အောင်မြတ်သာနှင့်သိုက်တူးသောလူခြောက်ကလေး

” အောင်မြတ်သာနှင့်သိုက်တူးသောလူခြောက်ကလေး ”
စာရေးဆရာ—ဇေယန(ရာမည)
+++++++++++

မှန်စီရွှေချထားတဲ့ တစ်တောင်သာသာ သေတ္တာလေးတစ်လုံးဘေးမှာတော့ လူအချို့ငြိမ်သက်စွာဒူးထောက်ထိုင်နေကြတယ်။ သူတို့ရဲ့မျက်နှာတွေက တစ်စုံတစ်ခုကိုစောင့်ဆိုင်းနေသလို မျှော်လင့်ချက်တွေနဲ့ပြည့်နေကြတယ်။ မကြာခင် ပြူတင်းပေါက်မှာတပ်ထားတဲ့ခန်းဆီးလိပ်ကာက လေမတိုက်ပဲ တဖျတ်ဖျတ်လှုပ်ခါလာချိန်မှာတော့ တိုက်ပုံအနက်ကိုဝတ်ဆင်ထားတဲ့လူကြီးက သေတ္တာနားကိုကပ်သွားပြီး တစ်ယောက်ထဲ စကားစမြည်ပြောဆိုနေခဲ့တယ်။
အတန်ကြာပြောဆိုပြီးချိန်မှာတော့ အနောက်မှာရှိတဲ့သူတွေဘက်ကိုလှည့်ပြီး
” ရွှေမင်းသားက အုတ်ဖိုတောင်ကြောမှာရှိတဲ့ သိုက်တစ်ခုကိုညွှန်ပြနေတယ်၊ လာမယ့် လကွယ်ညမှာ သိုက်စောင့်အကြီးအကဲတွေနဲ့ သိုက်ချုပ်တွေတွေ့မှာမို့ အဲဒီညမှာ သိုက်ကိုတူးရင်အောင်မြင်မယ်လို့ နမိတ်စကားဆိုလာတယ်၊ ဒါ​ကြောင့် လိုအပ်တာတွေပြင်ဆင်ထားကြပေတော့” လို့ပြောကာ ကျောက်စီထားတဲ့ဆေးတံကို ကောက်ယူဖွာရှိုက်နေလိုက်တယ်။
အနားမှာရှိနေကြတဲ့တပည့်တပန်းတွေကတော့ သတင်းစကားကြားရပီမို့ လိုအပ်တဲ့အစီအရင်အဆောင်တွေလုပ်ဖို့အတွက် ဧည့်ဆောင်ကနေ အလျှိုလျှိုပြန်ထွက်သွားခဲ့ကြတယ်။

– – – – – – – – –

အချိန်ကား လကွယ်ည ၁၂နာရီ
အုတ်ဖိုတောင်ကြောတစ်လျောက် အပ်ကျသံပင်မကြားရလောက်အောင်တိတ်ဆိတ်ငြိမ်သက်နေပြီး ရေဆင်းသောက်တဲ့ တောကောင်ငယ်လေးတွေရဲ့ အော်မြည်သံအချို့သာ ရံဖန်ရံခါထွက်ပေါ်လာခဲ့တယ်။
ဒီလိုမှောင်မိုက်နေတဲ့ ညအချိန်အခါမှာပဲ မီးအလင်းအရောင်အချို့က တောင်ကြောတစ်နေရာမှာ ထွက်ပေါ်လာခဲ့တယ်။ ရာဇမက်ကွက်တွေကို စီရီစွာခင်းထားပြီး အုန်းပွဲကန်တော့ပွဲတွေပေးထားတဲ့ စည်းဝိုင်းအလယ်မှာတော့ တစ်လံသာသာရှိတဲ့ ကြိမ်လုံးတစ်လုံးကို ကိုင်ကာ လူတစ်ယောက် တင်ပလ္လင်ခွေထိုင်နေခဲ့တယ်။ ရာဇမက်စည်းအပြင်မှာတော့ အနီရောင်ဆေးနဲ့ဝိုင်းထားတဲ့ စည်းတစ်ခုရှိပြီး အထဲမှာတော့ လူလေးယောက်က အရပ်လေးမျက်နှာကိုမျက်နှာမူပြီးထိုင်နေခဲ့တယ်။
” အခုကစပြီး အုတ်ဖိုသိုက်ကြောကို ထိန်းချုပ်ပြီး သိုက်တံခါးကိုဖွင့်တော့မှာမို့ စည်းဝိုင်းထဲကို ကျူးကျော်ဝင်ရောက်လာသူအားလုံး ငရဲမီးနဲ့ဟပ်ခံရသလို ပူလောင်စေသား”
ရာဇမက်ကွက်ထဲမှာထိုင်နေတဲ့ လူကြီးက ဩဇာအာဏာအပြည့်ပါတဲ့အသံနဲ့ အမိန့်ပြန်လိုက်ပြီး မြေပြင်ကို ကြိမ်လုံးနဲ့ရိုက်ချလိုက်ရာ စည်းအပြင်ဘက်ကနေ အလွန်အားကောင်းတဲ့ အခိုးငွေ့တွေထွက်ပေါ်လာခဲ့တယ်။
” သိုက်ကို စောင့်ကြပ်နေတဲ့ သိုက်စောင့်ပုဂ္ဂိုလ် အခုချက်ချင်း ကျုပ်အရှေ့ရောက်စေ… ငါဆရာ အမိန့်.. ဖြန်း ဖြန်း”
အမိန့်ပေးပြီး မြေကြီးကို အားကုန်ရိုက်လိုက်ချိန်မှာတော့ ရာဇမက်ကွက်အလယ်ကနေ မြေစာတွေဖွာထွက်လာပြီး ဒူးတစ်ဖက်ထောင် ဒူးတစ်ဖက်လှဲ ပုံစံနဲ့ ဘီလူးတစ်ကောင် ထွက်ပေါ်လာခဲ့တယ်။
” နင်က သိုက်စောင့် ဘီလူးလား”
” ဟုတ်တယ် ငါက သိုက်စောင့်ဘီလူးပဲ”
” ဒါဖြင့် ကြိုဆိုတဲ့အနေနဲ့ ချည်မန်းကွင်းလေးလက်ဆောင်ပေးလိုက်မယ် လာလေရော့”
အတွေ့အကြုံရင့်ကျက်နေဟန်တူတဲ့ လူကြီးက သိုက်စောင့်ဘီလူးရဲ့ကိုယ်ကို အသင့်ကိုင်ထားတဲ့ ချည်မန်းကွင်းနဲ့စွပ်ချလိုက်ပြီး ဟန်မပျက်ပြန်ထိုင်နေခဲ့လိုက်တယ်။
” ဟင်း ဟင်း… ဒါ ဒါဘာလုပ်တာလဲ… ငါ့ကို ဘာလို့ချုပ်ထားတာလဲ ဟမ်”
” မင်းဆီမှာ သိုက်တံခါးဖွင့်လို့ရတဲ့ ဂါထာရှိတယ်ဆိုတာ ငါသိထားတယ်၊ အသားမနာချင်ရင် သိုက်တံခါးကိုဖွင့်ပြီး ရတနာတွေကို ယူထုတ်လာပေးစမ်း”
” တောက်စ်… ငါ့ကိုယုံကြည်လို့ အပ်ထားတာကို နင်တို့အတွက်ဖွင့်ပေးစရာလား… နင်တို့အစွမ်းရှိရင် ချည်မန်းကွင်းဖြေပေးလိုက်စမ်း”
” တယ်… ဒီကောင် စကားအတော်များတာပဲ… စကားကောင်းပြောမရရင် အသားနာအောင်လုပ်ရသေးတာပေါ့”
သိုက်ဆရာက လက်ထဲကိုင်ထားတဲ့ ကြိမ်လုံးနဲ့ ချည်မန်းကွင်းကိုထိပြီး ဂါထာတစ်ပုဒ်ကို အဆက်မပြတ်ရွတ်ဖတ်လေရာ ကြိုးကနေ မီးတောက်တွေထွက်လာပြီး သိုက်စောင့်ဘီလူးကိုယ်ကို လောင်ကျွမ်းပါလေရော။
” အမလေး.. ပူလှချည်ရဲ့… မြစောတို့ မြနှောတို့ နင်တို့လွတ်အောင်ပြေးတော့ … သိုက်တံခါးပွင့်ရင် နင်တို့ဒုက္ခရောက်ကြလိမ့်မယ်”
သိုက်စောင့်ဘီလူးက နာကျင်စွာအော်ဟစ်လိုက်ချိန်မှာတော့ တောင်ကြောတစ်လျောက်ကနေ ကြေညက်မက်ဖွယ်ကောင်းတဲ့ တော်လဲသံကြီးထွက်ပေါ်လာပြီး ဆံပင်ဖါးလျားချထားတဲ့ မိန်းမနှစ်ယောက်နဲ့အတူ ပုံဆိုးပန်းဆိုး နာနာဘာဝကောင်တွေ အပြင်စည်းနားမှာပေါ်ပေါက်လာခဲ့တယ်။
အပြင်စည်းတွင်းမှာ အသင့်နေရာယူထားကြတဲ့ လူတွေကကလဲ အရပ်ရှစ်မျက်နှာကနေ ဝန်းရံထားတဲ့ နာနာဘာဝတွေကို ကြောက်ဟန်မပြပဲ လက်ထဲမှာ ကိုင်ထားတဲ့ ဆေးလုံးတွေကို ပွတ်သပ်စကားရင်း အခြေအနေကိုစောင့်ကြည့်နေခဲ့တယ်။
” ထွက်ပြေးကြပါဆို ဘာလို့ ဝင်လာတာလဲ… ပြောရဆိုရခေါင်းမာလိုက်တဲ့ ကောင်မတွေကွာ”
သိုက်စောင့်ဘီလူးက စည်းထဲမှာလူးလိမ့်နေရင်း မချိတင်ကဲရေရွတ်လိုက်ရာ သိုက်ဆရာက ဆေးကြိမ်လုံးနဲ့ သုံးချက်လောက်ဆင့်ရိုက်ပြီး
” နင်ကော နင့်အပေါင်းအဖော်တွေပါ ဒုက္ခမရောက်စေချင်ရင် သိုက်တံခါးဖွင့်စမ်း”
” အမလေး နာလှချည်ရဲ့ ပူလှပါချည်ရဲ့… မရိုက်ပါနဲ့တော့ ဖွင့်ဆိုဖွင့်ပေးပါမယ်၊ ဟိုကောင်မတွေ နင်တို့လဲ စည်းထဲမဝင်လာနဲ့ ပြေးကြ … ပြေးကြတော့”
သိုက်စောင့်ဘီလူးက နာကျင်စွာအော်ဟစ်ရင်း သိုက်တံခါးဖွင့်တဲ့ဂါထာကိုရွတ်လိုက်တဲ့အချိန်
” ဂျိမ်း ဂျလိမ်း” ဆိုတဲ့အသံက မလှမ်းမကမ်း တောင်နံရံကနေထွက်ပေါ်လာခဲ့တယ်။
” နင့်အပေါင်းအပါတွေကို ရတနာပစ္စည်းတွေ ယူဖို့ပြောစမ်း… ငါတို့အချိန်မရဘူး… ကွမ်းနှစ်ယာညက်အချိန်အတွင်း ရတနာတွေမပါလာရင် နင်ကော နင်အပေါင်းအပါတွေကိုပါ မီးလောင်တိုက်သွင်းပစ်မယ်”
သိုက်ဆရာရဲ့စကားသံအဆုံးမှာ အပြင်စည်းထဲရှိနေတဲ့လူတွေရဲ့လက်ကနေ အနီရောင်ဆေးလုံးတွေ လွင့်ထွက်လာပြီး သိုက်စောင့်ဘီလူးရဲ့အပေါင်းပါအချို့ကိုယ်ကိုထိမှန်ကုန်ကြတယ်။
” သိုက်မှာရှိတဲ့ ရတနာ​အိုး ယူထုတ်လာစမ်း… အမြန်လုပ်”
သိုက်ဆရာက မြေပြင်ကို တဖြန်းဖြန်းရိုက်လိုက်ရာ ချည်မန်းကွင်းထိထားတဲ့သိုက်စောင့်ဘီလူးအပြင် ဆေးနီလုံးတွေထိထားတဲ့သူတွေပါ လူးလိမ့်အော်ဟစ်ကြပါလေရော။
” ရပ်လိုက်ပါတော့… ငါယူပေးမယ် နင်တို့လိုချင်တဲ့ ရတနာတွေယူလာပေးမယ်၊ ဘယ်ကိုတင်ပေးရမလဲသာပြော”
​ဆေးနီလုံးမထိထားတဲ့ မိန်းမတစ်ယောက်အသံကြောင့် သိုက်ဆရာက မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး
” ရာဝင်အိုး​လေးလုံးအပြည့်ရတနာတွေယူလာပေးရင်ရပီ.. လိမ်ညာလှည့်ဖျားရင်တော့ ငါ့အကြောင်းသိမယ်… အမြန်လုပ်…”လို့ပြောလိုက်ရာ ဆံပင်ဖားလျားချထားတဲ့မိန်းမကြီးက သိုက်စည်းထဲကို ခပ်သုတ်သုတ်ဝင်သွားခဲ့တယ်။
မကြာခင်မှာပဲ ရာဝင်အိုးနဲ့အပြည့်ထည့်ထားတဲ့ ရတနာတွေကို လှည်းတစ်ခုနဲ့တွန်းထုတ်လာပြီး အပြင်စည်းရှေ့မှာ ချထားလိုက်တယ်။
” နင့်ကတိအတိုင်း ပေးပြီးပြီ… သိုက်ကလူတွေကိုပြန်လွှတ်ပေးတော့”
သိုက်ဆရာက ရတနာတွေကိုကြည့်ပြီး အားရတဲ့မျက်နှာနဲ့ ဟက်ဟက်ပက်ပက်ရယ်ကာ ဆေးမှုန့်တစ်ဆုပ်နဲ့ ပတ်ဝန်းကျင်ကိုပက်ဖြန်းလိုက်ရာ သိုက်စောင့်ဘီလူးအပါအဝင် နာနာဘာဝတွေအားလုံး အရုပ်ကြိုးပြတ်သလိုလဲကျသွားခဲ့တယ်။
မကြာခင် အုတ်ဖိုတောင်ကြောတစ်လျောက် ရာဝင်အိုးချင်းထိတွေ့တဲ့သံ၊ တွန်းလှည်းဘီးကထွက်တဲ့ အသံတွေ ဆူညံစွာထွက်ပေါ်လာခဲ့တယ်။

– – – – – – – – –

” ဒီနေရာပဲမဟုတ်လား ဆရာ”
မောင်ကောင်းရဲ့ မေးသံကြောင့် အောင်မြတ်သာက ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ပြီး
” သူရှိနေတယ်… မောင်ကောင်း”
” ဒါဆို ဘာကြောင့် ထွက်မလာတာလဲမသိဘူး..”
မောင်ကောင်းစကားသံမဆုံးခင်မှာပဲ သစ်ပင်တစ်ပင်နောက်ကနေ လူသေကောင်လိုတောင့်တင်းနေတဲ့ မိန်းမတစ်ယောက် ဖျတ်ခနဲပေါ်လာခဲ့တယ်။
” ဟော မင်းရောက်လာပြီလား… ဒါနဲ့ ခုနထဲက ဘာလို့မထွက်လာတာလဲ”
” ဆရာတို့ဟုတ်မဟုတ်သေချာအောင် ကြည့်နေလို့ပါ”
” ဒါဖြင့် သိုက်ဆရာတွေလက်ထဲပါသွားတဲ့ ရတနာတွေကိုပြန်ယူပေးရမှာလား”
” ရတနာတွေက မြစောတို့ သခင်မလေးပိုင်တဲ့ပစ္စည်းတွေဖြစ်လို့ ပြန်ရရင်လိုချင်ပါတယ်။ အဲဒီထက်ပိုဖြစ်ချင်တာက သိုက်တူးတဲ့အဖွဲ့ကို ဖျက်စီးပေးချင်တာပါ၊ သူတို့ကြောင့် သိုက်ငယ်တွေ အကုန်ဖောက်ခံနေရပါတယ်”
” ဒီကောင်တွေက သိုက်ကရတဲ့ရတနာတွေကို ဘယ်နေရာမှာအသုံးပြုလဲဆိုတာ အရင်သိအောင်လုပ်ရမယ်၊ ကျုပ်တို့ကလဲ ဒီလိုမတရားတာမြင်ရင် လက်ပိုက်ကြည့် မနေနိုင်တာမို့ သင်ရဲ့မူလနေရာကိုပြန်ပြီးစောင့်နေပါ၊ အကြောင်းလိုရင် ကျုပ်ဆင့်ခေါ်လိုက်ပါမယ်”
အောင်မြတ်သာစကားအဆုံးမှာ ဆံပင်ဖါးလျားချထားတဲ့မိန်းမကြီးက အရိုအသေပေးပြီး အမှောင်ထုထဲကိုဝင်ရောက်ကာပျောက်ကွယ်သွားခဲ့တယ်။

– – – – – – – – –

” ဆရာ ဒီသိုက်တူးတဲ့ကောင်တွေက နှယ်နှယ်ရရတော့မဟုတ်လောက်ဘူးနော်… နောက်ပြီး သူတို့မှာပါလာတဲ့ လူခြောက်ကောင်ရဲ့နောက်ကြောင်းကိုလဲသိဖို့လိုမယ်ထင်တယ်”
” အင်း… ဒီကိစ္စတွေကို သိလောက်မယ့်သူတစ်ယောက်တော့ရှိတယ်၊ သူ့ဆီသွားကြရအောင်”
အောင်မြတ်သာက အုတ်ဖိုတောင်ကြောကို လှမ်းကြည့်လိုက်ပြီး လူသွားလမ်းအတိုင်းထွက်သွားခဲ့တယ်။ အတန်ကြာသွားပြီးချိန်မှာတော့ အုတ်ဖိုတောင်ကြောနဲ့တစ်ဆက်ထဲဖြစ်နေတဲ့ မလွန့်တောင်ခြေကိုရောက်လာခဲ့တယ်။ တောင်ခြေကိုရောက်တော့ ညအတန်နက်နေပီမို့ သစ်ခုတ်သမားတွေ ယာယီအသုံးပြုတဲ့ တဲအိမ်တစ်လုံးမှာ ခေတ္တအနားယူခဲ့ကြတယ်။
မောင်ကောင်းကတော့ တဲအောက်ခြေက မြေကွက်လပ်မှာ မီးဖိုပြီး အချမ်းဓါတ်သက်သာအောင်စီမံနေတဲ့အချိန် သစ်ရွက်ခြောက်တွေကိုနင်းတဲ့အသံနဲ့အတူ မျက်လုံးပြူးပြူး အရပ်မြင့်မြင့်နဲ့လူတစ်ယောက်ထွက်လာခဲ့တယ်။
” ဟိတ် မင်းက ဘယ်သူလဲ…”
​မောင်ကောင်းရဲ့ ဟိန်းဟောက်သကြောင့် အရပ်မြင့်မြင့်နဲ့လူက ရှေ့ဆက်မတိုးလာပဲရပ်နေလိုက်တယ်။
” သူ့ကို ငါခေါ်ထားတာ … အန္တရာယ်ပေးမယ့်သူမဟုတ်ပါဘူး”
အောင်မြတ်သာစကားကြောင့် မောင်ကောင်းလဲ မတ်တပ်ရပ်နေရာကနေ ပြန်ထိုင်လိုက်ပြီး ထင်းခြောက်အချို့ကို မီးပုံထဲ​ပစ်ထည့်နေလိုက်တယ်။
” သင်က တောစောင့်ကြီးသံခဲရဲ့ တပည့်လား”
” ဟုတ်တယ်…”
” မင်းက ဒီတောင်ကြောနဲ့ဆက်စပ်သမျှကို နှံ့နှံ့စပ်စပ်သိတယ်လို့ အဖိုးသံခဲ စကားပါးထားဖူးတယ်၊ ဒါကြောင့်မင်းကိုခေါ်လိုက်တာ”
” ဘာသိချင်လို့ခေါ်တာလဲပဲ ပြောပါ”
လိုရင်းတိုရှင်းပြောနေတဲ့ ပုံစံကြောင့် အောင်မြတ်သာ အနည်းငယ်ပြုံးလိုက်ပြီး
” အုတ်ဖိုတောင်ကြောကသိုက်ကို တူးသွားတဲ့ အဖွဲ့က ဘယ်အရပ်ဘက်ကိုထွက်သွားလဲ မင်းသိလား”
” လူခြောက်ရွှေမင်းသားတို့အဖွဲ့ကိုပြောတာဖြစ်မယ်… ”
” အေး ဟုတ်တယ် အဲဒီအဖွဲ့ပဲ… ဒါနဲ့ မင်းက သူ့ကိုသိလို့လား”
” ရွှေမင်းသားသိုက်ကလာလို့ ရွှေမင်းသားလို့ခေါ်တာ”
” ဟင် ဒီလူခြောက်ကောင်က သိုက်ကလာတာပဲလား”
” ဟုတ်တယ် ရွှေမင်းသားသိုက်ဆိုတာ ပုဂ္ဂလိကသိုက်တစ်ခုပဲ၊ အခုသူက လူ့ဘဝကို လူခြောက်ဘဝနဲ့လာပြီး အခြားသိုက်တွေမှာရှိတဲ့ ရတနာတွေကို သူ့သိုက်ဆီပြောင်းထည့်နေတာပဲ”
” ဒါဆို ဒီလူခြောက်ကောင်တို့အဖွဲ့ ဘယ်အရပ်မှာအခြေချလဲ သိလား”
” သူတို့လာရင် ကျူပန်းမြို့ဘက်ကနေပဲ လာတာများတယ်၊ ဒါကြောင့် ကျူပန်းမြို့မှာပဲရှာကြည့်ပါ”
” ကျေးဇူးတင်တယ် အရှည်ကြီးရေ… အဖိုးကိုလဲပြောလိုက်ဦး အပြန်မှ လာတွေ့ပါမယ်လို့”
” အင်း… သေချာပေါက်ပြောလိုက်မယ်”
အဖိုးသံခဲတပည့်ပြန်ထွက်သွားချိန်မှာတော့ မောင်ကောင်းက အနားကပ်လာပြီး
” ဒီကောင်စကားပြောတာ ဘယ်လိုကြီးလဲ… အချိုးကိုမပြေဘူးနော်”
” သူက ဒီလိုပဲပြောတတ်တာကိုး စိတ်ထဲမထားပါနဲ့”
” ဒါနဲ့လေ သူကဘာကြောင့် အကုန်သိနေရတာလဲ”
” အဖိုးသံခဲပြောတာကတော့ မသေခင်နာရီပိုင်းလောက်အလိုမှာ လမ်းမှားနေတဲ့မျက်မမြင်အဖွားအိုတစ်ယောက်ကို ကူညီပေးခဲ့တာကြောင့် ဒီဘဝမှာ သူနေထိုင်တဲ့နယ်မြေအတွင်းဖြစ်တဲ့ကိစ္စတွေကို မြင်နိုင်ကြားနိုင်ခဲ့တာလို့ပြောဖူးတယ်”
” ဒါဆို ကျွန်တော်တို့က ကျူပန်းမြို့ကို အရင်သွားရမှာလားဆရာ”
” မြို့ကိုအရင်တက်ပြီး စုံစမ်းကြည့်တာပေါ့…သူတို့နဲ့ရင်ဆိုင်ဖြစ်ခဲ့ရင် ပညာစွမ်းတွေထက် ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုကိုသတိထားရမယ်”
” ဟုတ်ကဲ့ဆရာ ကျွန်တော်သတိထားပါ့မယ်”
အောင်မြတ်သာတို့လဲ သတင်းအစနရပီမို့ လုယူခံလိုက်ရတဲ့ ရတနာပစ္စည်းတွေကိုပြန်လည်သိမ်းယူနိုင်ရန် မနက်အရုဏ်တက်တာနဲ့ကျူပန်းမြို့ကိုထွက်လာခဲ့ကြတယ်။

– – – – – – – – –

” ဟင်းသီးဟင်းရွက်တွေ လတ်ဆတ်တယ်နော်…”
” ဖောက်သည်ကြီး အိမ်ကြက်လတ်လတ်ဆတ်ဆတ်လေးတွေအားပေးပါဦး… ချောင်းငါးတွေလဲရတယ်နော် ကြိုက်မှဝယ် မကြိုက်ရင်ကျော်သွားလဲ စိတ်မဆိုးတတ်ဘူး”
ဈေးသည်တွေက သူ့ထက်ငါအပြိုင်အဆိုင် အော်ဟစ်ဈေးရောင်းနေတဲ့နေရာကို အညိုရောင်လည်ကတုံးလက်ရှည်ဝတ်ထားတဲ့ လူနှစ်ယောက်ဝင်လာခဲ့တယ်။
” ဆရာကြီးဘော်ငွေ တပည့်တွေပါလား… ဘာများလိုချင်လို့ပါလဲဗျ”
အုန်းသီးငှက်ပျောသီးရောင်းတဲ့ ဒေါ်မေလှက ထိုင်နေရာကနေ ကမန်းကတမ်းထပြီး လောကွတ်ချော်လိုက်တယ်။
” ရွှေငှက်ပျောအဖီးလှလှတွေရှိလား … ဒီနေ့ကပွဲပြင်တဲ့ရက်ဆိုတော့ ဆရာကြီးက ရွှေငှက်ပျော အဖီးနှစ်ဆယ်ဝယ်လာဖို့ မှာလိုက်လို့ပါ”
” ရှိပါ့တော် ရှိပါ့.. မနက်ကမှ ခေါင်သီးတွေဝင်ထားတာ၊ သေချာရွေးပြီးထည့်ပေးလိုက်ပါမယ်”
” ဒါဆို ပွဲအုန်း ၄လုံးပါထည့်ပေး… ကြွက်မြှီးတန်းတဲ့အလုံးပဲထည့်ပေးနော်… ခဏနေပြန်လာယူမယ်”
လည်ကတုံးဝတ်ထားတဲ့လူနှစ်ယောက်က အုန်းသီးရောင်းတဲ့ဆိုင်ကနေထွက်သွားပြီး ဆယ်မိနစ်​လောက်မကြာမှာပြန်ရောက်လာကာ ငှက်ပျောသီးနဲ့အုန်းသီးထည့်ထားတဲ့ခြင်းကို မနိုင်တနိုင်သယ်ပြီးထွက်သွားခဲ့တယ်။
” ဒီနေ့က ထူးထူးဆန်းဆန်း ပွဲတွေဘာတွေပြင်လို့ပါလား… ဘာအရေးထူးလဲတော့မသိဘူး”
” မင်းမသိဘူးလား… ဆရာကြီးတို့အလုပ်ကိစ္စအောင်မြင်လို့ ရွှေမင်းသားကိုပွဲပေးမှာတဲ့လေ”
” ဟုတ်လား ဒါဆို ငါတို့အတွက်လဲ မုန့်ဖိုးရပီပေါ့”
” မုန့်ဖိုးရတာမရတာအသာထား… ရွှေမင်းသားကိုပွဲပေးတဲ့နေ့ဆိုရင် ပိုက်ဆံရှိလူတန်းစားတွေ အများဆုံးလာတယ်လေကွာ၊ သူတို့ခိုင်းတာလုပ်ပေးတာနဲ့တင် ငါတို့အတွက်ခိုင်ပါတယ်ကွ”
နှစ်ယောက်သား ဝမ်းသာအားရပြောရင်းထွက်သွားပြီးတဲ့အချိန်မှာတော့ ဈေးရှေ့ဆိုက်ကားဂိတ်အပျက်နားကနေ လူနှစ်ယောက်ထွက်လာခဲ့တယ်။
” ဆရာပြောတာမှန်တာပဲ… ဒီကောင်တွေ အလုပ်အောင်မြင်တော့ ကန်တော့ပွဲပေးကြပီလေ”
” ငါ့အထင်ပြောရရင် အခုသွားနေတဲ့အိမ်က မြို့ပေါ်မှာဟန်ပြနေတဲ့နေရာလို့ထင်တယ်၊ ဘာပဲဖြစ်ဖြစ် သူတို့နောက်ကိုမယောင်မလည်လိုက်သွားကြည့်ကြရအောင်”
အောင်မြတ်သာတို့လဲ ဈေးလာဝယ်တဲ့သူတွေနောက်ကို လိုက်သွားကြည့်ရာ အတန်သင့်ကြီးမားတဲ့ပျဉ်ထောင်အိမ်တစ်လုံးရှေ့မှာ ရွက်ဖျင်တဲထိုးပြီး ကန်တော့ပွဲတွေတင်ထားတာကိုမြင်လိုက်ရတယ်။ ရွက်ဖျင်တဲအတွင်းမှာတော့ လူကြီးတစ်ယောက်ကနဂါးပတ်တောင်ဝှေးကိုကိုင်ပြီး စီမံညွှန်ကြားနေခဲ့တယ်။
” အိမ်ကိုသိရပီဆိုတော့ လူရှင်းတဲ့အချိန်မှ ထပ်လာကြတာပေါ့… အခုတော့ ခဏလွှတ်ထားပေးလိုက်”
အောင်မြတ်သာတို့လဲ လမ်းနေရာတွေကိုမှတ်သားပြီး မြို့လယ်ခေါင်မှာရှိတဲ့ စေတီပေါ်ကိုပြန်တက်လာခဲ့ကြတယ်။ စေတီပေါ်ရောက်တော့ ဝတ်ဆင်ထားတဲ့ အဝတ်စားဟောင်းတွေကို ယောဂီအင်္ကျီနဲ့ပြန်လဲပြီး တရားအားထုတ်ဖို့ လူရှင်းတဲ့နေရာကိုထွက်လာခဲ့လိုက်တယ်။ ညနေစောင်းအချိန်ရောက်လို့ မောင်ကောင်း တရားဖြုတ်ပြီးတဲ့ချိန်မှာတော့ ဆရာဖြစ်သူမပြီးသေးတာကြောင့် စေတီပတ်ပတ်လည်ကို လှည့်ပတ်ကြည့်နေတဲ့အချိန် နဂါးပတ်တောင်ဝှေးတစ်ချောင်းကို ကိုင်ပြီး ဘုရားပေါ်ကိုတက်လာတဲ့ လူကြီးတစ်ယောက်ကိုမြင်လိုက်ရတယ်။ သူ့အနောက်မှာတော့ အပေါ်အဖြူ အောက်ယောဂီဝတ်ထားတဲလူနှစ်ယောက်က ခပ်လှမ်းလှမ်းကနေ လိုက်ပါလာခဲ့တယ်။
မောင်ကောင်းလဲ ဒီလူတွေကိုမြင်တော့ ချက်ချင်းဆိုသလိုမှတ်မိသွားပြီး စင်္ကြန်လျောက်နေတဲ့ဟန်နဲ့ အရိပ်အခြေကိုအကဲခတ်နေလိုက်တယ်။ ခဏကြာတော့ နဂါးပတ်တောင်ဝှေးကိုင်ထားတဲ့လူကြီးက စနေထောင့်မှာ ရပ်လိုက်ပြီးအင်းစမတစ်ချပ်ပေါ်မှာ ဆေးဖယောင်းတိုင်ထွန်းကာ ပြန်ထွက်သွားခဲ့တယ်။
မောင်ကောင်းကလဲ သူတို့တွေဘာဆက်လုပ်ကြမလဲဆိုတာသိချင်တဲ့စိတ်နဲ့ အနောက်ကနေ မသိမသာလေးလိုက်သွားကြည့်ရာ စေတီရဲ့အနောက်ဘက် တောစပ်နားလဲရောက်ရော အရှေ့ကသွားနေတဲ့သူတွေအကုန် ရုတ်တရက်ပျောက်သွားခဲ့တယ်။
” ဟင်… ခုနကပဲ ဒီနားမှာတွေ့တာလေ ဘယ်ရောက်သွားကြပါလိမ့်”
မောင်ကောင်းလဲ တစ်ကိုယ်ထဲရေရွတ်ရင်း ဘိစပ်ခြုံတွေထူထပ်စွာပေါက်နေတဲ့ နေရာတစ်ခုအရောက် ဦးခေါင်းနောက်ဘက်ကို မာကျောတဲ့အရာတစ်ခုလာထိတာကိုသိလိုက်ရပီး အရာရာအမှောင်ဖုံးလွှမ်းသွားခဲ့တယ်။

– – – – – – – – –

” အား ကျွတ် ကျွတ် ကျွတ်”
နောက်စေ့က တစ်ဆစ်ဆစ်ကိုက်နေတာကိုလက်နဲ့ဖိပြီး မျက်လုံးဖွင့်ကြည့်လိုက်ရာ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ အိမ်ပျက်ကြီးတစ်ခုကိုမြင်လိုက်ရတယ်။ သူ့အရှေ့မှာတော့ ကြိမ်ကုလားထိုင်တစ်လုံးပေါ်မှာ တင်ပလွှဲထိုင်ပြီး သူ့ကိုစူးစိုက်ကြည့်နေတဲ့လူတစ်ယောက်။
” မင်း ဘယ်သူလဲ… ဘာကြောင့် ငါတို့နောက်ကို လိုက်ကြည့်နေရတာလဲ”
ကုလားထိုင်ပေါ်မှာထိုင်နေတဲ့လူရဲ့ စကားသံကြောင့် မောင်ကောင်းတစ်ယောက် မျက်လုံးကိုပွတ်ပီးကြည့်လိုက်ရာ စေတီပေါ်မှာမြင်ခဲ့ရတဲ့သူဖြစ်နေခဲ့တယ်။
” စိတ်ထဲထူးဆန်းနေတယ်ထင်လို့ လိုက်ကြည့်ခဲ့တာပဲ၊ အခြားဘာမှတော့မရှိဘူး”
” ဖြောင်း”
ရုတ်တရက်မို့ မောင်ကောင်းမေးရိုးတစ်ခုလုံး ထူပူသွားပြီး လူကအနောက်ကိုလန်ကျသွားတယ်။ ခြေထောက်နှစ်ဖက်ကို အလွန်ခိုင်မာတဲ့ကြိုးနဲ့တုပ်ထားတဲ့အတွက် ရုတ်တရက်မထနိုင်ပဲဖြစ်နေတဲ့အချိန် ဘေးမှာရပ်နေတဲ့လူတစ်ယောက်က ဂုတ်ပိုးကနေဆွဲတင်လိုက်ပြီး
” မင်းက ဘယ်ဂိုဏ်းကလဲ… ဝတ်ပုံစားပုံအရ ဂိုဏ်းဂဏတစ်ခုခုကပဲဖြစ်ရမယ်”
” သိတော့ရော ခင်ဗျားတို့ကဘာလုပ်လို့ရမှာလဲ… မကြာခင် ခင်ဗျားတို့လုပ်ထားတာတွေအကုန် ပြန်ပေးဆပ်ရတော့မှာ ဟက်ဟက်”
မောင်ကောင်းက နဂိုထဲကအကြောတင်းတင်းမို့ နှုတ်ခမ်းထောင့်မှာပေနေတဲ့သွေးစတွေကို လက်ခုံနဲ့သုတ်ပြီး မခန့်တဲ့မျက်လုံးနဲ့ စိုက်ကြည့်နေလိုက်တယ်။
” ဆရာကြီး ဒီကောင်ကို ဘယ်လိုလုပ်ရမလဲ…”
” ငါတို့အလုပ်က သူတစ်ပါးအသက်ကိုသတ်လို့မရဘူးလေ… ဒါကြောင့် စိုးကြီးဆီမှာပဲ အပ်ထားလိုက်ပါ”
” ဟုတ်ကဲ့ဆရာ… ဟေ့ကောင် ထစမ်း”
ဘေးမှာရှိနေတဲ့သူက မောင်ကောင်းကိုခပ်ကြမ်းကြမ်းဆွဲထူလိုက်ပြီး မေ့ကြောကိုလက်ဝါးဇောင်းနဲ့ခုတ်လိုက်ရာ ဒုတိယအကြိမ်သတိလစ်သွားခဲ့တယ်။

– – – – – – – – –

​”ချလွင် ချလွင်”
စေတီတော်ရဲ့ ထီးတော်မှာလှူဒါန်းထားတဲ့ ခေါင်းလောင်းတွေထဲက တစ်လုံးကသာ အဆက်မပြတ်လှုပ်ရမ်းနေတာကြောင့် အောင်မြတ်သာ မျက်လုံးတွေကိုဖွင့်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ ခေါင်းလောင်းထောင့်နားမှာ ငုတ်တုပ်ထိုင်နေတဲ့ ဆယ်ကျော်သက်ကလေးတစ်ယောက်ကိုမြင်လိုက်ရတယ်။
အဲဒီကလေးက အောင်မြတ်သာတရားဖြုတ်လိုက်တာ​ကိုမြင်တော့ အလောတကြီးပြေးလာပြီး
” ဆရာတပည့်ကို သူတို့ဖမ်းသွားကြပြီ… အချိန်မှီမလိုက်သွားရင် အသက်အန္တရာယ်ရှိတယ်”
” သူတို့ဆိုတာ ရွှေမင်းသားအဖွဲ့က လူတွေကိုပြောတာလား”
” ဟုတ်တယ် ဆရာ… သူတို့ရဲ့တပည့်တွေက အကုန်လက်ရဲဇက်ရဲတွေကြီးပဲ… အခုချက်ချင်းလိုက်သွားမှရမယ်”
” သူတို့က ဘယ်ကိုခေါ်သွားကြလဲ မြင်မိလား”
” ဘယ်ကိုခေါ်သွားလဲဆိုတာတော့မသိဘူး… ဖမ်းသွားတာတော့သေချာတယ်”
အောင်မြတ်သာလဲ ချက်ချင်းဆိုသလို လွယ်အိတ်ကိုကောက်လွယ်ကာ စေတီပေါ်ကနေ ဆင်းခဲ့လိုက်တယ်။ စေတီအောက်ကိုရောက်တော့ လွယ်အိတ်ထဲပါလာတဲ့ ခြေရာကောက်အင်းကို ထုတ်ယူပြီး လေပေါ်ပစ်တင်လိုက်ရာ ဘယ်ကနေရောက်လာမှန်းမသိတဲ့ ငှက်တော်တစ်ကောင်က အင်းချပ်ကို သုတ်ချီကာ မြောက်အရပ်ကိုပျံထွက်သွားခဲ့တယ်။
အောင်မြတ်သာလဲ ငှက်တော်ပျံထွက်သွားတဲ့နောက်ကို ခပ်သုတ်သုတ်လိုက်သွားရာ မြို့ပြင်တစ်နေရာရောက်တော့ အင်းစာရွက်ကိုကိုက်ချီထားတဲ့ ငှက်တော်က “ဝက်/အမဲပေါ်သည်”ဆိုတဲ့ဆိုင်းဘုတ်​ပေါ်မှာ နားနေတာကိုမြင်လိုက်ရတယ်။
” ကောင်​လေးရေ မင်းလဲပင်ပန်းသွားပြီ… ဒီလောက်ဆို တာဝန်ကျေပါတယ်ကွာ” လို့ပြောလိုက်တော့ ငှက်တော်လေးက အင်းစာရွက်ကို ပစ်ချကာ လာလမ်းအတိုင်းပျံထွက်သွားခဲ့တယ်။ အဲဒီအချိန် သားသတ်ရုံထဲကနေ နာကျင်စွာအော်လိုက်တဲ့အသံတစ်သံထွက်ပေါ်လာခဲ့တယ်။
” မောင်ကောင်း….”
အောင်မြတ်သာလဲ အသံကြားတဲ့ဘက်ကို တန်းဝင်သွားပြီးကြည့်လိုက်ရာ ရင်ဝမှာဓါးတန်းလန်းနဲ့ သွေးတစ်ပွက်ပွက်အန်နေတဲ့ တပည့်ဖြစ်သူကို စိတ်မချမ်းမြေ့စွာမြင်လိုက်ရတယ်။
” ဟေ့ မင်းက ဘယ်သူလဲ”
အပေါ်ပိုင်းဗလာကျင်းထားတဲ့ လူတစ်ယောက်က သားသတ်ဓါးမြှောင်ကိုကိုင်ရင်း အောင်မြတ်သာဆီဝင်လာတဲ့အချိန်-
” မင်း က လူမှမဟုတ်ပဲ… မင်းက ကျောက်ရုပ်တစ်ရုပ်ဖြစ်နေပီ… မင်းရဲ့ခန္ဓာကိုယ်က လှုပ်လို့မရတော့ဘူး… လက်ချောင်းတွေကအစ တစ်ဖြေးဖြေးလေးလံလာပြီ လေးလံလာပြီ” လို့ပြောလိုက်ရာ ဓါးမြှောင်ကိုင်ထားတဲ့သူရဲ့ သူငယ်အိမ်တွေတစ်ဖြေးဖြေးကျဉ်းလာပြီး ကျောက်ရုပ်တစ်ရုပ်လိုငြိမ်သက်သွားခဲ့တယ်။
” မောင်ကောင်း… သတိထားစမ်း”
အောင်မြတ်သာက လဲကျနေတဲ့ တပည့်ဖြစ်သူကိုပွေ့ထူပြီး သွေးခုန်နှုန်းကိုစမ်းကြည့်လိုက်ရာ အလွန်သေးမျှင်တဲ့သွေးကြောတစ်ခုကိုသာစမ်းမိခဲ့တယ်။
” ဒုက္ခပဲ… အခုချိန်နည်းနည်းလေးလှုပ်ရှားတာနဲ့ သေသွားလိမ့်မယ်… မတတ်နိုင်ဘူး… ဆရာသခင်တွေရဲ့အကူအညီကိုယူရတော့မှာပဲ”
အောင်မြတ်သာလဲ စိတ်ထဲကနေ တောင့်တလိုက်ရာ မောင်ကောင်းရဲ့ ခန္ဓာကိုယ်က လေပေါ်ကိုတစ်ဖြေးဖြေးကြွတက်လာခဲ့ပြီး နားထဲမှာတော့
” လူလေး… စိတ်ကိုတည်ငြိမ်အောင်ထားပါ၊ ရဲရင့်တဲ့စစ်သူကြီးတစ်ယောက်ဟာ ကိုယ့်သွေးသားရင်းသေဆုံးတာတောင် တိုက်ပွဲကိုနိုင်အောင် တိုက်နိုင်ရမယ်၊ ဒါကြောင့် လုပ်လက်စအလုပ်ကို ပြီးပြတ်အောင်လုပ်ပါ၊ ဒီကလေးရဲ့ ခန္ဓာကိုယ်ကို စိုးရိမ်ပူပန်ခြင်းမပြုနဲ့၊ အမှုပြီးပြတ်တဲ့အခါ သလင်းကျောက်ဂူထဲကိုပြန်လာခဲ့ပါ” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။
မကြာခင်အချိန်မှာတော့ မောင်ကောင်းရဲ့ ခန္ဓာကိုယ်က လေထဲမှာတင်မှုန်ဝါးပျောက်ကွယ်သွားပြီး ရင်ဝမှာစိုက်နေတဲ့ ဓါးမြှောင်တစ်ချောင်းသာ ကျန်ရစ်ခဲ့တယ်။

– – – – – – – – –

ညက နက်သထက် နက်လာတာနဲ့အမျှ ကန္နားပွဲရဲ့ဆိုင်းသံကလဲ ကြမ်းတမ်းလာခဲ့တယ်။ ကန္နားပွဲပတ်ပတ်လည်မှာတော့ စုပြုံတိုးဝှေ့နေကြတဲ့ပရိတ်သတ်တွေကလဲ ကြိတ်ကြိတ်တိုးစည်ကားလျက်။ အဲဒီအချိန်
” သုဿာန်တစ်ကြောကိုအပိုင်စားရထားတဲ့ မဖဲဝါကိုပင့်ဖိတ်မှာဖြစ်လို့ ကြောက်တတ်သူတွေ ဝိုင်းကနေ နောက်ဆုတ်ပေးကြပါ၊ ဒီတစ်ခါပင့်ဖိတ်မယ့်သူက ပွဲကြည့်ပရိတ်သတ်တွေထဲကနေ ရွေးချယ်ပူးကပ်မှာဖြစ်ပါတယ်။ မဖဲဝါဝင်လာတဲ့အခါ ထဘီကိုဇောက်ထိုးပြင်ဝတ်တတ်တာကြောင့် ထိန်းပေးမယ့်သူတွေက သတိထားပေးကြဖို့ အသိပေးအပ်ပါတယ်” ဆိုတဲ့အသံထွက်ပေါ်လာခဲ့တယ်။
မကြာခင် ဆိုင်းဝိုင်းဆီကနေ နတ်ဒိုးသံမြိုင်မြိုင် တီးလိုက်ရာ လူအုပ်ထဲမှာကြည့်နေတဲ့ မိန်းကလေးတစ်ယောက် အံကိုကြိတ်ပြီး ဝိုင်းထဲကို ခုန်ဝင်လာခဲ့တယ်။ ဘေးကမိန်းမတွေကလဲ အသင့်ပြင်ထားတဲ့အတိုင်း ဝင်ပူးနေတဲ့ မိန်းကလေးပတ်ပတ်လည်ကို အပြင်လူတွေမမြင်ရအောင်ကာလိုက်ကြပြီး အသင့်ပြင်ထားတဲ့ အမဲသားအစိမ်းပန်းကန်ကို ဆက်ဖို့ယူလာခဲ့ကြတယ်။
မဖဲဝါဝင်ပူးနေတဲ့မိန်းကလေးကလဲ အမဲသားစိမ်းပန်းကန်ကို အငမ်းမရဆွဲယူကာ လူပုံအလယ်ဆောင့်ကြောင့်ထိုင်စားနေရင်းကနေ ရုတ်တရက်ရပ်လိုက်ပြီး
” အမလေး အသားစိမ်းတွေ ဘာလို့စားနေတာလဲ ဝေါ့ ဝေါ့” နဲ့ ထိုးအန်ပါလေရော။
ဒီအဖြစ်ကိုမြင်တော့ ကန္နားပွဲအလယ်မှာမိန့်မိန့်ကြီးထိုင်နေတဲ့ လူကြီးက ချက်ချင်းထလာပြီး ပရိတ်သတ်ထဲကို လိုက်ကြည့်လိုက်ရာ ယောဂီအင်္ကျီဝတ်ပြီး လက်ပိုက်ရပ်နေတဲ့အောင်မြတ်သာကိုမြင်သွားခဲ့တယ်။
ဒါပေမယ့် ပွဲကြည့်ပရိတ်သတ်တွေအလယ်မှာမို့ ဟန်မပျက်နေရင်း သတိပြန်ရလာတဲ့ မိန်းကလေးကို ရေမန်းတွေပက်ပေးနေတဲ့အချိန် –
” အနူတောမှာ လူချောဖြစ်နေတဲ့ ဆရာကြီးဆိုတာ ခင်ဗျားလား” ဆိုတဲ့အသံထွက်လာခဲ့တယ်။
ရုတ်တရက်ထွက်လာတဲ့စကားသံကြောင့် ပွဲစီစဉ်သူက
” မင်းဘယ်သူလဲ… ဘာကြောင့် ငါ့အလုပ်ကို နှောက်ယှက်ရတာလဲ”
” မင်းတို့က လူအများရှေ့မှာတော့ ဟိတ်ကြီးဟန်ကြီးသုံးပြီးဆရာဘွဲ့ခံထားပေမယ့် တကယ်စိတ်ရင်းက ခွေးထက်တောင်နိမ့်ကျနေတယ်ဆိုတာ သက်သေပြချင်လို့ လာခဲ့တာ”
ပရိတ်သတ်တွေကလဲ အထူးအဆန်းမို့ အရင်ကထက် စိတ်ဝင်စားလာကြပြီး ငြိမ်သက်စွာစောင့်ကြည့်နေခဲ့တယ်။
” ဆရာကြီး ဒီလူကို ဆွဲထုတ်သွားလိုက်ရမလား”
” လူတွေကြားထဲဒီလိုလုပ်ရင် ငါတို့ကိုအထင်သေးကုန်လိမ့်မယ်…. ဒီညတော့ နင်ဘာလဲ ငါဘာလဲပြရသေးတာပေါ့”
အောင်မြတ်သာလဲ ကေသရာဇာခြင်္သေ့တစ်ကောင်လို ရဲရင့်တဲ့ဟန်နဲ့ ကန္နားပွဲတစ်ခုလုံးကိုခြုံကြည့်လိုက်ရာ ပွဲအလယ်က ခုံအလွတ်တစ်လုံးမှာ ဆေးလိပ်ဖွာပြီးထိုင်နေတဲ့ ခပ်ချောချောလူတစ်ယောက်ရဲ့ ပုံရိပ်ကိုမြင်လိုက်ရတယ်။ သူ့ဘေးမှာတော့ မှန်စီရွှေချထားတဲ့ လူခြောက်သေတ္တာရှိနေခဲ့တယ်။
” ဒီညတော့ အဆင်သင့်လိုက်တာ… အစောင့်ကြပ်နည်းပါးတဲ့သိုက်တွေကို လမ်းပြတူးခိုင်းတဲ့ ကောင်လဲ ရှိနေတာကိုး… ကဲ လူပုံအလယ် သင်နဲ့ကျုပ် ဘယ်သူသာလဲ စမ်းလိုက်ကြရအောင်”
” ဒါဖြင့် သင်ဘယ်လို လုပ်ချင်လဲ…. ပွဲကြည့်ပရိတ်သတ်တွေကရော ဘော်ငွေရဲ့အစွမ်းကို ကြည့်ချင်ကြတယ်မဟုတ်လား”
” ကြည့်ချင်တယ်ဗျို့…
ဆရာကြီးဘော်ငွေ ဘယ်လောက်စွမ်းလဲ ပြလိုက်စမ်းပါ…
ဒီလူစိမ်းနောက်ထပ် ခြေမချရဲအောင် ပညာစွမ်းပြလိုက်ဆရာကြီး”
လူအုပ်ကြီးရဲ့ အားပေးသံကြောင့် ဦးဘော်ငွေ အားတက်သွားပြီး ရှေ့ကိုထွက်လာခဲ့လိုက်တယ်။
” ကောင်းပြီလေ… သင် အခုချိန်ကစပြီး ကြိုက်တဲ့ပုဂ္ဂိုလ်ခေါ်သွင်းစမ်း… ဆံဖျား ကိုယ်ဖျားစီးခဲ့ရင် ကျုပ်ဒူးထောက်ပြီး အရှုံးပေးမယ်”
” ဟားဟား ကြိုက်ပီလေ… ရွာစားရေ ရှမ်းဒိုးလေး တစ်လုံးချင်း တီးပြလိုက်စမ်း”
ဦးဘော်ငွေစကားကြောင့် ဆိုင်းဆရာက ရှမ်းဒိုးကို တစ်လုံးချင်းတီးခတ်တဲ့အချိန် အောင်မြတ်သာက စိတ်ထဲကနေ
” ဒီဝိုင်းထဲကို ဘယ်ပုဂ္ဂိုလ်မှ ဝင်ရောက်ပူးကပ်ခြင်းမရှိစေရ၊ အထက်ဆရာကြီးများရဲ့အမိန့်၊ ငါအောင်မြတ်သာရဲ့အမိန့်” လို့ရေရွတ်ပြီး လက်ပိုက်ကြည့်နေခဲ့တယ်။
ရှမ်းဒိုးသံကမြိုင်လာလေလေ ပရိတ်သတ်ကလဲ ဘယ်နေရာကနေ ဝင်ပူးလာမလဲဆိုပြီးကြည့်နေပေမယ့် ဘယ်သူမှ ဝင်ပူးကပ်ခြင်းမရှိတဲ့အတွက် ဦးဘော်ငွေအပေါ် ဘယ်လိုလဲဆိုတဲ့ မျက်လုံးတွေနဲ့ကြည့်လာခဲ့ကြတယ်။ အဲဒီအချိန် ဦးဘော်ငွေရဲ့ တပည့်တစ်ယောက်က ရှမ်းသိုင်းကွက်နင်းဟန်နဲ့ ပွဲခင်းထဲကိုဝင်ရောက်လာရာ ပရိတ်သတ်တွေအကုန် ဝေးခနဲ အော်ပြီးအားပေးပါလေရော။
အောင်မြတ်သာကတော့ ဝင်ပူးနေတဲ့သူကို ကြည့်ပြီး ခနဲ့ပြုံးပြုံးကာ ကန္နားစင်ပေါ်မှာတင်ထားတဲ့ နတ်ဓါးကိုဆွဲယူလိုက်တယ်။
” ဒီလူက လူပူးလား ပုဂ္ဂိုလ်ပူးလားသိရအောင် ဒီဓါးနဲ့ ဗိုက်ကိုထိုးပြခိုင်းမယ်၊ အပေါ်အင်္ကျီချွတ်လိုက်”
အောင်မြတ်သာစကားကြောင့် ဦးဘော်ငွေ မျက်စိမျက်နှာပျက်သွားပြီးမှ ဟန်မပျက်ထိန်းလိုက်ပြီး ဝင်ပူးနေတဲ့ တပည့်ဖြစ်သူရဲ့အပေါ်အင်္ကျီကိုချွတ်ပေးလိုက်တယ်။
” ရော့ ဒီဓါးနဲ့ ဗိုက်ကို ထိုးစမ်း… ဗိုက်မပေါက်ပဲ ဓါးကောက်သွားရင် ဒီပွဲရဲ့အရှုံးကိုလက်ခံမယ်”
အောင်မြတ်သာက ဝင်ပူးနေတဲ့သူရဲ့လက်ထဲကို ငှက်ကြီးတောင်ဓါးထိုးပေးလိုက်ပေမယ့် ပူးနေတဲ့သူကမယူရဲပဲ အနောက်ကိုဆုတ်သွားတာမြင်လိုက်ရတယ်။
” ဟာ ဒီကောင် ငါ့တို့ကို စော်ကားတာပဲ… ဝိုင်းအပြင်ဆွဲထုတ်လိုက်စမ်း”
ဦးဘော်ငွေရဲ့ စကားကြောင့် အနားမှာရှိနေတဲ့ တပည့်တွေက အောင်မြတ်သာကိုဆွဲထုတ်ဖို့အနားကပ်လာတဲ့အချိန် ပွဲခင်းထဲမှာရှိနေတဲ့ လူတစ်ယောက်ရှေ့ထွက်လာပြီး –
” ဆရာကြီး ဒီလိုလုပ်တာ ကျုပ်လက်မခံနိုင်ဘူး… ပညာပြိုင်တယ်ဆိုတာ ဒီလိုလုပ်လို့မရဘူးလေ.. ခုလိုမတရားလုပ်ရင်တော့ ကျုပ်လက်သင့်ခံမှာမဟုတ်ဘူး”
” ဒါတော့ဟုတ်တယ်… လူအားကိုးနဲ့ လုပ်တာလက်မခံနိုင်ဘူး”
ပရိတ်သတ်တွေက ဝုန်းခနဲ တစ်ယောက်တစ်ပေါက်ပြောလာတဲ့အတွက်ဦးဘော်ငွေ အနောက်ကိုဆုတ်သွားပြီး –
” ဟုတ်ပီ ဟုတ်ပီ … သင်တို့ပြောတဲ့အတိုင်းဖြစ်စေရမယ်… အခု ကျုပ်တပည့်က ပညာစမ်းတာကို လက်မခံနိုင်ဘူးပဲထားပါတော့… ဒီတစ်ခေါက်ကျုပ်အလှည့် ကျန်သေးတယ်လေ”
” မှန်တာပေါ့… သင့်အလှည့်ကျန်သေးတယ်၊ ဒါဖြင့် ပူးကပ်ချင်ယောင်ဆောင်နေတဲ့ သင့်လူကိုစည်းအပြင်ထုတ်လိုက်”
အောင်မြတ်သာစကားကြောင့် ဦးဘော်ငွေက သူ့တပည့်ကို အပြင်ထုတ်လိုက်ပြီး
” ဒီတစ်ခါ ခင်ဗျားအလှည့်ပဲ…. ကျုပ်လဲခင်ဗျား နည်းအတိုင်းပဲလုပ်မယ်” လို့ပြောကာ သူ့ရဲ့လက်အောက်ခံဂိုဏ်းပုဂ္ဂိုလ်တွေကို ကန္နားပွဲအတွင်းအပြင်မှာအစောင့်ချထားလိုက်တယ်။
” ကဲ ဒါဖြင့်ရင် ကျုပ်စပြီနော်”
အောင်မြတ်သာက ပြောပြီးတာနဲ့ စည်းချထားတဲ့ပုဂ္ဂိုလ်တွေကို သိမ်းငှက်တစ်ကောင်လိုစူးရှတဲ့အကြည့်နဲ့လှည့်ပတ်ကြည့်လိုက်ရာ ဘယ်သူမှ မနေရဲပဲခြေဦးတည့်ရာထွက်ပြေးပါလေရော။ အဲဒီအချိန်မှာပဲ ရွှေမင်းသားလို့ခေါ်တဲ့ လူခြောက်ကောင်က ထိုင်နေရာကနေ ထပြေးဖို့အလုပ် –
” ပြေးမရအောင် ဆိုင်ရာကချုပ်ထားစမ်း” လို့စိတ်ထဲကနေအမိန့်ပေးလိုက်ရာ ခုံပေါ်မှာပဲ ကြိုးအထပ်ထပ်နဲ့ရစ်ပတ်ထားသလို လှုပ်မရဖြစ်သွားခဲ့တယ်။ ဒီအဖြစ်အပျက်တွေကို ဦးငွေဘော်တစ်ယောက်မသိရှိပဲ သူ့ကိုယ်သူအဟုတ်ကြီးထင်နေဆဲ။
” ကဲ ကျုပ်စပင့်ပီနော်… ပရိတ်သတ်များ အနောက်နည်းနည်းဆုတ်ထားပေးပါ” လို့ပြောပြီး ခြေဖဝါးသုံးတောင်နတ်(ခေါ်)နတ်ရဲကျော်ကို ခေါ်သွင်းလိုက်ရာ ပွဲကြည့်တဲ့သူတွေထဲက ပိန်ပိန်ပါးပါးသေးသေးသွယ်သွယ်လူတစ်ယောက် ဝိုင်းထဲကို ခုန်ဝင်လာခဲ့တယ်။
(နတ်ရဲကျော်အကြောင်းကိုတော့ အောင်မြတ်သာနှင့်ခြေဖဝါးသုံးတောင်ဝတ္တုမှာဖတ်ရှုနိုင်ပါတယ်)
အောင်မြတ်သာကတော့ ခြေဖနောင့်တွေတဖျောင်းဖျောင်းမြည်အောင် ဆောင့်ကာ ကြမ်းနေတဲ့ နတ်ရဲကျော်ကိုကြည့်ပြီး –
” အတုအယောင်လို့ထင်နေသူတွေအားလုံးကို သင့်အစွမ်းပြလိုက်စမ်း” လို့အမိန့်​ပေးလိုက်ရာ ဝင်ပူးနေတဲ့သူက ကန်တော့ပွဲထိုးထားတဲ့အုန်းသီးကို ဆွဲချပြီး ခေါင်းနဲ့လေးချက်လောက်ဆောင့်လိုက်ရာ ကြွက်မြှီးတန်းနေတဲ့အုန်းသီးက ဓါးနဲ့ခွဲလိုက်သလို ဟက်တက်ကြီးကွဲထွက်သွားခဲ့တယ်။
ပရိတ်သတ်တွေကတော့ ဟာခနဲ ဟင်ခနဲ​ဖြစ်ကာ လက်ခုပ်တွေတီးပြီး အားပေးကုန်ကြတယ်။
” အော် ဟိုးနားမှာရှိတဲ့ အင်္ဂတေတုန်းကြီး ယူလာပေးလို့ရလား”
အောင်မြတ်သာစကားကြောင့် ပွဲကြည့်ပရိတ်သတ်တွေထဲကတစ်ယောက်က ကန္နားပွဲဘေးမှာရှိနေတဲ့ အင်္ဂတေတုံးကို မလာပေးခဲ့တယ်။
နတ်ရဲကျော်ဝင်ပူးနေတဲ့သူက အင်္ဂတေတုံးကိုမြင်တာနဲ့ ချက်ချင်းဆွဲယူကာ နဖူးနဲ့အစိပ်စိပ်အမြွှာမြွှာဖြစ်အောင်ထုချေပြလိုက်တယ်။ ဦးငွေဘော်နဲ့ တပည့်တွေကတော့ အခြေနေမဟန်မှန်းသိတာကြောင့် အရှုံးပေးဖို့အတွက် အောက်လေနဲ့ဝင်ဖို့အလုပ် အောင်မြတ်သာက –
” အုတ်ဖိုတောင်ကြောမှာရှိတဲ့ မြစော နဲ့ မြနှော ညီအစ်မ အခုချက်ချင်းရောက်စေ”လို့အမိန့်ပြန်လိုက်ရာ လူအုပ်ထဲက မိန်းမနှစ်ယောက် ဆံပင်တွေကိုဖားလျားချကာပြေးဝင်လာပြီး ဦးငွေဘော်ကို စားမတတ်ဝါးမတတ်မျက်လုံးတွေနဲ့စိုက်ကြည့်နေခဲ့တယ်။
” သင်တို့သိုက်နန်းက ခိုးယူသွားတဲ့ပစ္စည်းတွေ ဘယ်မှာထားလဲ သိကြလား”
” သိတယ် ဒီ ကောင်က ပစ္စည်းတွေကို နတ်ရုပ်​တွေထဲမှာဖွက်ထားတာ …. စင်ပေါ်မှာတင်ထားတဲ့ နတ်ရုပ်တွေထဲ ငါတို့သိုက်ထဲက ရတနာတွေရှိတယ်”
” ကဲ ဒါဖြင့် နတ်ရဲကျော်ရေ မင်းအစွမ်းပြလိုက်ပါဦး”
အောင်မြတ်သာစကားအဆုံးမှာ နတ်ရဲကျော်က ကန္နားစင်ပေါ်မှာတင်ထားတဲ့ နတ်ရုပ်တွေကို ရိုက်ချိုးပစ်ရာ အထဲကနေ ကျောက်သံပတ္တမြားတွေ ဝေါခနဲထွက်လာခဲ့တယ်။
ပရိတ်သတ်တွေကလဲ ရတနာတွေထွက်လာတာမြင်တော့ သူ့ထက်ငါအလုအယက်ဝင်ကောက်ကြတဲ့အတွက် ကန္နားပွဲတစ်ခုလုံး ဝရုန်းသုန်းကားဖြစ်ကုန်တယ်။ အဲဒီအချိန် မြစောနဲ့ မြနှော ညီအစ်မက ဦးငွေဘော်ကို လည်ပင်းညှစ်ပီး ပါးတွေနားတွေကို ပိတ်ရိုက်ပါလေရာ။
ရုတ်တရက်အလစ်ငိုက်မိသွားတဲ့ ဦးငွေဘော်တစ်ယောက် ဘာမှလုပ်မခင်ပဲ ဘီလူးစီးသရဲစီး ဖြစ်နေတဲ့ ညီအစ်မနှစ်ယောက်ရဲ့ လက်အောက်မှာ အမေရေ အဘရေ အော်ကာ အလူးအလဲခံနေရရှာတယ်။ အောင်မြတ်သာကတော့ လူအုပ်ထဲကနေ ရှောင်ထွက်ပြီး လူခြောက်ကောင်ထည့်ထားတဲ့ သေတ္တာကို ယူကာ စည်းအပြင်ကိုထွက်လိုက်ပြီး
” ပင့်ဖိတ်ထားတဲ့ ပုဂ္ဂိုလ်များ ကိုယ့်အရပ်​ဒေသ အသီးသီးကိုပြန်လို့ရပီ” လို့ပြောလိုက်တော့မှ ဝင်ပူးနေတဲ့သူတွေသတိရလာပြီး ဘာမှမသိတဲ့မျက်လုံးတွေနဲ့ ဘေးဘီကိုကြည့်နေခဲ့ကြတယ်။
ဦးငွေဘော်ကတော့ လူပုံအလယ်မှာအရှက်ကွဲခဲ့ရတဲ့အပြင် အနှစ်နှစ်အလလ စုဆောင်းထားရတဲ့ပစ္စည်းတွေ

ပျက်စီးသွားတာကြောင့် သည်းခြေလေဟပ်ကာ အရူးတစ်ပိုင်းဖြစ်သွားခဲ့ရတယ်။
ကန္နားပွဲလာကြည့်တဲ့သူတွေရခဲ့တဲ့ ရတနာပစ္စည်းတွေကလဲ နောက်တစ်နေ့မနက်အရောက်မှာ အလိုအလျောက်ပျောက်ကွယ်သွားတာကိုလဲ ထူးဆန်းစွာကြားသိလိုက်ရတယ်။

– – – – – – – – –

” မင်းအပြစ် မင်းသိလား… ”
ဆူးခက်တွေအပြည့်ပါတဲ့ ကြိမ်လုံးကိုကိုင်ရင်းမေးလိုက်တဲ့ လူနီကြီးနှစ်ယောက်ရဲ့အသံကြောင့် အနီရောင်ချိတ်ပုဆိုးနဲ့ ဆင်စွယ်ရောင် သိုရင်းအင်္ကျီဝတ်ထားတဲ့ လူငယ်က တုန်တုန်ရီရီဖြင့်
” သိ သိပါတယ်”
” အခုကစပြီး မင်းပိုင်ဆိုင်တဲ့ပစ္စည်းတွေအားလုံးကို သိုက်ချုပ်အဖိုးအမိန့်နဲ့ သိမ်းလိုက်ပြီ… မင်းကိုလဲ ဆူးကြိမ်လုံးနဲ့ အချက် ၁၀၀ရိုက်ဆုံးမဖို့လဲအမိန့်ပေးခဲ့တယ်”
” ကျုပ်မှားမှန်းသိပါပြီ… မရိုက်ကြပါနဲ့ တောင်းပန်ပါတယ်”
” ရွှမ်း… ရွှမ်း…”
” အား … အမလေး သေပါပြီ… နောက်မလုပ်တော့ပါဘူး”
နာကျင်စွာအော်ဟစ်ရင်းလူးလိမ့်နေတဲ့သူကို မလှမ်းမကမ်းက​နေ ခပ်ပြုံးပြုံးမျက်နှာထားနဲ့ရပ်ကြည့်နေတဲ့သူတစ်ယောက်ရှိခဲ့တယ်။ အဲဒီလူက မကြာခင်မှာပဲ နာကျင်စွာအော်ဟစ်နေတဲ့အသံကို လစ်လျှူရှုပြီး သလင်းကျောက်ဂူရှိတဲ့ဘက်ကို ဖြေးညှင်းစွာ ထွက်ခွာသွားခဲ့တော့တယ်။
သလင်းကျောက်ဂူထဲမှာရှိတဲ့ မောင်ကောင်းကရော သေမလား၊ ရှင်မလား၊ ဘယ်လိုတွေဆက်ဖြစ်မလဲ ဆိုတာကိုတော့ အောင်မြတ်သာ၀တ္ထုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment