုရင် ကျုပ်ခွင့်လွှတ်မှာမဟုတ်ဘူး၊ ကျုပ်တို့ကို လေးကျွန်းဘုရားစံပယ်နေတဲ့နေရာကိုလမ်းညွှန်ပေးပါ”လို့ပြောတော့ တောစောင့်နတ်ကြီးက –
“ဒီတောင်နံရံထဲမှာ လှိုဏ်ဂူပေါက်တစ်ခုရှိပါတယ် ၊ လှိုဏ်ဂူထဲကနေ ထွက်သွားတာနဲ့ လေးကျွန်းဘုရားစံပယ်တဲ့ ဝါးပိုးတောကိုရောက်ပါလိမ့်မယ်၊ ဝါးပိုးတောကို စောင့်ကြပ်နေတဲ့ ရုက္ခစိုးနတ်ကြီးက ဆရာတို့ကို လမ်းပြပါလိမ့်မယ်” လို့ပြောပြီး လှိုဏ်ဂူတံခါးကို ဖွင့်ပေးခဲ့တယ်။
အောင်မြတ်သာတို့လဲ လှိုဏ်ဂူထဲကနေ အပြင်ဘက်ကို ထွက်လာခဲ့တယ်။ လှိုဏ်ဂူအပြင်ဘက်ရောက်တော့ ဝတ်ဖြူ စင်ကြယ်ဝတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးက အသင့် စောင့်ကြိုနေတာကိုမြင်လိုက်ရတယ်။
အောင်မြတ်သာတို့ကိုလဲမြင်ရော ဝတ်ဖြူ စင်ကြယ်နဲ့ ပုဂ္ဂိုလ်က “ဆရာတို့ပင့်ဆောင်ရမယ့် လေးကျွန်းဘုရားကိုအရင်ဖူးမျှော်လိုက်ပါဦး”လို့ပြောပြီး ဝါးပိုးဝါးပင်တစ်လုံးရှေ့ကိုခေါ်သွားခဲ့တယ်။
လူကြီးပေါင်လုံးလောက်ရှိတဲ့ ဝါးပိုးဝါးပင်ရှေ့ရောက်တော့ ဝတ်ဖြူ.စင်ကြယ်နဲ့ပုဂ္ဂိုလ်က –
“ဒီထဲမှာ လေးကျွန်းဘုရားကိန်းစပ်စံပယ်တော်မူနေပါတယ်၊ ဘုရားဆင်းတုတော်ရဲ့တန်ခိုးတော်အရ မျက်နှာသွင်ပြင်ဟာအမျိုးမျိုးပြောင်းလဲနေတတ်တယ်၊ လေးကျွန်းဘုရားဆင်းတုတော်ကို ရေသပ္ပါယ်ပြီး ကျလာတဲ့ရေကို သောက်သုံးရင် ရောဂါဘယတွေပျောက်ကင်းပါတယ်၊ ဘုရားဆင်းတုတော်ကို ပိတ်ဖြူ ဝတ်ပုဂ္ဂိုလ်လေးပါး၊ ဇော်ဂျီလေးပါးကနှစ်ပေါင်းများစွာ စောင့်ရှောက်ခဲ့ကြတယ်၊ ယခုအချိန်ကတော့ ခုနှစ်ရက်သားသမီးတွေ ပူဇော်ဖို့အချိန်ကျရောက်ပြီဖြစ်လို့ ဒေသစာရီကြွချီရတော့မှာပေါ့”လို့ပြောတော့ အောင်မြတ်သာက –
“ကျွန်တော်တို့ကလေးကျွန်းဘုရားဆင်းတုတော်ကို ပင့်ဆောင်ဖို့လာရောက်တာဖြစ်ပေမယ့် ယခုခွင့်ပြုချက်ရပြီဆိုတော့ ဆိုင်ရာပုဂ္ဂိုလ်များကပဲ ထိုက်သင့်သလိုစီမံ ကြပါ၊ ကျွန်တော်တို့ဆန္ဒက ခုနှစ်ရက်သားသမီးတွေ အလှည့်ကျပူဇော်စေချင်တာဖြစ်တဲ့အတွက် စံကျောင်းတော်ပုံသေမထားပဲ ၊ မြန်မာနိုင်ငံအန့ှံကိုလှည့်လည်ပြီး ကိန်းဝပ်စံပယ်တော်မူချင်ပါတယ်”လို့ပြောတော့မှ ဝတ်ဖြူ စင်ကြယ်ဝတ်ပုဂ္ဂိုလ်က –
“ဆရာလေးရဲ့ သဘောအတိုင်း ဆောင်ရွက်ပေးပါ့မယ်”လို့ကတိပေးလိုက်တဲ့အချိန်မှာ လေးကျွန်းဘုရားကိန်းဝပ်နေတဲ့ ဝါးပိုးဝါးကထက်ခြမ်းကွဲလာပြီး ရွှေပလ္လင်ထက်မှာ ကိန်းဝပ်စံပယ်နေတဲ့ တစ်ထွာခန့်သာသာရှိတဲ့ လေးကျွန်းဘုရားဆင်းတုတော်ကို ဖူးမြင်လိုက်ရတယ်။ အောင်မြတ်သာတို့ ဖူးမျှော်နေတဲ့အချိန်မှာ လေးကျွန်းဘုရားဆင်းတုတော်ရဲ့ ဦးခေါင်းတော်ကနေ ရောင်ခြည်တွေဖြာထွက်လာတာကိုလည်း ဖူးမျှော်လိုက်ရတယ်။
အောင်မြတ်သာတို့ဆရာတပည့်တွေလဲ လေးကျွန်းဘုရားဆင်းတုတော်ကို ဖူးမျှော်ကန်တော့ပြီး ၊ ခုနှစ်ရက်သားသမီးတွေ ပူဇော်နိုင်ဖို့ထပ်မံမှာကြားရင်း ပဲခူးရိုးမ တောထဲကနေပြန်ဖို့အလုပ်မှာ ဝတ်ဖြူ စင်ကြယ်နဲ့ ပုဂ္ဂိုလ်က ဆရာလေးတို့ ပြန်ရင် ဒီတောလမ်းလေးအတိုင်း လျောက်ထွက်သွားပါ။
ကွမ်းတစ်ယာညက်ခန့်ကြာရင် တောစပ်ကိုရောက်ပါလိမ့်မယ်လို့ ပြောပြီး ပြန်ထွက်ရမယ့်နေရာ ထိလိုက်ပို့ခဲ့တယ်။အောင်မြတ်သာတို့လဲ တောလမ်းလေးအတိုင်းပြန်ထွက်လာခဲ့တာ ကွမ်းတစ်ယာညက်ခန့်ကြာတော့ တောင်ခြေကိုပြန်ရောက်လာခဲ့တယ်။
တောင်ခြေကိုရောက်တော့ စန္ဒကူးအနံ့တွေရုတ်တရက် ကြိုင်လာခဲ့တယ်။ စန္ဒကူးအန့ံရတော့ အောင်မြတ်သာက”ဝိဇ္ဇာထိုရ်ကြီးလာနှုတ်ဆက်တာနေမှာ”လို့ပြောပြီး ပဲခူးရိုးမတောထဲကနေ ပြန်လည်ထွက်ခွာလာခဲ့ကြတယ်။
ပဲခူးရိုးမကနေ ပြန်ထွက်လာတဲ့အချိန် သက်ခိုင်က
“ဆရာ လေးကျွန်းဘုရားကို ဘယ်သူက တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်မှာလဲ” လို့မေးတော့ အောင်မြတ်သာက
“လေးကျွန်းဘုရားကို ထိန်းသိမ်းမယ့်လူကို ရွေးချယ်ပြီးသွားပြီ၊ သူဟာသာမန်လူအဖြစ်ကနေ သာသနာ့ဘောင်ကိုဝင်ရောက်ပြီး လေးကျွန်းဘုရားကို ထိန်းသိမ်းစောင့်ရှောက်လိမ့်မယ်”ဆိုပြီးပြောခဲ့တယ်။
အောင်မြတ်သာတို့လဲ လေးကျွန်းဘုရားကို ခုနှစ်ရက်သားသမီးတွေပူဇော်နိုင်ရေးတာဝန်ကို ထမ်းဆောင်ခဲ့တဲ့နောက်မှာတော့ ခြေဦးတည့်ရာလျောက်သွားပြီး တရားထိုင်ခြင်း၊ အင်းစမ ရေးဆွဲခြင်းများဆောင်ရွက်ခဲ့တယ်။
ဒီလိုနဲ့ရက်ပေါင်းများစွာကြာတဲ့အခါမှာတော့ လူအများအလုအယက် တိုးဝှေ့ဝင်နေကြတဲ့ အိမ်တစ်အိမ်ရှေ့ကို ရောက်ခဲ့ကြတယ်။အိမ်အရှေ့မှာတော့ “လေးကျွန်းဘုရားခေတ္တစံမြန်းရာနေအိမ်” လို့ရေးထားတာကို မြင်လိုက်ရတယ်။
အောင်မြတ်သာတို့လဲ လေးကျွန်းဘုရားကို ထပ်မံဖူးမျှော်ဖို့အိမ်ပေါ်ကိုတက်ခဲ့ကြတယ်။ အိမ်ပေါ်လဲရောက်ရော ရွှေပလ္လင်ထက်မှာ ကိန်းဝပ်နေတဲ့ လေးကျွန်းဘုရားကိုအားပါးတရဖူးမျှော်ပြီးတဲ့အချိန် အိမ်ခန်းထဲကနေ ကလေးတစ်ယောက် လေးဘက်ထောက်ပြီး ထွက်လာတာကို မြင်လိုက်ရတယ်။
ဖူးမြင်သူအများအပြားရှိနေပေမယ့် ကလေးကိုတစ်ယောက်မှမြင်တဲ့ပုံမပေါ်ဘူး။ ကလေးလေးက လေးဘက်ထောက်လာပြီး အောင်မြတ်သာအရှေ့လဲရောက်ရော ရုတ်တရက်ကုန်းထလိုက်တာ ဇော်ဂျီတစ်ပါးဖြစ်သွားခဲ့တယ်။ဇော်ဂျီလဲ အောင်မြတ်သာကိုလှည့် ကြည့်ပြီး ပြူတင်းပေါက်ကနေ ပျံထွက်သွားတယ်။
အောင်မြတ်သာတို့လဲ လေးကျွန်းဘုရားကို ဖူးမျှော်ပြီးထပြန်မယ်အလုပ် နားထဲမှာ—
“အောင်မြတ်သာ လူလေး ဒီကနေ အရှေ့ဘက်ကိုဆက်သွားရင် နာဂဝီသတောင်တန်းဆိုတာရှိတယ်၊ နာဂဝီသတောင်တန်းပေါ်မှာ စိတ္တသုခဆိုတဲ့ဘုန်းကြီးကျောင်း တစ်ကျောင်းရှိတယ်၊ အဲဒီဘုန်းကြီးကျောင်းမှာ ဘယ်သံဃာမှ နေမရအောင် ခြောက်လှန့်နေတဲ့ ဘုန်းကြီးတစ္ဆေရှိတယ်၊ မင်းတာဝန်က ဘုန်းကြီးတစ္ဆေကို ကျောင်းကနေကျွတ်လွတ်အောင် လုပ်ပေးဖို့ပဲ”ဆိုတဲ့အသံကို ကြားလိုက်ရတယ်။
အောင်မြတ်သာတို့လဲ လေးကျွန်းဘုရားခေတ္တစံမြန်းရာ နေအိမ်ကနေထွက်လာပြီးတော့ နာဂဝီသတောင်တန်းပေါ်ကိုခရီးဆက်ထွက်ခဲ့ကြတယ်။
နာဂဝီသတောင်တန်းပေါ်က စိတ္တသုခဆိုတဲ့ဘုန်းကြီးကျောင်းမှာစွဲနေတဲ့ ဘုန်းကြီးတစ္ဆေကို ဘယ်လိုကျွတ်လွတ်အောင်လုပ်မလဲ။
ဘုန်းကြီးတစ္ဆေကရော ဘယ်လိုတွေ ခြောက်လှန့်သလဲ။
ဘာကြောင့်ဒီကျောင်းကိုစွဲနေသလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်ဘုန်းကြီးတစ္ဆေဆိုတဲ့ဝတ္တုလေးမှာ စောင့်မျှော်ဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment