အောင်မြတ်သာနှင့်သိမ်ဝင်သပိတ်ကွဲအင်း

” အောင်မြတ်သာနှင့်သိမ်ဝင်သပိတ်ကွဲအင်း ”
စာရေးဆရာ — ဇေယန(ရာမည)
+++++++++++++++++++++

မနက်စောစော နှင်းမကွဲသေးခင် တိုက်ခတ်နေတဲ့ မြောက်လေရူးက အရပ်လေး မျက်နှာကိုလှည့်ပြီး တိုက်ခတ်နေခဲ့တယ်။ လယ်ကွင်းရဲ့ဘေးမှာ ဆောက်ထားတဲ့လယ်စောင့်တဲ ထဲမှာတော့ ခွေးနီမတစ်ကောင်က ပြာအတိကျနေတဲ့မီးဖိုပေါ် လူးလိမ့်ပြီး အိပ်နေတဲ့အချိန် တဲဘေးကနေ ဖြတ်သွားတဲ့ခြေသံကြောင့် အိပ်နေရာကနေ ခေါင်းထောင်ပြီး ကြည့်ကာ စူးစူးဝါးဝါးထိုးဟောင်လိုက်တယ်။
“ဟဲ့ ခွေးနီမ ကိုယ့်ဘာသာပြန်အိပ်နေ ငါတို့က နင့်ကိုဒုက္ခပေးမယ့်သူတွေမဟုတ်ဘူး”
ခွေးနီမက လုံချည်ကိုတိုတိုဝတ်ထားပြီး လက်ပိုက်ကာရပ်နေတဲ့လူရဲ့စကားကို နားလည်တဲ့ အလား တအီအီမြည်သံပြုကာ ပြာပုံထဲကိုပြန်လှဲချလိုက်တယ်။
“ ဆရာအောင်မြတ်သာက ငါတို့ကို ဒီနားမှာစောင့်ခိုင်းထားတာအတော်ကြာပြီ အခုထိလဲ မပေါ်လာသေးဘူး ဘာအရေးများထူးလို့လဲမသိပါဘူး”
“ ဟုတ်တယ်ဆရာ ဒီပုံအတိုင်းဆိုရင် တစ်ခုခုတော့ထူးမှာအသေချာပဲ”
လွယ်အိတ်ကိုယ်စီလွယ်ထားတဲ့ လူငယ်နှစ်ယောက်စကားအဆုံးမှာ ပြာပုံထဲမှာအိပ်နေတဲ့ ခွေးနီမက အိပ်နေရာကနေ ထရပ်လိုက်ပြီး အမြှီးနှံ့ကာ တဲအပြင်ဘက်ကိုပြေးထွက်သွားခဲ့တယ်။ မကြာမီ အမြှီးလှုပ်ပြီးပြန်လာတဲ့ခွေးနီမဘေးမှာ အရပ်မြင့်မြင့် မေးရိုးကားကားနဲ့လူတစ်ယောက် ပါလာခဲ့တယ်။ ခွေးနီမကတော့ ဘေးမှာပါလာတဲ့လူရဲ့ခြေသလုံးတွေကို ခေါင်းနဲ့‌ဝှေ့လိုက် ခုန်ပေါက် ကစားလိုက်နဲ့လာခဲ့ရာ အနားရောက်တော့ –
“ သက်ခိုင်နဲ့တောက်ရ မင်းတို့စောင့်နေရတာကြာနေပြီလား”လို့ပြောလိုက်တော့မှ တဲထဲမှာ ရပ်နေတဲ့လူနှစ်ယောက်က –
“ နှင်းတွေမကွဲသေးတော့ ဘယ်သူဆိုတာ သေချာမမြင်ရဘူးဖြစ်နေတာ ဘယ်လိုလဲဆရာ အရေးကိစ္စပါလာပြီလား”လို့ပြောတော့ အောင်မြတ်သာက လွယ်အိတ်ထဲမှာပါလာတဲ့ ထန်းသီးမုန့် တစ်တုံးကိုထုတ်ပြီး ခွေးနီမကိုချကျွေးလိုက်ရင်း –
“အေး အရေးကိစ္စကတော့ကြီးတယ်လို့ပြောရမယ် ဒီတစ်ခါ ငါတို့တစ်ခါမှမသုံးဖူးတဲ့ နည်းကို သုံးကြည့်ဖို့အကြောင်းဖန်လာခဲ့ပြီလို့ဆိုရမယ်”
သခ။ “ဘယ်လိုနည်းသုံးရမယ်ဆိုတာ သင်ပြပါဦးဆရာ”
အမသ။ “အခုငါ့လက်ထဲမှာကိုင်ထားတဲ့သပိတ်ကွဲကိုမြင်တယ်မဟုတ်လား ဒီသပိတ်ကွဲ က သီလ၊သမာဓိ၊သိက္ခာနဲ့ပြည့်စုံတဲ့ ဆရာတော်တွေ စုပေါင်းသမုတ်ထားတဲ့ သိမ်ဝင်သပိတ် အပိုင်းအစပဲ”
တရ။ “ဆရာ ဒီသပိတ်ကွဲက ဘယ်လိုအစွမ်းသတ္တိရှိလို့လဲ နောက်ပြီး ကျွန်တော်တို့ပညာနဲ့ ဘယ်လိုအပ်စပ်လို့လဲ”
အမသ။ “ဒီသိမ်ဝင်သပိတ်ကွဲကို သာမန်ပယောဂကပ်နေတဲ့လူနာရဲ့နဖူးပေါ်တင်လိုက်ရုံ နဲ့စွဲကပ်နေတဲ့အရာတွေပပျောက်စေတယ် အဆင့်မြင့်တဲ့ပညာသည်တွေကို အနိုင်ယူမယ်ဆိုရင်တော့ ဒီသပိတ်ကွဲကို သိဒ္ဓိတင်ဖို့လိုလိမ့်မယ်”
သခ ။ “သိဒ္ဓိတင်တဲ့နည်းကိုသိဖို့ဘယ်လိုလုပ်ရမလဲဆရာ”
အမသ ။ “ အဲဒီအတွက်မပူပါနဲ့ အထက်ဆရာကြီးတွေက ဘယ်လိုလုပ်ရမယ်ဆိုတာ ဘာပြောလိမ့်မယ် အခုလောလောဆယ် ဒီအနီးတစ်ဝိုက်မှာကျက်စားတတ်တဲ့ ရွာသူတွေ အကြောင်းကိုသိဖို့အရင်လုပ်ရမယ်”
အောင်မြတ်သာကပြောရင်းဆိုရင်း အစာဝလို့ပြာပုံပေါ်မှာအိပ်နေတဲ့ခွေးနီမရဲ့ ခေါင်းကို ပွတ်သတ်ပြီး သက်ခိုင်နဲ့တောက်ရတို့နားမလည်တဲ့ ဘာသာစကားနဲ့ပြောနေတာကိုမြင်လိုက်ရတယ်။ ခွေးနီမကလဲအောင်မြတ်သာပြောနေတာကို သဘောပေါက်နည်းလည်ဟန်နဲ့ တအီအီအော်လိုက် အနောက်ဘက်ကိုလှည့်ကြည့်လိုက်လုပ်နေခဲ့တယ်။ ခဏကြာတော့ အောင်မြတ်သာက မတ်တပ် ထရပ်လိုက်ပြီး –
“ဒီလယ်ကွင်းရဲ့ အနောက်ဘက်မှာရှိတဲ့ တောစပ်ကို ပညာသည်တွေ တစ်ခါတစ်လေ လာတတ်တယ်လို့ ခွေးနီမကပြောတယ်။ ပညာသည်တွေထဲမှာ လူအရိုးခေါင်းတွေကို တောင်ဝှေး ထိပ်မှာချိတ်ထားတဲ့သူတွေပါသလို အချို့ကျတော့လဲ အရိုးတွေကိုဆံထိုးလိုလုပ်ပြီးထုံးထားတယ်တဲ့။ သူ့ကအစာရလိုရငြားအနားကပ်သွားရင် ရိုက်တယ်လို့လဲပြောတယ် ခွေးနီမပြောစကားအရ ဒီလူတွေဟာ အစုအဖွဲ့နဲ့နေတတ်တဲ့သဘောမှာရှိတယ်”
သခ ။ “ဆရာ ဒါဆို ကျွန်တော်တို့က ဘာဆက်လုပ်ရမလဲ”
အမသ ။ “သိပ်လဲမလောပါနဲ့ဦး မကြာခင်ငါတို့ဘာလုပ်ရမယ်ဆိုတာသိလာပါလိမ့်မယ်”
အောင်မြတ်သာစကားအဆုံးမှာ အနောက်ဘက်တောအုပ်ဆီကနေ ကျယ်လောင်တဲ့ ငှက်ဆိုးထိုးသံတစ်ချက်ကိုကြားလိုက်ရတယ်။ မကြာခင် အလုပ်ခွင်ဝင်ဖို့လာကြတဲ့ ရွာသားတွေရဲ့ အသံကြောင့် အောင်မြတ်သာတို့လဲ လယ်စောင့်တဲထဲကနေထွက်ကာ အနောက်ဘက်တောစပ် ဘက်ကိုထွက်လာခဲ့ကြတယ်။ ပဲခူးရိုးမတောင်ခြေနဲ့ဆက်စပ်နေတဲ့အတွက် သစ်ပင်ဝါးပင်တွေက နေပျောက်မထိုးအောင်ကြီးထွားသန်မာနေခဲ့သလို တောတွင်းထဲကနေ ချေဟောက်သံ၊ မျောက် အော်သံအချို့ကို တစ်ချက်တစ်ချက်ဆို ကြားခဲ့ရတယ်။
အောင်မြတ်သာတို့လဲ အမိန့်မကျသေးတဲ့အတွက် တောအဝင်စပ်မှာ သစ်ခုတ်သမားတွေဆောက်ထားတဲ့ တဲအိမ်တစ်လုံးပေါ် အခြေချရင်း သိမ်ဝင်သပိတ်ကွဲအင်းကို ရေးဆွဲဖို့စောင့်ဆိုင်းနေခဲ့တယ်။ သက်ခိုင်နဲ့တောက်ရကတော့ လူမနေတာကြာပီဖြစ်တဲ့ တဲအိမ်ပေါ်က အမှိုက်သရိုက်တွေကို သစ်ကိုင်းတစ်လက်နဲ့ရှင်းလင်းရေးလုပ်နေတဲ့အချိန် တဲဘေးမှာရှိနေတဲ့ ခြံထဲ ကနေ တစ်ခုခုထွက်လာတဲ့အသံကိုကြားလို့ကြည့်လိုက်တော့ လယ်စောင့်တဲမှာတွေ့ခဲ့တဲ့ ခွေးနီမ ဖြစ်နေတယ်။ခွေးနီမက သက်ခိုင်နဲ့တောက်ရကို သိတဲ့ဟန်နဲ့ အမြှီးနှံ့ကာတအင့်အင့်လုပ်ပြီး အောင်မြတ်သာရှိတဲ့ဘက်ကိုထွက်သွားခဲ့တယ်။
သက်ခိုင်နဲ့တောက်ရတို့ သန့်ရှင်းရေးလုပ်ပြီးတဲ့ချိန်မှာတော့ အောင်မြတ်သာနဲ့ခွေးနီမတို့ တဲအိမ်ဘက်ကိုလျောက်လာပြီး –
“ကဲ သပိတ်ကွဲကိုသိဒ္ဓိတင်မယ့်နည်းတော့ရပြီဆိုတော့ လိုအပ်တဲ့ပစ္စည်းတွေရှာဖို့ပဲ လိုတော့တယ် – သက်ခိုင်နဲ့တောက်ရက သံချောင်းလိုမာကျောနေတဲ့ ကျွန်းနက်သားတစ်စကိုရှာဖို့ လုပ်ပါ-ခွေးနီမကတော့ သေဆုံးနေတဲ့ကြောက်နက်ရဲ့အရိုးကိုရှာလာခဲ့ပါ” လို့ပြောတော့ ခွေးနီမက စကားနားလည်းတဲ့အလား တောထဲကိုပြေးဝင်သွားခဲ့တယ်။
သက်ခိုင်နဲ့တောက်ရကတော့ ထွက်မသွားသေးပဲ အောင်မြတ်သာကိုကြည့်နေတာမြင်တော့ –
“ကျွန်းနက်ကို နတ်နဂါးတွေစောင့်ရှောက််တယ်ဆိုတဲ့အချက်ကိုမေ့နေတာလား”လို့ပြောမှ သက်ခိုင်နဲ့တောက်ရတို့ သဘောပေါက်ဟန်နဲ့ရယ်ကျဲကျဲလုပ်ကာ ထွက်သွားခဲ့တယ်။ အားလုံးထွက် သွားတော့မှ အောင်မြတ်သာက တဲပေါ်မှာတင်ပလ္လင်ခွေထိုင်လိုက်ပြီး လက်ထဲမှာကိုင်ထားတဲ့ သိမ်ဝင် သပိတ်ကွဲစကိုအရှေ့မှာချကာ စူးစိုက်ကြည့်နေလိုက်တယ်။ သပိတ်ကွဲစမှာပါတဲ့အနက်ရောင်ကို စူးစိုက်ကြည့်နေရာကနေ ပတ်ဝန်းကျင်တစ်ခုလုံးအလင်းရောင်လုံးဝမရှိတော့အောင် အမှောင်ထု ဖုံးလွှမ်းသွားတဲ့အထိ သမထအားက ကောင်းလာခဲ့တယ်။ မဲမှောင်ပိတ်ဖုံးနေတဲ့ အမှောင်ထုကို အာရုံ စိုက်ကာရှုမှတ်နေတုန်း အရှေ့မှာချထားတဲ့သပိတ်ကွဲစဆီကနေ စူးရှတောက်ပတဲ့အလင်းစတစ်ခု ထွက်လာတာကိုမြင်လိုက်ရတယ်။ အလင်းစက တစ်ဖြေးဖြေးအားကောင်းလာခဲ့တာ ခုနက အမှောင်ဖုံးနေတဲ့ပတ်ဝန်းကျင်က တစ်ဖြေးဖြေးလင်းထိန်လာခဲ့ပြီး မူလအခြေအနေကိုပြန်ရောက် သွားခဲ့တယ်။
အောင်မြတ်သာလဲ အနက်ရောင်ကသိုင်းရှုမှတ်ပြီးလို့ အနောက်လှည့်လိုက်ချိန်မှာတော့ တစ်ကိုယ်လုံးရေတွေစိုရွှဲနေတဲ့ သက်ခိုင်နဲ့တောက်ရတို့ကိုတွေ့လိုက်ရတယ်။ တောက်ရက အောင်မြတ်သာကိုမြင်တော့
“ဆရာဟောဒီမှာကျွန်းနက်တစ်တုံးတော့ရလာတယ်- ဒီကျွန်းနက်က လုံးပတ်တစ်ပေသာသာပဲ ရှိပေမယ့် အတော်လေးတာဗျ မသိရင် ကျောက်တုံးတစ်တုံးလိုပဲ”လို့ပြောကာ တဲအောက်မှာချထားတဲ့ ကျွန်းနက်တုံးကို လက်ညိုးထိုးပြလိုက်တယ်။
အောင်မြတ်သာက တဲအောက်မှာရှိတဲ့ ကျွန်းနက်တုံးကို လက်ခေါက်နဲ့ခေါက်ကြည့်လိုက်ရာ မာကြောကျစ်လစ်တဲ့အထိအတွေ့ကိုခံစားမိပြီး –
“ ရွှေဓါတ်၊ရေဓါတ်၊မြေဓါတ်တွေအတော်အားကောင်းတဲ့ကျွန်းနက်ပဲ – ဒီလိုပစ္စည်းမျိုးကို ဘယ်လိုနည်းနဲ့ရလာခဲ့တာလဲ”လို့မေးလိုက်တော့ သက်ခိုင်က ရယ်ကျဲကျဲလုပ်ပြီး –
“ ဒီကောင်ပေါ့ ဆရာက အစဖော်ပေးလိုက်တာကိုအခွင့်ကောင်းယူပြီး သူပိုင်တဲ့ မြွေနဂါးတွေကိုဆင့်ခေါ်ပြီး သိဒ္ဓိဝင်ကျွန်းနက်တုံးကိုရှာခိုင်းခဲ့တယ် မြွေနဂါးတွေယူလာပေးတဲ့ ကျွန်းနက်တွေက သိပ်ပြီးမကျစ်လစ်လို့ ထပ်ရှာခိုင်းရာကနေ အတောင်နှစ်ဆယ်လောက်နက်တဲ့ ရေအောက်မှာ နှစ်တစ်ရာကျော်ကျော်ကြာနေပြီဖြစ်တဲ့ ကျွန်းနက်တုံးတစ်ခုကိုရလာတာပဲ – အဲဒါတောင် တောက်ရက မကြိုက်ဘူးလုပ်နေတဲ့ အတင်းမာန်မဲပြီးရတဲ့အတုံးဆွဲလာရတာပဲဆရာရေ” လို့ပြောလိုက်ရာ အောင်မြတ်သာက သဘောကျဟန်နဲ့ ဖြူ‌ဖွေးနေတဲ့သွားတက်လေးပေါ်အောင် ရယ်ပါလေရော။
လိုအပ်တဲ့ပစ္စည်းနှစ်ခုထဲက တစ်ခုကိုရပြီမို့ ကျန်တဲ့ပစ္စည်းကိုရှာလာမယ့် ခွေးနီမကို အောင်မြတ်သာတို့စောင့်ဆိုင်းနေခဲ့ကြတယ်။ တစ်နာရီလောက်ကြာတော့ အရိုးကျနေပြီဖြစ်တဲ့ ကြောင်နက်တစ်ကောင်ကို ကိုက်ချီလာတဲ့ခွေးနီမကို ခပ်လှမ်းလှမ်းကနေ မြင်လိုက်ရတယ်။ အောင်မြတ်သာက ခွေးနီမကိုမြင်တော့ မျက်မှောင်ကျုတ်လိုက်ပြီး မတ်တပ်ထရပ်လိုက်တဲ့အချိန် ခွေးနီမက ဆက်မလာနိုင်တော့ပဲ ဝါးတစ်ပြန်အကွာမှာ ပစ်လဲကျသွားခဲ့တယ်။ သက်ခိုင်နဲ့ တောက်ရက လဲကျသွားတဲ့ခွေးနီမရှိရာကိုပြေးသွားပြီး ကြည့်လိုက်ရာ ဝမ်းဗိုက်မှာ ကန့်လန့်ဖြတ် ကွဲပြီးသွေးတစ်တောက်တောက်ကျနေတဲ့ဒဏ်ရာတစ်ခုကိုမြင်လိုက်ရတယ်။
ခွေးနီမက လဲကျနေပေမယ့် ကိုက်ထားတဲ့ကြောင်နက်ကို မလွတ်ပေးပဲ တင်းခံထားတဲ့အတွက် သက်ခိုင်က အောင်မြတ်သာကိုကြည့်ပြီး –
“ဆရာ လာယူမှဖြစ်မယ် ဒီခွေးနီမက ကျွန်တော်တို့ကိုပေးချင်တာမဟုတ်ဘူး”လို့ပြောတော့ အောင်မြတ်သာက ဘေးမှာချထားတဲ့လွယ်အိတ်ကိုယူကာ ခွေးနီမရှိရာကိုလျောက်လာခဲ့တယ်။ အနားကိုရောက်တော့ ပါးစပ်မှာကိုက်ထားတဲ့ ကြောင်နက်အရိုးစုကိုဆွဲယူလိုက်ပြီး ဟက်တက်ကွဲ နေတဲ့ဒဏ်ရာကို လက်နဲ့အုပ်ပြီးမန်းလိုက်တယ်ဆိုရင်ပဲ ကွဲနေတဲ့ဒဏ်ရာက ချက်ချင်းသွေးတိတ်သွား ပြီးတစ်ဖြေး‌ဖြေးပြန်ဆက်သွားခဲ့တယ်။
“တောက်ရ မင်းကခွေးနီမကို ချီပြီးတဲပေါ်ကိုခေါ်လာခဲ့ သက်ခိုင်က ကြောင်နက်ရဲ့ညာဘက် ခြေထောက်အရိုးနဲ့ကျွန်းနက်တုံးကိုရေသေချာဆေးပြီးယူလာခဲ့ပါ”
အောင်မြတ်သာက ပြောပြီးတာနဲ့ တဲပေါ်ပြန်တက်သွားပြီး သပိတ်ကွဲစကို အလယ်မှာထားပြီး ဆွဲရတဲ့အင်းတစ်ကွက်ကို ညာဘက်လက်ညိုးနဲ့ရေးဆွဲလိုက်တယ်။ အားလုံးပြီးတာနဲ့အသင့်ပြင် ထားတဲ့ ကျွန်းနက်တုံးကိုလက်ဝါးစောင်းနဲ့ထိလိုက်ရာထက်ခြမ်းကွဲသွားပြီး အထဲကနေ ကျောက်တံ အရွယ်လောက်ရှိတဲ့အနှစ်သားတစ်ချောင်းထွက်လာခဲ့တယ်။ အောင်မြတ်သာလဲ ထွက်လာတဲ့ ကျွန်းနက်အနှစ်သားကိုညာဘက်လက်မှာကိုင်လိုက်ပြီး ရေဆေးသန့်စင်ထားတဲ့ ကြောင်နက် အရိုးကို ဘယ်ဘက်လက်မှာကိုင်ကာ ရှစ်ကွက်အင်းနှစ်ကွက်ကို ပြိုင်တူရေးဆွဲလိုက်တယ်။
သိမ်ဝင်သပိတ်ထားရှိတဲ့အင်းကွက်ရဲ့ ဘယ်ညာမှာထပ်မံရေးဆွဲလိုက်တဲ့ အင်းစမတွေက တစ်ဖြေးဖြေးအသက်ဝင်လာသလို လှုပ်ရှားလာပြီး အလယ်မှာရှိတဲ့သိမ်ဝင်သပိတ်ကွဲအင်းပေါ်ကို ထပ်တူကျသွားတဲ့အချိန် တဲအောက်ခြေမှာခွေနေတဲ့ ခွေးနီမက ပဒပ်ရပ်ထရပ်လိုက်ကာ စွဲစွဲငင်ငင် အူပါလေရော။အောင်မြတ်သာလဲ အင်းသုံးကွက်ထပ်တူကျသွားတာနဲ့အလယ်မှာချထားတဲ့ သိမ်ဝင် ပိတ်ကွဲကိုကောက်ယူကာ တဲအောက်ကိုဆင်းလာပြီး ခွေးနီမရဲ့ငယ်ထိပ်ပေါ်ကိုသပိတ်ကွဲနဲ့ ထိလိုက်တယ်ဆိုရင်ပဲ ခွေးအသွင်ကနေ အသက်သုံးဆယ်အရွယ်မိန်းမတစ်ယောက်အသွင်ပြောင်းလဲ သွားခဲ့တာကို ထူးဆန်းအံ့သြဖွယ်မြင်တွေ့လိုက်ရတယ်။
သက်ခိုင်နဲ့ တောက်ရက ခွေးနီမကနေ မိန်းမတစ်ယောက်အဖြစ်ပြောင်းလဲသွားတာမြင်တော့ နားမလည်နိုင်‌အောင်ဖြစ်သွားပြီး –
သခ ။ “ဆရာက ခွေးနီမကို ဘာလို့မိန်းမအဖြစ်ပြောင်းလိုက်တာလဲ”
အမသ ။ “မဟုတ်ဘူးသက်ခိုင် ဒီအမျိုးသမီးက လူကနေ ခွေးအဖြစ်ပြောင်းခံထိထားတာ – ငါကသူ့ဘဝမှန်ပြန်ရောက်အောင်ကူညီပေးလိုက်တာပဲ”
တရ ။ “ဒါဆို ခွေးနီမ အဲ ဒီအမျိုးသမီးက လူစစ်စစ်ပေါ့”
အမျိုးသမီး ။ “ဆရာတို့ကိုကျေးဇူးတင်လိုက်တာ ကျွန်မဒီအဖြစ်နဲ့ နေနေရတာ ဆယ်နှစ်ကျော်ပါပြီ အခုတော့ လူအဖြစ်ပြန်ရပြီ ဆရာတို့အားလုံးကို ကျေးဇူးတင်ပါတယ်”
အမျိုးသမီးက အောင်မြတ်သာကို ထိုင်ကန်တော့ပြီး ကျေးဇူးတင်ကြောင်းပြောပြီးတဲ့အချိန် –
သခ ။ “ဆရာပညာစွမ်းကိုတော့ တကယ်မယုံနိုင်ဘူးဗျာ ခွေးနီမက လူတစ်ယောက် ဖြစ်နေမှန်း ဆရာဘယ်လိုသိခဲ့တာလဲ”
အမသ ။ “ ငါမင်းတို့ဆီလာတဲ့အချိန် ခွေးနီမက ငါ့ကိုပြေးကြိုတာမှတ်မိကြဦးမယ် ထင်ပါတယ်။ အဲဒီမှာခွေးနီမရဲ့ကိုယ်ကနေ လူတစ်ယောက်မှာရှိသင့်တဲ့ ဓါတ်တစ်ခုကိုမြင်ခဲ့ရတယ် သာမန်တိရိစ္ဆာန်တွေမှာ မရှိတဲ့ဓါတ်တစ်မျိုးလို့ပြောရင်ပိုမှန်မယ် အဲဒီမှာသူ့ကိုသတိထားမိခဲ့တယ်။ ဒါကြောင့် သိမ်ဝင်သပိတ်ကွဲအင်းကိုသိဒ္ဓိတင်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကိုရှာခိုင်းလိုက်တာပဲ။ ကြောင်နက်အရိုးကိုယူလာတဲ့အချိန် သူ့ဒီဘဝကလွတ်တော့မယ်ဆိုတာသိတဲ့သူတွေက အသေသတ် ဖို့ကြိုးစားခဲ့သေးတယ်။ ဟုတ်တယ်မလား”
ခွေးနီမ ။ “ဟုတ်ပါတယ်ဆရာ ကျွန်မကိုသူတို့သတ်ဖို့လုပ်ကြသေးတယ်- ဒါပေမယ့် ကျွန်မ မသိတဲ့လူအချို့က သူတို့ရဲ့ရန်ကနေ ကာကွယ်ပေးခဲ့တယ် အဲဒီလူတွေကာကွယ်ပေးနေတဲ့ကြားထဲ ကနေ ဒဏ်ရာရလာခဲ့သေးတယ်”
အမသ ။ “မင်းကိုဘယ်သူကခွေးအဖြစ်ပြောင်းခဲ့ကြတာလဲ မင်းနဲ့ဘာရန်ငြိုးရန်စရှိတယ်ဆိုတဲ့ အကြောင်းကျုပ်တို့ကိုပြောပါဦး”
အောင်မြတ်သာမေးလိုက်တဲ့စကားကြောင့် ခွေးနီမတစ်ဖြစ်လဲ အမျိုးသမီးက မျက်နှာညိုးငယ် စွာနဲ့ –
“အဖြစ်ကဒီလိုပါဆရာ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က ဆူးပုတ်ပင်ဆိုတဲ့ရွာမှာ အလွန်အစွမ်းထက် တဲ့အောက်လမ်းဆရာမတစ်ဦးရှိခဲ့တယ် သူကလပြည့်ညတွေဆိုရင် စက်ကြိုးကိုစီးပြီး ရွာစဉ်လှည့်ကာ တပည့်တွေကိုလိုက်ရှာတတ်တယ် ဒါကလဲ နောက်မှသိရတာပါ။ သူက မူရင်းသရုပ်မှန်ကို ဖုံးကွယ် ထားပြီး ဆေးကုတဲ့ဆရာမတစ်ဦးအနေနဲ့ ကျင်လည်ကျက်စားခဲ့တယ်။ သူပြုစားထားတဲ့သူတွေက အခြားဘယ်ဆေးနဲ့မှကုမရပဲ သူကုမှသာ ပျောက်ကင်းသက်သာခဲ့တဲ့အတွက် ဆူးပုတ်ပင်ရွာနဲ့ အနီးအနားရွာတွေက သူ့ကိုပဲအားကိုးအားထားပြုခဲ့ကြတယ်။ အဲဒီအချိန် ကျွန်မက အထက်လမ်း ပညာကိုစတင်လိုက်စားနေတဲ့ကာလဖြစ်တဲ့အတွက် သူလုပ်နေတဲ့အပြုအမူတွေက မူမမှန်းဘူးဆိုတာ ရိပ်စားမိခဲ့တယ်။ မတရားတာတွေ့ရင် မနေနိုင်တဲ့ကျွန်မက သူကုနေတဲ့နည်းလမ်းတွေက လွဲမှား နေတယ်ဆိုတာကို ရွာထဲမှာပြောမိခဲ့တယ်။ အဲဒါကိုသူက အငြိုးထားပြီး ကျွန်မစားမယ့်အစာထဲကို ခွေးသည်းခြေနဲ့ဖော်စပ်ထားတဲ့ဆေးကိုထည့်ခဲ့တယ်။ သူ့ရဲ့ဆေးကစွမ်းတာရယ် ကျွန်မကလဲ ပညာမတောက်တစ်ခေါက်လေးပဲတတ်တာကြောင့် လူစင်စစ်ကနေ အမွှေးတွေထွက်လာပြီး ခါးကဆန့်မရတော့အောင်ကုန်းလာခဲ့တယ်။ ကျွန်မလဲ ဒီလိုဖြစ်လာတော့ ရှက်ပြီး ရွာကနေ ထွက်ပြေးလာခဲ့တာ လမ်းတစ်ဝက်လောက်လဲရောက်ရော အာခေါင်ထဲကနေ ယားပြီးတက်လာတဲ့ အတွက် ချောင်းဟန့်လိုက်တာ ထွက်လာတဲ့အသံက ခွေးတစ်ကောင်ရဲ့အူသံလိုဖြစ်သွားခဲ့တယ်။ ကျွန်မလဲ လူစင်စစ်ကနေ ခွေးတစ်ကောင်လိုဖြစ်သွားပြီးနောက်မှာ ခြေဦးတည့်ရာလျောက်သွားရင်း ရှာဖွေစားသောက်ခဲ့တာ အခုဆရာတို့နဲ့တွေ့မှ မူလပုံစံပြန်ရခဲ့တာပဲ”
“မင်းပြောတဲ့ပုံအရဆိုရင် အောက်လမ်းဆရာမကြီးက အသွင်ပြောင်းဆေးရည်နဲ့ မင်းရဲ့ခန္ဓာကိုယ်ကိုပြောင်းလဲခဲ့တာပဲ ဒါနဲ့ မင်းနာမည်ကဘယ်လိုခေါ်လဲ”
“ကျွန်မနာမည်က ခင်ယွန်းလို့ခေါ်ပါတယ်”
“ မင်းကိုပြုစားခဲ့တဲ့ အောက်လမ်းဆရာမကြီးက ဒီနယ်တစ်ဝိုက်မှာဆိုးသွမ်းရမ်းကားနေတယ် ဆိုတာ ငါတို့လဲကြားမိတယ် အခုစီရင်ထားတဲ့ သိမ်ဝင်သပိတ်ကွဲအင်းက သူတို့တစ်ဖွဲ့လုံးကို ခေါင်းမထူနိုင်အောင် ပညာပေးလိမ့်မယ် မင်းရဲ့ခန္ဓာကိုယ်ကိုဆန်းစစ်ကြည့်တော့ ပညာခံအလွန် နည်းနေတာကိုတွေ့ရတယ် ဒါကြောင့် မင်းက လုံခြုံတဲ့နေရာတစ်ခုမှာ ငါတို့ကိုစောင့်နေပါ ရော့ ဒါကို မင်းရဲ့ညာဘက်မှာပတ်ထားလိုက်”
အောင်မြတ်သာက လွယ်အိတ်ထဲမှာထည့်ထားတဲ့ အင်းပြားတစ်ပြားကို ထုတ်ယူပြီး ပေးလိုက်တော့ ခင်ယွန်းက လက်ကမ်းယူလိုက်ပြီး –
“ဆရာတို့သတိထားကြနော် ဒီတောစပ်ကျော်တာနဲ့ သူတို့နယ်ထဲရောက်ပြီ “လို့ပြောကာ လယ်ကွင်းတွေဘက်ကို ပြန်ထွက်သွားခဲ့တယ်။
ခင်ယွန်းထွက်သွားတော့ အောင်မြတ်သာက သိမ်ဝင်သပိတ်ကွဲအင်း ဆွဲပုံဆွဲနည်းကို သက်ခိုင် နဲ့တောက်ရတို့အားသင်ပေးပြီး သက်စောင့်အင်းကိုးရွက်ရေးစေခဲ့တယ်။ သက်ခိုင်နဲ့တောက်ရတို့လဲ သိမ်ဝင်သပိတ်ကွဲအင်းကိုအခြေခံထားတဲ့ သက်စောင့်အင်းကိုးရွက်ဆွဲပြီးချိန်မှာတော့ ညမှောင်စ ပျိုးတဲ့အချိန်ကိုဖြစ်နေပြီ။ လိုအပ်တဲ့အစီအရင်တွေအားလုံးစုံပြီဆိုတာနဲ့ အောင်မြတ်သာက
“အခုချိန်ကစပြီး ရန်သူ့နယ်မြေထဲကို ငါတို့သွားရတော့မယ် ဒီနေရာက အောက်လမ်းသမား တွေစုဝေးတဲ့တောတစ်ခုဖြစ်တဲ့အတွက် ငါ့အအနောက်မှာပဲနေကြပါ ငါလှမ်းတဲ့ခြေလှမ်းအတိုင်း လျောက်ကြ”လို့မှာကြားပြီး တောထဲကိုဝင်သွားခဲ့တယ်။
သစ်ခုတ်သမားတွေသွားလာနေကြတဲ့ လူသွားလမ်းကြောင်းအတိုင်းလျောက်လာခဲ့တာ နာရီ ဝက်လောက်ကြာတော့ လမ်းကဆုံးသွားခဲ့တဲ့အတွက် အောင်မြတ်သာက ဆက်မသွားတော့ပဲ လွယ်အိတ်ထဲမှာထည့်လာတဲ့ အင်းစာရွက်တစ်ရွက်ကိုထုတ်ကာ ကြိုးကြာပုံစံခေါက်လိုက်ပြီး လေထဲ ပစ်တင်လိုက်တယ်ဆိုရင်ပဲ အင်းစက္ကူကြိုးကြာလေးက တောင်ပံတစ်ဖျတ်ဖျတ်ခတ်ကာ အောင်မြတ်သာကိုယ်ခန္ဓာကို သုံးကြိမ်တိတိပတ်ပြီး မြောက်ဘက်အရပ်ကိုပျံသန်းသွားခဲ့တယ်။ အောင်မြတ်သာလဲ ကြိုးကြာငှက်ရုပ်ပျံသန်းသွားတဲ့ဘက်ကို ခြေဦးလှည့်ကာ လိုက်သွားခဲ့တယ်။ လက်နှစ်ဆစ်သာသာရှိတဲ့ ကြိုးကြာငှက်ရုပ်လေးက သူ့ရဲ့တောင်ပံတွေကို တစ်ဖျတ်ဖျတ်ခတ်ကာ ပျံသန်းရင်းလမ်းပြခဲ့တာ သလင်းမြေကဲ့သို့ပြောင်ချောနေတဲ့ မြေကွက်လပ်တစ်ခုကိုရောက်တော့ ဆက်မပျံတော့ပဲ ခြံနွယ်ထူထပ်နေတဲ့ဘက်ကို လမ်းကြောင်းပြောင်းသွားတာတွေ့လိုက်ရတယ်။
တောက်ရက အနောက်ကနေလိုက်ရင်း “ဒီလောက်ပြောင်ရှင်းနေတဲ့ မြေကွက်လပ်က မသွားပဲ ဘာလို့တောတိုးပြီးသွားနေတာလဲ”လို့တွေးလိုက်တဲ့အချိန် အောင်မြတ်သာက အနောက်လှည့် ကြည့်ပြီး
“တောက်ရ မင်းကဒီမြေပြင်ကို သာမန်မြေပြင်တစ်ခုလို့ထင်နေတာလား”
“ အဲ အဲလိုလဲမဟုတ်ပါဘူးဆရာ ကျွန်တော်က သာမန်အတွေးနဲ့တွေးမိသွားလို့ပါ”
“ ဒီတောကစုန်းကဝေမိစ္ဆာတွေကျက်စားတဲ့တောဖြစ်တဲ့အတွက် ဘယ်အရာမဆို ပေါ့တန်တန် တွေးလို့မရဘူး မင်းယုံကြည်အောင်ငါတစ်ခုပြပေးမယ်”
အောင်မြတ်သာကပြောရင်းဆိုရင်း ဘေးမှာကျနေတဲ့ သစ်ကိုင်းခြောက်တစ်ခုကိုကောက်ယူပြီး မြေကွက်လပ်ရှိရာဘက်ကိုပစ်လိုက်ရာ ပြောင်းသလင်းကာအမှိုက်တစ်စမှမရှိတဲ့ မြေပြင်က ရုတ်ချည်း လှုပ်ရှားလာခဲ့ပြီး ပျစ်ချွဲချွဲမြေမျက်နှာပြင်အဖြစ်ပြောင်းလဲသွားကာ ကျလာတဲ့သစ်ကိုင်းခြောက်ကို မြေအောက်ထဲဆွဲယူသွားခဲ့တယ်။
အဲဒီတော့မှ တောက်ရက အံ့သြကြောက်ရွံ့စွာနဲ့ –
“အတော်ကြောက်ဖို့ကောင်းတဲ့မြေပါလား”ဆိုပြီးရွေရွတ်ကာ အောင်မြတ်သာအနောက်ကနေ ထပ်ချပ်မကွာလိုက်ပါခဲ့တော့တယ်။ လပြည့်ညဖြစ်တဲ့အတွက် ငွေမှင်ရောင်အလင်းဓါတ်တွေက သစ်ပင်ကြီးငယ်တွေကြားထဲကနေ ပျိုးပျိုးပြက်ပြက်ကျနေတဲ့အတွက် တောလမ်းခရီးကို အခက်အခဲ မရှိပဲဆက်သွားခဲ့ရာ တောငှက်ပျောပင်တွေထူထပ်စွာပေါက်နေတဲ့ နေရာတစ်ခုကိုရောက်တော့ ပျံသန်းနေတဲ့စက္ကူကြိုးကြာလေးက ဘုတ်ခနဲအောက်ပြုတ်ကျကာ ငြိမ်သက်သွားခဲ့တယ်။
အောင်မြတ်သာကတော့ ပြုတ်ကျသွားတဲ့ စက္ကူကြိုးကြာလေးကို လွယ်အိပ်ထဲ ပြန်ထည့် လိုက်ပြီး –
“ ငါတို့ခရီးက ဒီမှာစပြီ အားလုံးသတိထားကြပါ”လို့မှာပြီး ငှက်ပျောတောထဲကို စတင်ဝင်ရောက်ခဲ့တယ်။ ခူးမယ့်သူမရှိ စားမယ့်သူမရှိတဲ့အတွက် ကြီးချင်တိုင်းကြီးထွားနေကြတဲ့ ငှက်ပျောပင်တွေက အောင်မြတ်သာတို့ဝင်လာတာနဲ့ ချက်ချင်းဆိုသလို လှုပ်ရမ်းလာပြီး ငှက်ပျောဖူး တွေထဲကနေတစ်ကိုယ်လုံးအရိအချွဲတွေကပ်နေတဲ့အကောင်တွေထွက်လာခဲ့တယ်။
အောင်မြတ်သာကတော့ ဘေးပတ်ပတ်လည်မှာဝိုင်းထားတဲ့ အမည်မသိသတ္တဝါတွေကို ကြည့်ပြီး –
“ငှက်ပျောပင်သရဲတွေက ငါတို့ကိုအရင်ကြိုနေပြီ”လို့ပြောပြီး လွယ်အိတ်ထဲပါလာတဲ့ ဆေးဖယောင်းတိုင်နဲ့အမွှေးတိုင်သုံးတိုင်ကို မြေကြီးပေါ်စိုက်ချကာ မီးညှိလိုက်တယ်ဆိုရင်ပဲ ဖယောင်းတိုင်တွေ ထဲကနေ ကြေးနီရောင်အလင်းဓါတ်တွေထွက်ပေါ်လာပြီး အမွှေးတိုင်ထဲကနေ အဖြူရောင်မီးခိုးငွေ့တွေထွက်ပေါ်လာခဲ့တယ်။
ငှက်ပျောဖူးတွေထဲကနေ ထွက်လာတဲ့ နာနာဘာဝတွေကတော့ ဖယောင်းတိုင်အလင်းရောင် ကို မခံနိုင်တဲ့ပုံစံနဲ့ မျက်နှာတွေကိုလက်နဲ့ကွယ်ပြီးအနောက်ကိုဆုတ်သွားတဲ့အချိန် အမွှေးတိုင်က ထွက်လာတဲ့ အငွေ့ဖြူဖြူတွေထဲကနေ ငှက်ကြီးတောင်ဓါးကိုင်ထားတဲ့ လူပုံသဏ္ဍာန်တွေပေါ်လာပြီး ငှက်ပျောပင်သရဲတွေကို ဓါးနဲ့လိုက်ပိုင်းပါလေရော။
တစ်ကိုယ်လုံးဖြူဖွေးဆွတ်နေတဲ့ အစောင့်တွေရဲ့ဓါးချက်ကို မခံနိုင်တဲ့ နာနာဘာဝတွေက တောထဲကိုဝရုန်းသုံးကားထွက်ပြေးသွားတဲ့အချိန် တောထဲကနေ အနက်ရောင်မီးခိုးလုံးတွေ ထပ် ထွက်လာခဲ့တယ်။ ဒီတစ်ခါမှာတော့ အနက်ရောင်မီးခိုးတွေထဲကနေ တင်းပုတ်တွေ၊ ပုဆိန်တွေ ကိုင်ထားတဲ့ ဘီလူး၊ သရဲ၊ ပြိတ္တာတွေထွက်လာပြီး ငှက်ကြီးတောင်ကိုင်ထားတဲ့ အစောင့်တွေကို တိုက်ခိုက်ပါလေရော။ မာန်သွင်းပြီး ထိုးခုတ်သံ၊ ကြောက်မက်ဖွယ်ကြိမ်းဝါးသံ၊ လက်နက်ချင်းထိပြီး ထွက်လာတဲ့အသံတွေက တောတွင်းတစ်ခွင်ပဲ့ထင်သွားခဲ့တယ်။
အောင်မြတ်သာတို့ကတော့ နာနာဘာဝတွေနဲ့ ဆေးစောင့်ပုဂ္ဂိုလ်တွေရဲ့တိုက်ပွဲကို ဝင်မပါပဲ ကြည့်နေတဲ့အချိန် သစ်ပင်တွေပေါ်ကနေ တစ်ထွာသာသာရှိတဲ့ လင်းနို့တွေဆင်းလာပြီး အောင်မြတ်သာတို့ကိုတိုက်ခိုက်ပါလေရော။
အောင်မြတ်သာ ၊ တောက်ရနဲ့ သက်ခိုင်တို့ကတော့ အသင့်ပြင်ထားတဲ့ သက်စောင့်အင်းကို ဘယ်ဘက်လက်ဖဝါးပေါ်တင်ပြီး ညာလက်ဖဝါးနဲ့အုပ်လိုက်တယ်ဆိုရင်ပဲ လက်ကြားထဲကနေ နီညိုရောင်ကြိုးမျှင်တွေထွက်လာပြီး ခေါင်းပေါ်မှာပိုက်ကွန်သဖွယ် ယှက်ထိုးကာခံထားပေးခဲ့တယ်။ အရှိန်နဲ့ဆင်းလာတဲ့ လင်းနို့တွေက ရုတ်တရက်ပေါ်လာတဲ့ နီညိုရောင်ပိုက်ကွန်ကြိုးတွေကြားထဲမှာ ညှပ်မိပြီး ရုန်းမရဖြစ်နေတာမြင်တော့ အောင်မြတ်သာက ညာဘက်လက်နဲ့ ဝှေ့ရမ်းလိုက်ရာ လင်းနို့တွေအားလုံး ခြောက်သွေ့နေတဲ့ အင်ရွက်တွေဖြစ်သွားခဲ့ပြီး ဘေးကိုလွင့်ထွက်သွားခဲ့တယ်။ လင်းနို့တွေပျောက်ကွယ်သွားတဲ့အချိန်မှာ ဘေးပတ်လည်မှာရှိတဲ့ ခြုံပုတ်တွေထဲကနေ တရွှီးရွှီး မြည်သံနဲ့အတူ မဲနက်နေတဲ့တောကြီးမြွေဟောက် အကောင်ပေါင်းများစွာထွက်လာခဲ့တယ်။
တောကြီးမြွေဟောက်တွေက အောင်မြတ်သာတို့ကိုမြင်တော့ ဒေါသတစ်ကြီးအော်မြည်ပြီး ပါးပျဉ်းထောင်လိုက်ရာ လင်ပန်းတစ်ချပ်စာအရွယ်အထိဖြစ်သွားခဲ့တယ်။ ဒေါသကြီးနေတဲ့ တောကြီး မြွေဟောက်တွေက အောင်မြတ်သာတို့ကို ပေါက်သတ်ရန် အရှေ့ကိုတိုးလာတဲ့အချိန် ဘေးပတ်လည် မှာရှိနေတဲ့သစ်ပင်တွေပေါ်ကနေ တစ်ဘုတ်ဘုတ်နဲ့ခုန်ဆင်းလာတဲ့ မြွေပါတွေကိုမြင်လိုက်ရတယ်။ မြွေပါတွေက သူတို့ရဲ့ချွန်ထက်နေတဲ့ သွားတွေကိုဖြဲပြီး တောကြီးမြွေဟောက်တွေကို ကိုက်သတ်ရန် ခုန်ဝင်သွားခဲ့တယ်။
မြွေပါတွေနဲ့ တောကြီးမြွေဟောက်တို့ရဲ့တိုက်ပွဲက ထင်ထားတာထက်ပိုပြီးပြင်းထန်ခဲ့တယ်။ မြွေပါတွေက လျင်မြန်စွာနဲ့ ခုန်ပေါက်ပြေးလွှားရင်းတောကြီးမြွေဟောက်တွေရဲ့ဂုတ်ကိုခဲလိုက် ကိုယ်ကိုခဲလိုက် ပြန်ပြေးလိုက်နဲ့တိုက်ခိုက်နေတဲ့အတွက် အချိန်ကြာလာတော့ မြွေဟောက်တွေ သေတဲ့အကောင်ကသေ တောထဲကိုပြန်ဝင်ပြေးတဲ့သူကပြေးဖြစ်သွားခဲ့တယ်။ မြွေပါတွေထဲက အချို့ကလဲ တောကြီးမြွေဟောက်အဆိပ်ထိပြီး လဲကျကာအသက်ငင်နေတာမြင်တော့ အောင်မြတ်သာက နှုတ်ကနေဂါထာတစ်ပုဒ်ကိုရွတ်ဆိုလိုက်တယ်ဆိုရင်ပဲ အကောင်းပကတိဖြစ် နေတဲ့ မြွေပါတွေက ဒဏ်ရာရနေတဲ့နေရာကို သူတို့ရဲ့လျာနဲ့ယက်ပေးခဲ့ကြတယ်။ ခဏကြာတော့ အဆိပ်ဒဏ်ကြောင့်သတိမေ့မျောနေတဲ့ မြွေပါတွေက ရုတ်ချည်းလန်းဆန်းလာပြီး ခုန်ပေါက် ပြေးလွှားကာ သစ်ပင်တွေပေါ်ပြန်တက်သွားခဲ့တယ်။ မြွေပါတွေပျောက်ကွယ်သွားတဲ့အချိန် အပိုင်းပိုင်းပြတ်ကာသေဆုံးနေတဲ့ တောကြီးမြွေဟောက်တွေရဲ့ ခန္ဓာကိုယ်ပေါ်ကို အောင်မြတ်သာရဲ့ လက်နဲ့သပ်ချလိုက်ရာ မြွေဟောက်တွေကနေ လက်ကောက်ဝတ်လုံးခန့်ရှိတဲ့ နွယ်ကြိုးတွေ ဖြစ်သွားခဲ့တယ်။
အောင်မြတ်သာတို့ မြွေဟောက်တွေရဲ့ရန်ကိုအောင်နိုင်ပြီးတဲ့အထိ လက်သည်အစစ်အမှန်ကို အစနပင်မမြင်ရသေးတဲ့အတွက် တောက်ရက မခံချိမခံသာနဲ့ –
“ဆရာ ဒီကောင်တွေက တော်တော်သတ္တိနည်းတာပဲ လူလုံးထွက်မပြပဲ သူခိုးကျင့် သူခိုးကြံ တိုက်နေတာတော့မဟုတ်သေးပါဘူး”လို့ပြောတော့ အောင်မြတ်သာက ပါးစောင်နှစ်ဖက်တွန့်ရုံ ပြုံးကာ
“သူတို့မထွက်လာသေးရင် ငါတို့ကထွက်လာအောင် ခေါ်လိုက်ရုံပေါ့”လို့ပြောပြီး သိမ်ဝင်သပိတ်အင်းချပ်ကို မြေကြီးပေါ်မှာ ဖိုခနောက်ဆိုင်ထားကာ အလယ်ဗဟိုကို လက်ညိုးနဲ့ ထောက်ပြီး –
“ လောကပါလကိုစောင့်ကြပ်နေတဲ့ နတ်မင်းကြီးများရဲ့အမိန့် အင်းတော်ကြီးဂိုဏ်းဆရာ ကြီးများရဲ့အမိန့် ငါအောင်မြတ်သာရဲ့အမိန့်တို့ပေါင်းစပ်ပြီး ထုတ်ပြန်လိုက်သည် ငါလက်ညိုးထောက် ထားရာ တောမြေထဲမှာမှီတင်းနေထိုင်ကြတဲ့ အောက်လမ်း၊စုန်း၊ကဝေပညာသည်များအားလုံး ငါ့အရှေ့ကိုအမြန်ဆုံးရောက်ရှိစေ။ မလာရောက်ပဲ ပေကပ်နေပါက မဟာအဝီစိငရဲမီးထက် အဆ တစ်ရာပူလောင်ပါစေသား”လို့ အမိန့်ပြန်လိုက်တယ်ဆိုရင်ပဲ အရပ်လေးမျက်နှာကနေ တောတိုးလာ ကြတဲ့အသံတွေကို အတိုင်းသားကြားလိုက်ရတယ်။
သက်ခိုင်နဲ့တောက်ကရတော့ အောင်မြတ်သာရဲ့အမိန့်ကို မလွန်ဆန်နိုင်ပဲ လာရောက်ကြ တာကိုသိတော့ ဂုဏ်ယူဝင့်ကြားဟန်နဲ့ ခါးထောက်ပြီးရပ်ကြည့်နေတဲ့အချိန် လေထဲကနေ အရှိန်နဲ့ ပြေးဝင်လာတဲ့အရာတစ်ခုကိုဖြတ်ခနဲမြင်လိုက်ရတယ်။ ပြေးဝင်လာတဲ့အရာက တောက်ရနဲ့ လက်တစ်ကမ်းအလိုအရောက်မှာ ဂုတ်ပိုးကိုတစ်ယောက်ယောက်ကဆွဲပြီး ဘေးကိုတွန်းပစ်လိုက် သလိုဖြစ်ကာ ပက်လက်လန်သွားတဲ့အချိန် “ဒုတ်”ဆိုတဲ့အသံနဲ့အတူ အနောက်မှာရှိနေတဲ့ သစ်ပင် ပင်စည်မှာစိုက်ဝင်နေတဲ့ ဆောင်ဓါးတစ်လက်ကိုတွေ့လိုက်ရတယ်။
အောင်မြတ်သာက သစ်ပင်မှာစိုက်နေတဲ့ ဆောင်ဓါးကိုမြင်တော့ တစ်ခုခုကိုသဘောပေါက် ဟန်နဲ့ခေါင်းတစ်ဆတ်ဆတ်ညိမ့်ပြီး သက်ခိုင်ကိုဆွဲထူလိုက်တဲ့အချိန် တောထဲကနေ အရွယ်စုံလင်တဲ့ ပညာသည်တွေထွက်လာခဲ့တယ်။ အချို့က ဆံပင်တွေကိုဖားလျားချလို့၊ အချို့ကတော့ ဝတ်ကောင်း စားလှတွေဝတ်ဆင်လို့၊ အချို့ကတော့ အရိုးခေါင်းတပ်တောင်ဝှေးတွေကို ထောက်လို့၊ ဒီကြားထဲ အသက်ဆယ်နှစ်အရွယ်ကလေးငယ်တွေတောင်ပါလာခဲ့သေးတယ်။
ပညာသည်တွေက အောင်မြတ်သာအမိန့်ကိုမလွန်ဆန်နိုင်လို့သာ လာရောက်ခဲ့ကြပေမယ့် အားလုံးရဲ့မျက်လုံး တွေက ရက်စက်မှု၊ သွေးအေးမှု၊ ဒေါသစိတ်တို့နဲ့ပြည့်နှက်နေခဲ့တယ်။ သူတို့ရဲ့ အနောက်မှာတော့ ဓါးလွတ်တွေ၊ ဓါးမြောင်တွေကိုင်ထားတဲ့ လူတွေက ဆယ်ယောက်ထက်မနည်း ရှိနေပြန်ရော။
အောင်မြတ်သာကတော့ အနောက်မှာရပ်နေတဲ့လူတွေကိုကြည့်ပြီး
“မင်းတို့က ပညာသည်တွေတင်မကပဲ သာမန်လူတွေကိုတောင်စည်းရုံးထားပြီး မကောင်းမှုတွေကို ကျူးလွန်နေကြပါလား”လို့ပြောလိုက်တော့ ပညာသည်တွေအနောက်မှာရပ်နေတဲ့ လူအုပ်ကြီးက အောင်မြတ်သာတို့ကို ဆဲဆိုကြိမ်းဝါးပြီး ဓါးတွေနဲ့ပြေးခုတ်ဖို့ဝင်လာပါလေရော။ သက်ခိုင်နဲ့တောက်ရတို့ကလဲ စုန်းကဝေတွေနဲ့သာပညာပြိုင်ဖူးတဲ့အတွက် အခုလို ဓါးသမားတွေနဲ့ ရင်ဆိုင်တွေ့ရော ဘာလုပ်လို့လုပ်မရမှန်းမသိဖြစ်နေတဲ့အချိန် အောင်မြတ်သာက ဇက်ပိုးကို ဖြောင်းခနဲမြည်အောင်ရိုက်ပြီးတွန်းလွှတ်လိုက်ရာ သက်ခိုင်နဲ့တောက်ရတို့နှစ်ယောက် အရှေ့ကို ရောက်သွားခဲ့တယ်။
ဓါးသမားတွေကလဲ မြနေအောင်သွေးထားတဲ့ ငှက်ကြီးတောင်ဓါးကိုပင့်ကာ သက်ခိုင်တို့ကို ခုတ်ဖို့ပြင်လိုက်တဲ့အချိန် နားထဲမှာ ရှမ်းအိုးစည်တီးသံကိုကြားလိုက်ရပြီး မရှေးမနှောင်းမှာပင် ခန္ဓာကိုယ်တစ်ခုလုံးငှက်မွှေးတစ်ခုလိုပေါ့ပါးသွားတာကို သတိထားမိလိုက်တယ်။ ဓါးသမားတွေကလဲ ဘက်ပေါင်းစုံက ထိုးခုတ်တိုက်ခိုက်ကြပေမယ့် သက်ခိုင်နဲ့တောက်ရတို့ကို မြက်ရှရာလောက်ပင် ထိခိုက်အောင်မလုပ်နိုင်သေးတဲ့အတွက် ဒေါသပိုထွက်လာပြီး ဇွတ်အတင်းဝင်ခုတ်ကြပါလေရော။
သက်ခိုင်နဲ့တောက်ရလဲ ဘာသိုင်းပညာမှမတတ်ပဲ ဘာကြောင့်ရှောင်တိမ်းနိုင်နေရတာလဲ လို့တွေးပြီးအနောက်လှည့်ကြည့်လိုက်ရာ ကျောအနောက်ဘက်ကနေ သူတို့ရဲ့လက်တွေ ခြေထောက်တွေကို ကိုင်ပြီးလှုပ်ရှားပေးနေတဲ့ သူနှစ်ယောက်ကိုတွေ့လိုက်ရတယ်။ အနက်ရောင် ရှမ်းဝတ်စုံကိုဝတ်ထားပြီး ကျောလယ်မှာခမောက်တစ်လုံးနဲ့ ဓါးနှစ်လက်လွယ်ထားတဲ့သူနှစ်ယောက် က သက်ခိုင်နဲ့တောက်ရတို့ကို ထိန်းကျောင်းပြီးရှောင်တိမ်းလိုက် ပြန်တိုက်လိုက်လုပ်နေတာ မြင်တော့ အားတက်သွားပြီး စိတ်ကိုလျော့ချကာ အလိုက်သင့်နေပေးလိုက်တယ်ဆိုရင်ပဲ တကယ့် သိုင်းပညာရှင်နှစ်ဦးအသွင်ပြောင်းသွားပြီး ဓါးသမားတွေကိုအတင်းဝင်တိုက်ပါလေရော။
ဓါးသမားတွေ သက်ခိုင်နဲ့တောက်ရတို့ရဲ့တိုက်ကွက်တွေကိုမြင်တော့ အနည်းငယ်ရှိန်သွား ကြပြီး ဇွတ်မဝင်ရဲတော့ပဲ ခပ်လှမ်းလှမ်းကနေသာအလစ်ချောင်းနေခဲ့ကြတယ်။ အောင်မြတ်သာ ကတော့ အနောက်မှာလက်ပိုက်ရပ်ကြည့်ပြီး
“ ရှမ်းညီနောင်နှစ်ပါးက ရှမ်းအိုးစည်သံနဲ့သိုင်းကစားချင်နေတာဖြစ်မယ် ကဲ ဆိုင်ရာပိုင်ရာ တို့ရေ ရှမ်းအိုးစည်သံလေးဖန်တီးပေးလိုက်ပါဦး”လို့ပြောလိုက်တယ်ဆိုရင်ပဲ အရပ်လေးမျက်နှာကနေ စည်းချက်ညီတဲ့ရှမ်းအိုးစည်သံတွေ ထွက်ပေါ်လာခဲ့တယ်။
သက်ခိုင်တို့ကလဲ ရှမ်းအိုးစည်သံကြားလေလေ လှုပ်ရှားမှုပိုသွက်လာလေလေဖြစ်ပြီး နောက်တွန့်နေကြတဲ့ ဓါးသမားတွေရှိရာတိုးဝင်ကာတိုက်ခိုက်ပါလေရော။ စိတ်ထင်ရာဝုန်းဒိုင်းကျဲပြီး တိုက်ခိုက်နေကြတဲ့ သက်ခိုင်နဲ့တောက်ရတို့လက်ချက်နဲ့ ဓါးသမားတွေအားလုံး မှောက်သူမှောက် ကွဲသူကွဲဖြစ်နေတာမြင်တော့ ပညာသည်တွေအားလုံး မျက်နှာပျက်ကုန်ကြတယ်။ အောင်မြတ်သာ ကတော့ “ဘယ်လိုလဲ”ဆိုတဲ့သဘောနဲ့ မေးငေ့ါပြလိုက်တဲ့အချိန် အရိုးခေါင်းတပ်တောင်ဝှေးကိုင် ထားတဲ့ အမယ်အိုကြီးက မြေကြီးပေါ်ကိုတောင်‌ဝှေးနဲ့ဆောင့်ချလိုက်ရာ လဲကျနေတဲ့ဓါးသမားတွေ အပေါ်ကို အနီရောင်အရည်ပျစ်ပျစ်တွေကျလာခဲ့တယ်။
အနီရောင်အရည်တွေထိသွားတဲ့ဓါးသမား ငါးယောက်က တီကောင်ကို ဆားထိသလို မြေကြီးပေါ်လူးလိမ့်နေပြီး ပါးစပ်ကနေလဲ ပလုံးပထွေးအော်ဟစ်ရင်း ပါးစပ်ထဲကနေ အစွယ်တွေ ထွက်လာကာ လူစစ်စစ်ကနေ သမန်းဝံပုလွေတွေအဖြစ်ကိုပြောင်းသွားခဲ့တယ်။ အမယ်အိုကြီးက သမန်းဝံပုလွေတွေအဖြစ်ပြောင်းလဲသွားတဲ့သူတွေကိုကြည့်ပြီး အောင်မြတ်သာတို့ကို လက်ညိုး ထိုးကာ ဘာသာစကားတစ်ခုခုနဲ့အမိန့်ပေးလိုက်တယ်ဆိုရင်ပဲ သွားရည်တစ်မြားမြားကျနေတဲ့ ဝံပုလွေတွေက အောင်မြတ်သာတို့ကို တိုက်ခိုက်ရန် ခုန်ဝင်လာခဲ့ကြတယ်။
ဒီတစ်ခါမှာတော့ သက်ခိုင်နဲ့တောက်ရတို့ဘေးမှာရှိနေတဲ့ ရှမ်းညီနောင်နှစ်ပါးပျောက်ကွယ် သွားပြီး အောင်မြတ်သာရဲ့ဘေးနှစ်ဘက်ကနေ အဖြူရောင်စက်ဝိုင်းတစ်ခုပေါ်လာခဲ့တယ်။ ဝံပုလွေ တွေအနားရောက်ခါနီးမှာတော့ အဖြူရောင်စက်ဝိုင်းထဲကနေ အဖြူရောင်ကျားငါးကောင် ခုန်ထွက် လာပြီး အောင်မြတ်သာတို့အရှေ့မှာပိတ်ထားပါလေရော။
သမန်းဝံပုလွေငါးကောင်က အောင်မြတ်သာတို့ရှေ့မှာပိတ်ထားတဲ့ ကျားဖြူငါးကောင်ကို မြင်တော့ ဝါကျင်ကျင်ဖြစ်နေတဲ့အစွယ်တွေကို ဖြဲကာ မာန်ဖီရင်း မြေကြီးကိုလက်သည်းနဲ့ ကုတ်ကာ အလစ်ကိုချောင်းမြောင်းနေခဲ့ကြတယ်။ ကျားဖြူငါးကောင်ကတော့ သားကောင်ဖမ်းမယ့် တောကောင်တွေလို အမြှီးကိုငြိမ်ငြိမ်လေးထားပြီး စူးစိုက်ကြည့်နေရာကနေ “ဝေါင်း”ဆိုတဲ့အသံနဲ့ အတူ ငါးကောင်လုံးတစ်ပြိုင်နက် ခုန်အုပ်ကာကိုက်ပါလေရော။
ရုတ်တရက်ခုန်ဝင်လာတဲ့ကျားဖြူငါးကောင်ကြောင့် ဝံပုလွေတွေအငိုက်မိသွားပြီး ဂုတ်ကနေ ခဲတဲ့ဒဏ်ကိုခံလိုက်ရတယ်။ နာကျင်စွာအော်ဟစ်သံ၊ မာန်ဖီသံတွေက ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံ သွားခဲ့တယ်။ ကျားဖြူငါးကောင်နဲ့ ဝံပုလွေငါးကောင်ရဲ့တိုက်ပွဲကို စောင့်ကြည့်နေတဲ့ အမယ်အို ကြီးက အခြေအနေမဟန်မှန်းသိတာနဲ့ စက်ကြိုးစီးပြီး ထွက်ပြေးစဉ် အောင်မြတ်သာရဲ့လက်က လေထဲကို ခုတ်တဲ့ဟန်လုပ်လိုက်တော့ ပျံတက်နေတဲ့အမယ်အိုက မြေကြီးပေါ်ကို ခြေကားယားလက်ကားယား နဲ့ပြုတ်ကျလာခဲ့တယ်။
အမယ်အိုကြီးပြုတ်ကျလာတာမြင်တော့ ကျန်တဲ့သူတွေထွက်မပြေးရဲပဲ ရှိနေတဲ့ အချိန် ကျားဖြူငါးကောင်က ဝံပုလွေငါးကောင်ရဲ့ဂုတ်ကိုခဲကာ တစ်ဂီးဂီးနဲ့မာန်ဖီနေခဲ့တယ်။ အောင်မြတ်သာ ကတော့ ကျားဖြူငါးကောင်ရဲ့ဇက်ပိုးကိုပွတ်သပ်ပြီး
“ငါ့ကလေးတွေ အရမ်းတော်ကြတယ် အားလုံးလဲပင်ပန်းသွားကြပြီဆိုတော့ အနားယူလိုက် ကြဦး”လို့ပြောလိုက်တော့ ကျားဖြူငါးကောင်က ခဲထားတဲ့ဝံပုလွေတွေကိုပစ်ချပြီး အဖြူရောင် စက်ဝိုင်းထဲကိုပြန်ခုန်ဝင်ကာပျောက်ကွယ်သွားခဲ့ကြတယ်။
အောင်မြတ်သာကတော့ အမောဖောက်ကာ လဲကျနေတဲ့ ဝံပုလွေငါးကောင်ကို သိမ်ဝင်သပိတ် ကွဲအင်းနဲ့စည်းချပြီး ခန္ဓာကိုယ်ကို ညာလက်နဲ့သပ်ချလိုက်ရာ ဒွါရအပေါက်တွေထဲကနေ အနီရောင် အရည်တွေစီးကျလာကာ တစ်ဖြေးဖြေးနဲ့လူပုံသဏ္ဍာန်ပြန်ဖြစ်သွားခဲ့တယ်။
အောင်မြတ်သာရဲ့အစွမ်းကိုမြင်လိုက်ရတဲ့ ပညာသည်တွေနဲ့ ဓါးသမားတွေက အလွန်အမင်း တုန်လှုပ်သွားကြပြီး ခေါင်းငိုက်စိုက်ကာရပ်နေကြတဲ့အချိန် သိမ်ဝင်သပိတ်ကွဲအင်းကိုအခြေခံပြီး ပညာသိမ်းစမကိုရေးဆွဲကာ ပညာသည်တွေရှိတဲ့ဘက်ကို ပစ်ပေါက်လိုက်တယ်ဆိုရင်ပဲ အင်းစမ ချပ်တွေထဲကနေ မဲနက်နေတဲ့ကြိုးမျှင်တွေထွက်သွားပြီး ပညာသည်တွေအားလုံးကိုရစ်ပတ်ကာ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ပညာတွေကို အန်ထွက်အောင်လုပ်ပါလေရော။
ပညာသိမ်းစမအစွမ်းကြောင့် အသွေးအသားအရိုးထဲမှာခိုအောင်းနေတဲ့ပညာတွေ အကုန်လုံး အစနပင်မကျန်အောင် အန်ထွက်လာခဲ့တယ်။ အချို့ကျတော့ အမဲသားတုံးတွေ၊ အချို့ကျတော့လဲ ငါးအရှင်လတ်လတ်တွေ၊ အချို့ကျတော့လဲ လူအသည်းတွေအန်ထွက်ကျကုန်တယ်။ ပညာတွေ တစ်စမှမကျန်တော့တဲ့အချိန်ရောက်မှ ရစ်ပတ်ထားတဲ့အနက်ကြိုးတွေအားလုံးပညာသိမ်းစမထဲကို ပြန်ဝင်သွားခဲ့တယ်။
ဒီတစ်ခါမှာတော့ သာမန်လူတွေလိုဖြစ်သွားတဲ့ ပညာသည်တွေကို နောက်နောင်ဒီပညာတွေ ထပ်လေ့ကျင့်မယ်ဆိုရင် သွေးပွက်ပွက်အန်ပြီးသေပါစေဆိုတဲ့သစ္စာရေကိုတိုက်ကာ လာရာလမ်းကို ပြန်လွှတ်ပေးခဲ့တယ်။ လာတုန်းက ဖြတ်လတ်သန်မာနေတဲ့အမယ်အိုက အပြန်ခရီးမှာတော့ ဘေးက လူနှစ်ယောက်တွဲပြီးခေါ်သွားရတဲ့ထိ ဖြစ်သွားခဲ့တယ်။
အောင်မြတ်သာတို့လဲ သိမ်ဝင်သပိတ်ကွဲအင်းကိုအသုံးပြုပြီး အုပ်စုဖွဲ့အနိုင်ကျင့်နေတဲ့ ပညာသည်တွေကိုဆုံးမပြီး ပြန်ထွက်လာခဲ့တာ လယ်ကွင်းပြင်ကိုရောက်တော့ ရွာထဲကနေ တွန် လိုက်တဲ့ လင်းကြက်သံကိုကြားလိုက်ရတယ်။ မကြာမီ အရှေ့ဘက်တောင်ကြားတွေဆီကနေ အလင်းရောင်အချို့ဖြန့်ကျက်ကျလာခဲ့တာကို ကြည်နူးစွာမြင်တွေ့လိုက်ရတယ်။ အရုဏ်တက်ချိန် ဖြစ်ပေါ်နေတဲ့အလှအပတွေကိုခံစားပြီး လျောက်လာခဲ့တာ လယ်စောင့်တဲအနားကိုရောက်တော့ ရေနွေးကြိုနေတဲ့ခင်ယွန်းကိုမြင်လိုက်ရတယ်။
ခင်ယွန်းကအောင်မြတ်သာကိုမြင်တော့
“ ဆရာတို့ပြန်ရောက်လာပြီလား ဒါနဲ့ စက်ကြိုးစီးတဲ့ကဝေမကြီးရော ဘာဖြစ်သွားလဲ”လို့ မေးရာ အောင်မြတ်သာက
“သူတို့အားလုံးကို ပညာတွေသုံးမရအောင် ဆုံးမပေးခဲ့တယ် သင်လဲအခုချိန်ကစပြီး ဝါသနာ ပါတဲ့အလုပ်ကိုတစ်စိုက်မတ်မတ်ဆက်လုပ်ပါ အားမလျော့ပါနဲ့ အခက်အခဲရှိခဲ့လဲ ဥာဏ်ကိုသုံးပြီး ဖြေရှင်းပါ”လို့ပြောပြီး လယ်စောင့်တဲထဲကနေထွက်လာခဲ့လိုက်တယ်။
ခင်ယွန်းကတော့ ကန်သင်းရိုးပေါ်ကနေ ဖြတ်လျောက်သွားတဲ့ အောင်မြတ်သာတို့ရဲ့ နောက်ကျောကိုကြည့်ပြီး လှပတဲ့အပြုံးကိုပြုံးလိုက်တယ်။ ဒီအပြုံးထဲမှာတော့ ဘယ်လိုအခက်အခဲ မဆိုအောင်မြင်အောင်ကြိုးစားမယ်ဆိုတဲ့သံဓိဌာန်တွေပါနေတယ်ဆိုတာ မလွဲ‌ဧကန်ပါပဲ။
အောင်မြတ်သာတို့လဲ ခင်ယွန်းဆီကနေထွက်လာပြီးတဲ့နောက်မှာ ဘော်ကြိုးရွာကိုရောက်ရှိ ခဲ့တယ်။ ဘော်ကြိုးရွာထိပ်ကိုရောက်တော့ လယ်ထဲကနေ တစ်ငိုငိုတစ်ရယ်ရယ်နဲ့ အူယားဖားယား ပြေးလာတဲ့အသက်ခပ်ကြီးကြီးမိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။ မိန်းမကြီးကပြေးလွှားရင်း ယောဂီဝတ်စုံဝတ်ထားတဲ့ အောင်မြတ်သာတို့ကိုမြင်တော့ –


“ ဒီကလူတွေက ပယောဂကုတဲ့ဆရာတွေလားဟင်”
“ ဟုတ်ပါတယ် ဘာအရေးကိစ္စများရှိလို့ပါလဲ”
“ဒါဆို ကျွန်မသားလေးကို ကြည့်ပေးပါဦးရှင် အခုလဲ အိမ်ပေါ်မှာလူမရှိတုန်း ကြိုးဆွဲချသေမယ်ဆိုပြီးလုပ်နေတာ ဘေးအိမ်ကအတွေ့မြန်လို့ ဖမ်းချုပ်ပြီးထိန်းထားရတယ် ဆရာတို့ ပညာနဲ့ကျွန်မသားလေးကိုယ်မှာစွဲကပ်နေတဲ့အရာတွေကိုဖယ်ရှားပေးပါနော်”
အောင်မြတ်သာလဲ မိန်းမကြီးစကားကြောင့် ဘေးမှာရှိနေတဲ့ သက်ခိုင်နဲ့တောက်ရကို ကြည့်လိုက်ရာ နှစ်ယောက်လုံးက တက်ကြွတဲ့အမူအယာနဲ့ ရွာထဲကိုဝင်ဖို့ စိုင်းပြင်းနေကြတာကို တွေ့လိုက်ရတယ်။
ကဲ နောက်အပုဒ်မှာတော့ မိမိကိုယ်မိမိသေကြောင်းကြံနေတဲ့ လူငယ်ကို အောင်မြတ်သာတို့ ဘယ်လိုကုသပေးမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် သိုက်ဖြတ်ကြိုးဆိုတဲ့ဝတ္တုမှာဖတ်ရှုပေး ကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment