အောင်မြတ်သာနှင့်သွေးမျက်ရည်

” အောင်မြတ်သာနှင့်သွေးမျက်ရည် ”
+++++++++++++++++++++

အောင်မြတ်သာတို့ ဆရာတော်မိန့်တော်မူတဲ့ လက်ပံတောရွာကိုရောက်တော့ ညနေစောင်းနေပီ။ ညနေလယ်သိမ်းယာသိမ်းချိန်ဆိုတော့ လယ်ထဲယာထဲကပြန်လာတဲ့သူတွေနဲ့ လက်ပံတောရွာအဝင်လေးက လူစည်ကားနေခဲ့တယ်။ အောင်မြတ်သာတို့လဲ ရွာထဲကို ဝင်လာရင်း ဘေးဘီဝဲယာကို လှမ်းအကဲခတ်လိုက်တယ်။ ဆရာတော်ပြောတဲ့ သွေးမျက်ရည်ကျတဲ့ အိမ်ကိုသိဖို့ထက် ဒီရွာမှာပညာသည်ရှိမရှိ အရင်သိအောင်လုပ်ဖို့ လိုအပ်တယ်မဟုတ်လား။

ဘေးဘီကိုကြည့်ရင်း တစ်ဖြေးဖြေးလျောက်လာတာ ရွာထဲကိုအတော်အသင့်ရောက်လာခဲ့တယ်။ ရွာခံတွေကတော့ ယောဂီဝတ်စုံနဲ့ဝင်လာတဲ့ ဧည့်သည်တွေကို တစ်စေ့တစ်စောင်းအကဲခတ်နေကြတယ်။ အောင်မြတ်သာလဲ ဖြေးဖြေးချင်းလျောက်လာရင်း အိမ်တစ်အိမ်ရှေ့ရောက်တော့ ခြေလှမ်းကတုံ့ခနဲရပ်သွားတယ်။ အောင်မြတ်သာရပ်လိုက်တာကိုမြင်တဲ့သက်ခိုင်က အရိပ်အကဲကိုသဘောပေါက်သည့်အလား အောင်မြတ်သာကိုလှမ်းကြည့်လိုက်တယ်။

အောင်မြတ်သာက သက်ခိုင်ကို ခေါင်းငြိမ့်ပြလိုက်တော့ သက်ခိုင်က လွယ်အိတ်ထဲက လေးကွက်အင်း တစ်ရွက်ကိုထုတ်ပြီး အိမ်ဝိုင်းထဲကို မသိမသာလေး ပစ်ထည့်လိုက်တယ်။

သက်ခိုင်ပစ်ထည့်လိုက်ပေမယ့် လေးကွက်အင်းက တစ်စုံတစ်ခုနဲ့ထိပြီး ကန်ထွက်လာတာ တွေ့လိုက်ရတယ် ဘာနဲ့ထိလဲဆိုတာတော့ အကောင်အထည်မမြင်ရ လေးကွက်အင်းက သက်ခိုင်အရှေ့ကို ပြန်ရောက်လာ ခဲ့တယ်။

သက်ခိုင်လဲ အရှေ့မှာကျနေတဲ့ လေးကွက်အင်းကို ပြန်ကောက်အပြီးမှာတော့ အိမ်ဝိုင်းထဲကနေ အမဲလိုက်ခွေးနှစ်ကောင်က ရုတ်တရက်ပြေးထွက်လာခဲ့တယ်။ သက်ခိုင် အနောက်ကိုခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး ဝင်ဆွဲပါက ခုခံရန်အနားမှာရှိနေတဲ့ ခဲတစ်လုံးကို ကောက်ထားလိုက်တယ်။

အမဲလိုက်ခွေးနှစ်ကောင်က အောင်မြတ်သာကို ကြည့်ပြီးသဲကြီးမဲကြီးဟောင်နေပေမယ့် ဝင်တော့မဆွဲကြဘူး-

အဲဒီအချိန် အိမ်ထဲကနေ အသက်၄၀အရွယ် ယောကျၤားတစ်ယောက်ထွက်လာခဲတယ်။

အရပ်မြင့်မြင့် အသားညိုညိုနဲ့လူက အောင်မြတ်သာကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး –

“ဒီက မိတ်ဆွေတို့ ဘယ်သွားကြမလို့လဲ –

ကျုပ်က ရန်သူမဟုတ်ပါဘူး ကျုပ်အိမ်ကခွေးတွေက

သူစိမ်းဆိုအခုလိုပဲ ဟောင်နေကြ

မိတ်ဆွေတို့က မျက်နှာစိမ်းဖြစ်နေတာလဲပါတာပေါ့”လို့ပြောတော့အောင်မြတ်သာက –

“ကျုပ်တို့က ဒီရွာကို ဆရာတော်တစ်ပါး လွှတ်လိုက်လို့ ရောက်လာတာ ဒီကရွာသူကြီးနဲ့တွေ့ချင်ပါတယ်”လို့ပြောလိုက်တော့ အသားညိုညိုနဲ့လူက –

“သူကြီးနဲ့တွေ့ချင်ရင် ဒီကနေတည့်တည့်သာဆက်သွား အရှေ့ရောက်ရင် ရေနံချေးသုတ်ထားတဲ့ နှစ်ထပ်အိမ်မဲမဲတစ်လုံး တွေ့လိမ့်မယ် အဲဒါသူကြီးဘညွန့်အိမ်ပဲ”လို့ပြောတော့ အောင်မြတ်သာက

“ကျေးဇူးပဲဗျာ နောက်မှ တွေ့ကြတာပေါ့”လို့ပြောရင်း ရွာထဲကိုဆက်ထွက်ခဲ့ကြတယ်။

အောင်မြတ်သာတို့ထွက်သွားတော့ အသားညိုညိုနဲ့ လူက အိမ်ကိုနောက်ပြန်ကြည့်ပြီး ဖနောင့်သုံးချက် ပေါက်လိုက်တာကို သက်ခိုင်အမှတ်မထင်တွေ့သွားခဲ့တယ်။

အောင်မြတ်သာတို့လဲ သူကြီးအိမ်ရောက်လို့ အကျိုးအကြောင်းပြောပြတော့ သူကြီးက –

“ဆရာတော်ပြောတဲ့မိန်းကလေးက ကျုပ်ရဲ့သမီးပဲ

ကျုပ်သမီးကအခုဆို အိမ်ထဲကအိမ်ပြင်တောင် မထွက်ရဲတော့ဘူး သူ့မျက်လုံးတွေကအမြဲတမ်းလိုလို နီရဲနေတာ တစ်ရက်မှာ တစ်ခါမျက်ရည်မကျရင် မျက်လုံးနှစ်ဖက်က ဖွင့်မရတော့ဘူး ငိုလိုက်ရင်တော့ သက်သာသွားတယ် သူငိုရင်လဲ မျက်လုံးထဲကနေ သွေးနဲ့တူတဲ့ နီရဲရဲ အရည်တွေကျလာတာပဲ၊ ကျုပ်လဲဆရာတွေတော်တော်များများနဲ့ ကုပီးပီ ၊ အခုထိမကောင်းသေးဘူး ဒီကဆရာလေးတို့ကို ဆရာတော်ကလွှတ်လိုက်တယ် ဆိုတော့ ကျုပ်သမီးလေး ရောဂါပျောက်ဖို့ မျှော်လင့်ချက်သမ်းလာပြီပေါ့ဗျာ”လို့ပြောရင်း မျက်လုံးအိမ်ထဲက ကျလာတဲ့ မျက်ရည်စတွေကို လက်ခုံနဲ့လှမ်းသုတ်လိုက်တယ်။

အောင်မြတ်သာလဲ အိမ်ခန်းထဲမှာရှိနေတဲ့ မိန်းကလေးကို ခေါ်ခိုင်းလိုက်ပြီး ဘုရားစင်ရှေ့မှာ ထိုင်ခိုင်း လိုက်တယ်။

ဘုရားစင်ရှေ့ရောက်လာတဲ့ မိန်းကလေးကိုကြည့်လိုက်တော့ အသက်၂၀ဝန်းကျင်ပဲရှိဦးမယ်။ မျက်လုံးတစ်ခုလုံး မို့အစ်နေပြီး မျက်ရည်ခံနေရာတစ်လျောက်မှာတော့ နီရဲရဲအရောင်တွေသန်းနေတာကိုလဲ မြင်လိုက်ရတယ်။

အောင်မြတ်သာကိုမြင်တော့ ကလေးမလေးရဲ့ မျက်နှာက ရုတ်တရက်ဆိုသလို နီရဲလာတာကိုတွေ့လိုက်ရတယ်။ အောင်မြတ်သာလဲ သောက်ရေတစ်ခွက်ခပ်ခိုင်းပြီး မန်းလိုက်တယ်။ အောင်မြတ်သာ ရေမန်းနေတဲ့ အချိန်မှာ မိန်းမလေးက လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့တယ်။ မျက်လုံးထဲကနေလဲ သွေးရည်နဲ့တူတဲ့ မျက်ရည်တွေ ကျလာခဲ့တယ်။

အောင်မြတ်သာလဲ ရေကိုပြီးအောင်မန်းပြီး ကောင်မလေးရဲ့မျက်နှာကိုလှမ်းတောက်လိုက်တယ်။ ရေမန်းနဲ့ထိလိုက်တာနဲ့ ကောင်မလေးက ရုတ်တရက်ဆိုသလို စောင့်ကြောင့်ထထိုင်လိုက်ပြီး သူကြီးကို မျက်ထောင့်နီနဲ့ စိုက်ကြည့်ပါလေရော။

ကောင်မလေးရဲ့ အမူအယာက ရုတ်တရက်ဆိုသလို ရန်မူတော့မယ့်အနေအထားဖြစ်သွားတာကိုမြင်တော့ အောင်မြတ်သာက –

“ဆိုင်ရာပိုင်ရာတွေ ခဏချုပ်ထားဦး

ကျုပ်မေးစရာတွေရှိသေးတယ်

ကျုပ်ခွင့်မပေးမချင်းချုပ်ထားတာမလွှတ်နဲ့”လို့အမိန့်ပေးလိုက်တော့ မျက်ထောင့်နီနဲ့ကြည့်နေတဲ့ မိန်းကလေးက ခေါင်းငိုက်စိုက်ကျသွားပြီး ဇက်ကျိုးသွားတယ်။

အောင်မြတ်သာလဲ မိန်းကလေးကို ကြည့်ပြီး

“သင်ဘယ်သူလဲ ဘာကြောင့်ဒီလိုလုပ်ရတာလဲ”လို့မေးတော့ မိန်းကလေးက အံကြိတ်ပြီး

“ငါကသလေူပဲ

ငါတစ်ခါသေပြီးပြီ

နောက်ထပ်သေမှာကိုမကြောက်တော့ဘူး

ငါသေရသလို သူတို့လဲသေရမယ်

ငါ့ကိုယ်ထဲကနေထွက်တဲ့ သွေးစက်တွေက

သူအရမ်းချစ်ရတဲ့ သူ့သမီးမျက်လုံးထဲကနေ

အခုထွက်နေတာသူသိရင်ဘယ်လိုနေမလဲ

ဟားဟားဟား ဘညွန့်ဆိုတဲ့လူယုတ်မာ

မင်းသမီးရဲ့ကိုယ်ထဲမှာ ငါရှိနေတယ် မင့်သမီးကို အချိန်မရွေးသတ်လိုက်လို့ရတယ် မင့်ခံစားရအောင် တမင်လုပ်ထားတာ အခုတော့ငါဘယ်သူဆိုတာ ဒီကအနှောက်အယှက်ကောင်တွေကြောင့် မင်းသိသွားပီ

ဒီနေ့မှာပဲ မင်းအရမ်းချစ်တဲ့ မင့်သမီး ဘယ်လိုခံစားပြီး သေမလဲဆိုတာ စောင့်ကြည့်ထား”လို့ပြောပြီး တစ်ဟားဟားနဲ့ရီပါလေရော။

အောင်မြတ်သာလဲ သက်ခိုင်ကိုကြည့်ပြီး

“ဒီကိစ္စက ပုဂ္ဂိုလ်ရေးတွေ ပါနေတယ်

ရွာထဲကလူတွေကိုသွားခေါ်လာခဲ့ အားလုံးရှေ့မှာ ဖြစ်ကြောင်းကုန်စင်သိအောင်မေးရမယ်”လို့ပြောတော့ သက်ခိုင်က ခေါင်းညိမ့်ပြပြီး အိမ်ပေါ်က ဆင်းသွားတယ်။

သက်ခိုင်ဆင်းသွားတော့ ရွာသူကြီးက အောင်မြတ်သာကိုကြည့်ပြီး –

“ဆရာလေး ကျုပ်သမီးကို ကယ်ပါဦး

ဆရာလေးတို့ကုနိုင်တာသိပါတယ်

အခုကျုပ်သမီးကိုဝင်ပူးနေတဲ့ကောင်ပြောတာမယုံနဲ့

ကျုပ်သမီးကိုအရင်ဆုံးကုပေးပါ”ဆိုပြီးတစ်ဖွဖွပြောနေပေမယ့် အောင်မြတ်သာက ဘာတစ်ခွန်းမှမပြောပဲ မျက်လုံးကိုစုံမှိတ်ထားလိုက်တယ်။

မကြာခင် ရွာလူကြီးတွေနဲ့ သက်ခိုင်ပြန်ရောက်လာတော့ အောင်မြတ်သာက –

“အခုဝင်ပူးနေတဲ့သူ ငါမေးတာကို အမှန်တိုင်းဖြေရမယ်

ဆိုင်ရာပိုင်ရာပုဂ္ဂိုလ်တွေ အနားကနေတစ်ဖဝါးမှ မခွာပဲ စောင့်ကြပ်ကြ ၊ မုသားတစ်ခွန်းပြောတာနဲ့ ခေါင်းကိုရှစ်စိပ်ကွဲအောင် လှံနဲ့ထိုးကြ ၊ မသေစေနဲ့”လို့ပြောပြီးတာနဲ့ စမေးပါလေရော။

“မင်းနာမည်ဘယ်လိုခေါ်လဲ”လို့မေးလိုက်တော့ ဝင်ပူးနေတဲ့သူက –

“ငါ့နာမည် ထွန်းလှ ၊ ဦးသာထွန်းရဲ့သား မောင်ထွန်းလှ”လို့ပြောလိုက်တော့ လာကြည့်နေကြတဲ့ လူအုပ်ထဲကနေ “ထွန်းလှက ရွာကနေပျောက်သွားတာ တော်တော်ကြာပီလေ သူကအခုဝင်ပူးနေတဲ့သူလား”ဆိုပြီးကျွက်စိကျွက်စိနဲ့အသံတွေထွက်လာတယ်။

အောင်မြတ်သာလဲ လူအုပ်ကြီးဘက်လှည့်ပြီး

“ဒီကိစ္စက ပယောဂရော ရာဇဝတ်မှုရော ရောထွေးနေတဲ့အတွက် ရပ်ရွာလူကြီးတွေက ရဲအရာရှိတွေကို အခုချက်ချင်းခေါ်ထားပေးကြပါ၊ ဒီကိစ္စမှာ ပါဝင်တဲ့ သူတွေမထွက်ပြေးနိုင်အောင်လဲ ရွာလူကြီးတွေကပဲ တာဝန်ယူပေးကြပါ”လို့ပြောတော့ ရွာခံလူတွေက

“စိတ်ချ ဒီကိစ္စအမှန်တိုင်းဖြစ်တဲ့ထိ ဒီရွာထဲကနေ ဘယ်သူမှအပြင်ပေးမထွက်ဘူး”ဆိုပြီး ကာလသားတွေကိုယ်တိုင် ပြောပါလေရော။

အောင်မြတ်သာလဲ ဝင်ပူးနေတဲ့ သူကိုကြည့်ပြီး

“မင်းကိုဘယ်သူက သတ်တာလဲ”လို့မေးတော့

ဝင်ပူးနေသူက

“ကျုပ်ကိုသတ်တဲ့သူက ဒီထဲမှာပဲရှိတယ်

ကျုပ်ကိုလွန်ခဲ့တဲ့၃နှစ်လောက်က ရွာအပြင် ကိုင်းတောထဲမှာ ရက်ရက်စက်စက် လည်လှီးပြီးသတ်ခဲ့ကြတယ်

ကျုပ်ရမယ့် လစာတွေတောင်းလို့ ကျုပ်ကိုသတ်ခဲ့ကြတယ် ကျုပ်သေတော့ ကျုပ်အလောင်းကို မီးရှို့အလောင်းဖျောက်ခဲ့ကြတာတောင် သူတို့မကျေနပ် နိုင်ကြသေးဘူးကျုပ်ဝိဉာဉ်ကို အောက်လမ်းဆရာတစ်ယောက်နဲ့ဖမ်းချုပ်ခိုင်းထားသေးတာ၊ အဲဒီအောက်လမ်းဆရာနဲ့ ဟောဒီရွာကသူကြီးဘညွန့်နဲ့က တစ်ဖွဲ့ထဲပဲ၊ အောက်လမ်းဆရာကလဲ သူ့ဝေစုအပြည့်မရတော့ ကျုပ်ကိုပြန်လွှတ်ပေးခဲ့တယ် ၊ ဘညွန့်ရဲ့သမီးအခုလိုဖြစ်နေတာ ကျုပ်ကြောင့်ပဲ၊ ကျုပ်သွေးတွေနဲ့ သူတို့အိမ်ကို တိုက်ထားတာ၊ ဝဋ်ဆိုတာ လည်တယ်၊ အခုခင်ဗျားသမီး ဖြစ်တော့မှ ကိုယ်ချင်းစာတတ်ပီလား ဟားဟား”

အဲဒီတော့မှရွာလူကြီးတွေရော ရွာသားတွေရော ဇာတ်ရည်လည်ကြပြီး ရွာသူကြီးကိုဖမ်းချုပ်ထားလိုက်တယ်၊ ထွန်းလှကိုသတ်တဲ့အထဲမှာ ပါဝင်နိုင်မယ့် သူကြီးရဲ့လက်ရင်းတပည့်သုံးယောက်ကိုလဲ ဖမ်းထားလိုက်ကြတယ်။ အောင်မြတ်သာလဲ ဝင်ပူးနေတဲ့ ထွန်းလှကို ခဏဖယ်ခို်င်းပြီး ထွန်းလှရဲ့ဝိဉာဉ်နဲ့ခိုင်းစေတဲ့ အောက်လမ်းဆရာကို ခေါ်လိုက်တယ်။

အောင်မြတ်သာအမိန့်ပေးလိုက်တယ်ဆိုရင်ပဲ ဘုရားစင်ရှေ့မှာထိုင်နေတဲ့မိန်းကလေးက ဝုန်းခနဲထခုန်ပါလေရော။ ထိုင်လျက်နဲ့ခုန်တာ သုံးတောင်လောက် ကြွတက်သွားတယ်။

ခုန်ပြီးတော့ ပြန်အကျမှာ အောင်မြတ်သာက

“ဆိုင်ရာပိုင်ရာပုဂ္ဂိုလ်များ ရုန်းမရအောင် ချုပ်ထား

မေးခွန်းများမေးပြီးတဲ့အချိန်ထိ လှုပ်မရအောင် နောက်ပြန်ကြိုးချည်ထားစေ”လို့အမိန့်ပေးလိုက်တယ်ဆိုရင်ပဲ ဝင်ပူးနေတဲ့ကောင်မလေးက ငြိမ်ကျသွားတယ်။

ငြိမ်သွားတော့မှ အောင်မြတ်သာက –

“သင်က ဒီမိန်းကလေးအခုလိုဖြစ်အောင် လုပ်ထားတာလား”

“ဟုတ်တယ် ငါလုပ်ထားတာ”

“သင်ဘာကြောင့်လုပ်ရတာလဲ

သင့်နာမည်ဘယ်လိုခေါ်လဲ”

“ငါ့မှာနာမည်မရှိဘူး ငါကလူကြားထဲမှာမနေတာ

မင်းအသက်လောက်ရှိပြီ”

“ဒါဆို သင်ဘာကြောင့် ဒီမိန်းကလေးကို ပြုစားထားရတာလဲ သေသွားတဲ့ထွန်းလှကရော သင်နဲ့ဘယ်လိုပတ်သတ်လဲ”

“ထွန်းလှဆိုတာ ငါ့ရဲ့မြေးပဲ ဒီရွာမှာ သူရိုးရိုးသားသားနဲ့ နေလာခဲ့တာကြာပြီ ဒီသူကြီးယုတ်က သူ့သမီးနဲ့ရည်ငံ လို့ဆိုပြီး ရက်ရက်စက်စက်သတ်ပစ်လိုက်လို့ ငါက ငါ့မြေးအတွက် လက်စားပြန်ချေတာ”

“ငါ့မြေးက မသေခင် သူ့ကိုမသတ်ဖို့ ငိုယိုတောင်းပန်ပေမယ့် ဟောဒီကသူကြီးယုတ်နဲ့အပေါင်းအပါတွေက လည်ပင်းကိုဓားနဲ့လှီးပြီး ရက်ရက်စက်စက်သတ်ခဲ့လို့ သူ့သမီးပြန်ခံစားရအောင် ငါပြန်လုပ်တာ ငါ့ကို လက်လျော့ဖို့အမိန့်မပေးနဲ့ သူကြီးယုတ်ကို စိတ်ဆင်းရဲအောင် လုပ်ပြီး သတ်မလို့စဉ်းစားထားပေမယ့် အခုမင်းတို့ကြောင့် ငါ့အစီအစဉ်တွေအကုန်ပျက်ကုန်ပြီ မင်းတို့က အစွမ်းအစလေးနည်းနည်းရှိတာနဲ့ လူတကာကို လိုက်ကူညီနေ၊ မင်းတို့ကိုယ်မင်းတို့ ကယ်တင်ရှင်ထင်နေတာလား၊ ငါတို့က အောက်လမ်းမိစ္ဆာအတတ်ကို တတ်ထားပေမယ့် ကိုယ့်ကိုထိခိုက်အောင် မလုပ်သရွေ့ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး”

“အဲလိုလဲမဟုတ်သေးဘူးလေ ကျုပ်တို့က အထက်လမ်းကျင့်စဉ်ကို ကျင့်ကြံထားတဲ့သူတွေဖြစ်တဲ့အတွက် ကျုပ်တို့မျက်စိရှေ့မှာ အောက်လမ်းအတတ်ပညာနဲ့ ပြုစားထားတာမြင်ရရင် မကူညီလို့မရဘူး အခုလဲ ကျုပ်တို့ကို ထန်းတစ်ပင်ဆရာတော်က အကူအညီတောင်းလို့ ဒီရွာကိုရောက်လာတာပဲဖြစ်တယ် ”

“အေး မင်းတို့ကို ပြောလိုက်တဲ့ ထန်းတစ်ပင်ဆရာတော်ဆိုတာ ငါ့ညီအရင်းပဲ ငါတို့ကညီအကိုဆိုပေမယ့် လေ့လာလိုက်စားတဲ့ အရာချင်းမတူခဲ့ဘူး မင်းတို့ကို သူလွှတ်လိုက်တယ်ဆိုပေမယ့် ငါ့ပညာကို မင်းတို့ အနိုင်ယူမှ ငါပြန်နှုတ်ပေးမယ် ”

“ကောင်းပီလေ ဒီမိန်းကလေး အခုခံစားနေရတာတွေကို ဒီထက်ပိုမဆိုးအောင် ထိန်းထားပေးပါ ကျုပ်သင်နဲ့ ပညာချင်းယှဉ်ပါ့မယ် သင်ဘယ်နေရာမှာ ယှဉ်မလဲဆိုတာရွေးပါ”

“အဲလိုစိတ်ဓာတ်ကိုကြိုက်တာ ငါရှိတဲ့နေရာကိုတော့ မင်းတို့ကိုမလာခိုင်းဘူး ဘယ်နေရာဆိုတာ ဒီညငါလာပြောမယ် ငါ့ကိုလွှတ်ပေးတော့”

အောင်မြတ်သာလဲ သဘောတူလိုက်ပြီး ချုပ်ထားတဲ့ ပုဂ္ဂိုလ်တွေကို ဖယ်ခိုင်းလိုက်တယ်။ အောင်မြတ်သာ လွှတ်ပေးလိုက်တာနဲ့ မိန်းကလေးက အရုပ်ကြိုးပြတ်သလို လဲကျသွားတာကိုတွေ့လိုက်ရတယ်။

အောင်မြတ်သာလဲ ရွာလူကြီးတွေဘက်လှည့်ပြီး –

“ဒီကိစ္စတွေဖြစ်ခဲ့တာ တကယ်လား ထွန်းလှသေတာ ဘယ်သူမှမသိကြဘူးလား”လို့မေးတော့ရွာလူကြီးတွေက

“ထွန်းလှက တစ်ယောက်ထဲနေတာ သူရွာကပျောက်သွားတာ သုံးနှစ်လောက်ရှိနေပြီ တစ်နယ်တစ်ကြေးကိုအလုပ်သွားလုပ်တယ်ပဲထင်နေကြတာ သူသေတာမသိခဲ့ကြဘူး အခုမှသိရတာ”လို့ပြောနေတုန်းအိမ်အောက်ကနေ

“ရဲအရာရှိတွေရောက်လာပြီ”ဆိုတဲ့အသံကြားတော့ အောင်မြတ်သာလှေကားဝကိုလှမ်းကြည့်လိုက်တယ် –

လက်နက်အပြည့်အစုံနဲ့ရောက်လာတဲ့ ရဲအင်အား၁၀ယောက်ခန့်က ရွာလူကြီးတွေကို အကျိုးအကြောင်းမေးပြီး ရွာသူကြီးနဲ့ အပေါင်းအပါ၃ယောက်ကို ဖမ်းခေါ်သွားခဲ့တယ်။ နောက်နေ့တွေမှာ ကျန်တဲ့ကိစ္စတွေ ဆက်လုပ်ရမှာမလို့ လိုအပ်တာတွေ ကူညီပေးဖို့ ရွာလူကြီးတွေကိုမှာရင်း ရွာထဲကနေ ပြန်လည်ထွက်ခွာသွားခဲ့တယ်။

ရဲတွေထွက်သွားတော့ အောင်မြတ်သာက သက်ခိုင်ကို ခေါ်ပြီး ရွာထိပ်ကို ထွက်လာခဲ့လိုက်တယ်။

ရွာထိပ်လဲရောက်ရော အမဲလိုက်ခွေးမွေးထားတဲ့ အိမ်ရှေ့မှာရပ်လိုက်ပြီး

“အိမ်ရှင်တို့ ကျုပ်တို့ခဏဝင်လာလို့ရလား”ဆိုပြီး အော်မေးလိုက်တော့ အိမ်ထဲကနေ

“လာခဲ့ကြ ခွေးတွေကို အိမ်အနောက်မှာ ကြိုးချည်ထားတယ် ဆရာတို့လာမယ်ဆိုတာ ကျုပ်အစောကြီးထဲက သိနေပြီးသား လာကြ လာကြ”လို့ပြောတော့ အောင်မြတ်သာတို့ အိမ်ပေါ်ကိုတက်လာခဲ့လိုက်တယ်။

အိမ်ပေါ်ရောက်တော့ ဘုရားစင်ကိုလှန်းကြည့်လိုက်တာ ဖုန်အလူးလူးနဲ့ စင်အလွတ်တစ်ခုကို မြင်လိုက်ရတယ်။

ဒါကိုသတိထားမိတဲ့အသားညိုညိုလူက –

“မိတ်ဆွေတို့ ဘာတွေတွေးနေလဲဆိုတာ ကျုပ်သိတယ်

ကျုပ်ဆီကိုလာရင်းကိစ္စကိုပဲပြောပါ”လို့ပြောတော့

အောင်မြတ်သာက

“သင်လဲပညာသည်တစ်ယောက်ဆိုတာ ကျုပ်ရွာထဲ ဝင်လာထဲကသိတယ် သင့်ဆီကိုလာရတာက မကြာသေးမီက ဒီရွာမှာသေသွားတဲ့ ထွန်းလှရဲ့ အဖိုးအကြောင်းကိုသိချင်လို့လာတာပဲ သင်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက်တော့ရှိရမယ် ကျုပ်ကိုပြောပြပေးပါ”လို့ပြောလိုက်တော့ အသားညိုညိုလူက

“ကျုပ်နာမည် သာဒွန်း ငယ်ငယ်ထဲက ဒီရွာမှာနေလာတာ ခင်ဗျားတို့ပြောတဲ့ ထွန်းလှရဲ့အဖိုးဆိုတာ ကျုပ်ရဲ့ဆရာပဲ၊ ကျုပ်ဆရာက အောက်လမ်းပညာကို လိုက်စားတယ်ဆိုပေမယ့် သူက ဘယ်သူ့အပေါ်မှာမှ အရင်ဆုံးပြသနာမရှာဘူး အဲဒါကသူ့ရဲ့စိတ်ရင်းပဲ ၊ ကျုပ်ကိုလဲ ပညာတွေပေးခဲ့တယ် ကျုပ်ကိုလဲမှာခဲ့တာက ဒီပညာရပ်နဲ့ ကိုယ့်ဘက်ကအရင်စပြီး ဒုက္ခမပေးဖို့၊ သူတစ်ပါးက ဒုက္ခပေးလာရင်တော့ ရေဆုံးမြေဆုံးလိုက်ပြီး သတ်ဖို့ပြောခဲ့တယ်၊ ကျုပ်ဒီရွာမှာနေတာ ဘယ်သူမှ ကျုပ်ကိုဒီပညာတွေတတ်တယ်လို့ မသိကြဘူး၊ ကျုပ်လဲခုချိန်ထိဘယ်သူ့ကိုမှဒုက္ခမပေးခဲ့ဘူး၊ မိတ်ဆွေတို့ဝင်လာထဲက အထက်လမ်းဆရာတွေဆိုတာ ကျုပ်သိတယ်”လို့ပြောတော့ အောင်မြတ်သာက

“ကျုပ်တို့ကလဲ ဒီကိုလာတာ ထွန်းလှရဲ့ အဖိုးအကြောင်းပဲသိချင်လို့လာတာ သင့်ရဲ့လုပ်ရပ်တွေကို ဖော်ထုတ်ဖို့ရောက်လာခြင်းမဟုတ်ဘူး ဒါကြောင့် သင့်ဆရာဘယ်မှာနေတယ်ဆိုတာ ကျုပ်တို့ကိုပြောပြစေချင်တယ်”

“ကျုပ်ဆရာနာမည်က ဦးထွန်း ကျုပ်တို့လောကသားတွေက အဖိုးထွန်းလို့ခေါ်တယ် သူက ဒီရွာရဲ့အနောက်ဘက်တောထဲမှာ နေတာ နှစ်ပေါင်း၃၀ကျော်ပီ ကျုပ်က တောထဲထင်းခွေသွားရင်း အဖိုးထွန်းနဲ့ အမှတ်မထင်ဆုံခဲ့တာ ကျုပ်ကိုပညာသင်ပေးခဲ့တာလဲ အဲဒီတောထဲမှာပဲ ၊ ကျုပ်ဒီလောက်ပဲပြောခွင့်ရှိတယ် သင်တို့ပြန်ကြပါတော့”လို့ပြောတော့ အောင်မြတ်သာတို့ အိမ်ပေါ်ကနေ ပြန်ဆင်းလာခဲ့လိုက်တယ်။

ညဘက်သန်းခေါင်အချိန်လဲရောက်ရော အောင်မြတ်သာတို့တည်းတဲ့အိမ်ခြံစည်းရိုးနားမှာ လူတစ်ယောက်လာရပ်နေတာကို သက်ခိုင်မြင်လိုက်တယ်။ သက်ခိုင်အိမ်ပေါ်ကနေဆင်းမယ်အလုပ် အောင်မြတ်သာက

“မဆင်းနဲ့တော့ ငါတို့ကိုလာရမယ့်နေရာ လာပြောတာ ဒီညတွင်းချင်း ရွာအနောက်ကတောအုပ်ထဲကို သွားရမယ်”လို့ပြောတော့ သက်ခိုင်လဲ လွယ်အိတ်ကို ကောက်လွယ်လိုက်တယ်။

အောင်မြတ်သာတို့ဆရာတပည့်တွေလဲ လက်ပံတောရွာကနေ ညလူခြေတိတ်ချိန်စထွက်လာခဲ့တာ အနောက်ဘက်တောအုပ်အစပ်ကို ညတစ်ချက်တီး အချိန်လောက်မှာရောက်ခဲ့တယ်။

တောအုပ်အစပ်ရောက်တော့ တောအုပ်အတွင်းကနေ မီးတုတ်ကိုယ်စီကိုင်ထားတဲ့လူ၅ယောက်ထွက်လာပြီး သူတို့နဲ့လိုက်ခဲ့ဖို့ ခေါ်ဆောင်သွားခဲ့ကြတယ်။

အောင်မြတ်သာတို့လဲ မီးတုတ်ကိုင်ထားတဲ့ လူတွေအနောက်ကနေဖြေးဖြေးချင်းလိုက်ခဲ့တာ ကွမ်းတစ်ယာညက်ခန့်ရောက်တဲ့အချိန်မှာ ကွင်းပြင်ကြီးတစ်ခုကို မြင်လိုက်ရတယ်။

ကွင်းပြင်ရဲ့ ဘေးပတ်လည်မှာ မီးတိုင်တွေထွန်းထားပြီး ကွင်းအစပ်မှာတော့ ခေါင်းကိုအဝတ်စအနက်ရောင်တွေနဲ့အုပ်ထားတဲ့ လူ၁၅ယောက်လောက်ကို တွေ့လိုက်ရတယ်။

အောင်မြတ်သာလဲ သက်ခိုင်တို့ကို ကွင်းပြင်မှာစောင့်နေဖို့မှာကြားပြီး ကွင်းထဲကိုဝင်လာခဲ့လိုက်တယ်။ ကွင်းထဲရောက်တော့ မလှမ်းမကမ်းကနေ တုတ်ကောက်ကို အားပြုရင်းတစ်လှမ်းချင်းလျောက်လာနေတဲ့ အဖိုးအိုတစ်ယောက်ကို တွေ့လိုက်ရတယ်။ အဖိုးအိုက အောင်မြတ်သာနဲ့ ဝါးတစ်ပြန်အကွာလဲရောက်ရော တောင်ဝှေးကိုမြေကြီးပေါ်စိုက်ချလိုက်တယ်။

သစ်ကနက်သားနဲ့လုပ်ထားတဲ့တောင်ဝှေးရဲ့ ထိပ်မှာတော့ တောင်ပံဖြန့်နေတဲ့လင်းတပုံစံထုလုပ်ထားတာကို မြင်လိုက်ရတယ်။

အောင်မြတ်သာလဲ အဖိုးအိုကိုကြည့်ပြီး –

“အဖိုးရဲ့ဖိတ်ခေါ်ချက်ကို ကျုပ်မငြင်းခဲ့ဘူးနော်

ဒီတစ်ခါကျုပ်ရဲ့တောင်းဆိုချက်ကိုလဲ အဖိုးမငြင်းဘူးလို့ ထင်ပါတယ်”လို့ပြောလိုက်တော့အဖိုးအိုက

“သင်တောင်းဆိုချက်က ကျုပ်ရှုံးရင် ကလေးမလေးကို ပြုစားထားတဲ့ပညာတွေ ပြန်နှုတ်ပေးဖို့မဟုတ်လား

ကျုပ်ကတိကျုပ်တည်တယ် ဒီပညာပြိုင်ပွဲမှာ သင်နိုင်အောင်ကြိုးစားပေတော့ “လို့ပြောရင်း တောင်ဝှေးကို အောင်မြတ်သာဆီဆန့်တန်းလိုက်တယ်ဆိုရင်ပဲ တောင်ဝှေးထိပ်ကနေ အရောင်မျိုးစုံအလင်းတန်းတွေ ထွက်လာခဲ့တယ်။

အလင်းတန်းတွေက အောင်မြတ်သာရဲ့ ရင်ဝဆီကို ပြေးဝင်လာတာကိုမြင်တော့ အောင်မြတ်သာက ဘယ်ဘက်လက်နဲ့လှမ်းပုတ်ထုတ်လိုက်တယ်။

အောင်မြတ်သာရဲ့ဘယ်လက်လက်နေ ထွက်လာတဲ့ ငွေမျှင်ရောင်အလင်းတန်းတွေက အဖိုးအိုလွှတ်လိုက်တဲ့ အလင်းတန်းနဲ့ထိပြီး ဘေးကိုလွင့်ထွက်သွားတယ်။

အဖိုးအိုက သူ့ရဲ့စက်တွေကိုပုတ်ထုတ်လိုက်တဲ့ အောင်မြတ်သာကိုမြင်တော့ အနောက်ကိုတစ်လှမ်းဆုတ်ပြီး တောင်ဝှေးကို မြေကြီးပေါက်ဆောင့်ချလိုက်တယ်ဆိုရင်ပဲ အောင်မြတ်သာရဲ့ခြေထောက်အောက်ကနေ နွယ်ရှင်တွေထွက်လာပြီး ခြေထောက်နှစ်ဖက်လုံးကို ရစ်ပတ်ထားလိုက်တယ်။

ဘေးကနေကြည့်နေတဲ့သက်ခိုင်က လွယ်အိတ်ထဲကနေ အင်းချပ်ထုတ်ဖို့ပြင်လိုက်တော့ အောင်မြတ်သာက –

“မလုပ်နဲ့သက်ခိုင် ကတိအတိုင်းငါတို့နှစ်ယောက်ပဲ ပြိုင်မယ် ငါ့ကိုယုံကြည်ရင်ဘာမှမလုပ်နဲ့”ဆိုပြီးလှမ်းပြောတော့မှသက်ခိုင်လက်ကိုပြန်ထုတ်လိုက်တယ်။

အောင်မြတ်သာတစ်ကိုယ်လုံးလှုပ်မရအောင် နွယ်ပင်တွေကရစ်ပတ်နေရင်း အောင်မြတ်သာတစ်ကိုယ်လုံးကို နွယ်ပင်တွေဖုံးလွှမ်းသွားခဲ့တယ်။ နွယ်ပင်တွေဖုံးလွှမ်းသွားတာကိုမြင်တော့ အဖိုးအိုက

“ဟားဟားဟား ငါရဲ့နွယ်ရှင်တွေလက်ကနေ ခုထိဘယ်သူမှမလွတ်သေးပါလား ပညာလေးမတောက်တခေါက်နဲ့ ငါ့ကိုလာစမ်းချင်သေးတယ် အထဲကကောင်လေး မင်းအရှုံးပေးရင် ငါလွှတ်ပေးမယ် ငါကလူတစ်ယောက်ကို အကြောင်းမရှိပဲမသတ်ဘူး”လို့ပြောပေမယ့် အောင်မြတ်သာထံမှ ဘာစကားသံမှမထွက်လာခဲ့ဘူး။

အဖိုးအိုလဲ အောင်မြတ်သာကိုကြည့်ပြီး

“ဒီလောက်ခေါင်းမာတဲ့ကောင် ခြေတွေလက်တွေ ကျိုးကြေအောင်ညှစ်ပစ်လိုက်စမ်း မသေစေနဲ့”ဆိုပြီး အမိ်န့်ပေးလိုက်တော့ နွယ်ရှင်တွေက အောင်မြတ်သာကိုယ်လုံးကို တစ်ဖျစ်ဖျစ်မြည်အောင် ညှစ်ပါလေရော။

နွယ်ရှင်တွေရဲ့ ညှစ်အားက ဆင်တစ်ကောင်တောင် အရိုးတွေကြေမွသွားနိုင်အောင် ပြင်းထန်လွန်းတယ် အောင်မြတ်သာထံမှ အော်သံညီးသံမကြားရတော့ အဖိုးအိုက သေပီအထင်နဲ့ နွယ်ရှင်တွေကို တောင်ဝှေးနဲ့ယမ်းပြီး ဖယ်ထုတ်လိုက်တယ်။

နွယ်ရှင်တွေကတစ်ရစ်ချင်း အောင်မြတ်သာကိုယ်ပေါ်ကနေ ခွာပြီးမြေကြီးထဲပြန်ဝင်သွားတဲ့အချိန် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အဖိုးအိုအ့ံအားသင့်သွားတယ်။

မျက်လုံးစုံမှိတ်ပြီး တင်ပလ္လင်ခွေထိုင်နေတဲ့အနေအထားနဲ့ အောင်မြတ်သာကိုမြင်လိုက်ရတယ်။ တင်ပလ္လင်ခွေထိုင်နေရင်း အောင်မြတ်သာရဲ့ကိုယ်ကနေ အဖြူ ရောင်အလင်းတန်းတွေ မျက်လုံးကြိမ်းမတတ်ထွက်လာခဲ့တယ်။

အလင်းတန်းတွေရဲ့ စူးရှမှုဒဏ်ကို ဘေးမှာကြည့်နေတဲ့ သူတွေဘယ်သူမှမခံနိုင်ကြဘူး မျက်လုံးကိုပိတ်တဲ့သူကပိတ်၊ မျက်နှာလွှဲတဲ့သူကလွှဲဖြစ်ကုန်တယ်။

အဖိုးအိုကိုယ်တိုင် မျက်နှာကိုလက်နဲ့ ကွယ်ပြီး ကြည့်ရတဲ့အခြေအနေဖြစ်သွားတယ်။ အဖိုးအိုက တစ်ခါမှမမြင်ဖူးတဲ့အလင်းတန်းတွေကြောင့် အံ့သြနေတဲ့အချိန် အောင်မြတ်သာရဲ့မျက်လုံးအစုံက ဖြတ်ခနဲပွင့်ထွက်သွားတယ်။

အောင်မြတ်သာက ထိုင်ရာကနေမထပဲ မြေကြီးပေါ်ကို လက်ညိုးလေးနဲ့ အင်းကွက်တွေထိုင်ဆွဲနေရင်း အဖိုးအိုကိုလှမ်းကြည့်ပြီး –

“ကျုပ်အလှည့်ရောက်ပီနော် ခုခံဖို့ပြင်ထားတော့”ဆိုပြီး မြေကြီးပေါ်မှာဆွဲထားတဲ့ အင်းကွက်ထဲမှာရှိတဲ့ မြေကြီးစလေးတွေကို လက်ညိုးနဲ့တောက်ထုတ်လိုက်တယ်။

လက်ညိုးနဲ့တောက်ထုတ်လိုက်တယ်ဆိုရင်ပဲ မြေကြီးစလေးတွေက မြှားအစင်းပေါင်းများစွာဖြစ်သွားပြီး အဖိုးအိုဆီကိုပြေးဝင်သွားတယ်။

အဖိုးအိုလဲ နေရာအန့ှံကဝင်လာတဲ့ မြှားတံတွေကို သစ်ကနက်သားတောင်ဝှေးနဲ့ရိုက်ထုတ်ပြီး ခုခံတယ် များပြားလွန်းတဲ့မြှားတံတွေကိုမခုခံနိုင်ပဲ အဖိုးအိုရဲ့ ခန္ဓာကိုယ်အန့ှံမြှားတံတွေစိုက်ဝင်သွားတယ်။

အဖိုးအိုလဲ စူးနစ်နေတဲ့ မြှားတံတွေကို ဆွဲနှုတ်ဖို့ကိုင်လိုက်တယ်ဆိုရင်ပဲ မြှားတံတွေက မီးခဲတစ်ခဲလိုပူလောင်လာလို့ ဆွဲနှုတ်လို့မရခဲ့ဘူး။

အဲဒီအချိန်မှာ အောင်မြတ်သာက –

“အဖိုးရဲ့ပညာတွေက စွမ်းပါတယ် ဒါပေမယ့် ကျုပ်တို့ရဲ့ပညာရပ်နဲ့ယှဉ်လိုက်တဲ့အခါ ကြက်ဥနဲ့ ကျောက်တောင်လိုကွာခြားလွန်းတယ် အခုအဖိုးရဲ့ကိုယ်မှာစိုက်ဝင်နေတဲ့မြှားတံတွေဟာ ကျုပ်ကလွဲရင် ဘယ်သူမှနှုတ်ယူလို့မရဘူး အဖိုးရဲ့အစွမ်းကသိကြားမင်းကို စေခိုင်းနိုင်တယ်ထားဦး ဒီမြှားတံတွေကိုနှုတ်ယူလို့မရဘူး ဒီမြှားတံတွေက သစ္စာတရားကိုတိုင်တည်ပြီး စေလွှတ်ထားတဲ့အတွက် အဖိုးကိုယ်ထဲကနှုတ်ချင်ရင်တော့ အဖိုးကတိသစ္စာကို တည်ဖို့လိုမှာဖြစ်တယ် အဖိုးပြုစားထားတဲ့ မိန်းမကလေးဆီကနေ ပညာတွေနှုတ်ယူပြီးချိန်မှာတော့ ဒီမြှားတံတွေက မြေမှုန်လေးတွေပြန်ဖြစ် သွားလိမ့်မယ် “လို့ပြောပြီး မတ်တပ်ရပ်လိုက်တယ်။

အဖိုးအိုလဲ တောင်ဝှေးကို အားယူပြီး ဒူးထောက်လိုက်ပြီး –

“သင်ရဲ့ပညာက သာမန်အဆင့်ထက်အများကြီး သာလွန်နေတာကိုလက်ခံလိုက်ပါပြီ ကျုပ်ကိုယ်ကျုပ်အထင်ကြီးခဲ့တာ ခုတော့မှားသွားပြီ ကျုပ်ပညာတွေက သင့်ရဲ့ပညာနဲ့ယှဉ်ရင် အများကြီးလိုနေသေးတာကို သိလိုက်ရတယ် ကျုပ်ရှုံးတာကိုလက်ခံလိုက်ပြီ ကျုပ်ကတိအတိုင်း ပညာတွေကိုပြန်နှုတ်ယူပါ့မယ်”လို့ပြောပြီး တောင်ဝှေးကိုဇောက်ထိုးထားလိုက်တယ်။

တောင်ဝှေးကိုဇောက်ထိုးထားလိုက်တဲ့အခါ တောင်ဝှေးထိပ်မှာရှိနေတဲ့ လင်းတရုပ်ရဲ့ မျက်လုံးကနေ သွေးစက်တွေမြေကြီးပေါ်ကျလာတာကိုမြင်လိုက်ရတယ်။

သွေးစက်တွေမြေကြီးပေါ်ကျတဲ့အချိန်မှာပဲ အဖိုးအိုရဲ့ ကိုယ်မှာစိုက်ဝင်နေတဲ့ မြှားတံတွေက မြေမှုန်လေးတွေအဖြစ်ပြောင်းလဲသွားပြီး မြေကြီးပေါ်ကိုကျလာခဲ့တယ်။

အောင်မြတ်သာလဲ အဖိုးအိုနဲ့အပေါင်းအပါတွေကို ဒီပညာရပ်တွေနဲ့ လူမသတ်ဖို့နဲ့ သူတစ်ပါးမျက်ရည်ကြီးငယ်မကျအောင် လုပ်ဖို့မေတ္တာရပ်ခံတော့ အဖိုးအိုက လူထပ်မသတ်တော့ဘူးဆိုပြီး ကတိပေးခဲ့တယ်။

အဖိုးအိုနဲ့သူရဲ့တပည့်အပေါင်းအပါတွေလဲ အောင်မြတ်သာကိုအရိုအသေပေးရင်း သူတို့ရဲ့လက်ဆောင်အဖြစ် လင်းတရုပ်လေးတစ်ရုပ်ကို လက်ဆောင်ပေးခဲ့တယ်။

အဖိုးအိုက အောင်မြတ်သာကိုကြည့်ပြီး –

“ဘယ်နေရာဘယ်ဒေသရောက်ရောက် ဒီအရုပ်လေးရဲ့ တောင်ပံကိုလက်နဲ့ပွတ်ပြီး ကျုပ်ကိုခေါ်လိုက်ပါ ကျုပ်အရောက်လာခဲ့မယ်”လို့ပြောရင်း အောင်မြတ်သာတို့ကို တောစပ်အထိလိုက်ပို့ပေးခဲ့တယ်။

တောစပ်အလွန်လဲရောက်ရော ယောဂီဝတ်စုံဝတ်ထားတဲ့ပုဂ္ဂိုလ်၃ဦးကို မြင်လိုက်ရတယ်။ အဲဒီပုဂ္ဂိုလ်၃ဦးက အောင်မြတ်သာကိုကြည့်ပြီး –

“လင်းတငှက်ရုပ်လေးကို ငါတို့သိမ်းထားလိုက်မယ် အလိုရှိတဲ့အခါပြန်ပို့ပေးမယ် အခုလောလောဆယ် မတ္တရာနယ်မြေထဲက ကတ္တီပါစံအိမ်ဆိုတဲ့ နေရာကိုသွားရမယ် အိမ်ထဲမှာရှိတဲ့ မကျွတ်မလွတ်သေးတဲ့ နာနာဘာဝတွေကို ရှင်းထုတ်ရမယ် အဲဒီအိမ်ကိုပိုင်တဲ့ ပိုင်ရှင်က အိမ်ကိုရောင်းပြီး ဘုရားတည်ဖို့ရည်စူးထားပေမယ့် မနာလိုသူတွေက အိမ်ကိုအတိုက်အခိုက်တွေနဲ့စီရင်ထားလို့ အဲဒီအတိုက်အခိုက်တွေကို ဖယ်ရှားဖို့ တာဝန်ပေးအပ်လိုက်တယ် တာဝန်ကျေအောင်ထမ်းဆောင်ပြီး သာသနာတော်ကို စောင့်ရှောက်ကြ”လို့မှာကြားတော့ အောင်မြတ်သာက

“တပည့် ကြိုးစားပါ့မယ်”လို့ကတိပေးလိုက်တယ်။

အောင်မြတ်သာကတိပေးပြီးနောက်မှာတော့ ယောဂီဝတ်ပုဂ္ဂိုလ်သုံးဦးက ဖြတ်ခနဲပျောက်ကွယ်သွားခဲ့တယ်။

အောင်မြတ်သာတို့လည်း လက်ပံတောရွာကနေ မတ္တရာနယ်မြေရှိရာကို ခရီးဆက်ထွက်ခဲ့ကြတော့တယ်။

– – – – – – – – –

ကတ္တီပါစံအိမ်လို့ဘာကြောင့်ခေါ်သလဲ

ဘာကြောင့်ဒီအိမ်ကြီးမှာမကျွတ်မလွတ်တဲ့သူတွေရှိနေသလဲ

ပိုင်ရှင်ကဘယ်သူလဲ

အောင်မြတ်သာတို့ကရော ဘယ်လိုကျွတ်လွတ်အောင် လုပ်ပေးကြမလဲဆိုတာကိုတော့

အောင်မြတ်သာ ဝတ္တုလေးမှာ စောင့်မျှော်ဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်

ဇေယန(ရာမည)

Leave a Comment