အောင်မြတ်သာနှင့်အောက်လမ်းဆရာဘမှန်

” အောင်မြတ်သာနှင့်အောက်လမ်းဆရာဘမှန် ”
မူရင်းရေးသားသူ — ဇေယန(ရာမည)
+++++++++++

အောင်မြတ်သာတို့ဆရာတပည့်နှစ်ဦးသည် အထက်ဆရာကြီးများ၏ တာဝန်ပေးချက်များကို ထမ်းဆောင်ရင်း မြန်မာနိုင်ငံအနှံ့သို့ ရောက်ရှိခဲ့ကြသည်။
တစ်ချို့ဒေသတွေကား အောက်လမ်းအတတ်ပညာ အရမ်းကျွမ်းကျင်ကြသည်။ ဒါပေမယ့် သူတို့ရဲ့အောက်လမ်း ပညာကို လူတစ်ဖက်သားကို တမင်တကာ ရည်ရွယ်၍ မပြုစားတတ်ကြပေ။ သူတို့အပေါ် မျက်ရည်ပေါက် ကြီးငယ်ကျရောက်စေတဲ့ သူတွေအပေါ်မှသာ အငြိုးဖြင့် ပြုစားတတ်သည်။
ထိုသို့ပြုစားရင်လဲ အသက်ရှင်ဖွယ်ရာလမ်းမရှိ။ တော်ရုံ ပညာစွမ်းနဲ့ဆရာများ ကုသနိုင်စွမ်းမရှိပေ။
တစ်ချို့သောအောက်လမ်းဆရာများကတော့ အခငွေယူကာ တစ်စုံတစ်ယောက်၏ စေခိုင်းချက်အရ လူတစ်ဖက်သားကို ပြုစားတတ်ကြသည်။
အောက်လမ်းဆရာလို့ဆိုလိုက်လျှင်ဖြင့် တော်တော်များများက ကြောက်ရွ့ံထိတ်လန့်ကြသည်။
တစ်ချို့သောအောက်လမ်းဆရာများက ကိုယ်တိုင်မပြုစားပဲ သူ့လက်အောက်မှာမွေးထားသော စုန်းများကို ခိုင်းစေ၍ ပြုစားတတ်သည်။
တစ်ညမှာ အောင်မြတ်သာက –
“သက်ခိုင် ငါတို့မနက်ဖြန် ထန်းလုံးပင်ရွာကို
သွားရမယ်။ အဲဒီရွာမှာ ဦးဘမှန်ဆိုတဲ့ အောက်လမ်း ဆရာတစ်ဦးရှိတယ်။ သူ့ကိုဆုံးမပြီး သူ့ပညာတွေကို ဖျက်စီးဖို့ တာဝန်ကျလာပြီ။ မနက်စောစော ထန်းလုံးပင် ရွာကိုသွားမယ်။ အဆင်သင့်လုပ်ထား”လို့ပြောပြီး
တရားဆက်ထိုင်နေတော့သည်။
“ဆရာ ထန်းလုံးပင်ရွာမှာ ဘာဖြစ်လို့လဲ”
ထိုအခါအောင်မြတ်သာက မှိတ်ထားသောမျက်လုံးများကို ဖြေးညင်းစွာဖွင့်ပြီး
“ထန်းလုံးပင်ရွာမှာ ဦးဘမှန်ဆိုတဲ့ အောက်လမ်းဆရာတစ်ယောက်ရှိတယ်။ အရမ်းလဲအစွမ်းထက်တယ်။ သူ့လက်အောက်မှာ စုန်းတွေလဲရှိတယ်၊ သူကအဲဒီစုန်းတွေကို ခိုင်းစေပြီး လူတွေမူးဝေအော့အန် ၊ သေစေနိုင်အောင် ပြုစားနေတယ်၊ အဲဒါကြောင့် သူ့ကိုဆုံးမပြီး သူ့ပညာတွေကို နှုတ်ယူဖို့ တာဝန်ကျလာပြီ”
ဒီနေရာမှာပြောချင်တာက စုန်းအမျိုးအစားအကြောင်းပါ။ စုန်းအမျိုးအစား(၇)မျိုးရှိသည်။ အဲဒါတွေကတော့ –
ခြေစုန်း
ခေါင်းစုန်း
ကိုယ်စုန်း
မောက်လုံးစုန်း
မောက်ပြားစုန်း
အိမ့်တလိမ့်စုန်း
ကဝေမြောက်စုန်းဆိုပြီး(၇)မျိုးခွဲထားသည်။
ခြေစုန်းက အသီးအပွင့်တွေကိုသာစားသည်။
ခေါင်းစုန်းက သစ်သီးမှည့်အချိုအချဉ်ကိုသာစားသည်။
ကိုယ်စုန်းက မစင်အညစ်အကြေးကိုစားသည်။
မောက်လုံးစုန်းက အသွေးအသား အရေကိုစားသည်။
မောက်ပြားစုန်းက အသဲအမြစ်၊ ဥတွေကိုစားသည်။
အိမ့်တလိမ့်စုန်းက အအိမ့်အဆိမ့်အကြော်အလှော်ကိုသာစားသည်။ ကဝေမြောက်စုန်းက လူတို့၏အသွေး အသားအရေကိုစားသည်။
ထိုစုန်း(၇)မျိုးအနက် ခေါင်းစုန်း၊ ကိုယ်စုန်း၊ ခြေစုန်းတို့သည် ရေကိုမကြောက်တတ်။ ဦးခေါင်းတွေအမောက်မပါသည့်အတွက် ရေထဲတွင် ငုတ်၍လဲနေတတ်ကြသည်။
ကျန်တဲ့ စုန်းတွေကတော့ ရေကိုကြောက်ကြသည်။
ခေါင်းစုန်း၊ ခြေစုန်း၊ ကိုယ်စုန်း၊ မောက်လုံးစုန်း၊ မောက်ပြားစုန်းတို့သည် သူတို့ကိုးကွယ်ရာနတ်မရှိသဖြင့် ကိုယ်တိုင်ဖမ်းစား ပြုစားတတ်သည်။
ကျန်တဲ့ အိမ့်တလိမ့်စုန်းနှင့် ကဝေမြောက်စုန်းတို့သည်ကား မြောက်ဘက်ကတော်၊ ဦးရူနတ်၊ ဇော်ကနီနတ်တို့ကို ကိုးကွယ်ရာရသဖြင့် ကိုယ်တိုင်မဖမ်းစားပဲ
မြောက်ဘက်ကတော်၊ ဦးရူနတ်၊ ဇော်ကနီနတ်တို့ကို လွှတ်ကာဖမ်းစားစေသည်။
ခေါင်းစုန်း၊ ကိုယ်စုန်း၊ ခြေစုန်းတို့သည် လူတို့၏အသက်ကို သေစေလောက်တဲ့အထိ မပြုစားနိုင်။
မောက်လုံး၊မောက်ပြား၊အိမ့်တလိမ့်၊ ကဝေမြောက်စုန်း တို့သည်ကား လူတို့၏အသက် လတ်တလော သေကြေပျက်စီးနိုင်အောင် ဖမ်းစားနိုင်သည်။
———
အောင်မြတ်သာတို့ ထန်းလုံးပင်ရွာကိုရောက်လာတော့
ညနေစောင်းတော့မည်။
တစ်ရွာလုံး အလုပ်သိမ်းတဲ့အချိန် လယ်ကွင်းထဲက
ပြန်လာကြတဲ့သူတွေနဲ့ စည်းကားနေကြသည်။
အလုပ်ကပြန်လာကြသူများကလဲ
လူစိမ်းနှစ်ဦးဖြစ်တဲ့ အောင်မြတ်သာတို့ကို
စကားမေးတောင်မရကြ။
မသိချင်ယောင်ဆောင်ကာ
ရွာထဲကိုဝင်သွားကြသည်။
နောက်ဆုံးရွာအပြင်ဇရပ်လေးမှာ
ညအိပ်ရင်း လုပ်စရာရှိတဲ့ တရားထိုင်ခြင်း၊
အင်းဆွဲခြင်းလုပ်ငန်းများကိုဆောင်ရွက်နေလိုက်သည်။
ညဘက်ရောက်တော့ ဇရပ်တစ်ဆောင်လုံးကို အင်းချပြီး သက်ခိုင်ကိုလဲ ဇရပ်အပြင်မထွက်ဖို့ သတိပေးထားလေသည်။
ညကားတစ်ဖြေးဖြေး နက်သထက် နက်လာခဲ့သည်။
ထိုစဉ် အောင်မြတ်သာနားထဲ အသံတစ်ခုကြားလိုက်သည်။
“အဟီး.အဟီး.ဟက်ဟက်
ခိခိ- ဒါလားမကြာခင်သေမည့်သူတွေဆိုတာ
ငါတို့ဆရာကြီးလက်နဲ့သေမယ့်သူတွေကို
လာကြည့်တာ
လူငယ်လေးတွေပဲနော်
ချောချောလေးတွေ
ငါဖြင့်ရင်တွေတောင်ခုန်တယ် ဟက်ဟက်”
မိန်းကလေးနှစ်ယောက်စကားပြောသံက
အောင်မြတ်သာနားထဲ အတိုင်းသားကြားနေရသည်။
သက်ခိုင်ကိုကြည့်လိုက်တော့ သူလဲကြားတယ်ဆိုတဲ့ သဘောဖြင့် ခေါင်းဆတ်ပြသည်။
နောက်နေ့ရောက်တော့
ဇရပ်ဘေးက စားကျက်မှာ နွားလာကျောင်းတဲ့
နွားကျောင်းသားလေးကို သက်ခိုင်လှမ်းခေါ်လိုက်သည်။
“ညီလေး ခဏလောက်”
“ဒီရွာကလူတွေ ဘာလို့စိမ်းကားနေကြတာလဲ
ငါတို့ကိုရှိတယ်လို့တောင် မထင်ကြဘူး”
ထိုအခါ နွားကျောင်းသားလေးက
“ဆေးဆရာကြီးက ဧည့်သည်တွေလာရင်
ရွာထဲမခေါ်ရဘူးလို့ပြောထားတယ်
စကားလဲမပြောရဘူးတဲ့
ကျုပ်သွားတော့မယ်
အခုလိုစကားပြောတာတွေ့ရင်
ကျုပ်ကိုရိုက်နေဦးမယ်”
ခပ်သုတ်သုတ်ထွက်သွားသော
နွားကျောင်းသားလေးကိုကြည့်ပြီး
အောင်မြတ်သာပြုံးလိုက်မိသည်။
“ကဲ သက်ခိုင်ရေ
သူကငါတို့ကိုပေးမဝင်တော့လဲ
ငါတို့ဆီသူလာအောင်ခေါ်ရတော့မှာပေါ့
ဒီညသက်ကြီးခေါင်းချချိန် သူလာလိမ့်မယ်
မင်းဇရပ်ပေါ်မှာပဲနေ ”
“ဆရာ ဦးဘမှန်ဆိုတဲ့လူက
တော်တော်စွမ်းလို့လား”
“သူ့ရဲ့ပညာက တော်တော်အဆင့်မြင့်နေပီ –
သေရင် မဟာအဝိီဇိကိုသွားဖို့ အသင့်ဖြစ်နေပီ
သူ့အစွမ်းက တော်ရုံရွာစောင့်နတ်လောက်ကို
ခိုင်းစေနိုင်တယ်။
ဒါအပြင်၃၇မင်းနတ်တွေကိုလဲ ခိုင်းစေနိုင်တယ်
အဲဒါကြောင့် ဒီရွာမှာ သူပဲပြုစားသူပဲဆေးကုပြီး
သြဇာကြီးထွားအောင်လုပ်နေတာ –
သူ့ပညာတွေကိုဒီညအကုန်ထုတ်လိမ့်မယ်
သူ့ပညာတွေဘယ်လောက်ရှိတယိဆိုတာ
ဒီညတွေ့ရမှာပေါ့
ဒီဇရပ်ကို အင်းချထားတဲ့အတွက်
ဇရပ်ပေါ်ကနေမဆင်းပါနဲ့”လို့ပြောပြီး
တရားဆက်ထိုင်နေလေတော့သည်။
ညကားတစ်ဖြေးဖြေးနက်လာခဲ့သည်။
ပိုးကောင်လေးတွေရဲ့အော်မြည်သံက
တစ်ဖြေးဖြေးကျယ်လောင်လာသည်။
အောင်မြတ်သာလည်း ကောင်းကင်ကိုမော့ကြည့်ပြီး –
အချိန်ကတော့ရောက်လာပီဆိုကာ ဇရပ်ပေါ်ကနေ တစ်လှမ်းချင်းဆင်းသွားတော့သည်။
ဇရပ်ဘေးကစားကျက်မြေပေါ်ရောက်တော့
တင်ပလ္လင်ခွေထိုင်လိုက်ပြီး
မြေကြီးပေါ်မှာအင်းကွက်တစ်ကွက်ဆွဲလိုက်သည်။
အင်းကွက်ဆွဲလိုက်တာနဲ့ အောင်မြတ်သာရဲ့ ခန္ဓာကိုယ်ကနေ အလင်းရောင်တွေဖြာထွက်လာသလို အရောင်တွေထွက်လာတာ သက်ခိုင်မြင်လိုက်ရသည်။
မြေကြီးပေါ်ဆွဲထားတဲ့ အင်းကွက်ကို လက်နဲ့ပုတ်ပြီး –
“ဘမှန်ဆိုတဲ့ဆေးဆရာ
အောက်လမ်းမှန်ရင်
ငါ့ရှေ့ရောက်စေ”လို့သုံးကြိမ်ပြောပြီး
လက်ဝါးနဲ့ပုတ်လိုက်တယ်ဆိုရင်ဖြင့်
“အခေါင်းပြင်ထားကြနော်
ဒီဆရာလေးက ချောချောလေး
သတ်ရမှာတောင် နှမျောလိုက်တာ
ဟိဟိ”
“တို့ဆရာကြီးလက်ချက်နဲ့ သေရတော့မယ့်သူဆိုတော့
လာကြည့်ဖြစ်အောင်လာကြည့်ဦးမယ်”
စကားသံတွေက သစ်ပင်တွေပေါ်ကနေ ထွက်လာသည်။
အောင်မြတ်သာလှမ်းကြည့်လိုက်တော့
မကောင်းဆိုးဝါးနာနာဘာဝတွေ အပင်တိုင်းမှာ ပြွတ်သိတ်နေတာကိုတွေ့လိုက်ရသည်။
ထိုစဉ်
“ဒေါက် ဒေါက် ဒေါက်”
တောင်ဝှေးထောက်သံက တစ်ဖြေးဖြေးနီးကပ်လာတာကိုကြားလိုက်ရသည်။
မရှေးမနှောင်းမှာ ဆံပင်တွေဖွေးဆွတ်နေတဲ့
အဘိုးအိုတစ်ဦး ရွာထဲကနေ ထွက်လာခဲ့သည်။
“ကျုပ်ကိုခေါ်တာ ဘာလုပ်ဖို့လဲ”
“အဖိုးရဲ့ပညာကို အလှူခံမလို့ပါ”
အောင်မြတ်သာကပြောလိုက်တော့
အဖိုးအိုက –
“ဟားဟားဟား ငါသေရင် ငါ့ပညာတွေစွန့်လွှတ်ပေးမယ်”
သက်ခိုင်အ့ံသြသွားသည်။
အဖိုးအိုတစ်ယောက်ရဲ့လေသံက
လူငယ်တစ်ယောက်လိုမာထန်နေပါလား။
“ဒီမှာ ဦးဘမှန် ကျုပ်စကားအများြျားကြီးမပြောလိုဘူး
ခင်ဗျားရုပ်အမှန်နဲ့လာလို့ ကျုပ်ညှာမှာမဟုတ်ဘူး
ခင်ဗျားပညာတွေအသုံးပြုရင်သုံးတဲ့ ရုပ်ကိုပြောင်းလိုက်ပါ”
“ဟားဟား ဒီကဆရာလေးက ကျုပ်အကြောင်းတော်တေယ်သိနေတာပဲ။ ဒါဆိုကျုပ်မညှာတော့ဘူးနော်
ကျုပ်ဆရာလေးကိုရှုံးမယ်ဆိုရင် ကျုပ်ပညာတွေရောကျုပ်အသက်ပါ စွန့်လွှတ်ပြီး ငရဲမှာပျော်ပျော်ကြီး သွားနေမယ်၊ ဆရာလေးရှုံးရင် ဘာဖြစ်မယ်ဆိုတာ အာမမခံဘူးနော် ”
“ကဲ ကျုပ်တို့ပညာစမ်းရအောင် ဦးဘမှန်
ကျုပ်တားထားတဲ့စည်းကိုကျော်လာရင်
ကျုပ်ရှုံးမယ်၊ မကျော်နိုင်ရင် ဦးဘမှန်ရှုံးမယ်
ဘယ်လိုလဲ သဘောတူရဲ့လား”
“အဲလိုမစမ်းချင်ဘူး
ဘာအကာအကွယ်အတားအဆီးမှမရှိပဲ
ကျုပ်ပညာနဲ့ဆရာလေးပညာပြိုင်မယ် –
ကျုပ်ဘယ်လိုတိုက်တိုက် ဆရာလေးခုခံရမယ်
ပြန်မတိိုက်ရဘူး
ကျုပ်သုံးကြိမ်တိုက်ပြီးရင်
ဆရာလေးသုံးကြိမ်ပြန်တိုက်
သဘောတူလား”
“ဟုတ်ပီလေ
ဦဘမှန်စတိုက်ပါ”
ဦးဘမှန်မျက်နှာက
ချက်ချင်းဆိုသလို ပြောင်းလဲသွားသည်။
ဖွေးစွတ်နေတဲ့ဆံပင်တွေပျောက်ပြီး
ဆံပင်အမဲတွေရှည်ကျလာသည်။
တောင်ဝှေးကိုင်စရာမလိုလောက်အောင်
လူငယ်တစ်ယောက်လိုသန်မာလာခဲ့သည်။
စားကျက်မြေပေါ်က မြက်ပင်တွေကို
နှုတ်ပြီး မန်းမှုတ်ကာ ပစ်ချလိုက်တယ်ဆိုရင်ဖြင့်
အကောင်ပေါင်းများစွာသော မြွေဟောက်တွေ ဖြစ်လာခဲ့တယ်။
ပါးပြင်းထောင်ကာ အောင်မြတ်သာကို ပေါက်သတ်ဖို့
လာနေတာမြင်တော့ သက်ခိုင်ကြက်သီးတွေပါထမိတယ်။
အောင်မြတ်သာနဲ့ လက်တစ်ကမ်းအလိုအရောက်မှာ
မြွေတွေအားလုံးအပိုင်းပိုင်းပြတ်ကုန်တယ်။
သက်ခိုင်ကြည့်လိုက်တော့
အောင်မြတ်သာဘေးမှာ ဓားလွတ်ကိုယ်စီကိုင်ထားတဲ့
အင်းစောင့်ညီနောင်နှစ်ပါး။
အင်းစောင့်ညီနောင်ရဲ့ ဓားချက်တွေက
မြွေတွေကိုအပိုင်းပိုင်းပြတ်စေခဲ့သည်။
ဦးဘမှန် ပြုံးလိုက်သည်။
ဆရာလေးက ကိုယ်ရံတော်တွေနဲ့လာတာကိုး
စန်းခင်နဲ့ စန်းရင် –
ဒီအင်းစောင့်တွေကိုမောင်းထုတ်လိုက်စမ်း
ဦးဘမှန်အမိန့်ပေးလိုက်သည်နှင့်
ဇရပ်ဘေးသချႌုင်းထဲက
အော်ဟစ်သံတွေထွက်လာတယ်။
မကြာခင် ကဝေမြောက်စုန်းမောင်နှစ်မ နှစ်ယောက်
ဦးဘမှန်အရှေ့ပေါ်လာတယ်။
ကဝေမြောက်စုန်းလဲပေါ်လာရော
အင်းစောင့်ညီနောင်နှစ်ပါး ဖြတ်ခနဲ
ပျောက်သွားပါလေရော။
အင်းစောင့်ညီနောင်က ကဝေမြောက်စုန်းကို မယှဉ်နိုင်မှန်းသိလို့ ဦးဘမှန်က ခေါ်လိုက်တာမှန်း အောင်မြတ်သာ သိလိုက်ရတယ်။
အောင်မြတ်သာ တစ်ချက်ပြုံးလိုက်သည်။
ကဝေမြောက်စုန်းမောင်နှမလဲ အောင်မြတ်သာကို
သတ်ရန်ပြေးအလာ
လက်တစ်ကမ်းအကွာအရောက်
“ဖြောင်း”ဆိုတဲ့အသံနှစ်ခု
ထွက်ပေါ်လာသည်။
ကြည့်လိုက်တော့
ကဝေမြောက်စုန်းနှစ်ကောင်
ဦးဘမှန်အရှေ့မှောက်နေပြီ။
သက်ခိုင်ကြည့်လိုက်တော့
အောင်မြတ်သာအရှေ့မှာ
တင်းပုတ်ကိုင်ထားတဲ့
ယက္ခညီနောင် –
ဒါ အင်းစောင့်ယက္ခ
အောင်မြတ်သာရဲ့တပည့်အရင်းတွေ
သူတို့ရောက်လာကြပီ
သက်ခိုင်ဝမ်းသာသွားသည်။
ယက္ခညီနောင်က
အောင်မြတ်သာအရှေ့မှာရပ်ပြီး
ဦးဘမှန်ကို စားမတတ်ဝါးမတတ်
စိုက်ကြည့်နေတော့သည်။
ဦးဘမှန် မျက်နှာမကောင်းတော့ပေ –
ဇော်ကနီ ဇော်ကနက်တွေကိုထပ်ခေါ်သည်။
စတုမဟာရာဇ်အောက်ဘုံက ဇော်ကနီ ဇော်ကနက် တွေရောက်လာခဲ့တယ်။
အောင်မြတ်သာထံဝင်လာသမျှ
အောက်နတ်တွေ
ယက္ခညီနောင်ရဲ့ တင်းပုတ်စာမိကုန်တယ်။
ဦးဘမှန်လဲ သူ့အပေါင်းအပါတွေကို
ဆင့်ခေါ်လိုက်သည်။
မကြာမီ ထမြိန်ခြုံလဒ၅ကောင်ထပ်ရောက်လာခဲ့သည်။
မြေပေါ်ရောက်ရော
လဒတွေကနေ လူတွေအဖြစ်ပြောင်းကုန်ကြတယ်။
ပညာရှင်တွေစုကာ.အောင်မြတ်သာအား.တိုက်ခိုက်လေတော့သည်။
အောင်မြတ်သာက ထိုင်ရာမှမထ
အင်းစောင့်နတ်တွေအပြင်
အောင်မြတ်သာတပည့်အဖြစ် ခံယူထားသော
နတ်စည်တော်လဲရောက်ရှိလာသည်(အောင်မြတ်သာနှင့် နတ်စည်တော်ဆိုတဲ့ဝတ္တု တွင်ဖတ်ရှုနိုင်သည်)
ရွာတော်ရှင်တစ်ဖြစ်လဲ ဆံဖြူကဝေမလဲ ရောက်ရှိလာသည်(အောင်မြတ်သာနှင့်ဆံဖြူ.ကဝေမဝတ္တုတွင်ဖတ်ရှု နိုင်သည်)
ဦးဘမှန်ဘက်ကလဲ အပြင်းအထန် ပညာကုန်တိုက်လေတော့သည်။
အစိမ်းတိုက် နတ်တိုက် နွားတိုက် ကျွဲတိုက်
အတိုက်မှန်သမျှကို နတ်စည်တော်က ရှေ့ကနေ ရိုက်ချသည်။
ဆံဖြူ ကဝေမက ကဝေအချင်းချင်းတိုက်သော အတိုက်တွေကို ခုခံနေသည်။
တစ်ဖက်လူ ဒဏ်ရာရအောင် မလုပ်ပဲ ခုခံရုံသာ ခုခံမေသဖြင့် ဦးဘမှန်တို့ဘက်က အတင့်ရဲလာသည်။
ကောင်းကင်ယံတစ်ခုလုံး ကဝေစက်တွေနဲ့ ပြည့်နေတော့သည်။
အင်းစောင့်နတ်တစ်ဖြစ်လဲ ခြေဖဝါးသုံးတောင် ထပ်ရောက်လာလေတော့သည်(အောင်မြတ်သာနှင့်ခြေဖဝါးသုံးတောင်ဝတ္တုတွင်ဖတ်ရှုနိုင်ပါသည်)
ခြေဖဝါးသုံးတောင်(ခေါ်)နတ်ရဲကျော်က အောင်မြတ်သာအရှေ့ကနေ စက်တွေမထိအောင် ကာကွယ်ပေးထားသည်။
ထိုသို့ခုခံနေရင်း ဦးဘမှန်တို့ဘက်က စည်းဖောက်လာခဲ့သည်။ ကတိစကားအတိုင်းအောင်မြတ်သာကိုတိုက်ခွင့်မပေးပဲ သူတို့ချည်းဖိတိုက်နေတော့သည်။
ပညာရှင်တွေများတော့ အောင်မြတ်သာဘက်က သူတွေ အားကုန်လာတယ်။
အောင်မြတ်သာမှိတ်ထားသော မျက်စိကိုဖွင့်လိုက်သည်။
ရုတ်တရက်မတ်တပ်ထရပ်ကာ အရှေ့ကိုထွက်လိုက်သည်။
အောင်မြတ်သာအရှေ့ထွက်တော့
အင်းစောင့်ယက္ခညီနောင်က အရှေ့ကကာမလို့လုပ်စဉ် –
အောင်မြတ်သာက လက်ကာပြသည်။
ငါကိုယ်တိုင်ရှင်းမှရတော့မည်ဟုပြောပြီး
ဦးဘမှန်တို့အဖွဲ့ထံလမ်းလျောက်သွားလေသည်။
ဦးဘမှန်တို့အဖွဲ့ကလဲ ရှိသမျှစက်တွေအကုန်
အောင်မြတ်သာဆီပို့လွှတ်ကာ တိုက်ခိုက်ကြတော့သည်။
သာမန်လူတစ်ယောက်ထိရင် ချက်ချင်းသေစေနိုင်တဲ့
စက်တွေအလုံးအရင်းနဲ့အောင်မြတ်သာဆီဝင်လာခဲ့တယ်။
ဝင်လာသမျှစက်တွေကို ညာလက်နဲ့ပုတ်ချရင်း
ဦးဘမှန်တို့ကို အင်းကွက်ဖြင့်စချုပ်လေတော့သည်။
အတိုက်တစ်ခုထဲကို အာရုံစိုက်နေသော
ဦးဘမှန်တို့အနေဖြင့် အောင်မြတ်သာရဲ့ အင်းကွက်တွေကိုသတိမထားမိတော့ပေ။
နဂါးပတ်ကျော့အင်းကိုရေးဆွဲပီးချိန်မှာ


ဦးဘမှန်နဲ့အဖွဲ့လှုပ်မရတော့။
စက်တွေနဲ့ပြည့်နေတဲ့စားကျက်မြေမှာ
အောင်မြတ်သာရဲ့နဂါးပတ်ကျော့အင်းက
အနိုင်ယူခဲ့ပီ။
နဂါးပတ်ကျော့အင်းမိနေတဲ့ ဦးဘမှန်တို့ဘေးမှာ
ကြိမ်စင်္ကြာကိုင်ထားတဲ့ အင်းစောင့်တွေပေါ်လာကာ
ပညာမစွန့်လွတ်မချင်း ရိုက်ပါလေတော့သည်။
နာကြင်စွာအော်ဟစ်သံတွေနဲ့အတူ
ကြိမ်သံတွေက တစ်ရွှမ်းရွှမ်းပေါ်လာလေတော့သည်။
ပညာတွေကိုသိမ်းဖို့ အင်းစောင့်နတ်တွေကိုလွှဲပေးပြီး
ညတွင်းချင်းရွာကနေပြန်ထွက်လာခဲ့လိုက်သည်။
မနက်ကျတော့ ထန်းလုံးပင်ရွာနဲ့အနီးတစ်ဝိုက်ရွာက လူ၇ယောက် ပျောက်ချင်းမလှပျောက်ဆုံးသွားခဲ့လေသည်။
ထိုအချိန်ကစပြီး ဦးဘမှန်ကို ထန်းလုံးပင်ရွာတွင် ထပ်မတွေ့ရတော့ပေ။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Leave a Comment